အခန်း (၃၂၅-၃၂၈)
Vol. 17 Ch. 325-328
Chapter 325 : ရှင်က ဒါနဲ့ပဲတန်တယ်
ချူးရုန်သည် ဤကိစ္စအပေါ် ကျင်းယွင်ကျောင်း၏ သဘောထားက ထူးဆန်းသည်ဟု ခံစားနေရ၏။ သဘောတရားအရ ပြောရလျှင် လူအများသည် လူတစ်ယောက်၏ အကြောင်းကို အတင်းအဖျင်းပြောသောအခါ အပြောခံရသူသည် ထိုသူတို့ပြောနေကြသောအကြောင်းအရာများကို သိချင်ကြသည်မှာ သဘာဝပင်။ သို့ရာတွင် ကျင်းယွင်ကျောင်းကမူ သိချင်သည့်အရိပ်အယောင် တစ်ခုတစ်လေမှပင် မရှိဘဲ အလွန်တည်ငြိမ်နေကာ အတင်းပြောသူများက သူမ၏ အကြောင်းကို ပြောမနေကြသည့်အလားပင်။
ထို့အပြင် ကျန်ဝမ်ရှန်း အရိုက်ခံရချိန်၌ တစ်ဦးတည်းသော မျက်မြင်သက်သေမှာ ကျင်းယွင်ကျောင်းဖြစ်သည်။ ထို့ကြောင့် သူမသည် အလိုအလျောက်ပင် အာဏာပိုင်များထံမှ အခင်းဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သတ်၍ မေးခွန်းများမေးခံရသော်လည်း သူမသည် အေးဆေးတည်ငြိမ်နေသေး၍ အမှန်တကယ်ပင် ခန့်မှန်းရခက်လှ၏။
"ဘော့စ်၊ မင်း တကယ်ပဲ တိုက်ခိုက်သူတွေရဲ့မျက်နှာတွေကို မမြင်ခဲ့ဘူးလား"
ချူးရုန်၏ အမေးစကားတွင် သံသယများကပ်ငြိနေသည်။
သူသည် အမှန်တကယ်ပင် ကိစ္စများစွာအား သံသယဝင်နေမိ၏။
အကြောင်းမှာ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ဖွင့်ပွဲနေ့မှ လွဲ၍ သူမသည် ဆိုင်သို့ ရောက်လာခဲ၍ ယနေ့မနက်တွင်မှ ဤနေရာသို့ ရောက်လာပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်ဝမ်ရှန်း၏ ဆိုင်ရှေ့မှ လမ်းဖြတ်လျှောက်၍ ကျန်ဝမ်ရှန်း အရိုက်ခံနေရသည်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ခြင်း ဖြစ်သည်။ အဖြစ်အပျက်များအားလုံးသည် ဒရာမာဆန်လှ၍ အားလုံးက ကြိုတင်စီစဥ်ထားသလိုပင်။
ထိုအခါ ကျင်းယွင်ကျောင်းက သူမ၏ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့တင်လိုက်၍ ချူးရုန်အား တစ်ချက်ကြည့်လိုက်ပြီး ပြောလာ၏။
"ကျွန်မ သူတို့ရဲ့ရုပ်တွေကိုတော့ မမြင်လိုက်ပေမယ့် သူတို့ ကျန်ဝမ်ရှန်းကို ရိုက်တဲ့အကြောင်းအရင်းကိုတော့ သိတယ်"
ချူးရုန်က စိတ်လှုပ်ရှားသွား၍ ကျင်းယွင်ကျောင်း ဆက်ပြောလာမည်အား နားစွင့်နေသည်။
"သူက ပိုက်ဆံသုံးပြီးတော့ လမ်းသရဲတွေကို ငှားတယ်၊ အဲဒီမှာ မဟူရာသစ်နက်ကို ရှာတွေ့သွားတယ်ပေါ့လေ။ အဲ့နောက်မှာ သူက မဟူရာသစ်နက်ကို သူ ပစ်မှတ်ထားတဲ့သူရဲ့ခြေတွေလက်တွေကို ချိုးခိုင်းတယ်။ ဒါကြောင့် မဟူရာသစ်နက်က သူ့ရဲ့ညီအစ်ကိုအယောက်ငါးဆယ်လောက်ကိုခေါ်ပြီးတော့ တာဝန်သွားလုပ်ပေမယ့် မအောင်မြင်ဘူး။ ဒါ့အပြင် မနေ့ညက သူ ပုန်းတဲ့နေရာကို ဝင်စီးခံရပြီး အာဏာမရှိတော့ဘူး၊ အဲဒါကြောင့် အရင်က သူ အပြစ်ပြုခဲ့ဖူးတဲ့သူတွေက သူ့ကို ပြန်ပြီးလက်စားချေနေကြတယ်"
သူမ၏ စကားအဆုံးတွင် ချူးရုန်က အံ့သြသွား၏။
ကျန်ဝမ်ရှန်းဆီမှာ သည်လိုမျိုး လမ်းသရဲတွေကိုတောင် ငှားရဲတဲ့သတ္တိတွေ ဘယ်နေရာကရလာတာလဲဆိုတာ သိချင်လိုက်တာ။
ငါတို့လိုမျိုး အသေးစားစီးပွားရေးလုပ်ငန်းလေးတွေက သည်လိုလမ်းသရဲတွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်နေရာကိုယ်နေသင့်တာလေ။ ကျန်ဝမ်ရှန်းကတော့ တကယ် အထင်ကြီးစရာပဲ။ သူက လမ်းသရဲတွေကို အပြင်ထွက်ရှာဖို့တောင် စိတ်အားထက်သန်နေသေးတယ်။
ကျန်ဝမ်ရှန်း ရှုံးနိမ့်ခဲ့သည်မှာ သိသာ၍ သူသည် သူ၏ လုပ်ရပ်ကို ပြန်လည်ပေးဆပ်ရခြင်းဖြစ်သည်။ သို့သော် မဟူရာသစ်နက်သည် ကျန်ဝမ်ရှန်း၏ ပစ်မှတ်အား ရှင်းပစ်ရန် အခွင့်အရေးကိုလည်း ဆုံးရှုံးခဲ့သည်ဖြစ်ရာ ကျန်ဝမ်ရှန်းသည် အနာဂတ်၌ အသက်ရှင်နိုင်ပါဦးမည်လား။ ထို့အပြင် မဟူရာသစ်နက်ကသာ စည်းမျဥ်းများကိုလိုက်နာသူဖြစ်ပါက သူနှင့် ကျန်ဝမ်ရှန်း၏ ကြားရှိဆက်ဆံရေးသည် ရိုးရှင်းသောလုပ်ငန်းသဘောဆက်ဆံရေးသာဖြစ်၍ အချိန်မရွေး ချိုးဖျက်ပစ်နိုင်သည်။ သို့ရာတွင် မဟူရာသစ်နက်သည် ကိုယ်ကျင့်တရားမကောင်းသော လူတစ်ယောက်ဖြစ်ရာ သူသည် ကျန်ဝမ်ရှန်း၏ အားနည်းချက်ကို ဆုပ်ကိုင်မိလိုက်သည်နှင့် ကျန်ဝမ်ရှန်းသည် ရွေးခြယ်စရာမရှိဘဲ သူ၏ တောင်းဆိုချက်များကို လိုက်နာရမည်ဖြစ်၏။
