အခန်း (၃၈၉-၃၉၂)
Vol. 20 Ch. 389-392
Chapter 389 : လက်စားချေခြင်း
ဟုန်ဝမ်သည် ထိုကိစ္စကို လုံးဝအလေးအနက်မထားသော်လည်း အစောပိုင်းက ကျင်းယွင်ကျောင်း၏ လုပ်ဆောင်ချက်ကိုမူ အတော်လေး အံ့အားသင့်နေ၏။
မြင်း၏ ကျောပေါ်မှခုန်ကူးလိုက်သည့် လုပ်ရပ်သည် သိုင်းသမားတစ်ယောက်နှင့် တူသည်။ မျက်မြင်ကိုယ်တွေ့သာ မဟုတ်ပါက ကျင်းယွင်ကျောင်းအား အတင်းအကြပ် ဖိအားပေး၍ လုပ်ခိုင်းသည်ဟုပင် ထင်မိနိုင်သည်။
ကမ္ဘာပေါ်မှာ အံ့သြစရာတွေ အများကြီးရှိတာပဲ။ သည်လောက်ကောင်းတဲ့ အရည်အချင်းတွေရှိတာကို ဆပ်ကပ်အဖွဲ့ထဲ မဝင်တာ နှမြောစရာကောင်းလိုက်တာ။
ထို့နောက် ဟုန်ဝမ်က မျက်မှောင်ကြုံ့၍ သူမ၏ မြင်းကို ကျီရှန်းရှန်း၏ ဘေးမှ ခပ်ဖြည်းဖြည်းနှင်၍ မျက်စိပင် စွေမကြည့်ဘဲ ပြောလိုက်သည်။
“ဟုတ်ပါပြီ၊ ငါ နင်တို့လို တောသူမတွေနဲ့ ဆော့ရတာ ပျင်းလာပြီ။ စန်းရန်၊ သွားကြစို့။ သူငယ်ချင်းတို့...သစ်တောထဲမှာ တစ်ပတ်လောက် ပတ်စီးကြရအောင်။ ပြီးရင် ဝန်ထမ်းတစ်ယောက်ကို လက်ဖက်ရည် ယူလာခိုင်းမယ်။ နင်တို့တွေလည်း ကောင်းကောင်း အနားယူလို့ရတာပေါ့”
ထိုအခါ ကျင်းယွင်ကျောင်း၏ မျက်လုံးများက လက်သွားပြီး လက်ထဲရှိ ခဲသေးသေးလေးနှင့် ပစ်လိုက်၏။
အတွင်းအား ထုတ်သုံးထား၍ အကွာအဝေးကလည်း သိပ်မဝေးသဖြင့် သူမသည် ပစ်မှတ်ကိုတိတိကျကျ ချိန်ဆနိုင်ပြီး မြင်း၏ ခြေထောက်တည့်တည့်ကို ထိမှန်သွားသည်။ ထိုအခါ မြင်း၏ ရှေ့ခြေထောက်သည် ချက်ချင်း ဒူးထောက်ကျသွား၍ ဆွဲဆွဲငင်ငင်ဟီကာ လဲကျသွား၏။ မြင်းပေါ်၌ ဥဒေါင်းတစ်ကောင်ကဲ့သို့ ကျော့ကျော့ရှင်းရှင်း ထိုင်နေသည့် ဟုန်ဝမ်သည်လည်း ချက်ချင်း ဟန်ချက်ပျက်၍ မြေပေါ်သို့ပြုတ်ကျကာ သုံးလေးပတ်ခန့် လိမ့်သွားတော့သည်။
မြင်းငါးကောင်သည် အတော်လေး နီးကပ်နေ၏။ ဟုန်ဝမ်၏ မြင်းလဲကျသွားသောအခါ အနောက်ရှိမြင်းများသည်လည်း အနည်းငယ်ထိတ်လန့်သွားပြီး တစ်ကောင်ချင်းစီက ပတတ်ရပ်ကာ ဆွဲဆွဲငင်ငင်ဟီလိုက်ကြသဖြင့် မြင်းပေါ်ရှိလူများလည်း အထိတ်တလန့် ဖြစ်သွားကြသည်။
ဟုန်ဝမ် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်နှင့် လူများသည် သူမ၏ ဘေးသို့ ချက်ချင်းပြေးသွားကြ၏။
ဟုန်ဝမ်သည် လက်မောင်တစ်ဖက်ပြုတ် ထွက်သွားသည့်အလား နာကျင်နေ၍ မျက်နှာက ဖရိုဖရဲဖြစ်နေသည်။
သူမ ဝတ်ဆင်ထားသည့် အဖြူရောင်ဘောင်းဘီရှည်သည်လည်း ရွှံ့ရောင် ပြောင်းသွား၍ လက်ကောက်ဝတ်ပေါ်၌ ပွန်းပဲ့ရာများရှိနေ၏။ သို့သော် ခြုံကြည့်ပါက ပြင်းပြင်းထန်ထန် ထိခိုက်သွားခြင်း မရှိပေ။
ပြုတ်ကျသည့်အချိန်၌ လက်မောင်းတစ်ဖက်သည် မြေကြီးနှင့် ရိုက်မိသောကြောင့် အနည်းငယ် ထိခိုက်ပွန်းပဲ့သွားခြင်းဖြစ်သည်။
“ဝမ်ဝမ်”
“ဝမ်ဝမ်...နင် အဆင်ပြေရဲ့လား။ မကြောက်နဲ့နော်”
“ဆေးရုံကား ခေါ်ကြလေ”
...
