← Chapters

အခန်း (၃၅၇-၃၆၀)

Vol. 18 Ch. 357-360

အခန်း (၃၅၇-၃၆၀)

Vol. 18 Ch. 357-360

Chapter 357 : တုံးအသူ

ချွေ့ကျွင်းသည် စန်းရန်အား အကူအညီပေးရန်ကြိုးစားနေသည်ဟု ဆိုသော်လည်း တကယ်တမ်း သူသည် သူ၏ နှလုံးသားထဲရှိ အချစ်ဦးအား ကာကွယ်ပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း လူတိုင်းပြောနိုင်၏။ ထို့အပြင် သူ၏ အချစ်ဦးသည် အမှန်တကယ်ပင် သူ၏ ဝမ်းကွဲအစ်မ ဖြစ်သည်။ သူသည် အချစ်ဦးအား တိတ်တခိုးသာ ချစ်မြတ်နိုးရမည်ဟု ကံတရားက ကြိုတင် သတ်မှတ်ပေးထားသည့် အဓိပ္ပါယ်ပင်။ သူမသည် အမြဲတမ်း သူ၏ ကာကွယ်စောင့်ရှောက်မှုနှင့် မေတ္တာတရား၏ အရိပ်အောက်တွင်သာ ရှိနေမည် ဖြစ်သော်လည်း သူမအား သူတော်စင်မ တစ်ပါးကဲ့သို့ မှဲ့တစ်ပေါက် မစွန်းစေရဘဲ ထာဝရစောင့်ရှောက်ရမည် ဖြစ်သည်။

အမျိုးသမီးတစ်ယောက်သည် အမျိုးသားတစ်ယောက်၏ နှလုံးသားထဲတွင် ထိုကဲ့သို့နေရာတစ်ခု ရရှိထားပါက ထိုအမျိုးသား၏ မျက်လုံးထဲ၌ အခြားသူများကိုလည်း စွန့်လွှတ်နိုင်သွား၏။

စန်းရန်သည် အလွန်ထက်မြက်သည်။ သူမသည် ချွေ့မိသားစု၏ အရိပ်အောက်တွင် နေထိုင်သောကြောင့် ထိုမိသားစုက သူမအား ခွဲခြားဆက်ဆံကြလိမ့်မည်ဖြစ်ကြောင်း သူမ နားလည်သည်။ ထို့ကြောင့် သူမသည် ပထမဆုံးအနေဖြင့် ချွေ့ကျွင်း၏ နှလုံးသားကို ဖမ်းစားနိုင်ရန် ကြိုးစားခဲ့ပြီး ချွေ့ကျွင်း၏ ပြောင်းလဲလာမှုများသည် သူမအတွက် ထိန်းချုပ်ရန် အလွယ်ဆုံး ဖြစ်လာခဲ့၏။ ထိုအချိန်မှစ၍ ချွေ့မိသားစုထဲ၌ သူမ၏ နေရာမှာ ပို၍ ခိုင်မြဲလာခဲ့သည်။

စန်းရန်သည် ဥာဏ်ကောင်းသော်လည်း ချွေ့မိသားစု၏ အထောက်အပံ့မရှိပါက သူမသည် ဆေးပညာရပ်များစွာကို သင်ကြားရန် အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ချွေ့မိသားစုက အပြင်လူတစ်ယောက်ကို စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ကူညီထောက်ပံ့ပေးမည်လား။ ချွေ့ကျွင်း၏ သဘောထားမပါဘဲ စန်းရန်သည် ဆေးပညာရပ်များကို လေ့လာရန်အတွက် ကိုယ်ပိုင် အစွမ်းအစရှိလိမ့်မည်ဟု ကျင်းယွင်ကျောင်း မယုံကြည်ပေ။

အများဆုံးအနေဖြင့် သူမသည် ချွေ့မိသားစုဝင်များ ဆေးဖော်စပ်ရာ၌ တောက်တိုမယ်ရအလုပ်များ လုပ်ကူရန်အတွက်သာ အခိုင်းခံရလိမ့်မည်။

သို့သော် ဤကဲ့သို့ သိသာထင်ရှားသည့် သက်သေများစွာရှိသော်လည်း ကျီရှန်းရှန်းသည် ချွေ့ကျွင်း၏ နှလုံးသားထဲတွင် သူမအတွက် နေရာမရှိကြောင်းကို နားမလည်နိုင်သေးပေ။

ထို့ကြောင့် ကျင်းယွင်ကျောင်း၏ စကားများကိုကြားသောအခါ သူမက ချက်ချင်း မျက်မှောင်ကြုံ့လိုက်ပြီး ...

“ချွေ့ကျွင်းက နင်ပြောသလောက်လည်း မဆိုးပါဘူး။ သူက ထက်မြက်ရုံတင်မကဘူး၊ တက်ကြွပြီး ကြည့်ကောင်းတယ်၊ ပြီးတော့ နူးညံ့သိမ်မွေ့တဲ့စရိုက်လည်း ရှိတယ်”

“ဒါပေမယ့် သူက နင့်ကို ကြင်ကြင်နာနာ ဆက်ဆံဖူးလား။ သူ နင့်ဆီက အကူအညီလိုတဲ့ အချိန်ကျမှ နင့်ကို သူ့ရဲ့ကြင်နာ သနားမှုလေး နည်းနည်းပါးပါး စွန့်ကြဲပေးတာ မဟုတ်လား။ ကျီရှန်းရှန်း၊ သူက နင့်ကို ဘယ်လိုမြင်လဲဆိုတာ နင် မသိဘူးလား။ နင်က သူ့ရဲ့ထောင်ပေါင်းများစွာသော လိုသုံးတွေထဲက တစ်ယောက်ပဲ။ အမှန်တကယ် သူ့ရဲ့စိတ်ရင်းမှန်နဲ့သာ ဆက်ဆံရင် နင်က သူ့အတွက်တော့ လုံးဝ အရည်အချင်းမရှိတဲ့ ဆန်ကုန်မြေလေးတစ်ယောက်”

ထိုအခါ ကျီရှန်းရှန်းသည် ပုံမှန်အားဖြင့် အရေထူသူတစ်ယောက်ဖြစ်သော်လည်း ချွေ့ကျွင်း၏ နှလုံးသားထဲရှိ သူမ၏ နေရာကို ပြန်လည်စမ်းစစ်၍ မေးခွန်းထုတ်ကြည့်မိသွားပြီး စိတ်ဓါတ်ကျကာ ငိုချင်လာသည်။

