← Chapters

အခန်း (၃၉၃-၃၉၆)

Vol. 20 Ch. 393-396

အခန်း (၃၉၃-၃၉၆)

Vol. 20 Ch. 393-396

Chapter 393 : အကျိုးအမြတ်ကိုသာကြည့်သည့်လူများ

ထိုအခါ ရှောင်တောက်အန်းသည် သမီးဖြစ်သူအား ရုတ်တရက် မုန်းတီးလာ၏။ သူမသည် အဘယ်ကြောင့် ယခင်ကကဲ့သို့ မောက်မာရိုင်းစိုင်း၍ အသိတရား နည်းပါးနေရသနည်း။

သူမသည် အမြဲတမ်း အပြင်လူများအား ပြဿနာရှာလေ့ရှိသည်။ သို့သော် ဟွားနင်ခရိုင်၌ အပြစ်ပြုမိ၍ မရသည့် အထက်တန်းလွှာများစွာ မရှိသဖြင့် ယခင်က ထိုကိစ္စများကို လွှတ်ထားပေးနိုင်သော်လည်း ယခုအခါ သူမသည် နင်းမြို့တော်၌ ဟုန်မိသားစုအား အပြစ်ပြုလိုက်ပြန်၏။

ထို့အပြင် ဟုန်မိသားစုမှ သားအဖနှစ်ယောက်သည် သူ အတတ်နိုင်ဆုံး ရို့ကျိုးခယ၍ ဆက်ဆံနေရသူများဖြစ်သည်။ ယခုအချိန်၌ သူသည် ဤစီမံကိန်းအတွက် သူ့ဘက်က ရရှိမည့်အကျိုးအမြတ်ကို အနည်းဆုံး လျှော့ချပေး၍ ဟုန်မိသားစုနှင့် ပူးပေါင်းနိုင်အောင် ကြိုးစားနေသည့်အချိန်ဖြစ်သည်။ သို့မှသာ ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပြီး အနာဂတ်၌ အကျိုးအမြတ်များစွာ ရရှိလာမည်ဖြစ်၏။ သို့သော် သူ ထိုသို့ အကျိုးအမြတ်များစွာရရှိရန် ကြိုးစားနေချိန်တွင် ရှောင်ဟိုင်ချင်းက ပြဿနာ ရှာလိုက်မည်ဟု မည်သူသိမည်နည်း။

အကယ်၍ ဟုန်မိသားစုကသာ သူတို့၏ ရင်းနှီးမြှုပ်နှံငွေများကို ပြန်လည်ထုတ်ယူရန် ကြိုးစားပါက သူ၏ ကုမ္ပဏီရှေ့နေ့အဖွဲ့သည် ဟုန်မိသားစုအား မည်သို့ဆန့်ကျင်တိုက်ခိုက်နိုင်မည်နည်း။

သူတို့က ထိုရှယ်ယာများကို တခြားလူအား ထုတ်ရောင်းပစ်လျှင်တောင်မှ သူသည် ဘာမှမတတ်နိုင်ဘဲ ပိုက်ဆံပင် ကူညီရေတွက်ပေးနေရမည့် အခြေအနေ ဖြစ်၏။

ထို့ကြောင့် သူသည် အဘယ် ဒေါသမထွက်ဘဲ နေမည်နည်း။ အဘယ်ကြောင့် ဒေါသမထွက်ဘဲ သည်းခံနေနိုင်မည်နည်း။

“မင်းက ပြဿနာရှာနေတာပဲ။ ရှောင်ဟိုင်ချင်း၊ ငါ မင်းကို လုံးဝ စိတ်ကုန်သွားအောင် မလုပ်နဲ့။ လူကြီးမင်းဟုန်ရဲ့ကျေးဇူးကြောင့်သာ မဟုတ်ရင် ငါ ဒီအချိန် နင်းမြို့တော်မှာ နေရာတစ်နေရာရလာမှာ မဟုတ်ဘူး။ မမလေး ဟုန်ကို ရိုရိုသေသေ တောင်းပန်လိုက်”

ရှောင််တောက်အန်းက ဒေါသတကြီး ပြောလိုက်၏။

ကျင်းယွင်ကျောင်းသည် ရှောင်တောက်အန်း၏ အပြောင်းအလဲမြန်မှုကို လုံးဝ နားမလည်တော့ပေ။

ယောက်ျားတစ်ယောက်အတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းသည် သမီးအရင်းဖြစ်သူထက် အမှန်တကယ်ပင် ပို၍ အရေးကြီးနေသည်လား။

တစ်နည်းအားဖြင့်ဆိုရလျှင် ရှောင်ဟိုင်ချင်းကသာ ဟုန်ဝမ်ကို ဦးညွတ်တောင်းပန်လိုက်ပါက ဤကိစ္စကို ကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်ပြီး သူ၏ စီးပွားရေးလုပ်ငန်း၌ ပို၍ အကျိုးအမြတ်ရလာနိုင်မည်ဟု ထင်နေခြင်းလား။

သို့သော် ရှောင်ဟိုင်ချင်း ပြောသည့်အတိုင်း ရှောင်တောက်အန်းသည် သူမအား ဘယ်တော့မှ ပြောင်းလဲသွားမည် မဟုတ်ဟု ထင်နေခြင်းသာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူက သူမ အမှားလုပ်ခဲ့သည်ဟု ယုံကြည်နေပြီး အလွန်ဒေါသထွက်နေခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ၏ မျက်လုံးများထဲတွင် မလုံမလဲဖြစ်မှုများနှင့် စိတ်မသက်မသာဖြစ်မှုများ အမြဲထင်ဟပ်နေလေ့ရှိ၏။

ထို့နောက် ရှောင်ဟိုင်ချင်းသည် ဖခင်ဖြစ်သူအား တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်စိရှေ့၌ပင် ဟုန်ဝမ့်ဆီသို့ လျှောက်သွားလိုက်၏။

