← Chapters

အခန်း (၃၉၇-၄၀၀)

Vol. 20 Ch. 397-400

အခန်း (၃၉၇-၄၀၀)

Vol. 20 Ch. 397-400

Chapter 397 : ဝန်ခံခြင်း

မြင်းစီးကလပ်သို့ ဟုန်ထျန်းနှင့် အတူလိုက်လာသူ အနည်းငယ်ရှိ၍ ထိုလူများအားလုံးသည် လူတော်များဖြစ်ကြသည်။ ထို့ကြောင့် အကြီးအကဲထန်၏ စကားဆုံးသောအခါ သူသည် ကျင်းယွင်ကျောင်းကိုသာ မျက်နှာသာပေးလိမ့်မည် ဖြစ်ကြောင်း သူတို့အားလုံး နားလည်သွားကြ၏။

ထိုအခါ ဟုန်ထျန်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး ဘာပြောရမှန်း မသိတော့ချေ။

သို့သော် သူ ပြန်ပြောရန်အတွက် စကားလုံးရွေးနေချိန်မှာပင် အကြီးအကဲထန်က ဆက်ပြောလာပြန်သည်။

“ဒုတိယ မြို့တော်ဝန်လု၊ ဒီ ဟုန်မိသားစုက မိန်းကလေးက လူတွေကို ထိခိုက်ဒဏ်ရာရအောင် ကြာပွတ်နဲ့ ရိုက်တယ်လို့ ကျုပ်တို့ရဲ့ရှောင်ယွင်ကျောင်းက ပြောနေတယ်။ ဒီနေရာမှာရှိနေတဲ့ လူတိုင်းကို သေသေချာချာ မေးပေးပါဦး။ အိမ်ပြန်သွားတဲ့လူတွေကိုလည်း လိုက်ခေါ်ပြီး တစ်ယောက်ချင်း မေးပေးပါ။ တကယ်လို့ သူတို့က လိမ်နေတယ်၊ ဒါမှမဟုတ် ဖုံးကွယ်ထားတယ်ဆိုရင် သူတို့ကို ပြစ်တင်ရှုတ်ချပြီးတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးရမယ်၊ ခင်ဗျားလည်း အဲ့လိုပဲ တွေးထားတယ် မဟုတ်လား”

ထိုအခါ ဒုတိယ မြို့တော်ဝန်လုက ပြုံးလိုက်၏။ ဤကိစ္စသည် သူ၏ လုပ်ပိုင်ခွင့်အောက်၌ မရှိသော်လည်း သူ့၌ ဝင်ရောက်စွက်ဖက်နိုင်သည့်အာဏာရှိသည်။

“လောင်ထန် ပြောတာ မှန်ပါတယ်၊ မမလေး ကျင်း၊ မင်း မကျေနပ်တာ တစ်ခုခုရှိသေးရင် ဦးလေးလုကို ပြောနော်။ ဦးလေးက မင်းအတွက် တရားမျှတမှုရှိအောင် လုပ်ပေးမယ်”

ဒုတိယ မြို့တော်ဝန်လုက ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ ဟုန်ထျန်းသည် သူ၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညှင်းများ ထောင်ထလာသလို ခံစားလိုက်ရသည်။

ဘာတွေဖြစ်နေတာလဲ။

ပိုင်ယွီအန်းက ကျင်းယွင်ကျောင်းကို သူ၏ ညီမဟုပြောလာ၍ အကြီးအကဲထန်ကလည်း သူမအား ရှောင်ယွင်ကျောင်းဟု ရင်းရင်းနှီးနှီးခေါ်ပြီး မြေးအရင်းအချာတစ်ယောက်အလား ဆက်ဆံသည်၊ ထို့အပြင် ဒုတိယ မြို့တော်ဝန်လုကလည်း ကျင်းယွင်ကျောင်းအား အလွန်ကြင်ကြင်နာနာ ပြောဆိုနေပြန်၏။

ထိုအချင်းအရာကို မြင်သည့် အခြားသူများအားလုံးသည်လည်း ထိတ်လန့်ကုန်ကြပြီး မိန်းကလေးတစ်ယောက်က ချက်ချင်း ထပြောလာသည်။

“တကယ်...တကယ်တော့ ကျင်းယွင်ကျောင်းက လူတွေကို ကျောက်ခဲနဲ့ လှမ်းထုတာကို ကျွန်မ, မမြင်လိုက်ပါဘူး။ ဒါပေမယ့် မမလေး ဟုန်ကတော့ မြင်းကို ကြာပွတ်နဲ့ အသံအကျယ်ကြီး မြည်အောင် လှမ်းရိုက်လို့ မြင်းက လန့်ပြီး ထွက်ပြေးသွားပါတယ်။ အဲ့မြင်းပေါ်က ညီမလေးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရလုနီးပါး ဖြစ်သွားတာပါ”

ထိုသို့ပြောလိုက်သည့် မိန်းကလေးသည် ဟုန်မိသားစုနှင့် အဆင့်အတန်းချင်းတူသည့် မိသားစုမှဖြစ်၍ ယခုကဲ့သို့ ဦးဆောင်ပြောရဲခြင်း ဖြစ်သည်။

ထိုအခါ ဘေး၌ ရပ်နေသည့် သူမ၏ ဖခင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ယခုအခြေအနေသည် ကျင်းယွင်ကျောင်းအား ကာကွယ်ပြောဆိုပေးမည့် သူများအပေါ်တွင်သာ မူတည်နေသည်။ ကျင်းယွင်ကျောင်း၏ဘက်မှ ပြောပေးခြင်းသည် ဒုတိယ မြို့တော်ဝန်လုနှင့် အကြီးအကဲထန်တို့အား စိတ်ကျေနပ်စေ၏။ အထူးသဖြင့် ပထမဆုံး ဦးဆောင်၍ ကာကွယ်ပြောဆိုပေးသူသည် အကြီးအကဲထန်၏ အသိအမှတ်ပြုမှုကို ရရှိလိမ့်မည် ဖြစ်သည်။

ထို့နောက် ထင်သည့်အတိုင်းပင် အကြီးအကဲထန်က သူမအား ကြင်နာစွာ ကြည့်လာပြီး ...

