အခန်း (၃၅၃-၃၅၆)
Vol. 18 Ch. 353-356
Chapter 353 : ကြင်နာမှုမျက်နှာဖုံး၏နောက်ကွယ်
ထုံးစံအတိုင်း စန်းရန်သည် ကျင်းယွင်ကျောင်းအတွက် ရန်ပုံငွေ စုဆောင်းကောက်ယူခဲ့သည့်အကြောင်းကို အစဖော်နေခြင်းဖြစ်သည်။
သို့ရာတွင် ဖြစ်ရပ်မှန်မှာ သူမသည် ကျင်းယွင်ကျောင်း၏ အကြောင်းကို မတော်မဆ ကြားခဲ့ခြင်းသာဖြစ်၍ ကျင်းယွင်ကျောင်းနှင့် ပတ်သတ်သည့်ကိစ္စအား စိတ်အားထက်သန်သူမှာ ကျီရှန်းရှန်းသာ ဖြစ်သည်။
ထိုအချိန်က ကျီရှန်းရှန်းသည် အွန်လိုင်းပေါ်မှ ကိစ္စများ၏ လွှမ်းမိုးခြင်းကိုခံနေရပြီး သူမ၏ မိဘများအား ကျင်းယွင်ကျောင်းအတွက် ဆေးဝါးအချို့လှူဒါန်းပေးရန် တောင်းဆိုခဲ့၏။ နောက်ပိုင်း ချွေ့ကျွင်းနှင့် သွားတွေ့သောအခါတွင်လည်း သူမသည် ကျင်းယွင်ကျောင်းက သနားစရာကောင်းသည့်အကြောင်းကိုသာ မဆုံးနိုင်အောင် ပြောဆိုနေခဲ့သည်။ ထို့ကြောင့် ရလဒ်အနေဖြင့် ချွေ့ကျွင်းက စိတ်ရှုပ်လာပြီး ထိုအကြောင်းကို စန်းရန်အား ပြန်ရင်ဖွင့်ခဲ့၏။
ပထမ၌ စန်းရန်သည် ကျင်းယွင်ကျောင်းအား ကိုယ်နှင့် မဆိုင်သူတစ်ယောက်ဟုသာ ယူဆ၍ ထိုအကြောင်းကို သိပ်ဂရုမစိုက်ခဲ့ပေ၊ သို့သော် တိုက်တိုက်ဆိုင်ဆိုင် နောက်ရက်အနည်းငယ်ကြာပြီးနောက်တွင် သူမတို့၏ ကျောင်းဖိုရမ်၌ တစ်နှစ်တာလုံးအတွက် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်အား ရွေးခြယ်ပွဲကျင်းပသည်။ ထိုပြိုင်ပွဲတွင် အနိုင်ရရှိသူသည် ဆုကြေးငွေသား လက်ခံရရှိမည်မဟုတ်ဘဲ သြဇာကြီးသော အထက်တန်းလွှာ အဖွဲ့အစည်းတစ်ခုသို့ ဖိတ်ကြားခြင်းခံရမည်ဖြစ်၏။
ထိုပြိုင်ပွဲသည် ဒုတိယမျိုးဆက် လူချမ်းသာ သားသမီးများဖြစ်သည့် ရေပေါ်ဆီ ကျောင်းသားကျောင်းသူများက ဦးဆောင်ကျင်းပသည့် ကျောင်းတွင်းပြိုင်ပွဲတစ်ခု ဖြစ်သော်လည်း စန်းရန်သည် အထက်တန်းလွှာ အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ရရှိရန်အတွက် ထိုအခွင့်အရေးကိုအသုံးချနိုင်မည်ဖြစ်ပြီး ထိုသူများ၏ နေ့စဥ်လူနေမှုဘဝ ပျော်စရာကောင်းပုံများကို တွေ့မြင်နိုင်မည်ဖြစ်သည်။ စန်းရန်က ထိုကဲ့သို့လုပ်ချင်ရသည့်အကြောင်းအရင်းမှာ ချွေ့မိသားစုထဲတွင် နေရချိန်၌ အစားအသောက်၊ အဝတ်အထည်ပြတ်လပ်နေသောကြောင့် မဟုတ်ဘဲ သူမသည် သူတို့မိသားစုထက် နိမ့်ကျသည်ဟု ခံစားရသောကြောင့် ဖြစ်၏။ ထို့အပြင် ချွေ့မိသားစုသည် ပိုက်ဆံရှိသော်လည်း အခြား စီးပွားရေးသမားများနှင့် မယှဥ်နိုင်ပေ။
သို့ရာတွင် ဤပြိုင်ပွဲ၌ အနိုင်ရရှိရန် အများနှင့်မတူဘဲ ထင်ရှားနေရမည် ဖြစ်သည်။ လက်တွေ့တွင် ကျောင်း၌ မရေမတွက်နိုင်သော အလှလေးများ ပြည့်နေရာ အလှချင်းယှဥ်သည့် ခေါင်းစဥ်ဖြင့် အနိုင်ရရန်မှာမူ အတော်လေး ခက်ခဲ၏။ ထိုအချိန်၌ စန်းရန်သည် ဘာသာရေးပွဲတော်တစ်ခုသို့ ရောက်သွားခဲ့ပြီး အနိုင်ရမည့် နည်းလမ်းကို အမှတ်မထင် တွေးမိခဲ့သည်။ ထိုနည်းလမ်းမှာ သူမသည် ကျင်းယွင်ကျောင်းအား ကူညီလှူဒါန်းရန်အတွက် ရန်ပုံငွေကောက်သူတစ်ဦးအဖြစ် ဦးဆောင်၍ သူမကိုယ်သူမ စေတနာမေတ္တာရှင်ကြီးဟူသည့် ပုံရိပ်ကို ဖန်တီးရန်ဖြစ်သည်။
ထို့နောက် သူမသည် ထိုရန်ပုံငွေကောက်ခံခြင်း အထမြောက်စေရန်အတွက် နည်းလမ်းပေါင်းများစွာ အသုံးပြုခဲ့ပြီး ကျင်းယွင်ကျောင်း၏ ဇာတ်လမ်းမှာလည်း အတော်လေး လူပြောများနေချိန်ဖြစ်ရာ ကျောင်းသားများစွာ၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့၍ သူမ၏ အကြံအောင်မြင်ခဲ့သည်။
အကယ်၍ ထိုအချိန်က ကျင်းယွင်ကျောင်း၏ အခြေအနေသည် သူမအတွက် အကျိုးအမြတ် မဖြစ်စေပါက သူမသည် ထိုကိစ္စကို လုံးဝ ဂရုစိုက်နေလိမ့်မည်မဟုတ်ပေ။
