အခန်း (၃၈၁-၃၈၄)
Vol. 20 Ch. 381-384
Chapter 381 : အကြွေးရှင်ရဲ့ချစ်သူ
ရှောင်ဟိုင်ချင်းသည် ကျန်းရုံကဲ့သို့ ချစ်စရာကောင်းချင်ယောင် ဆောင်ချင်သော်လည်း ချစ်စရာကောင်းခြင်းက သူမ၏ စရိုက်အစစ်အမှန်မဟုတ်ပေ။ ထို့အပြင် သူမသည် တစ်သက်လုံး ချစ်စရာကောင်းချင်ယောင်ဆောင်ပြီးလည်း မနေနိုင်သဖြင့် ကျန်းရုံထက် ဘယ်တော့မှ ပို၍ကောင်းလာမည် မဟုတ်။
ယခင်က သူမသည် အထက်စီးဆန်ဆန် ပြောဆိုရန်အခွင့်အရေး မရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ကျင်းယွင်ကျောင်းက သူတို့၏ အဖိုးတန်သားလေးကို ကယ်ထားသဖြင့် ဖခင်ဖြစ်သူက သူမအား လုံးဝဒေါသ မထွက်ပေ။
ကျန်းရုံက ငါ့ကို တားချင်နေတာလား။ သူက ငါ့ကို တားနိုင်ရလောက်အောင် သည့်နေ့ ဘယ်လောက်များအသုံးကျထားလို့လဲ။
ငါ့အဖေ အရှေ့မှာဆိုရင် အမှားလုပ်ထားတဲ့သူတစ်ယောက်က ပြန်ပြီးချေပခွင့် မရှိဘူးလေ။ သူက အစောပိုင်းကမှ အမှားလုပ်ထားတာ မဟုတ်လား။
“ဟိုင်ချင်း၊ ပြဿနာ မရှာတော့နဲ့။ အန်တီကျန်းက အမှားလုပ်ထားတယ်ဆိုပေမယ့် မင်းကို တောင်းပန်ပြီးသွားပြီလေ”
ရှောင်တောက်အန်းက မျက်မှောင်ကြုံ့၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ဒေါသစိတ်ကို မထိန်းနိုင်ခြင်းသည် အမှားတစ်ခုသာဖြစ်၏။
ထိုအခါ ရှောင်ဟိုင်ချင်းက ခေါင်းယမ်းလိုက်ပြီး စက္ကူပတ်ထားသည့် စာအုပ်များကို အိတ်အကြီးတစ်လုံးထဲမှ ထုတ်ယူလိုက်၍ ရှောင်တောက်အန်း၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
“ဟောဒီ ‘နာမည်ကျော်တစ်ဦးဖြစ်အောင် ကျင့်ကြံနည်း’ ဆိုတဲ့စာအုပ်က တကယ့်ဂန္တဝင်ပဲ။ ကျွန်မ ဒီစာအုပ်ကို ဖတ်ပြီးတော့ အတော်လေး ဗဟုသုတရလိုက်ပါတယ်။ ဒါကြောင့် အန်တီကျန်းကိုလည်း ဒီစာအုပ်ကို ခဏခဏဖတ်ဖို့ အကြံပေးချင်တယ်။ တခြားပစ္စည်းတွေ အားလုံးကလည်း အန်တီဝယ်ပေးထားတာဆိုပေမယ့် ဒါတွေကို အန်တီကိုယ်တိုင်က ပိုပြီး ဖတ်ရှုလေ့လာဖို့ လိုတယ်လို့ ကျွန်မ ထင်တယ်။ ဒီနေ့ သူက ကျွင်းကျွင်းရဲ့အသက်သခင် ကျေးဇူးရှင်ဖြစ်တဲ့ ကျွန်မ သူငယ်ချင်းကိုတောင် အော်ခဲ့တာလေ။ နောက်နေ့ကျရင် အဖေ့ကိုလည်း ဖောက်သည်တစ်ယောက်လို ဝတ်ကျေတန်းကျေပဲ ဆက်ဆံနေနိုင်တယ် မဟုတ်လား”
“ပြီးတော့ ကျွန်မ ဒါတွေကို တစ်ခုမှ မကြိုက်ဘူး။ အနီရောင်ကလည်း ကျွန်မနဲ့ လုံးဝ မလိုက်ဘူး။ ဒါပေမယ့် စိတ်ပျက်စရာကောင်းတာက ဒီအကြောင်းတွေ အန်တီကျန်းကို ပြောပြလည်း ဘာမှထူးမလာဘူး။ မဟုတ်ဘူး၊ ပြီးရင်တော့ သူက အဖေ့ရဲ့အရှေ့မှာကျ ကျွန်မက ပြောရဆိုရခက်တယ်လို့ ပြန်ပြောတယ်လေ။ ဒါကြောင့် တခြားနည်းလမ်း မရှိဘူး။ ကျွန်မ အိမ်ကနေထွက်သွားရင် သူ့ကိုပါ ကျွန်မနဲ့အတူခေါ်သွားတာက ပိုကောင်းမယ်ထင်တယ်”
ကျန်းရုံသည် အောက်ထပ်သို့ ဆင်းလာရင်း ထိုစကားများကို ကြားသောအခါ သွေးအန်လုမတတ် ဒေါသထွက်သွား၏။
ထိုအခါ ရှောင်တောက်အန်းသည် အနည်းငယ် ခေါင်းကိုက်လာပြီး ကြမ်းပြင်ပေါ်ရှိ ပန်းရောင်ပစ္စည်းများကို ကြည့်လိုက်သည်။
