အခန်း (၃၂၉-၃၃၂)
Vol. 17 Ch. 329-332
Chapter 329 : ကျော်ကြားမှုအတွက် ပြိုင်ဆိုင်ခြင်း
ကျင်းယွင်ကျောင်းက တံခါးခေါက်လိုက်ပြီးနောက် အချိန်အတော်ကြာမှ လူတစ်ယောက်က တံခါးလာဖွင့်ပေး၏။ သူမက ဖိတ်ကြားလွှာကို ကမ်းပေးလိုက်သည်နှင့် ထိုသူက ချက်ချင်းလှမ်းယူလိုက်သော်လည်း တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွား၍ သူမအား အထဲသို့ဝင်ရန် ကပျာကယာဖိတ်ခေါ်လိုက်သည်။
ဗီလာ၏ အတွင်းပိုင်းသည် အခြားကမ္ဘာတစ်ခုကဲ့သို့ လုံးဝကွာခြားလှ၏။
အပြင်ဘက်မှ ကြည့်ပါက ထူးထူးခြားခြား ကြီးမားသော အရွယ်အစားမှ လွဲလျှင် အခြားအရာများက သာမန်အိမ်တစ်လုံးနှင့် မခြားပေ။ အိမ်ဘေးပတ်လည်တွင်လည်း သစ်ပင်ပေါင်းများစွာ စိုက်ပျိုးထားသောကြောင့် ထူးခြားသည်ဟု မထင်ရ၊ သို့သော် အတွင်းပိုင်းအပြင်အဆင်ကမူ လုံးဝအံ့ချီးဖွယ်ရာပင်။
အတွင်းပိုင်း၌ နံရံအမြင့်ကြီးများရှိ၍ ဗီလာကို အရှေ့ခြမ်းနှင့် အနောက်ခြမ်း ခွဲထားပြီး သူမအား အနောက်ဘက်ခြမ်းသို့ ခေါ်ဆောင်သွား၏။ အခန်းများ အားလုံးသည် တိတ်ဆိတ်၍ ချောင်ကျကာ သီးသန့်ဆန်လှသော်လည်း သန့်ရှင်းသပ်ရပ်၍ လှပနေသေးသည်။ တစ်ခန်းချင်းစီ၌ လူမျိုးစုံအား ဖိတ်ကြားလွှာအလိုက် စီစဥ်နေရာချပေးထားပုံရ၏။
"နေပါဦး၊ မင်း အမှားမလုပ်မိတာ သေချာရဲ့လား။ သူ့ကို ဘာလို့ ဒီအခန်းခေါ်လာတာလဲ"
ကျင်းယွင်ကျောင်းသည် သူမအား နေရာချပေးထားသော အခန်းရှေ့သို့ ရောက်လာ၍ အခန်းတံခါးကိုပင် မဖွင့်ရသေးမီ၌ လူတစ်ယောက်က ဟန့်တားလိုက်သည်။
သူမသည် ဤအခန်းသို့လာသော လမ်းတစ်လျှောက်၌ လူများပေါင်းစွာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။ အထူးသဖြင့် သူမ ဗီလာ၏ အနောက်ဘက်ခြံဝန်းသို့ ရောက်လာချိန်တွင် လူများစွာသည် အံ့သြဆွံအ,သွားကြသည်။
ကျင်းယွင်ကျောင်းသည် ငတုံးတစ်ယောက် မဟုတ်ရာ ဗီလာ၏ အရှေ့ဘက်ခြံဝန်းတွင် နေကြသူများနှင့် အနောက်ဘက်ခြံဝန်းတွင် နေကြသူများကြား၌ ကွာခြားချက်တစ်ခုရှိမည် ဖြစ်ကြောင်း တွေးမိလိုက်သည်။
"သူ့ရဲ့ဖိတ်ကြားလွှာပေါ်မှာ နွယ်ချိုမြစ် ပုံဆွဲထားတယ်။ ဒါက အခန်းမှန်ပဲဆိုတာ သေချာတယ်"
သူမ၏ လမ်းညွှန်သူက အတည်ပြု ပြောကြားလာ၍ သူ၏ အမူအယာမှာလည်း ခိုင်မာလှ၏။
သို့ရာတွင်် ပထမဆုံးစမေးလာသူက မယုံဘဲ ဖိတ်ကြားလွှာအား သူကိုယ်တိုင် ယူကြည့်လိုက်သည်။ ထို့နောက် သူသည် ကျေနပ်သွား၍ သံသယများ ကင်းရှင်းသွား၏။
"တကယ်မှန်တာပဲ။ ဒါဆိုရင်တော့ အထဲဝင်ပါ"
ကျင်းယွင်ကျောင်းသည် ကိစ္စအချို့ကို နားလည်သဘောပေါက်ထားသော်လည်း ကိစ္စအများစုကိုမူ ရှင်းရှင်းလင်းလင်း သဘောမပေါက်သေးချေ။ ထို့ကြောင့် သူမသည် ထိုလူနှင့် ဘာမှမဟုတ်သည့်ကိစ္စလေးကို ငြင်းခုံမနေတော့ဘဲ သူမအတွက် ပြင်ဆင်ထားသည့် အခန်းထဲသို့သာ ဝင်လိုက်သည်။
သူမသည် အခန်းကို တစ်ချက်ကြည့်ပြီးနောက် အစောပိုင်းကလူ ပြောသည်အား သဘောပေါက်သွား၏။
သူမ ဤအခန်းသို့ လာရာ လမ်းတစ်လျှောက်တွင် လူအများစုက သူတို့၏ အခန်းတံခါးများကို ဖွင့်ထားသောကြောင့် အခန်းပေါင်းများစွာ၏ အတွင်းပိုင်း အပြင်အဆင်များကို မြင်ခဲ့ရပြီး ထိုအခန်းများအား တန်ဆာဆင်ထားသည့် လက်ရာမြောက်သောအပြင်အဆင်များကိုလည်း မြင်ခဲ့ရသည်။ သို့ရာတွင် ထိုအခန်းများသည် သူမ၏ အခန်းပုံစံနှင့် တခြားစီပင်။ လတ်ဆတ်သော မွှေးရနံ့သည် အခန်းထဲ၌ ပျံ့လွင့်နေ၍ သေချာပေါက် အခြားအခန်းများထက် အနည်းဆုံး သုံးဆ၊ လေးဆခန့် ပို၍ ကျယ်ပြန့်၏။ အခန်း၏ အလယ်၌ မီးလင်းဖို၊ စတိုခန်း၊ ရေချိုးခန်း၊ မီးဖိုခန်း၊ ကြီးမားသော ဧည့်ခန်းဆောင်တို့ ပါဝင်သည်။ ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟိုတယ်ခန်းတစ်ခုဟု ခေါ်ပါက မလွန်ပေ။
