အခန်း (၄၁၃-၄၁၆)
Vol. 21 Ch. 413-416
Chapter 413 : ရုတ်တရက် ပြောင်းလဲမှု
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းသည် ချွေ့ကျွင်း သို့်မဟုတ် စန်းရန်နှင့် ရန်ဖြစ်ရန် လုံးဝ အစီအစဥ်မရှိပေ။ လက်တွေ့၌ ဤကိစ္စသည် ကျီရှန်းရှန်း၏ ပြဿနာသာ ဖြစ်သည်။ အကယ်၍ သူမသာ ချွေ့ကျွင်း၏ ရှေ့တွင် အရူးတစ်ယောက်ကဲ့သို့ ပြုမူနေပါက သူတို့သည် ဤအရူးအတွက်နှင့် အခြားသူများအား ရင််ဆိုင် တိုက်ခိုက်ပေးရန် မလိုပေ။
သို့သော် ယခုအချိန်၌ ကျီရှန်းရှန်း၏ တုံ့ပြန်မှုက သူတို့အား အနည်းငယ် အံ့အားသင့်သွားစေ၏။
ကျီရှန်းရှန်းက ချွေ့ကျွင်းအား ငြင်းပယ်လိမ့်မည်ဟု သူတို့ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သူမ၏ ဆုံးဖြတ်ချက်က ဤမျှ ပြတ်သားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် သူတို့သည် ဤရန်ပွဲ၌ ရှားရှားပါးပါး ဝင်ပါခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် ရှောင်ဟိုင်ချင်းသည် သူမ၏ ရှေ့ရှိ အချိုပွဲကို ကပျာကယာ ကုန်အောင်စား၍ ကျင်းယွင်ကျောင်း၏ လက်ကို ဆွဲကာ ထွက်လာခဲ့၏။
ကျီရှန်းရှန်းကမူ စကားဆုံးသည်နှင့် လှည့်ထွက်သွားပြီ ဖြစ်ကာ လမ်းဆုံ၌ သူမတို့နှစ်ယောက်အား ရပ်စောင့်နေ၏။
မနက်ခင်းအစော ဖြစ်၍ ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ် ငြိမ်သက်နေပြီး ဖြတ်သွားဖြတ်လာ ကား အနည်းငယ်သာ ရှိသည်။ ကျီရှန်းရှန်းသည် အပြင်ဘက်ရှိ လေကို အားရပါးရ ရှုသွင်းလိုက်ပြီးနောက် သူမ၏ ရင်ထဲ၌ အလွန်အမင်း ဝမ်းနည်းကြေကွဲမနေကြောင်း မမျှော်လင့်ဘဲ သိလိုက်ရ၏။ စိတ်ကို ကြိုတင် ပြင်ဆင်ထားပြီးသောကြောင့်လည်း ဖြစ်နိုင်သည်။
ရေရှည် နာကျင်မှုသည် ရေတို နာကျင်မှုထက် ပိုဆိုး၏။ သူမသည် ချွေ့ကျွင်းထံမှ အနိုင်ကျင့် မခံချင်သလို ရှောင်ဟိုင်ချင်း ပြောသည့်အတိုင်း တစ်နေ့တွင် ချွေ့ကျွင်းက သူမ၏ မိသားစုအား နှိပ်စက်ညှင်းပန်းမည်ကိုလည်း မလိုလားချေ။
စိတ်ခံစားချက်များသည် လူများအား မျက်ကန်းဖြစ်စေသည်။ ထို့ကြောင့် သူမသည် တာဝန်ဝတ္တရားကျေပွန်သူတစ်ဦး ဖြစ်လျှင်တောင်မှ ဤဆန်ကုန်မြေလေးကောင်က သူမ၏ ယုံကြည်ချက်ကို ထိပါးလာလျှင် သူမက သူ့အား ပြန်လည်၍ အန္တရာယ် မပြုဟု အာမ, မခံနိုင်ပေ။
ကျင်းယွင်ကျောင်းသည် ပိုက်ဆံ ရှင်းပြီးနောက် ကျီရှန်းရှန်း၏ အနားသို့ သွားလိုက်သည်။
“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”
ကျီရှန်းရှန်းက တောက်ပစွာပြုံးရင်း ပြောလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းက ပြုံးနေသော်လည်း ရှောင်ဟိုင်ချင်းကမူ အံကြိတ်၍ ပြန်ပြောလာသည်။
“နောက်ရက်တွေကျရင်တော့ နင် သူ့ဆီကို သွားအရှုံးပေးပြီး ပြန်ပေါင်းထုပ်ဖို့ မတောင်းပန်ဘူး မဟုတ်လား”
ဤကိစ္စသည် အမှန်တကယ် ကျီရှန်းရှန်း လုပ်နိုင်ခြေရှိသည့် ကိစ္စပင်။
ထိုစကားကို ကြားသောအခါ ကျီရှန်းရှန်းက အနည်းငယ် ရှက်သွားပြီး ...