လူသားများသည် ပင်ကိုစရိုက်အရ လောဘကြီးသူများဖြစ်သည်ဟူသောအချက်ကို ထည့်မတွက်လျှင်တောင်မှ သူသည် ဤတစ်ကြိမ်တွင် ပြဿနာအား ဤသို့လိုက်လျောပေးသည့်နည်းလမ်းကို အသုံးပြု၍ ဖြေရှင်းလိုက််မည်ဆိုပါက အနာဂတ်တွင် လူများက သူ့အား တူညီသောနည်းလမ်းများကိုသုံး၍ ဒုက္ခပေးကြမည်ကို မည်သို့ရပ်တန့်နိုင်မည်နည်း။
ဆိုရိုးစကားရှိသည့်အတိုင်း မြစ်ဘေး၌ မကြာခဏ လမ်းလျှောက်တတ်သောသူသည် သူ၏ ရှူးဖိနပ်များ ရေစိုခြင်းကို ရှောင်ရှားနိုင်မည်မဟုတ်ပေ။
ကျန်ဝမ်ရှန်းသည် မဟူရာသစ်နက်အား ရှာရန် ဆုံးဖြတ်ချက်ချပြီးချိန်တွင် သူ၏အနာဂတ်ကိုလည်း ဆုံးဖြတ်မိပြီးသား ဖြစ်သွားသည်ပင်။
ထို့နောက် ချူးရုန်က ခေတ္တမျှ တိတ်ဆိတ်နေပြီး ပြန်ပြောလာ၏။
"သူက တကယ် ဒါနဲ့ပဲတန်တယ်"
သို့ရာတွင် ထိုအကွက်ချ ကြံစည်ထားခြင်းများအား ဖျက်ဆီးခဲ့သူကိုမူ မည်သူကမှ မသိကြပေ။
သည်ဖြစ်ရပ်ရဲ့နောက်ကွယ်က အတွင်းရေးတွေကိုပါ သိနေတယ်ဆိုတော့ ကျင်းယွင်ကျောင်းက အတော်လေး ဗဟုသုတကြွယ်ဝတာပဲ၊ သူလည်း ဒီကိစ္စမှာ ပါခဲ့တာများလား။
ထိုအခါ ချူးရုန်သည် သူ၏ ဘောင်ကျော်နေသော အတွေးကြောင့် ထိတ်လန့်သွား၏။ ထို့နောက် သူသည် ခေါင်းမော့၍ ကျင်းယွင်ကျောင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ထဲ၌ သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။
ကျင်းယွင်ကျောင်းသည် သူမ၏ ကိုယ်ပိုင်ကုမ္ပဏီနှင့် လက်ဖက်ရည်ဆိုင်ကို တည်ထောင်ရန် အစွမ်းအစရှိသော်လည်း ထိုလုပ်ငန်းများ၌ သူမအား ကူညီပေးနိုင်မည့် အရည်အချင်းရှိသည့် သင့်လျော်သောသူများကို ရှာတွေ့ခဲ့ခြင်းကြောင့်သာ အောင်မြင်မှုရခဲ့ခြင်းဖြစ်၏။ တစ်ဖက်၌ ဒုစရိုက်လောကနှင့် ပတ်သတ်နေသော စီးပွားရေးလုပ်ငန်းများမှာမူ လုံးဝကွာခြားလှသည်။ ထိုလောက၌ တစ်ကြိမ်ပါဝင်ပတ်သတ်လိုက်မိသည်နှင့် အစွမ်းအစမရှိသူများသည် မရှင်သန်နိုင်ဘဲ တိုက်ရည်ခိုက်ရည်ရှိသူများသာ အောင်မြင်၍ အပြောသက်သက် မြှောက်ပင့်တတ်ရုံမျှနှင့် အလုပ်မဖြစ်ပေ။
ထို့နောက် ချူးရုန်သည် မေးခွန်းများမေးရန်အတွက် အလွန်ရှက်ရွံ့သွား၏။ ထိုအချိန်တွင် သူတို့၏ မျက်နှာချင်းဆိုင်ရှိ မူလပထမလက်ဖက်ရည်ဆိုင်မှာမူ လုံးဝပျက်စီးသွားပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆေးရုံတင်ထားရသော ကျန်ဝမ်ရှန်းအား ရဲတစ်ယောက်က ထွက်ဆိုချက်ယူရန် မေးမြန်းနေ၏။ သို့ရာတွင် ရဲက သူ့အား မေးခွန်းများစမေးသည်နှင့် သူသည် တွန့်ဆုတ်နေသည်။
သူသည် မကောင်းသတင်းဖြင့်ကျော်စောသည့် မဟူရာသစ်နက်အား လူတစ်ယောက်ကို ရိုက်ရန်အတွက် ငှားခဲ့ကြောင်းကို ရဲအရာရှိအား မပြောပြနိုင်ပေ။ ထို့အပြင် လက်ရှိအချိန်၌ ဤနေရာသို့ ရောက်မလာနိုင်သည့် မဟူရာသစ်နက်နှင့် ပတ်သတ်သော မည်သည့်သက်သေမှ မရှိသည့်အပြင် ရဲများက မဟူရာသစ်နက်အား မေးခွန်းများမေးသောအခါ မဟူရာသစ်နက်က အကြောင်းအရာကိုပြောင်းလဲ၍ဖြေဆိုပစ်ပါက အကျိုးယုတ်မည့်သူမှာ သူသာဖြစ်သည်။ ထို့ကြောင့် ကျန်ဝမ်ရှန်းသည် အံကြိတ်၍ ကျင်းယွင်ကျောင်းကိုသာ အပြစ်ပုံချတော့၏။
"တရားခံက သူပဲ။ သူက ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်က အလုပ်သမားလေ။ သူတို့က ကျုပ်ရဲ့လက်ဖက်ဆိုင် အောင်မြင်နေတာကို မနာလိုလို့ ဆိုင်ကိုဖျက်ဆီးဖို့ လူတွေလွှတ်လိုက်တာ။ ခင်ဗျားတို့တွေ ရိုးရိုးစစ်မေးလိုက်ရုံနဲ့တင် အဖြေထွက်လာမှာ။ ကျုပ် အာမခံတယ်၊ သူက ဒီအမှုနဲ့ ပတ်ကိုပတ်သတ်နေတယ်"
