အခန်း (၃၄၅-၃၄၈)
Vol. 18 Ch. 345-348
Chapter 345 : ဘယ်သူ့ကိုနိုင်စေချင်လဲ
လောင်းကြေးသတ်မှတ်ပြီးသည်နှင့် ချွေ့မိသားစုမှလူများသည် ကျင်းယွင်ကျောင်း၏ လက်ထဲမှ ဂျင်စင်းအား သူတို့၏ အပိုင်ပစ္စည်းသဖွယ် စိုက်ကြည့်နေကြ၍ ကျင်းယွင်ကျောင်းကိုလည်း ထိုဂျင်စင်းအား သူတို့မိသားစုထံမှ ခိုးလာသည့် သူခိုးမအလား ကြည့်နေကြသည်။
“မင်းရဲ့လက်ထဲက ဂျင်စင်းက လောင်းကြေးရဲ့တစ်စိတ်တစ်ပိုင်းဆိုတော့ မတော်တဆ ထိခိုက်မိတာတွေကနေ ကာကွယ်ဖို့ အသိပညာကြီးပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ လူတစ်ယောက်ကို ကိုင်ထားခွင့်ပြုသင့်တယ် မဟုတ်လား”
ချွေ့ကျွင်း၏ ဖခင်ဖြစ်သူက ပြောလာ၏။ သူသည် အသက်လေးဆယ်ဝန်းကျင်ခန့်ရှိ၌ အလွန်ခံ့ညားသည်။
ကျင်းယွင်ကျောင်းက သူ၏ စကားများသည် အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။
သူပြောတဲ့ “မတော်တဆ ထိခိုက်မိတာတွေကနေ ကာကွယ်အောင်”ဆိုတဲ့ စကားက ရှင်းရှင်းလေးပဲ။ ဘာလို့လဲဆိုတော့ သူက ငါရှုံးသွားရင် ငါကလောင်းကြေးကို ပြန်သိမ်းသွားမှာ ကြောက်နေတာလေ။
ထို့နောက် ကျင်းယွင်ကျောင်းသည် အနား၌ရှိနေသော ပွဲကြည့်ပရိသတ်များအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ကျီရှန်းရှန်းနှင့် ထုံ့ရန်ဆီသို့ လျှောက်သွား၍ ပိုးသေတ္တာလေးကို ထုံ့ရန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
“အခုချိန်မှာ ကျွန်မ ဒီဂျင်စင်းကို ရှင်တို့ရဲ့လက်ထဲ အပ်ခဲ့ပါ့မယ်။ တကယ်လို့ ကျွန်မ ရှုံးသွားရင် ဒီဂျင်စင်းကို သူတို့ကို ပေးလိုက်ပါ။ ဒါပေမယ့် သေချာမှတ်ထားပါ၊ ချွေ့မိသားစုက ဝမ်းကွဲအစ်မချွေ့ကိုပဲ ပေးပါ၊ ချွေ့မိသားစုကို မပေးပါနဲ့။ အဲ့လို မဟုတ်ဘဲ ကျွန်မ နိုင်သွားရင်တော့ ထုံးစံအတိုင်း ဒီဂျင်စင်းကို ကျွန်မကိုပဲ ပြန်ပေးပါ။ ကိစ္စတွေ အားလုံးပြီးသွားရင် ဂျင်စင်းကို ဂရုစိုက်စောင့်ရှောက်ပေးတဲ့အတွက် ကျွန်မ ရှင်တို့ကို လက်ဆောင်တစ်ခုပြန်ပေးမယ်လေ။ ဘယ်လိုလဲ”
ချွေ့မိသားစုမှ ဝမ်းကွဲအစ်မချွေ့၏ မျိုးရိုးအမည်မှာ စန်းဖြစ်၍ သူမ၏ အမည်မှာ စန်းရန်ဖြစ်၏။
(TN : ဝမ်းကွဲအစ်မချွေ့ဆိုပေမယ့် မျိုးရိုးနာမည်က စန်းဖြစ်နေတာက သူ့ရဲ့အဖေက စန်းမျိုးနွယ်၊ သူ့ရဲ့အမေက ချွေ့မျိူးနွယ်မို့လို့ အဖေ့ရဲ့မျိိုးရိုးကိုယူထားတာပါ။)
စန်းရန်သည် ဂျင်စင်းကို မြင်သောအခါ အမှန်တကယ်ပင် လိုချင်တပ်မက်သွား၍ သူမ၏ မျက်နှာပေါ်၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သို့သော် သူမသည် ချွေ့မိသားစုကို မပေးချင်ပေ။ သဘာဝကျကျပင် ကျင်းယွင်ကျောင်းကလည်း သူမ၏ ရည်မှန်းချက်များကို နားလည်၏။
အကယ်၍သာ စန်းရန်သည် ဤဂျင်စင်းအား နာခံမှုရှိစွာဖြင့် ချွေ့မိသားစု၏ လက်ထဲသို့ အပ်လိုက်ရပါက သူမ၏ တစ်ဘဝလုံး နောင်တရနေလိမ့်မည်။
ထို့အပြင် အလောင်းအစားသည် သူမနှင့် စန်းရန်တို့၏ ကြား၌သာဖြစ်၍ သူမ၌ ထိုလောင်းကြေးပစ္စည်းအား ချွေ့မိသားစုကို ပေးပစ်နိုင်သည့် အခွင့်အရေးမရှိဘဲ သူမက ပေးပစ်လိုက်လျှင်တောင်မှ စန်းရန်က သူမအား ပြစ်တင်စွပ်စွဲချင်နေလိမ့်မည်။ သို့ရာတွင် စန်းရန်သည် သူမအား အနိုင်ယူနိုင်သည်အထိ အမှန်တကယ် အရည်အချင်းရှိပါက သူမသည် ထိုဂျင်စင်းကို စန်းရန် လက်ထဲသို့ ကိုယ်တိုင််ကိုယ်ကျ ထည့်ပေးလိုက်မည်ဖြစ်သည်။ ထိုအချိန်မှစ၌ ဂျင်စင်းအား စန်းရန်၏ အပိုင််အဖြစ် ဆက်လက် ထိန်းသိမ်းနိုင်ခြင်း ရှိ၊ မရှိက သူမ၏ ပြဿနာ မဟုတ်တော့ပေ။
ကျီရှန်းရှန်းနှင့် ထုံ့ရန်တို့သည် ခေတ္တမျှကြောင်အ,သွားကြပြီး ကျင်းယွင်ကျောင်းက ဤကဲ့သို့အဖိုးတန်ပစ္စည်းကို သူတို့၏ လက်ထဲသို့ ယုံယုံကြည်ကြည် အပ်နှံလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ထို့နောက် သူတို့သည် ပတ်ဝန်းကျင်အား တစ်ချက်အကဲခတ်လိုက်ရာ အနီးနားရှိ လူတိုင်းက သူတို့အား ဆာလောင်တပ်မက်သော အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူတို့၏ မျက်လုံးများက မနာလိုမှုများနှင့် စိမ်းဖန်နေသည်။
