← Chapters

အခန်း (၃၇၃-၃၇၆)

Vol. 19 Ch. 373-376

အခန်း (၃၇၃-၃၇၆)

Vol. 19 Ch. 373-376

Chapter 373 : မျိုးရိုးဗီဇကောင်းခြင်း

ကျင်းယွင်ကျောင်းနှင့် ကျီရှန်းရှန်းသည် လူမှုရေးနားလည်သူများ ဖြစ်ကြသောကြောင့် အောက်ထပ်သို့ရောက်သည့်အခါ ရိုသေလေးစားမှုကို ပြသော အနေဖြင့် “ဦးလေး၊ အန်တီ” ဟု ခေါ်၍ နှုတ်ဆက်လိုက်ကြသည်။

ရှောင်ဟိုင်ချင်း၏ ဖခင်အမည်မှာ ရှောင်တောက်အန်း ဖြစ်၍ အတော်လေး ခံ့ညားကာ အောင်မြင်သည့် စီးပွားရေးသမားတစ်ယောက်၏ အရှိန်အဝါများရှိသည်။ သူတို့နှစ်ယောက်က နှုတ်ဆက်လိုက်သောအခါ သူသည် သတင်းစာကို ချ၍ ‘အင်း’ ဟု ရေရွတ်ကာ အသိအမှတ် ပြုလိုက်သော်လည်း အလေးအနက်ရှိပုံ မပေါ်ပေ။ သူ၏ သဘောထားက အမှန်တကယ်ပင် သာမန်ဆန်လှသည်။

ရှောင်ဟိုင်ချင်းကမူ ထိုအပြုအမူနှင့် အသားကျနေပုံရသည်မှာ အသိအသာပင်။

“ယွင်ကျောင်း၊ ဒီနေ့ နင်ကြိုက်တာလေး ကျွေးမယ်နော်။ ငါ မီးဖိုခန်းကို အထူးရှယ်ဟင်းတစ်မျိုး ချက်ခိုင်းထားတယ်”

ရှောင်ဟိုင်ချင်းသည် စကားပြောရင်း နောက်သို့လှည့်လိုက်ရာ စားပွဲပေါ်ရှိ ဟင်းများကို မြင်လိုက်ရပြီး သူမ မှာထားသည့်ဟင်းတစ်မျိုးပျောက်နေသည်ကို တွေ့လိုက်ရရာ ချက်ချင်း မျက်နှာပျက်သွားသည်။

“အန်တီ၊ ဒီည ငါးအသားပြားကြော် ချက်ပေးဖို့ ကျွန်မ, မမှာခဲ့ဘူးလား”

ကျင်းယွင်ကျောင်းသည် ခက်ခဲရှုပ်ထွေးသည့်ဟင်းမျိုးစုံကို ချက်နိုင်ပြီး ရှောင်ဟိုင်ချင်းသည်လည်း စူးချူ၊ ကန်ကျင်းချန်တို့နှင့်အတူ မကြာခဏ ညစာစားလေ့ရှိသည်။ ကျင်းယွင်ကျောင်း၏ ဟင်းလျာများက ရှုပ်ထွေးဆန်းကြယ်သော်လည်း သူမသည် ပေါ့သည့် အစားအစာများကိုသာ ကြိုက်နှစ်သက်၏။ ထို့ကြောင့် အသားဟင်းများထဲ၌ ငါးအသားပြားကြော်အား အကြိုက်ဆုံးဖြစ်သည်။

ရှောင်ဟိုင်ချင်းက အိမ်ထိန်း အမျိုးသမီးအား အန်တီဟု ခေါ်လိုက်ခြင်းဖြစ်၍ တစ်ဖက်လူက ထိတ်လန့်သွားပြီး သူမအား တစ်ချက်ကြည့်လာ၏။

“ဒီနေ့ ငါးစျေးက စောစောသိမ်းသွားတယ်လေ။ ငါးက မလတ်တဲ့အပြင် ကျွင်းကျွင်းက ဗိုက်ဆာနေတာရယ်...ငါးအသားပြားလုပ်တာကလည်း လက်ဝင်ပြီး အချိန် အရမ်းကုန်တာဆိုတော့...”

အချိန်ကုန်တယ် ဟုတ်လား။

ရှောင်ဟိုင်ချင်းက ပြုံးလိုက်သည်။

ငါးအသားပြား တစ်ပန်းကန်ချက်တာ ဘယ်လောက်များ ပင်ပန်းလို့လဲ။

“ဟိုင်ချင်း၊ အစ်မ ဝမ်ကို အပြစ်မတင်ပါနဲ့”

တစ်ဖက်ရှိ မိထွေးဖြစ်သူက နူးညံ့သိမ်မွေ့စွာ ဝင်ဖျန်ဖြေပေးလိုက်ပြီးနောက် ကျင်းယွင်ကျောင်းအား ကြည့်၍ ဆက်ပြောပြန်သည်။

“ကျောင်းသူလေး...အန်တီတောင်းပန်ပါတယ်ကွယ်။ အဓိက အကြောင်းအရင်းကတော့ ချိန်သားမကိုက် ဖြစ်သွားလို့ပါ။ အားလုံးက ရုတ်တရက်ကြီး ပြင်ဆင်ချက်ပြုတ်ဖို့ မလွယ်ဘူးလေ”

“အဆင့်သင့် မဖြစ်ဘူးလို့ မပြောနဲ့။ ကျွန်မ နေ့လည်ကတည်းက မှာထားတာ”

ရှောင်ဟိုင်ချင်းက ဒေါသတကြီး ပြောလိုက်၏။

ပုံမှန်အချိန်ဆိုပါက အဆင်ပြေသော်လည်း ယခု ကျင်းယွင်ကျောင်းက ဤနေရာသို့ ပထမဆုံးအကြိမ် လာလည်ခြင်းဖြစ်သည်။ သို့သော် သူမ ကြိုက်သည့် ဟင်းတစ်ခွက်ပင် မရှိချေ။

