← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 17 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 17 Ch. 221-222

အခန်း ၂၂၁

- အပိုင်း ၄၂ - အက်စ်မိုးဒီအက်စ် (၁)

အိပ်စင်ပါသော ရထားတွဲတစ်ခုမှာ ခုတ်မောင်းနေသည်။ အိုင်လင်း အပါအဝင် ကောင်စီဝင်များမှာ ကျနော့်ကို တစ်နေရာသို့ ပို့ဆောင်ရန် အလုပ်ရှုပ်နေကြချေပြီ။ စိုးရိမ်ရသည့် လူနာတစ်ယောက်ကဲ့သို့ ကျနော့်၏ ဇာတ်လမ်း အပိုင်းအစများမှာ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေသည်ကို ခံစားနေရ၏။

အရေးကြီးသည့် အခြေအနေကို ဘေးဖယ်ထားလိုက်လျှင် ကျနော့်၏ စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ကျနော်က လက်ရှိ အခြေအနေကို ပြန်လည် သုံးသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

[လက်ရှိတွင် သင်သည် ဂီလိုဘတ် စက်မှုဇုန်၏ ဆက်ခံပိုင်ခွင့်ကို ရရှိထားပါသည်။]

ကျနော်သည် မည်သို့ကြောင့် တော်လှန်ရေးသမား ဖြစ်လာပြီး ဂီလိုဘတ် စက်မှုဇုန်၏ ဆက်ခံပိုင်ခွင့်ကို ရရှိခဲ့ရသနည်း။

အဖြေမှာ ရှင်းပေသည်။

「 'ကင်ဒေါ့ဂျာ' က ဂီလိုဘတ် စက်မှုဇုန်၏ အုပ်စိုးသူကို သတ်ဖြတ်လိုက်သည်။ 」

ရုတ်တရက်ကြည့်လျှင်တော့ သပွတ်အူလည်ထွက်နေသော အချက်တစ်ခုဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ‘ကင်ဒေါ့ဂျာ’ ဆိုသည်မှာ ကျနော့်၏ ခန္ဓာကိုယ် မဟုတ်သောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် တစ်စုံတစ်ဦးသည် ကျနော့်အမည်ကို အသုံးပြုရန်၊ ဂီလိုဘတ် စက်မှုဇုန်တွင် ဂုဏ်သတင်း တည်ဆောက်ရန်နှင့် နောက်ဆုံးတွင် အုပ်စိုးသူကို သတ်ဖြတ်ရန်မှာ လွယ်ကူလှပေသည်။

[ကြယ်တာရာရုပ်သံထုတ်လွှင့်မှုက ဇာတ်ဝင်ခန်း အမှားအယွင်းကို ပြုပြင်နေပါသည်။]

[သင်နှင့် သက်ဆိုင်သည့် ဇာတ်လမ်းသစ်တစ်ခုကို စီစဉ်ထားပါသည်။]

မည်သို့သော အရူးမျိုးက ဤကဲ့သို့ အရာမျိုးကို လုပ်နိုင်ပါသနည်း။ ဤမျှအထိ ရူးသွပ်သောကောင်မှာ နှစ်ယောက်ရှိနေစရာ အကြောင်းမရှိပေ။

「 ကင်ဒေါ့ဂျာက တွေးနေမိသည် - ယူဂျွန်ဟော့က အခု ဂီလိုဘတ် စက်မှုဇုန်မှာ ရှိနေတာပဲ။ 」

စစချင်းတွင် ကျနော် အမှန်ပင် ကျေးဇူးမိသည်။

အာ… ယူဂျွန်ဟော့က တကယ်ကိုလူကောင်းတစ်ယောက်ပဲ။ ဒီကောင်က ငါ့ကို ကယ်ဖို့အတွက် စက်မှုဇုန်ကို ဝင်တိုက်ခဲ့တာတဲ့လား။

များများစားစား မတွေးတောမိဘဲ ကျနော် ခေတ္တခဏမျှ စိတ်လှုပ်ရှားသွားခဲ့သေးသည်။

သို့သော်လည်း သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သောအခါ ကျနော် မယုံကြည်နိုင်တော့ပေ။ ယူဂျွန်ဟော့ဆိုသည့်ကောင်သည် ကျနော့်ကို ကယ်တင်ရန်အတွက် ဂီလိုဘတ် စက်မှုဇုန်သို့ ဝင်သွားခဲ့ခြင်းဆိုသည်မှာ မဖြစ်နိုင်ပေ။ ပထမဦးဆုံး ပြောချင်သည်က ယူဂျွန်ဟော့က ကျနော့်၏ အကျပ်အတည်းကို သိနေခြင်းမှာ ထူးဆန်းလှသည်။ နက္ခတ်လည်း မဟုတ်သလို ချန်နယ်တစ်ခုကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်စွမ်း မရှိသော ထိုမအေဘေးသည် ကျနော့်၏ အကျပ်အတည်းကို မည်သို့ သိနိုင်မည်နည်း။

ထို့ကြောင့် ယူဂျွန်ဟော့သည် ကျနော့်ကို ကယ်တင်ရန် လာခြင်းထက် ဆန့်ကျင်ဘက် အရာကို လုပ်ဆောင်ရန်သာ ပို၍ ဖြစ်နိုင်ချေရှိသည်။ ကျနော်က သူ့အမည်ကို အယောင်ဆောင်ထားသည်ကို သူ သတိပြုမိသွားပြီး ကျနော့်ကို လာရောက် ဖမ်းဆီးရန် မိစ္ဆာနယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်လောက်၏။ ထိုအတောအတွင်း တစ်စုံတစ်ခု မှားယွင်းသွားပြီး သူသည် ဂီလိုဘတ် စက်မှုဇုန်သို့ ဦးစွာ ရောက်ရှိသွားကာ ထိုနေရာတွင် မလိုအပ်သော အငြင်းပွားမှုများ ဖြစ်ပွားပြီး စက်မှုဇုန်တစ်ခုလုံးကို မှောက်လှန်ပစ်လိုက်ခြင်းက ပို၍ယုတ္တိတန်သည်။ ဤကဲ့သို့ လုပ်ဆောင်ရန်အတွက် သူ မည်မျှအထိ ဒေါသထွက်နေမည်ကို ကျနော် ခန့်မှန်း၍ပင် မရနိုင်တော့ပေ။

"ရှင်က ကုသမှု ခံယူနေတာနော်။ ခန္ဓာကိုယ်ကို လှုပ်မနေနဲ့။"

ဆေးကုသခန်းအတွင်း ကျနော့်ဇာတ်လမ်းကို ပြုပြင်ပေးနေသော အိုင်လင်းက မျက်မှန်ကို ပင့်တင်ရင်း ကျနော့်ကို ငေါက်လိုက်သည်။

ကျနော်က အားငယ်သောလေသံဖြင့် ပြန်ဖြေသည်။

"စိတ်မကောင်းပါဘူး၊ ဒါက အလိုလိုလှုတ်မိသွားတာပါ။ ငါ့ အခြေအနေ ဘယ်လိုရှိလဲ။"

"ရှင့်ရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေနဲ့ အလိုလိုလှုတ်မိစရာလား။ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့"

အိုင်လင်းက သက်ပြင်းချလိုက်သော်လည်း အိုင်လင်း၏ မျက်နှာထားမှာတော့ မဆိုးလှပေ။

"ဒါကို အံ့ဖွယ်တစ်ခုလို့ပဲ ကျမ မြင်မိတယ်။ ရှင်က တဖြည်းဖြည်း ပြန်ကောင်းလာနေပြီ။ ရှင့်ရဲ့ ဇာတ်လမ်းတွေ ထိခိုက်မှုက အရမ်းကြီးလွန်းလို့ လှုပ်လှုပ်ရှားရှား လုပ်ဖို့တော့ ခက်လိမ့်မယ်... ဒါပေမဲ့ အဆင်ပြေသွားလိမ့်မယ်လို့ ကျမ ထင်ပါတယ်"

အဓိက ဇာတ်ဝင်ခန်းသို့ ပြန်လည် ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သော်လည်း ကျနော့်၏ အသက်ရှူသံမှာ ပြောင်းလဲသွားချေပြီ။

ထုတ်ပယ်ခံရသူ ဖြစ်ရသည့် ခံစားချက်နှင့် ဇာတ်ဝင်ခန်းသို့ ပြန်လည် ရောက်ရှိလာခြင်း၏ ခံစားချက်ကို မသိသူများမှာ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

「 ကင်ဒေါ့ဂျာက တွေးနေမိသည် - ဒါက ‘ဇာတ်လမ်း’ ပဲ။ 」

သက်သောင့်သက်သာရှိပြီး ကြီးမားလှသော ကမ္ဘာကြီးတစ်ခုက ကျနော့်ကို ပွေ့ဖက်ထားသကဲ့သို့ ခံစားရသည်။ ရယ်စရာကောင်းသည်မှာ ကျနော်သည် ယခုမှပင် စနစ်တကျ အသက်ရှင်နေရသကဲ့သို့ ခံစားရခြင်းပင်။ ဤ ‘အာရုံခံစားမှု’ များကို မည်သူက ပုံဖော်ဖန်တီးခဲ့သနည်းဟု တွေးတောမိသောအခါ ကျနော် ထိတ်လန့်သွားမိသည်။

"အ..."