ဤဖိတ်ကြားလွှာသည် အဖိုးရှုက သူမအား ပေးထားခြင်းဖြစ်သောကြောင့် ဤအခန်းသည် သေချာပေါက် သူ့အတွက် ပြင်ဆင်ထားခြင်းသာဖြစ်သည်။
မကြာမီ လူတစ်ယောက်က သူမအား စားသောက်ဖွယ်ရာများ လာရောက် ပို့ဆောင်ပေး၍ အစားအစာများကလည်း အံ့အားသင့်စဖွယ် အရသာကောင်းလှ၏။
ကျင်းယွင်ကျောင်းက ဤဇိမ်ခံအခန်းကို သဘောကျနေစဥ်တွင် အချို့က အတင်းအဖျင်း ပြောစပြုနေပြီဖြစ်သည်။
"အဲဒီနွယ်ချိုမြစ်အခန်းက အကြီးအကဲရှုအတွက် ပြင်ဆင်ထားတာ မဟုတ်လား။ ဘာလို့ သူ့လို ကလေးတစ်ယောက်က ပေါ်လာရတာလဲ"
"အကြီးအကဲရှုက ဘယ်တုန်းကများ ပေါ်လာဖူးလို့လဲ။ အဲဒီလူကြီးက နင်းမြို့တော်ရဲ့အစွန်အဖျား ခရိုင်လေးကိုပြောင်းသွားတော့ အသက်အရွယ်ရနေပြီ မဟုတ်လား။ ဒီဆေးပညာ ညီလာခံက ဒီနေရာမှာ အထူးတလည် ကျင်းပတာ၊ ငါတို့ သူ့ကို နှစ်တိုင်း ဖိတ်ကြားလွှာပို့ပေမယ့် သူက တစ်ခါမှ အသိအမှတ်မပြုခဲ့ဘူး။ ဒီနှစ် သူက သူ့ရဲ့ဖိတ်ကြားလွှာကို တခြားသူကိုပေးပြီးတော့ ဒီနေရာကို သူ့ကိုယ်စားလှယ်အနေနဲ့ ပို့လိုက်တာ ဖြစ်တောင့်ဖြစ်ခဲကိစ္စလို့တောင် ယူဆလို့ရတယ်"
သို့သော် မကျေမနပ်ဖြစ်နေသူတစ်ယောက်က အထင်အမြင်သေးစွာဖြင့် ပြောလာ၏။
"အကြီးအကဲရှုက သူ မလာရင်တောင်မှ ငါတို့ရဲ့ညီလာခံကိုတော့ ကလေးကစားကွင်းလို မဆက်ဆံသင့်ဘူး မဟုတ်လား။ သူက ဒီလိုမျိုးကလေးတစ်ယောက်ကို လွှတ်ပြီး ဖြေရှင်းတာ ဘာသဘောလဲ။ အဲဒီကလေးက အကြီးအကဲရှုရဲ့တပည့်ဆိုရင်တောင်မှ ငယ်လွန်းတယ်။ သူက အလုပ်သင်ကာလတောင် ပြီးထားရဲ့လား"
ကျင်းယွင်ကျောင်းသည် နားအလွန်ပါး၍ ဤနေရာရှိ အခြေအနေကိုလည်း သိချင်နေသည် ဖြစ်ရာ ထိုလူများ ပြောသမျှစကားတိုင်းကို မှတ်သားထားလိုက်သည်။
အကြီးအကဲရှုသည် သူမအား ဖိတ်ကြားမှု၏နောက်ကွယ်ရှိ အခြေအနေကို တစ်ခါမှ မပြောခဲ့ပေ။ အရည်အသွေးမြင့် ဆေးပင်အချို့နှင့် သူမ ကိုယ်တိုင်ဖော်စပ်ထားသော ဆေးအချို့ကိုသာ ယူသွားရန် ပြောခဲ့၏။ ထို့ကြောင့် လက်တွေ့တွင် သူမသည် ဤနေရာရှိ စည်းမျဥ်းများကို လုံးဝ မသိပေ။
လူများ ရှိနေသရွေ့ အတင်းအဖျင်း စကားများရှိမည်ဖြစ်၍ အသက်အရွယ် မရွေး၊ နေရာ မရွေးပင်။ ကျင်းယွင်ကျောင်းသည်လည်း သူမ သွားသောနေရာတိုင်း၌ ဟန်ကြီးပန်ကြီး မပြုမူတတ်ရာ မိုးသောက်ချိန်အထိတိုင်အောင် သူမ၏ အခန်းထဲတွင်သာ ကျေကျေနပ်နပ် နေနေလိုက်သည်။
နောက်တစ်နေ့ မနက်ခင်း၌ လူတစ်ယောက်က သူမအား ဤညီလာခံနှင့် ပတ်သတ်သည့် ဆောင်ရန်ရှောင်ရန် ညွှန်ကြားချက်များပါသည့် စာရွက်ကို လာပေးသွား၏။
ဤပွဲအား ညီလာခံဟုခေါ်သည်ထက် ပြိုင်ပွဲဟုခေါ်ပါက ပို၍သင့်လျော်သည်။
ဤနေရာ၌ ရှိနေကြသူများအားလုံးသည် ဆေးဖော်စပ်ရာ၌ ထူးချွန်သော ဆရာသခင်များ ဖြစ်ကြ၍ တစ်မိုးအောက်ရှိ ဆေးပင်မျိုးစုံကို နှံ့စပ်ကျွမ်းကျင်၏။ ကမ္ဘာအရပ်ရပ်မှ လာရောက်ကြသူများဖြစ်၍ အချို့ကမူ နာမည်ကျော်ကြားသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့ ဤညီလာခံသို့ တက်ရောက်လာသည့် ရည်ရွယ်ချက်မှာ သိသာလှ၏။ ယဥ်ယဥ်ကျေးကျေးပြောရလျှင် သူတို့သည် ဆေးပညာဟူသော ခေါင်းစဥ်အောက်တွင် ဝါသနာတူအချင်းချင်း မိတ်ဆွေဖွဲ့ရန် လာကြခြင်းဖြစ်၍ ခပ်ရိုင်းရိုင်းပြောရလျှင် နာမည်ကျော်ကြားမှုအတွက် ယှဥ်ပြိုင်ရန် ကြိုးစားနေကြခြင်းဖြစ်လေသည်။
Chapter 330 : မသန့်ရှင်းသော ရည်ရွယ်ချက်များ
ထိုဆေးဖော်စပ်သူများသည် ဆေးဝါးများကို ထုတ်လုပ်ဖော်စပ်ရာတွင် အခြေခံအသိပညာ နက်နက်နဲနဲရှိရမည်ဖြစ်ပြီး ဆေးတစ်မျိုးချင်းစီ၏ အသုံးပြုပုံကို သိထားရသည်။ သူတို့သည် ဆေးများ၏ အသုံးပြုပုံကို မသိလျှင်တောင်မှ ဆေးညွှန်းအမျိုးမျိုး၌ အသုံးပြုရန်လိုအပ်သည့် ဆေးပင်များ၏ အဆင့်များကို အသေးစိတ်သိထားရန် လိုအပ်၏။
