← Chapters

အခန်း (၃၈၅-၃၈၈)

Vol. 20 Ch. 385-388

အခန်း (၃၈၅-၃၈၈)

Vol. 20 Ch. 385-388

Chapter 385 : မြို့ကြီးသူ

ကျီရှန်းရှန်း၏ ဝံ့ဝံ့ကြွားကြွား စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းသည် မီတာအနည်းငယ်ခန့်အကွာသို့ လျှောက်သွားလိုက်၏။

ငါက ဘာလို့ ကျီရှန်းရှန်းရဲ့အမျိုးသားကို လိုချင်ရမှာလဲ။

တော်စမ်းပါ၊ ငါက ချွေ့ကျွင်းလို လူစားမျိုးကို လုံးဝ မကြိုက်ဘူး။ အရူးထတဲ့ရောဂါ မကူးအောင် နောက်ကျရင် ငါ သည်အရူးမလေးနဲ့ ဝေးဝေးနေသင့်တယ်။

ကျင်းယွင်ကျောင်းက ရှေ့သို့ ဆက်လျှောက်သွားရာ ကျီရှန်းရှန်းသည် အားရပါးရရယ်မောရင်း အနောက်မှ လိုက်လာသည်။ ထို့နောက် မြင်းစီးကလပ်ထဲသို့ ဝင်သွားသောအခါ ဝန်ထမ်းများအားလုံးက သူမတို့အား တအံ့တသြ လှမ်းကြည့်လာကြ၏။

မြင်းစီးကလပ်သည် မြို့စွန်ဧရိယာ၌ တည်ရှိသော်လည်း မြို့လည်ခေါင်နှင့် သိပ်မဝေးပေ။ နေရာထိုင်ခင်း အလွန်ကျယ်ဝန်း၍ အပြင်ဘက်ရော အတွင်းထဲ၌ပါ လွတ်လွတ်လပ်လပ် မြင်းစီးနိုင်သည်။ ထို့အပြင် မြင်းစီးကလပ်၏ ဘေးချင်းကပ်ရက်၌ ဂေါက်ကလပ်ရှိရာ မြက်ခင်းစိမ်းများက အလွန် မျက်စိပဒဿ ရှိလှ၏။

ယနေ့ သူမတို့သုံးယောက်သည် မြင်းစီးဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အနက်ရောင် ဘောင်းဘီရှည်များကို ဝတ်ဆင်ထားကြပြီး အပေါ်ပိုင်းတွင်မူ ရှပ်အင်္ကျီအဖြူပေါ်၌ အနက်ရောင်လက်ပြတ်အင်္ကျီများ ထပ်ဝတ်ထားကြရာ မိန်းကလေး သုံးယောက်သည် သွယ်သွယ်လျလျနှင့် လွန်စွာ ချောမောလှပနေ၏။

မြင်းစီးကလပ်ကို အပိုင်းနှစ်ပိုင်းခွဲထားသည်။ သူမတို့ ကလပ်ထဲသို့ ဝင်လိုက်သည်နှင့် ရှောင်တောက်အန်းက သမီးဖြစ်သူအား သူသည် စီးပွားဖက်မိတ်ဆွေများနှင့် သွားတွေ့ရဦးမည့် အကြောင်းကို ရှင်းပြလိုက်သည်။ ထို့နောက် ကျင်းယွင်ကျောင်းက မြင်းများ သွားရွေးရန် ပြောလိုက်ရာ ဝန်ထမ်းတစ်ယောက်က သူတို့အား မြင်းများထားရာသို့ ဦးဆောင်၍ ခေါ်သွားပေး၏။

ကျင်းယွင်ကျောင်းသည် တောက်ပသော မျက်ဝန်းများရှိသည့် မြင်းနက်လေးတစ်ကောင်ကို ရွေးလိုက်ပြီး တစ်ချက်ကြည့်ရုံနှင့်ပင် ထိုမြင်းလေးအား အလွန်သဘောကျသွားသည်။ ရှောင်ဟိုင်ချင်းက နီညိုရောင် မြင်းတစ်ကောင်ကို ရွေးလိုက်ပြီး ကျီရှန်းရှန်းကမူ အဖြူရောင် မြင်းငယ်လေးကိုသာ သဘောကျနေ၏။ ထိုမြင်းသုံးကောင် အတူတကွ တန်းစီ၍ ရပ်နေသည်မှာ အလွန်ကြည့်ကောင်းလှသည်။

သူတို့သည် ပထမဆုံးအကြိမ် မြင်းစီးဖူးခြင်း ဖြစ်သောကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။

ထို့နောက် ဝန်ထမ်းဖြစ်သူ၏ လမ်းညွှန်ပြသမှုဖြင့် သုံးယောက်လုံး မြင်းများပေါ်သို့ တက်လိုက်ကြသည်။ မြင်းစရွေ့သည်နှင့် ကျီရှန်းက ထအော်တော့သည်။

“ကျင်းယွင်ကျောင်း၊ ငါ့ကိုကြည့်...ငါက အရမ်းချောတာပဲနော်”

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား တစ်ချက်ကြည့်လိုက်ပြီး အသံတိတ်နေ၏။

သူမကဲ့သို့ အရှုပ်ထုပ်တစ်ယောက်အား စကားပြောသည် ဖြစ်စေ၊ မပြောသည် ဖြစ်စေ အတူတူသာဖြစ်၏။

