← Chapters

အခန်း (၃၄၁-၃၄၄)

Vol. 18 Ch. 341-344

အခန်း (၃၄၁-၃၄၄)

Vol. 18 Ch. 341-344

Chapter 341: ကျေးဇူးရှင်ရဲ့ကြင်နာမှု

သို့ရာတွင် ကျင်းယွင်ကျောင်း၊ ထုံ့ရန်နှင့် အနီးနားရှိလူများကမူ ကျီရှန်းရှန်း၌ ရှုပ်ထွေးနေသော အတွေးများရှိနေသည်ကို နားမလည်ကြပေ၊ ထို့ကြောင့် သူမက ကျင်းယွင်ကျောင်းအား ကာကွယ်ပေးနေသည်ကိုကြားသောအခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

“ကျီရှန်းရှန်း၊ မင်း ဘာလို့ ဒီလိုမျိုးပြောရတာလဲ။ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုတဲ့ စကားပုံလိုပဲ၊ ပြောင်ကျဲက ကျင်းယွင်ကျောင်းကို ကူညီဖို့ အများကြီးကြိုးစားအားထုတ်ထားတာ၊ သူ အဲဒါတွေကိုမသုံးရင်တောင်မှ ပြောင်ကျဲကို ကျေးဇူးတော့ တင်သင့်တာပေါ့”

ချွေ့ကျွင်းက ပြန်ဖြေလိုက်၏။

သူ၏ စကားကိုကြားသောအခါ ကျီရှန်းရှန်းက ကျင်းယွင်ကျောင်း သူမအား ပြောခဲ့သည်များကိုပြန်သတိရသွား၍ မျက်လုံးများက အရောင်တောက်သွားပြီး ပြန်ချေပလိုက်သည်။

“ပြောင်ကျဲ၊ ရှင်က ချွေ့မိသားစုရဲ့အရိပ်အောက်မှာ အချိန်အကြာကြီးနေခဲ့တာပဲ၊ ရှင့်ရဲ့ဘဝက မကောင်းဘူးလို့ ကျွန်မခံစားရတယ်။ ဒါကြောင့် ကျွန်မ အိမ်ပြန်ပြီးတော့ ရှင့်ကို အဝတ်အစားနည်းနည်းလောက် လှူရင်ရော ဘယ်လိုလဲ။ အို...ဟုတ်သားပဲ၊ ရှင့်မှာ ပိုက်ဆံမရှိရင် ကျွန်မ အဖေ့ဆီကနေ ရှင့်အတွက် ယွမ်တစ်သောင်းလောက် တောင်းပေးမယ်လေ။ ရှင် ဘယ်လိုထင်လဲ”

ထိုအခါ ဝမ်းကွဲအစ်မ ချွေ့က ရယ်လိုက်ပြီးနောက် ပြောလာ၏။

“ရှန်းရှန်း၊ ချွေ့မိသားစုက ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ ဒါကြောင့် ငါ ဘာအကူအညီမှ မလိုဘူး။ ဒါပေမယ့် မင်း အရမ်းကြင်နာတတ်တယ်ဆိုရင်တော့ အဲပစ္စည်းတွေကို ကျင်းယွင်ကျောင်းကို ပေးလိုက်လေ”

“ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မက ရှင် အကူအညီလိုနေတယ်လို့ ခံစားရတာမို့လို့ ရှင် ဒီအကူအညီကို ယူကိုယူရမယ်၊ ဒါကြောင့် ကျွန်မ ပစ္စည်းတွေပို့တာကိုပဲ စောင့်နေပေး။ ပြောင်ကျဲ၊ ဒါဆိုရင် ရှင် ကျွန်မကို ကျေးဇူးတင်ကိုတင်ရမယ်နော်။ တစ်လုတ်စားဖူး သူ့ ကျေးဇူးဆိုတဲ့ စကားပုံအတိုင်းလေ၊ ဟုတ်ရဲ့လား ၊ချွေ့ကျွင်း”

ကျီရှန်းရှန်းက ပြုံး၍မေးလိုက်ပြီး သူမကိုယ်သူမ ကျေနပ်အားရနေပုံပေါ်သည်။

သူမသည် ချွေ့ကျွင်းတစ်ယောက်တည်းကိုသာ ကောင်းကောင်းမွန်မွန် ဆက်ဆံရန်လိုအပ်၍ သူ၏ ဝမ်းကွဲအစ်မကိုမူ အလွန်မုန်းတီး၏။

ကျီရှန်းရှန်း၏ စကားကိုကြားသောအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်၍ ထုံ့ရန်သည်လည်း ကျေနပ်အားရသွားသည်။

သို့သော် ချွေ့ကျွင်းကမူ သူ၏ ဝမ်းကွဲအစ်မဖြစ်သူအား အလန့်တကြားကြည့်လိုက်မိ၍ ကျီရှန်းရှန်းအား စိတ်ထဲမှနေ၍ အပြစ်တင်လိုက်၏။

သို့ရာတွင် ချွေ့မိသားစုနှင့် ကျီမိသားစုသည် ဆက်ဆံရေးကောင်းမွန်၍ တစ်ခါတစ်ရံ၌ ချွေ့မိသားစုက ကျီမိသားစုထံမှ အကူအညီတောင်းခံရလေ့ရှိသည်။ ထို့ကြောင့် သူသည် ကျီရှန်းရှန်းကို မနှစ်သက်သော်လည်း သူတို့ကြားရှိ ဆက်ဆံရေးအား ယတိပြတ် ဖြတ်တောက်မပစ်နိုင်ပေ။

ရလဒ်အနေဖြင့် သူသည် ပို၍ အသက်ရှုကြပ်လာသလို ခံစားလိုက်ရ၏။

သို့ရာတွင် အဆုံးသတ်၌ ကျီရှန်းရှန်းသည် ယခင်ကလိုပင် ချွေ့ကျွင်းအား ဂရုစိုက်နေဆဲဖြစ်သောကြောင့် ချွေ့ကျွင်း တဖြည်းဖြည်း ပို၍ မျက်နှာပျက်လာသည်ကိုမြင်သောအခါ သူမ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ယခု သူမနှင့် သူ၏ ဝမ်းကွဲအစ်မကြားရှိအားပြိုင်ပွဲတွင် သူမက အနိုင်သွားပြီဖြစ်၏။

ကျီရှန်းရှန်း၏ တိုက်ခိုက်မှုကြောင့် ဝမ်းကွဲအစ်မ ချွေ့၏ မျက်နှာအမူအယာသည် ပို၍ အကျည်းတန်လာပြီး သူမက ကျင်းယွင်ကျောင်းအား ကြည့်၍ သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။

