← Chapters

အခန်း (၂၄၇၉-၂၄၈၀)

Vol. 188 Ch. 2479-2480

အခန်း (၂၄၇၉-၂၄၈၀)

Vol. 188 Ch. 2479-2480

အခန်း(၂၄၇၉)

“မင်းငါ့ကို ခြိမ်းခြောက်နေတာလား”

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေကိုတောင် ငါသတ်ခဲ့ပြီးပြီ.. ကပ်ဘေးအထွတ်အထိပ် အဆင့်လောက်နဲ့တော့ ငါ့ကို ရင်ဆိုင်ဖို့ မင်းမှာအရည်အချင်းမရှိသေးဘူး”

“တော်တော် လေလုံးထွားတဲ့ကောင်ပဲ.. အားလုံး သူ့ကို ဝိုင်းတိုက်ကြစို့”

ရွှယ်ချန်ကျဲက အမိန့်ပေးလိုက်ပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူရှစ်ဦးနှင့် အတူ ကျန်းချန်ထံ ပြေးဝင်သွားခဲ့သည်။

ကျန်းချန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ထဲတွင် ရှေးဟောင်း ရွှေရောင် ဓားတစ်လက် ဖျတ်ခနဲ ပေါ်လာခဲ့သည်။

သူက ထိုဓားဖြင့် လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်ကာ ရွှယ်ချန်ကျဲ တို့ကို တိုက်ခိုက်လိုက်သည်။

ထိုဓားချက်သည် ကြယ်တာရာကောင်းကင်ယံကို ဖောက်ထွင်းသွားခဲ့ပြီး ကပ်ဘေး အစောပိုင်းအဆင့် ကျင့်ကြံသူလေးဦး၏ အရှိန်အဝါသည် ကမ်းပါးပြိုကျသကဲ့သို့ ရုတ်တရက် ကျဆင်းသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကပ်ဘေး အစောပိုင်းအဆင့် ကျင့်ကြံသူများသည် ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့်ပင် သာမန်လူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြယ်တာရာကောင်းကင်ယံကနေ ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြုတ်ကျသွားခဲ့သည်။

ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူသုံးဦးသည်လည်း ကျန်းချန်၏ ဓားချက်အောက်တွင် ကျင့်ကြံခြင်းအဆင့်များ ကျဆင်းသွားခဲ့ပြီး ကပ်ဘေးအဆင့်အောက်သို့ပင် ကျဆင်းသွားခဲ့သည်။

သို့သော်လည်း ကပ်ဘေးအဆင့်အောက်သို့ ရောက်ရှိသွားလျှင် ကြယ်တာရာကောင်းကင်ယံ၌ ရပ်တည်ရန် အရည်အချင်း မရှိတော့ပေ။

သူတို့က တစ်ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး ခဏအကြာမှာပင် ကြယ်တာရာကောင်းကင်ယံကနေ ပြုတ်ကျသွားခဲ့သည်။

ကျန်ရှိသော ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးကမူ ကပ်ဘေးအဆင့်အောက်သို့ ကျမသွားသော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်များ ဖြတ်တောက်ခံလိုက်ရပြီး ကပ်ဘေးနှောင်းပိုင်း အဆင့်ကနေ အစောပိုင်းအဆင့် အထိ ကျဆင်းသွားခဲ့သည်။

ကျန်းချန်၏ လက်ရှိခွန်အားဖြင့်သာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို အသုံးပြုမည်ဆိုလျှင် နတ်ဘုရင်အဆင့်ဖြစ်စေ၊ ကပ်ဘေးအဆင့် ကျင့်ကြံသူဖြစ်စေ ခုခံနိုင်သူ အရေအတွက်သည် လက်ချိုးရေတွက်၍ ရရုံမျှသာ ရှိပေလိမ့်မည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဤမြင်ကွင်းကိုမြင်လျှင် ရွှယ်ချန်ကျဲနှင့် ကျန်ရှိသော ကျင့်ကြံသူ နှစ်ဦးသည် ချက်ချင်းဆိုသလို ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူ ကိုးဦးအနက် ကပ်ဘေး အထွတ်အထိပ်အဆင့် ရှိသည့် ရွှယ်ချန်ကျဲ တစ်ဦးတည်းသာ ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ဘဲ ကျန်ရှစ်ဦးစလုံးသည် ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့်ပင် အားလုံးနီးပါး ပျက်စီးသွားခဲ့ရသည်။

