အခန်း (၂၄၇၃-၂၄၇၄)
Vol. 188 Ch. 2473-2474
အခန်း(၂၄၇၃)
သူ၏ လက်ထဲရှိ အင်မော်တယ်ကျောက်တိုင်အတွက် ဆိုလျှင် အင်မော်တယ် စကြဝဠာနှင့် စစ်ပွဲကို ရှောင်လွဲ၍မရနိုင်ပေ။
အင်မော်တယ်ကျောက်တိုင် နတ်ဘုရားနယ်မြေတွင် ရှိနေသဖြင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ နတ်ဘုရားနယ်မြေအပေါ် ကျူးကျော်မှုသည် မည်သို့မျှ ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။
ယခုတစ်ကြိမ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်ကို သူတို့ အနိုင်ယူနိုင်ခဲ့လျှင်ပင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေသို့ ပိုမို သန်မာသော အင်အားစုများကို နောက်တစ်ကြိမ် ထပ်မံ စေလွှတ်ဦးမည်သာ ဖြစ်သည်။
ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ကျော့ပြန် ကျူးကျော်လာမည့် အချိန်ကို နတ်ဘုရားနယ်မြေတွင် အင်အားစုဆောင်း၍ စောင့်ဆိုင်းနေခြင်းသည် ဥာဏ်မရှိသော လုပ်ရပ် ဖြစ်သည်။
ယခုအခါ သူ၏ လက်ထဲတွင် ကြယ်တာရာစစ်သင်္ဘော ရှိနေပြီဖြစ်ရာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ခရီးထွက်၍ ပြဿနာအချို့ သွားပေးခြင်းဖြင့် ၎င်းတို့ နတ်ဘုရားနယ်မြေသို့ ကျူးကျော်ရန် အခွင့်အရေး မပေးခြင်းသည် ပို၍ ကောင်းမွန်လိမ့်မည် မဟုတ်ပါလော။
အထူးသဖြင့် ကြယ်စကြဝဠာမှ လူများကို တွေ့ပြီးနောက်တွင် ကျန်းချန်၏ အတွေးများသည် ပို၍ပင် ခိုင်မာလာခဲ့သည်။
အချိန်ကျလာလျှင် သူက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို အတူတူ တိုက်ခိုက်ရန် အတွက် ကြယ်စကြဝဠာမှ လူများနှင့် ပူးပေါင်းရန် အတွက်လည်း ထည့်သွင်းစဥ်းစားနိုင်သည် မဟုတ်ပါလော။
ကျန်းဝူရက လေးနက်စွာ ပြောလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှာ ငါတို့ နတ်ဘုရားနယ်မြေထက် အစွမ်းထက် ကျင့်ကြံသူတွေများတယ်.. ဒါ့အပြင် ငါတို့က အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ အကြောင်းကို ဘာမှမသိသေးဘူး.. အဲဒီကို သွားတာ အရမ်းကို အန္တရာယ်မများဘူးလား ချန်အာ”
“အဖေ စိတ်မပူပါနဲ့.. ကျွန်တော့်မှာ ဒီကိစ္စအတွက် ကိုယ်ပိုင်အစီအစဥ်ရှိပါတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ထို့နောက် ခေါင်းမော့၍ ကြယ်တာရာ ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“စီနီယာမင်ယွဲ့နဲ့ မဟာယာနအဆင့် ကျင့်ကြံသူတို့ရဲ့ တိုက်ပွဲက ဘယ်လို ရလဒ်ထွက်လာမလဲ မသိဘူး”
ထိုစကားကိုကြားလျှင် ကျန်းဝူရသည်လည်း ကြယ်တာရာကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ လှမ်းကြည့်မိလိုက်သည်။
သူတို့က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်ကို အမြစ်ပြတ် သုတ်သင်ပြီးပြီ ဖြစ်သော်လည်း မင်ယွဲ့ရှင်းနှင့် သွေးနတ်ဆိုးဟု အမည်ရသည့် မဟာယာနအဆင့် ကျင့်ကြံသူတို့၏ တိုက်ပွဲသည် ဤတိုက်ပွဲ၏ အောင်ပွဲ အတွက် အဓိကသော့ချက် ဖြစ်နေဆဲပင်။
အကယ်၍ မင်ယွဲ့ရှင်းသာ ထိုမဟာယာနအဆင့် ကျင့်ကြံသူကို မတားဆီးနိုင်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးတည်းသာ ကျန်ရှိတော့သည့်တိုင် ယင်းသည် နတ်ဘုရားနယ်မြေ အတွက် ခုခံနိုင်စွမ်းမရှိလောက်သည်အထိ ဖြစ်သွားစေရန် လုံလောက်၏။
“ဝုန်း..”
