← Chapters

အခန်း (၃၈၄-၃၈၅)

Vol. 36 Ch. 384-385

အခန်း (၃၈၄-၃၈၅)

Vol. 36 Ch. 384-385

အပိုင်း (၃၈၄)

မဟာလော့ဧကရာဇ်သည် မိမိနားကိုပင် မိမိမယုံနိုင်အောင် ဖြစ်သွားရသည်။

​ "​မောင်မင်း အခု ဘာပြောလိုက်တာလဲ... နောက်တစ်ခေါက် ပြန်ပြောစမ်း"

​ ထို့ကြောင့် အမတ်များက နောက်တစ်ကြိမ် ထပ်မံ တင်ပြကြသည် - "အရှင်မင်းကြီး... အပြင်မှာ ကောလာဟလတွေ အကြီးအကျယ် ပျံ့နှံ့နေတာကတော့ ကောင်းကင်ခန်ရဲ့ ဂူဗိမာန်ဟာ မဟာလော့ နယ်မြေထဲမှာ ရှိနေတာပါတဲ့။ မဟာရှမှာ တွေ့ခဲ့တာက လူတွေကို လှည့်စားဖို့ လုပ်ထားတဲ့ အတုအယောင် သက်သက်ပဲလို့ ဆိုကြပါတယ်"

​ "မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်တာ"

​ မဟာလော့ဧကရာဇ်က ဒေါသတကြီးဖြင့် - "ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က ငါတို့ မဟာလော့ နယ်မြေထဲမှာ ဘယ်လိုလုပ် ရှိနေမှာလဲ။ ဒါက သေချာပေါက် ကောလာဟလပဲ။ တစ်ယောက်ယောက်က ငါတို့ မဟာလော့ကို ဒုက္ခပေးဖို့ မသမာတဲ့ ရည်ရွယ်ချက်နဲ့ သတင်းလွှင့်နေတာပဲ ဖြစ်ရမယ်"

​ ဘေးနားရှိ စုန့်ယွီဖေးကလည်း ခေါင်းညိတ်လိုက်သည်။ သူမလည်း ထိုအတိုင်းပင် တွေးမိသည်။

​ "ပြီးတော့ ဒါကို လုပ်တဲ့သူက မဟာရှက ခွေးဧကရာဇ်ပဲ ဖြစ်ရမယ်" ဟု မဟာလော့ဧကရာဇ်က ဒေါသတကြီး ဆက်ပြောလိုက်သည်။

​ သေချာ စဉ်းစားပြီးနောက်တွင် လင်းပိုင်ဖန်သည်သာ အဖြစ်နိုင်ဆုံး သံသယရှိသူဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဖက်လူကို တစ်ကြိမ် အဟန့်အတား လုပ်ခဲ့ဖူးသဖြင့် ကလဲ့စားပြန်ချေရန် ကြိုးစားခြင်းမှာ သဘာဝကျပြီး အချိန်အခါမှာလည်း ကွက်တိဖြစ်နေသောကြောင့်ပင်။

​ စုန့်ယွီဖေးက ဝင်ပြောလိုက်သည် - "အရှင်မင်းကြီး... ဒါကို ဘယ်သူပဲလုပ်လုပ်၊ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ် ဒါက ကျွန်မတို့အတွက် ပြဿနာတွေ အများကြီး သယ်ဆောင်လာမှာ အသေအချာပါပဲ။ ဒါကို သေချာ မကိုင်တွယ်နိုင်ရင် တိုင်းပြည်က ပရမ်းပတာ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ ကြိုတင်ပြင်ဆင်ထားရပါမယ်"

​ မဟာလော့ဧကရာဇ်သည် မဟာရှ၏ အခြေအနေကို ပြန်တွေးမိပြီး ရင်ထဲတွင် တုန်လှုပ်သွားတော့သည်။ ကောင်းကင်ခန် ဂူဗိမာန်သတင်း ပျံ့နှံ့စဉ်က သိုင်းပညာရှင် သိန်းနှင့်ချီ၍ မဟာရှသို့ တိုးဝင်လာခဲ့ကြသည်ကို သူ မှတ်မိနေသည်။ အကယ်၍ ထိုသိုင်းပညာရှင်အားလုံးကို ဆွဲဆောင်ထားသည့် ဂူဗိမာန်အတုသာ မပေါ်ပေါက်ခဲ့လျှင် မဟာရှမှာ အဲ့ဒီကတည်းက ပျက်စီးနေလောက်ပြီ ဖြစ်သည်။

​ အကယ်၍ မဟာလော့သာ ထိုဒုက္ခမျိုးနှင့် ကြုံရမည်ဆိုလျှင်... သူ ဆက်၍ပင် မတွေးရဲတော့ပေ။