“ငါ အဲ့ပစ္စည်းတွေအားလုံးကို မင်းဆီကနေ ကျေးဇူးအတင်ခံချင်လို့ ပို့ပေးတာလို့တော့ မင်း မထင်ဘူး မဟုတ်လား”

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား စူးစိုက်ကြည့်၍ ပြန်ဖြေလိုက်၏။

“ကျွန်မက ဘယ်ကြင်နာမှုကိုမှ လက်မခံခဲ့ပါဘူး၊ ဒါကြောင့် ဘာလို့ ကျေးဇူးတင်ရမှာလဲ”

“ဒီကိစ္စက ငါ့အတွက်တော့ တကယ် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ငါ မင်းကိုလှူတဲ့ပိုက်ဆံတွေက ငါ့ရဲ့အတန်းဖော်တွေက စုပေးထားတာ၊ မင်း အနာဂတ်မှာ ပညာသင်ကြားဖို့အတွက်ဆိုပြီး မျှော်လင့်ထားတာပေါ့။ ဒါကြောင့် သူတို့ကို ပြန်လျော်ပေးလိုက်လေ။

ဝမ်းကွဲအစ်မ ချွေ့က ပြောလိုက်သည်။ သူမပြောလိုက်သော စကားလုံးများသည် ရှေ့နောက်မညီဘဲ ဖြစ်နေ၏။

အစောပိုင်းက သူမသည် ကျင်းယွင်ကျောင်းထံမှ ကျေးဇူးတင်မခံလိုကြောင်း ပြောခဲ့သော်လည်း ယခုအခါ သူမအား ပိုက်ဆံပြန်လျော်ပေးခိုင်းနေသည်။

ထိုအချိန်က လူအများသည် ကျင်းယွင်ကျောင်းအား အလှူပစ္စည်းများစွာ ပေးအပ်ခဲ့၍ သူမက လက်မခံခဲ့သော်လည်း ထိုသို့ လှူဒါန်းခြင်းက သူမအား ဆိုးကျိုး မဖြစ်စေပေ။ လက်တွေ့၌ ထိုလူများသည် ကောင်းမွန်သောရည်ရွယ်ချက်နှင့် စိတ်နှလုံးကောင်းရှိသူများသာ ဖြစ်သည်။ သို့သော် သူမသည် ယခုကဲ့သို့ ကိုယ်ကျင့်တရားကို အလွဲသုံးစားလုပ်တတ်သည့်လူများနှင့် ရင်ဆိုင်ရသောအခါ ထပ်မံ၍ စိတ်မထိန်းနိုင်တော့။

တစ်ဖက်၌ သူမသည် ဟန်ဆောင်ခြင်းမရှိဘဲ သူမ၏ ရည်ရွယ်ချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသပါက ကျင်းယွင်ကျောင်းသည် သူမအား လေးစားပေးနိုင်သော်လည်း ယခုအခါ သူမသည် စကားကိုလှည့်ပတ်ပြောဆို၍ ဟန်ဆောင်နေသောကြောင့် ကျင်းယွင်ကျောင်းအား စိတ်တိုလာစေပြီး စိတ်ထားမြင့်မြတ်သည့် လူတစ်ယောက်အဖြစ် ဟန်ဆောင်၍ ကျေးဇူးအတင်ခံချင်နေခြင်းကလည်း ကျင်းယွင်ကျောင်းအား အမှန်တကယ်ပင် ရွံရှာစက်ဆုပ်စေသည်။

“ချွေ့ပြောင်ကျဲ၊ ကျွန်မအတွက် ဘာပစ္စည်းမှလှူစရာမလိုဘူးလို့ ကျောင်းက ကျွန်မကိုယ်စား အကြိမ်များစွာ ကြေညာခဲ့တယ် မဟုတ်လား”

ကျင်းယွင်ကျောင်းက လေးလေးနက်နက် မေးလိုက်၏။

ထိုအခါ ဝမ်းကွဲအစ်မချွေ့က ခေါင်းညိတ်၍ တုံ့ပြန်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် လူတိုင်းရဲ့စိတ်ထဲမှာ မင်းအတွက် ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေပဲရှိတာလေ။ လက်တွေ့မှာလည်း မင်းက နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရတာကို”

“ဒါက ရှင့်ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်လေ”

ကျင်းယွင်ကျောင်းက အေးတိအေးစက်ဖြင့် ဆက်ပြောလာ၏။

“တကယ်လို့ ကျွန်မက လူတိုင်းကို အကူအညီတောင်းခဲ့တယ်၊ လှူပေးဖို့ တောင်းဆိုခဲ့တယ်ဆိုရင် အခု ရှင် ကျွန်မကို ဘာတွေပဲပြောနေပါစေ၊ ကျွန်မယူထားသမျှကို ပြန်ပေးမယ်။ ဒါပေမယ့် ကျွန်မက လက်ခံရရှိခဲ့သမျှ အလှူပစ္စည်းတွေကို ထိတောင်မှ မထိခဲ့ဘူးလေ၊ ဒါတောင်မှ ရှင်က ကျွန်မကို ပြန်လျော်ပေးစေချင်နေတာလား”

“ကျင်းယွင်ကျောင်း၊ ငါ မင်းကို ပြန်လျော်ပေးဖို့ မပြောခဲ့ပါဘူး”

ဝမ်းကွဲအစ်မ ချွေ့သည် ထိတ်လန့်စွာဖြင့်ပြောလိုက်ပြီး လူအများက သူမအား အထင်လွဲမည်ကို ကြောက်ရွံ့နေပြီးနောက် ဆက်ပြောလိုက်သည်။

“အခြားသူတွေကို ကူညီတာက လုပ်ကိုလုပ်ရမယ့်ကိစ္စပဲလေ။ ငါက ဒီနေ့ ဒီကိုလာတာက မင်းကို စိတ်ပူလို့ပါ။ ဒါပေမယ့် ဒီဆေးပညာ ညီလာခံကို ဝင်ပြိုင်ဖို့အတွက်လည်း ဒီကိုလာခဲ့လိုက်တာပါ”

“ကျွန်မဆီက အလျော်မလိုချင်ဘူးဆိုရင်လည်း ရှင် ကျွန်မကို ဒီလိုသဘောထားမျိုးနဲ့ မဆက်ဆံပါနဲ့၊ ကျွန်မ သည်းမခံနိုင်ဘူး။ ရှင်က ဒီဆေးပညာညီလာခံကိုဝင်ပြိုင်မယ့်လူတစ်ယောက်ဖြစ်သလို ကျွန်မကလည်း ဝင်ပြိုင်မယ့်သူပဲ၊ ရှင်က ရှင့်ကိုယ်ရှင်ပဲ အတော်ဆုံး၊ အထက်ဆုံးပုံစံမျိုးနဲ့ ကျွန်မကို နှိမ်ချသလိုဆက်ပြီးတော့ ကြည့်နေမယ်ဆိုရင် ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘဲ ရှင့်ကိုကန်ထုတ်မိမှာ စိုးရိမ်ရတယ်။ ကျွန်မရဲ့အဘိဓါန်မှာ မိန်းကလေးတစ်ယောက်ကို မရိုက်ဘူးဆိုတဲ့ စကားလုံးမရှိဘူးနော်”