ဤဆေးပညာ ညီလာခံ၌ အနိုင်ရရှိသွားသူများသည် အနာဂတ်တွင် သေချာပေါက် နာမည်ကောင်းတစ်ခုရရှိသွားမည် ဖြစ်သော်လည်း အရေးအကြီးဆုံးအချက်မှာ ဆေးစိုက်ခင်းအချို့ကိုပါ အကျိုးအမြတ်ရှိရှိ အသုံးပြုခွင့်ရမည်ဖြစ်သည်။
ယှဥ်ပြိုင်ရမည့်ပွဲစဥ်များမှာ ရိုးရိုးရှင်းရှင်းပင်။ ပါဝင်ယှဥ်ပြိုင်သူ၏ ဆေးပညာအသိဥာဏ်ကြွယ်ဝမှုကို စမ်းသပ်ခြင်းထက်မပိုဘဲ ဆေးပင်အချို့၏ဖော်စပ်သည့်နည်းလမ်းများနှင့် ထိုသို့ဖော်စပ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းတို့ ပါဝင်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ဆေးပညာညီလာခံ တရားဝင်စတင်၏။
လူတိုင်း၏ ရည်ရွယ်ချက်မှာ ရှင်းလင်းသော်လည်း ပြိုင်ပွဲ၏ အဓိကအချက်မှာ ဆေးဖော်စပ်သူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိပြီး ဆေးပညာဗဟုသုတများ ဖလှယ်ရန်ဖြစ်ရာ နာမည်ခံပြိုင်ပွဲအား အဆုံးထိ တတ်နိုင်သမျှ ယှဥ်ပြိုင်သွားရမည်ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ဝတ်ဆင်၍ အပြင်ထွက်လာလိိုက်၏။ သို့သော် တံခါးဖွင့်လိုက်သည်နှင့် အခန်းအပြင်ဘက်၌ သူမနှင့် သက်တူရွယ်တူဝန်းကျင် ကောင်လေးနှစ်ယောက်က သူမအား ဆီးကြိုနေသည်ကို မြင်လိုက်ရရာ နောက်သို့ခြေတစ်လှမ်းဆုတ်မိလိုက်သည်။
ထိုအခါ သူမအား မြင်သည်နှင့် တစ်ဖက်လူက ချက်ချင်း စကားစပြောလာ၏။
"မင်္ဂလာပါ၊ ငါ့နာမည်က ချွေ့ကျွင်းပါ၊ ဒါက ထုံ့ရန်၊ မင်းလည်း ဒီဆေးပညာ ညီလာခံကို လျှောက်ပတ်ကြည့်မယ်လို့ကြားလို့ ငါတို့က မင်းကို အဖော်ပြုပေးဖို့ လာတာပါ"
ကျင်းယွင်ကျောင်းသည် အနောက်ရှိတံခါးအား ခပ်ဖြည်းဖြည်း ပိတ်လိုက်၍ ထိုသူနှစ်ယောက်အား တစ်ချက်ကြည့်လိုက်သည်။
နှစ်ယောက်စလုံးသည် အရွယ်ရောက်ခါနီး ဆယ်ကျော်သက်လေးများဖြစ်ကြ၍ ဆယ့်ခြောက်နှစ်၊ ဆယ်ခုနစ်နှစ်ဝန်းကျင်များ ဖြစ်ကြ၏။ စကားပြောလာသောသူသည် အသားပိုဖြူ၍ အတော်လေးခံ့ညားပြီး သူ၏ဘေး၌ ရပ်နေသည့် ထုံ့ရန်ဆိုသော ကောင်လေးကမူ သူနှင့်ယှဥ်ပါက မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနှင့် အနည်းငယ်ပို၍ အသားညိုသည်။
ကျင်းယွင်ကျောင်းသည် ဆေးပညာ ညီလာခံသို့ လာနေကျ လူအမျိုးအစားများကို မသိသော်လည်း သူမ၏ရည်ရွယ်ချက်မှာမူ ဤနေရာသို့ လျှောက်ပတ်ကြည့်ရန်လာခြင်း မဟုတ်ကြောင်း သိ၏။
ထိုသူနှစ်ယောက်သည် ကလေးဆန်ပုံပေါ်၍ သူတို့ကိုယ်ပေါ်မှ ဆေးနံ့မှာလည်း ပြင်းထန်ခြင်းမရှိပေ၊ အထူးသဖြင့် ချွေ့ကျွင်းဖြစ်သည်။ သူသည် စကားပြောရာ၌ စိတ်လိုက်မာန်ပါရှိ၍ သူ၏လက်ချောင်းက သာမန်အရောင်ပင်ဖြစ်ရာ သေချာပေါက် ဆေးဖော်စပ်သူတစ်ယောက် မဟုတ်ပေ။
(T/N : ဆေးဖော်စပ်တဲ့သူတွေရဲ့လက်မှာ သူတို့ရဲ့ဆေးဖော်ခဲ့တဲ့သက်တမ်းနဲ့လိုက်ပြီး အရောင်လေးတွေစွန်းနေလို့ပါ။)
ထို့နောက် ကျင်းယွင်ကျောင်းက သူတို့ရှေ့မှ လှည့်ထွက်လာရင်း
"ကျွန်မက တစ်ယောက်တည်း အဆင်ပြေပါတယ်။ ခွင့်ပြုပါဦး"
သူမသည် အထက်စီးဆန်ဆန် ဆက်ဆံရန်ကြိုးစားနေခြင်း မဟုတ်သော်လည်း ယခုဖြစ်ပျက်နေသည်များအား သူမ သိ၏။
ယမန်နေ့က လူများသည် သူမ၏ နောက်ကွယ်တွင် သူမ၏အကြောင်းကို ဆွေးနွေးခဲ့ကြ၍ ယနေ့မနက်တွင်မူ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းအောင်ပင် သူမ၏ အခန်းအပြင်ဘက်၌ လာစောင့်နေကြသည်။ ဤကိစ္စသည် ထိုလူများက မကောင်းသောအကြံဖြင့် ကြိုတင်စီစဥ်ထားသည့်ကိစ္စသာ ဖြစ်ကြောင်း သူမ ယုံကြည်၏။
ဖြစ်နိုင်ခြေအရှိဆုံးမှာ ထိုကောင်လေးနှစ်ယောက်သည် သူမထံမှ စကားနှိုက်ရန်် ဤနေရာသို့ရောက်လာခြင်းပင်။ ထို့ကြောင့် သူတို့၏ ရည်ရွယ်ချက်က မစင်ကြယ်၍ သူမက သူတို့နှင့်ပတ်သတ်ရန် ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