​ "နတ်မိမယ် ပြောတာ မှန်ပါတယ်။ ကျုပ် တပ်သားအင်အား အမြောက်အမြား သုံးပြီးတော့ အဲဒီနေရာကို စောင့်ကြပ်ခိုင်းလိုက်ပါ့မယ်။ ဒါပေမဲ့ အဲဒီသိုင်းပညာရှင်တွေက ဥပဒေမဲ့ပြီး ထိန်းရခက်တာမို့ တာအိုဂိုဏ်းကသာ ကူညီပေးမယ်ဆိုရင် ကျုပ် အလွန်ပဲ ကျေးဇူးတင်မိမှာပါ" ဟု မဟာလော့ဧကရာဇ်က တောင်းဆိုလိုက်သည်။

​ "အရှင်မင်းကြီး... အရှင်မင်းကြီး မပြောခင်ကတည်းက ကျွန်မ အစီအစဉ်တွေ လုပ်ထားပြီးသားပါ"

​ ထို့နောက် သူတို့နှစ်ဦး လမ်းခွဲကာ အခြေအနေကို ရင်ဆိုင်ရန် အသီးသီး ပြင်ဆင်ကြတော့သည်။

​ ထိုအချိန်တွင် ရတနာရှာဖွေပွဲကြီး ပြီးဆုံးခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ်ပင် မပြည့်သေးသဖြင့် ကောင်းကင်ခန် ဂူဗိမာန်အပေါ် စိတ်ဝင်စားမှုများက လုံးဝ ငြိမ်သက်မသွားသေးပေ။ ယခု သတင်းအသစ်ကြောင့် ရတနာရှာလိုသည့် စိတ်အားထက်သန်မှုများမှာ တစ်ကျော့ပြန် တောက်လောင်လာပြန်သည်။

​ "ပြီးခဲ့တဲ့တစ်ခေါက်က တူးခဲ့တာက အတုကြီးလား၊ အစစ်က မဟာလော့ထဲမှာ ရှိတာလား"

​ "ဒါက အမှန်ပဲလား။ အချိန်ကိုက်ကြီး ဖြစ်နေတာဆိုတော့ တစ်ယောက်ယောက်က သက်သက် သတင်းလွှင့်နေတာများလား"

​ "ငါကတော့ မဟာရှရဲ့ လက်ချက်လို့ သံသယရှိတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က မဟာလော့က သတင်းလွှင့်ခဲ့တာဆိုတော့ အခု မဟာရှက ပြန်ကလဲ့စားချေတာ ဖြစ်ရမယ်"

​ "ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်၊ ဒါပေမဲ့ အစစ်လား၊ အတုလားဆိုတာ ဘယ်သူ ဂရုစိုက်မှာလဲ။ ကိုယ်တိုင်သွားကြည့်တာ အကောင်းဆုံးပဲ မဟုတ်လား"

​ "မင်းပြောတာ ဟုတ်တယ်၊ တကယ်ကြီး တွေ့သွားနိုင်တာပဲလေ"

​ ထို့ကြောင့် စူးစမ်းလိုစိတ် ပြင်းပြနေသော သိုင်းပညာရှင် အချို့မှာ ရတနာရှာရန် မဟာလော့သို့ ရောက်ရှိလာကြသည်။ အရေအတွက်မှာ အလွန်အမင်း မများသေးသော်လည်း မဟာလော့အတွက် ပြဿနာများစွာ ပေးနေပြီ ဖြစ်သည်။

​ ဥပမာအားဖြင့် အချို့မှာ စားသောက်ပြီးနောက် ပိုက်ဆံမပေးဘဲ ပြန်သွားကြသည်။ အချို့ကမူ အနိုင်ကျင့်နေသည်ကို တွေ့လျှင် ချက်ချင်း ဓားဆွဲကာ ဝင်ရောက်ကူညီကြသည်။ အချို့က အကျင့်ပျက် ခြစားသော အမတ်များကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ကြသည်။ အချို့ကမူ ပျင်းရိနေသောကြောင့် မဟာလော့စစ်တပ်ကို စနောက်ကျီစယ်ကြသည်။

​ ထိုသို့သော ဖြစ်ရပ်များမှာ အမြောက်အမြားပင် ဖြစ်နေသည်။ သိုင်းပညာရှင် အများစုမှာ စည်းကမ်းရှိကြသော်လည်း ပြဿနာရှာသည့် အနည်းစုကြောင့် မဟာလော့မှာ များစွာ အခက်တွေ့နေရသည်။

​ မဟာလော့ဧကရာဇ်မှာလည်း အလွန်ပင် စိတ်ညစ်နေရသည်။ နှိမ်နင်းရန် စစ်တပ်စေလွှတ်ပြန်လျှင်လည်း စစ်သားများ မရောက်မီမှာပင် သိုင်းပညာရှင်များက လူစုခွဲသွားကြသည်။ စစ်တပ်မလွှတ်ပြန်လျှင်လည်း သိုင်းပညာရှင်များမှာ ပို၍ မောက်မာလာကာ ပြည်သူ့ ယုံကြည်မှုကို ဆုံးရှုံးရမည် ဖြစ်သည်။ မည်သို့မျှ မတတ်သာသော အခြေအနေကြောင့် သူသည် ထမင်းပင် ကောင်းကောင်း မစားနိုင်တော့ပေ။