Chapter 342 : လောင်းကြေးထပ်ကြစို့

ခြံဝန်းသည် ရုတ်ရုတ်သဲသဲနှင့် ဆူညံနေပြီး လူမျိုးစုံရောက်ရှိနေသဖြင့် လူအုပ်ကြီးဖြစ်နေကာ အချို့က အပြန်အလှန်ဆွေးနွေးနေကြပြီး အချို့က အချင်းချင်း ယှဥ်ပြိုင်နေကြသည်။ တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်း၏ အနီးနားရှိ လူများသည် သူမ၏ စကားကြောင့် ငြိမ်ကျသွား၏။

ထိုအခါ ဝမ်းကွဲအစ်မ ချွေ့၏ နှုတ်ခမ်းများသည် အနည်းငယ် ပွင့်ဟသွား၍ မျက်နှာပေါ်၌ ကြောက်ရွံ့သွားသည့် အရိပ်အယောင်များဖြတ်ပြေးသွားပြီး ကျင်းယွင်ကျောင်းထံမှ ခြိမ်းခြောက်ခံလိုက်ရသည့်အလားပင်။

ထိုအချိန်၌ ချွေ့ကျွင်းကမူ ဒေါသထွက်နေ၏။ သူ၏ ဝမ်းကွဲအစ်မဖြစ်သူအား မည်သူကမှ ယခုကဲ့သို့ မလေးမစား မဆက်ဆံဖူးပေ။

“မင်းက ဆင်ခြင်တုံတရား မရှိတဲ့သူပဲ။ ငါ့ရဲ့ ပြောင်ကျဲက မင်းအတွက် စိတ်မကောင်းဖြစ်လို့ အလှူငွေတောင် စုဆောင်းပေးပြီး မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ။ ဒါပေမယ့် မင်းကတော့ ကျေးဇူးတင်စကားလေးတစ်ခွန်းတောင် မပြောနိုင်ဘူး။ တောင်းပန်စကား မပြောနိုင်ရင်တောင် အဆင်ပြေသေးပေမယ့် တကယ်ပဲ မင်းက လူကိုပါ ရိုက်ချင်နေတာလား။ လူတစ်ယောက်ကို ရိုက်နှက်ပိုင်ခွင့် မင်းကို ဘယ်သူပေးထားလို့လဲ”

ချွေ့ကျွင်းက ရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူ၏ မိုးချိန်းသံကဲ့သို့ ကျယ်လောင်စူးရှသောအသံအား ခြံဝန်းတစ်ခုလုံးကြားလိုက်ရ၍ လေးလေးနက်နက် စဥ်းစားခန်းဝင်နေသူများစွာ၏ အတွေးများကို အနှောက်အယှက်ဖြစ်သွားစေ၏။

ဘေးလူအချို့က ဝမ်းကွဲအစ်မ ချွေ့ ကြောက်ရွံ့တုန်လှုပ်နေသည်ကို မြင်လိုက်ကြရသောကြောင့် သူတို့ရှိရာနေရာသို့ လျှောက်လာကြရင်း ချွေ့ကျွင်း၏ စကားကြောင့် ပို၍ပင် အံ့အားသင့်သွားကြသည်။ ကျင်းယွင်ကျောင်းကဲ့သို့ အားနည်း၍ ထိခိုက်လွယ်ပုံရသော မိန်းကလေးတစ်ယောက်က အခြားလူများအား ရိုက်နှက်ပစ်မည်ဟု အမှန်တကယ်် ခြိမ်းခြောက်နေသည်အား သူတို့သည် စိတ်ကူးပင် ယဥ်မကြည့်နိုင်ကြချေ။

ပတ်ဝန်းကျင်အခြေအနေသည် ရုတ်တရက် တင်းမာသွားသည်။

ဆေးပညာညီလာခံ မတိုင်ခင်က ကျင်းယွင်ကျောင်းသည် ဟွားဇယ်နှင့်အတူ အခြားလူများကိုတိုက်ခိုက်ရင်း အချိန်ဖြုန်းခဲ့သောကြောင့် လူများအား သူမကို စိန်မခေါ်ရဲအောင် ဖိနှိပ်ထားသည့် အရှိန်အဝါတစ်ခုက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။ စကားဆုံးသည်နှင့် ချွေ့ကျွင်းသည် ကျင်းယွင်ကျောင်းအား စူးစူးရှရှ စိုက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲမှ သွေးဆာနေသောအကြည့်များကို မြင်လိုက်ရ၍ သူ၏ရင်ထဲ၌ စိမ့်တက်သွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ လွှမ်းခြုံသွားသည်။

ထိုအချိန်၌ ချွေ့ကျွင်းသည် ကျင်းယွင်ကျောင်း၏ မျက်လုံးများထဲသို့ အိပ်မွေ့ချခံရသည့်အလား စိုက်ကြည့်နေမိပြီး ရင်ထဲ၌ ကြောက်ရွံ့မှုများထွက်ပေါ်လာ၏။

သို့ရာတွင် သူသည် ချက်ချင်းပင် သူ့ကိုယ်သူလှောင်ရယ်လိုက်သည်။ လက်တွေ့၌ သူသည် ကျင်းယွင်ကျောင်းအား အဘယ်ကြောင့် ကြောက်ရမည်နည်း။

သူက အားနည်းပြီး ထိခိုက်လွယ်တဲ့ မိန်းကလေးတစ်ယောက်ပဲ မဟုတ်လား။ သူ့ဆီမှာ ငါနဲ့ ပြောင်ကျဲကို ကန်ထုတ်နိုင်မယ့် အရည်အချင်းလည်း ရှိပုံမပေါ်ဘူl။ တကယ်လို့ သူ့မှာ အဲ့လိုလုပ်နိုင်တဲ့ခွန်အားရှိရင်တောင်မှ သည်ခြံဝန်းထဲက လူတွေက သည်အတိုင်း ရပ်ကြည့်ပြီး သူ့ကို သည်လိုမျိုးလုပ်ခွင့်ပေးမှာ မဟုတ်ဘူး။