ရှောင်ဟိုင်ချင်းသည် အန်တီ ဝမ်အား ပေါ့ပေါ့ပါးပါးဟင်းပွဲများသာ ချက်ပေးရန် သေချာမှာထားသော်လည်း ယခုအခါ စားပွဲတစ်ခုလုံး ဆီများသည့်ဟင်းပွဲများနှင့် ပြည့်နေ၏။

ကောင်းလိုက်လေခြင်း။

အန်တီဝမ်သည် သူမအား လေးစားကြောက်ရွံမှု မရှိသည်မှာ အတော်လေး သိသာ၏။

“မမလေး ဟိုင်ချင်း၊ ဒီလို မပြောပါနဲ့။ မင်းရဲ့သူငယ်ချင်းတွေ လာမယ်လို့ကြားတာနဲ့ အန်တီလည်း တစ်နေ့လည်လုံး အလုပ်ရှုပ်နေတာပါ။ ဒီဟင်းပွဲတွေကလည်း အချိန်ယူရတဲ့ဟင်းပွဲတွေချည်းပါပဲ။ ငါးလေးတစ်ခွက်တည်း ကျန်တာပါ။ အဲ့ဒါကလည်း အချိန်က အရမ်းနောက်ကျနေလို့”

“ဟုတ်သားပဲ...ဟိုင်ချင်းကလည်းကွယ်၊ ဟင်းပွဲတွေအများကြီးဆိုပြီး ဖြည့်တွေးပေးလို့ရတာပဲ မဟုတ်လား”

မိထွေးဖြစ်သူက ထပ်မံ၍ ဝင်ပြောလာသည်၊ ထို့နောက် စကားပြောရင်း ကျင်းယွင်ကျောင်းတို့၏ အနားသို့ လျှောက်လာကာ ...

“မင်းရဲ့အတန်းဖော်နှစ်ယောက်က တကယ်ကို လှတာပဲ။ ကြည့်ပါဦး လောင်ရှောင်။ သူတို့လေးတွေက ကျွန်မတို့အိမ်က ဟိုင်ချင်းထက်တောင် လှသေးတယ်။ အထူးသဖြင့် ဒီအငယ်လေးပေါ့၊ တစ်ချက်ကြည့်ရုံနဲ့တင် တအား ချစ်စရာကောင်းတယ်”

သူမသည် သေချာပေါက်ပင် ကျီရှန်းရှန်းအား ရည်ရွယ်၍ ပြောနေခြင်းဖြစ်ပြီး ကျီရှန်းရှန်း၏ ပုံပန်းသွင်ပြင်ကလည်း ဘေးအိမ်မှ ညီမငယ်လေးတစ်ယောက်၏ ပုံစံမျိုး ဖြစ်သည်။

(T/N : ဘေးအိမ်မှညီမငယ်လေးတစ်ယောက်၏ပုံစံဆိုတာ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ပုံစံလေးတွေပါနော်။)

လူတွေရဲ့စိတ်ထားကို မကြည့်ဘဲ မျက်နှာကို ကြည့်ပြီး ဆုံးဖြတ်နေတာပဲ၊ ဉာဏ်နည်းလိုက်တာ။

သို့သော် ကျီရှန်းရှန်းက ပွင့်လင်းသူဖြစ်ရာ ရှောင်ဟိုင်ချင်း မိထွေးဖြစ်သူ၏ စကားကို ကြားသောအခါ ချက်ချင်း ပြန်ပြောလိုက်သည်။

“အန်တီ၊ ကျွန်မက ရှောင်ဟိုင်ချင်းလောက် မလှပါဘူး။ ကျွန်မကိုယ်ကျွန်မ သိပါတယ်၊ ဒါကြောင့် ကျွန်မကို နှစ်သိမ့်မနေပါနဲ့”

ထိုအခါ ကျင်းယွင်းယွင်ကျောင်းက ပြုံးလိုက်ပြီး သဘောမကျဘဲ မနေနိုင်တော့ပေ။

ကျီရှန်းရှန်းက ဆက်ပြောပြန်သည်။

“ရှောင်ဟိုင်ချင်းက တကယ် မဟာဆန်တာ။ ပြောရရင် ဆွေကြီးမျိုးကြီးက မမလေးတွေနဲ့ လုံးဝကွာခြားမှု မရှိဘူးရယ်။ မျိုးရိုးဗီဇဆိုတာ တကယ်အရေးကြီးတာပဲနော်”

ထိုစကားကို ကြားသောအခါ ကျင်းယွင်ကျောင်းသာမက ရှောင်ဟိုင်ချင်းသည်လည်း ပျော်ရွှင်လာ၏။

သူမ၏ ခန္ဓာကိုယ်ထဲ၌ ရှောင်မိသားစု၏ မျိုးရိုးဗီဇများ ရှိနေသော်လည်း တစ်ဝက်ကသာ ဖခင်ဘက်မှဖြစ်၍ ကျန်တစ်ဝက်က မိခင်အရင်းဘက်မှ ဖြစ်ကာ မိထွေးဖြစ်သူ၏ သွေးလုံးဝမပါပေ။

မိထွေးဖြစ်သူ၏ မျိုးရိုးအမည်မှာ ကျန်းဖြစ်၍ သူမသည် လှပသော်လည်း အနည်းငယ် နှမြောတွန့်တိုတတ်ပြီး အမြင်မကျယ်ပေ။ ထို့ကြောင့် ကျီရှန်းရှန်း၏ စကားကို ကြားသောအခါ သူမ၏ မျက်နှာက ချက်ချင်း တင်းမာသွား၏။

“ဟုတ်တယ်၊ ဟုတ်တယ်... ...ဟိုင်ချင်းရဲ့ မျိုးရိုးဗီဇက အရမ်းကောင်းတာ...”

