← Chapters

အခန်း (၃၉၂-၃၉၃)

Vol. 36 Ch. 392-393

အခန်း (၃၉၂-၃၉၃)

Vol. 36 Ch. 392-393

အပိုင်း (၃၉၂)

​လင်းပိုင်ဖန်သည် ယောင်ယောင်ကို မည်သို့သိမ်းသွင်းရမလဲဟု စဉ်းစားနေစဉ်မှာပင် ချိုင်ယွီရှင်း ရောက်ရှိလာခဲ့သည်။

​ "အရှင်မင်းကြီး... ကျွန်မ ခွင့်တောင်းချင်လို့ပါ။ တစ်လခွဲလောက် ခွင့်ရက်ပေးပါဦး" ချိုင်ယွီရှင်းက ဦးညွှတ်ရင်း ဆိုလိုက်သည်။

​ "ဘာကိစ္စရှိလို့လဲ" လင်းပိုင်ဖန်မှာ စိုးရိမ်တကြီး မေးလိုက်သည်။

​ "အခုချက်ချင်း ပြန်မသွားရင် ကျွန်မရဲ့ ဆရာသခင်ကို နောက်နောင် တွေ့ရတော့မှာ မဟုတ်တော့ဘူး" ချိုင်ယွီရှင်း၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်နေလေသည်။

​ လင်းပိုင်ဖန်၏ မျက်နှာမှာလည်း တည်ကြည်သွားကာ - "စိတ်မကောင်းပါဘူး... အရမ်းလည်း ဝမ်းနည်းမနေပါနဲ့ဦး။ မင်းရဲ့ဆရာက ကောင်းကင်ဘုံကနေ မင်းကို အခုလို စိတ်ဆင်းရဲနေတာမျိုး မြင်ချင်မှာ မဟုတ်ဘူး"

​ "ဘာတွေ လျှောက်ပြောနေတာလဲ... ကျွန်မဆရာက မသေသေးဘူး" ချိုင်ယွီရှင်းက စိတ်တိုတိုဖြင့် ပြန်အော်လိုက်သည်။

​ လင်းပိုင်ဖန်မှာ အံ့အားသင့်သွားပြီး - "ဒါပေမဲ့ မင်းပဲ ခုနက ပြောတော့..."

​ "ကျွန်မဆရာက အသက် ၉၀ ပြည့်တော့မှာမို့ မွေးနေ့ပွဲကို သွားကျင်းပပေးမလို့ပါ"

​ "မွေးနေ့ပွဲ သွားတာကိုပဲ... သေရေးရှင်ရေးကိစ္စ ဖြစ်နေသလိုမျိုး ပြောနေလိုက်တာ" လင်းပိုင်ဖန်က ငေါ့တော့တော့ဖြင့် ဆိုလိုက်သည်။

​ "အဲဒီမွေးနေ့ပွဲ ပြီးတာနဲ့ ဆရာက ကောင်းကင်အဆင့်ကို ရောက်ဖို့အတွက် တံခါးပိတ် ကျင့်ကြံတော့မှာ။ မအောင်မြင်မချင်း ပြန်ထွက်လာမှာ မဟုတ်ဘူး။ အဲဒီအဆင့်ကို တက်လှမ်းဖို့က အရမ်းခက်ခဲတယ်လို့ ပြောကြတယ်လေ။ ဒါကြောင့် နောင်တစ်ချိန်မှာ ဆရာ့ကို ထပ်တွေ့ရပါဦးမလားဆိုတာ မသေချာလို့ပါ" ချိုင်ယွီရှင်း၏ မျက်နှာမှာ မှိုင်းညှို့သွားပြန်သည်။

​ "သ​ဘောပေါက်ပြီ" လင်းပိုင်ဖန်က နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

​ သူသည် ချိုင်ယွီရှင်း၏ ဆရာအကြောင်းကို အနည်းငယ် သိထားသည်။ ထိုသူ၏ အမည်မှာ 'ဇူဝူဒီ' ဖြစ်ပြီး လှံသိုင်းပညာတွင် နတ်ဘုရားအလား ကျွမ်းကျင်သောကြောင့် 'လှံနတ်ဘုရား' ဟုပင် ကျော်ကြားသူဖြစ်သည်။ ချိုင်ယွီရှင်းသည်လည်း ထိုသူ့ထံ၌ပင် လှံသိုင်းပညာကို သင်ယူခဲ့ခြင်း ဖြစ်သည်။