သူတို့ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

သာမန် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် ဤမျှအစွမ်းထက်ရန် မဖြစ်နိုင်ပေ။

ရွှယ်ချန်ကျဲသည် မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။

သူက ကျန်းချန်ကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

“မင်းက သိုင်းပညာယဥ်ကျေးမှု အထူးပြုတဲ့ စကြဝဠာကနေ လာတာပဲ.. မင်းဘယ်သူလဲ”

ကျန်းချန်သည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားသည့် အပြင် အရှိန်အဝါ ဖုံးကွယ်ခြင်းပညာရပ်ဖြင့်ပါ သူ၏ အရှိန်အဝါကို ပြောင်းလဲထား၍ သာမန်လူများသည် ကျန်းချန်၏ အထောက်အထားကို သိရှိရန် မလွယ်ကူပေ။

သို့သော်လည်း ရွှယ်ချန်ကျဲသည် ကပ်ဘေး အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူ ဖြစ်ရာ ကျန်းချန် အစောပိုင်းက အသုံးပြုလိုက်သည့် ဓားချက်ထဲတွင် အင်မော်တယ်ကျင့်ကြံသူများနှင့် မတူညီသည့် စွမ်းအားပါဝင်နေသည်ကို သတိပြုမိသွားခဲ့သည်။

ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ ယခင်က ထင်ထားသလို အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ ထိပ်တန်း ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်း၏ ပါရမီရှင် မဟုတ်ဘဲ သိုင်းပညာ ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာမှ ဖြစ်ရန် အခွင့်အလမ်း အလွန်များနေခဲ့၏။

သို့သော်လည်း သူသိထားသလောက်ဆိုလျှင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာအနီးရှိ အခြားသော စကြဝဠာများသည် အင်မော်တယ် ကျင့်ကြံခြင်းယဥ်ကျေးမှုကို အထူးပြုသော စကြဝဠာများနှင့် နည်းပညာကို အထူးပြုသော စကြဝဠာများသာ ဖြစ်ကြသည်။

တစ်ခုတည်းသော သိုင်းပညာ ယဥ်ကျေးမှု စကြဝဠာသည် အင်မော်တယ်ကျောက်တိုင် ပေါ်ထွက်ခဲ့ဖူးပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ ကျူးကျော်ခဲ့ဖူးသည့် နတ်ဘုရားနယ်မြေ သာလျှင် ရှိ၏။

သို့သော်လည်း ထိုစဥ်က စကြဝဠာအဆင့် တိုက်ပွဲတွင် နတ်ဘုရားနယ်မြေသည် ပျက်စီးသွားသည်ဟု သူကြားသိထားသည်ဖြစ်ရာ ထိုကဲ့သို့ ပြိုကွဲနေသော စကြဝဠာထဲကနေ ဤကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး မည်ကဲ့သို့ ထွက်ပေါ်လာနိုင်ပါမည်နည်း။

“ငါက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ပြဿနာပေးဖို့ ခရီးထွက်လာတဲ့လူပဲ”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ရွှယ်ချန်ကျဲ.. မင်းနဲ့ သွေးနတ်ဆိုးဂိုဏ်း ကြားမှာ မပြေလည်နိုင်တဲ့ ရန်ငြိုးရှိတယ် ဆိုတာ ငါသိတယ်.. မင်းလည်း ဒီကြယ်တာရာကောင်းကင်ယံမှာ ဒီလိုမျိုး ပုန်းနေရတာကို ကျေနပ်မှာ မဟုတ်လောက်ဘူးထင်တယ်.. ငါ့ဆီမှာ အညံ့ခံမယ်ဆိုရင် သွေးနတ်ဆိုးဂိုဏ်းကို ကလဲ့စားချေနိုင်တဲ့ အခွင့်အရေး ငါဖန်တီးပေးမယ်”

ထိုစကားကိုကြားလျှင် ရွှယ်ချန်ကျဲ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် အတိုင်းအဆမရှိ နက်ရှိုင်းလှပြီး သာမန် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ ပင်လျှင် ယှဥ်နိုင်လောက်မည် မဟုတ်ပေ။

