အခန်း (၂၄၇၁-၂၄၇၂)
Vol. 188 Ch. 2471-2472
အခန်း(၂၄၇၁)
ကောင်းကင် တုန်ဟည်းမတတ် ကျယ်လောင်သော ပေါက်ကွဲသံသည် ကြယ်တာရာများကြားတွင် နောက်တစ်ကြိမ်ပဲ့တင်ထပ်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုထံမှ ခပ်သဲ့သဲ့ ညည်းညူသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့ကာ ကြယ်တာရာကောင်းကင်ယံတွင် ဟင်းလင်းပြင် အနက်ရောင် တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
“ဖူး..”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး သူ၏ အရှိန်အဝါသည် တစ်ခဏအတွင်း အလွန်တရာ အားနည်းသွားခဲ့သည်။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် အလွန်အမင်း အစွမ်းထက်ပြီး သာမန် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိသော်လည်း ကျန်းချန်တို့ နှစ်ဦးသည် သာမန် နတ်ဘုရင် နဝမအဆင့်များ မဟုတ်ကြပေ။
သူတို့နှစ်ဦး အနက် တစ်ဦးမှာ ကောင်းကင်ကိုပင် ဆန့်ကျင်သော ပါရမီကို ပိုင်ဆိုင်ထားပြီး အခြားတစ်ဦးကမူ ရှေးခေတ်ကာလက အုပ်စိုးသူ ပြန်လည် ဝင်စားသူ ဖြစ်၍ နှစ်ဦးစလုံးသည် နတ်ဘုရင်နဝမအဆင့်ဖြင့်ပင် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ကျန်းချန် တစ်ဦးတည်းနှင့် ရင်ဆိုင်ရစဥ်ကပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် အသာစီးရရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ၏။
ယခု လူငယ်နှစ်ဦး ပူးပေါင်းလိုက်သည့် အခါတွင်မူ သူ့အနေဖြင့် နှစ်ယောက်တစ်ယောက် ရင်ဆိုင်နိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားနေခဲ့သည်။
ဝူရှင်းသည် ပို၍ပင် စိတ်ဓာတ်တက်ကြွလာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖျက်ဆီးခြင်း အလင်းများ လင်းလက်နေခဲ့သည်။
သူ၏ အသွင်အပြင်က ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ ပြန်လည် နိုးထလာသကဲ့သို့ပင်။
သူက ဖျက်ဆီးခြင်းဓားကို နောက်ထပ် တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို တိုက်ခိုက်လိုက်သည်။
ယခင် တိုက်ခိုက်မှုကနေ သက်သာရာမရသေးသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ခုခံရန်ပင် အချိန်မရလိုက်ပေ။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖျက်ဆီးခြင်းဓားအလင်းက ဖုံးလွှမ်းသွားခဲ့၏။
“ဝုန်း..”
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ဝူရှင်း၏ ဓားချက်ကို ခံလိုက်ရကာ မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်နိုင်ခင်မှာပင် ကျန်းချန်သည် ရင်သပ်ရှုမောဖွယ် ဓားချက်ကို ထုတ်ဖော်ကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို တိုက်ခိုက်လိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကာကွယ်ရန်ပင် အချိန်မရတော့ဘဲ ကျန်းချန်၏ ဓားချက်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံးသည် တိုက်ရိုက်ပင် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့၏။
ပျက်စီးသွားသော ခန္ဓာကိုယ်ကနေ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဝိညာဥ်သည် ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။
“ဘယ်ကိုပြေးမှာလဲ.. ပျက်စီးစမ်း”
ဝူရှင်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ခမ်းနားသော ပျက်စီးခြင်းစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြယ်တာရာကောင်းကင်ယံ တစ်ခုလုံးကို ဖျက်ဆီးခြင်း စွမ်းအားများက တစ်ခဏအတွင်း ဖုံးလွှမ်းသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဝိညာဥ်ကို လွှမ်းခြုံသွားခဲ့သည်။
“အား..”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဝိညာဥ်က ပါးစပ်ကနေ ညည်းညူသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။