ထိုအခါ ကျင်းယွင်ကျောင်းက စန်းရန်အား တစ်ချက်ကြည့်လာပြီး သူမ၏ မျက်နှာပေါ်တွင် စက်ဆုပ်ရွံရှာသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ကျွန်မကို ကူညီပေးချင်တဲ့သူတွေ အများကြီးရှိပေမယ့် အဆုံးမှာတော့ သူတို့ ကူညီမပေးနိုင်ခဲ့ကြဘူး။ ဒါပေမယ့် ရှင်ကတော့ ကျွန်မအတွက် အကူအညီမဖြစ်စေဘဲနဲ့ ကျွန်မရှေ့မှာ ပထမဆုံး မောက်မာပြတဲ့သူပဲ။ မမလေးစန်း၊ ရှင်က မေတ္တာတရားကြီးမားပြီးတော့ လူတွေကို အရမ်းကူညီချင်စိတ်ရှိတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ရှင် အဲ့ကိစ္စကို ခဏခဏ ဂုဏ်ဖော်နေစရာတော့ မလိုဘူးလေနော်”
ထို့နောက် ကျင်းယွင်ကျောင်းက ဆက်ပြောပြန်၏။
“ဒုတိယအချီကလည်း မကြာခင် စတော့မယ် မဟုတ်လား။ ရှင် ပထမအချီက ရလဒ်တွေကိုကျေနပ်တယ်ဆိုရင် ကျွန်မ နိုင်တယ်လို့ ယူဆလိုက်ပြီး ကျွန်မတို့ ဆက်ပြိုင်ကြမယ်။ တကယ်လို့ ရှင် အခု လက်လွှတ်လိုက်ချင်ရင်လည်း သေချာပေါက် ကျွန်မက အနိုင်ရတဲ့သူဖြစ်လာပြီး ရှင်ကတော့ ပြိုင်ပွဲစည်းမျဥ်းတွေကို လိုက်နာပြီး ကျွန်မရဲ့မျက်စိရှေ့ကနေ ထွက်သွားလိုက်”
စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းက ခပ်အေးအေးပင် နောက်သို့ပြန်လှည့်သွားပြီး သူမ၏ အဖြေလွှာ စာရွက်များကို သိမ်းနေသည်။
သူမ၏ လက်ရေးသည် ယခင်ဘဝက လေ့ကျင့်ခဲ့သည့် ရလဒ်ဖြစ်၏။ ယခင်က သူမသည် ပြိုင်ပွဲမျိုးစုံကို ပါဝင်ယှဥ်ပြိုင်ခဲ့ရုံသာမက ထောင်ကျပြီးနောက်၌ပင် လက်ရေးလှကို ဆက်လက် လေ့ကျင့်နေခဲ့သည်။
ယခု သူမတွင်ရှိနေသော အရည်အချင်းများသည် မြေကြီးပေါ်မှ ပေါပေါပဲပဲ ကောက်ယူရရှိထားခြင်းမဟုတ်ဘဲ သူမ၏ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်သာ ဖြစ်၏။
ကျင်းယွင်ကျောင်း၏စ ကားကို ကြားသောအခါ စန်းရန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တုန်ယင်သွားပြီးနောက် ပြန်ဖြေလာသည်။
“ဆက်ပြိုင်ကြတာပေါ့”
လက်ရှိအချိန်တွင် တဖြည်းဖြည်း ညဥ့်နက်စပြုလာသော်လည်း မီးခလုတ်များကို ဖွင့်ထားသဖြင့် ခြံဝန်းတစ်ခုလုံးသည် နေ့အချိန်ကဲ့သို့လင်းထိန်နေရာ အလင်းရောင်အောက်တွင် ကျင်းယွင်ကျောင်း၏ တည်ငြိမ်၍ ထည်ဝါတောက်ပသော ကိုယ်ဟန်အနေအထားကိုပင် မြင်နိုင်၏။
ထို့နောက် အကဲဖြတ်ဒိုင်များအားလုံးသည် သူတို့၏ ခုံများတွင် နေရာယူပြီးနောက် ဒိုင်တစ်ယောက်က ကြေညာလိုက်သည်။
“ဒုတိယအချီကတော့ မတူညီတဲ့ ဆေးပင်တွေနဲ့ ဆေးတွေကို ခွဲခြားသတ်မှတ်ရပါမယ်။ ပြီးတော့ ဆေးပင်တွေနဲ့ ဆေးတွေရဲ့ ထူးခြားတဲ့ဝိသေသလက္ခဏာတွေကို ရှင်းပြရမယ်။ ဒါကလည်း ရေးဖြေ စာမေးပွဲပါပဲ။
ဒိုင်၏ စကားဆုံးသည်နှင့် ပြိုင်ပွဲဝင်နှစ်ယောက်၏ရှေ့ရှိ စားပွဲပေါ်သို့ အပင်ရိုးတံများကို တင်ပေးလာပြီး အချို့အပင်များမှာ လတ်ဆတ်၍ အချို့က ခြောက်သွေ့နေ၏။ အချို့မှာ ဆေးပင်များ မဟုတ်သော်လည်း ဆေးပင်များ၏ မတူညီသည့်အစိတ်အပိုင်းများမှ ဖြစ်ရာ ၎င်းတို့အား မှန်မှန်ကန်ကန် ခွဲခြားသတ်မှတ်ပေးဖို့လိုသည်။
အချို့ဆေးများကို ဆေးပင်၏ အမြစ်မှ ဖော်စပ်ထားခြင်းဖြစ်သော်လည်း ဆေးဖော်စပ်ရာ၌ အမှန်တကယ် နှံ့စပ်ကျွမ်းကျင်သူများသည် ဆေးပင်၏ အစို့အညှောက်ကို မြင်ရုံ၊ သို့မဟုတ် အနံ့ခံကြည့်ရုံနှင့်ပင် မည်သည့်ဆေးပင်ဖြင့် ဆေးဖော်ထားမှန်း ကွဲကွဲပြားပြားသိနိုင်၏။
ဒုတိယအချီမှာ ပြိုင်ပွဲဝင်များ၏ အရည်အချင်းနှင့် ဗဟုသုတကို အမှန်တကယ် စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။
ပထမအချီပြီးသည့်နောက်တွင် စန်းရန်သည် ပြိုင်ပွဲ၌ မှတ်ဉာဏ်ကိုသာ အခြေခံ၍ ဆက်ပြိုင်ရပါက သူမ ဘယ်တော့မှ နိုင်လိမ့်မည် မဟုတ်ဟူ၍ ခံစားနေရ၏။