ထိုအခါ ဟုန်ဝမ်က မျက်ခုံးပင့်၍ သူမအား လှောင်ပြုံးပြုံးပြလာသည်။

“ငါ နင်တစ်ယောက်တည်း တောင်းပန်တာကို လက်မခံနိုင်ဘူး။ အစောပိုင်းတုန်းက ကျင်းယွင်ကျောင်းကလည်း သူ ငါ့ကို မကောင်းကြံမိပါတယ်လို့ ဝန်ခံလိုက်တယ်လေ”

ထိုစကားကို ကြားသောအခါ ရှောင်ဟိုင်ချင်းသည် ဒေါသထွက်သွားပြီး ဟုန်ဝမ်အား အင်္ကျီကော်လံမှ ဆောင့်ဆွဲလိုက်၏။

“ငါ အခုလုပ်လိုက်ပြီ မဟုတ်လား။ မမလေး ဟုန်၊ နင် မြင်းပေါ်ကနေ ပြုတ်ကျတုန်းက သေမသွားတာ နှမြောစရာပဲ”

ထိုအခါ ဟုန်ထျန်းက ရှောင်ဟိုင်ချင်းအား ချက်ချင်း ဆောင့်တွန်းလိုက်ပြီး အော်လိုက်သည်။

“ရှောင်တောက်အန်း၊ ခင်ဗျားရဲ့သမီးက မိုက်ရိုင်းလွန်းတယ်”

ငါ့ရဲ့အဖိုးတန် သမီးလေးကို ငါ့ရှေ့မှာပဲ တိုက်ခိုက်ရဲတယ်ပေါ့။ ကောင်းပြီလေ။

ရှောင်တောက်အန်းသည် ထိုလုပ်ရပ်ကို မြင်သောအခါ အလွန်ဒေါသထွက်သွား၍ ရှောင်ဟိုင်ချင်းအား ထပ်မံ၍ ရိုက်နှက်ချင်သော်လည်း ကျင်းယွင်ကျောင်းက သူ့ထက် ခြေတစ်လှမ်းသာသွားကာ ရှောင်ဟိုင်ချင်းအား လှမ်းဆွဲလိုက်ပြီး သူ၏ လက်ကို ပုတ်ချပစ်လိုက်သည်။

“ရှင် မပြီးနိုင်သေးဘူးလား။ မစ္စတာ ရှောင်၊ ရှင့်ရဲ့မျိုးရိုးနာမည်က ‘ရှောင်’ ဖြစ်နေလို့ ကျွန်မ ရှင့်ကို သည်းခံနေတာ။ ဒါပေမယ့် သည်းခံမှုက အတိုင်းအတာရှိတယ်”

ကျင်းယွင်ကျောင်းက ရှောင်တောက်အန်းအား စိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်၏။

“ကျင်းယွင်ကျောင်း”

ထိုအခါ ရှောင်တောက်အန်းသည် ကျင်းယွင်ကျောင်းအား သူ၏ စိတ်ထဲ၌ အလွန်အထင်သေးစက်ဆုပ်သွားတော့သည်။

သူသည် ယခင်က ဤမိန်းကလေးအား လိမ္မာရေးခြားရှိသူဟုထင်ခဲ့သော်လည်း ယခု သူမသည် သူ၏ သမီးဖြစ်သူကဲ့သို့ပင် ရူးသွပ်နေ၏။

“ရှင် ကျွန်မနာမည်ကို အော်ခေါ်စရာမလိုဘူးနော်။ ကျွန်မက ရှင့်သမီးလည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်မက ရှင့်ကို ရိုက်ခွင့်လည်း မပေးနိုင်ဘူး။ ရှင်တို့က ရဲခေါ်ပြီးသား မဟုတ်လား။ ဒါဆိုရင်လည်း ကောင်းတာပေါ့။ အဆုံးသတ်မှာ ဘယ်သူကံဆိုးသွားမလဲဆိုတာ ကြည့်ရအောင်”

ထို့နောက် ကျင်းယွင်ကျောင်းက အေးတိအေးစက်ဖြင့် ဆက်ပြောလာသည်။

“မမလေး ဟုန်...ဒီနေရာမှာ စောင့်ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်မက ခဲလုံးလေးနဲ့ ပစ်လိုက်တယ်လို့ ဝန်ခံပြီးပြီဆိုတော့ ခဏနေကျရင် လူတစ်ယောက်က အဲ့ခဲလုံးနဲ့ပစ်ရင် ပြင်းအားဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်ပြလိမ့်မယ်။ ဒါပေမယ့် ရှင် မမေ့နဲ့၊ ဒီမြင်းစီးကလပ်က ရှင်တို့ဟုန်မိသားစုပိုင်တာ မဟုတ်ဘူး။ ဒီနေရာက လူတွေအားလုံးကလည်း ရှင်တို့ ဟုန်မိသားစုက မဟုတ်ဘူး။ ရှင်က ကြာပွတ်ကို သုံးပြီးတော့ လူတွေကို တမင်သက်သက် ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အဖြစ်အပျက်တွေလည်း ရှိတယ်နော်”

“နင်က ဘယ်သူ့ကို လာခြောက်နေတာလဲ”

ငါတို့ ဟုန်မိသားစုကို ဘယ်သူက ဆန့်ကျင်ရဲမှာလဲ။

ယနေ့ ဤနေရာသို့ လာရောက်ကြသူများထဲတွင် ဟုန်မိသားစုထက် အဆင့်အတန်းမြင့်သူတစ်ယောက်မှ မပါပေ၊ အများဆုံးအနေဖြင့် အဆင့်အတန်းချင်းတူရုံသာ ဖြစ်၏။ ထို့အပြင် လူတိုင်းသည် စီးပွားရေးသမားများသာဖြစ်၍ အကျိုးအမြတ်ကိုသာ ဦးစားပေးတတ်ကြသောကြောင့် ကျင်းယွင်ကျောင်း၏ ခြိမ်းခြောက်မှုက လုံးဝအသုံးဝင်မည် မဟုတ်ပေ။

