← Chapters

အခန်း (၃၃၇-၃၄၀)

Vol. 17 Ch. 337-340

အခန်း (၃၃၇-၃၄၀)

Vol. 17 Ch. 337-340

Chapter 337 : ပညာမတတ်သော

ကျင်းယွင်ကျောင်းသည် သူမ၏ များပြားလှသော ဗဟုသုတများကို မဆုံးနိုင်အောင် မျှဝေနေ၍ ချွေ့ကျွင်း၏ မျက်နှာမှာ အပြာရောင်ပြောင်းလာသည်အထိပင်။

သူတို့အားလုံးသည် ဆယ့်ခုနစ်၊ ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးများသာ ဖြစ်ကြ၍ ပညာသင်ယူနေကြဆဲဖြစ်ရာ သူတို့မိသားစု၏ စီးပွားရေးနယ်ပယ်မှ ဆေးပင်များအကြောင်းကို ကောင်းမွန်စွာ နားလည်သော်လည်း ထိုအကြောင်းအား သူတို့၏ မိဘများနှင့် အခြားလူကြီးသူမများပြောသည်ကိုသာ အနည်းငယ် ကြားဖူးနားဝရှိခြင်းဖြစ်ရာ သူတို့ မရင်းနှီးသည့် ဆေးပညာအသုံးအနှုန်းများကို သုံး၍ ပြောနိုင်သော ကျင်းယွင်ကျောင်းနှင့် လုံးဝဆန့်ကျင်ဘက်ပင်။

ဤနေရာ၌ ဆေးဖော်စပ်သည့် ပစ္စည်းများစွာရှိနေသည်ဖြစ်ရာ ကျင်းယွင်ကျောင်းက တစ်ခုချင်းစီ၏ အသုံးပြုပုံနည်းလမ်းများနှင့် ဖော်စပ်နည်းများကို ရှင်းပြနေပါက နာရီအနည်းငယ်ဖြင့်ပင် လုံလောက်မည် မဟုတ်ပေ။ ထို့အပြင် သူမ ပြောသွားသည့် ဆေးဖော်စပ်နည်း ခုနစ်မျိုး အကြောင်းလည်း ရှိသေး၏။ တစ်ချက်ကြည့်ပါက ထိုဖော်စပ်နည်းခုနစ်မျိုးသည် တူညီပုံရသော်လည်း နည်းလမ်းတစ်မျိုးချင်းစီသည် အခြေခံအားဖြင့် တစ်မျိုးနှင့်တစ်မျိုး တခြားစီဖြစ်၍ ဆေးဖော်စပ်ရာ၌ ထိုခုနစ်နည်းစလုံးကို အခြေခံအဖြစ်သုံးရန် လိုအပ်သည်။

"ဒီသည်းခြေရည်ရဲ့အရောင်က အစိမ်းရောင်သမ်းနေပေမယ့် အတော်လေးလတ်ဆတ်တယ်၊ သေချာပေါက် ကျွဲတွေနွားတွေရဲ့သည်းခြေရည် ဖြစ်နိုင်တယ်၊ အနံ့ဆိုးပေမယ့် သူ့ရဲ့သဘာဝက ခါးပြီးတော့ အေးတဲ့အတွက် အပူကိုလျော့ကျစေပြီး အမြင်အာရုံကို ကြည်လင်အားကောင်းစေတယ်။ ထျန်းနန်ရှန်နဲ့တွဲလိုက်ရင်ကျ သူ့ရဲ့ခြောက်သွေ့တတ်တဲ့ ဂုဏ်သတ္တိကပျောက်သွားတယ်။ ဒါကြောင့် အပူကိုလျော့ကျပြီးတော့ လေငြိမ်းစေတဲ့ အစွမ်းသတ္တိရှိလာတယ်"

ကျီရှန်းရှန်းသည် သူမ ကြားလိုက်ရသည့် ဆေးဖော်စပ်သည့်နည်းလမ်း တနင့်တပိုးကြောင့် မူးမေ့လဲကျလုနီးပါးဖြစ်နေ၏။

"တော်...တော်ပါတော့။ ဒီဆေးပစ္စည်းတွေ အားလုံးရဲ့ အသုံးပြုနည်းတွေကို နင်သိတာလား"

ကျီရှန်းရှန်းသည် မိဘများထံမှ ဆေးပင်များအကြောင်းကို သင်ယူလေ့လာနေသူတစ်ဦး ဖြစ်သည်။ သို့ရာတွင် သင်ယူရမည့် အကြောင်းအရာများမှာ များပြားလွန်းသောကြောင့် သူမသည် ဆေးပင်များကို ခွဲခြားမှတ်မိနိုင်မည့် နည်းလမ်းကိုသာ သင်ယူနေရဆဲ ဖြစ်၏။

ဤလူငယ်များသည် သမားတော်များ မဟုတ်ကြသော်လည်း ဆေးပင်တစ်ပင်ချင်းစီ၏ ထူးခြားသော ဂုဏ်သတ္တိများကို သိရှိထားရန် လိုအပ်သောကြောင့် သူတို့သည် သာမန်သမားတော်တစ်ဦးထက် ပို၍ အရည်အချင်းရှိကြ၍ တစ်ချက်ကြည့်ရုံနှင့်ပင် ဆေးပင်များ၏ စစ်မှန်မှု၊ သက်တမ်းနှင့် လတ်ဆတ်မှုကိုပင် ခွဲခြားသိကြသည်။

"ငါက ဆေးတွေကို ရောနှောဖော်စပ်ချင်နေမှတော့ ဆေးပင်တစ်ပင်ချင်းစီရဲ့ အသုံးပြုပုံကို နားလည်နေတာ ပုံမှန်ပဲ မဟုတ်လား"

ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။

ဤဆေးပင်များ အားလုံးနှင့် ပတ်သတ်သည့် ဗဟုသုတများမှာ ကျင်းယွင်ကျောင်း အစောပိုင်းက ကျက်မှတ်ခဲ့သည်များဖြစ်၍ အကြီးအကဲရှုနှင့်သိကျွမ်းပြီးသည့်နောက်တွင် သူမသည် ဆေးဝါးဖော်စပ်သည့် သီအိုရီများကိုသာ ပို၍ ကျက်မှတ်ခဲ့ရသည်။ ထို့အပြင် သူမသည် စနေနေ့တိုင်း အကြီးအကဲရှု၏ အိမ်သို့သွား၍ ဆေးဖော်စပ်နည်းအချို့ကို လက်တွေ့စမ်းသပ်လေ့ရှိ၍ သူမ၏ကျောက်စိမ်းပေလိပ်နှင့် အကြီးအကဲရှုထံမှ အကူအညီများစွာ ရရှိခဲ့၏။ ထို့ကြောင့် ဤကဲ့သို့ အတွေ့အကြုံများစွာ ရှိပြီးသည့်နောက်တွင်မှ သူမသည် အလုပ်သင်တစ်ယောက်သာ ဖြစ်နေသေးလျှင် သူမအတွက် အမှန်တကယ်ပင် ရည်မှန်းချက်ရှိတော့မည် မဟုတ်ပေ။