​ သူ၏ ကျင့်ကြံမှုမှာ ကောင်းကင်တစ်ဝက်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ထိုနေရာမှာပင် ရပ်တန့်နေခဲ့သည်။ ဤလောကရှိ ကောင်းကင်အဆင့် သိုင်းပညာရှင် အများစုမှာ ဓားသိုင်း၊ ဓားမော့သိုင်း သို့မဟုတ် လက်ဝါးသိုင်းများဖြင့်သာ အောင်မြင်ခဲ့ကြသူများဖြစ်ပြီး လှံသိုင်းဖြင့် အောင်မြင်သူမှာ အလွန်ပင် ရှားပါးလှသည်။

​ ထို့ကြောင့် ဇူဝူဒီအနေဖြင့် မိမိဘာသာ လမ်းစရှာဖွေကာ အဆင့်တက်လှမ်းရန်မှာ အလွန်ပင် ခက်ခဲနေခြင်း ဖြစ်သည်။ ထို့ပြင် ငယ်စဉ်က တိုက်ပွဲတစ်ခုတွင် ရရှိခဲ့သော ဒဏ်ရာမှာလည်း အသက်ကြီးလာသည်နှင့်အမျှ သူ့ကို ဒုက္ခပေးလာခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏ ထူးခြားသော လှံသိုင်းပညာကို လက်ဆင့်ကမ်းရန် တပည့်များစွာကို လက်ခံသင်ကြားပေးခဲ့လေသည်။

​ "မွေးနေ့ပွဲ သွားမှာဆိုတော့လည်း ခွင့်ပြုပါတယ်။ လက်ဆောင်ကော ပြင်ပြီးပြီလား။ ဥပမာ - ဒဏ်ရာတွေ ကုသဖို့ ဆေးစွမ်းကောင်းတွေလိုမျိုးပေါ့။ မင်းမှာ မရှိရင် ပြင်ပေးမယ်လေ" ဟု လင်းပိုင်ဖန်က ဆိုလိုက်သည်။

​ "မလိုပါဘူး အရှင်မင်းကြီး။ ကျွန်မ ဝမ်ချင်းကို ဆေးလုံးတစ်လုံး ဖော်စပ်ခိုင်းထားပြီးပါပြီ။ ဒီဆေးလုံးနဲ့ဆိုရင် ဆရာ့ရဲ့ ဒဏ်ရာတွေ သက်သာသွားပြီး ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ပိုများလာမှာပါ" ချိုင်ယွီရှင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။

​ "ကောင်းပြီလေ..."

​ လင်းပိုင်ဖန်က ခဏမျှ စဉ်းစားပြီးမှ - "သူက မင်းရဲ့ လူကြီးသူမဆိုတော့ ငါကိုယ်တော်ကလည်း ဂါရဝပြုတဲ့အနေနဲ့ လက်ဆောင်တစ်ခု ပေးလိုက်ဦးမယ်"

​ "အရှင်မင်းကြီးက ဘာလက်ဆောင် ပေးမလို့လဲ" ချိုင်ယွီရှင်းက စပ်စုလိုက်သည်။

​ "စာလုံးတစ်လုံးပဲ ပေးလိုက်မယ်"

​ လင်းပိုင်ဖန်သည် စက္ကူကို ဖြန့်ခိုင်းလိုက်ပြီး လက်ရေးဖြင့် "အသက်ရှည်ခြင်း" ဟူသော စာလုံးကို ရေးလိုက်သည်။

​ "ဒါက ငါ့ရဲ့ လက်ဆောင်ပဲ၊ သေချာ ဂရုစိုက်ပြီး သယ်သွားဦး"

​ "စာလုံးတစ်လုံးတည်း ပေးတာလား။ နည်းနည်းတော့ မနှမြောလွန်းဘူးလား။ ကျွန်မတော့ ဒါကို လက်ဆောင်အဖြစ် ပေးဖို့ ရှက်တောင်ရှက်မိတယ်" ချိုင်ယွီရှင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

​ လင်းပိုင်ဖန်က ခေါင်းခါလျက် ပြုံးလိုက်ပြီး - "ငါကိုယ်တော်ရဲ့ ဒီစာလုံးတစ်လုံးက ရွှေတေး သန်းပေါင်းများစွာ တန်ဖိုးရှိတယ်ဆိုတာ မင်းမသိဘူးလား"

​ "မဖြစ်နိုင်တာ။ ဘယ်လိုလုပ် စာလုံးတစ်လုံးတည်းက အဲလောက် တန်ဖိုးရှိမှာလဲ"

​ "အလောင်းအစား လုပ်မလား" လင်းပိုင်ဖန်က အပြုံးဖြင့် မေးလိုက်သည်။

​ "ဘာကြေးလဲ"

