အခန်း (၄၀၉-၄၁၂)
Vol. 21 Ch. 409-412
Chapter 409 : ဘာတွေဖြစ်နေတာလဲ
ကျီရှန်းရှန်း စိတ်လွတ်ကိုယ်လွတ်ဖြင့် မနက်စာ စားပြီးချိန်တွင် ချွေ့ကျွင်းသည် ဒေါသထွက်လွန်း၍ ရူးမတက် ဖြစ်နေ၏။
သူသည် ကျီရှန်းရှန်းအား သိကျွမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပြီး ယခုအကြိမ်သည် သူမက သူ့အား စောင့်နေခိုင်းသည့် ပထမဆုံးအကြိမ်ဖြစ်ကာ သူ့ကိုပင် ပြန်အော်ခဲ့သေးသည်။
သည်လောက်ဆို သေချာသွားပြီ။ သူက ကျင်းယွင်ကျောင်းနဲ့နေတာ နည်းနည်းကြာလာတော့ သူ့ဆီက အကျင့်ဆိုးတွေ ကူးသွားတာပဲ။
အထူးသဖြင့် ကျီရှန်းရှန်းနှင့် ပတ်သတ်လျှင် ချွေ့ကျွင်းသည် လုံးဝစိတ်မရှည်ပေ။ ထို့ကြောင့် သူသည် ကျီရှန်းရှန်းအား ဖုန်းပြန်ခေါ်လိုက်သည်။ သို့သော် ကျီရှန်းရှန်းသည် ဖုန်းကို ပြန်လည်း မဖြေ၊ ချလည်း မပစ်ဘဲ အသံသာ ပိတ်ထားလိုက်၍ ဖုန်းမျက်နှာပြင်မှ မီးလင်းလာသည်ကိုသာ ကြည့်နေ၏။
ထို့နောက် သူမသည် ယခင်က ချွေ့ကျွင်းအား ဖုန်းခေါ်ခဲ့သည်များကို ပြန်စဥ်းစားနေမိသည်။ တစ်ခါတစ်ရံ သူမသည် သူ့ထံသို့ ဆယ်ခါထက်မနည်း ဖုန်းခေါ်တတ်သော်လည်း ကိုင်မည့်သူ မရှိပေ။ ထို့အပြင် သူမက ဆက်တိုက် ခေါ်နေပါက ဖုန်းကိုပင် ပိတ်ပစ်တတ်သည်။ သူမသည် ထိုအကြောင်းနှင့် ပတ်သတ်ပြီး ချွေ့ကျွင်းအား ပြန်ပြောသော်လည်း ချွေ့ကျွင်းက သူမ၏ အပြစ်များကိုသာ ဆက်တိုက် ပြောနေခဲ့၍ သူမက သူ၏ ဖုန်းကို ပျက်အောင် လုပ်နေသည်ဟုပင် ဆို၏။
ထို့ကြောင့် သူမသည် သူ့အား တိုးတိုးတိတ်တိတ် တောင်းပန်၍ နောက်တစ်ကြိမ် ထပ်မံ၍ ဤကဲ့သို့ အဆက်မပြတ် မနှောက်ယှက်တော့ဟုပင် ကတိပေးခဲ့ရသည်။
သို့သော် ယခု အခြားရှုထောင့်မှကြည့်သောအခါ သူမ၏အမြင်များက ပြောင်းလဲသွား၏။ တစ်ခါတစ်ရံ တစ်ဖက်လူက ဖုန်းမကိုင်သည်မှာ ခေါ်ဆိုသူက သူ့အတွက် အရေးမပါသောကြောင့် ဖြစ်သည်။
သူမက စိတ်ရင်းစေတနာဖြင့် ဂရုစိုက်မှုများပေးလျှင်တောင်မှ ထိုသူ့အတွက်မူ သူမသည် သူ၏နောက်သို့ တကောက်ကောက်လိုက်၍ ပိုးပန်းနေသည့် စိတ်ရှုပ်စရာ လူတစ်ယောက်သာ ဖြစ်၏။
ထိုသို့ စဥ်းစားမိလိုက်သောအခါ ကျီရှန်းရှန်း၏ ရင်ထဲရှိ အပြစ်ရှိစိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။
မနက်စာ စားပြီးနောက် သူမတို့ သုံးယောက်သည် အပြင်သွားရန် အဆင်သင့် ဖြစ်နေကြသော်လည်း အကြီးအကဲ ထန်သည် အလွန် ဧည့်ဝတ်ကျေပွန်၍ သူမတို့အား အပြင်လိုက်ပို့ရန် ကားဒရိုင်ဘာ တစ်ဦးကို စေလွှတ်လိုက်သည်။ သူမတို့အား လိုက်ပို့ပေးမည့် ကားများ အားလုံးသည်လည်း အကြီးအကဲ ထန်၏ အထူးကားများ ဖြစ်၍ အလွန်အဆင့်အတန်းမြင့်ကာ ဟိတ်ဟန်ကြီးလှ၏။
ကျင်းယွင်ကျောင်းသည် မူလက ထိုအစီအစဥ်အား ငြင်းပယ်ချင်သော်လည်း ရှောင်ဟိုင်ချင်းနှင့် ကျီရှန်းရှန်းတို့ စိတ်လှုပ်ရှားနေကြသည်ကို မြင်သောအခါ တွန့်ဆုတ်စွာဖြင့် သဘောတူလိုက်သည်။
ထို့အပြင် သူမတို့သည် ဆန်ကုန်မြေလေး ကောင်အား ပညာသွားပေးကြမည်ဖြစ်ရာ ဟိတ်ဟန်ကြီးနေရန်လည်း လိုအပ်၏။
နာရီဝက်ခန့် အချိန်ဖြုန်းနေပြီးနောက် သူမတို့ ယာရှင်ကဖေးသို့ ရောက်လာကြသည်။