သူမအား ဝိုင်းအုံထားသည့် လူများက ပျာပျာသလဲလဲ အော်ဟစ်နေကြ၏။
ထိုအခါ ဟုန်ဝမ်သည် အံကြိတ်လိုက်ပြီး အလွန်ရှက်ရွံ့သွားသည်။ လက်တွေ့၌ သူမသည် ပြင်းပြင်းထန်ထန် ထိခိုက်မသွားဘဲ အလတ်ကြီးရှိနေသေးသော်လည်း သူမ ဘေးရှိ လူများ၏အော်သံများကို ကြားသောအခါ ပို ဒေါသထွက်သွားပြီး ကျင်းယွင်ကျောင်းတို့ သုံးယောက်အား စိိုက်ကြည့်ကာ ပြောလာ၏။
“နင်တို့တွေ လက်ချက်ပဲ မဟုတ်လား”
သူမ၏ မြင်းသည် အကြောင်းအရင်းမရှိ လဲကျသွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က လက်စားချေခြင်းသာ ဖြစ်ရမည်။
သို့သော် ကျင်းယွင်ကျောင်းက ခပ်တိုးတိုးလှောင်ရယ်လိုက်ပြီး ...
“မမလေး ဟုန်...ရှင် နောက်နေတာလား။ ကျွန်မတို့က ရှင်နဲ့ သုံး၊ လေးမီတာလောက် ဝေးတယ်လေ။ ကြာပွတ်နဲ့ လှမ်းရိုက်ရင်တောင် မမှီဘူး။ ပြီးတော့ ဒီနားမှာ လူတွေ အများကြီးရှိနေတာ၊ ကျွန်မတို့က ကြာပွတ် လွှဲလိုက်တာကိုတောင် မြင်လိုက်တဲ့သူရှိလို့လား”
သူမသည် ခဲနှင့် ပစ်ခဲ့သော်လည်း လုံးဝ သဲလွန်စချန်မထားခဲ့ပေ။ သူမက ကိုယ်ခံပညာတတ်မြောက်ထားသဖြင့် လှုပ်ရှားမှုများက လျင်မြန်လွန်းရာ ဟုန်ဝမ်၏ စွပ်စွဲချက်များက အသုံးမဝင်ခဲ့။
ထိုအခါ ဟုန်ဝမ်၏ မျက်လုံးများက အေးစက်သွားပြီး
“နင့် လက်ချက်ပဲ”
“ဝမ်ဝမ်၊ ငါ ဆေးရုံကား ခေါ်ထားတယ်”
စန်းရန်က အလွန်အမင်း စိုးရိမ်သောကရောက်နေဟန်ဖြင့် ပြောလာရာ ဟုန်ဝမ်က သူမအား အေးစက်စက်ကြည့်လိုက်ပြီး ပြောလာသည်။
“ဘာ ဆေးရုံကား ခေါ်တာလဲ။ ရဲကို ခေါ်။ လူသတ်သမားရှိတယ်လို့သာ ပြောလိုက်။ ပြီးတော့ ငါ့အဖေကိုလည်း သွားခေါ်။ ငါ သူတို့ကို ဒီနေရာကနေ ဆွဲခေါ်သွားတာကို မြင်ချင်တယ်”
ဤနေရာ၌ အလုပ်လုပ်သော ဝန်ထမ်းများသည် အသက်မပြည့်သေးသော ကလေးတချို့နှင့် အသက်နှစ်ဆယ်ကျော်ခန့် မိန်းကလေးများသာ ဖြစ်သည်။ လူငယ် ယောက်ျားလေးများစွာ မရှိဘဲ ဝန်ထမ်းအများစုမှာ မြင်းစီးကလပ်၏ ဘေးတွင်နေထိုင်ကြသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားများသာဖြစ်၏။
ယခု ဟုန်ဝမ်က ထိုသို့ပြောလိုက်သောအခါ စန်းရန်က သဘောပေါက်သွား၍ သူမ၏ ဘေးရှိ လူသုံးယောက်က လူကြီးများကို သတင်းပို့ရန်အတွက် ပြေးသွားကြသည်။
ထို့နောက် ဟုန်ဝမ်သည် မြေကြီးပေါ်မှ ရှက်ရွံ့စွာဖြင့် ထရပ်လိုက်ပြီး ဘေးမှ ဝန်ထမ်းတစ်ယောက်က သူမ ထိုင်ရန်အတွက် အနားယူသည့် နေရာသို့ တွဲခေါ်သွားပေး၏။ ထိုစဥ် ကျင်းယွင်ကျောင်းတို့ သုံးယောက်ကိုလည်း ဝန်ထမ်းတစ်ယောက်က တားထားသဖြင့် လုံးဝ ရွေ့မရပေ။ သူမတို့အား အကျဥ်းသားများသဖွယ် မှတ်ယူထားကြပုံပေါ်၏။
ထိုအခါ ကျင်းယွင်ကျောင်း၏ မျက်လုံးများက မှေးမှိန်သွား၍ ခေတ္တမျှ စဥ်းစားပြီးနောက် ဖုန်းကိုထုတ်၍ လူနှစ်ယောက်အား ဆက်သွယ်လိုက်၏။
Chapter 390 : လှည့်စားခြင်း
ထိုအခိုက်၌ ပတ်ဝန်းကျင်သည် အလွန်အမင်း တိတ်ဆိတ်နေသည်။