တစ်ခဏအတွင်းမှာပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဝိညာဥ်သည် ဝူရှင်း၏ ဖျက်ဆီးခြင်းစွမ်းအား အောက်တွင် အစအနပင် မကျန်ရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဤသို့ဖြင့် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးသည် ကျန်းချန်နှင့် ဝူရှင်းတို့၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ကျဆုံးသွားခဲ့၏။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်တို့ နှစ်ဦး၏ လက်ချက်ဖြင့် ကျဆုံးသွားသည်ကို မြင်လျှင် ဝူကျန့်ထျန်း၏ လက်ထဲတွင် အသည်းအသန် ရုန်းကန်နေရပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအို လာရောက် ကူညီမည်ကို စောင့်ဆိုင်းနေသော မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက နတ်ဘုရားနယ်မြေမှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်၏ လက်ထဲတွင် ကျဆုံးသွားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်က အချက်အလက် အမှားအယွင်းကြောင့် ယနေ့ခေတ် နတ်ဘုရားနယ်မြေသည် လွန်ခဲ့သောနှစ်အနည်းငယ်က နတ်ဘုရားနယ်မြေနှင့် လုံးဝကို ခြားနားနေခဲ့ပြီဖြစ်သည်။
ထိုအချိန်က သူတို့ရရှိထားသော အချက်အလက်များ အရ နတ်ဘုရားနယ်မြေသည် ပြိုကွဲနေဆဲ အခြေအနေတွင် ရှိနေခဲ့ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်ပင် မရှိခဲ့ပေ။
ထိုအကြောင်းကြောင့်ပင် သူတို့သည် ဤတစ်ကြိမ် နတ်ဘုရားနယ်မြေကို စစ်ချီလာရာတွင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်ကိုသာ ခေါင်းဆောင်အဖြစ် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အင်အားစုသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိသည့် နတ်ဘုရားနယ်မြေကို အလွယ်တကူ သိမ်းပိုက်ရန် လုံလောက်သည် မဟုတ်ပါလား။
သို့သော်လည်း နှစ်အနည်းငယ် အတွင်းမှာပင် နတ်ဘုရားနယ်မြေသည် ပျက်စီးခြင်းကနေ ပြန်လည် နာလန်ထူလာနိုင်ခဲ့သည့်အပြင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးကိုပါ မွေးဖွားနိုင်ခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သူတို့ဖက်တွင် အသာစီးရနေသည့် တစ်ခုတည်းသော အချက်မှာ နတ်ဘုရားနယ်မြေထက် မဟာယာနတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ပိုများနေခြင်းပင်။
ယခု ထိုအသာစီးရမှုသည်လည်း နတ်ဘုရားနယ်မြေမှ နတ်ဘုရင် နဝမအဆင့် ပါရမီရှင်နှစ်ဦးကြောင့် ပျောက်ကွယ်သွားခဲ့ချေပြီ။
အကယ်၍ သူတို့၏ ခေါင်းဆောင်ဖြစ်သည့် သွေးနတ်ဆိုးကိုသာ နတ်ဘုရားနယ်မြေမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူက ထိန်းထားနိုင်ခဲ့လျှင် ယနေ့တွင် သူတို့အားလုံးသည် အန္တရာယ်ရှိနေပြီ ဖြစ်သည်။
“ကောင်းကင်ပိုင်းဖြတ်ဓားသိုင်း”
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ စိတ်ပျံ့လွင့်နေစဥ်မှာပင် ဝူကျန့်ထျန်း၏ ဓားအလင်းသည် ၎င်းထံသို့ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ဝူကျန့်ထျန်း၏ ဓားချက်ကြောင့် အသည်းအသန် နောက်ဆုတ်ကာ ရှောင်တိမ်းလိုက်ရသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်နိုင်ခင်မှာပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို သတ်ဖြတ်ခဲ့သည့် ကျန်းချန်နှင့် ဝူရှင်း တို့သည် ထိုနေရာသို့ ရောက်လာခဲ့ပြီး ဝူကျန့်ထျန်းနှင့် ပူးပေါင်းကာ သူ့ကို ဝိုင်းရံတိုက်ခိုက်လိုက်ကြသည်။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက အနည်းငယ်မျှပင် မပေါ့ဆဝံ့တော့ဘဲ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများကို အကာအကွယ်အဖြစ် ပြောင်းလဲကာ ကျန်းချန်တို့ နှစ်ဦး၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်၏။
“ဝုန်း..”
