← Chapters

အခန်း (၃၇၇-၃၈၀)

Vol. 19 Ch. 377-380

အခန်း (၃၇၇-၃၈၀)

Vol. 19 Ch. 377-380

Chapter 377 : အပြင်လူများ၏အကူအညီယူခြင်း

ထို့နောက် ကျင်းယွင်ကျောင်းက စကားဆက်မပြောတော့ဘဲ အဓိပ္ပါယ်အပြည့်ပါသော မျက်ဝန်းများဖြင့်ကြည့်၍ ပြုံးနေ၏။ ကျီရှန်းရှန်းသည်လည်း ကျေနပ်အားရစွာ ပြုံးလိုက်၍ ပန်းကန်ထဲမှ အကြီးဆုံးအသားတုံးကို ကောက်ဝါးလိုက်သည်။

သို့သော် ရှောင်တောက်အန်းကမူ စိတ်မသက်မသာဖြစ်နေ၏။

ကျောင်းက မိဘတွေကို ကျောင်းသားရဲ့အဆင့်တွေကို လှမ်းအကြောင်းကြားတာလား။

သူသည် ထိုအကြောင်းကို တွေးလိုက်ပြီးနောက် မသိမသာ ခေါင်းယမ်းလိုက်မိသည်။ ထိုအကြောင်းကြားချက်များကို သူ တစ်ခါမှ မရရှိခဲ့ဖူးပေ။ သူသည် ရှောင်ဟိုင်ချင်း၏ အခြေအနေအား မေးမြန်းစုံစမ်းရန်အတွက် ကျောင်းသို့သွားချင်သည်ဟု ပြောလိုက်သည့်အချိန်တိုင်း ကျန်းရုံက သူ့အား တားမြစ်တတ်၍ ကလေးအပေါ်၌ ဖိအားမပေးရန်ပြောလေ့ရှိသည်။

သူသည်လည်း ဖခင်တစ်ယောက်သာဖြစ်၍ ရှောင်ဟိုင်ချင်းအား လုံးဝ ဂရုမစိုက်ဘဲနေခြင်း မဟုတ်ပေ။

လက်တွေ့၌ ဤသမီးဖြစ်သူသည် ယခင် အိမ်ထောင်ဘက် အမျိုးသမီးနှင့် ရလာသည့် သမီးဖြစ်၍ မိခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်တွင် အနည်းငယ် အချစ်ပိုခဲ့မိသည်။ သို့သော် ရှောင်ဟိုင်ချင်းက ခေါင်းမာလွန်းလှ၍ သားအဖနှစ်ယောက်တွေ့သည့်အချိန်တိုင်း စကားများ ရန်ဖြစ်ရပြီး သူက သူမအား အမြဲတမ်း ဆူပူငေါက်ငမ်းရလေ့ရှိ၏။ ထို့ကြောင့် အချိန်ကြာလာသောအခါ သူသည် သမီးဖြစ်သူအား စိတ်ပျက်လာ၍ သူမ၏ အကြောင်းအား ဂရုမစိုက်တော့ပေ။ အိမ်၌ ကျန်းရုံလည်း ရှိနေသည်ဖြစ်ရာ ရှောင်ဟိုင်ချင်းအတွက် အစားအသောက်၊ အဝတ်အထည် ပြတ်လပ်မည်မဟုတ်။

သူသည် ရှောင်ဟိုင်ချင်း တက္ကသိုလ်မှ ဘွဲ့ရပြီးသောအခါ သူမအတွက် သင့်လျော်သော လူတစ်ယောက် ရှာပေးမည်။ သူမ လက်ထပ်ပြီး၍ သားသမီးများ ရရှိလာသောအခါ အခြေအနေများသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်။ သူသည် အမြဲတမ်း ထိုသို့သာ တွေးထားခဲ့၏။

သို့သော် ယခုအခါ ရှောင်ဟိုင်ချင်းက စာတော်သည့်ကျောင်းသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

ထို့အပြင် ကျန်းရုံသည်လည်း...

ရှောင်တောက်အန်းက ကျန်းရုံအား သံသယ အပြည့်ဖြင့် ကြည့်လိုက်၏။ သူမသည် ရှောင်ဟိုင်ချင်း၏ မိခင်အရင်း မဟုတ်သော်လည်း ရှောင်ဟိုင်ချင်းအပေါ် သဘောထားမှာမူ မိခင်အရင်းဖြစ်သူထက်ပင် ပို၍ ကောင်းမွန်သေးသည်။ သို့သော် ယခုကိစ္စတွင်မူ သူမသည် အဘယ်ကြောင့် ရှောင်ဟိုင်ချင်း စာတော်၍ ဆုရသည်များကို မသိရသနည်း။

သူမ အမှန်တကယ်ပင် မသိခဲ့ခြင်းလား။ သို့မဟုတ် သိလျက်နှင့် သူ့အား ပြန်မပြောခဲ့ခြင်းလား။

ထိုအချိန်၌ ကျန်းရုံသည် ရှောင်တောက်အန်း၏မေးခွန်းများပါသည့် အကြည့်ကို ခံစားမိလိုက်သဖြင့် အနည်းငယ် နေရခက်သွား၏။

သူမသည် ယခုနှစ်များအတွင်း အကောင်းဆုံးကြိုးစားခဲ့သည်။ အနည်းဆုံးတော့ ခင်ပွန်းဖြစ်သူ၏ အရှေ့၌ ချစ်စဖွယ် မိခင်တစ်ယောက်အဖြစ် ဟန်ဆောင်ပြခဲ့သည်။ သို့သော် ရှောင်ဟိုင်ချင်းသည် သူမ၏ သမီးအရင်း မဟုတ်ပေ။ ထို့အပြင် ရှောင်ဟိုင်ချင်းက စဥ်းစားဉာဏ်မရှိဘဲ ဒေါသကြီးသည့် မိန်းကလေးတစ်ယောက်ဖြစ်ရာ သူမ၏ သမီးအဖြစ် လုံးဝ မသတ်မှတ်နိုင်ပေ။