လက်တွေ့၌ သူတို့သာ ဤနေရာ၌ အမှန်တကယ် ခိုက်ရန်ဖြစ်ပွားပြီး အငြင်းအခုံဖြစ်ကြပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန်ပြင်းထန်လိမ့်မည်။

သဘာဝကျကျပင် ကျင်းယွင်ကျောင်းသည်လည်း ဆေးပညာ ညီလာခံ၏ စည်းမျဥ်းများကို သိထားပြီးသားဖြစ်သောကြောင့် ပြဿနာရှာလိမ့်မည်မဟုတ်သည်မှာ သိသာ၍ မည်သူ့ကိုမှ ဤအခြေအနေကို အသုံးချ၍ သူမအား တိုက်ခိုက်ခွင့်ပြုမည် မဟုတ်ပေ။

ထို့နောက် ကျင်းယွင်းကျောင်းသည် မသိမသာ နှာခေါင်းရှုံ့လိုက်ပြီး ဝမ်းကွဲအစ်မ ချွေ့အား ကြည့်၍ ပြုံးပြလိုက်ရင်း ပြောလိုက်သည်။

“ရှင့်ရဲ့မှတ်ဉာဏ်က ပြိုင်ဘက်ကင်းပြီးတော့ ဆေးပင်တွေနဲ့ သူတို့ရဲ့ ဂုဏ်သတ္တိတွေကို ကောင်းကောင်းနားလည်တယ်လို့ ကျွန်မ ကြားဖူးတယ်။ ပြီးတော့ ဆေးဖော်စပ်နည်းတွေနဲ့လည်း အရမ်းရင်းနှီးတယ်ဆို ဟုတ်ရဲ့လား”

“ဒါပေါ့”

ဝမ်းကွဲအစ်မ ချွေ့က ဂုဏ်မောက်နေသောမျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။

“ရှင်က ကောလဟာလတွေထဲကအတိုင်း အရည်အချင်းရှိတယ်ဆိုရင် ကျွန်မတို့ချင်း ပြိုင်ကြည့်ကြရင်ရော ဘယ်လိုလဲ။ ကျွန်မနိုင်ရင် ရှင် ကျွန်မကို တောင်းပန်ပြီး ဒီနေရာကနေ ချွေ့ကျွင်းနဲ့အတူ ထွက်သွားရမယ်။ တကယ်လို့ ရှင်နိုင်ရင် ကျွန်မ ယူလာတဲ့ဆေးပစ္စည်းတွေ အားလုံး ရှင့်ကိုပေးပြီး ကျွန်မ ထွက်သွားမယ်”

ကျင်းယွင်ကျောင်းက ပြန်ပြောလိုက်၏။

ထိုအခါ ဝမ်းကွဲအစ်မ ချွေ့က သူမအား စိုက်ကြည့်လာပြီး မျက်လုံးထဲတွင် မယုံကြည်မှုများ ပြည့်နှက်နေသည်။

“ကျင်းယွင်ကျောင်း၊ မင်း ဒီလိုလုပ်စရာ မလိုပါဘူး။ အစောပိုင်းက ငါပြောလိုက်တဲ့စကားတွေကြောင့် မင်း စိတ်ဆိုးတယ်ဆိုရင် ငါထပ်မပြောတော့ဘူး။ ငါနဲ့ ငါ့ရဲ့အတန်းဖော်တွေကို မင်းကို ဘယ်တုန်းကမှ မလှူခဲ့ဘူးလို့ သဘောထားလိုက်ပါ။ ဒါဆိုရင် မင်း ပျော်သွားပြီလား”

ဝမ်းကွဲအစ်မ ချွေ့က မေးလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား အေးစက်စက်ကြည့်၍ ပြန်တုံ့ပြန်သည်။

“ရှင် ကြောက်နေတာလား”

“ကျင်းယွင်ကျောင်း၊ မင်းက အခြေခံဆေးပစ္စည်းတွေအကြောင်းကိုပဲ သိတာ။ မင်းသိထားသမျှတွေကို ငါ့ရဲ့ ပြောင်ကျဲက ဟိုးအရင်ကတည်းက သင်ထားပြီးသား။ မင်းက သူနဲ့ပြိုင်ရဲတယ်ဆိုတာ နောက်ပြောင်ပြီးတော့များ ပြောနေတာလား။ ပြီးတော့ ဘာကိုအခြေခံပြီး သူရှုံးသွားရင် ငါနဲ့သူက ပြိုင်ပွဲက ထွက်သွားသင့်တာလဲ။ ပြီးတော့ မင်းရဲ့ဆေးပစ္စည်းတွေကို ပေးမယ်ဆိုတာကရော၊ မင်း လောင်းကြေးထပ်ချင်တယ်ဆိုရင်လည်း ပိုပြီးတော့ ကြေးကြီးတာနဲ့ လောင်းကြေးထပ်လေ။ မင်း ရှုံးသွားရင် အနာဂတ်မှာ ဆေးပညာကို ဘယ်တော့မှ မသင်တော့ပါဘူးလို့ ကျိန်ရဲလား။ မင်း ရှုံးသွားရင် အကြီးအကဲရှုနဲ့မင်းက ဘယ်လိုပဲပတ်သတ်နေပါစေ သူ့ကို ထပ်ပြီးတော့ မဆက်သွယ်တော့ပါဘူးလို့ ကျိန်ရဲလား”

ချွေ့ကျွင်းသည် ရုတ်တရက် အားအင်များပြည့်ဝလာ၏။ သူသည် ကျင်းယွင်ကျောင်း ရှုံးနိမ့်သွား၍ ခါးခါးသီးသီး ငိုကြွေးနေမည်အား တွေးရင်း အလွန်အမင်း စိတ်လှုပ်ရှားလာသည်။

သူသည် ကျင်းယွင်ကျောင်းအား အဘယ်ကြောင့် အလွန်မုန်းတီးနေမှန်း သူ့ကိုယ်သူလည်း မသိပေ။ ဖြစ်နိုင်သည်မှာ သူမသည် တော်လွန်၊ တောက်ပလွန်းသောကြောင့် ဖြစ်နိုင်၏။ သို့မဟုတ်ပါက သူမကဲ့သို့ မတော်သင့်၊ မထက်မြက်သင့်သော လူတစ်ယောက်က သူ့ထက် ပို၍မြင့်မားသည့်နေရာ၌ ရှိနေသောကြောင့် သူ စိတ်မသက်မသာဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။

