အခန်း (၃၆၅-၃၆၈)
Vol. 19 Ch. 365-368
Chapter 365 : ငါက ငတုံးလား
ကျီရှန်းရှန်း၏ မျက်လုံးများသည် သစ်ကြားသီးကဲ့သို့ ဖောင်းကားနေ၏။ ကျင်းယွင်ကျောင်းသည် ထပ်မံ၍ သည်းမခံနိုင်တော့ပေ။ သို့သော် သူမသည် ဤကဲ့သို့ ဆန်ကုန်မြေလေးတစ်ယောက်အတွက်နှင့် အခြားသူများက သူမအား ကြောင်တောင်တောင်ပုံစံမျိုး အမြင်မခံနိုင်ချေ။
ထို့ကြောင့် ကျီရှန်းရှန်း၏ တောင်းပန်စကားကို ခေါင်းညိတ်၍သာ တုံ့ပြန်လိုက်ပြီး လှည့်ထွက်လာလိုက်သည်။
သို့သော် ကျီရှန်းရှန်းက ထိုအခြင်းအရာကို မြင်သည်နှင့် ရှေ့သို့ ချက်ချင်းပြေးထွက်လာပြီး ပြောလိုက်၏။
“မသွားနဲ့ဦး။ ခုနတုန်းက နင့်ရဲ့သဘောထားက ဘာအဓိပ္ပါယ်လဲ။ ငါက ငတုံးလား”
ကျီရှန်းရှန်းသည် ကျင်းယွင်ကျောင်း၏ အကြည့်များထဲတွင် သူမအပေါ် အထင်သေးမှုများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူမသည် ကျင်းယွင်ကျောင်းက ချွေ့ကျွင်း၏ အကျင့်စရိုက်နှင့် ပတ်သတ်၍ ပြောခဲ့သည်များကို သတိရသော်လည်း ယခုထိ သဘောမပေါက်သေးချေ။ သူမသည် ချွေ့ကျွင်းအား ကြည့်လေလေ ပို၍ သဘောကျလာလေလေဖြစ်၍ သူက ပြီးပြည့်စုံသည်ဟုပင် ခံစားရသည်။ တစ်ခုတည်းသော လက်မခံနိုင်စရာကောင်းသည့်အချက်မှာ သူမ၏ မိဘများအပေါ်၌ မလေးစားခြင်းသာဖြစ်၏။
ထိုအခါ ကျင်းယွင်ကျောင်းက ခဏရပ်လိုက်ပြီး ပြန်ဖြေသည်။
“အေး...နင်က ငတုံး”
သူမ၏ မျက်ဝန်းများက တည်ကြည်လေးနက်နေ၏။
ထိုအခါ ထုံ့ရန်က ပြုံးလိုက်ပြီး ကျင်းယွင်ကျောင်းက ဤကဲ့သို့ ကလေးကလားဆန်သည့် မေးခွန်းအား လေးလေးနက်နက် ပြန်ဖြေနေသဖြင့် ရယ်ချင်သွားသည်။
ဤပုံစံက သူမ၏ ပုံစံ မဟုတ်ပေ။
ယမန်နေ့ည ပြိုင်ပွဲအပြီးတွင် ကျင်းယွင်ကျောင်းသည် ထုံ့ရန်၏ ရင်ထဲရှိ နတ်ဘုရားမတစ်ပါး ဖြစ်လာ၏။ သူမသည် မည်သည့် အခြေအနေတွင်မဆို လေးစားစရာကောင်းပြီး စိတ်ရောကိုယ်ပါ တည်ငြိမ်၍ စန်းရန်အား စကားဖြင့်ပင် အနိုင်ပိုင်းနိုင်သည်။
ကျင်းယွင်ကျောင်းသည် သူ့အား တွန်းကန်နေပြီး မချဥ်းကပ်နိုင်သည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။ သူမနှင့် စကား အနည်းအကျဥ်း ပြောရသည်ကိုပင် လက်လှမ်းမမီသကဲ့သို့ ခံစားနေရသည်။ ဤကဲ့သို့သော ခံစားမှုမျိုးသည် အကြီးအကဲတစ်ဦးထံမှ ဖိအားနှင့်တူ၏။ သို့သော် ကျင်းယွင်ကျောင်းသည် အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်သာ ရှိသေးပုံပေါ်၍ သူ့ထက် အများကြီး ပိုငယ်သည်။
ထိုအခါ ကျီရှန်းရှန်းက နှာခေါင်းရှုံ့လိုက်ပြီး ...