သို့သော် တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်းက သူမအား ဆိုးဆိုးရွားရွား အနိုင်ကျင့်နေသည်ဟု တွေးလိုက်၍ ချွေ့ကျွင်းက သူမအား သေချာပေါက် လာ၍ ကာကွယ်ပေးပြီး သူမကိုယ်စား တရားမျှတမှုကိုရှာဖွေပေးကာ လူတိုင်းအား သူမသည် သူ၏ လိုသုံးများစွာထဲမှ တစ်ယောက်မဟုတ်ကြောင်း သက်သေပြပေးလိမ့်မည်ဟု မျှော်လင့်နေမိ၏။

တကယ်တမ်း သူမသည် ငယ်စဥ်ကတည်းက မိဘများ၏ ရတနာလေးသဖွယ် အလိုလိုက် အရေးပေးခံခဲ့ရ၍ အစ်ကိုဖြစ်သူကလည်း သူမအား ကာကွယ်ပေးတတ်ရာ မည်သူက လိုသုံးဟု ခေါ်ရဲမည်နည်း။

ထို့ကြောင့် ကျီရှန်းရှန်းသည် အတွေးဆုံးသည်နှင့် နှုတ်ခမ်းစူလိုက်ပြီး ချွေ့ကျွင်းဆီမှ နှစ်သိမ့်ခံရရန် မျှော်လင့်၍ လှည့်ကြည့်လိုက်ရာ ချွေ့ကျွင်းက စန်းရန်အား ချော့မော့နေသည်ကိုသာ မြင်လိုက်ရ၏။

ထိုအချိန်၌ ကျီရှန်းရှန်းသည် ရှာလကာရည်အိုးမှောက်ကျသွား၍ ဒေါသပေါက်ကွဲတော့သည်။

(T/N : ရှာလကာရည်က မနာလိုတာရဲ့ဘန်းစကားပါ။)

“ချွေ့ကျွင်း၊ ရှုံးတာက ရှုံးတာပဲ။ စန်းရန်က ရှုံးပြီးသားမို့လို့ ရှင် သူ့ကို နှစ်သိမ့်နေလည်း အသုံးမဝင်ဘူး။ ကျင်းယွင်ကျောင်းကို စိန်ခေါ်ရလောက်တဲ့အထိ အငြိုးထားဖို့ သူ့ကို ဘယ်သူက ပြောလို့လဲ”

ကျီရှန်းရှန်းက ဒေါသတကြီး အော်လိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက မဲ့သွားပြီး တွေးလိုက်သည်။

ချွေ့ကျွင်းက သူ့ကို အသုံးချရတာကို သဘောကျတာ အံ့သြစရာ မဟုတ်ဘူးပဲ။

တုံးလိုက်တာ။

ထိုအခါ စန်းရန်က သူမကြောင့် နစ်နာသွားသည်များကို ချက်ချင်း ထုတ်ဖော်ပြောကြားလာ၏။

“ငါ..ငါ တောင်းပန်ပါတယ်၊ ပြောင်တိ၊ ငါ ရှုံးသွားတယ်...ငါက တအားကို အသုံးမကျတာပဲ။ ပြိုင်ဖို့ သုံးခါကျန်သေးတယ်ဆိုပေမယ့် ငါက နှစ်ခါတောင် ရှုံးပြီးသွားပြီလေ...ငါ..ငါ ဘာလုပ်ရမှာလဲ”

ပြိုင်ပွဲသည် ငါးချီ ပြိုင်ရမည်ဖြစ်၍ ပထမဆုံးနှစ်ချီသည် ပြိုင်ပွဲဝင်များအား သွေးပူလေ့ကျင့်ခန်းလုပ်သည့်သဘောမျိုးဖြင့် စာနွေးပေးရုံသာဖြစ်ပြီး ကျန်သည့် သုံးချီကသာ ပြိုင်ပွဲအစစ်အမှန်ဖြစ်ကာ ဆေးဖော်စပ်သည့် နည်းလမ်းများလည်း ပါဝင်သည်။

သို့ရာတွင် တစ်ခုတည်းသော ပြဿနာမှာ လက်ရှိ စန်းရန်၌ ပြိုင်ပွဲတွင် ယှဥ်ပြိုင် အနိုင်ယူလိုစိတ်များ ပျောက်ကွယ်နေခြင်းဖြစ်၏။ လက်တွေ့၌ သူမသည် ကျင်းယွင်ကျောင်း၏ အရည်အချင်းများကြောင့် အမှန်တကယ်ပင် သွေးလန့်နေပြီး ကျန်သည့် ပြိုင်ပွဲအချီများတွင် ကျင်းယွင်ကျောင်းသည် ကြည့်ရှုသူများအတွက် မည်မျှ ထိတ်လန့်ဖွယ်ကောင်းသည့် အံ့သြချီးကျူးစရာ လုပ်ရပ်များအား ယူဆောင်လာဦးမည်ကို သူမ မသိတော့ချေ။ ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ပရိသတ်များ၏လေးစားမှုများနှင့် ချီးကျူးမှုများကို လက်ခံရရှိလိမ့်မည်ဖြစ်ကာ သူမသည်ကား ခက်ခဲသည့်အခြေအနေအတွင်း အဝေးသို့ ထွက်ပြေးသွားသည့် လူပြက်တစ်ယောက်သာ ဖြစ်လာပြီး အနာဂတ်တွင်လည်း ဆေးဖော်စပ်ခွင့် ရှိတော့မည် မဟုတ်ပေ။

“ကျွန်တော် ပြောင်ကျဲကို အပြစ်မတင်ပါဘူး။ ကျွန်တော် တကယ် အပြစ်မတင်ပါဘူး”

စန်းရန်၏ မချိတင်ကဲ ငိုကြွေးနေသံကို ကြားသောအခါ ချွေ့ကျွင်းက အလောတကြီး နှစ်သိမ့်လိုက်ပြီး ကျီရှန်းရှန်းအား အော်ဟစ်ကြိမ်းမောင်းတော့သည်။