“အိုခေလေ၊ ထိုင်ကြစို့..ထမင်း စားကြမယ်”

ရှောင်ဟိုင်ချင်းက ခပ်မိန့်မိန့် ပြုံး၍ ပြောလာသည်။

အိမ်ထောင်ဦးစီးဖြစ်သည့် ရှောင်တောက်အန်းသည် အစမှ အဆုံးအထိ စကားတစ်ခွန်းမှ ဝင်မပြောဘဲ စားပွဲထိပ်တွင်သာ ထိုင်စောင့်နေ၏။

“ဟိုင်ချင်း၊ မင်းရဲ့သူငယ်ချင်းတွေက ဟွားနင်ခရိုင်ကလား။ မိသားစုတွေကရော ဘာအလုပ်လုပ်တာလဲ”

ညစာစားရင်း အန်တီကျန်းက ထပ်မေးလာပြန်သည်။

Chapter 374 : ကြာပန်းဖြူမ

ဤမိထွေးဖြစ်သူသည် အမှန်တကယ်ပင် ကြင်နာတတ်ပုံပေါ်၍ အချိန်ပြည့်ပြုံးနေ၏။ အထူးသဖြင့် သူမသည် ရှောင်ဟိုင်ချင်း အပေါ်၌ အလွန်ယဥ်ကျေးသည်။

အမှန်တကယ် မိသားစု စိတ်ဓာတ်သာရှိပါက ဤမျှလောက် ယဥ်ယဥ်ကျေးကျေး ဆက်ဆံမနေစရာ မလိုပေ။

မိထွေးဖြစ်သူက မေးလာသောအခါ ရှောင်တောက်အန်းကလည်း သူမတို့အား လှမ်းကြည့်လာ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်းတစ်ယောက် သူမကိုယ်စားဝင် မဖြေမီ ကိုယ်တိုင်သာ ပြန်ဖြေလိုက်သည်။

“ကျွန်မက မိဘမဲ့ပါ၊ မိဘတွေက ဘယ်သူတွေမှန်းလည်း မသိပါဘူး”

“အာ...ဒါဆိုရင် မင်းကိုယ်မင်း ဘယ်လိုများ ထောက်ပံ့နေလဲကွယ်”

အန်တီကျန်းက အံ့သြသွားပြီး ရှောင်ဟိုင်ချင်းအား တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။

“ငါတို့ရဲ့ဟိုင်ချင်းက ခင်မင်မှုကို တန်ဖိုးထားတတ်တာပဲ။ ကောင်းပြီလေ၊ နောက်ကျရင် အန်တီ မင်းကို မုန့်ဖိုးပေးမယ်နော်”

သို့သော် သူမသည် ထိုစကားကို စိတ်ရင်းဖြင့် ပြောလိုက်ခြင်း မဟုတ်ဘဲ ရှောင်ဟိုင်ချင်း၏ အမှားကို မရှာနိုင်၍ စိတ်လျှော့လိုက်ပုံသာရသည်။

ထိုအခါ ရှောင်တောက်အန်းက မျက်မှောင်ကြုံ့လိုက်၏။ ရှောင်မိသားစုသည် ချမ်းသာကြွယ်ဝ၍ နောက်ခံကောင်းသည့် မိသားစုကြီး မဟုတ်ပေ၊ ယခုအချိန်မှသာ ကံကောင်း၍ အမှီအခိုကောင်းကိုတွေ့ထားခြင်းဖြစ်သည်။ ထို့ကြောင့် ရှောင်ဟိုင်ချင်းအနေဖြင့် မိသားစုပိုင်ငွေများကို စိတ်ကြိုက်သုံးစွဲပြီး တခြားသူများအား မျှဝေပေးနိုင်သည့် အချိန်မဟုတ်သေးပေ။

အတန်းဖော်တစ်ဦးကို ကူညီထောက်ပံ့ခြင်းအား သူ့အနေဖြင့် ကန့်ကွက်စရာ မရှိသော်လည်း ဆင်းရဲသူကို ကူညီမည့်အစား ကိုယ် အကျိုးအမြတ်ပြန်ရမည့်သူအား ကူညီခြင်းက ပိုကောင်းသည့် နိယာမကို သူ နားလည်သည်။ သို့သော် ဤအတန်းဖော်၏ မိဘများသည် မည်သူမှန်း မသိသောကြောင့် သူမအား ကူညီရာတွင် မည်သည့် အကျိုးအမြတ်မှ ပြန်ရမည် မဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့သော လူတစ်ယောက်အား ရှောင်ဟိုင်ချင်းက အမြဲတမ်း ပိုက်ဆံပေး၍ ကူညီနေမည်ကို စိုးရိမ်မိိသည်။

‘ခြေနှစ်ချောင်း မကယ်ကောင်း’ ဟူသည့် စကားပုံပင်ရှိ၏။

သို့သော် ကျင်းယွင်ကျောင်း၏ ချမ်းသာကြွယ်ဝမှုအား လူတိုင်း မသိကြပေ။ သူမနှင့် အတူရှိနေသည့် ရှောင်ဟိုင်ချင်းနှင့် ကျီရှန်းရှန်းပင် မသိချေ။

ထို့ကြောင့် အန်တီကျန်း၏ စကားကို ကြားသောအခါ ရှောင်ဟိုင်ချင်းက မျက်နှာပျက်သွားပြီး ...

