← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 17 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 17 Ch. 223-224

အခန်း ၂၂၃

- အပိုင်း ၄၂ - အက်စ်မိုးဒီအက်စ် (၃)

ကျနော်က ဂီလိုဘတ် စက်မှုဇုန်ကို လိုက်ပို့ပေးဖို့ ပြောလိုက်တဲ့အခါ အိုင်လင်းက ပြန်ဖြေသည်။

"ရှင် ဘယ်လောက်ပဲ မြန်မြန်သွားသွား ဂီလိုဘတ် စက်မှုဇုန်ကို ရောက်ဖို့ အနည်းဆုံး နှစ်ရက်တော့ ကြာလိမ့်မယ်။ အဆင့်ကျော်လွန်တဲ့ တည်ရှိမှုတစ်ခုခုဆီက အကူအညီ ရရင်တော့ တစ်မျိုးပေါ့..."

"ကိုယ်စားလှယ်အဖွဲ့က သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးသုံးရင်ရော မဖြစ်နိုင်ဘူးလား"

"အဲဒါကို သုံးမယ်ဆိုတာကို ထည့်တွက်ပြီးမှ နှစ်ရက်ကြာမယ်လို့ ပြောတာပါ"

နှစ်ရက်... ကျနော့်အတွက်တော့ နှစ်နာရီတောင်မှ အလွန် ကြာလွန်းလှသည်။ မည်သည့်နည်းနှင့်ဖြစ်ဖြစ် တစ်နာရီအတွင်း ရောက်မှ ဖြစ်မည်။ မဟုတ်လို့ကတော့ ယူဂျွန်ဟော့၏ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်ကိုပဲ တွေ့ရမည်မှာ သေချာ၏။ ကျနော် အပြင်းအထန် စဉ်းစားနေမိသည်။

'အဆင့်ကျော်လွန်တဲ့ တည်ရှိမှုရဲ့ အကူအညီဆိုရင်တော့...'

အရင်ဆုံး စိတ်ထဲသို့ ရောက်ရှိလာသည်မှာ 'ဟာမီးစ်' ပင် ဖြစ်သည်။ အကယ်၍ ထိုနက္ခတ်၏ အကူအညီသာ ရရှိပါက နှစ်ရက်ကြာမြင့်မည့် ခရီးကို မိနစ်ပိုင်းအတွင်း ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ သို့သော် ပြဿနာမှာ သူသည် အိုလံပတ်စ်အဖွဲ့ဝင် ဖြစ်နေခြင်းပင်။

"...ငရဲကိုသွားရမယ်ဆိုရင် ငရဲကိုပဲ ငါသွားလိုက်မယ်။ သူ့ဆီက အကူအညီကိုတော့ ငါမယူဘူး"

"ဟမ်"

လန့်သွားသော အိုင်လင်းကို ကျနော်က လက်ကာပြလိုက်သည်။

"ငါ့ ဘာသာ ရေရွတ်နေတာပါ"

အမှန်တကယ်တော့ ကျနော်သည် တမင်တကာ တစ်ယောက်တည်း စကားပြောဆိုနေခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် —

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် မည်သည့်ကိစ္စ ဖြစ်ပျက်နေသည်ကို သိလိုစိတ် ပြင်းပြနေပါသည်။]

[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်သည် မည်သည့်ကိစ္စ ဖြစ်ပျက်သည်ကို သိလိုနေပါသည်။]

[နက္ခတ်အချို့သည် သင်၏ ဖုံးကွယ်ထားသော အချက်အလက်များ အပေါ် စိတ်ဝင်တစား ရှိနေကြပါသည်။]

ထိုသို့သော တုံ့ပြန်မှုများ ရရှိစေရန် ဆွဲဆောင်ခြင်းပင် ဖြစ်သည်။ သူတို့ထံမှ လာသော မက်ဆေ့ချ်များကို တမင်တကာ ကျနော် လျစ်လျူရှုထားပြီး အိုင်လင်းဘက်သို့ လှည့်၍ ပြောလိုက်သည်။

"တခြားနည်းလမ်းရော ရှိလား။ နေရာကူးပြောင်းမုခ်တို့ဘာတို့လို အရာတွေမရှိဘူးလား"

"ဒါက ၇၃ ခုမြောက် မိစ္ဆာနယ်မြေလေ။ ကျမတို့နေရာက အစွန်အဖျားဒေသ ဖြစ်နေတာ။ ကျမတို့ဆီမှာ အဲဒီလောက် အဆင့်မြင့်တဲ့ သယ်ယူပို့ဆောင်ရေး ကိရိယာတွေ မရှိဘူး"

"...အင်း။ ဟုတ်ပါပြီ"

" ဘာတွေဖြစ်နေတာလဲပြောပြပေးလို့ရမလား"

"လူတစ်ယောက် သေတော့မှာမလို့ပါ"

"ဘယ်သူလဲ"

"ဒီစက်မှုဇုန်ရဲ့ သခင်ပါ"

မျှော်လင့်ထားသည့်အတိုင်း ကျနော့်၏ မက်ဆေ့ချ်မှတ်တမ်းမှာ ပေါက်ကွဲထွက်သွားတော့သည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သင် မည်သည့်ကိစ္စကို ဆိုလိုသနည်းဟု မေးမြန်းနေပါသည်။]

[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်သည် သင်၏ ဇာတ်လမ်းကို နားစွင့်နေပါသည်။]

...ပေါက်ကွဲမှုမှာ သိပ်မကြီးမားသေးသော်လည်း ချန်နယ်အတွင်း နက္ခတ်ဦးရေ နည်းပါးနေသဖြင့် မတတ်နိုင်ပေ။

ဒါနဲ့ လိင်ပြောင်းလဲရသည်ကို နှစ်သက်သူက ဘယ်အချိန်ကတည်းက ရောက်ရှိနေတာလဲဟ။

"ရွှေခေါင်းကွင်း၏အကျဉ်သား။ ကျနော့်ကို ကူညီနိုင်မလား"

ကျနော်က နက္ခတ်ကို တိုက်ရိုက်ပြောဆိုလိုက်သောအခါ ဆေးကုသဆောင်အတွင်းရှိ လူများမှာ အံ့အားသင့်သွားကြသည်။ ကျနော်ကတော့ ပို၍ ရဲတင်းရန်သာ ဆုံးဖြတ်လိုက်သည်။

"အဆင်ပြေမည်ဆိုရင် ခင်ဗျားရဲ့ 'နင်ဘတ်စ် တိမ်တိုက်' ကို ခဏ ငှားရမ်းလိုပါတယ်"

ထိုတိမ်တိုက်မှာ 'ကောင်းကင်တစ်မျှ မဟာပညာရှိ' ၏ ကြယ်အမွေအနှစ်များထဲမှ တစ်ခုဖြစ်သော နင်ဘတ်စ်တိမ်တိုက် ဖြစ်သည်။ အကယ်၍ ထိုတိမ်တိုက်ကိုသာ ငှားရမ်းနိုင်ပါက ဂီလိုဘတ် စက်မှုဇုန်သို့ အမြန်ဆုံး ရောက်ရှိနိုင်မည် ဖြစ်သည်။ ပြဿနာမှာ ဇီဇာကြောင်လှသော ကောင်းကင်တစ်မျှ မဟာပညာရှိက သူ၏ ကြယ်အမွေအနှစ်ကို ငှားရမ်းပေးမည်လား မသေချာခြင်းပင်။ သူသည် ကျနော့်ကြောင့် ဖြစ်နိုင်စွမ်းများကို တစ်ကြိမ် ဖြုန်းတီးခဲ့ပြီးသား ဖြစ်သည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ‘နင်ဘတ်စ်တိမ်တိုက်’ကို အဘယ်ကြောင့် လိုအပ်သနည်းဟု မေးမြန်းနေပါသည်။]

ကျနော် ခေတ္တခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ စကားပြောလိုက်သည်။ ဤနေရာတွင် သေသေချာချာ ပြောဆိုရန် လိုအပ်သည်။

"ကျနော်က ယူဂျွန်ဟော့အဖြစ် ဟန်ဆောင်ခဲ့တာပါ။ အဲဒီနောက် ယူဂျွန်ဟော့က ကျနော့်အဖြစ် ဟန်ဆောင်ခဲ့ပါတယ်... အဲဒါကြောင့် ဇာတ်ဝင်ခန်းမှာ အမှားအယွင်းတစ်ခု ဖြစ်ပေါ်ပြီး ပြဿနာ တက်နေတာပါ..."