သို့သော် သူမက ရှောင်ဟိုင်ချင်းကို တွေ့သည့်အချိန်တိုင်း ရင်ထဲရှိ ရွံရှာစက်ဆုပ်မှုများကို မြိုသိပ်၍ အနူးညံ့ဆုံး ပြုံးပြလေ့ရှိသည်။

ထို့အပြင် သူမသည် ခင်ပွန်းဖြစ်သူနှင့် လင်ပါသမီးကြားရှိ ဆက်ဆံရေး ကောင်းမွန်လွန်းနေသည်ကိုလည်း မနှစ်သက်ပေ၊ ထို့ကြောင့် ရံဖန်ရံခါ၌ လှည့်ကွက်ကလေးများ ဖန်တီးတတ်သည်။ ထိုလုပ်ရပ်များသည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှုရှိ၍ အဖေနှင့် သမီး ကြားရှိ ဆက်ဆံရေးက ဆိုးသထက်ဆိုးလာရာ မိသားစုထဲ၌ သူမတို့ သုံးယောက်တည်းသာ ရှိသည်ဟုပင် တဖြည်းဖြည်း ခံစားလာရသည်။

ယခင်က သူမ၏ ခင်ပွန်းသည် သမီးဖြစ်သူ၏ အကြောင်းကိုသာ အချိန်ပြည့် စဥ်းစားနေလေ့ရှိသော်လည်း သူမအား စိတ်ပျက်လာသည့်အမျှ နောက်ပိုင်းတွင် ဤသမီး၏ ဖြစ်တည်မှုအား လုံးဝထည့်မစဥ်းစားတော့ပေ။

သို့သော် ရှောင်ဟိုင်ချင်းက အပြင်လူများထံမှ အကူအညီရရှိလိမ့်မည်ဟု ကျန်းရုံ လုံးဝမျှော်လင့်မထားခဲ့။

ဤကဲ့သို့ ပြောရဆိုရ လက်ပေါက်ကပ်၍ မည်သည့်နေရာမှ ရောက်လာမှန်း မသိသော မိန်းကလေးနှစ်ယောက်က သူမ၏ ခင်ပွန်းဖြစ်သူအား ပညာပေးနေသည်လား။

“လောင်ရှောင်...”

ကျန်းရုံက နစ်နာသူတစ်ယောက်၏ ပုံစံဖြင့် အော်လိုက်ပြီး ရှောင်တောက်အန်းအား နီရဲသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

“အားလုံးက ကျွန်မရဲ့အမှားပါပဲ။ ရှင်လည်း သိတဲ့အတိုင်း ကျွင်းကျွင်းက လျှောက်ဆော့တတ်တဲ့အရွယ်ရောက်နေပြီဆိုတော့ ကျွန်မက နေ့တိုင်း သူ့နောက်ကနေ အချိန်ပြည့်လိုက်ပြီး ဂရုစိုက်နေရတာ။ ဒါကြောင့် တစ်ခါတစ်လေကျ ဖုန်းမကိုင်မိတာတွေလည်း ရှိတယ်လေ။ စိတ်ချပါ၊ နောက်တစ်ခါကျ ကျွန်မ သေချာပေါက် ဂရုစိုက်ပေးပါ့မယ်”

ငယ်ရွယ်နုပျိုသည့် ဇနီးဖြစ်သူက သနားစဖွယ် တောင်းပန်လာသောအခါ ရှောင်တောက်အန်းက မည်သို့ပြောနိုင်ဦးမည်နည်း။

ထို့ကြောင့် သူသည် ဇနီးဖြစ်သူ၏ ဘေးတွင် ထိုင်နေသည့် သားငယ်လေးအားကြည့်ရင်း ရင်ထဲရှိသံသယများ ချက်ချင်း ပျောက်ကွယ်သွား၏။

“ဒါဆို အခုချိန်ကစပြီး ကျွင်းကျွင်းကိုပဲ မကြည့်နဲ့နော်။ ဟိုင်ချင်းကိုလည်း ဂရုစိုက်ပေး”

ရှောင်တောက်အန်းက အလွယ်တကူပင် ခွင့်လွှတ်ပေးလိုက်၍ ရှောင်ဟိုင်ချင်းအား ကြည့်ရင်း ထပ်ပြောလာသည်။

“ဟိုင်ချင်း၊ မင်း အဆင့်တွေကောင်းလို့ အဖေ အရမ်းပျော်တယ်။ ဒါကြောင့် အန်တီကျန်းဆီကနေ ဆုအနေနဲ့ ယွမ်တစ်ထောင် တောင်းလိုက်။ မင်း လိုချင်တာတွေသွားဝယ်။ ဒါပေမယ့် မင်း အောက်ခြေလွတ်မသွားရဘူးနော်။ အဆင့်တွေကျ မသွားအောင် စာကြိုးစားရမယ်။ နောက်ပိုင်းကျ မင်း တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာ ဝင်ခွင့်ရရင် အဖေက မင်းလိုချင်တာမှန်သမျှ ဝယ်ပေးမယ်”

သမီးဖြစ်သူက စာတော်သဖြင့် သူသည် ဖခင်တစ်ယောက်အနေဖြင့် ဂုဏ်ရှိသည်ဟု ခံစားရ၍ ကွယ်လွန်သွားသည့် ဇနီးဖြစ်သူကိုပင် ချီးကျူးမိ၏။