လူတစ်ကိုယ်လုံးသည် မြင်း၏ ကျောပေါ်၌သာ လှုပ်လီလှုပ်လဲ့ တွယ်ကပ်နေရခြင်းဖြစ်၍ ထိန်းပေးမည့်သူ မရှိပါက အောက်သို့ပြုတ်ကျသွားနိုင်သည်။

သို့သော် ဤနေရာမှ မြင်းများသည် များသောအားဖြင့် ယဥ်ပါးအောင် လေ့ကျင့်ထားပေးပြီးသား ဖြစ်ရာ မတော်တဆ ဖြစ်လေ့ဖြစ်ထ မရှိပေ။

ကျင်းယွင်ကျောင်းကမူ ကျီရှန်းရှန်းကဲ့သို့ ကြည့်ကောင်းအောင် ရှိုးထုတ်နေရန် အချိန် မရှိသဖြင့် မြင်းပေါ်သို့ ဂရုတစိုက် တက်လိုက်သည်။ သို့သော် အနည်းငယ် သင်ယူပြီးသောအခါ မြင်းစီးခြင်းသည် ထင်သလောက် မခက်ကြောင်း သိိလိုက်ရ၏။ သူမသည် ကိုယ်ခံပညာ တတ်ကျွမ်းထားသူဖြစ်ရာ မြင်းပေါ်မှ ပြုတ်ကျမည်ကိုလည်း စိတ််မပူရပေ။ ထို့ကြောင့် သူမ၏ စိတ်တည်ငြိမ်မှုသည် ရှောင်ဟိုင်ချင်းနှင့် ကျီရှန်းရှန်းထက် ပို၍ကောင်းမွန်၏။

“တောသူမတွေကလည်း မြင်းစီးတာပဲလား။ ရယ်စရာကောင်းလိုက်တာ”

ရုတ်တရက် ကျီရှန်းရှန်း၏ဘေးမှ ဖြတ်သွားသူတစ်ယောက်က လှောင်ပြုံးပြုံး၍ ပြောလာသည်။

တစ်ဖက်လူသည် မြင်းစီး ဦးထုပ်ဆောင်းထားပြီး အနီရဲရဲ ရှပ်အင်္ကျီ၊ အဖြူရောင် ဘောင်းဘီရှည်နှင့် ရှုးဖိနပ်များ ဝတ်ဆင်ထားရာ အတော်လေး ကြည့်ကောင်း၏။ သူမ၏ လက်ထဲ၌ မြင်းဇက်ကြိုးကို ကျွမ်းကျင်စွာထိန်းကိုင်ထားပြီး မြင်းပေါ်၌ သက်တောင့်သက်သာဖြင့် ခြေထောက်များကို တွဲလောင်းချ၍ ထိုင်နေရာ မင်းသမီးတစ်ပါးသဖွယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပုံပေါ်သည်။

ကျီရှန်းရှန်းသည် နဂိုကတည်းက ဒေါသကြီး၍ ယခုအချိန်၌ စိတ်လှုပ်ရှားနေသည်လည်းဖြစ်ရာ ထိုစကားကို ကြားသည်နှင့် ချက်ချင်း ဒေါသအိုးပေါက်ကွဲတော့၏။

“နင် ဘယ်သူ့အကြောင်းကို ပြောနေတာလဲ။ နင်ကသာ တောသူမ”

“ငါက နင့်လို ကြောင်တောင်တောင် မဝတ်ထားပါဘူး”

တစ်ဖက်လူမှ မျက်ဖြူလှန်ပြ၍ လှောင်လိုက်ပြီးနောက် ထပ်ပြောလာသည်။

“နင်တို့က ဒီနေရာကို ပထမဆုံး ရောက်ဖူးတာလား။ ဒီလိုမျိုး အထက်တန်းလွှာတွေပဲ လာတဲ့နေရာကို ဘယ်လိုဝင်လာတာလဲ။ တစ်ယောက်ယောက်ကို ကပ်ဖားပြီးတော့ လိုက်လာတာပဲ ဖြစ်ရမယ်။ ကျွတ်...ကျွတ်...ငါ...နင့်ရဲ့ မြင်းစီးဝတ်စုံကို ကြည့်လိုက်ရုံနဲ့ အပေါစားဆိုတာ ပြောနိုင်တယ်”

ထိုစကားကို ကြားသည်နှင့် ကျီရှန်းရှန်းသည် ဒေါသထွက်လွန်းသဖြင့် အငွေ့များပင် ထွက်လာသလိုခံစားလိုက်ရ၏။

သူမသည် အမြဲတမ်း ဂုဏ်သိက္ခာကို အလေးထားခဲ့သူဖြစ်၍ သူမ၏ မိသားစု နောက်ခံကလည်း လုံးဝဆင်းရဲမွဲတေနေခြင်း မဟုတ်ပေ။ အကယ်၍ ဆင်းရဲနေလျှင်တောင်မှ အပြင်လူတစ်ယောက်က သူမအား ယခုကဲ့သို့ နှိမ်ချဆက်ဆံစရာ အကြောင်း မရှိ။

“မင်းသမီးရူး ရူးနေတာပဲ။ နင်က ဘယ်လောက်ပဲ ကြီးကျယ် မြင့်မြတ်နေပါစေ၊ ငါတို့ကလည်း ဒီနေရာကို ပိုက်ဆံပေးပြီး ဝင်လာတာပဲလေ။ ငါတို့က နင့်ထက် တစ်ခုမှ နိမ့်ကျနေတာ မရှိဘူး”