ကျန်ဝမ်ရှန်းက ဆေးရုံကုတင်ပေါ်၌ လဲလျောင်းနေရင်း စိတ်အားထက်သန်လှသော လေသံဖြင့် အော်ဟစ်ကြိမ်းဝါးလိုက်သည်။
သူသည် စိတ်ဓာတ်ပျက်ပြားလုနီးပါး အခြေအနေဖြစ်၍ ရူးနှမ်းစပြုလာ၏။ လက်တွေ့၌ သူသည် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၍ အောင်မြင်သောအလုပ်အကိုင်နှင့် အေးချမ်း၍ လိုက်လျောညီထွေရှိသည့် မိသားစုတစ်ခုကို ပိုင်ဆိုင်ထားသင့်သော်လည်း ယခုအခါ သူသည် ဒုက္ခိတတစ်ယောက်သာ ဖြစ်လာသည်။
Chapter 326 : လက်စားချေရုံနှင့် မကျေနပ်
သူသည် မနက်ခင်းက ကျင်းယွင်ကျောင်းအား မြင်လိုက်သည့်မြင်ကွင်းကို ပြန်တွေးမိလိုက်တိုင်း ကြက်သီးတဖြန်းဖြန်း ထလာ၏။ ကံဆိုးသည်မှာ သူသည် ကျင်းယွင်ကျောင်းက မသေဘဲ သွားလာလှုပ်ရှားနိုင်သေးကြောင်း သိလိုက်ရချိန်၌ သူ ဒုက္ခရောက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူမမှ လွဲလျှင် အခြားမည်သူကမှ သူ့အား ကိုယ်ထိလက်ရောက် အပြစ်မပြုကြရဲရာ သူသည် ဤကိစ္စနှင့်ပတ်သတ်ပြီး ပို၍သေချာနေ၏။
သို့ရာတွင် သူက ဤအကြောင်းကို အခြားသူများအားပြောပြသော်လည်း ထိုသူများက သေချာပေါက် ယုံမည် မဟုတ်ပေ။
ကျင်းယွင်ကျောင်းနှင့် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် ပတ်သတ်နေသည့်အချက်မှာ မမှားသော်လည်း သူမအား ဆိုင်ပိုင်ရှင်ကဲ့သို့သော မြင့်မြင့်မားမား အဆင့်အတန်းဖြင့် မည်သူကမှ မဆက်စပ်မိကြချေ။ ထို့အပြင် သူမက ဆိုင်ပိုင်ရှင်ဖြစ်ကြောင်း သိလျှင်တောင်မှ သူမကဲ့သို့ အသက်မပြည့်သေးသော ကလေးတစ်ယောက်က မူလပထမလက်ဖက်ရည်ဆိုင်အား လူလွှတ်၍ ဖျက်ဆီးခိုင်းရန် လူမိုက်များနှင့် အဆက်အသွယ်ရှိလိမ့်မည်ဟု မည်သူကမှ မတွေးမိသည့်အပြင် ကျန်ဝမ်ရှန်း၏ ဘဝအား ဖျက်ဆီးရန်မှာမူ ပို၍ပင် ဝေးသေး၏။
တခြားအကြောင်းရင်းတစ်ခုမှာ သူတို့သည် တစ်လမ်းတည်း၌ ဖွင့်ထားသော စီးပွားတူ လက်ဖက်ရည်ဆိုင်များဖြစ်လျှင်တောင်မှ မူလပထမလက်ဖက်ရည်ဆိုင်သည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်၏ ပြိုင်ဘက် မဟုတ်ပေ။
ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ဖွင့်ပွဲနေ့က ကြွရောက်ချီးမြှင့်၍ ဆုမွန်ကောင်းတောင်းပေးကြသူများသည် ချမ်းသာကြွယ်ဝသည့် လူရိုသေရှင်ရိုသေပုဂ္ဂိုလ်များသာ ဖြစ်၏။ ထိုကိစ္စကြောင့် အလွန်အုတ်အုတ်ကျက်ကျက်ဖြစ်သွား၍ ဧည့်သည်များစွာအား ဆွဲဆောင်နိုင်ခဲ့ပြီး စီးပွားရေးသည် တစ်နေ့တခြား တိုးတက်လာသည်။
တစ်ကြိမ်လာဖူးသူတိုင်း ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်၏ လက်ဖက်ရည်အရည်အသွေးသည် ထိပ်တန်းအဆင့်ဖြစ်ကြောင်း မှတ်ချက်ပြုကြ၏။ သူတို့၏ဝန်ဆောင်မှု၊ လက်ဖက်ရည်ကိတ်များနှင့် ကျန်သောကဏ္ဍများအားလုံးက အခြားဆိုင်များကို နောက်ကောက်ချပစ်ခဲ့နိုင်သည်။ နင်းမြို့တော်ရှိ လက်ဖက်ရည်ဆိုင်များပင် သူတို့ဆိုင်နှင့် ယှဥ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မူလပထမလက်ဖက်ရည်ဆိုင်သည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်နှင့် နှိုင်းယှဥ်ရန်ပင် အရည်အသွေးမပြည့်မီကြောင်း စောင်းပါးရိပ်ခြည်အပြောခံရ၏။
ကိစ္စများက ထိုကဲ့သို့အဘက်အဘက်က သာလွန်နေရာ ကျင်းယွင်ကျောင်းက အဘယ့်ကြောင့် ကိုယ်ဒုက္ခကိုယ်ရှာ၍ ကျန်ဝမ်ရှန်းအား ဒုက္ခပေးမည်နည်း။
သူမသည် စီးပွားရေးလုပ်ငန်းတစ်ခုတည်းနှင့်ပင် ကျန်ဝမ်ရှန်းအား ဖိနှိပ်ထားနိုင်ရာ ထိုကဲ့သို့စက်ဆုပ်ဖွယ်ကောင်းသော လမ်းသရဲများကို ရှာဖွေပြီး သူ့အား ဒုက္ခပေးခိုင်းရမည်လား။ အဘယ်ကြောင့်နည်း။