နောက်ဆုံးတွင်မူ အကဲဖြတ်ဒိုင်၏ ကြေညာချက်ကိုကြားပြီးနောက် စန်းရန်သည် သူမ၏ ပျောက်ဆုံးနေသော ကိုယ့်ကိုကိုယ် ယုံကြည်မှုများ ပြန်လည်ရရှိလာသည်။ လက်တွေ့၌ သူမသည် ဆေးပစ္စည်းများနှင့် ပြည့်နှက်နေသော ချွေ့မိသားစု၏ စာကြည့်တိုက်သို့ မကြာခဏ သွားရောက် လေ့လာတတ်သူဖြစ်၏။ ထို့အပြင် သူမသည် ချွေ့မိသားစု၏ ဆေးဖော်စပ်သည့် လုပ်ငန်းတွင်လည်း မကြာခဏ ဝင်ရောက် ကူညီပေးလေ့ရှိသည်။ ထို့ကြောင့် ရလဒ်အနေဖြင့် ဆေးပင်များနှင့် ဆေးများကို ခွဲခြားသတ်မှတ်ရန်မှာ စန်းရန်အတွက် ဥယျာဥ်ထဲတွင် အပျင်းပြေ လမ်းလျှောက်ရသကဲ့သို့ လွယ်ကူလှ၍ ၎င်းတို့၏ ထူးခြားသော ဝိသေသလက္ခဏာများကို ရှင်းပြရခြင်းမှာလည်း ထပ်တူထပ်မျှပင် လွယ်ကူလှသည်။
မိန်းကလေးနှစ်ယောက်သည် တဖန်ပြန်၍ ဖောင်တိန်များကို ကောက်ကိုင်လိုက်ကြ၏။
ကျင်းယွင်ကျောင်း၏ သဘောထားသည် လေးလေးနက်နက်ရှိ၍ သူမသည် သူမ၏ ကိုယ်ပိုင်ကမ္ဘာလေးထဲတွင်သာ နစ်မြုပ်နေသည့်အလား ဆေးတစ်မျိုးချင်းစီနှင့် ဆေးပင်တစ်ပင်ချင်းစီအား သေသေချာချာကြည့်၍ အနံ့ခံပြီးနောက် အမျိုးအစားခွဲခြားကာ စာရွက်ပေါ်တွင် ချရေးနေသည်။
Chapter 354 : နေရာပေးရန် တွန့်ဆုတ်ခြင်း
ကျင်းယွင်ကျောင်း၏ ဤကဲ့သို့သောပုံစံကို မြင်သည့်အခါ အချို့လူများသည် တွေဝေစပြုလာကြ၏။
“ဒီ ကျင်းယွင်ကျောင်းက လူသစ် မဟုတ်လောက်ဘူးလားလို့။ သူ ဆေးတွေ ကိုင်တွယ်တဲ့ပုံကို ကြည့်တာနဲ့ အသိသာကြီးပဲ။ ဘယ်ဆေးတွေကို အနံ့နဲ့ခွဲခြားလို့ရတယ်၊ အရသာနဲ့ခွဲခြားလို့ရတယ်ဆိုတာ သူ ရှင်းရှင်းလင်းလင်း သိတယ်”
ကျင်းယွင်ကျောင်းသည် အဆိပ်ပါသည့်ဆေးပင်များကို သူမ၏ ပါးစပ်နားသို့ပင် ကပ်မကြည့်ဘဲ တစ်ကြိမ် အနံ့ခံကြည့်ရုံမျှနှင့် မမှန်ပါက စစ်ဆေးကြည့်နေချိန်တွင် နှာခေါင်းကိုပါ ပိတ်ထားတတ်သည်။
အခြားအရေးကြီးသည့် အချက်တစ်ခုမှာ မတူညီသော ဆေးပင်များကို အတူတကွ ထားလိုက်ပါက စိတ်ကူးနှင့်ပင် ခန့်မှန်း မကြည့်နိုင်သည့် ရလဒ်များ ထွက်ပေါ်လာနိုင်၏။ သို့မဟုတ် အခြားဆေးပင်များ၏ အရည်အသွေးအပေါ်၌ အကျိုးသက်ရောက်မှုရှိသွားနိုင်သည်။ ကျင်းယွင်ကျောင်းသည် ထိုအချက်ကို အလွန်ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်၍ သူမ ဆေးပင်တစ်ပင်ကိုကိုင်ပြီးသည့်အချိန်တိုင်း ထိုဆေးပင်အား ကိုင်ထားသည့်အချိန်အပေါ်မူတည်၍ လက်ကို ရေဖြင့် သေသေချာချာဆေးကာ ထိုဆေးပင်၏ အကြွင်းအကျန် အမှုန်အမွှားများက တခြားဆေးပင်အပေါ်တွင် အကျိုးသက်ရောက်သွားမည့် အရေးကို ကြိုတင်ကာကွယ်လေ့ရှိ၏။
ထို့ကြောင့် ကျင်းယွင်ကျောင်း၏ လုပ်ဆောင်မှုများသည် စန်းရန်ထက် ပို၍ကောင်းမွန်ပြီး အသေးစိတ်သည်။
မူလက ထိုသူများသည် ပြိုင်ပွဲ၌ ကျင်းယွင်ကျောင်း လုံးဝအနိုင်ရလိမ့်မည် မဟုတ်ဟု တထစ်ချယုံကြည်ထားကြ၏။
ထိုအချိန်တွင် ချွေ့ကျွင်းနှင့် သူ့ ဖခင်၏ အမူအယာကလည်း လေးနက်လာသည်။
သူတို့သည် ရှုံး၍ မဖြစ်သလို ရှုံးသည့်ဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။ ချွေ့မိသားစု၌ ဆက်ခံမည့်မျိုးဆက်အဖြစ် ချွေ့ကျွင်းတစ်ယောက်သာ ရှိ၏။ သူသာ ဆေးဖော်စပ်သည့် ဆရာသခင်တစ်ဦး ဖြစ်မလာနိုင်ပါက အရာအားလုံးသည် ဟာသ ဖြစ်သွားလိမ့်မည်သာ။
ထို့ကြောင့် သူတို့၏ မျှော်လင့်ချက်အားလုံးသည် စန်းရန်၏ ပခုံးပေါ်သို့ ကျရောက်နေသည်။
ယခုအချိန်၌ သူတို့သည် နောင်တအနည်းငယ် ရစပြုနေပြီ ဖြစ်သော်လည်း အရာအားလုံး နောက်ကျလွန်းသွားပြီဖြစ်၏။
အချိန်သည် အကုန်မြန်လှ၍ ဒုတိယအချီ အဆုံးသတ်ရန် နီးကပ်လာသည်။
ယခုအချိန်၌ ပြိုင်ပွဲဝင်နှစ်ယောက်၏ လက်ထဲရှိ အဖြေလွှာစာရွက်များသည် သူတို့၏ ပုရွက်ဆိတ်လေးများကဲ့သို့ သေးငယ်လှသည့် လက်ရေးလေးများဖြင့် ပြည့်နေ၏။ သို့ရာတွင် ပထမအချီနှင့် ယှဥ်ပါက ကျင်းယွင်ကျောင်း၏ လက်ရေးသည် ပို၍ပင် နှစ်သက်ဖွယ်ကောင်းလာသည်။
သို့သော် ယခင်တစ်ခေါက်က သင်ခန်းစာကြောင့် စန်းရန်သည်လည်း ယခုအဖြေလွှာ၌ အသေးစိတ် အားစိုက်၍ ကြိုးစားရေးထားပြီး သူမ၏ အမှားများကို လက်လွှတ်စပယ် လျှောက်ခြစ်မပစ်ဘဲ မျဥ်းကြောင်း တစ်ကြောင်းတည်းဆွဲ၍သာ ခြစ်ထား၏။ သို့ရာတွင် ထိုလုပ်ရပ်က သူမ၏ အမှားများကို ပို၍ ထင်ရှားပေါ်လွင်စေသည်။