“ရတယ်လေ၊ ငါ့ဆီသာ ထားခဲ့လိုက်။ ဒါပေမယ့် ငါ ဂျင်စင်းကို တစ်ချက်လောက် ကြည့်လို့ရလား”
ကျီရှန်းရှန်းက ဟန်မဆောင်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
ထိုအချိန်တွင် ထုံ့ရန်က ပိုးသေတ္တာကို ဂရုတစိုက်ယူလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“စိတ်ချပါ၊ မင်းနဲ့ စန်းရန်က လွဲရင် ငါ ဘယ်သူ့ကိုမှ မပေးပါဘူး”
“ထုံ့ရန်၊ ငါ့ကို တစ်ခါလောက် ကြည့်ခွင့်ပေးလေ”
“ပြဿနာ မရှာစမ်းနဲ့။ ဂျင်စင်းရဲ့အမြစ်မွေးလေးတစ်မွေးကျွတ်ရင်တောင်မှ သူ့ရဲ့တန်ဖိုးက ကျသွားလိမ့်မယ်”
ထုံ့ရန်က ချက်ချင်းပြန်လည်ချေပလိုက်၏။
ကျင်းယွင်ကျောင်းက သူတို့နှစ်ယောက်အား ရွေးခြယ်ရသည့် အကြောင်းအရင်းမှာ နှစ်ယောက်လုံးသည် ဤဆေးပညာညီလာခံ၌ သူမနှင့် အရင်းနှီးဆုံးသူများ ဖြစ်ကြသည်။ ထို့အပြင် သူတို့နှစ်ယောက်၏ အကျင့်စရိုက်ကိုလည်း သူမ နားလည်သင့်သလောက် နားလည်၏။
ထုံ့ရန်သည် ရိုးသားဖြောင့်မတ်သည်၊ စကားနည်းသော်လည်း စိတ်ရင်းကောင်း၍ အလုပ်လုပ်ရာ၌ အလေးအနက် ရှိသည်။ ထို့အပြင် သူသည် သူ၏ စိတ်ထဲ၌ ကိုယ်တိုင်ချမှတ်ထားသည့် စည်းကမ်းများကိုလည်း မဖောက်ဖျက်တတ်သူဖြစ်၍ အမှားအမှန် ခွဲခြားတတ်၏။ သူသည် အသက်ငယ်သော်လည်း ခိုင်မာတည်ကြည်သည့် အကျင့်စရိုက်ရှိသူဖြစ်၍ လူတိုင်းက ယုံကြည်စိတ်ချကြသည်။
ကျီရှန်းရှန်းကမူ ...
သူမသည် ခေါင်းမာ၍ အထိန်းအကွပ်မဲ့ပြီး ချိုသာမှုကင်းမဲ့သည့် စိတ်ထားနှင့် အသံရှိသူဖြစ်သော်လည်း သူမ စိတ်ဆုံးဖြတ်ပြီးချိန်တွင် မည်သူကမှ လာပြင်လို့ မရသည့်အချက်ကို ထည့်ပေါင်းလိုက်ပါက သူမ၏ အကျင့်စရိုက်သည်လည်း အခြေခံအားဖြင့် ကောင်းမွန်၍ ဖျက်လိုဖျက်ဆီးစိတ်ဓါတ်မရှိချေ။
ထိုအခါ ကျင်းယွင်ကျောင်းက ကျီရှန်းရှန်းအား တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“ငါနိုင်ရင် ဒီဂျင်စင်းကို နင်ကြည့်ချင်သလောက် ကြည့်လို့ရပြီ”
ယခုအချိန်၌ ၎င်းမှာ လောင်းကြေးပစ္စည်းဖြစ်နေသောကြောင့် ဂရုတစိုက် သိမ်းဆည်းထားရမည်ဖြစ်၏။
သူမ၏ စကားကို ကြားသောအခါ ကျီရှန်းရှန်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
အကယ်၍ စန်းရန်သာ အနိုင်ရရှိပါက ဂျင်စင်းကို သူမနှင့် ထုံ့ရန်၏ လက်ထဲ၌ မထားဘဲ ချက်ချင်း ယူသွားမည်ဖြစ်ကြောင်း ကျီရှန်းရှန်း အာမခံနိုင်၏။ ထို့အပြင်် စန်းရန်သည် ဂျင်စင်းကို အပိုင်ယူသွားရုံသာမက သူတို့အား ထိုဂျင်စင်းကို အနီးကပ် မပြောနှင့်၊ အဝေးမှပင် ကြည့်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ချွေ့ကျွင်းက သူမအား စည်းရုံးပေးလျှင်တောင်မှ အချည်းနှီးသာဖြစ်၍ ချွေကျွင်းသည်လည်း ယခင်ကတည်းက သူ၏ ဝမ်းကွဲအစ်မဖြစ်သူအား တစ်ခါမှ ကန့်လန့်မတိုက်ဖူးပေ။
ထို့ကြောင့် ရလဒ်အနေဖြင့် ကျီရှန်းရှန်းသည် ဒွိဟဖြစ်နေပြီး စိတ်ထဲ၌ အတွေးများ အပြန်အလှန်လွန်ဆွဲ၍ ကသောင်းကနင်းဖြစ်နေသည်။
ငါ သည်အလောင်းအစားပွဲမှာ ဘယ်သူ့ကို နိုင်စေချင်တာလဲ။
ထိုအချိန်မှာပင် စန်းရန်သည်လည်း နောက်ဆုံး၌ စိတ်သက်သာရာရသွား၍ သက်ပြင်းချလိုက်၏။
သူမသည် ကျင်းယွင်ကျောင်းကို မုန်းသော်လည်း ကျင်းယွင်ကျောင်းပြောသည့်စကားများက သူမကို ကျေနပ်စေသည်။ လက်တွေ့၌ ချွေ့မိသားစုကသာ ဂျင်စင်းကို ယူသွားပါက သူမ၌ ပြန်ယူနိုင်သည့် အစွမ်းအစမရှိချေ။ ထို့ကြောင့် သူမသည် ဤအလောင်းအစားကိုနိုင်ရန်အတွက် မည်မျှကြိုးစားအားထုတ်ရမည်နည်း။
သို့ရာတွင် ယခုအချိန်၌ သူမသည် အားကုန်ထုတ်၍ အကောင်းဆုံးကြိုးစားကာ အနိုင်ယူတော့မည်ဖြစ်သည်။
Chapter 346 : အပြောင်းအလဲမြန်ခြင်း
