အခန်း (၃၆၁-၃၆၄)
Vol. 19 Ch. 361-364
Chapter 361 : အထက်စီးဆန်သူ
စန်းရန်သည် စကားဆုံးသည်နှင့် မြေကြီးပေါ်မှ ထရပ်လိုက်ပြီး အဝတ်အစားများကို ဖုန်ခါကာ ချွေ့ကျန်းရှန်းကို ကြည့်၍ ဆက်ပြောလိုက်သည်။
“အစောပိုင်းတုန်းက ကျွန်မ အလောင်းအစားလုပ်ဖို့ ရှင်ကိုယ်တိုင်ကိုယ်ကျ သဘောတူခဲ့တာနော်၊ ဒါကြောင့် အခုမှ နောင်တရနေလည်း အလကားပဲ။ ကျွန်မက သူ့ကို မယှဥ်နိုင်ဘူး...လုံးဝ မယှဥ်နိုင်ဘူး”
စန်းရန် ထိုစကားများကို ပြောနေစဥ်တွင် ချွေ့ကျန်းရှန်းသည် အလွန်အမင်း ဒေါသထွက်လာ၍ သူမအား ပါးရိုက်လိုက်၏။
ထိုအခါ ဘေးနားရှိလူများက ချက်ချင်း ဝိုင်းဆွဲကြသဖြင့် ချွေ့ကျန်းရှန်းက စကားဖြင့်သာ ထပ်မံ၍ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
“အဓိပ္ပါယ် မရှိတာတွေ မပြောစမ်းနဲ့။ ဒီကိစ္စက မင်း ဂရုမစိုက်လို့ ဖြစ်ရတာလေ”
သူသာ သည်ကိစ္စကို လေးလေးနက်နက်ထားပြီး ကြိုးစားရင် မနိုင်ဘဲနေမလား။
ပြီးတော့ ကျင်းယွင်ကျောင်းက သူ့ထက် အသက်လည်း အများကြီး ပိုငယ်တယ်၊ သူက ငါတို့မိသားစုဆီမှာ နှစ်ပေါင်းများစွာ အလကား ကပ်ရပ်စားထားတာ မဟုတ်လား။
ထိုအခါ စန်းရန်က သူမ၏ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ပြီး မျက်လုံးထဲ၌ မုန်းတီးမှုများ ဖြတ်ပြေးသွားကာ ချွေ့ကျန်းရှန်းအား စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျင်းယွင်ကျောင်းအား လှည့်ကြည့်လိုက်ရာ ကင်းခြေများနှင့် အလုပ်ရှုပ်နေသည်ကိုသာ မြင်လိုက်ရ၏။ သူမသည် ထိုကဲ့သို့ ရွံစရာကောင်းသော အလုပ်များကို လုပ်နိုင်သည်ဖြစ်၍ အော်ဂလီဆန်စရာ ကောင်းလွန်းလှသည်။
“ကျွန်မက ပြိုင်ပွဲလေးတစ်ပွဲပဲ ရှုံးသွားတာပါ။ ပြီးတော့ ချွေ့ကျွင်းကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီနေ့ ဒီနေရာမှာ ရှိမှာမဟုတ်ဘူး။ အခုကျ ကျွန်မအမှားတဲ့လား။ ဘာလို့ ကျွန်မကိုပဲ အပြစ်တွေပုံချနေတာလဲ”
စန်းရန်က လက်သီးတင်းတင်းဆုပ်၍ ခါးသီးစွာ ပြောလိုက်၏။
ထိုအခါ ချွေ့ကျန်းရှန်းက အေးစက်စက်အသံဖြင့် လှောင်ရယ်လိုက်ပြီး သူ၏ မျက်နှာအမူအယာကလည်း အကျည်းတန်လှသည်။
သူ့ဟာသူ အသုံးမကျလို့ ရှုံးတဲ့ကိစ္စမှာ ဘယ်သူက သူ့ကို အပြစ်မတင်ဘဲနေမှာလဲ။ ငါ့သားကို အပြစ်တင်လို့ရော ရမှာလား။ ချွေ့ကျွင်းက ပြိုင်ပွဲကို ဝင်ပြိုင်တာမှ မဟုတ်တာ၊ သူက သွယ်ဝိုက်တဲ့နည်းနဲ့ ပတ်သတ်နေရုံပဲလေ။
စန်းရန်နှင့် ချွေ့ကျန်းရှန်းတို့ ပြဿနာတက်နေစဥ်မှာပင် ပြိုင်ပွဲအချိန်စေ့သွား၏။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ကင်းခြေများကို ဂရုတစိုက်သာ သန့်စင်ထား၍ ဘာမှထပ်မလုပ်ထားချေ။ မည်သို့ပင်ဆိုစေကာမူ ဤကင်းခြေများသည် အလဟဿဖြစ်သွားခြင်း မရှိတော့။
“ကျင်းယွင်ကျောင်း၊ မင်း ဂုဏ်ယူနေတာလား။ ငါ နောင်တအရဆုံးက ဒီနေ့ ဒီနေရာကို လာခဲ့မိတာပဲ။ ငါသာ ချွေ့ကျွင်းရဲ့စကားကို နားမယောင်မိရင် အခုချိန် ငါ အဆင်ပြေပြေ ဖြစ်နေဦးမှာ”
အခြေအနေများအားလုံး တည်ငြိမ်သွားပြီးနောက် စန်းရန်က ကျင်းယွင်ကျောင်းအား ပြောလာသည်။
ထိုအခါ ကျင်းယွင်ကျောင်းက စန်းရန်အား တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလာ၏။
“ရှင် ဒီနေ့ ဒီနေရာကိုလာတဲ့အကြောင်းအရင်းက ချွေ့ကျွင်းရဲ့စကားကို နားထောင်လွန်းလို့မှ မဟုတ်တာ၊ ရှင့်ရဲ့ကြင်နာမှုတွေ၊ ရက်ရောမှုတွေကို အပြင်လောကကို ထုတ်ကြွားချင်လို့လေ။ ဒါကြောင့် ရှင် တခြားသူတွေကို အပြစ်တင်နေစရာ မလိုပါဘူး”