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် စိတ်အနှောင့်အယှက် ဖြစ်နေပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ရှုပ်ထွေးသော အရာများကို မုန်းတီးပါသည်။]

ကောင်းကင်တစ်မျှ မဟာပညာရှိ၏ စိတ်ရှည်မှုကို ငဲ့ကွက်၍ အခြေအနေကို ကျနော်က အတိုချုပ်လိုက်သည်။

"ဒီအကြောင်းကြောင့် ယူဂျွန်ဟော့ သေဆုံးရတော့မှာပါ"

သူ ကူညီမည်လားဟု သိချင်ခဲ့သော်လည်း ကောင်းကင်တစ်မျှ မဟာပညာရှိထံမှ တုံ့ပြန်မှုမှာ မထင်မှတ်ထားသည်ကို တွေ့ရသည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် စိတ်ဖိစီးမှုများကြောင့် သူ၏ ဆံပင်များကို တစ်ဆုပ်စာခန့် ဆွဲနှုတ်နေပါသည်။]

"ခဏလေးနေပါဦး"

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ခေါင်းဘီးကို သွားရောက်ရှာဖွေရန် ထွက်ခွာသွားပါပြီ။]

"ဟမ်"

ပျောက်ကွယ်သွားသော ကောင်းကင်တစ်မျှ မဟာပညာရှိထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ပေ။

[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်သည် ဤအခြေအနေကို သဘောကျနေပါသည်။]

[ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်ပါသည်။]

ကျနော်က လေဟာနယ်ကို မော့ကြည့်နေစဉ် အိုင်လင်းက မေးမြန်းလာသည်။

"သူက ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့ ဒီစက်မှုဇုန်ရဲ့ သခင်အသစ်က အန္တရာယ်ရှိနေတာလား"

"...ဟုတ်ပါတယ်"

"ဘာဖြစ်လို့လဲ"

"သူက မိစ္ဆာဘုရင်တစ်ပါးနဲ့ တွေ့ဆုံရတော့မှာမလို့ပါ"

"မိစ္ဆာဘုရင်ဆိုတာ သေချာပေါက် ဆိုးယုတ်တဲ့ တည်ရှိမှုမျိုး မဟုတ်ပါဘူး။ ကံကောင်းရင် အသက်ရှင်နိုင်ပါတယ်"

"အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..."

ပြဿနာမှာ ထိုမိစ္ဆာဘုရင်သည် 'အက်စ်မိုးဒီအက်စ်' ဖြစ်နေခြင်းပင်။ ဝတ္ထုအတွင်း၌ အက်စ်မိုးဒီအက်စ်သည် ယူဂျွန်ဟော့ နောက်ပြန်ဆုတ်သည့် အကြိမ်တိုင်းတွင် အကြီးမားဆုံး ရန်သူများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ယူဂျွန်ဟော့သည် အတိတ်က အက်စ်မိုးဒီအက်စ်နှင့် ရင်ဆိုင်ရင်း သေဆုံးခဲ့ဖူးသည်။ ယူဂျွန်ဟော့သည် သူ၏လက်ထဲမှ ဘေးကင်းနိုင်ပါ့မလား။ ကျနော် အပြင်းအထန် စဉ်းစားသော်လည်း ကောင်းမွန်သော မြင်ကွင်းတစ်ခုမျှ ပေါ်မလာပေ။

ဟန်မြုံအိုက ကျနော့်ကို စိုးရိမ်တကြီး ကြည့်၍ စကားစလိုက်သည်။

"အခု ခင်ဗျား ဘာလုပ်ဖို့ စိတ်ကူးထားလဲ"

ပြဿနာမှာ ပြဿနာအကြီးကြီး ဖြစ်၏။ အကယ်၍ ကျနော် အချိန်မီ ရောက်ရှိသွားလျှင်ပင် ယူဂျွန်ဟော့နှင့် အင်အားချင်း ပူးပေါင်း၍ အက်စ်မိုးဒီအက်စ်ကို အနိုင်ယူနိုင်မည်ဟု အာမခံချက် မရှိပေ။ သို့သော်လည်း —

"မကြိုးစားဘဲနဲ့တော့ မသိနိုင်ပါဘူး"

"ဟင်။ မင်း ဒီလောက်အထိ စိတ်အားထက်သန်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကုမ္ပဏီမှာတုန်းကဆိုရင် မင်းဟာ ဘယ်တုန်းကမှ..."

" အလုပ်ကို အပတ်တကုတ် မလုပ်ရင် သေသွားလိမ့်မယ်။ အလုပ်ကြိုးစားမှ အမြဲတမ်းဝန်ထမ်း ဖြစ်မယ့်ကိစ္စမျိုးနဲ့တော့ ကွဲပြားတာပေါ့"

"…အဟမ်း"

အခြေအနေမှာ ဆိုးရွားနေသော်လည်း ကျနော်သည် တတ်နိုင်သမျှ အကောင်းမြင်စိတ်ဖြင့် စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ ကျနော် မသိရှိနိုင်သော အရာများလည်း ရှိနေနိုင်သေးသည် မဟုတ်ပါလား။ မဟုတ်မှလွဲရော ကျနော် ထိုနေရာသို့ မသွားလျှင်ပင် အရာအားလုံး အဆင်ပြေသွားနိုင်ချေ ရှိပေသည်။ ယူဂျွန်ဟော့သည် ကြီးမားသော နိုးထမှုတစ်ခုကို ကြုံတွေ့ရသည့် အံ့ဖွယ်ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာနိုင်သည် သို့မဟုတ် အက်စ်မိုးဒီအက်စ်က ရုတ်တရက် လူကောင်းတစ်ယောက် ဖြစ်သွားနိုင်ပေသည်။

...ချီး။

ထိုအရာမှာ မဖြစ်နိုင်ပေ။ ကျနော်သည် စမတ်ဖုန်းပေါ်မှ ပြုပြင်ထားသော Ways of Survival ကို ထပ်မံဖွင့်ကြည့်လိုက်သည်။ ကျနော် မည်သည့်အရာကိုမျှ စဉ်းစား၍ မရတော့သဖြင့် အဖြေရှာရန်အတွက် ဤအရာကိုသာ ဖတ်ရှုရတော့မည် ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ရှုး၊ တိတ်တိတ်နေပါ။ ဒါက ကျနော့်ရဲ့အကျွမ်းကျင်ဆုံး အလုပ်မလို့ပဲ"

ကျနော်သည် Ways of Survival မှ အကြောင်းအရာများကို အမြန်ဆုံး လှန်လှောကြည့်ရှုလိုက်သည်။ ထို့နောက် ၁၂ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ စာကြောင်းတစ်ကြောင်းက ကျနော့်၏ မျက်လုံးထဲသို့ ဝင်ရောက်လာခဲ့သည်။

「 ယူဂျွန်ဟော့သည် တတိယအကြိမ်မြောက် ဇာတ်လမ်း၌ သူ၏ ကျရှုံးမှုအတွက် အကြောင်းပြချက်များစွာ ရှိနေသည်ဟု တွေးတောမိသည်။ ဤအရာမှာ အရေးအကြီးဆုံး အကြောင်းပြချက် ဖြစ်ပေသည်။ 」

ကျနော့်၏ ရင်ထဲ၌ ရုတ်တရက် ထိတ်လန့်သွားတော့သည်။ မဟုတ်သေးဘူး၊ မြန်မြန် စဉ်းစားစမ်း။ နောက်ထပ် စာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရသည့် ခဏ၌ ကျနော့်၏ စိတ်ထဲမှာ ဗလာဖြစ်သွားပြီး အရူးတစ်ယောက်ကဲ့သို့ ဖြစ်လုနီးပါးပင်။

「 'ထိုအချိန်တုန်းက ငါတို့တွေ မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်ကို ထောက်ခံသလိုမျိုး ဟန်မဆောင်ခဲ့သင့်ဘူး' 」

မျက်ဝန်းနက်ကလေးများရှိသည့် မိန်းကလေးငယ်တစ်ဦး ရှိနေ၏။ ထိုမိန်းကလေးသည် သေးငယ်သော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပြီး အသက်ရှစ်နှစ် သို့မဟုတ် ကိုးနှစ်အရွယ်ခန့်သာ ရှိပုံရသည်။ ဖောင်းအိနေသော ပါးပြင်များနှင့် တက်ကြွလှုပ်ရှားသော အမူအရာများမှာ ကလေးသရုပ်ဆောင်တစ်ဦးနှင့် ဆင်တူနေသည်။ အပေါ်ယံကြည့်ရုံမျှဖြင့် မည်သည့်အန္တရာယ်မှ ရှိပုံမပေါ်ပေ။

'…သူ့ရဲ့ အကြိုက်က အရင်အတိုင်းပဲ'