လက်ရှိအချိန်၌ ဂျင်စင်းအား လုံလုံခြုံခြုံ သိမ်းဆည်းထားနိုင်ရန်အတွက် ထုံ့ရန်နှင့် ကျီရှန်းရှန်းအား ပေးထားသဖြင့် လူအချို့က မကျေနပ်လျှင်တောင်မှ သူတို့သည် စိတ်ထဲမှသာ ကြိတ်၍စောဒက တက်နိုင်ပြီး ထိုဂျင်စင်းအား ကျင်းယွင်ကျောင်းကိုယ်တိုင် သိမ်းထားသည်နှင့် ယှဥ်လျှင် ပိုကောင်းသည်ဟု တွေးနေကြသည်။
ခဏကြာသောအခါ အကြီးအကဲအချို့က ပြိုင်ပွဲစည်းမျဥ်းများကို စတင်ဆွေးနွေးကြတော့၏။
ကျင်းယွင်ကျောင်း၏ လောင်းကြေးသည် တန်ဖိုးကြီးမား၍ စန်းရန်သည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့် သူတို့နှစ်ယောက်ကြားရှိပြိုင်ပွဲကို ကဏ္ဍအနည်းငယ် ခွဲခြားထားသည်။
ထို့အပြင် ပြိုင်ပွဲသည် မည်မျှ အရေးကြီးကြောင်းကိုလည်း ထိုသူများအား ပြသချင်၍ သူတို့သည် ခြံဝန်းတစ်ခုလုံးကို ရှင်းလင်းလိုက်ရုံသာမက ပြိုင်ပွဲနေရာကိုလည်း ပြန်လည် ပြင်ဆင်လိုက်၏။ ထို့ကြောင့် အချိန်တိုအတွင်းမှာပင် ခြံဝန်းတစ်ခုလုံးသည် တခြားနေရာကဲ့သို့ ပြောင်းလဲသွား၍ အလယ်၌ မြေကွက်လပ်တစ်ခု ချန်ထားကာ အကဲဖြတ်ပေးမည့် ဒိုင်များအတွက် ထိုင်ခုံများပင် စီစဥ်ပေးထားသည်။
အကဲဖြတ်ဒိုင် စုစုပေါင်း ကိုးယောက်ရှိ၍ သူတို့အားလုံးသည် ဆေးပညာနယ်ပယ်အတွင်းမှ ဂုဏ်သိက္ခာကြီးမားသူများ ဖြစ်ကြ၏။
ချွေ့မိသားစုကမူ ပြိုင်ပွဲ ဝင်ပြိုင်သောကြောင့် သူတို့သည် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခြင်း မရှိသော်လည်း ကျီမိသားစုကမူ ဒိုင်အဖြစ် ပါဝင်သည်။
“လောင်ကျီ၊ ငါတို့မိသားစုက ကလေးနှစ်ယောက်လုံးက တဖြည်းဖြည်း အရွယ်ရောက်လာကြပြီ။ ဘယ်သူသိမှာလဲ၊ အနာဂတ်မှာ သူတို့ လက်ထပ်ဖြစ်ကြရင် ငါတို့အချင်းချင်းက မိသားစုဝင်တွေဖြစ်လာနိုင်တာပဲ”
ပြိုင်ပွဲမစမီတွင် ချွေ့ကျွင်း၏ ဖခင်ဖြစ်သူက ကျီရှန်းရှန်း၏ ဖခင်ဖြစ်သူအား စကားစလာ၏။
ကျီမိသားစုမှ ဘိုးဘေးများသည် တော်ဝင်နန်းတော်မှ ဆေးဖော်စပ်သူများဖြစ်၍ ကျီမိသားစုဝင်များအားလုံးသည် ယနေ့အထိတိုင်အောင် မာန်မာနကြီးမားစွာဖြင့် မွေးဖွားလာကြရာ ကျီရှန်းရှန်းကိုယ်တိုင်နှင့် သူမ၏ မိသားစုဝင်များသည်လည်း ထူးမခြားနားပေ။
အဖေကျီသည် ထက်မြက်၍ ဥာဏ်ပညာကြီးမားသူတစ်ယောက်ဖြစ်ရာ သူသည် ချွေ့ကျွင်းရဲ့ ဖခင်၏ အယုံသွင်းစကားကို အဘယ် နားမလည်ဘဲနေမည်နည်း။
ပြိုင်ပွဲစတော့မည်ဖြစ်၍ သူတို့၏ ချွေ့မိသားစုဝင်ကို ဘက်လိုက် ကူညီပေးရန်အတွက် စဥ်းစားဥာဏ်ရှိရှိ ရွေးခြယ်ရမည်ဟု ချွေ့ကျွင်း၏ ဖခင်က အဖေကျီအား ထပ်မံ၍ သတိပေးနေခြင်းပင်။
အဖေကျီသည် ထိုကိစ္စကို တွေးလေလေ၊ ပို၍ အသက်ရှုကြပ်လာလေလေ ဖြစ်သည်။ သူတို့နှင့်ချွေ့မိသားစု၏ ဆက်ဆံရေးမှာ အတော်လေးကောင်းသော်လည်း အဆင့်အတန်းတူသူချင်း ပေါင်းသင်းနေကြရုံသာဖြစ်၍ အကျိုးတူ ပူးပေါင်းမှုဟုသာ ယူဆထားကြ၏။ သို့ရာတွင် ချွေ့ကျွင်းနှင့် သူ၏ သမီးဖြစ်သူကြားရှိ ဖြစ်လာနိုင်သော လက်ထပ်ထိမ်းမြားမှုအကြောင်းကို ပြောသောအခါ သူသည် ချွေ့ကျွင်းကို မနှစ်မြို့ဖြစ်သွားလေ၏။
ချွေ့ကျွင်းသည် ဆေးဖော်စပ်ရာ၌ မကျွမ်းကျင်သေးသော်လည်း သူ၏ မျိုးရိုးဗီဇအရ အနာဂတ်သည် တောက်ပနေပြီး ခံ့ညာချောမောသူတစ်ယောက်လည်းဖြစ်ကာ ကျောင်းစာတွင်လည်း အလွန်ထူးချွန်သူဖြစ်သည်။ သို့သော် တစ်ခုတည်းသော ပြဿနာမှာ အလေးအနက်မထားလွန်းခြင်းဖြစ်၏။
သူ၏ အမြင်၌ ချွေ့ကျွင်းသည် စိတ်ကြီးဝင်၍ မောက်မာရုံသာမက လူများကို အထက်စီးမှဆက်ဆံ၍ အကြံအစည်ကြီးမားသူလည်း ဖြစ်သည်။
သူ၏ သမီးဖြစ်သူသည် ဥာဏ်ထိုင်းသောကြောင့် သူသည် သူမအား ချွေ့ကျွင်းနှင့် လက်ထပ်ခွင့်ပြုလိုက်လျှင် ချွေ့ကျွင်းက သူမအား အနိုင်ကျင့်၍ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလိမ့်မည်။