“ဒါက လျို့မိသားစုက သမီးလေးလား။ တစ်ချက်ကြည့်ရုံနဲ့တင် ဒီကလေးက လိမ္မာယဥ်ကျေးတဲ့ ပညာတတ်လေးမှန်း သိသာတယ်”

ထိုအခါ ချီးကျူးခံရသည့် မိန်းကလေး၏ မျက်နှာက နီရဲလာ၏။

သူမသည် အစောပိုင်းကတည်းက ဤကိစ္စအား ထုတ်ပြောချင်ခဲ့သော်လည်း သူမ၏ စကားသည် အလဟဿဖြစ်၍ ဟုန် မိသားစုနှင့် ရန်ငြိုးဖွဲ့မိသွားနိုင်ကြောင်း သဘောပေါက်၏။ ထို့ကြောင့် သူမသည် မိသားစုကို ဒုက္ခမဖြစ်စေချင်၍ ငြိမ်နေခဲ့ခြင်းဖြစ်သည်၊ သို့သော် ယခုအချိန်၌မူ အခြေအနေက မတူတော့ပေ၊ ကျင်းယွင်ကျောင်းကသာ အပြစ်မပြုသင့်သောသူ ဖြစ်လာ၏။

ထိုမိန်းကလေးက စပြောလိုက်သောအခါ အခြားသူများလည်း ငြိမ်မနေနိုင်ကြတော့ပေ။

“မမလေး လျို့ပြောတာ အမှန်ပါပဲ။ ကျွန်မ အဲ့အချိန်တုန်းက သူတို့နဲ့ နီးနီးလေးမှာပါ။ မြင်ရုံတင်မကဘူး၊ ကြားပါကြားလိုက်သေးတယ်။ ဟုန်ဝမ်က ဒီနေရာကို ရောက်ရောက်ချင်းမှာပဲ သူတို့သုံးယောက်ကို တောသူမတွေလို့ ပြောလိုက်တာ။ တစ်ဖက်လူက ပြေပြေလည်လည် ဖြေရှင်းပေမယ့် ဟုန်ဝမ်က အရင်ဆုံး ရိုက်လိုက်တာပါ”

“မမလေး ဟုန်က အရင်ဆုံး ပြဿနာစရှာတယ်ဆိုတာ အမှန်ပါပဲ။ သူတို့သုံးယောက်က မလွန်ပါဘူး”

“တကယ်တော့...ကျွန်တော့်ရဲ့ဖုန်းထဲမှာ ဗီဒီယိုတစ်ခုရှိပါတယ်။ အစောပိုင်းက သူတို့အချင်းချင်း မျက်နှာချင်းဆိုင် ပြဿနာဖြစ်နေတော့ ကျွန်တော်လည်း သိချင်လာတာနဲ့ အဲ့မြင်ကွင်းကို ဗီဒီယို ရိုက်မိသွားတာပါ”

ရုတ်တရက် ကောင်လေးတစ်ယောက်က ဝင်ပြောလာသည်။

သူသည် ထိုစကားကို ပြောနေရင်း အနည်းငယ် မလုံမလဲ ခံစားနေရ၏။ ထိုအချိန်က သူသည် သိချင်စိတ်ကြောင့် ဗီဒီယိုရိုက်ခဲ့ခြင်း မဟုတ်ဘဲ ဟုန်ဝမ်၏အကြောင်းကို သိနေသောကြောင့်သာ ဗီဒီယိုရိုက်ခဲ့ခြင်း ဖြစ်သည်။

သူသည် ဟုန်ဝမ်က ထိုမိန်းကလေးသုံးယောက်အား တောသူမများဟု ခေါ်နေသည်ကို မတော်တဆကြားခဲ့ရ၍ ထိုဗီဒီယိုအား လှောင်ချင်စိတ်ဖြင့် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကာ လေးလေးနက်နက် မစဥ်းစားခဲ့ပေ။ သူသည် ထိုဗီဒီယိုအား သူငယ်ချင်းများကို ပြန်ပြ၍ ထိုတောသူမ သုံးယောက် မြင်းစီးကလပ်ထဲမှ နှင်ထုတ်ခံရသည်ကို လူတိုင်းအား မြင်စေလိုခြင်းသာ ဖြစ်သည်။

သို့သော် ထိုအဓိကဇာတ်ဆောင်လေး၌ နောက်ခံကောင်း ရှိနေလိမ့်မည်ဟု မည်သူသိမည်နည်း။

ထိုကောင်လေး၏ စကားကို ကြားသည်နှင့် ဟုန်ဝမ်၏ မျက်နှာအမူအယာက ချက်ချင်းတောင့်တင်းသွား၏။ ထို့နောက် သူမသည် ရဲအရာရှိများက ထိုဗီဒီယိုအား ကြည့်ရှုစစ်ဆေးနေသည်ကိုသာ အောင့်သက်သက်နှင့် ကြည့်နေရသည်။ ထိုဗီဒီယိုသည် အကွာအဝေးတစ်ခုမှ လှမ်းရိုက်ထားခြင်း ဖြစ်၍ ကြည်လင်ပြတ်သားစွာ မမြင်ရသော်လည်း ဟုန်ဝမ်က အမှန်တကယ်ပင် စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ကို မြင်နိုင်၍ သူမ၏ အထက်စီးဆန်သောအကြည့်များကိုပင် ဝိုးတဝါးမြင်နိုင်သေး၏။