ကျန်းချန်တို့က မင်ယွဲ့ရှင်းတို့ တိုက်ခိုက်နေသော ကြယ်တာရာကောင်းကင်ယံ၏ အနက်ရှိုင်းဆုံး နေရာသို့ စိုက်ကြည့်နေစဥ်မှာပင် ကြယ်တာရာကောင်းကင်ယံတွင် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ပရမ်းပတာ ဖြစ်နေသော ကြယ်တာရာကောင်းကင်ယံထဲတွင် တစ်ချိန်တည်းမှာပင် ပုံရိပ်နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာကြသည်။
“ဟားဟား မင်ယွဲ့ရှင်း.. အုပ်စိုးသူ အစောပိုင်းအဆင့် ခွန်အားလေးနဲ့ ငါ့ကို ယှဥ်ပြိုင်ချင်နေတယ်လား.. မင်းက အရမ်းနုသေးတာပဲ”
ကြယ်တာရာကောင်းကင်ယံတွင် သွေးနတ်ဆိုးသည် အောင်နိုင်သူအလား တဟားဟား ရယ်မောကာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သွေးနတ်ဆိုးသည် တောက်ပသော သွေးအလင်းတန်း အဖြစ် ပြောင်းလဲသွားခဲ့ပြီး မင်ယွဲ့ရှင်း၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သူ၏ လက်ဝါးက သာမန်ဟုသာ ထင်ရသော်လည်း ထိုလက်ဝါးသည် လောကတစ်ခုလုံးကို ပြည့်နှက်သွားခဲ့ပြီး လူ့လောကထဲသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါး၏ လက်ဝါးကဲ့သို့ပင် ကြယ်တာရာ ကောင်းကင်ယံ၏ မိုင်ပေါင်းထောင်ချီ ဧရိယာကို တစ်ခဏအတွင်း အေးခဲသွားစေခဲ့သည်။
“ပျက်စီးစမ်း”
မင်ယွဲ့ရှင်း၏ အကြည့်က အေးစက်နေခဲ့ပြီး ပါးစပ်ကနေလည်း အေးစက်စက် ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် တောက်ပသော လရောင်နတ်အလင်းတန်းများသည် မင်ယွဲ့ရှင်း၏ ခန္ဓာကိုယ်အနှံ့ကနေ ထွက်ပေါ်လာခဲ့ပြီး သူမ၏ ကျောဘက်တွင် လပြည့်ဝန်းကြီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ကာ ပတ်ဝန်းကျင်ရှိ အေးခဲနေသော စွမ်းအားကို တိုက်ရိုက်ပင် တွန်းလှန်လိုက်သည်။
သွေးနတ်ဆိုးနှင့် တိုက်ပွဲတွင် မင်ယွဲ့ရှင်း အသာမရ ဖြစ်နေသည်ကို မြင်လျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။
ထိုခဏဝယ် သူ၏ အေးစက်စက် စကားသံသည် ကြယ်တာရာကောင်းကင်ယံကို ဖောက်ထွင်းသွားခဲ့ပြီး သွေးနတ်ဆိုး၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“သွေးနတ်ဆိုး.. မင်းတို့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ စစ်တပ်ကို ငါတို့ နတ်ဘုရားနယ်မြေက အမြစ်ပြတ်သုတ်သင်လိုက်ပြီ.. အခု မင်းတစ်ယောက်တည်းပဲ ကျန်တော့တယ်.. ဘာလို့ လက်နက်မချသေးတာလဲ”
ကျန်းချန်၏ စကားသံကိုကြားလိုက်ရလျှင် သွေးနတ်ဆိုးသည် မျက်နှာပျက်သွားခဲ့သည်။
ဤကြယ်တာရာ ကောင်းကင်ယံတွင် မည်သည့် အင်မော်တယ်ကျင့်ကြံသူ၏ အရှိန်အဝါမှ မရှိတော့သည်ကို သူခံစားမိခဲ့ပြီး ကြယ်တာရာစစ်သင်္ဘော ပင်လျှင် ကျန်းချန်တို့၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီမှန်း သိလိုက်ရလျှင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ၏ ခွန်အားသည် လွန်ခဲ့သောနှစ်အနည်းငယ်က သူတို့ ရရှိထားသော အချက်အလက်များထက် နှစ်ဆမက ပိုမို သန်မာနေခဲ့သော်လည်း သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်သည် နတ်ဘုရားနယ်မြေထက် သာလွန်နေဆဲပင်။
သို့သော်လည်း မင်ယွဲ့ရှင်းနှင် သူ တိုက်ခိုက်နေသည့် အချိန်အတွင်း နတ်ဘုရားနယ်မြေသည် သူခေါ်ဆောင်လာခဲ့သော စစ်တပ်တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်မည်ဟု သွေးနတ်ဆိုး လုံးဝ မထင်မှတ်ထားခဲ့ပေ။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦး၊ ကပ်ဘေးအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာနှင့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူထောင်ချီ ရှိသည့် အနက် တစ်ဦးမျှပင် အသက်မရှင်ခဲ့ကြပေ။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