"မင်းက မိဘမဲ့ မဟုတ်လား။ အင်တာနက်ပေါ်က လူတွေ ပြောတာကကျတော့ မင်းက မွေးစားမိသားစုရဲ့အနိုင်ကျင့်ခံရတာဆို၊ ဒါဆိုရင် ဒီဆေးပစ္စည်းတွေအားလုံးရဲ့အကြောင်းကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ အင်တာနက်ပေါ်က လူတွေကို မင်းရဲ့အတိတ်နဲ့ ပတ်သတ်ပြီးတော့ လိမ်ပြောခဲ့တာတော့မဟုတ်ဘူး မဟုတ်လား"

ချွေ့ကျွင်းက ချက်ချင်း မေးလာ၏။

သူကိုယ်တိုင်သည် ကျင်းယွင်ကျောင်း ပြောသွားသည်များကို အတိုင်းအတာတစ်ခုအထိ နားလည်သော်လည်း အကယ်၍ လူတစ်ယောက်က သူ့အား ဆေးပင်တစ်ပင်၏ အသေးစိတ်အချက်အလက်များအားလုံးကို မေးလာပါက သူ ပြန်ဖြေနိုင်မည်မဟုတ်ပေ။

တစ်ဖက်တွင်မူ သူ၏ မိဘများသည် ဆေးပင်တစ်ပင်၏ အသေးစိတ်အချက်အလက်များကို ပြန်ဖြေနိုင်သည့် အရည်အချင်းရှိသည်။ သို့ရာတွင် ထိုအရည်အချင်းသည် ဆယ်စုနှစ်ပေါင်းများစွာ အဆက်မပြတ် သင်ယူလေ့လာခဲ့သည့် အကျိုးဆက်ဖြစ်၏။

သူ၏ ဖခင်ဖြစ်သူပြောလေ့ရှိသည်မှာ သူသည် ဆေးဖော်စပ်သည့် နည်းလမ်းများကို ရည်ရွယ်ချက်ရှိရှိ သင်ယူလေ့လာကျက်မှတ်ရန် မလိုပေ။ ဆေးဖော်စပ်လျှင် ဆေးပင်များအား နီးနီးကပ်ကပ် ထိတွေ့ကိုင်တွယ်နေရမည်ဖြစ်ရာ အချိန်ကြာလာသောအခါ ဖော်စပ်နည်းကို အလိုလို သိရှိနားလည်သွားမည်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ချွေ့ကျွင်းကဲ့သို့ တစ်ပါးသူ၏ အတိတ်အကြောင်းကို စိတ်အားထက်သန်စွာဖြင့် ပြောလေ့ရှိသော ဆန်ကုန်မြေလေးများအား အလွန်မုန်းတီး၏။

ကျီရှန်းရှန်းက သူမသည် အင်တာနက်ပေါ်မှ ကျင်းယွင်ကျောင်းဖြစ်သည်ကို သိသွားသောအခါ ချက်ချင်း စကားလမ်းကြောင်း ပြောင်းပေးခဲ့သည်။ သို့ရာတွင် ချွေ့ကျွင်းကမူ ထိုကိစ္စကို အလွတ်မပေးဘဲ ပြန်လည်အစဖော်နေ၏။

တစ်ဖက်၌ ထုံ့ရန်သည် ချွေ့ကျွင်း၏ စကားကို ကြားသောအခါ မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။

"ချွေ့ကျွင်း၊ မင်းက လူတွေရဲ့အားနည်းချက်ကို ထုတ်ပြောနေတာပဲ"

ထိုအခါ ကျီရှန်းရှန်းသည် ရှက်သွား၍ တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်းသည် သံသယဝင်စရာကောင်းသည်ဟု ခံစားလိုက်ရ၍ အသံတိတ်သွား၏။

"ဒါဆိုရင် ကလေးဘဝတုန်းက ခက်ခဲခဲ့လို့ ကျွန်မက အနာဂတ်ကို ပိုကောင်းအောင် ပြောင်းလဲလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်လား။ ချွေ့ကျွင်း၊ ရှင် ငယ်ငယ်တုန်းက ဘောင်းဘီထဲ သေးပေါက်ချခဲ့ဖူးတယ် မဟုတ်လား။ ဒါဆိုရင် ရှင်က အခုထိ သေးခံဝတ်ထားတုန်းလို့ ကျွန်မ ယူဆလို့ရမလား"

ကျင်းယွင်ကျောင်း၏ စကားက ပတ်ဝန်းကျင်ရှိလူများအား ပြုံးစိစိဖြစ်သွားစေသည်။

ထိုအခါ ကျီရှန်းရှန်း၏ မျက်လုံးများက တောက်ပသွား၍ သူမသည် ချွေ့ကျွင်း၏ ဘက်သို့ လှည့်၍ ပြောဟန်ပြင်လိုက်စဥ်မှာပင် ချွေ့ကျွင်းက ဒေါသတကြီးပြောလာ၏။

"မင်း ဒီလို စကားတွေ မပြောသင့်ဘူး၊ မင်း ပညာမတတ်တာ ပေါ်လွင်နေတယ်"

[T/N : ဒီနေရာမှာ ကျီရှန်းရှန်းက ချွေ့ကျွင်းကိုပြောတယ်ဆိုပေမယ့် အောက်ကစာကြောင်းမှာကျ ကျင်းယွင်ကျောင်းကို ပြောလိုက်တဲ့ အဓိပ္ပါယ်ဖြစ်သွားလို့ ချွေ့ကျွင်းက ပြောတယ်ဆိုပြီးတော့ပဲ ယုတ္တိရှိအောင်ပြင်လိုက်ပါတယ်။]

ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းက ပြန်ပြောလိုက်သည်။

"ဒါဆိုရင် ပညာတတ်တဲ့လူတွေက ဘယ်လိုပြုမူတယ်ဆိုတာ ကျွန်မကို ပြောပြပါဦး။ ရှင်တို့လိုလား။ ဒါဆိုရင်တော့ ကျွန်မကတောင်းပန်ရမှာပဲ။ ကျွန်မ အဲ့လိုအပြုအမူတွေကို သည်းမခံနိုင်ဘူး"

ကျင်းယွင်ကျောင်းက စကားဆုံးသည်နှင့် အိတ်တစ်အိတ်အနီးသို့ လျှောက်သွားလိုက်ပြီး မြေကြီးများကို လက်ညှိုးထိုးပြ၍ ပြောလိုက်၏။

"ဒီဟာကို ဘယ်သူက ဒီနေရာကို ယူလာတာလဲ။ ဒီဆေးပင်တွေကို စိုက်ပျိုးထားတဲ့မြေက ကျောင်ရှင်းတု ဒါမှမဟုတ် မြေဝါ မဟုတ်လား"

ထို့နောက် ကျင်းယွင်ကျောင်း၏ မျက်နှာအရောင်က ချက်ချင်း ပြောင်းလဲသွား၍ အနီးနားရှိလူများသည် သူမအား မရည်ရွယ်ဘဲ စိုက်ကြည့်မိသွားကြသည်။