ယခင် စန်းရန် ဝင်ပြိုင်ခဲ့ဖူးသော ပြိုင်ပွဲများသည် ယခုထက်ပို၍ လွယ်ကူရိုးရှင်းသည်။ အနည်းဆုံးတော့ ဆေးပစ္စည်းများသည် ရှုပ်ထွေးနေခြင်း မရှိပေ။ ထို့ကြောင့် ရွယ်တူများကြားတွင် သူမအောင်မြင်မှုရရှိရန်မှာ ပို၍ သေချာ၏။
သို့ရာတွင် ယခုအချိန်၌ အဖြစ်အပျက်များက မတူတော့ပေ။
“မာဟွမ်၊ ချန်ရှန်း၊ လုံသန်းကောင်း...အားလုံး မှန်တယ်”
အဖေကျီက အသံထွက်ဖတ်ရင်းမှ ခေါင်းညိတ်၍ပြောလိုက်သည်။
ထိုအဖြေများမှာ လွယ်ကူရိုးရှင်း၍ အခြေခံသာ တတ်မြောက်သူများပင် မှားလိမ့်မည် မဟုတ်ပေ။
ဆေးပင်များ၏ ဂုဏ်သတ္တိအတွက်မှာမူ အကြောင်းအရာများအားလုံးကို ကြေကြေညက်ညက် သိထားရန် လိုအပ်သည်။
သို့ရာတွင် ပြန်တွေးကြည့်လိုက်သောအခါ လူတိုင်းသည် အများကြီး ပို၍ တည်ငြိမ်လာကြသည်။ ပထမအချီ၌ ကျင်းယွင်ကျောင်း၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ပြီးနောက် ဒုတိယအချီ မစခင် မိနစ်အနည်းငယ် အလိုတွင်မှ ယှဥ်ပြိုင်မှုကို ပို၍ ခက်ခဲစေရန် ရည်ရွယ်၍ ဆေးပစ္စည်းများကို တမင်သက်သက် ထပ်ဖြည့်ထားကြ၏။ ထို့ကြောင့် သူတို့သည် ပြိုင်ပွဲဝင်နှစ်ယောက်လုံးက အရာအားလုံးကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ပြီး အမှတ်များ တိုက်နေမည့် ဖြစ်ရပ်ကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
“တစ်ယောက်က အနောက်တံတိုင်းမြေစေးလို့ ဖြေထားတယ်။ နောက်တစ်ယောက်ကကျတော့ ရှားစေးလို့ ဖြေထားတယ်။ အဖြေက တော်တော်ကွာနေတာပဲ”
အဖေကျီက ခပ်တိုးတိုး ရေရွတ်လိုက်၏။
“အနောက်တံတိုင်းမြေစေးဆိုတာ အဆောက်အဦးရဲ့အရှေ့မျက်နှာစာဆောက်တဲ့နေရာမှာ သုံးတဲ့ပစ္စည်းပဲ၊ ဒါပေမယ့် ဘိလပ်မြေကိုပဲ အသုံးများတာဆိုတော့ ဒါက ရှားပါးပစ္စည်းဖြစ်လာတယ်။ သူ့ရဲ့ဆေးပညာဆိုင်ရာ ဂုဏ်သတ္တိတွေက ချိုတယ်၊ နွေးထွေးတယ်၊ အဆိပ်မရှိဘူး၊ အဆိပ်ဖြေတဲ့နေရာမှာ အဓိကသုံးတယ်။ အပူအပုပ်တွေကို ထုတ်ပေးမယ်၊ အသားဝါနေရာကို သက်သာစေတယ်၊ ဖောနေတာတွေ ယောင်ယမ်းနေတာတွေကို လျှော့ချပေးတယ်၊ ပိုးသတ်ပေးတယ်။ စန်းရန်၊ မင်းက ဒီမှာ သူ့ရဲ့နာမည်ကိုပဲ ရေးထားတယ်၊ ဆေးပညာ ဂုဏ်သတ္တိတွေကျတော့ မပါလာဘူး။ ပြီးတော့ ဒါက အနောက်တံတိုင်းမြေစေးလည်း မဟုတ်ဘူး”
အကဲဖြတ်ဒိုင်တစ်ယောက်က ဆက်ပြောလာသည်။
ထိုအခါ စန်းရန်သည် ထိတ်လန့်တုန်လှုပ်သွား၏။
ဒါတွေအားလုံးက မြေစေးတွေနဲ့ ဖုန်မှုန့်တွေပဲလေ။ သူတို့က ဘယ်လိုများ အလွယ်တကူ ခွဲခြားနိုင်ကြတာလဲ။
ပြီးတော့ ငါက ဆယ်စုနှစ်ပေါင်းများစွာ လေ့လာထားတဲ့ဆရာကြီးမှ မဟုတ်တာ။ အမှားလုပ်မိတာ ပုံမှန်ပဲလေ။ သူတို့ကို ဘယ်သူက မေးခွန်းခက်ခိုင်းလို့လဲ။
“ဒါဆိုရင် ရှားစေးလား။ ကျွန်မ တစ်ခါမှ မကြားဖူးဘူး”
စန်းရန်က တုန်လှုပ်စွာဖြင့် မေးလာ၏။
တကယ်လို့ ကျင်းယွင်ကျောင်းရဲ့အဖြေကသာ မှန်ရင် ငါ့ရဲ့အနောက်က အဖြေတွေအားလုံး မှန်ရင်တောင်မှ ငါ နိုင်ဖို့ ခက်သွားပြီ။
“အမှန်ပဲ။ သူ့ကို ဟိုင်ကျစ်ချာလို့လည်း ခေါ်တယ်။ ဒီပစ္စည်းက တောင်ပိုင်း ပေါ်ယွင်မြို့မှာပဲ ရှိတာမို့လို့ မင်းတို့ မသိတာ သဘာဝကျပါတယ်။ အဲဒါက ဝါးဘူးတွေထဲကို လက်ဖက်ခြောက်မှုန့်တွေ လောင်းထည့်၊ အစွန်းဘက်တွေကို သေချာပိတ်ပြီး ရွှံ့ထဲမှာ မြှုပ်ထားရတာ။ တစ်ရက်ကြာပြီးရင် ရွှံ့တွေကိုဖယ်၊ အရည်တွေညှစ်ပစ်ပြီး မီးအေးအေးနဲ့ အပူပေးရတယ်”
အကြီးအကဲတစ်ဦးက ဆေးအကြောင်းကို အသေးစိတ်ရှင်းပြလိုက်ပြီးနောက် သူသည် ကျင်းယွင်ကျောင်း၏ အဖြေလွှာစာရွက်ကို ပြန်ကြည့်ရန်လည်း မမေ့ပေ။
“မင်းရေးထားတာက အားလုံးမှန်တယ်။ ဒီဟိုင်ကျစ်ချာက ခါးတယ်၊ စိတ်ကို ငြိမ်စေပြီးတော့ အဆိပ်အတောက်လည်း မပါဘူး။ မင်းရဲ့အသက်အရွယ်နဲ့ဆို ဒါကို မှတ်မိနေတာက တကယ့်ကို အသိအမှတ်ပြုစရာပါပဲ”
ထိုသို့ပြောလိုက်သည့်အခိုက်တွင် စန်းရန်သည် မိုးကြိုးပစ်ခံရသကဲ့သို့ တုန်လှုပ်သွားသည်။