ဒါတွေက ဘာတွေလဲ။ အဝတ်အစားတွေ၊ အိပ်ယာခင်းတွေ၊ မွေးပွအရုပ်တွေ၊ ငါ့သမီးက သည်ပစ္စည်းတွေကို သုံးနေတာလား။
ဒါမှမဟုတ်ရင် ဒါတွေအားလုံးကို ကျန်းရုံ ပြင်ပေးထားတာလား။
ပွင့်ပွင်းလင်းလင်း ဝန်ခံရလျှင် ရှောင်တောက်အန်းသည် သမီးဖြစ်သူ၏ အခန်းထဲသို့ တစ်ခါမှ မဝင်ဖူးပေ။ သူမ၏ အခန်းသည် တတိယထပ်၌ရှိ၍ လိုအပ်သည့် ပစ္စည်းများအားလုံးကိုလည်း ကျန်းရုံကသာ စီစဥ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ကျန်းရုံကို အလွန် ယုံကြည်စိတ်ချသဖြင့် ထိုအကြောင်းနှင့် ပတ်သတ်ပြီး တစ်ခါမှ မမေးဖူးပေ။ ဤအိမ်သို့ ပထမဆုံးအကြိမ် ပြောင်းရွေ့လာပြီးနောက် ရှောင်ဟိုင်ချင်းသည် အခန်းထဲရှိပစ္စည်းများအားလုံးကို ပေါက်ခွဲ ဖျက်ဆီးပစ်ခဲ့သည်။ ထိုအခါ ကျန်းရုံသည် သူ၏ အရှေ့၌ ဝမ်းပန်းတနည်းငိုကြွေး၍ သူမ သေသေချာချာ ပြင်ဆင်ပေးထားသည့် ပစ္စည်းများအားလုံး ပျက်စီးသွားကြောင်း ပြောပြခဲ့၏။
သူသည် ထိုအချိန်က ထိုပစ္စည်းများကို ရှောင်ဟိုင်ချင်း နှစ်သက်သည့် ပစ္စည်းများဟူ၍သာ ထင်ခဲ့သည်။ သို့သော် ယခု မည်သို့ဖြစ်ရသနည်း။
“မဟုတ်ပါဘူး...လောင်ရှောင်၊ ကျွန်မ ရှင့်ကို သမီးလေးတစ်ယောက်လည်း လိုချင်တဲ့အကြောင်းလည်း ပြောပြဖူးတယ် မဟုတ်လား။ ကျွန်မက သမီးကို အကောင်းဆုံးတွေပဲပေးမယ်လို့ မျှော်လင့်ထားတာ။ ဒါကြောင့် ဟိုင်ချင်းအတွက်လည်း ဒီပစ္စည်းတွေကို ပြင်ဆင်ပေးခဲ့တာပါ။ ဘာပဲပြောပြော သူကလည်း မိန်းကလေးတစ်ယောက်ပဲလေ”
ကျန်းရုံက ချက်ချင်း ဖြေရှင်းချက်ပေးလိုက်သည်။ ထိုအခါ ရှောင်ဟိုင်ချင်းက မရယ်မပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ...
“ဟုတ်တာပေါ့..ဟုတ်တာပေါ့။ အန်တီကျန်းက ဒီကိစ္စကို သေချာပေါက် ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အဖေ...အဖေက ကျွန်မ ရှိနေတာတောင် နောက်ထပ် သမီးတစ်ယောက် ထပ်လိုချင်သေးတာလား”
ရှောင်ဟိုင်ချင်းက တည်တည်ငြိမ်ငြိမ် စိုက်ကြည့်၍ မေးလိုက်သည်။
ထိုအခါ ရှောင်တောက်အန်းသည် တုန်လှုပ်သွား၍ အပြစ်ရှိသလို ခံစားလိုက်ရ၏။
“မလိုတော့ပါဘူး။ အဖေ့အတွက်တော့ သမီးလို အကြွေးရှင်တစ်ယောက်ရှိရုံနဲ့တင် လုံလောက်ပါပြီ”
ရှောင်တောက်အန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
(T/N : မြန်မာမှာလိုပဲ သားသမီးတွေကို မိဘတွေဆီ အကြွေးလာတောင်းတဲ့ အကြွေးရှင်လို့ ညွှန်းလိုက်တာပါ။)
သူမသည် အကြွေးရှင်တစ်ယောက်နှင့် တူ၏။ သူမ၏ မိခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် သူတို့သားအဖနှစ်ယောက်သည် တစ်ခါမှ ပြေပြေလည်လည် စကားမပြောဖူးကြပေ။ အချိန်ပြည့် ရန်ဖြစ်နေ၍ ဟွားနင်ခရိုင်တွင် နေစဥ်ကလည်း လူချင်းသိပ်မတွေ့ဖြစ်ကြ။ သူမသည် မိခင်ဖြစ်သူ၏ အိမ်ဟောင်းလေး၌သာ ပုန်းနေခဲ့၍ သူကလည်း တစ်ခါသာ သွားတွေ့ခဲ့ဖူးသည်။
ထိုအခါ ရှောင်ဟိုင်ချင်းက နှာခေါင်းရှုံ့လိုက်ပြီး ...