"မလှုပ်နဲ့"

ပြင်းထန်သော နာကျင်မှုနှင့်အတူ အိုင်လင်း၏ စူးရှသော အသံကို ကြားလိုက်ရသည်။

[သင်၏ လက်ရှိ ဇာတ်လမ်း ဖွဲ့စည်းမှုမှာ မပြည့်စုံသေးပါ။]

ကျနော်သည် ဇာတ်ဝင်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြန်လည် နာလန်ထူသည့် အဆင့်တွင် ရှိနေသော်လည်း အခြေအနေမှာ ပြင်းထန်နေဆဲ ဖြစ်သည်။ စော်ဘွား စစ်ဝစ်ဇ်ကို သတ်ဖြတ်နိုင်သည်အထိ ကျနော် အသက်ရှင်ခဲ့ခြင်းမှာ အံ့ဖွယ်တစ်ခုပင်။ ကျနော်လုပ်ဆောင်ခဲ့သည့်ကိစ္စမှာ မဆင်မခြင် တိုက်ခိုက်ခဲ့သော တိုက်ပွဲတစ်ခု ဖြစ်သည်။ ကျနော့်၏ ပင်ကိုယ်စရိုက်နှင့် မတူဘဲ အဘယ်ကြောင့် ထိုသို့ ပြုမူခဲ့သည်ကို ကျနော် မသိတော့ပေ။

[နက္ခတ်အချို့က သင့်အကြောင်းကို မေးမြန်းနေကြပါသည်။]

ထို့အပြင် ကျနော်သည် ဇာတ်လမ်းလက်နက်ကို ဆင့်ခေါ်ခဲ့သောကြောင့် ကျနော့်၏ အနာဂတ် ဇာတ်လမ်းများမှာ အလွန်ပင် ရှုပ်ထွေးသွားပေလိမ့်မည်။ ကျနော်သည် မကြည့်ဘဲ ဖယ်ထားခဲ့သော မက်ဆေ့ချ်မှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်။

[ချန်နယ်အတွင်းရှိ နက္ခတ်များစွာသည် သင်၏ လုပ်ဆောင်ချက်အပေါ် အလွန်အမင်း အထင်ကြီး လေးစားနေကြပါသည်!]

[ဒင်္ဂါး ၃,၀၀၀ ထောက်ပံ့မှု ရရှိပါသည်။]

[‘ရွှေခေါင်းကွင်း၏ အကျဉ်သား’ နက္ခတ်သည် သင်၏ ယုံကြည်ချက်အပေါ် ခေါင်းညိတ် ထောက်ခံနေပါသည်။]

[ဒင်္ဂါး ၄,၀၀၀ ထောက်ပံ့မှု ရရှိပါသည်။]

ထောက်ပံ့မှုအချို့ ရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျနော် အထင်မကြီးမိပေ။

[အကြိမ် ၂၀ မြောက် အဓိက ဇာတ်ဝင်ခန်း ပြီးဆုံးသွားပါပြီ။]

[အဓိကဇာတ်ဝင်ခန်း ‘မိစ္ဆာနယ်မြေ တော်လှန်ရေး’ ကို ပြီးမြောက်အောင်မြင်ပါသည်။]

[အဓိကဇာတ်ဝင်ခန်းကို အလွန်အမင်း ကျော်ဖြတ်ခဲ့သောကြောင့် လျော်ကြေးပေးအပ်မှု နှောင့်နှေးနေပါသည်။]

[အဓိကဇာတ်ဝင်ခန်း ပြီးမြောက်မှုကြောင့် ရရှိမည့် ဇာတ်လမ်းများ စုဆောင်းမှုကို ဆိုင်းငံ့ထားပါသည်။]

ပြဿနာအချို့ ရှိနေသော်လည်း ဇာတ်ဝင်ခန်း မက်ဆေ့ချ်များမှာ မှန်ကန်စွာ တက်လာခဲ့သည်။

[နက္ခတ်အချို့သည် သင် မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုစိတ် ပြင်းပြနေကြပါသည်။]

[နက္ခတ်အချို့က သင့်ကို သူတို့၏ နက်ဗျူလာသို့ ဖိတ်ခေါ်လိုကြပါသည်။]

[တစ်စုံတစ်ဦးက သင်၏ ဇာတ်လမ်းကို မျက်စိကျနေပါသည်။]

ရင်းနှီးပြီးသား ရှုပ်ထွေးမှုများလည်း စတင်နေပြီ ဖြစ်သည်။ သူတို့ အဘယ်ကြောင့် ဤကဲ့သို့ ပျာပျာသလဲ ဖြစ်နေကြသည်ကို နားလည်နိုင်၏။

「 ဇာတ်လမ်းလက်နက် ပလူတို 」

ဒဏ္ဍာရီလာအဆင့် နက္ခတ်များပင်လျှင် ဤဧရာမ စစ်သည်တော်ကို မက်မောကြသည်။ ဧရာမ စစ်သည်တော်ဆိုသည်မှာ ဂိုင်ဂန်တိုမာခီယာ၏ ကြီးမားလှသော ဇာတ်လမ်းများတွင်သာ မြင်တွေ့နိုင်သည့် ရှားပါးလက်နက်တစ်ခု ဖြစ်သည်။ ထိုလက်နက်မှာ ဒဏ္ဍာရီလာ ဇာတ်လမ်းဖြစ်သော စက်ရုံကြီးကို အရုပ်တစ်ခုကဲ့သို့ နင်းခြေဖျက်ဆီးနိုင်သည့် လက်နက်တစ်ခုပင်။ နက္ခတ်များအနေဖြင့် ဤကဲ့သို့ လက်နက်မျိုးကို မမက်မောဘဲ နေစရာ အကြောင်းမရှိဟု ပြော၍ရ၏။

ဒါနဲ့ ‘သူ’ ကတော့ အခုထိ ရောက်မလာသေးဘူးပဲ...

[‘ကြွယ်ဝသော ည၏ ဖခင်’ နက္ခတ်က သင့်ကို စောင့်ကြည့်နေပါသည်။]

...သူ ရောက်လာပြီ။ ချီးပဲ။

[‘ကြွယ်ဝသော ည၏ ဖခင်’ နက္ခတ်က သင့်ကို စောင့်ကြည့်နေပါသည်။]

ကြွယ်ဝသော ည၏ ဖခင်။ ကံကောင်းစွာဖြင့် သူသည် ကျနော့်ကို စောင့်ကြည့်နေခြင်းမှလွဲ၍ မည်သည့် လုပ်ဆောင်ချက်မျှ မပြုလုပ်သေးပေ။ ကျနော်က သူ၏ ဇာတ်လမ်းလက်နက်ကို အသုံးပြုခဲ့သောကြောင့် သူ ဒေါသထွက်နေမည်မှာ ပုံမှန်ပင် ဖြစ်သော်လည်း...