စန်းရန်သည် ချွေ့ကျွင်း၏ ဖိတ်ခေါ်မှုကြောင့် ဤနေရာသို့ ရောက်လာသည်လား။ မဟုတ်ပေ၊ ကျင်းယွင်ကျောင်း ဤနေရာ၌ရှိသည်ကို သိသရွေ့ သူမသည် ဤနေရာသို့ ချွေ့ကျွင်း မဖိတ်လည်း လာဦးမည်သာ ဖြစ်သည်။
သူမသည် အထက်စီးမှ ဆက်ဆံရသည်ကို ကြိုက်နှစ်သက်ပြီး ကျင်းယွင်ကျောင်း၏ နှံချာသော ဖြစ်တည်မှုအား နှိမ်ချဆက်ဆံလိမ့်မည်။
“ဘာပဲပြောပြော၊ မင်းက နိုင်သွားပြီလေ”
စန်းရန်က အံကြိတ်၍ ပြောလာ၏။
ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ ဗြောင်းဆန်ပြီး ဟာတာတာဖြစ်နေ၍ ရွံရှာမုန်းတီးမှုများကြောင့် တစ်ကိုယ်လုံးတုန်ယင်နေကာ မူးမေ့သွားလုမတတ်ဖြစ်နေသည်။
ထို့နောက် ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်၍ ထုံ့ရန်နှင့် ကျီရှန်းရှန်းတို့၏ အနားသို့ လျှောက်သွားပြီး ဂျင်စင်းအား ပြန်ယူလိုက်၏။ ကျင်းယွင်ကျောင်းသည် တွန့်တိုတတ်သူ မဟုတ်ပေ၊ သူမ၏ အခန်းသို့ ခဏပြန်သွား၍ သူတို့နှစ်ယောက်အား ဂျင်စင်းကို စောင့်ရှောက်ပေးသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပေးရန် ဘူးလေးနှစ်ဘူး ယူလာသည်။
“ဒါက ငါကိုယ်တိုင် လုပ်ထားတာ။ အသားအရေအတွက် ကောင်းတယ်”
ကျင်းယွင်ကျောင်းထံ၌ ဂျင်းစင်းများစွာရှိသော်လည်း သူမသည် ကိုယ့်ကိုကိုယ် ချမ်းသာကြွယ်ဝသူအဖြစ် သတ်မှတ်မထားပေ။
အထူးသဖြင့် ဂျင်းစင်း၏ အရည်အသွေးက မြင့်မားလွန်းရာ အပြင်သို့ ထုတ်ပြလေ့မရှိ။ ထိုလုပ်ရပ်သည် သေချာပေါက် အန္တရာယ်များလွန်း၏။
ထို့ကြောင့် သေသေချာချာ စဥ်းစားတွေးတောပြီးနောက်တွင် ကျင်းယွင်ကျောင်းသည် လုပ်စရာမရှိသည့်အချိန်များ၌ လိမ်းဆေးဆီများကို ပြုလုပ်ဖော်စပ်လေ့ရှိပြီး စျေးကွက်ထဲမှ ဝယ်သော အသားအရေ ထိန်းသိမ်းသည့်ပစ္စည်းများထက် အရည်အသွေး အနည်းငယ်ပိုကောင်းလေသည်။
အကယ်၍ ယခင်ကသာဆိုပါက ကျီရှန်းရှန်းသည် လုံးဝ ယုံကြည်လိမ့်မည် မဟုတ်ပေ၊ သို့သော် ယခုအချိန်၌ သူမသည် ကျင်းယွင်ကျောင်း၏ ကြီးကျယ်ခမ်းနားသော စွမ်းရည်များကို ကိုယ်တိုင်ကိုယ်ကျ မြင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမသည် အတွန့်မတက်ဘဲ လက်ဆောင်ဘူးကို ယူလိုက်၏။ ထိုလိမ်းဆေးဆီ၏ ရနံ့သည် အလွန်မွှေးပျံ့၍ ထည့်ထားသည့်ဘူးကလည်း လက်ရာမြောက်လှသဖြင့် သူမသည် ထိုလက်ဆောင်အား အလွန်သဘောကျနေသည်။
ထုံ့ရန်ကမူ ပို၍ တည်ငြိမ်ပြီး ကျင်းယွင်ကျောင်းထံမှ ဂျင်စင်းကို ကာကွယ်စောင့်ရှောက်ပေးသည့် ကျေးဇူးတုံ့ပြန်မှုကို လုံးဝ လက်မခံလိုပေ။
သို့ရာတွင် ကျီရှန်းရှန်းကမူ အစောပိုင်းက ကျင်းယွင်ကျောင်း ကတိပေးထားသည့် ကိစ္စအား လုံးဝ မမေ့။ ထို့ကြောင့် ပြိုင်ပွဲမှ ပစ္စည်းများကို သိမ်းဆည်းပြီးသောအခါ ဂျင်စင်းသေတ္တာလှလှလေးကို ဖွင့်ကြည့်လိုကြောင်း မကြာခဏ ဂျီကျနေရာ သူမအား ခေတ္တမျှ အနီးကပ် ကြည့်ခွင့်ပြုလိုက်၏။ ထိုအခါ အဖေကျီသည် ကျီရှန်းရှန်းက ပစ္စည်းကောင်းတစ်ခုအား ဖျက်ဆီးမိမည်ကို စိုးရိမ်နေသည်။
“ကျီရှန်းရှန်း၊ မင်းက ဘယ်ဘက်ကလဲ၊ ငါ အထုတ်ခံရတာကို မင်းက ဘာလို့ တအားပျော်နေတာလဲ”
ကံဆိုးသည်မှာ အချို့လူများသည် ထပ်မံ၍ မျိုသိပ်မထားနိုင်ကြတော့ပေ။
ချွေ့ကျွင်းသည် ချွေ့မိသားစု၏ စီးပွားရေးလုပ်ငန်းအား အမွေဆက်ခံရသည်ဖြစ်စေ၊ မဆက်ခံရသည်ဖြစ်စေ လုံးဝဂရုမစိုက်သလို လက်တွေ့တွင်လည်း သူသည် ဆေးဖော်စပ်သည့်ပညာရပ်ကို စိတ်မဝင်စားချေ။ သို့သော် သူသည် ဤကဲ့သို့ရှက်စရာကောင်းသည့် ခံစားချက်ကို မနှစ်သက်။
Chapter 362 : ငါ မင်းကို စွန့်ပစ်လိုက်ပြီ
ချွေ့ကျွင်းက ထိုသို့ပြောလိုက်သောအခါ ကျီရှန်းရှန်းသည် အနည်းငယ် ဝမ်းနည်းသွား၏။