Chapter 378 : သူ့ကို သွားခွင့်ပေးမယ်

ထိုစကားကိုကြားသောအခါ ရှောင်ဟိုင်ချင်းက အံ့သြမသွားဘဲ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

“နားလည်ပါပြီ”

သမီးဖြစ်သူ၏ ပေါ့ပျက်ပျက် အဖြေကို ကြားသောအခါ ရှောင်တောက်အန်းသည် ရင်ထဲ၌ တစ်မျိုးဖြစ်သွား၍ သူမအား အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမကို ဂရုမစိုက်ခဲ့မိသဖြင့် အပြစ်ရှိစိတ် အနည်ငယ်လည်း ဖြစ်ပေါ်လာ၏။

ထို့ကြောင့် ခေတ္တမျှ စဥ်းစားပြီးနောက် ရှောင်တောက်အန်းက ရုတ်တရက် ပြောလိုက်သည်။

“အဖေ့ဆီမှာ မြင်းစီးကလပ်ရဲ့အသင်းဝင်ကဒ် တစ်ကဒ်ရှိတယ်။ မနက်ဖြန်ကျရင် မင်းရဲ့အတန်းဖော်တွေနဲ့အတူ အဖေ့နောက်ကို လိုက်လည်ကြလေ”

ထိုအခါ ကျန်းရုံ၏ မျက်ဝန်းထဲ၌ မကျေမနပ် အရိပ်အယောင်များ ထိန်းမရအောင် ဖြတ်ပြေးသွား၏။

ခင်ပွန်းဖြစ်သူသည် အထက်တန်းလွှာများ၏ မြင်းစီးကလပ်အကြောင်းကို သူမအား ပြောပြထားဖူး၍ ထိုနေရာသို့ ငွေကြေးချမ်းသာသူများ၊ မင်းမျိုးမင်းနွယ်များသာ အဝင်အထွက်လုပ်နိုင်သည်ဟု ဆိုသည်။ သာမန်လူတစ်ယောက်သည် ပိုက်ဆံတတ်နိုင်လျှင်တောင်မှ အသင်းဝင်ကဒ် မရှိလျှင် ထိုနေရာသို့ မဝင်ရောက်နိုင်ပေ။

ယနေ့ မနက်၌ သူသည် သူမနှင့် ကျွင်းကျွင်းအား မနက်ဖြန် ထိုကလပ်သို့ သူနှင့်အတူ ခေါ်သွားမည်ဟု ပြောခဲ့၏။ သို့သော် ယခု မျက်စိတစ်မှိတ်စာ အချိန်တိုလေးအတွင်းမှာပင် ရှောင်ဟိုင်ချင်းက ထိုအခွင့်အရေးကို လူယူသွားသည်လား။

“အားရုံ၊ နောက်တစ်ခါကျမှ မင်းတို့နဲ့အတူ သွားပေးမယ်နော်”

ရှောင်တောက်အန်းက ထပ်ပြောလာ၏။

ထိုအခါ ကျန်းရုံသည် သူမ၏ နှလုံးသားထဲရှိ မကျေနပ်ချက်များကို လုံးဝမြိုသိပ်လိုက်ရပြီး ပြန်လည် မချေပနိုင်တော့ပေ။

သို့သော် သူမ၏ သားဖြစ်သူ မကောင်းဆိုးဝါးပေါက်စလေးကမူ မြင်းစီးကလပ်အကြောင်းကိုကြားသောအခါ ခပ်တိုးတိုးရေရွတ်လာ၏။

“ဖေဖေ...သားလည်း မြင်းတွေကို ကြည့်ချင်တယ်။ မြင်းလည်း စီးချင်တယ်”

ထိုအခါ ရှောင်တောက်အန်းက ကူကယ်ရာမဲ့ဖြစ်သွားပြီး ...

“ဖေဖေ နောက်တစ်ခါကျ မင်းကို ခေါ်သွားမယ်လေ၊ လိမ္မာစမ်းပါကွာ”

သူ့၌ အသင်းဝင်ကဒ် တစ်ကဒ် ရှိသော်လည်း တစ်ကြိမ်တည်းနှင့် လူအများကြီးခေါ်သွား၍ မကောင်းပေ။ ထို့အပြင် သူသည် ထိုနေရာသို့ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့်တွေ့ဆုံရန် သွားခြင်း ဖြစ်၍ ထိုမြင်းစီးကလပ်သည် လူကြီးများနှင့်လူငယ်များအား နေရာသီးသန့် ခွဲပေးထား၏။ ထို့ကြောင့် ရှောင်ကျွင်းအား ထိုနေရာသို့ ခေါ်သွားလျှင် သူ လုပ်ငန်းရှင်များနှင့် သွားတွေ့သည့်အချိန်၌ မည်သူက ရှောင်ကျွင်းကို ထိန်းပေးမည်နည်း။ ဟိုင်ချင်းကို ထိန်းခိုင်းရန်လည်း မဖြစ်နိုင်ပေ။

သို့သော် သူ့အား ထားခဲ့မည်အကြောင်းကို ကြားသည်နှင့် ရှောင်ကျွင်းက ချက်ချင်း အော်ငိုတော့သည်။

သူ၏ ပါးစပ်ထဲ၌ အစားအသောက်များ ပြည့်နေပြီး မျက်ရည်များနှင့် နှာရည်များက ချက်ချင်းရောထွေးသွားရာ သူ၏ ချစ်စရာကောင်းသောမျက်နှာလေးသည် ရုတ်တရက် မသတီစရာကောင်းသွား၏။

“ငါ နင့်ကို မုန်းတယ်။ အားလုံးက နင့်ကြောင့်ပဲ၊ နင့်ကြောင့် ဖေဖေက ငါ့ကို မလိုချင်တော့ဘူး။ ငါက မြင်းသွား မစီးရလည်း ဂရုမစိုက်ဘူး။ ငါက...”