မဟုတ်သေးဘူး။ ဟေးဒီးစ်က ငါ့ကို စောင့်ကြည့်နေတာကို အတော်ကိုဆိုးရွားတဲ့အခြေအနေဖြစ်နေလောက်ပြီ။ သူက မြေအောက်ကမ္ဘာရဲ့ ဘုရင်ကြီးလေ။

[သီးသန့်စွမ်းရည် ‘Fourth Wall’ အပြင်းအထန် အသက်ဝင်နေပါသည်။]

[Fourth Wall က ရယ်မောနေပါသည်။]

လဖွတ်။ ဒီချီးထုတ်ကောင်ကို လုံးဝသဘောမကျဘူးကွာ။

ကျနော်သည် ဒဏ္ဍာရီလာအဆင့် ဖြစ်သောကြောင့် ဟေးဒီးစ်၏ ခြေဖျားကို ထိတွေ့နိုင်သော်လည်း ပြဿနာမှာ ကျနော့်၏ လက်ရှိ အခြေအနေပင် ဖြစ်သည်။ ကျနော့်ခန္ဓာကိုယ်ကို ပတ်ထားသော ပတ်တီးများမှာ ကျနော့် လက်ရှိ အခြေအနေကို ဖော်ပြနေလေသည်။

ကိုယ်စားလှယ် ခန္ဓာကိုယ်သည် ကျနော့်၏ တည်ရှိမှု အခြေအနေကို ဖော်ပြနေသည့် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ပင် ဖြစ်သည်။ ထိုအသွင်အပြင်မှာ ပျက်စီးသွားပြီ ဖြစ်သဖြင့် နက္ခတ်တစ်ပါးအနေနှင့် ကျနော့်၏ တည်ရှိမှုမှာလည်း မလွဲမသွေ သိမ်ငယ်သွားရတော့သည်။ ကျနော် ဤမျှအထိ ဒဏ်ရာရဖူးသည်မှာ ဒါပထမဆုံးပင်...။

လက်တစ်ဖက်ကို မြှောက်ရန်ပင် ခက်ခဲနေသော်လည်း လက်ထဲရှိ စမတ်ဖုန်းက ကျနော့်ကို စိတ်သက်သာရာရစေသည်။ ကျနော်က ပြုံးစိစိ လုပ်နေမိသဖြင့် အိုင်လင်းက ပတ်တီးစည်းပေးရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဖုန်းကို အကြာကြီး မကြည့်ပါနဲ့လို့ ကျမ ပြောထားတယ်လေ"

"ဖုန်းအကြာကြီးမကြည့်ဖို့ကို ငါ့အမေကလည်း ပြောလေ့ရှိခဲ့ဖူးတယ်"

"ရှင်က လုံးဝတည်ငြိမ်မှု ရှိဖို့ လိုအပ်တယ်"

"ငါ့အတွက်တော့ ဒါကို ကြည့်နေရတာက လုံးဝတည်ငြိမ်ခြင်းပဲ"

ကျနော် သေချာ ရှင်းမပြတော့ပေ။ ရှင်းပြလျှင်ပင် စစ်ထုတ်ခံရဖို့သာ ရှိ၏။

"စစ်ဝစ်ဇ် စက်မှုဇုန်ကရော ဘယ်လိုလဲ။ မဟုတ်ဘူး... အခုဆိုရင်တော့ ယူဂျွန်ဟော့ စက်မှုဇုန်လို့ပဲ ခေါ်ရတော့မယ် ထင်တယ်။"

"အဆင်ပြေပါတယ်"

စော်ဘွား သေဆုံးသွားပြီးနောက် စက်မှုဇုန်မှာ တည်ငြိမ်မှုဆီသို့ ဦးတည်နေပြီ ဖြစ်သည်။ ဖယ်ရှားရေး ကျွန်များအကြောင်းနှင့် အကျဉ်းသားများ ဖြစ်သွားကြသည့် နယ်စား၊ မြို့စားများအပေါ် ဆက်ဆံရေးနှင့် ပတ်သက်ပြီး ပြောဆိုစရာများစွာ ရှိနေသော်လည်း အိုင်လင်းက ကောင်းမွန်စွာ ကိုင်တွယ်နေလေသည်။

အိုင်လင်းက ကျနော့်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။

"တကယ်တော့ ရှင်က ယူဂျွန်ဟော့ မဟုတ်ဘူးမလား"

ထိုမေးခွန်းမှာ ကျနော် ကြိုတင်မျှော်လင့်ထားသည့် မေးခွန်းဖြစ်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ငါက သူမဟုတ်ဘူး"

"ဒါပေမဲ့ စက်မှုဇုန်ရဲ့ ပိုင်ရှင်က အခုဆိုရင် ယူဂျွန်ဟော့ ဖြစ်နေပြီနော်"

ထိုကိစ္စက အမှန်ပင် ဖြစ်သည်။ အမှန်တကယ်တန်းတွင် ကျနော့်ထံ ရောက်ရှိလာသော မက်ဆေ့ချ်များထဲတွင်လည်း ဖော်ပြထားပြီးသား ဖြစ်၏။

[စက်မှုဇုန်၏ လက်ရှိပိုင်ရှင်မှာ စော်ဘွား ယူဂျွန်ဟော့ ဖြစ်ပါသည်။]

စော်ဘွား ယူဂျွန်ဟော့ ဆိုပဲ...။ အဲဒီမအေဘေးက ငါ့ကို ကျေးဇူးတောင် တင်သင့်တယ်။

အိုင်လင်းကို ကြည့်ကာ ကျနော်ပြောလိုက်သည်။

"စော်ဘွားက မကြာခင် ရောက်လာလိမ့်မယ်။"

အိုင်လင်း၏ မျက်နှာတွင် ထူးဆန်းသော တင်းမာမှုများ ဖုံးလွှမ်းသွားသည်။

"...ယူဂျွန်ဟော့က မိစ္ဆာတစ်ကောင်လား။"

"သူက မိစ္ဆာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ မိစ္ဆာတစ်ကောင်လိုတော့ ခံစားရတယ်"

မည်သို့ ရှင်းပြရမည်ကို ကျနော် စိုးရိမ်နေမိသော်လည်း နောက်ဆုံးတွင်တော့ ဤသို့ပင် ပြောရန် ဆုံးဖြတ်လိုက်သည်။

"ဒီတစ်ကြိမ်မှာတော့ ယူဂျွန်ဟော့က လူကောင်းတစ်ယောက်ပါ"

အိုင်လင်းက ကျနော် ဆိုလိုသည်ကို နားမလည်ပေ။ ကျနော် ခေါင်းကို ခါယမ်းလိုက်သည်။

"ငါ အကူအညီတစ်ခု တောင်းချင်တယ်။ ဂျန်ဟာယောင်းနဲ့ ဟန်မြုံအိုကို ငါ့ဆီ ခေါ်လာပေးလို့ ရမလား။ သူတို့ကို ပြောစရာ ရှိလို့ပါ"

"...ကောင်းပါပြီ"

ကျနော် အကျပ်အတည်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ကျော်ဖြတ်နိုင်သည်က ‘တစ်ခု’ သာ ရှိသေးသည်။ ‘တော်လှန်ရေးသမား’ ဇာတ်ဝင်ခန်း ပြီးဆုံးသွားသော်လည်း နောက်ဆက်တွဲ ဇာတ်ဝင်ခန်းများမှာ ယခင်နှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အတိုင်းအတာ ကြီးမားလှသည်။

[မိစ္ဆာဘုရင် အချို့သည် သင်၏ လုပ်ဆောင်ချက်များကို စိတ်ဝင်စားနေကြပါသည်။]

ကျနော်သာ သတိမထားမိလျှင် ဝါးမျိုခံရပေလိမ့်မည်။ ထို့ကြောင့် ယခုမှစကာ ခြေလှမ်းတိုင်းကို စနစ်တကျ ပြင်ဆင်ရမည် ဖြစ်သည်။ အိုင်လင်း ထွက်သွားသည်နှင့် ကျနော်က ဖုန်းမျက်နှာပြင်ပေါ်ရှိ ဖိုင်ကို ဝေခွဲမနေဘဲ ဖွင့်လိုက်သည်။

— ပျက်စီးသွားသော ကမ္ဘာကြီးတွင် ရှင်သန်ရန် နည်းလမ်း သုံးသွယ် (ပထမအကြိမ် ပြင်ဆင်ချက်).txt

ထိုဖိုင်မှာ ကျနော် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော ‘Ways of Survival’ ပင် ဖြစ်သည်။ ကျနော့်ရင်ခုန်သံများမှာ မြန်ဆန်နေပြီ ဖြစ်သည်။ ပထမအကြိမ် ပြင်ဆင်ချက် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထို့အပြင် စာရေးသူက ထိုဖိုင်ကို ကျနော့်ထံ အဘယ်ကြောင့် ပေးခဲ့သနည်း။

သို့သော်လည်း ဖိုင်မှာ ချက်ချင်း ပွင့်မလာပေ။ အိုင်လင်း ပြုလုပ်ပေးထားသည့် စမတ်ဖုန်း၏ စွမ်းဆောင်ရည်ကြောင့် ဖြစ်နိုင်သည်။ ဖုန်း၏ စွမ်းဆောင်ရည်ကြောင့် ကျနော့် ဖုန်းအဟောင်းကိုပင် လွမ်းဆွတ်မိစေသည်။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်မှသာ ဖိုင်မှာ ခက်ခဲစွာ ပွင့်လာတော့သည်။