သူ၏ လက်ရှိခွန်အားဖြင့်သာ ဆက်လက် ခုခံနေမည်ဆိုလျှင် သေချာပေါက် အသက်ပျောက်ရလိမ့်မည် ဖြစ်၏။

ထို့အပြင် ဤမျှ ငယ်ငယ်ရွယ်ရွယ်ဖြင့် အစွမ်းထက်ပုံထောက်လျှင် ထိုလူငယ်၏ နောက်ခံသမိုင်းကြောင်းသည် သေချာပေါက် ထူးခြားနေလောက်သည်။

ထိုလူငယ်သည် နတ်ဘုရားနယ်မြေ၏ ထိပ်တန်း အင်အားစုတစ်ခုခုမှ ဖြစ်နိုင်ခြေ အလွန်များ၏။

ထိုလူငယ်၏ ရည်ရွယ်ချက်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ဖျက်ဆီးရန်ဖြစ်ရာ ထိုလူငယ်ထံ အညံ့ခံလိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းကို ကလဲ့စားချေနိုင်မည့် အခွင့်အရေး အမှန်တကယ် ရှိလာနိုင်လောက်သည် မဟုတ်ပါလော။

ထိုသို့တွေးမိလျှင် ရွှယ်ချန်ကျဲသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ကျန်းချန်၏ ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

“ကျွန်တော် ရွှယ်ချန်ကျဲက သခင်ကြီးကို ဂါဝရပြုပါတယ်”

“ထပါ”

ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှယ်ချန်ကျဲ၏ အနောက်မှ လူနှစ်ဦးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ဒီက ထွက်သွားမလား ဒါမှမဟုတ် ရွှယ်ချန်ကျဲနဲ့ အတူ ငါ့နောက်ကို လိုက်ခဲ့မလား ဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ်”

“ကျွန်‌တော်တို့ သခင်ကြီးနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်”

ကပ်ဘေးအဆင့် ကျင့်ကြံသူ နှစ်ဦးက အလျင်အမြန်ပင် တရိုတသေ ပြောလိုက်သည်။

ကြယ်တာရာဓားပြများ အတွက် ကြယ်တာရာ ကောင်းကင်ယံတွင် ရှင်သန်ရသည်မှာ အလွန်ပင် အန္တရာယ်များ၏။

ဤနှစ်ပေါင်းများစွာ ကြယ်တာရာ ကောင်းကင်ယံတွင် တစ်ကိုယ်တော် ရှင်သန်ရန်မှာ အလွန်တရာ ခက်ခဲ၍ ရွှယ်ချန်ကျဲ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် အဖွဲ့ငယ်လေး ဖွဲ့စည်းထားခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါတွင် သွေးဓားပြအဖွဲ့က ပြိုကွဲသွားပြီး သူတို့နှစ်ဦးသည်လည်း ကျင့်ကြံခြင်း အဆင့်များ လျော့ကျသွားခဲ့ပြီဖြစ်၍ အချိန်တိုအတွင်း အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။

ဤအခြေအနေဖြင့် ကြယ်တာရာ ကောင်းကင်ယံတွင် ဆက်လက် ရှင်သန်ရန်မှာ မလွယ်ကူပေ။

သူတို့အတွက် အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကျန်းချန်ထံတွင် အညံ့ခံရန်သာ ရှိတော့၏။

ကျန်းချန်က ဘာစကားမျှ ထပ်မပြောခဲ့ပေ။

ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦးမျှသည် သူ့အတွက် အရေးမပါချေ။

သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ ထဲသို့ ရောက်ရှိသွားလျှင် သူ့အတွက် အခိုင်းအစေ တချို့ လိုအပ်မည်ဖြစ်ရာ ကပ်ဘေးအဆင့် ကျင့်ကြံသူ နှစ်ဦးသာ အလုပ်အကျွေးပြုမည် ဆိုလျှင် သူ့အနေဖြင့် ငြင်းပယ်စရာ အကြောင်း မရှိပေ။

ကျန်းချန်က ရွှယ်ချန်ကျဲတို့ စီးနှင်းလာသော ကြယ်တာရာစစ်သင်္ဘောကို ကြည့်ရင်း အနည်းငယ် စဥ်းစားကာ ပြောလိုက်သည်။

“ရွှယ်ချန်ကျဲ.. မင်းတို့ရဲ့ စစ်သင်္ဘောကို အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက လူတွေ မြင်ဖူးကြလား”