Chapter 343 : မငြင်းပယ်နိုင်စရာ စွဲဆောင်မှု

ထိုအခါ ကျင်းယွင်ကျောင်းက ပြုံး၍ သဘောတူလိုက်၏။

“ဒါပေမယ့် ကျွန်မ လောင်းကြေးထပ်ရတာတွေက ပိုပြီးတော့ တန်ကြေးရှိနေတော့ ရှင်တို့နှစ်ယောက်ကရော လောင်းကြေးကို နည်းနည်းလောက်ဖြစ်ဖြစ် ပိုပြီးတော့ မတိုးချင်ဘူးလား”

ယခုကိစ္စကြောင့် လူတိုင်းသည်လည်း စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အချင်းချင်း သီးသန့်ယှဥ်ပြိုင်ခဲ့ကြသော်လည်း ထုတ်မပြောဘဲ အခြားတစ်ယောက်က အနှိုင်အရှုံးအား သိသွားမည်ကိုပင် စိုးရိမ်နေကြ၏။ ထို့ကြောင့် ပြိုင်ပွဲတစ်ခုထက် ပညာစမ်းပွဲနှင့် ပိုတူသည်။ ယခုကဲ့သို့သော ပြိုင်ပွဲမှာမူ ပထမဆုံးအကြိမ်ဖြစ်၍ လောင်းကြေးထပ်သည့်အရာများလည်းပါရှိကာ ပတ်ဝန်းကျင်က တက်တက်ကြွကြွဖြစ်နေ၏။

“မင်းက ငါတို့ကို ဘာကိုလောင်းကြေးထပ်စေချင်တာလဲ၊ ကျင်းယွင်ကျောင်း၊ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ”

ဝမ်းကွဲအစ်မ ချွေ့က သူ၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချပြီး မေးလိုက်သည်။

“ကျွန်မနိုင်ရင် ရှင်တို့ရဲ့နာမည်ကို ဆေးဝါးနယ်ပယ်တစ်ခုလုံးကနေ ဖယ်ရှားပေးရမယ်”

ကျင်းယွင်ကျောင်းက သူမ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားပြီးသည်နှင့် ထုံ့ရန်အား သူမ၏ အခန်းထဲရှိ ကြိုတင်ပြင်ဆင်ထားသောပစ္စည်းများအား သွားယူခိုင်းလိုက်သည်။

“တကယ်လို့ ရှင်တို့က တစ်ယောက်ရှုံးရင် နှစ်ယောက်လုံးထွက်ရမှာမို့လို့ မတရားဘူးထင်ရင် ကျွန်မဘက်က ဒီပစ္စည်းကို လောင်းကြေးအနေနဲ့ ထပ်ထည့်ပေးမယ်”

ထို့နောက် သူမက ပိုးသေတ္တာလေးကို ဖွင့်လိုက်၏။

ထိုအခါ အထဲရှိပစ္စည်းအား လူတိုင်းမြင်လိုက်ကြရ၍ အသက်ရှုများပင် မှားသွားကြသည်။

ပိုးသေတ္တာထဲ၌ ရှည်လျား၍ အနာအဆာမရှိသည့် ဂျင်စင်းမြစ်တစ်ခုရှိနေ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် ၎င်းဂျင်စင်းမြစ်သည် တောထဲ၌ နှစ်ပေါင်းများစွာရှင်သန်ပေါက်ရောက်ခဲ့ကြောင်း သိနိုင်၍ ၎င်းသည် ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိသည်။ အကယ်၍ ခေါင်းမာသောလူတစ်ယောက်သာဖြစ်ပါက ဤဂျင်စင်းမြစ်အား သူတို့၏ လက်ထဲသို့ရောက်ရန် ယွမ်ဘီလီယံနှင့်ချီ၍ သုံးကာ လေလံဆွဲကြလိမ့်မည်။

ယခု ကျင်းယွင်ကျောင်း ထုတ်ပြလိုက်သည့် ဂျင်စင်းသည် ယခင်က သူမ အကြီးအကဲရှုအား ရောင်းခဲ့သည့် ဂျင်စင်းထက် အဆပေါင်းများစွာပို၍ကောင်းသည်။

ယခုတစ်ကြိမ် ဆေးပညာညီလာခံ၌ ပါဝင်ယှဥ်ပြိုင်သူတိုင်းသည် သူတို့ကိုယ်ပိုင် ဆေးပင်နှစ်မျိုးအား ပြသရန်လိုအပ်၏။ ထိုဆေးပင်၏ တန်ကြေးမှာ အဓိကမဟုတ်ဘဲ ၎င်း၏ အရည်အသွေးနှင့်ဆေးဖက်ဝင်မှုကသာ အဓိကဖြစ်သည်။ ကျင်းယွင်ကျောင်းသည်လည်း ဤစည်းမျဥ်းကို ညီလာခံသို့ရောက်လာပြီးနောက် ပြိုင်ပွဲစည်းမျဥ်းစာရွက်ကိုဖတ်ပြီးမှ နားလည်ခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် မူလက ကျင်းယွင်ကျောင်းသည် ဤညီလာခံပြီးလျှင် အဖိုးရှုအား သူ၏ အဆက်မပြတ်သင်ပြညွှန်ကြားမှုများကို ကျေးဇူးတင်သည့်အနေဖြင့် ဤဂျင်စင်းအား လက်ဆောင်ပေးမည်ဟု ပြင်ဆင်ထားခဲ့သည်။

ကျင်းယွင်ကျောင်း၏ ဂျင်စင်းထွက်ပေါ်လာပြီးသည်နှင့် ချွေ့ကျွင်းနှင့် သူ၏ ဝမ်းကွဲအစ်မတို့သာမက လူတိုင်း၏ မျက်လုံးများသည် ပေါက်ထွက်လုမတတ် ပြူးကျယ်သွားကြ၏။

ချွေ့ကျွင်းကမူ အဆင်ပြေနေသေးသည်။ သူသည် ဤဂျင်စင်းက ပစ္စည်းကောင်းတစ်ခုဖြစ်ကြောင်းကိုသိသော်လည်း အသေးစိတ်မသိသဖြင့် ၎င်း၏ တန်ဖိုးကို အမှန်တကယ်ပင် တိတိကျကျ မသတ်မှတ်နိုင်သော်လည်း ဝမ်းကွဲအစ်မ ချွေ့ကမူ မတူပေ။ သူမသည် ထိုဂျင်စင်း၏ အကြောင်းကို သိသောကြောင့် ကျင်းယွင်ကျောင်းအား ရုတ်တရက် မနာလိုဖြစ်သွားပြီး လောဘစိတ်များကြောင့် ရင်ခုန်သံမြန်လာသည်။

လူတိုင်းသည်လည်း စိတ်ထဲ၌ မအီမလည် ခံစားနေကြရ၏။ ပြိုင်ပွဲတစ်ပွဲနိုင်ရုံမျှနှင့် ဤကဲ့သို့အရည်အသွေးရှိသည့် ဂျင်စင်းကိုရမည်ဆိုပါက သူတို့အားလုံးသည်လည်း သူမနှင့် ယှဥ်ပြိုင်ချင်သည်။