ကျီရှန်းရှန်း၏ ရင်ထဲတွင်လည်း ဒေါသများပြည့်နှက်နေ၏။ ဟုန်ဝမ်အား သွားမရှုပ်သင့်ကြောင်း သူမသိသည်။ သူမကိုယ်တိုင်သည်လည်း ပြဿနာရှာတတ်သူတစ်ယောက် ဖြစ်၏။ သို့သော် ဟုန်ဝမ်အား မြင်သောအခါ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်မှု မရှိသူ ဟူ၍ ခံစားလိုက်ရသည်။
သူမသည် ရံဖန်ရံခါ ဒေါသအိုး ပေါက်ကွဲ၍ အခြားသူများ အန္တရာယ်ပြုတတ်သော်လည်း ထိုသို့ဖြစ်ခဲလှသည်။ ဥပမာ ဆေးပညာ ညီလာခံ၌ ကျင်းယွင်ကျောင်းအား ခဲဖြင့် ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူမသည် ကျင်းယွင်ကျောင်းက အဆင်ပြေနေ၍ သန်မာချင်ယောင်ဆောင်နေသည်ကို မြင်သောအခါ ဒေါသထွက်လာပြီး ထိုနေရာ၌ ချွေ့ကျွင်းလည်း ရှိနေသည်ဖြစ်ရာ ရုတ်တရက် စိတ်လွတ်သွားခြင်း ဖြစ်၏။
သို့သော် ဟုန်ဝမ်ကမူ မတူပေ။ သူမ၏ မျက်လုံးထဲ၌ လူတိုင်းကို မတူမတန်ဟု သတ်မှတ်ထားသည်လား။
“ငါ ဘာလုပ်သင့်လဲ။ ရှောင်ဟိုင်ချင်း၊ ငါ နင့်ကို ဒုက္ခပေးမိပြီနဲ့ တူတယ်”
ကျီရှန်းရှန်းသည် အနည်းငယ် ရှက်ရွံ့နေသည်။
ဟုန်ဝမ်၏ မိသားစုနောက်ခံသည် အလွန်ကောင်း၏။ ရှောင်တောက်အန်း၏ စီးပွားရေး အခြေအနေက အဆင်ပြေသော်လည်း ဟုန်မိသားစုနှင့်မူ သေချာပေါက် မယှဥ်နိုင်ပေ။
ထိုအခါ ရှောင်ဟိုင်ချင်းက ခေါင်းယမ်းလိုက်ပြီး ...
“နင်က ဘာလို့ လုပ်ပေးစရာလိုမှာလဲ။ တစ်ဖက်လူက လူတွေကို အထင်သေးတာလေ။ သူက ဝင်လာတည်းက ငါတို့ အဝတ်အစားတွေကိုပဲ ရည်ရွယ်ပြီးပြောနေတာ။ ငါတို့မိသားစုက သူတို့လောက် မချမ်းသာမှန်း သူ သေချာပေါက်သိလို့ တမင်သက်သက် ပြဿနာရှာတာပဲ”
သူတို့၏ အဝတ်အစားများသည်လည်း အမှန်တကယ်ပင် အရည်အသွေး မကောင်းပေ။ အကြောင်းမှာ သူမသည် ယခင်က ဤမြင်းစီးကလပ်သို့ မလာဖူးသည့်အပြင် နောက်တွင်လည်း မကြာခဏ လာဖြစ်မည် မဟုတ်သောကြောင့် အပိုမဖြုန်းတီးမိစေရန် သာမန်အဝတ်အစားများကိုသာ ဝယ်ခဲ့မိခြင်း ဖြစ်သည်။
ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်းနှင့် ကျီရှန်းရှန်းတို့အား အတော်လေး အားနာ၍ တောင်းပန်ချင်နေ၏။
သူမသည် သူငယ်ချင်း နှစ်ယောက်အား အပန်းဖြေအနားယူစေချင်၍ အပြင်သို့ ခေါ်လာခဲ့သော်လည်း အဆုံး၌ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ပြဿနာရှာတတ်သည့် မိန်းကလေးတစ်ယောက်နှင့် တွေ့၍ ကျီရှန်းရှန်းသည် ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်၌ ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်းအား တစ်ချက်ကြည့်လိုက်ပြီး သူမ၏ လုပ်ရပ်ပြောပြချင်နေသော်လည်း ရှောင်ဟိုင်ချင်းက သူမ၏ နားနားသို့ ကပ်လာပြီး ခပ်တိုးတိုး ပြောလာ၏။
“ငါ သိပြီးသားမို့လို့ နင် ငါ့ကို ပြောပြစရာ မလိုပါဘူး”
ကျင်းယွင်ကျောင်းမှ လွဲလျှင် ဟုန်ဝမ်အား မြေကြီးပေါ်သို့ ပြုတ်ကျပြီး အရှက်ရသွားစေရန် မည်သူကမှ လူမသိ၊ သူမသိ မလုပ်နိုင်ပေ။ ကျင်းယွင်ကျောင်းက ထိုလုပ်ရပ်ကို မည်သည့်အချိန်၌ မည်သို့လုပ်လိုက်မှန်း မသိသော်လည်း လက်သည်တရားခံက ကျင်းယွင်ကျောင်းသာ ဖြစ်သည်ကို ရှောင်ဟိုင်ချင်း ရိပ်မိထားပြီးသား ဖြစ်၏။