သူ၏ သမီးဖြစ်သူသည် ချွေ့ကျွင်းအား ချစ်မြတ်နိုးနေ၍ သူမ၏ မျက်လုံးထဲ၌ အချစ်များဖြင့်သာ ပြည့်နေသောကြောင့် ချွေ့ကျွင်းက သူမအား လုံးဝ ချစ်မြတ်နိုးခြင်းမရှိဘဲ အသုံးချရုံ သက်သက်သာ ပြုမူနေသည်ကို လုံးဝ မမြင်နိုင်ပေ။ ပုံမှန်အားဖြင့် သူမအား ထေ့ငေါ့ပြောဆို၍ လှောင်ပြောင်လေ့ရှိပြီး အကူအညီလိုသည့် အချိန်မှသာ အသံလျှော့၍ သူမအား နူးနူးညံ့ညံ့ ချော့မြူလေ့ရှိသည်။
ဟူး...ငါ့သမီးလို လူမျိုးကသာ ချွေ့ကျွင်းလို ကောင်မျိုးကို လူကောင်းလို့ ထင်မှာပဲ။
လွန်ခဲ့တဲ့နှစ်ရက်ကလည်း ရှန်းရှန်းနဲ့ ကျင်းယွင်ကျောင်း ရန်ဖြစ်တာက သူ့ကြောင့် မဟုတ်လား။ ကံကောင်းတာက ကျင်းယွင်ကျောင်းက သည်နေရာကို အကြီးအကဲရှုအစား လာတယ်ဆိုပေမယ့် ရာထူးအဆင့်အတန်း မြင့်တဲ့သူ မဟုတ်လို့ပေါ့။ တကယ်လို့ ငါတို့ကျီမိသားစုက အကြီးအကဲရှုကိုသာ အပြစ်ပြုမိရင် ငါတို့ရဲ့အနာဂတ်က ကံကောင်းမိုးမှောင် ကျသွားမယ် မဟုတ်လား။
ထိုအချက်ကို တွေးလိုက်မိသည်နှင့် အဖေကျီ၏ နှလုံးသားက ချက်ချင်း အေးစက်သွားတော့သည်။
“ကလေးတစ်ယောက်ရဲ့ခံစားချက်ကို ဘာလို့များ အလေးအနက်ထားနေတာလဲ။ သူတို့က ဒီနေ့မှာ ဒီအရာဝတ္ထုကို သဘောကျပေမယ့် နောက်နေ့မှာကျ သူတို့ရဲ့အကြိုက်က ပြောင်းမသွားဘူးလို့ တာဝန်မယူနိုင်ဘူးလေ”
ထို့နောက် အဖေကျီက အေးစက်စက်ဖြင့် ဆက်ပြောလာ၏။
“ခင်ဗျားကိုယ်တိုင်ပဲ ကြည့်လိုက်လေ။ ကျုပ်သမီးက ခင်ဗျားတို့မိသားစုရဲ့ ချွေ့ကျွင်းနဲ့ အတူရှိနေတုန်းက စိတ်ပင်ပန်းတဲ့ပုံဖြစ်နေပေမယ့် အခု ထုံ့ရန်နဲ့ ဆော့နေတော့ သူ ပျော်နေတယ်လေ။ သူတို့လို အသက်အရွယ်က အပြောင်းအလဲ အမြန်ဆုံးပဲ”
အဖေကျီ၏ စကားကိုကြားသောအခါ ချွေ့ကျွင်းဖခင်၏ မျက်နှာမှာ အစိမ်းရောင် ပြောင်းသွားသည်။
အဖေကျီသည် အဖေကျီ၏ စကားများထဲမှ ရှင်းရှင်းလင်းလင်း ငြင်းပယ်လိုက်သည့် အဓိပ္ပါယ်ကို နားလည်လိုက်သော်လည်း သူက နောင်တ မရဘဲ ခပ်လှောင်လှောင်ရယ်၍ ပြန်လည်ချေပလိုက်၏။
“ဒီလိုမျိုး စကားကို လက်လွတ်စပယ် မပြောသင့်ဘူး။ ခင်ဗျားတို့မိသားစုက ရှန်းရှန်းက ကျုပ်တို့မိသားစုက ရှောင်ကျွင်းကို ငယ်ငယ်ကတည်းက အမြဲတမ်း ချစ်မြတ်နိုးခဲ့တာပါ။ ကျုပ် မှတ်မိသေးတယ်၊ အဲဒီအချိန်တုန်းက သူက ကျုပ်တို့အိမ်ကိုပြေးလာပြီးတော့ အနာဂတ်မှာ ရှောင်ကျွင်းရဲ့ဇနီးဖြစ်ချင်တယ်လို့ အော်ငိုပြီး ပြောခဲ့တာလေ”
ကျီရှန်းရှန်းရဲ့စရိုက်က ခေါင်းမာတယ်၊ သူသာ ငါ့သားကို တကယ်ချစ်ရင် ကျီမိသားစုရဲ့အမြင်က ဘာအရေးလဲ။
ဘာပဲဖြစ်ဖြစ် ငါတို့ချွေ့မိသားစုက ကျီရှန်းရှန်းကို ကြင်ကြင်နာနာ ဆက်ဆံစေချင်ရင် ဒါက သူ့အဖေရဲ့လုပ်ရပ်တွေအပေါ်မှာ မူတည်တာပဲ။
တစ်ကိုယ်ကောင်းဆန်ဆန်ပြောရလျှင် အဖေချွေ့သည် ကျီရှန်းရှန်းအား အနာဂတ်၌ သူတို့မိသားစုဝင်ဖြစ်လာမည်ကို တွန့်ဆုတ်စိုးရိမ်နေ၍ ချွေ့မိသားစုဝင်အားလုံးသည် အသိဥာဏ်မရှိ၍ ဉာဏ်ထိုင်းသော ကျီရှန်းရှန်းအား အထင်သေးကြသည်။
သမီးဖြစ်သူအကြောင်းကို တွေးမိသောအခါ အဖေကျီသည် ဆိုးဆိုးဝါးဝါး စိတ်ဓါတ်ကျ၍ ကူကယ်ရာမဲ့ဖြစ်သွားကာ ဗလုံးဗထွေးသာ ပြန်ဖြေလိုက်၏။
“ကျုပ်တို့ နောက်မှ ထပ်ပြောကြတာပေါ့”
ထို့နောက် စကားဆုံးသည်နှင့် အဖေကျီသည် ကျီရှန်းရှန်းထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
Chapter 347 : လူကောင်းတစ်ယောက်မဟုတ်ဘူး
လက်ရှိ၌ ကျီရှန်းရှန်းနှင့် ထုံ့ရန်သည် ကျင်းယွင်ကျောင်း၏ ဘေး၌ ထိုင်နေကြပြီး ပိုးသေတ္တာလေးကို တင်းတင်းကြပ်ကြပ် ပွေ့ထားကြသဖြင့် အစောင့်အရှောက် နတ်ဘုရားများနှင့်ပင် တူနေ၏။
အဖေကျီသည် သူတို့၏အနားသို့ ရောက်သည်နှင့် မည်သူ့ကိုမှ မကြည့်ဘဲ ကျီရှန်းရှန်းကိုသာ ဘေးသို့ဆွဲခေါ်သွားပြီးနောက် ပြောလာသည်။
“ရှန်းရှန်း၊ ဒီအခြေအနေမှာ မင်း စန်းရန်ကို နိုင်စေချင်လား။ ရှုံးစေချင်လား”
“အဖေ၊ ဘာလို့ ဒီလို မေးခွန်းတွေ မေးတာလဲ။ အဖေ တကယ်ကြီး အဲ့လိုလုပ်ဖို့ ကြိုးစားနေ...”