“ငါက ငတုံး မဟုတ်ပါဘူးဟ။ ငါအိမ်ပြန်ရင် အဖိုးဆီကို ဆေးပညာ သွားသင်ဖို့ အဖေ့ဆီမှာ ခွင့်တောင်းမယ်။ ကျင်းယွင်ကျောင်း၊ နင် စောင့်နေနော်။ ငါက ငယ်ငယ်ကတည်းက ပါရမီရှိတာ။ ငါသာ စိတ်ပါလက်ပါနဲ့ ကြိုးစားသင်လိုက်ရင် အနာဂတ်မှာ ဆေးဖော်စပ်တဲ့ ဆရာသခင်တစ်ပါး ဖြစ်လာမှာ”
“ငါလည်း အဲ့လိုပဲ ဖြစ်လာဖို့ မျှော်လင့်ပါတယ်”
ကျင်းယွင်ကျောင်း၏ လေသံက အပြောင်းအလဲ မရှိပေ။ သို့သော် ကျီရှန်းရှန်းသည် ထိုအပြုအမူနှင့် နေသားကျနေပြီ ဖြစ်သည်။
“ငါတို့ ကျီမိသားစုကို အထင်မသေးနဲ့။ ငါ့ရဲ့ဘိုးဘေးတွေက အရမ်းနာမည်ကြီးတဲ့ ဆေးဆရာတွေ”
ထိုအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်၏။
သူက အသည်းကွဲနေတာ မဟုတ်ဘူးလား။ တကယ်ပါပဲ...သူ့ရဲ့စိတ်အပြောင်းအလဲက စာရွက်လှန်တာထက်တောင် မြန်သေးတယ်။
“ဟုတ်ပါပြီ၊ အဲဒါဆို သွားကြစို့”
ကျင်းယွင်ကျောင်းက ပြောလိုက်ရာ ကျန်နှစ်ယောက်က ခေါင်းညိတ်ပြလိုက်၍ ထန်မိသားစုပိုင် ဇိမ်ခံကားဆီသို့ လျှောက်လာကြ၏။
ထို့နောက် သူမတို့ ကားပေါ်သို့တက်ရန် ဟန်ပြင်နေစဥ်မှာပင် ကော်ဖီဆိုင်ထဲ၌ ကျန်နေခဲ့သည့် ချွေ့ကျွင်းသည် ကျင်းယွင်ကျောင်းနှင့် စာရင်းရှင်းရန်အတွက် ကမူးရှူးထိုး ပြေးထွက်လာရာ နောက်လှည့်ကြည့်လိုက်သည့် ကျီရှန်းရှန်းနှင့် မျက်နှာချင်းဆိုင်မိသွား၏။ ထိုအခါ ချွေ့ကျွင်းသည်လည်း သူမအားမြင်သွားပြီး ဒေါသ မထိန်းနိုင်တော့ပေ။ ထို့ကြောင့် သူသည် သူမတို့ ကားပေါ်တက်နေသည့် မြင်ကွင်းကို လှမ်းကြည့်လိုက်ရင်း ကျီရှန်းရှန်း ရပ်နေသည့်နေရာသို့ ပို၍ အရှိန်တင်ကာ ပြေးလာ၏။
ထိုအခါ ကျီရှန်းရှန်းက ဂရုမစိုက်ဟန်ဖြင့် ပြုံးရင်း ကားပေါ်သို့ တက်ရန် ပြင်လိုက်သည်။
“အား...”
သို့သော် သူမ ခေါင်းလှည့်လိုက်သည်နှင့်တပြိုင်နက် အနောက်မှ ချွေ့ကျွင်း၏ အသံနက်ကြီးဖြင့် အော်လိုက်သံကို ကြားလိုက်ရသဖြင့် ချက်ချင်း ပြန်လှည့်ကြည့်လိုက်ရာ ချွေ့ကျွင်းအား ကုန်တင်ကားကြီးတစ်စီးက တက်ကြိတ်သွားသည်ကို မြင်လိုက်ရ၍ သူမ၏ မျက်လုံးများ ပေါက်ထွက်လုမတတ် ပြူးကျယ်သွား၏။ သို့သော် ထိုကုန်တင်ကားသည် ရပ်မသွားဘဲ သူမတို့သုံးယောက် ရှိရာသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။
မနက်ခင်းအစော ဖြစ်သော်လည်း လမ်းပေါ်၌ ယာဥ်အသွားအလာများ ရှိနေပြီ ဖြစ်ရာ ထိုကုန်တင်ကားသည် မည်သည့်နေရာမှ ထွက်လာမှန်း မသိပေ။
ကျင်းယွင်ကျောင်းသည်လည်း အော်သံကြား၍ နောက်လှည့်ကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ချက်ချင်း ကြက်သေသေသွား၏။
အကယ်၍ သူမတစ်ယောက်တည်းသာ ဆိုပါက ချက်ချင်း တိမ်းရှောင်နိုင်သော်လည်း ယခု ဤနေရာ၌ ရှောင်ဟိုင်ချင်း၊ ကျီရှန်းရှန်းနှင့် ထန်မိသားစုမှ ကားဒရိုင်ဘာပါ ရှိနေသည်။ ကံကောင်းသည်မှာ ရှောင်ဟိုင်ချင်းနှင့် ကားဒရိုင်ဘာသည် သူမနှင့် တစ်ဖက်တည်း၌ ရှိနေ၏။ သို့သော် ကျီရှန်းရှန်းကမူ ကား၏ တစ်ဖက်ခြမ်း၌ ရပ်နေသည်။ ထို့ကြောင့် သူမ၏ ကိုယ်ခံပညာအစွမ်းဖြင့်လည်း ကား၏ တစ်ဖက်ခြမ်းသို့ ချက်ချင်း မရောက်နိုင်ပေ။ သူမသည် ကိစ္စများစွာကို မည်သို့ တပြိုင်နက်တည်း လုပ်ဆောင်နိုင်မည်နည်း။
ထိုမျှသာမကပေ၊ လမ်းပေါ်၌ ထိုကုန်တင်ကားအပြင် အခြားကားငယ်များလည်း သွားလာနေ၏။ ကျီရှန်းရှန်းသည် ကား၏ ဘယ်ဘက်ခြမ်းတွင် ရပ်နေသည်ဖြစ်ရာ ဘယ်ဘက်သို့ တစ်လှမ်းတိုး၍ ရှောင်လိုက်သည်နှင့်ပင် အခြားကားငယ်တစ်စီးဖြင့် ချက်ချင်း ဝင်တိုက်မိသွားနိုင်သည်။
Chapter 414 : ငါ နင့်ကို သတ်ပစ်ချင်တယ်