Chapter 338 : နိမ့်ကျသော ဇစ်မြစ်

သူတို့သည် အိတ်ထဲ၌ မြေကြီးခဲအမာများ ပြည့်နေ၍ ထိုမြေကြီးများ၏ အရောင်သည် သာမန်ထက်ပို၍ မဲနက်နေသည်ကိုသာ တွေ့လိုက်ရသည်။

"ဒီမှာ ကျောင်ရှင်းတုလို့ရေးထားတယ် မဟုတ်လား။ နင် မျက်လုံးကောင်းတာရော သေချာရဲ့လား"

ကျီရှန်းရှန်းက ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက ရယ်၍ ပြန်ပြောလိုက်သည်။

"မမလေး၊ နင် ဘာမှနားမလည်ရင်လည်း ငြိမ်ငြိမ်ပဲနေပါ။ နင် တစ်ခုခုပြောလိုက်တိုင်း ဟာသတွေပဲဖြစ်နေတယ်။ နင်လည်း ဆေးဖော်နည်းတွေကိုသင်နေတဲ့သူပဲ၊ ကျောင်ရှင်းတုက ဘာလဲဆိုတာ နင် သေချာပေါက် သိတယ် မဟုတ်လား"

"အဲဒါက ရွှံ့စေးမီးဖိုကနေ ထုချေထားတဲ့ မြေမှုန့် မဟုတ်လား"

ကျီရှန်းရှန်းက ပြန်ဖြေလိုက်ရင်း စိတ်ထဲ၌ ဒေါသထွက်လာ၏။

"နင် ပြောတာမှန်ပါတယ်၊ ဒါပေမယ့် နင်က သေချာရှင်းမပြသွားဘူး။ ကျောင်ရှင်းတုလို့ခေါ်တဲ့ ဖူလုံကန်ဆိုတာ သစ်သားနဲ့ ပေါင်းမြက်တွေကို မီးစာအဖြစ်သုံးတဲ့ မီးဖိုရဲ့အောက်ခြေအလယ်တည့်တည့်ကနေ စုဆောင်းရတဲ့ ရွှံ့စေးခဲတွေပဲ။ အဲ့ရွှံ့စေးက များသောအားဖြင့် မီးကျွမ်းထားတဲ့ အဝါရောင်သမ်းနေပြီး အချို့က အချိန်အကြာကြီး မီးကျွမ်းထားတဲ့ ခရမ်းရောင်သမ်းနေတယ်၊ ဒါမှမဟုတ် အညိုရောင်ခပ်ရင့်ရင့်သမ်းနေတယ်။ ဒါ့ကြောင့် ရလဒ်အနေနဲ့ ဆေးအာနိသင်လည်း တိုးလာတယ်၊ ကျောက်တုံးလို မာလာတယ်၊ အရသာကလည်း ပိုပြီးတော့ ပြင်းလာတယ်၊ အနွေးဓါတ်လည်း ရှိတာကြောင့် လူနာရဲ့ဝမ်းဗိုက်ကို နွေးထွေးစေတယ်၊ သွေးထွက်တာတွေနဲ့ အော့အန်တာတွေကိုလည်း ပျောက်ကင်းစေတယ်။ ပုံမှန်တော့ သူတို့ကို တောဘက်တွေမှာ တွေ့ရများတယ်၊ စုဆောင်းရတာ မခက်ခဲဘူး၊ ဒါကြောင့် ဒီရွှံ့စေးခဲတွေက ဘယ်ကလာတာလဲ။ ကျွန်မ ထင်တာ မမှားဘူးဆိုရင် ဒါတွေက ကျောက်မီးသွေးလို လောင်စာကို ထောင်းထုပြီးရလာတဲ့ မြေကြီးခဲတွေပဲ"

ကျင်းယွင်ကျောင်းက တစ်ဆက်တည်းပြောလိုက်၏။

သူမသည် အကြီးအကဲရှု၏ နောက်သို့ အချိန်အတော်ကြာအောင် လိုက်ခဲ့သောကြောင့် ဤကဲ့သို့သော ကိစ္စမျိုးနှင့် ရင်ဆိုင်ရသောအခါ သည်းမခံနိုင်ပေ။

ကျင်းယွင်ကျောင်း၏ စကားသည် အနီးနားရှိလူများအား ကြောင်အ,သွားစေ၍ လူအုပ်ထဲရှိ အသက်ကြီးပိုင်းများနှင့် ထက်ထက်မြက်မြက်ရှိသူများက ထိုမြေကြီးခဲများကို စစ်ကြည့်ရန် ချက်ချင်း ရှေ့တိုးလာကြသည်။ လူတစ်ယောက်က အရင်ဆုံး စစ်ဆေးကြည့်လိုက်ပြီးနောက် သူ၏ အမူအယာက ပျက်ယွင်းသွား၏။

ကျောက်မီးသွေးကို ထုထောင်းထားသော မြေကြီးခဲများသည် အချိန်အကြာကြီး မီးကျွမ်းခံထားရသည်ဆိုလျှင်တောင်မှ ဖူလုံကန်အစစ်နှင့် မယှဥ်နိုင်သေးပေ။

အကြောင်းမှာ ကျောက်မီးသွေး၌ အဆိပ်အတောက်များ သေချာပေါက် ပါဝင်နေ၍ အခြားဆေးပင်များနှင့် ပေါင်းစပ်လိုက်ပါက...လူအုပ်ကြီးတစ်ခုလုံးသည် ထွက်ရှိလာမည့် အန္တရာယ်များလွန်းလှသောရလဒ်အား စိတ်ကူးဖြင့် ပုံဖော်ကြည့်မိလိုက်ကြသည်။

တစ်ခုတည်းသော ပြဿနာမှာ ဤသည်က ဆေးပညာ ညီလာခံဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဤနေရာ၌ စုဆောင်းထားရှိသော ပါဝင်ပစ္စည်းများနှင့်ဆေးပစ္စည်းများမှာ ထိပ်တန်းအရည်အသွေးများသာဖြစ်ကြရာ ယခုကဲ့သို့ အမှားတစ်ခု မည်သို့ဖြစ်လာသနည်း။ ထိုဆေးပစ္စည်းများအားလုံးအား ဆေးပညာညီလာခံသို့ ယူမလာမီ အရင်ဆုံး စစ်ဆေးထားရသည့်အချက်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ပုံမှန်ထက် စကားအများကြီး ပိုပြောလိုက်ရသောကြောင့် အာခေါင်များပင် ခြောက်သွားသည်။

