အခန်း (၃၆၉-၃၇၂)
Vol. 19 Ch. 369-372
Chapter 369 : ငါ နင့်ကို လာရှာတာလေ
ရှောင်ဟိုင်ချင်းသည် ထိုအချိန်က ငယ်သေး၍ အမှားအမှန်ကို ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်သေးပေ။ အိမ်မှ ထွက်ပြေးပြီးနောက်တွင် မိထွေးဖြစ်သူသည် သူမအား ပို၍ ဂရုစိုက်လာခဲ့ပြီး ပိုက်ဆံအလုံအလောက်ပေးကာ သူမ သူငယ်ချင်းရရှိရန်အတွက် ရွယ်တူကလေးများနှင့်ပင် မိတ်ဆက်ပေးခဲ့သည်။
သို့သော် ထိုကလေးများသည် သူမနှင့် အကြာကြီးမပေါင်းနိုင်ပေ။ သူတို့က အမြဲတမ်း သူမကို အရူးမဟု ခေါ်သဖြင့် မကြာခဏ ရန်ဖြစ်ကြပြီး ထိုသို့ရန်ဖြစ်တိုင်းလည်း မိထွေးဖြစ်သူက တောင်းပန် ဖြန်ဖြေပေးခဲ့သည်။
ထို့ကြောင့် တစ်နှစ်ခန့်ကြာပြီးနောက်တွင် သူမ၏ ဖခင်က သူမအား ပို၍ စိတ်ပျက်လာခဲ့၏။ အိမ်သို့လာလည်ကြသော ဆွေမျိုးများနှင့် သူငယ်ချင်းများကလည်း သူမသည် ငယ်စဥ်ကထက် ပို၍ ဆတ်ဆတ်ထိမခံ ဖြစ်လာသည်ဟု ခံစားလာရသည်။ ဒေါသထွက်လာသောအချိန်တွင် သူမ၏ အပြုအမူများက ပို၍ ဆိုးဝါးလာတတ်၏။ ပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမသည် နေ့တိုင်း လမ်းပေါ်တွင်သာ အချိန်ကုန်နေပြီး အတန်းလည်း မတက်ပေ။ သို့သော် မိထွေးဖြစ်သူက သူမအား မဆူမငေါက်ရုံသာမက သူမ၏ ဘက်မှပင် ကာကွယ်ပြောဆိုပေးတတ်သေးသည်။
ထိုအချိန်က သူမ၌ ကျန်းမာရေးမကောင်းသော အဖိုးတစ်ယောက်ရှိ၏။ သူမသည် ခပ်ဆိုးဆိုးကျောင်းသူတစ်ယောက် ဖြစ်သော်လည်း အဖိုးဖြစ်သူနှင့် တွေ့တိုင်း လိမ်လိမ်မာမာ ပြုမူနေထိုင်တတ်သည်။ သို့သော် တစ်ရက်၌ သူမသည် မိန်းကလေးငယ်တစ်စုနှင့်အတူ အထက်စီးဆန်ဆန် နေထိုင်ပြောဆို၍ ပျော်ပါးနေသည်ကို အဖိုးက မတော်တဆ မြင်သွားခဲ့၏။
ထိုအခါ အဖိုးသည် နဂိုကတည်းက ကျန်းမာရေးမကောင်းသည့်အပြင် သူမအား ဒေါသထွက်လွန်းသဖြင့် ကျန်းမာရေးအခြေအနေ ပိုဆိုးသွားခဲ့သည်။ သို့သော် သူသည် သူမ ယခုထက် ပို၍ ဆိုးသွမ်းမောက်မာလာမည်ကို စိုးရိမ်နေသေး၍ သူမအား ပြင်းပြင်းထန်ထန် ဆူငေါက်ခဲ့သည်။ ထို့နောက် သူမသည် အဖိုးဖြစ်သူနှင့် မိထွေးဖြစ်သူတို့ သူမ အပေါ်ထားရှိသည့် မေတ္တာတရား၏ ကွာခြားချက်ကို ရုတ်တရက် နားလည်သွားခဲ့၏။
ထို့ကြောင့် သူမသည် ထိုအချိန်မှစ၍ မိထွေးဖြစ်သူနှင့် ခပ်ဝေးဝေးနေခဲ့သည်။
သို့ရာတွင် ဖခင်ဖြစ်သူ၏ အမြင်၌မူ သူမသည် ဂျစ်ကန်ကန် သမီးတစ်ယောက်ပင် ဖြစ်နေသေး၍ စည်းကမ်းတကျနေသင့်သည်သာ မြင်နေသေး၏။ ထို့ကြောင့် သူမသည် အထက်ကျောင်းသို့ ဝင်ခွင့်ရပြီးနောက် အိမ်ပြောင်းလာခဲ့သည်။ အဖိုးဖြစ်သူသည်လည်း သူမအား ဆုံးမပြီးနောက်မကြာမီမှာပင် ဆုံးပါးသွားခဲ့သဖြင့် သူမသည် ပို၍ အထိန်းအကွပ်မဲ့လာခဲ့သည်။
ကျင်းယွင်ကျောင်းသည် သူမနှင့် အချိန်အတော်ကြာအောင် စကားပြောပေးနေ၍ ဖုန်းချပြီးနောက်တွင်လည်း စိတ်မသက်မသာ ခံစားနေရသည်။
ရှောင်ဟိုင်ချင်း၏ ဖခင်သည် အဖေအရင်းဖြစ်သော်လည်း မိမိ၏ သမီးဖြစ်သူကိုပင် မယုံကြည်ပေ။
