← Chapters

အခန်း (၄၀၅-၄၀၈)

Vol. 21 Ch. 405-408

အခန်း (၄၀၅-၄၀၈)

Vol. 21 Ch. 405-408

Chapter 405 : ရောဂါကုသခြင်း

ရှောင်ဟိုင်ချင်းက အနားနား ကပ်၍ အော်လိုက်သဖြင့် ကျီရှန်းရှန်းသည် ရုတ်တရက် နားအူသွားပြီး လန့်,ဖျပ်သွား၏။

ထို့နောက် ရှောင်ဟိုင်ချင်းက ချောင်းဟန့်လိုက်ပြီး ဖုန်းကို ဆွဲလုကာ ကျီရှန်းရှန်း၏ အသံကို တုပ၍ ဖုန်းဖြေလိုက်သည်။

“ဟယ်လို”

“ရှန်းရှန်း၊ နင် အခု ဘယ်မှာလဲ”

ချွေ့ကျွင်းက တစ်ဖက်မှ တည့်တိုးမေးလာ၏။

ထိုအခါ ရှောင်ဟိုင်ချင်းက မဲ့လိုက်သည်။ ချွေ့ကျွင်းသည် ကျီရှန်းရှန်း၏ အသံကို လုံးဝ မမှတ်မိသည်မှာ အသိအသာပင်ဖြစ်၏။ ကြည့်ရသည်မှာ သူ၏ နှလုံးသားထဲတွင် ကျီရှန်းရှန်းအတွက် နေရာ လုံးဝ မရှိပုံပင်။ ချွေ့ကျွင်း၏ဘက်မှ ကြည့်လျှင် ကျီရှန်းရှန်းသည် တုံးတုံးအအ၊ လေးတိလေးကန် မိန်းကလေးတစ်ယောက်သာ ဖြစ်ပြီး သူနှင့် ဘာမှမသက်ဆိုင်သည့် အရှုပ်ထုပ်သက်သက်ပင်။

ထိုအခါ ကျီရှန်းရှန်းက ရှောင်ဟိုင်ချင်းအား စိုက်ကြည့်လိုက်ပြီး အားတင်း၍ ပြန်ဖြေလိုက်သည်။

“ငါ ငါ့ သူငယ်ချင်းတွေနဲ့...”

“နင် ဘယ်မှာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ အခုချက်ချင်း ယာရှင်ကဖေးကို လာခဲ့။ ပြီးတော့ နင့်ရဲ့သူငယ်ချင်းနှစ်ယောက်ကို ခေါ်မလာနဲ့နော်။ အထူးသဖြင့် ကျင်းယွင်ကျောင်းကို”

ကျီရှန်းရှန်း၏ စကားမဆုံးခင်မှာပင် ချွေ့ကျွင်းက စကားဖြတ်ပြောလိုက်ပြီး ချက်ချင်း ဖုန်းချသွားရာ ရှောင်ဟိုင်ချင်းက လက်သီးလက်မောင်းတန်း၍ ကျိန်ဆဲတော့သည်။

“ကြည့်စမ်း၊ ခွေးသူတောင်းစား”

ထိုအခါ ကျီရှန်းရှန်းသည်လည်း စိတ်ရှုပ်သွား၍ ...

“ဒါဆိုရင် ငါ ဘယ်လိုလုပ်သင့်လဲ”

“မမလေး ကျီရှန်းရှန်း၊ ရှင်က ဒီလို ဆန်ကုန်မြေလေးကောင်မျိုးကို အရမ်းကြိုက်တာပဲလား”

ရှောင်ဟိုင်ချင်းက ကျီရှန်းရှန်းအား အထင်သေးစွာကြည့်ရင်း မေးလာ၏။

သူမသည် ဤကဲ့သို့သော ငတုံးမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ တစ်ဖက်လူက သူ၏ သဘောထားကို အတိအလင်း ဖော်ပြနေသော်လည်း ကျီရှန်းရှန်းကမူ တွေဝေနေသေးသည်။

သူ့ကို အချစ်ရူးလို့ ပြောရမှာလား။

ရှောင်ဟိုင်ချင်းက ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်ပြီး ခေါင်းခါလိုက်သည်။

ကျီရှန်းရှန်းနှင့် ချွေ့ကျွင်းအား ငယ်ချစ်များဟု ယူဆနိုင်၍ ကျီရှန်းရှန်းသည် ဤကဲ့သို့သောဆက်ဆံရေးမျိုးနှင့် အသားကျနေပြီ ဖြစ်သည်။ သူမ၏ စိတ်ကို အမြဲ ချွေ့ကျွင်းဆီ၌သာ ပုံအပ်ထား၍ သူမကိုယ်သူမ ပိတ်လှောင်နေခြင်းဖြစ်၏။ အကယ်၍ သူမသာ အတွေးလွန်သွားပါက တဇွတ်ထိုး လုပ်မိသွားနိုင်သည်။ သူမသည် ချွေ့ကျွင်း မရှိလျှင် မနေနိုင်ဟု အမြဲတမ်း တွေးနေပြီး အနာဂတ်တွင်လည်း ချွေ့ကျွင်းမှ မဟုတ်လျှင် လက်မထပ်နိုင်ဟု တွေးနေတတ်၏။ သို့သော် လက်တွေ့၌မူ သူမသည် သူမကိုယ်သူမ ငဲ့ညာလွန်းနေ၍ ဖိအား မပေးရက်ခြင်းသာ ဖြစ်သည်။