ချွေ့ကျွင်းသည် ကျင်းယွင်ကျောင်းက ဤကဲ့သို့တဲ့တိုးဆန်စွာ ငြင်းပယ်လိမ့်မည်ဟု မမျှော်လင့်ထားသည်မှာ သိသာ၍ သူသည် ခေတ္တမျှ လက်မခံနိုင်ဘဲဖြစ်သွား၏။
"မင်းက ဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာ မဟုတ်လား။ ဒီနေရာရဲ့စည်းမျဥ်းတွေကို မင်းမှ မသိသေးတာ"
"ဒီမနက်ကမှ လူတစ်ယောက်က ဒီဟာ လာပို့သွားတယ်"
ကျင်းယွင်ကျောင်းက သူမ၏ လက်ထဲရှိ ဆေးပညာညီလာခံ စည်းမျဥ်းစာရွက်ကို ဝေ့ယမ်းပြလိုက်သည်။
ချွေ့ကျွင်းသည် ချက်ချင်း အသံတိတ်သွား၏။
တစ်ဖက်၌မူ ထုံ့ရန်က စကားတစ်ခွန်းမှမပြောဘဲ ပြန်လှည့်သွားသည်။ ချွေ့ကျွင်းသည်လည်း သူ၏နောက်မှလိုက်သွား၍ ကျင်းယွင်ကျောင်းအား မျက်စောင်းတစ်ချက်ထိုးခဲ့သေး၏။
မျှော်လင့်ထားသည့်အတိုင်း ချွေ့ကျွင်းသည် ကလေးဆန်သော စိတ်ထားရှိသူဖြစ်သည်။ သူသည် လိုချင်သောအရာရှိပါက ယဥ်ကျေးပျူငှာ၍ အငြင်းပယ်ခံလိုက်ရပါက သူ၏ နဂိုမူလပုံစံသို့ ချက်ချင်းပြန်ရောက်သွားမည်ဖြစ်သည်။ သူမသည် ဤကဲ့သို့သောလူမျိုးနှင့် သေချာပေါက် ဝေးဝေးနေလို၏။
ယခုအခါ အနှောက်အယှက်ပေးမည့်သူများမရှိတော့၍ ကျင်းယွင်ကျောင်းသည် ခြံဝန်းထဲ၌ လျှောက်ပတ်ကြည့်လိုက်သည်။
ဤခြံဝန်းသည် အလွန်ကြီးမား၍ အနောက်ဘက်ခြံဝန်း၌ပင် အခန်းပေါင်းတစ်ရာနီးပါးရှိပြီး ထိုအရေအတွက်၌ အရှေ့ဘက်ခြံဝန်းကို ထည့်မတွက်ထားပေ။
ပြိုင်ပွဲအစီအစဥ်အရ သူတို့သည် ရက်အနည်းငယ်ခန့် ပတ်ဝန်းကျင်ရှိ ဆေးပင်စိုက်ခင်းများကို လေ့လာရမည်ဖြစ်၍ အများဆုံးအနေဖြင့် ထိုဆေးပင်များ၏ ကြီးထွားရာပတ်ဝန်းကျင်ကိုသာ သိရှိနားလည်ရန် လိုအပ်သည်။ ပြိုင်ပွဲဝင်များစွာသည် ထိုအကြောင်းများကို သိရှိနားလည်ထားပြီးသားဖြစ်၍ ဤအဆင့်အား အပန်းဖြေသကဲ့သို့ပင် သဘောထားနေကြ၏။
ကျင်းယွင်ကျောင်းသည် ခြံဝန်းထဲသို့ တစ်ခေါက်မျှ လှည့်ပတ်ကြည့်ပြီးနောက် အခြားသူများ၏နောက်မှလိုက်လာ၍ ပြန်ထွက်လာခဲ့သည်။
သို့သော် သူမ ဆေးစိုက်ခင်းသို့ မရောက်မီမှာပင် လူတစ်စုက သူမ၏နောက်မှ လိုက်လာ၍ ထိုအုပ်စုထဲမှ တစ်ယောက်က သူမအား လက်ညှို့ထိုး၍ အမိန့်ပေးလာ၏။
"နင် ရပ်လိုက်စမ်း"
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းငဲ့ကြည့်လိုက်ရာ တစ်ဖက်လူက သူမထံသို့ ခပ်မြန်မြန် ချဥ်းကပ်လာ၍ စကားဆိုလာသည်။
"ငါတို့ နင့်နောက်ကနေ တစ်လမ်းလုံး လိုက်လာတာ၊ ခေါ်နေတာကို မကြားဘူးလား။ နင် ဘာလို့ ဆက်လျှောက်နေတာလဲ"
"နင်တို့က ငါ့ကိုခေါ်နေတာလား။ ငါ လိုသွားတာပါ၊ နင်တို့ ငါ့နာမည်ကိုခေါ်တာ ငါမကြားလိုက်ဘူးလေ၊ ဒါကြောင့် အပျော်သဘောနဲ့ လျှောက်အော်နေတယ် ထင်လိုက်တာ"
ကျင်းယွင်ကျောင်းက ဟန်မူပိုပိုဖြင့် ရယ်လိုက်ရင်းအလွန်အမင်း ယဥ်ကျေးသိမ်မွေ့စွာ ပြန်ဖြေလိုက်၏
Chapter 331 : ပြဿနာရှာခြင်း
တကယ်တမ်း၌ ကျင်းယွင်ကျောင်းသည် အစောပိုင်း သူမ၏ အခန်းထဲမှ ထွက်လာစဥ်ကတည်းက လူတစ်ယောက်၏ အော်ခေါ်သံကို ကြားလိုက်ခြင်းဖြစ်၏။ သို့ရာတွင် အော်ခေါ်သူ၏ လေသံအရ ထိုသူ၏ သဘောထားမှာ ကောင်းမွန်ခြင်းမရှိကြောင်း သိလိုက်သဖြင့် သူမသည် နောက်လှည့်မကြည့်ဘဲ ထိုရုတ်ရုတ်သဲသဲဖြစ်နေသော အုပ်စုကို အစတည်းက လျစ်လျူရှုထားခြင်း ဖြစ်သည်။
ထို့နောက် ကျင်းယွင်ကျောင်းက တစ်ချက်ကြည့်လိုက်ရာ လူငယ်လေး၊ ငါးယောက်ခန့်ဝန်းကျင်ကို မြင်လိုက်ရ၏။
ထိုသူများအနက် သုံးယောက်သည် အနောက်မှလမ်းလျှောက်လာ၍ ကျန်နှစ်ယောက်မှာမူ သူမဆီသို့ ကမူးရှုးထိုးပြေးလာသည်။ ထို့အပြင် သူမဆီသို့ပြေးလာသည့်နှစ်ယောက်ထဲမှ တစ်ယောက်သည် ပါးစပ်မှလည်း အဆက်မပြတ် အော်ဟစ်နေဆဲပင်။