“ကျွန်မကလည်း အဖေ့ရဲ့အကြွေးရှင် မဖြစ်ချင်ပါဘူး။ အမေက ပြောဖူးတယ်၊ ကျွန်မက အရင်ဘဝတုန်းက အဖေ့ရဲ့အချစ်ကလေး ဖြစ်ခဲ့တာတဲ့။ ဒါကြောင့် အခု ဒီဘဝမှာ ကျွန်မက အဖေ့ရဲ့ဦးစားပေးမှုတွေကို သူ့ဆီကနေလုယူဖို့ ရောက်လာတာတဲ့။ ဒါပေမယ့် သူထွက်သွားပြီးတဲ့နောက် ကျွန်မမှာ အဖေ့ရဲ့ဦးစားပေးမှုတွေကို ယှဥ်လုဖို့ အခွင့်အရေးတောင် မရှိတော့ဘူးလေ”
“အဖေ ပြောပါဦး။ ဒီအိမ်က ကျွန်မရဲ့အိမ်လား။ အန်တီကျန်းက ကျွန်မကို ထွက်သွားခိုင်းတိုင်း ထွက်သွားဖို့လိုလား။ ဒီမိသားစုထဲမှာ သူပြောသမျှကိစ္စတိုင်းက အမှန်လား”
Chapter 382 : ပြဿနာမဖြစ်ဖြစ်အောင် လုပ်နေတာလား
များသောအားဖြင့် ရှောင်ဟိုင်ချင်းသည် အလွန် ရှိန်စရာကောင်း၏။ သို့သော် မည်မျှပင် ရှိန်စရာကောင်းစေကာမူ သူမသည် မိန်းကလေးငယ်လေးတစ်ယောက်သာဖြစ်၍ ဖခင်ဖြစ်သူ၏ ချစ်ခြင်းမေတ္တာနှင့် အကာအကွယ်ပေးမှုတို့ကို မလိုချင်စရာအကြောင်းမရှိပေ။
သူမ၏ စကားများက ရှောင်တောက်အန်း၏ နှလုံးသားထဲရှိ အပြစ်ရှိစိတ်အား တည့်တိုး ရိုက်ခတ်သွား၏။
သူသည် ယခင်က သမီးဖြစ်သူနှင့် စကားပြောရန် အခွင့်အရေးတစ်ခါမှ မရခဲ့ဖူးပေ။ ဤနှစ်များအတွင်းတွင် သူမသည် ဖြူကောင်တစ်ကောင်နှင့်တူ၏။ သူမအား ထိလိုက်သည်နှင့် မိသားစုဝင်များအား ဒဏ်ရာ အနာတရ ဖြစ်သွားစေတတ်သည်။ ထို့ကြောင့် သူသည် သမီးဖြစ်သူကို မြင်တိုင်း မချင့်မရဲခံစားခဲ့ရ၏။
သူသည် စီးပွားရေး၌ အောင်မြင်သော်လည်း ရှောင်ဟိုင်ချင်းနှင့် ပတ်သတ်၍မူ ဘာမှမလုပ်နိုင်ခဲ့ပေ။
သူမသည် အမြဲတမ်း အမှားလုပ်တတ်၍ အချိန်ပြည့် မှားယွင်းနေကာ ဆိုဆုံးမသည်ကိုလည်း လက်မခံချေ။
သို့သော် ထိုအကြောင်းကို စဥ်းစားမိသောအခါ ရှောင်တောက်အန်းသည် ရုတ်တရက် ထိတ်လန့်သွား၏။
သည်နေ့ ဟိုင်ချင်းက ဘာအမှားလုပ်ခဲ့လဲ။ ဘာမှမလုပ်ခဲ့ဘူးပဲ။
သို့သော် နှစ်ပေါင်းများစွာကြာလာအခါ ရှောင်ဟိုင်ချင်းကသာ အမြဲတမ်း မှားသည်ဟုသော အတွေးကို ကျင့်သားရနေခြင်း ဖြစ်သည်။
ထိုအခါ ရှောက်တောက်အန်း၏ မျက်လုံးများသည် မှေးမှိန်သွားပြီး ရှောင်ဟိုင်ချင်းအား မည်သို့ဖြေရှင်းချက်ပေးရမှန်း မသိတော့။
“မင်းရဲ့အန်တီကျန််းကလည်း မင်းပြောတဲ့စကားကို နားထောင်ပါတယ်”
“နားထောင်တယ်ဆိုတာ သေချာလို့လား။ ကျွန်မ အဖေနဲ့ စကားပြောဖို့ အိမ်ပြန်လာတိုင်း သူက အဖေ ပင်ပန်းလာလို့ ရန်မဖြစ်သေးပါနဲ့ဦးဆိုပြီး ပြောတယ်။ ကျွန်မကို နောက်ရက်တွေမှ ပြောပါဆိုပြီး စောင့်ခိုင်းတယ်။ ပြီးတော့ ကျွန်မ ပြန်လာပြီး အဖေနဲ့ စကားများတဲ့အချိန်တိုင်း သူက ကျွန်မကို တစ်ခြားသူအပေါ် သံသယစိတ်တွေများပြီး ပြောစကားနားမထောင်တတ်တဲ့ သူတစ်ယောက်လိုမျိုး ဖြစ်အောင် အဖေ့ရှေ့မှာ ပြောတယ်လေ။ ကျွန်မ ဘာအမှားမှ မလုပ်ထားလည်း သူက အဖေ့ကိုရော ကျွန်မကိုပါ စိတ်လျှော့ခိုင်းတယ်။ ကျွန်မက ဘာစကားမှတောင် မပြောရသေးဘူး၊ သူက ကျွန်မကို ဇွတ်ကာကွယ်နေပြီ။ ဒါကြောင့် ကျွန်မက သူ့ကို နားမလည်တော့လို့ အပြစ်ပြောမိရင်လည်း အဖေက ကျွန်မကို အိမ်ကနေ နှင်ထုတ်ချင်သလိုမျိုး လုပ်တတ်တယ်လေ”