သည်ကမ္ဘာပေါ်မှာ ဘယ်သူကများ အချစ်မရှိဘဲ မနေနိုင်လို့လဲ။

ယခင်က ရှောင်ဟိုင်ချင်းသည် ဖခင်ဖြစ်သူနှင့် ရန်ဖြစ်သည့်အချိန်တိုင်း ကောင်းကင်ကြီး ပြိုကျလာမတတ် ခံစားရသော်လည်း ယခုအချိန်၌ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်သွားပြီ ဖြစ်၍ ထိုကိစ္စသည် အရေးမပါကြောင်း သိနားလည်သွားပြီ ဖြစ်ရာ အေးအေးဆေးဆေး နေနိုင်သွားပြီ ဖြစ်သည်။

တကယ်တမ်း၌ အခက်အခဲဟူသည် မိမိ၏ စိတ်နှလုံးအပေါ်တွင်သာ မူတည်၏။

ထိုအခါ ကျီရှန်းရှန်းသည် ရှောင်ဟိုင်ချင်း၏မေးခွန်းကြောင့် စိတ်ရှုပ်သွားပြီး ...

“ငါ မသိဘူး၊ ဘာပဲပြောပြော အရင်က ငါ သူ့ရဲ့ဆန္ဒကို တစ်ခါမှ မဆန့်ကျင်ဖူးဘူး၊ ငါတို့ ရန်ဖြစ်တိုင်းလည်း ငါကပဲ သူ့ကိုသွားရှာပြီး တောင်းပန်ရတာ။ ဒါပေမယ့် အခုတစ်ခေါက်က...”

“နင့် စိတ်ထဲမှာ သူက နင့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး၊ နင့်ကို မကြိုက်ဘူးဆိုတာ သိနေတာပဲ။ ဒါပေမယ့် နင်က သူ့ကို ခေါင်းမာမာနဲ့ ထပ်ခါတလဲလဲ ကပ်တွယ်နေတာ။ နင်က ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ရတာကို သဘောကျနေတာလား”

ရှောင်ဟိုင်ချင်းက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်၏။

အိပ်ယာပေါ်တွင် ထိုင်နေသည့် ကျင်းယွင်ကျောင်းကလည်း ရှောင်ဟိုင်ချင်း၏ အမေးကို ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

ထိုအခါ ကျီရှန်းရှန်းက သက်ပြင်းချလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

“ငါက သူ စိတ်ညစ်နေတာကို မမြင်ချင်ရုံပါ”

ထိုစကားကို ကြားသောအခါ ရှောင်ဟိုင်ချင်းက မျက်လုံးလှန်ပြလိုက်ပြီး ခဏကြာသောအခါ ပြန်ပြောလာသည်။

“နင့်ရဲ့ရောဂါက...ကုဖို့လိုနေပြီ”

“သေသေချာချာ စဥ်းစားကြည့်ရအောင်”

“စဥ်းစားကြည့်နော်။ အခု နင်က သူ့ကိုကြိုက်နေတယ်၊ ဒါကြောင့် သူက နင့်ကို အထက်စီးကနေ ဆက်ဆံတယ်၊ အခုပဲ သူက နင့်ကို တစ်ခွန်းတည်း အပြတ်ပြောပြီး ကော်ဖီဆိုင်ကို လာခိုင်းတယ်။ ဘာလဲ၊ နင်က အနိုင်ကျင့်ရ လွယ်တယ်လို့ သူက တွေးနေတာလား။ အခုတောင် သူက နင့်ကို ဒီလောက် နိုင်စားနေတာ။ အနာဂတ်ကျရင်ရော။ တကယ်လို့များ နင်က သူနဲ့ တကယ် လက်ထပ်ဖြစ်ခဲ့ပြီဆိုပါစို့၊ သူက နင့်ရဲ့ဆင်ခြင်တုံတရားကို တဖြည်းဖြည်းပျောက်အောင် လုပ်မှာပဲ။ တစ်နေ့ကျရင် သူက နင်တို့ ကျီမိသားစုရဲ့စည်းစိမ်တွေကို အပိုင်စီးပစ်နိုင်ခြေရှိတယ်။ ဒါပေမယ့် နင်က မယားဝတ္တရားရှိလို့ သူ့ကို ပေးရတာ အသားကျနေလို့ အဆင်ပြေတယ်ဆိုရင်တောင်မှ နင့်ရဲ့မိသားစုဝင်တွေ အနေနဲ့ကရော သူ့လိုကောင်မျိုးကို အရာအားလုံး ပေးသင့်တယ်လို့ နင်ထင်လား”

“သူက နင်တို့မိသားစုရဲ့စည်းစိမ်တွေကို အပိုင်သိမ်းသွားမယ်။ နင့်မိဘတွေက သွားစရာနေရာ မရှိတော့ဘူး။ နင့်အစ်ကိုကလည်း နင့်ကို စိတ်ပျက်သွားမယ်။ အဲ့တော့ နင့်ကို စိတ်ဆိုးပြီး နင်နဲ့ အဆက်အသွယ် ဖြတ်ကြမယ်။ ပြီးတော့ ချွေ့ကျွင်းကရော အပြင်မှာ ဘယ်လိုနေမယ်ထင်လဲ။ သူက စန်းရန်လို မိန်းမမျိုးနဲ့သာ ကြိုက်သွားရင် နင် အိမ်ပေါ်ကနေ ဆင်းပေးရမှာ၊ နင့်ကို စောင့်ကြိုနေမယ့် မိသားစုဝင်တွေလည်း ရှိတော့မှာ မဟုတ်ဘူး”

Chapter 406 : ဂုဏ်ရှိန်ကြီးသည့် ဘိုးဘေးများ

ရှောင်ဟိုင်ချင်းက သူမ၏ စိတ်ကူးယဥ်ဇာတ်လမ်းကို အသုံးချ၍ ကျီရှန်းရှန်းအား ခြိမ်းခြောက်လိုက်သည်။ သို့သော် သူမသည် ပြောရင်းပြောရင်းဖြင့် ဤဇာတ်လမ်းအား အတည်အတံ့ ခံစားလာရသဖြင့် ဆက်ပြောလိုက်၏။