ရှောင်ကျွင်းသည် ငိုနေရင်း ရုတ်တရက် ရပ်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ အသားအရေကလည်း ပြာနှမ်းလာ၏။ သူ၏ မျက်လုံးများက ပွင့်နေပြီး လက်များက ကောက်ကွေး၍ ခန္ဓာကိုယ်တစ်ခုလုံးကလည်း အကြောဆွဲလာသည်။ သူ၏ ပုံစံကိုမြင်သောအခါ လူတိုင်း ထိတ်ထိတ်ပျာပျာဖြစ်သွားကြပြီး ကျန်းရုံက အရူးတစ်ပိုင်းပြေးသွားကာ ရှောင်ကျွင်းအား ဖိထားလိုက်သည်။

“ကျွင်းကျွင်း..ကျွင်းကျွင်း..သားလေး ဘာဖြစ်တာလဲ။”

ထိုအခါ ကျင်းယွင်ကျောင်းက ရှေ့တိုးသွားပြီး ကျန်းရုံအား ချက်ချင်း တွန်းထုတ်လိုက်၏။

“ဟိုင်ချင်း၊ သူ ငါ့ကို လာမရှုပ်အောင် ထိန်းထားပေး”

သူမ၏ စကားဆုံးသည်နှင့် ဟိုင်ချင်းက ကျန်းရုံအား တွန်းလိုက်ပြီး ကျင်းယွင်ကျောင်းဆီသို့ မသွားနိုင်အောင် ဆွဲထားလိုက်သည်။

ကျင်းယွင်ကျောင်းက ကျွင်းကျွင်းအား သေချာနေရာချထားလိုက်ပြီး သူ၏ ပါးစပ်နှင့် လည်ချောင်းထဲရှိ အစားအစာများကို ခပ်မြန်မြန် ဖယ်ရှားလိုက်၏။ သို့သော် ကျွင်းကျွင်း၏ လက်ရှိအခြေအနေသည် ပို၍ ရှုပ်ထွေးလာ၏၊ သူ၏ ပါးစပ်သည် ခပ်တင်းတင်း စေ့ပိတ်နေသဖြင့် ကျင်းယွင်ကျောင်းလည်း ရွေးစရာ မရှိတော့ဘဲ ပါးစပ်ကိုဆွဲဖြဲ၍ အစားအသောက်များကို ကလော်ထုတ်လိုက်ရသည်။ ထို့ကြောင့် သူမ၏ အပြုအမူက ငြင်သာခြင်း မရှိပေ။

သို့သော် အစားအသောက်များကို ဖယ်ထုတ်လိုက်သော်လည်း ရှောင်ကျွင်း၏ အခြေအနေက မကောင်းသေးပေ။ ရှောင်တောက်အန်းက ဆေးရုံကားကို ဖုန်းဆက်ခေါ်ထားသော်လည်း အသက်ရှုကြပ်နေသည့် အခြေအနေမှ ကယ်ဆယ်ရန်အရေးကြီးသည်ဖြစ်ရာ ကျင်းယွင်ကျောင်းက ထပ်မစောင့်နိုင်တော့ပေ။

ထို့ကြောင့် သူမသည် ဘေးရှိ ခွေးခြေခုံတစ်လုံးကို ချက်ချင်းဆွဲယူလိုက်ပြီး ကျွင်းကျွင်းအား ထိုခုံပေါ်၌ မှောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက အောက်သို့ငိုက်ကျနေ၏။ ထို့နောက် သူမက ရှောင်ကျွင်း၏ နောက်ကျောကို ရုတ်တရက် ဖိချလိုက်ရာ လည်ချောင်းထဲရှိ ထမင်းများ ကြမ်းပြင်ပေါ်သို့ အထွေးလိုက် ထွက်ကျလာသည်။

ထိုအခါမှ ကျင်းယွင်ကျောင်းသည် စိတ်သက်သာရာရသွား၍ သက်ပြင်းတစ်ချက်ချလိုက်၏။

ကျန်းရုံသည် ဘေးမှသာ ရပ်ကြည့်နေရသဖြင့် ငိုကြွေးရင်း ကျိန်ဆဲနေသည်။ ထိုအချိန်၌ သူမသည် နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့် အမူအယာကို ထိန်းထားနိုင်သေးသော်လည်း ကျင်းယွင်ကျောင်းက ကျွင်းကျွင်း၏ နောက်ကျောအား ခပ်ကြမ်းကြမ်းဖိချလိုက်သည်ကို မြင်သောအခါ ပို၍ သောကရောက်သွားပြီး ဒေါသထွက်လာတော့သည်။

“ရှောင်ဟိုင်ချင်း၊ အရှက်မရှိတဲ့ကောင်မ...နင်က ငါ့သား ကျွင်းကျွင်းကို သတ်ချင်နေတာ။ နင့်သူငယ်ချင်းကို ချက်ချင်း နှင်ထုတ်လိုက်”

ကျင်းယွင်ကျောင်းသည် အရေးပေါ် ကယ်ဆယ်သည့် လုပ်ငန်းစဥ်များကို လုပ်ပြီးသွားသဖြင့် ကျန်းရုံ၏ ခြောက်ခြားစရာကောင်းသည့် အော်သံကို သေချာကြားလိုက်ရ၏။

ထိုအချိန်၌ ကျီရှန်းရှန်းသည်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေ၍ ရှောင်တောက်အန်းကိုသာ အတင်းဆွဲထားပြီး လွှတ်မပေးပေ။

“ရပြီ”

ကျင်းယွင်ကျောင်းက မတ်တပ်ထရပ်လိုက်ပြီး သူမ၏ လက်တွင်လည်း ညစ်ပတ်ပေပွနေကာ မျက်ခုံးပင့်၍ သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။