“အဖေ၊ သူက ကျွန်မကို ကာကွယ်နေတာလား။ ပြဿနာ မဖြစ်ဖြစ်အောင် လုပ်နေတာလား။ အမြဲတမ်း ကျွန်မရဲ့မလုပ်ခဲ့တဲ့ အမှားတွေကို ကာကွယ်ပေးတယ်။ ဒါပေမယ့် လက်တွေ့မှာကျ ကျွန်မ တကယ် အမှားလုပ်မိရင်ရော သူက ကျွန်မကို ကောင်းပေးဦးမှာလား”
ရှောင်ဟိုင်ချင်းက သူမ၏ စိတ်ထဲရှိ စကားများအားလုံးကို ထုတ်ဖော်ပြောလိုက်သည်။
ထိုစကားများအား ယခင်က ပြောခဲ့ဖူးသော်လည်း ယခုအကြိမ်မှာမူ သူမ၏ သဘောထားသည် လုံးဝကွာခြားသွားပြီ ဖြစ်၏။
ထိုအချိန်က ဖခင်ဖြစ်သူသည် သူမအား လုံးဝ မယုံကြည်ခဲ့ပေ။ သူတို့ စကားများရန်ဖြစ်သည့်အချိန်အများစုတွင် သူမသည် ကျန်းရုံအား ကြင်နာချင်ယောင်ဆောင်၍ အပိုလုပ်ပြသည်ဟု ပြောဆိုအော်ဟစ်တတ်သည်။ သို့သော် ထိုအချိန်က ဖခင်ဖြစ်သူသည် သူမအား လုံးဝ အယုံအကြည် မရှိသောကြောင့် သူမအား အသိတရား မရှိသူ ဟူ၍သာ တွေးခဲ့သည်။
ရှောင်ဟိုင်ချင်းသည် ငတုံးတစ်ယောက် မဟုတ်ပေ။ လက်တွေ့၌ သူမသည် ကိစ္စများစွာကို နားလည်၍ အပြင်လူများနှင့် ပတ်သတ်သည့်ကိစ္စများကို တည်ငြိမ်စွာ ကိုင်တွယ် ဖြေနိုင်သော်လည်း မိသားစုနှင့် ပတ်သတ်လျှင်မူ ကွာခြားသွားသည်။
သူမသည် ဖခင်ဖြစ်သူအား အလေးထားသဖြင့် ကျန်းရုံနှင့် စကားများ ရန်ဖြစ်ခြင်းကို အရှုံးအမြတ်ထည့်မတွက်ခဲ့ပေ။ သူမသည် တစ်ရာရာခိုင်နှုန်းရှုံးနိမ့်ပြီးသား ဖြစ်၏။
သို့သော် ယနေ့တွင်မူ အခွင့်အရေးတစ်ခု ရရှိလာခဲ့သည်။
သူမ၏ ဖခင်သည် သူမ စာတော်သည့်အကြောင်းကို သိရှိသွား၍ အသောက်အစားနှင့် အပျော်အပါးမက်သော မိန်းကလေးတစ်ယောက် မဟုတ်ကြောင်းကိုလည်း သိရှိသွား၏။ သို့သော် ကျန်းရုံကမူ သူမအား ရုတ်တရက် ဆူပူကြိမ်းမောင်းလိုက်မိ၍ ယဥ်ကျေးသိမ်မွေ့သော အမျိုးကောင်းသမီးတစ်ယောက်ဟူသည့် မျက်နှာဖုံး ကွာကျသွားခဲ့သည်။
ထို့ကြောင့် သူမ၏ စကားများသည် များစွာအကျိုးသက်ရောက်မှုရှိ၏။
ယခုအချိန်၌ ရှောင်တောက်အန်းသည် အမှန်တကယ် စိတ်ရှုပ်နေသည်။ ယခင်က ဤမိသားစုထဲရှိလူများကို လူကောင်း၊ လူဆိုးခွဲခြား၍ သတ်မှတ်ကြည့်လျှင် ကျန်းရုံသည် လူကောင်းဖြစ်၍ ရှောင်ဟိုင်ချင်းက လူဆိုးဖြစ်၏။ သို့သော် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သွားသည်လား။
သို့သော် ရှောင်တောက်အန်းသည် နှုတ်ခမ်းကိုက်၍ ထိုအကြောင်းကို စဥ်းစားနေစဥ်မှာပင် ကျန်းရုံက သူ၏ နောက်၌ ငိုနေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် သူမအား လှမ်းကြည့်လိုက်ပြီး တုန်လှုပ်သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါတွေ အားလုံးက ငါ့ အမှားတွေချည်းပါပဲ”
ရှောင်တောက်အန်းသည် အတော်လေး မျက်နှာပျက်ယွင်းနေ၏။
ထို့နောက် သူသည် ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ထပြောလိုက်၏။
“အစ်မ ဝမ်၊ ဒီအိပ်ယာခင်းတွေ၊ အရုပ်တွေ အားလုံးကို ယူသွားပြီး လွှင့်ပစ်လိုက်တော့”
စကားဆုံးသည်နှင့် သူက နောက်ထပ်ကဒ်တစ်ခုကို ထုတ်လိုက်ပြီး ...