Chapter 398 : ဒါက အထင်လွဲမှုတစ်ခုလား

ထိုမျှသာမက ဟုန်ဝမ်၏ မြင်းလဲကျသွားသည်ကိုလည်း ဗီဒီယို ရိုက်မိထားသည်။ လူတိုင်းက ထိုနေရာကို ကြိမ်ဖန်များစွာ ပြန်ရစ်ကြည့်ကြသော်လည်း ကျင်းယွင်ကျောင်း ခဲနှင့် ပေါက်ခဲ့သည်ကို မမြင်ကြရပေ။

သို့သော် ကျင်းယွင်ကျောင်းအတွက်မူ ဤဖြစ်ရပ်က မထူးဆန်းချေ။ လက်တွေ့၌ သူမ ပစ်လိုက်သောခဲလုံးသည် အမှန်တကယ်ပင် ခပ်သေးသေးသာဖြစ်၍ အရှိန် အလွန်မြန်၏။ သို့ဖြစ်၍ ခပ်လှမ်းလှမ်းမှ ကြည့်ပါက အများဆုံးအနေဖြင့် အရိပ်ကိုသာ မြင်ရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ထိုနေရာအား သေသေချာချာ ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသုံးသပ်နိုင်ခြင်း မရှိပါက ထိုအရိပ်ကို တစ်ချက်သာကြည့်၍ သာမန်ဟုသာ ထင်ပြီး သတိထားမိကြမည် မဟုတ်ပေ။ ထို့အပြင် ထိုအရိပ်အား မတော်တဆ ဖြစ်ရပ်ဟုပင် မယူဆနိုင်ရာ မည်သူကမှ ရေးကြီးခွင်ကျယ်လုပ်၍ မစစ်ဆေးကြတော့ပေ။

ထို့ကြောင့် ဤဗီဒီယို ထွက်လာသောအခါ ဟုန်ထျန်းသည် ပြောစရာစကား ကင်းမဲ့သွား၏။

ဟုန်ဝမ်ကမူ ထိုကောင်လေးအား အံကြိတ်၍ ကြည့်နေရင်း ပို၍ မကျေမနပ် ဖြစ်လာသည်။

သူမသည် ကျေးတောသူများစွာကို တွေ့ဖူးသော်လည်း မည်သည့် တောသူကမှ အဖိုးတန် မမလေးအဖြစ် ပြောင်းလဲမသွားပေ။

ထိုနေရာ၌ ရှိနေသူအားလုံးသည် သူတို့သားအဖအား အနည်းငယ် လှောင်ပြောင်ချင်ဟန်ဖြင့် ကြည့်နေကြပြီး အကြီးအကဲထန်သည်လည်း စကားများများစားစား မပြောတော့ဘဲ ဟုန်ထျန်းအား တစ်ချက်သာ ကြည့်လိုက်၏။ သို့သော် ထိုအကြည့်ကပင် ဟုန်ထျန်းအား တုန်ယင်သွားစေသည်။

“မမလေး ကျင်း၊ ကျွန်တော်တို့...အထင်လွဲသွားတာနဲ့ တူပါတယ်”

“ရှောင်တောက်အန်းကလည်း အတင်းပဲ မှန်တယ်ချည်းပြောနေတာ။ ခင်ဗျားက ဘာလို့ အစကတည်းက ရှင်းရှင်းလင်းလင်းဖြစ်အောင် မလုပ်တာလဲ၊ ဒါဆိုရင် အထင်လွဲစရာလည်း ရှိမှာမဟုတ်တော့ဘူး”

ဟုန်ထျန်းသည် ရှောင်တောက်အန်းအား သတ်ပစ်ချင်လောက်အောင် မုန်းတီးနေ၏။

ရှောင်တောက်အန်းသည် ဤနေရာသို့ သူ၏ သမီးဖြစ်သူအား ခေါ်လာရုံနှင့် လုံလောက်သော်လည်း သမီးဖြစ်သူ၏ သူငယ်ချင်းများကိုပါ အတူတကွ ခေါ်လာ၍ ပြဿနာ ဖြစ်စေခဲ့သည်။

ပြီးတော့ သည် ကျင်းယွင်ကျောင်းက အကြီးအကဲထန်နဲ့ အရမ်း ရင်းနှီးတာကို သူက သိတောင် မသိဘူးလား။ သူ့ကို ဘာလို့ သတိမပေးတာလဲ။ သူသာ စောစောစီးစီး သေချာရှင်းပြထားရင် သူကလည်း သူ့သမီး ရဲခေါ်ခိုင်းတာကို ခွင့်ပြုလိုက်မှာ မဟုတ်ဘူး။ အခု အခြေအနေတွေက သည်လိုဖြစ်လာတော့ သူ့သမီးကို သင်ခန်းစာရအောင်လို့ဆိုပြီး ရဲစခန်း ခေါ်သွားကြတော့မှာလား။

ထိုကိစ္စက အဆင်ပြေသေးသော်လည်း အဓိကပြဿနာမှာ အကြီးအကဲ ထန်ဖြစ်၍ ယခုအချိန်တွင် ထိုပုဂ္ဂိုလ်ကြီးက သူ့အား သတိရသွားမည်ကို စိုးရိမ်နေ၏။

နင်းမြို့တော်၏ အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် အကြီးအကဲ ထန်သည် အခရာဖြစ်၍ လူတိုင်းက ထိုသူ့ထံမှ မျက်နှာသာပေး ခံချင်ကြသည်။ သို့သော် ယခုအချိန်၌ သူသည် အကြီးအကဲ ထန်အား အပြစ်ပြုမိသွားပြီ ဖြစ်ရာ တစ်စုံတစ်ယောက်က သူ့အား နင်းခြေပစ်တော့မည် ဖြစ်သည်။