“ဝုန်း..”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများသည် ကြယ်တာရာ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဝူကျန့်ထျန်း၏ တိုက်ခိုက်မှုကြောင့် အသေအလဲ ရုန်းကန်နေရသော မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ကျန်းချန်တို့နှစ်ဦး၏ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်မှုကို ယခုအချိန်တွင် မည်ကဲ့သို့ တောင့်ခံနိုင်ပါအံ့နည်း။
သူ ထုတ်ဖော်ထားသည့် အကာအကွယ်က တစ်ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး ကြယ်တာရာ ကောင်းကင်ယံတွင် တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားခဲ့သည်။
“ဖူး..”
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူက သွေးများကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကြယ်တာရာ ကောင်းကင်ယံထက်တွင် မီတာရာပေါင်းများစွာ လွင့်စင်သွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးက သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ပြီး ညာဘက်လက်မောင်း တစ်ခုလုံးသည် သွေးရဲရဲ ဖြစ်နေခဲ့ကာ အရှိန်အဝါကလည်း အလွန်တရာ အားနည်းနေခဲ့၏။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ဝူကျန့်ထျန်း တစ်ဦးတည်းကိုပင် အသည်းအသန် ရင်ဆိုင်နေရခြင်း ဖြစ်ရာ ကျန်းချန်တို့ နှစ်ဦး ပူးပေါင်း ပါဝင်လာသောအခါတွင် ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။
တစ်ခဏအတွင်း ကျန်းချန်တို့ သုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသည် သေဆုံးသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခြေရာအတိုင်း လိုက်သွားခဲ့ရသည်။
“ကျန်းချန်.. ငါ စီနီယာစန်းမင်ကို သွားကူလိုက်မယ်.. မင်းက နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ စစ်တပ်ကို အပြတ်ရှင်းလိုက်ပါ”
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူကို ရှင်းလင်းပြီးနောက်တွင် ဝူကျန့်ထျန်းသည် ကျန်းချန်ကို ပြောလိုက်သည်။
ထို့နောက်တွင် သူက ဆရာသခင်စန်းမင်နှင့် နောက်ဆုံးကျန်ရှိသော မဟာယာနတစ်ပိုင်း အဆင့် ကျင့်ကြံသူတို့ တိုက်ခိုက်နေသည့် နေရာသို့ ချက်ချင်းပင် ပျံသန်းသွားခဲ့သည်။
“ညီနောင်ဝူ.. အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာက ကျူးကျော်သူတွေကို အတူတူ သတ်ကြစို့”
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ကြယ်ကောင်းကင်မြို့တော်ကို တိုက်ခိုက်နေသည့် အင်မော်တယ် ကျင့်ကြံသူများကို လှမ်းကြည့်ကာ ဝူရှင်းကို ပြောလိုက်သည်။
ယခုအခါ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦး အနက် နှစ်ဦး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝူကျန့်ထျန်းနှင့် ဆရာသခင်စန်းမင်တို့ ပူးပေါင်းလိုက်လျှင် နောက်ဆုံး ကျန်ရှိသည့် တစ်ယောက်ကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေခဲ့၏။
ထို့ကြောင့် သူတို့ လုပ်ဆောင်ရမည့် အရာမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ စစ်တပ်ကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်သည်။