သို့သော် သူမသည် ကျင်းယွင်ကျောင်းအား အပြစ်တင်ရလောက်သည်အထိ မတုံးအပေ။ ထို့အပြင် သူမသည် တစ်ခါမှ သတ္တိမကြောင်ခဲ့ဖူး၊ ကိုယ်ခံပညာ မတတ်မြောက်သော်လည်း ကျင်းယွင်ကျောင်းထက် ပို၍ အညှာအတာကင်းမဲ့သည်။
သူမသည် ကျင်းယွင်ကျောင်း၏ လုပ်ရပ်ကို သေချာမသိသော်လည်း လူကြားထဲ၌ ထုတ်မေးရန်အဆင်မပြေပေ။ ထိုသို့မဟုတ်ပါက ကျင်းယွင်ကျောင်း၏ လုပ်ရပ်ကို ဖော်ထုတ်ခံလိုက်ရနိုင်ပြီး သူမတို့သည်လည်း လွတ်လမ်းရှိတော့မည် မဟုတ်ချေ။ ယခု ဝန်ထမ်းများသည် သူတို့အား တရားခံသဖွယ် တားဆီးထားသော်လည်း ခိုင်လုံတိကျသည့် သက်သေအထောက်အထား မရှိပေ။ ထို့ကြောင့် ယခုအချိန်တွင် အင်အားခြင်း မယှဥ်နိုင်သော်လည်း သူမ လုံးဝမကြောက်။
အကြီးအကဲရှု၏ စကားသည် အလွန်မှန်ကန်သည်ဟု ကျင်းယွင်ကျောင်း တွေးမိ၏။ သူမ၏ ဆေးပညာစွမ်းရည်ကို ကမ္ဘာကြီးအား ကူညီ၍ လူ့အသက်များကို ကယ်ဆယ်သည့်နေရာတွင်သာအသုံးချ၍ မဖြစ်နိုင်ပေ။ လူအများအား ကယ်တင်လိုလျှင် မိမိကိုယ်ကို အရင်ဆုံး ကယ်တင်ရမည်ဖြစ်သည်။
သူမသည် အမြင့်သို့ရောက်ရန် ကိုယ့်အားကိုယ်ကိုး၍ တက်ခဲ့ရသဖြင့် ကိုယ်လုပ်ခဲ့သမျှ လုပ်ရပ်တိုင်းကို တာဝန်ယူနိုင်သည်။
ထို့အပြင် သူမသည် သာမန်ဘဝ အခြေအနေ၌ ရှင်သန်နေထိုင်ရန် ရွေးခြယ်ခဲ့ခြင်း မဟုတ်သဖြင့် သူမ၏ ဘဝ၌ အခက်အခဲဒုက္ခများ မပြတ်လပ်သည်က သဘာဝပင်ဖြစ်၏။
ထို့နောက် ခေါ်ထားသည့် လူများ၏ အလာကို စောင့်ဆိုင်းနေစဥ်မှာပင် ဝန်ထမ်းတစ်ယောက်က ဟုန်ဝမ်၏ ဒဏ်ရာများကို အသေးစိတ် ကုသပေးလိုက်သည်။
လက်မောင်းတစ်ဖက် ပွန်းပဲ့သွား၍ မျက်နှာပေါ်တွင်လည်း ခြစ်ရာအချို့ရှိပြီး ခြေထောက်နာသွားသော်လည်း ဒဏ်ရာမပြင်းထန်ပေ။ ဘယ်ဘက်လက်မောင်းရှိ ဒဏ်ရာသည်သာ အပြင်းဆုံးဖြစ်၍ ကျောက်ခဲနှင့် ခြစ်မိပြီး ပေါက်ပြဲသွားကာ အတော်လေး သွေးထွက်နေ၏။ သို့သော် နေ့စဥ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်သည့် အခြေအနေအထိ ထိခိုက်ခြင်း မဟုတ်ပေ။
မကြာခင်မှာပင် သူတို့ဆီသို့ ခပ်သွက်သွက်လျှောက်လာသည့် လူတစ်စုအား မြင်လိုက်ကြရသည်။
အစောပိုင်းက ဟုန်ဝမ်၏ အော်သံကြောင့် အချို့လူများက လူသတ်သမားရှိသည်ဟု ကောလဟာလသတင်းဖြန့်ကြ၍ လူကြီးများသည် သူတို့၏ သားသမီးများကို စိတ်ပူပြီး ဤနေရာသို့ အပြေးရောက်လာကြခြင်း ဖြစ်သည်။ သို့သော် သူတို့သည် အခင်းဖြစ်သည့်နေရာသို့ ရောက်လာ၍ ဟုန်ဝမ် ပွန်းပဲ့ရုံလောက်သာ ဒဏ်ရာရသည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားကြ၏။
“ဘယ်လိုဖြစ်တာလဲ။ ဝမ်ဝမ်...သမီး ဘာဖြစ်လို့ မြင်းပေါ်က ပြုတ်ကျတာလဲ”
သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ပြေးလာ၍ စိုးရိမ်တကြီး မေးလာသည်။
ဟုန်ဝမ်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် နစ်နာသည့် အမူအယာဖြစ်သွား၍ ...