ထို့အပြင် တစ်စုံတစ်ယောက်က သူမ၏ လုပ်ရပ်ကို အရေးယူရန် ကြိုးစားလာလျှင်ရော။ ဟုန်မိသားစုသည် အလွန်ချမ်းသာကြွယ်ဝ၍ လောက၌ ပိုက်ဆံဖြင့် မဖြေရှင်းနိုင်သည့် ပြဿနာဟူ၍ လုံးဝမရှိပေ။

ဒါပေမယ့် ရှောင်မိသားစုနဲ့ ကျင်းယွင်ကျောင်းက ပိုက်ဆံတတ်နိုင်လို့လား။

Chapter 394 : ဒီနေရာကို ဘာလာလုပ်တာလဲ

ဟုန်ဝမ်သည် လူအုပ်ကြီးအား တည်ငြိမ်စွာ ကြည့်နေ၍ ရဲများအလာကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစွာပင် စောင့်ဆိုင်းနေသည်။

သူမ၏ ဘေး၌ ရပ်နေသည့် စန်းရန်သည်လည်း အနည်းငယ် စိတ်လှုပ်နေရှားနေ၍ ဟုန်ထျန်းအား နှုတ်ဆက် စကားဆိုလိုက်၏။ စန်းရန်သည် အလွန်သိမ်မွေ့၍ ခန္ဓာကိုယ်မှလည်း ဆေးရနံ့ သင်းနေကာ စကားအပြောအဆို လိမ္မာယဥ်ကျေးလှသဖြင့် ဟုန်ထျန်းအား အလွန်သဘောကျ ကျေနပ်သွားစေသည်။

ထို့အပြင် သူသည် စန်းရန်က နင်းမြို့တော်ရှိ တက္ကသိုလ်ကောင်း တစ်ခု၌ တက်ရောက်နေသည်ဟုကြားသောအခါ ဘွဲ့ရပြီးလျှင် ဟုန်မိသားစု၏ ထျန်းဟုန်စီးပွားရေးလုပ်ငန်းစု၌ အလုပ်ခန့်ပေးမည်ဟု ကတိပေးခဲ့၏။ ထို့ကြောင့် စန်းရန်သည် အလွန်ပျော်ရွှင်ကျေနပ်နေသည်။

သူမသည် ရင်ထဲ၌ အလွန်စိတ်ကြီးဝင်၍ ကျေနပ်နေသော်လည်း အပြင်ပန်းတွင်မူ လုံးဝ ထုတ်မပြဘဲ အိန္ဒြေဖြင့်သာနေ၏။ သူမသည် ကိုယ့်ကိုကိုယ် ပို၍ တန်ဖိုးရှိအောင် ပြုမူနေထိုင်ရမည့် နည်းလမ်းကို ကောင်းမွန်စွာ နားလည် သဘောပေါက်သူဖြစ်သည်။

နောက်ဆုံး မိနစ်နှစ်ဆယ်ကျော်ခန့် ကြာသောအခါ ရဲများရောက်လာကြ၏။

“ဒီသုံးယောက်ပဲ၊ သူတို့ကို ဖမ်းခေါ်သွားပြီး သေသေချာချာ စစ်ဆေးမေးမြန်းပေးပါ”

ဟုန်ထျန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ရှောင်တောက်အန်းသည် ဒေါသထွက်နေသော်လည်း ရှောင်ဟိုင်ချင်းက သူ၏သမီးပင် ဖြစ်နေသေးရာ အနည်းငယ် စိတ်ပူလာ၍ ဘာလုပ်ရမှန်းမသိဖြစ်နေ၏။ သို့သော် ရှောင်ဟိုင်ချင်း၏ သဘောထားကိုမြင်သောအခါ သူသည် သူမအား လွှတ်ထားလိုက်၍ ရဲစခန်းက ပြန်လာမှသာ ဆုံးမသွန်သင်ရမည်ဟု တွေးလိုက်သည်။

လက်တွေ့၌ သူ၏ သမီးဖြစ်သူသည် အသက်မပြည့်သေးသဖြင့် တစ်ဖက်လူက ငွေကြေးအမြောက်အမြား လာဘ်ထိုးလျှင်တောင်မှ ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်၍ မရပေ။

အတွေးများလွန်းသဖြင့် ရှောင်တောက်အန်းသည် စိတ်ရှုပ်လာသလိုပင် ခံစားလိုက်ရ၏။

ထိုအချိန်၌ ရှောင်ဟိုင်ချင်းသည် အငိုတိတ်သွားသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ ဤဖြစ်ရပ်အား သူနှင့်မဆိုင်သည့်အလား အေးစက်စက် မျက်လုံးများဖြင့်သာ ကြည့်နေသည်။

“နေဦး”

ထိုစဥ် ရဲများ၏နောက်၌ လူတစ်စုရောက်လာ၏။ ကျင်းယွင်ကျောင်းသည် ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်၍ သူမ၏ မျက်ဝန်းများက ယခင်ကဲ့သို့ပင် တည်ငြိမ်နေသည်။

“အကြီးအကဲထန်လား”

ဟုန်ထျန်း ကြက်သေသေသွား၏။

သည်လူအိုကြီးက ဘာလို့ သည်နေရာကို ရောက်လာတာလဲ။ အစောပိုင်းတုန်းက သည်ကလပ်ရဲ့ဘေးက ဂေါ့ဖ်ကွင်းမှာ ဂေါ့ဖ်ရိုက်နေတာများလား။ မဖြစ်နိုင်ဘူး၊ ထန်မိသားစုရဲ့ ခြံဝန်းကြီးထံမှာ ကိုယ်ပိုင် ဂေါ့ဖ်ကလပ်ရှိတာပဲ။ သူ လမ်းလျှောက်သွားရုံနဲ့ ရောက်တဲ့နေရာ မဟုတ်ဘူးလား။