​ ထိုအချိန်တွင် ရတနာရှာဖွေရေး အဖွဲ့တစ်ခုမှာ မဟာလော့နယ်မြေအတွင်းရှိ 'ယွီဟွမ်တောင်' သို့ ရောက်ရှိလာသည်။ ခေါင်းဆောင်ဖြစ်သူမှာ အနည်းငယ် အားနည်းပုံပေါက်ပြီး မျက်လုံးများမှာလည်း ကလိန်ကကျစ်ပုံစံ ရှိနေပြီး၊ ဂူဗိမာန်တူးခြင်းနှင့် ရတနာရှာဖွေခြင်းတွင် ကျွမ်းကျင်သူအဖြစ် ကျော်ကြားပြီး 'ကြွက်မင်း' ဟု အမည်ရထားသူ ဖြစ်သည်။ ဂိုဏ်းတစ်ခုက သူ့ကို ရတနာရှာရန် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

​ "အပြင်က ကောလာဟလတွေသာ အမှန်ဆိုရင် ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က ဒီနေရာမှာ ရှိဖို့ အလားအလာ အများဆုံးပဲ"

​ "ကြွက်မင်း... ဘာလို့ အဲဒီလို ပြောရတာလဲ"

​ "ဒါကို ကြည့်လိုက်"

​ ကြွက်မင်းက ဆေးတံကို တစ်ချက်ဖွာလိုက်ပြီး တောင်တန်းကြီးကို လက်ညှိုးထိုးကာ ဂုဏ်ယူစွာ ပြောလိုက်သည် - "ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်က တောင်တွေ၊ ရေတွေနဲ့ သာယာလှပနေပြီး နဂါးက ပတ်ခွေနေတဲ့ ဖုန်းရွှေ ပုံစံမျိုးပဲ"

​ "ဒါက ရှားပါးတဲ့ ဖုန်းရွှေကောင်းတဲ့ နေရာပဲ။ အထက်တန်းလွှာတွေက သူတို့ကိုယ်သူတို့ ဒီလိုနေရာမျိုးမှာ မြှုပ်နှံရတာကို သဘောကျကြတယ်။ အဲဒီလိုလုပ်မှ သူတို့က အေးအေးချမ်းချမ်း အနားယူနိုင်သလို သူတို့ရဲ့ သားစဉ်မြေးဆက်တွေကိုလည်း ကောင်းချီးပေးနိုင်တာ။ ကောင်းကင်ခန်သာ သူ့အတွက် ဂူဗိမာန်ပြင်ဆင်မယ်ဆိုရင် သေချာပေါက် ဒီလိုနေရာကောင်းကိုပဲ ရွေးမှာပေါ့"

​ "ကြွက်မင်း ပြောတာ တကယ် အဓိပ္ပာယ်ရှိတာပဲ" ဟု အားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။

​ "ဒါကြောင့် ဒီတစ်ဝိုက်မှာပဲ ဆက်ရှာကြရအောင်" ကြွက်မင်းသည် ဖုန်းရွှေကြည့်ရန် အိမ်မြှောင်ကို ထုတ်ယူလိုက်ပြီး ခဏအကြာတွင် လမ်းညွှန်လိုက်သည် - "ဒီဘက်ကို သွားကြစို့"

​ နှစ်နာရီခန့်အကြာတွင် သူတို့သည် လျှိုမြောင်တစ်ခုသို့ ရောက်ရှိလာကြသည်။

​ "ဒါက မြှုပ်နှံဖို့ အကောင်းဆုံးနေရာပဲ။ ငါသာ ကောင်းကင်ခန်ဆိုရင် ဒီနေရာမှာပဲ မြှုပ်နှံမှာ။ ဒီတစ်ဝိုက်မှာ ဂူဗိမာန် ဒါမှမဟုတ် လူလုပ်ထားတဲ့ တူးဖော်မှု အရိပ်အယောင်တွေ ရှိမရှိ ရှာကြည့်ကြစမ်း"

​ "ကောင်းပါပြီ ကြွက်မင်း" သူတို့ ရှာဖွေကြတော့သည်။

​ မကြာမီမှာပင် ကျောက်ပုံတစ်ခုအတွင်း၌ လူတို့ ပြုပြင်ထားသည့် အရိပ်အယောင်များကို တွေ့ရှိလိုက်ရသည်။ အားလုံး ဝိုင်းဝန်းတူးဖော်ကြပြီးနောက် မကြာမီမှာပင် ဟိန်းခနဲ အသံကြီးနှင့်အတူ ကြီးမားသော ဂူပေါက်ကြီးတစ်ခု သူတို့ရှေ့တွင် ပွင့်ထွက်သွားတော့သည်။

​ ရင်းနှီးနေသော ထိုဂူပေါက်ကို ကြည့်ရင်း ကြွက်မင်းမှာ စကားပင် ထစ်သွားတော့သည် - "ဒါ... ဒါ... ဒါက ဝမ်ရှိုးတောင်က ဂူဗိမာန်နဲ့ အတူတူပဲ။ ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က တကယ်ပဲ ဒီမှာ ရှိနေတာလား"

​ ကျန်ရှိနေသော သူများကလည်း အသက်ပင် မရှူရဲတော့ဘဲ - "ကောင်းကင်ခန်ရဲ့ အစစ်အမှန် ဂူဗိမာန်ကြီး ပေါ်လာပြီ…!!!"