“ဖေဖေ...အဲ့သုံးယောက်က မြင်းကို လန့်အောင် ခြောက်လိုက်တာ”
ဟုန်ဝမ်က ထိုသို့ ပြောလိုက်သည်နှင့် လူများ၏ အမူအယာသည် ချက်ချင်းပြောင်းလဲသွား၍ အုပ်စုအတွင်း၌ နှစ်ခြမ်းကွဲသွားသည်။ ဟုန်ဝမ်၏ ဘေးရှိ လူနည်းစုသည် သူမ၏ စကားအား ချက်ချင်း ထောက်ခံလိုက်ကြ၏။ အထူးသဖြင့် စန်းရန်သည် ယနေ့ ရက်ရာဇာ ဖြစ်သည်ဟု ခံစားနေရ၍ အလွန်ကျေနပ်ပီတိဖြစ်နေသည်။
Chapter 391 : အစွပ်စွဲခံရခြင်း
ဟုန်ဝမ်၏ ဖခင်သည် အရှေ့တိုင်းဆန်သော မျက်နှာပေါက်ရှိ၍ သမီးဖြစ်သူအား အလွန်စိုးရိမ်ပူပန်နေ၏။ သူ၏ ဘေးတွင်လည်း လူကြီးအချို့ရပ်နေကြပြီး သူတို့သည် အခြေအနေကို စုံစမ်းရန်အတွက် ရောက်လာကြခြင်း ဖြစ်သည်။
ထိုသူများအနက် ရှောင်ဟိုင်ချင်း၏ အဖေ ရှောင်တောက်အန်းလည်း ပါဝင်၏။
ရှောင်တောက်အန်းသည် သမီးဖြစ်သူအား ဝန်ထမ်းများက ဝန်းရံထားသည်ကို မြင်သောအခါ ရင်တစ်ချက် ဆောင့်ခုန်သွားသည်။ ထို့နောက် ဟုန်ဝမ်၏ စွပ်စွဲချက်ကို ကြားလိုက်ရသောအခါ ချက်ချင်း မျက်နှာပျက်သွားတော့၏။
“အထင်လွဲစရာလေးတွေ ရှိတယ်နဲ့ တူတယ်။ လူကြီးမင်း ဟုန်၊ ဒါက ကျွန်တော့်သမီးနဲ့ သူ့ရဲ့အတန်းဖော်နှစ်ယောက်ပါ”
ရှောင်တောက်အန်းက ခပ်ရွံ့ရွံ့ ပြောလိုက်သည်။
ဖခင်ဖြစ်သူ၏ ရို့ကျိုး၊ ခယနေမှုကို မြင်သောအခါ ရှောင်ဟိုင်ချင်းသည် မချိပြုံးပြုံးလိုက်မိ၏။
ယမန်နေ့ ညနေက သူမသည် ဖခင်နှင့် စကားစမြည်ပြောခဲ့ပြီး ရှောင်မိသားစု၏ စီးပွားရေးလုပ်ငန်း နင်းမြို့တော်၌ နေရာရလာခြင်းမှာ ထျန်းဟုန် စီးပွားရေးလုပ်ငန်းစု၏ မျက်စိကျခြင်းကို ခံခဲ့ရသောကြောင့်ဟု သိခဲ့ရသည်။ မူလက ထျန်းဟုန် စီးပွားရေးလုပ်ငန်းစုသည် အခြားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းခဲ့သော်လည်း အတွင်းသတင်းများအရ ထိုကုမ္ပဏီသည် တစ်စုံတစ်ယောက်အား အပြစ်ပြုမိခဲ့ပြီး တစ်ဖက်လူက ထိုကုမ္ပဏီအား သင်ခန်းစာပေးရန် ရည်ရွယ်ထားကြောင်း သိလိုက်ရသဖြင့် ထျန်းဟုန် စီးပွားရေးလုပ်ငန်းစုသည် ထိုကုမ္ပဏီနှင့်ပူးပေါင်းမှုကို ပယ်ဖျက်၍ အခြားကုမ္ပဏီများကို ပြန်လည်ရွေးခြယ်ခဲ့သည်။
ထိုအချိန်၌ ရှောင်မိသားစု ကုမ္ပဏီသည် အင်အားနည်းသော်လည်း လာဘ်မြင်တတ်၍ အကျိုးအမြတ် အနည်းငယ်သာ ယူပြီး ထျန်းဟုန်စီးပွားရေး လုပ်ငန်းစုနှင့် အလိုက်သင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုအချိန်၌ ရှောင်ဟိုင်ချင်းသည် ဖခင်ဖြစ်သူအား ကြည့်၍ တွေးလိုက်၏။
ထျန်းဟုန် စီးပွားရေးလုပ်ငန်းစုက ဟုန်မိသားစုပိုင်တာများလား။
ရှောင်တောက်အန်း၏ စကားကို ကြားသောအခါ မစ္စတာ ဟုန်၏ မျက်နှာက ချက်ချင်း အေးစက်သွားပြီး ...
“အထင်လွဲတာ ဟုတ်လား။ ကျုပ်သမီးက ဒီလိုမျိုးပြောနေမှတော့ ဘယ်လိုလုပ်ပြီး အထင်လွဲတာဖြစ်မလဲ။ မစ္စတာ ရှောင်၊ ခင်ဗျားရဲ့သမီးကို ဘယ်လိုများ သင်ကြားထားတာလဲ”
ထိုအခါ ရှောင်တောက်အန်းသည် အနည်းငယ် ရှက်ရွံ့သွား၏။ လူတိုင်းက သူ့အား စိုက်ကြည့်နေကြသည်ဖြစ်ရာ သူသည် အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက် ဖြစ်သော်လည်း ကျွင်းတစ်ကျွင်းထဲ၌သာ ဝင်ပုန်းနေလိုက်ချင်သည်။
အကယ်၍ တစ်ဖက်လူသည် မိတ်ဆွေတစ်ယောက်ဖြစ်ပါက သူသည် ကတ်သီးကတ်ဖဲ့ ပြန်လည်ချေပနိုင်သော်လည်း ယခုအခါ တစ်ဖက်လူက ရှယ်ယာရှင် အကြီးအကဲတစ်ယောက် ဖြစ်နေရာ သူ မည်သို့ပြန်လည်ချေပနိုင်မည်နည်း။
“ဟုတ်ပါတယ် ခင်ဗျာ...ကျွန်တော် အိမ်ပြန်ရောက်ရင် သူ့ကို သေချာပေါက် ဆုံးမလိုက်ပါ့မယ်”
သူက ခေါင်းညိတ်၍ ချက်ချင်း ပြန်ဖြေလိုက်ပြီး အလွန်အမင်း ရှက်ရွံ့နေပုံပေါ်သည်။
သို့သော် ဟုန်ဝမ်သည် တစ်ဖက်လူ၏ ဖခင်ဖြစ်သူ၏ အမူအယာကို မြင်သောအခါ ပို၍ နစ်နာသွားချင်ဟန်ဆောင်လိုက်ရင်း ခံရခက်စွာ ပြုံးလိုက်ကာ ...