ကျီရှန်းရှန်းသည် ဆိုင်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ဝင်သွား၏။ သို့သော် သူမကိုယ် သူမ အားပေးလိုက်ပြီး ခေါင်းမော့၊ ရင်ကော့လိုက်ရာ အတော်လေး အားအင်ပြည့်ဝနေပုံ ပေါက်သွား၏။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့ကမူ ရန်လိုနေသည့် ကျီရှန်းရှန်း၏ ပုံစံနှင့် လုံးဝမတူဘဲ သက်တောင့်သက်သာပင် လျှောက်လာကြသည်။
ကော်ဖီဆိုင်က သိပ်မကြီးသဖြင့် သူမတို့သုံးယောက်သည် ဆိုင်ထဲသို့ ဝင်လာလာချင်းမှာပင် တစ်နေရာ၌ ထိုင်နေသည့် ချွေ့ကျွင်းအား မြင်လိုက်ရ၏။
ချွေ့ကျွင်း၏ ဘေးတွင်မူ စန်းရန်သည် အလွန်အမင်း ဖြူဖတ်ဖြူလျော် ဖြစ်နေသည့်မျက်နှာနှင့် ထိုင်နေသည်။
ကျီရှန်းရှန်းသည် စန်းရန်ကို မြင်လိုက်သည်နှင့် ချွေ့ကျွင်းက သူမအား လာရှာသည့် အကြောင်းအရင်းအား ပို၍ သေချာသွားသဖြင့် ချက်ချင်း ဒေါသထွက်သွား၏။ သို့သော် သူမ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသည့် ပုံစံကိုမူ ဆက်၍ ထိန်းသိမ်းထားသည်။
ထို့နောက် သူမသည် ထိုနေရာသို့ အထက်စီးဆန်ဆန် အမူအယာဖြင့် လျှောက်သွား၍ မျက်နှာချင်းဆိုင်ခုံ၌ ဝင်လိုက်ပြီး တဲ့တိုးမေးလိုက်၏။
“နင်တို့က ငါ့ဆီက ဘာလိုချင်လို့လဲ”
ကျီရှန်းရှန်းအား မြင်သောအခါ ချွေ့ကျွင်း၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး ...
“နင််က သိနေသေးတယ်ပေါ့၊ ဘယ်အချိန်ရှိပြီလဲ၊ ငါ နင့်ကို ဖုန်းဆက်ပြီးခေါ်တာ လွန်ခဲ့တဲ့ နှစ်နာရီခွဲကတည်းက။ ပြီးတော့ ငါ နင့်ကို တစ်ယောက်တည်းလာဖို့ မပြောခဲ့ဘူးလား။ နင် ဘာလို့ ကျင်းယွင်ကျောင်းကိုပါ ဒီနေရာ ခေါ်လာတာလဲ”
ထိုစကားကို ကြားသောအခါ ကျီရှန်းရှန်းသည် ပို၍ ဒေါသထွက်လာ၏။
“နင်လည်း လွန်ခဲ့တဲ့ နာရီဝက်ကမှ ရောက်တာမဟုတ်လား။ ငါက ဘာလို့ အစောကြီးလာပြီး နင့်ကို စောင့်နေရမှာလဲ”
ကျီရှန်းရှန်းက ဒေါသတကြီး ပြောလိုက်သည်။
ထိုအခါ ချွေ့ကျွင်းက မသိမသာ အံကြိတ်လိုက်၏။
ကျီရှန်းရှန်းက ဘယ်တုန်းက သည်လောက် မောက်မာသွားတာလဲ။
ယခင်က သူ ဒေါသထွက်သည့် အချိန်တိုင်း ကျီရှန်းရှန်းသည် ချက်ချင်း တောင်းပန်တတ်၏။
ပြီးတော့ နှစ်နာရီလေး စောလာခိုင်းတာကို သူက စကားထဲ ထည့်ပြောနေသေးတာလား။
ယခင်က ကျီရှန်းရှန်းသည် သူ့အား တစ်နေကုန် ထိုင်စောင့်ရလျှင်တောင်မှ စောဒက မတက်ပေ။ သို့သော် ယခုအချိန်၌ ဆတ်ဆတ်ထိမခံ ပြန်ပြောနေပြီဖြစ်သည်။
ထို့ကြောင့် ချွေ့ကျွင်းက ခပ်ပြင်းပြင်း အသက်ရှုသွင်းလိုက်၍ ပြောလာ၏။
“ငါ နင့်ကို မေးမယ်။ မနေ့က ဘာဖြစ်ခဲ့လဲ”
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် ဘေးစားပွဲ၌သာ ထိုင်နေပြီး တစ်ခွန်းမှ ဝင်မပြောသော်လည်း ကျီရှန်းရှန်းသည် သူမတို့ကြောင့် အနည်းငယ် ပို၍ သတ္တိရှိလာသလို ခံစားနေရ၏။ အထူးသဖြင့် ကျင်းယွင်ကျောင်းက သူမအား မြင်းစီးကလပ်တွင် အသက််ကယ်ခဲ့ပြီးနောက် ကျင်းယွင်ကျောင်း၏ ဘေးတွင် နေပါက လုံခြုံရေးနှင့် ပတ်သတ်၍ ခြိမ်းခြောက်ခံရမည်ကို စိုးရိမ်စရာ မရှိဟု ခံစားလာရ၏။
“မနေ့ကလား။ ဘာမှမဖြစ်ခဲ့ပါဘူး”
ကျီရှန်းရှန်းက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
Chapter 410 : အမှားအမှန်ခွဲခြားခြင်း