ကံဆိုးတာက သူတို့ထဲမှ တစ်ယောက်တည်းပဲ ရှိ၏။ သည်အခွင့်အရေးကို မမလေးချွေ့က ယူသွားပြီလေ၊ နှမြောစရာကောင်းလိုက်တာ။

လူတိုင်းက ချွေ့မိသားစုမှ ဝမ်းကွဲမောင်နှမနှစ်ယောက်အား မနာလိုစွာဖြင့် ကြည့်လိုက်ကြ၏။ ဝမ်းကွဲအစ်မချွေ့၏ မျက်လုံးများက တောက်ပနေပြီး ဤအခွင့်အရေးအား သူမ, မငြင်းဆန်နိုင်မှန်းသိသည်။

ဆေးဝါးနယ်ပယ်မှ သူမ၏ အမည်ကို ဖယ်ပေးရလျှင်တောင်မှ သူမ လောင်းကြေးထပ်ရဲ၏။

သေချာပေါက်ပင် သူမ၏ စိတ်ထဲ၌ ကျင်းယွင်ကျောင်းအား ရှုံးနိမ့်သွားနိုင်သည်ဟူသည့်အတွေး လုံးဝ မရှိချေ။

သူမ၏ မိဘများသည် သူမအား ဆိုးဆိုးရွားရွား ဆက်ဆံ၍ ချွေ့မိသားစု၏ အရိပ်အောက်၌ စွန့်ပစ်သွားခဲ့သည်။ ထို့ကြောင့် သူမသည် ငယ်စဥ်ကတည်းက ချွေ့မိသားစု၏ အထောက်အပံ့အား မှီခိုရမည်ဖြစ်ကြောင်း သိထားသဖြင့် သူတို့မိသားစု၏ ချစ်ခြင်းမေတ္တာကိုရရှိရန် အစွမ်းကုန် စာကြိုးစားခဲ့၏။ ဆေးပင်များနှင့် ပတ်သတ်၍ သူမ၏ အရည်အချင်းသည် အကောင်းအဆိုးဒွန်တွဲနေသည်၊ သူမသည် အနံ့ခံအာရုံ ထက်မြက်၍ မှတ်ဥာဏ်ကောင်း၏။ ထို့ကြောင့် နောက်ပိုင်း၌ ချွေ့မိသားစုသည် သူမအား အလေးထားလာသည်။

သူမ ကဲ့သို့သော လူတစ်ယောက်က ကျင်းယွင်ကျောင်းကဲ့သို့ မိသားစုနောက်ခံမရှိသည့် လူတစ်ယောက်အား အဘယ်ကြောင့် ရှုံးနိမ့်နိုင်မည်နည်း။

“ရှင် ကျွန်မရဲ့လောင်းကြေးကို မလိုချင်ဘူးဆိုရင်လည်း မေ့လိုက်ပါ။ ကျွန်မ ရယ်စရာပြောတယ်လို့ပဲ သဘောထားလိုက်ပေါ့”

ချွေ့မျိုးနွယ် မောင်နှမနှစ်ယောက်၏ အမူအယာကို မြင်သောအခါ ကျင်းယွင်ကျောင်းက သူမ၏လေသံကိုပြောင်းလိုက်၍ ဂျင်စင်းအား အဝေးသို့ယူသွားဟန်ပြင်လိုက်သည်။

“ငါ သဘောတူတယ်”

ကျင်းယွင်ကျောင်း၏ လုပ်ရပ်ကို မြင်သောအခါ ဝမ်းကွဲအစ်မ ချွေ့က ရုတ်တရက် ထအော်လိုက်၏။

ထိုသို့အော်လိုက်ပြီးနောက် သူမ၏ မျက်နှာသည် မီးခဲတစ်ခဲကဲ့သို့ ပူတက်လာသည်။ သူမကိုယ်တိုင်သည်လည်း သူမ၏ တုံ့ပြန်မှုက အလျင်စလိုဖြစ်လွန်းနေသည်ကို သိ၏။ သို့ရာတွင် ထိုသို့မလုပ်ပါက သူမ မည်သို့ဖြစ်သွားမည်နည်း။ အကယ်၍ ကျင်းယွင်ကျောင်းက ထိုဂျင်စင်းအား လောင်းကြေးထပ်မိသည်ကို အမှန်တကယ် နောင်တရသွားပါက သူမသည်လည်း ထိုအကြောင်းနှင့်ပတ်သတ်၍ ဘဝတစ်သက်တာလုံး နောင်တရနေလိမ့်မည်။

အကယ်၍ သူမသာ အနိုင်ရ၍ ဂျင်စင်းကိုရရှိခဲ့ပါက နောက်ဆုံး၌ ငွေအလုံးအရင်း ရလာမည်ဖြစ်သည်။ ထိုတန်ဖိုးသည် သူမ ချွေ့မိသားစုထဲမှ ထွက်လာရန် လုံလောက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက ခပ်လှောင်လှောင်ရယ်လိုက်သည်။

“ရှင့်ရဲ့အမူအယာက ခုနတုန်းကနဲ့ မတူတော့သလိုပဲ။ ကျွန်မအတွက် တရားနည်းလမ်းကျကျ အလှူငွေရှာတယ်ဆိုရင်လည်း ဘာကိုမှပြန်မတောင်းနဲ့ပေါ့။ အခုတော့ ပြောင်းပြန်၊ ခဏလေးနဲ့ကို သိသာသွားတာပဲ”

Chapter 344 : တွန့်တိုတတ်သူနှင့်အတူ ယှဥ်ပြိုင်ခြင်း

ကျင်းယွင်ကျောင်းက သူမ၏ လက်ထဲရှိ ဂျင်စင်းကို ငုံ့ကြည့်လိုက်ပြီး ခပ်ဖွဖွ ပွတ်သပ်လိုက်ကာ မပြုံးမိစေရန် တတ်နိုင်သမျှ ကြိုးစားလိုက်သော်လည်း မနေနိုင်ချေ။

ဝမ်းကွဲအစ်မချွေ့သည်လည်း မိန်းမောတွေဝေနေပုံရပြီး ထပ်မံ၍ ဟန်မဆောင်နိုင်တော့။ သို့သော် ဤပစ္စည်းသာ သူမ၏ လက်ထဲသို့ ရောက်လာမည်ဆိုပါက သူမသည် ဘုရားဖြစ်မည့် အုတ်နီခဲကဲ့သို့ ဆက်လက်ဟန်ဆောင်နေစရာ အကြောင်းမရှိပေ။