အကြီးအကဲထန်၏ အသံကြောင့် ကြက်သေသေသွားသော ဟုန်ထျန်းသည် အကြီးအကဲထန်၏နောက်ရှိလူများကို မြင်သောအခါ ထပ်မံ၍ ကြောင်အ,သွားပြန်သည်။

“ဒုတိယမြို့တော်ဝန်လုနဲ့ မစ္စတာပိုင်ရောလား”

ပိုင်ယွီအန်းသည် အကြီးအကဲထန်၏ ခေါ်ဆိုမှုကြောင့် ဤနေရာသို့ ရောက်လာခြင်းဖြစ်၍ ကျင်းယွင်ကျောင်းက အကြီးအကဲထန်နှင့် ဒုတိယမြို့တော်ဝန်လုကိုသာ လှမ်းအကြောင်းကြားလိုက်ခြင်းဖြစ်သည်။

“ဒီမှာ လူတွေစုံနေပါ့လား။ ရဲတွေက ဘာလို့ရောက်နေတာလဲ။ ဘယ်သူ ပြဿနာ ရှာနေတာလဲ”

အကြီးအကဲထန်က စိတ်မသက်မသာပုံ ဖြစ်နေရသဖြင့် အခြားလူများသည်လည်း နေရထိုင်ရခက်နေကြသည်။ ဟုန်ဝမ်သည်ပင် အလိုက်တသိဖြင့် ငြိမ်နေ၏။

ဟုန်မိသားစုနှင့် ထန်မိသားစုသည် အဆင့်အတန်းချင်း မတူပေ။

ထန်မိသားစုအား မျက်နှာလုပ်ရန်အတွက် ဟုန်ထျန်းသည် ဟယ့်မိသားစုအား စီမံကိန်းအတူ ပူးပေါင်းလုပ်ဆောင်ရန် ချဥ်းကပ်ခဲ့သည်။ သို့သော် ဟယ့်မိသားစုက အကြီးအကဲထန်အား စိတ်ကွက်အောင်လုပ်လိုက်မည်ဟု မည်သူသိမည်နည်း။ ထို့ကြောင့် သူသည် ဟယ့်မိသားစုနှင့် စာချုပ်ဖျက်ပြီး ရှောင်မိသားစုနှင့် တွေ့ခဲ့ခြင်းဖြစ်သည်။

ထိုအခါ ဟုန်ထျန်းက ပြုံးလိုက်ပြီး ...

“ဒီအသိတရားမရှိတဲ့ ကလေး သုံးယောက်က ကျွန်တော့်ရဲ့သမီးကို မြင်းပေါ်ကနေ ပြုတ်ကျအောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြတယ်လေ”

“ဒါဆိုရင် မစ္စတာဟုန်က ဘာလုပ်မလို့လဲ”

ပိုင်ယွီအန်းက မျက်စိမျက်နှာ ပျက်စွာဖြင့် မေးလာ၏။

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် နင်းမြို့တော်၌ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆန်ဆုံး ကုမ္ပဏီတစ်ခုဟု ယူဆနိုင်၍ ပိုင်ယွီအန်းတွင်လည်း ပြောရေးဆိုခွင့်ရှိသည်။

ဟုန်ထျန်းသည် ပိုင်ယွီအန်းအား အဖတ်မလုပ်ချင်သော်လည်း ပိုင်ယွီအန်းသည် အကြီးအကဲများနှင့်ရင်းနှီးပေါ်ပုံသဖြင့် သူ့အား အရေးပေး ဆက်ဆံရန် လိုအပ်၏။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ လက်ရှိစျေးကွက်တန်ဖိုးက သိပ်မမြင့်သေးသော်လည်း နင်းမြို့တော်ရှိ အထက်တန်းလွှာပုဂ္ဂိုလ်များထံမှ အကူအညီရရှိနေခြင်းမှာ အံ့သြစရာကောင်းလှသည်။

ဥပမာအားဖြင့် ပိုင်ယွီအန်းနှင့်အတူ ရောက်ရှိလာသည့် အကြီးအကဲထန်၊ ဒုတိယမြို့တော်ဝန်လုနှင့် စီးပွားရေး လုပ်ငန်းစုကြီးတစ်ခု၏ ဥက္ကဌတို့သည် နင်းမြို့တော်ရှိ ထိပ်သီးပုဂ္ဂိုလ်သုံးဦး ဖြစ်၏။

ထို့အပြင် ပိုင်ယွီအန်း ကိုယ်တိုင်သည်လည်း နင်းမြို့တော်၌ အလားအလာအရှိဆုံး သူဌေးလက်သစ်တစ်ဦးဟုပြောနိုင်၍ သူ့အား မျက်နှာသာပေး၍ ဆက်ဆံရန် လိုအပ်သည်။

သို့သော် ထိုထိပ်သီးပုဂ္ဂိုလ်ကြီးများက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား အရေးပေး၍ ဆက်ဆံကြခြင်းမှာ ပိုင်ယွီအန်းကြောင့် မဟုတ်ဘဲ အံ့ချီးဖွယ်သမားတော် ကျင်းယွင်ကျောင်းကြောင့်သာဖြစ်ကြောင်း ဟုန်ထျန်း လုံးဝ မသိပေ။

ထို့ကြောင့် ဟုန်ထျန်းက ချောင်းဟန့်၍ ပြောလာ၏။

“သက်သေတွေအရဆိုရင်တော့ ဒီကလေးသုံးယောက်က အသက်ငယ်ပေမယ့် တခြားသူကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေခဲ့လို့ အပြစ်ရှိပါတယ်။ သူတို့က ကြေးစားလူသတ်သမားတွေလို့တောင် ကျွန်တော် သံသယဖြစ်မိတယ်။ ဘယ်သူသိမှာလဲ၊ ကျွန်တော့်ရဲ့ပြိုင်ဘက်တွေက သူတို့ကိုငှားထားတာ ဖြစ်ရင်ဖြစ်မှာပေါ့”