သူမသည် ကြွားဝါတတ်သူများကို အမြဲမုန်းတီးလေ့ရှိသော်လည်း ယခုအခါ အကြီးအကဲရှု၏ နာမည်ဂုဏ်သိက္ခာ ကျဆင်းသွားမည်ကို စိုးသောကြောင့် လူပုံအလယ်၌ သူမ၏ ဗဟုသုတစုံလင်မှုကို ထုတ်ဖော်ပြသ၍ မဖြစ်မနေ ကြွားဝါလိုက်ရခြင်းဖြစ်၏။ ထိုသို့ပြသလိုက်ခြင်းကြောင့် အကြီးအကဲရှုသည် သူ၏ ဖိတ်စာအား တွေ့ကရာလူကို ပေးလိုက်ခြင်း မဟုတ်ကြောင်း သက်သေပြနိုင်ရုံသာမက သူမက အရည်အချင်းရှိသူတစ်ယောက်ဖြစ်ကြောင်းကိုလည်း သက်သေပြပြီးသား ဖြစ်သွားသည်။

ကျင်းယွင်ကျောင်းက ဤကဲ့သို့ကြီးမားသော ချို့ယွင်းချက်ကို ဖော်ထုတ်လိုက်ရာ ထိုအကြောင်းကို လူအုပ်ထဲရှိလူအချို့က ပွဲစီစဥ်သူများအား သတင်းသွားပို့ကြ၏။

ဤဆေးပညာညီလာခံအား ဆေးဖော်စပ်ရာ၌ အလွန်ထူးချွန်သည့် ဆရာသခင်များစွာက ဦးဆောင် ကျင်းပခြင်းဖြစ်၍ ထိုဆရာသခင်များသည် အချင်းချင်း ပြိုင်ဆိုင်နေကြသည်။ ထို့အပြင် သူတို့၏ အလုပ်သင်တပည့်များကလည်း အချင်းချင်း အပြိုင်အဆိုင် ဖြစ်နေကြရုံသာမက သူတို့၏ သားသမီးများကပါ အချင်းချင်းပြိုင်ဆိုင်နေကြသည်အထိပင်။

ကျီမိသားစုနှင့် ချွေ့မိသားစုအား ဥပမာအနေဖြင့် ကြည့်နိုင်၏။ ကျင်းယွင်ကျောင်းသည် သူတို့အား မျက်နှာသာ မပေးလျှင်တောင်မှ နှိမ်ချဆက်ဆံ၍ မရပေ။ အကြောင်းမှာ ကျီမိသားစု၏ဘို းဘေးများသည် နန်းတွင်းမှ တော်ဝင်ဆေးဖော်စပ်သူများဖြစ်၍ သူတို့မိသားစု၏ အဆင့်အတန်းသည် သာမန်ဆေးဖော်စပ်သည့် ဆရာသခင်များထက် ပို၍ မြင့်မား၏။ တစ်ဖက်၌ ချွေ့မိသားစုရှိ ဘိုးဘေးများ၏ ကျော်ကြားမှုကလည်း သူတို့နှင့် ထပ်တူထပ်မျှပင်။

ယခုအခါ ပြိုင်ပွဲ၌ အသုံးပြုမည့်ဆေးပစ္စည်းများတွင် ပြဿနာပေါ်လာသည်ဖြစ်ရာ ပွဲစီစဥ်သူများသည် တာဝန်မယူဘဲ ခေါင်းရှောင်၍ အချင်းချင်း အပြန်အလှန် အပြစ်ပုံချကြတော့မည့် အချိန်သာဖြစ်သည်။ ကျင်းယွင်ကျောင်းကမူ ထိုကဲ့သို့ စက်ဆုပ်ဖွယ်ရာကောင်းသော အပေါစား ဟာသပြဇာတ်ကို မမြင်ချင်သောကြောင့် ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

သို့ရာတွင် ဤဖြစ်ရပ်ကြောင့် ကျင်းယွင်ကျောင်းအား အရည်အချင်း မရှိသူဟု ကျွတ်ကျွတ်ညံအောင် ဝေဖန်ပြောဆိုနေမှုများ လုံးဝကွယ်ပျောက်သွားသည်။

ကျင်းယွင်ကျောင်းသည် သူမနှင့် သက်တူရွယ်တူများထက် ပို၍ တော်ကြောင်းကို သက်သေပြပြီးဖြစ်သဖြင့် သူမ၌ အရည်အချင်း မည်မျှရှိကြောင်းက ပြဿနာ မဟုတ်တော့ပေ။

သို့ရာတွင် ကျင်းယွင်ကျောင်းက လုပ်ရပ်နှင့်သက်သေပြပြီးလျှင်တောင်မှ သူမ၏ ခက်ခဲကြမ်းတမ်းသောအတိတ်ကိုသာ အာရုံစိုက်၍ တမ်းတမ်းတတဖြစ်နေသည့် အုပ်စုလည်း ရှိနေတတ်ရာ သူတို့သည် သူမက မည်သည်ကိုမှ ဂရုမစိုက်သည်ကို မြင်သောအခါ သူမ လာသောနေရာနှင့် သူမ၏ နိမ့်ကျသော မိသားစု နောက်ခံဇစ်မြစ်အား လူတိုင်းကို လိုက်ပြောရန် မစောင့်နိုင်တော့ပေ။

ထို့အပြင် ထိုအုပ်စု၏ ခေါင်းဆောင်မှာ ချွေ့ကျွင်းဖြစ်သည်။

ချွေ့ကျွင်းသည် ကျင်းယွင်ကျောင်းထံမှ အလှောင်ခံလိုက်ရပြီးနောက် သိက္ခာကျသည်ဟု ခံစားရသဖြင့် သူမ၏ အရှေ့သို့ ရက်အနည်းငယ်ကြာအောင် ပေါ်မလာတော့ပေ။ သို့ရာတွင် လူအများကမူ သူသည် အရေးကြီးကိစ္စများ ပေါ်လာသောကြောင့် ခဏတဖြုတ် ထွက်သွားသည်ဟု ပြောနေကြ၏။

ချွေ့ကျွင်း မရှိတော့သောကြောင့် အခြားလူများသည် ကျင်းယွင်ကျောင်းအား ရိုရိုသေသေ ဆက်ဆံစပြုလာသည်။

အထူးသဖြင့် ကျီရှန်းရှန်းသည် သူမအပေါ်၌ ယခင်က ထက်စာလျှင် ပို၌အမြင်ကြည်လာပြီး မကြာခဏပင် သူမအား ထုံ့ရန်နှင့် သုံးယောက်အတူ အနီးနားရှိတောင်များသို့ လျှောက်ပတ်ကြည့်ရန် ဇွတ်အတင်း ဆွဲခေါ်သွားလေ့ရှိ၏။

တစ်ခုတည်းသော ပြဿနာမှာ ကျီရှန်းရှန်းသည် ခေါင်းမာသူတစ်ယောက်ဖြစ်၍ မရင့်ကျက်သေးသောကြောင့် အမြောက်တစ်လက်နှင့်တူကာ သူမအား ရန်စရန် အနည်းငယ် မီးညှိပေးလိုက်ရုံပင်။

"ကျီရှန်းရှန်း၊ ချွေကျွင်းက သူ့ရဲ့ပြောင်ကျဲ (ဝမ်းကွဲအစ်မ) ကို ဒီကိုခေါ်လာခဲ့ပြီ၊ အခု သူတို့နှစ်ယောက် ဆေးပင်မျိုးစေ့တွေကို လေ့လာနေကြတယ်"