သို့သော်လည်း ထိုခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော တည်ရှိမှုမှာ ကလေးဒရာမာကားများမှ ဇာတ်လိုက်တစ်ဦး မဟုတ်ကြောင်းကို ယူဂျွန်ဟော့ အလွန်ကောင်းမွန်စွာ သိရှိနေသည်။ ဤမိန်းကလေးမှာ မိစ္ဆာနယ်မြေတစ်ခွင် ပျံ့နှံ့နေသော တည်ရှိမှု ၇၂ ပါးအနက် အထွတ်အထိပ်ဖြစ်ပြီး '၃၂ ခုမြောက် မိစ္ဆာနယ်မြေ' ၏ အရှင်သခင်လည်း ဖြစ်၏။ ဒဏ္ဍာရီလာအဆင့် နက္ခတ်များပင် ရင်ဆိုင်ရန် တွန့်ဆုတ်ရသည့်သူ၊ ရာဂနှင့်အမျက်ဒေါသနတ်ဆိုး အက်စ်မိုးဒီအက်စ် ပင် ဖြစ်သည်။

အက်စ်မိုးဒီအက်စ်က မိန်းကလေးငယ်၏ မျက်နှာဖြင့် ပြုံးပြလိုက်သည်။

[အို… ဒီလောက်အထိ တင်းမာနေဖို့ မလိုပါဘူး။ ငါက စကားပြောဖို့ သက်သက်ပဲ လာတာပါ]

သူ၏ စစ်မှန်သော အသံကို ထုတ်ဖော်လိုက်ခြင်းက ထိုဧရိယာအတွင်းရှိ ကိုယ်စားလှယ်များကို နာကျင်မှု ခံစားရစေသည်။ စက်မှုဇုန်အတွင်းရှိ ကိုယ်စားလှယ်အားလုံးမှာ သွေးအန်နေကြရလောက်ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများရှေ့တွင် ယူဂျွန်ဟော့သည် အသက်ကို အောင့်ထားပြီး သူ၏ မှော်စွမ်းအင်အားလုံးကို မြှင့်တင်လိုက်သည်။

သူ၏ အသားအရေကို ရစ်ပတ်ထားသည့် ဖိအားများမှာ တဖြည်းဖြည်း လျော့နည်းသွားသည်။ ဤတည်ရှိမှုမှာ အလွန်တရာ အင်အားကြီးမားလွန်းသဖြင့် အဆင့်ကျော်လွန်သူ ယူဂျွန်ဟော့ပင်လျှင် တောင့်ခံထားရန် ခက်ခဲနေ၏။ မျှော်လင့်ထားသည့်အတိုင်း မိစ္ဆာဘုရင်တစ်ပါး၏ အရှိန်အဝါမှာ သာမန်နှင့် ကွဲပြားလှသည်။ ယူဂျွန်ဟော့၏ ရင်ထဲမှ ခံစားချက်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အက်စ်မိုးဒီအက်စ်က အနားသို့ ညင်သာသော ခြေလှမ်းများဖြင့် ချဉ်းကပ်လာသည်။

[စိတ်ဝင်စားစရာပဲ။ ငါတို့ နောက်ဆုံးတွေ့ခဲ့တာက စစ်ဝစ်ဇ် စက်မှုဇုန်မှာ ငါ့လက်အောက်ငယ်သားရဲ့ မျက်လုံးတွေကနေတစ်ဆင့် မင်းကို မြင်ခဲ့တာ...]

ခြေလှမ်းများမှာ သိသိသာသာ ပေါ့ပါးနေသော်လည်း ယူဂျွန်ဟော့၏ မျက်လုံးထဲတွင်မူ ကမ္ဘာပေါ်၌ အလေးလံဆုံး အရာများကဲ့သို့ ဖြစ်နေသည်။ ကောင်းကင်ခွဲဓါးကို ဆုပ်ကိုင်ထားသည့် လက်မှာ ပို၍ တင်းကျပ်လာပြီး လည်ပင်းမှ အကြောများမှာလည်း ထောင်ထလာသည်။

[မင်းက ဂီလိုဘတ်ကို ပြောင်းရွှေ့ပြီး ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ စော်ဘွားကို အနိုင်ယူနိုင်ခဲ့တယ်… မင်းရဲ့ စွမ်းရည်တွေက တကယ်ကို ကြီးကျယ်တာပဲ၊ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်]

ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်… ဤအမည်မှာ မည်သူ့ကို ရည်ညွှန်းနေသည်ဆိုသည်မှာ ထင်ရှားလှသည်။

'ချီးပဲ။ ကင်ဒေါ့ဂျာ'

အရာအားလုံးမှာ မှားယွင်းသော နေရာတွင် ဖြစ်ပျက်ခဲ့သည်။ တိုတောင်းသော အချိန်အတွင်းမှာပင် ယူဂျွန်ဟော့၏ ခေါင်းထဲသို့ အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။

'ဒီကောင်က မပြည့်စုံသေးတဲ့ ကိုယ်စားလှယ် ခန္ဓာကိုယ်ထဲမှာ ရှိနေတာ။ ငါ အနိုင်ရနိုင်မလား'

'ဟင့်အင်း၊ ဒါက မဖြစ်နိုင်ဘူး'

'ဒါက ကိုယ်စားလှယ် ခန္ဓာကိုယ် ဖြစ်နိုင်ပေမယ့် ဒီနေရာက မိစ္ဆာနယ်မြေပဲ'

'ဒါဆို ငါ ထွက်ပြေးနိုင်မလား'

'ထွက်ပြေးဖို့က လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ'

'ကိုယ်စားလှယ်တစ်ဦးရဲ့ စိတ်နဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာဘုရင်ကို ဖယ်ရှားပစ်ဖို့ နည်းလမ်းမရှိဘူး'

ပုံမှန်အတိုင်းဆိုလျှင် မိစ္ဆာဘုရင်များသည် ဤဇာတ်ဝင်ခန်းအတွင်း၌ တည်ရှိ၍ မရနိုင်ပေ။ မြင်တွေ့နေရသည့် လျှပ်စစ်မီးပွားများအရ အလွန်ကြီးမားသော ဖြစ်နိုင်စွမ်းပမာဏမှာ အချိန်နှင့်အမျှ ကုန်ဆုံးနေသည်။ ဤကဲ့သို့သော ပြတ်သားသော စိတ်ပိုင်းဖြတ်မှုဖြင့် ရောက်ရှိလာသူထံမှ ယူဂျွန်ဟော့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

'အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်း တစ်ခုပဲ ရှိတော့တယ်'

'သူ့ရဲ့ ဖြစ်နိုင်စွမ်းတွေ ကုန်ဆုံးသွားအောင် အချိန်ဆွဲရမယ်'

သူသည် မိစ္ဆာဘုရင်တစ်ပါး ဖြစ်သော်လည်း ဇာတ်ဝင်ခန်းအတွင်းရှိ ကိုယ်စားလှယ်တစ်ဦး၏ ခန္ဓာကိုယ်ကို အချိန်အကြာကြီး သိမ်းပိုက်ထားနိုင်မည် မဟုတ်ပေ။ ယူဂျွန်ဟော့အနေဖြင့် အချိန်အနည်းငယ် ဆွဲထားနိုင်သရွေ့ သူသည် ပြန်လည် ထွက်ခွာသွားရမည်သာ ဖြစ်သည်။ ပြဿနာမှာ အချိန်ဆွဲထားသောနည်းလမ်းသည် 'တိုက်ပွဲ' တစ်ခု မဖြစ်စေရန်ပင်။ နောက်ဆုံးတွင် ယူဂျွန်ဟော့သည် သူ၏ မာနကို အနည်းငယ် လျှော့ချလိုက်ရသည်။

"ဟုတ်တယ်။ ကျုပ်က ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ပဲ။ ခင်ဗျားက ဘယ်သူလဲ"

[…ဒါက နည်းနည်း ထူးဆန်းနေသလိုပဲ။ မင်းက မူလကတည်းက ဒီလောက်အထိ ချောတာလား။ ငါ နောက်ဆုံးမြင်ခဲ့တဲ့ မျက်နှာက...]