​ သူတို့သည် ထိုတွေ့ရှိမှုကို လျှို့ဝှက်ထားပြီး ရတနာများကို တိတ်တဆိတ် တူးဖော်ကာ ချမ်းသာကြွယ်ဝရန် ကြံရွယ်ခဲ့ကြသည်။ သို့သော်လည်း သူတို့ကဲ့သို့ပင် အခြားသော ရတနာရှာဖွေသူများလည်း ရောက်ရှိလာကြသည်။ လူဦးရေ များလာသည်နှင့်အမျှ လျှို့ဝှက်ချက်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။

​ နောက်ဆုံးတွင် ဂူဗိမာန်အကြောင်းမှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားတော့သည်။

​ "ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က တကယ်ပဲ မဟာလော့ထဲမှာ ရှိနေတာ။ ယွီဟွမ်တောင်မှာတဲ့"

​ "ဒီတစ်ခါတော့ တကယ်အစစ် ဖြစ်နိုင်တယ်"

​ "ကောင်းကင်ခန်ရဲ့ အစစ်အမှန် ဂူဗိမာန်ကြီး ပေါ်လာပြီဟေ့"

​ လောကအသီးသီးမှ သိုင်းပညာရှင်များမှာ တစ်ကျော့ပြန် စိတ်လှုပ်ရှားလာကြပြီး ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ မဟာလော့သို့ တိုးဝင်လာကြသည်။ တစ်ရက်မပြည့်မီမှာပင် ရတနာရှာဖွေသူ အရေအတွက်မှာ တစ်သိန်းကျော်သွားခဲ့သည်။

​ မဟာလော့ နန်းတော်အတွင်း၌...

​ ထိုအချိန်တွင် မဟာလော့ဧကရာဇ်မှာ အလွန်ပင် ထိတ်လန့်နေသည် - "ဘာ... တွေ့သွားပြီဟုတ်လား။ ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က ယွီဟွမ်တောင်မှာလား"

​ ဝန်ကြီးချုပ်မှာ ချွေးပြန်နေသော မျက်နှာဖြင့် ပြောလိုက်သည် - "မှန်ပါတယ် အရှင်မင်းကြီး၊ တစ်ယောက်ယောက်က တွေ့ခဲ့တာပါ။ အဲဒီဂူက မဟာရှက ဝမ်ရှိုးတောင်မှာ ရှိတဲ့ဂူနဲ့ တစ်ပုံစံတည်းပဲလို့ ဆိုပါတယ်။ ပြီးတော့ ဂူထဲမှာ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က လူအရိုးစုတွေနဲ့ ကောင်းကင်ခန်ခေတ်က ရှေးဟောင်းပစ္စည်းတွေကိုလည်း တွေ့ရှိရတာမို့ ဒါက ကောင်းကင်ခန်ရဲ့ ဂူဗိမာန်ဖြစ်ဖို့ အလားအလာ အများကြီး ရှိပါတယ်"

​ "အရှင်မင်းကြီး... အခု မဟာလော့ထဲကို လူပေါင်း တစ်သိန်းကျော် တိုးဝင်လာပါပြီ။ နောင်ဆိုရင် ရှစ်သိန်း ဒါမှမဟုတ် သန်းချီပြီး ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်မျိုးတို့ ဘယ်လိုလုပ်ကြမလဲ"

​ "ဘယ်လိုလုပ်ရမှာလဲ... ဒါက ငါတို့အတွက် သတင်းကောင်းပဲ မဟုတ်လား" ဟု မဟာလော့ဧကရာဇ်က အားရပါးရ ရယ်မောလိုက်သည်။

​ "သတင်းကောင်း ဟုတ်လား" ဝန်ကြီးချုပ်မှာ မှင်တက်သွားတော့သည်။

​ အရင်က သောင်းဂဏန်းလောက်သော သိုင်းပညာရှင်များကပင် မဟာလော့ကို ပရမ်းပတာ ဖြစ်စေခဲ့သည်။ ယခု သန်းနှင့်ချီလာမည်ဆိုလျှင်... တိုင်းပြည်အတွက် မစိုးရိမ်ရတော့ဘူးလား။

​ "ဝန်ကြီး... အမြင်ကို ကျယ်ကျယ် ထားစမ်းပါ"