“တကယ်တော့ ငါပြောတာက သိပ်ကြောက်စရာ မကောင်းသေးဘူး။ အိမ်ကနေ ကန်ထုတ်ခံရတာလောက်က နည်းသေးတယ်။ သူ့လိုကောင်မျိုးက နင့်ကို အတင်းအကြပ် ကျွန်ပြုခိုင်းစေမယ့် ကောင်မျိုး ဖြစ်နိုင်တယ်။ တကယ်လို့ သူသာ သူကြိုက်တဲ့မိန်းမကို ရှာတွေ့သွားမယ်ဆိုရင် နင့်ကို ဆက်ပြီးတော့ အိမ်မှုကိစ္စတွေ လုပ်ခိုင်း၊ ပြုစုခိုင်းမှာ။ တစ်ခါတစ်လေဆိုရင် သူက အခန်းထဲမှာ တခြားသူနဲ့ လိင်ဆက်ဆံနေတုန်း နင်က အပြင်ကနေ သူတို့ မပြီးမချင်း ဒူးထောက်ပြီး စောင့်နေရမှာ”

ထိုအခါ ကျီရှန်းရှန်း၏ မျက်နှာက ရှုံ့မဲ့သွား၍ ချက်ချင်း နီရဲလာ၏။

သူမသည် ချွေ့ကျွင်းအား သဘောကျ နှစ်သက်သော်လည်း ထိုမျှလောက် သည်းခံနိုင်သည်အထိ မဟုတ်ပေ။

ရှောင်ဟိုင်ချင်း၏ စကားများကြောင့် ကျီရှန်းရှန်းသည် ဒေါသထွက်ပြီး တုန်ယင်လာ၏။ ယခုအချိန်၌ စန်းရန်သည် ချွေ့ကျွင်းနှင့် အပြင်၌ ဖောက်ပြန်နေသည့် မိန်းမနှင့် တူ၏။ စန်းရန် အစွပ်စွဲခံရပြီး စိတ်မပျော်သည့် အချိန်တိုင်း သူမသည် ချွေ့ကျွင်း၏ အရှေ့၌ အနာဂတ်တွင် စန်းရန်ကို ဒုက္ခမပေးတော့မည့်အကြောင်း ထပ်ခါတလဲလဲ ကတိပေးရ၏။

ဤအခြေအနေသည် အသုံးမကျသည့် ကိုယ်လုပ်တော်တစ်ယောက်နှင့် အမှန်တကယ် တူလှသည်။

ထို့အပြင် မိသားစု ပြဿနာများ ရှိလာမည်ကလည်း အမှန်ပင် ဖြစ်၏။ လက်တွေ့တွင်လည်း ပထမ၌ ချွေ့မိသားစုနှင့် ကျီမိသားစု၏ ကြားရှိဆက်ဆံရေးမှာ သိပ်မကောင်းပေ။ သို့သော် သူမ ချွေကျွင်းနှင့် တွေ့ပြီးနောက်ပိုင်းတွင် ဖခင်ဖြစ်သူအား ချွေ့မိသားစုအိမ်တွင် သွားဆော့ချင်သည်ဟု မကြာခဏ ပူဆာခဲ့၏။ ထိုအကြောင်းကို ပြန်စဥ်းစားကြည့်သောအခါ သူမသည် ငယ်စဥ်က အရွယ်ရောက်လျှင် ချွေ့ကျွင်းနှင့် လက်ထပ်မည်ဟု အမြဲ အော်ဟစ်နေတတ်သဖြင့် သူမ၏ မိဘများသည် ချွေ့မိသားစုအား အလွန်ယဥ်ကျေးစွာ ဆက်ဆံခဲ့၏။ သူမ ငယ်စဥ်က ပြောခဲ့သည့် စကားများက အမှန်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

အကယ်၍ သူမကြောင့်သာ မဟုတ်ပါက ကျီမိသားစုသည် ချွေ့မိသားစုအား မကြာခဏ ကူညီပေးမည် မဟုတ်ပေ။

ထို့နောက် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ခဲ့သည့်ကိစ္စကို သူမ ပြန်သတိရသွား၏။ ချွေ့မိသားစုသည် ဆေးအမယ်တစ်မျိုးကို ပြင်ဆင်ရာ၌ အချိန်နောက်ကျလွန်းနေသဖြင့် အလွန်ကသောင်းကနင်းဖြစ်ခဲ့ရသည်။ ထိုအချိန်၌ သူမ ချွေ့ကျွင်းနှင့် သွားတွေ့သောအခါ သူသည် စိတ်ထိခိုက်နေပုံရ၍ သူမ အလွန် စိတ်သောကရောက်ခဲ့ရ၏။ ထို့နောက် သူမသည် သူမ၏ မိဘများ အရှေ့၌ ဆက်တိုက်အော်ငိုနေသဖြင့် နောက်ဆုံး၌ အဖေကျီသည် ချွေ့အိမ်သို့သွား၍ ဆေးဖော်စပ်နည်း တစ်ခုပေးခဲ့ရာ ချွေ့မိသားစုသည်လည်း ထိုအခက်အခဲမှ လွတ်မြောက်သွားခဲ့သည်။

သို့သော် ထိုအကျိုးဆက်ကြောင့် သူမတို့ ကျီမိသားစု၏ ဆေးဖော်စပ်နည်းများသည် ထပ်မံ၍ ပြိုင်ဘက်ကင်း မဖြစ်တော့ရာ ဆုံးရှုံးမှုက ကြီးမားလှ၏။