ယမန်နေ့က ကျီရှန်းရှန်းသည် မြင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သော်လည်း ထိုကိစ္စသည် ပြီးသွားပြီဖြစ်၍ သူမတို့သည်လည်း မည်သည့် ဒဏ်ရာမှ မရခဲ့ပေ။ ထို့ကြောင့် ထိုကိစ္စအား ထပ်မံ၍ ပုံကြီးချဲ့ပြောနေစရာ မလိုတော့။
သို့သော် ချွေ့ကျွင်းက ခပ်လှောင်လှောင် ရယ်လိုက်သည်။
“ဘာမှမဖြစ်ခဲ့ဘူးလို့ နင်က ပြောနေသေးတယ်လား”
“ကျီရှန်းရှန်း၊ နင် အရင်က ဒီလိုမျိုး မဟုတ်ပါဘူး။ နင်က ဒီလောက်တောင် တစ်ကိုယ်ကောင်းဆန်လိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားဘူး။ နင်က ဒဏ်ရာ မရပေမယ့် ကျင်းယွင်ကျောင်းနဲ့ ပေါင်းပြီး ပြဿနာ အကြီးအကျယ် ရှာခဲ့တာလေ။ ငါ့ရဲ့ပြောင်ကျဲက သူ့ သူငယ်ချင်းတွေနဲ့ အနားယူနေတာကို နင်က ဝင်ရှုပ်ပြီး သူ့ သူငယ်ချင်းကိုတောင် ရဲစခန်းရောက်အောင် လုပ်ခဲ့သေးတယ်။ ပြီးတော့ နင်က ဘာလို့ တခြားသူတွေရဲ့ ရှေ့မှာ ပြောင်ကျဲက အမှားအမှန် မခွဲခြားနိုင်တဲ့သူလို့ ထပ်ခါတလဲလဲ ပြောပြီး စွပ်စွဲခဲ့တာလဲ။ ငါ ထင်တာကတော့ သူများတကာကို သွေးထိုးတတ်တဲ့သူက နင်ပဲ မဟုတ်ဘူးလား”
ချွေ့ကျွင်းက ထပ်မံ၍ ပြောလာသည်။ သူ၏ ဘေး၌ ထိုင်နေသည့် စန်းရန်သည်လည်း ကျီရှန်းရှန်းအား ကြည့်ရင်း ဒေါသထွက်လွန်း၍ တုန်ယင်လာ၏။
ယနေ့ သူမသည် မိတ်ကပ်ထူထူ လိမ်း၍ ဦးထုပ်ဆောင်းလာသည်။ သို့သော် ထိုသို့ ဝတ်စားပြင်ဆင်လာခြင်းသည် အလှအပအတွက်ကြောင့် မဟုတ်ဘဲ သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာများကို ဖုံးကွယ်ချင်သောကြောင့် ဖြစ်သည်။
ယမန်နေ့က မြင်းစီးကလပ်မှ အပြန်တွင် သူမသည် သွားစရာနေရာ မရှိသဖြင့် ကျောင်းသို့သာ ပြန်သွားခဲ့၏။ သို့သော် ကျောင်းသို့ ပြန်ရောက်သည်နှင့် သူမအား အထက်တန်းလွှာ ညစာစားပွဲသို့ ဖိတ်ကြားခဲ့ဖူးသော လူချမ်းသာ သားသမီးတစ်စုက စာသင်ခန်းလွတ် တစ်ခုထဲသို့ ဆွဲခေါ်သွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ သူမသည် သူတို့၏ ထိုးနှက်ကန်ကျောက်ခြင်းကို ခံခဲ့ရ၍ အနာဂတ်တွင် သူမအား ဤကျောင်း၌ ထပ်မမြင်ချင်ဟုပင် ခြိမ်းခြောက်ခံခဲ့ရ၏။ ထိုသို့ မဟုတ်ပါက သူမအား မြင်တိုင်း ရိုက်မည်ဟု ဆိုသည်။
သူမသည် နောက်ပိုင်း၌ ရုပ်ပိုင်းဆိုင်ရာတင်သာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက် ဒဏ်ရာရသည်အထိ အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် စော်ကားခံရလိမ့်မည်။
အကယ်၍ ယမန်နေ့က သူမ လှည့်ထွက်မသွားခင်တွင် ကျီရှန်းရှန်းကသာ မအော်ခဲ့ပါက သမီးဖြစ်သူ ရဲစခန်းသို့ခေါ်သွားခံရ၍ မကျေမနပ်ဖြစ်နေသည့် ဟုန်ထျန်း၏ ဒေါသများသည် သူမ၏ အပေါ်သို့ ကျရောက်လာမည် မဟုတ်ပေ။ ထိုအခါ ဟုန်ဝမ် ရန်ငြိုးထားမည်ကို ကြောက်သည့် ထိုလူချမ်းသာ သားသမီးတစ်စုကလည်း သူမကို ရိုက်နှက်လိမ့်မည် မဟုတ်။
ယခုအချိန်၌ သူမသည် ချွေ့မိသားစုအိမ်သို့ ပြန်မရသည့်အပြင် ကျောင်းသို့လည်း မသွားရဲရာ မည်သည့်နေရာသို့ သွားရမည်နည်း။ မည်သို့ လုပ်သင့်သနည်း။
ဤ ပြသာနာများအားလုံးသည် ကျင်းယွင်ကျောင်းနှင့် တွေ့သည့်အချိန်မှ အစပြုခဲ့ခြင်း ဖြစ်၏။