ထို့ကြောင့် ကျန်ဝမ်ရှန်း၏ ဖြေရှင်းချက်များအားလုံးသည် ပြန်လည်မေးခွန်းထုတ်ခံရ၍ လုံးဝပင် လျစ်လျူရှုခံလိုက်ရရာ သူသည် ပူပင်သောကများ၍ ရတက်မအေးနိုင်ဖြစ်နေ၏။
သူသည် လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက် အချိူးခံလိုက်ရ၍ သူ၏ လူနေမှုပုံစံသည်လည်း ပြင်းပြင်းထန်ထန် ပြောင်းလဲသွား၏။ ထို့အပြင် သူ၏ ဆေးရုံစရိတ်မှာလည်း အတော်လေးကုန်ကျသွား၍ မဟူရာသစ်နက်အား ငှားရမ်းသည့်ငွေများကိုပါ ထည့်ပေါင်းလိုက်ပါက သူတို့မိသားစု၏ စုဆောင်းငွေအများစုမှာ ပြောင်သလင်းခါသွားသည်။ သူတို့၏ လက်ဖက်ရည်ဆိုင်ကိုလည်း ဆက်လက်မလည်ပတ်နိုင်တော့သဖြင့် ရောင်းချလိုက်ရ၏။
သို့ရာတွင် ကျန်ဝမ်ရှန်းသည် ဆိုင်အား အရစ်ကျဝယ်ထားသည့်ငွေကို အကျေမပေးရသေးသဖြင့် ရောင်းစျေးမှာ မျှော်လင့်ထားသလောက် မများပေ။
အမေကျန်၌ ဖက်ရှင်ဆိုင်လေးရှိနေသေး၍ သူမ၏ စီးပွားရေးလုပ်ငန်းမှာ အတော်လေးအဆင်ပြေသော်လည်း မဟူရာသစ်နက်၏ ကိစ္စကြောင့် သူမ၏ ဝင်ငွေသည်လည်း အတော်လေး ထိခိုက်သွားသည်။
ပထမဆုံးအကြိမ်၌ ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် သူမ၏ လက်ချက်ဖြစ်ကြောင်း ထုတ်မပြခဲ့သော်လည်း မဟူရာသစ်နက်၏ ညီအစ်ကိုများကမူ ရိပ်မိကြ၏။
ဟွားဇယ်သည် မဟူရာသစ်နက်၏ ဒုစရိုက်လုပ်ငန်းများအား သိမ်းယူခဲ့ပြီး မဟူရာသစ်နက်က အရေးကြီးသောနေရာများ၌ ခန့်ထားသူများအားလုံးကိုလည်း ကန်ထုတ်ပစ်လိုက်သည်။
ဤကိစ္စသည် ဟွားဇယ်က မဟူရာသစ်နက်၏ အပိုင်စားနယ်မြေဟောင်းအား အတင်းအကြပ် သိမ်းပိုက်လိုက်သည်ဟု ဆိုနိုင်သော်လည်း မဟူရာသစ်နက် ဒဏ်ရာရသည်ကမူ ပဟေဠိဆန်လှ၏။ မဟူရာသစ်နက် ဒဏ်ရာရသည့်အချိန်၌ သူနှင့်အတူရှိနေကြသော တပည့်များသည် တစ်စုံတစ်ခုအား မြင်ခဲ့ရသည့်အလား အလွန်အမင်းကြောက်ရွံ့ထိတ်လန့်နေ၍ ထိုအကြောင်းအား လုံးဝပြန်မပြောပြကြပေ။ ထို့ကြောင့် မဟူရာသစ်နက်၏ ကျန်သော တပည့်များအားလုံးသည် သံသယဝင်လာကြသည်။
ထိုအချိန်၌ မဟူရာသစ်နက်နှင့် ကျန်ဝမ်ရှန်းတို့၏ ဒဏ်ရာများမှာလည်း ထပ်တူကျလုနီးပါး တူညီနေရာ သူတို့သည် ရွေးခြယ်စရာမရှိတော့ဘဲ သူတို့၏ဒေါသက ကျန်ဝမ်ရှန်း၏ဘက်သို့ လှည့်သွား၏။
ထို့ကြောင့် သုံးရက်မျှကြာပြီးနောက်တွင် အမေကျန်၏ဆိုင်အား လူတစ်ယောက်က ဝင်ရောက်ဖျက်ဆီးသွားပြီး ဆိုင်ထဲ၌ တန်ဖိုးကြီး အဝတ်အထည်များ လုံးဝ မကျန်တော့ဘဲ ဆိုင်ဝန်ထမ်းများအားလုံးသည်လည်း ဆက်မနေရဲကြတော့ပေ။
သို့သော် ကိစ္စများက ဤနေရာမှာပင် ရပ်မသွားချေ။ ထိုကိစ္စဖြစ်ပြီးပြီးချင်းမှာပင် အခြားသူတစ်ယောက်က ကျန်မိသားစု၏အိမ်တံခါးဝသို့ရောက်လာ၍ နောက်ထပ် ရန်ရှာဖျက်ဆီးလေသည်။ ထိုလူများသည် လုပ်နေကျလူများဖြစ်၍ အကျိုးရှိရှိ စွန့်စားနည်းကို ကောင်းစွာသိကြရာ ကျန်ဝမ်ရှန်းက ရဲတိုင်လျှင်လည်း အချည်းနှီးပင်။
ထို့ကြောင့် ဤကိစ္စများအားလုံး ဖြစ်ပျက်သွားပြီးနောက်တွင် ကျန်ဝမ်ရှန်းသည် ရွေးခြယ်စရာမရှိတော့ဘဲ ငွေအမြောက်အမြား ထပ်မံပေး၍ ဖြေရှင်းလိုက်ရသည်။
ပြိုင်ဘက်များသည် အလိုလောဘကြီးသူများဖြစ်၍ မဟူရာသစ်နက်၏ ကိစ္စကိုလည်း သူ့အပေါ်တွင် အပြစ်ပုံချထားသည်ဖြစ်ရာ သူတို့တောင်းဆိုသော လျော်ကြေးငွေမှာ အဘယ် အနည်းအကျဥ်းဖြစ်နိုင်မည်နည်း။ ထို့ကြောင့် တဖြည်းဖြည်းနှင့် ကျန်မိသားစု၏ စုဆောင်ငွေများအားလုံးမှာ ပြောင်သလင်းခါသွားတော့၏။
ကျန်ရှသည် အစပိုင်းက ပြဿနာများဖြစ်နေသောကြောင့် ကျောင်းမတက်သေးဘဲ အိမ်၌ ရက်အနည်းငယ်ခန့် နေနေသော်လည်း ယခုအခါ သူတို့မိသားစုသည် ပိုက်ဆံမရှိတော့သောကြောင့် သူအား ကျောင်းကောင်းကောင်း၌ ဆက်မထားနိုင်တော့ချေ။