ထိုစဥ်က အဖြစ်အပျက်အား မည်သူကမှ စကားထဲ ထည့်မပြောကြသဖြင့် သူမသည် မေ့တောင်နေပြီဖြစ်သည်။

သို့ရာတွင် ယခု ရှောင်ဟိုင်ချင်း၏ စကားများကြောင့် ကျီရှန်းရှန်းသည် သူမ ငယ်စဥ်ကတည်းက ချွေ့မိသားစု၏ အသုံးချခံခဲ့ရ၍ ချွေ့မိသားစုကိုယ်စား ကျီမိသားစုထံမှ အကျိုးအမြတ်များ တောင်းခံပေးခဲ့ရသည်ကို သဘောပေါက် နားလည်သွားပြီး ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာ၏။

ကျီရှန်းရှန်းသည် ချွေ့ကျွင်းက သူမအား အနိုင်ကျင့်သည်ကို သည်းခံနိုင်သော်လည်း သူမ၏ မိဘများနှင့် မိသားစုဝင်များအား စိတ်ဒုက္ခပေးသည်ကိုတော့ လုံးဝ သည်းမခံနိုင်ပေ။

ကျင်းယွင်ကျောင်းသည် ကျီရှန်းရှန်း ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားသည်ကို မြင်သောအခါ အားတက်သွားပြီး ဝင်ပြောလာ၏။

“ငါက ဦးလေး ကျီကို တွေ့ဖူးတယ်လေ၊ သူက အတော်လေး တည်ငြိမ်တဲ့သူပဲ။ အကယ်၍ နင်သာ အနာဂတ်မှာ ကျီမိသားစု ပိုင်သမျှတွေကို ချွေ့မိသားစုကိုသာ တကယ်ပေးပစ်ရင် ကျီမိသားစုရဲ့ဆေးဖော်စပ်နည်းတွေ အကုန်လုံးကလည်း ပြောင်းလဲပစ်ခံရမှာပဲ။ အဲ့အချိန်ကျ နင်တို့မိသားစုရဲ့ဘိုးဘေးတွေက ဒေါသထွက်လွန်းလို့ သေရာကနေတောင် ထလာလောက်တယ်။ ဦးလေး ကျီလည်း အဲ့ကိစ္စကြောင့် ဘိုးဘေးတွေကို မျက်နှာ မပြရဲလောက်အောင် အရှက်ရမှာ”

ထိုသို့ပြောနေရင်း ကျင်းယွင်ကျောင်း၏ အသံက တဖြည်းဖြည်း တိုးတိုးသွားသည်။

သို့သော် ကျီရှန်းရှန်းကမူ သူမ၏ စကားများကို ဂရုတစိုက် နားထောင်နေပြီး ထိုအကြောင်းကို စဥ်းစားကြည့်နေ၏။

ကျီမိသားစု၏ ဘိုးဘေးများသည် တော်ဝင်ဆေးဖော်စပ်သူများကြ၍ နှိုင်းယှဥ်မရသည့် ဂုဏ်သိက္ခာရှိသူများဖြစ်သည်။ သူတို့အားလုံးသည် မျိုးရိုးအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းလာ၍ တစ်သက်လုံး ရိုသေစွာ စောင့်ရှောက်တတ်သူများဖြစ်ရာ ကျင်းယွင်ကျောင်း၏ စကားများက မလွန်ပေ။

အထူးသဖြင့် ကျီရှန်းရှန်း၏ ဖခင်ကဲ့သို့သော လူမျိုးများသည် မျိုးဆက်ပေါင်းများစွာ၏ အမွေကို ထိန်းသိမ်းစောင့်ရှောက်ရသူများ ဖြစ်သည်။ ထို့ကြောင့် ကျီမိသားစု၏ ဆေးဖော်စပ်နည်းများကို ဆုံးရှူံးသွားပါက ဖြစ်လာနိုင်သည့် ကိစ္စများကို ကျီရှန်းရှန်း သိထားသင့်၏။

ထိုအခါ ကျီရှန်းရှန်း၏ မျက်နှာသည် ချက်ချင်း ဖြူဖတ်ဖြူလျော် ဖြစ်လာ၍ လူတစ်ကိုယ်လုံးကလည်း အနည်းငယ် ထိတ်ပျာပျာ ဖြစ်လာသည်။

ထိုစကားများသည် အမှန်ပင် အကျိုးသက်ရောက်မှုရှိ၏။

ကျီရှန်းရှန်းသည် အမှန်တကယ် မျှော်လင့်ချက်ကင်းမဲ့နေသည့် အရူးတစ်ယောက် ဖြစ်သော်လည်း ထိုရူးသွပ်မှုသည် ချွေ့ကျွင်း၏အပေါ်၌သာ ဖြစ်သည်။ သူမသည် ဆေးဖော်စပ်သည့် လုပ်ငန်းကို သူမ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် သတ်မှတ် ယူဆထားသည်ဖြစ်ရာ ဥာဏ်နည်းသူတစ်ယောက် မဟုတ်ဘဲ အခြားသူများထက်ပင် ပို၍ ရှင်းရှင်းလင်းလင်း တွေးခေါ်တတ်သူဖြစ်၏။

“ငါ...ချွေ့မိသားစုကို ဆေးဖော်နည်းတစ်ခု ပေးခဲ့မိလို့ အဖေက အကျိုးအမြတ်တွေ အများကြီး ဆုံးရှုံးသွားရတာ။ ပြီးတော့ နောက်ဆုံးအကြိမ် ဆေးပညာညီလာခံကို သွားတုန်းကလည်း ချွေ့ကျွင်းက ငါ့ကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ခဲ့တာ”