"...ဖုန်းက နှေးနေတာ မဟုတ်ဘူး။ ဖိုင်က အရမ်းကြီးလွန်းနေတာပဲ"

အမှန်ပင်။ လက်ရှိအနေအထားက အကောင်းဆုံး မပြုပြင်ထားသော ကွန်ပျူတာတစ်လုံးတွင် ဖိုင်ဖွင့်သကဲ့သို့ အချိန်ယူနေရခြင်း ဖြစ်သည်။ များပြားလှသော စာသားများကို ကြည့်ရင်း ကျနော် အနည်းငယ် ပျို့အန်ချင်သလို ခံစားလိုက်ရသည်။

ချီး။ ငါ ဒါကို ဘယ်လိုများ ဖတ်ခဲ့တာပါလိမ့်။

ဇာတ်လမ်း၏ မည်သည့်နေရာတွင် ပြင်ဆင်ထားသည်ကို သိနိုင်ရန် ကျနော်သည် အစမှအဆုံး ပြန်လည်ဖတ်ရှုရမည်ဖြစ်ပြီး ကျနော့်မှတ်ဉာဏ်ထဲရှိ အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်ရမည် ဖြစ်သည်။ ကျနော် ပထမဆုံး စာမျက်နှာ ဆယ်မျက်နှာကို စတင်ဖတ်ရှုလိုက်သည်။

...သိသာထင်ရှားတဲ့ အပြောင်းအလဲ မရှိဘူးလား။ မြေအောက်ရထားကနေ စတင်ခဲ့တာနဲ့ ယူဂျွန်ဟော့ရဲ့ လုပ်ဆောင်ချက်တွေက ဒီအတိုင်းပဲ။

ဒါက ပြင်ဆင်ချက် ဖြစ်နေတာတောင် ဒီမအေဘေးက ဘာလို့ ဒီပုံစံအတိုင်းပဲ ဖြစ်နေရတာလဲ။

ထိုစဉ် မူရင်း ‘Ways of Survival’ တွင် မရှိခဲ့သော ဝါကျတစ်ခု ပထမဆုံးအကြိမ် ပေါ်လာခဲ့သည်။

「‘တကယ်လို့ သူသာရှိနေရင် ငါ ဒါကို တွေးမိမှာ မဟုတ်ဘူး’ဟု ယူဂျွန်ဟော့က တွေးလိုက်သည်။」

ကျနော် အေးစိမ့်သွားသလို ခံစားလိုက်ရသဖြင့် ရပ်လိုက်မိသည်။

「 ‘တကယ်လို့ သူသာ ဒီမှာ ရှိနေခဲ့ရင် ငါ အရာရာကို အခုထက် ပိုပြီး ကွဲပြားစွာ ဆုံးဖြတ်မိမှာပဲ...’ 」

ကျနော်သည် မသိစိတ်ဖြင့် ပထမဆုံး စာမျက်နှာဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။ စမတ်ဖုန်း၏ စွမ်းဆောင်ရည်ကြောင့် စာသားများမှာ ရောထွေးနေသော်လည်း ကျနော် ဂရုမစိုက်နိုင်တော့ပေ။ ထူးဆန်းသော ခံစားချက်တစ်ခုက ကျနော့်ရင်ထဲတွင် ပြည့်နှက်သွားသည်။

တစ်စုံတစ်ခုတော့ လွဲချော်နေလေပြီ။

...ပထမဆုံး အခန်းက အတူတူပဲလား။ မဟုတ်ဘူး။ ဒါက လုံးဝကို ကွဲပြားခြားနားတဲ့ အစပြုမှုတစ်ခုပဲ။ ကျနော်သည် ‘Ways of Survival’ ပထမဆုံး အခန်း၏ ပထမဆုံး စာမျက်နှာသို့ လှည့်ကြည့်လိုက်ပြီး မှင်တက်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။

"...ဒါက တတိယမြောက် နောက်ပြန်ဆုတ်ခြင်း မဟုတ်ဘူး"

ပျက်စီးသွားသော ကမ္ဘာကြီးတွင် ရှင်သန်ရန် နည်းလမ်း သုံးသွယ်၏ ပထမအကြိမ် ပြင်ဆင်ချက်။ ဝတ္ထု၏ ပထမဆုံး ဝါကျကို ကျနော်ထပ်မံ ဖတ်ရှုလိုက်သည်။

「 ထိုသို့ဖြင့် ယူဂျွန်ဟော့၏ စတုတ္ထမြောက် ဘဝ စတင်ခဲ့လေသည်။ 」

ပထမအကြိမ် ပြင်ဆင်ချက်သည် ယူဂျွန်ဟော့၏ စတုတ္ထမြောက် နောက်ပြန်ဆုတ်ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

「 ယူဂျွန်ဟော့တွင် အတွေးတစ်ခု ရှိခဲ့သည်။ 」

「 ဒီတစ်ကြိမ်မှာတော့ အဲ့ဒီကောင် တည်ရှိမနေတော့ဘူး။ 」

အခန်း ၂၂၂

- အပိုင်း ၄၂ - အက်စ်မိုးဒီအက်စ် (၂)

ဒီတစ်ကြိမ်မှာတော့ အဲ့ဒီကောင် တည်ရှိမနေတော့ဘူး။

ကျနော် ထိုဝါကျကို ဖတ်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဦးခေါင်းမှ ခြေဖျားအထိ လျှပ်စစ်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

မဟုတ်မှလွဲရော... မဟုတ်နိုင်ပါဘူး။ တကယ်ကို မဖြစ်နိုင်တာ။

ယူဂျွန်ဟော့က 'အဲ့ဒီကောင်' ဟု ခေါ်ဆိုနိုင်သည့် လူပေါင်းများစွာ ရှိနေလေသည်။ ယခင် နောက်ပြန်ဆုတ်ခြင်းများတွင်လည်း ယူဂျွန်ဟော့ တွေ့ဆုံခဲ့ဖူးသည့် 'လူ' အချို့ ရှိခဲ့ဖူးသည်ပင်။

ထို့နောက်တွင်တော့ မကြာခဏ ပေါ်လာလေ့ရှိသည့် ယူဂျွန်ဟော့၏ အတွေးများကို ကျနော် သတိရသွားပြီး စိတ်ထဲတွင် ရှုပ်ထွေးသွားရသည်။

「 ယူဂျွန်ဟော့တွင် အတွေးတစ်ခု ရှိခဲ့သည်။ 」

「 'နောက်ပြန်ဆုတ်ခြင်းတွေကို ထပ်ခါတလဲလဲ လုပ်နေရုံနဲ့ အခြေအနေတွေ တိုးတက်လာလိမ့်မယ်လို့ မထင်နဲ့' 」

「 'ဒီဘဝမှာ ငါ့ရဲ့ မွေးနေ့ပဲ ရှိတော့တယ်' 」

「 'ငါ ဒါကို လုပ်နိုင်မလားတော့ မသိဘူး။ ဒါပေမဲ့ ငါ လက်လျှော့မှာ မဟုတ်ဘူး' 」

ချီး။ ဘယ်လိုပဲကြည့်ကြည့် ဒါတွေက ငါ့စကားတွေပဲ။ ကျနော်သည် တခြားသော အခန်းများကို ကြည့်ရန် စာမျက်နှာများကို အမြန်ပင် ဆွဲတင်လိုက်သည်။ 'အဲ့ဒီကောင်' ဆိုသည့် စကားလုံးမှာ မကြာခဏ ပေါ်လာတတ်သည်။ စာရေးသူသည် 'ကင်ဒေါ့ဂျာ' ဆိုသည့် အမည်ကို တစ်ခါမျှ ထည့်မရေးခဲ့သော်လည်း အဲ့ဒီကောင်ဆိုသည်မှာ ကျနော်ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ကျနော် ပြောခဲ့သမျှ အားလုံးကို မမှတ်မိသောကြောင့် ရာနှုန်းပြည့်တော့ မသေချာပေ။ သို့သော်လည်း ယူဂျွန်ဟော့ကို ဤကဲ့သို့သော စကားမျိုး ပြောရဲမည့် တခြားသူကိုတော့ ကျနော် စိတ်ကူး၍ပင် မရနိုင်။ အကယ်၍ တခြားတစ်ယောက်ယောက်ကသာ ဤမျှအထိ ရဲတင်းသော စကားမျိုးကို ပြောခဲ့လျှင် ယူဂျွန်ဟော့သည် ထိုသူ၏ ခေါင်းကို ဖြတ်ပစ်လိုက်လောက်ပြီ ဖြစ်သည်။