ဟုန်ထျန်း ဒေါသထွက်နေချိန်၌ ရှောင်တောက်အန်းသည်လည်း ပို၍ စိတ်ရှုပ်နေ၏။

သူသည် ယခင်က အကြီးအကဲ ထန်နှင့် ဒုတိယ မြို့တော်ဝန်လုတို့အား မမြင်ဖူးသဖြင့် ထိုသူများရောက်လာစဥ်က ပြဿနာတက်ပြီဟု မထင်ခဲ့မိပေ။ သို့ဖြစ်၍ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များစွာ၏ အာရုံစိုက်ခံရခြင်းကြောင့် သူသည် အနာဂတ်၌ နင်းမြို့တော်တွင် ကိုယ်ပိုင်နာမည်တစ်ခုဖြင့် မရပ်တည်နိုင်တော့ဟု တွေး၍ သူ၏ သမီးဖြစ်သူကိုပင် အပြစ်တင်မိသေးသည်။

သို့သော် ထိုပုဂ္ဂိုလ်ကြီးက ကျင်းယွင်ကျောင်း၏ ဘက်မှရပ်တည်၍ ဒေါသတကြီး ပေါက်ကွဲလာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထို့ကြောင့် သူသည် အံ့အားသင့်သွားသော်လည်း ထိုအခြေအနေအား လက်ခံနိုင်သေးသည်။

သို့ရာတွင် အခြေအနေက သူ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးသည် စကားလုံးအနည်းငယ်ဖြင့်ပင် လူအများ၏ စိတ်ကိုပြောင်းလဲပစ်နိုင်၏။ ထိုမျှသာမက လူတစ်ယောက်ဆီမှ ဗီဒီိယို မှတ်တမ်းတစ်ခုပင် ထွက်လာခဲ့သည်။ ထိုဗီဒီယိုထဲရှိ အဖြစ်အပျက်များအားလုံးက ရှောင်ဟိုင်ချင်း၌ အပြစ်မရှိကြောင်း ဖော်ပြနေ၏။

ဖြစ်ရပ်မှန်နှင့် စိတ်ကူးယဥ်မှုကြားရှိ ကွာခြားချက်သည် သူ့အား ချောင်ပိတ်မိသွားစေ၍ ဘာလုပ်ရမှန်း မသိတော့ပေ။

သူသည် အမှန်တကယ်ပင် ဟုန်ထျန်းအား အပြစ်ပြုမိမည်ကို ကြောက်နေခဲ့၏။ ထို့ကြောင့် သမီးဖြစ်သူက အမှားလုပ်ခဲ့သည်ဟု သိလိုက်ရချိန်တွင် သူ ပထမဆုံးတွေးမိသည်မှာ အတိတ်က သမီးဖြစ်သူ၏ မောက်မာမှုများသာ ဖြစ်သည်။

ထို့ကြောင့် သူ၏ အမြင်တွင် သူမအား အပြစ်ကင်းစင်သူဟု တစ်ခါမှ မမြင်ခဲ့ဘဲ မဖြစ်နိုင်ဟုသာ တွေးခဲ့သည်။

ယမန်နေ့က သူသည် သမီးဖြစ်သူအပေါ်၌ အနည်းငယ် အပြစ်မကင်းသလို ခံစားခဲ့ရသော်လည်း သူ၏ အမြင်တွင်မူ သမီးဖြစ်သူ ပြောင်းလဲသွားသည်က ပို၍ ကောင်းသည်ဟုသာ တွေးခဲ့၏။ ရှောင်ဟိုင်ချင်းသည် နဂိုကတည်းက လိမ္မာရေးခြားရှိခြင်း မဟုတ်ဘဲ ပြုပြင်ပြောင်းလဲလာခြင်းသာဖြစ်၍ သူမသည် ယခင်က သူ လျစ်လျူရှု မထားနိုင်သည့် အမှားများကို ကျူးလွန်ခဲ့ဖူးသည်။

“ဥက္ကဌ ဟုန်၊ ကျွန်တော် ကျင်းယွင်ကျောင်းရဲ့အကြောင်းကို မသိပါဘူး”

ရှောင်တောက်အန်းသည် ဘာဆက်ပြောရမှန်း မသိဖြစ်နေ၍ အမှန်တကယ်လည်း ဘာကိုမှ မသိပေ။

သူက သမီးဖြစ်သူသည် အတိတ်ကနှင့် မတူတော့ဘဲ ပြောင်းလဲသွားသည်ဟု သိသော်လည်း နေ့စဥ် သူမနှင့်အတူ သွားလာ ပေါင်းသင်းနေသူများကို မသိပေ။

ဖခင်ဖြစ်သူ၏ အရှက်ရနေမှုများကို မြင်သောအခါ ရှောင်ဟိုင်ချင်းက ရုတ်တရက် ပြုံးလိုက်သည်။

သူမသည် ထိုအချက်ကို ရယ်စရာကောင်းသည်ဟုထင်၍ သူမကိုယ်သူမ အရူးတစ်ယောက်ကဲ့သို့ ခံစားခဲ့ရသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ဖခင်ဖြစ်သူနှင့် သူမ၏ ကြား၌ သဟဇာတ ဖြစ်နေသည့်အချိန်ဟူ၍ ယမန်နေ့ ညနေမှ ယနေ့မနက်အထိ အချိန်တိုလေးသာ ရှိ၏။

Chapter 399 : လုံလောက်ပြီလား

ရှောင်ဟိုင်ချင်း၏ မျက်လုံးများက တောက်ပနေ၍ ယခု ဖခင်ဖြစ်သူ၏ စိတ်ထဲရှိ အတွေးများကို ခန့်မှန်းကြည့်နေသည်။