ထိုသို့စဥ်းစားလိုက်သောအခါ ကျင်းယွင်ကျောင်းသည် ကြောက်စိတ်ဖြင့် တုန်ယင်သွား၏။
သူမသည် အမြဲတမ်း သူမ၏ မိဘအရင်းများကို မသိချင်ခဲ့ရာ ယခုအချိန်၌ ပို၍ ဆိုးသွားသည်။ ထိုသို့တွေးမိသဖြင့် သားသမီးဝတ္တရား မကျေဟု ဆိုနိုင်သော်လည်း ရှောင်ဟိုင်ချင်း၏ ဖခင်ကဲ့သို့ မိဘမျိုးနှင့်သာ ကြုံတွေ့ရပါက သူမသည်လည်း ရိုင်းစိုင်းသော ကလေးတစ်ယောက်သာ ဖြစ်လာလိမ့်မည်။
ထို့နောက် ကျင်းယွင်ကျောင်းသည် နင်းမြို့တော်မှ ပြန်ရောက်လာခါစ ဖြစ်သော်လည်း ဖုန်းချပြီးသည်နှင့် ချက်ချင်းပင် နင်းမြို့တော်သို့ နေ့တွင်းချင်း ပြန်သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် စူးချူနှင့် ကန်ကျင်းချန်တို့ကမူ နေ့လည်ဘက်၌ အတန်းတက်စရာ ရှိသေးသောကြောင့် သူမ ပြန်ရန် ပြင်ဆင်နေသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရသည်။
“ပြောင်ကျဲ၊ ပြန်လာရင် သူတို့မိသားစုက ကြောက်စရာကောင်းတဲ့ စုန်းမအိုကြီးက ဘယ်လိုပုံစံလဲဆိုတာ ကျွန်မကို ပြန်ပြောပြရမယ်နော်။ ကျွန်မ သူ့ကို အခုအချိန်ကစပြီး နေ့တိုင်း ကျိန်ဆဲပေးမယ်”
စူးချူက အံကြိတ်၍ ပြောလိုက်၏။
ကန်ကျင်းချန်ကလည်း မျက်မှောင်ကြုံ့လိုက်ရင်း ...
“ငါတို့က အပြင်လူတွေဖြစ်နေတော့ သူ့ကို မကူညီနိုင်တာ နှမြောစရာပဲ။ နင် အဲ့ကိုရောက်ရင် သူ့ကို သေချာ နှစ်သိမ့်ပေးလိုက်ဦး။ ကောလိပ်ဝင်ခွင့်စာမေးပွဲက တစ်နှစ်ခွဲပဲ လိုတော့တာ။ အဲ့အချိန်ကျရင်တော့ ငါတို့ တစ်ကျောင်းတည်း အတူတူတက်ရမှာပါ”
“ဟုတ်တယ်၊ ကျွန်မလည်း ထန်ကျစ်ဟွားကို ပြန်ပြောပြလိုက်မယ်။ သူတို့မိသားစုက နင်းမြို့တော်မှာ အတော်လေး သြဇာလွှမ်းမိုးမှုရှိတယ်လေ။ ရှောင်ဟိုင်ချင်းကို စောင့်ရှောက်ဖို့ လူတစ်ယောက်လွှတ်ပေးဖို့ သူ့ကို အကူအညီတောင်းရမယ်”
စူးချူက ထပ်မံ၍ ကြုံးဝါးလိုက်သည်။
ထန်ကျစ်ဟွား၌ မိသားစု နောက်ခံကောင်းရှိကြောင်းကို လူတိုင်းသိသော်လည်း သူတို့သည် ဂုဏ်သိက္ခာကို အလေးပေးစောင့်ထိန်းကြသူများဖြစ်သောကြောင့် သူ့ထံ၌ တစ်ခါမှ အကူအညီမတောင်းဖူးကြပေ။
သို့သော် ယခုအချိန်၌ ဂုဏ်သိက္ခာက မည်မျှတန်ကြေးရှိသနည်း။ ရှောင်ဟိုင်ချင်း၏ ဘဝကသာ ပို၍ အရေးကြီးသည်။
နှစ်ယောက်စလုံးက သူမအား ဂရုစိုက်ရန် ထပ်မံမှာကြားနေရာ ကျင်းယွင်ကျောင်းသည် သူမကိုယ်သူမ တရားမျှတမှုကို ဆောင်ကြဥ်းပေးနိုင်သည့် တမန်တော်တစ်ဦးကဲ့သို့ ခံစားလာရသဖြင့် ခပ်ဖျော့ဖျော့သာ ပြုံးပြ၍ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကျင်းယွင်ကျောင်းသည် သူမ၏ အထုပ်အပိုးများကို ကောက်ကိုင်လိုက်ပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်၏။
သို့သော် သူမသည် အိမ်ယာဝင်း၏ ဂိတ်တံခါးဝသို့ လျှောက်လာရင်း ရင်းနှီးနေသည့်ပုံရိပ်တစ်ခုသည် လုံခြုံရေးဂိတ်တဲ၏ ဘေး၌ သနားစဖွယ်ကောင်းစွာ ဆောင့်ကြောင့်ထိုင်၍ ဖြတ်သွားသမျှလူတိုင်းအား လိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။