ကျင်းယွင်ကျောင်းက တကယ်ပဲ မှန်အောင် ဖြေနိုင်တာလား။
Chapter 355 : သူက သေချာပေါက် လှည့်စားနေတာပဲ
စန်းရန်သည် ကြောင်အနေပြီး သူမ၏ မျက်နှာလှလှလေးပေါ်တွင် အံ့သြခြင်း၊ ထိတ်လန့်ခြင်း အရိပ်အယောင်များစွာ ရောယှက်နေပြီး အရောင်စုံနေသည်။
သူမတင်မကဘဲ အခြားသူများသည်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေကြ၏။ လက်တွေ့၌ ကျင်းယွင်ကျောင်းက ပထမအချီ၌ အနိုင်ရသည်အား သူမ၏ မှတ်ဥာဏ်ကောင်းလွန်းသောကြောင့်ဟု အပြစ်ရှာနိုင်သော်လည်း ယခုအချီ၌မူ သူမ၏ အရည်အချင်း အစစ်အမှန်ကိုသာ အခြေခံထားကြောင်း သံသယဖြစ်စရာ မလိုပေ။
အစပိုင်း၌ ရေးထားသည့် ဆေးပင်အမည်များကို ထည့်မတွက်ပါက အဆုံးပိုင်းရှိ ဆေးပင်များ၊ ဆေးများအားလုံးသည် တွေ့ရခဲပြီး ၎င်းတို့အား အမျိုးအစား ခွဲခြားသတ်မှတ်နိုင်သူမှာ လူနည်းစုသာဖြစ်သည်။ သို့ရာတွင် ဤမိန်းကလေးသည် ထိုဆေးပင်များ၊ ဆေးများအားလုံးကို ခွဲခြားမှတ်မိသည့်အပြင် ၎င်းတို့၏ ဆေးပညာဆိုင်ရာ ဝိသေသလက္ခဏာများ အားလုံးကိုလည်း စာရင်းပြုစုနိုင်သေး၏။
အကယ်၍ သူမ၌ အတိုင်းအတာတစ်ခုအထိ ရောက်အောင် အတွေ့အကြုံမရှိပါက ယခုကဲ့သို့ လုံးဝ ဖြေနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဆေးပင်များသည် တစ်ပင်နှင့်တစ်ပင် အတော်လေး ဆင်တူ၍ အတွေ့အကြုံ ရင့်ကျက်သည့် အကြီးအကဲများပင် ၎င်းတို့အား ခွဲခြားနိုင်ရန် အချိန်အနည်းငယ်ယူရသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ဆေးဖော်စပ်ရာ၌ ဆရာသခင်အဆင့်သို့ ရောက်နေပုံရ၍ သာမန်တပည့်တစ်ယောက် မဖြစ်နိုင်ပေ။
သို့ရာတွင် သူမသည်လည်း ထိုဆေးပင်များအားလုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းသာ ဖြစ်ကြောင်း ထိုလူများ မသိကြပေ။
သူမ ထိုဆေးပင်များ အားလုံးကို ခွဲခြားမှတ်မိနိုင်ခြင်းသည် ဝိညာဥ်ကျောက်စိမ်းနှင့် အကြီးအကဲရှု၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။ ဝိညာဥ်ကျောက်စိမ်းထဲ၌ ထိုဆေးပင်များ၏ အနံ့အရသာနှင့် ပုံစံအမျိုးမျိုးကို အသေးစိတ် ဖော်ပြထားသည့်အပြင် ရာသီအမျိုးမျိုးအလိုက် အကျိုးသက်ရောက်မှုများကိုပင် ဖော်ပြထား၏။ သေချာပေါက် ထိုဝိညာဥ်ကျောက်စိမ်းသည် ဘိုးဘေး၏ မှတ်ဥာဏ်များဖြစ်သည်။ သူမ ထိုကျောက်စိမ်းပြားများထဲရှိ မှတ်ဥာဏ်များအား စုပ်ယူပြီးသည့်နောက်တွင် ၎င်းတို့သည် သူမ၏ မူလမှတ်ဥာဏ်များနှင့် ပေါင်းစည်းသွားသောကြောင့် ယခုကဲ့သို့ အလွယ်တကူ ခွဲခြားမှတ်မိနိုင်ခြင်း ဖြစ်သည်။
ထို့အပြင် သူမ အဖိုးရှုနှင့် တွေ့တိုင်း သူသည် အမြဲတမ်း အမှတ်တမဲ့ ဖြစ်ဟန်ဆောင်၍ သူမအား ဆေးပညာရပ်များကို သင်ကြားပေးတတ်၏။ အကယ်၍ သူမကသာ ထိုအကြောင်းအရာများကို မမှတ်မိပါက တစ်နေ့လုံး အဆူခံရမည်ဖြစ်သည်။
ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် စန်းရန်ထက် အဖြေတစ်ခု ပိုမှန်နေ၍ ခြေတစ်လှမ်းသာနေ၏။
ထို့နောက် လူတိုင်းသည် ကျန်နေသည့်အဖြေများအား ခပ်မြန်မြန်ပင် စစ်ဆေးလိုက်ကြသည်။
စန်းရန်သည် အတွေ့များသည့် ဆေးပင်များကို ခွဲခြားမှတ်မိနိုင်သော်လည်း အခြားအပင်များအား ခွဲခြားရာတွင်မူ အခက်အခဲရှိ၏။ ထို့ကြောင့် သူမသည် အဖြေလွှာ အောက်ပိုင်း၌ အဖြေတစ်ခု၊ နှစ်ခုသာ ရံဖန်ရံခါ မှန်သည်၊ သူမသည် ဆေးပင်၏ အမည်ကို ခန့်မှန်းနိုင်လျှင်တောင်မှ ဂုဏ်သတ္တိများကိုတော့ မဖြီးဖြန်းနိုင်ပေ။ သို့သော် သူမ၏ အသက်အရွယ်အရဆိုလျှင် ဤရလဒ်သည် အတော်လေးကောင်း၏။
သို့သော် တစ်ခုတည်းသော ပြဿနာမှာ ကျင်းယွင်ကျောင်း၏ အဖြေလွှာက အားလုံးကို မှင်သက်သွားစေခြင်းဖြစ်ပြီး ပထမအချီက ကဲ့သို့ပင် သူမ၏ အဖြေများအားလုံးက မှန်နေ၏။