“မနက်ဖြန်ကျ အဖေနဲ့အတူ မြင်းစီးကလပ်ကို လိုက်ခဲ့။ သဘက်ခါကျရင် အဖေကိုယ်တိုင် ပစ္စည်းတွေလိုက်ဝယ်ပေးမယ်။ သမီး ကြိုက်တာတွေ အဖေသိတယ်။ ပြီးတော့ ကျောင်းပြောင်းတဲ့ကိစ္စကရော...သမီးကိုယ်တိုင်ပဲ ရွေးချင်လား။ အဖေကတော့ မင်းကို နင်းမြို့တော်မှာပဲ နေစေချင်တယ်။ အဖေ သမီးကို အကောင်းဆုံးကျောင်းမှာ ထားပေးမယ်”
သူသည် ယခင်က သမီးဖြစ်သူ စာတော်ကြောင်းကို လုံးဝ မသိခဲ့ပေ။ ထို့ကြောင့် နာမည်အကြီးဆုံး အထက်တန်းကျောင်းသို့ ပို့ခြင်းကသာ အကောင်းဆုံးအကြံဉာဏ်ဟု တွေးခဲ့သည်။ ထိုမှသာ သူမသည် မျိုးရိုး အဆင့်အတန်းမြင့်သူများနှင့် တွေ့ဆုံ၍ လူမှုဆက်ဆံရေး နယ်ပယ်လည်း ကျယ်ပြန့်လာမည် ဖြစ်၏။ သို့သော် ယခုအချိန်၌ မတူတော့ပေ။ သူ၏ သမီးဖြစ်သူသည် အကောင်းဆုံးတက္ကသိုလ်သို့ တက်နိုင်သည့် အရည်အချင်းရှိသည်။ ထို့ကြောင့် သူမသည် အနာဂတ်၌ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်၍ မိသားစုစီးပွားရေးလုပ်ငန်းများကို ကူညီ ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ သေချာပေါက် မျှော်လင့်ထားသည်။
Chapter 383 : ချိန်ကိုက်ဗုံး
ရှောင်တောက်အန်း၏ စကားကို ကြားသောအခါ ကျန်းရုံသည် တစ်ကိုယ်လုံး တုန်ယင်လာ၍ သူမ နှစ်ပေါင်းများစွာ ကြိုးစားဖန်တီးခဲ့ရသည့်အကြံအစည်များအားလုံး ယခုအချိန်၌ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်သည်။
သူမသည် ထိုအကြောင်းကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ကြိုတွေးထားခဲ့သင့်၏။ ရှောင်ဟိုင်ချင်းသည် အရွယ်ရောက်လာသောအခါ ငယ်ငယ်ကနှင့်မတူတော့ဘဲ ထိန်းချုပ်ရ ခက်ခဲလာပြီး အထိမခံဖြစ်လာသည်။ ယခုအချိန်၌ သူမသည် ချိန်ကိုက်ဗုံးတစ်လုံးနှင့် တူ၍ ပေါက်ကွဲသည့်အချိန် ရောက်လာပြီဖြစ်သည်။
ထိုအချိန်၌ ရှောင်ဟိုင်ချင်းသည် အလွန်ပျော်ရွှင်နေ၏။ ဖခင်ဖြစ်သူက သူမအား ရုတ်တရက် စကားအများကြီး ပြောလာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။
သူမသည် ဖခင်ဖြစ်သူထံမှ ထပ်မံ၍ အငေါက်ခံရလိမ့်မည်ဟုပင် တွေးထားခဲ့၏။ သို့သော် ယခု သူက သူမ၏ ဘက်မှ နေပေးသည်လား။
“အဖေ...”
ရှောင်ဟိုင်ချင်းသည် ခေတ္တမျှ ပြောစရာစကားပျောက်ဆုံးနေ၏။
“ကျွန်မကို မငေါက်တော့ဘူးလား”
“အား...ဖေဖေ၊ ကျွန်မ အရမ်းပျော်တာပဲ။ ဖေဖေ ဒီလို မပြောတာ ကြာလှပြီ”
ယခင်က ရှောင်တောက်အန်း၏ စိတ်ထဲ၌ တွေးထားခဲ့သည်မှာ သူ၏ သမီးဖြစ်သူသည် တေလေကြမ်းပိုးတစ်ယောက်ဖြစ်၍ နေ့တိုင်း လမ်းသရဲများနှင့် လျှောက်သွားပျော်ပါးနေပြီး အတန်းဖော်များအား ရိုက်နှက်၍ မကောင်းမှုမှန်သမျှ အကုန်လုပ်တတ်သူဟူ၍ ဖြစ်၏။ သို့သော် ယခုအချိန်၌ သူ၏ အတွေးများသည် လုံးဝ မှားယွင်းနေကြောင်းသိလိုက်ရပြီးဖြစ်၍ သူမအား ဆက်လက်၍ ရိုက်နှက်ငေါက်ငမ်းနေမှသာ အံ့သြစရာကောင်းလိမ့်မည်ဖြစ်သည်။ သူသည် အရူးတစ်ယောက် မဟုတ်ပေ။
ရှောင်ဟိုင်ချင်းသည် ဖခင်ဖြစ်သူ၏ နူးညံ့ချိုသာသော အသံကို မကြားရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၏။ ထို့ကြောင့် သူမသည် ကြောင်အနေ၍ ရုတ်တရက် မျက်ရည်များ စီးကျလာသည်။
သူမသည် ကျီရှန်းရှန်းကဲ့သို့ အော်မငိုတတ်ပေ၊ နေရာ၌သာ ကြောင်ရပ်နေ၍ အသံတိတ်မျက်ရည်များ အဆက်မပြတ် စီးကျနေရာ မြင်ရသူတိုင်း စိတ်မကောင်းဖြစ်လာကြသည်။
ထိုအခါ ရှောင်တောက်အန်းသည်လည်း တုန်လှုပ်သွား၏။