ကျီရှန်းရှန်းက စိတ်ထဲမှ ကြိတ်၍ရေရွတ်လိုက်၏။
ငါ့အဖေက ပြိုင်ပွဲမှာ အဂဓိလိုက်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား။
ထိုအခါ အဖေကျီက မျက်နှာပျက်သွားပြီး ကျီရှန်းရှန်း ပြောချင်သည့် အဓိပ္ပါယ်အား သဘောပေါက်သွားသည်။
“မင်း ငါ့ကို အထင်ကြီးလွန်းနေပြီ။ ငါ့ဆီမှာ ပြိုင်ပွဲရဲ့ရလဒ်ကို ပြောင်းပစ်နိုင်တဲ့ အစွမ်းအစမရှိဘူး။ လက်တွေ့လည်း ဒီနေရာမှာ ဒိုင်ကိုးယောက်ရှိတာ၊ ငါ့လို ဒိုင်တစ်ယောက်တည်းက ပြိုင်ပွဲမှာ ဘယ်လိုလုပ်ပြီး ပရိယာယ်ဆင်နိုင်မှာလဲ။ ပြီးတော့ ပြိုင်ပွဲမှာ ပွဲကြည့်ပရိသတ်တွေကလည်း အများကြီးရှိတာ။ တကယ်လို့ ငါသာ အလွန်အကျွံ ဘက်လိုက်မိရင် သူတို့က ဝင်မပြောဘဲ နေပါ့မလား။ ငါက မင်းရဲ့ကိုယ်ပိုင်အတွေးကို မေးကြည့်ရုံပါ”
သို့သော် အလွန်အကျွံ ဘက်လိုက်ခြင်းအား ခွင့်ပြုမထားသည်မှာ အသိအသာပင်ဖြစ်သော်လည်း ဒိုင်များ၏ အစွမ်းအစကမူ မသေးချေ။ အခြေအနေအရ ဒိုင်များသည် ပုဂ္ဂိုလ်ရေးဘက်လိုက်မှုဖြင့် လူတစ်ယောက်အပေါ်တွင် အနည်းငယ် မျက်နှာသာပေးလိုသော သဘောထားရှိသည်နှင့် အားလုံးအဆင်ပြေသွားပြီဖြစ်၏။
ကျင်းယွင်ကျောင်းနှင့် စန်းရန်တို့သည် ပြိုင်ပွဲ၌ လက်ရည်တူ ယှဥ်ပြိိုင်ကြပါက ဒိုင်များ၏ ပုဂ္ဂိုလ်ရေးအရ ဘက်လိုက်မှုသည် ပို၍ အကျိုးသက်ရောက်မှုမြင့်မားသွားမည် ဖြစ်သည်။ ထိုအချိန်၌ ဒိုင်များကသာ စန်းရန်ကို ပို၍ မျက်နှာသာပေးပါက ကျင်းယွင်ကျောင်း၏ အရှုံးကို ပြိုင်ပွဲအစကတည်းက သတ်မှတ်ပြီးသား ဖြစ်နေလိမ့်မည်။
ထိုကဲ့သို့ပြိုင်ပွဲ၏ ပြဿနာမှာ လက်သိပ်ထိုး၍ အပေးအယူလုပ်ကြသော ကိစ္စသာဖြစ်၍ အတွေ့ရများသည်။ အကယ်၍ သူသာ လက်ခံလိုက်ပါက ထိုအကြောင်းကို သိသူများ၏ရှေ့တွင် သူ၏ ဂုဏ်သိက္ခာသည် အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားလိမ့်မည်။ ရလဒ်အနေဖြင့် သူသည် ထိုသို့လုပ်ရန် အကြောင်းပြချက်သာ မရှိပါက အပေးအယူကို လက်ခံလိမ့်မည် မဟုတ်ပေ။
ကျီရှန်းရှန်းသည် သူမ၏ ဖခင်မေးလာသော မေးခွန်းများကို မည်သို့ ပြန်ဖြေရမှန်းမသိသောကြောင့် မူးနောက်သွား၏။
“ကျွန်မ ချွေ့ကျွင်းကို နိုင်စေချင်ပေမယ့် စန်းရန်ကိုတော့ မနိုင်စေချင်ဘူး”
သူမက ညည်းတွားလိုက်သည်။
ထိုအခါ အဖေကျီက မျက်မှောင်ကြုံ့လိုက်ပြီးနောက် ပြန်ပြောလာ၏။
“သူတို့က တစ်သင်းတည်းပဲလေ။ ရှန်းရှန်း၊ မင်း ဒီကိစ္စကို ဂရုတစိုက် ဆုံးဖြတ်ဖို့လိုတယ်။ လက်ရှိပြိုင်ပွဲတင်မကဘူး၊ ပြိုင်ပွဲပြီးသွားတဲ့နောက် အနာဂတ်မှာရော။ ငါ မင်းကို တွေးကြည့်စေချင်တယ်။ အနာဂတ်မှာ မင်းရဲ့ဘေးချွေ့ကျွင်း မရှိဘဲ တကယ် မနေနိုင်ဘူးလား။ ခုနလေးတင်ကမှ ချွေ့ကျွင်းရဲ့အဖေက ငါ့ကို မကောင်းတဲ့ သဘောထားနဲ့ လာတွေ့တယ်။ သူက တိုက်ရိုက်တော့ မပြောပေမယ့် စောင်းပါးရိပ်ခြည် ပြောသွားတယ်၊ ငါသာ ဒီနေ့ ပြိုင်ပွဲမှာ သူတို့ချွေ့မိသားစုကို မကူညီရင် အနာဂတ်မှာ မင်းက ချွေ့ကျွင်းနဲ့ လက်ထပ်ဖို့ အခွင့်အရေး မရှိတော့ဘူး၊ ဒါမှမဟုတ် ချွေ့ကျွင်းနဲ့လက်ထပ်ပြီးတဲ့နောက် ချွေ့မိသားစုထဲ ရောက်လာမယ့် မင်းရဲ့ဘဝကို ငရဲကျနေသလို ဖြစ်အောင် လုပ်မယ်ဆိုတဲ့ သဘောနဲ့ ပြောသွားတယ်”