ကျင်းယွင်ကျောင်း၏ ဦးနှောက်သည် အလျင်အမြန် တွက်ချက်လိုက်ပြီး သူမ၏ ရှေ့တွင်ရပ်နေသည့် ရှောင်ဟိုင်ချင်းနှင့် ကားဒရိုင်ဘာအား နံရံဘက်သို့ ချက်ချင်း တွန်းထုတ်လိုက်၏။
သူမကိုယ်တိုင်ကမူ ရှေ့တိုးရမှန်း မသိ၊ နောက်ဆုတ်ရမှန်း မသိဖြစ်နေသည့် ကျီရှန်းရှန်းဆီသို့ ပြေးဝင်သွားသည်။
ဤသည်မှာ သူမ လောင်းကြေးထပ်လိုက်ခြင်းသာ ဖြစ်၏။
ဤကမ္ဘာပေါ်၌ မတော်တဆ တိုက်ဆိုင်မှုဟူ၍ လုံးဝမရှိပေ။ သူမတို့ အပြင်ထွက်လိုက်သည်နှင့်တပြိုင်နက် ယာဥ်တိုက်မှုနှင့် ကြုံတွေ့ရသည်တဲ့လား။ ဤကိစ္စကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားသည်ဟု သူမ အကြွင်းမဲ့ ယုံကြည်သည်။
သို့သော် တရားခံ မည်သူဖြစ်ကြောင်းကို စဥ်းစားနေရန် မလိုပေ။ စန်းရန်သည် ဤကဲ့သို့ ကြီးမားသည့် ယာဥ်တိုက်မှုကို မဖန်တီးနိုင်ချေ၊ သို့သော် သူမသည်လည်း သေချာပေါက်ပင် ကြံရာပါတစ်ယောက် ဖြစ်၏။ လူသတ်ရန်အတွက် အမိန့်ပေးခဲ့သည့် တစ်ဦးတည်းသော တရားခံမှာမူ ထိုမမလေးသာ ဖြစ်သည်။
သို့သော် တစ်ဖက်လူ၏ ပစ်မှတ်သည် အပြစ်မဲ့သည့်သူ နှစ်ယောက်ကိုသာ သတ်ရန်မဟုတ်ဘဲ သူမနှင့် ကျီရှန်းရှန်းကသာ နံပါတ်တစ် ပစ်မှတ် ဖြစ်၏။ ထို့ကြောင့် သူမသာ ရှောင်ဟိုင်ချင်းအား တွန်းလိုက်သည့်ဘက်သို့ အတူ ရှောင်လိုက်ပါက မည်သူမှ လွတ်လမ်းရှိတော့မည် မဟုတ်ပေ။
“ယွင်ကျောင်း”
ရှောင်ဟိုင်ချင်းသည် အနီးရှိ စျေးဆိုင်နံရံနှင့်ရင်ဘတ် ပြင်းပြင်းထန်ထန် ရိုက်မိသဖြင့် ကိုယ်တွင်း ကလီစာများ ပြုတ်ထွက်တော့မတတ် နာကျင်သွား၏။ ကားဒရိုင်ဘာကမူ ပို၍ပင် ကြောင်အမ်းအမ်း ဖြစ်နေပြီး ဖြစ်ပျက်သွားသည်များကို လိုက်မမီတော့ပေ။
သူတို့သည် ကျင်းယွင်ကျောင်းက ကားကို ခုန်ကျော်၍ ကျီရှန်းရှန်းထံသို့ ပြေးဝင်သွားသည်ကိုသာ ကြောင်ကြည့်နေမိကြ၏။ ကျင်းယွင်ကျောင်း ကျီရှန်းရှန်းအား ဆွဲဖယ်လိုက်သည်နှင့် တပြိုင်နက် ကားနှစ်စီးသည်လည်း အရှိန်ပြင်းပြင်း တိုက်မိသွားတော့သည်။
သို့သော် ကျင်းယွင်ကျောင်းသည် တွေဝေ မနေဘဲ ကျီရှန်းရှန်းအားဆွဲကာ ဘယ်ဘက်သို့ ချက်ချင်း တိမ်းရှောင်လိုက်သည်။ ထိုအခါ ဘုန်းခနဲ မြည်သံနှင့်အတူ နှစ်ယောက်သားဖက်လျက် အနီရောင်ကားတစ်စင်းအား ဝင်တိုက်မိသွားသည်ကိုသာ ရှောင်ဟိုင်ချင်း မြင်လိုက်ရ၏။ ထို့နောက် သူတို့သည် ကားအမိုးပေါ်အထိ မြောက်တက်သွား၍ လမ်းလယ်ခေါင်ရှိ လက်ရန်းတိုင်များ၏ ဘေးအထိ လိမ့်သွားသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရှောင်ဟိုင်ချင်းသည် တစ်ကိုယ်လုံး ကြက်သေသေ၍ ကြောင်အမ်းနေ၏။
ကုန်တင်ကားသည် သူမ၏ ဘေးမှ ဖြတ်သွား၍ လေပြင်းတစ်ချက်ပင် ဟပ်သွားသည်။ ထို့နောက် သူမ၏ မျက်စိရှေ့၌ပင် ဇိမ်ခံကားအား ဝင်တိုက်ပစ်လိုက်၍ ကားတစ်စီးလုံး ချက်ချင်း ပြားချပ်သွား၏။
ထို့နောက် ကုန်တင်ကားသည်လည်း ရပ်သွား၍ ထိုကား၏ နောက်တွင်မူ သွေးအိုင်ထဲ၌ နစ်နေသည့် ချွေ့ကျွင်း ရှိနေပြီး သေသလား၊ ရှင်သလားပင် မသိတော့ချေ။ အနီးနားတွင်လည်း ချက်ချင်း ယာဥ်ကြော ပိတ်ဆို့မှုများ ဖြစ်သွားရာ ရုတ်တရက် လူစုလူဝေး ဖြစ်လာ၏။ ထိုအချိန်၌ ရှောင်ဟိုင်ချင်း၏ စိတ်ထဲတွင် မုန်းတီးမှုများ ပြည့်နှက်လာ၍ ထိုနေရာသို့ အပြေးအလွှား သွားလိုက်ချင်သော်လည်း သူမသည် ကယောင်ခြောက်ခြား ဖြစ်လွန်း၍ ကြောင်အနေပြီး လုံးဝ လှုပ်မရချေ။