မိန်းကလေးငယ်လေးတစ်ယောက်က သူမတို့သုံးယောက်ဆီသို့ ပြေးလာ၍ ကျီရှန်းရှန်းအား ပြောလာသည်။

Chapter 339 : အလှတရားဆိုတာ ကြည့်တဲ့သူရဲ့အမြင်ပါပဲ

ရက်အနည်းငယ်ကြာ ပေါင်းသင်းဆက်ဆံပြီးသည့်နောက် ချွေ့ကျွင်းသည် ကျီရှန်းရှန်း၏ အရူးအမူးမြတ်နိုးစွဲလန်းရသူဖြစ်ကြောင်း ကျင်းယွင်ကျောင်း သိထားပြီးဖြစ်၏။ ကျီမိသားစုနှင့် ချွေ့မိသားစုသည် ခင်မင်ရင်းနှီးသည်ဟု ပြောကြ၍ သူတို့နှစ်ယောက်ကိုလည်း ငယ်ချစ်များဟူ၍ပင် ယူဆနိုင်သည်။

အလှတရားဟူသည် ကြည်ရှုသူ၏ အမြင်အပေါ်တွင်သာ မူတည်၏။ ကျီရှန်းရှန်း၏ မျက်လုံးထဲ၌မူ ချွေ့ကျွင်းအား အပြစ် လုံးဝ မမြင်နိုင်ပေ။ လွန်ခဲ့သောနှစ်ရက်အတွင်း သူမသည် ကျင်းယွင်ကျောင်းနှင့်ထုံ့ရန်ကိုသာ အဖော်ပြုနေရ၍ ချွေ့ကျွင်းက ရုတ်တရက် မည်သည့်နေရာသို့ ထွက်သွားမှန်းမသိလိုက်။ ပွင့်ပွင့်လင်းလင်းပြောရပါက သူမသည် သူမ၏ အချစ်ကို စာကြောင်းသုံးကြောင်းထက် ပို၍ ဖော်မပြတတ်သည့် အချစ်ရူးရူးနေသော မိန်းကလေးငယ်လေးတစ်ယောက်သာ ဖြစ်သည်။

ယခုအခါ သူမသည် ချွေ့ကျွင်း ပြန်လာပြီဖြစ်ကြောင်း ကြားလိုက်ရရာ နေရာ၌ပင် ခုန်ပေါက်လုမတတ်ဖြစ်သွားပြီး ကျင်းယွင်ကျောင်းနှင့် ထုံ့ရန်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အနောက်ဘက်ခြံဝန်းသို့ ပြေးသွားကာ သူတို့နှစ်ယောက်အား ချန်ထားခဲ့တော့သည်။

"တကယ်တော့ ရှန်းရှန်းက လူဆိုး မဟုတ်ပါဘူး။ သူက လူတွေကို အယုံလွယ်ရုံလေးတင်ပါ"

ထုံ့ရန်က ကျီရှန်းရှန်း၏ အကြောင်းကို စကားတစ်ခွန်းတည်းဖြင့် ထုတ်ပြောလာ၏။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းသာညိတ်ပြလိုက်၍ သူမ၏ အမြင်ကိုမူ ထုတ်မပြောချေ။

ကျီရှန်းရှန်းနှင့် နှိုင်းယှဥ်ကြည့်ပါက သူမ၏ သူငယ်ချင်းများသည် ပို၍ စဥ်းစားတွေးတောတတ်ကာ ပို၍ပင် ထက်မြက်သေးသည်။

ရှောင်ဟိုင်ချင်းသည် ထိုကဲ့သို့သာဖြစ်၍ အလွန်နူးညံ့၍ ချစ်စရာကောင်းသော စူးချူသည်ပင် ကိစ္စများကို ကောင်းကျိုး၊ ဆိုးကျိုးခွဲခြားတတ်၏။ ယောက်ျားလေးနှစ်ယောက်ဖြစ်သည့် ထန်ကျစ်ဟွားနှင့် ထန်ကျစ်ဟွားကိုမူ ထည့်ပြောနေစရာပင် မလိုချေ။

ကျင်းယွင်ကျောင်းသည် ထိုကဲ့သို့သော သူငယ်ချင်းများနှင့်သာ ပေါင်းသင်းလေ့ရှိသောကြောင့် ယခု ကျီရှန်းရှန်းနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသောအခါ သူတို့၏ အတွေးအမြင်များက တခြားစီဖြစ်ကြောင်း ပို၍ သိသာလာခဲ့ပြီး အချိန်အလဟဿဖြုန်းတီးနေသကဲ့သို့ပင် ခံစားလာရ၏။ ကျင်းယွင်ကျောင်းသည် စကားပြောလျှင် ပွင့်ပွင့်လင်းလင်းသာ ပြောတတ်သော်လည်း သူမ ပွင့်လင်းလွန်းသွားပါက ကျီရှန်းရှန်းက အသံကုန်ပြန်အော်၍ နှစ်ယောက်သာ ထိပ်တိုက်တွေ့ပြီး ရန်သတ်ကြလိမ့်မည်။

ထို့ကြောင့် ကျီရှန်းရှန်းသည် သူမသွ ားလေရာသို့ ကျင်းယွင်ကျောင်းအား ဇွတ်အတင်းဆွဲခေါ်သွားလေ့ရှိသော်လည်း စကားများများ မပြောဖြစ်ကြပေ။

ကျင်းယွင်ကျောင်းက တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ထုံ့ရန်က ထပ်မံ၍ စကားစလာ၏။

"မင်း...ပြန်ရင် သတိထားဦး။ အခုတစ်ကြိမ်က ချွေ့ကျွင်းက မင်းကို အရှက်ခွဲဖို့အတွက် လူတစ်ယောက်ကို သွားရှာလာတာ။ မင်းကတော့ မသိလောက်ပေမယ့် ချွေ့ကျွင်းရဲ့ဝမ်းကွဲအစ်မက...မင်းအတွက် ပစ္စည်းတွေလည်း တော်တော်များများ လှူဖူးတယ်။ ပြီးတော့ သူကလည်း ချွေ့မိသားစုရဲ့တပည့်လေ။ သူက ငယ်ငယ်ကတည်းက ဆေးပညာနဲ့ပတ်သတ်ရင် တအားအလေးအနက်ထားတယ်။ ဆေးပင်တွေနဲ့ပတ်သတ်သမျှ သူ့ကိုတစ်ခါသင်ရုံနဲ့တင် အကုန်မှတ်မိတယ်။ နာမည်နဲ့ လိုက်အောင်ကို ပါရမီရှင်ပေါ့လေ။ သူက စာအရမ်းကြိုးစားပြီးတော့ ဒီပြိုင်ပွဲကိုလည်း အမြဲတမ်း နောက်ဆုံးနေ့ရောက်မှ လာလေ့ရှိတယ်"