“ဖေဖေ...ဒီသုံးယောက်က ကျွန်မကိုသတ်ဖို့လုပ်ခဲ့တာလေ။ သူတို့ကို လွယ်လွယ်နဲ့ အိမ်ပြန်ခွင့်ပေးမလို့လား”
“ကျွန်မရဲ့မျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကိုလည်း ကြည့်ပါဦး။ လက်မောင်းတစ်ဖက်ကလည်း ကျိုးလုနီးပါးပဲ။ ပြီးတော့ အစောပိုင်းတုန်းက သူတို့က ကျွန်မကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပညာမတတ်တဲ့ မိမဆုံးမ၊ ဖမဆုံးမလို့ ပြောခဲ့သေးတယ်။ ကျွန်မ ကလေးဘဝကတည်းက ဒီလိုမျိုး တစ်ခါမှ အစွပ်စွဲမခံခဲ့ဖူးဘူး”
ဟုန်ဝမ်က ထပ်ပြောလာပြီး သူမ၏ စကားဆုံးသောအခါ မစ္စတာ ဟုန်သည် အတော်လေး စိတ်ထိခိုက်သွား၏။
သူသည် သူ၏ အဖိုးတန်သမီးလေးကို ငယ်စဥ်ကတည်းက ပိုးမွေးသလို ကျွေးမွေးစောင့်ရှောက်ခဲ့၍ ဘယ်တော့မှ မရိုက်ရက်၊ မငေါက်ရက်ခဲ့ပေ။ သူမနှင့် စကားပြောလျှင်တောင်မှ အမြဲ နူးညံ့ငြင်သာစွာ ပြောဆိုခဲ့သည်။ သို့သော် သူ၏သမီးလေးသည် ယခုအခါ ဘေးသူစိမ်းများထံမှ အနိုင်ကျင့်ခံရသည်လား။
ထို့အပြင် ရှောင်မိသားစုသည် သူ ထောက်ပံ့ပေးထားသည့် မိသားစုဖြစ်၏။
အဲ့လို မိသားစုရဲ့သမီးကများ ငါ့သမီးကို ပညာမတတ်၊ မိဆုံးမ၊ ဖမဆုံးမလို့ ပြောတယ်ပေါ့။ ဟုန်ထျန်းရဲ့သမီးကို တခြားသူတွေက လာဆုံးမရဲတယ်လား။
“ဥပဒေနဲ့ ငြိရင်တော့ ဥပဒေအတိုင်းပဲ ဖြေရှင်းရမှာပေါ့။ သမီးလေး၊ မစိုးရိမ်နဲ့။ ဖေဖေက သမီးကို အစွပ်စွဲ မခံစေရဘူး”
ဟုန်ဝမ်အား စကားပြောနေချိန်တွင် မစ္စတာ ဟုန်၏လေသံက အနည်းငယ် နူးညံ့သွား၏။ ထို့နောက် သူသည် ချက်ချင်းပင် ရှောင်တောက်အန်းအား အစိမ်းလိုက်ဝါးစားတော့မတတ် စူးစူးရဲရဲကြည့်လိုက်ပြီး ...
“မစ္စတာ ရှောင်။ ကျုပ်က ခင်ဗျားကို ဒီမြင်းစီးကလပ်ရဲ့ ဗီအိုင်ပီမန်ဘာကဒ် ပေးခဲ့တယ် မဟုတ်လား။ ကျုပ်က ခင်ဗျားကို အသိဉာဏ်ရှိတဲ့လူတစ်ယောက်လို့ ထင်ထားတာ၊ ဒါပေမယ့် အခုတော့ ကျုပ်ထင်တာ မှားသွားပုံရတယ်။ သမီးတစ်ယောက်ကိုတောင် ကောင်းကောင်းမွန်မွန် မဆုံးမနိုင်မှတော့ ကျုပ်က ခင်ဗျားလက်ထဲကို ဒီလိုစီမံကိန်းကြီးတစ်ခုလုံး ဘယ်လိုများ အပ်ရမှာလဲ”
ထိုစကားကို ကြားသောအခါ ရှောင်တောက်အန်း၏ နှလုံးသားသည် အကြောက်လွန်၍ အေးခဲသွားပြီး သမီးဖြစ်သူအား လှည့်ကြည့်လိုက်ကာ အလွန်အမင်း စိတ်ပျက်သွားသည်။
“လူကြီးမင်း ဟုန်...ကျွန်တော့်သမီးကို အရင်ဆုံးမေးခွင့်ပေးပါ”
စကားဆုံးသည်နှင့် ရှောင်တောက်အန်းသည် ရှောင်ဟိုင်ချင်း၏ အနားသို့ ခပ်သုတ်သုတ် လျှောက်လာ၏။ သူသည် ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်တစ်ခုလုံး မြင့်ချည်နိမ့်ချည်ဖြစ်နေပြီး သမီးဖြစ်သူအား သူပုန်ဓါးပြတစ်ယောက်အလား စိုက်ကြည့်နေသည်။ ထို့နောက် သူသည် ကြည့်နေရင်း ပို၍ဒေါသထွက်လာသဖြင့် သူမ၏ မျက်နှာအား ချက်ချင်း ရိုက်ချလိုက်တော့သည်။
Chapter 392 : ဘယ်သောအခါမှ မယုံကြည်ခဲ့
ရှောင်တောက်အန်း၏ လုပ်ရပ်သည် လူအများအား ချက်ချင်း မှင်သက်သွားစေ၍ ရှောင်ဟိုင်ချင်းသည်လည်း ဖခင်ဖြစ်သူက သူမအား ရုတ်တရက် ပါးရိုက်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
သူတို့ သားအဖသည် ယမန်နေ့ကမှ ပြန်လည်သင့်မြတ်ခဲ့ခြင်းဖြစ်၍ သူမ၏ မည်သည့်အခက်အခဲကိုမဆို ဖခင်ဖြစ်သူနှင့် ဆွေးနွေးတိုင်ပင်နိုင်သည်ဟုပင် သူက ပြောခဲ့သေး၏။ သို့သော် ယခု သူသည် အမှားအမှန် မခွဲခြားဘဲ သူမအား လက်လွတ်စပယ် ရိုက်နှက်သည်လား။