Chapter 407 : အကြီးမားဆုံး ကွာခြားချက်

ကျီရှန်းရှန်းသည် ထိုစကားကို ပြောပြီးသည်နှင့် သူမ၏ စိတ်ထဲရှိ တံခါးတစ်ချပ်ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး အတိတ်က ဖြစ်ရပ်များအား ရုတ်တရက် ရှင်းရှင်းလင်းလင်း နားလည်သွားသည်။

ဥပမာအားဖြင့် သူမသည် ကလေးဘဝကတည်းက ချွေ့ကျွင်းအား အကောင်းဆုံး အစားအစာများကို ပေးခဲ့၏။ ထို့အပြင် ချွေ့ကျွင်း စိတ်မပျော်သည့်အချိန်တွင်လည်း သူမအပေါ်၌ ဒေါသများပုံချတတ်သည်။ သို့သော် သူမသည် ရက်အနည်းငယ်ခန့် ငိုကြွေးပြီးနောက် ချွေ့ကျွင်းအား ပြန်လည်၍ တွယ်ကပ်နေတတ်သည်။

ထို့အပြင် ကျောင်း၌ သူမသည် ချွေ့ကျွင်းထက် ပို၍ အဆင့်ကောင်းသောအခါတွင်လည်း ချွေ့ကျွင်း မပျော်ကြောင်းကို သတိထားမိသဖြင့် အပျော်အပါး မက်ချင်ယောင်ဆောင်၍ စာလုပ်ချိန်များကို လျှော့ချပစ်ခဲ့သည်။

ဆေးပညာရပ်တွင်လည်း ထို့အတူပင် ဖြစ်၏။ လက်တွေ့၌ သူမသည် ငယ်စဥ်ကတည်းက ဆေးပစ္စည်းများအား ကိုင်တွယ်ရသည်ကို အလွန်ကြိုက်နှစ်သက်၍ သူမ၏ ဘိုးဘေးများက ဧကရာဇ်အတွက် ဆေးဖော်စပ်ပေးရသည့် တော်ဝင်ဆေးဆရာများ ဖြစ်ခဲ့သည်ကိုလည်း အလွန်ဂုဏ်ယူတတ်ခဲ့သည်။ သို့သော် ချွေ့ကျွင်းက ဆေးပစ္စည်းများအကြောင်း သင်ယူ လေ့လာရသည်ကို စိတ်မပါကြောင်း သိသွားသောအခါ သူမသည်လည်း ဆေးဖော်စပ်ခြင်းကို အနည်းငယ် စိတ်ကုန်သွားခဲ့၏။ ထိုမျှသာမက သူမသည် ချွေ့ကျွင်းကို လက်ဆောင်ပစ္စည်းများ မရေမတွက်နိုင်အောင် ပေးခဲ့ပြီး သူမ၏ မိဘများက သူမအတွက် ပေးသမျှ အရာရာတိုင်းကို ချွေ့ကျွင်းအား ပြန်ပေးရခြင်းသည် တရားနည်းလမ်းကျသည်ဟုပင် ခံယူထားခဲ့သည်။

ထို့ကြောင့် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်း ပြောသကဲ့သို့ သူမသည် တဖြေးဖြေး သူ၏ကျေးကျွန် ဖြစ်လာခဲ့၏။

သူမသည် အစပိုင်း၌ ခံနိုင်ရည်ရှိသည်ဟု ခံစားခဲ့ရသော်လည်း ပေးဆပ်ရသည့်အရာများ ပိုများလာလေလေ ထပ်မံ၍ ပေးဆပ်စရာ မကျန်တော့သကဲ့သို့ ခံစားလာရလေလေပင်။ သူမသည် ချွေ့ကျွင်း၏ ရှေ့သို့ရောက်တိုင်း ကိုယ်ကျိုးမငဲ့တတ်သူဖြစ်လာသည်မှာ မည်သည့်အချိန်ကတည်းကမှန်းပင် မသိတော့ချေ။

တကယ်တမ်းကျ ချွေ့ကျွင်းက ငါ့အပေါ် ကောင်းလို့လား။

ကျီရှန်းရှန်းသည်လည်း ထိုအကြောင်းကို တွေးမိတိုင်း ရင်နာရ၏။ သူသည် သူမအပေါ် လုံးဝမကောင်းသည့်အပြင် အနိုင်ကျင့် ဗိုလ်ကျတတ်သေးသည်။ သို့သော် သူမသည် အမြဲတမ်း ကျေနပ်ပျော်ရွှင်နေခဲ့၏။

ဥပမာအားဖြင့် သူမသည် ချွေ့မိသားစု၏ နေ့ထူးနေ့မြတ်များ အားလုံးကို မှတ်မိသော်လည်း ချွေ့ကျွင်းကမူ သူမ၏ မွေးနေ့ကိုပင် မမှတ်မိချေ။ ယခင်က သူမသည် သူ့အား သူမ၏ မွေးနေ့အကြောင်းကို တစ်ခါ၊ နှစ်ခါ ပြောပြခဲ့ဖူးသော်လည်း သူက မမှတ်မိသည့်အပြင် ထိုရက်အား စာရွက်ပေါ်ချရေး၍ မှတ်ထားရန်ပင် စိတ်ကူးမရှိပေ။

ထို့အပြင် သူသည် သူမအပေါ်၌ ဘယ်တော့မှ ဟန်ဆောင်ပန်ဆောင်ပင် ကောင်းမပေးခဲ့။ သူမ၏ အမှားသေးသေးလေးတိုင်းသည် သူ၏ မျက်လုံးထဲ၌ အဆုံးမရှိလောက်အောင် ကြီးကျယ်၍ သူမအား အကြောင်းအရင်းမရှိဘဲ အမြဲတမ်း အရှုံးပေးရအောင် လုပ်တတ်သည်။ ထို့ကြောင့် ရံဖန်ရံခါ၌ သူမသည် သူ၏ ဘေးနားတွင် ရှိနေရရုံဖြင့်ပင် ကျေနပ်၍ သူ လုပ်သမျှ အရာရာတိုင်းကို သည်းခံပေးနိုင်သည်ဟုပင် တွေးတတ်လာသည်။