Chapter 379 : အကိုက်ကြမ်းတဲ့ခွေး

ရှောင်ဟိုင်ချင်းသည် ထိုစကားကို ကြားသောအခါ စိတ်အေးသွားပြီး ပြန်ပြောလာသည်။

“နင့်လက်ကို အရင်ဆုံး သွားဆေးလိုက်ဦးလေ”

ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။

သို့သော် ထိုအချိန်မှာပင် ရှောင်ကျွင်းသည် သတိပြန်လည်လာ၍ ကျန်းရုံက သူ့အား ပြေးပွေ့လိုက်ပြီး အဆက်မပြတ် အော်ငိုတော့သည်။ ရှောင်တောက်အန်းကမူ ကြောက်ရွံ့ထိတ်လန့်နေပြီး ခေတ္တမျှ ကြောင်အနေ၏။

ကျင်းယွင်ကျောင်း လက်ဆေးပြီး ပြန်လာသောအခါ ဆေးရုံကား ရောက်မလာသေးပေ။ သို့သော် သူမသာ အစောပိုင်းက အရေးပေါ် အသက်မကယ်ခဲ့ပါက ဆေးရုံကားသည်လည်း အသုံးဝင်တော့မည် မဟုတ်။

ကလေးတစ်ယောက်၏ အသက်ရှုလမ်းကြောင်းပိတ်ဆို့ခြင်းသည် အလွန်အန္တရာယ်များ၍ ထိုပိတ်ဆို့နေသည့်အရာကို လေးမိနစ်အတွင်း မဖယ်ထုတ်နိုင်ပါက ကျွင်းကျွင်းသည် အသက်ရှုကြပ်၍ သေဆုံးသွားနိုင်သည်။

“ရှောင်ဟိုင်ချင်း၊ သူ့ကို နှင်ထုတ်လိုက်၊ နင်တို့အားလုံး ထွက်သွားစမ်း”

ကျန်းရုံက ရှိုက်ကြီးတငင် ငိုကြွေးနေပြီး ကျင်းယွင်ကျောင်းအား မြင်သည်နှင့် စတင်ကျိန်ဆဲတော့၏။

ထိုအခါ ကျင်းယွင်ကျောင်းက အေးစက်စက် လှောင်ရယ်လိုက်ပြီး ...

“အကိုက်ကြမ်းတဲ့ ခွေးက အသိတရား မရှိဘူးတဲ့။ ကလေးမှာ အပြစ်မရှိဘူး၊ ရှင့်လိုမျိုး အမေကသာ အသက်ရှုကြပ်ပြီး သေသွားသင့်တာ”

ရှောင်ကျွင်းသည် အစားစားရာ၌ စည်းကမ်းမရှိဘဲ ထမင်းစားပွဲမှ လူများက သူ၏ အစားအသောက်များအား လုယူတော့မည့်အလား ပလုတ်ပလောင်းစားနေခဲ့သည်။ ထို့ကြောင့် သူ၏ ပါးစပ်ထဲ၌ အစားအသောက်များ ပြည့်နေပြီး စကားပင် ကောင်းကောင်း မပြောနိုင်သော်လည်း သူက အော်ငိုပစ်လိုက်သည်။

ကျန်းရုံသည်လည်း အမေတစ်ယောက်ဖြစ်လာသည်မှာ ကြာပြီ ဖြစ်၍ ထိုအသက်ရှုလမ်းကြောင်းပိတ်တတ်သည့် အခြေအနေကို မသိစရာ အကြောင်းမရှိပေ။ သို့သော် ထိုအချိန်က သူမ၏ စိတ်ထဲ၌ ရှောင်ဟိုင်ချင်း မြင်းစီးကလပ်သို့ သွားမည့်အကြောင်းကသာ လွှမ်းမိုးနေ၍ သားဖြစ်သူ အော်ငိုနေသည်ကို လွှတ်ထားပေးခဲ့သည်။ ဤအခြေအနေ၌ မတော်တဆဖြစ်သွားခြင်းကို မည်သူ့အား အပြစ်တင်သင့်သနည်း။

ကျင်းယွင်ကျောင်း၏ စကားဆုံးသည်နှင့် ရှောင်တောက်အန်းလည်း အသိပြန်ဝင်လာပြီး ...

“ဒါဆိုရင် မင်း ကျွင်းကျွင်းရဲ့ကျောကို ရိုက်တာက...”

“လူ့ခန္ဓာကိုယ်ထဲမှာ ပိတ်နေတဲ့အရာတွေ ပြန်ထွက်လာဖို့ ခန္ဓာကိုယ်ထဲက လေကိုသုံးတာ။ ရှင်က ကျွန်မကို လူသတ်မယ်လို့ ထင်နေတာလား”

သူတို့၏ အတွေးများက ရယ်စရာကောင်းသည်ဟု ကျင်းယွင်ကျောင်း တွေးလိုက်မိ၏။

ထိုအခါ ရှောင်တောက်အန်းသည် တွေဝေသွားသော်လည်း ဆေးရုံကား ရောက်မလာသေးသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ထို့ကြောင့် သူက ကျင်းယွင်ကျောင်းအား အလျင်စလို မတောင်းပန်တော့ပေ။

ထို့နောက် ခဏကြာသောအခါမှ ဆေးရုံကားရောက်လာ၍ ရှောင်တောက်အန်းနှင့် ဇနီးဖြစ်သူတို့သည် ကလေးနှင့်အတူ ဆေးရုံသို့လိုက်သွားကြသည်။

ထိုအခါ အိမ်၌ လူရှင်းသွား၏။

“အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ဟာ”

ရှောင်ဟိုင်ချင်းက ပြောလာရာ ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး ...