ကျီရှန်းရှန်းက စိတ်ထိန်း၍ ပြန်ပြောလိုက်သည်။

သူမသည် ဤနေရာသို့ ရှောင်မိသားစုနှင့်အတူ လာခဲ့ခြင်းဖြစ်ရာ သူတို့အား အနှောက်အယှက် မဖြစ်စေချင်ပေ။

သို့သော် တစ်ဖက်လူက ထိုစကားကို ကြားသောအခါ လှောင်ရယ်လိုက်ပြီး အဖော်များအား လှမ်းခေါ်လိုက်သည်။

“မြန်မြန်လာကြစမ်းပါ၊ ငါ ဒီလိုမျိုး တောသူမ အရိုင်းအစိုင်းတွေနဲ့ တကယ် မနေချင်တော့ဘူး”

Chapter 386 : ရန်သူနှင့် မျက်နှာချင်းဆိုင်မိခြင်း

ထိုအခါ သူမ၏ နောက်မှ လူလေးယောက်သည် မြင်းတစ်စီးစီဖြင့် ထွက်လာကြ၏။ ကျီရှန်းရှန်းက သူမ၏ အကြည့်အတိုင်းလိုက်၍ ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်း အံ့အားသင့်သွားသည်။

ကမ္ဘာကြီးသည် အမှန်တကယ် ကျဥ်းကျဥ်းလေးပင်။ ကျီရှန်းရှန်းသည် နင်းမြို့တော်ကဲ့သို့ ကြီးမားသည့် မြို့ကြီးထဲ၌ သူမ မမြင်ချင်ဆုံးသူနှင့်တွေ့ရလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။

စန်းရန်...

ထိုအချိန်၌ စန်းရန်ကလည်း လှမ်းကြည့်လာရာ ကျီရှန်းရှန်း၏ မျက်နှာကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း အေးခဲသွားသည်။ ထို့နောက် ကျီရှန်းရှန်း၏ ဘေးရှိ လူနှစ်ယောက်အား ဆက်ကြည့်လိုက်ရင်း သူမ၏ အကြည့်များက ကျင်းယွင်ကျောင်းဆီသို့ ချက်ချင်းရောက်ရှိလာ၏။ ထိုအခါ သူမ၏ တစ်ကိုယ်လုံး ဒေါသများပြည့်နှက်လာ၍ မြင်းဇက်ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ မျက်ဝန်းများထဲ၌ လူသတ်ချင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။

ကျင်းယွင်ကျောင်း၊ သည်ကောင်မစုတ်လေးကလည်း သည်ရောက်နေတယ်ပေါ့။

“ဝမ်ဝမ်၊ နင် ဘာလို့ သူတို့နဲ့ ငြင်းခုံနေတာလဲ”

စန်းရန်က သူမ၏ ခံစားချက်ကို အတတ်နိုင်ဆုံး ပြန်ထိန်းလိုက်ပြီး အနီရောင်နှင့် မိန်းကလေးအား ပြုံး၍ မေးလိုက်သည်။

ထိုအခါ တစ်ဖက်လူက ခပ်တိုးတိုး လှောင်ရယ်လိုက်ပြီး ...

“ဆူဆူညံညံ မလုပ်စမ်းပါနဲ့ဟယ်။ သူတို့နဲ့ တန်လို့လား။ ငါ ဒီနေရာမှာ သူတို့ကိုယ် သူတို့ ချောတယ်ဆိုပြီး လေကြီးနေတဲ့သူတချို့ တွေ့ထားလို့လေ၊ ငါ သူတို့ကို ပညာမပေးဘဲ မနေနိုင်ဘူး။ တကယ်တမ်းကျ ဒီနေရာက ခွေးတွေ၊ ကြောင်တွေ လာချင်သလိုလာနိုင်တဲ့နေရာမှ မဟုတ်တာ”

“နင် ပြောလို့ပြီးပြီလား။ ငါတို့က နင့်ကို ရန်မစမိဘူးနော်။ ငါ့ကို စော်ကားပြောဆိုဖို့ ဒီလောက်တောင် စိတ်ဝင်စားနေတာလား”

ကျီရှန်းရှန်း၏ စိတ်ထဲ၌ အမှန်တကယ်ပင် အနိုင်ကျင့်ခံရသလို ခံစားနေရ၏။

သူမသည် ပထမဆုံးအကြိမ် မြင်းစီးဖူးခြင်း ဖြစ်၍ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့နေသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ထိုကိစ္စသည် တစ်ဖက်လူအတွက် အမှန်တကယ်ပင် လှောင်ပြောင်စရာ ဖြစ်နေသည်လား။

“စိတ်ဝင်စားတာပေါ့။ ဒီလိုမျိုး တောသူမတွေက အထက်တန်းလွှာယောင်ဆောင်တာကို ငါ တစ်ခါမှမမြင်ဖူးလို့လေ။ အဲ့တော့ ဘာဖြစ်လဲ”

တစ်ဖက်လူက ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စတစ်ခုအား လုပ်လိုက်သည့်အလား မျက်ခုံးပင့်၍ လှောင်ပြုံးပြုံးပြလာ၏။

ထိုအခါ ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်ပြီး ...