ကျင်းယွင်ကျောင်းသည် တစ်ဖက်လူအား မြင်သည်နှင့် သူမ၏ နှုတ်ခမ်းများက ခပ်တင်းတင်းဖြစ်သွားပြီး ချက်ချင်း မျက်နှာတည်သွားသည်။
သို့သော် သူမ ကြောင်ရပ်နေဆဲမှာပင် တစ်ဖက်လူက သူမအား လှည့်ကြည့်လာ၍ အကြည့်ချင်းဆုံသွား၏။ ထိုအခါ ထိုသူ၏ မျက်လုံးများက ချက်ချင်းတောက်ပလာပြီး စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် ကျင်းယွင်ကျောင်းထံသို့ ခရီဆောင်အိတ်နှစ်လုံး ပြေးဝင်လာသည်။
“ကျင်းယွင်ကျောင်း...ငါ နင့်ကိုရှာတွေ့ပြီ။ ငါ တစ်လမ်းလုံး လူတွေ အများကြီးကို မေးလာရတာ။ ကံကောင်းတာက နင်က နာမည်ကြီးဖြစ်နေလို့ပေါ့။ မဟုတ်ရင် ငါ ဒီည နေစရာတောင်ရှိမှာ မဟုတ်ဘူး”
Chapter 370 : ကပ်စေးအိုး
ကျီရှန်းရှန်း၏ ပုံစံက စိတ်အားထက်သန်လွန်းလှ၏။ ကျင်းယွင်ကျောင်းသည် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် အမူအယာ ပြန်ထိန်းလိုက်သည်။
“နင်က ဒီနေရာကို ဘယ်လိုရောက်လာတာလဲ”
ကျင်းယွင်ကျောင်းသည် ယခုထိ မယုံနိုင်ဖြစ်နေဆဲပင်။
“နင့်ကို လာရှာတာလေ။ ငါ အသည်းကွဲနေတာ။ ငါတို့အိမ်က ချွေ့မိသားစုအိမ်နဲ့ အရမ်းနီးတယ်။ ငါ ပြန်သွားရင် ချွေ့ကျွင်းဆီကို သွားပြီး မတောင်းပန်ဘဲ နေနိုင်မှာ မဟုတ်ဘူး။ အဲလိုသာ လုပ်မိရင် ငါ့အဖေနဲ့အစ်ကိုကြီးကို အရမ်း အားနာနေရမှာရယ်။ ဒါကြောင့် သေချာ စဥ်းစားကြည့်လိုက်တော့ စိတ်ပြေလက်ပျောက် အပြင်ထွက်တာက အကောင်းဆုံးပဲလေ။ ငါ ကျောင်းကို ခွင့်တိုင်ခဲ့တာကလည်း ခွင့်ရက်မစေ့သေးတော့ အားနေတာ”
ကျီရှန်းရှန်းက အသည်းကွဲနေသည်ဟုသာ အဆက်မပြတ်ပြောနေသော်လည်း ယခုအချိန်၌ သူမ၏ မျက်လုံးများသည် မဆိုစလောက်သာ နီရဲမို့တက်နေ၍ ပုံမှန်အခြေအနေနှင့် သိပ်မကွာပေ။
ခေါင်းမာတယ်၊ အသိတရားမရှိဘူး... နင် လုပ်ချင်ရာတွေပဲ လုပ်နေလိုက်။
“ဒါပေမယ့် ငါ အခု အပြင်သွားမလို့”
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
ထိုအခါ ကျီရှန်းရှန်းက အံသြသွားပြီး ကျင်းယွင်ကျောင်း၏ လက်ထဲရှိ ခရီးဆောင်အိတ်ကို မြင်သွား၏။
“နင်က ဘယ်သွားမလို့လဲ”
“သူငယ်ချင်းနဲ့ တွေ့ဖို့ နင်းမြို့တော်ကို ပြန်သွားမလို့”
“ဒါဆိုရင် အတူတူသွားကြမလား။ နင် ငါ့ကို ဟွားနင်ခရိုင်မှာတော့ တစ်ယောက်တည်း မထားခဲ့နိုင်ဘူး မဟုတ်လား။ နင်က ငါ့ကို တကယ်မုန်းနေတာသိပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ အခုအချိန်မှာ ငါက နာကျင်နေတာဆိုတော့ ထပ်ပြီးတော့ ဒဏ်ရာရလည်း ကိစ္စမရှိဘူး။ ဒါကြောင့် နင် ငါ့ကို လိုက်ခွင့်မပေးရင် ငါ နင်နဲ့ အခုချက်ချင်း ရန်ထဖြစ်လိုက်မှာနော်”
ကျီရှန်းရှန်းက ခြိမ်းခြောက်လာသည်။
ထိုအခါ ကျင်းယွင်ကျောင်းက ရှုံ့မဲ့သွား၏။
နင် ဘာလို့များ သည်လောက်တောင် စိတ်အနှောက်အယှက်ပေးနိုင်ရတာလဲ။
“နင် မခေါ်ချင်ဘူး မဟုတ်လား။ ဒါဆိုရင် ငါ အော်ပြီ”
ကျီရှန်းရှန်းက ကြုံးဝါးလိုက်ပြီးနောက် ချက်ချင်း ထအော်တော့သည်။
“ကျင်းယွင်ကျောင်း...”