လူအများစုသည် ပစ္စည်းကောင်းများကိုသာ လိုချင်၍ သူမသည်လည်း ခြွင်းချက် မဟုတ်၊ ထိုသို့လိုချင်တပ်မက်မိခြင်းက အမှားတစ်ခုဖြစ်နေသည်လား။

“မင်း ငါ့ကို ရန်စနေစရာ မလိုဘူးနော်။ လောင်းကြေး ထပ်ဖို့ တောင်းဆိုတာကလည်း မင်းပဲ၊ ဒီဂျင်စင်းကို ထုတ်လာတာကလည်း မင်းပဲ။ မင်းက ဒီလောက် အများကြီးပြောမှတော့ ငါက ဘာကြောင့်မတုံ့ပြန်ဘဲ နေရမှာလဲ”

ဝမ်းကွဲအစ်မချွေ့က ပြန်လည်ချေပလိုက်သော်လည်း ကျင်းယွင်ကျောင်းက သူမ၏ လုပ်ရပ်များအား နောင်တရသွားမည်ကိုလည်း စိုးရိမ်နေသောကြောင့် ထပ်မံဖြည့်စွက်၍ ပြောလိုက်သည်။

“ဒါပေမယ့် ကျင်းယွင်ကျောင်း၊ ငါကလည်း ဆင်ခြင်သုံးသပ်တတ်တဲ့သူပါ။ မင်းက ငယ်ငယ်ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ ရှင်သန်ခဲ့ရတာလေ။ ဒါကြောင့် မင်း ငါနဲ့ လောင်းဖို့အတွက် ဒီပစ္စည်းကို လောင်းကြေးမတင်ရင်တောင်မှ ငါ နားလည်ပါတယ်”

ဤအမျိုးသမီးသည် သူမကို တွန်းအားပေးလှုံ့ဆော်ရန်အတွက် သူမ၏ အတိတ်ကို အသုံးချနေကြောင်း ကျင်းယွင်ကျောင်း မည်သို့မသိဘဲနေမည်နည်း။ သို့သော် ကံဆိုးသည်မှာ ထိုလှုံ့ဆော်မှုသည် ထပ်မံ၍ အသုံးမဝင်တော့ပေ။

“ရှင်က ကျွန်မကို ခွင့်လွှတ်ပေးနိုင်တဲ့အထိ ကြင်နာတတ်ပြီး ရက်ရောနေတယ်ဆိုရင်လည်း ထားလိုက်ပါတော့လေ”

ကျင်းယွင်ကျောင်းက မျက်ခုံးပင့်၍ အထက်စီးဆန်ဆန် ပြုံးပြလိုက်သည်။

ထိုအခါ ဝမ်းကွဲအစ်မချွေ့သည် ထိတ်လန့်သွား၍ အံတင်းတင်းကြိတ်လိုက်မိ၏။

ချွေ့ကျွင်းသည် သူမအား စောင့်ကြည့်နေသဖြင့် သူမ ခံစားနေရသည်များကို ပြောနိုင်၏။ ထို့အပြင် သူသည် ဝမ်းကွဲအစ်မ၏ အရည်အချင်းကိုလည်း ယုံကြည်သည်ဖြစ်ရာ ကျင်းယွင်ကျောင်းအား ချက်ချင်း တားလိုက်သည်။

“ငါတို့ လောင်းမယ်။ ဘာလို့ ငါတို့က မလောင်းရဲရမှာလဲ။ မင်းက ငါ့ရဲ့ပြောင်ကျဲကို ရန်စတဲ့သူလေ၊ ဒါပေမယ့် မင်းက မင်းရဲ့လောင်းကြေးပစ္စည်းကို ထုတ်လာပြီးမှ နောင်တရသွားတာလား။ မင်း သူ့ကို ဘယ်လို ဆက်ဆံနေတာလဲ။ ဒီညီလာခံကို ဘယ်လို ဆက်ဆံနေတာလဲ”

“ကျွန်မ အလောင်းအစားလုပ်တာ ရှင့်ရဲ့ဝမ်းကွဲအစ်မနဲ့၊ ရှင်နဲ့ မဟုတ်ဘူး”

ကျင်းယွင်ကျောင်းက ချွေ့ကျွင်းအား စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။

“အလောင်းအစားလုပ်၊ မလုပ်ဆိုတဲ့ ဆုံးဖြတ်ချက်က ရှင့်ရဲ့ဝမ်းကွဲအစ်မအပေါ်မှာပဲ မူတည်နေတယ်”

မက်မောဖွယ်ရာကောင်းသည့် အရာတစ်ခုအား သူမ၏ရှေ့၌ ထုတ်ပြကာ ထောင်ချောက်ဆင်ထားသည်။ အကယ်၍ သူမသာ စိတ်ထိန်းနိုင်ပါက ကျင်းယွင်ကျောင်းသည် ကိုယ့်ကိုကိုယ် မျက်ကန်းတစ်ယောက်သဖွယ် သတ်မှတ်၍ အခြေအနေကို နားလည်မှုလွဲသွားသည်ဟု ယူဆလိုက်မည်။ အနာဂတ်၌ သူမနှင့် ပြန်တွေ့လျှင်လည်း ကျင်းယွင်ကျောင်းသည် သူမအား ယဥ်ယဥ်ကျေးကျေးနှင့် လေးလေးစားစား ဆက်ဆံပေးမည် ဖြစ်သည်။

ဝမ်းကွဲအစ်မချွေ့သည် စိတ်ရှုပ်နေ၍ သူမ၏ မေးရိုးများပင် အနည်းငယ် တုန်ယင်နေပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်၏။

“ဝမ်းကွဲမောင်လေးပြောတာ မှန်တယ်။ မင်းက လောင်းချင်တဲ့သူဖြစ်တဲ့အတွက် ကိုယ့်စကားကိုယ် တည်သင့်တယ်”

“ဒါဆို ကျွန်မတို့ရဲ့အလောင်းအစား စည်းမျဥ်းတွေကို ထပ်ပြီး သတ်မှတ်သင့်လား”

ကျင်းယွင်ကျောင်းက စားစရာ ခရင်မီချောင်းရသွားသည့် ကြောင်လေးတစ်ကောင်အလား ပြုံးလိုက်သည်။

သူမ၏ နောက်တွင်ရှိသော ဘေးလူများဖြစ်ကြသည့် ကျီရှန်းရှန်းနှင့် ထုံ့ရန်သည်လည်း ဆွံ့အနေ၏။

ကျီရှန်းရှန်းသည် ဒွိဟ အများဆုံးသူဖြစ်၍ သူမသည် ဝမ်းကွဲအစ်မချွေ့အား အနိုင်ရစေချင်သလို တစ်ချိန်တည်းမှာပင် ရှုံးစေချင်နေသည်။