​ "အကယ်၍ မင်းရဲ့ဆရာက ဒီစာလုံးကို ရတနာတစ်ခုလို တန်ဖိုးထားမယ်ဆိုရင် ငါနိုင်တယ်၊ အဲဒီအခါကျရင် မင်းက ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကို လိုက်လျောရမယ်။ မဟုတ်ရင်တော့ မင်းရဲ့ တောင်းဆိုချက်ကို ငါလိုက်လျောမယ်... ဘယ်လိုလဲ"

​ "ကောင်းပြီလေ... ဒါပေမဲ့ ကျွန်မ မတတ်နိုင်တာမျိုးတော့ မတောင်းဆိုရဘူးနော်"

​ "ဒါပေါ့..."

​ ထိုသို့ အပေးအယူ လုပ်ပြီးနောက် ချိုင်ယွီရှင်းသည် ထိုစာလုံးကို ယူဆောင်ကာ ထွက်ခွာသွားတော့သည်။

​ ငါးရက်ခန့် ကြာပြီးနောက်တွင် ချိုင်ယွီရှင်းသည် တိမ်မြူများ ဝန်းရံနေသည့် တောင်မြင့်ကြီးတစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာကား လှံနတ်ဘုရား၏ တိတ်ဆိတ်အေးချမ်းသော နေအိမ်ပင် ဖြစ်သည်။ ယခုအခါ မွေးနေ့ပွဲအတွက် အလှဆင်ထားပြီး အနီရောင် ဝတ်စုံဝတ်ထားသည့် ကလေးငယ်နှစ်ဦးက အဝင်ဝမှာ ဧည့်သည်များကို ကြိုဆိုနေကြသည်။

​ "စီနီယာ အစ်မကြီး... ပြန်လာပြီပဲ၊ ကျွန်တော်တို့ အစ်မကြီးကို အရမ်းလွမ်းနေတာ"

​ ချိုင်ယွီရှင်းကလည်း ပြုံးလျက် - "ဆရာတူမောင်လေး လုနဲ့ ဆရာတူမောင်လေး ကျောက်... နှစ်နှစ်အတွင်းမှာ တော်တော်ကြီးလာကြတာပဲ"

​ "အစ်မကြီးက ပိုပြောင်းလဲသွားတာပါ။ ပိုလှလာရုံတင်မကဘူး၊ အခုဆိုရင် ဗိုလ်ချုပ် ဖြစ်နေပြီလို့ ကြားတယ်၊ စစ်သည်တစ်သန်းကိုတောင် အုပ်ချုပ်နေရတာဆိုတော့ ကျွန်တော်တို့တောင် ဂုဏ်ယူမိတယ်"

​ "မှန်တာပေါ့" ချိုင်ယွီရှင်းက အလွန်ပင် ဂုဏ်ယူနေမိသည်။ သူမ၏ ရည်မှန်းချက်ဖြစ်သော ဗိုလ်ချုပ် အဖြစ်ကို ဤမျှမြန်မြန် ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

​ "ဆရာကော... ငါ အခုချက်ချင်း တွေ့ချင်လို့"

​ "ဆရာက အခု အရေးကြီးတဲ့ ဧည့်သည်တွေနဲ့ တွေ့နေတာမို့ မအားသေးဘူး။ ခဏနေ မွေးနေ့ပွဲ စတော့မှပဲ တွေ့လိုက်ပါလား"

​ "ကောင်းပြီလေ"

​ ချိုင်ယွီရှင်း အတွင်းသို့ ဝင်လာစဉ် လမ်းတစ်လျှောက်တွင်လည်း အခြား ညီငယ်၊ ညီမငယ်များက ဝိုင်းအုံနှုတ်ဆက်ကြသည်။ ချိုင်ယွီရှင်းသည် ဤနေရာတွင် အလွန်ပင် လေးစားခြင်း ခံရသူဖြစ်သည်။ ထိုစဉ် ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

​ "စီနီယာအစ်မ... တကယ်ပဲ ရောက်လာတာကိုး"

​ ထိုသူကား မဟာလီအင်ပါယာ၏ ကိုးယောက်မြောက် မင်းသား လီထျန်ချုံး ပင် ဖြစ်သည်။ ချိုင်ယွီရှင်းကို မြင်သောအခါ သူသည် အလွန်ပင် ဝမ်းသာသွားသည်။

​ "ဆရာ့ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ကို ငါ ဘယ်လိုလုပ် မလာဘဲ နေမလဲ"