“ဒီက မိန်းကလေးက ဝတ်စားပုံကအစ တကယ် အထက်တန်းကျတယ်၊ ရွေးထားတဲ့ မြင်းကတောင်မှ သူများထက် ပိုကောင်းသေးတယ်။ ဒါပေမယ့် သူက လုံးဝ ပညာမတတ်ဘူးနော်၊ မြင်းလောက်ပဲ အဆင့်အတန်းရှိတယ်”

ထိုစကားကို ကြားသောအခါ စန်းရန်က ချက်ချင်းဝင်ပြောလာသည်။

“ကျင်းယွင်ကျောင်း၊ နင် ဘာလို့ နေရာတကာ ဝင်ပါနေတာလဲ”

“မမလေး စန်းရန်၊ ကျွန်မကလည်း ရှင်က ဘာလို့ ကျွန်မရဲ့ရှေ့မှာ အမြဲတမ်းပေါ်လာတာလဲလို့ သိချင်နေတာ။ ရှင် ကျွန်မကို ကြောက်နေသေးတာလား”

ကျင်းယွင်ကျောင်းကလည်း လုံးဝ မျက်နှာသာမပေးပေ။

သူမ၏ စကားကို ကြားသောအခါ စန်းရန်၏ ဘေးရှိ မိန်းမပျိုက လှည့်ကြည့်၍ မေးလိုက်သည်။

“နင်တို့ချင်း သိနေကြတာလား”

ထိုအခါ စန်းရန်က အနည်းငယ် ရှက်ရွံ့သွား၍ ...

“ငါ သူ့ကို တစ်ခါပဲတွေ့ဖူးတာပါ။ သူ့နာမည်က ကျင်းယွင်ကျောင်းတဲ့။ သူက မိဘမဲ့လေ၊ ပြိုင်ပွဲတစ်ခုကို အကြီးအကဲတစ်ယောက်ရဲ့အရိပ်ကို ခိုပြီး ဝင်ပြိုင်တယ်၊ ပြီးတော့ ငါ့ကို ကန်ထုတ်လိုက်တယ်လေ။ ငါ သူနဲ့ တကယ်မရင်းနှီးဘူး။ ဒါနဲ့ နင်က ဒီနေရာကို ဘယ်လိုလုပ်ရောက်လာတာလဲ။ အကပ်ကောင်းတွေ့နေလို့ပဲ မဟုတ်လား”

သူမသည် ရှုံးနိမ့်သွားသည့် အချိန်မှစ၍ ဆေးဖော်စပ်ခွင့် မရှိတော့သောကြောင့် ကျင်းယွင်ကျောင်းအား မြင်လိုက်ကတည်းက ဒေါသထွက်ခြင်းဖြစ်သည်။

အထက်တန်းလွှာ မဟုတ်သူများသည် အဆက်အသွယ် မရှိပါက ဤမြင်းစီးကလပ်သို့ ဝင်ခွင့်မရှိပေ။

ထို့ကြောင့် ဤနေရာသို့ လာသူများကို အပြစ်ပြုမိ၍ မရပေ။ ဥပမာ သူမ၏ အရှေ့ရှိ ဟုန်ဝမ်ကဲ့သို့ လူစားမျိုး ဖြစ်သည်။

ဟုန်မိသားစုသည် နင်းမြို့တော်၌ နာမည်ကျော်ကြားသော မိသားစုတစ်စု ဖြစ်၏။ ဟုန်ဝမ်၏ ဖခင်သည် ယွမ်တစ်ဘီလျံနီးပါး ချမ်းသာကြွယ်ဝ၍ နင်းမြို့တော်၌ မြို့မျက်နှာဖုံးတစ်ယောက်ဖြစ်သည်။ ဟုန်ဝမ်သည်လည်း ငယ်စဥ်ကတည်းက အလိုလိုက်ခံထားရ၍ မင်းသမီးငယ်လေးတစ်ပါးကဲ့သို့ အထက်စီးဆန်သည့် အကျင့်စရိုက်ရှိ၏။

ယခင်က ကျင်းယွင်ကျောင်းအတွက် အလှူငွေကောက်ခံပေးသည့်ကိစ္စဖြင့် စန်းရန်အား သူဌေးသားသမီးအချို့က ညစာစားပွဲသို့ ဖိတ်ကြားခဲ့ရာမှ ဟုန်ဝမ်နှင့်တွေ့ခဲ့ပြီး အတော်လေး ရင်းနှီးသွားခြင်းဖြစ်သည်။

စန်းရန်၏ စကားကို ကြားသောအခါ ဟုန်ဝမ်က ကျင်းယွင်ကျောင်းအား စက်ဆုပ်ဖွယ် အရာတစ်ခုကဲ့သို့ အထင်သေးစွာကြည့်၍ မဲ့ပြလိုက်၏။

“ဒါကြောင့် ငါ့လို မမလေးတစ်ယောက်ကို ပညာမတတ်ဘူးလို့ ပြောတာပဲ၊ မအံ့သြတော့ပါဘူး”

ထိုအခါ စန်းရန်က မသိမသာပြုံးလိုက်ပြီး ကျင်းယွင်ကျောင်းကို ကြည့်၍ တမင်သက်သက် မထိတထိ ရန်စလိုက်သည်။

“ဝမ်ဝမ်၊ ငါ နင့်ကို သူ့ အကြောင်းမသိမှာစိုးလို့ ပြောပြရဦးမယ်။ ဒီ ကျင်းယွင်ကျောင်းက အမြဲတမ်း မောက်မာတယ်။ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး”

သူမ၏ စကားကိုကြားသောအခါ ဟုန်ဝမ်က လက်ထဲရှိ မြင်းဇက်ကြိုးကို ချိန်ညှိလိုက်ရင်း ဝန်ထမ်းဖြစ်သူအား လှမ်းပြောလိုက်သည်။