သူမသည် ပြိုင်ပွဲနှင့် မသက်ဆိုင်သော်လည်း သူတို့ကဲ့သို့ နှုတ်ထွက်ပေးရမည်လား။ ထို့အပြင် အစောပိုင်းကမှ သူမ၏ ဖခင်ဖြစ်သူက ဒေါသထွက်သွားသည်ဖြစ်ရာ ချွေ့ကျွင်းသည် သူ့ကိုယ်သူ ထိန်းပါက အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် ယခုအခါ သူသည် ဖခင်၏ ရှေ့၌ပင် သူမအား ပြစ်တင်ရှုတ်ချနေ၏။
သူက ငါတို့ မိသားစုရဲ့ ခံစားချက်တွေကိုရော ထည့်တွက်သေးရဲ့လား။
ကျီရှန်းရှန်းသည် ဒေါသထွက်ချင်သော်လည်း ချွေ့ကျွင်းကိုမူ ဒေါသ မထွက်ရက်သကဲ့သို့ ဒေါသထွက်ရန်လည်း တစ်ခါမှ မကြိုးစားခဲ့ဖူးပေ၊ ထို့ကြောင့် သူမသည် မကြားချင်ယောင်ဆောင်နေလိုက်သည်။
သို့သော် ယခုအချိန်၌ ချွေ့ကျွင်းသည် ပုံမှန်စိတ်မဟုတ်။ ထပ်ခါထပ်ခါ ရှုံးနိမ့်ထားသဖြင့် သူ၏ဒေါသများက ပေါက်ကွဲနေသည်။ ကျီရှန်းရှန်းသည် စန်းရန် မဟုတ်သဖြင့် သူ စိတ်မရှည်နိုင်ပေ။ ထို့အပြင် သူ၏ မသိစိတ်ထဲ၌ ကျီရှန်းရှန်းအား သူ၏ အပိုင်သဖွယ် ယူဆထား၏။ သူသည် သူမအား နောက်လိုက်တစ်ယောက်အဖြစ်သာ သတ်မှတ်ထား၍ သူက သူမအား ပြန်ငဲ့ကြည့်၍ အရေးပေးဂရုစိုက်နေစရာ မလိုသော်လည်း သူမကမူ သူ့အား အမြဲအရေးပေး၍ အာရုံစိုက်ရမည် ဖြစ်သည်။
သို့သော် ယခုအချိန်၌ ဤနောက်လိုက်က သူ၏ ဖြစ်တည်မှုအား လျစ်လျူရှုထားရာ သူ မည်သို့သည်းခံနိုင်မည်နည်း။
ထိုကြောင့် ချွေ့ကျွင်းက ချက်ချင်းပင် အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်၏။
“မင်းက ငါ့ကို လျစ်လျူရှုတယ်ပေါ့ ဟုတ်လား။ ငါ့ဆီကို နောက်မလာခဲ့နဲ့”
ထိုစကားကို ကြားသောအခါ ကျီမိသားစုဝင်များသည် ရှက်ရွံသွားကြပြီး ကျင်းယွင်ကျောင်းကလည်း ခပ်ထေ့ထေ့ မျက်နှာထားဖြင့် ကျီရှန်းရှန်းအား ကြည့်လိုက်သည်။
တကယ်တမ်းတွင် ကျီရှန်းရှန်းသည် ဂုဏ်သိက္ခာကို အလေးထားသူဖြစ်သော်လည်း သူမ သဘောကျနှစ်သက်သူ၏ ရှေ့၌ ထိုဂုဏ်သိက္ခာအား လျစ်လျူရှုထား၏။ ယခုအချိန်၌ သူမသည် ကျင်းယွင်ကျောင်း၏ အမူအယာကိုမြင်လိုက်ရာ ရင်ထဲ၌ မသက်မသာ ခံစားလိုက်ရသည်။ သို့သော် သူမ၏ ဖခင်ကမူ ချွေ့ကျွင်းအား ဒေါသထွက်သွားလေ၏။
ကျီရှန်းရှန်းသည် မည်သို့မည်ပုံပြောရမည်အား စဥ်းစားတွေးတော၍ တွန့်ဆုတ်နေစဥ်မှာပင် လူတစ်ယောက်က ချွေ့ကျွင်းအား ရိုက်ချလိုက်သည်ကို မြင်လိုက်ရသည်။
ထိုအခါ ကျီရှန်းရှန်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၍ အသိစိတ်ပြန်ဝင်လာချိန်၌ သူမ၏ အစ်ကိုဖြစ်သူသည် ချွေ့ကျွင်း၏ ခန္ဓာကိုယ်အား ဖိထား၍ မျက်နှာကို လက်သီးဖြင့် အဆက်မပြတ်ထိုးနေသည်ကိုသာ မြင်လိုက်ရပြီး သူမ၏ တစ်ကိုယ်လုံး တောင့်တင်းသွား၏။
ထို့နောက် ချက်ချင်းပင် ရန်ပွဲတစ်ပွဲစတင်တော့သည်။
မကြာမီ ချွေ့မိသားစုဝင်များ၊ ကျီမိသားစုဝင်များနှင့် အခြားသူများလည်း ရန်ပွဲထဲ၌ ပါဝင်လာကြ၏။
“ကျီကျန်းရှင်း၊ ကျုပ်က ခင်ဗျားတို့ ကျီမိသားစုကို ကြောက်မယ်လို့တော့ မထင်နဲ့နော်။ အခု ခင်ဗျားသားက ကျုပ်ရဲ့သားကို ရိုက်တယ်၊ ဒါကြောင့် အနာဂတ်မှာ ခင်ဗျားရဲ့သမီးက ကျုပ်တို့ရဲ့ချွေ့ကျွင်းနဲ့ ဘယ်တော့မှ အတူရှိရမှာ မဟုတ်ဘူး”
ချွေ့ကျန်းရှန်းက ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
ထိုအခါ ချွေ့ကျွင်းကလည်း မျက်နှာကို အုပ်ထားရင်း
“ကျီရှန်းရှန်း၊ မင်းနဲ့ မင်းရဲ့မိသားစုဝင်တွေအားလုံးက သောက်ရူးတွေပဲ။ မင်းတို့က လူတစ်ယောက်ကို ရိုက်ရဲတယ်ပေါ့၊ အေး..ငါလည်း မင်းကို စွန့်ပစ်လိုက်ပြီ”
ထိုအခါ ကျီရှန်းရှန်းသည် ကြောင်အသွား၏။ သူမနှင့် ချွေ့ကျွင်းသည် သမီးရည်းစားများ မဖြစ်ကြသေးပေ။