နတ်ဘုရားနယ်မြေသည် သူခေါ်ဆောင်လာခဲ့သော စစ်တပ်ကို ဤမျှ တိုတောင်းသော အချိန်အတွင်း အမြစ်ပြတ်သုတ်သင်ရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
“သွေးနတ်ဆိုး.. ရှင်တို့ရဲ့ ဒီတစ်ခေါက် ကျူးကျော်မှုက ရှုံးနိမ်ဖို့ ကံပါလာပုံပဲ”
မင်ယွဲ့ရှင်းက သွေးနတ်ဆိုးကိုကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
ယခုတစ်ကြိမ် နတ်ဘုရားနယ်မြေသို့ စစ်ချီလာသည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားသည် အလွန်တရာတောင့်တင်းသော်လည်း နတ်ဘုရားနယ်မြေနှင့် နှိုင်းယှဥ်လျှင်မူ အကန့်အသတ်မျှသာ ရှိသည်။
ကျန်းချန်၏ စွမ်းဆောင်ရည်ဖြင့်သာ ဆိုလျှင် ထိုအင်မော်တယ်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု မင်ယွဲ့ရှင်း ယုံကြည်ထားခဲ့သော်လည်း ဤမျှ တိုတောင်းသောအချိန်အတွင်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်ကို လုံးဝ အပြတ်ရှင်းပစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“မင်ယွဲ့ရှင်း မင်းအရမ်းစောပြီး ဝမ်းသာမနေနဲ့ဦး.. ငါတစ်ယောက်တည်း ကျန်ခဲ့ရင်လည်း ဘာဖြစ်လဲ.. ငါမင်းကို သတ်ပြီးတာနဲ့ မင်းရဲ့နတ်ဘုရားနယ်မြေကို ငါတစ်ယောက်တည်းနဲ့တင် ဖျက်ဆီးပစ်နိုင်တယ်”
စကားဆုံးသည်နှင့် သွေးနတ်ဆိုး၏ လက်ဝါးသည် မင်ယွဲ့ရှင်း၏ ရင်ဘတ်ဆီသို့ နောက်တစ်ကြိမ် သက်ရောက်လာခဲ့သည်။
“ဝုန်း..”
အဆုံးမဲ့ဖိအားများသည် အရပ်မျက်နှာ အသီးသီးကနေ မင်ယွဲ့ရှင်း ဆီသို့ သက်ရောက်လာကြ၏။
မင်ယွဲ့ရှင်း၏ ကျောဘက်ရှိ တောက်ပသော လမင်းကြီးသည်ပင် ထိုကြောက်မက်ဖွယ်ရာကောင်းသော ဖိအားများအောက်တွင် အဆက်မပြတ်တွန့်လိမ်ကာ ပုံပျက်သွားခဲ့သည်။
မင်ယွဲ့ရှင်း၏ မျက်ဝန်းများက အေးစက်သွားခဲ့၏။
ထိုခဏမှာပင် သူမ၏ ကျောဘက်ရှိ လမင်းကြီးသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ တစ်ခဏအတွင်း ဝင်ရောက်သွားခဲ့ကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအားများကို အထွတ်အထိပ် ရောက်ရှိသွားစေခဲ့သည်။
ထို့နောက်တွင် မင်ယွဲ့ရှင်းသည် သွေးနတ်ဆိုး ဆီသို့ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
“လနတ်သမီးရဲ့ ကောင်းကင်ဖျက်ဆီး လက်ညှိုးသိုင်း”
မင်ယွဲ့ရှင်းသည် အုပ်စိုးသူအဆင့်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများကို ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော လက်ညှိုးတစ်ချောင်း အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲလိုက်ပြီး သွေးနတ်ဆိုးကို တိုက်ခိုက်လိုက်သည်။
ထိုခဏဝယ် သွေးနတ်ဆိုး၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်သွားခဲ့သည်။
သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ မကြာခင်မှာပင် သွေးပုံရိပ်ယောင် တစ်ခုသည် သွေးနတ်ဆိုး၏ ရှေ့တွင် တိုက်ရိုက်ပင် စုစည်းလာခဲ့၏။
သွေးပုံရိပ်ယောင်သည် မင်ယွဲ့ရှင်းကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော သွေးစွမ်းအားများကို ထုတ်ဖော်ကာ မင်ယွဲ့ရှင်းကို လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။
“ဝုန်း..”