"ခင်ဗျား ပြောစရာ ရှိလို့ ဒီကို လာတာမလား။ ပြောစရာရှိတာ ပြောစမ်းပါ"

[ဟားဟား။ ဟုတ်ပါပြီ။ ဒါပေမဲ့ ငါတို့ စကားမပြောခင် ငါ့ကို အနှောင့်အယှက် ပေးနေတဲ့ အရာတစ်ခု ရှိတယ်]

"ဘာလဲ"

အက်စ်မိုးဒီအက်စ်၏ လက်ချောင်းကလေးများက ဖျောက်ခနဲ မြည်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်မီးပွားများ ပေါ်ထွက်လာပြီး လက်တစ်ဖက်၏ ထက်ဝက်ခန့် ပြတ်တောက်နေသော အရုပ်ကလေးတစ်ခုမှာ လေထဲတွင် ပေါ်လာသည်။

[ထင်ထားတဲ့အတိုင်းပဲ]

ယူဂျွန်ဟော့သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူ ရင်ဆိုင်နေရသည်မှာ မိစ္ဆာဘုရင်တစ်ပါး ဖြစ်၏။ တစ်ကိုယ်တည်းနေသူ၏ ဝတ်ရုံကို သတိမထားမိဘဲ ရှိနေလိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်းမှာ မှားယွင်းခဲ့ပေပြီ။

[နတ်ခေါင်ချုပ်တစ်ပါးရဲ့ သင်္ကေတ ခန္ဓာကိုယ်က ဘာလို့ ဒီမှာ ရှိနေတာလဲ]

"ကျုပ် မသိဘူး"

[တကယ်ပဲလား]

ပြင်းထန်သော လျှပ်စစ်မီးပွားများ လက်ခနဲ ဖြစ်သွားပြီး ယူရီအယ်မှာ နာကျင်သော အမူအရာ ဖြစ်သွားသည်။

[ဒီသင်္ကေတ ခန္ဓာကိုယ်ကို ကြည့်ရုံနဲ့ မင်း ဘယ်သူလဲဆိုတာ ငါ ပြောနိုင်တယ်]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အက်စ်မိုးဒီအက်စ်ကို စိုက်ကြည့်နေပါသည်။]

[နတ်ခေါင်ချုပ် ယူရီအယ်။ နင့်ရဲ့ အစ်ကို ရာဖေးလ် နေကောင်းရဲ့လား။ ငါ့ရဲ့ အကြွေးတွေကို ငါ မမေ့သေးဘူးလို့ သူ့ကို ပြောပေးပါဦး]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ဒေါသတကြီး ဟိန်းဟောက်နေပါသည်။]

[ဒါပေါ့။ နင်ဟာ ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်မှသာ ပြောပြနိုင်မှာလေ]

ယူဂျွန်ဟော့၏ မျက်နှာထားမှာ မှောင်မှောက်သွားသည်။ ဤနေရာမှာ မိစ္ဆာနယ်မြေ ဖြစ်သည်။ ယူရီအယ် မည်မျှပင် အင်အားကြီးမားပါစေ သင်္ကေတ ခန္ဓာကိုယ်တစ်ခုနှင့် မိစ္ဆာဘုရင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ ယူဂျွန်ဟော့သည် တွန့်ဆုတ်မနေဘဲ သူ၏ စွမ်းအင်များကို မြှင့်တင်လိုက်သည်။

"တော်တော့"

ယူရီအယ်၏ သင်္ကေတ ခန္ဓာကိုယ်ကို ဤနေရာ၌ ဆုံးရှုံးလိုက်ရလျှင် ခက်ခဲသွားပေလိမ့်မည်။ အကယ်၍ ဤနေရာတွင် ယူရီအယ်ကို ဆုံးရှုံးလိုက်ရပါက သူသည် ဇာတ်ဝင်ခန်းအတွင်းမှ လမ်းပျောက်သွားပေလိမ့်မည်။ ယူဂျွန်ဟော့၏ထံမှ ပွက်ပွက်ဆူနေသော မှော်စွမ်းအင် ဖိအားများကြောင့် အက်စ်မိုးဒီအက်စ်မှာ စိတ်ဝင်စားသွားပုံရသည်။

[ဟ… ဒီစွမ်းအင်က… အတော်လေး မာကျောတာပဲ။ ဒါပေမဲ့...]

နောက်တစ်ခဏတွင် အက်စ်မိုးဒီအက်စ်သည် ယူဂျွန်ဟော့၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

[သာမန်လူသားတစ်ယောက်က နက္ခတ်တစ်ပါးလို ဟန်ဆောင်နေတာပဲ]

သေးငယ်သော လက်မောင်းကလေး ဆန့်ထွက်လာပြီး ယူဂျွန်ဟော့၏ မေးရိုးကို လှမ်း၍ ဆုပ်ကိုင်လိုက်တော့သည်။

"အု..."

[တကယ်ကို မင်းက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် မဟုတ်ဘူးပဲ။ ဟုတ်တယ်မလား]

ယူဂျွန်ဟော့သည် ကောင်းကင်ခွဲဓါးကို အလျင်အမြန် လွှဲယမ်းလိုက်သည်။ သို့သော် မထင်မှတ်ဘဲ ထိုဓါးမှာ အက်စ်မိုးဒီအက်စ်၏ လက်ထဲ၌ အလွယ်တကူ အဖမ်းခံလိုက်ရသည်။

[မင်းမှာ ဒီလောက်အထိ ချောမောတဲ့ မျက်နှာရှိမှန်းသာ ငါသိခဲ့ရင် အစကတည်းက မင်းကို လွှတ်ပေးခဲ့မှာ မဟုတ်ဘူး]

ထို့နောက်တွင် ကောင်းကင်ခွဲဓါးမှာ နှစ်ပိုင်းကျိုးသွားတော့သည်။

[မင်းက ငါ့ကို ကြောက်နေတာပဲ။ ချစ်စရာကောင်းတဲ့ ကလေးလေး]

"အ..."

[မင်းက ဒီလောက်အထိ ခုခံနေမယ်ဆိုရင် ငါ မင်းနဲ့ စကားပြောချင်တဲ့ စိတ်တွေ ပျောက်သွားလိမ့်မယ်]

အက်စ်မိုးဒီအက်စ်၏ နောက်ကွယ်တွင် မဟူရာအရိပ်များ စုရုံးလာကြသည်။ ထိုအမှောင်ထုမှာ လေထဲတွင် စုစည်းသွားပြီး ဧရာမဦးချိုများရှိသော သားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွား၏။

[ငါ မင်းကို နင်းခြေပစ်ချင်တယ်]

ယူဂျွန်ဟော့၏ နှာခေါင်းမှ သွေးများ စီးကျလာသည်။ အားကောင်းလှသော ဇာတ်လမ်းအရှိန်အဝါမှာ သူ၏ အဆင့်ကျော်လွန်ခြင်း စွမ်းအားကို ဖိနှိပ်ထားသည်။ ကြီးမားလှသော တည်ရှိမှု၏ ရှေ့မှောက်တွင် ယူဂျွန်ဟော့သည် 'အဆင့်ကျော်လွန်ခြင်း အဆင့် ၁' ကို ဖွင့်လှစ်ရန် တိတ်တဆိတ် ပြင်ဆင်လိုက်သည်။

အနိုင်ရရန် အခွင့်အရေး မရှိသလောက်ပင် ဖြစ်သော်လည်း ယူဂျွန်ဟော့မှာ လက်မလျှော့ပေ။ အကယ်၍ သူသည် အခိုက်အတန့်မျှသာ အခွင့်အရေး ဖန်တီးနိုင်ပါက ကမ္ဘာမြေ ဇာတ်ဝင်ခန်းသို့ ပြန်သွားရန် အချိန်လုံလောက်ပေလိမ့်မည်။ ယူဂျွန်ဟော့ ထိုသို့ တွေးတောနေစဉ်မှာပင် တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရပြီး တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ဘယ်ဘက်လက်မောင်းနှင့် ညာဘက်ခြေထောက်မှာ ကျိုးသွားခဲ့ပြီး ဝမ်းဗိုက်အတွင်းရှိ မှော်စွမ်းအင်များပင် ဆုံးရှုံးသွားရသည်။ သူ သတိပြန်ဝင်လာသည့် အချိန်တွင် မြေပြင်ပေါ်၌ ပုံလျက်သား လဲကျနေပြီ ဖြစ်သည်။ အက်စ်မိုးဒီအက်စ်သည် ယူဂျွန်ဟော့ကို ဆွဲထူလိုက်ပြီး သူ၏ နဖူးကို အသာအယာ ထိတွေ့လိုက်သည်။

[မယုံနိုင်စရာပဲ။ သာမန်လူသားတစ်ယောက်မှာ ဒီလောက်အထိ မြင့်မြတ်တဲ့ မျှော်လင့်ချက်မဲ့မှု ရှိနေတာလား]

"ခွေး... မသား..."