သူက ငါ့ကို ဘယ်လိုစွန့်ပစ်မှာလဲ။
ချွေ့ကျွင်း၏ စကားကို ကြားသောအခါ ကျင်းယွင်ကျောင်းက မဲ့ပြုံးပြုံးလိုက်၏။
မဲမဲမြင်ရာ ကိုက်တတ်တဲ့ ခွေးရူးတွေဆိုတာ သည်မိသားစုကို ပြောတာနေမယ်။
သို့သော် သူမသည် ကျီမိသားစု၏ အရေးကိစ္စများ၌ ပါဝင်ပတ်သတ်လိုစိတ် မရှိ၊ အထူးသဖြင့် ကျီရှန်းရှန်း၏ ကိစ္စများ၌ ဖြစ်သည်။ သူမတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် ထိုကဲ့သို့ အကူအညီပေးရလောက်သည်အထိ မကောင်းပေ။ ထို့အပြင် ခေါင်းမာသူတစ်ယောက်အား ကူညီပေးရခြင်းသည် အကျိုးမရှိ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူမ၏ ပစ္စည်းများကို သယ်၍ အခန်းသို့ ပြန်သွားလိုက်သည်။
ထိုအခါ စန်းရန်၏ မြွေကဲ့သို့ အဆိပ်ပြင်းသော အကြည့်များက သူမ၏ နောက်မှ ကပ်ပါလာ၏။
ကျင်းယွင်ကျောင်းသည် စန်းရန်အား လုံးဝမကြောက်ပေ။ စန်းရန်သည် ထိုကဲ့သို့သာ စိုက်ကြည့်ရဲ၍ လက်တွေ့တွင်မူ သူမအား လုံးဝ အနိုင်မယူနိုင်ပေ။ ထို့အပြင် တခြားလူများကလည်း သူမအား ကြည့်နေကြသည် ဖြစ်ရာ ကျင်းယွင်ကျောင်းသည် စန်းရန်၏ မျက်လုံးများကို နှိုက်ထုတ်ပစ်၍ မရခဲ့။
ထို့ကြောင့် ကျင်းယွင်ကျောင်းသည် အခန်းသို့ စိတ်အေးလက်အေး ပြန်လာပြီး နေရာလွတ်နယ်မြေထဲသို့ဝင်၍ စာလေ့လာပြီးနောက် အိပ်ရာဝင်လိုက်သည်။
သို့သော် အပြင်ဘက်တွင်မူ ထိုည၌ ဖြစ်ပျက်သွားသည်များက သူမ မျှော်မှန်းထားသည်ထက် ပို၍ စိတ်လှုပ်ရှားစရာကောင်း၏။ နောက်တစ်နေ့မနက် ကျင်းယွင်ကျောင်း အိပ်ယာမှ နိုးသောအခါ ခြံဝန်းတစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။ ယမန်နေ့က စားပွဲပေါ်တွင် တင်ထားသည့် ဆေးပင်များနှင့် ဆေးဖော်စပ်သည့် ပစ္စည်းကိရိယာများသည် ကျွမ်းပြန်နေ၍ ဆိုးဆိုးရွားရွား ပျက်စီးနေကြ၏။ ရန်ပွဲသည် နောက်ကျမှ ပြီးသွားသည်ဖြစ်ရာ သူတို့သည် ထိုအပျက်အစီးများကို မရှင်းရသေးပေ။
ဆေးပညာ ညီလာခံကို နှစ်ပေါင်းများစွာ ကျင်းပလာခဲ့ပြီး နှစ်စဥ်နှစ်တိုင်း ကျင်းပချိန်တူ၍ ကျင်းပပေးသည့် နေရာများသာ ကွာခြားသွားသော်လည်း ယခုကဲ့သို့ ဆိုးဆိုးရွားရွား ရန်ပွဲမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
ချွေ့ကျွင်းသည် နှာခေါင်းရိုးကျိုးသွား၍ မျက်နှာသည်လည်း ယောင်ကိုင်းနေကာ လက်သည်တရားခံက ကျီရှန်းရှန်း၏ အစ်ကို ဖြစ်သည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို ဆေးပညာ ညီလာခံ၌ ခွင့်မပြုထားသဖြင့် ကျီရှန်းရှန်း၏ အစ်ကို ဖြစ်သူသည် ပြိုင်ပွဲမှ အထုတ်ခံလိုက်ရပြီး မိုးလင်းသည်နှင့် ထွက်သွားရ၏။
ချွေ့ကျွင်းနှင့် စန်းရန်သည်လည်း ပြိုင်ပွဲမှ နှုတ်ထွက်ရမည် ဖြစ်သည်။ သို့သော် ချွေ့မိသားစုက ကျင်းယွင်ကျောင်းနှင့် ပြန်လည် ညှိနှိုင်းလိုသဖြင့် သူမအား စောင့်ဆိုင်းနေကြ၏။
ထုံ့ရန်က ကျင်းယွင်ကျောင်းအား ချွေ့မိသားစုက ညှိနှိုင်းချင်နေသည့် အကြောင်းကို ပြောပြလာရာ သူမ၏ မျက်နှာပေါ်၌ လှောင်ပြောင်သည့် အရိပ်အယောင်များ ခပ်ဖျော့ဖျော့ စွန်းထင်းသွားသည်။
ရှုံးသွားတော့မှ ညှိနှိုင်းချင်တယ်ပေါ့လေ။ ငါက ရူးနေတာမှ မဟုတ်တာ။
Chapter 363 : အဆင်မပြေသော ညှိနှိုင်းမှု
ခန်းမရှေ့တွင် ချွေ့မျိုးနွယ် သားအဖနှစ်ယောက် မတ်တပ်ရပ်နေကြသည်။ ချွေ့ကျွင်း၏ ဘေးတွင်မူ စန်းရန်ရှိနေပြီး ထိုသားအဖနှစ်ယောက်နှင့် အတူရှိနေရသဖြင့် နေရထိုင်ရခက်နေသည်မှာ အသိအသာပင်။
ကျင်းယွင်ကျောင်းကို မြင်သောအခါ ချွေ့ကျန်းရှန်းက ချက်ချင်း နှုတ်ဆက်လာသည်။
“မမလေး ကျင်း”
ထိုအခါ ကျင်းယွင်ကျောင်းက ခဏရပ်လိုက်ပြီး ...