“နင်က ငါ့ကို သဘောမကျဘူးပဲ၊ အခုတော့ အဆင်ပြေတယ်။ ချွေ့ကျွင်းလည်း ထွက်သွားပြီလေ။ ဒါပေမယ့် နင့်ရဲ့စိတ်ထဲကနေပဲ ငါ့ကို လှောင်ရယ်ရမယ် ကြားလား”
ထိုအခါ ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်ပြီး ကောင်းကင်ပေါ်သို့ ကူကယ်ရာမဲ့စွာ မော့ကြည့်လိုက်၏။
“ငါ နင့်ကို သဘောမကျဘူးဆိုတာ သိသွားပြီဆိုတော့ ငါ့ရှေ့မှာ လက်ကာပြီး ပိတ်ရပ်မနေနဲ့တော့လေ၊ ဟုတ်ပြီလား”
ကျင်းယွင်ကျောင်းက စိတ်ပျက်လက်ပျက် ပြောလာသည်။
“အလုပ်မဖြစ်ဘူး။ နင်က ငါ့ကိုမုန်းလေ၊ ငါက နင် ငါ့ကို ပိုပြီးတော့ မြင်စေချင်လေပဲ။ နင်က ဟွားနင်ခရိုင်မှာနေတာ မဟုတ်လား။ ဘာလို့ ငါ့ကို လာလည်ဖို့ မဖိတ်တာလဲ။ ငါ အဲ့ကို တစ်ခါမှ မရောက်ဖူးဘူး”
ကျီရှန်းရှန်းက ထပ်၍ လမ်းပိတ်လိုက်ပြန်၏။
သူမသည် ငိုထားသဖြင့် စကားပြောသောအခါတွင် နှာသံပေါက်နေရာ သူမ၏ ပုံစံက သနားစရာကောင်း၍ ကျင်းယွင်ကျောင်းကသာ သူမ၏ စကားကို သဘောမတူလျှင် ရာဇဝတ်မှုတစ်ခု ကျူးလွန်မိတော့မည့်အလား ထင်မှတ်ရသည်။
သို့သော် ကျီရှန်းရှန်းသည် အမှန်တကယ်ပင် ပြဿနာအိုးဖြစ်၍ သိတတ်မှုလည်း မရှိပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ဤကဲ့သို့သော ပြဿနာအိုးနှင့် မပေါင်းလိုသဖြင့် ချက်ချင်း ပြန်အော်လိုက်သည်။
“မရဘူး”
ထို့နောက် ကျီရှန်းရှန်း ကာထားသည့်ကြားမှ ချက်ချင်း ရှောင်ထွက်သွား၏။
ထိုအခါ ကျီရှန်းရှန်းသည် စိတ်ဓါတ်ကျသွားပြီး အချိန်အတော်ကြာအောင် အော်ဟစ်ငိုယိုနေသဖြင့် ထုံ့ရန်နှင့် အဖေကျီတို့က သူမအား ဝိုင်းဝန်းချော့မော့ကြရသည်။
သို့သော် ကျီရှန်းရှန်းသည် ယခုတစ်ကြိမ်၌ ချွေ့ကျွင်း အတော်လေး အရှက်ရသွားကြောင်းကိုလည်း သိ၏။ ထို့ကြောင့် ယခုအချိန်မှစ၍ သူမသည် သူနှင့် ထပ်မံ၍ ပေါင်းသင်းနိုင်တော့မည် မဟုတ်သလို ထပ်မံ၍ ပိုးပန်းနိုင်တော့မည်လည်း မဟုတ်ပေ။ သို့သော် သူမသည် သူမ၏ မိသားစုနှင့် ချွေ့ကျွင်းတို့အကြား ရွေးခြယ်ရလျှင် မိသားစုကိုသာ ရွေးမည်ဖြစ်သည်။
ထို့နေ့ပင် ဆေးပညာ ညီလာခံ၏ နောက်ဆုံးပြိုင်ပွဲလည်း စတင်၏။
ကျင်းယွင်ကျောင်းသည် ယခင်နေ့က သူမ၏ အရည်အချင်းကို ထုတ်ပြထားသဖြင့် အကြီးအကဲများက သူမအား သာမန်ကလေးတစ်ယောက်ကဲ့သို့ မဆက်ဆံတော့ပေ။
မူလက ချွေ့ကျွင်း၏ ဖခင်၊ ချွေ့ကျန်းရှန်းက သူ့ကိုယ်သူ ပြိုင်ပွဲ၌ အနိုင်ရလိမ့်မည်ဟု ကြွားဝါခဲ့သော်လည်း လက်တွေ့တွင်မူ ပြိုင်ပွဲပထမအချီ၌ပင် ထုတ်ပယ်ခံလိုက်ရ၏။
သူသည် အရည်အချင်းရှိသော်လည်း အခြားသူများကဲ့သို့ အာရုံမစိုက်နိုင်ပေ။ သူသည် စိတ်ကယောက်ကယက်ဖြစ်နေပြီး ပြိုင်ပွဲတွင် အာရုံစူးစိုက်နိုင်ခြင်းမရှိဘဲ လွယ်ကူရိုးရှင်းသည့် ဆေးဖော်စပ်မှု၌ပင် အမှားများစွာ လုပ်ခဲ့သည်။ အကြီးအကဲ သုံးဦးသည် သူ့အား ပထမတစ်ကြိမ်၊ နှစ်ကြိမ်၌ သည်းခံပေးသော်လည်း သူသည် အမှန်တကယ်ပင် စိတ်လွတ်နေပုံပေါ်၏။ ထို့ကြောင့် သူတို့သည် ဆေးဖော်စပ်သည့် ဥပဒေသများအရ ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့အား ပြိုင်ပွဲမှ ထုတ်ပယ်ရန် တုံ့ဆိုင်းခြင်းမရှိဘဲ ရွေးချယ်လိုက်ကြသည်။
ချွေ့ကျန်းရှန်းသည် ဂုဏ်သတင်း ကြီးမားသူဖြစ်၍ ပြိုင်ပွဲပထမအချီ၌ ထုတ်ပယ်ခံလိုက်ရသောအခါ ဒေါသထွက်သွားပြီး ညတွင်းချင်းပင် ကားတစ်စီးဖြင့် ဆေးပညာ ညီလာခံကျင်းပသည့်ရွာမှ ထွက်ခွာသွားတော့သည်။
တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းသည် ပြိုင်ပွဲများစွာကို ဖြတ်ကျော်၍ အားလုံး၏ ထိပ်ဆုံးသို့ ရောက်လာ၏။
Chapter 366 : ခရိုင်မြို့သို့ပြန်ခြင်းနှင့် ရှောင်ဟိုင်ချင်း ကျောင်းပြောင်းသွားခြင်း
ကျင်းယွင်ကျောင်းသည် အရာရာတိုင်း၌ အကန့်အသတ်ရှိသည်ကို နားလည်၏။ မိုးကျရွှေကိုယ်တစ်ယောက်အနေဖြင့် သူမသည် သူမထက် အသက်ပိုကြီးသော အကြီးအကဲများစွာကို အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် သူမသည် နာမည်ပိုကြီးလာသော်လည်း တစ်ဖက်၌ လူမုန်းများလာမည် ဖြစ်၏။
ထို့ကြောင့် အခွင့်အရေးကိုရတိုင်း မယူသင့်ဘဲ ဖြည်းဖြည်းချင်းသာ သွားရသည်။
အဆုံး၌ ကျင်းယွင်ကျောင်းသည် ဆေးပညာညီလာခံမှ အကြီးအကဲသုံးဦးနှင့် မယှဥ်ပြိုင်ခဲ့ပေ။ လက်တွေ့၌ ထိုအကြီးအကဲများကလည်း သူမသည် ပွဲစဥ်တိုင်း၌ ထူးချွန်စွာ ယှဥ်ပြိုင်ကျော်ဖြတ်ခဲ့သည်ကို သိထားကြသည်။ ထို့အပြင် သူမသည် မွေးရာပါ ပါရမီရှိသလို အကြီးအကဲများ၌ နှစ်ပေါင်းများစွာ အလုပ်ကြိုးစား၍ စုဆောင်းရရှိလာသော အတွေ့အကြုံများစွာရှိသည်။ ထို့ကြောင့် သူမသည် ကိစ္စများကို ဆိုးဆိုးရွားရွား ဖြစ်စေပြီး အခြားသူများကို အရှက်ရအောင် လုပ်စရာမလိုတော့ပေ။
ထို့ကြောင့် ပြိုင်ပွဲသည် အဆုံးထိမရောက်သော်လည်း ကျင်းယွင်ကျောင်းသည် ဤဆေးပညာညီလာခံ၏ အနိုင်ရရှိသူဖြစ်ကြောင်း သံသယဝင်စရာမရှိပေ။
ဆေးပင်စိုက်ခင်း လေးပုံတစ်ပုံ၏ အမြတ်ငွေသည် မနည်းလှဘဲ ထိုငွေများအား သူမဆီသို့ နောက်နှစ်တွင် ပို့ပေးမည်ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီး အကြီးအကဲရှုနှင့်လည်း ပတ်သတ်နေသေးရာ သူမ၏ အဆင့်အတန်းသည် ပို၍ မြင့်မားသွားတော့၏။ ထို့ကြောင့် အခြားသူများအား ဖားယားရန် အစီအစဥ်ဆွဲထားသူများသည် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။
ကျင်းယွင်ကျောင်း ထွက်သွားသည့်အခါကျမှ သူတို့လည်း သက်ပြင်းချနိုင်ကြသည်။
ယခင်က သူတို့အတွက် ဆေးပညာ ညီလာခံသည် ရိုးရှင်း၍ ခက်ခဲမှုမရှိသည့် စမ်းသပ်ပွဲ ဖြစ်သည်။ သို့သော် ကျင်းယွင်ကျောင်း အနိုင်ရသွားသောအခါ လူတိုင်း အနည်းငယ် သတိကပ်သွားကြသည်။
သူတို့ ရှုံးနိမ့်သွားသည်မှာ ဗဟုသုတ အားနည်းသောကြောင့် မဟုတ်ဘဲ အလေးအနက်ထားမှုကွာခြားသွားခြင်းကြောင့်သာ ဖြစ်၏။ ဤနှစ်များအတွင်း ဆေးပညာနယ်ပယ်၌ သူတို့၏ ဂုဏ်သတင်းက ကြီးသထက်ကြီးလာသော်လည်း ဆေးပစ္စည်းများနှင့် ထိတွေ့ချိန်မှာမူ ယခင်ကထက် ပို၍ နည်းလာကြသည်။
သူတို့၌ သားသမီးများနှင့် အလုပ်သင် တပည့်များရှိကြ၍ အခြားသူများကိုလည်း အခကြေးငွေဖြင့်ငှားရမ်းနိုင်သည်ဖြစ်ရာ သူတို့ကိုယ်တိုင် ဆေးဖော်စပ်သည့်နေရာ၌ ဝင်ပါခြင်းက ကြုံတောင့်ကြုံခဲကိစ္စဖြစ်လာပြီး အခြားသူများ မဖြေရှင်းနိုင်သည့်ပြဿနာများ ရှိလာမှသာ ပါဝင်ဖြေရှင်းပေးတတ်ကြသည်။ ထို့ကြောင့် သူတို့သည် အကျင့်ပျက်သထက် ပျက်လာ၏။
သို့သော် ကျင်းယွင်ကျောင်းကမူ မတူပေ၊ သူမသည် မည်သည့် ဆေးပစ္စည်းကိုမဆို အလေးအနက်ထား၍ ကိုင်တွယ်ဖော်စပ်တတ်၍ သူမ၏ နည်းလမ်းသည် အစပိုင်း၌ အနည်းငယ် မသေမသပ်ဖြစ်၍ ဝတ်ကြေတန်းကြေလုပ်ထားသူများထက် ပို၍နောက်ကျနေလျှင်တောင်မှ သူမ၏ ဆေးဖော်စပ်သည့် လုပ်ငန်းစဥ်များက ပြီးပြည့်စုံလုနီးပါးပင်။