"...ငါတော့ ရူးတော့မှာပဲ"

[‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ နက္ခတ်သည် သင်၏ စကားများအပေါ် သိလိုစိတ် ပြင်းပြနေပါသည်။]

ကောင်းကင်တစ်မျှ မဟာပညာရှိ၏ မက်ဆေ့ချ်ကို ကျနော် လျစ်လျူရှုလိုက်ပြီး အသက်ကို ဖြည်းညှင်းစွာ ပြင်းပြင်းရှူလိုက်သည်။ ကျနော့်၏ အတွေးများကို စနစ်တကျ ပြန်လည်စီစဉ်ရန် လိုအပ်သည်။ အချိန်ရှိပါသေးသည်။ မထင်မှတ်ဘဲ Fourth Wall က ကျနော့်ကို ကူညီပေးလာသည်။

「 ကင်ဒေါ့ဂျာက တွေးနေမိသည် - အတိုချုပ်ပြောရရင် ဒါက လက်ရှိ အခြေအနေပဲ။ 」

ဟုတ်ပြီ၊။ ဆက်ပြောစမ်းပါ။

「 တစ်၊ Ways of Survival ရဲ့ ပထမအကြိမ် ပြင်ဆင်ချက် ရောက်ရှိလာခဲ့တယ်။ 」

「 နှစ်၊ အဲဒီ ပြင်ဆင်ချက်က ယူဂျွန်ဟော့ရဲ့ စတုတ္ထမြောက် နောက်ပြန်ဆုတ်ခြင်းကနေ စတင်ခဲ့တယ်။ 」

「 သုံး၊ စတုတ္ထမြောက် နောက်ပြန်ဆုတ်ခြင်းက ယူဂျွန်ဟော့ရဲ့ အောက်မေ့ဖွယ် မှတ်တမ်းတွေထဲမှာ ‘ကင်ဒေါ့ဂျာ’ လို့ ယူဆရတဲ့သူ တစ်ယောက် ပေါ်လာခဲ့တယ်။ 」

အလွန်ပင် ရှင်းလင်းသော အစီအစဉ်တကျ ချပြပေးနေမှု ဖြစ်သည်။ ဤအချက် သုံးချက်က အရာတစ်ခုကိုသာ သက်သေပြနေသည်။

「 ယူဂျွန်ဟော့သည် တတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ကျရှုံးခဲ့သည်။ 」

မည်သို့ပင် ကြည့်ပါစေ ကျနော် တခြား ဘာကိုမှ မတွေးနိုင်တော့ပေ။ အကယ်၍ ယူဂျွန်ဟော့နှင့် ကျနော်သာ ဤကမ္ဘာကြီး၏ အဆုံးသတ်ကို ရောက်ရှိခဲ့လျှင် သူသည် စတုတ္ထမြောက် နောက်ပြန်ဆုတ်ခြင်းဆီသို့ ကူးပြောင်းသွားစရာ အကြောင်းမရှိပေ။

ထိုအတွေးက အယုတ္တိအရှိဆုံး ဆင်ခြင်မှု ဖြစ်သည်။ ကျနော် ပါဝင်ပတ်သက်ခဲ့သည့် တတိယအကြိမ်မှာ ကျရှုံးမှုတစ်ခု ဖြစ်ခဲ့သည်။ ထိုကျရှုံးမှု နောက်ပိုင်း အချိန်များကို Ways of Survival ၏ ပြင်ဆင်ချက်တွင် အသစ်တဖန် မှတ်တမ်းတင်ထားခြင်း ဖြစ်၏။

ကျရှုံးမှုက ဘယ်လိုမျိုးလဲဟု ကျနော် တွေးတောမိသော်လည်း ဤကမ္ဘာမှာ မဖြစ်နိုင်သော အရာများစွာ ဖြစ်ပျက်နေခဲ့ပြီးသား ဖြစ်သည်။ ကျနော်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး Ways of Survival ကို ထပ်မံ ရှာဖွေကြည့်လိုက်သည်။

မေးခွန်းတစ်ခုမှာ ပြေလည်သွားခဲ့သော်လည်း နောက်ထပ် မေးခွန်းများစွာမှာ ပေါ်ပေါက်လာခဲ့ပြန်သည်။ Fourth Wall မှတစ်ဆင့် ပေါ်လာသော မေးခွန်းများကို တစ်ခုချင်းစီ ကျနော် ဖြေရှင်းရန် ကြိုးစားကြည့်သည်။

「 ယူဂျွန်ဟော့ရဲ့ စတုတ္ထမြောက် အကြိမ်မှာ ငါ ဘာလို့ တည်ရှိမနေရတာလဲ။ 」

မည်သို့ပင် တွေးတောပါစေ ကျနော် အဖြေမရနိုင်ပေ။ တွေးမရခြင်းက ကျနော်သည် ဇာတ်ကောင် တစ်ယောက် မဟုတ်သောကြောင့် ဖြစ်နိုင်သလို တခြားသော ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ 'ကျနော်' သည် စတုတ္ထမြောက် နောက်ပြန်ဆုတ်ခြင်းမှစကာ ဆက်လက် တည်ရှိမနေတော့သည်မှာ ထင်ရှားလှသည်။ ကျနော် အာရုံစိုက်ရမည့် ဒုတိယမြောက် ပြဿနာတစ်ခု ရှိသေးသည်။

「 တကယ်လို့ ပထမအကြိမ် ပြင်ဆင်ချက်က အနာဂတ် ဖြစ်ရပ်တွေကို ပုံဖော်ထားတာဆိုရင် ငါ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး ဒုတိယအကြိမ် ပြင်ဆင်ချက်ဆိုတာ ရှိလာနိုင်ဦးမလား။ 」

မည်သည့်အရာမှ မသေချာပေ။ ဖြစ်နိုင်သည်မှာ ဤပထမအကြိမ် ပြင်ဆင်ချက်ကို 'သတ်မှတ်ပြီးသား အနာဂတ်' အဖြစ် ဖယ်ထုတ်၍ မရနိုင်ခြင်းဖြစ်သည်။ သို့သော်လည်း ထိုအချက်က ဖြစ်နိုင်လောက်စရာ မြင့်မားလှသည်တော့ မဟုတ်ကြောင်း ကျနော် သေချာပေါက် သိသည်။ အကယ်၍ 'သတ်မှတ်ပြီးသား အနာဂတ်' ဖြစ်ခဲ့လျှင် စာရေးသူက ကျနော့်ထံ ဤဖိုင်ကို ပေးပို့လိမ့်မည် မဟုတ်ပေ။

အကြောင်းရင်းကိုတော့ ကျနော် မသိသော်လည်း စာရေးသူသည် ဤ 'ပြင်ဆင်ချက်' မှတစ်ဆင့် ကျနော့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်း ဖြစ်သည်။ အကယ်၍ ကျနော်သာ ဤလမ်းစဉ်အတိုင်း ဆက်သွားနေမည်ဆိုလျှင် တတိယမြောက် နောက်ပြန်ဆုတ်ခြင်းမှာ ကျရှုံးမှုနှင့်သာ အဆုံးသတ်ပေလိမ့်မည်။ ထို့နောက် စတုတ္ထမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့သည် အရာအားလုံးကို တစ်ကိုယ်တည်း ပြန်လည် လုပ်ဆောင်ရတော့မည် ဖြစ်၏။

စာရေးသူက သတိပေးချက်တစ်ခု ပေးပို့လိုက်ခြင်း ဖြစ်သည်။ စာရေးသူက တော်တော်လေး စိတ်ပျက်စရာ ကောင်းနေနိုင်သော်လည်း... မည်သို့ပင်ဖြစ်စေ အဖြေမရှိ သောကြောင့် ထိုအကြောင်းကို မစဉ်းစားရန် ကျနော် ဆုံးဖြတ်လိုက်သည်။

"ပထမအဆင့်က ဒါတွေအားလုံးကို ပြန်ဖတ်ဖို့ပဲ... ငါ့ခေါင်းတော့ နောက်တော့မှာပဲ"

ကျနော်က နားထင်ကို လက်ဖြင့် ဖိထားရင်း Ways of Survival ကို ဆက်လက် ဖတ်ရှုနေမိသည်။ အချို့နေရာများမှာ အတူတူပင် ဖြစ်သော်လည်း အချို့မှာတော့ ပြောင်းလဲသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဇာတ်လမ်းကို ဖတ်ရှုရင်း ကျနော် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာရသည်။

'မအေဘေး ယူဂျွန်ဟော့ကတော့ကွာ။ ငါဒီလောက် ပြောပြခဲ့တာကိုတောင် ဒီပုံစံအတိုင်း ဖြစ်နေတုန်းပဲ'

ကျနော် တွေးနေမိသည်။

'ဟမ်။ ဒါကို ကြည့်စမ်းပါဦး။ နည်းနည်းလေး ပြောင်းလဲသွားတာ မဟုတ်ဘူးလား'

ကျနော် ထိုအကြောင်းကို စဉ်းစားနေမိသည်။ ထို့အပြင်...