“နင်တို့က ဒီလို လူစားမျိုးတွေကိုလည်း မြင်းစီးကလပ်ကို လာခွင့်ပြုတယ်ပေါ့”

ထိုအခါ ဝန်ထမ်းဖြစ်သူက ထိတ်လန့်သွား၏။

“ငါပြောနေတာကို နားမလည်ဘူးလား။ ဒီ သုံးယောက်ကို မောင်းထုတ်လိုက်။ ငါ သူတို့ကို မြင်ရတာ စိတ်ရှုပ်တယ်။ ငါ့ အာရုံကို လာဖျက်မယ့် အနှောက်အယှက်တွေ မလိုချင်ဘူး”

Chapter 387 : အစပျိုးခြင်း

ဟုန်ဝမ်သည် ခေါင်းမော့ထားရာ သူမ၏ အနီရဲရဲဝတ်စုံနှင့် အထက်စီးဆန်သောပုံစံက နေရောင်အောက်၌ ပို၍ မောက်မာဝံ့ကြွားနေ၏။ ထိုအခါ ကျီရှန်းရှန်းသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး သူမအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

သို့သော် စိုက်ကြည့်နေရုံသာ ဖြစ်၍ အသုံးမဝင်ပေ။ သူမသည် ဟုန်ဝမ်၏ နောက်ခံကို မသိသော်လည်း ဟုန်ဝမ်၏ စကားများက အထက်စီးဆန်လှသဖြင့် တစ်ဖက်လူ၏ မိသားစုနောက်ခံက သာမန်မဟုတ်ကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူမသည် ဟုန်ဝမ်အား မကြောက်သော်လည်း ရှောင်ဟိုင်ချင်းတို့ သားအဖနှစ်ယောက်အား ထည့်စဥ်းစားပေးရန် လိုသေးသည်။ အကယ်၍ ဤကိစ္စသည် သူတို့အပေါ်၌သာ အကျိုးသက်ရောက်မှုရှိပါက အနာဂတ်၌ သူတို့၏ ဘဝသည် သေချာပေါက် ခက်ခဲသွားလိမ့်မည် ဖြစ်၏။

ထိုအခါ စန်းရန်က ကျေနပ်စွာပြုံးလိုက်၏။

ယနေ့ သူမသည် ကံကောင်း၍ ကျင်းယွင်ကျောင်းနှင့် တွေ့ဆုံရပြီး သူမ၏ ရင်ထဲရှိ ဆူးညှောင့်ခလုတ်ကို ဖယ်ရှားနိုင်တော့မည် ဖြစ်သည်။

ဘုရားသခင်သည် အမှန်တကယ် တရားမျှတမှုရှိ၏။ ယခင်က ကျင်းယွင်ကျောင်းသည် သူမအား မောင်းထုတ်ခဲ့၍ အရှုံးသမားတစ်ယောက်ဖြစ်စေခဲ့၏။ သို့သော် ယနေ့ သူမ အပြည့်အဝ ပြန်လည်လက်စားချေရမည့် အလှည့်သို့ ရောက်ရှိလာပြီဖြစ်သည်။

ထို့နောက် စန်းရန်က ခေတ္တမျှ စဥ်းစားလိုက်ပြီး ကျင်းယွင်ကျောင်း ကလပ်ထဲမှ မောင်းထုတ်ခံရ၍ ငိုကြွေးနေမည့်အချိန်ကို စောင့်စားနေ၏။ သို့သော် ကျင်းယွင်ကျောင်းက ဝန်ထမ်းအား အေးစက်စက် ကြည့်နေရာ တစ်ဖက်လူသည် တွန့်ဆုတ်သွားပြီး ရှေ့မတိုးရဲတော့ပေ။

“ဘာလုပ်နေတာလဲ။ နင်က မမလေးဟုန် ပြောနေတာကို မနာခံဘူးလား။ သူက ဒီကိုလာနေကျ ဧည့်သည်နော်”

စန်းရန်က ချက်ချင်း ဝင်ပြောလိုက်၏။

“မြေခွေးကများ ကျားယောင်ဆောင်နေသေးတယ်။ စန်းရန်၊ နင်က တကယ် အရှက်မရှိတာပဲ။ နင် ပြိုင်ပွဲမှာ ရှုံးသွားလို့ ကန်ထုတ်ခံရတာ အသိသာကြီးကို၊ အခုကျ ငါတို့အရှေ့မှာ အသံကောင်းလာဟစ်ပြနေသေးတယ်။ ငါ နင့်လို အရှက်မရှိတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး”

ကျီရှန်ရှန်းက အံကြိတ်၍ ကျိန်ဆဲလိုက်သည်။

“ငါက နင့်လိုမျိုး အရှက်မရှိတဲ့သူလား။ ချွေ့ကျွင်းကို လိုက်ပိုးတာလေ။ အခု ငါက ကျင်းယွင်ကျောင်းကြောင့် ချွေ့မိသားစုအိမ်ကို မပြန်ရတော့ပေမယ့် ချွေ့ကျွင်းက ငါ့ကို သူ့ရဲ့ဝမ်းကွဲအစ်မတစ်ယောက်အနေနဲ့ ရိုသေလေးစားနေတုန်းပဲ။ ကျီရှန်းရှန်း၊ အခု နင် ငါ့ကို ဒီနေရာမှာ စော်ကားတာကိုသာ ချွေ့ကျွင်းသိသွားရင် နင်က ငါ့ရဲ့ဝမ်းကွဲညီမ ဘယ်တော့မှဖြစ်မလာနိုင်တော့ဘူး။ နင်က သေသင့်တာပဲ”

စန်းရန်က ခပ်တိုးတိုး ပြောလာ၏။

ထိုအခါ ချွေ့ကျွင်း၏ အမည်ပါလာသဖြင့် ကျီရှန်းရှန်း၏ မျက်လုံးများက ချက်ချင်းနီရဲသွားပြီး ...