ယခုအခါ သူတို့သည် ကျင်းယွင်ကျောင်းကို ရှုံးနိမ့်သွားသဖြင့် သူတို့ကိုယ်သူတို့ ပြန်လည်မသုံးသပ်၍ မရတော့ချေ။
သို့သော် ကျင်းယွင်ကျောင်းသည် အတော်လေး ယဥ်ကျေးသည်ဟု ယူဆနိုင်၏။ သူမသည် အနိုင်ရရှိခဲ့သော်လည်း ကံအလွန်ကောင်း၍သာ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိထားရာ လူတိုင်းအား ယဥ်ယဥ်ကျေးကျေး ဆက်ဆံပြီး မျက်နှာသာပေးခဲ့သည်။
ထို့ကြောင့် ဤသဘောထားသည် လူအများစုအား သက်တောင့်သက်သာဖြစ်စေပြီး သူတို့သည် ကျင်းယွင်ကျောင်းအား ယခင်ကထက် ပို၍ အထင်ကြီးလေးစားလာကြ၏။
ပြိုင်ပွဲပြီးသည်နှင့် ကျင်းယွင်ကျောင်းသည် ဟွားနင်ခရိုင်သို့ ချက်ချင်းပြန်လာခဲ့သည်။
သူမသည် တစ်ပတ်ခန့်ခွင့်ယူခဲ့ပြီး ကြားထဲတွင်လည်း နားရက်တစ်ရက်ကျန်သေးရာ ယခု သူမ၌ အားလပ်ရက်သုံးရက် ကျန်ရှိနေသေး၏။
သို့သော် ကျင်းယွင်ကျောင်း အိမ်သို့ပြန်ရောက်သည်နှင့် စူးချူနှင့် ကန်ကျင်းချန်တို့ နှစ်ဦးစလုံး တက်တက်ကြွကြွ မရှိသည်ကို တွေ့လိုက်ရသည်။
ယခင်က သူမ အိမ်ထဲသို့ဝင်လိုက်သည်နှင့် စူးချူသည် သူမထံသို့ ခုန်ပေါက်၍ ပြေးလာတတ်၏။ သို့သော် ယခုတွင်မူ စူးချူသည် အရေးတကြီးလုပ်စရာရှိနေသည့်အလား ဆိုဖာပေါ်၌သာ မှီထိုင်နေသည်။
ထို့ကြောင့် စူးချူ၏ ပုံစံကိုမြင်သောအခါ ကျင်းယွင်ကျောင်း၏ ရင်ထဲ၌ အနည်းငယ် ပူပန်သွား၏။
“ပြောင်ကျဲ၊ ပြန်လာပြီပေါ့”
စူးချူသည် သူမအား ပြုံးပြလာသော်လည်း မျက်နှာပေါ်ရှိ စိတ်ရှုပ်နေသည့်အရိပ်အယောင်များကိုမူ လုံးဝ ဖုံးကွယ်မထားနိုင်ပေ။
ထို့ကြောင့် ကျင်းယွင်ကျောင်းက ပစ္စည်းများကို ချထားလိုက်ပြီး ဆိုဖာဆီသို့လျှောက်လာကာ ကန်ကျင်းချန်အား မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
“ရှောင်ဟိုင်ချင်း ကျောင်းပြောင်းသွားပြီ”
ကန်ကျင်းချန်က ပြန်ဖြေလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းသည် ရင်ထိတ်သွားပြီး မျက်နှာလည်း ပျက်သွားသည်။
“ဘယ်တုန်းကလဲ။ ဘယ်ကျောင်းကို ပြောင်းသွားတာလဲ”
ကန်ကျင်းချန်က သက်ပြင်းချ၍ ပြန်ဖြေလိုက်၏။
“နင် ထွက်သွားပြီး သုံးရက်လောက် ကြာတော့၊ နင်လည်း သိပါတယ်၊ သူတို့မိသားစုက စီးပွားရေးကိုပဲ အာရုံစိုက်ကြတာလေ။ အခု ဦးလေးရှောင်ရဲ့စီးပွားရေးလုပ်ငန်းတွေက ပိုကောင်းလာတော့ သူက သူ့မိသားစုကို နင်းမြို့တော်ကို ပြောင်းဖို့ အစီအစဥ်ဆွဲလိုက်တယ်။ ရှောင်ဟိုင်ချင်းက ဒီမှာပဲနေချင်ပေမယ့် သူ့အဖေက ခွင့်မပြုဘူး။ ဒါကြောင့် သူလည်း အတင်းအကြပ် ကျောင်းပြောင်းခံလိုက်ရတယ်”
“ပြီးတော့ ငါတို့ ရှောင်ဟိုင်ချင်းနဲ့ အဆက်အသွယ်ရပြီး သိခဲ့တာ၊ သူ ပြောင်းသွားတဲ့ ကျောင်းက သိပ်မကောင်းဘူးတဲ့။ နင်းမြို့တော်မှာတောင် နာမည်မကြီးဘူးလို့ ပြောတယ်။ ငါတို့ခရိုင်က အမှတ်တစ်အလယ်တန်းကျောင်းလောက်တောင် မကောင်းဘူးဆိုပဲ”
Chapter 367 : ကံကြမ္မာပြောင်းလဲ၍ မြေပိုင်ရှင် ဖြစ်လာခြင်း
ကန်ကျင်းချန်၏ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းလည်း မျက်နှာပျက်သွား၏။
“သူ့ အဖေက ဘယ်လိုတွေစဥ်းစားနေမှန်း ငါလည်း တကယ် မသိတော့ဘူး။ ဘာပဲပြောပြော ရှောင်ဟိုင်ချင်းက သူ့သမီးပဲလေ။ သူ့ သမီးကို နင်းမြို့တော်ကို ခေါ်သွားတာက ဖြစ်သင့်တဲ့ကိစ္စဆိုပေမယ့် ကျောင်းကောင်းကောင်းတော့ ရွေးပေးသင့်တယ်။ ဒါပေမယ့် အခုကျ မကောင်းတဲ့ကျောင်းကို ရွေးလိုက်တယ်။ ငါ့ အဖေကို စုံစမ်းခိုင်းလိုက်တော့ ကျောင်းက ကိုယ်ပိုင်ကျောင်းတဲ့။ အဲ့ကျောင်းမှာ ဒုတိယမျိုးဆက် သူဌေး သားသမီးတွေ အများကြီးမရှိပေမယ့် သာမန် မိသားစုထက်တော့ ချမ်းသာတဲ့သူတွေ နေကြတာတဲ့”