သူမသည် ဤကဲ့သို့ ထူးဆန်း၍ သာမန်မဟုတ်သော ဆေးပင်များ အားလုံးကို ခွဲခြားမှတ်မိရုံသာမက ၎င်းတို့၏ ဝိသေသ လက္ခဏာများကိုပါ အမှားအယွင်းမရှိ ချရေးနိုင်သေးသည်။
ခြံဝန်းတစ်ခုလုံး အပ်ကျသံပင် ကြားရသည်အထိ တိတ်ဆိတ်သွား၏။
လူတိုင်းသည် လေအေးများ တိုက်လာသည်ကို ခံစားမိလိုက်ကြပြီး သူတို့၏ အသည်းထဲထိအောင် အေးစိမ့်သွားကြသည်။ ထို့နောက် သူတို့သည် ကျင်းယွင်ကျောင်း၏ တိတ်ဆိတ်ငြိမ်သက်နေသည့် ကိုယ်ဟန်အနေအထားကို ပြန်ကြည့်မိလိုက်ကြပြီး ရုတ်တရက် ကျောရိုးထဲထိအောင်ပင် စိမ့်တက်သွားကြပြန်၏။
ဤနေရာ၌ ရှိနေသူများတွင် ဆေးဖော်စပ်ရာ၌ အလွန်ထူးချွန်သည့် ဆရာသခင်များ ရှိကြသော်လည်း သူတို့သည် အသက် တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်အရွယ်၌ ယခုကဲ့သို့ အံ့ချီးဖွယ်ကောင်းသည့် အောင်မြင်မှုများကို မရရှိခဲ့ကြပေ။ သို့ရာတွင် ကျင်းယွင်ကျောင်း၏ ပုံစံကမူ ယခု ရလဒ်များကို မျှော်လင့်ထားသည့်အလား ပုံမှန်သာဖြစ်၏။ ထို့ကြောင့် သူတို့က ရုတ်တရက် ဤဆေးပစ္စည်းများအားလုံးသည် အလွန် လွယ်ကူရိုးရှင်းသည်ဟု ထင်ယောင်ထင်မှားပင် ဖြစ်လာကြသည်။
သို့ရာတွင် လက်တွေ့၌ သူတို့အားလုံးသည် ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားလည်ကြ၏။ ဆေးဖော်စပ်သည့် ပညာရပ်အား ယခုမှစတင်လေ့လာသူတစ်ယောက်ဖြစ်ပါက ထိုစာများအား ဖတ်နေရခြင်းသည် ဘာသာရေးကျမ်းစာတစ်ခုအား ဖတ်နေရသကဲ့သို့ ခံစားရမည်ဖြစ်ပြီး နားလည်ရခက်သကဲ့သို့ မှတ်မိရန်လည်း ခက်ပေသည်။
“ဒါ မဖြစ်နိုင်ဘူး။ ကျင်းယွင်ကျောင်း၊ မင်းက အဖြေတွေကို ကြိုသိနေတာ မဟုတ်လား။ မင်းက သေချာပေါက် လှည့်စားနေတာပဲ မဟုတ်လား”
ချွေ့ကျွင်းသည် စန်းရန်၏ သေလုနီးပါး နာကျင်နေသော အမူအယာကိုမြင်သောအခါ ချက်ချင်းထရပ်၍ သူမအား ကာကွယ်ပေးလိုက်၏။
သူမ၏ အမူအယာသည် ကျင်းယွင်ကျောင်းက သူမအား ကိုယ်ထိလက်ရောက် ဖြတ်ရိုက်လိုက်သည့်အလား ဖြစ်နေသည်။
သူမ မည်သည့်နေရာ၌ အမှားလုပ်မိသနည်း။
ကျင်းယွင်ကျောင်းသည် သူမ၏ နေရာလွတ်နယ်မြေနှင့် ဝိညာဥ်ကျောက်စိမ်းကြောင့် တစ်ပန်းသာသွားခြင်းဖြစ်သော်လည်း သူမသည် ထိုအရာများကို အကြောင်းအရင်း မရှိဘဲ လွဲပြောင်းရရှိခဲ့ခြင်း မဟုတ်ပေ။ သူမသည် ထိုဝိညာဥ်ကျောက်စိမ်းမှ စာများကို စုပ်ယူသည့်အချိန်တိုင်း မခံမရပ်နိုင်အောင် နာကျင်ခံစားရ၏။ သူမသည် နာကျင်မှုကို မရေမတွက်နိုင်အောင် သည်းခံခဲ့ရပြီးဖြစ်သော်လည်း အနာဂတ်၌ ထိုနာကျင်မှုက ပို၍ တိုးလာနိုင်ဖွယ်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ထိုမှတ်ဥာဏ်များကို အလွယ်တကူ စုပ်ယူရရှိခဲ့ခြင်း မဟုတ်ပေ။ ထို့အပြင် သူမသည် ထိုမှတ်ဥာဏ်များနှင့် နေသားတကျ ဖြစ်စေရန်အတွက် အချိန်အများကြီးပေး၍ ကြိုးစားနေရဆဲ ဖြစ်သည်။ အကယ်၍ သူမသာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းနည်းသူတစ်ယောက်ဖြစ်ပါက ယခုအချိန်တွင် ဤနေရာသို့ ရောက်လာလိမ့်မည် မဟုတ်။
ထို့အပြင် စန်းရန်သာ လောဘမကြီးပါက သူမသည် ယှဥ်ပြိုင်ရန်အတွက် ရွေးခြယ်ခဲ့လိမ့်မည် မဟုတ်ပေ။
Chapter 356 : ကြီးနိုင်ငယ်ညှင်း
ကျင်းယွင်ကျောင်းက ချွေ့ကျွင်းအား အမှုမထားဟန်ဖြင့် ကြည့်လိုက်ပြီး သူမ၏ ထိုင်ခုံပေါ်၌ အလွန်အမင်း ခံ့ညားသောဟန်ပန်ဖြင့် ခပ်မတ်မတ်ထိုင်လိုက်၏။ ထို့နောက် သူမက အေးစက်စက်ရယ်၍ ပြောလာသည်။
“ဒါဆိုရင် မေးခွန်းထုတ်တဲ့သူတွေက ကျွန်မကို အဖြေတွေ ကြိုပြီး ပြောပြထားတယ်လို့ ရှင်က ရွဲ့ပြောလိုက်တာလား”
အကဲဖြတ်ဒိုင် ကိုးယောက်အနက် သုံးယောက်မှာ မေးခွန်းထုတ်ရာ၌ ပါဝင်ပြီး သူတို့သည် သူတို့၏ သက်ဆိုင်ရာနယ်ပယ်အလိုက် ဂုဏ်သတင်း အလွန်ကြီးမားသူများဖြစ်ကြရာ သူတို့သည် တပည့်အငယ်လေးတစ်ယောက်အား မေးခွန်းများ ပေးစရာအကြောင်းမရှိဘဲ ထိုတပည့်အငယ်လေးသည် သူတို့လေးစားရသည့် အကြီးအကဲရှု လွှတ်လိုက်သူဖြစ်လျှင်တောင်မှ ခြွင်းချက်မရှိပေ။