​ "ဟုတ်ပါတယ်၊ ဆရာကလည်း အစ်မအကြောင်းကို ခဏခဏ ပြောနေတာ"

​ သူတို့နှစ်ဦး ပျော်ပျော်ပါးပါး စကားပြောကြပြီးနောက် မင်းသားက - "အစ်မ... ဆရာ့မွေးနေ့ ပြီးရင် ကျွန်တော် အစ်မနဲ့အတူ မဟာရှကို လိုက်ခဲ့မယ်"

​ "ဘာလို့လဲ" ချိုင်ယွီရှင်းက မေးလိုက်သည်။

​ ကိုးယောက်မြောက် မင်းသားက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် - "အဲဒီ လင်းပိုင်ဖန် ဆိုတဲ့ လူယုတ်မာကြောင့်ပေါ့၊ သူက ကျွန်တော့်ရဲ့ သတို့သမီးကို ဒုတိယအကြိမ် ထပ်ပြီး လုယူသွားပြန်ပြီ။ ဒါကြောင့် သူ့ကို စာရင်းသွားရှင်းရမယ်"

​ ချိုင်ယွီရှင်း ထိုစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ သူမ၏ ညီငယ်မှာ ကောင်းကင်အဆင့် သိုင်းပညာရှင်၏ သမီးဖြစ်သူ ဟန်ချူးချူးနှင့် စေ့စပ်ထားသော်လည်း အရှင်မင်းကြီးက လုယူသွားခဲ့ခြင်း ဖြစ်သည်။

​ စီနီယာအစ်မ တစ်ယောက်အနေဖြင့် သူမ ညီငယ်ကို သနားမိသော်လည်း မဟာရှ၏ စစ်ဗိုလ်ချုပ် တစ်ယောက်အနေဖြင့်မူ "အရှင်မင်းကြီးက တော်တော်ကို တော်တာပဲ" ဟုသာ မှတ်ချက်ချမိသည်။ အကြောင်းမှာ မဟာရှအတွက် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် အရေးတကြီး လိုအပ်နေသောကြောင့်ပင် ဖြစ်သည်။

​ လင်းပိုင်ဖန်၏ အဆိုပါ လုပ်ရပ်ကြောင့် နိုင်ငံတော်အင်အား ပိုမိုတောင့်တင်းလာသည်ဖြစ်ရာ သူမအနေဖြင့် လက်မထောင်၍ပင် ထောက်ခံချင်နေတော့သည်။

အပိုင်း (၃၉၃)

​ထိုစဉ်မှာပင် အစေခံလူငယ်လေးတစ်ဦးက ဟစ်အော် အကြောင်းကြားလိုက်သည် - "မွေးနေ့ဂါရဝပြုပွဲ စတင်ပါတော့မယ်။ ဆရာတူ အစ်ကိုကြီးတို့နဲ့ အစ်မကြီးတို့ အားလုံး ခန်းမထဲကို ကြွရောက်ပေးကြပါဦး"

​ ခြံဝန်းအတွင်း ပျံ့နှံ့ရောက်ရှိနေကြသော တပည့်သာဝက အပေါင်းတို့သည် ခန်းမဆောင်ကြီး အတွင်းသို့ စုရုံးဝင်ရောက်လာကြသည်။ ထိုအချိန်တွင် ခန်းမကြီး၏ ဝဲယာတစ်ဖက်တစ်ချက်စီ၌ 'လှံနတ်ဘုရား' ၏ အသက် ၉၀ ပြည့် မွေးနေ့ပွဲသို့ လာရောက်ဂါရဝပြုကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများဖြင့် ပြည့်နှက်နေလေသည်။

​ ခန်းမ၏ အလယ်ဗဟိုတွင်မူ ငယ်ရုပ်မပျောက်သေးသည့် သက်ကြီးရွယ်အိုတစ်ဦး ထိုင်နေသည်။ ထိုသူကား လှံသိုင်းပညာကို အထွတ်အထိပ်ရောက်အောင် ကျွမ်းကျင်သဖြင့် သိုင်းလောကတွင် 'လှံနတ်ဘုရား' ဟု ကျော်ကြားလှသည့် 'ဇူဝူဒီ' ပင် ဖြစ်သည်။ သူသည် လှံတစ်စင်းကဲ့သို့ ထောင်မတ်စွာ ထိုင်နေပြီး သူ၏ မျက်လုံးများမှာမူ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့် မီးလျှံများအလား တောက်ပကာ စူးရှနေသည်။