'ဟုတ်တယ်၊ ဒီအပိုင်းက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီအပိုင်းကို ငါ သဘောကျတယ်။'

'ချီး။ ရှင်းပြချက်တွေကလည်း များလိုက်တာ...'

'...မဟုတ်ဘူး။ အရေးအသားက နည်းနည်း ပိုကောင်းလာသလိုပဲ။ စာရေးသူက အရေးအသားတိုးတက်လာတာလား'

ဤအတွေးများထဲတွင် ပိတ်မိနေရင်း ကျနော်သည် စာဖတ်သူတစ်ယောက်၏ အနေအထားသို့ ပြန်လည်ရောက်ရှိ သွားကာ Ways of Survival ထဲသို့ ထပ်မံ စိတ်ဝင်စားသွားပြန်သည်။ ယူဂျွန်ဟော့ ငါးကလေး တစ်ကောင်ကဲ့သို့ ဇာတ်ဝင်ခန်းများထဲ ကူးခတ်နေဆဲ ဖြစ်သော်လည်း စိတ်ဝင်စားစရာ ကောင်းသည်မှာ ကျနော့်၏ ပါဝင်ပတ်သက်မှုကြောင့် ယူဂျွန်ဟော့၏ အမှားအယွင်းငယ်လေးများမှာ လျော့နည်းသွားခြင်းပင်။ အထင်ရှားဆုံး အပိုင်းမှာ သူသည် စတုတ္ထမြောက် နောက်ပြန်ဆုတ်ခြင်း အစပိုင်းတွင် ကျနော့်ကဲ့သို့ပင် 'အီသီယိုဆော'ကို အမဲလိုက်နိုင်ခဲ့ခြင်း ဖြစ်၏။

「 ယူဂျွန်ဟော့က တွေးလိုက်သည် ‘အဲ့ဒီကောင်က ဒီနေရာမှာ ဝှက်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခု ရခဲ့တာပဲ’။ 」

သူသည် ရှစ်ကြိမ်မြောက်နှင့် ဆယ့်တစ်ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းများတွင်လည်း ရုပ်ရှင်ရုံခံတပ်ထောင်ချောက် အတွင်း သေဆုံးခြင်း မရှိခဲ့ပေ။

「 "…ငါ အသက်ရှင်ခဲ့တာ အဲဒီလူကြောင့်ပဲ။ ကောင်းပြီလေ။ ငါ တစ်နည်းနည်းနဲ့တော့ ရှင်သန်နေဦးမှာပါ" 」

ဤအပိုင်းကို ဖတ်လိုက်ရသောအခါ ကျနော် မျက်ရည်ကျလုနီးပါး ခံစားလိုက်ရသည်။ ကျနော့်မှာ ကြွားဝါစရာ နေရာတစ်ခုသာ ရှိခဲ့လျှင် ကျနော် သေချာပေါက် ကြွားမိပေလိမ့်မည်။

'အားလုံးပဲ ကြည့်လိုက်စမ်းပါ။ အဲဒီငါးကလေးက တိုးတက်လာပြီကွ'

ကျနော်က Ways of Survival ရဲ့ တစ်ဦးတည်းသော စာဖတ်သူ ဖြစ်နေသောကြောင့် ကြွားစရာ နေရာတော့ မရှိပေ။ ကျနော် မေးခွန်းတစ်ခုကို စဉ်းစားမိသောအခါ စာမျက်နှာများကို အမြန်ဆွဲတင်နေခြင်းမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ခဏလေး။ ဒီချီးထုတ်က ငါ ထင်ထားတာထက် ပိုပြီး ကောင်းကောင်း လုပ်နိုင်နေတာလား။ ဒါဆို နောက်ထပ် ဘာဖြစ်လာမှာလဲ။ ငါ့ဆီကနေ လွှမ်းမိုးမှု ရခဲ့တဲ့ ယူဂျွန်ဟော့က... ဒီကမ္ဘာကြီးရဲ့ 'မှန်ကန်တဲ့' အဆုံးသတ်ကို ရောက်နိုင်ပါ့မလား။

"ခင်ဗျား ဘာလုပ်နေတာလဲ။ ခင်ဗျား သေတော့မလို ဖြစ်နေတယ်လို့ အိုင်လင်းဆီက ကြားခဲ့ရတာဗျ"

"ကင်... ယူဂျွန်ဟော့။ မင်းရဲ့ ခန္ဓာကိုယ်ရော အဆင်ပြေရဲ့လား"

တံခါးပွင့်လာပြီး ဂျန်ဟာယောင်းနှင့် ဟန်မြုံအိုတို့ ဝင်လာကြသည်။ သူတို့နှစ်ယောက်ကို ခေါ်ပေးရန် အိုင်လင်းကို ပြောခဲ့သည်ကို ကျနော် မေ့သွားခဲ့၏။

"ဟေ့…အဲ့ဒါက စမတ်ဖုန်းလား"

ဂျန်ဟာယောင်းက ကျနော် ကိုင်ထားသည့် ကိရိယာကို မြင်သွားပြီး ချက်ချင်းပင် အနားသို့ ပြေးလာသည်။

ကျနော်က ဖုန်းကိုင်ထားသည့် လက်ကို အသာအယာ ပြောင်းကိုင်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဘာမှမဟုတ်ဘူး။ အနားကပ်မလာနဲ့"

"ခင်ဗျားက မက်ဆေ့ချ်တွေ လက်ခံရရှိတာလား။ ဖုန်းခေါ်လို့ရလား။ အင်တာနက်ရော မိလား"

" မေးရိုးကျိုးချင်နေတာလား"

ကျနော့်၏ အေးစက်သော အဖြေကြောင့် ဂျန်ဟာယောင်းက စိတ်ပျက်သွားသည့် မျက်နှာပေး လုပ်လိုက်သည်။

"ဒါဆို ဘာလို့ ကျုပ်တို့ကို ဒီကို ခေါ်လိုက်တာလဲ"

"ငါ ပြောထားတဲ့ နက္ခတ်တွေနဲ့ အဆက်အသွယ် ရှိနေတုန်းပဲလား။"

"အာ... သူတို့လား"

ဂျန်ဟာယောင်းက ပခုံးတွန့်ရင်း ပြန်ဖြေသည်။

"သူတို့က စိတ်မဝင်စားကြဘူး"

"တကယ်လား"

နောင်လာမည့် ဇာတ်ဝင်ခန်းများကို ကျနော့်ခွန်အားတစ်ခုတည်းနှင့် ကျော်ဖြတ်ရန် ခက်ခဲပေလိမ့်မည်။ ယခုအချိန်အထိ ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များမှာ ဇာတ်ဝင်ခန်းများမှတစ်ဆင့် ဆင်းသက်လာသည့် ကပ်ဘေးများ သို့မဟုတ် တစ်သီးပုဂ္ဂလ နက္ခတ်များသာ ဖြစ်သည်။ အနာဂတ်တွင် ကျနော့်ကို နှောင့်ယှက်မည့်သူများမှာ ၎င်းတို့ထက် ပိုမို ကြီးမားကြသည်။ ဥပမာအားဖြင့် 'ကံကြမ္မာ' နှင့် ကျနော့်ကို ဒုက္ခပေးခဲ့သော အောက်တန်းစား ဝေဒ အဖွဲ့သားများကဲ့သို့ပင်။

သူတို့ကို တိုက်ခိုက်လိုလျှင် ကျနော်နှင့် စိတ်ကူးချင်း ဆင်တူသော နက္ခတ်များနှင့် အဆင့်ကျော်လွန်သူများ၏ လားရာကို သိရှိရန် လိုအပ်သည်။

"အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်နေကြပုံပဲ။ အများစုက ပြန်တောင် မဖြေကြဘူး"