ကောင်းကင်နှင့်မြေကြီး ပေါက်ကွဲသွားသကဲ့သို့ပင် ကျယ်လောင်သော အသံကြီးသည် ကြယ်တာရာကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်ရန် လုံလောက်သော မင်ယွဲ့ရှင်း၏ လက်ညှိုးသည် သွေးပုံရိပ်ယောင်၏ လက်သီးချက်အောက်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မင်ယွဲ့ရှင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြယ်တာရာ ကောင်းကင်ယံတွင် မိုင်ပေါင်းထောင်ချီ လွင့်စင်သွားခဲ့ပြီး သူမအနေဖြင့် ခန္ဓာကိုယ်ဟန်ချက်ကို ခက်ခက်ခဲခဲ ပြန်လည် ထိန်းချုပ်လိုက်ရသည်။
ဤအချိန်တွင် မင်ယွဲ့ရှင်း၏ နှုတ်ခမ်းထောင့်၌ သွေးစအချို့ပင် ထွက်ပေါ်လာခဲ့ချေပြီ။
“စီနီယာမင်ယွဲ့”
ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် စိတ်အနည်းငယ် လေးလံသွားခဲ့သည်။
အုပ်စိုးသူအဆင့်ကို သိပ်မကြာခင်ကမှ စတင်ဝင်ရောက်ခဲ့သော မင်ယွဲ့ရှင်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ မဟာယာနအဆင့် ကျင့်ကြံသူကို ယှဥ်ပြိုင်နိုင်စွမ်း မရှိသေးပုံရသည်။
“စီနီယာစန်းမင်.. စီနီယာဝူ.. ညီနောင်ဝူရှင်း.. ငါတို့ စီနီယာမင်ယွဲ့ကို သွားကူကြရအောင်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ဝူရှင်းတို့သုံးဦးကို တိုက်ရိုက်ပင် ပြောလိုက်သည်။
ယခု နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် မင်ယွဲ့ရှင်းမှ လွဲလျှင် သူတို့လေးဦးသာ ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိထားကြသူများ ဖြစ်ကြ၏။
ယခုအခါတွင် သူတို့ လေးဦးနှင့် မင်ယွဲ့ရှင်းတို့ ပူးပေါင်းမှသာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ မဟာယာနအဆင့်ကျင့်ကြံသူကို တားဆီးနိုင်ပေလိမ့်မည် မဟုတ်ပါလား။
သို့သော်လည်း ကျန်းချန်တို့ သွားရောက် ကူညီရန် ပြင်နေစဥ်မှာပင် မင်ယွဲ့ရှင်း၏ အေးစက်စက် အသံသည် သူတို့၏ နားထဲတွင် တိုက်ရိုက်ပင် ပဲ့တင်ထပ်သွားခဲ့သည်။
“မင်းတို့ ဝင်ပါစရာမလိုဘူး.. ဒီသွေးနတ်ဆိုးကို ကိုင်တွယ်ဖို့ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် မင်ယွဲ့ရှင်းသည် သွေးနတ်ဆိုးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
“သွေးနတ်ဆိုး ရှင်တို့ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ တခြားဂိုဏ်းတွေကသာ မဟာယာနအဆင့် ကျင့်ကြံသူတွေကို စေလွှတ်လိုက်တာ ဆိုရင် ဒီသခင်မ တစ်ယောက်တည်းနဲ့ ယှဥ်နိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ နှမြောစရာပဲ.. သူတို့က သွေးနတ်ဆိုးဂိုဏ်းက မဟာယာနအဆင့် ကျင့်ကြံသူဖြစ်တဲ့ ရှင် တစ်ယောက်တည်းကိုပဲ စေလွှတ်လိုက်တယ်.. ရှင် ဘယ်လောက်ပဲ သန်မာပါစေ.. ဒီနေ့ ရှင် ကျွန်မ လက်ထဲမှာ သေချာပေါက် သေရလိမ့်မယ်”
အခန်း(၂၄၇၃)ပြီး၏။
အခန်း(၂၄၇၄)
“ကျန်းချန် ကြည့်ရတာ နန်းတော်သခင်မ မင်ယွဲ့ရဲ့ လက်ထဲမှာ ဝှက်ဖဲတစ်ခု ရှိနေသေးတဲ့ပုံပဲ”
မင်ယွဲ့ရှင်း၏ စကားကိုကြားလျှင် စီနီယာစန်းမင်သည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
ကျန်းချန်ကလည်း မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့၏။