“မြင်ဖူးတဲ့လူ မရှိသလောက်ပါပဲ.. သွေးနတ်ဆိုးဂိုဏ်းကို စိုးရိမ်တဲ့အတွက် ကျွန်တော်တို့တွေ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရှိတဲ့ဘက်ကို သိပ်မသွားဖြစ်ဘူး.. သွေးနတ်ဆိုးဂိုဏ်းက လူတချို့က လွဲရင် ကျန်တဲ့သူတွေက ဒီသင်္ဘောကို မြင်ဖူးမှာ မဟုတ်ဘူး”

ရွှယ်ချန်ကျဲက အနည်းငယ် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် မင်းရဲ့ စစ်သင်္ဘောကိုပဲ အသုံးပြုပြီး သွားကြစို့”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ယီယွင်နှင့် အခြားသူများကို ခေါ်ကာ ရွှယ်ချန်ကျဲတို့၏ ကြယ်တာရာစစ်သင်္ဘောပေါ်သို့ ပြောင်းရွှေ့လိုက်သည်။

အကြောင်းရင်းမှာ ယခု သူတို့စီးနှင်းလာသည့် စစ်သင်္ဘောသည် သွေးနတ်ဆိုးဂိုဏ်းထံမှ သိမ်းယူထားခြင်း ဖြစ်ရာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ လူများသည် ထိုစစ်သင်္ဘောကို သိနေကြလိမ့်မည် ဖြစ်သောကြောင့်ပင်။

ယင်းသည် သူ၏ အထောက်အထားကို ဖုံးကွယ်ရန် အလွန်တရာ ခက်ခဲသွားစေလောက်သည်။

အကယ်၍ ရွှယ်ချန်ကျဲတို့ စစ်သင်္ဘောနှင့် ပြောင်းလဲလိုက်လျှင်မူ အန္တရာယ်သည် သေချာပေါက် ပိုမို၍ နည်းပါးသွားလိမ့်မည် ဖြစ်၏။

သွေးနတ်ဆိုးဂိုဏ်းမှ လူများက ရွှယ်ချန်ကျဲ၏ စစ်သင်္ဘောကို မှတ်မိလျှင်ပင် သူတို့ကို ရွှယ်ချန်ကျဲ၏ အပေါင်းအပါများအဖြစ်သာ သတ်မှတ်ကြပေလိမ့်မည်။

ဤသည်ဖြင့် သူတို့ ရင်ဆိုင်ရမည့် တစ်ခုတည်းသော ပြဿနာသည် သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းတည်းသာ ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။

ထိုသို့မဟုတ်ဘဲ သူသာ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူတစ်ဦး ဖြစ်မှန်း ပေါက်ကြားသွားခဲ့လျှင် သူအနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် အင်အားကြီးမားလှသော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးနှင့် ယှဥ်ပြိုင်ရန်မှာ အရည်အချင်း မပြည့်မီသေးပေ။

ထို့ကြောင့် မလွှဲသာသည့် အခြေအနေမျိုးမှလွဲ၍ ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် သူ၏ အထောက်အထားကို အလွယ်တကူ ‌ဖော်ပြလိမ့်မည်မဟုတ်ပေ။

ရွှယ်ချန်ကျဲ တို့၏ ကြယ်တာရာစစ်သင်္ဘော ပေါ်သို့ အားလုံးရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် သူတို့ စီးနင်းလာသည့် ကြယ်တာရာ စစ်သင်္ဘောကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီသို့ ဆက်လက် ခရီးနှင်ခဲ့ကြသည်။

သုံးလခန့် ကြာပြီးနောက်တွင် ခမ်းနားထည်ဝါသော ဧရာမမြို့တော်ကြီး တစ်ခုသည် ကျန်းချန်တို့၏ မြင်ကွင်းရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

“သခင်ကြီး.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီ ရောက်ပါပြီ”

ရွှယ်ချန်ကျဲက သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည့် ဧရာမမြို့တော်ကြီးကို ကြည့်ကာ ကျန်းချန်ကို ပြောလိုက်သည်။

သူ၏ သွေးရောင်တောက်ပနေသော မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

အခန်း(၂၄၇၉)ပြီး၏။

အခန်း(၂၄၈၀)