ထိုသို့ အော်ဟစ်နေသူသည် မိန်းကလေးတစ်ယောက်ဖြစ်၍ မိန်းကလေး၏ဘေးမှ လူသည် ကျင်းယွင်ကျောင်း အခန်းထဲမှ ထွက်လာချိန်၌ လာရောက်ချဥ်းကပ်ခဲ့သည့် ချွေ့ကျွင်းဖြစ်သည်။
"နင့်စကားက ဘယ်လိုတောင် ယုတ္တိမရှိရတာလဲ။ နင့်ဘေးမှာ အခြားလူရှိလို့လား။ ငါ နင့်ကိုခေါ်တယ်ဆိုတာ အသိသာကြီးပဲ"
မိန်းကလေးက အလွန်ဒေါသထွက်နေသောမျက်နှာထားဖြင့် ပြောလိုက်ရာ ကျင်းယွင်ကျောင်းက မျက်ခုံးပင့်ပြလိုက်ပြီး ပြန်မေးလိုက်သည်။
"ဒါဆိုရင် နင်က ငါ့ကို ဘာလို့ရှာတာလဲ"
ထိုအခါ မိန်းကလေးက တုံ့သွားပြီး ခေတ္တမျှ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးနောက် ပြန်ဖြေလာ၏။
"နင့်ရဲ့ဖိတ်ကြားလွှာမှာ နွယ်ချိုမြစ်ပုံပါတယ်လို့ကြားတယ်။ နင်နေရတဲ့အခန်းက အကောင်းဆုံးအခန်းဆို"
"ဟုတ်တယ်၊ ငါ့ရဲ့ဖိတ်ကြားလွှာပေါ်မှာ နွယ်ချိုမြစ်ပုံဆွဲထားတယ်။ ဒါပေမယ့် ဒီနေရာမှာ အကောင်းဆုံးအခန်းဟုတ်၊ မဟုတ်ကတော့ ငါလည်း သေချာမသိဘူး"
ကျင်းယွင်ကျောင်းက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
သူမ၏ စကားကိုကြားသောအခါ ထိုမိန်းကလေးက သူမအား သံသယအပြည့်ဖြင့် စိုက်ကြည့်ပြီး ပြန်ပြောလာပြန်၏။
"နင်က ဘယ်လို မသေချာနေတာလဲ။ အဲ့အခန်းက ရိုသေလေးစားရတဲ့ စီနီယာကြီးတစ်ယောက်အတွက် ပြင်ထားတာ၊ ငါ့အဖေတောင် အဲဒီအခန်းမှာ မနေရဘူး။ နင်က လေးစားစရာ စီနီယာလည်း မဟုတ်ဘဲနဲ့ ဘာလို့ အဲ့ထဲမှာ ဝင်ပြီးနေနေတာလဲ။ နင်နဲ့ စီနီယာရှုနဲ့က ဘယ်လိုပတ်သတ်တာလဲ"
(T/N: ဒီမိန်းကလေးက ငယ်ပြီးတော့ အကြီးအကဲရှုနဲ့လည်း မနီးစပ်တဲ့အတွက် စီနီယာရှုလို့ပဲ သုံးထားပါတယ်။)
ထိုအခါ ကျင်းယွင်ကျောင်းက တစ်ချက်ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကျေးဇူးပြုပြီး နင်ကြားထားတဲ့သတင်းတွေက မှန်၊ မမှန် ပြန်စမ်းစစ်ကြည့်ပါဦး။ ငါက ဒီနေရာကို ဖိတ်ကြားလွှာလေးပဲယူလာခဲ့တာ။ ပွဲစီစဥ်တဲ့သူတွေက ငါ့ကို နေစရာစီစဥ်တာပေးတယ်၊ ဒါ သူတို့ကိစ္စလေ၊ ငါလည်း ဘာမှမတတ်နိုင်ဘူး၊ နင်လည်း မတတ်နိုင်ဘူး မဟုတ်လား"
ထိုအခါ မိန်းကလေး၏ မျက်နှာက နီရဲ၍ ရှုံ့တွသွား၏။
သူမသည် ကျင်းယွင်ကျောင်းကဲ့သို့ စိတ်ကြီးဝင်နေသူများကို မုန်းတီး၍ စိတ်ထဲမှ တွေးလိုက်သည်။
သူက လေးစားစရာကောင်းတဲ့ စီနီယာရဲ့အခန်းမှာ နေရရုံပဲ မဟုတ်လား။ ဘာတွေများ ဂုဏ်မောက်နေတာလဲ။
ကျင်းယွင်ကျောင်းသည်လည်း ထိုကဲ့သို့ခမ်းနားကြီးကျယ်သောအခန်း၌ နေခြင်းသည် အခြားသူများကို မနာလိုဝန်တိုစေ၍ ဒေါသထွက်အောင် ဆွပေးသလိုဖြစ်နေမည်အား သိ၏။ သို့သော် သူမ ဘာတတ်နိုင်မည်နည်း။ သူမသည် ဤနေရာသို့ အကြီးအကဲရှု၏ ဖိတ်ကြားလွှာဖြင့် လာခြင်းဖြစ်သောကြောင့် လူပေါင်းစုံ စိတ်ကျေနပ်စေရန်အတွက် အခြားအခန်း၌ နေမပေးနိုင်ပေ။
အကယ်၍ ထိုသို့နေလိုက်ပါက သူမ ကြုံနေရသော အခက်အခဲများ ပြေလည်သွားမည်ဖြစ်သော်လည်း ထိုကိစ္စအား အဖိုးရှုသိသွားပါက ပို၍ ပြဿနာကြီးသွားလိမ့်မည်။ ထိုအခါ အဖိုးရှုက သူမအား ငတုံဟုခေါ်၍ ငေါက်ငမ်းရုံသာမက သူမသည် အသုံးမကျသူသာဖြစ်သည်ဟု ယူဆသွားလိမ့်မည်။
သူမသည် အဖိုးရှုနှင့် နေလာသည်မှာကြာပြီ ဖြစ်သောကြောင့် သူ၏ဒေါသကို သဘောပေါက်သည်။ ထို့အပြင် သူမသည် အဖိုးရှုအား သူမ၏ ဆရာသခင်တစ်ယောက်သဖွယ် ဆက်ဆံသည်ဖြစ်သောကြောင့် မလေးမစား မလုပ်နိုင်ပေ။
"တောက်ခ်...နင် ဘာမှမတတ်နိုင်ရင်လည်း ဒီအတိုင်းနေလေ၊ ဘာဖြစ်လို့ ဒီလောက်အထိ မောက်မာနေတာလဲ"
မိန်းကလေးက မျက်လုံးလှန်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။
"နင့်ရဲ့ဖိတ်ကြားလွှာကို လမ်းပေါ်က ကောက်လာတယ်၊ မလာဘူးဆိုတာ ဘယ်သူက သိမှာလဲ။ ဒီနေရာက နင် နေချင်သလိုနေလို့ရတဲ့နေရာမဟုတ်ဘူး။ နင် မကြာခင်မှာပဲ အရှက်ကွဲတော့မှာ"