မိသားစုတစ်စုလုံးသည် မျက်တွင်းများကျ၍ မည်သည်ကိုမှ မလုပ်နိုင်၊ မကိုင်နိုင်သည်အထိ ဒုက္ခပေးခံထားရ၏။ သို့သော် သူတို့၏ အိပ်မက်ဆိုးအစစ်အမှန်မှာမူ ယခုအချိန်ထိ လက်တွေ့ဆန်သောမျက်နှာစာထဲ၌ ဖုံးကွယ်ထားခံနေရဆဲဖြစ်သည်။ ကျန်ဝမ်ရှန်းသည် သူ၏ နေ့စဥ်နေထိုင်မှုဘဝ၌ အနားတွင် အမြဲပြုစုပေးမည့်သူတစ်ဦး လိုအပ်၍ အမေကျန်၏ ဖက်ရှင်ဆိုင်ကလည်း ဖျက်ဆီးခံလိုက်ရပြီး အချိန်တိုအတွင်း ပြန်လည် မထူထောင်နိုင်သည်ဖြစ်ရာ သူမသည် အိမ်၌ သူမ၏ ခင်ပွန်းနှင့်သာ နေနေရ၏။
သို့ရာတွင် နှစ်ဦးစလုံး၏ ရင်ထဲ၌ ခါးသီးမှုများပြည့်နှက်နေသည်ဖြစ်ရာ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်သတ်ပုတ်မနေပါက အပြန်အလှန်အော်ဟစ်၍ အချင်းချင််း စိတ်ဒုက္ခပေးနေကြလေသည်။
Chapter 327 : အူများစိမ်းသည်အထိ နောင်တရခြင်း
နောက်ဆုံး၌ ကျန်မျိုးနွယ်စုံတွဲသည် ကွာရှင်းပြတ်ဆဲ၍ အဆုံးသတ်ခဲ့ကြ၏။ ကျန်ရှသည်လည်း သူတို့၏ ပြဿနာများ အလွှမ်းမိုးခံရ၍ မကြာမီမှာပင် အဆင့်များ ဆိုးဆိုးဝါးဝါး ကျဆင်းလာသည်။
သူ တတိယတန်းစားကျောင်းသို့ သွားတက်ရသည့် အကြောင်းအရင်းမှာ ကျောင်းလခသက်သာသောကြောင့်ဖြစ်သည့်အပြင် ကျောင်းက သူတို့အား ပစားပေး၍ ဆက်ဆံသောကြောင့် ဖြစ်၏။
အမှန်တကယ်ပင် သူ ကျောင်းသွားတက်သောအခါ၌ ဆရာ၊ ဆရာမများက အစပိုင်းတွင် သူ့အား ရတနာတစ်ပါးသဖွယ် ကာကွယ်ပေးကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏အဆင့်များမှာ ဆိုးသထက်ဆိုးလာသည်ကို သတိထားမိလာကြ၍ သူတို့၏ ဆက်ဆံပုံများမှာလည်း တဖြေးဖြေး ပြောင်းလဲလာကာ သူ့အား အခြားကျောင်းသားများကဲ့သို့ပင် သဘောထားကြတော့၏။
ကျန်ရှသည် မာနကြီး၍ တတိယတန်းစားကျောင်းရှိ ကျောင်းသားများအား အမှန်တကယ်ပင် အထင်သေးသည်။ ထို့ကြောင့် အတန်းဖော်များအပေါ်၌ သူ၏ ဆက်ဆံပုံမှာ ရိကျူံးကျောင်း၌နေစဥ်ကကဲ့သို့ ယဥ်ကျေးခြင်း မရှိပေ။ အစပိုင်းက သူသည် ဆရာ၊ ဆရာမများထံမှ ပစားပေးခံရသောကြောင့် လူတိုင်းက သူ့အား ရှိန်ကြသော်လည်း ထိုအခြင်းအရာက မတည်မြဲပေ။
ထိုကျောင်းရှိ ကျောင်းသားအချို့သည် ရန်ဖြစ်ခြင်းကို ဝါသနာထုံ၍ လုံးထွေးသတ်ပုတ်ကြလေ့ရှိရာ မကြာမီမှာပင် ကျန်ရှသည် သူတို့၏ ပစ်မှတ်အသစ်ဖြစ်လာတော့သည်။
သူ၏ နေ့စဥ်ဘဝသည် အမှန်တကယ်ပင် ခက်ခဲကြမ်းတမ်းလှ၏။ နေ့စဥ် ကျောင်းသွား၊ ကျောင်းပြန်ချိန်များ၌ ကျောင်းသားအချို့က သူ၏လမ်းကို ပိတ်ထားတတ်၍ ကျောင်းတွင်လည်း မကြာခဏ အခိုင်းခံရသည်။ ယခု သူနေထိုင်ရသော ပတ်ဝန်းကျင်သည် ရိကျုံးကျောင်း၌ နေခဲ့ရသော နေ့ရက်များနှင့် ယှဥ်ပါက အမှန်တကယ်ပင် မိုးနှင့်မြေလို ကွာခြားလှ၏။
အချိန်ကြာလာသည်နှင့်အမျှ ကျန်ရှ၏ ဘဝင်မြင့်သော စိတ်နေစိတ်ထားမှာ ပျောက်ကွယ်လုနီးပါးဖြစ်လာသည်။ သူ့အား ကြည့်လိုက်ပါက စိတ်ဓါတ်ကျ၍ တိတ်ဆိတ်နေသည်ကိုသာ မြင်ရလေ့ရှိပြီး လုံးဝ မနှစ်မြို့ဖွယ်ရာပင်။
ကျန်ရှတစ်ယောက် ပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် ကျန်ဝမ်ရှန်းသည်လည်း အူများစိမ်းလာသည်အထိပင် နောင်တရနေ၏။
ငါ လူတွေအားလုံးထဲမှာမှ ဘာလို့ မဟူရာသစ်နက်ဆီကို သွားခဲ့မိတာလဲ။
ကံဆိုးသည်က သူ နောင်တရသည်မှာ နောက်ကျလွန်းနေပြီ ဖြစ်သည်။ အသိတရားရသွားချိန်တွင် သူ့၌ မည်သည့်လုပ်နိုင်ကိုင်နိုင်စွမ်းမှ မရှိတော့ချေ။ ကျန်ရှိသည့် သူ၏ ဘဝသက်တမ်းသည်လည်း ရှည်ကြာလှ၏။
ထိုသို့ ကျန်ဝမ်ရှန်း ဒုက္ခရောက်နေချိန်တွင် ကျင်းယွင်ကျောင်းသည် ဟွားဇယ်နှင့်အတူ တွဲ၍ ဟွားနင်ခရိုင်၏ လမ်းမများကို ညစဥ်ညတိုင်း ရှင်းလင်းပစ်ခဲ့သည်။