​ ထို့နောက် တပည့်များက တစ်ဦးပြီးတစ်ဦး ဂါရဝပြုကြလေသည်။ ထုံးစံအတိုင်း အကြီးဆုံးတပည့်က ပထမဦးဆုံး ရှေ့သို့တက်ကာ လက်အုပ်ချီ ဦးညွှတ်လိုက်ရင်း - "ဒီနှစ်က ဆရာ့ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ဖြစ်တာမို့ ဆရာ့ကို အရှေ့ပင်လယ်ပြင်ကြီးလို စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံပြီး တောင်ပိုင်းတောင်တန်းကြီးတွေလို အသက်ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ဒါကတော့ ကျွန်တော်ပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်ပါ၊ ဆရာသဘောကျမယ်လို့ မျှော်လင့်ပါတယ်"

​ သူပေးသောလက်ဆောင်မှာ အသက် ၅၀ သက်တမ်းရှိ ဂျင်ဆင်းတစ်ခု ဖြစ်သည်။ ဤဆေးမြစ်မှာ အလွန်ပင် အဖိုးတန်လှပြီး ပြင်ပစျေးကွက်တွင် ရွှေတေး ၅၀၀၀ ထက်မနည်း တန်ဖိုးရှိသည့်အပြင် အရေးကြုံလျှင် အသက်ကယ်နိုင်သော ဆေးစွမ်းကောင်းလည်း ဖြစ်သည်။ တခါတရံတွင် ငွေရှိရုံဖြင့် ဝယ်မရနိုင်သော ပစ္စည်းမျိုးပင် ဖြစ်သည်။

​ "ငါ့တပည့်က တော်တော်လေး စဉ်းစားပေးတာပဲ၊ ဆရာ အရမ်းသဘောကျတယ်" ဟု လှံနတ်ဘုရားက ပြုံးရွှင်စွာဖြင့် လက်ဆောင်ကို လက်ခံလိုက်သည်။

​ ထို့နောက် ဒုတိယတပည့်၊ တတိယတပည့်... စသည်ဖြင့် အစဉ်လိုက် ဂါရဝပြုကြပြီး ဆဋ္ဌမမြောက်တွင် ချိုင်ယွီရှင်း၏ အလှည့်သို့ ရောက်လာသည်။ သူမသည် လှံနတ်ဘုရား၏ ခြောက်ယောက်မြောက် တပည့်ဖြစ်သော်လည်း ပထမဦးဆုံးသော အမျိုးသမီးတပည့် ဖြစ်သောကြောင့် 'စီနီယာအစ်မကြီး' ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

​ ဤအချိန်တွင် လှံနတ်ဘုရားသည် ရဲရင့်ကာ ဖျတ်လတ်တက်ကြွနေသည့် ချိုင်ယွီရှင်းကို ကြည့်ကာ အလွန်ပင် ကျေနပ်နေမိသည်။ သူ၏တပည့်များစွာထဲတွင် ချိုင်ယွီရှင်းသည် ပါရမီထူးချွန်ရုံတင်မကဘဲ အလွန်လည်း ကြိုးစားအားထုတ်သူ ဖြစ်သည်။ အသက် ၂၀ ကျော်ရုံဖြင့် ချီဖွဲ့တည်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ယခု နှစ်နှစ်ကြာမှ ပြန်တွေ့ချိန်တွင်မူ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြယ်တာရာချီအဆင့်သို့ ရောက်နေပြီဖြစ်သည်။ နောင်တစ်ချိန်တွင် ကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်း အလွန်များသူ ဖြစ်သည်။ ဆရာတစ်ယောက်အနေဖြင့် သူ မည်သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။

​ "တပည့် ချိုင်ယွီရှင်းက ဆရာ့ကို မွေးနေ့ဂါရဝပြုပါတယ်။ ဆရာအလိုရှိရာ ကိစ္စအဝဝ အောင်မြင်ပါစေကြောင်းနဲ့ 'ကောင်းကင်' အဆင့်ကိုလည်း အမြန်ဆုံး တက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။ ဒါကတော့ တပည့် ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ၊ လက်ခံပေးပါဦး"

​ ချိုင်ယွီရှင်းသည် အလွန်လှပသော သေတ္တာကလေးတစ်ခုကို ထုတ်လိုက်သည်။ ၎င်းကို ဖွင့်လိုက်သောအခါ မွှေးရနံ့သင်းပျံ့နေသည့် လုံးဝန်းသော ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။

​ "ဒါက ဘာဆေးလုံးလဲ ယွီရှင်း" လှံနတ်ဘုရားက နားမလည်သဖြင့် မေးလိုက်သည်။

​ "ဒါက 'ကောင်းကင်နှင့်မြေကမ္ဘာ ဖန်ဆင်းခြင်းဆေးလုံး' ပါ ဆရာ"