“ရှင် ဘာ စကားပြောတာလဲ”

‘အန်တီပြောတာ ဘာမှားလို့လဲ”

အန်တီကျန်းက အပြစ်ကင်းစင်သည့်ဟန်ဖြင့် ပြန်မေးလာ၏။

“ဘာဖြစ်ရမှာလဲ။ ယွင်ကျောင်းရှေ့မှာ အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့။ သူက ကိုယ်တိုင် ငွေရှာနိုင်တယ်။ ကျွန်မ သူ့ကို တစ်ခါမှ မကူညီဖူးဘူး။ အရေး မပါတာတွေ ပြောစရာ မလိုဘူးနော်”

ရှောင်ဟိုင်ချင်းက အေးစက်စက် ပြောလိုက်သည်။

သူမသည် ယခင်က အန်တီကျန်း၏ စကားများကို နားမလည်ခဲ့သော်လည်း အချိန်တန်အရွယ်ရောက်လာပြီးနောက် ဖခင်ဖြစ်သူက သူမအား ဆိုးဆိုးရွားရွား ဆက်ဆံသည့်အကြောင်းအရင်းကို နားလည်လာခဲ့သည်။

အန်တီကျန်း၏ ပါးစပ်မှ တူညီသည့် အကြောင်းအရာများကိုသာ ပြောနေသော်လည်း အခြားသူများအတွက်မူ မတူညီသဖြင့် အထင်လွဲစရာများဖြစ်လာခဲ့ခြင်းပင်။ သူမ ရှင်းပြလေလေ၊ အထင်လွဲကြလေလေ ဖြစ်သည်။

ကျီရှန်းရှန်းက ထိုစကားလုံးများကို ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ရှောင်ဟိုင်ချင်းက သူမအား သတိပေးထားသည်ကို ပြန်သတိရသွားသဖြင့် သဘောပေါက်ကာ ချက်ချင်း ရယ်မောလိုက်သည်။

“ကျင်းယွင်ကျောင်းက အရမ်း အရည်အချင်းရှိတာလေ။ သူက တခြားသူတွေရဲ့သနားကရုဏာတွေ၊ အကူအညီတွေ လုံးဝ မလိုဘူး။ သူ အရင်တုန်းကလည်း အဲ့လို မေတ္တာရှင်မကြီးတွေနဲ့ တွေ့ဖူးသေးတယ် မဟုတ်လား။ အဲ့ ကြာပန်းဖြူမတွေကတော့...”

ထိုစကားသို့ ရောက်သောအခါ လူတိုင်းက သူမအား ကြောင်ကြည့်လာကြ၏။

ထိုအခါ ကျီရှန်းရှန်းက မျက်မှောင်ကြုံ့ပြီး ကျင်းယွင်ကျောင်းအား ကြည့်လိုက်ရင်း ...

“ငါပြောတာ ဘာမှားလို့လဲ။ ဒါ အမှန်ပဲလေ။ အရင်နေ့တုန်းကမှ စန်းရန်က သူ့ကိုယ်သူ နင့်ရဲ့ကျေးဇူးရှင်မကြီးပါဆိုပြီး ပြဿနာလာရှာတာ မဟုတ်လား။ ငါ အဲ့လိုလူမျိုးတွေကို အရမ်းမုန်းတာ။ နင်က တခြားသူတွေရဲ့ ပိုက်ဆံကို မလိုဘဲနဲ့ ဘာလို့ သူတို့ကကျ နင်ကပဲ သူတို့ကို လိုအပ်နေသလိုလိုနဲ့ ဟန်ဆောင်နေကြတာလဲ”

ကျီရှန်းရှန်းသည် အမှန်တကယ်ပင် အရိပ်အကဲ မကြည့်တတ်ချေ။ သူမသည် ပတ်ဝန်းကျင်အား လုံးဝလျစ်လျူရှုထား၍ စိတ်ထဲရှိသလိုပြောတတ်သည်။

သို့သော် ဤကဲ့သို့ အရိပ်အကဲ မသိတတ်ခြင်းသည် စိုးရိမ်စရာ အကောင်းဆုံး ကိစ္စဖြစ်သည်။

သူမ၏ စကားများက အန်တီကျန်းအား မေတ္တာရှင်မကြီးဟူ၍ တိုက်ရိုက်ရည်ညွှန်းလိုက်သည့် အဓိပ္ပါယ် သက်ရောက်သွား၏။

ထိုအခါ ကျင်းယွင်ကျောင်းက ဤအရူးမလေးသည် တစ်ခါတစ်ရံ၌ အတော်လေး အသုံးဝင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အထူးသဖြင့် ကျီရှန်းရှန်း ကဲ့သို့ ပြဿနာအိုး၊ တစ်ဖက်သား စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို လုံးဝ ဂရုမစိုက်တတ်သည့် သူတစ်ယောက်အား တစ်ဖက်လူက ဘာမှပြန်မလုပ်နိုင်ပေ။

ထိုစကားကို ကြားသောအခါ အန်တီကျန်းသည် ဆက်၍ မပြုံးနိုင်တော့ဘဲ စိတ်မပါလက်မပါ ရယ်ပြလိုက်သည်။

“အာ..မင်းက ကိုယ့်ကိုကိုယ် မှီခိုတာလား”

သူတို့၏ စကားများကို ကြားသောအခါ ရှောင်တောက်အန်းက စိတ်ဝင်တစား မေးလာ၏။

“ဒါမျိုးက တကယ် ရှားတာပဲ။ မင်း ပုံမှန် ဘယ်လိုပိုက်ဆံရှာလဲ။ ကျောင်းလခတွေရော ပေးနိုင်တယ်ပေါ့”

“ကျွန်မရဲ့ကျောင်းလခက အခမဲ့ပါ။ ပြီးတော့ ပညာသင်ဆုလည်း ရထားပါတယ်”

ကျင်းယွင်ကျောင်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

သူမ၏ စကားဆုံးသည်နှင့် ရှောင်တောက်အန်းက အလွန်အံ့အားသင့်၍ ကြောင်အသွား၏။ သူ၏ သမီးဖြစ်သူသည် စာတော်သောကျောင်းသားများနှင့် သူငယ်ချင်းဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှ ထင်မထားခဲ့ပေ။ သူ၏ အမြင်၌ သမီးဖြစ်သူ၏ သူငယ်ချင်းများသည် စာညံ့၍ အဆင့်မကောင်းကြပေ။

“ဒါက ဘယ်လိုများ ဖြစ်တာပါလိမ့်။ မင်းနဲ့ ဟိုင်ချင်း သူငယ်ချင်းဖြစ်နေတာ အတော်လေးထူးဆန်းတာပဲ”

ရှောင်တောက်အန်းက သူမတို့အပေါ်၌ ပို၍ အမြင်ကြည်လာသဖြင့် ပြုံး၍ ပြောလိုက်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက သူ့အား ထူးဆန်းသည့်အကြည့်ဖြင့် ပြန်ကြည့်လာပြီး ...