မင်ယွဲ့ရှင်းတွင် မည်ကဲ့သို့ ဝှက်ဖဲမျိုး ရှိသည်ကို ကျန်းချန် မသိသော်လည်း သူတို့လေးဦးနှင့် မင်ယွဲ့ရှင်း ပူးပေါင်းပြီး သွေးနတ်ဆိုးကို တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရရန် အခွင့်အလမ်းသည် သေချာပေါက် အများဆုံး ဖြစ်ပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေကာမူ ဤတိုက်ပွဲသည် နတ်ဘုရားနယ်မြေ၏ သေခြင်း ရှင်ခြင်းနှင့် ပတ်သက်နေသရွေ့ ရှုံးနိမ့်၍ မဖြစ်ပေ။
“စိတ်မပူပါနဲ့.. စီနီယာမင်ယွဲ့က အုပ်စိုးသူအဆင့် အင်အားစုဖြစ်တဲ့ လနတ်နန်းတော်ရဲ့ သခင်မပါ.. သူမ ဆီမှာ ဝှက်ဖဲတွေအများကြီး ရှိလောက်ပါတယ်.. အတိတ်တုန်းကဆိုရင် လနတ်နန်းတော်ရဲ့ အရှင်သခင်က သွေးနတ်ဆိုးဂိုဏ်းက မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားကို တစ်ကိုယ်တော် စွမ်းရည်နဲ့ သတ်ဖြတ်ခဲ့ဖူးတယ်.. နတ်ဘုရားနယ်မြေ တစ်ခုလုံးမှာ လနတ်နန်းတော်ထက် သွေးနတ်ဆိုးဂိုဏ်းက ကျင့်ကြံသူတွေရဲ့ အားနည်းချက်ကို ပိုသိတဲ့သူ မရှိဘူး”
ထိုအချိန်တွင် ဝူရှင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်၏။
“ဒါဆိုရင်လည်း ငါတို့ စောင့်ကြည့်ကြတာပေါ့”
ဝူရှင်းသည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ ပြန်လည်မွေးဖွားလာခြင်း ဖြစ်၍ လနတ်အရှင်သခင်နှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ထို့ကြောင့် လနတ်နန်းတော် အပေါ် သူ၏ နားလည်မှုသည် ဤနေရာရှိ မည်သူ့ထက်မဆို ပို၍ သာလွန်နေခဲ့၏။
ဝူရှင်းက ပြဿနာမရှိဟု ဆိုနေသည် ဖြစ်ရာ မင်ယွဲ့ရှင်းတွင် သွေးနတ်ဆိုးကို သတ်ဖြတ်နိုင်သည့် အထူးဝှက်ဖဲ အမှန်တကယ် ရှိနေနိုင်လောက်သည် မဟုတ်ပါလား။
“ဟမ့်.. သေခါနီးတာတောင် လေကြီးလေကျယ် ပြောရဲသေးတယ်”
မင်ယွဲ့ရှင်း၏ အထက်စီးဆန်သော စကားကိုကြားလျှင် သွေးနတ်ဆိုးသည် မထီမဲ့မြင်ပြုံးကာ လှောင်ပြောင်လိုက်သည်။
“ဒီနေ့ မင်းငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”
“အတိတ်တစ်ချိန်တုန်းက ရှင်တို့ သွေးနတ်ဆိုးဂိုဏ်းနဲ့ ငါတို့ လနတ်နန်းတော်ရဲ့ ကျင့်ကြံသူတွေ တိုက်ခိုက်ခဲ့ကြတယ်.. အဲဒီနောက်မှာ ရှင်တို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ မဟာယာနအဆင့်ကျင့်ကြံသူတွေကို ရင်ဆိုင်ဖို့အတွက် ငါတို့ရဲ့ဘိုးဘေးက ပြိုင်ဘက်ကင်း စွမ်းအားတစ်ခုကို တီထွင်ခဲ့တယ်.. အဲဒီနောက်မှာ ဘိုးဘေးက အဲဒီ ပြိုင်ဘက်ကင်းစွမ်းအားကို အသုံးပြုပြီး ရှင်တို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့တယ်.. ဒီနေ့တော့ ငါက အဲဒီစွမ်းအားကို အသုံးပြုပြီး ရှင့်ကို တမလွန်က ရှင်တို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးတွေဆီ အရောက်ပို့ပေးမယ်”
မင်ယွဲ့ရှင်း၏ အေးစက်စက်စကားသံ အဆုံးသတ်သည်နှင့် သူမ၏ ခန္ဓာကိုယ်ကနေ လစွမ်းအားများသည် တစ်ခဏအတွင်း ပေါက်ကွဲထွက်လာခဲ့သည်။
ထိုခဏဝယ် သူမ၏ ခန္ဓာကိုယ်တွင် နှိုင်းယှဥ်၍ မရလောက်အောင် သန့်စင်မွန်မြတ်သော အရှိန်အဝါများဖြင့် ပြည့်နှက်သွားခဲ့သည်။