ကျင်းယွင်ကျောင်းနှင့် ကျီရှန်းရှန်းသည် သူမ၏ အကုသိုလ် ဝဋ်ကြွေးများသာ ဖြစ်သည်။
မူလက သူမသည် ကျီရှန်းရှန်းကိုသာ လက်စားချေချင်ခဲ့ခြင်း ဖြစ်သော်လည်း ကျင်းယွင်ကျောင်းကပါ အတူလိုက်လာခဲ့၏။ ထို့ကြောင့် လက်စားချေမည့်ကိစ္စသည် အနည်းငယ် ပို၍ ခက်ခဲသွားသော်လည်း ကျင်းယွင်ကျောင်း ကိုယ်တိုင်က မခေါ်ဘဲ ရောက်လာခြင်းဖြစ်ရာ သူမအား အပြစ်မတင်သင့်ပေ။
ငါ့ကို အပြစ်မတင်နဲ့။
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းထံမှ ဦးနှောက်ဆေးခံရပြီးသည့်နောက်တွင် ချွေ့ကျွင်းအပေါ် ကျီရှန်းရှန်း၏ သဘောထားမှာ တည်ငြိမ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ယခု ချွေ့ကျွင်း၏ စကားကိုကြားသောအခါ ယခင်က သူမ မည်မျှ တုံးအခဲ့ကြောင်း လုံးဝ သဘောပေါက်သွားတော့၏။
“ချွေ့ကျွင်း၊ စန်းရန်က နင့်ရဲ့ဝမ်းကွဲအစ်မပဲ၊ နင့်ရည်းစား မဟုတ်ဘူးနော်။ နင် သူ့ကို ငယ်ငယ်ကတည်းက ကူညီပေးလာတာ။ နင်က သူ့ကိုစိတ်ဝင်စားနေတာလား။ ငါ့ကို ပြောစမ်းပါဦး၊ နင် ရင်ခုန်နေတယ် ဆိုရင်တောင်မှ အသုံးမဝင်ဘူးနော်။ နင်တို့ နှစ်ယောက်က မဖြစ်နိုင်ဘူး”
ကျီရှန်းရှန်းက ထေ့ငေါ့၍ ပြောလိုက်သည်။
သူမ ထိုစကားကို ပြောချင်နေသည်မှာ အချိန်အတော် ကြာပြီ ဖြစ်၏။
မိခင်ဖြစ်သူအား ပြန်၍ သဘောကျသည့် အမျိုးသားများကို သူမ တစ်ခါမှ မတွေ့ဖူးသော်လည်း ဤကဲ့သို့ ဝမ်းကွဲအစ်မ ညီမများကို သဘောကျသူများကိုမူ သူမ တွေ့ဖူးသည်။
အကယ်၍ ယခင်ခေတ်ကသာ ဖြစ်ပါက ထိုသူနှစ်ယောက်သည် သေချာပေါက် လက်ထပ်နိုင်သည်။ ထိုခေတ်က ထိုကဲ့သို့ ဆွေမျိုးအချင်းချင်း အသက်အရွယ် ကွာခြားမှုမရွေး လက်ထပ်ခြင်းက ပြဿနာ မရှိပေ။
ထိုစကားကို ကြားသောအခါ ချွေ့ကျွင်းသည် ချက်ချင်း စိတ်ရှုပ်သွားပြီး ...
“နင် ဘာ အဓိပ္ပါယ် မရှိတာတွေ ပြောနေတာလဲ”
စန်းရန်သည် သူ၏ ဝမ်းကွဲ ဖြစ်သည်။ ဝမ်းကွဲအစ်မဖြစ်သူအား မည်သို့ စိတ်ဝင်စား၍ ရမည်နည်း။ ကျီရှန်းရှန်းသည် ခွေးရူးတစ်ကောင်ကဲ့သို့ မည်းမည်းမြင်ရာ ပတ်ရမ်းနေခြင်း ဖြစ်သည်။
ထိုအခါ စန်းရန်ကလည်း မျက်မှောင်ကြုံ့လိုက်ပြီး ...
“ရှန်းရှန်း၊ ငါက မင်းရဲ့လမ်းကို ပိတ်နေတယ်လို့ မင်း ထင်နေတာ ငါသိပါတယ်။ မင်းက ချွေ့ကျွင်းကို ကြိုက်တယ်၊ ငါလည်း ဒါကို အားပေးတယ်လေ။ ငါက သူ့ရဲ့ဝမ်းကွဲအစ်မ၊ ငါတို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာ။ ဒါကြောင့် ငါတို့ ဆက်ဆံရေး ပိုကောင်းလာတာက ဘာမှ မထူးဆန်းဘူး၊ ပုံကြီးချဲ့စရာ မဟုတ်ဘူး၊ ဒါပေမယ့် မင်း ငါ့ကို မနာလို ဖြစ်ရုံနဲ့တော့ ငါ့ ဘဝကို မဖျက်စီးသင့်ဘူးလေ”
“နင့်ကို မနာလိုတယ်၊ ဟုတ်လား။ နင်နဲ့ တန်တာပဲလေ။ နင်က ဘယ်သူ့ကို ငိုယိုပြီး ဟန်ဆောင်ပြနေတာလဲ။ ဒီကောင်က ဆန်ကုန်မြေလေး တစ်ယောက်ပဲ မဟုတ်ဘူးလား။ နင် ကြိုက်ရင် ငါကတောင် အလကား ပေးလိုက်ချင်တယ်။ ပြီးတော့ အရင်က ငါ ကန်းနေခဲ့တာ။ ဒါပေမယ့် အခု အမြင်မှန်ရသွားပြီ။ ဒီလိုကောင်မျိုးကို ထပ်ပြီးတော့ မလိုချင်တော့ဘူး၊ ဟုတ်ပြီလား”
ကျီရှန်းရှန်းသည် အလွန်အမင်း ဒေါသထွက်နေသဖြင့် ရူးသွပ်နေသည့် ခြင်္သေ့မတစ်ကောင် အလားပင်။