ဆယ်မိနစ်ခန့် ကြာသည်အထိ သူမ အသိစိတ် မကပ်နိုင်သေး။ သူမ၏ မျက်စိရှေ့၌ အမှောင်ထုကြီးကသာ ပိတ်ကာနေ၍ မူးမေ့သွားတော့ မတတ် ခံစားနေရ၏။ သူမ၏ တုန်ယင်နေသော လက်များက ပေါင်ကို ဆွဲဆိတ်၍ အသိကပ်အောင် လုပ်နေပြီး နာကျင်မှု အနည်းအကျဥ်း ခံစားလာရသည်။ ထို့ကြောင့် သူမ အနည်းငယ် လှုပ်ရှားလာနိုင်၍ ဦးရေပြားများ တဖျင်းဖျင်း ကျိန်းစပ်လာပြီး မည်သည့်နေရာမှ ခွန်အားများ ရလာမှန်း မသိပေ။ ထို့နောက် သူမသည် ကုန်တင်ကား၏ ရှေ့ခေါင်းခန်းသို့ တွယ်တက်သွားပြီးနောက် ကားမှန်ကို လက်သီးဖြင့်ထိုးလိုက်ရာ ကုန်တင်ကားသမား၏ ရှေ့သို့ မှန်စများ ချက်ချင်း လွင့်စင်သွားသည်။
ထိုကားသမားသည် လုံးဝ ထိခိုက်ဒဏ်ရာ ရမထားပေ။
ရှောင်ဟိုင်ချင်းသည် မှန်ကွဲစတစ်ခုကို ကောက်ကိုင်လိုက်ရာ သူမ၏ လက်၌ သွေးများ စွန်းပေသွားသည်။ ထို့နောက် သူမသည် အနည်းငယ် ထိတ်လန့်နေပုံရသည့် ကုန်တင်ကားသမားအား စိုက်ကြည့်ပြီး ရှေ့သို့ တွားသွားကာ ထိုလူ၏ နှလုံးသွေးလွှတ်ကြောတည့်တည့်အား ချိန်ရွယ်ပြီး မှန်ကွဲစဖြင့် ချက်ချင်း ထိုးစိုက်ချလိုက်တော့သည်။
“ငါ နင့်ကို သတ်ပစ်ချင်တယ်”
သူမက အံကြိတ်ပြီးရေရွတ်လိုက်၏။
သူမ၏ ဘေးတွင် သူမ ဂရုစိုက်ပေးချင်သည့် တစ်ဦးတည်းသော သူ၊ ယုံကြည်စိတ်ချရပြီး အခင်တွယ်ရဆုံးသူမှာ ကျင်းယွင်ကျောင်းသာ ဖြစ်သည်။
ကျင်းယွင်ကျောင်းအား ထိပါးလာလျှင် မည်သူ့ကိုမဆို သူမ သတ်ပစ်မည်သာ။
ထို့အပြင် သူမသည် ငတုံးတစ်ယောက် မဟုတ်သဖြင့် ကျင်းယွင်ကျောင်း စဥ်းစားမိသကဲ့သို့ သူမလည်း စဥ်းစားမိ၏။ ကျင်းယွင်ကျောင်းသည် ဤဖြစ်ရပ်တွင် ကျီရှန်းရှန်းကို ဦးစားပေး၍ ကယ်တင်လိုက်ပုံပေါ်သော်လည်း တကယ်တမ်း၌ သူမအား ကယ်တင်လိုက်ခြင်းသာ ဖြစ်သည်။ ကျင်းယွင်ကျောင်းသည် တစ်ဖက်လူ၏ အာရုံကို သူမတို့ဆီသို့သာ ရောက်နေအောင် ဆွဲဆောင်လိုက်ပြီး ရှောင်ဟိုင်ချင်းကိုပါ ဝင်မတိုက်စေရန် ကာကွယ်လိုက်ခြင်းပင်။
ရှောင်ဟိုင်ချင်း၏ ပုံပန်းသွင်ပြင်မှာ အတော်လေး ခက်ထန်မှုန်တေနေပြီး ကြောက်စရာကောင်းလှသည်။ ကုန်တင်ကားသမား၏ သွေးများက သူမ၏ မျက်နှာသို့ ချက်ချင်း လာစင်သည်။ ထို့နောက် သူမသည် ထိုသွေးများကို သုတ်ပစ်လိုက်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှခွာကာ ခပ်ကျဥ်းကျဥ်း ပွင့်နေသည့် တစ်ဖက် ကားတံခါးမှ တိုးထွက်၍ ကျင်းယွင်ကျောင်းရှိသည့် နေရာအတိုင်း ကမူးရှူးထိုး ပြေးလာခဲ့သည်။
မတော်တဆမှုဖြစ်သည့် နေရာပတ်ဝန်းကျင်၌ လူများစွာ ဝိုင်းအုံနေပြီး မီတာအနည်းငယ်ခန့် အကွာတွင်မူ တိုက်မိထားသည့် ကားနှစ်စင်းမှ မီးခိုးများ အူထွက်နေ၏။
ကျင်းယွင်ကျောင်းသည် လမ်းပေါ်၌ ပက်လက်အနေအထားဖြင့် လဲကျနေ၍ သူမ၏ မျက်စိရှေ့၌ ခပ်နွေးနွေး အရည်အချို့ ရှိနေသည်ကို ခံစားမိလိုက်၏။ သို့သော် သူမသည် အနည်းငယ်သာ မူးဝေနေပြီး နာကျင်မှုကို မခံစားရပေ။ ထို့ကြောင့် ထိုသွေးများသည် သေချာပေါက် သူမ၏ သွေး မဟုတ်ပေ။
ထို့နောက် သူမဆီသို့ စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ပြေးလာနေသည့် ရှောင်ဟိုင်ချင်းအား မြင်လိုက်ရရာ ရုတ်တရက် သူမ ယခင်ဘဝ ထောင်ထဲတွင်နေရစဥ်က သတင်းစာထဲတွင် ပထမဆုံးမြင်ခဲ့ဖူးသည့် ဘုရင်မတစ်ပါးကဲ့သို့ အရှိန်အဝါများနှင့် ဟိတ်ဟန်ကြီးမားလှသည့် အမျိုးသမီးအား ပြန်လည် သတိရသွားမိသည်။
ထိုအချိန်က သူမသည် ရှောင်ဟိုင်ချင်း၏ ဓါတ်ပုံကိုကြည့်ရင်း စိတ်ထဲ၌ အလွန် မနာလို အားကျဖြစ်ခဲ့ရပြီး ထိုအမျိုးသမီးသည် ကမ္ဘာပေါ်၌ အသန်မာဆုံး အမျိုးသမီး ဖြစ်နိုင်သည်ဟုပင် တွေးခဲ့မိသည်။ အကယ်၍ သူမသာ ဘဝအသစ်တွင် ရှင်သန်ရပါက ထိုအမျိုးသမီးကဲ့သို့ ဟိတ်ဟန်ကြီး၍ မည်သူ့ကိုမှ ဂရုမစိုက်သည့်ဟန်ဖြင့် အထိန်းအကွပ်မဲ့စွာ လွတ်လွတ်လပ်လပ် နေချင်ခဲ့သည်။
Chapter 415 : အလိမ်အညာ
ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏ ဘေးသို့ အရူးတပိုင်း ပြေးလာပြီး ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်ပေါ်မှ သွေးများကို မြင်သောအခါ ရုတ်တရက် စိတ်လွတ်သွား၏။
“ယွင်ကျောင်း၊ နင် ဘယ်လိုနေလဲ။ ဘယ်နား နာသွားသေးလဲ။ ငါ့ကို မခြောက်ပါနဲ့”
ရှောင်ဟိုင်ချင်း၏ မျက်ဝန်းမှ မျက်ရည်မှ စီးကျလာသည်။
ထိုအခါ ကျင်းယွင်ကျောင်းက မူးဝေနေသည့်ကြားမှ အနည်းငယ် လှုပ်ရှားလိုက်ရင်း ...
“ငါ အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျီရှန်းရှန်းကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတဲ့ပုံပဲ”
သူမသည် ကုန်တင်ကားကို ရှောင်ရန်အတွက် ကျီရှန်းရှန်းကို ဖက်ပြီး ဘေးသို့လှိမ့်ချခဲ့စဥ် အနီရောင်ကားတစ်စင်းနှင့် တိုက်မိခဲ့ရာ သူမ၏ နောက်ကျော၌ ဒဏ်ရာ အနည်းအကျဥ်းရပြီး နာကျင်သွားသော်လည်း မပြင်းထန်ပေ။ ထို့နောက် သူမသည် ခေါင်းကို ဖိလိုက်ရင်း ဘေး၌ သတိလစ်နေသော ကျီရှန်းရှန်းအား ကြည့်လိုက်ကာ အလျင်အမြန် စစ်ဆေးလိုက်သည်။
သူတို့ ကားနှင့်တိုက်မိပြီး ကားခေါင်မိုးပေါ်မှကျော်၍ ပြုတ်ကျခဲ့စဥ်က ကျီရှန်းရှန်း၏ ခေါင်းသည် လမ်းနှင့် ရိုက်မိသွားခဲ့၏။ ထိုအချိန်က သူမသည် ကျီရှန်းရှန်းအား ကာကွယ်ပေးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ထိုကဲ့သို့ အရှိန်ပြင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိသဖြင့် အရှိန် ပြန်ထိန်းလိုက်ရန် လုံးဝ အချိန်မရှိခဲ့ပေ။
ထိုအခါ ရှောင်ဟိုင်ချင်းသည် မျက်မှောင်ကြုံ့နေသေးသော်လည်း သူမ၏ မျက်လုံးများကမူ ကျင်းယွင်ကျောင်း၏ ကိုယ်ပေါ်မှ မခွာဘဲ ကျင်းယွင်ကျောင်း ဒယိမ်းဒယိုင် ထရပ်လိုက်သည်ကိုသာ ကြည့်နေ၏။
ထို့နောက် ကျင်းယွင်ကျောင်းသည် ကျီရှန်းရှန်း၏ရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဒဏ်ရာကို သန့်စင်ပေးလိုက်သည်၊ သို့သော် ရှောင်ဟိုင်ချင်းကမူ သူမတစ်ယောက်တည်းကိုသာ အာရုံစိုက်ထား၏။ ကျီရှန်းရှန်း၌ ဒဏ်ရာ ကြီးကြီးမားမား မရှိကြောင်း အတည်ပြုပြီးနောက် သူမ အနည်းငယ် စိတ်သက်သာရာရသွားသည်။ သို့ရာတွင် သူမသည် ဆေးကျောင်းသူတစ်ယောက် မဟုတ်သော်လည်း အပြင်ဒဏ်ရာ မရှိဘဲ အတွင်းဒဏ်ရာပြင်းထန်ပါက ပို၍ အန္တရာယ်များကြောင်း ရှင်းရှင်းလင်းလင်း နားလည်သည်။
ကျင်းယွင်ကျောင်းသည် ပထမဆုံး ကျီရှန်းရှန်း၏ ဦးခေါင်းဒဏ်ရာကို စစ်ဆေးနေပြီး မကြာမီမှာပင် လူနာတင်ယာဥ်ရောက်လာ၏။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ပုံမှန် စိတ်အခြေအနေသို့ ပြန်ရောက်လာပြီ ဖြစ်၍ ရှောင်ဟိုင်ချင်း၏ တစ်ကိုယ်လုံး သွေးများဖုံးနေသည်ကို သတိပြုမိသွားသည်။
“ဘာဖြစ်တာလဲ။ ဘာလို့ သွေးတွေက ဒီလောက်များနေတာလဲ”
ကျင်းယွင်ကျောင်း ကြက်သေသေသွား၏။ ရှောင်ဟိုင်ချင်း၏ ကိုယ်ပေါ်၌ ဒဏ်ရာ မရှိဘဲ အသားအရောင်မှာလည်း ပုံမှန်သာ ဖြစ်သည်။
သွေးတွေက ဘယ်နေရာက ရောက်လာတာလဲ။ လက်ကလား။
ထိုအချိန်၌ ရှောင်ဟိုင်ချင်း၏ လက်ထဲတွင် မှန်ကွဲစကို ကိုင်ထားသေးသည်။ သူမသည် ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ ထို မှန်ကွဲစကို မသိစိတ်အလျောက် ခပ်တင်းတင်း ညှစ်လိုက်မိ၍ နာကျင်မှုကို ခံစားလိုက်ရ၏။
ထိုအခါကျမှ လူတစ်ကိုယ်လုံးသည် အသိစိတ် ပြန်ကပ်လာ၍ အစောပိုင်းက သူမ၏ လုပ်ရပ်ကို ပြန်စဥ်းစားမိသွားသည်။ ထို့ကြောင့် သူမ၏ မျက်နှာက ချက်ချင်း ဖြူလျော်သွား၍ တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
“တခြားသူရဲ့....”