“ဦးလေး ရှောင်၊ ဒါက ထူးဆန်းလို့လား။ ကျွန်မတို့တစ်ခန်းလုံးက လူတွေက တစ်ကျောင်းလုံး အဆင့်ငါးဆယ်နဲ့ အထက်တွေချည်းပဲ။ ဟိုင်ချင်းက စာတော်ပါတယ်”

Chapter 375 : ငါ မှားပြီးတော့ မင်းကို အပြစ်တင်မိတာပါ

ရှောင်တောက်အန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ကျင်းယွင်ကျောင်းက ထိုလူသည် သမီးဖြစ်သူနှင့်ပတ်သတ်၍ ဘာမှမသိကြောင်း သဘောပေါက်သွား၍ ရှောင်ဟိုင်ချင်း၏ အကြောင်းကို သေချာပြောပြရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ရှောင်တောက်အန်း စကားပြန် မပြောမီမှာပင် ကျင်းယွင်ကျောင်းက ချောင်းဟန့်လိုက်၍ ဆက်ပြောလိုက်၏။

“ဟိုင်ချင်းရဲ့အဆင့်တွေက မငြိမ်ဘူး။ တစ်ခါတစ်လေကျ ထိပ်ဆုံး အယောက်သုံးဆယ်ထဲ ဝင်ပေမယ့် တစ်ခါတစ်လေ ထိပ်ဆုံး ငါးယောက်ထဲကို ဝင်တယ်။ အရင်နေ့တုန်းကတောင် သူ တစ်မြို့နယ်လုံးအဆင့် ပြိုင်ပွဲမှာ တတိယဆုရခဲ့တာလေ”

ထိုကိစ္စသည် ကျင်းယွင်ကျောင်း လိမ်ပြောနေခြင်း မဟုတ်ပေ။ ရှောင်ဟိုင်ချင်းသည် အပေါ်ယံ၌ စည်းမဲ့ကမ်းမဲ့ နေတတ်သော်လည်း တကယ်တမ်းတွင် စာအလွန်တော်၏။ သူမသည် ထက်မြက်၍ သင်ယူတတ်မြောက်လွယ်ပြီး အတွေးအခေါ်လည်း ကောင်းသည်။ ကျောင်းစာကို တစ်ကြိမ်လောက် အာရုံစိုက်လိုက်သည်နှင့် သူမ၏ အဆင့်များက ဒုံးပျံအလား ထိုးတက်သွားတော့သည်။

အတန်းထဲ၌ အဆင့်သုံးဆယ်ရပါက သူမတို့အတန်းသည် အတော်ဆုံးအတန်း ဖြစ်သောကြောင့် တစ်ကျောင်းလုံးတွင်လည်း အလားတူအဆင့်သာဖြစ်သည်။

ထိုအခါ ရှောင်တောက်အန်းက အံ့သြသွား၍ သမီးဖြစ်သူသည် အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။

ဤကျင်းယွင်ကျောင်းက အမှန်တကယ်ပင် သူ၏ သမီးဖြစ်သူအကြောင်းကို ပြောနေသည်လား။ သူ၏ သမီးသည် နေ့စဥ် မိဘပိုက်ဆံ လက်ဖြန့်တောင်း၍ လျှောက်သွားပျော်ပါးနေသည့် မိန်းကလေးငယ်တစ်ဦးသာဖြစ်သည် မဟုတ်လား။

ရှောင်တောက်အန်းသည် ရုတ်တရက် ဆွံ့အသွား၍ ပြောစရာ စကား ရှာမတွေ့တော့ပေ။

ထို့နောက် သူသည် ထမင်းစားပွဲ၌ ခပ်မတ်မတ်ထိုင်၍ ကျင်းယွင်ကျောင်း ပြောနေသည်က သူမ၏ အကြောင်းမဟုတ်သည့်အလား ညစာကိုသာ အာရုံစိုက်နေသည့် ရှောင်ဟိုင်ချင်းအား ကြည့်လိုက်သည်။

“ဒီလို ကောင်းတဲ့ကိစ္စတွေ ရှိတာကို မင်းက အဖေ့ကို ဘာလို့ တစ်ခွန်းမှ ပြောမပြတာလဲ”

ရှောင်တောက်အန်းက ပြုံး၍ ရှောင်ဟိုင်ချင်းအား မေးလာ၏။

ထိုအခါ ရှောင်ဟိုင်ချင်းက မျက်ခုံးပင့်လိုက်ပြီး ...