သူမသည် မိဘများနှင့် သူငယ်ချင်းများ၏ ရှေ့၌ တဇွတ်ထိုး လုပ်ချင်ရာလုပ်တတ်သူတစ်ယောက်ဖြစ်သော်လည်း ချွေ့ကျွင်း၏ ရှေ့တွင်မူ သူသည်သာ သူမ၏ ကိုးကွယ်လိုက််နာရာဖြစ်၏။

ထို့နောက် ကျီရှန်းရှန်းသည် သူမ၏ တစ်ကိုယ်လုံး အင်မတန် အေးစက်သည့်နေရာတစ်ခုသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး ရုတ်တရက် အေးစက်တုန်ယင်လာသည်။

အထူးသဖြင့် ဤနှစ်ရက်အတွင်း ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့၏ အနောက်သို့ လိုက်ပြီးနောက် သူမနှင့် သူတို့၏ ကြားရှိ ကွာခြားချက်ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိလာ၏။

ကျင်းယွင်ကျောင်းသည် အလွန် တည်ငြိမ်အေးဆေးပြီး အရာအားလုံးနှင့် ခပ်ကင်းကင်းနေတတ်သည်။ သူစိမ်းများနှင့် တွေ့သောအခါ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါများ ထွက်လာတတ်၏။ သူမအား ရန်စရန် မလွယ်သလို မည်သူကမှလည်း ထိခိုက်အောင် မလုပ်နိုင်ပေ။ လူကြီးလူကောင်းများစွာကလည်း သူမအား ယဥ်ယဥ်ကျေးကျေးနှင့် အလေးပေး ဆက်ဆံကြသည်။ ထို့ကြောင့် သူမ၌ အဆက်အသွယ်ကောင်း များစွာရှိသည်ကို မြင်နိုင်၍ သူမကဲ့သို့ ဖြစ်လာရန် ဆုမတောင်းဘဲ နေနိုင်မည် မဟုတ်ပေ။

ရှောင်ဟိုင်ချင်းကမူ အလွန် ပွင့်လင်း၍ ဆတ်ဆတ်ထိမခံပေ။ သူမသည် ယမန်နေ့က ဖခင်ဖြစ်သူထံမှ မယုံသင်္ကာ ဖြစ်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင်လည်း အခြားသူများ၏ ရှေ့၌ သူမ၏ အားနည်းမှုကို လုံးဝထုတ်မပြခဲ့ပေ။

သူမ ဖခင်၏ စကားများကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး သူမကိုယ် သူမ စိတ်ဒုက္ခရောက်အောင် မလုပ်။

ဤသည်မှာ သူမတို့ကြားရှိ အကြီးမားဆုံး ကွာခြားချက်ပင် ဖြစ်သည်။

“ငါ ဘယ်လိုလုပ်သင့်လဲ”

ကျီရှန်းရှန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ချက်ချင်း ရှောင်ဟိုင်ချင်းအား ခုန်အုပ်၍ ဖက်ပစ်လိုက်သည်။

“သူရဲကောင်းကြီး နှစ်ယောက် ရှင့်၊ ကျွန်မကို နည်းပေး လမ်းညွှန်မှုလေး နည်းနည်းလောက် ပေးပါဦး”

ထိုအခါ ရှောင်ဟိုင်ချင်းက ခပ်တိုးတိုးရယ်လိုက်ပြီး ...

“ဒီ သူရဲကောင်းကြီးက မယ်မင်းအတွက် လက်စားချေပေးမယ်။ ကိုယ့်ကိုကိုယ် ညှင်းပန်းနှိပ်စက်တယ်ဆိုတာ အရူးတွေပဲ လုပ်တာ။ အခြားသူတွေကို အနိုင်ကျင့်တာကမှ အရည်အချင်း၊ ဒါကြောင့် ဒီအရည်အချင်းကို သင်ယူရမယ်”

သူမ၏ စကားဆုံးသောအခါ ကျီရှန်းရှန်းက ကြက်ပေါက်ကလေး အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

အကျင့်ဆိုးတွေကို ပြောင်းပစ်ရမယ်။ တကယ်လို့ မပြောင်းလဲနိုင်ရင် အဲ့အကျင့်ဆိုးတွေကြောင့် နောက်ဆုံးအဆင့် ရောက်တဲ့အထိ အခြေအနေဆိုးသွားလိမ့်မယ်။

“ဒါဆိုရင် ငါတို့ အခု ဘယ်လိုလုပ်သင့်လဲဟင်။ နင်တို့က ငါနဲ့အတူ ကော်ဖီဆိုင်ကို လိုက်မှာလား”

ကျီရှန်းရှန်းက သတိကြီးကြီးထား၍ မေးလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား ကြည့်၍ ခေါင်းယမ်းလိုက်ပြီး အိပ်ယာပေါ် ပြန်လှဲအိပ်လိုက်သည်။ ရှောင်ဟိုင်ချင်းကလည်း သူမ၏ မျက်နှာကို ဖျစ်ညှစ်၍ အိပ်ယာပေါ်သို့ ပြန်တက်သွား၏။