သူသည် ယမန်နေ့ကကဲ့သို့ အပြစ်ရှိစိတ် ဖြစ်ကောင်းဖြစ်နေနိုင်၍ သူမအား ချော့မော့ချင်နေလိမ့်မည်၊ ထိုသို့မဟုတ်ပါက ဟုန်ထျန်းအား လုံးလုံးလျားလျား အပြစ်ပြုမိပြီဟု တွေး၍ စိတ်သောက ရောက်နေလိမ့်မည်။ အကယ်၍ သူသည် အနည်းငယ် ပို၍ တုံးအသူဖြစ်ပါက သူ၏ သမီးဖြစ်သူနှင့် ကျင်းယွင်ကျောင်း၏ ကြားရှိ ဆက်ဆံရေးက သူ့အတွက် ပို၍ အဆင်ပြေချောမွေ့သည့် အခွင့်အလမ်းများကို ယူဆောင်ပေးနိုင်လိမ့်မည်ဟု တွေးနေလိမ့်မည် ဖြစ်သည်။

ရှောင်ဟိုင်ချင်းသည် ယခင်က ဖခင်ဖြစ်သူအား ဤကဲ့သို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူသည် သူမအား ဂရုမစိုက် ချစ်ခင်ကြင်နာမှု မရှိသော်လည်း သူမ၏ စိတ်ထဲရှိ သူ့ ပုံရိပ်မှာမူ ထက်မြက်၍ လေးစားစရာကောင်းသူ ဖြစ်သည်။

သို့သော် တကယ်တမ်း၌ သူမ၏ ဖခင်သည် သူမ၏ စိတ်ကူးယဥ်သူရဲကောင်း မဟုတ်ခဲ့ပေ။

သူ၏ လိပ်ပြာမလုံမှုသည် အနည်းငယ် အပေါစားဆန်၏။ သူသည် သူမအား အပြစ်တင်လိုပါက သက်သေ အစစ်အမှန်များ ပေါ်ထွက်လာသည်အထိ စောင့်သင့်သည်။ သို့သော် သူသည် သက်သေမရှိဘဲ သူမအား ယခင်ကကဲ့သို့ပင် အော်ဟစ်ကြိမ်းမောင်း၍ သူမသည် အသိတရားကင်းမဲ့ပြီး ယုတ်မာရက်စက်ကာ နာခံမှုမရှိသူ ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့၏။

သူမ၏ မိခင်ဖြစ်သူ ကွယ်လွန်သွားကတည်းက သူမနှင့် ဖခင်ဖြစ်သူ၏ ကြား၌ ယုံကြည်မှုပျောက်ဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ သံသယများသာ အရိုးစွဲနေပြီ ဖြစ်ကာ ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်တော့ပေ။

ထိုအခါ ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်း၏ ပုံစံကို ကြည့်ရင်း အနည်းငယ် စိတ်မကောင်းဖြစ်လာ၏။

“ဒါဆိုရင် လူကြီးမင်း ဟုန်က တခြားသူတွေကို အပြစ်တင်တာ နောက်ကျမနေလွန်းဘူးလား။ ရဲဦးလေးကြီးတွေရှင့်၊ ရှင်တို့ကလည်း မမလေး ဟုန် ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံမှာကို စောင့်နေကြတာလား”

ကျင်းယွင်ကျောင်းက အေးစက်စက်အသံဖြင့် ရုတ်တရက် ထပြောလိုက်သည်။

“ကျင်းယွင်ကျောင်း”

ဟုန်ဝမ်က အံကြိတ်၍ အော်လိုက်၏။

သူမအား ရဲစခန်းသို့ ခေါ်သွားခိုင်းသည်လား။ ရဲစခန်း၌ မည်သည့်အပြစ်မှ ပေးမခံရလျှင်တောင်မှ ထိုသို့အဖမ်းခံရသူသည် သေချာပေါက် သိက္ခာကျသွားမည် ဖြစ်သည်။

“ရှင် အခု ကျွန်မနာမည်ကို မှတ်မိသွားလို့ ကျေးဇူးတင်ပါတယ်။ အနည်းဆုံးတော့ တောသူ ငတုံးမ မဟုတ်တော့ဘူးပေါ့”

“နှမြောစရာကောင်းတာက မမလေး ဟုန်က ကျွန်မကို နာမည်တပ်ပြီး မခေါ်တော့ ကိုယ့်သေတွင်းကိုယ်တူးမိသလို ဖြစ်သွားတယ်။ ကဲ... ရှင် သွားဖို့ အချိန်ကျပြီ”

ထိုအခါ ဟုန်ဝမ်က မျက်နှာပျက်သွားပြီး အော်လိုက်သည်။

“ဖေဖေ”

ဟုန်ထျန်းသည် သူ့ကိစ္စနှင့်သူ အလုပ်ရှုပ်နေသောကြောင့် သမီးဖြစ်သူ၏ ဖြစ်အင်အား မြင်သော်လည်း ဘာမှလုပ်မပေးနိုင်ပေ။

“မမလေး ကျင်း၊ ဒါတွေအားလုံးက အထင်လွဲတာပါ။ ပြီးတော့ ကျုပ်နဲ့ လောင်ရှောင်က စီးပွားဖက်တွေပါ။ ငါတို့နဲ့ မင်းရဲ့သူငယ်ချင်းက တစ်ဖက်တည်းပဲ။ ဒါကြောင့် ဒီလို မျက်နှာပျက်စရာ ကိစ္စတွေလုပ်ဖို့ မလိုဘူး မဟုတ်လား”

ဟုန်ထျန်းက ထပ်ပြောလာရာ ကျင်းယွင်ကျောင်းက မျက်ခုံးပင့်လိုက်ရင်း ...