“ကောင်းပြီ”
ဝူရှင်းက အပိုစကားများ ပြောမနေဘဲ ခေါင်းညိတ်လိုက်ပြီး ကြယ်ကောင်းကင်မြို့တော် ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့ကာ ကပ်ဘေးအဆင့် ကျင့်ကြံသူများ ဆီသို့ ပြေးဝင်သွားခဲ့သည်။
ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်နှင့်ပင် ယှဥ်နိုင်သည့် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသော ဝူရှင်း အတွက် ကပ်ဘေးအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရသည်မှာ အလွန်ပင် လွယ်ကူနေခဲ့သည်။
သူ၏ လက်သီးချက်များအောက်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ အများအပြားသည် တစ်ခဏအတွင်း သေဆုံးသွားခဲ့ကြသည်။
ကျန်းချန်ကလည်း လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားကို အသုံးပြုကာ အားသွန်ခွန်စိုက် တိုက်ခိုက်နေခဲ့သည်။
သူ ဓားချက်တစ်ချက် ဝှေ့ယမ်းတိုင်းတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးစီသည် ဓားအလင်းကြောင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နေသော ကျန်းချန်တို့ နှစ်ဦးကို မြင်လျှင် ကျန်းဝူရသည် တုံ့ဆိုင်းမနေတော့ဘဲ ကြယ်ကောင်းကင် မြို့တော်ရှိ နတ်ဘုရင်အဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ ကြယ်ကောင်းကင် မြို့တော်ထဲကနေ ထွက်လာခဲ့သည်။
ကျန်းချန်တို့ နှစ်ဦး၏ ဦးဆောင်မှုအောက်တွင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ကျင့်ကြံသူ ရာပေါင်းများစွာသည် တစ်ခဏအတွင်း အရေးနိမ့်လာခဲ့သည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူများသည်လည်း ကြယ်တာရာကောင်းကင်ယံထက်တွင် တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ဆိုသလို ကျဆုံးနေခဲ့၏။
၎င်းတို့၏ နာကျင်စွာ အော်ဟစ်လိုက်သော အသံများသည် ကြယ်တာရာကောင်းကင်ယံတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
ကောင်းကင်ယံမှ သွေးများသည် ကြယ်တာရာ ကောင်းကင်ယံတွင် ပျံ့နှံ့လာခဲ့ပြီး ကြယ်တာရာ ကောင်းကင်ယံကို သွေးနီရောင် ဆိုးထားသကဲ့သို့ ဖြစ်စေခဲ့သည်။
အဆုံးသတ်တွင် နတ်ဘုရားနယ်မြေသို့ စစ်ချီလာသည့် ကပ်ဘေးအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာသည် တစ်ဦးမျှ အသက်မရှင်ခဲ့ဘဲ ကြယ်တာရာ ကောင်းကင်ယံထက်တွင် လုံးဝ ကျဆုံးသွားခဲ့သည်။
အခန်း(၂၄၇၁)ပြီး၏။
အခန်း(၂၄၇၂)
ကျန်းချန်တို့က ကပ်ဘေးအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာကို ရှင်းလင်းနေစဥ်မှာပင် ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်းတို့နှစ်ယောက်သည် နောက်ဆုံးကျန်ရှိသော မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်ကြသည်။
ယခုအခါတွင် နတ်ဘုရားနယ်မြေသို့ ကျူးကျော်လာသော အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးနှင့် ကပ်ဘေးအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ တို့သည် သတ်ဖြတ်ခြင်းခံလိုက်ရပြီ ဖြစ်၏။