[ပါစီဖုန်းက 'ကင်ဒေါ့ဂျာ' ဟာ အကောင်းဆုံး ဇာတ်လမ်းလို့ ပြောခဲ့ဖူးတယ်။ ဟားဟား]

အက်စ်မိုးဒီအက်စ်သည် သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ယူဂျွန်ဟော့သည် အက်စ်မိုးဒီအက်စ်ကို စိုက်ကြည့်နေပြီးမှ မျက်လုံးများကို မှိတ်လိုက်တော့သည်။

'စိတ်မကောင်းပါဘူး။ ကင်ဒေါ့ဂျာ'

အခြားနည်းလမ်း မရှိတော့ပေ။ သူသည် နောက်ထပ် နောက်ပြန်ဆုတ်ခြင်းဆီသို့သာ မျှော်လင့်ချက် ထားရတော့မည်။ သူ မျက်လုံးများကို မှိတ်လိုက်သောအခါ ယူဂျွန်ဟော့၏ နာရီမှာ နောက်သို့ ပြန်သွားရန် ပြင်ဆင်လိုက်တော့သည်။ စက္ကန့်တံ၊ မိနစ်တံ၊ နာရီတံ။ ထိုဧရာမ လက်တံကြီးများက ဆန့်ကျင်ဘက်အရပ်သို့ လည်ပတ်တော့မည့် ခဏ၌ —

「 အဲဒါကြောင့် ငါ့အကြောင်းကို အစောကြီးကတည်းက မင်းဟာ တွေးထားသင့်တာ 」

ရုတ်တရက်ဆိုသလို ယူဂျွန်ဟော့၏ နာရီမှာ ရပ်တန့်သွားတော့သည်။

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ အသက်ဝင်ပါပြီ။]

ယူဂျွန်ဟော့၏ ပတ်ပတ်လည်တွင် ဧရာမလျှပ်စစ်မီးပွားများ ပေါ်ထွက်လာသဖြင့် အံ့အားသင့်သွားသော အက်စ်မိုးဒီအက်စ်သည် နောက်သို့ ဆုတ်ခွာသွားတော့သည်။ ယူဂျွန်ဟော့၏ မျက်ဝန်းများအတွင်း၌ တစ်စုံတစ်ခုမှာ လက်ခနဲဖြစ်သွားပြီး အခြားအရာတစ်ခုမှာ နိုးထလာခဲ့သည်။ နိုးထလာသောအရာမှာ အခြားသူမဟုတ်ဘဲ ကျနော်ပင် ဖြစ်သည်။

[မင်းက...]

[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ‘ရာဂနှင့်အမျက်ဒေါသနတ်ဆိုး’ ကို စိုက်ကြည့်နေပါသည်။]

ကျနော်သည် တောက်ပသော မျက်ဝန်းများဖြင့် အက်စ်မိုးဒီအက်စ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျနော် ပြောလိုက်သည်။

[ငါ့ရဲ့ ကိုယ်စားလှယ်ကို လက်ဖျားနဲ့တောင် မထိနဲ့၊ အက်စ်မိုးဒီအက်စ်]

အခန်း ၂၂၄

- အပိုင်း ၄၂ - အက်စ်မိုးဒီအက်စ် (၄)

"ဒီလူက တကယ်ပဲ ဘာတွေတွေးနေတာလဲ..."

အိုင်လင်းသည် ပိုက်ကို ဆွဲထုတ်လိုက်ပြီး လဲလျောင်းနေသော ကင်ဒေါ့ဂျာကို ကြည့်ကာ ရေရွတ်လိုက်သည်။ ပတ်တီးများကြားမှ ဇာတ်လမ်း၏ အပိုင်းအစများမှာ စိမ့်ထွက်နေ၏။

–လောလောဆယ်တော့ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ ငါ ဒီနည်းကို အသုံးမပြုချင်ခဲ့ပေမဲ့ပေါ့လေ

အိုင်လင်းသည် သတ္တိအမြန်မွေးပြီး ထိုအပိုင်းအစများကို သိမ်းဆည်းကာ ကင်ဒေါ့ဂျာ၏ အခြားတစ်ဖက်သော လက်ကောက်ဝတ်မှ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ ကင်ဒေါ့ဂျာ၏ မျက်နှာမှာ ဖြူလျော်နေပြီး မည်သည့် နွေးထွေးမှုကိုမျှ မခံစားရပေ။

"ဇာတ်လမ်းအထုပ်တွေ ထပ်ယူခဲ့ဦး။ မြန်မြန်လုပ်"

အိုင်လင်း၏ အော်ပြောသံကြောင့် ကြည့်ရှုနေကြသူများမှာ ဆေးကုသဆောင်အတွင်းမှ အလုအယက် ပြေးထွက်သွားကြသည်။ အိုင်လင်းသည် သေအံ့ဆဲဆဲ ဖြစ်နေသော ကင်ဒေါ့ဂျာ၏ မျက်နှာကို ကြည့်ရင်း သူ၏ နောက်ဆုံးစကားများကို ပြန်လည်အမှတ်ရနေမိသည်။

–ငါ့ကို တစ်နာရီလောက်ပဲ သေခွင့်ပေးပါ။

–တကယ်သေတာမျိုးတော့ မဟုတ်ပါဘူး။ သေခါနီး ဆဲဆဲ အခြေအနေလောက်တင် သေခွင့်ပေးပါ။

–တကယ်လို့ ငါသာ ဒီအချိန်မှာ တကယ်သေသွားခဲ့ရင် ကင်နမ်ဝန်ကို သွားတွေ့ရတော့မှာပဲ။

–ငါ နင့်ကို ယုံကြည်ပါတယ်နော်။ နားလည်တယ်မလား။

တီ― တီ―

လူနာ၏ အခြေအနေကို ပြသနေသည့် စက်ပေါ်တွင် ဇာတ်လမ်းတည်ငြိမ်မှုမှာ သိသိသာသာ ထိုးဆင်းသွားတော့သည်။ အိုင်လင်းသည် မည်သို့သော ခံစားချက်ဖြစ်သည်ကို ဖော်ပြ၍မရသော မျက်နှာထားဖြင့် အိပ်မောကျနေသည့် ကင်ဒေါ့ဂျာကို ကြည့်ကာ သူ၏ သွေးကြောများအတွင်းသို့ ဇာတ်လမ်းအသစ်တစ်ခုကို ထိုးသွင်းပေးလိုက်၏။

ကံကောင်းထောက်မစွာပင် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ မှာ ကောင်းမွန်စွာ ချိတ်ဆက်မိသွားသည်။ အိုင်လင်းသည် သူ၏အလုပ်ကို သေသေချာချာ လုပ်ဆောင်ပေးခဲ့ခြင်းပင်။ ဒါနဲ့...

ကျနော့်ရှေ့တွင် အက်စ်မိုးဒီအက်စ်၏ စွမ်းအင်များမှာ တောက်လောင်နေသည်။ အစောပိုင်းက ကြုံးဝါးခဲ့သည့် စကားများနှင့်မတူဘဲ ကျနော်သည် အလွန်အမင်း တင်းမာနေမိသည်။ ပြိုင်ဘက်မှာ ‘အက်စ်မိုးဒီအက်စ်’ပင်။ အစပိုင်းတွင် အထင်ကြီးစရာကောင်းသော စကားလုံးများကို အသုံးပြုခဲ့မိသည့် အတွက် အနည်းငယ် နောင်တရမိသော်လည်း ယခုအချိန်တွင် နောင်တရနေရန်မှာ နောက်ကျသွားပြီ ဖြစ်သည်။

နောက်ဆုံးတွင် အက်စ်မိုးဒီအက်စ်က စတင်၍ စကားပြောလာသည်။

[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်လား]

ယူဂျွန်ဟော့၏ ဦးခေါင်းဖြင့်ပင် ကျနော်ခေါင်းညိတ်ပြလိုက်သည်။ ယူဂျွန်ဟော့၏ ဝိညာဉ်မှာ စိတ်အာရုံ၏ ထောင့်တစ်နေရာတွင် ရုန်းကန်နေသည်ကို ခံစားရသော်လည်း သူ့ကို အတင်းအကျပ် အိပ်မောကျခိုင်းထားလိုက်၏။ ဤအချိန်တွင် ယူဂျွန်ဟော့ ထွက်ပေါ်လာ၍ မဖြစ်ပေ။

[ငါက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ပဲ]