“ကျွန်မ အဖေ့ကို ပြောပါတယ်။ ကျွန်မ အဖေ့ကို ရီပို့ကတ်ပြချင်တဲ့အချိန်တိုင်း အန်တီကျန်းက အလောတကြီးနဲ့ ကျွန်မက အကောင်းဆုံးကြိုးစားခဲ့တာပါဆိုပြီး ပိတ်ပြောတယ်လေ။ ပြီးရင် အဖေက ကျွန်မကို ဆူငေါက်ပြီး ကျွန်မက အမှိုက်လောက်တောင် အသုံးမကျဘူး၊ တစ်သက်လုံး ဆန်ကုန်မြေလေးပဲဖြစ်မှာဆိုပြီး ပြောတယ်လေ။ ကျွန်မ စာမေးပွဲအောင်လည်း အဖေက ဒါကိုပဲ ပြောနေတော့ ကျွန်မက ဘာတတ်နိုင်မှာလဲ”

စကားဆုံးသည်နှင့် သူမ၏ မျက်ဝန်းများထဲတွင် လှောင်ရယ်သည့် အရိပ်များ ယှက်သန်းသွားသည်။

ယခင်က သူမသည် မိသားစုနှင့် သူမ၏ ကြားရှိ ဆက်ဆံရေးကို ပြုပြင်မည်ဟု တွေးခဲ့ဖူး၍ ကျောင်းစာများကို ကြိုးစားပမ်းစား လေ့လာခဲ့ဖူး၏။ ထို့ကြောင့် သူမသည် ထိုအချိန်က လပတ်စာမေးပွဲအား ကောင်းမွန်စွာ ဖြေဆိုနိုင်၍ ဖခင်ဖြစ်သူအား လက်မှတ် ထိုးခိုင်းရန်အတွက် အိမ်သို့စိတ်လှုပ်ရှားစွာ ပြန်လာခဲ့သည်။ သို့သော် သူမ စာမေးပွဲ၌ အမှတ်အများကြီး ရသည့်အကြောင်း မပြောရသေးခင်မှာပင် အန်တီကျန်းက သူမဘက်မှ ကာကွယ်ပြောဆိုလာခဲ့၏။ ထို့ကြောင့် သူမ၏ ဖခင်ဖြစ်သူသည် ချက်ချင်း ဒေါသထွက်သွားခဲ့ပြီး သူမအား ပြင်းပြင်းထန်ထန် ဆူပူငေါက်ငမ်းကာ ရိုက်နှက်လုနီးပါးပင်။

ထိုအချိန်မှစ၍ သူမသည် ကျောင်းမှ အဆင့်များကို အာရုံ မစိုက်တော့ပေ။ စိတ်ပါလျှင် စာလုပ်၍ စိတ်မပါလျှင် လျှောက်သွားသည်။ မည်သူ့ကိုမှလည်း ဂရုမစိုက်တော့ပေ။

သို့သော် ထိုအခြေအနေသည် ကျင်းယွင်ကျောင်းနှင့် တစ်ခုံတည်းအတူ မထိုင်ခင်အထိသာ ဖြစ်သည်။ ကျင်းယွင်ကျောင်း၏ စာအလွန်ကြိုးစား၍ စိတ်အားထက်သန်သည့်ပုံစံကို မြင်သောအခါ သူမသည် သူမ၏ စိတ်ကို ပြင်ဆင်ခဲ့၏။ နောက်ပိုင်းတွင်လည်း ကျင်းယွင်ကျောင်းနှင့် တစ်ခုံတည်း အတူထိုင်ချင်သောကြောင့် တစ်ကျောင်းလုံးအဆင့်ငါးနေရာကို ထိန်းထားချင်ခဲ့သည်။ ထို့နောက် သူမ၏ အဆင့်များက တဖြည်းဖြည်းနှင့် ထိပ်ဆုံးဆယ်ယောက်ထဲသို့ ပုံမှန်ဝင်ရောက်လာသည်။

ရှောင်ဟိုင်ချင်း၏ စကားများက ရှောင်တောက်အန်းအား ကြောင်အသွားစေ၏။

သူသည် သမီးဖြစ်သူ၏ ရီပို့ကတ်ကို လုံးဝ သတိမရပေ။ သူသည် သူမ ရောက်လာသည့်အချိန်တိုင်း ကျန်းရုံနှင့် စကားများရန်ဖြစ်သည်ကိုသာ သတိရ၏။ ကျန်းရုံက သူမအား သည်းခံပေးသော်လည်း သူမကမူ မကျေနပ်နိုင်ပေ။

ဒါဆို ငါ အထင်လွဲခဲ့တာလား။

“ဟိုင်ချင်းရဲ့အဆင့်တွေ အရမ်းကောင်းလာတာ အံ့သြစရာပါပဲ။ အားလုံးက ကျွန်မ အပြစ်တွေပါ။ အရင်က ဟိုင်ချင်းကို စာမေးပွဲ ကောင်းကောင်းမဖြေနိုင်ဘူးလို့ပဲ တွေးခဲ့မိတာ၊ ဒါကြောင့် ရီပို့ကတ်ကိုမြင်ရင် ရှင် ဒေါသထွက်သွားမှာ ကြောက်နေတယ်။ ဒါကြောင့် ကျွန်မ အမှားလုပ်မိလိမ့်မယ်လို့ မထင်ခဲ့မိဘူး”

ကျန်းရုံက ဝင်ပြောလာပြီး စကားဆုံးသည်နှင့် ရှောင်ဟိုင်ချင်းအတွက် ဟင်းများထည့်ပေးကာ မြှောက်ပင့်သော အမူအယာဖြင့် ဆက်ပြောလာ၏။

“ဟိုင်ချင်း၊ အန်တီ့ရဲ့စေတနာ အမှားမို့လို့ မင်းကပဲ ခွင့်လွှတ်ပေးပါဦးကွယ်”

ကျန်းရုံသည် အသက်မကြီးသေးပေ။ သူမသည် ယခုအချိန်၌ နှစ်ဆယ့် ခုနစ်နှစ်၊ နှစ်ဆယ့် ရှစ်နှစ်ခန့်သာ ရှိသေးသဖြင့် သူမ၏ မျက်နှာက အလွန်နုပျိုနေပြီး ချိုသာသောအသံနှင့် တွဲဖက်လိုက်သောအခါ အမှန်တကယ်ပင် ချစ်စရာကောင်းလှသည်။

ရှောင်တောက်အန်းသည် မူလက ကျန်းရုံအား အနည်းငယ်အပြစ်တင်ချင်သော်လည်း သူမက လက်ဦးမှုယူ၍ အမှားကိုဝန်ခံလာသောအခါ သူ၏ ရင်ထဲ၌ မကျေနပ်မှုများ ပျောက်ကွယ်သွား၏။