ဤတိုက်ပွဲတွင် သူတို့ နတ်ဘုရားနယ်မြေသည် အပြတ်အသတ် အောင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။
“ရှုံးနိမ့်သွားပြီ.. ဒီတစ်ကြိမ် ငါတို့ နတ်ဘုရားနယ်မြေကို စစ်ချီတာ တကယ်ပဲ ရှုံးနိမ့်သွားခဲ့ပြီ”
ကြယ်တာရာ စစ်သင်္ဘောပေါ်တွင် ရှိနေသည့် ကပ်ဘေးအဆင့်အောက်ရှိ ကျင့်ကြံသူအားလုံးသည် ယခုအချိန်တွင် မျက်နှာများ ဖြူဖျော့နေကြပြီး ကူကယ်ရာမဲ့သလို ဖြစ်နေခဲ့ကြသည်။
သူတို့ရှေ့မှ အခြေအနေကို ကြည့်ရင်း သူတို့အားလုံးသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြ၏။
နတ်ဘုရားနယ်မြေသို့ ချီတက်လာသော သူတို့ စစ်တပ်သည် ရှုံးနိမ့်သွားရုံတင်မက ဤမျှလောက်အထိ အရှက်တကွဲရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
“နောက်ဆုံးတော့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ ကျူးကျော်မှုကို တားဆီးနိုင်ခဲ့ပြီ”
ကပ်ဘေးအဆင့် ကျင့်ကြံသူများကို သုတ်သင်ပြီးနောက်တွင် ဆရာသခင်စန်းမင်နှင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် အသက်ဝဝ ရှူနိုင်ခဲ့ကြသည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်လာနေပြီဟု သိလိုက်ရသည့် အချိန်မှစ၍ ဆရာသခင်စန်းမင်နှင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် စိုးရိမ်ပူပန်နေခဲ့ရပြီး ယခုမှသာ ရင်ထဲက အပူလုံးကြီး ကျသွားခဲ့၏။
နတ်ဘုရားနယ်မြေနှင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အလွန်တရာ ဝေးကွာသည်။
အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေသို့ နောက်တစ်ကြိမ် ထပ်မံ ကျူးကျော်ချင်လျှင်ပင် နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်၏။
ယခုတစ်ကြိမ် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်ကို အနိုင်ယူလိုက်ခြင်းသည် အနည်းဆုံးတော့ နတ်ဘုရားနယ်မြေ အတွက် နှစ်အနည်းငယ် အနားရသွားခဲ့ပြီး အင်အားများ ပြန်လည် စုဆောင်းရန် အချိန်ရသွားစေခဲ့သည်။
နတ်ဘုရားနယ်မြေ၏ လက်ရှိ အခြေအနေဖြင့်ဆိုလျှင် နှစ်အနည်းငယ်အတွင်း ကြီးကျယ်သော အပြောင်းအလဲများ ထပ်မံ ဖြစ်ပေါ်လာဦးမည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေသို့ ယခုထက် ပိုမို သန်မာသော ကျင့်ကြံသူများကို စေလွှတ်လျှင်ပင် သူတို့အနေဖြင့် ပြန်လည်ရင်ဆိုင်နိုင်စွမ်း ကောင်းစွာ ရှိနေပေလိမ့်မည်။
“ဒီတိုက်ပွဲက မပြီးသေးဘူး.. အရာအားလုံးက စီနီယာမင်ယွဲ့အပေါ်မှာ မူတည်နေတယ်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး မိုင်ပေါင်းတစ်သိန်းကျော် အကွာအဝေးရှိ တိုက်ပွဲကိုကြည့်ကာ ရေရွတ်လိုက်သည်။
သူတို့က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာစစ်တပ်ကို ချေမှုန်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း မဟာယာနအဆင့် ကျင့်ကြံသူ ကျန် ရှိနေသေး၏။
အကယ်၍ မင်ယွဲ့ရှင်းသာ မဟာယာနအဆင့် ကျင့်ကြံသူကို မတားဆီးနိုင်ခဲ့လျှင် နတ်ဘုရားနယ်မြေသည် အန္တရာယ်ရှိနေဆဲပင် မဟုတ်ပါလော။