“ကျီရှန်းရှန်း၊ မင်း ရူးသွားပြီလား။ အခု ငါ့ရဲ့ပြောင်ကျဲက ဘယ်လောက်တောင် စိတ်ဖိစီးနေတာလဲဆိုတာ မင်း မမြင်ဘူးလား။ မင်း သူ့ကို နှစ်သိမ့်ပေးဖို့ စိတ်ကူး မရှိရင်လည်း ပါးစပ်ပိတ်ထား။ မင်းရဲ့အသံကြောင့် ငါ ခေါင်းကိုက်တယ်”

သူ၏ စကားများကို ကြားသောအခါ ကျီရှန်းရှန်းသည် ရင်တစ်ချက် ဆောင့်ခုန်သွား၏။

သို့သော် ရှင်းမပြတတ်လောက်အောင်ပင် ကျီရှန်းရှန်းသည် ချွေ့ကျွင်းက သူမအား ရည်ရွယ်၍ ပြောသောစကားများကို ကြားသောအခါ အံ့သြမသွားပေ။ တကယ်တမ်း သူမသည် အတိတ်တွင်လည်း ချွေ့ကျွင်းထံမှ မကြာခဏ အငေါက်ခံခဲ့ရပြီး ထိုသို့အငေါက်ခံရသည့် အကြိမ်အများစုကလည်း စန်းရန်ကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် သူမသည် နှုတ်ခမ်းစူလိုက်ပြီး ဘာမှဆက်မပြောတော့ချေ။

သို့သော် ကျီရှန်းရှန်း၏ ဖခင်နှင့် အစ်ကိုဖြစ်သူကမူ ထိုစော်ကားမှုမျိုးကို သည်းခံပြီး လွှတ်မထားပေးနိုင်ချေ။ လက်တွေ့၌ သူတို့ပင် သူမအား မဆူရက်၊ မငေါက်ရက်သော်လည်း ယခုအခါ ချွေ့ကျွင်းကမူ သူမအား ဆူငေါက်နေရုံသာမက ဤသို့လုပ်ခြင်း

ကလည်း လူများစွာ၏ ရှေ့မှောက်တွင် ဖြစ်၏။

“ချွေ့ကျွင်း၊ မင်း အနိုင်ကျင့်နေတာကို ရပ်လိုက်ရင် ပိုကောင်းမယ်။ ငါ့သမီးက ငယ်သေးတယ်၊ ဒီလို အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အထိ မရင့်ကျက်သေးဘူး။ ဒါပေမယ့် မင်းက သူ့ရဲ့သူငယ်ချင်းပါ။ မင်းရဲ့အသိတရားကို ခွေးစားသွားတာလား”

Chapter 358 : ပြောင်ကျဲကို အပြစ်မတင်ပါဘူး

ချွေ့ကျွင်းသည် စိတ်ရှုပ်၍ ပြောချင်ရာပြောလိုက်သော်လည်း စကားပြောပြီးသည့်နောက် အဖေကျီ၏ အသံကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွား၏။ သို့သော် ယခုအချိန်၌ သူသည် ဟော့ပေါ့အိုးထဲရောက်နေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နေမထိထိုင်မသာနှင့် သောကရောက်နေသဖြင့် များများစားစား ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။

“အခု ကျွန်တော့်ဆီမှာ ကျီရှန်းရှန်းကို နှစ်သိမ့်ပေးဖို့ အချိန်မရှိဘူး။ အဲ့အကြောင်းကို နောက်မှပြောရအောင်”

ယခုအချိန်၌ သူနှင့် သူ၏ ဝမ်းကွဲအစ်မသည် ရှုံးနိမ့်သွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့် ကျီရှန်းရှန်းနှင့် အရေးမပါသည့်ကိစ္စများအားပြော၍ အချိန်ဖြုန်းချင်စိတ် မရှိပေ။

သူ၏ ဝမ်းကွဲအစ်မသည် အမြဲတမ်း ကောင်းကင်ဘုံမှ ကောင်းချီပေးခံရသူဖြစ်၍ ထူးချွန်ထက်မြက်ပြီး ဤကဲ့သို့ တစ်ခါမှ မပြိုလဲဖူးခဲ့။

ယခုကဲ့သို့ သူမ ရှက်ရွံစွာဖြင့် ငိုကြွေးနေသည်ကို မြင်သောအခါ သူ၏ နှလုံးသားက သေလောက်အောင်ပင် တဆစ်ဆစ် နာကျင်ကိုက်ခဲနေသည်။ သို့သော် ကျီရှန်းရှန်းက သူမအား နှစ်သိမ့်ပေးမည့်အစား အခြေအနေကို ပိုဆိုးအောင် လုပ်နေ၏။ စန်းရန်သည် သူ၏ ဝမ်းကွဲအစ်မဖြစ်ရာ သူမအား မျက်နှာသာပေး၍ ချော့မော့ရန် သူ့တွင် တာဝန်ရှိသည်။

“နောက်မှပြောရအောင် ဟုတ်လား။ ချွေ့ကျန်းရှန်း၊ ခင်ဗျားရဲ့ အံ့သြစရာကောင်းတဲ့ သားကို ကြည့်ပါဦး”

အဖေကျီက ဒေါသတကြီးပြောလိုက်၏။

ဖခင်ဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ ကျီရှန်းရှန်းသည် ဥပေက္ခာ မပြုနိုင်တော့ဘဲ ကပျာကယာပြေး၍ သူ၏ အင်္ကျီစကို ဆွဲပြီး ပြောလိုက်သည်။

“ဖေဖေ၊ စိတ်မဆိုးပါနဲ့...”