သူမ အော်လိုက်သည့်အခါ ထိုအသံကို ကြားသူတိုင်း ခေါင်းကိုက်သွား၍ ကျင်းယွင်ကျောင်းကမူ သူတို့ ပထမဆုံးအကြိမ် စတွေ့ကတည်းက ကြုံဖူးပြီးသား ဖြစ်သည်။
သို့သော် ကျီရှန်းရှန်းသည် ဒေါသထွက်သည့်အချိန်၌သာ စက်သေနတ် ပစ်သကဲ့သို့ တရစပ်အော်ဟစ်နေတတ်၍ ပုံမှန် အချိန်များတွင်မူ အတော်လေး သာမန်ဆန်သူ ဖြစ်၏။ ထို့ကြောင့် သူမ၏ လက်ရှိအခြေအနေမှာ စိတ်ရင်းကောင်း၍ အပြောဆိုးသူတစ်ယောက်က မိမိကိုယ်မိမိ ရဲဆေးတင်၍ တိုက်ပွဲဝင်နေပုံနှင့် ပိုတူနေသည်။
Chpater 411 : ရောဂါကျွမ်းနေသူ
ကျီရှန်းရှန်း၏ ရန်လိုနေမှုကြောင့် ချွေ့ကျွင်း၏ မျက်နှာမှာ နီရဲလာ၍ မသိမသာ အံကြိတ်လိုက်၏။
သူသည် အသက်ငယ်သော်လည်း ဒေါသထွက်လာသည့်အချိန်၌ အနည်းငယ် ကြောက်ဖို့ကောင်းသည်။ ထို့ကြောင့် ချွေ့ကျွင်းက စားပွဲကို ဘုန်းခနဲမြည်အောင် ရိုက်လိုက်ပြီး မတ်တပ်ထရပ်လိုက်၍ ကျီရှန်းရှန်းအား လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောလိုက်၏။
“ကျီရှန်းရှန်း၊ ငါ ထပ်ပြောလိုက်မယ်။ ငါနဲ့ ပြောင်ကျဲနဲ့က ဘာမှမဆိုင်ဘူး။ ပြီးတော့ နင်က ဘယ်သူ့ကို ဆန်ကုန်မြေလေးလို့ ခေါ်လိုက်တာလဲ။ ငါ့ကိုလား။ ဒီနှစ်တွေအတွင်းမှာ ငါ့ကိုလိုက်ပြီး အတင်းတွယ်ကပ်နေတာ နင်လေ။ ငါက နင့်ကို သေလောက်အောင် မုန်းတာကို နင် မမြင်ဘူးလား။ အရှက်မရှိဘဲနဲ့ ငါက အတင်းခွာချတာတောင် မရတဲ့သူက နင်လေ။ နင့်အကြောင်းကို တွေးလိုက်တိုင်း ငါ ခေါင်းကိုက်တယ်”
“ဒါတောင် နင်က ငါ့ရှေ့မှာ အဓိပ္ပါယ်မရှိတာတွေကို အရှက်မရှိ ပြောနေသေးတယ်လား။ ငါ နင့်ကို ပြောမယ်၊ ငါ့ရဲ့ ပြောင်ကျဲကို တောင်းပန်လိုက်။ အခုချိန်ကစပြီး နင် ပြောင်ကျဲကို အနိုင်ကျင့်ရင် ငါ့ ရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်မလာတော့နဲ့။ ပြီးတော့ နင် ယွမ်ငါးသောင်း ယူလာခဲ့။ နင့်ကြောင့် ငါ့ရဲ့ပြောင်ကျဲက အခု နေစရာ မရှိတော့ဘူး။ နင် သူ့ကို လျော်ကြေးပေးရမယ်”
“ဖွီ ...”
ချွေ့ကျွင်း၏ စကားဆုံးသည်နှင့် ရှောင်ဟိုင်ချင်းက ကော်ဖီများကို ထွေးထုတ်လိုက်၏။
“အား...ငါတော့ ကော်ဖီ သီးပြီး သေတော့မှာပဲ”
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်း ကမ်းပေးလာသည့် တစ်ရှူးများကို ယူ၍ သုတ်လိုက်ပြီးနောက် ထူးဆန်းသည့် အမူအယာဖြင့် ပြောလာသည်။
“ဒီကောင့်ရဲ့ ရောဂါက အတော်လေး ကျွမ်းနေတာပဲ။ ယွင်ကျောင်း၊ ငါ အရမ်းကြောက်နေပြီ။ ဒီရောဂါက ကူးတတ်လား ဟင်”
သူမတို့ နှစ်ယောက်သည် ဘေး စားပွဲတွင်သာ ထိုင်နေကြသည် ဖြစ်ရာ ရှောင်ဟိုင်ချင်း၏ အသံက မကျယ်သော်လည်း ထိုစကားများကို ချွေ့ကျွင်းလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
ထိုအချိန်၌ ကျီရှန်းရှန်းသည် ချွေ့ကျွင်း၏ စကားကြောင့် ပို၍ အံ့သြတုန်လှုပ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
“နင်က ငါ့ဆီကနေ ပိုက်ဆံ ချေးနေတာလား”
“မဟုတ်ဘူး။ လျော်ကြေး ပေးခိုင်းတာ၊ အခုအချိန်မှာ နင်က ကျောင်းလည်း မသွားရသေးဘူးဆိုတော့ နင် စားချင်တာတွေ အပြင်ထွက်စားလိုက်၊ နင့်ပိုက်ဆံတွေကို နေရာတကာ ပတ်ဖြုန်းလိုက် လုပ်နေတာ မဟုတ်ဘူးလား”