...စောလွန်းသေးတာပဲ။

ဂျန်ဟာယောင်းက 'အဆင့်ကျော်လွန်သူများ၏ ဘုရင်' ဖြစ်လာဖို့ဆိုသည်မှာ ဇာတ်လမ်း၏ နောက်ပိုင်းအတော်လေး ရောက်မှ ဖြစ်သည်။ ထို့ကြောင့် မူရင်းဝတ္ထုထဲတွင် ဂျန်ဟာယောင်း၏ အနား၌ ရှိနေခဲ့သော နက္ခတ်များသည် ယခုအချိန်တွင် ကွဲပြားနေနိုင်ပေသည်။ ထို့အပြင် 'မူရင်း' မှာလည်း ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။

ကျနော်က သက်ပြင်းချရင်း ပြောလိုက်သည်။

"ရပြီ။ မင်း ထွက်သွားလို့ရပြီ"

"...ဘာလဲဗျာ။ ခင်ဗျားပဲ ကျုပ်ကို ခေါ်ထားပြီးတော့"

ဂျန်ဟာယောင်းက မြည်တွန်တောက်တီးရင်း အခန်းထဲမှ ထွက်သွားသဖြင့် ဟန်မြုံအို တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

ဟန်မြုံအိုက အရင်ဆုံး စကားစလိုက်သည်။

" ထူးဆန်းတယ်။ ကုမ္ပဏီမှာတုန်းကလည်း မင်းကို သိခဲ့တာပဲ၊ ဒါပေမဲ့..."

"တော်ပြီ။ ကျနော် ဘာလို့ ခင်ဗျားကို ခေါ်တယ်ဆိုတာ သိတယ်မလား"

"အဟမ်း"

ဟန်မြုံအိုက အကြောင်းရင်းကို သိပုံရသည်။

"...အမှန်တော့ ငါ သူ့ကို ဆက်သွယ်လို့ မရဘူး"

"ခင်ဗျားရဲ့ မျိုးနွယ်စုနဲ့ ဆက်သွယ်မှု ပြန်မရသေးဘူးလား"

"ပြန်ရပါပြီ။ ဒါပေမဲ့ မိစ္ဆာဘုရင်ဆီက ဘာတုံ့ပြန်မှုမှ မရှိဘူး။"

မကြာခင်ကမှ ကျနော်သည် 'ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး' ကို အသုံးပြုပြီး ဟန်မြုံအိုနှင့် မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်တို့အကြား ဆက်သွယ်မှုကို ဖြတ်တောက်ခဲ့သည်။ သို့သော်လည်း ထိုသို့ဖြတ်တောက်ခြင်းမှာ ယာယီသာ ဖြစ်၏။ အက်စ်မိုးဒီအက်စ်နှင့် ပြန်လည် ဆက်သွယ်ရမည့် အချိန်ရောက်ပြီဟု ကျနော် ထင်ခဲ့သော်လည်း သူ၏ထံမှ မည်သည့် ဆက်သွယ်မှုမျှ မရှိသေးပေ။

"သူ မေးချင်တာ ဘာမှ မရှိဘူးလား"

"သူ ငါ့ကို မယုံတော့တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်..."

ထိုစဉ် ဟန်မြုံအို၏ မျက်နှာထား ပြောင်းလဲသွားသည်။

"ငါ-ငါ ဆက်သွယ်မှု ရပြီ"

ကျနော် ခေတ္တခဏမျှ တုန်လှုပ်သွားသည်။ မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်။ မိစ္ဆာဘုရင် ၇၂ ပါးအနက် အင်အားကြီးမားသော တည်ရှိမှုတစ်ခုက ယခုအခါ ဟန်မြုံအို၏ မျက်လုံးနှင့် ပါးစပ်မှတစ်ဆင့် ကျနော့်ကို စကားပြောတော့ပေမည်။ ထို့အပြင် ဟန်မြုံအို၏ မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းနေ၏။

"ဟင်"

"ဘာဖြစ်လို့လဲ"

"တစ်ခုခု မှားနေပြီ"

"ဘာမှားတာလဲ"

"သူ-သူက တိုက်ရိုက်လာနေပြီ"

"ဟမ်"

"မိစ္ဆာဘုရင်က ကိုယ်တိုင်လာနေပြီ"

ကျနော့်ရင်ထဲ အေးစိမ့်သွားသည်။ မိစ္ဆာဘုရင်က တိုက်ရိုက်လာနေသည် ဟုတ်လား။ ဤစကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။ မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်သည် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် ဇာတ်ဝင်ခန်း နယ်မြေအတွင်းသို့ တိုက်ရိုက် ရောက်ရှိလာခြင်းပင်။

ဘီယူထံမှ ချန်နယ်မက်ဆေ့ချ်များကို စဉ်ဆက်မပြတ် လက်ခံရရှိနေစဉ်မှာပင် ကျနော် မေးလိုက်သည်။

"သူ ဒီနားမှာ ရှိနေတာလား"

"ငါ-ငါ ထင်တာတော့ သူ မင်းကို ရှာတွေ့သွားပြီ ထင်တယ်..."

ရှာတွေ့သွားပြီ ဟုတ်လား။ ကျနော် မည်မျှပင် အာရုံခံစားမှုများကို မြှင့်တင်ထားပါစေ မိစ္ဆာဘုရင်၏ အငွေ့အသက်ကို လုံးဝ မခံစားရပေ။ အကယ်၍ မိစ္ဆာဘုရင်သာ အမှန်တကယ်ပင် ဤအနီးအနားသို့ ရောက်ရှိလာလျှင် ချန်နယ်အတွင်းရှိ နက္ခတ်များ ပျာပျာသလဲ ဖြစ်ကုန်ကြရုံသာမက ကြီးမားလှသော ဖိအားများကြောင့် ကိုယ်စားလှယ် အုပ်စုများမှာလည်း သွေးအန်ပြီး သေဆုံးကုန်ကြမည် ဖြစ်သည်။

"နေဦး။ မဟုတ်မှလွဲရော..."

သေချာစဉ်းစားကြည့်လျှင် ကျနော်သည် အရာအားလုံးကို 'ယူဂျွန်ဟော့' ဆိုသည့် အမည်အောက်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ချန်နယ်ထဲသို့ မဝင်ရောက်ထားသူများ သို့မဟုတ် ဘာဖြစ်နေသည်ကို အတိအကျ မသိရှိသူများသည် ကြယ်တာရာရုပ်သံထုတ်လွှင့်မှု မှတစ်ဆင့် ကျနော့်၏ တည်နေရာကို ခန့်မှန်းကြပေလိမ့်မည်။ ကြယ်တာရာရုပ်သံထုတ်လွှင့်မှု ၏ အဆိုအရ ကျနော့်၏ လက်ရှိ တည်နေရာမှာ...

"ချီး"

"ဘာ-ဘာလို့ ရုတ်တရက်ကြီးရောက်လာတာလဲကွာ"

"ဌာနမှူး ဟန်။ ဂီလိုဘတ် စက်မှုဇုန်ကို သွားတဲ့လမ်းကို သိလား"

ယူဂျွန်ဟော့ အန္တရာယ်ရှိနေလေပြီ။

"ကင်ဒေါ့ဂျာ"

"ကင်ဒေါ့ဂျာ အောင်ပါစေ"

"စက်မှုဇုန်ရဲ့ လွတ်လပ်ရေး"

ယူဂျွန်ဟော့သည် ဂီလိုဘတ် စက်မှုဇုန် တစ်ခွင်လုံးမှ ထွက်ပေါ်လာသော အော်ဟစ်သံများကို နားထောင်ရင်း ရှုပ်ထွေးသော မျက်နှာထား ဖြစ်နေသည်။

'ငါ ဒါကို လုပ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး'

ယူဂျွန်ဟော့သည် သူ၏လက်ထဲတွင် သေဆုံးသွားသော စော်ဘွား ဂီလိုဘတ်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အဆင့်ကျော်လွန်သော စွမ်းအားများကို အလွန်အကျွံ အသုံးပြုလိုက်ရသဖြင့် ယူဂျွန်ဟော့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လျှပ်စစ်မီးပွားများ လွင့်စင်နေသည်။ အမှန်တကယ်တော့ ယခုအချိန်တွင် ထိုစွမ်းအားကို ထုတ်သုံးရန် မလိုအပ်သေးပေ။

'အဆင့်ကျော်လွန်ခြင်းရဲ့ ပထမအဆင့်ကို ဖွင့်ဖို့က စောလွန်းသေးတယ်'