ဟွားဇယ်၏ လုပ်ရပ်များသည် အလွန်ပင် စည်းကမ်းတကျရှိ၍ သူ၏ နည်းလမ်းများမှာလည်း ရှင်းလင်းပြတ်သား၏။ အငယ်ဆုံးအဖွဲ့မှ အကြီးဆုံးအဖွဲ့အထိ သူသည် အဖွဲ့တစ်ခုချင်းကို တိုက်ခိုက်သိမ်းယူ၍ သူတို့အား တဖြည်းဖြည်းချင်း နှိမ်နင်းသည်။ ကျင်းယွင်ကျောင်း၏ မဟူရာမိစ္ဆာဘုရင်ဆိုသော အမည်ဖြင့်ပင် သူတို့အား ဖိနှိပ်ထားနိုင်၍ အဆင့်နိမ့်သော အဖွဲ့ငယ်များသည် ပျက်ရယ်ပြုရန် မကြိုးစားရဲကြပေ။ ထို့အပြင် ထိုပေါက်လွှတ်ပဲစား လမ်းသရဲများသည် အင်အားအကြီးဆုံးသူ၏ နောက်သို့သာ လိုက်လေ့ရှိသည်။ ထို့ကြောင့် အရာအားလုံးက အဆင်ပြေချောမွေ့နေ၏။
ရှောင်ဟိုင်ချင်းသည်ပင် ထိုလူအများ ဆူပူအုံကြွနေသည့်အကြောင်းနှင့် မဟူရာမိစ္ဆာဘုရင်၏ အကြောင်းကို နေ့တိုင်းကြားနေရ၏။
"ယွင်ကျောင်း၊ နင်က မသိလို့၊ အဲ့ မဟူရာမိစ္ဆာဘုရင်က တကယ့် စစ်နတ်ဘုရားပဲ။ စစ်နတ်ဘုရားက ဘာလုပ်လဲ နင်သိလား၊ သူက အရှုံးမရှိသလို နောက်လည်းမဆုတ်တတ်ဘူး"
"လမ်းသရဲတွေထဲမှာ သူ့ကိုမကျေမနပ်ဖြစ်နေတဲ့ အဆိပ်မြွေနဂါးဆိုတဲ့ တစ်ယောက်ရှိတယ်။ အဲဒါကြောင့် ဟွားဇယ်နဲ့ မဟူရာမိစ္ဆာဘုရင်က သူတို့ရဲ့ညီအစ်ကိုတွေကိုခေါ်လာပြီးတော့ သူ့ကို နေ့စဥ်ရက်ဆက် ရန်ရှာကြတာ။ သူတို့က နေ့တိုင်း အဲဒီကိုသွားပြီး ရိုက်နှက်နေတာလေ၊ နောက်ဆုံး အဆိပ်မြွေနဂါးရဲ့အဖွဲ့က ညီအစ်ကိုတွေအားလုံးက သူတို့ကို အရှုံးပေးလိုက်ရပြီးတော့ အပိုင်စားနယ်မြေကိုပါ ပေးလိုက်ရရော၊ တအားရယ်ရတာပဲ"
ရှောင်ဟိုင်ချင်း၏ မျက်ဝန်းများထဲ၌ ပန်းနုရောင်အသည်းပုံလေးများ ပြည့်နေ၍ မျက်ဆန်များက နှင်းဆီရောင်ပြေးနေပြီး သူမ သူငယ်ချင်း၏ လက်မောင်းကို အားရပါးရရိုက်ပြီး ဆက်ပြောလာသည်။
"ငါ မနေ့ညက သွားချောင်းသေးတယ်၊ ဒါပေမယ့် သူတို့ ချနေကြတဲ့နေရာနဲ့တော့ ဝေးတာပေါ့။ သူတို့က လေကာအင်္ကျီအနက်ရောင်တွေဝတ်ထားပြီးတော့ မျက်နှာတွေကိုလည်း ကာထားလို့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ဒါပေမယ့် သူတို့ရဲ့လက်ကလေးတွေက အရမ်းလှတာပဲ၊ သူတို့က အတော်ငယ်သေးတယ်လို့ ငါပြောနိုင်တယ်"
"ရှောင်ဟိုင်ချင်း၊ မဟူရာမိစ္ဆာဘုရင်က စွမ်းအားကြီးကြီး၊ မကြီးကြီး၊ သူတို့က လမ်းသရဲတွေပဲ။ အမှားမလုပ်မိစေနဲ့"
ကန်ကျင်းချန်က သူမအား သတိပေးလိုက်၏။
"နင်က ဘာသိလို့တုန်း"
ရှောင်ဟိုင်ချင်းက မျက်လုံးလှန်ပြလိုက်သည်။
"မဟူရာမိစ္ဆာဘုရင်ရဲ့နောက်ကြောင်းအစစ်အမှန်ကို ဟွားဇယ်ကပဲ သိတာ၊ သူတို့က သူတို့ကိုယ်သူတို့ ထုတ်ပြလေ့မရှိဘူး။ သူတို့က ကလေကချေလမ်းသရဲတွေနဲ့ လုံးဝကွာခြားတယ် ဟုတ်ပြီလား။ ပြီးတော့ အဲဒီလိုလက်မျိုးတွေနဲ့ သူတို့ကို သာမန်လမ်းသရဲလေးလို့ပဲ နင်က ထင်နေတာလား။ ငါတော့ မယုံဘူး"
ရှောင်ဟိုင်ချင်း၏ စိတ်အားထက်သန်မှုက စူးချူကိုပါ ပြုစားသွား၏။
ကန်ကျင်းချန်သည် စူးချူ၏ အလွန်လေးစားသဘောကျနေသည့် အမူအယာကို မြင်သောအခါ ချက်ချင်းပင် သူမ၏ စိတ်ကူးယဥ်မှုကို ဖျက်ဆီးလိုက်သည်။
"နင့်ရဲ့စံပြပုဂ္ဂိုလ်တွေ နောက်ကို နင့်ဟာနင်လိုက်။ ချူချူ့ကိုတော့ မလွှမ်းမိုးစေနဲ့"
"နင်ပြောတာ မှန်တယ်။ ငါတို့ရဲ့ချူချူက ချစ်စရာကောင်းတဲ့ ယုန်ဖြူလေးပဲ။ သူသာ မဟူရာမိစ္ဆာဘုရင်နဲ့ တွေ့ရင် အရိုးပါမကျန်အောင် အစားခံရမှာ တစ်ရာ ရာခိုင်နှုန်း သေချာတယ်"
ရှောင်ဟိုင်ချင်းက ရယ်ရင်း ထောက်ခံလိုက်၏။
ထိုစကားဝိုင်း၏ အဓိကအကြောင်းအရာဖြစ်သော ကျင်းယွင်ကျောင်းမှာမူ အမှန်တကယ်ပင် ဆွံ့အနေသည်။ ထိုဒဏ္ဍာရီဆန်သော မဟူရာမိစ္ဆာဘုရင်သည် သူမကိုယ်တိုင်ပင်ဖြစ်ကြောင်း ရှောင်ဟိုင်ချင်းအား ပြောပြရမည်လား။
သေချာပေါက် မဖြစ်နိုင်ပေ။ ဤအခြေအနေ၏ သဘော သဘာဝသည် ယခင်ကနှင့်လုံးဝခြားနားသည်။ အကယ်၍ သိရှိသွားပါက ရှောင်ဟိုင်ချင်း၏ သူမအပေါ် စိုးရိမ်မှုများ၊ သတိပေးမှုများ ရှိလာမည်ဖြစ်၏။