“ဒါဆိုလည်း လိုက်ခဲ့”
ကျင်းယွင်ကျောင်းသည် အတော်လေး စိတ်ပျက်နေ၏။
ကျီရှန်းရှန်းသည် တစ်ခါမှ စကားအကောင်းမပြောဖူးပေ။ သူမသည် လူမြင်ကွင်း၌ အဆူအငေါက်ခံရလျှင်လည်း သူမနှင့် မဆိုင်သကဲ့သို့ပင် နေနိုင်၍ အတော်လေး စိတ်ရှုပ်စရာကောင်းသည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည် အွန်လိုင်းပေါ်မှ ကိစ္စကြောင့် နာမည်ကြီးထားသဖြင့် မကြာသေးခင်ကမှသာ ငြိမ်းငြိမ်းချမ်းချမ်း ပြန်၍ နေခွင့်ရခြင်း ဖြစ်၏။ ထို့ကြောင့် သူမသည် အခြားသူများထံမှ ထပ်မံ၍ အာရုံစိုက်မခံချင်ပေ။
ထိုအခါ ကျီရှန်းရှန်းသည် အားရရွှင်မြူးစွာဖြင့် ပြုံးလိုက်ပြီး စပ်ဖြဲဖြဲလုပ်နေ၏။
“ဟိုနေ့တုန်းက နင် ဘာလို့ ငါ့ကို ငတုံးလို့ ပြောခဲ့သေးလဲ။ တကယ်လို့ အနာဂတ်မှာ နင် ငါ့ကို အဲ့လိုထပ်ခေါ်မယ်ဆိုရင် ငါ နေ့တိုင်း နင်တို့ အိမ်ယာဝင်းပေါက်ဝကို လာပြီးတော့ အကျယ်ကြီး အော်ငိုပြမယ်”
ကျီရှန်းရှန်းက မိမိကိုယ်ကို ကျေနပ်အားရစွာဖြင့် ကြုံးဝါးလိုက်သည်။
အကျင့်ယုတ်လိုက်တာ။
ကျင်းယွင်ကျောင်းသည် ဤကဲ့သို့ အရှက်တရားမဲ့၊အဆိုးမြင်တတ်၍ ကောင်းကွက်တစ်ခုမှ မရှိသည့် ဒေါသဖြစ်စရာ လူလိမ်မျိုးကို တစ်ခါမှ မတွေ့ဖူးပေ။
သူမနှင့် သိကျွမ်းရခြင်းက တကယ့်ငရဲ။
“ဟုတ်ပါပြီ။ ဒါပေမယ့် နင်းမြို့တော်ကို ရောက်ရင်တော့ ငါတို့ လမ်းခွဲသွားရမှာနော်။ ငါ တကယ် လုပ်စရာရှိသေးလို့”
ကျင်းယွင်ကျောင်းက ခရီးဆောင်အိတ်ကို ကိုင်ထားရင် ထပ်သတိပေးလိုက်၏။
“အဲဒါတော့ မရဘူး။ နင် လုပ်စရာရှိလည်း ငါ အဆင်ပြေပါတယ်။ နင့်သူငယ်ချင်းကို သွားတွေ့ချင်တာလို့ နင်ပြောခဲ့တာ မဟုတ်လား။ နင်က ငါ့ကိုမမြင်စေချင်ဘူးဆိုတော့ သူက နင့်ရည်းစားမို့လို့လား”
ကျီရှန်းရှန်းက ဆက်ပြောပြန်သည်။
“နင် ငါ့ကို ကိုယ်ချင်းမစာဘူးလား။ ငါက အသည်းကွဲနေတဲ့အချိန်မှာ နင်က ရည်းစားနဲ့တောင် သွားတွေ့ဦးမယ်ပေါ့လေ”
“နင်က ဘယ်သူမို့လို့ ငါက နင့်ကို ကိုယ်ချင်းစာရမှာလဲ”
ကျင်းယွင်ကျောင်းက ပွင့်ပွင့်လင်းလင်းပင် ပြန်မေးလိုက်၏။
ကျီရှန်းရှန်းသည် သူမ၏ သူငယ်ချင်းတစ်ယောက်ပင် မဟုတ်ပေ၊ အနည်းငယ် ရင်းနှီးသည့် သူစိမ်းတစ်ယောက်သာ ဖြစ်သည်။
“ရတယ်လေ၊ ကျင်းယွင်ကျောင်း...နင်က ငါ့ကို အနိုင်ကျင့်နေတာလား။ နင်က အရမ်း ရက်စက်တာပဲ။ နင်သာ စန်းရန်နဲ့ မပြိုင်ခဲ့ရင် ငါလည်း စန်းရန်ကို အပြစ်လုပ်မိမှာ မဟုတ်ဘူး။ အဲဒါဆို ချွေ့ကျွင်းနဲ့လည်း စကားမများရတော့ဘူး၊ အသည်းလည်း မကွဲတော့ဘူး။ ဒါတွေအားလုံးက နင့်အပြစ်တွေပဲလေ။ ဒါကြောင့် နင် ငါ့ကို အဆုံးထိတာဝန်ယူရမယ်”
ကျီရှန်းရှန်းက ခပ်မြန်မြန် ပြောလိုက်ရာ ကျင်းယွင်ကျောင်းက သူမအား မယုံနိုင်စွာဖြင့် ကြည့်လာ၏။
“နင် စိတ်ရောမှန်သေးလား။ နင့်ဟာနင် မကောင်းတဲ့လူကို အမြင်မှားပြီးတော့ အထင်လွဲတာလေ။ ငါနဲ့ ဘာဆိုင်လို့လဲ”
ပြီးတော့ ငါက သူ့ကိုတာဝန်ယူရမယ်တဲ့။ ငါက ယောကျ်ားလေးမှ မဟုတ်တာ ဘယ်လိုလုပ်ပြီး တာဝန်ယူနိုင်မှာလဲ။
“ဒါက နင့်ရဲ့အမှားပဲလေ။ ငါပြောတဲ့အတိုင်းပဲ လုပ်မယ်”
ကျီရှန်းရှန်းသည် ကျင်းယွင်ကျောင်း၏ အမြင်ကို လုံးဝ ဂရုမစိုက်ဘဲ သူမအား ခပ်တည်တည်ကြည့်ကာ ဆက်ပြောလာသည်။