“မင်းတို့က ချိန်းတောင် မတွေ့ရသေးဘူး။ ချွေ့မိသားစုက လူတွေက ငါ့ကို ချိန်းခြောက်ရဲနေပြီ၊ ဒါတောင်မှ မင်းကလည်း အဖေဖြစ်တဲ့ ငါ့ကို အသက်ရှုခွင့်လေးတောင် မပေးဘူး။ ချွေ့ကျွင်းနဲ့ တွေ့တော့ မင်းမှာ ဘာကောင်းကျိုးရှိလဲ။ ငါ့အမြင်တော့ ထုံ့ရန်က သူ့ထက် ပိုကောင်းတယ်။ ပြီးတော့ သေချာတွေးကြည့်ရင် ချွေ့ကျွင်းရဲ့နှလုံးသားထဲမှာ တကယ်ပဲ မင်း ရှိနေလို့လား။ သူ့ရဲ့ဝမ်းကွဲအစ်မ စန်းရန်ရောက်လာတာနဲ့ သူက မင်းဘက်ကို တစ်ခါမှ မကြည့်တော့ဘူး။ သူ့ရဲ့မျက်လုံးထဲမှာ သူ့ဝမ်းကွဲအစ်မကတောင်မှ မင်းထက် ပိုပြီးအရေးပါသေးတယ်။ ဒါတောင်မှ မင်းက သူ့ကို ရတနာလို ဆက်ဆံနေသေးတယ်လေ။ တုံးအ,လိုက်တာ လွန်ပါရော”
အဖေကျီသည် ထပ်မံ၍ စိတ်အေးအေးမထားနိုင်တော့ဘဲ ကျီရှန်းရှန်းကို စတင်ဆူငေါက်နေသော်လည်း စကားဆုံးသည်နှင့် သူ၏ နှလုံးသားသည် နူးညံ့သွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
အထူးသဖြင့် သူ၏ သမီးဖြစ်သူ မျက်နှာပေါ်ရှိ ဒေါသများနှင့် ဝမ်းနည်းမှုများကို မြင်သောအခါတွင် ဖြစ်၏။
သူသည် ယနေ့ ပြောခဲ့သောစကားများအား ပြောချင်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း တစ်ခုတည်းသော ပြဿနာမှာ ကျီရှန်းရှန်းသည် သူ၏ အဖိုးတန် သမီးရတနာလေးဖြစ်သည်။ ထို့ကြောင့် ရလဒ်အနေဖြင့် သူသည် သူမအား တင်းတင်းကြပ်ကြပ် သင်ကြားမပေးနိုင်ဘဲ သူမ ပျော်ရာကိုသာ လုပ်ရန်အတွက် လွှတ်ထားပေးရခြင်း ဖြစ်၏။
သူသည် ကျီရှန်းရှန်းက ချွေ့ကျွင်းကို သဘောကျနေကြောင်းကို ယခင်ကတည်းက သိသော်လည်း မတားခဲ့ပေ၊ အဓိကအကြောင်းအရင်းမှာ သူမသည် ငယ်သေး၍ အနာဂတ်၌ အရွယ်ရောက်သောအခါ သူမ၏ ခံစားချက်များ ပြောင်းလဲသွားမည်ဟု ထင်ခဲ့သောကြောင့် ဖြစ်သည်။
သို့ရာတွင် ယနေ့ဖြစ်ရပ်က သူ့အား အမှန်တကယ်ပင် အသက်ရှုကြပ်၍ ဒေါသထွက်စေခဲ့ပြီး ချွေ့မိသားစုက ဂျင်စင်းလေးတစ်ခုကို ရရန်အတွက်နှင့် သူ၏ သမီးဖြစ်သူကို သုံးကာ ခြိမ်းခြောက်ရဲသည်ဟုပင် တွေးလိုက်မိ၏။
ဖခင်ဖြစ်သူထံမှ ပြင်းပြင်းထန်ထန် အငေါက်ခံရသောကြောင့် ကျီရှန်းရှန်းသည် တွေဝေနေ၍ သူမ၏ ပုံစံလေးက အပြစ်ကင်းစင်ပုံပေါ်နေသည်။
“ဖေဖေ၊ ချွေ့ကျွင်းကို သဘောမကျဘူးလား ဟင်”
ကျီရှန်းရှန်းက မေးလာပြီး သူမ၏ မျက်လုံးများက နီရဲနေ၏။
“သူ့ရဲ့အကျင့်စရိုက်အရဆိုရင် ငါက ဘယ်လိုလုပ်ပြီး သူ့ကို သဘောကျနိုင်မှာလဲ။ မင်း ရွေးခြယ်တဲ့လူက ထုံ့ရန်လို လူမျိုးသာဆိုရင် အဖေ ကတိပေးတယ်၊ မင်းတို့ရဲ့အချစ်ရေးကို နှောင့်နှေးအောင် မလုပ်ပါဘူးလို့။ ထုံ့မိသားစုက ငါတို့မိသားစုနဲ့အနေဝေးပေမယ့် ထုံ့မိသားစုဝင်တိုင်းက ရိုးသားကြတယ်လေ”
အဖေကျီက ဆက်ပြောလာသည်။
ယခုအချိန်၌ အဖေကျီသည် ကျင်းယွင်ကျောင်းအား တမင်ပင် ရှောင်နေသော်လည်း သူမ၏ ကိုယ်ခံပညာစွမ်းရည်အရ အကြားအာရုံကလည်း တိုးတက်လာသောကြောင့် သူမသည် သူတို့ပြောသမျှစကားများကို တစ်လုံးမကျန်ကြားနေရသည်။
ကျေးဇူးတင်စရာကောင်းသည်မှာ ကျီရှန်းရှန်း၏ ဖခင်သည် တုံးအသူ မဟုတ်ဘဲ ချွေ့ကျွင်းက လူကောင်းတစ်ယောက် မဟုတ်သည်ကို မြင်နိုင်၏။
သို့သော် တစ်ခုတည်းသော ပြဿနာမှာ သူသည် ယခုအချိန်၌ သူ၏ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ်သမီးဖြစ်သူအား အချစ်အကြောင်းပြောနေခြင်းပင်။ ထိုအကြောင်းကို ပြောရန်အတွက် စောလွန်းနေသေးသည် မဟုတ်လား။ အကယ်၍ ယခုအချိန်၌ ကျီရှန်းရှန်းကသာ သူ၏ အကြံပေးချက်ကို အလေးပေးလိုက်ပါက အမှန်တကယ်ပင် ကြောင်တောင်တောင် နိုင်လှသည်။
“ဒါပေမယ့် ကျွန်မ ထုံ့ရန်ကို မကြိုက်ဘူးလေ”
ကျီရှန်းရှန်းက နှုတ်ခမ်းစူ၍ ဆက်ပြောလာ၏။
“ဖေဖေ၊ ဘယ်သူ့ကိုမှ ဘက်မလိုက်သရွေ့ ကျွန်မ ပျော်မှာပါ။ ချွေ့ကျွင်းကို ကျွန်မ သဘောကျပေမယ့် ဒါက ကျွန်မရဲ့ကိစ္စပါ။ စန်းရန်ကို ကူညီဖို့အတွက် ကျွန်မတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို အထိခိုက်ခံစရာ မလိုပါဘူး”