“ဘယ်သူက ဂရုစိုက်နေလို့လဲ”

“နင်တို့တွေက အရင်တုန်းက ပြိုင်ဖူးကြတာလား။ ဘာပြိုင်ပွဲလဲ”

ဟုန်ဝန်၏ မျက်လုံးများက တောက်ပလာပြီး ဝင်မေးလိုက်သည်။

ထိုအခါ စန်းရန်က မျက်နှာပျက်သွားပြီး ...

“ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း...အလွတ်ကျက်ဖြေရတာမျိုးပါပဲ”

ငါရှုံးတဲ့ အကြောင်းအရင်းက ရွံစရာကောင်းတဲ့ ကင်းခြေများတွေကို မကိုင်ရဲလို့ပဲ မဟုတ်လား။ ဒါကြောင့်သာ မဟုတ်ရင် ငါက ဘာလို့ သည်လို တောသူအရိုင်းအစိုင်းတစ်ယောက်ကို ရှုံးရမှာလဲ”

“အို...တကယ်လား”

ဟုန်ဝမ်၏ မျက်လုံးများက စူးစူးရဲရဲ တောက်ပနေပြီး မြင်းလည်ဆံမွှေးကို ပွတ်သပ်ပေးရင်း ဆက်ပြောလာသည်။

“သူတို့က အတော်လေး အတင့်ရဲတာပဲ”

“အင်း...ငါ အဆင်ပြေပါတယ်”

စန်းရန်က အနည်းငယ် မလုံမလဲဖြင့် ပြန်ဖြေလိုက်၏။

ထိုစကားကို ကြားသောအခါ ဟုန်ဝမ်က လှောင်ပြုံး ပြုံးလိုက်ပြီး သူမ၏ လက်ထဲရှိ ကြာပွတ်ကို ရုတ်တရက်မြှောက်၍ ကျီရှန်းရှန်း၏ မြင်းအား ရိုက်ချလိုက်တော့သည်။

ထိုအခါ ကျီရှန်းရှန်း၏ မြင်းသည် ချက်ချင်း အကြောက်လွန်၍ ကဆုန်ပေါက်ပြေးသွား၏။

ထိုမြင်ကွင်းကို မြင်သောအခါ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့လည်း ချက်ချင်း တုန်လှုပ်သွားတော့သည်။

ကျီရှန်းရှန်းသည် မြင်းပေါ်၌ ခါယမ်းနေပြီး အဆက်မပြတ် အော်နေသည်ကို မြင်သောအခါ ဝန်ထမ်းဖြစ်သူသည် ရှေ့သို့ ချက်ချင်း ပြေးသွားချင်နေ၏။ သို့သော် သူ၏ အမူအယာကို မြင်သောအခါ ဟုန်ဝမ်က ပြောလာသည်။

“ရတယ်။ နင် သွားကူချင်ရင် ကူလိုက်လေ။ ဒါပေမယ့် နင်တို့ မြင်းစီးကလပ်ပိုင်ရှင်နဲ့ ငါ့အဖေက သူငယ်ချင်း။ နောက်ပိုင်း ငါ သူ့ကိုပြောလိုက်ရင် နင် သေချာပေါက် အလုပ်ထုတ်ခံရမှာပဲ၊ အလုပ်ထုတ်ခံရတာက ကြီးကျယ်တဲ့ ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါက အတော်လေး အငြိုးကြီးတဲ့ လူစားမျိုးဆိုတော့ ငါ့ကို ဒုက္ခပေးတဲ့သူဆိုရင် သူ့ရဲ့တစ်မိသားစုလုံးကို ဒုက္ခရောက်အောင် လုပ်တတ်တယ်”

ဟုန်ဝမ်၏ အကျင့်စရိုက်မှာ အလွန်မောက်မာကြောင်း ဤနေရာရှိ လူတိုင်း သိထားကြ၏။

ယခင်က ဝန်ထမ်းတစ်ယောက်သည် ဟုန်ဝမ်အား မောက်မာသည်ဟု ပြောခဲ့ဖူးသည်။ ထိုအခါ ဟုန်ဝမ်က ထိုဝန်ထမ်းအား သူမ၏နောက်သို့ လိုက်ကြည့်ပေးရန် ခေါ်သွား၏။ သို့သော် အဆုံး၌ မည်သို့ဖြစ်ပျက်သွားမှန်း မသိလိုက်ဘဲ ဟုန်ဝမ်အား အပြစ်ပြုမိသော ဝန်ထမ်းသည် မြင်းပေါ်မှ ပြုတ်ကျပြီး မြင်းအကန်ခံရ၍ ဆေးရုံသို့ ရောက်သွားသည်။