ယခင်က ရွှယ်ချန်ကျဲသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ဖူးသည်။

သူက ထူးခြားသောပါရမီ ရှိပြီး အ‌ကောင်းဆုံး ဝိညာဥ် အရင်းအမြစ်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်၏။

ထို့အပြင် သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း တပည့်ရင်းများထဲမှ တစ်ဦး ဖြစ်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ နောင်ထပ် ခေါင်းဆောင် ရာထူးကို ဆက်ခံရန် ရေပန်းစားသူ တစ်ဦးလည်း ဖြစ်သည်။

သို့သော်လည်း သူ၏ အနာဂတ်တောက်ပနေသော အချိန်မှာပင် လုပ်ကြံမှုများနှင့် ကြုံတွေ့ခဲ့ရပြီး သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်အဖြစ် စွပ်စွဲခံခဲ့ရသည်။

အကယ်၍ ဆရာသမားဖြစ်သူ၏ အသက်စွန့် ကူညီမှုသာ မရှိခဲ့လျှင် ရွှယ်ချန်ကျဲသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အသက်ရှင်လျက် လွတ်မြောက်ရန်ပင် ခက်ခဲလိမ့်မည် ဖြစ်၏။

ဤနှစ်များအတွင်း ကြယ်တာရာကောင်းကင်ယံတွင် နေထိုင်စဥ် ထိုစဥ်က ရှိခဲ့သော နာကျည်းမှုများ အတွက် ကလဲ့စားချေရန် အချိန်တိုင်းနီးပါး ဆန္ဒရှိခဲ့သည်။

သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်း၏ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို တွေးမိသောအခါမျိုးတွင် ရွှယ်ချန်ကျဲသည် အလွန်အမင်း စိတ်ဓာတ်ကျသွားခဲ့၏။

ထို့ကြောင့် သူက မဟာယာနအဆင့်ကို အလျင်မြန်ဆုံး ထိုးဖောက်နိုင်ရန်အတွက် ကြယ်တာရာဓားပြတစ်ဦး ဖြစ်လာခဲ့ပြီး အရင်းအမြစ်များကို လုယက်ခဲ့သည်။

အကြောင်းရင်းမှာ မဟာယာနအဆင့်သို့ မရောက်မချင်း သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ပြန်ပြီး သွေးနတ်ဆိုးဂိုဏ်းကို ကလဲ့စားချေရန် အတွက် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်မှန်း အလွန်ကောင်းမွန်စွာ သိရှိထားသောကြောင့်ပင်။

သို့သော်လည်း ယခုအခါတွင်မူ ကျန်းချန်ကို လုယက်ရာတွင် ကျရှုံးခဲ့ပြီး ကျန်းချန်ထံတွင် အညံ့ခံကာ ကျန်းချန်နှင့်အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီ ပြန်လာခဲ့ရသည်။

ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံနှင့် အစွမ်းထက် ခွန်အားများကို ပိုင်ဆိုင်ထားသော်လည်း သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ အတွင်းရှိ ထိပ်တန်း ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်းအပါအဝင် ဖြစ်ကာ မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားရှိသော ဂိုဏ်း ဖြစ်သည်။

အကယ်၍ သူတို့သာ သွေးနတ်ဆိုးဂိုဏ်း၏ ရန်သူ ဖြစ်လာလျှင် အနိုင်ရရန် အခွင့်အရေး မရှိမည်ကို သူစိုးရိမ်နေမိသည်။

သို့သော်လည်း သူက ယခုအခါတွင် ကျန်းချန်၏အစေခံအဖြစ် အမှုထမ်းနေပြီ ဖြစ်ရာ အရာအားလုံးသည် ကျန်းချန်၏ အမိန့်ကိုသာ နာခံရမည်ဖြစ်ပြီး သေခြင်း၊ရှင်ခြင်းသည် ကံတရားအပေါ်၌သာ မူတည်တော့၏။

“ဒါက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက တည်ဆောက်ထားတဲ့ မြို့တော်လား”

ကျန်းချန်က သူ့ရှေ့မှ မြို့တော်ကိုကြည့်ရင်း မသိစိတ်ကနေ မျက်မှောင်ကြုတ်မိလိုက်သည်။

ဤမြို့တော်၏ နောက်ကွယ်တွင် ဧရာမ စကြဝဠာပုံရိပ် တစ်ခု ရှိနေခဲ့ပြီး ယင်းသည် သေချာပေါက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ဖြစ်နိုင်၏။