ယခုအချိန်သည် ပြိုင်ပွဲ၏ နောက်ဆုံးနေ့သို့ ရောက်ရန် နှစ်ရက်၊ သုံးရက်ခန့်လိုသေးရာ သူမက ကျင်းယွင်ကျောင်းနှင့် တွေ့ရန်အတွက်လာခြင်းဖြစ်ကြောင်း အသိအသာပင်။

သို့သော် ထုံ့ရန် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ ကျင်းယွင်ကျောင်းသည် ဤကိစ္စကို အမှန်တကယ်ပင် အတော်လေး စိတ်ဝင်စားနေ၏။ အထူးသဖြင့် သူ၏ စကားများကို ကြားပြီးမှဖြစ်သည်။ သူမသည် ဤပါရမီရှင်က မည်သည့်ပုံပန်းသဏ္ဍာန်ဖြစ်ကြောင်း သိချင်လှ၏။

ထို့နောက် သူတို့နှစ်ယောက်သည် ကျီရှန်းရှန်း၏နောက်သို့ လိုက်လာခဲ့၍ သူမထက် နှစ်မိနစ်ခန့်နောက်ကျပြီး အနောက်ဘက်ခြံဝန်းသို့ ရောက်လာကြသည်။

ကျင်းယွင်ကျောင်း ခြံဝန်းထဲသို့ဝင်လိုက်သည်နှင့် ထုံ့ရန်ပြောပြထားသည့် ချွေ့ကျွင်း၏ ဝမ်းကွဲအစ်မက သူမ၏ အမြင်အာရုံကို ဖမ်းစားသွား၏။

ထိုအမျိုးသမီး၏ အမူအယာသည် သဘာဝဆန်ပြီး လွတ်လွတ်လပ်လပ်နေတတ်ပုံပေါ်၍ နူးညံ့သိမ်မွေ့သော ခံစားမှုကိုပေးစွမ်းနိုင်သည်။

သူမသည် အသက်နှစ်ဆယ်ကျော်ခန့် ရှိမည့်ပုံပေါ်၍ အဖြူရောင် အပေါ်ထပ်ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားကာ ဆံနွယ်ရှည်များက ပခုံးပေါ်မှဖြာကျနေပြီး ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကိုစားမည့်ပုံစံမျိုး မဟုတ်ချေ။

ကျင်းယွင်ကျောင်း ရောက်လာသောအခါ တစ်ဖက်လူ၏ အကြည့်များကလည်း သူမထံသို့ရောက်ရှိလာ၏။ ထို့နောက် ချွေ့ကျွင်း၏ ဝမ်းကွဲအစ်မသည် သူမ၏ အနီးသို့ရောက်လာ၍ ခြေဆုံးခေါင်းဆုံးတစ်ချက် အကဲခတ်လိုက်ကြည့်ပြီးနောက် ခပ်ဖွဖွပြုံးကာ လက်ကမ်းပေးလာသည်။

"ကျင်းယွင်ကျောင်း၊ တကယ်ပဲ မင်းဖြစ်နေတာကို။ မင်းက အရင်လတွေကထက်တောင် ပိုပြီးတော့ လှလာတာပဲ။ မင်း ဒီလိုမျိုး အဆင်ပြေပြေနေနိုင်တာကို တွေ့ရတော့ ငါ တကယ်ပဲ စိတ်သက်သာရာရမိပါတယ်။း"

ထိုအခါ ကျင်းယွင်ကျောင်းက မျက်ခုံးပင့်လိုက်၏။ ထိုအမျိုးသမီးသည် အမှန်တကယ်ပင် သူမအား အထက်စီးမှ ဆက်ဆံဖို့ ကြိုးပမ်းရန်အတွက် ဤနေရာသို့ရောက်ရှိလာခြင်းပင်။

"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်"

ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေးပင် ပြန်ဖြေလိုက်၏။

တစ်ဖက်လူက ပြဿနာရှာရန်အတွက် ဤနေရာသို့ရောက်လာသည်မှာ အသိသာပင်ဖြစ်သော်လည်း သူမသည် ပြုံးနေသောမျက်နှာကို ရိုက်၍ မရပေ။ အကယ်၍ ယခုအချိန်၌ သူမကသာ စ၍ ပြဿနာရှာလိုက်ပါက သူမ၏လုပ်ရပ်သည် ကျိုးကြောင်းဆီလျော်မှုရှိတော့မည် မဟုတ်ပေ။

"အရင်နေ့က မင်းက ဆေးကုတတ်တယ်ဆိုတဲ့အကြောင်း ငါ့ရဲ့ဝမ်းကွဲမောင်လေးဆီကနေ ကြားလိုက်တော့ ငါ မယုံနိုင်ဘူး၊ သူ လူလွဲနေတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် ဘယ်သူသိမှာလဲ၊ သူက အဲဒါကအမှန်ဆိုတာ ဇွတ်တရွတ်ပြောနေလိမ့်မယ်လို့၊ ဒါကြောင့် ငါလာကြည့်တာပါ"

ထို့နောက် ဝမ်းကွဲအစ်မချွေ့က စကားပြောနေရင်း ကျင်းယွင်ကျောင်း၏ ဦးခေါင်းကို ထိကြည့်လိုက်သည်။ ကျင်းယွင်ကျောင်း၏ မျက်လုံးများက ထိုနေရာသို့ ချက်ချင်းရောက်သွား၍ သူမ၏ လက်က ဗလာသက်သက်သာဖြစ်ကြောင်းတွေ့လိုက်ရသော်လည်း သူမအား တားလိုက်၏။ ထိုအခါ ထိုအမျိုးသမီးက ပြန်ပြောလာသည်။

(T/N : အရင်က ယွင်ကျောင်း ခဲနဲ့ပေါက်ခံရတဲ့နေရာကို ထိကြည့်တာပါ။)

"တောင်းပန်ပါတယ်နော်။ ငါ မင်းကို ကြည့်လိုက်တိုင်း ရင်နာသလို ခံစားရလို့ပါ။ မင်းက အရမ်းလည်းလှတော့ ငါ မင်းကို နှစ်သိမ့်ပေးချင်စိတ်မဖြစ်ဘဲ မနေနိုင်ဘူးရယ်။ ဒီလုပ်ရပ်က မင်းရဲ့မာနကိုထိခိုက်သွားစေရင် ငါ တကယ်ပဲ တောင်းပန်ပါတယ်"

ဤဝမ်းကွဲအစ်မချွေ့သည် တစ်ချိန်လုံး စိတ်ထားကောင်းချင်ယောင်ဆောင်နေသောကြောင့် ကျင်းယွင်ကျောင်းကလည်း အလိုက်သင့်ပြန်၍ ဟန်ဆောင်ပေးလိုက်၏။

"ရှင်က ချွေ့ကျွင်းရဲ့ဝမ်းကွဲအစ်မလို့ ကြားတယ်။ ရှင်တို့ရဲ့ပုံစံတွေက တကယ်တူတာပဲနော်၊ အထူးသဖြင့် အကျင့်စရိုက်ပေါ့။ မျိုးရိုးဗီဇဆိုတာ တကယ်လျှို့ဝှက်ဆန်းကြယ်တဲ့အရာပဲ"