ထိုဝန်ထမ်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော်လည်း ဟုန်ဝမ်က ဧည့်သည်တစ်ယောက်ဖြစ်၍ သူမက ဤကိစ္စသည် မြင်းစီးကလပ်၏ တာဝန်သာ ဖြစ်ကြောင်း ပြောလာခဲ့၏။ ထိုဝန်ထမ်းသည် သူမနှင့်အတူ မြင်းစီးနေစဥ် သူမအား အခွင့်အရေး ယူသောကြောင့် မြင်းပေါ်မှ မတော်တဆ ကန်ချမိလိုက်သည်ဟု ဆိုသည်။

အဆုံး၌ မြင်းစီးကလပ်သည် ဟုန်ဝမ်အား လျော်ကြေးပေးလိုက်ရပြီး မြင်း အကန်ခံရသည့် ဝန်ထမ်းသည် နစ်နာကြေးပင် မရရှိခဲ့၍ သေကြောင်းကြံစည်လုနီးပါးပင်။

ထို့ကြောင့် ဟုန်ဝမ်၏ စကားကို ကြားသောအခါ မည်သူမှ ရှေ့မတိုးရဲတော့ပေ။

Chapter 388 : နောင်တမရသော

ကျင်းယွင်ကျောင်းသည် လူတိုင်း ရူးချင်ယောင်ဆောင်နေသည်ကို မြင်သောအခါ သူမ၏ ရင်ထဲ၌ ဒေါသများ ပြည့်နှက်လာ၏။

ကျီရှန်းရှန်းက ထိတ်လန့်တုန်လှုပ်နေပြီး မြင်း၏ ခန္ဓာကိုယ်ကို အတငအကြပ် ဖက်တွယ်ထားသည်။ ထိုအခါ မြင်းသည် နာကျင်မှုကြောင့် ပို၍ စိတ်ဖောက်လာပြီး ခွာအောက်ရှိ မြေကြီးများပင် ဖွာထွက်လာ၏။ ထို့ကြောင့် မြင်း၏ ကျောပေါ်ရှိ လူတစ်ကိုယ်လုံး ပြုတ်ကျသွားနိုင်ပြီး ဤအမြင့်အနေအထားနှင့် ဆိုပါက သေချာပေါက် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားနိုင်သည်။

ထို့နောက် ကျင်းယွင်ကျောင်းသည် လက်သီးတင်းတင်းဆုပ်ထားပြီး ရှောင်ဟိုင်ချင်းက အံကြိတ်၍ ပြောလာသည်။

“ငါ သွားမယ်”

“နင်က ဘယ်နည်းလမ်းကိုသုံးပြီး သွားမှာလဲ။ နေခဲ့”

စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းသည် ခန္ဓာကိုယ်အနေအထား ပြောင်းလိုက်ပြီး မြင်းကို ကဆုန်စိုင်း၍ အပြင်းနှင်သွားတော့သည်။

နားထဲ၌ လေတိုးသံများသာ ကြားနေရ၍ ကျင်းယွင်ကျောင်း၏ စိတ်သည် ဗလာဖြစ်နေ၏။ ပထမဆုံးအကြိမ် မြင်းစီးခြင် းဖြစ်၍ သူမအတွက် အလွန်ခက်ခဲလှသည်။

ကျင်းယွင်ကျောင်းက အမြဲတမ်း သင်ယူတတ်မြောက်လွယ်၍ ကိုယ်ခံပညာ အခြေခံလည်းရှိ၏။ ထို့ကြောင့် သူမသည် စစီးစီးချင်း၌ အသားမကျသေးသော်လည်း အကွာအဝေးတစ်ခုသို့ ရောက်သောအခါ ပို၍ တည်ငြိမ်လာသည်။ သူမ၏ မြင်းနက်လေးသည် ကျီရှန်းရှန်းကို ကျောပေါ်တင်၍ ကလန်ကဆန် လုပ်နေသည့် မြင်းအား တဖြည်းဖြည်းလိုက်မီလာ၏။

ထို့နောက် ကျင်းယွင်ကျောင်းသည် အရဲစွန့်၍ ခြေဆောင့်လိုက်ပြီး တစ်ဖက်မြင်းပေါ်သို့ ရုတ်တရက် ခုန်ကူးလိုက်ရာ တစ်ဖက်မြင်း၏ ကျောပေါ်ရှိ ကျီရှန်းရှန်း၏ နောက်သို့ ကွက်တိ ရောက်သွားတော့၏။

ကျီရှန်းရှန်းသည် မြင်းပေါ်၌ ရေဘဝဲတစ်ကောင်ကဲ့သို့ တွယ်ကပ်နေသဖြင့် ကျင်းယွင်ကျောင်းက သူမအား တစ်ချက်တည်း ဆောင့်ဆွဲ၍ ထူမတ်ပေးလိုက်သည်။ သို့သော် သူမသည် မြင်းကို မည်သို့ထိန်းကျောင်းရမှန်း မသိချေ။ ထို့ကြောင့် ထိုဗရမ်းဗတာ အခြေအနေအတိုင်း လွှတ်ထားလိုက်ပြီး ခဏကြာသောအခါ မြင်းက ရပ်တန့်သွားတော့၏။

ထိုအချိန်၌ မနီးမဝေးတွင် ရပ်နေကြသူများသည် အံသြတကြီး မှင်သက်နေကြ၏။

ရှောင်ဟိုင်ချင်းသည် ရင်တမမဖြစ်နေပြီး ကျင်းယွင်ကျောင်းက အခြေအနေအား ပြည့်ပြည့်ဝဝထိန်းချုပ်နိုင်သွားသည်ကို မြင်သောအခါမှသာ သက်ပြင်းချနိုင်၍ သူမ၏ မြင်းကို ထားခဲ့လိုက်ပြီး ကျင်းယွင်ကျောင်းတို့ဆီသို့ ပြေးလာသည်။