“ဘယ်ဘက်က ရပ်တည်မှာလဲဆိုတာ ကျွန်မရဲ့သူငယ်ချင်းကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ အဲ့တော့ လူကြီးမင်း ဟုန်၊ ရှင့်ရဲ့စကားတွေက အသုံးဝင်မှာမဟုတ်ဘူး”

ထိုအခါ ရှောင်ဟိုင်ချင်းက သူမအား ကြည့်လာပြီး ...

“ဥပဒေအရပဲ ကိုင်တွယ်ပါ”

သူမသည် အစောပိုင်းက ဟုန်ထျန်း ပြောခဲ့သည့်စကားများကို အတိအကျ ပြန်ပြောလိုက်ရာ ရှောင်တောက်အန်းလည်း တုံ့ဆိုင်းသွား၏။

“ဟိုင်ချင်း၊ ဒီအကြောင်းကို ကောင်းကောင်းပြောရအောင်။ ရဲစခန်းကို သွားစရာ မလိုပါဘူး။ အစောပိုင်းက အဖေ လွန်သွားတာ သိပါတယ်။ ဒါကြောင့် အဖေ တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်း မမလေး ဟုန်ကို မိန်းကလေးတစ်ယောက် အနေနဲ့ပဲ မြင်ကြည့်လိုက်ပါ”

ထိုအခါ ရှောင်ဟိုင်ချင်းက အေးစက်စက် ရယ်လိုက်ပြီး ...

“ဟုတ််တယ်၊ သူက မိန်းကလေးတစ်ယောက်လေ၊ ကျွန်မ ပြောတာ မှန်ရဲ့လား”

ထို့နောက် ရှောင်ဟိုင်ချင်းက တည့်တိုးပင် မေးလိုက်သည်။

“အစောပိုင်းတုန်းက သူတို့က ကျွန်မကို ဖမ်းချင်နေတုန်းကကျ အဖေ့ရဲ့သဘောထားက ဘယ်လိုပါလိမ့်နော်။ အဖေက ကျွန်မ မှားတယ်ဆိုပြီးပဲ ဆက်တိုက်ပြောနေခဲ့တာ။ အဖေ့ရဲ့ စိတ်ထဲမှာ ကျွန်မက အမြဲတမ်း မှားတယ်လို့ပဲ ထင်နေတာ မဟုတ်လား။ အဖေက အခုထိ လူကြီးမင်း ဟုန်ကို အပြစ်ပြုမိမှာ ကြောက်နေတုန်းပဲလား”

ရှောင်ဟိုင်ချင်းက သူမ၏ စိတ်ထဲရှိ အတွေးများကို ထုတ်ပြောလိုက်ရာ ရှောင်တောက်အန်း၏ မျက်နှာက ချက်ချင်းတင်းမာသွား၏။

သူသည် ဤကိစ္စအား အကျိုးအမြတ်တွက်၍ လုပ်ခဲ့ကြောင်း ဝန်မခံချင်ပေ။ လက်တွေ့၌ မည်သို့ဖြစ်နိုင်မည်နည်း။ အကယ်၍ ရှောင်ဟိုင်ချင်းသာ အတိတ်က အမှားများ ဆက်တိုက်မလုပ်ခဲ့ပါက သူသည်လည်း သူမကို အထင်လွဲပြီး အခက်တွေ့အောင်လုပ်မိမည် မဟုတ်။ သို့သော် သူမအား မယုံကြည်မိသည့်အတွက် သူသည်လည်း စိတ်မကောင်းဖြစ်နေ၏။

“ဟိုင်ချင်း”

သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ၊ အိမ်ကို အရင်ပြန်ပြီးမှ ဆက်ပြောကြတာပေါ့။ အဖေ အမှားလုပ်မိတာကို ဝန်ခံပါတယ်၊ ဒါပေမယ့် မင်း ဒီလိုမျိုး မျက်နှာပျက်စရာကိစ္စကိုတော့ လုပ်စရာ မလိုဘူးလေ၊ မင်း ဒါကို ရပ်တန့်ပေးလို့ မရဘူးလား”

“မရဘူး”

ရှောင်ဟိုင်ချင်း၏ မျက်လုံးများက အေးစက်စိမ်းကားလှ၏။

“ကျွန်မက အသိတရား မရှိဘူးလို့ အဖေ သတ်မှတ်ထားပြီးသားပဲလေ၊ ဒီတော့ ကျွန်မကလည်း ထပ်ပြီးတော့ အသိတရား မရှိတာတွေ လုပ်ပြဖို့ လိုတာပေါ့”

“အဖေ့အကြောင်းကို တွေးလိုက်တိုင်း ကျွန်မ, မတရားသလို ခံစားရတယ်။ ကျွန်မက နားလည်မှု မရှိဘူး။ ကျွန်မက အပျင်းကြီးလွန်းတယ်၊ ကျွန်မက အဖေ့ရဲ့စီးပွားရေးကိစ္စတွေကိုလည်း နားမလည်ဘူး။ ကျွန်မက ပြဿနာရှာဖို့ပဲ သိတဲ့သူ။ ဒါကြောင့် ကျွန်မက ကျန်တဲ့ ဘဝသက်တမ်းမှာလည်း အဖေ့ကို ဒုက္ခတွေပဲ ပေးသွားမှာ။ အဖေပဲဖြစ်ဖြစ်၊ မမလေး ဟုန်ပဲဖြစ်ဖြစ်၊ အားလုံးက အတူတူတွေပါပဲ”