“နင့်ရဲ့ငယ်ချစ်ဦးလေးက နင့်ကို ကော်ဖီဆိုင်ကို အခုချက်ချင်း လာခဲ့ဖို့ ခေါ်ပေမယ့် သူ့ရဲ့ဆန်ကုန်မြေလေးစရိုက်အရ အနည်းဆုံး ငါတို့ထက် တစ်နာရီ၊ နှစ်နာရီ နောက်ကျပြီးမှ ရောက်လာမှာပဲ။ ဒါကြောင့် အရင်ဆုံး အိပ်ရေးဝအောင် အိပ်။ နောက်ထပ် နှစ်နာရီလောက် နောက်ကျပြီးမှ စကြတာပေါ့”

Chapter 408 : ဒီကလေးက တတ်လွယ်တယ်

ဤနေရာ၌ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့ အတွေးချင်းတူကြ၏။ ထို့ကြောင့် သူတို့နှစ်ယောက်သည် မွေ့ရာပေါ်၌ ပြန်လှဲလိုက်ကြပြီး နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်တော့သည်။ သို့သော် ကျီရှန်းရှန်းကမူ ထိုသူနှစ်ယောက်၏ အပူအပင်ကင်းသော အမူအယာကိုကြည့်၍ ဟော့ပေါ့အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ပူလောင်နေ၏။

ထို့နောက် သူမသည် သူမ၏ အိပ်ယာပေါ်သို့ ပြန်တက်သွားသော်လည်း မည်သည့်နည်းနှင့်မှ အိပ်မပျော်ပေ။

သူမ၏ စိတ်ထဲတွင် ချွေ့ကျွင်း၏ မျက်နှာသာ ခဏခဏပေါ်လာ၏။ အကယ်၍ သူမ စောစောရောက်မလာကြောင်းသာ သူ သိလျှင် ဒေါသထွက်သွားပြီး သူမအား အထင်သေး စက်ဆုပ်စွာဖြင့် ကြည့်လာလိမ့်မည်။

ဒါပေမယ့် နောက်ကျရုံလေးပဲ မဟုတ်လား။ အရင်တုန်းက သူတောင် ငါ့ကို တစ်နေ့လုံးနီးပါး စောင့်ခိုင်းထားဖူးတာပဲ။ နှစ်နာရီလေးလောက်ကတော့ ဘာမှမဖြစ်ဘူး မဟုတ်လား။

ကျီရှန်းရှန်းသည် စိုးရိမ်စိတ်များ ပြည့်နှက်နေ၍ တစ်နာရီကျော်ခန့်ကြာအောင် အိပ်ယာပေါ်တွင် ဟိုလှိမ့်၊ ဒီလှိမ့်ဖြင့် အိပ်မရပေ။

ထို့နောက် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်း အိပ်ယာ ထလာသံကို ကြားသောအခါ သူမသည်လည်း ချက်ချင်း ခုန်ထလိုက်ပြီး ခပ်မြန်မြန် သွားတိုက် မျက်နှာသစ် လုပ်လိုက်၏။ သို့သော် ကျန်နှစ်ယောက်မှာမူ ခပ်နှေးနှေးသာ လုပ်ကိုင်နေသည်ကို မြင်လိုက်ရသည်။

“အစ်မကြီးတို့ နှစ်ယောက်၊ မြန်မြန်လုပ်ကြလေ”

ကျီရှန်းရှန်းက မတိုက်တွန်းဘဲ မနေနိုင်တော့ချေ။

“နင်က အပြင်ထွက်ပြီး တိုက်ပွဲဝင်ရမှာကို ဘာလို့ အစားကောင်းကောင်း မစားသွားတာလဲ”

ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်း၏ ရယ်သံကို အတုခိုးပြီး ရယ်မောရင်း စနောက်လိုက်သည်။

“အမှန်ပဲ၊ ဘယ်အချိန်ခေါ်ခေါ် အသင့်ရှိနေတဲ့သူတွေဆိုတာ စျေးအပေါဆုံးပဲ။ နင်က နင့်ရဲ့စတိုင်ကို ပိုကောင်းလာအောင် သင်ယူဖို့လိုသေးတယ်၊ နားလည်လား”

ရှောင်ဟိုင်ချင်း၏ စိတ်ထဲ၌ ဤကိစ္စအား လုံးဝ အလေးအနက် မထားပေ။

သူက ဆန်ကုန်မြေလေး တစ်ယောက်ပဲကို၊ ငါတို့က အလောတကြီး အပြင်ထွက်ပြီး သွားတွေ့စရာလိုလို့လား။ သူနဲ့ တန်လို့လား။

ထိုအခါ ကျီရှန်းရှန်းသည် လုံးဝ ဆွံအနေ၏။ တကယ်တမ်း၌ သူမသည် ထိုအလေ့အကျင့်နှင့် အမှန်တကယ် အသားကျနေပြီ ဖြစ်သည်။ သူမသည် ချွေ့ကျွင်းနှင့် တွေ့သည့်အခါတိုင်း နောက်ကျမည်ကို ကြောက်သဖြင့် မည်မျှ အရေးကြီးသည့်ကိစ္စဖြစ်နေပါစေ၊ ချက်ချင်း လွှတ်ချခဲ့သည်သာဖြစ်ပြီး အမြဲတမ်းလိုလို အချိန်အစောကြီး ကြိုရောက်နေအောင် ကြိုးစားလေ့ရှိသည်။

ထို့ကြောင့် ကျင်းယွင်ကျောင်းတို့၏ စကားကို ကြားသောအခါ ကျီရှန်းရှန်းက သက်ပြင်းတစ်ချက် ခပ်လေးလေး ချလိုက်၏။