​ ချိုင်ယွီရှင်းက ပြုံးလျက် ဆက်ပြောသည် - "ဒီဆေးလုံးကို သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဒဏ်ရာဟောင်းတွေ အားလုံးကို ပျောက်ကင်းစေပြီး လူကိုလည်း လန်းဆန်းသွားစေမှာပါ။ ဆရာ့ရဲ့ရုပ်ရည်က ခုနစ်နှစ်၊ ရှစ်နှစ်လောက် ပြန်ငယ်သွားပါလိမ့်မယ်"

​ ပတ်ဝန်းကျင်မှ ဧည့်သည်များမှာ သိုင်းလောကသားများ ဖြစ်ကြသဖြင့် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

​ "ဒါ တကယ်ပဲ 'ကောင်းကင်နှင့်မြေကမ္ဘာ ဖန်ဆင်းခြင်းဆေးလုံး' လား"

"ဒီဆေးလုံးက ထိပ်တန်း နတ်ဆေးတစ်မျိုးလို့ ကြားဖူးတယ်။ ပါဝင်ပစ္စည်းတွေ ရှာရခက်ရုံတင်မကဘူး၊ ဖော်စပ်ဖို့လည်း အလွန်ခက်တာ"

"ဒီလိုဆေးမျိုးက တစ်ခါက လေလံပွဲမှာ ရွှေတေး တစ်သန်းကျော်တောင် တန်ဖိုးရှိခဲ့တာလေ"

"ဒါပေမဲ့ ဒီဆေးနည်းက ပျောက်ကွယ်သွားပြီလို့ ကြားထားတာ"

​ "ဒါ အစစ်အမှန်ပါပဲ" ချိုင်ယွီရှင်းက ဆေးလုံးကို လက်နှစ်ဖက်ဖြင့် ကမ်းပေးကာ ပြောလိုက်သည် - "ဆရာ... ဒါက တပည့် ဆရာ့အတွက် အထူးပြင်ဆင်ထားတာပါ။ ဒီဆေးကို သောက်လိုက်ရင် ဆရာ့ရဲ့ ဒဏ်ရာဟောင်းတွေ ပျောက်ကင်းသွားပြီး ခန္ဓာကိုယ်ကလည်း နုပျိုလာမှာပါ။ 'ကောင်းကင်' အဆင့်ကို ရောက်ဖို့ဆိုတာ လက်တစ်ကမ်းအလိုပဲ ရှိပါတော့မယ်"

​ "ကောင်းတယ်... ကောင်းတယ်..." လှံနတ်ဘုရားသည် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။

"ဆရာ ဒီလက်ဆောင်ကို တကယ်သဘောကျတယ်၊ ယွီရှင်းက တော်တော်လေး စဉ်းစားတတ်တာပဲ"

​ သူသည် မစောင့်နိုင်တော့ဘဲ ထိုဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထိုစဉ် တစ်ဦးက ကြားဖြတ်ပြောလိုက်သည် - "ညီအစ်ကိုဇူ... မလောပါနဲ့ဦး။ ဒီဆေးက ပျောက်ကွယ်နေတာ ကြာပြီဆိုတော့ အစစ်အမှန် ဟုတ်မဟုတ် အရင်စစ်ဆေးကြည့်ပါဦး"

​ "မလိုပါဘူး။ ယွီရှင်းက အမြဲတမ်း သိတတ်တဲ့ကလေးပဲ၊ ငါ့ကို ဘာလို့ ဒုက္ခပေးမှာလဲ။ ဒါ့အပြင် ငါက အသက် ၉၀ တောင် ရှိနေပြီ၊ ဒီထက်ပိုနေရလည်း အဆင်​ပြေတယ်၊ လျော့နေရလည်း ကိစ္စမရှိပါဘူး၊ ဟားဟားဟား…"

​ လှံနတ်ဘုရားက အားရပါးရ ရယ်မောရင်း ဆေးလုံးကို မျိုချလိုက်သည်။ ထို့နောက် ဆေးစွမ်းကို စုပ်ယူနိုင်ရန် အသက်ရှူအောင့်ကာ ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။

​ ဆေးလုံးသည် နွေးထွေးသော စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ စီးဆင်းသွားသည်ကို သူ သိသိသာသာ ခံစားလိုက်ရသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရှိသမျှ ဒဏ်ရာဟောင်းများ ပျောက်ကင်းသွားကာ အသက်ဓာတ်များ ပြန်လည်ပြည့်ဖြိုးလာလေသည်။