Chapter 400 : ဒါဆို ကျွန်မကို တောင်းပန်လေ

ရှောင်ဟိုင်ချင်း၏ ခိုင်မာသော သဘောထားသည် အံ့သြစရာကောင်းလှ၏။ ထိုအခါ ရှောင်တောက်အန်းသည် သမီးဖြစ်သူ၏ အရိုအသေကင်းမဲ့သည့်စကားကို ကြားပြီး ဒေါသထွက်လာတော့သည်။

“ရှောင်ဟိုင်ချင်း၊ မင်း ငါ့ကို ဘာကြောင့်များ ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ။ ဘာပဲဖြစ်ဖြစ် မင်း ခေါင်းမာလို့ ဒီလို အရှုပ်အထွေးတွေ ဖြစ်လာရတာ။ ငါ့ရှေ့မှာ ခေါင်းငုံ့ပြီး အချိုးပြေပြေနေလိုက်တော့ မင်း ဘာဖြစ်သွားမှာမို့လို့လဲ။ မင်းက လူကြီးတစ်ယောက်ဖြစ်တဲ့ ငါ့ကို တောင်းပန်စေချင်နေတာလား”

ရှောင်တောက်အန်းက ရုတ်တရက် ထအော်လိုက်ပြီး မည်သည့်မျက်နှာကိုမှ မထောက်တော့ပေ။

ယခုအချိန်၌ သူသည် သိက္ခာကျပြီးသား လူတစ်ယောက်သာ ဖြစ်၏။

“ဟုတ်တယ်၊ အဖေ ကျွန်မကို တောင်းပန်ပါ”

ရှောင်ဟိုင်ချင်းက ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် တည်ငြိမ်စွာ ပြောလာသည်။

ထိုအခါ ရှောင်တောက်အန်း၏ နဖူး၌ သွေးကြောများပင် ထောင်ထလာပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေါသဖြင့် တုန်ယင်လာ၏။ သူသည် ရှောင်ဟိုင်ချင်းအား ထပ်မံရိုက်နှက်လိုသဖြင့် လက်ရွယ်လိုက်သော်လည်း သူမက မရှောင်ပေ။ ထို့နောက် သူမက သူ၏ အမူအယာကို ကြည့်ရင်း တောက်ပစွာ ပြုံးလိုက်၏။

“ကြည့်လေ၊ အဖေက ငတုံးမှ မဟုတ်တာ”

“အဲ့လိုပဲပေါ့။ မမလေး ဟုန်ကိုလည်း ရဲစခန်းခေါ်သွားမှာလား။ ရလဒ်ကတော့ အတူတူပဲ ဖြစ်လာမှာနော်။ အဖေက ကျွန်မကို ဒေါသထွက်ပြီး ထွက်သွားခိုင်းဦးမှာပဲ။ အဖေက လူကြီးမင်း ဟုန်ကို အဖေ့ရဲ့သစ္စာရှိမှုတွေကို ပြချင်နေတာလား၊ ကျွန်မနဲ့ ကျင်းယွင်ကျောင်းအပေါ်မှာ အဖေက သြဇာညောင်းတယ် ဆိုတာကိုရောလေ။ ဒါပေမယ့် သရုပ်ဆောင်တာက တော်ရုံပဲကောင်းတယ်ဆိုတာ အဖေလည်း သိတာပဲ။ တကယ်လို့ အဖေသာ ကျွန်မကို တကယ်တောင်းပန်လိုက်ရင် အဖေ ကျွန်မရဲ့ရှေ့မှာ တစ်သက်လုံး အရှက်ရနေမှာလေ။ အဲ့တော့ အဖေ လုပ်မှာ မဟုတ်ဘူး။ တကယ်တော့လေ အဖေ့ရဲ့အတွေးတွေကို ခန့်မှန်းရတာ မခက်ပါဘူး”

ရှောင်ဟိုင်ချင်းက ပြုံး၍ ပြောလိုက်သည်။

အပြင်လူတစ်ယောက်၏ အမြင်တွင် သူမသည် ဘယ်သောအခါမှ အသိဉာဏ်မရှိသည့် မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ပေ။

ဉာဏ်နည်းသူများသည် အဆင့်အတန်း မရှိသည့် ချီးမွမ်းမှုများကိုသာ နှစ်သက်သဘောကျ၏၊ သို့သော် ရှောင်ဟိုင်ချင်းသည် ရူးချင်ယောင်ဆောင်တတ်သည့် မိန်းကလေးတစ်ယောက် မဟုတ်ပေ။ သူမသည် ခုနစ်နှစ်သမီး အရွယ်ကတည်းက တစ်ယောက်တည်းနေခဲ့၏။ ထို့ကြောင့် သူမသည် မိဘမဲ့တစ်ယောက် မဟုတ်သော်လည်း မိဘမဲ့နှင့် မခြားပေ၊ သူမ၏ ဘဝကို သူမကိုယ်တိုင် ထိန်းကျောင်းလာခဲ့ရသည်နှင့် အသားကျနေပြီဖြစ်သည်။ အခြားသူများ၏ အမြင်စောင်းမှုများနှင့်လည်း နေသားကျနေပြီ ဖြစ်၍ ခေါင်းမာ၍ ကန်လန့်တိုက်ရသည်ကိုလည်း အကျင့်ပါနေပြီ ဖြစ်သည်။

ရှောင်ဟိုင်ချင်း အမုန်းဆုံးမှာ သူမအပေါ်၌ အမြတ်ထုတ်တတ်သူများနှင့် သူမအား အနိုင်ကျင့်ရလွယ်မည်ဟု ထင်နေကြသူများ ဖြစ်သည်။

ထိုသို့လုပ်လာသူသည် သူမ၏ ဖခင်ဖြစ်နေလျှင်တောင်မှ ခြွင်းချက် မရှိပေ။

ဖခင်ဖြစ်သူ၏ အသုံးမကျမှု များစွာကြောင့် နွေးထွေးသည့် မိသားစုမေတ္တာသည်လည်း သူမနှင့် လုံးဝ အံဝင်ခွင်ကျ မဖြစ်တော့ပေ။