သို့သော်လည်း သူတို့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ ထဲသို့ ဝင်ရောက်လိုလျှင် သူတို့ရှေ့ရှိ မြို့တော်ကို ဖြတ်ကျော်ရလိမ့်မည် ဖြစ်သည်။

“အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို အင်မော်တယ်ကျင့်ကြံသူတွေပဲ ဝင်ခွင့်ရှိတယ်.. တခြား စကြဝဠာကလူတွေ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲကို ရောနှောမဝင်လာနိုင်ဖို့အတွက် ကြယ်တာရာ ကောင်းကင်ယံမှာ စခန်းအများအပြား တည်ဆောက်ထားတယ်.. ဒီမြို့တော်က အဲဒီစခန်းတွေထဲက တစ်ခုပဲ.. ဒါပေမဲ့ သခင်ကြီးစိတ်မပူပါနဲ့.. ဒီမြို့တော်က သွေးနတ်ဆိုးဂိုဏ်းနဲ့ ဘာမှမသက်ဆိုင်ပါဘူး.. ဒါကြောင့် ဒီက အစောင့်တွေ ကျွန်တော်တို့ရဲ့ အထောက်အထားကို သိမြင်နိုင်မှာမဟုတ်ဘူး.. ကျွန်တော်တို့တွေ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲကို ချောချောမွေ့မွေ့ ဝင်ရောက်နိုင်မှာပါ”

ရွှယ်ချန်ကျဲက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

သူက သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်အဖြစ် သတ်မှတ်ခံထားရသော်လည်း သူ့ထံတွင် သွေးနတ်ဆိုးဂိုဏ်း၏ တပည့်များသာ ကိုင်ဆောင်သည့် တံဆိပ်ပြား ရှိနေဆဲဖြစ်သည်။

ထိုတံဆိပ်ပြားဖြင့် ဆိုလျှင် မြို့တော်မှ တစ်ဆင့် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ ထဲသို့ ဝင်ရောက်ရန်မှာ ပြဿနာ မဟုတ်ပေ။

အခြေအနေများသည် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်လာခဲ့သည်။

ရွှယ်ချန်ကျဲက သွေးနတ်ဆိုးဂိုဏ်း၏ တပည့်ရင်း အမှတ်အသား တံဆိပ်ပြားကို ပြသပြီးနောက်တွင် ကျန်းချန်တို့ အားလုံးသည် မြို့တော်၏ စစ်ဆေးမှုကို လုံးဝ မခံရတော့ဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ကြယ်တာရာကောင်းကင်ယံ အတွင်း ရွှယ်ချန်ကျဲနှင့် တွေ့ဆုံခဲ့သည်မှာ အလွန်တရာ ကံကောင်းသည်ဟု မှတ်ယူမိလိုက်သည်။

သို့မဟုတ်လျှင် သူတို့သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲသို့ ဝင်ရောက်ရန်အတွက် သေချာပေါက် အခက်အခဲ တွေ့ရပေလိမ့်မည် မဟုတ်ပါလား။

---------------------

“စီနီယာအစ်ကို.. သွေးနတ်ဆိုးဂိုဏ်းက အခုတလော တော်တော်လေး လှုပ်ရှားနေပါလား.. လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း သွေးနတ်ဆိုးဂိုဏ်းရဲ့ ကြယ်တာရာ စစ်သင်္ဘော တစ်စီး ဒီကနေ ထွက်သွားခဲ့သေးတယ်”

မြို့တော်၏ အစောင့်တစ်ဦးက အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာထဲသို့ ပျံသန်းကာ ဝင်ရောက်သွားသော ကြယ်တာရာစစ်သင်္ဘောကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။

“မင်းပြောတာ ဟုတ်သားပဲ”

အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားကတည်းက ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ ထိပ်တန်းဂိုဏ်းကြီးတွေက အင်မော်တယ်လမ်းစဥ်ကို ရှာဖွေဖို့အတွက် ကြယ်တာရာ ကောင်းကင်ယံ ထဲကို မကြာခဏ သွားနေကြတာပဲ.. ဒါက ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး”