ထိုစကားကိုကြားလျှင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ကြယ်တာရာ ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ကြည့်ရင်း လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ယေဘုယျအားဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ မဟာယာနအဆင့် ကျင့်ကြံသူများသည် အဆင့်တူ ဖြစ်သည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူများထက် အနည်းငယ် ပို၍ သန်မာကြသည်။
မင်ယွဲ့ရှင်းသည် ပါရမီနှင့် ခွန်အားတွင် ပြိုင်ဘက်ကင်းသော်လည်း အဆုံးသတ်တွင် အုပ်စိုးသူအဆင့်သို့ ထိုးဖောက်ခဲ့သည်မှာ သိပ်မကြာသေးပေ။
ထို့ကြောင့် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို ရင်ဆိုင်ရာတွင် မင်ယွဲ့ရှင်း အနေဖြင့် အသာစီးရရန် မလွယ်ကူချေ။
“စီနီယာမင်ယွဲ့တို့ တိုက်ပွဲကို ငါတို့တွေ ဝင်ပါလို့ မရနိုင်ဘူး.. လောလောဆယ်တော့ နတ်ဘုရားနယ်မြေကို ကျူးကျော်လာသူ အားလုံးကို အရင်ဆုံး သုတ်သင်ကြတာပေါ့.. ဒါ့အပြင် ကြယ်တာရာ စစ်သင်္ဘောကို မဖျက်ဆီးမိအောင် သတိထားပါ”
ကျန်းချန်က ကြယ်တာရာစစ်သင်္ဘော ပေါ်ရှိ အင်မော်တယ်ကျင့်ကြံသူများကို တစ်ချက် လှမ်းကြည့်ပြီးနောက်တွင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို အေးစက်စက် အမိန့်ပေးလိုက်သည်။
တစ်ချိန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ပြီး နတ်ဘုရားနယ်မြေကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဖျက်ဆီးပစ်ကာ ကောင်းကင်လမ်းစဥ်ကို အပြင်းအထန် ထိခိုက်အောင် လုပ်ဆောင်ခဲ့ကြသည်။
ယခုတစ်ခေါက် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ကျော့ ပြန်လာချိန်တွင် နတ်ဘုရားနယ်မြေသာ ရှေးခေတ်ကာလကကဲ့သို့ ပြန်လည် မဖြစ်လာဘဲ သူတို့၏ ခွန်အားက နှစ်အနည်းငယ် အတွင်း နှစ်ဆမက မတိုးတက်လာခဲ့လျှင် နတ်ဘုရားနယ်မြေ၏ အဆုံးသတ်သည် မည်မျှကြေကွဲစရာကောင်းမည်မှာ တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။
ထို့ကြောင့် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ ကျင့်ကြံသူများကို ကရုဏာသက်နေရန် အစီအစဥ်မရှိခဲ့ပေ။
သို့သော်လည်း ကြယ်တာရာ စစ်သင်္ဘောသည် စကြဝဠာအချင်းချင်း ကြားရှိ အဆုံးမဲ့ ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားလာနိုင်သည့် မှော်ရတနာတစ်ပါး ဖြစ်၍ ကျန်းချန် သိမ်းဆည်းထားချင်ခဲ့သည်။
“သတ်ကြ”
ကျန်းချန်၏ အမိန့်ကို ရသည်နှင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ကြယ်တာရာစစ်သင်္ဘောဆီသို့ တိုက်ရိုက်ပင် ချီတက်ကာ သတ်ဖြတ်ခဲ့ကြသည်။
ကြယ်တာရာစစ်သင်္ဘော၏ ကာကွယ်ရေးစနစ်သည် အလွန်တရာ ထူးခြားသော်လည်း ကပ်ဘေးအဆင့် ကျင့်ကြံသူများ၏ ထိန်းချုပ်မှု မရှိလျှင် ထိုစွမ်းအားကို ထုတ်ဖော်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကျန်းချန် ဦးဆောင်သော ကျင့်ကြံသူများသည် ကပ်ဘေးအဆင့် ကျင့်ကြံသူများ မရှိတော့သည့် ကြယ်တာရာစစ်သင်္ဘောထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ကြပြီး သိုးအုပ်ထဲသို့ ဝံပုလွေများ ဝင်ရောက်လာသကဲ့သို့ပင် ကြယ်တာရာ စစ်သင်္ဘောပေါ်ရှိ အင်မော်တယ် ကျင့်ကြံသူများကို သတ်ဖြတ်လိုက်ကြသည်။