ထိုအချိန်၌ ချွေ့ကျွင်း၏ ဖခင်ဖြစ်သည့် ချွေ့ကျန်းရှန်းသည်လည်း မျက်နှာပျက်နေ၏။

သူသည် ပြိုင်ပွဲ နှစ်ချီဆက်တိုက် ရှုံးနိမ့်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် သူ၏ ရင်ထဲ၌ မကျေမနပ်ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်။

ထို့အပြင် သူသည်လည်း စန်းရန်အား ချော့မော့နှစ်သိမ့်နေသည့် ချွေ့ကျွင်း၏ သဘောထားကို မကျေနပ်ပေ။ စန်းရန်သည် ငိုကြွေးရန်အတွက်ပင် အရည်အချင်း မပြည့်မီချေ။ သို့သော် ကျန်ရှိနေသည့် ပြိုင်ပွဲ သုံးခုအကြောင်းကို တွေးမိသောအခါ သူသည် သားဖြစ်သူအား အပြစ်တင်နေခြင်းကို ရပ်လိုက်ပြီး စန်းရန်အား စိတ်ငြိမ်စေရန် နှစ်သိမ့်ပေးနေခြင်းက ဉာဏ်ပြေးသော ရွေးခြယ်မှုဟုပင် တွေးလိုက်သည်။

သာမန်အားဖြင့် သူတို့၏ မိသားစုသည် ဂျင်စင်းပြတ်လပ်နေခြင်း မဟုတ်သောကြောင့် ဂျင်စင်းတစ်ခုက အရေးမပါသော်လည်း ကျင်းယွင်ကျောင်း၏ လက်ထဲရှိ ဂျင်စင်းကမူ မတူ။ ၎င်းသည် အလွန်ဆေးဖက်ဝင်ရုံသာမက ပြန်လည်ရောင်းချလျှင်လည်း စျေးအလွန်မြင့်မည်မှာ အသေအချာပင်။

ထို့ကြောင့် အဖေကျီက အော်ဟစ်ကြိမ်းမောင်းလိုက်သော်လည်း ချွေ့ကျန်းရှန်းက တုန်လှုပ်မသွားဘဲ ပြန်ဖြေလိုက်သည်။

“ဒါက ကလေးတစ်ယောက် စိတ်ဆိုးတုန်း ပေါက်ကွဲတာလေးပါပဲ။ အတည်ယူမနေပါနဲ့။ ပြီးတော့ ဒီအချိန်မှာ ရှန်းရှန်းကလည်း အမှားလုပ်ခဲ့တာပဲလေ။ ရန်အာက ခဏနေရင် ထပ်ပြီး ပြိုင်ပွဲဝင်ရမှာ။ သူ စိတ်ထိခိုက်သွားပြီး ထပ်ရှုံးသွားရင် ကျုပ် ဘာလုပ်ရမှာလဲ”

ထိုစကားကို ကြားသောအခါ အဖေကျီသည် မွန်းကြပ်ကြပ်ဖြစ်သွား၍ မသက်မသာ ခံစားလိုက်ရပြီး ချွေ့မျိုးနွယ် သားအဖနှစ်ယောက်ကို ကြည့်၍ မသိမသာ အံကြိတ်လိုက်သည်။

သူသည် သမီးဖြစ်သူအား အလွန်ချစ်၏။ အနာဂတ်၌ မည်သို့ပင်ဖြစ်လာစေကာမူ သူသည် ထိုကဲ့သို့သောလူမျိုးများကို သူမအား စော်ကားခွင့်မပေးနိုင်ပေ။

ယခင်ကမူ သူသည် သမီးဖြစ်သူက နှစ်သက်နေသရွေ့ အဆင်ပြေသည်ဟု တွေးခဲ့သော်လည်း ယခုအခါ ငယ်စဥ်ကပင် ဤသို့ဖြစ်ပျက်နေရာ သူမ အရွယ်ရောက်လာသောအခါ ပိုဆိုးလာလိမ့်မည်ဟု တွေးလိုက်မိသည်။

ထို့ကြောင့် အဖေကျီသည် သမီးဖြစ်သူ၏ လက်အား စိုးရိမ်ထိတ်လန့်နေသော အမူအယာဖြင့် ဆတ်ခနဲဆွဲလိုက်၏။ ကျီရှန်းရှန်းသည်လည်း ဖခင်ဖြစ်သူ ဤကဲ့သို့ဖြစ်နေသည်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရ၍ ချွေ့ကျွင်းအား ဆက်ပြီး မကူညီရဲတော့ပေ။

သူမသည် ချွေ့ကျွင်းအား သဘောကျသော်လည်း သူမ၏ ဖခင်နှင့် အစ်ကိုဖြစ်သူကမူ သူမ၏သွေးသားရင်းချာများဖြစ်ရာ ချွေ့ကျွင်းက သူတို့နှင့် မယှဥ်နိုင်ပေ။

ထို့နောက် အခြေအနေသည် တဖန်ပြန်၍ ငြိမ်သက်သွားပြီး နှစ်ဖက်လုံး ခေတ္တနားသွားကြကာ နောက်တစ်ချီ ပြိုင်ပွဲဝင်ရန်အတွက် ပြင်ဆင်ကြတော့သည်။

“ပြောင်ကျဲ၊ ကိုယ့်ကိုကိုယ် ယုံကြည်ရမယ်နော်။ အစောပိုင်းတုန်းက ပြိုင်ခဲ့တာတွေက အခြေခံတွေပဲ၊ ကျင်းယွင်ကျောင်းက ကံကောင်းနေလို့ပါ။ သူက အဲဒါတွေကို သင်ဖူးပြီးသား ဖြစ်နိုင်တယ်လေ။ စိတ်ထဲမထားပါနဲ့၊ အကောင်းဆုံးလုပ်နော်။ ကျွန်တော် ပြောင်ကျဲကို အပြစ်မတင်ပါဘူး”

ချွေ့ကျွင်းက သဘောထားကြီးစွာဖြင့် ပြောလိုက်ပြီး သူ၏ ရင်ထဲရှိ အချစ်ဦးအား ပြောဆိုဆက်ဆံရာတွင် အဆုံးမရှိသော နူးညံ့ညင်သာမှုများဖြင့် ပြည့်နေ၏။

ထိုအခါ စန်းရန်က သူ့အား အပြင်ပန်း၌ ခပ်ဖျော့ဖျော့သာ ပြုံးပြလိုက်သော်လည်း စိတ်ထဲကမူ လှောင်ရယ်လိုက်သည်။

ထိုစကားများသည် ကြားကောင်းရုံသာ ပြောနေခြင်းဖြစ်၍ သူမသာ အမှန်တကယ် ရှုံးနိမ့်သွားပါက ချွေ့ကျွင်းက အပြစ်မတင်လျှင်တောင် သူမ၏ ဦးလေးဖြစ်သူက သေချာပေါက် အပြစ်တင်လိမ့်မည်။ လက်တွေ့၌ ချွေ့မိသားစုသည် သားတစ်ယောက်တည်းသာရှ်ပြီး ချွေကျွင်းသာ မိသားစု၏ စီးပွားရေးလုပ်ငန်းကို မဆက်ခံနိုင်ပါက ချွေ့မိသားစုတစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မည်ဖြစ်သည်။