ထိုစကားကိုကြားလျှင် ပထမဆုံး ပြောခဲ့သော အစောင့်က တွေဝေသော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီကမ္ဘာမှာ တကယ်ပဲ အင်မော်တယ်လမ်းစဥ် ဆိုတာ ရှိလို့လား”

“အဲဒါတော့ ငါလည်း ဘယ်သိမလဲ”

အပြာရောင်ဝတ်စုံဝတ် လူငယ်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

ထို့နောက် သူက အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ထပ်ပြောလိုက်သည်။

“အစောတုန်းက သွေးနတ်ဆိုးဂိုဏ်းရဲ့ တပည့်ရင်းက အတော်လေးအစွမ်းထက်တာပဲ.. သူက သွေးနတ်ဆိုးဂိုဏ်းရဲ့ တပည့်ရင်းတွေထဲမှာ ထိပ်တန်းအဆင့်ကပဲ ဖြစ်ရမယ်”

“စီနီယာအစ်ကို.. လွန်ခဲ့တဲ့နှစ်အနည်းငယ် ကြယ်တာရာစစ်သင်္ဘောကလွဲရင် သွေးနတ်ဆိုးဂိုဏ်းက တခြား ဘယ်စစ်သင်္ဘောမှ ဒီနေရာကနေ ထွက်မသွားခဲ့ဘူး.. ဒါက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ”

အစောင့်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီကိစ္စကို သွေးနတ်ဆိုးဂိုဏ်းဆီ အကြောင်းကြားထားရင် ကောင်းမယ်ထင်တယ်”

“ကောင်းပြီ.. ငါအခုပဲ သွေးနတ်ဆိုးဂိုဏ်းက လူတွေနဲ့ ဆက်သွယ်လိုက်မယ်”

ထိုစကားကို ပြောပြီးသည်နှင့် အပြာရောင်ဝတ်စုံဝတ်လူငယ်၏ ပုံရိပ်သည် လေထဲတွင် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်တို့ လူစုသည် မြို့တော်မှ အစောင့်နှစ်ဦး၏ စကားများကို လုံးဝ မသိရှိခဲ့ကြပေ။

မြို့တော်ကို ဖြတ်ကျော်လာပြီးနောက်တွင် သူတို့သည် မကြာမီမှာပင် ကြယ်တာရာ စစ်သင်္ဘောကို ထိန်းချုပ်ကာ အတားအဆီးများကို ဖြတ်ကျော်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲသို့ ဆင်းသက်နိုင်ခဲ့ကြသည်။

ခမ်းနားသော အရှိန်အဝါတစ်ခုသည် ကျန်းချန်တို့လူစုကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။

“ဒါက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက တကယ်ကို ထူးခြားတာပဲ”

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ပတ်ဝန်းကျင်အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ရှေးခေတ်ကာလက စကြဝဠာအဆင့် တိုက်ပွဲတွင် နတ်ဘုရားနယ်မြေသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ယှဥ်ပြိုင်ရန် အဘယ်ကြောင့် ခက်ခဲခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ပတ်ဝန်းကျင်သည် နတ်ဘုရားနယ်မြေထက် များစွာ သာလွန်ကောင်းမွန်ပြီး ထာဝရသက်ရှည်တောင်တန်း၏ အပြင်ဘက်ပိုင်းနှင့် နှိုင်းယှဥ်လျှင် အနည်းငယ်မျှ နိမ့်ကျမည် မဟုတ်ချေ။

“သခင်ကြီး.. ကျွန်တော်တို့အခု ဘယ်ကိုသွားကြမလဲ”

ကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ပတ်ဝန်းကျင်ကြောင့် အံ့အားသင့်နေစဥ်မှာပင် ရွှယ်ချန်ကျဲ၏ စကားသံသည် သူ၏ နားထဲတွင် တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများတွင် စဥ်းစားသော အရိပ်အယောင်များ ဖြစ်‌ပေါ်လာခဲ့သည်။

သူက ယခုမှ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ စတင်ရောက်ရှိလာခြင်းဖြစ်ရာ အလျင်စလို မလှုပ်ရှားသင့်ပေ။

ယခုအခါတွင် အရေးကြီးဆုံးမှာ အခြေချနေထိုင်ရန် အတွက် နေရာတစ်ခုကို ရှာဖွေရန်သာ ဖြစ်၏။