တစ်ခဏတွင်း ကြယ်တာရာစစ်သင်္ဘော ပေါ်ရှိ ထောင်ချီသော အင်မော်တယ် ကျင့်ကြံသူများအနက် ကြယ်တာရာစစ်သင်္ဘောကို ထိန်းချုပ်ရန် တာဝန်ယူထားသော ကျင့်ကြံသူတစ်ရာခန့်သာ ကျန်ရှိခဲ့၏။
ထိုကျင့်ကြံသူ တစ်ရာခန့်၏ ခွန်အားသည် မသန်မာဘဲ ၎င်းတို့ထဲမှ အသန်မာဆုံးသူ ပင်လျှင် ဝိညာဥ်ခွဲထွက်ခြင်း အဆင့်သာရှိသည်။
“သခင်ကြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ.. ကျွန်တော်တို့က အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက လူတွေမဟုတ်ပါဘူး ကျွန်တော်တို့ အညံ့ခံဖို့ အသင့်ရှိပါတယ်.. သခင်ကြီး အတွက် ဒီကြယ်တာရာစစ်သင်္ဘောကို ဆက်ပြီး ထိန်းချုပ်ပေးပါရစေ”
ခေါင်းဆောင်ဖြစ်ဟန် တူသည့် ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ရှိ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ကျန်းချန်ကို မြင်လျှင် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် အလျင်အမြန် ဒူးထောက်ကာ အသက်ချမ်းသာခွင့် တောင်းခံလိုက်သည်။
ကျန်းချန်က အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်၏။
“မင်းတို့က အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက လူတွေ မဟုတ်ဘူးလား”
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“သခင်ကြီးကို လျှောက်တင်ပါတယ်.. ကျွန်တော်တို့အားလုံးက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနဲ့ ကပ်လျက် တည်ရှိတဲ့ ကြယ်စကြဝဠာကပါ”
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ရှင်းပြချက်အရ ကျန်းချန်သည် နတ်ဘုရားနယ်မြေပြင်ပရှိ စကြဝဠာနှင့် ကြယ်တာရာကောင်းကင်ယံ အကြောင်းကို ပိုမို နားလည်လာခဲ့သည်။
နတ်ဘုရားနယ်မြေ၏ အပြင်ဘက်တွင် အဆုံးမဲ့ကြယ်တာရာကောင်းကင်ယံ ရှိသည်။
ထိုကျယ်ပြောသော အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံတွင် နတ်ဘုရားနယ်မြေ စကြဝဠာနှင့် နတ်ဘုရားနယ်မြေကိုကျူးကျော်ခဲ့သော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတို့အပြင် အမျိုးမျိုးသော ယဥ်ကျေးမှုများ ရှိကြသည့် မရေမတွက်နိုင်သော စကြဝဠာများစွာ ရှိနေသေး၏။
ဆိုရလျှင် နတ်ဘုရားနယ်မြေနှင့် ဆင်တူသော သိုင်းပညာကျင့်ကြံခြင်း ယဥ်ကျေးမှု၊ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာနှင့် ဆင်တူသော အင်မော်တယ် ကျင့်ကြံခြင်း ယဥ်ကျေးမှုများ အပြင် အခြားသော ယဥ်ကျေးမှု အချို့လည်း ရှိသည်။
ဥပမာအားဖြင့် သူ့ရှေ့မှ ကျင့်ကြံသူ ရာဂဏန်းခန့်သည် နည်းပညာ ယဥ်ကျေးမှု လွှမ်းမိုးသော ကြယ်စကြဝဠာမှ လူများ ဖြစ်ကြသည်။
ကြယ်စကြဝဠာတွင် သိုင်းပညာနှင့် အင်မော်တယ်လမ်းစဥ်များမရှိပေ။
သို့သော်လည်း ကြယ်စကြဝဠာသည် နည်းပညာတွင် အလွန်တရာ ထူးချွန်ကြပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူများနှင့် မဟာယာနအဆင့် ကျင့်ကြံသူများကိုပင် ယှဥ်နိုင်သော အစွမ်းထက် လက်နက်တချို့ကို တီထွင်နိုင်ကြ၏။
ဤကြယ်တာရာ စစ်သင်္ဘောသည်လည်း ကြယ်စကြဝဠာမှလူများ တီထွင်ဖန်တီးထားခြင်း ဖြစ်သည်။