ထို့အပြင် သူမက ထိုဂျင်စင်းကို လိုချင်၍ ပြိုင်သည်ဟု ဆိုသော်လည်း သူမသာ ထိုအခွင့်အရေးကို လက်လွှတ်လိုက်ပါက ဦးလေးဖြစ်သူသည် သူမအား သေချာပေါက် ချွေ့မိသားစုထဲမှ ကန်ထုတ်ပစ်လိမ့်မည်။

ထိုမျှသာမက ချွေ့ကျွင်းသည် ဤကိစ္စကို များများစားစား စိတ်မဝင်စားသည့်အလျောက် သူ၏ အရည်အချင်းမှာ သာမန်သာဖြစ်၍ သူသည် ချွေ့မိသားစုမှလွဲလျှင် နိုင်နိုင်ရှုံးရှုံး ဂရုမစိုက်သော်လည်း သူမကမူ မတူပေ။

နင်ကတော့ တကယ်ကို စိတ်အေးလက်အေးနဲ့ မတ်တပ်ရပ်ပြီး သည်လို ပြောနေနိုင်တာပေါ့လေ။

Chapter 359 : ပြီးဆုံးသည်အထိ လုပ်ဆောင်နိုင်ခြင်း

စန်းရန်သည် စိတ်ထဲ၌ ကြိတ်၍ အငြိုးထားနေသော်လည်း အပြင်ဘက်တွင်မူ ထုတ်မပြောရဲချေ။ ထို့ကြောင့် သူမသည် စိတ်ငြိမ်စေရန်အတွက် ရေအနည်းငယ်သောက်လိုက်ပြီး နောက်လာမည့် ပြိုင်ပွဲအတွက် စတင်ပြင်ဆင်တော့သည်။

သူမသည် ကျန်ရှိနေသော ဆေးဖော်စပ်သည့် ပြိုင်ပွဲများကို တစ်ပွဲမှ ရှုံး၍မရပေ။ သူမ တစ်ပွဲရှုံးသည်နှင့် အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ဉာဏ်ကောင်းသဖြင့် ဆေးပင်များကို ခွဲခြား မှတ်မိနိုင်သော်လည်း ဆေးဖော်စပ်နည်းကိုမူ သိနိုင်မည် မဟုတ်ချေ။ သို့သော် သူမက ထိုပညာရပ်ကို မကျွမ်းကျင်သေးသော်လည်း သူမနှင့် ရွယ်တူများထဲ၌ အတော်ဆုံးဖြစ်၍ သေချာပေါက် အနိုင်ရရှိပေလိမ့်မည်။

စန်းရန်သည် အနည်းငယ် အထိခိုက်မခံနိုင်သည့်ပုံပေါ်နေသော်လည်း ကျင်းယွင်ကျောင်းကမူ တည်ငြိမ်လှ၏။ သို့သော် အခြေအနေက အလွန်အမင်း တင်းမာနေသည်။

လူအများစုက စန်းရန်သည် ရုတ်တရက် တန်ပြန်တိုက်ခိုက်၍ အရှုံးမှ အနိုင်သို့ ပြောင်းပြန်လှန်ပစ်လိုက်မည်ဟု မျှော်လင့်နေကြ၏။

ပြိုင်ပွဲဝင်များ၏ အရှေ့၌ ဆေးဖော်စပ်သည့် ပစ္စည်းကိရိယာမျိုးစုံကို ချပေးထားသည်။ နှစ်ယောက်လုံးသည် စင်ရှေ့၌ မတ်တပ်ရပ်နေကြ၍ မကြာမီ လူတစ်ယောက်သည် ယနေ့ ဆေးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုရမည့် ပစ္စည်းတစ်ခုဖြစ်သည့် အဖုံးပါသော သေတ္တာအရှည်ကြီးတစ်ခုကို ယူလာသည်။

ထို့နောက် အပေါ်မှ အုပ်ထားသည့် ပိတ်စအနီရောင်ကို လှပ်လိုက်ရာ အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် အရာတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။

စန်းရန်နှင့် ကျင်းယွင်ကျောင်းတို့ နှစ်ဦးစလုံးသည် မိန်းကလေးများဖြစ်ကြသည်။ များသောအားဖြင့် ဆေးပညာလောက၌ အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ အားနည်းကြ၏။ ယခု သူတို့၏ရှေ့၌ မြွေပွေးများရှိနေပြီး ထိုမြွေများကို ငါးဆွေ့ခုန်မြွေ သို့မဟုတ် ပိုင်ဟွားမြွေဟု ခေါ်ကြသည်။ ၎င်းတို့သည် အလွန်အမင်း မသတီစရာကောင်း၍ အဆိပ်ပြင်း၏။

သို့ရာတွင် ငါးဆွေ့ခုန်မြွေ၏ ကိုယ်တွင်းကလီစာများမှာ ဖယ်ထားပြီးသားဖြစ်၍ ခြောက်သွေ့နေသည့် ကိုယ်ထည်တစ်ခုသာဖြစ်ကာ ရုတ်တရက် ထပေါက်လိုက်မည်ကို စိုးရိမ်နေစရာမလိုပေ။

၎င်းမှာ အကြေးခွံများဖုံးထားသည့် မြွေသေတစ်ကောင်သာဖြစ်သည်။

တကယ်တမ်း၌ ကျင်းယွင်ကျောင်းသည် အသက်မကြီးသေးပေ။ ယခင် ဘဝဟောင်းရှိခဲ့သော်လည်း သူမသည် ထိုဘဝ၌ အသက်နှစ်ဆယ်ကျော်ခန့်သာ နေခဲ့ရ၏။ ထို့ကြောင့် သူမသည် ဤကဲ့သို့သောအရာများနှင့် ရင်ဆိုင်ရသောအခါ မကြောက်ဘဲ မနေနိုင်ချေ။ သို့သော် ထိုအခြင်းအရာက အကြီးအကဲရှုနှင့် မတွေ့ခင်အချိန်အထိသာ ဖြစ်၏။

သူမသည် အကြီးအကဲရှု၏ ခြံဝန်း၌ နေသည့်အချိန်အတွင်း မြွေမျိုးစုံကို မြင်ခဲ့ရပြီး အချို့မြွေများက အရှင်များဖြစ်သည်။ သူမသည် ထိုမြွေများအား အရေခွံချွတ်ရန်အတွက် တာဝန်ယူခဲ့ရပြီး မည်မျှကြောက်ရွံ့နေစေကာမူ ကြိုးစား၍ ကျော်ဖြတ်ခဲ့၏။