“ယွင်ကျောင်း၊ နင် အဆင်ပြေရဲ့လား”

ရှောင်ဟိုင်ချင်းက စိုးရိမ်တကြီးမေးလိုက်၏။

သူမသည် ဤမြင်းစီးကလပ်သို့ လာစဥ်က ယခုကဲ့သို့ အန္တရာယ်ရှိနိုင်သည်ကိုသာ ကြိုသိထားလျှင် မည်မျှပင် စူးစမ်းနေချင်စေကာမူ ကျင်းယွင်ကျောင်းအား အတူခေါ်လာမည် မဟုတ်ပေ။

အစောပိုင်းက အခြေအနေသည် အလွန်အန္တရာယ်များ၍ ကျင်းယွင်ကျောင်းသည်လည်း အမှန်တကယ်ပင် အရဲကိုးလွန်းလှသည်။ သူမသည် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရန်အတွက် ကိုယ်ခံပညာတတ်မြောက်ထားသော်လည်း ယခုကဲ့သို့ စိတ်လိုက်မာန်ပါ မလုပ်သင့်ပေ။ တကယ်တမ်း သူမ ကျီရှန်းရှန်း၏ မြင်းပေါ်သို့ ခုန်ကူးလိုက်ချိန်တွင် မြင်းနှစ်ကောင်၏ ကြားရှိ အကွာအဝေးသည် အနည်းဆုံး သုံးမီတာခန့် ကွာဝေး၏။

ခြေချတာ မှားသွားရင်ရော။ မြင်းပေါ်ကနေ ပြုတ်ကျရင်ရော။ မြင်းပေါက်စလေးတွေဆိုပေမယ့် ခြေလှမ်းတွေက ကျဥ်းကျဥ်းလေးမှ မဟုတ်တာ။

ထိုအခါ ကျင်းယွင်ကျောင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။

“ကံကောင်းလို့ ဘာမှမဖြစ်လိုက်ဘူး”

ထိုအချိန်၌ ကျီရှန်းရှန်းသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီး မျက်ရည်များ တသွင်သွင်စီးကျနေကာ ကျင်းယွင်ကျောင်း၏ အင်္ကျီစကိုသာ တင်းတင်းကြပ်ကြပ်ဆွဲထားပြီး လုံးဝလွှတ်မပေးပေ။ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်မှာ အသိအသာပင် ဖြစ်၏။

“အဆင်ပြေသွားပြီ၊ ဘာမှမဖြစ်တော့ဘူးနော်”

ကျီရှန်းရှန်း၏ ပုံစံကို မြင်သောအခါ ကျင်းယွင်ကျောင်းသည် မနှစ်သိမ့်ဘဲ မနေနိုင်တော့ချေ။

ကျီရှန်းရှန်းသည် ခဏကြာအောင် ရှိုက်ငိုနေပြီးနောက် စိတ်ပြန်ထိန်းလိုက်သည်။ ထို့နောက် ဟုန်ဝမ်ဆီသို့ ချက်ချင်းပြေးသွား၍ လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲတော့သည်။

“နင် ရူးနေတာလား။ ငါ တစ်ခုခုဖြစ်သွားရင် နင် တာဝန်ယူမှာလား”

ထိုအခါ ဟုန်ဝမ်က လှောင်ရယ်လိုက်ပြီး ...

“ဒီမှာ ဘာမှဖြစ်မသွားဘူး မဟုတ်လား”

“ပျင်းစရာ ကောင်းလိုက်တာနော်”

ဟုန်ဝမ်က အလေးမထားဟန်ဖြင့် တစ်လုံးချင်းပြောလိုက်၏။

“နင်တို့လို လူစားမျိုးတွေက ပြဿနာ ရှာရတာကို တော်တော်သဘောကျတာပဲ။ နင်သာ နင့်ရဲ့မြင်းကို လျှော့တွက်မထားရင် ငါ ခြောက်လို့ရပါ့မလား။ ပြီးတော့ မြင်းစီးကလပ်မှာ ကြာပွတ်ယမ်းတယ်ဆိုတာ ပုံမှန်လုပ်နေကျ ကိစ္စပဲ မဟုတ်လား၊ ငါက နင့်မြင်းကို မတော်တဆ ထိမိသွားတာပါ။ ပြဿနာရှိလို့လား”

ထိုအခါ ဤနေရာသို့ ပြန်ရောက်လာသော ကျင်းယွင်ကျောင်းသည် ဟုန်ဝမ်၏ စကားများကို ကြားပြီး ဒေါသထွက်သွားသည်။

ဤမိန်းကလေးသည် အသက်နှစ်ဆယ်ကျော်ခါစအရွယ်ဖြစ်၍ အတော်လေးချောမောလှပသော်လည်း တခြားလူများ၏ အသက်ကို အလေးမထားပေ။

ထိုစကားကို ကျင်းယွင်ကျောင်းက ပုံကြီးချဲ့ပြောခြင်း မဟုတ်။ လက်တွေ့၌ အစောပိုင်း အခြေအနေအတွင်း ကျီရှန်းရှန်းသာ အမှန်တကယ် ပြုတ်ကျသွားပါက မည်မျှပင် ကံကောင်းနေစေကာမူ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရသွားမည်သာ ဖြစ်သည်။

All Chapters