​ မဟာလော့ဧကရာဇ်က ရယ်မောရင်း ပြောလိုက်သည် - "သန်းနဲ့ချီတဲ့ သိုင်းပညာရှင်တွေ ရောက်လာတာက ငါတို့အတွက် ပြဿနာတွေ ရှိနိုင်ပေမဲ့ သေချာကိုင်တွယ်တတ်ရင် အကျိုးအမြတ်တွေ အမြောက်အမြား ရနိုင်တယ်"

​ "မဟာရှကို ကြည့်လိုက်စမ်း။ ဝမ်ရှိုးတောင်က ဂူဗိမာန်ကို အသုံးချပြီး နှစ်လအတွင်းမှာ သန်းပေါင်း နှစ်ရာကျော် ရခဲ့တာလေ။ အဲဒါက အတုတောင်မှ အဲဒီလောက်ရတာ။ အခု ငါတို့ဆီကဟာက အစစ်ဖြစ်နိုင်တာမို့ အဲဒီထက်မက ပိုရမှာပေါ့"

​ မဟာလော့ဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်သည် - "အဲဒီငွေတွေနဲ့ဆိုရင် မဟာလော့က အမြင့်ဆုံးကို ရောက်ဖို့က သေချာနေပြီ။ ဟားဟား…."

အပိုင်း (၃၈၅)

​"ဒါပေမဲ့ ဒီလောက်များတဲ့ သိုင်းပညာရှင်တွေကို ကျွန်တော်မျိုးတို့ တကယ်ရော ထိန်းနိုင်ပါ့မလား" ဟု ဝန်ကြီးချုပ်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

​ ရတနာလာရှာဝံ့သူဟူသည်မှာ အတတ်ပညာ တစ်ခုခုတော့ ရှိကြသူများသာ ဖြစ်သည်။ အားနည်းသည်ဆိုသည့် သူများပင် တတိယတန်းစားအဆင့် သိုင်းသမားများဖြစ်ကြပြီး ဒုတိယတန်းစားနှင့် ပထမတန်းစား သိုင်းပညာရှင်များလည်း အမြောက်အမြား ပါလာမည်မှာ သေချာသည်။ ထို့ထက် ပိုအစွမ်းထက်သည့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များလည်း ရှားမည်မဟုတ်ပေ။ ဤသူများမှာ စည်းကမ်းမဲ့သူများ ဖြစ်ကြရာ အကယ်၍ ပြဿနာရှာလာကြလျှင်...

​ "ငါတို့အင်အားနဲ့တင် မထိန်းနိုင်တာ မှန်ပေမဲ့ တာအိုဂိုဏ်းနဲ့ ပူးပေါင်းပြီး ထိန်းလို့ရတာပဲ။ ဒီလောက်ကြီးမားတဲ့ အကျိုးအမြတ်တွေ ရှေ့မှာတော့ တာအိုဂိုဏ်းကလည်း ငြိမ်နေမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်" ဟု မဟာလော့ဧကရာဇ်မှာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

​ တာအိုဂိုဏ်းသားများမှာ တရားဓမ္မ ရှာဖွေသူများ ဖြစ်ကြသော်လည်း သူတို့သည်လည်း သိုင်းပညာကို လေ့ကျင့်ကြသူများပင် ဖြစ်သည်။ သိုင်းပညာ လေ့ကျင့်ရာတွင် အရင်းအမြစ်များစွာ လိုအပ်ပြီး ငွေကြေးသည်လည်း အကြီးမားဆုံး အရင်းအမြစ်ပင် ဖြစ်သည်။ ထို့ကြောင့် အလိုလို ရောက်လာသည့် ဤအခွင့်ရေးကြီးကို သူတို့ လက်လွှတ်မည် မဟုတ်ပေ။

​ "ဒါဆို... ကောင်းကင်ခန်ရဲ့ ရတနာတွေကျတော့ကော..."

​ မဟာလော့ဧကရာဇ်က ခေါင်းခါပြလိုက်ရင်း - "ဒါကိုတော့ မေ့လိုက်စမ်းပါ။ အဲဒါက ငါတို့ မက်မောလို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ ငါတို့က အပြင်ကနေ ပိုက်ဆံရအောင် ရှာနိုင်ရင်ကို လုံလောက်ပြီ။ ဝန်ကြီးချုပ်... ဒါက အရေးကြီးတဲ့ ကိစ္စမို့ မောင်မင်းပဲ တာဝန်ယူ ကိုင်တွယ်လိုက်တော့"

​ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

​ မဟာလော့ ဝန်ကြီးချုပ်သည် နန်းတော်မှ ပြန်ထွက်လာပြီးနောက် ချက်ချင်းပင် စစ်တပ်ကို စုစည်းကာ ယွီဟွမ်တောင်ကို ဝိုင်းရံစေပြီး အတွင်းရှိ လူအားလုံးကို နှင်ထုတ်လိုက်သည်။ ထို့နောက် ယွီဟွမ်တောင်အတွင်းသို့ ရတနာရှာရန် ဝင်ရောက်လိုသူတိုင်း တစ်ဦးလျှင် ငွေတေး ၂၀၀ စီ ပေးဆောင်ရမည်ဟု အမိန့်ထုတ်ပြန်လိုက်လေသည်။