မူလက သူသည် ထိုသို့ မဖြစ်နိုင်ကြောင်း သိသော်လည်း ယခုအချိန်၌မူ ထိုကဲ့သို့ တမင်သက်သက် ပုံကြီးချဲ့၍ ပြောလိုက်၏။ ထိုသို့ မဟုတ်ပါက ထိုကလေးများသည် ရက်အနည်းငယ်သာ အပြစ်ပေးခံရ၍ နောင်တရလိမ့်မည် မဟုတ်ပေ။

Chapter 395 : အခြေအနေများ ပြောင်းပြန်ဖြစ်သွားခြင်း

ထိုအခါ ပိုင်ယွီအန်းသည် ဟုန်ထျန်း၏ ‘ကြေးစားလူသတ်သမား’ ဟူသည့် စကားကြောင့် ရုတ်တရက် လှောင်ရယ်လိုက်၏။

“ဘော့စ်ဟုန်၊ ခင်ဗျားဆီမှာ ယုံမှားသံသယ လွန်ကဲတဲ့ရောဂါ မရှိတာ သေချာရဲ့လား။ ကျွန်တော် ပိုင်ယွီအန်းရဲ့ညီမက ကြေးစားလူသတ်သမား လုပ်စားဖို့ လိုလို့လား”

ပိုင်ယွီအန်းက ဒေါသတကြီး ပြောလိုက်သည်။

ယခုအချိန်၌ ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်း၏ အဆင့်အတန်း အစစ်အမှန်ကို ထုတ်ပြောလိုက်ချင်သော်လည်း ထိုအကြောင်းကို စဥ်းစားကြည့်ပြီးနောက် မပြောသင့်ကြောင်း သဘောပေါက်သွား၏။ လက်တွေ့၌ ကျင်းယွင်ကျောင်းသည် အသက်မပြည့်သေးသော ကလေးတစ်ယောက်သာဖြစ်၍ အင်တာနက်ပေါ်တွင်လည်း နာမည်ကြီးသူဖြစ်သည်။ အကယ်၍ သူမသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ နောက်ကွယ်မှ ပိုင်ရှင်အစစ်အမှန် ဖြစ်ကြောင်းသာ ရုတ်တရက် ပေါ်ထွက်လာပါက သေချာပေါက် အကြီးအကျယ်ဂယက်ထသွားနိုင်သည်။

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ယခုအချိန်၌ အခြေတည်ခါစဖြစ်၍ ကျင်းယွင်ကျောင်း၏ အသက်အရွယ်သည် ကုမ္ပဏီအပေါ်၌ အကျိုးသက်ရောက်မှုရှိနိုင်၏။ ထို့ကြောင့် အချို့ကိစ္စများကို စိတ်ထဲတွင်သာ ထား၍ ထုတ်မပြောခြင်းက အကောင်းဆုံးဖြစ်သည်။

အခြေအနေသည် အလွန်မချင့်မရဲ ဖြစ်စရာ ကောင်းလှ၏။

သို့သော် သူသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား လုံးဝ မယိုင်နဲ့နိုင်သည့်နေ့အထိ ရောက်အောင် တည်ဆောက်ပေးမည်ဖြစ်၍ ထိုအချိန်သို့ ရောက်သောအခါ ကျင်းယွင်ကျောင်းက သူမ၏ သရုပ်မှန်ကို ထုတ်ဖော်ဝန်ခံလျှင်တောင်မှ ကုမ္ပဏီအပေါ်သို့ ရိုက်ခတ်မှုရှိတော့မည် မဟုတ်ပေ။

ယခုအချိန်၌ ကုမ္ပဏီသည် နေ့စဥ်နေ့တိုင်း ဖွံ့ဖြိုးတိုးတက်နေ၍ ကျင်းယွင်ကျောင်း အလင်းရောင်အောက်၌ ရပ်တည်နိုင်မည့်နေ့သို့ ရောက်ရန် သိပ်မဝေးတော့ဟု သူ ယုံကြည်သည်။

ပိုင်ယွီအန်းက အမှန်တရားကို ထုတ်ပြောလိုက်ခြင်းမဟုတ်သော်လည်း ညီမဟူသည့် စကားကပင် ဟုန်ထျန်းအား ခေတ္တမျှ ကြောင်အ,သွားစေ၏။

“ဘော့စ်ပိုင်ရဲ့ညီမ ဟုတ်လား”

ဟုန်ထျန်းက သံသယအပြည့်ဖြင့် မေးလာသည်။

သူသည် ပိုင်ယွီအန်း၏ နောက်ကြောင်းကို စုံစမ်းထားပြီးသားဖြစ်၏။ ပိုင်ယွီအန်းသည် တစ်ဦးတည်းသောသားဖြစ်၍ ဇနီးဖြစ်သူနှင့် သားတစ်ယောက် ရှိသည်။ သို့သော် ထိုသားအား အခြားသူနှင့် ရခဲ့ခြင်းဖြစ်၍ ဇနီးဖြစ်သူထံမှ ဦးထုပ်စိမ်းဆောင်းပေးခံခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ပိုင်ယွီအန်း၌ ညီမငယ်တစ်ယောက် ရှိစရာ အကြောင်းမရှိပေ။

(T/N : ဦးထုပ်စိမ်းဆောင်းပေးခံရ = ဖောက်ပြန်ခံရတာပါ။)

ဘယ်သူက သူ့ညီမလဲ။

ထို့နောက် ဟုန်ထျန်းသည် ရှောင်တောက်အန်း၏ သမီးဖြစ်သူဘေး၌ ရပ်နေသည့် မိန်းကလေးနှစ်ယောက်အား လှည့်ကြည့်လိုက်သော်လည်း မည်သူကမှ ပိုင်ယွီအန်းနှင့် မတူပေ။

“အမှန်ပဲ၊ ဘော့စ်ဟုန်၊ ကျွန်တော့်ရဲ့ညီမကတော့ ခင်ဗျားတို့ ဟုန်မိသားစုက သမီးကို သတ်စရာအကြောင်းမရှိဘူး မဟုတ်လား”