လက်တွေ့၌ ထိုအကြီးအကဲများအားလုံးသည် ဂုဏ်သိက္ခာ ကြီးမားကြသူများဖြစ်၍ အကြီးအကဲအချို့က လူ့သဘာဝအလျောက် လောဘရှိလျှင်တောင်မှ အများစုသည် ဆေးပညာလောက၌ ရိုးသားဖြောင့်မတ်သူများ ဖြစ်ကြသည်။ ဆေးပညာသည် လူ့အသက်အား ကယ်တင်နိုင်သလို အန္တရာယ်လည်း ပြုနိုင်သည်ဖြစ်ရာ ထိုအကြီးအကဲများသည် ဆေးပညာရပ်ကို စတင်သင်ကြားသည့် တစ်ချိန်တည်းမှာပင် ကိုယ်ကျင့်တရားနှင့် ရိုးသားဖြောင့်မတ်မှုကိုလည်း သင်ကြားခဲ့ရ၏။
သို့ရာတွင် လူ့အချို့သည် မကြာခဏ တရားပျက်တတ်ကြသည်မှာ အသိအသာပင်ဖြစ်၍ နာမည်ကျော်ကြားမှုနှင့် ကံကောင်းမှု နှစ်မျိုးစလုံးကို တွေ့ကြုံ ခံစားဖူးသူများသည် ပို၍ ပျက်စီးလွယ်သည်။
သို့သော် ယခု ဤနေရာ၌ရှိကြသော အကဲဖြတ်ဒိုင်သုံးဦးသည် ကိုယ်ကျင့်တရားဖြောင့်မတ်သူများဖြစ်ကြ၍ ထိုသို့မဟုတ်ပါက လူတိုင်းက သူတို့အား အကဲဖြတ်ဒိုင်များအဖြစ် ရွေးခြယ်ကြလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကျင်းယွင်ကျောင်း၏ စကားဆုံးသည်နှင့် အကဲဖြတ်ဒိုင်သုံးဦးသည် မျက်နှာပျက်သွား၍ ချွေ့ကျွင်းအား ဒေါသတကြီး ကြည့်လိုက်ကြသည်။
“ငါတို့သုံးယောက်က အစကတည်းက ပြိုင်ပွဲနဲ့ မဆိုင်တာကို တစ်ခါမှ မပြောခဲ့ကြဘူး။ ဒါတင်မကဘူး၊ ပြိုင်ပွဲနဲ့ မဆိုင်တဲ့သူကိုတောင် စကားမပြောခဲ့ကြဘူး၊ ဒါဆိုရင် ကျင်းယွင်ကျောင်းက ဘယ်လိုလုပ်ပြီး လှည့်စားနိုင်မှာလဲ။ ချွေ့ကျွင်း၊ မင်း စကား မပြောခင်မှာ မင်းရဲ့စကားလုံးတွေကို ဂရုတစိုက် စဥ်းစားချင့်ချိန်တာ ပိုကောင်းမယ်”
အကဲဖြတ်ဒိုင်များထဲမှ တစ်ယောက်က ဒေါသတကြီးပြောလိုက်၏။
ချွေ့ကျွင်းသည် မောက်မာသည့် စရိုက်ရှိသူဖြစ်သော်လည်း သူသည် ထိုစရိုက်ကို ရွယ်တူများအပေါ်၌သာ ထုတ်ပြရဲ၍ ယခုကဲ့သို့ အရှိန်အဝါကြီးမားသည့် နာမည်ကျော် အကြီးအကဲများနှင့်ရင်ဆိုင်ရသောအခါ စောဒက မတက်ရဲပေ။
ထို့ကြောင့် ရလဒ်အနေဖြင့် ချွေ့ကျွင်း၏ မျက်နှာတစ်ခုလုံးသည် ရှက်ရွံ့မှုကြောင့် နီရဲလာပြီး ကပျာကယာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် အဲ့လို ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး”
ထိုအခါ ကျင်းယွင်ကျောင်းက ချွေ့ကျွင်းအား စိတ်ထဲမှ ကြိတ်၍ လှောင်ရယ်လိုက်ပြီးနောက် တွေးလိုက်၏။
ချွေ့ကျွင်းက တကယ့်ကို ကြီးနိုင်ငယ်ညှင်း စရိုက်ရှိတဲ့သူပဲ။ အားနည်းတဲ့သူတွေကိုပဲ အနိုင်ကျင့်ရဲတာ၊ အားကြီးတဲ့သူနဲ့ ရင်ဆိုင်ရတော့ ကြောက်နေရော။
“ဒါဆိုရင် ရှင့်စကားက ဘာအဓိပ္ပါယ်လဲ။ ကျွန်မကို ဘယ်သူကမှ အဖြေတွေ ကြိုမပေးဘူးဆိုရင် ကျွန်မက ဘယ်လိုလုပ်ပြီး လှည့်စားရမှာလဲ။ ရှင်က ကျွန်မကို လှည့်စားတယ်လို့ ပြောခဲ့တာဆိုတော့ ရှင် အဲ့လိုပြောရတဲ့ အကြောင်းအရင်းကို ပြန်ဖြေရှင်းသင့်တယ် မဟုတ်လား။ ဒါမှမဟုတ် ရှင်က ကျွန်မရဲ့အဖြေတွေကို အသရေ ဖျက်ချင်လို့ သွေးပူနေတဲ့အချိန်မှာ ရမ်းရမ်းကားကား ပြောလိုက်တာလား”
ကျင်းယွင်ကျောင်းက ပြန်လည်ချေပလိုက်ပြီး သူမသည် ချွေ့ကျွင်းအား လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
ထိုအချိန်၌ ချွေ့ကျွင်း အကြပ်တွေ့နေသည်ကို မြင်သောအခါ ကျီရှန်းရှန်းက ခပ်သွက်သွက် ဝင်ပြောလာသည်။
“ချွေ့ကျွင်းက နင် အရမ်းတော်တာကို မြင်တော့ မယုံနိုင်ဖြစ်သွားပြီး သွေးပူနေတုန်းမှာ ဒီစကားတွေကို ဘာသဘောမှမပါဘဲ ပြောမိသွားတာပါ။ နင် ဘာလို့ သူ့ကို အခက်တွေ့အောင် လုပ်နေတာလဲ”
သူမသည် ကျင်းယွင်ကျောင်းကို မမုန်းတော့သော်လည်း ချွေ့ကျွင်းကိုမူ ချစ်မြတ်နိုးနေဆဲပင်။
ကျင်းယွင်ကျောင်းအတွက်မူ ကိုယ်သဘောကျနှစ်သက်သူတစ်ယောက်အတွက် ဟောင်ဖွာဟောင်ဖွာနှင့် ဘက်လိုက်ပြောဆိုတတ်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