"ဒါပေမယ့် ခုနအကြောင်းကို ပြန်ပြောရရင်၊ ယွင်ကျောင်း နင် အခုတလော တစ်ခုခုများ ကြုံခဲ့ရသေးလား။ ငါ မဟူရာမိစ္ဆာဘုရင်အကြောင်း စုံစမ်းရင်းနဲ့ သတင်းတစ်ခုကြားခဲ့တာ။ မဟူရာသစ်နက်က ကျန်ဝမ်ရှန်းဆီက ငွေတွေလက်ခံပြီးတော့ နင့်ကို ဒုက္ခရောက်အောင် လုပ်ဖို့ အမိန့်ပေးခဲ့တယ်တဲ့။ ဒါပေမယ့် အဆုံးမှာတော့ သူက ဟွားဇယ်ရဲ့လူတွေဆီမှာ အဖမ်းခံလိုက်ရတယ်”
Chapter 328 : ဆေးပညာပြိုင်ပွဲဖိတ်ကြားခြင်းအတွက် ကိုယ်စားပြုသွားရောက်ခြင်း
ရှောင်ဟိုင်ချင်းသည်လည်း အနည်းငယ် စိတ်ရှုပ်နေသည်။ သူမ ကြားထားသော သတင်းများအားလုံးမှာ ထင်မြင်ချက်မျိုးစုံဖြစ်၍ မည်သည့်အရာက အမှန်ဖြစ်ကြောင်း သူမလည်း မပြောနိုင်ပေ။
သို့ရာတွင် ထိုကိစ္စ၌ ကျင်းယွင်ကျောင်း ပါဝင်နေသည်ဖြစ်ရာ သူမ၏ နှလုံးသားက လျစ်လျုမရှုနိုင်ဘဲ ထပ်မံ၍ မေးမြန်းစုံစမ်းမိတော့သည်။
"ငါ အန္တရာယ်နည်းနည်း ကြုံခဲ့တာပါ၊ ဒါပေမယ့် ငါက ငါ့ကိုယ်ငါ ကာကွယ်တဲ့နေရာမှာတော်တယ်ဆိုတာ နင်လည်းသိတာပဲ။ ဒါကြောင့် ငါ ဘာမှမဖြစ်ခဲ့ဘူးရယ်။ ငါ သူတို့ကိုရှင်းပြီးမှ ဟွားဇယ်ကို အကြောင်းကြားလိုက်တာ။ သူကလည်း သူရဲ့ညီအစ်ကိုတွေနဲ့ပတ်သတ်ပြီး စိုးရိမ်နေတော့ မဟူရာသစ်နက်က သူတို့ကိုပြန်လက်စားချေမှာကြောက်တာနဲ့ လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်တာ"
ကျင်းယွင်ကျောင်းက ထိုအကြောင်းနှင့်ပတ်သတ်၍ လိမ်မပြောခဲ့ပေ။
ဖြစ်ပျက်ခဲ့သည်များအား ကြားလိုက်ရသည်နှင့် ရှောင်ဟိုင်ချင်း၏ မျက်လုံးသည် ပေါက်ထွက်တော့မတတ် ပြူးကျယ်သွား၏။
"ဒါဆိုရင် အဲဒါက နင့်ရဲ့စနက်ဆိုတဲ့ သဘောလား"
အကယ်၍ ထိုအချိန်က ကျင်းယွင်ကျောင်းသာ ဟွားဇယ်ကို မရှာခဲ့ပါက သူသည် မဟူရာသစ်နက်အား အခက်အခဲဖြစ်အောင် လုပ်စရာမလိုပေ။ ထိုအခါ မဟူရာသစ်နက်၏ ပိုင်နက်နယ်မြေအား သိမ်းပိုက်ရန်အတွက် မဟူရာမိစ္ဆာဘုရင်နှင့်လည်း မဟာမိတ်ဖွဲ့ရန် မလိုတော့ဘဲ ဤသွေးချောင်းစီးသော လူသတ်ပွဲများကိုလည်း ဖန်တီးကြလိမ့်မည်မဟုတ်ပေ။
ဖြစ်ရပ်မှန်မှာ အမှန်တကယ်ပင် ရင်ဖိုစရာကောင်းလှသည်ဟု ရှောင်ဟိုင်ချင်းက ရုတ်တရက်ခံစားလိုက်ရသည်။
သို့ရာတွင် သူမသည် ကျင်းယွင်ကျောင်း အတွေးလွန်သွားမည်ကို စိုးသောကြောင့် ခပ်မြန်မြန်ပင် စကားဆက်လိုက်၏။
"ဟွားဇယ်က လူကောင်းတစ်ယောက်ပဲနော်"
ကျင်းယွင်ကျောင်းလည်း ထောက်ခံလိုက်သည်။
ထိုအချိန်၌ ကန်ကျင်းချန်နှင့် စူးချူသည် ကြောင်အ,နေဆဲဖြစ်၏။ ကျင်းယွင်ကျောင်းသည် ဤကဲ့သို့ ဆိုးဆိုးဝါးဝါးဖြစ်ရပ်မျိုးနှင့် ကြုံခဲ့ရမည်ဟု သူတို့ တစ်ခါမှ မတွေးမိခဲ့ကြချေ။ သို့သော် ကျင်းယွင်ကျောင်း၏ အေးဆေးတည်ငြိမ်သော သဘောထားကိုကြည့်၍ သူတို့လည်း ထိုကိစ္စနှင့်ပတ်သတ်၍ အများကြီးထပ်မံ၍ မပြောကြတော့။ ထိုကိစ္စကိုဆက်ပြောနေပါက သူမအား မလိုလားအပ်သော ကြောက်ရွံ့ထိတ်လန့်မှုများ ပေးမိသွားမည်ကို စိုးရိမ်နေကြသည်။
လက်ဖက်ရည်ဆိုင် ပုံမှန်လည်ပတ်နိုင်သည့်အခါ ကျင်းယွင်ကျောင်းသည် အဖိုးရှုထံမှ လက်ခံရရှိထားသည့် ဖိတ်ကြားလွှာကို သတိရသွား၏။
ဖိတ်ကြားလွှာပေါ်မှရက်သည် နီးကပ်လာပြီဖြစ်သဖြင့် ကျင်းယွင်ကျောင်းသည် ဆရာကျီထံတွင် ခွင့်တိုင်ရမည့်ကိစ္စအား စတင်စဥ်းစားရတော့သည်။
ပွဲ၏ တည်နေရာသည် နင်းမြို့တော်၌ဖြစ်၍ လာမည့်အပတ်၌ ကျင်းပပြုလုပ်မည်ဖြစ်၏။ သို့ရာတွင် သူမသည် ကျောင်းသူတစ်ယောက်ဖြစ်သောကြောင့် ကျောင်းပျက်ချင်တိုင်း ပျက်၍မရပေ။
ခွင့်တိုင်သည့်အချိန်၌ ဆရာကျီက သူမအား မေးခွန်းများစွာ မေးလာလိမ့်မည်ဟု တွေးထားခဲ့သော်လည်း လက်တွေ့၌ သူက သူမအား တစ်ချက်သာကြည့်၍ ခွင့်ပြုပေးခဲ့သည်။
"အိမ်မှာ ရက်အနည်းငယ်လောက် အနားယူမယ်ဆိုတာ အကြံကောင်းပဲ။ မင်းကိုယ်မင်း တအားကြီး တင်းမထားနဲ့၊ မဟုတ်ရင် တတိယနှစ်ရောက်တဲ့အခါကျ ပိုပြီးတော့ စိတ်ဖိစီးလိမ့်မယ်"