မကြာမီမှာပင် နတ်ဘုရားနယ်မြေမှ တောက်ပသော လနတ်အလင်းတန်း တစ်ခုသည် ကြယ်တာရာကောင်းကင်ယံ ထဲသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့ပြီး မင်ယွဲ့ရှင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားခဲ့သည်။
ထို့နောက်တွင်မူ ပိုမို သန့်စင်မွန်မြတ်သော အရှိန်အဝါများသည် မင်ယွဲ့ရှင်း၏ ခန္ဓာကိုယ်ကနေ ပျံ့နှံ့လာခဲ့ပြီး မင်ယွဲ့ရှင်းကို တကယ့် လနတ်သမီးတစ်ဦး ကဲ့သို့ ထင်မှတ်စေခဲ့၏။
“ဒါ ဒါက ဘယ်လိုစွမ်းအားမျိုးလဲဟ”
မင်ယွဲ့ရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလျှင် သွေးနတ်ဆိုးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ မျက်နှာထက်တွင်လည်း ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မင်ယွဲ့ရှင်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ထိုအရှိန်အဝါသည် သူ့ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ဟု သူ ခပ်ရေးရေး ခံစားမိလိုက်သည်။
သွေးနတ်ဆိုးသည် သူ၏ ပင်ကိုသိစိတ်အရ ထိုအရှိန်အဝါက အလွန်အမင်း အန္တရာယ်ရှိသည်ဟု ခံစားမိခဲ့သည်။
“ထွက်ပြေးမှဖြစ်မယ်”
သွေးနတ်ဆိုးက ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ဘဲ ခန္ဓာကိုယ်ကို နောက်လှည့်ကာ ကြယ်တာရာ ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော်လည်း အရာအားလုံးသည် သိသိသာသာပင် နောက်ကျသွားခဲ့ချေပြီ။
“သန့်စင်မွန်မြတ်သော လစွမ်းအား”
မင်ယွဲ့ရှင်း၏ အေးစက်စက် ကြုံးဝါးသံသည် ကြယ်တာရာကောင်းကင်ယံတွင် တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
သူမ၏ လက်ဖဝါးထဲမှ သန့်စင် မွန်မြတ်သော စွမ်းအားများသည် ကမ္ဘာမြေပေါ်သို့ လရောင် ကျရောက်လာသကဲ့သို့ ကြယ်တာရာ ကောင်းကင်ယံတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
မိုင်ပေါင်းတစ်ထောင်ပင် မပြေးရသေးသော သွေးနတ်ဆိုးသည် ထိုနှိုင်းယှဥ်၍ မရလောက်အောင် သန့်စင်မွန်မြတ်သော လရောင်နတ်အလင်းများ ထဲတွင် နစ်မြုပ်သွားခဲ့၏။
ယင်းအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများသည် ထိုသန့်စင်မွန်မြတ်သော စွမ်းအားများ၏ လွှမ်းမိုးမှုအောက်တွင် ထိန်းချုပ်၍ မရတော့မှန်း သွေးနတ်ဆိုး အထိတ်တလန့် သတိပြုမိလိုက်သည်။
“သွေးကောင်းကင်နတ်ဆိုး.. စုစည်းစမ်း”
သွေးနတ်ဆိုးက ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရုတ်တရက် သန်မာထွားကျိုင်းလာခဲ့ပြီး ဧရာမ သွေးပုံရိပ်ကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏ လက်မောင်းသည် ကောင်းကင်ထောက်တိုင် ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါဖြင့် ကြယ်တာရာ ကောင်းကင်ယံကို ရိုက်ခွဲကာ သူ့ကို လွှမ်းခြုံထားသည့် သန့်စင်မွန်မြတ်သော လရောင်နတ်အလင်းကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူ၏ ကြီးမားသော သွေးလက်မောင်းကြီးသည် သန့်စင်သောအလင်းကို ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မီးလျှံပေါ်သို့ ကျရောက်သွားသော ရေစက်တစ်စက် ကဲ့သို့ လေထဲမှာတင် အလိုအလျောက် ပျောက်ကွယ်သွားခဲ့သည်။
“ဝုန်း..”