​ အရပ်ရပ်မှ ရတနာရှာဖွေသူများမှာ ဒေါသထွက်သွားကြတော့သည်။

​ "မဟာရှက ငါတို့ကို နှိပ်စက်တာ တစ်မျိုး၊ အခု မဟာလော့ကပါ ငါတို့ကို မလွှတ်ပေးတော့ဘူးလား"

​ "မင်းတို့က အရမ်းလောဘကြီးတာပဲ။ မဟာရှတောင် ငွေတေး ၁၀၀ ပဲ ယူတာကို မင်းတို့က ၂၀၀ တောင် ယူရသလား။ ငါတို့ကို ငွေထုတ်စက်လို့များ ထင်နေကြတာလား"

​ "ယောက်ျားကောင်းဆိုတာ အသတ်ခံရင်သာ ခံလိုက်မယ်၊ အစော်ကားတော့ မခံနိုင်ဘူး။ ဒီတစ်ခါတော့ လုံးဝ ပေးမှာမဟုတ်ဘူး"

​ "ငါတို့ကို သူတို့ လုပ်ချင်တိုင်း လုပ်နေတာကို ခံမနေကြနဲ့။ အားလုံး ငါ့နောက်က လိုက်ခဲ့ကြ၊ အတင်းဝင်တိုက်မယ်"

​ "သိက္ခာမဲ့စွာနဲ့ နှစ်ပေါင်းများစွာ အသက်ရှည်နေရတာထက် မြင့်မြတ်စွာ သေဆုံးလိုက်တာက ပိုကောင်းတယ်ဟေ့"

​ ထိုသို့ ဆူပူနေကြစဉ်မှာပင် တာအိုဂိုဏ်းမှ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးသည် မျက်နှာသေဖြင့် ထွက်လာကာ ပြင်းထန်သော သိုင်းဖိအားများကို ထုတ်ဖော်ရင်း လမ်းကို ပိတ်ဆို့လိုက်သည်။ ထိုအခါမှသာ အားလုံးမှာ ငြိမ်ကျသွားပြီး ငွေပေးရန်အတွက် စနစ်တကျ တန်းစီလိုက်ကြတော့သည်။

​ ဆက်လက်၍ မဟာလော့က စားသောက်ဖွယ်ရာများကို ရောင်းချရာ တစ်နပ်လျှင် ငွေတေး ၁၀ ကျပ်နှုန်း သတ်မှတ်လိုက်ပြန်သည်။

​ ရတနာရှာဖွေသူများမှာ တစ်ကျော့ပြန် ဒေါသထွက်လာကြပြန်သည်။

​ "ထမင်းတစ်နပ်ကို ၁၀ တေး ဟုတ်လား။ ဒါ ဓားပြတိုက်နေတာပဲ မဟုတ်လား"

​ "မဟာရှမှာတောင် ငါးတေးပဲ ပေးရတာကို"

​ "ပြီးတော့ မင်းတို့ ကျွေးတဲ့ထမင်းကိုလည်း ကြည့်ဦး။ ထမင်းဖြူရယ်၊ ဟင်း အနည်းအကျဉ်းရယ်၊ ပြီးတော့ တောဟင်းသီးဟင်းရွက်တွေပဲ ပါတာကို ၁၀ တေးတောင် တောင်းဝံ့တယ်ပေါ့လေ"

​ "ငါ စိတ်ထား ယုတ်ညံ့တဲ့လူတွေ အများကြီး မြင်ဖူးပေမဲ့ မင်းတို့လောက်တော့ မဆိုးဘူး"

​ မဟာလော့ ဝန်ကြီးချုပ်က ပြုံးလျက် - "ခင်ဗျားတို့ မစားချင်ရင် မစားဘဲ နေနိုင်တယ်။ ဒါပေမဲ့ ငါတို့ကိုတော့ လာမစွပ်စွဲပါနဲ့။ တစ်ခု သတိပေးဖို့ မေ့သွားလို့၊ ဒီနယ်မြေအတွင်းမှာရှိတဲ့ ရိက္ခာအားလုံးကို ငါတို့ ထိန်းချုပ်ထားတယ်။ မဟာလော့ထဲမှာ ထမင်းစားချင်ရင် ငါတို့ဆီကပဲ ဝယ်ရမယ်"

​ ထိုအချိန်တွင် တာအိုဂိုဏ်းမှ သိုင်းပညာရှင်ကြီးက သိုင်းဖိအားကို ထပ်မံ ထုတ်ဖော်လိုက်ပြန်ရာ ရတနာရှာဖွေသူများမှာ ထပ်မံ ငြိမ်ကုပ်သွားကြပြန်သည်။