ကျနော့်၏ အသံအစစ်ကို အသုံးပြုခြင်းက ဖြစ်နိုင်စွမ်းပမာဏကို အလွန်အမင်း ကုန်ဆုံးစေသော်လည်း ကျနော်သည် တည်ငြိမ်နေသယောင် ဟန်ဆောင်လိုက်သည်။ သူ၏ အရှိန်အဝါကြောင့် နောက်တွန့်မသွားစေရန် ကျနော်သည် အသံအစစ်ကို တမင်တကာ အသုံးပြုလိုက်ခြင်း ဖြစ်၏။ အသံအစစ်ကို ဆက်လက်ထိန်းသိမ်းထားခြင်းက ကျနော့်ကို အင်အားကြီးသူတစ်ဦးအဖြစ် ထင်မှတ်စေသည့် အပိုဆုတစ်ခုလည်း ဖြစ်ပေသည်။

အက်စ်မိုးဒီအက်စ်သည် အံ့အားသင့်သော မျက်လုံးများဖြင့် ကျနော့်ကို တစ်ချက်ကြည့်ကာ ထပ်မံမေးမြန်းလိုက်သည်။

[…သူက တကယ်ပဲ မင်းရဲ့ ကိုယ်စားလှယ်လား]

[မှန်တယ်]

အကယ်၍ သတိမေ့နေသော ယူဂျွန်ဟော့သာ ဤအကြောင်းကို သိသွားပါက ဒေါသပေါက်ကွဲပေလိမ့်မည်။ သို့သော် ကျနော်သည် ဘာမှထပ်မစဉ်းစားတော့ဘဲ ပြောချင်ရာကိုသာ ပြောလိုက်တော့သည်။ လက်ရှိ အခြေအနေတွင် ဤအရာထက် ပိုမိုကောင်းမွန်သော အဖြေ မရှိတော့ပေ။ အနည်းဆုံးတော့ ကျနော် ထိုသို့သာ ထင်မြင်မိလေသည်။

[မင်းမှာ ဒီလို ကိုယ်စားလှယ်တစ်ယောက် ရှိနေတယ်ဆိုတာ ငါ မကြားမိပါဘူး]

[မင်းရဲ့ သတင်းကွန်ရက်က ငါထင်ထားတာထက် ပိုပြီး နှေးကွေးနေပုံရတယ်။ ဒီလူက ငါ့ရဲ့ ကိုယ်စားလှယ်ပဲ]

အက်စ်မိုးဒီအက်စ်သည် ကျနော်နှင့် ‘စကားပြော’ ရန်အတွက် သေချာပေါက် ရောက်ရှိလာခြင်း ဖြစ်သည်။ သူ၏ စကားများကို မည်မျှအထိ ယုံကြည်ရမည်ဆိုသည်ကို အတပ်မပြောနိုင်သော်လည်း ကျနော်ယခုလုပ်ဆောင်နေသောနည်းလမ်းသည်သာ ယူဂျွန်ဟော့ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။ အကယ်၍ သူသည် တကယ်ပင် ‘စကားပြော’ ရန် ရောက်လာခြင်း ဖြစ်ပါက ကျနော့်၏ ကိုယ်စားလှယ်ကို ထိပါးခြင်းကဲ့သို့သော မလိုအပ်သည့် အရာမျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

[ဟ...]

အက်စ်မိုးဒီအက်စ်သည် ကျနော့်၏ စကားကို လက်ခံပုံမရဘဲ သူ၏ စွမ်းအင်များမှာ တဖြည်းဖြည်း ပိုမိုအားကောင်းလာသည်။ ကျနော်သည် မိမိသိထားသော အက်စ်မိုးဒီအက်စ်နှင့် ပတ်သက်သည့် အချက်အလက်များကို အသည်းအသန် ပြန်လည်စဉ်းစားနေမိသည်။

「 အလိုလိုက်ခံထားရသော အရူးတစ်ယောက်။ 」

「 စားကောင်းသောက်ဖွယ် အသင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး။ 」

「 သူသည် အိုလံပတ်စ်ရှိ ငရဲပြည်နှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်မှု ရှိသည်။ 」

「 သူသည် လွဲမှားနေသော ရာဂစိတ်ရှိသူဖြစ်သည်။ 」

အထောက်အကူ ဖြစ်စေနိုင်မည့် အချက်အချို့ ရှိနေသော်လည်း ယခုအချိန်တွင် အသုံးပြုနိုင်မည့် အရာတစ်ခုမျှ မရှိပေ။ မည်သို့ပင်ဖြစ်စေ ဤထိပ်တိုက်တွေ့ဆုံမှုကို တတ်နိုင်သမျှ ချောမွေ့စွာ ဖြေရှင်းနိုင်ရန်မှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ကျနော်သည် ကျနော့်၏ အာရုံများကို တတ်နိုင်သမျှ မြှင့်တင်လိုက်ပြီး မိမိကို ကူညီနိုင်မည့် အရာများကို ပတ်ဝန်းကျင်၌ ရှာဖွေလိုက်သည်။ သိသိသာသာ ထင်ရှားနေသည်မှာ ကျနော့်၏ ပုခုံးပေါ်တွင် တွဲလောင်းဖြစ်နေသည့် ဂွမ်းဖြည့်ထားသော အရုပ်ကလေးတစ်ခုပင်။

...ဒါက ဘာပါလိမ့်။

ထိုငတုံး ယူဂျွန်ဟော့သည် တကယ်ပင် ဤကဲ့သို့သော အရာများကို စုဆောင်းတတ်သည်လား။ ထိုအချိန်မှာပင် အရုပ်ကလေးက ကျနော့်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် နှာခေါင်းသွေးများ ထွက်နေပါသည်။]

...ခဏလေး။ သေချာပေါက် ဒီအရုပ်ကလေးက...

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သူ၏ ပါးပြင်ကို သင်နှင့် ပွတ်သပ်နေပါသည်။]

အရုပ်ကလေးသည် ယူဂျွန်ဟော့၏ ပါးပြင်ကို ညင်သာစွာ ထိတွေ့လိုက်ပြီး ယူဂျွန်ဟော့၏ ခန္ဓာကိုယ်မှတစ်ဆင့် ကျနော် ခံစားလိုက်ရသည်။ ကျနော် ထိတ်လန့်သွားမိသည်။

ယူရီအယ်က ဘာလို့ ဒီမှာ ရောက်နေရတာလဲ။

အက်စ်မိုးဒီအက်စ်က စကားပြောလာသည်။

[ငါ့ရဲ့ ‘အရှိန်အဝါ’ ရှေ့မှာ မင်း နောက်မဆုတ်သွားတာကို ကြည့်ရင် ကောလဟာလတွေက မှန်ကန်ပုံရတယ်။ မင်းက ဒသမမြောက် ဇာတ်ဝင်ခန်းမှာတင် ဒဏ္ဍာရီလာအဆင့် ဖြစ်လာခဲ့တာပဲ… အဲဒါ တကယ်ဖြစ်နိုင်တယ်လို့ ငါ မယုံနိုင်သေးဘူး]

[မပြောတတ်ဘူးလေ။ ကောလဟာလတွေထက် ပိုရင်လည်း ပိုမှာပေါ့]

ကျနော်သည် ယူရီအယ်အရုပ်ကို ဆွဲယူကာ ကျနော့်၏ ရင်ခွင်ထဲသို့ အမြန် ဖုံးကွယ်လိုက်သည်။ အခြေအနေမှာ ထူးဆန်းနေသော်လည်း ယူရီအယ် တစ်ခုခု လုပ်ဆောင်လိုက်မည်ဆိုပါက ခက်ခဲသွားပေလိမ့်မည်။ အက်စ်မိုးဒီအက်စ်သည် သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

[ဟားဟား…. မင်းရဲ့ လျှာစွမ်းက ကောလဟာလတွေအတိုင်း မှန်ပုံရတယ်။ ငါ့ရဲ့ အကြိုက်နဲ့ ကွက်တိပဲ။ ဒါနဲ့… မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်နေတာလဲ။ မင်း သေသွားပြီလို့ နက္ခတ်တွေဆီက ငါ ကြားထားတာ]

[ငါ ကံကောင်းလို့ပါ]

[…မင်းက လျှို့ဝှက်ချက်တွေ ထားရတာကိုလည်း သဘောကျတာပဲ]

[ငါ့ဆီကနေ လျှို့ဝှက်ချက်တွေကို အတင်းအကျပ် စုံစမ်းဖို့ ကြိုးစားတဲ့ လူတွေကို ငါ မကြိုက်ဘူး]

[ဒီလူက မင်းရဲ့ ကိုယ်စားလှယ်အသစ်လား။ ကလေးတွေကို မင်းက သဘောကျတယ်လို့ ငါ ကြားတာပါ]

[အတော်ကိုအဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေတာပဲ]

[ဒါဆို ငါ ဒီအရာကို ပြင်ဆင်ဖို့ အားထုတ်ခဲ့တာတွေက အကျိုးမရှိတော့ဘူးပေါ့]