​ လက်ဖက်ရည်တစ်ခွက် သောက်စာမျှ အချိန်အတွင်းမှာပင် လှံနတ်ဘုရား၏ ရုပ်ရည်မှာ သိသိသာသာ ပြန်လည် နုပျိုလာခဲ့သည်။ သူ၏ ဆံပင်ဖြူများကြားတွင် ဆံပင်နက်အချို့ ပြန်လည်ပေါက်လာပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း လျော့နည်းသွားသည်။ ဤသည်မှာ ဆေးက အစစ်အမှန် ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

​ "ဟားဟားဟား... ကျေးဇူးတင်ပါတယ် ယွီရှင်း၊ ဒီဆေးလုံးကို သောက်ပြီးနောက်မှာ ဆရာ့ကိုယ်ထဲက ဒဏ်ရာတွေ အားလုံး ပျောက်သွားပြီ။ အခုဆိုရင် ကောင်းကင်အဆင့် တစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် ယှဉ်တိုက်ရဲတယ်" ဟု ဩဇာညောင်းသော အသံဖြင့် ဆိုလိုက်သည်။

​ "ဆရာရဲ့ ဒဏ်ရာတွေ ပြန်သက်သာလာတဲ့အတွက် ဂုဏ်ယူပါတယ်" ဟု တပည့်များအားလုံးက ပြိုင်တူပြောလိုက်ကြပြီး အလွန်ပင် ဝမ်းသာနေကြသည်။

​ ချိုင်ယွီရှင်းကလည်း ပြုံးရွှင်စွာဖြင့် - "ဆရာ... တပည့်မှာ နောက်ထပ် လက်ဆောင်တစ်ခု ရှိပါသေးတယ်"

​ "နောက်ထပ် လက်ဆောင် ဟုတ်လား" လှံနတ်ဘုရား အံ့အားသင့်သွားသည်။ သူသည် ဆေးလုံးအတွက်နှင့်တင် အလွန်ကျေနပ်နေပြီ ဖြစ်သည်။ ဒီထက်ပိုပြီး အဖိုးတန်တာများ ရှိနိုင်ဦးမလား။

​ "ဒါက တပည့် ပေးတာမဟုတ်ပါဘူး၊ 'မဟာရှ' ဧကရာဇ်က ဆရာ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးခိုင်းလိုက်တာပါ" ဟု ချိုင်ယွီရှင်းက ရှင်းပြလိုက်သည်။

​ “ အိုး... မဟာရှ ဧကရာဇ်ကလည်း အတော်လေး သိတတ်တာပဲ။ ပြန်ရောက်ရင် ဆရာ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးလိုက်ပါဦး" ဟု လှံနတ်ဘုရားက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

​ သူသည် လင်းပိုင်ဖန်အကြောင်းကို အနည်းငယ် သိထားသည်။ ချိုင်ယွီရှင်းနှင့် လင်းပိုင်ဖန်မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး စေ့စပ်ထားသူများလည်း ဖြစ်သောကြောင့် အလွန်ရင်းနှီးကြသည်ဟု သိထားသည်။ ထို့ပြင် ထိုဧကရာဇ်မှာလည်း သာမန်မဟုတ်သော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။ သုံးနှစ်အတွင်းမှာပင် တိုင်းပြည်ငယ်လေးကို မင်းဆက်နိုင်ငံအဆင့်အထိ တက်လှမ်းစေခဲ့သူ ဖြစ်သည်။ မိမိ၏တပည့်မလေးအတွက် မှီခိုအားထားရာကောင်းတစ်ခု ရရှိခဲ့သည်ဟု သူ တွေးမိသည်။

​ "ဆရာ... ဒါက အရှင်မင်းကြီး ပေးလိုက်တဲ့ လက်ရေးစာလွှာပါ" ချိုင်ယွီရှင်းက စာလွှာကို ဖြန့်လိုက်ရာ "အသက်ရှည်ခြင်း" ဟူသော စာလုံးတစ်လုံးတည်းကိုသာ တွေ့လိုက်ရသည်။

​ ထိုစာလုံးမှာ အားပါပြီး ပြေပြစ်သော လက်ရေးဖြင့် ရေးသားထားသဖြင့် အနုပညာလက်ရာတစ်ခုအဖြစ် ရှုမြင်နိုင်သော်လည်း စာလုံးတစ်လုံးတည်း ပေးခြင်းမှာမူ အနည်းငယ် နှမြောလွန်းရာ ရောက်နေသည်။ သို့သော်လည်း စေတနာအရ ပေးခြင်းဖြစ်၍ လှံနတ်ဘုရားက လက်ခံလိုက်သည်။