Chapter 348 : သူ ဘာကိုမြင်လိုက်တာလဲ
ကျီရှန်းရှန်းက စိတ်လျှော့ထားပြီးသားဖြစ်၏။ သူမ၏ စကားများကို ကြားပြီးနောက် အဖေကျီသည် ခေတ္တမျှဆွံ့အသွားသည်။
သူ၏ သမီးဖြစ်သူသည် အမှန်တကယ်ပင် ထုံအ၍ လေးကန်သော်လည်း သိတတ်မှုရှိသောကြောင့် သူ၏ ရတနာမျက်ရှုလေး ဖြစ်နေ၏။
ထို့ကြောင့် အဖေကျီက သူ၏ ဒေါသကို ချိုးနှိမ်ထားလိုက်ပြီး သမီးဖြစ်သူအား တစ်ချက်ကြည့်လိုက်ကာ ကျင်းယွင်ကျောင်း၏ဘက်သို့ ကြည့်လိုက်သည်။
နောက်ပိုင်း ဘာပဲဖြစ်ဖြစ် စန်းရန်ကို ကူညီလိုက်တာက ပိုကောင်းတယ်လို့ ငါထင်မိတယ်။ ငါ့သမီးလေးက ဘက်မလိုက်စေချင်ဘူးလို့ ပြောပေမယ့် သူက ငါ့အတွက် တွေးပေးလို့ အဲ့လိုပြောတာပဲ။ သူက ချွေ့ကျွင်းကို ကြိုက်နေမှတော့ အဖေတစ်ယောက်အနေနဲ့ ငါလည်း မသိချင်ယောင်ဆောင်မနေနိုင်ဘူး။
ထို့အပြင် ကျင်းယွင်ကျောင်းသည် ဖိအားအနည်းငယ်ကိုပင် ခံနိုင်လိမ့်မည် မဟုတ်ဟု သူ တွေးလိုက်မိ၏။ ထို့ကြောင့် သူသည် သူမအတွက် အားကုန်ခံနေစရာ မလိုပေ။
အဖေကျီသည် စန်းရန်အား ကူညီရန် ဆုံးဖြတ်လိုက်၍ ကျင်းယွင်ကျောင်းအပေါ်၌ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် သူက သမီးဖြစ်သူအား ပြောလိုက်၏။
“တခြားလူက မင်းတို့ဆီမှာ ဂျင်စင်းကို အပ်ထားမှတော့ မင်းနဲ့ ထုံ့ရန်က သေချာစောင့်ကြည့်ပေးဖို့ လိုအပ်တယ်။ ဘယ်သူ့ကိုမှ မပေးရဘူးနော်၊ ချွေ့ကျွင်းကိုတောင် မပေးရဘူး။ တကယ်လို့ ဂျင်စင်းသာ ထိခိုက်မိသွားရင် ငါတို့မိသားစုက တစ်ဖက်လူကို ပြန်အလျော်ပေးရမယ်၊ နားလည်ရဲ့လား”
ကျီရှန်းရှန်းက ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ ချွေကျွင်းက ဂျင်စင်းကို မလိုချင်ပါဘူး။ သူက စန်းရန်ကို ကူညီထောက်ပံ့ပေးနေတာနဲ့တင် အလုပ်ရှုပ်နေတာလေ၊ ဟမ့်...
ကျင်းယွင်ကျောင်းသည် အဖေကျီ၏စောင်းပါးရိပ်ခြည်စကားများကို နားမလည်သည်အထိ မတုံးအပေ၊ ထို့ကြောင့် သူက ချွေ့မိသားစုအား အနည်းနှင့်အများ ဘက်လိုက်ပေးမည်ကို သူမ သိလိုက်၏။ သို့သော် ထိုကိစ္စက သူမအတွက် အရေးမကြီးပေ။ ဒိုင်များ၏ သဘောထားက ပြိုင်ပွဲတစ်ခုအပေါ်တွင် လွှမ်းမိုးမှုရှိသော်လည်း ထိုအချက်က သိပ်အရေးမပါ၊ အထူးသဖြင့် ယခုကဲ့သို့ လူအများကြီး၏ ရှေ့မှောက်၌ ဖြစ်သည်။
အဖေကျီ ထွက်သွားသည်နှင့် ကျီရှန်းရှန်းက သူမ၏ နှာခေါင်းကိုပွတ်လိုက်ပြီးနောက် သူတို့ဆီသို့ပြန်လာ၍ ချွေ့ကျွင်း၏ နေရာကို လှမ်းကြည့်လိုက်၏။
ကံဆိုးစွာပင် ချွေ့ကျွင်းက သူ၏ဝမ်းကွဲအစ်မဘေး၌ ထိုင်နေ၍ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများပြည့်နေသည်ကို ကျီရှန်းရှန်း မြင်လိုက်ရသည်။ သူမသည် သူတို့၏ အနီး၌ မဟုတ်သောလည်း သူက စန်းရန်အား နှစ်သိမ့်အားပေးနေမည်ကို သူမ တွေးကြည့်နိုင်၏။ သူမကိုမူ သူ၏ စိတ်ထဲ၌ လုံးဝမရှိချေ။
ကျင်းယွင်ကျောင်းက ကျီရှန်းရှန်းအား ရယ်စရာကောင်းသည်ဟု တွေးနေစဥ်မှာပင် ကျီရှန်းရှန်းက ချောင်းဟန့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် မေးလာ၏။
“ကျင်းယွင်ကျောင်း၊ နင်ပြောကြည့်၊ စန်းရန်က ကောင်းတယ်လို့ နင် ဘာလို့ ထင်တာလဲ။ သေချာပေါက် ငါက သူ့ထက် ပိုကောင်းတာလေ။ ဒီ ချွေ့ကျွင်းဆိုတဲ့ကောင်က ရက်စက်လွန်းတယ်၊ အဲဒီမိန်းမက သူတော်ကောင်း ယောင်ဆောင်ပြီး လိမ်ညာနေပေမယ့် သူက နတ်ဘုရားမတစ်ယောက်လို ဆက်ဆံနေတယ်။ ဘာကိုများ အခြေခံပြီးတော့လဲ”