သူ၏ မှတ်ဥာဏ်များအရ သမီးဖြစ်သူ ဝမ်းနည်းပြိုလဲနေသည်ကို မမြင်ရသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ သူမသည် အဖိုးဖြစ်သူ ကွယ်လွန်ပြီးနောက် လုံးဝ မငိုတော့ပေ။ ထို့အပြင် သူက ရှောင်ဟိုင်ချင်းအား တုတ်တစ်ချောင်းဖြင့် ရိုက်နှက်သည့်အခါတိုင်း သူ၏ လက်များသာ ထုံကျင်လာ၍ သူမကမူ သူ့ကိုသာ အံတင်းတင်းကြိတ်၍ စိုက်ကြည့်နေပြီး လုံးဝ မျက်ရည်မကျပေ။
ထို့ကြောင့် တစ်ခါတစ်ရံ၌ သူသည် သူမအား မွေးဖွားခဲ့စဥ်က အမှားအယွင်း တစ်ခုခုရှိခဲ့သည်လားဟူ၍ပင် သိချင်ခဲ့မိသည်။
သို့သော် ယခု ကြည့်ရသည်မှာ သမီးတစ်ယောက်၌ သမီးမိန်းကလေးတို့၏ သဘာဝရှိနေသေးသည်သာ ဖြစ်၏။
“ဖေဖေ၊ ဖေဖေက လူဆိုးကြီး မဟုတ်ပါဘူး”
ရှောင်ဟိုင်ချင်းက မျက်ရည်များကို သုတ်လိုက်ပြီး ခပ်တိုးတိုး ရယ်ရင်း ပြောလိုက်ရာ ရှောင်တောက်အန်းက ပြုံးလိုက်ပြီး မသိစိတ်အလျောက် သမီးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်မိ၏။
ထိုအခါ သူသည် ဤအပြုအမူကို မလုပ်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ကြောင်း သတိရသွားသဖြင့် အံ့သြသွားသည်။ သူ၏ သမီးလေးသည် အမှန်တကယ်ပင် အတော်လေး အရပ်ရှည်လာပုံရ၏။
“မငိုနဲ့တော့နော်။ အတန်းဖော်တွေလည်း ဒီမှာရှိနေတာကို။ မရှက်ဘူးလား”
ရှောင်တောက်အန်းသည် ခေါင်းယမ်းလိုက်မိသော်လည်း သူ၏ နှလုံးသားသည် ပြောမပြတတ်အောင် နူးညံ့နေသည်။
ထိုအချိန်၌ ကျန်းရုံသည် နေရာ၌သာ ရပ်နေ၍ သားအဖနှစ်ယောက် ဆိုဖာပေါ်၌ ထိုင်နေသည်ကို စိုက်ကြည့်နေ၏။ ပတ်ဝန်းကျင်သည် ရုတ်တရက် အလွန်သဟဇာတဖြစ်လာ၍ သူမသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသည်။
သူမသည် ယခုကဲ့သို့ဖြစ်လာမည်ကို အလွန်ကြောက်ရွံ့ခဲ့၏။ ရှောင်မျိုးနွယ် သားအဖနှစ်ယောက်သာ တစ်ဖက်တည်း၌ ပေါင်းစည်းသွားလျှင် သူမသည် အပြင်လူတစ်ယောက်သာဖြစ်သည်။
သို့သော် ယခုအချိန်၌ ထိုကဲ့သို့ဖြစ်လာသည်မှာ သေချာနေပြီ ဖြစ်၏။
ဒါပေမယ့် ဘာလို့လဲ။ ရှောင်မိသားစုမှာ ငါသာ မရှိရင် သူတို့ အခုလို ချမ်းချမ်းသာသာ နေနိုင်မှာတဲ့လား။
သူမ၏ မိသားစုက ကူညီထောက်ပံ့ပေးသောကြောင့်သာ ရှောင်တောက်အန်း၏ စီးပွားရေးလုပ်ငန်းများသည် တစ်စထက်တစ်စ တိုးတက်လာခြင်းဖြစ်၍ ယခုအချိန်ရောက်မှ သူသည် သူမအား ပစ်ပယ်ပိုင်ခွင့် မရှိပေ။
ကျန်းရုံသည် နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်၍ ခင်ပွန်းဖြစ်သူအား ခေါ်လိုက်၏။
“လောင်ရှောင်”
ထိုအခါ ရှောင်တောက်အန်းက သူမအား မော့ကြည့်လာ၍ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ သူသည် အနည်းငယ် စိတ်ပျက်သွား၍ လက်မခံနိုင်သလို ခံစားလိုက်ရသည်။
“ကျွန်မ မရည်ရွယ်ပါဘူး”
ကျန်းရုံက ထပ်ပြောလာရာ ရှောင်တောက်အန်းက သက်ပြင်းချ၍ ခေါင်ညိတ်ပြလိုက်သည်။
“နားလည်ပါတယ်၊ ရှောင်ကျွင်းကို သွားကြည့်လိုက်ဦး”
“ဟိုင်ချင်း၊ နောက်ကျရင် ဘာကိစ္စပဲဖြစ်ဖြစ် အဖေ့ကို တိုက်ရိုက်ပြောရမယ်နော်။ မင်း မကောင်းတဲ့ကိစ္စတွေကို မလုပ်သရွေ့ အဖေက မင်းကို ဒေါသမထွက်ပါဘူး”
အဆုံး၌ ကျန်းရုံသည် သူ၏ ဇနီးသာ ဖြစ်သည်။ ထိုအမျိုးသမီး မည်မျှပင် ဆိုးသွမ်းနေစေကာမူ သူမသည် သူ ငမွဲဘဝကတည်းက အတူတကွ လက်တွဲလာသူ ဖြစ်၏။ ထို့ကြောင့် သူမ အမှားလုပ်သော်လည်း သူက သည်းခံပေးနိုင်၍ ထိုအမှားကိုထပ်မံ၍ မလုပ်မိရန်သာ လိုအပ်သည်။
ရှောင်ဟိုင်ချင်းသည် ဖခင်ဖြစ်သူ၏ ရင်ထဲ၌ သူမအတွက် နေရာရှိသေးသည်ကို သိလိုက်ရ၍ ကျန်းရုံအတွက်လည်း ရှိနေသေးသည်ကိုပါ သိလိုက်ရ၏။ ရှောင်ကျွင်းအတွက်ကမူ ထည့်ပြောနေစရာပင် မလိုချေ။