ပြောင်းလဲချင်ရင် ဒါတွေကို အရင်ကျော်ဖြတ်ဖို့ လိုအပ်တယ်။

သူမသည်လည်း သူမ၏ မိဘများ၏ အဖိုးတန်သမီးရတနာလေး ဖြစ်သည်။ အကယ်၍ သူမ၌ မာနအနည်းအကျဥ်းပင် မရှိပါက အနာဂတ်တွင် ပို၍ အနိုင်ကျင့်ခံရမည် ဖြစ်သည်။

နောက်ဆုံး၌ ကျီရှန်းရှန်းသည် အနည်းငယ် စိတ်ငြိမ်လာ၏။ အထူးသဖြင့် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့ အေးအေးဆေးဆေး စားသောက်နေသည်ကို မြင်သောအခါ သူမ၏ စိတ်လောနေမှုများနှင့် ဒေါသများကို မျိုသိပ်ထားလိုက်ပြီး သူတို့၏ စကားကို အသာတကြည်ပင် လက်ခံလိုက်ကာ ကိုယ်လက်သန့်စင်ပြီးနောက် အတူတူ မနက်စာ စားကြသည်။

ထိုနှစ်ယောက်သည် မနက်စာစားရင်း အေးအေးဆေးဆေး စကားစမြည် ပြောနေကြရာ ကျီရှန်းရှန်းလည်း ထိုစကားများကို နားထောင်ရင်း ကော်ဖီဆိုင်၌ ချွေ့ကျွင်း စောင့်နေသည်ကိုပင် မေ့လျော့သွား၏။

ဤခံစားချက်မှာ အတော်လေး ကောင်းမွန်လှသည်။

မနက်စာ စားပြီးနောက်တွင် ချွေ့ကျွင်းထံမှ ထပ်မံ၍ ဖုန်းဝင်လာပြီး နောက်ဆုံး ဖုန်းခေါ်ခဲ့သည့်အချိန်နှင့် နှစ်နာရီခန့် ကွာခြားနေပြီ ဖြစ်သည်။

အကယ်၍ ချွေ့ကျွင်းသာ စောရောက်နေပါက သူမအား ဤမျှလောက်အထိ ကြာအောင် ဖုန်းမဆက်ဘဲ စိတ်ရှည်လက်ရှည် စောင့်နေလိမ့်မည် မဟုတ်ပေ။

ထိုအခါ ကျီရှန်းရှန်းသည် သူမကိုယ် သူမ လှောင်ရယ်လိုက်သည်။

ချွေ့ကျွင်းကတောင် အလျင်မလိုတာကို ငါက ဘာလို့ အလျင်လိုနေတာလဲ။

အစောပိုင်းက သူမ၏ စိတ်ထဲ၌ ချွေ့ကျွင်းအား အမှန်တကယ်ပင် အားနာနေခဲ့သော်လည်း ယခုအချိန်၌မူ အားလုံးပြောင်းလဲသွား၍ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့၏ စကားများမှာ သွေးထွက်အောင်ပင် မှန်ကြောင်း သဘောပေါက်သွား၏။

ထို့နောက် ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ ချွေ့ကျွင်း၏ ဆောင့်ဆောင့်အောင့်အောင့် အသံကို ကြားလိုက်ရသည်။

“ကျီရှန်းရှန်း၊ နင် ဘယ်မှာလဲ။ ငါ နင့်ကို စောစောလာဖို့ မပြောလိုက်ဘူးလား။ ငါ အခု ကော်ဖီဆိုင်ထဲမှာ နင့်ကို ဘာလို့ ရှာမတွေ့တာလဲ”

ထိုအခါ ကျီရှန်းရှန်းက တုန်လှုပ်သွား၍ ဖုန်းကို နားမှ ခွာလိုက်သည်။

“နင် ဘာတွေ လှမ်းပြောနေတာလဲ။ နင်တောင် အခုမှ ရောက်တာ မဟုတ်ဘူးလား။ အဲ့ကနေ စောင့်နေ။ ငါ အခု လာခဲ့မယ်”

စကားဆုံးသည်နှင့် သူမသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဖုန်းချလိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ ရှောင်ဟိုင်ချင်းက သူမအား လက်မထောင်ပြလာ၏။

“မာန်တော့ သိပ်မပါသေးပေမယ့် ဒီကလေးက သင်လွယ်တတ်လွယ်တာပဲ၊ တိုးတက်လာပြီ”

“ဒါက...”

ကျီရှန်းရှန်းက မလုံမလဲဖြင့် ပြန်ဖြေလာပြီး ယခုအချိန်၌ အတော်လေး ရှက်ရွံ့နေ၏။

အစောပိုင်းက ချွေ့ကျွင်းသည် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့၏ ရှေ့၌ သူမအား အော်ဟစ်အမိန့်ပေးခဲ့သည်။ အကယ်၍ သူမသာ ယခင်အချိန်များကကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်ပါက ထိုနှစ်ယောက်သည် သူမအား အစိမ်းလိုက် ဝါးစားပစ်မည်ကိုပင် စိုးရိမ်ရ၏။ သို့သော် ယခုအကြိမ်သည် သူမ ချွေ့ကျွင်းအား ပထမဆုံးအကြိမ် အနိုင်နှင့်ပိုင်းဖူးခြင်း ဖြစ်သည်။

ဖုန်းပြောနေစဥ်အတွင်း သူမသည် စိတ်လှုပ်ရှားနေ၍ တစ်ချိန်တည်းမှာပင် ကြောက်ရွံ့တုန်လှုပ်နေခဲ့၏။ ဤသည်မှာ လက်စားချေရသည့် အရသာပင်။ သူမသည် ရုတ်တရက် အခြားသူများအား အနိုင်ယူလိုက်နိုင်သည့် ခံစားချက်ကို နှစ်ခြိုက်သွားမိ၏။

ငါ ဘာလုပ်သင့်လဲ။

All Chapters