ကန်ကျင်းချန်သည်လည်း စိတ်ရှုပ်နေပုံရသည်။
ထို့နောက် ကျင်းယွင်ကျောင်းက သူမ၏ မှတ်ဥာဏ်ဟောင်းများကို သေချာပြန်တွေးကြည့်လိုက်ရာ ယခင်ဘဝက ရှောင်မိသားစု၏ ပြောင်းရွေ့မှုသည် ယခုနှင့် အနည်းငယ်ကွာခြားနေကြောင်း သိလိုက်ရသည်။
အတိတ်ဘဝက ချောင်ဟုန်ယဲ့သည် ယခုအချိန်၌ ကျောင်းတက်နေသေး၍ အိမ်ပြန်လာတိုင်း ရှောင်ဟိုင်ချင်း၏ အကြောင်းကိုသာ ပြောနေခဲ့ရာ ရှောင်ဟိုင်ချင်းသည် ကျိုတို၌ တက္ကသိုလ်သွားမတက်မီအချိန်အထိ ဟွားနင်ခရိုင်၌သာ နေခဲ့ကြောင့် သိလိုက်ရ၏။
သို့သော် ယခင်ဘဝလမ်းကြောင်းက ထိုကဲ့သို့ဖြစ်လျှင် ယခုအချိန်၌ အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။
ကျင်းယွင်ကျောင်းသည် ကြိတ်၍ ထိတ်လန့်သွားသည်။
ငါ့ကြောင့်များလား။
“ငါ့ကို ဘာလို့ စောစောမပြောတာတုန်း”
ကျင်းယွင်ကျောင်းသည် ဘာလုပ်ရမှန်းမသိဖြစ်နေ၏။
“ရှောင်ဟိုင်ချင်းက ပြောတယ်လေ။ နင်က ခွင့်တိုင်သွားတယ်ဆိုကတည်းက ကိစ္စက အရေးကြီးလို့ပဲတဲ့။ ပြီးတော့ နင်သိသွားရင်လည်း ဒီဖြစ်ရပ်ကပြောင်းသွားတာမှ မဟုတ်တာတဲ့။ ဒါကြောင့် နင်ပြန်လာတဲ့အထိ စောင့်နေတာ”
ကန်ကျင်းချန်က ထပ်ပြောလိုက်သည်။
“ပြောင်ကျဲ၊ ကျွန်မတို့ ရှောင်ဟိုင်ချင်းအတွက် ဘာလုပ်ပေးသင့်လဲ။ သူက သူရဲ့မိထွေးရယ်၊ မောင်လေးရယ်နဲ့အတူ နေနေရတယ်လို့ ကြားတယ်။ သူတို့က သူ့ကို နေ့တိုင်း မနှိပ်စက်လောက်ပါဘူးနော်။ ပြီးတော့ အဲ့ကျောင်းကလည်း ပရမ်းပတာဆိုတော့ ဟိုင်ချင်း သေချာပေါက် စိတ်အေးလက်အေးနဲ့ စာသင်နိုင်မှာ မဟုတ်ဘူး”
စူးချူက သောကရောက်နေသဖြင့် မျက်နှာလေးမဲ့ပြီးပြောလာသည်။
ယခင် ရှောင်ဟိုင်ချင်း ဟွားနင်ခရိုင်တွင်နေခဲ့စဥ်က သူမ၏ မိခင်ဖြစ်သူထံမှ အမွေရသည့်အိမ်တွင်သာ အမြဲနေတတ်၍ မိထွေးဖြစ်သူ၊ မောင်လေးဖြစ်သူတို့နှင့် တွေ့ဆုံခဲသည်။ သို့သော် ထိုသို့ အချင်းချင်း မပတ်သတ်သော်လည်း ပဋိပက္ခအနည်းအကျဥ်းရှိ၏။
ယခုတစ်ကြိမ်ကမူ ကွာခြားသည်။ ရှောင်ဟိုင်ချင်းသည် နင်းမြို့တော်၌ အသိမိတ်ဆွေမရှိဘဲ မိထွေးဖြစ်သူက သူမအား ထိန်းချုပ်ထားရာ သေချာပေါက် အခြေအနေကောင်းမည် မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် အနည်းငယ် စိတ်ကသိကအောက်ဖြစ်နေ၏။ အထူးသဖြင့် သူမကြောင့် ရှောင်ဟိုင်ချင်း၏ အနာဂတ် ထိခိုက်သွားနိုင်သည်ဟု တွေးနေမိ၍ ပို၍ အပြစ်ရှိသလို ခံစားလာရသည်။
ယခင်ဘဝက ရှောင်ဟိုင်ချင်းသည် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်၏။ သူမသည် လူများစွာနှင့် လက်ထပ်ခဲ့သော်လည်း သူမ၏ ခင်ပွန်းများအားလုံးက သေသွားကြသည်။ အဘယ်ကြောင့် တခြားသူများက သူမအား ကျိန်စာသင့် မုဆိုးမဟု ခေါ်ကြမှန်း ကျင်းယွင်ကျောင်း မသိသော်လည်း သတင်းစာများတွင် ပါတတ်သည့် သူမ၏ ဟိတ်ဟန်ကြီးသောအပြုံးကို ကြည့်ခြင်းဖြင့် သူမသည် သာမန်ဘဝ၌သာ ရှင်သန်နေထိုင်ခဲ့သည်ဟု ခံစားရသည်။
သို့သော် ယခုအချိန်၌ ကိစ္စများက အစီအစဥ်မကျဖြစ်လာရာ သူမ၏ ဘဝသည် မည်သို့ဖြစ်လာမည်နည်း။
ကျင်းယွင်ကျောင်းသည် မသိမသာ ခေါင်းယမ်းမိလိုက်၍ ယခုဖြစ်ပျက်နေသည်များအား နားမလည်နိုင်တော့ပေ။