​ သို့သော်လည်း သူ ထိုစာလုံးကို အနီးကပ်ကြည့်လိုက်မိချိန်တွင်မူ မှင်တက်သွားရသည်။ အတိုင်းအဆမရှိသော ဟင်းလင်းပြင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုနေရာတွင် ဝေဝါးနေသော ပုံရိပ်တစ်ခုက လှံတစ်ချောင်းကို ကိုင်ကာ လှံသိုင်းကွက်များ ကစားပြနေသည်ကို တွေ့လိုက်ရသည်။ ထိုသိုင်းကွက်များမှာ တခါတရံ လျင်မြန်ပြီး တခါတရံ နှေးကွေးကာ ခန့်မှန်းရ ခက်ခဲလှသည်။

​ တခါတရံတွင် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ရှိပြီး တခါတရံတွင်မူ နူးညံ့သော မိုးစက်မိုးပေါက်များကဲ့သို့ ရှိနေသည်။ တခါတရံ မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်သော်လည်း တခါတရံတွင်မူ အရှေ့ဘက်သို့ စီးဆင်းနေသော စမ်းရေအလား အေးဆေးလှသည်။ စနစ်မရှိသလို ထင်ရသော်လည်း နက်နဲသော စနစ်များဖြင့် ပြည့်နှက်နေလေသည်။

​ လှံနတ်ဘုရားမှာ တုန်လှုပ်သွားလေသည်။ ဒါ ဘယ်လို လှံသိုင်းမျိုးလဲ။ သူသည် တစ်သက်တာလုံး လှံသိုင်းပညာကို လေ့ကျင့်လာခဲ့သော်လည်း ဤမျှ ပြောင်းလဲမှုများပြီး နက်နဲသော ပုံစံမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ထိုသူနှင့် ရင်ဆိုင်ရပါက သူ၏လှံကိုပင် ထုတ်ရဲမည့် သတ္တိရှိမည်မဟုတ်ဟု သူ ခံစားလိုက်ရသည်။

​ သူသည် ထိုသိုင်းကွက်များကို အာရုံစိုက်ကာ လေ့လာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သတိပြန်ဝင်လာပြီး ဆူညံနေသည့် ခန်းမဆောင်ကြီးအတွင်းသို့ ပြန်ရောက်လာသည်။

​ "ဆရာ၊ ဆရာ ဘာဖြစ်လို့လဲဟင်" ဟု ချိုင်ယွီရှင်းက စိုးရိမ်တကြီး မေးလိုက်သည်။

​ "ငါ ခုနက ဘာဖြစ်သွားတာလဲ" လှံနတ်ဘုရားက ပြန်မေးလိုက်သည်။

​ "ဆရာက စာလွှာကို ကြည့်ပြီး ငိုင်နေတာပါ။ တပည့်တို့ ခဏခဏ ခေါ်ပေမဲ့ ဆရာက ဘာမှ ပြန်မပြောဘူးလေ" ဟု ချိုင်ယွီရှင်းက ရှင်းပြလိုက်သည်။

​ "ဩော်... ဆရာ အလုပ်တွေ အရမ်းများသွားလို့ ထင်ပါတယ်" ဟု လှံနတ်ဘုရားက အကြောင်းပြချက် ပေးလိုက်ပြီး သူ၏လက်ထဲက စာလွှာကို ထပ်မံ အာရုံစိုက်လိုက်ပြန်သည်။ ထိုအခါ စောစောက နေရာသို့ ပြန်ရောက်သွားပြန်သည်။

​ ထိုပုံရိပ်က လှံသိုင်းများကို ထပ်မံ ကစားပြနေပြန်သည်။ ယခုတစ်ခါ သိုင်းကွက်များမှာ အရင်နှင့်မတူဘဲ ပိုမိုနက်နဲနေသည်။ သူ နှစ်ပေါင်းများစွာ သင်ယူခဲ့သော လှံသိုင်းများမှာ ဤသိုင်းကွက်များနှင့် ယှဉ်လျှင် အမှိုက်သရိုက်များကဲ့သို့ပင် ဖြစ်နေတော့သည်။ လှံနတ်ဘုရားသည် ထိုသိုင်းကွက်များကို ချက်ချင်းပင် စတင်သင်ယူလေတော့သည်။

​ "ဆရာ၊ ဆရာ... ဘာဖြစ်တာလဲ..."

All Chapters