အက်စ်မိုးဒီအက်စ်သည် သူ၏ ကလေးငယ် ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း ကျနော့်ကို ဆွဲဆောင်မှုရှိသော ပုံစံဖြင့် ပြုံးပြလိုက်သည်။ သူသည် ချစ်စရာကောင်းသော ကလေးငယ်တစ်ဦး၏ ရုပ်သွင်ကို ပိုင်ဆိုင်ထားသည်။ ဟန်မြုံအို ပြောသည်မှာ မှန်ကန်ပါက ဤကလေးမှာ ဟန်မြုံအို၏ သမီး ဖြစ်ရပေလိမ့်မည်။ ကံကောင်းထောက်မစွာပင် ထိုကလေးမသည် ဟန်မြုံအိုနှင့် လုံးဝ မတူပေ။

[တစ်ခုခုတော့ နားလည်မှုလွဲနေပုံရတယ်… မှားယွင်းတဲ့ ကောလဟာလတွေ အများကြီး ပျံ့နှံ့နေတာပဲ]

ရှင်ယူဆောင်းကို ကျနော့်၏ ကိုယ်စားလှယ်အဖြစ် ခေါ်ယူခဲ့ခြင်းအပေါ် ကောလဟာလများ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ သူသည် ကျနော် ဆိုလိုသည်ကို နားလည်သွားပြီး ယူဂျွန်ဟော့၏ မျက်နှာကို ကြည့်ကာ ပြုံးလိုက်သည်။

[တကယ်ပါပဲ၊ ဒီလောက်လှပတဲ့ ခန္ဓာကိုယ်မျိုးသာဆိုရင် ငါ့ရဲ့ အကြိုက်ကို ပြောင်းလဲပေးနိုင်ပါတယ်]

ဤအခြေအနေတွင် ပုံမှန် စကားပြောဆိုရန်မှာ မဖြစ်နိုင်ကြောင်း ထင်ရှားနေသည်။ ကျနော်သည် ခပ်ကြမ်းကြမ်းပင် ပြောဆိုလိုက်သည်။

"မင်းရဲ့ အသံအစစ်နဲ့ စကားပြောတာကို ရပ်လိုက်တော့။ ငါ့ရဲ့ ပတ်ဝန်းကျင်မှာ ဘယ်ကိုယ်စားလှယ်မှ ကျန်တော့မှာ မဟုတ်ဘူး"

[ဘာဖြစ်လို့လဲ]

"အခု ဒါက ငါ့ရဲ့ စက်မှုဇုန် ဖြစ်နေပြီ။ ငါ့ရဲ့ ပြည်သူတွေကို မင်း ဆက်မသတ်ဖို့ ငါ အလိုရှိတယ်"

တရားဝင်အားဖြင့် ဂီလိုဘတ်သည် ‘ကင်ဒေါ့ဂျာ’ ကြောင့် သေဆုံးခဲ့ရပြီး ဤနေရာသည် ကျနော့်၏ စက်မှုဇုန် ဖြစ်လာခဲ့သည်။

[သင်သည် စက်မှုဇုန်၏ အရှင်သခင်အသစ် ဖြစ်ပါသည်။]

အမှန်တကယ်ပင် ဤမက်ဆေ့ချ်များမှာ ပေါ်ထွက်လာနေသည်။ ကျနော့်အနေဖြင့် အက်စ်မိုးဒီအက်စ်ဘက်မှ အသံအစစ်ကို အသုံးမပြုတော့ရန် ခိုင်လုံသော အကြောင်းပြချက်တစ်ခု အမှန်တကယ် လိုအပ်နေခြင်း ဖြစ်သည်။ အက်စ်မိုးဒီအက်စ်က ပြုံးစစဖြင့် ပြောသည်။

"ဟင်းဟင်း… ဟုတ်ပါပြီ။ ငါ တောင်းပန်ပါတယ်"

အက်စ်မိုးဒီအက်စ်သည် စိတ်မပါ့တပါဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ရည်မှန်းချက် အောင်မြင်ရန်အတွက်မူ သူသည် ယဉ်ကျေးပျူငှာတတ်ပေသည်။ အနည်းဆုံးတော့ သူ၏ ရည်မှန်းချက် မပြည့်မီမချင်းပေါ့။

"ဒါနဲ့ မင်းက ဘာလို့ ငါ့ဆီကို လာတာလဲ"

"မင်း အဲဒါကို သိပြီးသားလို့ ငါ ထင်တာပဲ။ ဟုတ်တယ်မလား"

"…ငါက ဘယ်လိုလုပ် သိမှာလဲ။ ငါက ပရောဟိတ်မှ မဟုတ်တာ"

"အက်စ်ဂတ်ရဲ့ ပရောဟိတ်နဲ့ ဆင်တူတဲ့ စွမ်းအားမျိုး မင်းမှာ ရှိတယ်ဆိုတာ ငါ သိတယ်"

သူသည် အန်နာ ခရော့ဖ်အကြောင်းကို ပြောနေခြင်း ဖြစ်ပေလိမ့်မည်။ ကျနော့်၏ ဇာတ်လမ်းမှာ မည်မျှအထိ ပျံ့နှံ့နေပြီး လွဲချော်နေသည်ကို ကျနော် မသိပေ။ ကောလဟာလများက မည်သို့ပင်ရှိစေကာမူ ယခုအချိန်သည် ဤဘက်ခြမ်းတွင် အခြေခံအုတ်မြစ် ချရမည့် အချိန်ဖြစ်ကြောင်းမှာ ထင်ရှားနေသည်။

"‘မိစ္ဆာဘုရင် ရွေးချယ်ပွဲ’ ကြောင့် ဖြစ်မယ်ထင်တယ်"

အက်စ်မိုးဒီအက်စ်သည် ထိုအဖြေကို ကြားသောအခါ ပြုံးလိုက်သည်။ ခန့်မှန်းရန် မခက်ခဲလှပေ။ အဘယ်ကြောင့်ဆိုသော် စက်မှုဇုန်ကြီး ကျဆုံးသွားပြီး မကြာမီမှာပင် အောက်ပါမက်ဆေ့ချ်ကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။

[သင်သည် လက်ရှိတွင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ ‘မိစ္ဆာဘုရင် လောင်းလျာ’ တစ်ဦး ဖြစ်လာပါသည်။]

[ဇာတ်ဝင်ခန်းသစ်တစ်ခုမှာ ဆိုင်းငံ့နေပါသည်။]

"မင်းက ရာဇပလ္လင်အသစ်ကို ရည်မှန်းနေတာလား"

"ဟမ်... ငါ့မှာ ၃၂ ခုမြောက် မိစ္ဆာနယ်မြေ ရှိပြီးသားပဲ။ အဆင့်နိမ့်တဲ့ နယ်မြေတစ်ခုကို ထပ်ယူဖို့ ကြိုးစားတာက အဓိပ္ပာယ်မရှိဘူးလေ"

"ဒါဆို ဘာလုပ်ချင်လို့လဲ"

"ငါက မင်းကို မိစ္ဆာဘုရင်အသစ် ဖြစ်လာအောင် ကူညီပေးချင်တာပါ"

မျှော်လင့်ထားသည့်အတိုင်းပင် သူသည် ထိုသို့ပြောလာခဲ့သည်။ ဟန်မြုံအိုကလည်း ကျနော့်ကို အလားတူပင် ပြောခဲ့ဖူးသည်။ ‘၇၃ ခုမြောက် မိစ္ဆာဘုရင်’ ကို ကျနော့်လက်ဖြင့် ဖန်တီးရန် သူက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ကျနော် ခေတ္တမျှ စဉ်းစားပြီးမှ ခေါင်းခါပြလိုက်သည်။

"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ငါ အကူအညီ မလိုဘူး။ လက်ရှိမှာ ငါက ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆန္ဒမရှိဘူး"

"မင်းမှာ ငြင်းပယ်ခွင့် ရှိတယ်လို့ ငါမထင်ဘူးနော်။ မင်းက စော်ဘွားတစ်ယောက် ဖြစ်လာတာနဲ့ ဒီရွေးချယ်ပွဲမှာ မဖြစ်မနေ ပါဝင်ရတော့မှာ"

"ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ ငါ ရှင်သန်နိုင်ပါတယ်"

"ကောင်းပြီလေ၊ မင်း အခုထိတော့ ကံကောင်းခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရှေ့လျှောက်ရော အဲဒီလိုပဲ ဆက်ဖြစ်နေမှာတဲ့လား"

"..."