“သြော်...နင်က ကပ်စေးနဲနေတာ မဟုတ်လား။ ငါက ငါ့စရိတ် ငါရှင်းမှာပါ။ ဒါကြောင့် လိုက်ခွင့်ပေးရင်ကို ရပြီ”
ထို့နောက် ကျီရှန်းရှန်းက လူပါးဝစွာ ပြုံးပြလိုက်၏။
Chapter 371 : လွှမ်းမိုးခြယ်လှယ်တတ်သော ဥက္ကဌ
ထို့နောက် ကျင်းယွင်ကျောင်းသည် ကျီရှန်းရှန်းအား စိတ် အနှောက်အယှက်ပေးရန် ရည်ရွယ်၍ တက္ကစီမငှားဘဲ ဘတ်စ်ကားဂိတ်သို့ ခြေကျင်လျှောက်လာခဲ့လိုက်သည်။
သူမသည် ကိုယ်ခံပညာ တတ်ကျွမ်းသဖြင့် လမ်းလျှောက် အလွန်မြန်ပြီး ခရီးဆောင်အိတ်ကလည်း သေးငယ်၏။ သို့သော် ကျီရှန်းရှန်းကမူ ခရီးဆောင်ကြီးကိုဆွဲ၍ ကျောပိုးအိတ်ကြီးတစ်လုံးကိုလည်း သယ်ထားရကာ သူမ၏ ခြေလက်များက ပိန်သေး၍ အားမပါပေ၊ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူမအား ခဏလေးအတွင်းမှာပင် အတော်ဝေးဝေး၌ ချန်ထားခဲ့နိုင်၏။
သို့သော် အံ့သြစရာကောင်းသည်မှာ ကျီရှန်းရှန်းသည် အအော်ရပ်လိုက်ပြီး ကျင်းယွင်ကျောင်း၏ နောက်သို့ ကြိုးစား၍ လိုက်လာ၏။ အမှန်တကယ်ပင် ခေါင်းမာလှသည်။
ကျင်းယွင်ကျောင်းက လှည့်ကြည့်လိုက်ရာ သူမ၏ ခေါင်းမာ၍ အရှုံးမပေးသောပုံစံကို မြင်လိုက်ရပြီး ရင်ထဲ၌ ထူးဆန်းသည့်ခံစားချက်တစ်ခု ဖြတ်ပြေးသွား၏။ ထို့ကြောင့် သက်ပြင်းချ၍ ရပ်စောင့်နေလိုက်သည်။
“နင် ဆက်သွား။ ငါ့ကို အထင်သေးခွင့် မပြုဘူး။ ငါ သွားနိုင်သေးတယ်”
ကျီရှန်းရှန်းက ခဏမျှ တွေဝေနေပြီးနောက် ဆက်ပြောလာပြန်သည်။
“နင် ဘာတွေးနေတယ်ဆိုတာ ငါ မသိဘူး မထင်လိုက်နဲ့နော်။ နင်က ငါ့ကို အနိုင်ကျင့်ချင်နေတာပဲ။ ဘာလဲ... ငါက သနားစရာကောင်းလား။ အခု ငါ စိတ်တိုနေလို့ ရန်လုပ်စရာ ရှာနေတာနော်။ ရန်ဖြစ်ကြမလား”
ထိုအခါ ကျင်းယွင်ကျောင်းက သက်ပြင်းသာ ချလိုက်တော့၏။ ကျီရှန်းရှန်းသည် အမှန်တကယ် အံသြစရာ ကောင်းလှသည်။
ထို့နောက် သူမသည် ကားတစ်စီးအား တားလိုက်ပြီး ကျီရှန်းရှန်း၏ ခရီးဆောင်အိတ်အား ကားပေါ်သို့ ပစ်တင်လိုက်သည်။
“ကားပေါ်တက်တော့”
သူမသည် ထိုကဲ့သို့ အရူးတစ်ယောက်နှင့် ရန်ဖြစ်ရန် စိတ်မပါပေ။
ထိုအခါ ကျီရှန်းရှန်းက ပြုံးဖြီးဖြီးလုပ်လိုက်ပြီး ...
“ဒီလိုကျတော့ နင်က လွှမ်းမိုးခြယ်လှယ်တတ်တဲ့ ဥက္ကဌကြီးတစ်ယောက်လိုပဲ။ ဒါပေမယ့် နှမြောစရာကောင်းတာက ငါ့မှာ အချစ်ဦးရှိနေတယ်၊ နင့်မှာ အခွင့်အရေး မရှိတော့ဘူး”
သူမသည် စကားပြောရင်း ကျောပိုးအိတ်ကို ကားမောင်းသူ၏ ဘေးရှိခုံပေါ်သို့ လှမ်းတင်လိုက်ပြီး သူမကိုယ်တိုင်ကမူ ကျင်းယွင်ကျောင်း၏ ဘေး၌ ဝင်ထိုင်လိုက်သည်။
ကျင်းယွင်ကျောင်းသည် ယခုအချိန်၌ သူမနှင့်ရန်ဖြစ်ရမည်ကိုပင် ပျင်းရိနေ၏။ လက်တွေ့၌ သူမ၏ စိတ်အခြေအနေကလည်း သိပ်မကောင်းသဖြင့် လမ်းတစ််လျှောက်လုံး တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ပါလာခဲ့သည်။ သို့သော် ကျီရှန်းရှန်းကမူ သူမ၏ နားအနားသို့ ကပ်၍ တတီတီမြည်နေသော ဟွန်းတစ်လုံးနှင့်တူ၏။ ကျီရှန်းရှန်းသည် ခေါင်းမာသော်လည်း စိတ်ပါလျှင် အပြောအဆို အလွန်ချို၍ ယခုအချိန်၌ ကားဆရာနှင့် လေပေးဖြောင့်နေရာ ကားဆရာက သူမတို့နှစ်ယောက်အား ကားခတစ်ဝက်ပင် လျှော့ပေးလိုက်သည်။
ထိုအခါ ကျီရှန်းရှန်းသည် သူမကိုယ်သူမ သရုပ်ဆောင်နေသည့်အလား ခံစားလာရ၍ ယခင်ကထက် ပို၍ပင် စိတ်ကြီးဝင်လာ၏။