ထို့ကြောင့် သူမသည် အခန်းသို့ပြန်လာ၍ ရှောင်ဟိုင်ချင်းအား ဖုန်းဆက်လိုက်ရာ ကံဆိုးစွာပင် တစ်ဖက်က ဖုန်းမအားဖြစ်နေ၍ ပြန်မဖြေခဲ့။
နာရီဝက်ခန့်ကြာပြီးမှ တစ်ဖက်က ပြန်ဖြေသံကို ကြားလိုက်ရသည်။
“အချစ်ကလေး...ပြိုင်ပွဲပြီးသွားပြီလား”
တစ်ဖက်ရှိ ရှောင်ဟိုင်ချင်း၏ အသံသည် ထုံးစံအတိုင်း တက်ကြွနေသော်လည်း ကျင်းယွင်ကျောင်းကမူ အနည်းငယ် တင်းမာ၍ အက်ရှရှဖြစ်နေသည်ဟု ခံစားလိုက်ရ၏။
ဘာဖြစ်နေမှန်း မသိပေမယ့် ပုံမှန်မဟုတ်တာတော့ သေချာတယ်။
“ဘာတွေဖြစ်နေတာလဲ”
ကျင်းယွင််ကျောင်းက သာမန်ကာလျှံကာ လေသံဖြင့်ပင် မေးလိုက်သည်။
ထိုအခါ ရှောင်ဟိုင်ချင်းက ခေတ္တငြိမ်ကျသွားပြီး ...
“အင်း...ဘာမှမဖြစ်ပါဘူး။ နေရတဲ့ ပတ်ဝန်းကျင်ပြောင်းသွားရုံလေးပါပဲ။ ဒါပေမယ့် နင်ရော၊ ပြိုင်ပွဲက ဘယ်လိုဖြစ်သွားပြီလဲ”
“ရှောင်ဟိုင်ချင်း၊ အနာဂတ်မှာ ငါ့ကို ကာကွယ်ပေးမယ်လို့ နင် ပြောခဲ့ဖူးတယ် မဟုတ်လား။ ပြောခဲ့တာ တစ်နှစ်ကျော်ပဲရှိသေးတယ်၊ နင် ဘာလို့ ကတိမတည်တော့တာလဲ။ နင်ထွက်သွားတာ နင့်ကိစ္စဆိုပေမယ့် ငါ့ကို ဖြေရှင်းချက်လေးတော့ ပေးသင့်တယ် မဟုတ်လား”
ကျင်းယွင်ကျောင်း၏ အသံက အေးစက်နေပြီး နားထောင်နေသူ၏ ဦးရေ (ခေါင်း) အား ထုံကျင်သွားစေသည်။
ထိုအခါ ရှောင်ဟိုင်ချင်းက ခေါင်းကုတ်လိုက်ပြီး ...
“ငါက နင့်ကို ကာကွယ်မယ်လို့ပဲ ပြောခဲ့တာပါ..နင်က ငါ့ကို ကာကွယ်စရာ မလိုပါဘူးဟ”
“ရှင်းရှင်းပြောစမ်းပါ၊ အခု ဘာတွေဖြစ်နေတာလဲ”
ကျင်းယွင်ကျောင်း၏ သဘောထားက ခိုင်မာလှ၏။
ထိုအခါ တစ်ဖက်ရှိ ရှောင်ဟိုင်ချင်းက သက်ပြင်းရှိုက်လိုက်ပြီး ...
“တကယ်ပါပဲ...ငါ နင့်ကို မနိုင်ဘူးဆိုတာ သိပါပြီ”
“ငါ့အဖေက စီမံကိန်းကြီးတစ်ခု ရထားတယ်လေ။ အဲဒါကြောင့် ငါတို့မိသားစုက အခု မြေပိုင်ရှင်ကြီးတွေ ဖြစ်လာတော့မှာပေါ့ဟာ။ အဲဒါနဲ့ ငါ့အဖေက အရမ်းပျော်နေတော့ နင်းမြို့တော်မှာ အိမ်ဝယ်လိုက်ရော။ ပြီးတော့ ငါ့ကိုပြောလာတယ်၊ သူ အိမ်တစ်လုံးဝယ်ထားတယ်၊ ဒါပေမယ့် ငါက သူ့သမီးမို့လို့ ဟွားနင်ခရိုင်မှာ တစ်ယောက်တည်း မထားခဲ့နိုင်ဘူးတဲ့”
“ဒါဆိုရင် ကျောင်းကရော။ ငါ ကန်ကျင်းချန်ဆီက ကြားပြီးပြီ။ နင်ပြောင်းသွားတဲ့ကျောင်းက နာမည်မရှိဘူးဆို”
ကျင်းယွင်ကျောင်းက ထပ်မေးလိုက်ပြန်၏။
Chapter 368 : ရှောင်ဟိုင်ချင်း၏ဘဝဇာတ်ကြောင်း
*(ခေါင်းစဥ်မပါလို့ ကိုက်မယ့်ဟာလေးရွေးတပ်လိုက်ပါတယ်)
ရှောင်ဟိုင်ချင်းသည် အလွန်ထက်မြက်၍ ယခုနှစ်အတွင်း၌ ပို၍ တည်ငြိမ်လာခဲ့သည်။ သူမသည် တစ်ကျောင်းလုံး၌ ထိပ်ဆုံးအဆင့် ငါးဆယ်အတွင်းဝင်၍ ကြိုးစားအားထုတ်မှု အလွန်ကောင်း၏။ ထို့ကြောင့် သူမ၏ အဆင့်များနှင့် ရှောင်မိသားစု၏ လက်ရှိအနေအထားအရ နင်းမြို့တော်ရှိ နာမည်ကြီးကျောင်းတစ်ကျောင်းသို့ မတက်နိုင်စရာအကြောင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ နာမည်မရှိသော ကျောင်းတစ်ကျောင်းသို့ ပြောင်းသွားခြင်းက လုံးဝမဖြစ်သင့်။
ကျင်းယွင်ကျောင်းသည် ထိုကျောင်းများကို နှိမ်ချလိုစိတ် မရှိသော်လည်း နာမည်ကြီးကျောင်းများ၏ ပညာရေးအသိုင်းအဝန်းက ပိုကောင်းသည့်အချက်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။
“အဲ့ဒါက အဲ့မိန်းမက ကျောင်းကိစ္စမှာ ဝင်ရှုပ်နေလို့ကွာ...”