“ဟင်...တခြားသူ ဟုတ်လား”
ကျင်းယွင်ကျောင်း ကြောင်အသွားပြန်သည်။
ကျီရှန်းရှန်းနဲ့ ချွေ့ကျွင်း အပြင် တခြားထိခိုက်တဲ့သူ ရှိသေးတာလား။
“ကုန်တင်ကားသမားလား”
ကျင်းယွင်ကျောင်းက ထပ်မံ၍ မေးလိုက်ရာ ရှောင်ဟိုင်ချင်းက ခေါင်းညိတ်ပြလာသည်။
ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် ချက်ချင်း ရေခဲကန်ထဲကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
“အဲ့အချိန်တုန်းက ငါ နင့်ရဲ့အခြေအနေကိုလည်း မသိဘူး။ ငါ တအား လောနေပြီးတော့ တကယ် ဘာလုပ်ရမှန်းလည်း မသိဘူး”
ရှောင်ဟိုင်ချင်း၏ အသံက အလွန် တိုးညှင်းလှသည်။ လူနာတင်ယာဥ်ပေါ်မှ လူများသည်လည်း ကျီရှန်းရှန်းနှင့် အလုပ်ရှုပ်နေပြီး မည်သူကမှ သူမတို့အား သတိမထားမိပေ။
ထိုအခါ ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်း၏ လက်ထဲရှိ မှန်ကွဲစကို ကြည့်လိုက်ရင်း အံကြိတ်၍ အသံနှိမ့်ကာ ပြောလာသည်။
“ဟိုင်ချင်း၊ အဲ့ကားနှစ်စီးလုံးက ကားသမားတွေက ငါနဲ့ ကျီရှန်းရှန်းဆီကို တမင်လာတာ။ သူတို့က သေသင့်တယ်၊ ဒါပေမယ့် သူတို့ကို သတ်လို့တော့ မရဘူး။ ဒါကြောင့် နင် ဝန်ခံလိုက်လို့ မရဘူးနော်။ တစ်ယောက်ယောက်က မေးလာရင် ဒါက ကိုယ့်ကိုကိုယ် ကာကွယ်တယ်လို့ပဲ ပြော”
“နင်က ငါ့ရဲ့အခြေအနေကို ကြည့်ဖို့ ကုန်တင်ကားသမားကို ကျော်သွားချင်တယ်၊ ဒါပေမယ့် သူ့ကိုမြင်တဲ့အခါ နင် အရမ်းကြောက်ပြီး တုန်လာတယ်။ အဲဒါကြောင့် မသိစိတ်အလျှောက် ခုခံမိသွားတယ်။ တကယ်လို့ တစ်ယောက်ယောက်က နင့်ကို သံသယဝင်လာခဲ့ရင် တစ်ဖက်လူက နင့်ကို အရင်စပြီး တိုက်ခိုက်တယ်လို့ ပြောရမယ်”
ကျင်းယွင်ကျောင်းက ထပ်မံ၍ ပြောလိုက်သည်။
သူမသည် မုသား မဆိုချင်သော်လည်း ထိုဆန်ကုန်မြေလေး နှစ်ယောက်ကြောင့် ရှောင်ဟိုင်ချင်း၏ ဘဝကို မပျက်ဆီးစေလိုသဖြင့် လိမ်ပြောရမည်ဖြစ်သည်။
ကားနဲ့ တိုက်မိတယ်ဆိုပေမယ့် တစ်ဖက်လူက ရည်ရွယ်ချက်ရှိတဲ့ လူသတ်သမားဆိုတာ သက်သေပြနိုင်ရင်ရော။
အကယ်၍ တရားရုံးက ကားသမားအား အချုပ်ထဲမထည့်ဘဲ ကားသမား၏ လုပ်ရပ်သည် ပုံမှန်လုပ်ရပ်သာ ဖြစ်၍ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခြင်းဟု သတ်မှတ်လိုက်လျှင်တောင်မှ ဤအမှုသည် ပြစ်မှု မမြောက်ဘဲ မနေချေ။
ထို့ကြောင့် ပထမအချက် မဖြစ်နိုင်ပါက ဒုတိယအချက်ကမူ ဖြစ်နိုင်ချေရှိသည်။
“ငါ နားလည်ပြီ”
ရှောင်ဟိုင်ချင်းက ခပ်တိုးတိုး ပြောလာ၏။
ယခုအချိန်တွင် သူမအတွက် အခြေအနေ သိပ်မကောင်းသော်လည်း သူမ လုံးဝ နောင်တ မရ။ သူမ ကားသမားအား မြင်ခဲ့စဥ်က သူ၏ မျက်လုံးထဲတွင် နောင်တရသည့် အရိပ်အယောင် လုံးဝ မရှိပေ။ သူသည် အနည်းငယ် ကယောင်ခြောက်ခြားဖြစ်နေသော်လည်း သူ၏ မျက်လုံးများကမူ ကျင်းယွင်ကျောင်းထံမှ လုံးဝမခွာခဲ့။ သူသည် ကျင်းယွင်ကျောင်း သေမှာကိုသာ ကြောက်နေခဲ့၏။
Chapter 416 : ယာဥ်တိုက်မှုလား