​ ထို့နောက် မဟာလော့သည် ရတနာရှာဖွေရာတွင် အသုံးပြုသည့် မုန့်ခြောက်များ၊ ရေဘူးများ၊ မီးရှူးတိုင်များ၊ ကြိုးများ၊ တူးရွင်းများ စသည့် ပစ္စည်းများကို ထပ်မံရောင်းချပြန်သည်။ သို့သော် ထိုပစ္စည်းအားလုံးမှာ မဟာရှရှိ ဈေးထက် နှစ်ဆကျော် ပို၍ ဈေးကြီးနေသည်။ ၎င်းမှာ ရတနာရှာဖွေသူများကို အကုန်အစင် ချွတ်ယူပစ်ရန် ကြံရွယ်ထားသည့်နှယ် ဖြစ်နေတော့သည်။

​ "တောက်... သူတို့က တကယ်ကို ယုတ်ညံ့တာပဲ" ဟု ရတနာရှာဖွေသူများက မကျေမနပ် ရေရွတ်နေကြသည်။

​ မဟာရှက ဈေးကြီးသည်ဆိုသော်လည်း မဟာလော့က ပို၍ ဆိုးနေသည်။ လောကတွင် ကျီးကန်းတိုင်း မည်းသည်ဆိုသော်လည်း ဤကျီးကန်းကတော့ ပို၍ မည်းနေပေသည်။

​ သို့သော် မကျေနပ်လျှင်လည်း ဘာတတ်နိုင်မည်နည်း။ ဤနေရာတွင် ရတနာရှာလိုပါက ဤအမြတ်ထုတ်မှုများကို ခါးစည်းခံရုံသာ ရှိတော့သည်။ သို့သော် သူတို့၏ ရင်ထဲတွင်မူ မဟာလော့အပေါ် အငြိုးအတေးများ ထားရှိသွားကြပြီ ဖြစ်သည်။

​ ထိုအချိန်တွင် မဟာလော့ နန်းတော်အတွင်း၌မူ မဟာလော့ဧကရာဇ်သည် အသစ်ရရှိထားသော ငွေတေး ၃ သန်းကို ကြည့်ကာ ပျော်ရွှင်စွာ ရယ်မောနေလေသည်။

​ နှစ်ရက်အတွင်းမှာပင် ရတနာရှာဖွေသူ ၂ သိန်း မပြည့်တပြည့်သာ ရောက်ရှိလာသေးသဖြင့် ရှာနိုင်သည့် အခွင့်အလမ်းများက အများကြီး ကျန်ရှိနေသေးသည်။ အကယ်၍ သူတို့ကို တစ်လ၊ နှစ်လခန့် ညှစ်ထုတ်နိုင်လျှင် ငွေသန်းပေါင်း ၃၀၀အထိ ရရန်မှာ ပြဿနာ မဟုတ်တော့ပေ။

​ တစ်ဝက်ကို တာအိုဂိုဏ်းသို့ ခွဲပေးရမည် ဖြစ်သော်လည်း ဤပမာဏမှာ အလွန်ကြီးမားသည့် အကျိုးအမြတ် ဖြစ်နေဆဲပင် ဖြစ်သည်။

​ "မဟာရှ... မင်းတို့ကို တကယ်ပဲ ကျေးဇူးတင်ရမယ်။ ဒီလို ပိုက်ဆံရပေါက်ကြီးကို ငါ့ကို ပေးတဲ့အတွက်... ဟားဟား" ဟု သူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။

​ မဟာရှနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသမျှတွင် ယနေ့သည် သူ အပျော်ဆုံးနှင့် ခေါင်းအမော့နိုင်ဆုံး နေ့ပင် ဖြစ်သည်။ ထိုသို့တွေးရင်း သူသည် လင်းပိုင်ဖန်ကို စိတ်အနှောင့်အယှက် ဖြစ်စေရန်အတွက် ကျေးဇူးတင်လွှာတစ်စောင် ရေးသားပြီး မဟာရှသို့ ပို့ခိုင်းလိုက်လေသည်။

​ စာကို ဖတ်ပြီးနောက် လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်သည်။

​ "ခဏလောက်တော့ ပျော်နေပါဦး၊ နောက်မှ ငိုရလိမ့်မယ်"

​ ထိုအချိန်တွင် ဆရာဟူ၊ဝူရှဲ့နှင့် အခြားသူများ ဝင်လာကြသည်။

​ "အရှင်မင်းကြီး... ကောင်းကင်ခန်ရဲ့ အစစ်အမှန် ဂူဗိမာန်က မဟာလော့ရဲ့ ယွီဟွမ်တောင်မှာ ပေါ်လာပြီလို့ ကြားပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ အဲဒီကိုသွားပြီး အရှင်မင်းကြီးအတွက် ရတနာတွေ ရှာဖွေပေးချင်ပါတယ်"

​ လင်းပိုင်ဖန်က ဂရုတစိုက်ဖြင့် "မောင်မင်းတို့ ကျန်းမာရေးကကော ဘယ်လိုလဲ" ဟု မေးလိုက်သည်။