ကြယ်စကြဝဠာနှင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတို့သည် တစ်ခုနှင့်တစ်ခု ကပ်ရပ် တည်ရှိသောကြောင့် မကြာခဏဆိုသလို ပဋိပက္ခများ ဖြစ်ပွားလေ့ရှိ၏။
ကြီးကြယ်သော တိုက်ပွဲတစ်ခုတွင် ကြယ်စကြဝဠာမှ လူတချို့သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ လူများ၏ ကျွန်ပြုခြင်းကို ခံခဲ့ရကာ ၎င်းတို့အတွက် ဤကြယ်တာရာ စစ်သင်္ဘောကို အထူးတလည် တည်ဆောက်ပေးခဲ့ရခြင်း ဖြစ်သည်။
အခြေအနေကို သိရှိသွားပြီးနောက်တွင် ကျန်းချန်သည် ကြယ်စကြဝဠာမှ လူရာဂဏန်းခန့်ကို အသက်ချမ်းသာပေးလိုက်သည်။
ကျန်းချန်နှင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ အတွက် ကြယ်တာရာစစ်သင်္ဘောနှင့် ပတ်သက်၍ အလွန်တရာပင် အစိမ်းသက်သက် ဖြစ်နေခဲ့သည်။
အကယ်၍ သူတို့က ကြယ်တာရာ ကောင်းကင်ယံကို ဖြတ်သန်းသွားလာနိုင်ရန် အတွက် ကိုယ့်ဘာသာကို ကြယ်တာရာစစ်သင်္ဘောကို ထိန်းချုပ်မည်ဆိုလျှင် ယင်းသည် အလွန်တရာခက်ခဲသော အလုပ် ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ကြယ်စကြဝဠာမှ လူများ၏ အကူအညီသာ ရရှိလျှင် ပို၍ အကျိုးကျေးဇူး အများအပြား ရရှိနိုင်ပေသည် မဟုတ်ပါလော။
“ရန်သူရဲ့ရန်သူက မိတ်ဆွေပဲ.. မင်းတို့က နတ်ဘုရားနယ်မြေစကြဝဠာကို ဖျက်ဆီးခဲ့တဲ့သူတွေ မဟုတ်ခဲ့တဲ့ အတွက် ငါက မင်းတို့ကို အခက်အခဲ ဖြစ်စေမှာ မဟုတ်ပါဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“မင်းတို့ ငါ့ကို ဒီကြယ်တာရာစစ်သင်္ဘော ထိန်းချုပ်နိုင်ဖို့ အကူအညီပေးသရွေ့ နောင်တစ်ချိန် အခွင့်အရေးရတာနဲ့ မင်းတို့ကို ကြယ်စကြဝဠာဆီ ပြန်ခွင့်ပေးမယ်”
“သခင်ကြီး တကယ်ပြောတာလား”
ကျန်းချန်၏စကားကိုကြားလျှင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။
ကျန်းချန်က ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည်။
“ငါကျန်းချန်ရဲ့ တစ်သက်တာမှာ ပြောတဲ့အတိုင်းပဲ အမြဲတမ်းလုပ်လေ့ ရှိတယ်”
ထိုစကားကိုကြားလျှင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အလျင်အမြန် ကတိကဝတ် ပြုလိုက်သည်။
“မစိုးရိမ်ပါနဲ့ သခင်ကြီး.. ဒီကြယ်တာရာစစ်သင်္ဘောကို ထိန်းချုပ်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကူညီပေးပါ့မယ်”
ကျန်းချန်က စကားများစွာ ထပ်မပြောတော့ဘဲ သူ့ဖခင် ကျန်းဝူရကို လူသားဧကရာဇ်နန်းတော်မှ ယုံကြည်ရသူ အနည်းငယ် စေလွှတ်စေပြီး ကြယ်စကြဝဠာမှ လူများ၏ နောက်သို့ လိုက်သွားစေကာ ကြယ်တာရာစစ်သင်္ဘောကို ထိန်းချုပ်ခိုင်းလိုက်သည်။
“ချန်အာ.. မင်းကြယ်စကြဝဠာက လူတွေကို ကြယ်တာရာစစ်သင်္ဘောထိန်းချုပ်ဖို့ ခိုင်းတာက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာဆီ သွားချင်လို့လား”
ကျန်းဝူရက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သော်လည်း သူ၏ အစီအစဥ်ကို ဖုံးကွယ်မထားခဲ့ပေ။
“အဖေက အရာအားလုံးကို ခန့်မှန်းမိနေတာပဲ.. ကျွန်တော် တကယ်ပဲ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာဆီ သွားဖို့ အစီအစဥ် ရှိပါတယ်”
အခန်း(၂၄၇၂)ပြီး၏။