ရှောင်ဟိုင်ချင်း၏ ခြေလက်များသည် အေးစက်နေပြီး ယခုအထိ အကြောက် မပြေသေးပေ။ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်သည်။ ထိုအချိန်က သူမသည် သွေးဆူနေ၍ မျက်စိရှေ့ရှိ အရာအားလုံးက အနီရောင် လွှမ်းနေခဲ့ကာ ထိုအရောင်သည် ယခုအချိန်အထိ သူမ၏ မျက်လုံးထဲ၌ စွဲထင်နေ၍ မည်မျှပင် သုတ်ပစ်နေပါစေ၊ ပျောက်ကွယ် မသွားပေ။
ယခုအချိန်၌ ကျင်းယွင်ကျောင်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်းကသာ သူမအား စိတ်သက်သာရာရစေပြီး ပို၍ တည်ငြိမ်လာစေသည်။
ကျင်းယွင်ကျောင်း ဘာမှ မထိခိုက်သကဲ့သို့ သူမသည်လည်း ဒဏ်ရာ မရသဖြင့် အားလုံး အဆင်ပြေ၏။
ရှောင်ဟိုင်ချင်းသည် ယခုအချိန်၌ တည်ငြိမ်ဟန်ဆောင်နေသော်လည်း သူမ၏ မျက်လုံးများက ဗလာဖြစ်၍ ငေးမှိုင်နေသည်ကိုတော့ ဖုံးကွယ်၍ မရပေ။ မကြာမီ သူမတို့သုံးယောက်လုံးအား ဆေးရုံသို့ ခေါ်သွားသည်။
ကျီရှန်းရှန်းသည် သွေးထွက်နေသော်လည်း ကံကောင်းသည်မှာ ကားတိုက်မိ၍ မဟုတ်ဘဲ လမ်းနှင့်ရိုက်မိခြင်းသာ ဖြစ်၍ ဒဏ်ရာ မပြင်းထန်ပေ။ ထို့အပြင် ကျင်းယွင်ကျောင်းကလည်း တစ်လမ်းလုံး သူမ၏ ဒဏ်ရာကို ကုသပေးလာသဖြင့် ပြဿနာကြီးကြီးမားမား မရှိတော့။
ကျင်းယွင်ကျောင်းသည် ဆေးပညာ ညီလာခံသို့ တက်ရောက်စဥ်က ဆေးဖော်စပ်သည့် ဆရာသခင်များစွာ၏ ဖုန်းနံပါတ်များကို ရရှိခဲ့သဖြင့် ဆေးရုံသို့ရောက်သည်နှင့် ကျီရှန်းရှန်း၏ ဖခင်အား ချက်ချင်း ဆက်သွယ်လိုက်သည်။
သို့သော် ကျီရှန်းရှန်းနှင့် ယှဥ်လျှင် ချွေ့ကျွင်း၏ အခြေအနေကမူ ကွာခြား၏။ သူ၏ အခြေအနေသည် အလွန်အမင်း ဆိုးရွားလှပြီး ဆေးရုံသို့ ခေါ်လာချိန်၌ သူ၏ ကိုယ်လက်အင်္ဂါများမှာ ခန္ဓာကိုယ်မှ တစ်စစီနီးပါး ပြုတ်ထွက်နေပြီ ဖြစ်ကာ ယခုအချိန်၌ အရေးပေါ်ခွဲစိတ်ခန်း ဝင်နေသည်။
စန်းရန်သည်လည်း ဆေးရုံတွင် ရောက်နေ၍ သူမ၏ ဝတ္တရားရှိသည့်အတိုင်း ချွေ့ကျွင်း၏ ဖခင် ချွေ့ကျန်းရှန်းထံသို့ ဖုန်းဆက်၍ အကြောင်းကြားလိုက်၏။ ထို့အပြင် ထန်မိသားစုမှ ဒရိုင်ဘာသည်လည်း အကြီးအကဲ ထန်အား လှမ်းအကြောင်းကြားလိုက်သည်။ ရဲများနှင့် သတင်းထောက်များလည်း ရှိနေသဖြင့် ပတ်ဝန်းကျင်သည် အလွန်ရှုပ်ထွေးနေ၏။
ထိုအခါ အကြီးအကဲ ထန်က လူတစ်ယောက်လွှတ်၍ သတင်းထောက်များကို မောင်းထုတ်ခိုင်းလိုက်သဖြင့် ကျင်းယွင်ကျောင်းလည်း အနည်းငယ် အသက်ရှုချောင်သွားသည်။
“အနီရောင် ကားပေါ်က ကားသမားက လမ်းဘေးကျောက်တိုင်တစ်ခုကို ဝင်တိုက်မိပြီး နေရာမှာတင် သေသွားပါတယ်။ ကုန်တင်ကားသမားကတော့ ကျွန်တော်တို့ အစောပိုင်းစစ်ဆေးမှုတွေအရ ရှောင်ဟိုင်ချင်းက ကားသမားကို ချွန်ထက်တဲ့ ပစ္စည်းတစ်ခုနဲ့ သေအောင် ထိုးသတ်ထားတယ်လို့ သံသယ ရှိပါတယ်။ အဲ့အချိန်တုန်းက ကုန်တင်ကားသမားနဲ့အနီးဆုံးလူဆိုလို့ မင်းကလွဲရင် ထန်မိသားစုရဲ့ကားဒရိုင်ဘာပဲရှိတယ်။ ပြီးတော့ မင်းတစ်ယောက်တည်းကပဲ ကုန်တင်ကားပေါ်က ဖြတ်သွားခဲ့တာပါ”