သို့သော် ကံကောင်းစွာပင် သူမသည် နင်းမြို့တော်သို့ အသွားအပြန်လုပ်ရသဖြင့် အမှန်တကယ် ပင်ပန်းသွားပုံပေါ်ကာ ကားပေါ်တက်ပြီး မကြာမီမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသဖြင့် နောက်ဆုံး၌ ကျင်းယွင်ကျောင်း၏ နားနှစ်ဖက်လည်း အနားရသွားသည်။
“ဒါ နင့်သူငယ်ချင်းရဲ့အိမ်လား။ တော်တော်ချမ်းသာတာပဲ”
ညနေပိုင်း၌ သူတို့သည် သွားလိုသောနေရာသို့ ရောက်လာပြီး ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်းအား ဖုန်းခေါ်လိုက်ရာ ရှောင်ဟိုင်ချင်းက ကပျာကယာ တံခါးလာဖွင့်ပေး၏။
ဤနေရာသည် ဗီလာဧရိယာဖြစ်ပြီး နင်းမြို့တော်ရှိအိမ်များသည် စျေးကြီးသောကြောင့် ဤအိမ်၏ တန်ဖိုးကလည်း သေးမည် မဟုတ်ပေ။ ယခုအချိန်၌ ရှောင်မိသားစု၏ လူနေမှုအဆင့်အတန်းမှာ အမှန်တကယ် ကောင်းမွန်နေပုံရသည်။
ရှောင်ဟိုင်ချင်းက ကျီရှန်းရှန်းအား တစ်ချက်ကြည့်လိုက်ပြီး အတော်လေးရယ်စရာကောင်းသည်ဟု တွေးလိုက်မိ၏။
သူမသိသော ကျင်းယွင်ကျောင်းသည် တည်ငြိမ်၍ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသည်။ မလိုအပ်လျှင် စကားမပြောပေ။ သူမသည် ခေါင်းငုံ့၍ စာဖတ်နေရခြင်းကိုသာ နှစ်သက်သည့် ခပ်ရိုးရိုး လူစားမျိုးဖြစ်သည်။ သို့သော် ယနေ့ ဤနေရာသို့ရောက်သောအခါ ကျင်းယွင်ကျောင်းသည် ခေတ္တမျှဖုန်းဆက်လာ၍ သူမ၏ ဘေးတွင် အလွန်ဆူညံနေကြောင်း ပြောလာခဲ့၏။ သို့သော် သူမသည် သူမ၏နောက်လိုက်လေးကိုလည်း မနိုင်ပေ၊ ထို့ကြောင့် ရှောင်ဟိုင်ချင်းသည် ဖုန်းထဲမှပင် ကျင်းယွင်ကျောင်း၏ ခါးသီးမှုများကို ခံစားမိနေ၏။
ဖုန်းပြောနေရင်း ကျင်းယွင်ကျောင်းသည် နောက်ဆုံး၌ သိတတ်လာပြီဟုပင် သူမ ခံစားလိုက်ရသည်။
ထို့ကြောင့် ကျီရှန်းရှန်းအပေါ်၌ သူမ၏ အမြင်က မဆိုးပေ။
ကျင်းယွင်ကျောင်း၏ ပုံမှန်ဘဝသည် အတော်လေး စိတ်ဓါတ်ကျဖွယ်ကောင်းလွန်း၏။ ကျီရှန်းရှန်းကဲ့သို့သော သူငယ်ချင်းတစ်ယောက်နှင့် ခင်မင်ရခြင်းက သူမအား စိတ်ကသိကအောက်ဖြစ်စေသော်လည်း သိသိသာသာပင် သူမအား ပို၍စိတ်အပန်းပြေစေ၏။ သို့သော် သူမက သဘောမပေါက်သေးပေ။
ထို့နောင် သုံးယောက်သား အိမ်ထဲသို့ ဝင်လာ၍ တတိယထပ်ရှိအခန်းသို့ တက်သွားကြသည်။ ပစ္စည်းများကို နေရာချပြီးနောက် ရှောင်ဟိုင်ချင်းက ကျီရှန်းရှန်းကို ကြည့်၍ ပြောလိုက်၏။
“မင်္ဂလာပါ...ငါ့နာမည်က ရှောင်ဟိုင်ချင်းပါ။ ငါတို့အိမ်ကနေ ကြိုဆိုပါတယ်နော်”
“ငါ့နာမည်က ကျီရှန်းရှန်း၊ နင် ငါ့ကို ရှန်းရှန်းလို့ပဲ ခေါ်လို့ရတယ်”
ကျီရှန်းရှန်းကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။
ထို့နောက် ကျီရှန်းရှန်းသည် ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်းအား စိုက်ကြည့်နေပြီး ထိုသူနှစ်ယောက်သည် အမှန်တကယ်ပင် လိုက်ဖက်ညီကြောင်း သိရှိလာ၏။
တစ်ယောက်က အေးစက်၍ အထက်စီးဆန်သည့်သဘောထားရှိပြီး ကျန်တစ်ယောက်က သူရဲကောင်းဆန်ကာ ရက်ရောသည်။ ရုပ်ရည်များကလည်း ပြောစရာပင် မလိုချေ။ ကျင်းယွင်ကျောင်း၏ အလှက တည်ငြိမ်အေးချမ်းပြီး ရှောင်ဟိုင်ချင်းကမူ အပူအပင်ကင်းသည့် ယောက်ျားလေးတစ်ယောက်နှင့် တူကာ သေသေချာချာဝတ်စားဆင်ယင်လိုက်ပါက အားမာန်တက်ကြွမှုများနှင့် ပြည့်နှက်နေမည်ဖြစ်သည်။