ရှောင်ဟိုင်ချင်း၏ မျက်နှာသည် ချက်ချင်း နီရဲရောင်ကိုင်းလာသော်လည်း သူမသည် လက်ဖြင့် လုံးဝမကာထားပေ။ ထို့နောက် သူမ၏ မျက်လုံးများသည် အနည်းငယ် နီရဲလာ၍ သူမ၏ အရှေ့ရှိ ဖခင်ဖြစ်သူအား မော့ကြည့်လိုက်သည်။
“ကျွန်မကို ဘာလို့ရိုက်တာလဲ”
ရှောင်ဟိုင်ချင်း၏ အသံသည် တည်ငြိမ်အေးစက်လွန်း၍ ကြောက်စရာကောင်းလှသည်။
“မင်းက အမှားလုပ်ခဲ့လို့လေ”
ရှောင်တောက်အန်းက အံကြိတ်၍ ဒေါသတကြီးပြောလာ၏။
“ငါက မင်းကို ပြောင်းလဲသွားပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့် မင်းက ပါးစပ်နဲ့ပဲ အပြောလွယ်ပြီးတော့ ပင်ကိုဗီဇကတော့ ပြောင်းလဲရခက်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့တောင် ရက်စက်တတ်နေပြီ။ တကယ်လို့ လူကြီးမင်း ဟုန်ရဲ့သမီးသာ တစ်ခုခုဖြစ်သွားရင် ငါ ဘယ်လိုလုပ်ရမှာလဲ”
ထိုအခါ ရှောင်ဟိုင်ချင်း၏ မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွား၍ ခေတ္တမျှ တိတ်ဆိတ်နေပြီး ရုတ်တရက် ပြုံးလိုက်၏။
“ယွင်ကျောင်း...မြင်ရဲ့လား။ အဲဒါ ငါ့ အဖေပဲ”
ရှောင်ဟိုင်ချင်းသည် မျက်ရည်များ စီးကျလာသော်လည်း အပြုံးမပျက်ပေ။
“မနေ့က သူက ငါ့အဖေမို့လို့ ငါ့ကို ယုံတယ်လို့ သူပြောခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကျတော့ ချက်ချင်းပဲ သူက တခြားသူရဲ့စကားကို ယုံသွားပြန်ပြီ။ သူစိမ်းမိန်းကလေးရဲ့စကားကို ငါ့ရဲ့စကားထက် ပိုယုံတယ်။ တကယ်တော့ ပြဿနာက ကျန်းရုံလည်း မဟုတ်ဘူး။ ဟုန်ဝမ်လည်း မဟုတ်ဘူး။ သူ့ရဲ့စိတ်ရင်းကိုက ငါ့ကို မယုံကြည်တာ။ သူက ငါ့ကိုဆိုရင် လုံးဝ အကောင်းမမြင်ဘူး”
“သူက ဟုန်ဝမ် လှည့်စားတာနဲ့ပဲ တန်တယ်။ အခု ဒီကိစ္စမှာ ငါတို့လုပ်ခဲ့တယ်ဆိုတဲ့ သက်သေ လုံးဝ မရှိတာကိုတောင် မပြောနဲ့၊ သက်သေရှိနေရင်တောင်မှ သူ ငါ့ကို အရင်ဆုံး မေးသင့်တယ်လေ”
ရှောင်ဟိုင်ချင်းက လက်သီးတင်းတင်းဆုပ်ထား၍ သူမ၏ မျက်ဝန်းထဲ၌ ခါးသီးမှုများ ပြည့်နှက်နေ၏။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ပို၍ပင် စိတ်ပျက်သွားပြီး ကျီရှန်းရှန်းကမူ မယုံကြည်နိုင်ဖြစ်နေသည်။
“ဦလေး ရှောင်...ရှင် ဘာလို့ ဒီလိုလုပ်တာလဲ။ ရှောင်ဟိုင်ချင်းက မှန်တဲ့လူ။ အစောပိုင်းတုန်းက အဲ့မိန်းမယုတ်က ကျွန်မရဲ့မြင်းကို လူရှေ့ သူရှေ့မှာတင် ကြာပွတ်နဲ့ ရိုက်လိုက်လို့ ကျွန်မ မြင်းပေါ်ကနေ ပြုတ်ကျမလိုတောင် ဖြစ်ခဲ့တာ။ ဒါပေမယ့် ကျွန်မတို့က သူ့ကို ဘာမှပြန်မလုပ်ခဲ့ဘူး။ သူနဲ့ ကျွန်မတို့ကြားမှာ သုံး၊ လေးမီတာလောက်တောင် ကွာတာ၊ သူ့ကို ထိတောင် မထိနိုင်ဘူး။ ဒါကို ရှင်က ဘယ်လိုများ လူမှားပြီး စွပ်စွဲ ရိုက်နှက်နေတာလဲ”
ကျီရှန်းရှန်းသည် ရှောင်တောက်အန်းအား လုံးဝနားမလည်တော့ပေ။
အကယ်၍ ဤနေရာ၌ သူမ၏ ဖခင်သာ ဖြစ်ပါက သူသည် အရာအားလုံးကို လျစ်လျူရှု၍ သူမကိုသာ ကာကွယ်ပေးလိမ့်မည်။
သူမသည် ယခင်က ရှောင်ဟိုင်ချင်းအတွက် ပျော်ရွှင်နေခဲ့၏။ သို့သော် ဦးလေး ရှောင်သည် အပြောနှင့်အလုပ် မညီဘဲ ချက်ချင်း ပြောင်းလဲသွားလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ထိုအခါ ရှောင်ဟိုင်ချင်းက မျက်ရည်များသုတ်လိုက်ရင်း ...