“ငါတို့ မင်းကို မှားပြီး အပြစ်တင်ခဲ့မိတာပဲ။ မင်းရဲ့အန်တီက အရမ်းကြင်နာတတ်တဲ့သူပါ။ မင်းကလည်း အဆင့်တွေကောင်းတာတောင်မှ အမြဲတမ်း ရန်ရှာနေကျဆိုတော့ ဒီကိစ္စကို ဗွေမယူဘူး မဟုတ်လား”

Chapter 376 : ဒါက ဖျက်ဆီးနေတာပဲ

ရှောက်တောက်အန်းသည် ထိုစကားများကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၍ သမီးဖြစ်သူအား တောင်းပန်ရန် တစ်ခါမှ မတွေးခဲ့ပေ။ လက်တွေ့၌ သူသည် လူကြီးတစ်ယောက်ဖြစ်သဖြင့် ဤနှစ်အနည်းငယ်အတွင်း ရှောင်ဟိုင်ချင်းနှင့် အမြဲတမ်း ဆက်ဆံရေးတင်းမာခဲ့သည်ကိုလည်း တောင်းပန်ရန် ထည့်မတွေးခဲ့ချေ။ ယခုအချိန်၌ ဤကဲ့သို့ပြောလိုက်ခြင်းကပင် သူ၏ အမြင်၌ အဆုံးစွန်ထိ အလျှော့ပေး ဆက်ဆံလိုက်ခြင်း ဖြစ်သည်။

ထိုစကားများကို ကြားသောအခါ ရှောင်ဟိုင်ချင်းက ခပ်တိုးတိုး လှောင်ရယ်လိုက်၏။

အဆင့်မကောင်းရင်လည်း ငါ့အမှား၊ အဆင့်ကောင်းရင်လည်း ငါ့အမှားပဲလား။

ကလေးဘဝ၌ အမှားတစ်ခု လုပ်ခဲ့မိပါက အနာဂတ်တွင်လည်း သူမ လုပ်သမျှ ကိစ္စတိုင်းအား ထိုအမှားနှင့်သာ လိုက်၍ တိုင်းတာနေမည်လား။

သို့သော် သူမသည် ထိုကိစ္စနှင့် ပတ်သတ်၍ စိတ်အနှောက်အယှက် အဖြစ်မခံလိုချေ၊ မည်သို့ဖြစ်စေကာမူ သူမ၏ ဖခင်သည် ကျန်းရုံအား သူမအတွက်နှင့် အပြစ်တင်မည် မဟုတ်။

သူ၏ စကားအရ ကျန်းရုံသည် သူနှင့် လက်ထပ်သည့်အချိန်၌ ငယ််ရွယ်ရွယ်ပင် ရှိသေး၍ လက်မထပ်မီ ကိုယ်ဝန််ဆောင်ထားရသဖြင့် လူအများ၏ ကဲ့ရဲ့ဝေဖန်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် လက်ထပ်ပြီးနောက်တွင် သူသည် သူမအား အကောင်းဆုံးအရာများကိုသာ ပေးခဲ့၏။ ထို့အပြင် ကျန်းရုံက ရှောင်တောက်အန်းထက် အများကြီး ပို၍ ငယ်သဖြင့် သူသည် သူမအား စကားလုံးကြမ်းကြမ်းဖြင့်ပင် အပြစ်မတင်ရက်ပေ။

ထို့ကြောင့် ရှောင်ဟိုင်ချင်းက ခေါင်းငုံ့၍ ညစာဆက်စားနေပြီး သူမ၏ ရင်ထဲ၌ နစ်နာသည်ဟု ခံစားနေရသော်လည်း တစ်ခွန်းမှ ထုတ်မပြောပေ။

ထိုအခါ ကျင်းယွင်ကျောင်းက အနည်းငယ် မကျေမနပ်ဖြစ်သွား၍ မျက်မှောင်ကြုံ့လိုက်သော်လည်း ဤကိစ္စသည် ရှောင်မိသားစု၏ ကိစ္စသာ ဖြစ်သည်။ အကယ်၍ သူမသာ ရှောင်ဟိုင်ချင်းအတွက် ဝင်ပြောလိုက်လျှင် အကူအညီ မဖြစ်ရုံသာမက ရှောင်မိသားစုထဲရှိ ရှောင်ဟိုင်ချင်း၏ အခြေအနေ အဆင့်အတန်းမှာလည်း ပို၍ ဆိုးရွားနိမ့်ကျသွားနိုင်၏။ လောက၌ အပြင်လူ ဝင်ရှင်းပေး၍ မရသည့်ကိစ္စအချို့ အမှန်တကယ် ရှိသည်။

သို့သော် ကျီရှန်းရှန်းကမူ မတူချေ။ ရှောင်ဟိုင်ချင်း၏ အရေးမစိုက်ဟန် အမူအယာကို မြင်သောအခါ သူမက ဝင်ပြောတော့သည်။

“ဦးလေး ရှောင်၊ ဦးလေးက ကျွန်မ အဖေနဲ့ အသက်တူတူလောက်ပဲထင်တယ်။ ဒါပေမယ့် အများကြီးကွာတယ်နော်”

“အို...ဟုတ်လား၊ ဘယ်လိုပါလိမ့်”