သို့သော် သူမကိုယ်တိုင်ကမူ ထိုနှစ်ယောက်၏ ဘေးတွင် ရပ်လိုက်သောအခါ အတော်လေး ရွက်ကြမ်းရေကျိုဆန်နေ၏။
Chapter 372 : နာမည်ကြီးတစ်ယောက်ဖြစ်အောင် နေထိုင်နည်း
ကျီရှန်းရှန်းသည် အဘယ့်ကြောင့် ကျင်းယွင်ကျောင်း၏ နောက်သို့ လိုက်ချင်စိတ်ပေါက်လာမှန်း သူမကိုယ်သူမလည်း နားမလည်ချေ၊ သို့သော် တကယ်လည်း အိမ်မပြန်ချင်။
သူမ၏ အခန်းထဲ၌ ချွေ့ကျွင်း၏ ဓါတ်ပုံများ၊ ချွေ့ကျွင်း နှစ်သက်သည့် ပစ္စည်းများ၊ သုံးလေ့သုံးထရှိသော ပစ္စည်းများဖြင့် ပြည့်နေ၏။ သူမသည် ယခုအချိန်၌ အိမ်ပြန်သွားပါက ထိုအရာများကို မည်သို့ဖြေရှင်းရမည်မှန်း မသိပေ။ သူမကိုယ်သူမ, မထိန်းချုပ်နိုင်ဘဲ ယခင်ကကဲ့သို့ ချွေ့ကျွင်းအား သွားတောင်းပန်မိမည်ကိုလည်း ကြောက်နေ၏။
ထို့ကြောင့် သေသေချာချာ စဥ်းစားတွေးတောပြီးနောက် ကျင်းယွင်ကျောင်းအား လာရှာခြင်းဖြစ်သည်။
သူမသည် ကျင်းယွင်ကျောင်းအား လေးစားပြီး တစ်ချိန်တည်းမှာပင် မုန်းတီးနေမိ၏။ ထို့ကြောင့် ထိုသူ၏ ဘဝအခြေအနေအား သိချင်နေပြီး စိတ်ပြေလက်ပျောက် လုပ်စရာ ရှာခြင်းလည်း ဖြစ်၏။
သူမသည် ကျင်းယွင်ကျောင်း၏ အကြောင်းများကို အင်တာနက်ပေါ်မှ စုံစမ်းဖူးသောကြောင့် ကျင်းယွင်ကျောင်းက ရိကျုံးကျောင်း၌ တက်သည်ကို သိထားသည်။ ထို့ကြောင့် သူမသည် ပစ္စည်းများကိုဆွဲ၍ ကျောင်းပေါက်ဝ၌ ရပ်စောင့်နေပြီးနောက် ခဏကြာသောအခါ လူအချို့ထံမှ ကျင်းယွင်ကျောင်း၏ အကြောင်းများကို မေးမြန်းစုံစမ်းလိုက်၏။ ကံကောင်းထောက်မစွာပင် ကျင်းယွင်ကျောင်းသည် နာမည်ကြီးတစ်ယောက်ဖြစ်ရာ လူအများစုက သူမသည် ဝမ့်ရှင်းဟွားယွမ်၌ နေထိုင်ကြောင်း သိကြသည်။
ထို့ကြောင့် သူမသည် အိမ်ယာဝင်းပေါက်ဝ၌ လာစောင့်နေခြင်းဖြစ်၏။
အချိန်အတော်ကြာ စောင့်ခဲ့ရသောကြောင့် သူမ၏ခြေလက်များပင် ထုံကြဥ်လာသည်။
သို့သော် ကံကောင်းသည်က စောင့်ခဲ့ရသည်နှင့် တန်အောင်ပင် ကျင်းယွင်ကျောင်းက သူမအား နင်းမြို့တော်သို့ ပြန်ခေါ်လာခဲ့ပြီး ရယ်စရာလည်း ကောင်းလှ၏။
ကျီရှန်းရှန်းသည် အိမ်ရှင်များနှင့် ရင်းနှီးသိကျွမ်းမှုမရှိသော်လည်း သူမသည် ငယ်စဥ်ကတည်းက အလိုလိုက်ခံရပြီး ပျက်စီးနေသဖြင့် စိမ်းသက်သောပတ်ဝန်းကျင်ကို သည်းမခံနိုင်ပေ။ ထို့ကြောင့် ခဏကြာပြီးနောက် သူမသည် ရှောင်ဟိုင်ချင်း နေထိုင်သည့် တတိယထပ်ကို လျှောက်ပတ်ကြည့်တော့သည်။
“အပြင်အဆင်ကတော့ အတော်လေးကောင်းတာပဲ၊ ဒါပေမယ့် ဒီအခန်းထဲက ပစ္စည်းတွေအားလုံးကို နင် ကြိုက်ရောကြိုက်ရဲ့လား။ အရမ်းထူးဆန်းနေတယ်”
ကျီရှန်းရှန်းက ထူးခြားသော မျက်နှာပေးဖြင့် ပြောလာ၏။
ဗီရိုထဲ၌ လှပသောအဝတ်အစားများရှိသော်လည်း ထိုအဝတ်များသည် အမှန်တကယ်ပင် ခေတ်ဆန်လွန်းပြီး ရှောင်ဟိုင်ချင်းနှင့် လုံးဝမလိုက်ပေ။ တစ်ခန်းလုံး ပန်းရောင်များဖြင့် အလှဆင်ထားပြီး ချစ်စရာကောင်းလွန်းသည့် မွေးပွရုပ်များစွာလည်းရှိသည်။ ထို့အပြင် စာအုပ်စင်ပေါ်ရှိစာအုပ်များက သူမကို ပို၍ အံ့အားသင့်စေ၏။
‘နာမည်ကျော်တစ်ယောက်ဖြစ်အောင် နေထိုင်နည်း’ ၊ ‘အမျိုးသမီးတစ်ယောက်ရဲ့နေထိုင်မှုလမ်းစဥ်’ ၊ ‘စရိုက်ကောင်းခြင်းအနုပညာ’ ...