“မမလေး စန်းနဲ့ ချွေ့ သခင်လေးတို့က ဘာလို့ ထွက်မသွားကြသေးတာလဲ။ သဘောတူစာချုပ်မှာ လက်မှတ်ထိုးပြီးတာဖြင့် ကြာလှပြီလေ။ ကျွန်မ နိုင်တာနဲ့ ကျွန်မရဲ့မျက်စိရှေ့ကနေ ချက်ချင်း ထွက်သွားရမယ် မဟုတ်လား”
“ကျီရှန်းရှန်းရဲ့ အစ်ကိုကြီးကို မောင်းထုတ်လိုက်တဲ့အကြောင်း ထုံ့ရန်ဆီကနေ ကျွန်မ ကြားပြီးပါပြီ။ ချွေ့ကျွင်းက အရမ်းမောက်မာတယ်နော်၊ အခု သူ့အလှည့်ကိုရောက်တော့မှ သူရဲဘောကြောင်နေတာလား”
ကျင်းယွင်ကျောင်း၏ စကားများကို ကြားသောအခါ ချွေ့ကျန်းရှန်းက အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။
“မမလေး ကျင်း၊ ကျုပ်တို့ အနာဂတ်မှာ ထပ်ပြီးတွေ့ကြလိမ့်မယ်လို့ မင်း မတွေးမိဘူးလား။ မနေ့က ဒီကလေးနှစ်ယောက် ဆုံးဖြတ်ချက် မှားသွားခဲ့တယ်ဆိုတာ ငါဝန်ခံပါတယ်၊ မင်းနဲ့ မပြိုင်ခဲ့သင့်ဘူး၊ ဒါပေမယ့် အစောပိုင်း ပြိုင်ပွဲဝင်ပြီးကတည်းက မင်း ရရှိလာတဲ့ အောင်မြင်မှုတွေက မလုံလောက်သေးဘူးလား။ ငါတို့ချွေ့မိသားစုမှာ ချွေ့ကျွင်းဆိုတဲ့ သားလေးတစ်ယောက်ပဲရှိတာ။ တကယ်လို့ သူသာ အနာဂတ်မှာ ဆေးဖော်စပ်တဲ့သူတစ်ယောက်ဖြစ်မလာနိုင်ဘူးဆိုရင် ငါတို့မိသားစုရဲ့မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းခဲ့တဲ့ အမွေအနှစ် ပျက်စီးသွားလိမ့်မယ်”
“ဒါဆို ကျွန်မကို ဘာလုပ်ပေးစေချင်တာလဲ။ ကျွန်မနဲ့ ဆိုင်လို့လား”
ကျင်းယွင်ကျောင်းက ခပ်တင်းတင်း ပြောလိုက်၏။
ချွေ့မိသားစုရဲ့ လက်ဆင့်ကမ်း အမွေအနှစ်ကို ဖြတ်တောက်ပစ်တယ်လို့ ပြောရအောင် သည်ကိစ္စက ငါနဲ့မဆိုင်ဘူး မဟုတ်လား။
ချွေ့ကျွင်းက ကိုယ့်ဒုက္ခကိုယ် ရှာတဲ့ကိစ္စမှာ ငါက ချွေ့မိသားစုအတွက် တွေးပေးရဦးမှာလား။
သူမသည် ကျီရှန်းရှန်း မဟုတ်ပေ။ သို့သော် ထိုကဲ့သို့ ယောက်ျားလေးတစ်ယောက်အား အရှက်ခွဲရန်အထိလည်း သူမ, မမိုက်မဲ။
“မမလေး ကျင်း ရထားတဲ့ အကျိုးအမြတ်တွေက မလုံလောက်သေးဘူးလား။ ကောင်းပြီလေ၊ မင်းက စာချုပ်ကို ဖျက်ပေးပြီး ဒီပြိုင်ပွဲက အတည်မဟုတ်ဘူးဆိုတဲ့အကြောင်း ကျန်တဲ့လူတွေအားလုံးကို ရှင်းပြပေးမယ်ဆိုရင် ကျုပ် မင်းကို ယွမ်တစ်သိန်းပေးမယ်”
“ကျွန်မဆီမှာ မိုးထိမြင့်အောင် အဖိုးတန်တဲ့ ဂျင်စင်းရှိတယ်လေ၊ ယွမ်တစ်သိန်းလောက် ငွေလေးကတော့ ကျွန်မကတောင် ရှင်တို့ကို ပြန်ပေးနိုင်တယ်လို့ ရှင် မစဥ်းစားကြည့်မိဖူးလား”
ထိုအခါ ချွေ့ကျန်းရှန်းက အံကြိတ်ပြီး ပြောလာ၏။
“မင်းက ဆေးပင်စိုက်ခင်းတွေရဲ့အသုံးပြုခွင့်ကို လိုချင်တာလား။ မင်းသာ သဘောတူမယ်ဆိုရင် ငါ နောက်လာမယ့် ပြိုင်ပွဲကို နိုင်တာနဲ့ ဆေးပင်စိုက်ခင်းတွေရဲ့ အသုံးပြုခွင့် တစ်ဝက် မင်းကို ပေးမယ်”
ဆေးပင်စိုက်ခင်းများကို အသုံးပြုခွင့်ဆိုသည်မှာ နာမည်ခံသာဖြစ်၍ လက်တွေ့၌ ငွေကြေးအား ရည်ညွှန်းခြင်း ဖြစ်၏။
ဤဆေးပညာ ညီလာခံ၌ အနိုင်ရရှိသူသည် ဆေးပင်စိုက်ခင်းများမှ ဝင်ငွေ တစ်စိတ်တစ်ပိုင်းကို ရရှိမည်ဖြစ်သည်။ စိုက်ခင်းမှ ထွက်သည့် ဆေးပင်ဖြစ်စေ၊ ထိုဆေးပင်များအား ရောင်းရသည့်ငွေ ဖြစ်စေ အားလုံးက အနိုင်ရသူ၏ အပိုင်သာ ဖြစ်၏။ သို့သော် ဤနေရာရှိ ဆေးပင်စိုက်ခင်းစိုက်ပျိုးသူများအား ငှားရမ်းခငွေကိုတော့ သေချာပေါက် ဖယ်ထားရမည် ဖြစ်သည်။