ပိုင်ယွီအန်းက ကျင်းယွင်ကျောင်း၏ အနားသို့ လျှောက်သွားရင်း ပြောလိုက်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက မသိမသာပြုံးလိုက်၏။

ဤစီနီယာများသည် အမှန်တကယ်ပင် နားလည်ရခက်လှသည်။

သူမသည် များသောအားဖြင့် ပိုင်ယွီအန်းအား ဦးလေးပိုင်ဟု ခေါ်လေ့ရှိ၍ လက်တွေ့တွင်လည်း သူသည် သူမထက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့် ပိုကြီး၏။ ထို့အပြင် သူသည် သူမအား အတိတ်ဘဝ၌လည်း များစွာ ကူညီပေးခဲ့ဖူးသဖြင့် ထိုအခေါ်အဝေါ်အား မှားယွင်းနေသည်ကို ဘယ်တော့မှ မခံစားခဲ့ရပေ။ သို့သော် ယခုဘဝ၌ ပိုင်ယွီအန်း၏ စိတ်ထားသည် ယခင်ကထက် ပို၍ နုနယ်လာလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့ပေ။

ထို့အပြင် ပိုင်ယွီအန်းနှင့် ရှန်းကျင်တို့သည် သက်တူရွယ်တူဖြစ်၍ သူမက ရှန်းကျင်အား ဒေါ်လေးဟု ခေါ်သည့်အခါတိုင်း ရှန်းကျင်၏ အမူအယာသည်လည်း ထူးဆန်းသွားတတ်သည်။

သို့သော် သူမသည် ပိုင်ယွီအန်းအား အစ်ကိုကြီးဟုခေါ်ရန်အတွက် ဝန်လေးစရာအကြောင်း မရှိပေ။

“သူက မိဘမဲ့ မဟုတ်ဘူးလား”

စန်းရန်က ရုတ်တရက် ပြောလာ၏။

ကျင်းယွင်ကျောင်း၏ နောက်ကြောင်းများသည် အင်တာနက်ပေါ်၌ ပျံနှံ့နေပြီးသား ဖြစ်သည်။ သူမသည် မိဘမဲ့တစ်ယောက် ဖြစ်ကြောင်း လူတိုင်းသိကြ၍ အချို့လူများသည် သူမ၏ မိဘအရင်းများကို ကိုယ့်သဘောနှင့်ကိုယ်ပင် ကူညီရှာဖွေပေးကြသေးသည်။

ထို့ကြောင့် ရုတ်တရက် သူမ၌ အစ်ကိုတစ်ယောက် မည်သို့ပေါ်ထွက်လာနိုင်မည်နည်း။ ထို့အပြင် ထိုအစ်ကိုသည် ကုမ္ပဏီကြီးတစ်ခု၏ အထွေထွေမန်နေဂျာ ဖြစ်ပုံရသည်။

ထိုအခါ ပိုင်ယွီအန်းက ခပ်တိုးတိုးရယ်လိုက်ပြီး ...

“ကျင်းယွင်ကျောင်းရဲ့မွေးစားမိဘတွေက ကျွန်တော်တို့ ပိုင်မိသားစုနဲ့ အိမ်နီးချင်းတွေပါ။ သူ့ကို ကျွန်တော်ရဲ့မိဘတွေက မွေးစားသမီးလေးလို့ သတ်မှတ်ထားတာ။ ဒါကြောင့် သူက ကျွန်တော့်ရဲ့ညီမ, မဟုတ်လို့ ဘာဖြစ်ရမှာလဲ။ ခင်ဗျားတို့က ကျွန်တော်ရဲ့ညီမမှာ ကျောထောက်နောက်ခံ မရှိဘူးလို့ တွေးနေတာလား။ ဒါကြောင့် သူ့ကို အနိုင်ကျင့်တဲ့သူလို့ စွပ်စွဲပြီး ဒုက္ခရောက်အောင် လုပ်နေတာ မဟုတ်လား”

ထိုစကားကို ကြားသောအခါ စန်းရန်သည် အသက်ရှုကြပ်သွား၍ ဤကိစ္စသည် ဦးတည်ချက်ပြောင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

ဒါပေမယ့် ကျင်းယွင်ကျောင်းက ဘာလို့ သည်လောက်ကံကောင်းနေတာလဲ။ ဘာလို့ တခြားသူတွေက သူ့ကို စိတ်ရင်းနဲ့ ကောင်းပေးနေကြတာလဲ။

သို့သော် ဟုန်ထျန်းကမူ အနည်းငယ် မကျေမနပ်ဖြစ်နေသည်။

သူက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာတစ်ယောက်ပဲ မဟုတ်ဘူးလား။ ဘာလို့ သည်လောက် မောက်မာနေတာလဲ။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက သာမန်ကုမ္ပဏီတွေထက် ပိုအင်အားကြီးတယ်ဆိုပေမယ့် ငါတို့ ဟုန်မိသားစုနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။

သူက ဘယ်သူ့ကို လာစော်ကားနေတာလဲ။

“ဘော့စ်ပိုင်ရဲ့စကားတွေက အမှားနဲ့အမှန် ရောနေတယ်။ ဒီကျင်းယွင်ကျောင်း ကိုယ်တိုင်က ကျွန်တော့်သမီး ပြုတ်ကျအောင် မြင်းရဲ့ခြေထောက်ကို ခဲနဲ့ ပေါက်ခဲ့တယ်လို့ ဝန်ခံပြီးသွားပါပြီ။ ဒီနေရာမှာရှိတဲ့လူတိုင်းလည်း ကြားတယ်။ ဒီကိစ္စက လုံးဝအထင်လွဲနေတာ မဟုတ်ဘူး။ ဒါကြောင့် သူက ဘော့စ်ပိုင်ရဲ့ညီမ ဖြစ်နေတော့ရော ဘာအရေးလဲ။ သူက အမှားလုပ်ထားမှတော့ အပြစ်ပေးခံရသင့်တယ် မဟုတ်လား”