ထိုအခါ ဝမ်းကွဲအစ်မချွေ့၏ အမူအယာက ရုတ်တရက် တင်းမာသွားသည်၊ ကျင်းယွင်ကျောင်းက ချွေ့ကျွင်းအား လှောင်ပြောင်ခဲ့သည့် စကားများကို သူမ အဘယ်မသိဘဲ နေမည်နည်း။ မရိုးသားသည့် ရည်ရွယ်ချက်ရှိသူ၊ အမှိုက်။ ယခု ကျင်းယွင်ကျောင်းက သူမကိုပါ ချွေ့ကျွင်းနှင့်တူသည်ဟု ပြောနေသည်လား။

Chapter 340 : အဖတ်မလုပ်သည့်သူအား အချစ်များပုံပေးခြင်း

ကျင်းယွင်ကျောင်းက စကားပြောနေစဥ် သူမ၏ အေးစက်စက် သဘောထားနှင့် မျက်နှာပေါ်ရှိ ခပ်ဖျော့ဖျော့အပြုံးအား ပေါင်းစပ်လိုက်သောအခါ သူမက သူတို့အား အထင်သေးနေပုံရသည်ဟု မောင်နှမ နှစ်ယောက်လုံး ကောက်ချက်ချမိလိုက်ကြ၏။

ထို့ကြောင့် ဝမ်းကွဲအစ်မချွေ့က ဖျစ်ညှစ်ပြုံး၍ ပြောလိုက်သည်။

"ငါတို့လား။ ရှောင်ကျွင်းက ယောက်ျားလေးလေ၊ ဒါကြောင့် ငါက သူနဲ့မတူပါဘူး။ ဒါပေမယ့် သူက စိတ်ကောင်းရှိပါတယ်၊ မင်းနဲ့သူ့ရဲ့ကြားမှာ နားလည်မှုလွဲတာလေးတွေရှိရင်လည်း ငါကပဲ သူ့အစား တောင်းပါတယ်။ မင်း သူ့ကိုဗွေမယူဖို့ ငါမျှော်လင့်လို့ရနိုင်မလား ဟင်"

"ရှင်က ဘာကိုဆိုလိုတာလဲ။ ကျွန်မတို့နှစ်ယောက်က ဘာမှမပတ်သတ်တဲ့လူနှစ်ယောက်ပါ"

ကျင်းယွင်ကျောင်းက ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။

မိန်းကလေးနှစ်ယောက်ကြားရှိ အပြန်အလှန်စကားဝိုင်းသည် ပုံမှန်စကားပြောခြင်းသာ ဖြစ်ပုံပေါ်သော်လည်း ဘေးလူများကမူ သူတို့၏ ကြား၌ ရန်ငြိုးရန်စများရှိနေသည်ဟု မတွေးမိဘဲ မနေနိုင်ပေ။ အချိန်မရွေး ထသတ်ကြတော့မည့်အလား ခံစားနေရ၏။

ဤအခြေအနေသည် ထူးထူးခြားခြား စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်။

ကံဆိုးသည်မှာ ကျီရှန်းရှန်းသည် အခြေအနေကိုနားမလည်ဘဲ ဝင်ရောက်စွတ်ဖက်ရန် ပျင်းရိလွန်းနေ၏။ ထို့ကြောင့် သူမသည် ချွေ့ကျွင်း၏ ဘေး၌ မတ်တပ်ရပ်နေရင်း ပြောလိုက်သည်။

"ရှင် ဝမ်းကွဲအစ်မချွေ့ကို ဘာလို့ ဒီနေရာကို ခေါ်လာတာလဲ။ ကျင်းယွင်ကျောင်းကို ပြဿနာရှာဖို့တော့မဟုတ်ဘူး မဟုတ်လား။ ချွေ့ကျွင်း၊ ကျွန်မတို့က အဲ့လိုလူစားမျိုးတွေ မဟုတ်ဘူးလေ။ သူမှာ ပြိုင်ပွဲဝင်ပြိုင်ဖို့ အရည်အချင်းရှိတာ၊ သူ့ကိစ္စပါ။ ကျွန်မ ဒီကိစ္စမှာ ထပ်ပြီးတော့ မပါချင်တော့ဘူး"

အစပိုင်းက ကျင်းယွင်ကျောင်းသည် ချွေ့ကျွင်းအား အခန်းရှေ့၌ တစ်နာရီကျော်ကြာအောင် ရပ်စောင့်ခိုင်းထားသည်ဟု သူမက ထင်ခဲ့သောကြောင့် ကျင်းယွင်ကျောင်းအား ပစ်မှတ်ထားခဲ့ခြင်းဖြစ်၏။

သူမသည် ချွေ့ကျွင်းအား ကြိုက်နှစ်သက်၍ ငယ်စဥ်ကတည်းက သူ့အား တစ်ခါမှ မစောင့်ခိုင်းဖူးခဲ့ပေ။ နှစ်ယောက်သား တွေ့သည့်အချိန်တိုင်း သူမသည် အမြဲတမ်း ချိန်းထားသည့်အချိန်ထက် စောရောက်လေ့ရှိသောကြောင့် ကျင်းယွင်ကျောင်း၏ လုပ်ရပ်ကို သည်းမခံနိုင်ခြင်း ဖြစ်သည်။

သို့ရာတွင် ချွေ့ကျွင်း မရှိသည့်အချိန်၌ ကျင်းယွင်ကျောင်းသည် သူမ ထင်ထားသကဲ့သို့ မဆိုးရွားကြောင်း သိလာခဲ့၏။ အနည်းဆုံးတော့ သူမသည် ချွေ့ကျွင်းအား ရည်ရွယ်ချက်ရှိရှိ စောင့်ခိုင်းခဲ့ခြင်းမဟုတ်ဘဲ ချွေ့ကျွင်း သူမ၏ အခန်းရှေ့၌ ရပ်စောင့်နေသည်ကိုပင် မသိခဲ့ခြင်းဖြစ်၏။

သူမသည် ချစ်ခြင်း၊ မုန်းခြင်းကြား၌ ကွဲကွဲပြားပြား ပြုမူတတ်သူဖြစ်သည်။ အကယ်၍ ကျင်းယွင်ကျောင်းသာ မှားပါက သူမက လိုက်လံဒုက္ခပေးမည်ဖြစ်၍ လွှတ်ထားမည် မဟုတ်ပေ။ သို့သော် ကျင်းယွင်ကျောင်း၌ အပြစ်မရှိပါက သူမသည် အကျိုးမရှိသောကိစ္စများ၌ အဘယ်ကြောင့် အချိန်ဖြုန်းရမည်နည်း။

သို့သော် ချွေ့ကျွင်း၏ နားထဲ၌မူ ကျီရှန်းရှန်း၏ စကားလုံးများသည် မခံမရပ်နိုင်လောက်အောင် ပြင်းထန်စူးရှသည်ဟု ခံစားလိုက်ရသည်။ သူသည် ထိုကဲ့သို့တုံးအသည့် မိန်းကလေးမျိုးကို မကြိုက်ပေ။ သူတို့ငယ်စဥ်အခါက သူမ၏ စိုးရိမ်စိတ်များသော စရိုက်သဘာဝနှင့် တုံးအခြင်းသည် ချစ်စရာကောင်းသည်ဟု ဆိုနိုင်သော်လည်း ယခုအခါတွင်တော့ မတူတော့။