အကြောင်းရင်းမှာ ကြယ်တာရာ စစ်သင်္ဘောပေါ်တွင် လူသားဧကရာဇ်နန်းတော်မှ တပည့်များနှင့် ကြယ်စကြဝဠာမှ လူများ ရှိနေသေးသောကြောင့်ပင်။

အကယ်၍ ၎င်းတို့ကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများတွေ့ရှိသွားခဲ့လျှင် အခြေအနေသည် အလွန်တရာ ခက်ခဲသွားနိုင်ပေသည်။

“ဒီ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲမှာ သွေးနတ်ဆိုးဂိုဏ်းရဲ့ အကြီးမားဆုံးရန်သူက ဘယ်သူလဲ”

ကျန်းချန်က ခဏမျှ စဥ်းစားပြီးနောက်တွင် ရွှယ်ချန်ကျဲကို မေးလိုက်သည်။

ရွှယ်ချန်ကျဲက တစ်ခဏ မှင်တက်သွားခဲ့ပြီးနောက်တွင် အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။

“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲမှာ သွေးနတ်ဆိုးဂိုဏ်းရဲ့အကြီးမားဆုံးရန်သူက သွေးဓားအင်မော်တယ်ဂိုဏ်းပါ”

ရွှယ်ချန်ကျဲက မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ကျန်းချန်ကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အလွန် ရှည်လျားသော သမိုင်းကြောင်းရှိသည့် ရှေးဟောင်း အင်အားစုတစ်စု ဖြစ်သည်။

သွေးဓားအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ်ကာလတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း ဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်း ဖြစ်ခဲ့၏။

နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်းတွင် ကြောက်မက်ဖွယ်ရာကောင်းသော အတွင်းပိုင်း တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။

အဆုံးသတ်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ လူတချို့သည် သွေးဓားအင်မော်တယ်ဂိုဏ်းကနေ ခွဲထွက်သွားခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။

ဤအကြောင်းကြောင့်ပင် သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် သွေးနတ်ဆိုးဂိုဏ်းသည် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မပြေလည်နိုင်သော ရန်ဘက်များ အဖြစ် သတ်မှတ်ထားခဲ့ကြ၏။

ထိုဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များ ဆုံတွေ့သည့်အခါတွင် သေကြေသည်အထိ တိုက်ခိုက်လေ့ပင် ရှိကြသည်။

သို့သော်လည်း ထိုစဥ်က အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးကတည်းကပင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားသည် အကြီးအကျယ်ထိခိုက်ခဲ့ပြီး တစ်နေ့ထက်တစ်နေ့ အခြေအနေ ပိုမို ဆိုးရွားလာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကမူ ဤနှစ်အများအတွင်း အလွန် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အထွတ်အထိပ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင်ပင် ပါဝင်လာခဲ့သည်။

ယနေ့အချိန်အခါတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် ၎င်းတို့၏ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များကို အမှီသဟဲပြု၍သာ မနည်း ရှင်သန်နေကြရသည်။

ဆိုရလျှင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားကုန်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ ဖျက်ဆီးခြင်းကို သေချာပေါက် ခံရလိမ့်မည် ဖြစ်၏။

“ဒါဆိုရင် ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းဆီ သွားကြစို့”

ရွှယ်ချန်ကျဲ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် တွေဝေမနေဘဲ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။

သူက ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီ တစ်ကိုယ်တည်း ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ သူ၏ တစ်ကိုယ်တော် စွမ်းအားဖြင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို ပြဿနာရှာရန်မှာ မလွယ်ကူသောကိစ္စ ဖြစ်သည်။

ထို့ကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သူ့အတွက် အလွန်တရာ ကောင်းမွန်သော နယ်ရုပ်တစ်ရုပ်ဖြစ်လာနိုင်၏။

အကယ်၍ သူသာ နောက်ကွယ်မှ နေ၍ အရာအားလုံးကို ထိန်းချုပ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ ထိပ်တန်းဂိုဏ်းကြီးများ အကြားတွင် ပြဿနာများ ဖန်တီးနိုင်မည် ဆိုလျှင် ယင်းသည် သေချာပေါက် အလွန်တရာကောင်းမွန်သော စွမ်းဆောင်ရည်တစ်ခု ဖြစ်လာပေလိမ့်မည်မဟုတ်ပါလော။

အခန်း(၂၄၈၀)ပြီး၏။

All Chapters