ထို့ကြောင့် သူမသည် ခေတ္တသာ မျက်မှောင်ကြုံ့ကြည့်လိုက်၍ ထိုမြွေအခြောက်အား လှမ်းယူလိုက်သည်။

သို့သော် သူမ၏ ဘေးရှိ စန်းရန်ကမူ တုန်ယင်နေ၏။

သူမသည် ဆေးဖော်စပ်သည့် ပညာရပ်အား အမှန်တကယ် သင်ယူခဲ့ဖူးသော်လည်း အပင်များကိုသာ အများဆုံး အသုံးပြုခဲ့သည်။ သူမသည် အခြားသူများက မြွေများဖြင့် ဆေးဖော်နေသည်ကို မြင်ဖူးသော်လည်း ထိုအရာသည် ရွံစရာကောင်းလွန်းသဖြင့် သူမကိုယ်တိုင်ကမူ တစ်ခါမှ မကြိုးစားကြည့်ခဲ့ပေ။

သို့သော် ကျင်းယွင်ကျောင်းက စတင်လှုပ်ရှားလိုက်ပြီဖြစ်ရာ သူမ မည်သို့ နောက်ကျကျန်ခဲ့နိုင်မည်နည်း။

ထို့ကြောင့် စန်းရန်သည် အားတင်း၍ မြွေကို လှမ်းယူလိုက်သည်။

ဤနေရာ၌ ရှိနေသည့် ငါးဆွေ့ခုန်မြွေသည် နှစ်ကျင်းခန့် အလေးချိန်စီး၍ ကျင်းယွင်ကျောင်းက ထိုမြွေ၏ ပုံပန်းသွင်ပြင်အား သေချာကြည့်လိုက်၏။ သူမသည် ငါးဆွေ့ခုန်မြွေ၏ ခြောက်သွေ့နေသော အကြေးခွံများပေါ်၌ တင်နေသည့် ဖုန်များအား ပွတ်တိုက်သန့်ရှင်းပေးလိုက်ပြီး မြွေအား ဖြတ်တောက်ရန်အတွက် ဓါးတစ်ချောင်း ယူလိုက်သည်။ ထို့နောက် မြွေခေါင်းနှင့် အမြီးဖျားအား နှစ်လက်မ၊ သုံးလက်မခန့် ဖြတ်တောက်လိုက်၏။

(T/N : ကျင်း = တရုတ်အလေးချိန်ယူနစ်)

လူတိုင်းသည် သူမ၏ နည်းစနစ်များကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများက အစိမ်းရောင်ပြောင်းသွားသည်။ သို့သော် သူမ၏ နည်းစနစ်များက မှားယွင်းမှုမရှိပေ။

ထို့နောက် သူမသည် မြွေကိုယ်ထည်ကို ခရားတစ်လုံးထဲသို့ ထည့်လိုက်၍ ဝိုင်ဖြူတစ်ကျင်းခန့်ယူပြီး ထိုမြွေကိုယ်ထည် မြုပ်သည်အထိ လောင်းထည့်လိုက်သည်။ အချိန်အတော်ကြာအောင် ထားပြီးနောက် ပြန်ဆယ်လိုက်၍ မြွေအကြေးခွံများကို ဖယ်လိုက်ပြီး ကျောရိုးထုတ်လိုက်၏။ ထို့နောက် ရေဖြင့်သေချာဆေးကြော၍ အခြောက်ခံလိုက်သည်။

ထိုလုပ်ငန်းစဥ်များသည် မရှုပ်ထွေးသော်လည်း အသေးစိတ်ကျ၏။

မြွေခေါင်း၊ အမြီး၊ အကြေးခွံများနှင့် ကျောရိုးသည် အဆိပ်ရှိ၍ ဆေးဖော်ရာ၌ မသုံးသင့်ပေ။

ဤမေးခွန်းသည် ဆေးဖော်စပ်သည့်စာမေးပွဲများ၌ မေးခဲ၍ ဖြေဆိုသူများသည်လည်း သတ္တိရှိရန်လိုအပ်၏။ သို့သော် ယခုအချိန်၌ ပြိုင်ပွဲဝင်နှစ်ဦးစလုံးသည် မိန်းကလေးများဖြစ်သောကြောင့် မေးခွန်းထုတ်သူက သူတို့အား ငဲ့ညာ၍ ငါးဆွေ့ခုန်မြွေကို အထူးရွေးခြယ်ထားခြင်း ဖြစ်သည်။

ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများသည် ချောမွေ့၍ အစီအစဥ်တကျရှိပြီး မြွေအား အခြောက်ခံနေချိန်တွင် သူမ၏ ဘေးနားရှိ စန်းရန်က မြွေအကြေးခွံများကို တုန်တုန်ယင်ယင်နှင့် ဆွဲခွာနေ၏။

စန်းရန်၏ ဓါးကိုင်သောလက်သည် အနည်းငယ် တုန်ယင်နေ၍ လူတိုင်းက သူမအား စိုးရိမ်တကြီး စောင့်ကြည့်နေသည်။

တစ်ချက်ကြည့်ရုံနှင့်ပင် မည်သူက ပိုတော်၍ မည်သူက ပိုဆိုးကြောင်း သိနိုင်၏။

မကြာမီမှာပင် ဆေးဖော်စပ်သည့် ပြိုင်ပွဲ ပထမအချီ ပြီးဆုံးသွားသည်။

ကျင်းယွင်ကျောင်းသည် ဆေးဖော်စပ်ရာ၌ ပြည့်စုံကောင်းမွန်သော်လည်း နှမြောစရာကောင်းသည်မှာ စန်းရန်သည် လူသိများ၍ ပရိသတ်အများစုကလည်း ချွေ့မိသားစုအား မျက်နှာသာပေးချင်နေ၏။ ထို့ကြောင့် စန်းရန်သည်လည်း ပြီးဆုံးအောင်လုပ်နိုင်သည်ဟုဆိုကာ ပြိုင်ပွဲအား သရေအဖြစ် သတ်မှတ်လိုက်ကြ၏။ သို့သော် ကျင်းယွင်ကျောင်းကမူ မည်သည့်စကားမှ ပြောချင်စိတ်မရှိပေ၊ အကြောင်းမှာ လက်တွေ့တွင်လည်း စန်းရန်သည် အတော်လေး လုပ်နိုင်ကိုင်နိုင်စွမ်းရှိ၍ ဖြစ်သည်။