ကျင်းယွင်ကျောင်းလည်း တအံ့တသြဖြင့်သာ ခေါင်းညိတ်ပြနိုင်တော့၏။
ထိုအခါ ဆရာကျီက ခပ်ဖြည်းဖြည်းဖြင့် သက်ပြင်းအကျယ်ကြီးချလိုက်သည်။
အကယ်၍ အခြားကျောင်းသားများသာ အချိန်ပြည့် စာမကြိုးစားဘဲနေပါက ဆရာကျီသည် သဘောမကျဖြစ်တတ်သော်လည်း ကျင်းယွင်ကျောင်းကမူ မတူချေ။ ယခင်က သူမအား အခြား ရွယ်တူဆယ်ကျော်သက်များကဲ့သို့ ပြုမူ၍ အပျော်အပါးမက်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့။ များသောအားဖြင့် သူမ၏ သူငယ်ချင်းများက ဘေးနား၌ တခစ်ခစ်ရယ်မော၍ တွတ်ထိုးနေလျှင်တောင်မှ သူမသည် စာအုပ်သာဖတ်နေတတ်ပြီး ထိုသို့မဟုတ်ပါက စာရေးလိုက်၊ ပန်းချီဆွဲလိုက်သာ လုပ်နေလေ့ရှိ၍ တစ္ဆေသရဲ ပူးကပ်နေသည့်အလားပင်။
သို့ရာတွင် သူ နားလည်၏။ ဤကလေးသည် ပထမနှစ်ကတည်းက ဤပုံစံသာဖြစ်၍ မိနစ်စက္ကန့်တိုင်းကို အကျိုးရှိရှိ အသုံးချတတ်သည်။ သူမသည် အအိပ်အစားကိုပင် မေ့လျော့နေသည်အထိ လျစ်လျူ၍ စာကြိုးစားသည်ဟုပြောပါက ပုံကြီးချဲ့ရာမကျပေ။ သူမသည် ဤကဲ့သို့သာ ဆက်လက်ကြိုးစားနေပါက သူမ၏ ပထမနေရာကို ထိန်းထားနိုင်သော်လည်း သူမ၏ ခန္ဓာကိုယ်ကမူ သေချာပေါက် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ထို့ကြောင့် ကျင်းယွင်ကျောင်းက ခွင့်ရက်ပေးရန် တောင်းဆိုသောအခါ သူက ချက်ချင်း ခွင့်ပြုပေးခြင်းဖြစ်ပြီး အလွန်ကျိုးကြောင်းဆီလျော်မှုရှိသည်။
အရာအားလုံးသည် အစီအစဥ်တကျဖြစ်နေ၍ ကျင်းယွင်ကျောင်းသည် သူမ၏ သူငယ်ချင်းများ၊ အဖိုးကန်နှင့် အဖိုးရှုတို့အား ခွင့်တောင်း နှုတ်ဆက်ပြီးနောက် နင်းမြို့တော်သို့ ထွက်လာခဲ့၏။
ဤသည်မှာ သူမ နင်းမြို့တော်သို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်၍ လမ်းများနှင့် အမှန်တကယ်ပင် ရင်းနှီးမှု မရှိသေးချေ။
သူမသည် အကြီးအကဲထန်၏ အိမ်နှင့် သူမ၏ ရုံးမှလွဲ၍ အခြားနေရာများသို့သွားရန် စိတ်မဝင်စားခဲ့။ ထို့ကြောင့် ငေးမော အချိန်ဖြုန်းမနေတော့ဘဲ ဘတ်စ်ကားတစ်စီးပေါ်သို့ တက်၍ ဖိတ်ကြားလွှာထဲ၌ ရေးထားသည့်နေရာသို့သာ သွားလိုက်သည်။
ရေးထားသည့် လိပ်စာအရ နင်းမြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်ဖြစ်၏။
ကျင်းယွင်ကျောင်းသည် ဘတ်စ်ကားစီးလာပြီးနောက် နာရီအနည်းငယ်ကြာမှသာ သူမ သွားချင်နေသော နေရာသို့ ရောက်ရှိလာသည်။ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပတ်ဝန်းကျင်သည် တိတ်ဆိတ်အေးချမ်းလှကြောင်း သူမ သတိထားမိလိုက်ပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီ၌ အဆုံးမရှိသော ဆေးပင်စိုက်ခင်းများလည်းရှိ၏။ အနီးနားပတ်ဝန်းကျင်၌ စီးပွားရေးလုပ်ငန်း တစ်ခုမှမရှိဘဲ ဆယ်ဂဏန်းပင် မပြည့်သော အိမ်အနည်းအကျဥ်းသာ ရှိသည်။ နောက်ကျနေပြီ ဖြစ်သောကြောင့် တိတ်ဆိတ်နေသည့်နေရာတွင် အမှောင်ရိပ်များယှက်သန်းနေသော နေဝင်ချိန် အလင်းဖျော့ဖျော့က ခြောက်ခြားဖွယ်ကောင်းနေ၏။
အနီးနားပတ်ဝန်းကျင်၌ သူမမှ လွဲ၍ လူတစ်ယောက်မှ မရှိချေ။ သူမသည် ဘေးပတ်ဝန်းကျင်အား အသေးစိတ်ကြည့်ရှုစစ်ဆေးလိုက်ပြီး အဝေး၌ရှိသော ဗီလာတစ်လုံးဆီသို့သွားရန် ဆုံးဖြတ်လိုက်၍ လမ်းမကြီး၏ဘေးရှိလူသွားလမ်းလေးအတိုင်း လျှောက်လာခဲ့သည်။
ဆေးရနံ့များက ပြင်းထန်နေသော်လည်း မြင်ကွင်းမှာမူ ထူးခြားလှ၏။
ကျင်းယွင်ကျောင်းသည် အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ရသောကြောင့် ဗီလာထဲသို့ ဝင်လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်တွင် ဆေးစိုက်ခင်းများမှ ရေခိုးရေငွေ့များ ဖုံးလွှမ်းနေသည်။ သူမသည် ခရီးပန်းနေသောကြောင့် ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲလာလိုက်၏။