“ဟုတ်ပြီ ဖေဖေ။ ဒါဆိုရင် ကျွန်မ ဟွားနင်ခရိုင်ကိုပဲ ပြန်သွားမယ်နော်”
ရှောင်ဟိုင်ချင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီး ခပ်သွက်သွက် စကားဆက်လိုက်သည်။
“ကျွန်မ အဆော့မမက်တော့ပါဘူး။ ကျွန်မအဆင့်တွေ ကောင်းလာတာကလည်း ယွင်ကျောင်းနဲ့ တစ်ခုံတည်းအတူ ထိုင်လို့ပါ။ တခြားတစ်ယောက်နဲ့ပြောင်းထိုင်ရရင် ကျွန်မ အာမ,မခံနိုင်ဘူးနော်။ ကျွန်မ အဆင့်တွေကျသွားမှာကို အဖေ စိတ်မပူပါနဲ့။ လပတ်စာမေးပွဲ တစ်ခုပြီးတိုင်း ကျွန်မ အဖေ့ဆီကို အဆင့်ကဒ် ပို့ပေးမယ်လေ။ အဆင်ပြေလား”
Chapter 384 : ငါ့ရဲ့အမျိုးသားကို နင့်ဆီ ပေးမယ်
ရှောင်ဟိုင်ချင်းသည် အလွန်စိတ်လှုပ်ရှားနေ၍ ဖခင်ဖြစ်သူက ယခင်ကကဲ့သို့ ပြန်ဖြစ်လာမည်ကို ကြောက်နေမိ၏။
ထိုအခါ ရှောင်တောက်အန်းက ခေတ္တငြိမ်သက်သွားပြီး ကျင်းယွင်ကျောင်းအား တစ်ချက်ကြည့်လိုက်ကာ ရုတ်တရက် နားလည်သွားသည်။ ထိုမိန်းကလေးသည် မယုံနိုင်စရာကောင်းလောက်အောင်ပင် တည်ငြိမ်လှ၏။ သူမသည် အမှတ်ကောင်း၍ အဆင့်တစ်နေရာ၌လည်း မြဲသည်။ သူမ၏ ခန္ဓာကိုယ်ထဲ၌ အမှန်တကယ်ပင် ကူးစက်တတ်သည့် အစွမ်းသတ္တိများ ရှိနေပုံပေါ်၏။ သူ၏ သမီးက သူမနှင့်အတူ နေရသည်ကို နှစ်သက်သဘောကျသည်မှာ အံသြစရာ မဟုတ်တော့ပေ။
သို့သော် ကံကောင်းသည်မှာ သူမသည် ယောက်ျားလေးတစ်ယောက် မဟုတ်သဖြင့် မဆိုးလှချေ။
“သမီး ပြောတာကို နားထောင်ပါ့မယ်။ အဖေ နောက်နေ့ကျမှ လူတစ်ယောက်ကို ကျောင်းပြောင်းဖို့ စီစဥ်ခိုင်းလိုက်မယ်”
ရှောင်တောက်အန်းက ပြောလာ၏။
ထိုစကားကို ကြားသောအခါ ရှောင်ဟိုင်ချင်းသည် ပြုံးဖြီးဖြီး ဖြစ်သွား၍ ခေါင်မော့ကာ ဖခင်ဖြစ်သူ၏ မျက်နှာအား ပြွတ်ခနဲမြည်အောင် နမ်းလိုက်ပြီး ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဖေဖေ”
ရှောင်ဟိုင်ချင်းသည် ထိုကဲ့သို့ ချစ်စဖွယ် အပြုအမူများကို အလွယ်တကူ လုပ်ပြလေ့ မရှိသဖြင့် အားလုံးက ထူးဆန်းသွားကြ၏။ ကျင်းယွင်ကျောင်းက မမြင်ချင်ယောင်ဆောင်၍ ပြုံးလိုက်သော်လည်း ကျီရှန်းရှန်းကမူ အားရပါးရ အော်ရယ်တော့သည်။
ထိုအခါ ဧည့်ခန်းထဲရှိ ပတ်ဝန်းကျင် အခြေအနေမှာ သက်တောင့်သက်သာနှင့် လိုက်လျောညီထွေဖြစ်လာ၏။ သို့သော် ဒုတိယထပ်ရှိ အခန်းတစ်ခုထဲ၌မူ အခြေအနေက လုံးဝ ကွာခြားလှသည်။ ထိုအခန်းထဲရှိ ကျန်းရုံသည် ဧည့်ခန်းထဲမှ ရယ်မောသံများကို ကြားသွား၍ သူမ၏ မျက်နှာက မည်းမှောင်သွား၏။
ထိုညက ရှောင်ဟိုင်ချင်းသည် အလွန်စိတ်ကြည်နေ၍ ကျင်းယွင်ကျောင်းအား ဆွဲထားပြီး ညလုံးပေါက်နီးပါး စကားထိုင်ပြောနေသည်။
ကျင်းယွင်ကျောင်းသည် ယခင်က ရှောင်ဟိုင်ချင်း ဤမျှ စိတ်လွတ်ကိုယ်လွတ် ပျော်နေသည်ကို မမြင်ဖူးပေ။ သူမသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးပစ္စည်းတစ်ခုကို ရရှိလိုက်သည့်အလား ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပ၍ အားအင်များ ပြည့်နေပြီး အနည်းငယ် ထူးခြားနေ၏။
အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်သည် အမှန်တကယ်ပင် ကျေနပ်စရာကောင်းသည်။ အနာဂတ်၌ ကျန်းရုံသည် သူမ၏ အရှေ့တွင် ဆက်ရှိနေဦးမည် ဖြစ်သော်လည်း သူမသည် အလွန်စိတ်လှုပ်ရှား၍ ပျော်ရွှင်နေ၏။
သူမသည် ရှောင်တောက်အန်း၏ သဘောထားတစ်ခုတည်းကိုသာ အလေးထားသည် မဟုတ်လား။
ရုတ်တရက် ကျင်းယွင်ကျောင်းတစ်ယောက် အနည်းငယ် မနာလိုဖြစ်လာ၏။ သူမသည် လူတစ်ယောက် ပြောင်းလဲသွားသောကြောင့် တစ်ခါမှ မပျော်ရွှင်ခဲ့ဖူးပေ။