ထိုအခါ ရုတ်တရက် ကျီရှန်းရှန်းသည် အမြတ်ထုတ်ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။ ချွေ့ကျွင်းက သူမအား အနိုင်ယူရ လွယ်သည်ဟု တွေးနေသည်လား။
“သူ ကျောင်းကနေ ကန်ထုတ်ခံရတာ ငါနဲ့ ဘာဆိုင်လဲ၊ ပြီးတော့ ငါ့မှာ အဲ့လောက်လည်း ပိုက်ဆံအများကြီး မရှိဘူး”
အကယ်၍ သူမ၌ ပိုက်ဆံရှိလျှင်တောင်မှ စန်းရန်အား ပေးရလောက်သည်အထိ မတုံးအပေ။
သို့သော် သူမ၏ စကားကို ကြားသောအခါ ချွေ့ကျွင်းသည် ပို၍ မကျေမနပ်ဖြစ်လာ၏။
“ပြဿနာ မရှာစမ်းနဲ့။ ဟုတ်ပြီလေ၊ နင်က နင့်အလုပ်မဟုတ်ဘူးလို့ ပြောတယ်ပေါ့။ နင့်ကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ပြောင်ကျဲလည်း ဒီလိုဖြစ်မှာမဟုတ်ဘူး။ အခု နင် သူ့ကို လျော်ကြေးမပေးရင် နောက်ကျ ငါ့ကို ဘယ်တော့မှ လာမတွေ့နဲ့”
စန်းရန်သည် နောက်ဆုံးအကြိမ် ဆေးပညာညီလာခံ၌ ရှုံးနိမ့်ခဲ့သည်ဖြစ်ရာ သူ၏ ဖခင်သည် စန်းရန်အား ချွေ့အိမ်သို့ ပြန်လာခွင့် မပေးတော့ဘဲ နေစရိတ်သာ ထောက်ပံ့ပေးသည်။
ထို့အပြင် ချွေ့ကျန်းရှန်းသည် စန်းရန်က ချွေ့ကျွင်းထံမှ ပိုက်ဆံယူသုံးမည်ကို စိုးရိမ်သဖြင့် သူမ၏ နေစရိတ် ထောက်ပံ့ငွေကိုလည်း တစ်ဝက်ခန့် လျှော့ချလိုက်၏။ ထို အသုံးစရိတ် အနည်းအကျဥ်းသည် စန်းရန်အတွက် မလုံလောက်ပေ။ အကယ်၍ ကျောင်းအဆောင်တွင်သာ နေရပါက ထိုငွေဖြင့်လောက်ငှသော်လည်း ယခုအခါ သူမသည် ကျောင်းအဆောင်မှ နှင်ထုတ်ခံလိုက်ရပြီ ဖြစ်ရာ အပြင်၌ အဆောင်ငှားခများက အလွန် စျေးကြီးလှသည်။
ထိုအခါ ကျီရှန်းရှန်းက မျက်နှာမဲ့လိုက်၏။
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းက သူမအား အရူးဟုခေါ်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ငါ အရင်က ချွေ့ကျွင်းကို ဘယ်လိုများ ကြိုက်ခဲ့တာလဲ။ လာတွေ့ခိုင်းတာက ပြဿနာ မရှိဘူး။ အခု သူက ငါ့ကို သူတို့နှစ်ယောက်ရဲ့ငွေထုတ်စက်လိုပါ ဆက်ဆံချင်နေတာလား။
ယခုအချိန်၌ သူမသည် ကျောင်းသူတစ်ယောက်သာ ဖြစ်ရာ ယွမ် ငါးသောင်း မပြောနှင့်၊ ယွမ် ငါးရာကပင် သူမအတွက် နည်းနည်းနောနော ပမာဏ မဟုတ်ပေ။
အခုတောင် ယွမ် ငါးသောင်း တောင်းနေပြီ၊ ဒါဆိုရင် နောက်ကျ ဘာထပ်တောင်းဦးမှာလဲ။ ကျီမိသားစုရဲ့ဆေးဖော်စပ်နည်းတွေလား။
ထိုအခါ ကျီရှန်းရှန်းသည် အလွန်အမင်း မျက်နှာ ပျက်သွား၍ မျှော်လင့်မထားလောက်အောင် တည်ငြိမ်သွား၏။
“ဒါဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ထပ်မတွေ့ကြတာပေါ့။ ချွေ့ကျွင်း၊ နင်က စိတ်ရောမှန်သေးရဲ့လား။ ငါ့ဆီကနေ ယွမ် ငါးသောင်း တောင်းတယ်ပေါ့လေ။ ငါတို့မိသားစုက ပိုက်ဆံတွေကို လေထဲကရတာ မဟုတ်ဘူး၊ တကယ်လို့ အဲ့ပိုက်ဆံတွေကို ငါ သုံးချင်ရင်တောင်မှ နင့်အတွက်တော့ မသုံးဘူး။ ပြီးတော့ အနိုင်ကျင့်ခံရတာက သူနဲ့ တန်တာပဲလေ။ နင် လျော်ကြေးတောင်းချင်ရင်တောင် ငါ့ဆီက တောင်းရမှာ မဟုတ်ဘူး။ နင့်ဟာက ယုတ္တိ မရှိချက်ပဲ”
ကျီရှန်းရှန်းက ဒေါသတကြီး ပြောလိုက်သည်။
သူမ၏ စကားဆုံးသောအခါ ချွေ့ကျွင်းက အေးစက်စက်ဖြင့် မျက်ခုံးပင့်လိုက်၏။ မူလက သူသည် သူမအား နူးနူးညံ့ညံ့ ချော့ပြောချင်ခဲ့သည်၊ သို့သော် သူမက အလွန်နောက်ကျပြီး ရောက်လာမည်ဟု မည်သူသိမည်နည်း။ ထို့ကြောင့် သူသည် ခေတ္တမျှ ဒေါသမထိန်းနိုင် ဖြစ်သွား၏။