"စော်ဘွား မဲလ်လီဒွန်နဲ့ ဘာကန်တို့ကလည်း မင်းလိုမျိုးပဲ တွေးနေကြလိမ့်မယ်လို့ မင်း ထင်နေတာလား"

သူတို့၏ နောက်ကွယ်တွင် နက်ဗျူလာများ ရှိနေကြပြီဖြစ်ကြောင်း ကျနော် သိထားပြီးသား ဖြစ်သည်။ ထိုနက်ဗျူလာများမှာလည်း ကျနော့်အပေါ် ရန်လိုသူများသာ ဖြစ်ကြသည်။ အက်စ်မိုးဒီအက်စ်က ရယ်မောလိုက်သည်။

"မင်း ငါ့ရဲ့ အကူအညီကို လိုအပ်တယ်။ တကယ်လို့ မင်းဟာ ငြင်းပယ်မယ်ဆိုရင် မင်း သေရလိမ့်မယ်"

မည်သူက ကျနော့်ကို သတ်မည်နည်းဟု မသိရသော်လည်း သူကမူ ကျနော် သေမည်မှာ သေချာသည်ဟု ယူဆထားပုံရသည်။

ချီး... သကောင့်မသားက ငါ့ကို ဒုက္ခပေးဖို့သက်သက် ဒီအထိ လာခဲ့တာလား။

[နက္ခတ်အနည်းငယ်သည် သင်၏ ရွေးချယ်မှုကို စောင့်ကြည့်နေပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်းသား’ နက္ခတ်သည် သင်၏ ရွေးချယ်မှုကို စောင့်ကြည့်နေပါသည်။]

[လိင်ပြောင်းလဲရခြင်းကို နှစ်သက်သော နက္ခတ်သည် သင်၏ ရွေးချယ်မှုကို စောင့်ကြည့်နေပါသည်။]

ကျနော် ဤနေရာသို့ ရောက်လာပြီးနောက် ဘီယူကို ရုပ်သံလိုင်း ချဲ့ထွင်ခိုင်းလိုက်သဖြင့် နက္ခတ်များမှာ ကျနော့်၏ ရွေးချယ်မှုကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ နက္ခတ်အများစုမှာ မိစ္ဆာဘုရင်များအပေါ် အမြင်မကြည်စိတ် ရှိကြသည်။ ကျနော့်၏ အနာဂတ်ဇာတ်လမ်းမှာ ဤနေရာတွင် ကျနော် ပြုလုပ်မည့် ရွေးချယ်မှုအပေါ်၌ မူတည်နေပေသည်။

ကျနော်သည် စိတ်ကို အေးအေးထားကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မေးမြန်းလိုက်သည်။

"မင်းရဲ့ ရည်ရွယ်ချက်က မဟာဇာတ်လမ်းကြီး အတွက်လား"

ကျနော့် စကားကြောင့် အက်စ်မိုးဒီအက်စ်၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားသည်။

"...မင်းက ဒီလို အရာမျိုးကို သိနေတာကို ငါ အံ့သြမိတယ်"

"ဒါက မင်းလို လူစားမျိုးတွေ မျက်တောင်တစ်ခတ်အတွင်းမှာ ကိုယ့်နှာခေါင်းကိုယ် ပြန်ဖြတ်ဝံ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ မဟုတ်လား"

ကျနော်က ခါးခါးသီးသီးပင် ပြုံးလိုက်သည်။

မဟာဇာတ်လမ်းကြီး။ ကျနော် ယခုအချိန်အထိ စုဆောင်းလာခဲ့သော ဇာတ်လမ်းများမှာ သာမန်ဇာတ်လမ်းများသာ ဖြစ်သော်လည်း ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲ၌ ‘မဟာဇာတ်လမ်းကြီး’ ဟု ခေါ်ဆိုသည့် နယ်ပယ်အသစ်တစ်ခု ရှိနေသည်။ ဥပမာအားဖြင့် အိုလံပတ်စ်၏ ဂိုင်ဂန်တိုမာခီယာနှင့် အက်စ်ဂတ်၏ လွနာရော့ခ် ကဲ့သို့သော အရာမျိုးပင် ဖြစ်သည်။

ထိုကဲ့သို့သော ဇာတ်လမ်းကြီးများတွင် ဝေစုအနည်းငယ် ရရှိရုံမျှဖြင့် နက္ခတ်များမှာ ကြီးမားသော စွမ်းအားနှင့် ဖြစ်နိုင်စွမ်းများကို ရရှိနိုင်ကြသည်။ အကယ်၍ ထိုဝေစု အများအပြားကိုသာ ပိုင်ဆိုင်ခွင့်ရလျှင် သူတို့သည် အင်အားအကြီးဆုံး အဖွဲ့အစည်းများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့်ပင် ကမ္ဘာပျက်ကပ် ဇာတ်ဝင်ခန်းများ ပေါ်ပေါက်လာတိုင်း နက္ခတ်များမှာ အသည်းအသန် လုယှက်နေကြခြင်း ဖြစ်၏။

မိစ္ဆာနယ်မြေ၏ ‘မိစ္ဆာဘုရင် ရွေးချယ်ပွဲ’ မှာလည်း ထိုကဲ့သို့သော မဟာဇာတ်လမ်းကြီး တစ်ခုပင် ဖြစ်သည်။ မိစ္ဆာဘုရင်ရွှေးချယ်ပွဲမှာ ဂိုင်ဂန်တိုမာခီယာနှင့် မယှဉ်နိုင်သော်လည်း သာမန်ဇာတ်လမ်းများနှင့် ယှဉ်လျှင်မူ အလွန်ကြီးမားလှပေသည်။

အက်စ်မိုးဒီအက်စ်က ခေါင်းညိတ်လိုက်သည်။

"မင်းပြောတာ မှန်တယ်။ ငါက မဟာဇာတ်လမ်းကြီး ရဲ့ ဝေစုတွေကို လိုအပ်တယ်"

အက်စ်မိုးဒီအက်စ်မှာ မိစ္ဆာဘုရင်တစ်ပါး ဖြစ်ပြီးသားဖြစ်ကာ အဆင့်မြင့် ဇာတ်ဝင်ခန်းများတွင် ပါဝင်နေသူ ဖြစ်သဖြင့် ဤရွေးချယ်ပွဲ၌ တိုက်ရိုက် ပါဝင်ယှဉ်ပြိုင်၍ မရပေ။ သို့သော် သူသည် ကျနော့်ကို ကူညီပေးခြင်းဖြင့် ဇာတ်လမ်း၏ ‘ဝေစု’ ကို အလဲအလှယ် လုပ်နိုင်ပေသည်။

မူလကဆိုလျှင် ကျနော် ဤကမ်းလှမ်းချက်ကို ငြင်းပယ်မိလိမ့်မည်။ မိစ္ဆာဘုရင် ရွေးချယ်ပွဲမှတစ်ဆင့် ရရှိလာမည့် မဟာဇာတ်လမ်းကြီးမှာ ကျနော့်အနေဖြင့် နက်ဗျူလာများကို ပြန်လည် တိုက်ခိုက်ရန်အတွက် အနာဂတ်တွင် အလွန်အရေးကြီးသော အခြေခံအုတ်မြစ် ဖြစ်လာမည် ဖြစ်သည်။ အကယ်၍ ကျနော်သာ ထိုဝေစုကို လူမှား၍ ပေးမိပါက ကျနော့်အတွက် ဘာမှ ကျန်တော့မည် မဟုတ်ပေ။

သို့သော်လည်း ၁၂ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့က ရေရွတ်ခဲ့သည်။

「 'အဲ့ဒီအချိန်တုန်းက ငါတို့တွေဟာ မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်ကို ထောက်ခံသလိုမျိုး ဟန်မဆောင်ခဲ့သင့်ဘူး' 」

၁၂ ကြိမ်မြောက်မှ ယူဂျွန်ဟော့၏ ရင်ဘတ်ကို ဆွဲကိုင်ပြီး သူ ဘာကို ဆိုလိုခဲ့သည်လဲဟု ကျနော် မေးမြန်းချင်မိသည်။ သို့သော် ယခု ကျနော့်ရှေ့မှ လူမှာ တတိယအကြိမ်မြောက် ယူဂျွန်ဟော့သာ ဖြစ်ပေသည်။

နောက်ဆုံးတွင် ကျနော် ရွေးချယ်မှုတစ်ခု ပြုလုပ်ရတော့ပေမည်။ မိစ္ဆာဘုရင်၏ လက်ကို ဆွဲကိုင်ရမည်လော၊ သို့မဟုတ် ငြင်းပယ်ရမည်လော။

ကျနော်သည် နှုတ်ကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်တော့သည်။

All Chapters