ဆေးပင်စိုက်ခင်းသည် အလွန်ကြီးမားပြီး ဆေးပင်များကို စက်ကြီးများဖြင့် ရိတ်သိမ်းသည့် အချိန်တိုင်း ဆေးဖော်စပ်သည့် ဆရာသခင်များ၏ မိသားစုများသည် အကျိုးအမြတ် ညှိနှိုင်းခွဲဝေရန်အတွက် ဤနေရာသို့ လာရောက်ကြ၍ သူတို့ရရှိသည့် ငွေပမာဏက နည်းနည်းနောနော မဟုတ်ပေ။
“ကျွန်မသာ ဆေးပင်စိုက်ခင်းတွေကို လိုချင်ရင် ကျွန်မ ရအောင် ကြိုးစားမှာပေါ့။ ပြီးတော့ ကျွန်မအမြင်တော့ ရှင်က နိုင်မယ့်ပုံ မပေါ်ပါဘူး။ ဒီလို မသေချာ မရေရာတဲ့ကတိက ကျွန်မအတွက် အသုံးမဝင်ဘူး”
ကျင်းယွင်ကျောင်းက မျက်နှာသေဖြင့် ပြောလိုက်သည်။
သည်ချွေ့ကျန်းရှန်းကတော့ ...ငါ့ကို အရူးလို့ထင်နေတာလား။
ဤညီလာခံသို့ လာရောက်ကြသည့် ဆေးဖော်စပ်သူများစွာရှိရာ ချွေ့မိသားစု အနိုင်ရမည့်အလှည့်က မည်သည့်အချိန်မှ ရောက်လာမည်နည်း။
ကျင်းယွင်ကျောင်းသည် သူမကိုယ်တိုင်လည်း အနိုင်ရလိမ့်မည်ဟု သေချာပေါက် မထင်ပေ။ သူမသည် ဆေးပညာရပ်များစွာကို သင်ယူလေ့လာထားပြီးဖြစ်သော်လည်း လက်တွေ့၌ ဆေးဖော်စပ်သည့်အလုပ်သည် အတော်လေး ခက်ခဲ၍ သူမ၏ အရည်အချင်းသည် ဤပညာရပ်၌ ဆယ်စုနှစ်ပေါင်းများစွာ နှစ်မြှုပ်လေ့လာထားသည့် ဆရာသခင်များကဲ့သို့ ကောင်းမွန်ခြင်း မရှိသေးပေ။ သို့သော် သူမသည် အနိုင်မရလျှင်တောင်မှ အခြားသူများထက် နောက်ကောက်ကျ ကျန်ခဲ့မည် မဟုတ်။
အကြီးအကဲ သုံးယောက်သည် အကြီးအကဲရှုနှင့် သက်တူရွယ်တူဖြစ်၍ သူတို့၏ အဆင့်အတန်းသည် အကြီးအကဲရှုအား မယှဥ်နိုင်သော်လည်း အလွန်မြင့်မားနေဆဲပင်။ ထို့အပြင် သူတို့သည် ဆေးပညာ အသိုင်းအဝိုင်း၌ တစ်ယောက်နှင့်တစ်ယောက် မတိမ်းမယိမ်း သြဇာကြီးသူများဖြစ်သည်။
ထို့ကြောင့် သူမသည် ထိုအကြီးအကဲ သုံးယောက်အား မနိုင်လျှင်တောင်မှ ဆေးပင် စိုက်ခင်းဝင်ငွေ၏ လေးပုံတစ်ပုံအား ရရှိနိုင်သေး၏။ ကျန်ရှိသည့် ဝင်ငွေသုံးပုံသည် အကြီးအကဲ သုံးယောက်၏ လက်ထဲ၌ ရှိနေသော်လည်း သူတို့အား သူမ အနိုင်ရရှိသည့်အချိန်တိုင်း ထိုဝေစုများကို ရရှိမည်ဖြစ်သည်။
ထို့ကြောင့် ရလဒ်က မည်သို့ပင်ဖြစ်စေ၊ သူမအတွက် အရှုံးမရှိပေ။
ချွေ့ကျွင်းသည် ကျင်းယွင်ကျောင်းက ဤကဲ့သို့ ဟောင်ဖွာဟောင်ဖွာ ပြောလိမ့်မည်ဟု မျှော်လင့်မထားခဲ့၊ ထို့ကြောင့် ယခု သူသည် သူမ၏ ကန့်လန့်တိုက်နေမှုအား မြင်သောအခါ ပို၍ ဒေါသထွက်လာပြီး ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ ပြောလိုက်သည်။
“ကျင်းယွင်ကျောင်း၊ ငါ့ကို လာဆွနေတာက မင်းအတွက် ကောင်းကျိုးမရှိဘူးနော်။ တော်ရုံပဲကောင်းတယ်”
“ကောင်းကျိုး မရှိတော့ ဘာဖြစ်လဲ။ လောလောဆယ် ကိစ္စကိုပဲ အာရုံစိုက်စမ်းပါ၊ ကျွန်မ ရှင့်သားကို မမြင်ချင်တော့ဘူး။ အခု အချိန်မှာ သူက မောင်းထုတ်ခံရတာနဲ့ပဲ တန်တယ်”
ကျင်းယွင်ကျောင်းက အေးစက်စက် ပြန်ပြောလိုက်ပြီး သူမ၏ လေသံကလည်း တင်းမာလှသည်။