“ငါက ဒါကို နင့်မောင်အတွက် လုပ်ပေးခဲ့တာ မဟုတ်ဘူးနော်”

“ငါ သိပါတယ်”

ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်း၏ စကားကို သေချာ နားလည်သဘောပေါက်၏။

အစောပိုင်းက ရှောင်ကျွင်းသည် ငိုကြွေးနေခဲ့၍ သူသာ တစ်ခုခုဖြစ်သွားပါက သူမ၏ အပြစ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အဆုံး၌ အရာအားလုံး သူမအပေါ်၌သာ လွှဲချခံရမည်ဖြစ်ကာ ထိုအချိန်ကျမှ ရှင်းပြနေလျှင် အကြောင်းထူးမည်မဟုတ်ပေ။

ဖြစ်ရပ်များက ဆက်တိုက်ဖြစ်ပျက်သွား၍ ကျီရှန်းရှန်းသည်လည်း အံ့သြထိတ်လန့်နေ၏။

“နင်က ဆေးပါကုတတ်တာလား”

သူမသည် ကျင်းယွင်ကျောင်းကို ရုတ်တရက် မလေးစားဘဲ မနေနိုင်တော့ချေ။

“နင် လုပ်လိုက်တာ တကယ်မိုက်တာပဲ၊ အဲ့လိုမှမဟုတ်ရင် ငါတို့အားလုံး ကန်ထုတ်ခံရနေပြီ။ ဒါပေမယ့် အန်တီကျန်းက ဘာလို့ စိတ်တိုနေတာလဲ။ နင်က သူ့သားကို ကယ်ခဲ့တာလေ။ ဒါတောင်မှ သူက အသက်ရှစ်ဆယ် အဘွားကြီးလို ပွစိပွစိ ငေါက်ငမ်းနေသေးတယ်။ နင် ဆေးကုတတ်တာသာ ငါသိရင် အဲ့အချိန်တုန်းက ငါ သူ့ကိုပါ ပြန်ငေါက်ပစ်လိုက်မှာ”

ကျီရှန်းရှန်းက ဒေါသတကြီး အံကြိတ်၍ ပြောလာသည်။

ထိုအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး ရှောင်ဟိုင်ချင်းက သဘောတကျဖြင့် ခေါင်းယမ်းမိလိုက်၏။

ထို့နောက် အစားစားချင်စိတ် မရှိတော့သဖြင့် သုံးယောက်သား အပေါ်ထပ်သို့ တက်သွားကြသည်။

နာရီအနည်းငယ်ကြာပြီးနောက် ရှောင်မျိုးနွယ်မိသားစုသုံးယောက် ပြန်ရောက်လာကြ၏။ ဆေးရုံ၌ ဆရာဝန်က စစ်ဆေးပြီးနောက် ဆေးရုံကား မလာခင်တွင် အချိန်မီ အရေးပေါ် အသက်ကယ်နည်း သုံးလိုက်နိုင်သဖြင့် ပြဿနာ မရှိတော့ဟု ဆိုသည်။ သို့သော် ရှောင်ကျွင်းကမူ အကြောက်လွန်သွားပြီး ယခုအချိန်၌ အိပ်မောကျနေ၏။

အိမ်ထဲသို့ ဝင်လာပြီးနောက် ရှောင်တောက်အန်းက ရှောင်ဟိုင်ချင်းအား မမြင်သဖြင့် သူ၏ မျက်နှာပေါ်၌ အနည်းငယ် မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထို့နောက် ကျန်းရုံအား တစ်ချက်ကြည့်၍ ပြောလိုက်၏။

“အပေါ်ထပ်သွားပြီး သူတို့ကို တောင်းပန်လိုက်”

ထိုအချိန်က သေရေးရှင်ရေးကိစ္စ ဖြစ်နေ၍ သူသည် ကျန်းရုံက ရှောင်ဟိုင်ချင်းအား စွပ်စွဲပြောဆိုနေသည်များကို ကြားသော်လည်း သူမအား ပြန်လည်ချေပရန် အချိန်မရှိခဲ့ပေ။

သို့သော် ထိုအချိန်က သူသည် ကျန်းရုံ၏ အမူအယာကြောင့် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ သူ၏ အမြင်၌ ရှောင်ဟိုင်ချင်း မည်မျှပင် ရိုင်းပြနေစေကာမူ ကျန်းရုံသည် အမြဲတမ်း နူးနူးညံ့ညံ့သာ ပြောဆိုဆက်ဆံတတ်၍ တစ်ခါမှ မငေါက်ငမ်းခဲ့ဖူးပေ။ ရှောင်ဟိုင်ချင်းက သူမအား အပြစ်တင်လျှင်တောင်မှ သူမသည် ကြင်နာတတ်သည့် မိခင်တစ်ဦးအဖြစ်သာ ပြုမူတတ်၍ ယခုကဲ့သို့ အပေါက်ဆိုးဆိုး နှုတ်ကြမ်းလျှာကြမ်း မိန်းမကြီးတစ်ဦးသဖွယ် မပြုမူခဲ့ဖူးချေ။

Chapter 380 : သည်းမခံနိုင်တော့ဘူး

ထိုအခါ ကျန်းရုံ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများဖြတ်ပြေးသွားပြီး အနည်းငယ် နောင်တရနေ၏။

ထိုစဥ်က သူမသည် အမှန်တကယ် စိတ်သောကရောက်နေ၍ ထိုမိန်းကလေးက သားဖြစ်သူအား ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်နေသည်ကိုမြင်သောအခါ ဒေါသမထိန်းနိုင်တော့ပေ။ သို့သော် ထိုမိန်းကလေးက သားဖြစ်သူ၏ အသက်ကို အမှန်တကယ် ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း သူမ လုံးဝမျှော်လင့်မထားခဲ့။