သူမသည်ပင် ထိုစာအုပ်များကို မဖတ်ပေ၊ သို့သော် ရှောင်ဟိုင်ချင်း ကဲ့သို့သော မိန်းကလေးတစ်ယောက်က ထိုစာအုပ်များကို နေ့တိုင်း ဖတ်ရှုလေ့လာနေရသည်လား။
ကြောက်စရာကောင်းလွန်းလှသည်။
ထိုအခါ ရှောင်ဟိုင်ချင်းက ဆူပုတ်သွားပြီး ...
“အဲဒါတွေအားလုံး အန်တီ ဝယ်ပေးတာလေ”
“အန်တီ...ဘယ်က အန်တီလဲ...နင့်ကို ထိန်းတဲ့ ကလေးထိန်းလား”
ကျီရှန်းရှန်းက သိပ်အာရုံမထားဘဲ မေးလာရာ ရှောင်ဟိုင်ချင််းက သဘောတကျ ပြုံးလိုက်ပြီး ...
“ငါ့အဖေ လက်ထပ်ထားတဲ့ မိန်းမပေါ့”
“သြော်...မိထွေးလား”
ကျီရှန်းရှန်းသည် ပို၍ပင် ပွင့်လင်းလာပြီး စကားဆုံးသည်နှင့် ရှောင်ဟိုင်ချင်းအား စာနာ သနားသည့်ပုံ လုံးဝထုတ်မပြဘဲ တည့်တိုး ဆက်ပြောပြန်သည်။
“မိထွေးတွေက တအားရက်စက်တယ်လို့ပဲ ငါကြားဖူးတာ။ အခု နင်တို့မိသားစုက မိထွေးကတော့ အတော် ထူးဆန်းတာပဲ။ နင့်ကို တအားဂရုစိုက်ပြပြီးတော့ ပစ္စည်းတွေ အများကြီးလည်း ဝယ်ပေးသေးတယ်။ ဒါပေမယ့် သူက ဘာလို့ နင့်ကို ပစ္စည်းအမှားတွေ ဝယ်ပေးတာလဲ။ ဒီပစ္စည်းတွေက နင်နဲ့ လုံးဝ မလိုက်ဘူးဆိုတာ ငါတောင် ပြောနိုင်တယ်”
ထိုအခါ ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းအား တစ်ချက်ကြည့်၍ ပြောလာ၏။
“ငါတော့ ရှန်းရှန်းက အတော်လေး ချစ်စရာကောင်းတယ်လို့ ထင်တာပဲ”
ရိုးရိုးသားသား ပြောရပါက ကျီရှန်းရှန်းသည် များများစားစား မတွေးခေါ်တတ်ပေ။ သူမ၏ စကားလုံးများက မချိုသာသော်လည်း သူမသည် လူယုတ်မာတစ်ယောက် မဟုတ်ဘဲ ပျော်တတ်၍ ရယ်စရာကောင်းသူ ဖြစ်သည်။
“အမှန်ပဲ...ကျင်းယွင်ကျောင်း တစ်ယောက်တည်းကသာ ငါ့ကို စိတ်ရှုပ်စရာကောင်းတယ်လို့ ထင်နေတာ”
ကျီရှန်းရှန်းက နှာခေါင်းရှုံ့၍ ဂုဏ်ယူစွာ ပြောလိုက်၏၊
ထိုအခါ ကျင်းယွင်ကျောင်းက မဲ့လိုက်ပြီး ...
“သူ့ကို မြှောက်မနေနဲ့။ ခဏနေရင် မိုးပေါ်တက်သွားလိမ့်မယ်”
ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ ရှောင်ဟိုင်ချင်း၏ မျက်လုံးများက တောက်ပလာပြီး ကျီရှန်းရှန်းအား ပို၍ သဘောကျလာ၏။ ကျင်းယွင်ကျောင်းသည် ကျီရှန်းရှန်းအား သဘောမကျသော်လည်း မျက်နှာချင်းဆိုင်လိုက်မိသည်နှင့် သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ ပြောနေကျမဟုတ်သည့် စကားများ ထွက်လာတတ်သည်။
သူတို့သုံးယောက်သည် ခဏမျှကြာအောင် စကားနိုင်လုနေပြီးနောက် ညစာစားချိန်သို့ ရောက်လာ၏။
အိမ်ထိန်း အမျိုးသမီးက တံခါးဝမှ ရပ်၍ အကြောင်းကြားလာသဖြင့် သုံးယောက်သား သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာကြသည်။
အောက်ထပ်တွင်မူ ညစာစားပွဲခင်းကျင်းပြင်ဆင်ထားပြီးဖြစ်၏။ ရှောင်ဟိုင်ချင်း၏ ဖခင်ဖြစ်သူသည် ဆိုဖာပေါ်တွင်ထိုင်၍ သတင်းစာဖတ်နေပြီး ချောမောလှပသည့် မိထွေးဖြစ်သူက ကောင်းမွန်သေသပ်သည့် အမူအယာဖြင့် ညစာဟင်းပွဲများကို ပြင်ဆင်နေရာချနေသည်။ သူမ၏ ဘေးတွင်မူ ငါးနှစ်၊ ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက် ရှိနေ၏။
ထိုမိသားစုသည် အလွန်လိုက်ဖက်ညီပုံပေါ်သော်လည်း ရှောင်ဟိုင်ချင်း ရောက်လာသောအခါ သူမအတွက် နေရာမရှိသလို ခံစားလိုက်ရသည်။