ထိုအခါ စန်းရန်က သက်ပြင်းတစ်ချက်ချလိုက်သော်လည်း သူမ၏ မျက်နှာသည် ဖြူဖျော့နေသေး၏။

သို့သော် စန်းရန် အပြည့်အဝ အနားမယူရသေးခင်မှာပင် နောက်ထပ် ဆေးဖော်သည့်ပြိုင်ပွဲတစ်ချီက ပြန်စလာသည်။ ထို့နောက် သူမသည် ခရားကိုဖွင့်လိုက်ရာ အတွင်း၌ တလှုပ်လှုပ် တရွရွဖြစ်နေသည့် ကင်းခြေများ အရှင်များကို မြင်လိုက်ရ၏။

Chapter 360 : မလုပ်နိုင်ဘူး

ထိုခဏမှာပင် စန်းရန်သည် ကြောက်ရွံ့တုန်လှုပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားကာ မြေပြင်ပေါ်သို့ ချက်ချင်း ပစ်လဲကျသွား၏။ ထို့နောက် တစ်ကိုယ်လုံး တုန်ယင်လာကာ မျက်ရည်များလည်း တသွင်သွင် စီးကျလာသည်။

ထိုအခါ ချွေ့ကျွင်းက ချက်ချင်း ကမူးရှူး ထိုးပြေးလာ၍ ထိုကင်းခြေများကို မြင်သောအခါ သူ၏ ခြေထောက်များသည်လည်း ပျော့ခွေကျသွားသကဲ့သို့ ခံစားလိုက်ရ၏။

“မပြိုင်တော့နဲ့...မပြိုင်နဲ့”

ဒါကြီးကို ဘယ်လိုပြိုင်မှာလဲ။ ငါ့ရဲ့ပြောင်ကျဲက ကိုယ်ခံပညာပါ တတ်ရဦးမှာလား။ တခြားသူတွေကရော သည်လိုမျိုး လုပ်နိုင်လို့လား။ ငါတို့ ချွေ့မိသားစုမှာ အလုပ်သမားတွေ အများကြီး ရှိတာပဲ။

ထိုအခါ ချွေ့ကျန်းရှန်းက ရုတ်တရက် ထအော်လိုက်သည်။

“မဖြစ်ဘူး...ငါတို့ ပြိုင်ကိုပြိုင်ရမယ်”

အကယ်၍ သူမသာ ယခုအကြိမ်တွင် ဝင်ပြိုင်ပါက နောက်ထပ် ပြိုင်ပွဲနှစ်ချီတွင် နိုင်ခြေရှိ၍ ကံကောင်းပါက သူ၏ သားဖြစ်သူသည်လည်း အလိုလိုပင် အထိအခိုက် ရှိတော့မည် မဟုတ်ပေ။ ထိုအခါ ပြိုင်ပွဲအားလုံး ပြီးသည့်နောက်တွင် မည်သည့် အခြေအနေအထိ နောက်ကြောင်း ပြန်ဆုတ်နိုင်မည်နည်း။

ထို့အပြင် ၎င်းတို့သည် ကင်းခြေများသာဖြစ်၏။ လက်ရှိအချိန်၌ ထင်ရှားကျော်ကြားသော ဆေးဖော်စပ်သည့် ဆရာသခင်တိုင်းသည် ယခုကဲ့သို့ အကောင် အရှင်များနှင့် ဆေးဖော်စပ်သည့်နည်းလမ်းကို ကြိုးစားကြည့်ဖူးကြသည်။ ထိုကဲ့သို့ အခြားသူများပင် လုပ်နိုင်သေးသည်ဖြစ်ရာ စန်းရန်က အဘယ်ကြောင့် မလုပ်နိုင်သနည်း။

သို့သော် စန်းရန်ကမူ ခေါင်းကို ထပ်ခါထပ်ခါ ယမ်းနေပြီး မလုပ်နိုင်ကြောင်း ငြင်းဆန်နေ၏။

ထို့အပြင် သူမသည် ထိုကင်းခြေများနှင့် ဆေးဖော်နည်းကိုလည်း မသိပေ၊ ထို့ကြောင့် သေချာပေါက် အမှားလုပ်မိလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ရှုံးမည့်အတူတူ သူမသည် အဘယ့်ကြောင့် ထိုရွံစရာကောင်းသည့် အရာများကို ထပ်မံကိုင်တွယ်၍ ပြိုင်ပွဲဝင်ချင်ရမည်နည်း။

ထို့အပြင် သူမသည် ဤနှစ်များအတွင်း၌ ဆေးပညာကို သင်ယူလေ့လာခဲ့ခြင်းမှာ ဝါသနာအရ မဟုတ်ဘဲ နာမည်ကျော်ကြားမှုနှင့် အကျိုးအမြတ်များစွာ ရရှိခဲ့ခြင်းကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ယခုအချိန်တွင် သူမသည် ဆက်၍ ကြိုးစားနေစရာ မလိုတော့ပေ။

စန်းရန်က ခေါင်းမာမာဖြင့် ဆက်တိုက်ငြင်းဆန်နေသည်ကို တွေ့သောအခါ ချွေ့ကျန်းရှန်းသည်လည်း ရူးချင်စိတ်ပေါက်လာ၏။

“စန်းရန်၊ ငါတို့ချွေ့မိသားစုက မင်းကို နှစ်ပေါင်းများစွာ ကျွေးမွေး စောင့်ရှောက်ခဲ့တာပါ။ မင်းက ဒီလိုမျိုး ပြန်ပေးဆပ်လိုက်တာပေါ့လေ”

“ကျွန်မ, မလုပ်နိုင်ဘူး။ ဦးလေး ..ဘာပဲဖြစ်ဖြစ် ကျွန်မ ရှုံးမှာပဲ”

စန်းရန်က ကပျာကယာငြင်းလိုက်၏။ သူမ၏ မျက်နှာသည် ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး အဘယ့်ကြောင့် ကျင်းယွင်ကျောင်းအား ရှုံးသွားရသည်ကိုလည်း သူမ မသိတော့ချေ။ အရာအားလုံးက အိပ်မက်တစ်ခုကဲ့သို့ပင်။

ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ပွက်ကလောရိုက်နေသည့် အသံများကို ကြားပုံမပေါ်ဘဲ ကင်းခြေများကို သန့်စင်ရန်အတွက် လှမ်းယူလိုက်ပြီး ခေါင်းများနှင့် အမြီးများကို တစ်ကောင်ပြီးတစ်ကောင် ဖြတ်ထုတ်နေ၏။ သူမ၏ လုပ်ရပ်သည် အေးဆေး တည်ငြိမ်လှသော်လည်း ကြည့်နေသူများကိုမူ ကြက်သီးတဖြန်းဖြန်း ထလာစေသည်။

လူငယ် တချို့မှလွဲ၍ ဤနေရာ၌ ရှိနေကြသူအများစုသည် ကင်းခြေများကို ထိုကဲ့သို့ ဖြတ်ထုတ်သန့်စင်ခဲ့ဖူး၏။ သို့သော် အမှန်တကယ်ပင် သူတို့ထဲ၌ ကျင်းယွင်ကျောင်းကဲ့သို့ မျက်မှောင်တစ်ချက်မကြုံ့ဘဲ အလွန်အမင်း တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ကိုင်နိုင်သူတစ်ယောက်မှ မရှိပေ။

သို့သော် ကျင်းယွင်ကျောင်းသည်လည်း မွေးရာပါ တည်ငြိမ်ခြင်း မဟုတ်၊ အကြီးအကဲရှုက သူမအား လေ့ကျင့်ပေးထားခြင်းသာ ဖြစ်သည်။

သူမသည် အကြီးအကဲရှုထံ၌ ပညာသင်ကြားသည့် ပထမဆုံးလမှာပင် ထိုအရာများကို မြင်ခဲ့ရခြင်းဖြစ်၏။ အကြီးအကဲရှု၏ စကားအရဆိုလျှင် ကြောက်စရာ အကောင်းဆုံးအရာများကို ကိုင်တွယ်နိုင်သွားပါက ကျန်သည့်အရာများကို ထည့်တွက်နေစရာ မလိုတော့ပေ။

ထိုအချိန်မှစ၍ သူမသည် အကြီးအကဲရှု၏ ခြံဝန်းထဲရှိ ကြောက်စရာအကောင်းဆုံး အကောင်ပလောင်များနှင့် အများဆုံး ကိုင်တွယ်ထိတွေ့ခဲ့ရသည်။

ထိုလေ့ကျင့်မှုများသည် ယခုအချိန်၌ အသုံးဝင်လာပြီဖြစ်၏။

ကျင်းယွင်ကျောင်း၏ လုပ်ဆောင်ချက်များက ပိုကောင်းလေလေ၊ စန်းရန်၏ အရှုံးက ပိုဆိုးရွားလေလေပင်။

ချွေ့ကျန်းရှန်းသည် သားဖြစ်သူ၏ အနာဂတ် ထိခိုက်မည်ကို ကြောက်လာ၍ ဒေါသအကြီးအကျယ်ထွက်နေသည်။ ထို့ကြောင့် သူသည် စန်းရန် မြေပေါ်မှမထသည်ကို မြင်သောအခါ လက်ဆန့်၍ သူမအား ဆွဲထူလိုက်၏။

သို့သော် စန်းရန်က ပြင်းပြင်းထန်ထန် ငြင်းဆန်နေ၏။ ပြိုင်ပွဲ၌ အကောင်းဆုံးကြိုးစားခဲ့ကြောင်းကို သူမကိုယ်သူမ သိသော်လည်း အနာဂတ်၌ ချွေ့မိသားစု၏ ထောက်ပံ့မှုများကို ရရှိတော့မည် မဟုတ်ပေ။ ထို့အပြင် သူမအား မိဘများက ချွေ့မိသားစုဆီသို့ပို့လိုက်သည့်အချိန်မှစ၍ သူမသည် စန်းမိသားစု၌ ဆက်မနေတော့ရာ မောင်အရင်း၊ ညီမအရင်းများရှိသော်လည်း မည်သူကမှ သူမအား ဂရုမစိုက်ကြ။

စန်းရန်၏ ဖြူဖျော့ဖျော့မျက်နှာသည် တဖြည်းဖြည်း လေးနက်လာပြီးနောက် ချွေ့ကျန်းရှန်းကို စိုက်ကြည့်လိုက်၍ သူမအား ဆွဲထားသောလက်ကို တဖန်ကြည့်လိုက်ပြန်သည်။

“ကျွန်မကို မထိနဲ့”

“ကျွန်မက ရှုံးပြီးသားပဲ။ နိုင်စရာအကြောင်းမရှိဘူး။ ရှင် ကျွန်မကို ဖိအားပေးလည်း နိုင်မှာ မဟုတ်ဘူး”

စန်းရန်က အက်ကွဲကွဲအသံဖြင့် ပြောလိုက်၏။

“မင်း ဘာဖြစ်လို့ မကြိုးစားကြည့်တာလဲ။ အလောင်းအစားလုပ်တယ်ဆိုရင်လည်း အဆုံးထိသွားလေ။ ဒါမှမဟုတ်ရင် အနာဂတ်မှာ မင်းကို ချွေ့မိသားစုကနေ ကန်ထုတ်ပစ်မယ်”

ချွေ့ကျန်းရှန်းက ဒေါသတကြီးပြောလာသည်။

အသုံးမကျလိုက်တာ။

“ကန်ထုတ်ပစ်လေ ..ကန်ထုတ်လိုက်စမ်းပါ။ ဘာကို ရေးကြီးခွင်ကျယ် လုပ်နေတာလဲ။ ရှင်တို့ ချွေ့မိသားစုက ဘယ်လောက်များ ကြီးကျယ်မြင့်မြတ်နေလို့လဲ။ ကျွန်မ စိတ်ရှုပ်နေရတာတွေ လုံလောက်ပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မက ရှုံးသွားပြီဆိုမှတော့ အနာဂတ်မှာ ထပ်ပြီးတော့ ဆေးဖော်လို့ မရတော့ရုံပဲ မဟုတ်လား။ ကောင်းပြီလေ၊ ကျွန်မလည်း ထပ်ပြီးတော့ ထောက်ပံ့ပေးဖို့ မတောင်းဆိုတော့ဘူး”

All Chapters