Chapter 364 : အရာအားလုံး ကျွန်မကိုပြန်ပေး
ကျင်းယွင်ကျောင်း၏ စကားဆုံးသောအခါ ချွေ့ကျန်းရှန်းက သူမအား စိန်းစိန်းဝါးဝါး ကြည့်လာသည်။ သို့သော် ကျင်းယွင်ကျောင်းကမူ သူ့အား လုံးဝ အဖတ်မလုပ်ဘဲ စန်းရန်နှင့် ချွေ့ကျွင်းကိုသာ ထွက်သွားရန်အတွက် အေးအေးဆေးဆေး ပြောလိုက်၏။
လောက၌ အနိုင်ရရှိသူသည်သာ ဘုရင်ဖြစ်၍ အရှုံးသမားက အမြဲတမ်း ပုန်ကန်သူသာဖြစ်သည်။ သူမသည် လူများစွာ၏ ရှေ့မှောက်၌ အနိုင်ရရှိခဲ့သဖြင့် စာချုပ်အား စိတ်ကြိုက် ဆုံးဖြတ်နိုင်ခွင့်ရှိ၏။
ထို့ကြောင့် ထိုနှစ်ယောက်သည် ခြံဝန်းအပြင်သို့ မောင်းထုတ်ခံလိုက်ရပြီး ဤအဖြစ်အပျက်အား ဘေးမှ ကြည့်နေသူများစွာလည်း ရှိသည်။
“နေပါဦး”
ချွေ့ကျွင်း ကားပေါ်သို့ မတက်မီ ကျီရှန်းရှန်းက လူအုပ်ထဲမှ ပြေးထွက်လာပြီး သူ၏ ရှေ့၌ ရပ်လိုက်သည်။
“ချွေ့ကျွင်း၊ ရှင် ကျွန်မတို့မိသားစုကို တောင်းပန်ရမယ်”
ထိုအခါ ချွေ့ကျွင်းက ကျီရှန်းရှန်းအား စက်ဆုပ်စရာကောင်းသည်ဟု တွေးလိုက်ပြီး ...
“မင်း ရူးနေတာလား။ ထွက်သွား...”
ထိုစကားကို ကြားသောအခါ ကျီရှန်းရှန်းသည် ရုတ်တရက် စိတ်လွတ်သွားပြီး ချွေ့ကျွင်း၏ အဝတ်အစားများကို လှမ်းဆွဲတော့သည်။ ထိုအခါ ချွေ့ကျွင်းသည် ကြောင်အနေပြီး မည်သူ့ကိုမှလည်း အကူအညီ မတောင်းရဲပေ။
တစ်ခဏအတွင်းမှာပင် ချွေ့ကျွင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အတွင်းဝတ်များရော အပြင်ဝတ်များပါ ဆွဲဖြဲခံလိုက်ရသည်။ ထိုမျှသာမက ကျီရှန်းရှန်းသည် စန်းရန်ဆီသို့ ချက်ချင်းပြေးသွား၍ သူမ၏ လည်ပင်းကို စိုက်ကြည့်ကာ ဆွဲထားသည့် ဆွဲကြိုးကို ဆွဲဖြုတ်ပစ်လိုက်၏။
“ဒါတွေက ငါ ဝယ်ပေးထားတာ”
ကျီရှန်းရှန်းက ဒေါသတကြီး ပြောလိုက်သည်။
အစပိုင်းက သူမသည် စန်းရန်နှင့် နှစ်ဦးနှစ်ဖက် သင့်မြတ်စေရန်အတွက် အမျိုးသမီးလည်ဆွဲတစ်ခုကို ဝယ်၍ ချွေ့ကျွင်းမှတဆင့် စန်းရန်အား ပေးခိုင်းခဲ့၏။
သို့သော် စန်းရန်သည် ပစ္စည်းကို ယူပြီးသည်နှင့် အချိုးပြောင်းသွားပြီး ငြင်းဆန်လာသဖြင့် ကျီရှန်းရှန်းက သူမအား ပို၍ မုန်းတီးသွားခဲ့သည်။
ထို့အပြင် ချွေ့ကျွင်း၏ နာရီ၊ လက်ကိုင်ဖုန်းနှင့် ကုတ်အင်္ကျီ အားလုံးကလည်း အထိမ်းအမှတ်ပွဲတော် ရက်မျိုးစုံအတွင်း၌ လက်ဆောင်အဖြစ် သူမ ပေးထားသည့် အရာများသာဖြစ်၍ ယခုအချိန်၌ သူမသည် ၎င်းတို့အား တစ်ခုချင်းစီ ပြန်လိုချင်သည်။
သူမသည် ချွေ့ကျွင်းအား ချစ်မြတ်နိုးခဲ့၍ ယခုအထိလည်း ချစ်ခင်နေဆဲဖြစ်၏။ သို့သော် ချွေ့ကျွင်းသည် သူမကိုသာ အနိုင်ကျင့်၊ ပမာမခန့်ပြုနိုင်သည်၊ သူမ၏ မိဘများနှင့် အစ်ကိုဖြစ်သူကိုမူ သူမကိုယ်တိုင်ပင် တစ်ခါမှ မစော်ကားခဲ့ဖူးပေ။ ယမန်နေ့က သူမ၏ အစ်ကို ဖြစ်သူသည် သူမအတွက် ချွေ့ကျွင်းနှင့် ရန်ဖြစ်ခဲ့၍ ယနေ့မနက်တွင် ပြိုင်ပွဲမှ အထုတ်ခံလိုက်ရရာ သူမသည် အပြစ်ရှိစိတ်ဖြင့် ခေါင်းပင်မမော့ရဲပေ။
ယနေ့၌ မိဘများသည်လည်း သူမအား စိတ်ပျက်နေပုံရ၍ သူမသည် ယခုကဲ့သို့ တစ်ခါမှ မကြောက်ရွံ့ခဲ့ဖူးပေ။