"အို...ဟုတ်သားပဲ။ မနက်ခင်းက ချွေ့ကျွင်းက နင့်ကိုလာရှာတာကလည်း သူက ကြင်နာသနားတတ်လို့ရယ်။ သူက နင့်ကို သေချာပေါက် စိတ်မဝင်စားဘူး"
ထိုမိန်းကလေးက စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်း၏ ဘေးမှဖြတ်လျှောက်၍ ပုခုံးချင်းတိုက်ရန် ကြိုးစားလိုက်၏။
သို့ရာတွင် သူမသည် ကျင်းယွင်ကျောင်းအား သူမ၏ ပျောညံ့ညံ့ခွန်အားဖြင့် မတွန်းနိုင်သောကြောင့် သူမကိုယ်တိုင်ကသာ ခလုတ်တိုက်၍ မြေကြီးပေါ်သို့ လဲကျသွားပြီး ကျင်းယွင်ကျောင်းကမူ ဘာမှမဖြစ်ဘဲ မတ်တပ်ရပ်နေသည်။
သူတို့ရောက်နေသောနေရာမှာ မြို့တော်ကဲ့သို့သောနေရာ မဟုတ်သဖြင့် မြေကြီးပေါ်၌ ရွံ့များဖြင့် ပြည့်နေ၏။ ထို့ကြောင့် မိန်းကလေး မြေကြီးပေါ်သို့လဲကျသွားသောအခါ သူမ၏ အဝတ်အစားများသည် ရွှံ့များပေကျံ၍ ညစ်ပေသွားသည်။
ထိုအချိန်၌ ချွေ့ကျွင်းသည် သူမအား ကူညီရန်အတွက် ချက်ချင်းရှေ့ထွက်လာပြီး အော်လိုက်၏။
"ရှန်းရှန်း"
တစ်ဖက်တွင်လည်း အနောက်၌ ရပ်နေသော လူသုံးယောက်သည် မိန်းကလေးအား စိုးရိမ်တကြီးသာ ကြည့်လိုက်ကြ၍ သူမအား တက်တက်ကြွကြွ ကူညီပေးနေသော ချွေ့ကျွင်းနှင့် မတူပေ။ အကြောင်းမှာ သူတို့၏ ရင်ထဲ၌ ထိုမိန်းကလေးသည် ဤဖြစ်ရပ်မျိုးနှင့်သာ တန်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
"ငါ့ကို မထိနဲ့၊ ငါ့ဟာငါ ထနိုင်တယ်"
ကျီရှန်းရှန်းက မတရားအနိုင်ကျင့်ခံရသည့်အလား နီရဲတောက်နေသည့် မျက်နှာဖြင့်ပြောလာ၏။ သို့သော် ဤကိစ္စကြောင့် သူမ အရှက်ကွဲသွားကြောင်းလည်း သူမကိုယ်သူမ သိသည်။
ထို့နောက် ကျင်းယွင်ကျောင်းက ကျီရှန်းရှန်းအား တစ်ချက်ကြည့်လိုက်ပြီး လေကဲ့သို့ပင် သဘောထားလိုက်၍ နောက်ပြန်လှည့်ကာ ဆက်လျှောက်သွားလိုက်၏။
သို့ရာတွင် သူမသည် ခြေလှမ်းအနည်းငယ်လျှောက်သွားပြီးနောက် သူမ၏ ကျောဘက်သို့ အန္တရာယ်ရှိသည့်အရာတစ်ခုခု ချဥ်းကပ်လာသလို ခံစားလိုက်ရ၍ ဘေးဘက်သို့ အလိုအလျောက် တိမ်းရှောင်လိုက်မိသည်။
သူမ ရှောင်လိုက်ပြီးသည်နှင့် လက်သီးဆုပ်ခန့်အရွယ်အစားရှိသော ကျောက်တုံးတစ်တုံးသည် ယခင် သူမ ရပ်နေခဲ့သောနေရာသို့ ဖြတ်သွားသည်ကို တွေ့လိုက်ရ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမအား ဖြတ်ကျော်သွားသော ကျောက်တုံးသည် သူမ၏ အရှေ့ရှိလူအား ထိမှန်သွားတော့သည်။
Chapter 332 : အခြေအနေကနေ အမြတ်ထုတ်တာလား
သို့ရာတွင် ကံကောင်းသွားသည်မှာ ကျောက်တုံးသည် အတော်ဝေးဝေးမှ ပစ်လိုက်ခြင်းဖြစ်သောကြောင့် အရှိန်လျော့သွား၍ ထိုလူ၏ ခြေထောက်ကိုသာ ထိမှန်သွား၏။
အကယ်၍ ပါးစပ်ဖြင့်သာ ပြောဆိုတိုက်ခိုက်ခြင်းဖြစ်ပါက ကျင်းယွင်ကျောင်းသည် ဤကိစ္စကို မနာလိုဝန်တိုမှုဟုသာ ယူဆ၍ သူတို့အား လျစ်လျူရှုလိုက်မည်ဖြစ်သည်။ သို့ရာတွင် သူတို့သည် သူမအား ဤကဲ့သို့ကျောက်တုံးခပ်ကြီးကြီးဖြင့်ပင် ပစ်ပေါက်လာသည်ဖြစ်ရာ သူမသည် ဤကိစ္စအား လွှတ်မထားနိုင်တော့ပေ။
"နင် ပြဿနာရှာလို့ပြီးပြီလား။ မစ္စရှန်းရှန်း၊ နင်နဲ့ငါရဲ့ကြားမှာ ရန်ငြိုးရန်စလည်း မရှိဘူး။ ဒါကို နင်က ဘာကြောင့် ငါ့ကိုသတ်ဖို့ ကြိုးစားတာလဲ"
ကျင်းယွင်ကျောင်းက အေးစက်စွာ မေးလိုက်၏။
အမှန်အတိုင်းဝန်ခံရပါက ကျီရှန်းရှန်းသည် ကျင်းယွင်ကျောင်းအား ကျောက်ခဲဖြင့်ပစ်လိုက်ပြီးနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမည်ကို ကြောက်နေခဲ့သည်။ သို့ရာတွင် ကျင်းယွင်ကျောင်း ပြင်းပြင်းထန်ထန် ထိခိုက်မှုမရှိသည်ကိုမြင်သောအခါ သူမသည် ချက်ချင်းပင် စိတ်အားတက်ကြွလာ၏။
"ငါက နင့်ကိုသတ်ဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ။ ကျောက်ခဲက နင့်ကို ထိတောင်မထိဘူးလေ"
"ပြီးတော့..."