သို့သော် သဘောတရားအရ ပြောရလျှင် ကျီရှန်းရှန်းသည် ဤမျှလောက် ဒေါသတကြီး မတုံ့ပြန်သင့်ပေ။
ပြီးတော့ သူက ဘာကိစ္စ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။
Chapter 412 : အပြီးသတ် ပြတ်ဆဲခြင်း
ချွေကျွင်းသည် ကျီရှန်းရှန်းအား အနိုင်ယူရသည်နှင့် အသားကျနေပြီ ဖြစ်သဖြင့် ကျီရှန်းရှန်း၏ သဘောထား ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၍ အဖြေမရှာနိုင်ပေ။
သို့သော် ကျင်းယွင်ကျောင်း၏ အမြင်တွင်မူ ကျီရှန်းရှန်း၏ လက်ရှိ အခြေအနေသည် ပုံမှန်သာ ဖြစ်၍ ချွေ့ကျွင်း၏ အမြင်အပေါ်၌သာ ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိသည်။
“ကျီရှန်းရှန်း၊ နင် ဘာပြောလိုက်တာလဲ။ ထပ်မတွေ့တော့ဘူး၊ ဟုတ်လား။ ကောင်းပြီလေ။ ဒါက နင်ပြောတဲ့စကားနော်၊ ပြီးမှ နင့် စကားကို ပြန်မရုတ်သိမ်းနဲ့”
ချွေ့ကျွင်းက ဒေါသတကြီး ပြောလိုက်၏။
သူသည် အဘယ်ကြောင့် ကျီရှန်းရှန်း၏ သရုပ်မှန်အား မသိဘဲ နေမည်နည်း။ သူမသည် မောက်မာပုံပေါက်သော်လည်း တကယ်တမ်း၌ စက္ကူကျား တစ်ကောင်သာ ဖြစ်သည်။
သူသည် သူမအား အမြဲတမ်း အမိန့်ပေး အနိုင်ယူခဲ့သည်သာ ဖြစ်၍ မကြာခင် သူမသည် သူ့အား တောင်းပန်ရန်အတွက် အပြေးအလွှား ရောက်လာလိမ့်မည် ဖြစ်၏။
သူက ဘယ်လောက်များ ခေါင်းမာနိုင်မှာမို့လို့လဲ။
ထိုအခါ ကျီရှန်းရှန်းက အေးစက်စက် လှောင်ရယ်လိုက်ပြီး ...
“ငါ့ စကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး။ နင်တို့နှစ်ယောက်သာ ဘယ်လိုပဲ ချစ်ချစ်၊ အနာဂတ်မှာ ငါနဲ့ဝေးဝေးနေရင် ပိုကောင်းတယ်”
ကျီရှန်းရှန်း၏ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းက တစ်ချက်ကြည့်လိုက်ပြီး သူမ၏ နံဘေးရှိ ထိုင်ခုံကို ချွေ့ကျွင်းဆီသို့ ဦးတည်၍ ခပ်ပြင်းပြင်း ဆောင့်ကန်လိုက်သည်၊ ထိုအခါ ခုံက သူ၏ တံခေါက်ကွေး တည့်တည့်မှန်သွားသဖြင့် ချက်ချင်း ဟန်ချက် ပျက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ရက် ပြုတ်ကျသွား၏။ လက်နှစ်ဖက်ကမူ စားပွဲကို ကိုင်ထား၍ စားပွဲအစွန်းနှင့် နှာခေါင်း ရိုက်မိသွားရာ ချက်ချင်းပင် နှာခေါင်းသွေးများ စီးကျလာသည်။
ထိုအခါ စန်းရန်က စူးစူးဝါးဝါး အော်လိုက်၍ ချွေ့ကျွင်းအား အမြန် တွဲထူလိုက်သည်၊ သို့သော် ရုတ်တရက် ထိတ်လန့်သွားမှုကြောင့် ချွေ့ကျွင်း၏ခြေထောက်များက ပျော့ခွေ့နေရာ ကြမ်းပြင်ပေါ်တွင် အချိန်အတော်ကြာ ဒူးထောက်နေရပြီး ပြန်မထနိုင်ပေ။
အကယ်၍ ယခင်ကသာ ဆိုပါက ကျီရှန်းရှန်းသည် ပျာပျာသလဲ ပြေးသွားမည် ဖြစ်သည်။ သို့သော် ယခုအချိန်၌မူ သူမသည် စိတ်မပူရုံသာမက စိတ်ထဲ၌ ပျော်ရွှင်နေသေး၏။
သူမ၏ နှစ်အတော်ကြာအောင် ပေးဆပ်ခဲ့မှုများသည် နိဂုံးချုပ် ပြီးဆုံးသွားပြီ ဖြစ်သည်။
သူမသည် အမှန်ကို မမြင်နိုင်ဘဲ စိိတ်ကူးဖြင့် ရူးခဲ့သည်ဟု ဆိုသော်ငြားလည်း လက်တွေ့၌ ချွေ့ကျွင်းက သူမသည် သူ့အတွက် အသုံးဝင်ကြောင်း မကြာခဏ ထုတ်ဖော် ပြသတတ်၏။ ထိုသို့သာမဟုတ်ပါက သူမသည် ဤမျှကြာအောင် တုံးအနေမည် မဟုတ်ပေ။
“ကျင်းယွင်ကျောင်း ...”