ယခင် ချွေ့ကျွင်း၏ အနီးနား၌ မရှိခင်က ကျီရှန်းရှန်း၏ အမူအကျင့်များနှင့် အပြုအမူများသည် သာမန်လူတစ်ယောက်ကဲ့သို့သာ ဖြစ်သော်လည်း ချွေ့ကျွင်း၏ အနီးသို့ ရောက်သောအခါ သူမ၏ သဘောထားသည် လုံးဝ ပြောင်းပြန် ဖြစ်သွား၍ ကျင်းယွင်ကျောင်းနှင့် သူမ၏ ကြားရှိ ဆက်ဆံရေးကိုပင် လျစ်လျူရှုပစ်နိုင်သည်။ ထို့ကြောင့် ကျီရှန်းရှန်းသည် ပြိုင်ပွဲပြီးသောအခါ သူမအား လာရှာ၍ ဘာမှမဖြစ်သကဲ့သို့ ပြုမူဆက်ဆံလိမ့်မည် ဖြစ်ကြောင်း ကျင်းယွင်ကျောင်း လောင်းကြေး ထပ်လိုက်ချင်၏။
ထိုအချက်ကြောင့် ကျီရှန်းရှန်းသည် အခြေခံအားဖြင့် စိတ်ကစဥ့်ကလျား ဖြစ်နေသူတစ်ယောက်ပင်။
ထိုအခါ ကျင်းယွင်ကျောင်းက ဆွံ့အသွား၍ ကျီရှန်းရှန်းအား စိုက်ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“ကျီရှန်းရှန်း၊ နင် ရူးသွားပြီလား”
ကျင်းယွင်ကျောင်းသည် တစ်ပါးသူ၏ အားနည်းချက်ကို ဘယ်သောအခါမှ ထုတ်ဖော်မပြောတတ်သကဲ့သို့ အခြားသူများအား စော်ကားဆဲဆိုခြင်းလည်း အလွန်ရှားပါး၏။ သို့ရာတွင် ယခုအချိန်၌ သူမလည်း စိတ်မထိန်းနိုင်တော့ပေ။
‘ချစ်မိသွားသော အမျိုးသမီးများအားလုံးသည် သူရူးများဖြစ်ကြသည်’ ဟူသော ဆိုရိုးစကားသည် အကြောင်းမဲ့သက်သက် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ၊ အထူးသဖြင့် ကျီရှန်းရှန်းကဲ့သို့သော စရိုက်ရှိသည့်လူမျိုးများကို အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“နင် ငါ့ကို ဘာလို့ ဆူနေတာလဲ။ နင် မကျေနပ်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ့လား”
ကျီရှန်းရှန်းက မျက်မှောင်ကြုံ့၍ ပြောလိုက်သော်လည်း သူမသည် ကျင်းယွင်ကျောင်းအား စိတ်မဆိုးပေ။
အကယ်၍ ယခင်အချိန်သာဖြစ်ပါက သူမသည် လက်သီးလက်မောင်းတန်း၍ ကျင်းယွင်ကျောင်းနှင့် ရန်သွားဖြစ်လိမ့်မည်။ သို့ရာတွင် ကျင်းယွင်ကျောင်းနှင့် နှစ်ရက်၊ သုံးရက်ခန့် အချိန်ဖြုန်းပြီးနောက် ကျင်းယွင်ကျောင်း၏ အကျင့်စရိုက်သည် တည်ငြိမ်၍ ဒေါသထွက် လွယ်သူတစ်ယောက် မဟုတ်ကြောင်း သူမ သိလာခဲ့သည်။ ထိုမျှသာမက ကျင်းယွင်ကျောင်းသည် စိတ်သဘောထားသေးသိမ်သူ မဟုတ်ဘဲ အသေးအဖွဲ့ကိစ္စလေးများကြောင့် ရန်မဖြစ်တတ်ကြောင်းကိုလည်း ကျီရှန်းရှန်း သိလာခဲ့၏။ သို့သော် သူမ၏ ရန်သူများအား ကိုင်တွယ် ဖြေရှင်းရာတွင်တော့ သိသိသာသာ ကွဲခြားသည်။
ထိုအခါ ကျင်းယွင်ကျောင်းက သူမအား တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလာ၏။
“နင်က ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစေချင်နေတာလား။ ကောင်းပြီလေ၊ ဒါဆို ငါ နင့်အတွက် ပြောပြမယ်။ ငါ သူ့ရဲ့စကားတွေကို အထအန ကောက်ပြီး သူ့ကို အလွတ်မပေးတာက ငါ သူ့ကို မုန်းလို့ လုပ်နေတာပဲ။ ဘာလို့လဲဆိုတော့ ဒါက စည်းမျဥ်းပဲလေ။ သူက အရင်ဆုံး အရှက်မရှိတဲ့ စကားတွေကို စပြောပြီးတော့ သူ့ရဲ့အကျင့်စရိုက်က ဘယ်လောက်အောက်တန်းကျတယ်ဆိုတာကို ထုတ်ပြလိုက်တာ။ သူ့ကို အကြီးအကဲတွေက ရှုတ်ချပြီးတာတောင် သူက ငြင်းနေတုန်းပဲဆိုတာက သူရဲ့မရင့်ကျက်မှုကို ထုတ်ပြနေတာပဲ။ နင် ကိုယ်တိုင် ကြည့်လိုက်စမ်းပါ။ ငါက စန်းရန်ကို ဘာမှတောင် မလုပ်ရသေးဘူး၊ သူက စန်းရန်ကို ကာကွယ်ဖို့အတွက် သူရဲကောင်းကြီးတစ်ယောက်လို ကမူးရှူးထိုး ထွက်လာပြီးသားပဲ။ ပြီးတော့ သူက လောဘကြီးရုံတင်မကဘူး၊ နင်က သူ့အတွက် ရှေ့ထွက်ပြီးတော့ ကာကွယ်ပေးတာကို မြင်တုန်းကကျ သူ ဘာတစ်ခွန်းမှ မပြောခဲ့ဘူး၊ ဒါက သူ့ရဲ့အမြင်အာရုံမှာ ပြဿနာရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတာပဲ။ ဒါကြောင့် သူက နင့်ရဲ့ မျက်ကန်းတစ္ဆေမကြောက် ကာကွယ်မှုတွေကနေ သူ အကျိုးအမြတ် ရ၊ မရကိုပဲ တွက်နေပြီးတော့ နင့်ရဲ့ဂုဏ်သိက္ခာ ထိခိုက်မှာကိုကျ လုံးဝလျစ်လျူရှုထားတယ်လေ။ ကျီရှန်းရှန်း၊ နင် အသိတရားရအောင်လို့ ငါ ထပ်ပြောရဦးမှာလား”