သို့သော် ဤကိစ္စသည် သူမ၏ အပြစ်ချည်းသာ မဟုတ်ပေ။ ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းနှင့် သက်တူရွယ်တူသာဖြစ်၍ သူမ၏ ပုံပန်သွင်ပြင်သည်လည်း အတော်လေး သာမန်ဆန်၏။ ထို့ကြောင့် သူမ၏ တုံ့ပြန်မှုက ဤမျှမြန်ဆန်လိမ့်မည်ဟု မည်သူသိမည်နည်း။

သို့ရာတွင် ထိုအကြောင်းကို ပြန်စဥ်းစားလိုက်သောအခါ ကျန်းရုံသည် အနည်းငယ် ကြောက်ရွံ့သွားမိ၏။ ထိုအချိန်က အရေးပေါ် အသက်ကယ်နည်း မှန်ကန်၍ မြန်ဆန်သောကြောင့်သာ ကံကောင်းသွားသည်ဟု ဆရာဝန်က ပြောလိုက်၍ ထိုသို့မဟုတ်ပါက သူမ၏ သားဖြစ်သူသည် ပို၍ အသက်အန္တရာယ်ရှိနိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် သူမ၏ စိတ်ထဲတွင် ထိုမိန်းကလေးအား အနည်းငယ် ကျေးဇူးတင်မိသော်လည်း တစ်ချိန်တည်းမှာပင် အပြစ်မတင်ဘဲ မနေနိုင်ချေ။

လူများကို ကယ်တင်ရန်အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရမည်မှာ မှန်၏။ သို့သော် ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်းအား သူမကို အဘယ်ကြောင့် တားထားခိုင်းသနည်း။ ထို့အပြင် ကျင်းယွင်ကျောင်းသည် အကျိုးအကြောင်း တစ်ခွန်းမှမပြောဘဲ အရေးပေါ် ကယ်ဆယ်ရေး လုပ်ခဲ့ခြင်း ဖြစ်ရာ ကလေးအား ထိခိုက်သွားပါက မည်သို့လုပ်မည်နည်း။ အသက်ကယ်သည့် နည်းလမ်းက မှားယွင်းသွားလျှင် မည်သူက တာဝန်ယူမည်နည်း။ သူမ၏ သားဖြစ်သူ အသက်ကို တန်ဖိုးမထားခြင်းလား။ ထို့အပြင် ကျင်းယွင်ကျောင်း လုပ်ခဲ့သည့်နည်းလမ်းများကို သူမနှင့် ခင်ပွန်းဖြစ်သူလည်း လုပ်နိုင်၏။

ထို့နောက် ကျန်းရုံက မကျေမနပ်ဖြင့် သက်ပြင်းရှိုက်လိုက်ပြီး ရှောင်ကျွင်းအား အခန်းထဲပြန်ပို့လိုက်၍ အပေါ်ထပ်သို့ တက်လာခဲ့သည်။

အပေါ်ထပ်သို့ ရောက်သောအခါ မိန်းကလေးသုံးယောက်၏ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေသံများကိုကြားပြီး ကျန်းရုံသည် ပို၍ ဒေါသထွက်လာ၏။

ကျင်းယွင်ကျောင်းသည် ကျန်းရုံ လှေကားမှ တက်လာသည့်အသံကို ကြားသော်လည်း ထုတ်မပြောပေ။ သူမသည် ကျန်းရုံ တံခါး၏ အပြင်ဘက်၌ နှစ်မိနစ်၊ သုံးမိနစ်ခန့်ကြာအောင် ရပ်နေသည်ကို သတိထားမိ၍ ခဏကြာသောအခါ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

“ဟိုင်ချင်း၊ အန်တီ မင်းတို့ကို လာတောင်းပန်တာပါ။ ခုနကဖြစ်သွားတဲ့ကိစ္စကြောင့် အန်တီ တကယ် စိတ်မကောင်းပါဘူး။ တအားစိတ်ပူပြီး အလောတကြီးဖြစ်နေလို့ အမှားလုပ်မိသွားတာပါ။ အန်တီ့ကို အပြစ်မတင်ပါနဲ့”

ကျန်းရုံ၏ အသံက ခပ်တိုးတိုး ထွက်ပေါ်လာ၏။

ထိုအခါ သုံးယောက်သား လှုပ်ရှားမှုများ ရပ်တန့်သွားကြ၍ ကျီရှန်းရှန်းက မျက်လုံးလှန်ပြလိုက်သည်။

“ငါ အရမ်းကြောက်တာပဲ။ ဒီအသံကြီးကို ကြားတာနဲ့ လူက တုန်လာပြီ။ ခုနတုန်းက ငါတို့ကို ထွက်သွားဆိုပြီး နှင်ထုတ်ခဲ့တုန်းကဆိုရင် အရှေ့ပင်လယ်က ခြင်္သေ့ ဟိန်းသံကြီးလိုပဲ၊ ငါ့ရဲ့နှလုံးသားလေး ရေထဲပြုတ်ကျသွားသလိုတောင် ခံစားလိုက်ရတယ်။ ငါပြန်ရင် စိတ်ငြိမ်အောင် ရေနွေးလေးတော့ သောက်ဦးမှပါ”

ကျီရှန်းရှန်းက တမင်သက်သက် အော်ပြောလိုက်သဖြင့် ကျန်းရုံသည် ထိုစကားကို ကြားသွားပြီး ပို၍ဒေါသထွက်လာ၏။