သို့သော်လည်း ထိုစွမ်းအားကို မဖွင့်ဘဲနှင့် မိစ္ဆာနယ်မြေအတွင်းရှိ သူ၏အလုပ်များကို အချိန်တိုအတွင်း ကိုင်တွယ်ရန်မှာ မဖြစ်နိုင်ပေ။ ဤသည်က နက္ခတ်များထံမှ တမင်တကာ ဖုံးကွယ်ထားသော စွမ်းအား ဖြစ်သော်လည်း နက္ခတ်တစ်ပါး၏ သထိထားမိခြင်းကို ခံလိုက်ရသည်။ ယူဂျွန်ဟော့သည် သူ၏ ပုခုံးပေါ်တွင် ထိုင်နေသော ယူရီအယ် အရုပ်ကလေးကို ကြည့်လိုက်သည်။

'သူကတော့ ဘာမှ စဉ်းစားမိပုံမရဘူး'

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင်၏ အောင်မြင်မှုအပေါ် ကျေနပ်အားရနေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင်၏ ရဲဘော်ရဲဘက်စိတ်ဓာတ်ပြည့်ဝမှုအပေါ် စိတ်လှုပ်ရှားနေပါသည်။]

"...စော်ဘွားက ဒင်္ဂါးတွေ အများကြီး ပေးတယ်လေ။ ဒါကြောင့် ငါ သူ့ကို သတ်လိုက်တာ"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ရယ်မောနေပါသည်။]

ယူဂျွန်ဟော့က ပြန်မဖြေတော့ဘဲ စော်ဘွား၏ ရုံးခန်းအတွင်းရှိ မျက်နှာပြင်ပြားကို ကြည့်လိုက်သည်။ ထိုနေရာတွင် အကျိတ်နှင့်လူများက ခိုးယူရိုက်ကူးထားပုံရသော အရည်အသွေးနိမ့် ဗီဒီယိုများ ရှိနေသည်။

— ယူဂျွန်ဟော့

— ငါက ယူဂျွန်ဟော့ပဲ

ဤမြင်ကွင်းက အဓိပ္ပာယ်မရှိသော မြင်ကွင်းတစ်ခုပင်။ လူပေါင်း ရာနှင့်ချီ၍ သူတို့ကိုယ်သူတို့ ‘ယူဂျွန်ဟော့’ ဖြစ်သည်ဟု အော်ဟစ်နေကြသည်။ အဆိုးဆုံးမှာ အလယ်ဗဟိုတွင် အော်ဟစ်နေသည့် ထိုဧရာမ လူကြီးပင် ဖြစ်သည်။

— ယူဂျွန်ဟော့။ ယူဂျွန်ဟော့။ ဟေး

ယူဂျွန်ဟော့သည် ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်ကာ ကြည့်နေပြီးမှ ခေါင်းကို လွှဲလိုက်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် မျက်နှာနီမြန်းနေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ကင်ဒေါ့ဂျာနှင့် သွားရောက်တွေ့ဆုံရန် သင့်ကို တိုက်တွန်းနေပါသည်။]

ယူဂျွန်ဟော့က ခေါင်းခါလိုက်သည်။

"...သူ အသက်ရှင်နေတာကို အတည်ပြုပြီးပြီ။ ခင်ဗျားရဲ့ ကိုယ်ပိုင် ဇာတ်ဝင်ခန်းကို ဖျက်သိမ်းပြီး ကျုပ်ကို မူရင်းကမ္ဘာဆီ ပြန်ပို့ပေးတော့"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အံ့အားသင့်သွားပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က ကိုယ်ပိုင် ဇာတ်ဝင်ခန်း မပြီးဆုံးသေးကြောင်း ပြောဆိုနေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်၏ ကိုယ်ပိုင် ဇာတ်ဝင်ခန်း အကြောင်းအရာမှာ ကင်ဒေါ့ဂျာနှင့် တွေ့ဆုံရန်...]

"ကျုပ်က အဲဒီ ကိုယ်ပိုင် ဇာတ်ဝင်ခန်းကို လက်ခံလိမ့်မယ်လို့ ခင်ဗျား တကယ် ထင်နေတာလား"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အလွန်အမင်း တုန်လှုပ်သွားပါသည်။]

ယူရီအယ် အရုပ်ကလေး၏ ပုခုံးများမှာ တုန်ရင်နေပြီး အေဒင် ပျက်စီးသွားလျှင်ပင် ယူရီအယ် ပြုလုပ်လိမ့်မည် မဟုတ်သော မျက်နှာထားမျိုး ဖြစ်နေ၏။ ယူဂျွန်ဟော့က ခေတ္တမျှ ကြည့်နေပြီးမှ သက်ပြင်းချလိုက်သည်။

"အခုအခြေအနေက အဆင်ပြေရဲ့လား"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာထားဖြင့် ခေါင်းမော့ကြည့်လာပါသည်။]

"ငါက အခု ဒါနဲ့ မိစ္ဆာနယ်မြေရဲ့ စော်ဘွားတစ်ယောက် ဖြစ်လာပြီ။ ဒါပေမဲ့ မင်းက နတ်ခေါင်ချုပ် တစ်ပါးပဲ။ ဒီလို ဖြစ်နေတာက ပြဿနာ ရှိမလားလို့ ငါ မေးနေတာ။"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အလွန်အမင်း အရှက်ရသွားပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က ထိုအကြောင်းကို မစဉ်းစားမိကြောင်း ပြောဆိုနေပါသည်။]

"...ချီး"

ယူဂျွန်ဟော့သည် နတ်ခေါင်ချုပ်နှင့်အတူ အနာဂတ်တွင် မည်သို့ ဆက်လက် လှုပ်ရှားရမည်ကို တွေးတောရင်း ဆဲရေးတိုင်းထွာလိုက်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင့်ကို သတိပေးနေပါသည်။]

ကြီးမားလှသော အမှောင်ထုတစ်ခုမှာ သူ၏ အနားတွင် စုဝေးလာတော့သည်။ ယူဂျွန်ဟော့သည် ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြောင့် မသိစိတ်ဖြင့် ‘ကောင်းကင်ခွဲဓါး’ ကို ထုတ်ယူလိုက်သည်။ သို့သော်လည်း ပြိုင်ဘက်မှာ ဓါးတစ်လက် ထုတ်ရုံနှင့် အနိုင်ယူနိုင်မည့်သူ မဟုတ်ပေ။

အနက်ရောင် အသူတစ်ရာမှာ အနှစ်သာရတစ်ခုအဖြစ် စုစည်းလာသည်။ မိစ္ဆာနယ်မြေ၏ အနက်ရှိုင်းဆုံး အမှောင်ထုမှာ သူ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ ယူဂျွန်ဟော့သည် ဤအမှောင်ထုကို အလွန် ကောင်းကောင်း သိရှိနေသည်။

"ထွက်ပြေးတော့။ ခင်ဗျားရဲ့ သင်္ကေတ ခန္ဓာကိုယ်ကို ကျုပ် ကာကွယ်မပေးနိုင်ဘူး"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က မဖြစ်နိုင်ကြောင်း ပြောဆိုနေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်...]

ယူဂျွန်ဟော့၏ ပုခုံးများမှာ အနည်းငယ် တုန်ရင်နေသည်။ ယူရီအယ် အရုပ်ကလေးသည် ထိုကဲ့သို့သော သက်ပြင်းချသံမျိုးကို တစ်ခါမျှ မကြားဖူးသဖြင့် ပျာပျာသလဲ မျက်နှာထားဖြင့် ယူဂျွန်ဟော့၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ တုန်ရင်မှုကို ထိန်းချုပ်ရန်မှာ မလွယ်ကူပေ။ ကြောက်ရွံ့မှုကို အသိအမှတ် မပြုလိုသကဲ့သို့ပင် ယူဂျွန်ဟော့သည် ခက်ထန်သော မျက်နှာထားဖြင့် စကားပြောလိုက်သည်။

"...ကျုပ်တစ်ခါက ဒီကောင့်လက်ထဲမှာ အသတ်ခံခဲ့ရဖူးတယ်"

နောက်တစ်စက္ကန့်တွင် အမှောင်ထု၏ ကိုယ်ထည်မှာ ပေါ်ထွက်လာပြီး ကြီးမားလှသော အရှိန်အဝါကြောင့် ထိုဧရိယာအတွင်းရှိ ကိုယ်စားလှယ်များ၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲထွက်ကုန်လေသည်။

[မင်းက ဒီလိုနေရာမျိုးမှာ ရှိနေတာပဲ၊ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်]

All Chapters