သန့်စင်သော လရောင်နတ်အလင်းသည် ကြီးမားသော သွေးလက်မောင်းကို ပျောက်ကွယ်သွားစေပြီးနောက်တွင် သွေးနတ်ဆိုး၏ ကြီးမားလှသော ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်လာခဲ့၏။
ဤသို့ဖြင့်ပင် သန့်စင်သော လရောင်နတ်အလင်းတန်း အောက်တွင် သွေးနတ်ဆိုးသည် ပေတစ်သောင်းခန့် မြင့်သော ခန္ဓာကိုယ်ကြီးသည် ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် သွေးနတ်ဆိုး၏ ပေတစ်သောင်းအမြင့် ရှိသော ခန္ဓာကိုယ်သည် ကောင်းကင်ယံတွင် အစနအနပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့၏။
အဆုံးသတ်တွင် သွေးနတ်ဆိုး၏ ဝိညာဥ်ပင်လျှင် ထိုသန့်စင်သော နတ်အလင်းတန်းထဲတွင် တိုက်ရိုက် ပျောက်ကွယ်သွားခဲ့ပြီး ကြယ်တာရာ ကောင်းကင်ယံတွင် သွေးနတ်ဆိုး၏ မည်သည့် အရှိန်အဝါမျှ ကျန်ရစ်ခြင်း မရှိတော့ပေ။
“သွေးနတ်ဆိုးဂိုဏ်ကများ ငါတို့လနတ်နန်းတော်ကို ယှဥ်ရဲသေးတယ်”
သွေးနတ်ဆိုး ပျောက်ကွယ်သွားသည့် နေရာကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး မင်ယွဲ့ရှင်းက အေးစက်စက် ရေရွတ်လိုက်သည်။
သူမ၏ စကားသံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်နေခဲ့၏။
သန့်စင်သော လရောင်နတ်စွမ်းအားကို အတိတ်တစ်ချိန်ကသွေးနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်စဥ်တွင် လနတ် အရှင်သခင်က တီထွင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသည် သွေးလမ်းစဥ်ကို ကျင့်ကြံသူအားလုံး၏ ရန်သူတော်လည်း ဖြစ်သည်။
လနတ်အရှင်သခင်သည် ဤထူးခြားသော စွမ်းအားကို အသုံးချပြီ မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်နိုင်ခဲ့၏။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးသာ စေလွှတ်လိုက်သည်ဟု သိလိုက်ရစဥ်ကတည်းကပင် မင်ယွဲ့ရှင်းသည် နတ်ဘုရားနယ်မြေက ဤတိုက်ပွဲတွင် အောင်နိုင်မည် ဖြစ်ကြောင်း ခန့်မှန်းမိခဲ့သည်။
“သွေးနတ်ဆိုး သေသွားပြီ”
မင်ယွဲ့ရှင်းက သွေးနတ်ဆိုးကို ရှင်းပစ်လိုက်သည်အား မြင်လျှင် ကြယ်တာရာကောင်းကင်ယံ တစ်ခုလုံးသည် ထိုအချိန်တွင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချန်နှင့် အခြားသူများသည် ထိုမြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ သတိပြန်ဝင်မလာခဲ့ကြပေ။
မင်ယွဲ့ရှင်းတွင် သွေးနတ်ဆိုးကို ကိုင်တွယ်ရန် ဝှက်ဖဲတစ်ခုခု ရှိလိမ့်မည်ဟု သူတို့ ခန့်မှန်းထားကြသော်လည်း ထိုဝှက်ဖဲမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