ရှောင်ဟိုင်ချင်း၏ အသံတွင် မထီမဲ့မြင် အရိပ်အယောင် အနည်းငယ်ပါဝင်နေပြီး ဆက်ပြောလာ၏။
“အဲ့မိန်းမက ငါ့အဖေကို ပြောတယ်။ မင်ယန်းကျောင်းက မင်းမျိုးမင်းနွယ်တွေ တက်တဲ့ကျောင်းတဲ့။ ဒါကြောင့် အဲဒီမှာ လူချမ်းသာတွေရဲ့သားသမီးတွေ အများရှိတယ်တဲ့။ ငါက ဟွားနင်ခရိုင်လိုနေရာမျိုးမှာ ကြီးပြင်းလာတာမို့လို့ ပတ်ဝန်းကျင် မကောင်းတာကြောင့် တအားရိုင်းစိုင်းနေတာတဲ့။ ဒါကြောင့် အဲဒီလူချမ်းသာသားသမီးတွေနဲ့သာ ပေါင်းရင် ငါ သူတို့ဆီကနေ ကျင့်ဝတ်ထုံးတမ်းတွေကို သင်ယူနိုင်မှာမို့လို့ အဲ့ကျောင်းကို ပို့ပါဆိုပြီး သူက ငါ့အဖေကို အကြံပေးတယ်လေ။ အဲ့လိုမှ မဟုတ်ရင် အနာဂတ်မှာ ငါ့အဖေနဲ့အတူတူ ပွဲတွေ ဘာတွေတက်တဲ့အခါကျ ငါက အဖေ့ကို အရှက်ရစေလိမ့်မယ်တဲ့”
ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် ဒေါသထွက်သွားပြီး ရှောင်ဟိုင်ချင်းအား တစ်ယောက်တည်း လွှတ်ထားသင့်ကြောင်း တွေးလိုက်သည်။
“နင် အရင်တုန်းကကျ ဒီလိုမျိုး နင့်အဖေရဲ့စကားကို နားမထောင်ဖူးပါဘူး”
ကျင်းယွင်ကျောင်းက တီးတိုးရေရွတ်လိုက်၏။
“ငါလည်း မတတ်နိုင်ဘူးလေဟာ။ အဖေက ပြောတယ်၊ သူ့စကားကို နားမထောင်ရင် ငါ့အတွက် အမေ ထားခဲ့တဲ့အိမ်ကို ရောင်းပစ်မယ်တဲ့။ ယွင်ကျောင်းရယ်...ငါ့အမေသေတော့ သူက ငါ့အတွက် အိမ်လေးတစ်လုံးပဲ ချန်ထားခဲ့တာ။ အိမ်ကြီးအိမ်ကောင်းလည်း မဟုတ်ဘူး၊ အဖိုးလည်းသိပ်မတန်ဘူး၊ ဒါပေမယ့် သူ ချန်ထားခဲ့တဲ့ အမွေလေးလေ။ အဲ့အိမ်လေးကိုသာ သူတို့မိသားစုက ရောင်းပစ်မယ်ဆိုရင် ငါရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲနေတော့မှာ။ ပြီးတော့ စာသင်တဲ့ကျောင်းပဲလေ၊ လူစားတဲ့နေရာမှ မဟုတ်တာ။ ငါ မကြောက်ပါဘူး”
ရှောင်ဟိုင်ချင်းက ပြောလာသည်။
သူမသည် မကြောက်သော်လည်း နစ်နာသည်ဟု ခံစားနေရ၏။
ယခုနှစ်ပိုင်းအတွင်း ရှောင်ဟိုင်ချင်း ပို၍ လိမ္မာလာသည်ကို ကျင်းယွင်ကျောင်း သိသော်လည်း သူမ၌ အထက်စီးဆန်မောက်မာ၍ မည်သူ့ကိုမှ ဂရုမစိုက်သည့် အကျင့်စရိုက်ရှိသည်။ ထို့အပြင် သူမသည် ချစ်ခြင်းမေတ္တာကိုလည်း အခြားသူများထက် ပို၍ တန်ဖိုးထား၏။
သူမသည် အခြားအရာများထက် သူမ၏ ဂုဏ်သိက္ခာကို ပို၍ တန်ဖိုးထားသည်။ ယခင်က စိတ်ပြေလက်ပျောက်သဘောဖြင့် ကျောင်း၌ လူရိုက်ပြီး ပြဿနာ ရှာတတ်သော်လည်း ယခုအချိန်၌ အတော်လေး စိတ်ထိန်းနိုင်လာပြီ ဖြစ်သဖြင့် ကောင်းသည်ဟု ဆိုရပေမည်။
ထို့ကြောင့် သူမ ပို၍ လိမ္မာလာသည်ဟုဆိုခြင်းက အံ့သြစရာ မဟုတ်ပေ။
ထို့အပြင် သူမ၏ အပြောအရ မိထွေးဖြစ်သူနှင့်အတူနေရသည်ဟု ဆိုရသည်။
“ငါ့မှာ ခွင့်ရက်သုံးရက် ကျန်သေးတယ်။ ငါ နင်နဲ့တွေ့ဖို့ နင်းမြို့တော်ကို လာခဲ့ရမလား။ အဲ့လိုလုပ်ရင် အဆင်ပြေလား”
ကျင်းယွင်ကျောင်းက မေးလိုက်၏။
ထိုအခါ ရှောင်ဟိုင်ချင်းက အံ့သြသွားပြီး ...