“ဟုတ်ကဲ့၊ အဲဒါ ကျွန်မပါ။ ဒါပေမယ့် ကျွန်မ အဲ့အချိန်တုန်းက ခြေတွေလက်တွေ တုန်နေခဲ့တာ။ သူက ကျွန်မတို့ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျင်းယွင်ကျောင်းက ကားကို ရှောင်လိုက်နိုင််တယ်။ ကားရပ်သွားတော့ သူက ယွင်ကျောင်းရှိတဲ့နေရာကို လှမ်းကြည့်နေတာကို ကျွန်မ မြင်လိုက်ရတယ်။ ဒါကြောင့် ကျွန်မ အရမ်း ကြောက်သွားပါတယ်။ ပြီးတော့ သူက ကျွန်မကိုလည်း စိုက်ကြည့်နေတာ မြင်လိုက်ရတော့ ကျွန်မကိုပါ သတ်မှာကြောက်လို့ လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်တာပါ”
ရှောင်ဟိုင်ချင်း၏ မျက်နှာအမူအယာက တင်းမာနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တောင့်တင်းနေသည်။
ရှောင်ဟိုင်ချင်း၏ စိတ်အခြေအနေက ဗလာဖြစ်နေသေးရာ ကျင်းယွင်ကျောင်းသည် ရဲအရာရှိကို တစ်ချက်ကြည့်လိုက်၏။
“အက်ဆီးဒင့်ဖြစ်တဲ့ ကားသမားနှစ်ယောက်လုံး သေသွားပြီဆိုပေမယ့် ဒီကိစ္စက ဒီလောက် မရိုးရှင်းပါဘူး။ ဒီလိုလုပ်ပေးဖို့ လူတစ်ယောက်က သူတို့ကိုငှားထားတယ်လို့ ကျွန်မ သံသယရှိပါတယ်”
“ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ ကုန်တင်ကားသမားရဲ့နာမည်က ကျောက်ချွမ်းပါ။ မိသားစုဝင်ငါးယောက်ရှိပြီး သားက ရောဂါသယ်၊ မိသားစုကလည်း ဆင်းရဲပါတယ်”
“ပြီးတော့ ကားအနီရောင်ကို မောင်းလာတဲ့သူက ဆေးစွဲနေတာ။ ကားကိုလည်း ခိုးလာတာပါ။ ကားအက်စီးဒင့် ဖြစ်တဲ့အချိန်မှာ သူက ဆေးသုံးထားလို့ မထိန်းနိုင် ဖြစ်သွားတာ”
ရဲအရာရှိက ပြန်ဖြေလာ၏။ ထိုအခါ ကျင်းယွင်ကျောင်းက လှောင်ရယ်လိုက်ပြီး ...
“ဒါဆိုရင် ရှင်ပြောတဲ့ အဓိပ္ပါယ်က တစ်ယောက်က သနားစရာကောင်းတယ်၊ တစ်ယောက်က စိတ်လွတ်နေတယ်၊ ဒါကြောင့် ဒီကိစ္စက မတော်တဆမှုပေါ့လေ”
“ပြီးတော့ ကုန်တင်ကားသမားရဲ့သားက ရောဂါသယ် ဟုတ်လား။ ဒါဆိုရင် သူ့ကို အခကြေးငွေ ပေးပြီး ငှားတယ်ဆိုတဲ့ ဖြစ်နိုင်ချေက ပိုမြင့်မလာဘူးလား”
“တကယ်လို့ လူတစ်ယောက်ကသာ သူ့ကို ငွေတွေပုံပေးမယ်လို့ ကတိပေးရင် သူက သူ့သားအတွက် ပိုက်ဆံရဖို့ လူသတ်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ပြီးတော့ ဆေးသမားကရော၊ သူ့ကို မူးယစ်ဆေးတွေနဲ့ ဆွဲဆောင်လို့ရတယ် မဟုတ်ဘူးလား”
“ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးတွေ စလုပ်နေပါပြီ။ ဒါကြောင့် ကားအက်စီးဒင့် မဖြစ်ခင်မှာ လူတစ်ယောက်က သူ့ဘဏ်အကောင့်ထဲကို တကယ်ပဲ ငွေတွေ အများကြီး လွှဲပေးခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ငွေရဲ့နောက်ကြောင်းက ပြဿနာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်လူက ကျောက်ချွမ်းရဲ့အခြေအနေကို အင်တာနက်ပေါ်မှာ မြင်လို့ သနားပြီး ကူညီတဲ့အနေနဲ့ ငွေတွေ အများကြီး လွှဲပေးခဲ့တာပါတဲ့။ ပြီးတော့ သူတို့က တစ်ယောက်နဲ့ တစ်ယောက်လည်း မသိကြဘူး”
ရဲအရာရှိက ထပ်မံ၍ ဖြေကြားလိုက်သည်။
ထိုအခါ ကျင်းယွင်ကျောင်းသည် မသိမသာ လက်သီးဆုပ်လိုက်မိ၏။ ဟုန်ဝမ်သည် ငတုံးတစ်ယောက် မဟုတ်သဖြင့် ကားသမားအား ငွေလွှဲသည့်ကိစ္စနှင့် ပတ်သတ်၍ သူမအား ပြဿနာရှာ၍ မရပေ။
ဘယ်လို ဖော်ထုတ်ရမလဲ။