ကျီရှန်းရှန်းက ထိုသို့ပြောလိုက်ပြီးနောက် ကျောက်ခဲမှန်သွားသူဆီသို့ စိတ်ကြီးဝင်စွာဖြင့်လျှောက်သွားလိုက်၍ ထိုသူ၏ လက်မောင်းကို ကိုင်ပြီး ကျင်းယွင်ကျောင်း၏ ဘက်သို့ ဆွဲလှည့်ကာ ဆက်ပြောလာသည်။
"သူက ငါ့အစ်ကိုပဲ"
သူမ၏ လုပ်ရပ်များ နောက်ကွယ်မှ အဓိပ္ပါယ်နှင့် စကားလုံးများမှာ သိသာလှ၏။
ကျီရှန်းရှန်းသည် ကျင်းယွင်ကျောင်းအား တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း ရုပ်ပိုင်းဆိုင်ရာထိခိုက်သွားအောင် မလုပ်နိုင်ခဲ့ပေ။ ထိုသို့ မအောင်မြင်ခဲ့ရုံသာမက သူမ၏ အစ်ကိုဖြစ်သူကိုပါ မတော်တဆ ဒဏ်ရာရအောင်လုပ်မိခဲ့သည်။ သို့ရာတွင် ကျူးလွန်သူနှင့် နစ်နာသူမှာ တစ်မိသားစုတည်းဖြစ်သဖြင့် ကျင်းယွင်ကျောင်းသည် ဤကိစ္စ၌ မဆိုင်သည့် ဘေးလူသာဖြစ်သွား၏။ အကယ်၍ နစ်နာသူကသာ ဤကိစ္စကို ဗွေမယူပါက ကျင်းယွင်ကျောင်းသည် ဤအခြေအနေကို ထုတ်ဖော်ပြောကြားရန် မည်သည့်အခွင့်အရေး ရှိတော့မည်နည်း။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ဒေါသထွက်စပြုလာသော်လည်း မျက်တောင်တစ်ခတ်အတွင်း၌ပင် ပြုံး၍ ပြန်ပြောလိုက်သည်။
"ဒါဆိုရင် နင်ပြောတာက နင်ပစ်လိုက်တာ ငါ့ကိုမထိလို့ နင့်မှာအပြစ်မရှိဘူးပေါ့။ နင်က ငါ့ကိုရည်ရွယ်ပြီး လုပ်တာတောင်မှ နင့်မှာ အပြစ်မရှိသေးဘူးပေါ့နော်"
"နင်က ဒဏ်ရာတောင် မရဘူးလေ၊ တကယ်လို့ နင်က ငါ့ကိုတောင်းပန်စေချင်တယ်ဆိုရင်တော့ လုံးဝမတောင်းပန်နိုင်ဘူး။ အဲ့ကိစ္စက ဖြစ်လာမှာ မဟုတ်ဘူး"
ကျီရှန်းရှန်းက အလျင်စလို ပြန်လည်ချေပလိုက်၏။
ရန်ပွဲအစမှ ယခု အချိန်အထိတိုင်အောင် ချွေ့ကျွင်းသည် ကျီရှန်းရှန်း၏ ဘေး၌ မတ်တပ်ရပ်နေ၍ သူ၏ မျက်လုံးထဲတွင် ဂုဏ်ယူဝံကြွားသော အရိပ်အယောင်များရှိနေသော်လည်း စကားတစ်ခွန်းမှ ဝင်မပြောပေ။
ကျင်းယွင်ကျောင်းသည် လက်ရှိအခြေအနေကိုကြည့်၍ ဆွံ့အနေ၏။
ငါတို့က အခန်းကိစ္စတွေကိုပဲ ပြောနေတာ မဟုတ်ဘူးလား။ သူတို့ဘက်က သည်လောက်ကြီး ရန်ငြိုးထားနေစရာလိုလို့လား။
ထိုအခိုက်မှာပင် ကျန်သုံးယောက်က သည်းမခံနိုင်ကြတော့ပေ။
"ကျီရှန်းရှန်း၊ သူသာ မရှောင်လိုက်ရင် နင်ပစ်လိုက်တဲ့ ကျောက်ခဲက သူ့ခေါင်းကို မှန်သွားမှာပဲ။ နင် တောင်းပန်သင့်တယ်"
"ဒါက ငါတို့အချင်းချင်း ပထမဆုံးတွေ့ကြတဲ့အကြိမ်လေ။ ဒီလောက်ကြီး ပြင်းပြင်းထန်ထန် ရန်ဖြစ်နေဖို့မလိုပါဘူး"
သို့ရာတွင် ထိုအကြံပေးစကားများကိုကြားသောအခါ ကျီရှန်းရှန်းက ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်ပြီး အကြောက်အကန်ငြင်းလိုက်သည်။
"မဟုတ်ဘူး။ ငါ မတောင်းပန်ဘူး။ ငါ ဘာမှ မမှားဘူး"