“ရတာပေါ့၊ ငါ အရမ်းပျော်တာပဲ၊ ဒါပေမယ့် မေ့လိုက်ပါဟာ။ ငါက အခု စုန်းမအိုကြီးနဲ့ နေနေရတာ၊ ပြီးတော့ အိမ်မှာ မကောင်းဆိုးဝါးလေးလည်း ရှိသေးတယ်။ နင် ငါ့နောက်ကို လိုက်လာပြီးတော့ အပြောအဆို မခံစေချင်ဘူး”
“ငါက လာကြည့်ရုံပါပဲ။ နင် မစိုးရိမ်ပါနဲ့”
ကျင်းယွင်ကျောင်းက ထပ်ပြောလာသည်။
သူမနှင့် ရှောင်ဟိုင်ချင်း သူငယ်ချင်းဖြစ်သည်မှာ တစ်နှစ်ခန့်သာရှိသေးသော်လည်း သူတို့သည် အချင်းချင်း အတွေ့နောက်ကျသည်ဟုပင် ပြောနိုင်၏။ အကယ်၍ သူမအနေဖြင့် မိတ်ဆွေဖွဲ့ရန် ဝန်မလေးသည့် သူတစ်ယောက်ကို ပြပါဆိုလျှင် ထိုသူက သေချာပေါက် ရှောင်ဟိုင်ချင်းသာ ဖြစ်လိမ့်မည်။
ရှောင်ဟိုင်ချင်းက ခဏမျှ အသေးစိတ် စဥ်းစားပြီးနောက် ပြန်ဖြေလာသည်။
“ဒါဆိုရင် အခုလာခဲ့တော့။ ဒီည ငါနဲ့ နေပေး”
ထိုအခါကျမှ ကျင်းယွင်ကျောင်းသည် စိတ်သက်သာရာရသွား၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ထိုသို့ သဘောတူညီမှုရပြီးနောက် ကျင်းယွင်ကျောင်းသည် သူမနှင့် အချိန်အတော်ကြာအောင် ဖုန်းပြောနေပြီး ရှောင်မိသားစု၏ အခြေအနေကို အသေးစိတ် သိလိုက်ရသည်။
ရှောင်ဟိုင်ချင်း၏ အမေသည် စောစီးစွာ ကွယ်လွန်ခဲ့၍ မိခင်ဖြစ်သူ ကွယ်လွန်ချိန်၌ သူမသည် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်သာ ရှိသေး၏။ နှစ်နှစ်ခန့်ကြာပြီးနောက်တွင် ရှောင်ဟိုင်ချင်း၏ ဖခင်သည် ရှင်းဟွမ်နှင့် လက်ထပ်ခဲ့ပြီး သူမ၌ ကိုယ်ဝန်ရှိနေပြီသားဖြစ်သည်။ ထို့ကြောင့် အိမ်ပေါ်သို့ရောက်လာပြီး မကြာမီမှာပင် ဝဝဖြိုးဖြိုးသားလေးတစ်ယောက်ကို မွေးဖွားပေးခဲ့၏။
မိထွေးဖြစ်သူသည် အိမ်သို့ ပထမဆုံးရောက်လာသည့်အချိန်က ရှောင်ဟိုင်ချင်းအား အလွန်ကြင်နာပြခဲ့ပြီး နေ့တိုင်း ချိုချိုသာသာ ပြောဆိုဆက်ဆံသဖြင့် ဖခင်ဖြစ်သူကလည်း စိတ်သက်သာရာ ရလာသည်။
သို့သော် ရှောင်ဟိုင်ချင်း၏ စကားအရ ဤမိထွေးဖြစ်သူသည် သူမအား သတ်ချင်နေခဲ့၏။
သူမသည် ဆယ်နှစ်အရွယ်သို့ ရောက်သောအခါ ဤအမေအသစ်အား မုန်းတီး၍ အိမ်မှ ထွက်ပြေးခဲ့သည်။ သို့သော် သူမ၌ ပိုက်ဆံမရှိသဖြင့် ဖခင်ဖြစ်သူထံမှ ယွမ်ငါးရာ ခိုးသွားခဲ့၏။ မူလက ဖခင်ဖြစ်သူသည် သူမအား ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်ချင်ခဲ့သော်လည်း မိထွေးဖြစ်သူက တားဆီးခဲ့ပြီး ဗိုက်ထဲရှိ ကလေးဖြင့် ခြိမ်းခြောက်ခဲ့သောကြောင့် သူမ လွတ်မြောက်သွားခဲ့သည်။
ထိုအချိန်က သူမသည် အလွန်ကျေးဇူးတင်ခဲ့ပြီး ဤမိထွေးဖြစ်သူက သူမအား နှစ်နှစ်ကာကာ ချစ်မြတ်နိုးသည်ဟု ထင်ခဲ့၍ အချိန်အတော်ကြာသည်အထိ အထင်မှားနေခဲ့၏။