ရှောင်တောက်အန်းက စိတ်ကြည်နေသဖြင့် အများကြီး မစဥ်းစားဘဲ ပြန်မေးလိုက်၏။

“ကျွန်မ ငယ်ငယ်တုန်းက အဖေက ပြောခဲ့တယ်။ ကျွန်မက သူ့ရဲ့အချစ်ဆုံး၊ သူ့နှလုံးသားလေးတဲ့။ ကျွန်မကို ဘယ်သူက အနိုင်ကျင့်ကျင့် သူက ကျွန်မအတွက် အစွမ်းကုန်ပြန်တိုက်ခိုက်ပေးမှာတဲ့။ မိသားစုထဲမှာဆို ကျွန်မရဲ့အစ်ကိုကြီးကတောင် ကျွန်မကို အပြစ်မပြောနိုင်ဘူး။ ပြီးတော့ အဖေက ကျွန်မ အပေါ် အမှားလုပ်မိရင်လည်း သူက အရင်ကထက် အများကြီး ပိုဂရုစိုက်ပြီးတော့ နေ့တိုင်း တောင်းပန်တယ်။ သူ့ကိုယ်သူ အပြစ်တင် ဝေဖန်တဲ့စာတောင် ရေးပေးတယ်”

ကျီရှန်းရှန်းက မျက်ခုံးပင့်၍ ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ရှောင်တောက်အန်းသည် ကြောင်အသွား၏။

သည်ကောင်မလေးရဲ့စကားက ပွင့်လင်းလွန်းတယ်။ သူက ငါ့ကို ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ပြောနေတာလား။

သို့သော် ဤစကားသည် အဓိပ္ပါယ်မဲ့လွန်းသည်။ လူကြီးက လူငယ်ကို တောင်းပန်သည့် ထုံးစံ မရှိချေ။ အကယ်၍ ရှိခဲ့လျှင်လည်း လူငယ်များသည် လူကြီးများအား လေးစားရကောင်းမှန်း သိတော့မည် မဟုတ်။

ထို့ကြောင့် ရှောင်တောက်အန်းက ခပ်တိုးတိုးရယ်လိုက်ပြီး ...

“လူငယ်တွေကပဲ လူကြီးတွေကို လေးလေးစားစား ဆက်ဆံသင့်တာပါ။ မင်းလည်း မင်းထက် ငယ်တဲ့သူတွေကို ခေါင်းငုံ့ တောင်းပန်ရရင် သူတို့ကို ဖျက်ဆီးရာ မရောက်ဘူးလား”

“ဟင်..လူငယ်တွေက သူတို့မှားရင် တောင်းပန်တယ်လေ။ လူကြီးတွေကကျ ဘာလို့ သူတို့အမှားကို ခေါင်းရှောင်ရမှာလဲ။ ဒီလိုသာဆိုရင် တစ်ခုခုဖြစ်ရင် အခွံထဲ ခေါင်းဝှက်ပစ်တတ်တဲ့လိပ်နဲ့ ဘာကွာဦးမှာလဲ”

ထို့နောက် ကျီရှန်းရှန်းက တူများကို ချထားလိုက်ပြီး ကျန်းရုံအား ‘ကျွန်မဆီမှာ ဒီလိုပြောရတဲ့အကြောင်းအရင်းရှိတယ်’ ဟူသည့် အမူအယာဖြင့် ကြည့်ရင်း ပြောလိုက်၏။

“အန်တီ ကျန်းက ထူးဆန်းတယ်နော်။ အန်တီက အမြဲတမ်း ရှောင်ဟိုင်ချင်းက မကောင်းတာတွေလုပ်နေတယ်လို့ပဲ တွေးနေတာလား”

ထိုအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး ...

“အန်တီ ကျန်း၊ ရှင် နားမထောင်ချင်လည်း ကျွန်မကို အမှန်တရားတစ်ခုလောက် ပြောခွင့်ပေးပါဦး။ ရှင်က ရှောင်ဟိုင်ချင်းကို တကယ်ပဲ အရမ်းချစ်တာဆို။ ပြီးတော့ ရှင်က သူ့ကို နေရာတကာ လိုက်ကာကွယ်ပေးနေပြီးတော့ ဂရုစိုက်တာဆို။ ဒါဆိုရင် ဘာလို့ သူ့ရဲ့အဆင့်တွေကို မသိတာလဲ။ ဦးလေး ရှောင်က များသောအားဖြင့် အိမ်မှာ မရှိဘူး၊ ဒါပေမယ့် ရှင်ကတော့ အိမ်မှာရှိတယ်လေ။ ဒါဆို ရှင်က ဟိုင်ချင်းကို တစ်ခါမှ မမေးဖူးတာလား”

ထိုအခါ ကျန်းရုံက မျက်မှောင်ကြုံ့လိုက်ပြီး ...

“အန်တီက မေးပါတယ်၊ ဟိုင်ချင်းက ဘာမှပြန်မပြောတာလေ”

“ကျောင်းမှာ မိဘတွေရဲ့ ဖုန်းနံပါတ်တွေရှိတယ်။ စာမေးပွဲ တစ်ခုပြီးတိုင်း လှမ်းပြီး အကြောင်းမကြားဘူးလား”

ကျင်းယွင်ကျောင်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

သို့သော် သူမ၏ စကားကို ကြားသောအခါ ကျန်းရုံက ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။

ရိကျုံးကျောင်းသည် ဟွားနင်ခရိုင်၌ အကောင်းဆုံးကျောင်းဖြစ်သည်။ စည်းကမ်းကြီး၍ တိကျ၏။ အတန်းထဲရှိ ကျောင်းသားတိုင်း၏ မိဘများအား လစဥ် ပညာရေးအခြေအနေ တိုးတက်မှုကို အစီအရင်ခံရသည်။

ထို့ကြောင့် ရှောင်ဟိုင်ချင်းက သူမအား ဘာမှပြန်မပြောဟူသည့် ကျန်းရုံ၏ စကားက အဓိပ္ပါယ်မရှိပေ။

“ကျ..ကျွန်မ..လောင်ရှောင်၊ ကျောင်းက ကျွန်မကို တစ်ခါမှ ဖုန်းမခေါ်ဖူးဘူး”

ကျန်းရုံက အထစ်ထစ်အငေါ့ငေါ့ ပြောလာသည်။

All Chapters