​ "အရှင်မင်းကြီး ပေးသနားတဲ့ နတ်ဆေးကို သောက်ပြီး နှစ်ပတ်ကျော် အနားယူလိုက်တာကြောင့် အခုဆိုရင် အားလုံး ပုံမှန် ပြန်ဖြစ်နေပါပြီ။ ရတနာသွားရှာဖို့ ပြဿနာမရှိပါဘူး" ဟု ဆရာဟူက ဆိုလိုက်သည်။

​ လင်းပိုင်ဖန်က ပြတ်သားစွာပင် - "မောင်မင်းတို့ကို သွားခွင့် မပြုနိုင်ဘူး"

​ "ခင်ဗျာ... ဘာဖြစ်လို့ပါလဲ အရှင်မင်းကြီး"

​ လင်းပိုင်ဖန်က - "ဘာလို့လဲဆိုတော့ အဲဒီနေရာက အရမ်း အန္တရာယ်များလွန်းလို့ပဲ။ ပြီးခဲ့တဲ့တစ်ခေါက် ဂူအတု ဖြစ်စဥ်တုန်းကတောင် မောင်မင်းတို့ ပြန်မလာနိုင်တော့မလို ဖြစ်ခဲ့တာ။ အခု အစစ်သာဆိုရင် မောင်မင်းတို့ ပြန်မလာနိုင်တော့ရင် ငါကိုယ်တော် ဘယ်လိုလုပ်မလဲ။ မောင်မင်းတို့ အသက်ကို ငါကိုယ်တော်က အလကား သက်သက် ကယ်ခဲ့တာ ဖြစ်သွားမှာပေါ့"

​ "ဒါပေမဲ့ ရတနာတွေက..." ဝူရှဲ့က စကားစလိုက်သော်လည်း...

​ လင်းပိုင်ဖန်က လေးလေးနက်နက် ပြောလိုက်သည် - "ရတနာတွေက အရေးကြီးတာ မှန်ပေမဲ့ မောင်မင်းတို့ရဲ့ အသက်က ပိုအရေးကြီးတယ်။ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေ ဖြစ်လာတဲ့အထိ စောင့်ကြဦး၊ အဲဒီကျမှ ရတနာရှာဖို့ကို ပြောကြတာပေါ့။ အခုတော့ ဒီမှာပဲနေပြီး သိုင်းကိုပဲ လေ့ကျင့်ကြ၊ ဘယ်မှ သွားခွင့်မရှိဘူး"

​ "အရှင်မင်းကြီး..." ဆရာဟူနှင့် အခြားသူများမှာ အလွန်ပင် စိတ်လှုပ်ရှား တုန်လှုပ်သွားကြသည်။

​ အခြားသူများက ရတနာကိုသာ ဂရုစိုက်ကြသော်လည်း ဤဧကရာဇ်ကမူ သူတို့၏ ဘေးကင်းရေးကိုသာ ဂရုစိုက်နေသည်။ ဤသူသည်သာ သူတို့ သစ္စာခံသင့်သော မင်းကောင်းမင်းမြတ်ပင် ဖြစ်သည်။

​ "ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ အသက်ထက်ဆုံး အရှင်မင်းကြီးအတွက် အမှုထမ်းပါ့မယ်" ဟု သူတို့က မျက်ရည်များဖြင့် ကျေးဇူးတင် စကားဆိုလိုက်ကြသည်။

​ သူတို့ ငါးဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်သည်။

​ "ဒါမှ ဟုတ်တာပေါ့။ မင်းတို့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေ ဖြစ်လာမှ နန်းတော်အတွက် တကယ် အမှုထမ်းနိုင်မှာ။ အဲဒီ ဂူဗိမာန်အတုထဲ သွားပြီး လူအုပ်ကြားထဲ အချိန်ဖြုန်းနေစရာ ဘာအကြောင်းမှ မရှိဘူး"

​ ထိုအချိန်တွင် မဟာလော့ဧကရာဇ်သည် ချမ်းသာကြွယ်ဝရန် အိပ်မက်မက်နေစဉ်မှာပင် သတင်းဆိုးတစ်ခုက ရောက်ရှိလာခဲ့သည်။

​ မဟာလော့ နယ်မြေအတွင်းရှိ 'ပိုင်ကျင်းတောင်' တွင်လည်း အောက်ခြေမမြင်ရသည့် ဂူပေါက်ကြီးတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ထိုဂူ၏ အနေအထားမှာ ဝမ်ရှိုးတောင်နှင့် ယွီဟွမ်တောင်ရှိ ဂူများနှင့် တစ်ပုံစံတည်း ဖြစ်နေလေသည်။

​ မဟာလော့ဧကရာဇ်မှာ အလွန်ပင် ထိတ်လန့်ကာ အံ့အားသင့်သွားခဲ့ပြီး - "ဘာ... ကောင်းကင်ခန်ရဲ့ ဂူဗိမာန်က ဘယ်လိုလုပ် နှစ်ခု ဖြစ်နေရတာလဲ။ ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုလဲ"

All Chapters