လူတစ်ယောက်၏ မုန်းတီးခြင်းနောက်ကွယ်၌ အကြောင်းပြချက်တစ်ခုရှိ၍ မုန်းတီးခြင်းသည် လွယ်လွယ်ကူကူ ပေါ်ထွက်မလာနိုင်ဟု ကျင်းယွင်ကျောင်း အမြဲတမ်း ယုံကြည်ခဲ့သည်။ ထို့အပြင် လူတစ်ယောက်၏ မုန်းတီးမှုသည် ကိစ္စ၏ အတိမ်အနက်အပေါ် မူတည်၍ အကြောင်းအရင်းများစွာကို အခြေခံလာ၏။ ဥပမာတစ်ခုပေးရလျှင် သူမ ရရှိသောအခန်းအမျိုးအစားဖြစ်သည်။ သူမက ထိုကိစ္စနှင့် ပတ်သတ်၍ များများစားစား မတွေးမိသော်လည်း ကျီရှန်းရှန်းတွင်မူ ဤကဲ့သို့ထူးဆန်း၍ သာမန်မဟုတ်သော အတွေးမျိုးရှိနေ၏။
သို့ရာတွင် သူမသည် စိတ်ထားနူးညံ့၍ ပျော့ညံ့သည့်အကျင့်စရိုက်ရှိသူ မဟုတ်ပေ။ အကယ်၍ သူမက သဘောထားကြီးကြီးနှင့် ဤကိစ္စအား လူသိရှင်ကြား ဂယက်ရိုက် မသွားစေလျှင်တောင်မှ တစ်ဖက်လူက သူမအား လွယ်ကူသည့် ပစ်မှတ်တစ်ခုဟု ယူဆသွား၍ ဆက်လက် အနိုင်ကျင့်နေတော့မည် ဖြစ်သည်။
ထို့နောက် ကျင်းယွင်ကျောင်းက ခေါင်းငုံ့လိုက်ရာ မြေပေါ်တွင် ပြန့်ကျဲနေသော ကျောက်ခဲသေးသေးလေးများကို တွေ့လိုက်ရ၍ ကောက်ယူလိုက်၏။
"ဒီကိစ္စက အဆက်အစပ် မရှိဘူးလို့ နင်ယူဆတယ်ဆိုရင် နင်လည်း အဆုံးသတ်ကို လက်ခံနိုင်ဖို့ ကြိုးစားသင့်တယ်။ ဘာပဲဖြစ်ဖြစ် အန္တရာယ် မဖြစ်ရင် အပြစ်မဖြစ်ဘူး မဟုတ်လား"
ကျင်းယွင်ကျောင်းက ရန်စလိုက်ပြီး စကားဆုံးသည်နှင့် ကျီရှန်းရှန်း၏ ခေါင်းတည့်တည့်သို့ ကျောက်ခဲတစ်လုံးနှင့် ပစ်လိုက်သည်။
ကျီရှန်းရှန်းသည် သူမထံသို့ ပျံဝဲလာသည့်ကျောက်ခဲကိုမြင်သောအခါ သူမ၏ စိတ်သည် ဗလာဖြစ်သွားပြီး ကြောင်အ,စွာ ရပ်ကြည့်နေ၏။ နောက်ဆုံးတွင်မူ ဘေး၌ရပ်နေသော ချွေ့ကျွင်းက သူမအား လှမ်းဆွဲ၍ ကျောက်တုံးကို ရှောင်လိုက်ရသည်။
ကျောက်ခဲက သူတို့အား ကျော်၍ မြေပေါ်သို့ကျသွားရာ မြေကြီးပေါ်၌ အပေါက်တစ်ပေါက် ဖြစ်သွား၏။
မြေပေါ်သို့ ကျောက်ခဲ ဘုန်းခနဲကျသွားသံက ကျီရှန်းရှန်း၏ ဦးရေပြားများအား ကျိန်းစပ်သွားစေသည်။ ထိုအခါ ချွေ့ကျွင်းက အော်လိုက်၏။
"နင် ရူးနေတာလား"
"အခု ငါကလား။ သူ ငါ့ကိုထုတဲ့ကျောက်ခဲက မမှန်လို့ သူ့မှာ အပြစ်မရှိဘူးလို့ ပြောခဲ့တာ သူလေ"
ထို့နောက် စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းက ကျောက်ခဲများဖြင့် ဆက်တိုက် ပစ်ပေါက်တော့သည်။
ကျီရှန်းရှန်းသည် သူမ၏ ဦးခေါင်းတည့်တည့်သို့ ကျောက်ခဲတစ်လုံးပျံဝင်လာတိုင်း ခေါင်းကို လာမှန်ပြီဟု ထင်လိုက်သော်လည်း သူမ၏ နားရွက်ဘေးမှ ပွတ်ကာသီကာ ကျော်ဖြတ်သွားတတ်၍ နားထဲ၌ ကျောက်ခဲက လေကို ဖြတ်သန်းသွားသည့်အသံကိုသာ ကြားလိုက်ရ၏။
"ရပ်တော့"
ချွေ့ကျွင်းက အော်လိုက်၍ ကျီရှန်းရှန်းအား သူရင်ခွင်ထဲသို့ ဆွဲသွင်းကာ ခဲများ မမှန်အောင် ကာကွယ်ထားလိုက်ပြီးနောက် ဆက်ပြောလာသည်။
"အစောပိုင်းကိစ္စက သူ့အမှားပါ။ ငါ သူ့အစား တောင်းပန်ပါတယ်။ ဒါပေမယ့် မင်းက အကျိုးအမြတ်တွေအများကြီး ရပြီးသားကို အခု ဒီအခြေအနေကနေ လွယ်လွယ်နဲ့ အမြတ်ထုတ်ချင်နေတာလား။ သဘောထားသေးသိမ်နေတာတွေ ရပ်လိုက်တော့"
ထိုအခါ ကျင်းယွင်ကျောင်းက ခေတ္တမျှတုံ့ဆိုင်းသွား၍ စဥ်းစားလိုက်၏။
အကျိုးအမြတ်လား။ အခြေအနေကနေ အမြတ်ထုတ်တယ်တဲ့လား။ ငါ ဘယ်တုန်းကများ အဲဒါတွေ လုပ်ခဲ့မိပါလိမ့်။