အလွန်တရာ အစွမ်းထက်သော သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူပင်လျှင် သူမ၏ တိုက်ကွက်အောက်တွင် ခန္ဓာကိုယ် တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ရပြီ မဟုတ်ပါလား။
“ဒီလို ထူးခြားတဲ့ စွမ်းအားမျိုးကိုတောင် တီထွင်နိုင်ခဲ့တယ်ဆိုတော့ လနတ်နန်းတော်က တကယ်ကို နာမည်နဲ့လိုက်အောင် အစွမ်းထက်တာပဲ.. ဒီစွမ်းအားက သွေးလမ်းစဥ်ကို အထူးပြုကျင့်ကြံသူ အားလုံး အတွက် ရန်သူတော်ပဲ.. အဲဒီအချိန်တုန်းက သွေးနတ်ဆိုးဂိုဏ်းရဲ့ မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားကို လနတ်အရှင်သခင် သတ်နိုင်ခဲ့တာ ဘာမှမထူးဆန်းတော့ဘူး”
သူ၏ ရှေ့မှ အခြေအနေကို ကြည့်ကာ ဝူရှင်းက ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ကျန်းချန်.. အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ စစ်တပ်ကို အပြတ်ရှင်းပစ်လိုက်ပြီ ဆိုတော့ နတ်ဘုရားနယ်မြေက တစ်ခဏ အတွင်းတော့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး.. ငါတစ်ခဏလောက် တံခါးပိတ်ပြီး ကျင့်ကြံချင်တယ်.. မင်းလည်း မင်းရဲ့ခွန်အားကို အမြန်ဆုံး မြှင့်တင်ဖို့ ကြိုးစားပါ”
ကျန်းချန်တို့ အားလုံး မှင်တက်ရာကနေ ပြန်လည် သတိမဝင်လာခင်မှာပင် မင်ယွဲ့ရှင်း၏ပုံရိပ်သည် ကြယ်တာရာကောင်းကင်ယံတွင် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်၏ နားထဲတွင် မင်ယွဲ့ရှင်း၏ အေးစက်စက် အသံတစ်သံသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့၏။
ပျောက်ကွယ်သွားသော မင်ယွဲ့ရှင်း၏ ပုံရိပ်ကို ကြည့်ကာ ဝူရှင်းသည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
ဖျက်ဆီးခြင်းလမ်းစဥ်ကို အထူးပြုသည့် အုပ်စိုးသူ အဆင့် ကျင့်ကြံသူ ပြန်လည်မွေးဖွားလာသူ ဖြစ်၍ ဝူရှင်း၏ မြင်နိုင်စွမ်းသည် သာမန်လူများထက် သာလွန်နေခဲ့သည်။
မင်ယွဲ့ရှင်းက သိပ်အခြေအနေ မကောင်းသည်ကို သဘာဝကျစွာပင် သူမြင်နိုင်ခဲ့သည်။
မင်ယွဲ့ရှင်း အစောပိုင်းက ထုတ်ဖော်လိုက်သော စွမ်းအားသည် အလွန်တရာ အားကောင်းပြီး မဟာယာနအဆင့် သွေးလမ်းစဥ် ကျင့်ကြံသူများကိုပင် ထိန်းချုပ်နိုင်သော်လည်း ထိုစွမ်းအားသည် အလွန်အမင်းကြီးမားသော အဖိုးအခ တစ်ခုကို ပေးဆပ်ရသည်မှာ ထင်ရှားနေခဲ့၏။
ယခုမှပင် ပါရမီ အလွန်တရာ ထူးချွန်သော ပြိုင်ဘက်ကင်းကျင့်ကြံသူ ဖြစ်သည့် လနတ်အရှင်သခင် မည်ကဲ့သို့ ရုတ်တရက် ကျဆုံးသွားခဲ့မှန်း ဝူရှင်း နားလည်သွားခဲ့သည်။
ယင်းမှာ ဤစွမ်းအားကို တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် ရရှိလာမည့် တန်ပြန်ခံစားရမှုသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် ခံနိုင်ရည်ရှိရန် မဖြစ်နိုင်သောကြောင့်ပင်။
အခန်း(၂၄၇၄)ပြီး၏။