ထိုအခါ ကျင်းယွင်ကျောင်းကလည်း ဝင်ပြောလိုက်သည်။

“ဟိုင်ချင်း၊ ငါက ရောဂါတစ်ခုကို ကုပေးရင် ခြေကြွခ အများကြီးယူတာ။ နင်တို့ မိသားစုထဲက လူတွေက ခြေကြွခ ပေးစရာ အသင့်ရှိပါ့မလား။ ဒါပေမယ့် စဥ်းစားကြည့်တော့လည်း မပေးတာက ပြဿနာမရှိပါဘူး။ တကယ်တမ်းကျ ငါက အခွင့်အရေးယူတယ်လို့ သူတို့က တွေးချင်တွေးနေမှာ မဟုတ်လား။ ဒါမှမဟုတ်ရင် နင်က ဆင်းရဲတဲ့ အတန်းဖော်ကို ကူညီဖို့ ကြိုးစားနေတာလို့တောင် သူတို့က ပြောနေကြမလားပဲ”

ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ ကျန်းရုံက အံကြိတ်လိုက်ပြီး ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။

ခြေကြွခ ဟုတ်လား။ နောက်နေတာလား။ သူငယ်နှပ်စား ကလေးတစ်ယောက်က ကြက်ကန်းဆန်အိုးတိုးပြီး အသက်ကယ်နိုင်သွားတာကို အရှက်မရှိ ခြေကြွခအကြောင်း ပြောနေတာလား။ သူ့ကိုယ်သူ ဘာများထင်နေတာလဲ။ အံ့ချီးဖွယ်သမားတော်လို့ ထင်နေတာလား။

ထိုအချိန်၌ ရှောင်ဟိုင်ချင်းသည် သူမ အရှေ့ရှိ ဤကံကောင်းစေသည့် ကြယ်လေးနှစ်စင်းကို အလွန် ချစ်ခင် သဘောကျနေပြီ ဖြစ်သည်။ သူမသည် ယခုကဲ့သို့ ကျန်းရုံ ကြောက်ရွံ့တုန်လှုပ်နေသည်ကို တစ်ခါမှ မမြင်ဖူးပေ။ ကျန်းရုံသည် ငယ်ရွယ်လှပ၍ သူမ၏ ဖခင်အတွက် သားတစ်ယောက် မွေးဖွားပေးခဲ့၏။ ထို့ကြောင့် သူမသည် နေ့စဥ်နေ့တိုင်း ဖခင်၏ ဦးစားပေး အလိုလိုက်ခြင်းကို ခံခဲ့ရသော်လည်း ယခုအချိန်၌ သူမ၏ စိတ်ရင်းအမှန်ကို ထုတ်ပြလာပြီ ဖြစ်သည်။

“ဟိုင်ချင်း၊ အန်တီ မှားသွားတာကို သိပါတယ်။ မင်း အပြစ်တင်သင့်ပါတယ်”

“အပြစ်မတင်ရဲပါဘူးရှင်။ အန်တီကျန်းက ကျွန်မတို့မိသားစုရဲ့ သူရဲကောင်းကြီးလေ။ ကျွန်မတို့က ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာလဲ။ အန်တီ ကျွန်မရဲ့အဖေရှေ့မှာ သွေးထိုးတဲ့ စကားတွေ မပြောသရွေ့ ကျွန်မတို့ကတောင် အန်တီ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေရဦးမှာပါ”

ရှောင်ဟိုင်ချင်းက ရိုသေလေးစားသည့် အမူအယာဖြင့် ပြောလိုက်၏။

“အန်တီ မလုပ်...”

“အန်တီ လုပ်တာ၊ မလုပ်တာ ကျွန်မ မသိပါဘူး။ ဒါပေမယ့်....”

ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းနှင့် ကျီရှန်းရှန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် တံခါးကို ဖွင့်လိုက်၍ ကြိုတင်ထုပ်ပိုးထားသည့် ပစ္စည်းများအားလုံးကို တရွတ်တိုက်ဆွဲကာ လှေကားအတိုင်း တဒုန်းဒုန်းမြည်အောင် ဆင်းသွား၏။ ထို့နောက် ထိုအထုပ်များကို ဧည့်ခန်းထဲရှိ ရှောင်တောက်အန်း၏အရှေ့တည့်တည့်၌ ချထားလိုက်သည်။

“အဖေ၊ အန်တီကျန်းကို ကျွန်မဆီလာပြီး မတောင်းပန်ခိုင်းပါနဲ့။ ကျွန်မ သည်းမခံနိုင်တော့ဘူး”

ရှောင်ဟိုင်ချင်းက မျက်မှောင်ကြုံ့၍ ဆက်ပြောလိုက်၏။

“ဒါတွေ...ဒါတွေ...အားလုံးက အန်တီကျန်း ကျွန်မအတွက် စီစဥ်ပေးထားတာတွေချည်းပဲ။ သူက ကျွန်မကို ထွက်သွားခိုင်းတယ်။ ကျွန်မကလည်း သူ့စကားကို နားမထောင်ချင်တော့ဘူး။ ဒါကြောင့် ဒီပစ္စည်းတွေကို ယူပြီး ခြေဦးတည့်ရာ သွားတော့မယ်။ အဖေ ကျန်းမာရေးကောင်းပြီး အန်တီကျန်းနဲ့ အသက်ကြီးတဲ့အထိ နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်မ, မရှိတော့ဘူးဆိုတော့ အန်တီကျန်းလည်း ကျွန်မကို လူဆိုးတစ်ယောက်လို့ မတွေးတော့ဘူးလို့ ယုံကြည်ပါတယ်။ တကယ်လို့ ကျွန်မက ဆိုးတယ် ဆိုရင်တောင် ကျွန်မကိုယ်ကျွန်မတော့ ကာကွယ်နိုင်ပါတယ်၊ ဟုတ်ပြီလား”

All Chapters