ဝမ်းကွဲအစ်မချွေ့သာ နိုင်သွားပါက သူမသည် သေချာပေါက် မွန်းကြပ်ကြပ် ခံစားရမည်ဖြစ်၏။ အကြောင်းမှာ သူမသည် ဤကဲ့သို့သောပစ္စည်းကောင်းတစ်ခုကို ဝမ်းကွဲအစ်မချွေ့အား မည်သို့ယူသွားခွင့်ပြုနိုင်မည်နည်း။ ထို့အပြင် နောက်ပိုင်း၌ ဝမ်းကွဲအစ်မချွေ့၏ မာန်မာနသည်လည်း အဆပေါင်းများစွာ မြင့်တက်သွားလိမ့်မည် ဖြစ်သည်။ သို့သော် ဝမ်းကွဲအစ်မချွေ့ ရှုံးသွားပါက ချွေ့ကျွင်းလည်း အဆုံးသတ်သွားမည်ဖြစ်သည်။ အကယ်၍ သူသာ သူ့စကားသူ တည်၍ ဆေးပညာအား ထပ်မံမလေ့လာတော့ရန် ကတိပြုလိုက်လျှင် သူသည် အနာဂတ်၌ မိသားစု၏ စီးပွားရေးလုပ်ငန်းကို မဆက်ခံနိုင်တော့သည့်သဘော သက်ရောက်သွားမည်ဖြစ်၏။ ထိုလုပ်ရပ်သည် ချွေ့မိသားစုဝင်တိုင်းအား ဒေါသထွက်စေလိမ့်မည်။

သေးငယ်သော အာမခံ ကတိစကားတစ်ခုပင်ဖြစ်သော်လည်း ဤနေရာသည် ဆေးပညာ ညီလာခံဖြစ်ရာ ကတိစကားတစ်ခွန်းသည် ရွှေကဲ့သို့ အဖိုးတန်သည်။ အကယ်၍ သူတို့သာ ရုတ်တရက် နောက်ဆုတ်လိုက်ပြီး ကတိမတည်ပါက အနာဂတ်၌ သူတို့အား မည်သူကမှ ပေါင်းသင်းဆက်ဆံလိုစိတ် ရှိကြတော့မည် မဟုတ်ပေ။ ထိုမျှသာမက လူတိုင်းက သူ့အား အထင်သေးစက်ဆုပ်သွားကြမည်ဖြစ်၍ သူ့အား ဖိနှိပ်ရန်အတွက်လည်း အကြောင်းပြချက်ရှိသွားမည် ဖြစ်သည်။

အလောင်းအစားက စစ်မှန်လွန်းသော်လည်း အမှန်တရားကမူ နားဝင်မချိုဘဲ ပြင်းထန်လွန်းလှကာ ငြင်းပယ်၍လည်း မရနိုင်ပေ။

“ငါတို့ အပြောနဲ့တင် သဘောတူလို့ မရဘူးလေ။ စာချုပ်မှာ လက်မှတ်ထိုးကြရအောင်”

ဝမ်းကွဲအစ်မချွေ့သည် ထောင်ချောက်ထဲသို့ စိတ်အား ထက်သန်စွာဖြင့် ပို၍ နက်နက်ရှိုင်းရှိုင်း တိုးဝင်လာသည်။

ဤအလောင်းအစားသည် တရားဝင် အကျိုးအမြတ် မရှိသော်လည်း သက်ရှိလူသားတစ်ယောက်သည် စည်းမျဥ်းဥပဒေသများဖြင့် ကန့်သတ်ခံထားရရုံသာမက လူမှုဆက်ဆံရေးအသိုက်အဝန်းသည်လည်း အလွန်အရေးကြီး၏။

ကျင်းယွင်ကျောင်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။ ထိုအခါ ကျီရှန်းရှန်းက ချက်ချင်းပင် လူတစ်ယောက်အား စေလွှတ်၍ မျက်မြင်သက်သေအဖြစ်ဆောင်ရွက်ရန်နှင့် အလောင်းအစားပွဲ၏ စည်းမျဥ်းများကို သတ်မှတ်ပေးရန် ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် အကြီးအကဲတစ်ယောက်အား ဖိတ်ကြားစေ၏။ ကျင်းယွင်ကျောင်းက ဝမ်းကွဲအစ်မချွေ့အား တိုက်ခိုက်ရန်အတွက် သူမ၏ ဆေးဝါးနယ်ပယ်နှင့်ဆိုင်ရာ အနာဂတ်နှင့် အဖိုးမဖြတ်နိုင်သော ဂျင်စင်းမြစ်အား ရင်းခဲ့သည်။ ချွေ့မျိုးနွယ် ဝမ်းကွဲမောင်နှမနှစ်ယောက်သည်လည်း သူတို့၏အနာဂတ်များကို လောင်းကြေးထပ်ထား၏။

ဤပွဲသည် အလျော်အစားကြီးလွန်းလှသည့်ပွဲဖြစ်၍ ချွေ့မိသားစုကလည်း ဝင်မတားကြချေ။

အကြောင်းမှာ သူတို့၏ မျက်လုံးထဲ၌ ဝမ်းကွဲအစ်မချွေ့၏ အရည်အချင်းမှာ သာမန်ထက်ထူးကဲသာလွန်၍ သူမ ရှုံးနိမ့်ရန်မှာ မဖြစ်နိုင်ပေ။ ကျင်းယွင်ကျောင်းသည် မိသားစုနောက်ခံ မရှိ၊ အထောက်အပံ့ မရှိ၊ ဆုံးမသွန်သင်ခြင်း မခံရဖူးသည့် လူတစ်ယောက်သာဖြစ်၍ အကြီးအကဲရှုနှင့် အဆက်အသွယ်ရှိနေလျှင်တောင်မှ သူက သူမအား အလွန်ဆုံးအနေနှင့် အခြေခံများကိုသာ သင်ကြားပေးလိမ့်မည်။ သူမ၌ အံ့သြချီးမွှမ်းလောက်သည့် အရည်အချင်း ရှိစရာအကြောင်း မရှိပေ။

ထို့အပြင် ထိုဂျင်စင်းသည် သူတို့မြို့၏ ရတနာအဖြစ် သိမ်းထားရန် လုံလောက်သည်။ အကယ်၍ ချွေ့ကွင်း၏ ဝမ်းကွဲအစ်မသာ ဤအလောင်းအစားကို အနိုင်ရပါက ဂျင်စင်းသည် သူတို့ ချွေ့မိသားစု၏အပိုင် ဖြစ်လာလိမ့်မည်။

All Chapters