Chapter 396 : ခင်မင်ရင်းနှီးမှု

ပိုင်ယွီအန်းက ကျင်းယွင်ကျောင်းသည် သူ၏ ညီမငယ်ဖြစ်ကြောင်း စပြောခဲ့စဥ်က ဟုန်ထျန်းသည် ပိုင်ယွီအန်းအား မျက်နှာသာပေးချင်ခဲ့သည်။

သို့သော် ပိုင်ယွီအန်း၏ အထက်စီးဆန်မှုများကို မြင်သောအခါ ရုတ်တရက် စိတ်ပြောင်းသွားတော့သည်။

“ရှင်က ကျွန်မ ပြောသမျှကို ယုံတယ်ပေါ့။ ဒါဆိုရင် ကျွန်မ မေးပါရစေဦး။ မျက်မြင်သက်သေရှိလား”

ကျင်းယွင်ကျောင်းက ရုတ်တရက် ဝင်ပြောလာ၏။

“ကျွန်မ လုပ်ပါတယ်ဆိုတာကို မျက်မြင်သက်သေ မရှိတာကို ထည့်မပြောသေးနဲ့ဦး။ ကျွန်မ တကယ်လုပ်ခဲ့တယ်ဆိုရင်တောင်မှ မေးချင်တာ ရှိသေးတယ်။ ခဲနဲ့ ပစ်တာကို ကျွန်မက အားဘယ်လောက်တောင်သုံးလို့ သူ မြင်းပေါ်ကနေ ပြုတ်ကျတဲ့အထိဖြစ်သွားတာလဲ။ တကယ်တမ်း အားသုံးမယ်ဆိုရင် အကွာအဝေးက ပိုများသင့်တာ မဟုတ်လား။ ပြီးတော့ ကျွန်မ ဒီလို ခဲနဲ့ပေါက်ဖို့ ဟန်ပြင်နေတုန်းက ဝန်ထမ်းတွေက ဘာလို့ လာမတားတာလဲ”

“ဒါ့အပြင် ကျွန်မကို ဖမ်းချုပ်ချင်တယ်ဆိုရင် မမလေးဟုန်ကိုရော အရေးမယူဘူးလား။ အစောပိုင်းက ကျီရှန်းရှန်းရဲ့မြင်း ဘာကြောင့်လန့်သွားတယ်ဆိုတာကို ရှင်တို့ မမြင်လိုက်ကြဘူးလား”

ကျင်းယွင်ကျောင်းက ထပ်ဖြည့်ပြောလိုက်၏။

သို့သော် ထိုစကားကိုကြားသောအခါ ဟုန်ဝမ်က ပြုံးလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြည့်၍ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစွာဖြင့် မေးလိုက်သည်။

“အားလုံးပဲ၊ ပြောကြပါဦး။ ကျွန်မ ကြာပွတ်လွှဲလိုက်တာကို ဘယ်သူမြင်လဲ”

မည်သူမှ အသံထွက်မလာပေ။

“ဒါဆိုရင် ကျင်းယွင်ကျောင်း ခဲလုံးကို ကောက်ပြီး ကျွန်မရဲ့မြင်းကို ပစ်လိုက်တာကိုရော မြင်ကြလား”

ဟုန်ဝမ်က ထပ်မေးပြန်သည်။

သို့ရာတွင် ထိုစကားဆုံးသည်နှင့် အကြီးအကဲထန်က ရုတ်တရက် ချောင်းဟန့်လိုက်ပြီး ...

“ယွင်ကျောင်းလေး၊ မင်း နင်းမြို့တော်ကို လာတာ ဘာလို့ ငါ့ကိုမပြောတာလဲ။ အခြားသူရဲ့အိမ်မှာတည်းတာက ထန်မိသားစုရဲ့အိမ်မှာတည်းတာလောက် သက်တောင့်သက်သာ ရှိပါ့မလား။ မင်းကိုယ်တိုင်ပဲ ကြည့်လေ။ အပြင်မှာက ဘယ်လောက်တောင် ဗရမ်းဗတာဖြစ်နေလဲ။ အာ...မင်း မြင်းစီးချင်လား...ဂေါ့ဖ်ရိုက်ချင်လား။ ကျစ်ဟွားကို မင််းနဲ့အတူ အဖော်လုပ်ခိုင်းလိုက်ပေါ့၊ ငါတို့ ထန်မိသားစုမှာ တခြားလူစိမ်း မရှိဘူး။ နေရာကလည်း အကျယ်ကြီးရယ်။ ပြီးတော့ အိမ်မှာ မြင်းကောင်းတွေလည်း ရှိတယ်။ သားဖောက်ထားတာကလည်း မျိုးရိုးသန့်တွေချည်းပဲ။ ပြီးတော့ ပတ်ဝန်းကျင်ကလည်း သန့်တော့ ဒီလိုမျိုး ရုတ်ရုတ်သဲသဲတွေလည်း မဖြစ်ဘူးလေ၊ မင်း အဲဒါတွေလည်း ထည့်စဥ်းစားရမှာပေါ့”

အကြီးအကဲထန်၏ စကားဆုံးသည်နှင့် ပတ်ဝန်းကျင်သည် ရုတ်ချည်း တိတ်ဆိတ်သွားပြီး ထိုနေရာရှိ လူများသည် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်မိကြ၏။

အကြီးအကဲထန်သည် အပြင်ပန်း၌ ကြင်နာတတ်ပုံပေါ်သော်လည်း လက်တွေ့၌လည်း သူ၏ အကျင့်စရိုက်သည် ရုပ်ရည်သွင်ပြင်နှင့် တခြားစီဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထိုသို့ မဟုတ်လျှင်လည်း သူသည် ထန်စီးပွားရေး လုပ်ငန်းစုကြီးအား ဤမျှကြီးမားလာအောင် ချဲ့ထွင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူ့အား အပြစ်ပြုမိသူတိုင်းလည်း အပြစ်ပေးခံရသည့်အကြောင်း လူတိုင်း ကြားဖူး၏။ သူသည် အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိ၍ အလွန် မာနကြီးသောကြောင့် ကြင်နာတတ်သည့် အဖိုးအိုတစ်ယောက် မဟုတ်ပေ။

ထို့ကြောင့် ကျင်းယွင်ကျောင်း၏ အနေအထားနှင့်သာဆိုပါက အကြီးအကဲထန်အား စကားပင် ပြောခွင့်ရမည် မဟုတ်။

ဒါပေမယ့် ဒါက....