“ပြောမနေပါနဲ့...သူက သူ့ကိုယ်သူပဲ ယုံတာ”
သူမ၏ မျက်ဝန်းများသည် အလွန်အမင်း သူစိမ်းဆန်နေ၏။
သူမ၏ မိခင် ကွယ်လွန်သွားသည့်နေ့မှစ၍ သူမ၌ ဖခင်လည်း မရှိတော့ပေ။ သို့သော် သူမသည် ဤနှစ်များအတွင်း ထိုအမှန်တရားကို လုံးဝ လက်မခံဘဲ သူမကိုယ်သူမ လိမ်ညာနေခဲ့သည်။
ထိုစကားကို ကြားသောအခါ ရှောင်တောက်အန်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သို့သော် သူသည် ပို၍ ဒေါသထွက်လာသဖြင့် စိတ်ထိန်းလိုက်ရင်း ...
“မင်း ကျောင်းတက်တုန်းက လမ်းသရဲတွေနဲ့ ပေါင်းပြီး ပြဿနာရှာခဲ့တယ်။ ဒါက မင်းလုပ်နေကျတွေပဲလေ။ သူတို့က အခု ရဲခေါ်ထားပြီ၊ မင်း ဆက်ပြီးတော့ ခေါင်းမာမနေတော့နဲ့၊ သွားတောင်းပန်လိုက်”
“ဦးလေး ရှောင်။ ဒီကိစ္စက ဟိုင်ချင်းနဲ့ ဘာမှမဆိုင်ဘူး။ ကျွန််မက မြင်းရဲ့ခြေထောက်ကို ခဲလုံးနဲ့ပေါက်ခဲ့တာ”
ကျင်းယွင်ကျောင်းက ဆက်၍ သည်းမခံနိုင်တော့ဘဲ ဝန်ခံလိုက်၏။
ထိုအခါ ရှောင်ဟိုင်ချင်းက သူမကို တား၍ ပြုံးလိုက်သည်။
“ယွင်ကျောင်း၊ နင် ငါ့ရဲ့ဒေါသကို မသိသေးဘူး။ နင် ဘာမှမလုပ်ရင်တောင်မှ ငါက ဟုန်ဝမ်ကို ဒီအတိုင်း မထားဘူးရယ်။ ငါ ရှောင်ဟိုင်ချင်းက ငါ့ကို လှောင်ပြောင်စော်ကားတဲ့သူကို ဘယ်တော့မှ အလွတ်မပေးဘူး။ ဒါကြောင့် ဘာမှပြောနေစရာ မလိုဘူး။ ပြီးတော့ သူတို့က ရဲခေါ်လိုက်တယ် မဟုတ်လား။ ဒါဆိုလည်း ခေါ်ပေါ့။ ငါက ရှောင်မိသားစု အိမ်ကို ပြန်မယ့်အစား ရဲစခန်းကိုပဲ လိုက်သွားချင်တယ်။ ရှောင်မိသားစုက ကျွေးတဲ့ အစားအသောက်ထက် ရဲစခန်းက ကျွေးတာက အများကြီး ပိုကောင်းမှာပဲ”
ထိုစကားကိုကြားသောအခါ ရှောင်တောက်အန်းက ဒေါသတကြီး အံကြိတ်လိုက်၏။
ဒါက ငါ့ရဲ့သမီး အလိမ္မာလေးပေါ့လေ။ အမှားလုပ်ထားပြီးတော့ နောင်တမရတဲ့အပြင် ငါ့ရဲ့သည်းခံစိတ်ကိုပါ ထပ်ခါတလဲလဲ စိန်ခေါ်နေတာပဲ။
ယခင်က သူမသည် စာမကြိုးစားသောကြောင့် သူသည် စီးပွားဖက် မိတ်ဆွေများနှင့်တွေ့သည့်အခါတိုင်း သမီးဖြစ်သူ၏ နာမည်ကိုပင် ထုတ်မပြောရဲခဲ့ပေ။ တစ်ဖက်လူက သူတို့၏ သားသမီးများသည်လည်း ရိကျုံးကျောင်း၌ တက်နေသည်ဟုပြောတိုင်း သူသည် တုန်လှုပ်သွားတတ်၍ တစ်ဖက်လူအား အမြင်တစ်မျိုးဖြင့် ကြည့်မိတတ်သည်။
ယမန်နေ့က သူက သမီးဖြစ်သူသည် ပြောင်းလဲသွားပြီဟု ထင်၍ စိတ်သက်သာရာရသွားကာ ပျော်ရွှင်နေခဲ့သည်။ သို့သော် သူမသည် ပြောင်းလဲမသွားသည့်အပြင် ပို၍ပင် ဆိုးရွားလာမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူမသည် သူ၏ရှေ့၌ပင် လိမ်ပြောတတ်လာ၏။