အတန်းဖော်များက သူမအား ရှိန်ကြသည်မှာ အသားကျနေပြီ ဖြစ်သော်လည်း ယခုအချိန်၌ သူမသည် ပို၍ နူးညံ့သိမ်မွေ့လာပြီး လိုက်လျောညီထွေနေတတ်လာ၍ အဆင်ပြေသည်ဟုသာ တွေးလိုက်သည်။ ထို့အပြင် အကြီးအကဲရှု၏ ချီးမွှမ်းမှုများက သူမအား ပျော်ရွှင်စေ၍ အခြား ပျော်ရွှင်စေသည့်အရာများမှာ ဆေးဖော်စပ်နည်း အောင်မြင်သည့်အချိန်များသာ ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် တစ်ညလုံး ရောက်တတ်ရာရာ စဥ်းစားနေ၍ နောက်တစ်နေ့မနက်တွင် မြင်းစီးကလပ်သို့ သွားရန် ပြင်ဆင်လိုက်၏။
ယနေ့ ရှောင်တောက်အန်းသည်လည်း အလွန်အားအင်ပြည့်ဝ၍ တက်ကြွနေကာ မျက်နှာကလည်း ကြည်လင်ရွှင်လန်းနေသည်။ သူတို့ ပထမဆုံး တွေ့ဆုံခဲ့သည့် ယမန်နေ့နှင့် လုံးဝကွာခြား၏။ ကျီရှန်းရှန်းကမူ သူမ၏ ဖခင်ဖြစ်သူသည် ပုံမှန်အချိန်၌ပင် လက်ရှိ ရှောင်တောက်အန်းထက် ပို၍ ခံညားသဖြင့် တစ်ခုခုထူးခြားနေသည်ဟု မတွေးမိပေ။ ထို့ကြောင့် သူမသည် အတော်လေး လိုက်လျောညီထွေရှိနေ၏။
ထို့နောက် ကျင်းယွင်ကျောင်းက ထိုသားအဖနှစ်ယောက်အား ခပ်တွေတွေ စိုက်ကြည့်နေမိသည်။
သူတို့၏ မျက်ခုံးမျက်လုံးများနှင့် အပြုအမူများသည် အနည်းငယ် ဆင်တူ၍ ရှောင်တောက်အန်း၏ မျက်လုံးများတွင်မူ အပြစ်ရှိစိတ်များနှင့် စိတ်သက်သာရာရမှုများ ရောယှက်နေ၏။ သူသည် ရှောင်ဟိုင်ချင်းအား ရုတ်တရက် ကြင်ကြင်နာနာ ဆက်ဆံပေးလာ၍ ယခင်က လုပ်ခဲ့မိသောအမှားများကို ပြန်လည် ဖာထေးပေးချင်နေပုံရသည်။ ထိုအပြုအမူမှာ သိသာနေသော်လည်း သားအဖနှစ်ယောက်သည် အလွန်ရင်းနှီးနေ၏။ အချင်းချင်း လိုက်လျောညီထွေရှိ၍ အနေရခက်ခြင်းလည်း လုံးဝမရှိကြပေ။
ဒါက အဖေနဲ့သမီးရဲ့ ကြားမှာရှိတဲ့ အခြေခံနားလည်မှုများလား။
သူတို့သည် နှစ်အနည်းငယ်ခန့် စကားများ ရန်ဖြစ်ခဲ့ကြသော်လည်း လက်တွေ့၌ အချင်းချင်း သံယောဇဥ် ရှိနေကြသဖြင့် ထိုဖြစ်ရပ်များသည် ပုံမှန်သာဖြစ်သည်။
ထိုသို့ဖြင့် ကျင်းယွင်ကျောင်းသည် အတွေးများနေ၏။
“သမားတော် မမလေး၊ နင် အခု အရမ်း ရူးသွပ်နေတဲ့ နောက်ယောင်ခံလိုက်တဲ့သူနဲ့ တူနေပြီနော်။ ဘာလို့ သူတို့ကို စိတ်ဝင်တစား စိုက်ကြည့်နေတာလဲ။ တကယ်တော့ နင်က သူတို့ကို မနာလိုဖြစ်စရာ မလိုပါဘူးဟာ။ နင်က အနာဂတ်မှာ ရှောင်ဟိုင်ချင်းထက် ပိုပြီးတော့ ပျော်ရွှင်ရမယ်လို့ ငါ သေချာပေါက် ယုံကြည်တယ်”
ကျီရှန်းရှန်းက သူမ၏ လက်ကို ဆွဲ၍ ရုတ်တရက် ပြောလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းက ဤမိန်းကလေးသည် အပြောင်းအလဲ မြန်လွန်းသည်ဟု ခံစားလိုက်ရသည်။
သူက ခုနကတုန်းက ငါ့ကို ကောင်းကောင်းနေရဖို့ ဆုတောင်းပေးလိုက်တာလား။
“ငါ ပေါက်ကရ လျှောက်ပြောတာ မဟုတ်ပါဘူး။ နင့်ကို ကြည့်လေ။ နင်က ဆေးလည်း ကုတတ်တယ်၊ ဆေးလည်း ဖော်တတ်တယ်။ ဒီလိုလူမျိုးက လူသားအားလုံးကို ကယ်တင်ဖို့ မွေးဖွားလာတာ မဟုတ်လား။ ပြီးတော့ နင်က ဉာဏ်အရမ်းကောင်းတယ်၊ ရုပ်လည်း ချောတယ်။ နင်က မိဘတွေနဲ့အတူ ရှိရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပေမယ့် ဒါက နင့်မိဘတွေက သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး။ ပြီးတော့ နင်က ဒီလောက်လှတာ။ အနာဂတ်မှာ နင့်ကို လိုက်ပိုးတဲ့ယောက်ျားတွေ တစ်ကမ္ဘာလုံးမှာ ပြည့်နေမှာပဲ။ အနာဂတ်ကျ နင့်မှာ ဘာမှ မရှိရင်တောင်မှ ဘယ်တော့မှ အချစ်ငတ်မှာ မဟုတ်ဘူး။ ဘာမှ စိတ်မပူပါနဲ့။ ငါပြောတာ မှားရင် အနာဂတ်မှာ ငါ့ရဲ့အမျိုးသားကို နင့်ကို ပေးမယ်လေ”
ကျီရှန်းရှန်းက တရားမျှတစွာဖြင့် ပြောလာ၏။