သူမသည် အရပ်သာ ရှည်လာ၍ ဥာဏ်ရည်က ဖွံ့ဖြိုးမလာပေ။

သူ၏ စိတ်ကူးထဲ၌ သူ၏ အနာဂတ်ရည်းစားသည် ထက်မြက်၍ အရည်အချင်းရှိရမည်ဖြစ်ပြီး ကိုယ့်ကိုကိုယ် အောင်မြင်အောင်လုပ်နိုင်မည့် အစွမ်းအစရှိရမည်ဖြစ်သည််။ သူတို့သွားသည့် နေရာတိုင်း၌ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ရမည်။

သူ၏ ဝမ်းကွဲအစ်မဖြစ်သူသည် နင်းမြို့တော်ရှိ တက္ကသိုလ်တစ်ခု၌ ပညာသင်ကြားနေ၍ ဌာနတိုင်း၌ သူမတူအောင် ထူးချွန်သည်။ နှမြောစရာကောင်းသည်မှာ သူ၏ ဝမ်းကွဲအစ်မကဲ့သို့ လူမျိုးက ရှားပါးလွန်းလှ၏။

"ကျီရှန်းရှန်း၊ အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့။ ငါ့ရဲ့ဝမ်းကွဲအစ်မက ကျင်းယွင်ကျောင်းရဲ့ကျေးဇူးရှင်ပဲ။ သူက ကျင်းယွင်ကျောင်းကို ပစ္စည်းတွေ လှူဖို့အတွက် သူတို့ကျောင်းမှာ ကော်မတီတစ်ခုဖွဲ့ပြီးတော့ အဝတ်အစားတွေ၊ ဖိနပ်တွေအပြင် တခြားစာရေးကိရိယာတွေကိုပါ ပို့ပေးခဲ့တာ။ အခု ကျင်းယွင်ကျောင်းက ဆေးဖော်စပ်သူတစ်ယောက်ဆိုတာ သူကြားတော့ သိချင်လို့ လာကြည့်တာ၊ ဒါ့အပြင် သူက ဒီကို နှစ်တိုင်းလာနေကျပဲလေ။ ဘာများ ထူးဆန်းလို့လဲ"

ချွေ့ကျွင်းက ချက်ချင်း ကာကွယ်ပေးလိုက်သည်။

ထိုအခါ ကျီရှန်းရှန်းက မဲ့သွားပြီး ...

"စိတ်မဆိုးပါနဲ့၊ ကျွန်မက သဘောအရ ပြောလိုက်တာပါ"

"ဒါပေမယ့် ဒီလိုပြောကြကြေးဆိုရင် ကျင်းယွင်ကျောင်းက ပစ္စည်းတွေအားလုံးကို တခြားသူတွေကို ပြန်လှူပစ်လိုက်တာ မဟုတ်လား။ ဝမ်းကွဲအစ်မချွေ့လှူတဲ့ ပစ္စည်းတွေက သူနဲ့ မဆိုင်သင့်တော့ဘူးလေ"

ထို့နောက် ကျီရှန်းရှန်းက တစ်ဖက်သို့လှည့်လိုက်ပြီး ဝမ်းကွဲအစ်မချွေ့အား တိုက်ရိုက်ပြောလိုက်သည်။

"ပြောင်ကျဲ၊ ရှင်လည်း ဒီကိစ္စကြောင့်နဲ့တော့ ကျင်းယွင်ကျောင်းရဲ့ ကျေးဇူးရှင်လို့ မခံယူဘူး မဟုတ်လား။ ဒါက ဟာသတစ်ခုပဲလေ။ တကယ်တမ်း တခြားသူတွေလည်း ပါတယ်ဆိုတာ အသိသာကြီးကို၊ ရှင်က ရှင့်ကို စိတ်မဝင်စားတဲ့ တစ်ဖက်လူဆီမှာ ရှင့်အချစ်တွေကို ပုံအောပေးနေတာပဲ"

"မင်း ငါ့ဝမ်းကွဲအစ်မကို ဘယ်လိုပြောလိုက်တာလဲ"

ချွေ့ကျွင်းက မျက်မှောင်ကြုံ့လိုက်၏။

ကျီရှန်းရှန်းသည် ဤဝမ်းကွဲအစ်မကို လုံးဝမနှစ်သက်ပေ။ ဆိုးဆိုးရွားရွား မနှစ်သက်ခြင်းဖြစ်သည်။

ဝမ်းကွဲအစ်မသည် သူမက ချွေ့ကျွင်းနှင့် ကျီရှန်းရှန်းတို့ထက် အသက် အနည်းငယ်ပိုကြီးသည့်အချက်ကို လက်ကိုင်ထား၍ သူတို့အား အမြဲတမ်းဆရာလုပ်လေ့ရှိပြီး ဤအသက်အရွယ်တွင် ကျောင်း၌ စာကိုသာ လေ့လာသင်ယူသင့်၍ ဆယ်ကျော်သက်အချစ်ကို စိတ်ကစားမသင့်ကြောင့် ပြောဆိုဆုံးမလေ့ရှိသည်။ ထို့အပြင် သူမနှင့် ချွေ့ကျွင်း နှစ်ယောက်အတူရှိသည့် အချိန်တိုင်း ဝမ်းကွဲအစ်မက ချွေ့ကျွင်းအား ဖုန်းခေါ်၍ တစ်ခုခုဝယ်လာခိုင်းလိုက်၊ အိမ်၌ တစ်ခုခုဖြစ်နေသည်ဟုပြော၍ ပြန်လာခိုင်းလိုက် လုပ်လေ့ရှိသည်။

သို့ရာတွင် ဤအမျိုးသမီးက မည်မျှပင် ဂြိုလ်မွှေနေစေကာမူ သူမသည် ချွေ့ကျွင်းနှင့် ဆက်ဆံရေးကောင်းသောကြောင့် ကျီရှန်းရှန်းလည်း ဘာမှမတတ်နိုင်ပေ။

ထို့အပြင် သူမသည် အရွယ်ရောက်လာပါက ချွေ့ကျွင်းနှင့် လက်ထပ်မည်ဟု စဥ်းစားထားသော်လည်း သူမအား စိတ်ပြောင်းသွားစေမည့် အကြောင်းတစ်စုံတစ်ရာရှိလာပါက ထိုအကြောင်းအရင်းသည် သေချာပေါက် ဤဝမ်းကွဲအစ်မသာ ဖြစ်လိမ့်မည်။ ထိုအမျိုးသမီးနှင့် ယောင်းမတော်ရမည့်အရေးကို စဥ်းစားရုံဖြင့်ပင် သူမ၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားလိုက်ချင်သည်။

All Chapters