သူမသည် အစောပိုင်းက ချွေ့ကျွင်းအား မကူညီနိုင်ခဲ့သည့်အတွက် ဝမ်းနည်းနေခဲ့၍ ယနေ့မနက်တွင်မူ ထိုခံစားချက်များက တခြားစီဖြစ်သွား၏။ သူမ၏ အစ်ကိုသည် ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရ၍ သူမအပေါ်သို့ ကောင်းကင်ကြီး ပြိုကျလာသည့်အလား ခံစားလိုက်ရသည်။
သို့ရာတွင် ချွေ့ကျွင်းကမူ သူမအား အရူးဟု ခေါ်၍ နားလည်မှုမရှိသူ တစ်ယောက်ကဲ့သို့ ဆူပူကြိမ်းမောင်းကာ သူမ၏ မိဘများကို အရှက်ခွဲနေ၏။
ထို့ကြောင့် သူမအား နားလည်မှုမရှိသူ ဟူ၍ ချွေ့ကျွင်း ပြောလိုက်သည့် စကားနှင့် လိုက်ဖက်အောင် သူမက ပြုမူပြလိုက်ခြင်းဖြစ်ပြီး နောင်တွင်လည်း မိဘများ စိတ်ချမ်းသာစေရန်အတွက် သူနှင့် ထပ်မံ၍ ပေါင်းသင်းတော့မည် မဟုတ်ပေ။
ကျီရှန်းရှန်းသည် သူမ၏ ပစ္စည်းများကို ပြန်လုယူပြီးနောက် မမေ့မလျော့ ထပ်ပြောလိုက်ပြန်၏။
“ရှင် အိမ်ပြန်ရောက်ရင် ရှင့်ရဲ့ ကွန်ပျူတာကိုလည်း ကျွန်မဆီ ပြန်ပေး။ ရှင်တို့ မိသားစုက မမွဲဘူးဆိုတာ ကျွန်မသိတယ်။ ဒါကြောင့် ကျွန်မရဲ့ပစ္စည်းတွေကို ယူမထားနဲ့”
လူယုတ်မာသည် အဆုံးသတ်၌ ပေါ်ထွက်လာပြီဖြစ်၍ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် စာရင်းရှင်းပစ်ရမည် ဖြစ်သည်။
ထိုသို့ ပြောဆိုပြီးနောက် ကျီရှန်းရှန်းသည် နီရဲနေသော မျက်လုံးအစုံဖြင့် ဖခင်ဖြစ်သူထံသို့ ပြန်လျှောက်လာပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
ထိုအခါ ချွေ့ကျွင်းသည် ပို၍ အရှက်ကွဲသွားပြီး ကျီရှန်းရှန်းအား ချက်ချင်း မုန်းတီးသွား၏။
စန်းရန်ကမူ ပို၍ ကံခေလှပြီး ချွေ့ကျွင်း၌ အိမ်ပြန်စရာ ကားရှိသော်လည်း သူမတွင်မူ မရှိချေ။ ချွေ့ကျန်းရှန်းက သူမအား ချွေ့မိသားစုထဲမှ မောင်းထုတ်ရန် ဆုံးဖြတ်ချက် ချပြီးသွားသဖြင့် ပလက်ဖောင်းအတိုင်းသာ လမ်းလျှောက်ပြန်ရသည်။ အနာဂတ်တွင်လည်း သူမသည် ကျောင်း၌သာ နေရတော့မည်ဖြစ်၍ ကျူရှင်ကြေးများနှင့် နေထိုင်စားသောက်မှုစရိတ် အထွေထွေကိုလည်း ကိုယ်တိုင်ရှာဖွေရမည် ဖြစ်သည်။
ထို့ကြောင့် ဒုက္ခများစွာဖြင့် စောင့်ကြိုနေမည့်အနာဂတ်အား တွေးမိသောအခါ သူမသည် ပို၍ ရန်ငြိုးများ ကြီးမားလာသလို ခံစားလိုက်ရသည်။
သူမ၏ မျက်လုံးများထဲ၌ မီးဝင်းတောက်တောက်နေပြီး ကျင်းယွင်ကျောင်း၏ အမည်အား သူမ၏ နှလုံးသားထဲတွင် စွဲစွဲမြဲမြဲ ရိုက်နှိပ်ထား၏။ ထို့နောက် အံတင်းတင်းကြိတ်၍ လူတိုင်း၏ မျက်စိရှေ့မှ တစ်လှမ်းချင်း ထွက်လာခဲ့ပြီး သူမ၏ရင်ထဲတွင်မူ ထပ်ခါထပ်ခါ ကျိန်ဆဲနေသည်။
“ကျင်းယွင်ကျောင်း၊ ငါ့အစ်ကိုက သူ ထွက်မသွားခင်က နင့်ကို တောင်းပန်ဖို့ ငါ့ကို မှာခဲ့တယ်။ ဘာလို့တောင်းပန်ခိုင်းမှန်း မသိပေမယ့် ငါ နင့်ကို တောင်းပန်ပါတယ်”
ကျီရှန်းရှန်းက ရှိုက်သံများဖြင့် ခါးသီးစွာ ပြောလာ၏။
ယခု သူမ အသည်းကွဲနေသည်။
သို့သော် အသည်းကွဲနေသည့်အပြင် ကျင်းယွင်ကျောင်းအား တောင်းပန်စကားပါ ပြောလိုက်ရသဖြင့် သူမ၏ အဖြစ်က ကမ္ဘာပေါ်၌ ဝမ်းနည်းစရာ အကောင်းဆုံးဖြစ်တော့သည်။