ထိုအခါ ရှောင်တောက်အန်းသည် ခေတ္တမျှ မင်သက်နေ၏။ သမီးဖြစ်သူ၏ ထူးဆန်းသော အမူအယာကို ကြည့်ရင်း သူ၏ ရင်ထဲ၌ ရုတ်တရက် စိမ့်၍ ကြောက်ရွံ့လာသည်။ နှလုံးခုန်သံများသည်လည်း အံသြစရာကောင်းလောက်အောင် မြန်ဆန်လာ၍ ခေါင်းထဲ၌ ဆက်တိုက် တဝီဝီမြည်လာကာ မကောင်းသည့် အတိတ်နိမိတ်များကိုပါ ခံစားမိလာ၏။

အခုကစပြီးတော့ ငါ့သမီးက ငါ့ကို အရင်ကထက် ပိုပြီး ဆိုးဆိုးရွားရွား ဆက်ဆံတော့မှာမို့လို့ ကြောက်လာတာလား။

ရှောင်ဟိုင်ချင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ဟုန်ထျန်းသည် ရှောင်တောက်အန်းအား ပို၍ ဒေါသထွက်လာသည်။

ကိုယ့်သမီးကိုယ်တောင် မထိန်းတတ်ဘူးလား။

ရှောင်ဟိုင်ချင်းက ထိုသို့ အပြတ်ပြောလိုက်သဖြင့် ထပ်မံ၍ ညှိနှိုင်းစရာ မကျန်တော့ပေ။ ထို့ကြောင့် သူတို့သည် ဒေါသထွက်လွန်း၍ မျက်လုံးများနီရဲကာ မကျေမချမ်းဖြစ်နေသည့် ဟုန်ဝမ်အား ရဲအရာရှိများက ခေါ်ဆောင်သွားသည်ကိုသာ ကြည့်နေရ၏။ ဟုန်ထျန်းသည် သမီးဖြစ်သူ၏ နောက်သို့လိုက်သွားချင်သော်လည်း ဤနေရာ၌ အကြီးအကဲ ထန်နှင့် ဒုတိယ မြို့တော်ဝန်လု ရှိနေသေးသည် ဖြစ်ရာ မည်သို့ထွက်သွားနိုင်မည်နည်း။

ထိုသို့ ထွက်မသွားနိုင်ရုံသာမက သူသည် ထိုပုဂ္ဂိုလ်ကြီးအား တောင်းပန်ရန်အတွက်ပင် နည်းလမ်းရှာနေရသည်။

“အကြီးအကဲ ထန်၊ ဒါတွေအားလုံးက ကျွန်တော် အမြင်လျှမ်းသွားလို့ပါ။ အကြီးအကဲကို ရယ်စရာဖြစ်အောင် လုပ်မိပါပြီ”

ဟုန်ထျန်းက မချိပြုံးပြုံး၍ တောင်းပန်လိုက်၏။

ထိုအခါ ရှောင်တောက်အန်းလည်း ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် ရဲတင်းစွာ ဝင်ပြောလာသည်။

“ဒါတွေ အားလုံးရဲ့ အဓိကတရားခံက ကျွန်တော်ပါပဲ။ လူကြီးမင်း ဟုန်က ကျွန်တော့်ကို ဒီကလပ်ရဲ့အသင်းဝင်ကဒ် ပေးထားတော့ ကလေးသုံးယောက်ကို အမြင်ပွင့်အောင်ဆိုပြီး ခေါ်လာတာပါ။ မမလေး ဟုန်နဲ့ ပဋိပက္ခတွေဖြစ်သွားမယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ဒါပေမယ့် တကယ်တမ်းကျ သူတို့အားလုံးက ကလေးတွေပါပဲ။ ဒါကြောင့် အကြီးအကဲက ဒီကိစ္စကို ဗွေမယူပါနဲ့”

ရှောင်တောက်အန်းက သူ၏ စကားများသည် စိတ်ရင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသကဲ့သို့ ခံစားလိုက်ရ၏။

သို့သော် ယခုအချိန်၌ သူသည် ထိုသို့လုပ်ရုံသာ တတ်နိုင်၏။ သူသည် ဟုန်ထျန်းအား မဆန့်ကျင်နိုင်သဖြင့် ဟုန်ထျန်း၏ ဘက်မှသာ ကူညီပေးရမည်ဖြစ်သည်။

လက်တွေ့၌ သူသည် ထျန်းဟုန် စီးပွားရေးလုပ်ငန်းစုနှင့် သဘောတူညီမှု စာချုပ်တွင် လက်မှတ်ထိုးထားပြီး ဖြစ်၏။ ထို့ကြောင့် ဟုန်ထျန်းသည် ဤကိစ္စကြောင့် ရှယ်ယာများကို ပြန်ထုတ်ချင်လျှင်တောင်မှ အရှုံးအမြတ်များစွာကို ထည့်သွင်းတွက်ချက်ရဦးမည် ဖြစ်သည်။

ထို့အပြင် အကြီးအကဲ ထန်သည်လည်း...

သူသည် သမီးဖြစ်သူအား မယုံကြည်သော်လည်း ကျင်းယွင်ကျောင်းနှင့် ပတ်သတ်၍မူ ကျေနပ်ဝမ်းသာနေ၏။

သူမသည် သူ၏ သမီးဖြစ်သူ၏ အတန်းဖော်ဖြစ်ရာ အကြီးအကဲက သူ့ကိုလည်း အနည်းငယ် မျက်နှာသာပေးလာနိုင်သည်။

All Chapters