“အဖိုးထန်၊ ဒီတစ်ခေါက်က ကျွန်မ သူငယ်ချင်းဆီ အလည်လာတာပါ၊ ဒါကြောင့် အဖိုးကို မနှောက်ယှက်ချင်လို့...”

ကျင်းယွင်ကျောင်းက အကြီးအကဲထန်၏ စကားအဓိပ္ပါယ်ကို နားလည်သဘောပေါက်သဖြင့် အလိုက်သင့် ပူးပေါင်းပေးလိုက်သည်။

ထိုအခါ အကြီးအကဲထန်က သူမအား မကျေမနပ်ကြည့်လာပြီး ...

“မင်းက ငါ့ကို အနှောက်အယှက်ပေးတယ်လို့ ဘယ်သူပြောရဲတာတုန်း၊ မင်း သူငယ်ချင်းတွေနဲ့အတူလည်ချင်ရင် သူတို့ကိုပါ ထန်အိမ်ကို ခေါ်ခဲ့လို့ရတာပဲ။ မင်းရဲ့သူငယ်ချင်းလေးတွေကိုလည်း ထန်မိသားစုက ကြိုဆိုပါတယ်”

“အို...ဟုတ်သားပဲ။ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက ငါ မင်းကို စစ်တုရင်ကစားနည်း သင်ပေးခဲ့တယ်လေ။ မင်း ပြန်သွားတော့ လေ့ကျင့်ဖြစ်ရဲ့လား။ ဒီတစ်ခေါက် မင်းရှုံးရင် ဟွားနင်ခရိုင်ကို မပြန်ရတော့ဘူးနော်။ မင်းရော၊ ကျစ်ဟွားရော တခြားကျောင်းကို ပြောင်းရမယ်။ မင်းတို့ ငါ့ရဲ့မျက်စိအောက်မှာ ရှိမှ ငါလည်း စိတ်အေးရမှာ”

အကြီးအကဲထန်က ထပ်မံ၍ပြောလိုက်သည်။

ထိုအခါ ဟုန်ထျန်း၏ မျက်နှာသည် နှစ်ဆပိုမိုပျက်ယွင်းသွား၏။

သူသည် ငတုံးတစ်ယောက် မဟုတ်ဘဲ ထက်မြက်သောသူ တစ်ယောက်ဟုပင် ယူဆနိုင်သည်။ ထိုသို့မဟုတ်ပါက ဤအဆင့်အတန်းအထိ ရောက်လာလိမ့်မည် မဟုတ်ပေ။ သို့သော် လက်ရှိ အခြေအနေသည် သူ့အား ချောင်ပိတ်မိစေ၍ နေမထိထိုင်မသာ ဖြစ်လာစေသည်။

သည် ကျင််းယွင်ကျောင်းက တကယ်ပဲ အကြီးအကဲရှုနဲ့ ရင်းနှီးတာလား။

အကြီးအကဲထန်သည် ပေါင်းရသင်းရခက်ခဲသူ ဟူသည့် နာမည်ဆိုးဖြင့် ကျော်ဇောသူ ဖြစ်သည်။ သူသည် ကြွေထည်များနှင့် ရှေးဟောင်းပစ္စည်းများကို နှစ်သက်၍ စစ်တုရင် ကစားရခြင်းကိုလည်း နှစ်သက်၏။ သူ၏ ကစားနည်းသည် စစ်တုရင်ချည်း မဟုတ်ဘဲ တရုတ်ကျားကွက်စေ့ ကစားနည်းပါ ရောယှက်နေ၏။ ထိုကစားနည်းများကို လူနည်းစုကသာ တတ်မြောက်၍ အကြီးအကဲထန်အား မျက်နှာလုပ်ချင်သူတိုင်းသည် ထိုကစားနည်းကို သင်ယူလိုကြသည်။

သို့သော် အကြီးအကဲထန်၏ စစ်တုရင်စွမ်းရည်က မနိမ့်ကျသဖြင့် အချိန်တိုအတွင်း မယှဥ်ပြိုင်နိုင်ကြပေ။ ထို့အပြင် အကြီးအကဲထန်သည် တစ်ဖက်လူ၏ စစ်တုရင်စွမ်းရည် ဆိုးဆိုးဝါးဝါး နိမ့်ကျနေသည်ကို သိသွားပါက သေချာပေါက် ဒေါသထွက်၍ ထိုသူအား ချက်ချင်း နှင်ထုတ်တတ်သဖြင့် သူ့အား မျက်နှာလို မျက်နှာရလုပ်ရန် ခက်ခဲလှသည်။

သူသည် စစ်တုရင် ကစားနည်းအား သားသမီးများနှင့် မြေးများကိုပင် ကိုယ်တိုင်ကိုယ်ကျ သင်မပေးပေ၊ သူတို့ ကိုယ်တိုင် ရှာဖွေသင်ယူရပြီး တတ်မြောက်သွားသောအခါမှသာ သူနှင့်အတူ စစ်တုရင် ကစားရသည်။

သို့သော် ယခု အကြီးအကဲထန်က ကျင်းယွင်ကျောင်းအား စစ်တုရင် ကစားနည်းသင်ပေးခဲ့သည်ဟု ကိုယ်တိုင် ဝန်ခံပြောဆိုနေသည်လား။

All Chapters