စန်းရန်က ဒေါသတကြီး အော်လိုက်၍ စားပွဲပေါ်မှ လက်ဖက်ရည် ခွက်ဖြင့် ကျင်းယွင်ကျောင်းအား ကောက်ပေါက်လိုက်သည်။
ထိုအခါ ကျင်းယွင်ကျောင်းက ဘေးမှ ဖြတ်သွားသည့် စားပွဲထိုး၏ လက်ထဲရှိ လင်ဗန်းအလွတ်ကို ချက်ချင်း ဆွဲ၍ ကာလိုက်၏။
ထို ရန်ပွဲသည် ဘေးနားရှိ လူများအား ထိတ်လန့်သွားစေသည်။ ကံကောင်းသည်မှာ မနက်ခင်းအချိန်ဖြစ်၍ ဧည့်သည်များစွာ မရှိဘဲ စားပွဲတစ်ဝိုင်း နှစ်ဝိုင်းသာရှိ၏။ ထို့ကြောင့် တုံ့ပြန်မှုကြီးကြီးမားမား မရှိချေ။ ထို့အပြင် ပတ်ဝန်းကျင်က ဆူညံနေရာ အစောပိုင်းက ချွေ့ကျွင်းနှင့် ကျီရှန်းရှန်း၏ စကားများကိုလည်း မသဲမကွဲသာ ကြားလိုက်ကြရသဖြင့် သူတို့၏ စိတ်ထဲမှသာ ကြိတ်၍ အကဲဖြတ်နေကြသည်။
ချွေ့ကျွင်းသည် အတော်လေး ချောမောသော်လည်း မိန်းကလေး တစ်ယောက်ထံမှ ယွမ် ငါးသောင်း တောင်းနေသည်ဖြစ်ရာ ဤကိစ္စသည် သာမန်လူများ လုပ်နိုင်သည့်ကိစ္စ မဟုတ်ပေ။
ထို့အပြင် အခြားလူများသည် သူ၏ စကားများကို အဘယ်ကြောင့် နားမလည်ဘဲ နေလိမ့်မည်နည်း။ သူသည် သူ့ကိုယ်သူ ကြီးကျယ်မြင့်မြတ်သည်ဟု အထင်ရောက်နေ၍ ဤမိန်းကလေးအပေါ်၌ အထက်စီးမှ ဆက်ဆံနေသည်။
ထို့ကြောင့် ချွေ့ကျွင်း အရိုက်ခံရ၍ လဲကျသွားသောအခါ မည်သူကမျှ ဝင်မပြောပေးခြင်းဖြစ်သည်။
တစ်ဖက်တွင်မူ စန်းရန်သည် ဤလူစုထဲ၌ အသက်အကြီးဆုံးဖြစ်၍ အသက်နှစ်ဆယ်ကျော်ပြီ ဖြစ်၏။ သို့သော် သူမသည် အသက် တစ်ဆယ့်ခြောက်နှစ်၊ တစ်ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးများအား ဤကဲ့သို့ ပြုမူဆက်ဆံနေရာ မည်သူကမျှ သူမအပေါ် အမြင်မကောင်းကြပေ။
ယခုအချိန်၌ ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်သည် သန့်ရှင်းနေသေး၍ စန်းရန်သည် သူမအား ထိခိုက်အောင် လုံးဝ မလုပ်နိုင်ချေ။
အစောပိုင်းက ချွေ့ကျွင်းသည် ကျီရှန်းရှန်းက ခေါင်းမာနေသည်ဟုသာ ထင်ခဲ့သော်လည်း ယခုအချိန်၌ သူမသည် သူနှင့် အမှန်တကယ်ပင် ပြတ်ဆဲချင်နေကြောင်း နားလည် သဘောပေါက်သွားပြီဖြစ်သည်။
သူ၏ နှာခေါင်းမှ သွေးများ စီးကျလာသော်လည်း ကျီရှန်းရှန်းသည် မျက်နှာမပျက်ဘဲ တည်ငြိမ်နေ၏။ ဤသည်က သူမ၏ ပုံစံ လုံးဝ မဟုတ်ပေ။
“နင်က ဒူးထောက်ရတာနဲ့ပဲ တန်တယ်။ နင် ကြမ်းပြင်ပေါ်မှာ အပေါက်ကြီး ဖြစ်သွားတဲ့အထိ ဒူးထောက်ရင်တောင်မှ ငါက နင့်ကို အရင်လိုပြန်ဆက်ဆံမှာ မဟုတ်ဘူး”
ကျီရှန်းရှန်းသည် ထပ်မံ၍ အထက်စီးဆန်ဆန် ပြောဆို ဆက်ဆံလိုက်ပြီးနောက် စကားဆုံးသည်နှင့် ထိုသူနှစ်ယောက်အား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ခဏမျှကြာအောင် ဟိုလိုလို၊ ဒီလိုလို လုပ်နေပြီး နောက်ဆုံးတွင် အကြွေစေ့ အနည်းငယ်ကို ထုတ်ယူလိုက်၏။
“စန်းရန်၊ နင် ပိုက်ဆံပြတ်နေတာလား။ ဒါဆိုရင် ဒါတွေက နင့်အတွက်။ ကျေးဇူးတင်စရာ မလိုဘူးနော်။ ငါ ယွမ် နည်းနည်းတော့ တတ်နိုင်ပါသေးတယ်”
အကြွေစေ့ တစ်စေ့သည် စားပွဲပေါ်တွင် ချာချာလည်နေ၍ ထိုအကြွေစေ့ထံမှ ချွင်ခနဲ မြည်သံက စန်းရန်၏ ဦးနှောက်အား ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားစေသည်။
ထို့နောက် သူမသည် အံကြိတ်၍ လက်သီးတင်းတင်းဆုပ်ကာ ကျီရှန်းရှန်းအား ကြည့်လိုက်ပြီးနောက် သူမ၏ ဖုန်းထဲရှိ ပြင်ထားပြီးသား မက်ဆေ့ချ်အား တစ်ဖက်လူဆီသို့ ပို့လိုက်တော့၏။