ကျီရှန်းရှန်းက သူမ၏ ဒေါသများကို ဖွင့်ထုတ်လိုက်သည်။
“စန်းရန်က ထက်မြက်ပြီးတော့ ဝတ်တတ်စားတတ်လည်း ရှိတယ်။ သူရဲ့ပုံစံက သန့်ရှင်းစင်ကြယ်ပြီးတော့ သိမ်မွေ့တယ်၊ အသံက ပြေပြေပြစ်ပြစ်ရှိပြီးတော့ သူက ချွေ့မိသားစုအတွက် အကူအညီလည်း ဖြစ်စေတယ်လေ။ ဒီလို မိန်းမသားမျိုးက ဖြူစင်ပြီးတော့ မိသားစုကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကိုလည်း သိတယ်၊ ပြီးတော့ သူက ချစ်စရာလည်း ကောင်းတဲ့အပြင် အားကိုး မရှိတဲ့သူလည်း ဖြစ်နေတာကိုး။ နင်ကရော အဲဒါတွေအားလုံးကို လုပ်နိုင်လို့လား”
ကျင်းယွင်ကျောင်းက စကားကို ထိန်းမပြောဘဲ ကျီရှန်းရှန်းအား ခနဲ့လိုက်သည်။
သူမ ပြောသွားသော အချက်များအားလုံးသည် သေချာပေါက် စန်းရန်က အပေါ်ယံ၌ ဟန်ဆောင်ပြသထားသည်များသာ ဖြစ်၏။
လူတစ်ယောက်၏ သရုပ်ဆောင်နိုင်စွမ်းသည် ထာဝရမတည်မြဲပေ။ စန်းရန်ကဲ့သို့သော မိန်းမမျိုးသည် လက်ထပ်ပြီးသည့်နောက်တွင် သူမ၏ လက်ရှိ အပေါ်ယံစရိုက်ပုံစံကို ခဏတဖြုတ်တော့ ထိန်းသိမ်းထားနိုင်လိမ့်မည်။ သို့သော် ကလေးတစ်ယောက် မွေးပြီး၍ မိသားစုအား စီမံခန့်ခွဲနိုင်သည့်အခွင့်အာဏာကို လက်ကိုင်ရသည်နှင့် သူမ၏ အကျင့်စရိုက်အစစ်အမှန်ကို ဖြည်းဖြည်းချင်း ထုတ်ပြလာလိမ့်မည်သာ ဖြစ်သည်။
သိမ်မွေ့ခြင်း၊ ယဥ်ကျေးခြင်းနှင့် အထိအခိုက်မခံနိုင်ခြင််းတို့သည် သူမ၏ ကိုယ်ပိုင်အကျိုးအမြတ်ရရှိရေးအတွက် အသုံးပြုတိုက်ခိုက်နေကျ လက်နက်များဖြစ်ကြ၏။
“သူက တအား ကြီးကျယ်မြင့်မြတ်နေရင်တောင်မှ ဘာအရေးလဲ။ သူတို့က ဝမ်းကွဲမောင်နှမတွေပဲ၊ သွေးသားတော်စပ်တဲ့ ဝမ်းကွဲတွေ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က လုံးဝ မဖြစ်နိုင်ဘူး”
ကျီရှန်းရှန်းက မကျေမနပ်ဖြင့် ပြန်လည်ချေပလိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းက ရုတ်တရက် ရယ်မောလိုက်သော်လည်း သူမ၏ အသံက အေးစက်နေသည်။
“ဒါပေမယ့် စန်းရန်လို လူမျိုးတွေက ကမ္ဘာပေါ်မှာ အမြဲတမ်း ရှိနေတာပဲ။ ချွေ့ကျွင်း သဘောကျတာက ဒီလို မိန်းကလေးမျိုးဆိုတာကတော့ မပြောင်းလဲနိုင်ဘူးလေ”
ထိုအခါ ကျီရှန်းရှန်းသည် ထိတ်လန့်၍ ဆွံ့အ,သွား၏။
သူမသည် ပတ်ဝန်းကျင်ရှိလူများကို ချွေ့ကျွင်းအား သဘောကျသည့်အကြောင်း ပြောပြတိုင်း လူတိုင်းက သူမအား နှစ်သိမ့်၍ ချွေ့ကျွင်းကလည်း သူမအား သေချာပေါက် ပြန်သဘောကျလာလိမ့်မည်ဟုသာ ပြောကြသည်။ ကျင်းယွင်ကျောင်း၏ လက်ရှိသဘောထားနှင့် လုံးဝမတူပေ။
သို့သော် ကံဆိုးစွာပင် ကျင်းယွင်ကျောင်းပြောသည်က မမှားပေ။ တစ်ခါက ကျီရှန်းရှန်းသည် သူမ၏ အတန်းဖော်အား ချွေကျွင်းနှင့် တွေ့ပေးရန် ခေါ်လာခဲ့ဖူးသည်။ သူသည် ထိုမိန်းကလေးအား သိမ်သိမ်မွေ့မွေ့ ပြောဆိုဆက်ဆံ၍ ထိုမိန်းကလေးသည် ကျင်းယွင်ကျောင်း ပြောသကဲ့သို့ ယဥ်ကျေးသိမ်မွေ့၍ ဆင်ခြင်တုံတရားရှိသည့် ပုံစံမျိုးဖြစ်၏။
ကျီရှန်းရှန်းက စိတ်လေးသွားသော်လည်း သူမ၏ ခံစားချက်များကို အတတ်နိုင်ဆုံးထိန်းချုပ်၍ ခေါင်းယမ်းလိုက်သည်။
မကြာမီမှာပင် သူမသည် ငေးမောနေရာမှ တဖန်ပြန်၍ စိတ်ဆုံးဖြတ်ချက်ချလိုက်ပြန်၏။
သူမက ချွေ့ကျွင်းအတွက် အထူးသီးသန့် လူစားမျိုး ဖြစ်နေလျှင်ရော။
ကျီရှန်းရှန်းက စကားဆက် မပြောတော့ဘဲ ကျင်းယွင်ကျောင်းကလည်း ထိုအကြောင်းကို အစမဖော်တော့ပေ။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် ပတ်ဝန်းကျင်ရှိလူများသည် ရုတ်တရက် ငြိမ်ကျသွား၍ ပြိုင်ပွဲလည်း တရားဝင်စတင်တော့သည်။