← Chapters

အခန်း (၄၁၇-၄၂၀)

Vol. 21 Ch. 417-420

အခန်း (၄၁၇-၄၂၀)

Vol. 21 Ch. 417-420

Chapter 417 : ဥပဒေမဲ့ပြုမူခြင်း

ထိုအခါ ကျင်းယွင်ကျောင်းသည် အလွန်အမင်း ဒေါသထွက်လာပြီး မချင့်မရဲ ခံစားနေရ၏။

ယခုအချိန်၌ ရဲအရာရှိများကလည်း အချက်အလက်နှင့်တကွ မေးမြန်းနေရာ ဆန့်ကျင်ဘက်အနေဖြင့် ရှောင်ဟိုင်ချင်းသည် ကုန်တင်ကားသမားအား သတ်ခဲ့သည့်အကြောင်းကို ငြင်းပယ်၍ မရသလို ဖုံးကွယ်၍လည်း မရတော့ပေ။ ထို့ကြောင့် သူမသည် အစစ်ဆေးခံရန်အတွက် ရဲစခန်းသို့ ချက်ချင်းလိုက်သွားရ၏။ ထို့နောက် ကျင်းယွင်ကျောင်းက အကြီးအကဲ ထန်အား ရှောင်ဟိုင်ချင်း၏ အမှုကို လိုက်ပေးရန်အတွက် အကောင်းဆုံး ရှေ့နေတစ်ယောက် ငှားပေးရန် တောင်းဆိုလိုက်၏။ သို့မှသာ နောင်အခါ၌ မျှော်လင့်မထားသည့်ကိစ္စများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ရှောင်ဟိုင်ချင်းသည် လူသတ်မှုအတွက် တာဝန်ရှိသော်လည်း လက်တွေ့၌ သူမသည် အသက်မပြည့်သေးပေ။ ထို့အပြင် သူတို့၏ အဆိုအရ ထိုအချိန်သည် အကြပ်အတည်း တွေ့နေသော အချိန်ဖြစ်ရာ လှုံ့ဆော်မှုများအောက်တွင် လူတစ်ယောက်အနေဖြင့် စိတ်လွတ်သွားနိုင်၏။ ထို့ကြောင့် သူမအတွက် လွတ်မြောက်ရန် အခွင့်အရေး ရှိသေးသည်။

သို့သော် ကားသမားနှစ်ယောက်သည် အခကြေးငွေ ယူ၍ လူသတ်ခဲ့ကြောင်း သက်သေမပြနိုင်သဖြင့် သူတို့သည် ရည်ရွယ်ချက်ရှိရှိ လူသတ်ခဲ့သည်ဟူသော စီရင်ချက်ချရန် မဖြစ်နိုင်ပေ။ ထိုအချက်ကြောင့် ရှောင်ဟိုင်ချင်းသည် အနည်းငယ် အခက်တွေ့လိမ့်မည်။

ရှောင်ဟိုင်ချင်း ထွက်သွားသည်နှင့် ကျင်းယွင်ကျောင်း၏ မျက်နှာသည် ချက်ချင်း အေးစက်သွား၏။

မကြာမီ ကျီရှန်းရှန်း၏ ဖခင်နှင့် ချွေ့ကျွင်း၏ ဖခင်ဖြစ်သူတို့ အပြေးအလွှား ရောက်လာကြသည်။

ကျီရှန်းရှန်း၏ ဖခင်သည် စိတ်သောက ရောက်နေပုံပေါ်၍ သူ၏ မျက်နှာမှာ မှုန်မှိုင်းနေပြီး ချွေ့ကျန်းရှန်းကမူ ဆိုဖွယ်ရာ မရှိပေ။ သူသည် လူသတ်ချင်နေသည့်အလား ကျင်းယွင်ကျောင်းထံသို့ ကမူးရှူးထိုးပြေးဝင်လာသည်။

“မင်း ငါ့သားကို ဘာလုပ်လိုက်တာလဲ။ ကျင်းယွင်ကျောင်း၊ မင်း ဥပဒေမဲ့ လုပ်လို့မရဘူးနော်။ ငါ့သား တစ်ခုခုဖြစ်ရင် မင်းရဲ့ဘဝနဲ့ ပြန်ပေးဆပ်ရမယ်”

ချွေ့ကျန်းရှန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

သူတို့ ချွေ့မိသားစု၌ ဤသားတစ်ယောက်သာ ရှိသည်။

ထိုအခါ ငရဲမှ ပြန်တက်လာသည့် သရဲတစ်ကောင်အလား ဒေါသမီးတောက်နေသည့် ကျင်းယွင်ကျောင်းက တစ်ဖက်လူအား စိန်းစိန်းဝါးဝါးကြည့်ရင်း ပြန်ပြောလာ၏။

“ရှင်က ဘာကိစ္စနဲ့ ကျွန်မဘဝကို ပေးဆပ်စေချင်နေတာလဲ။ တကယ်လို့ ရှင် ပြဿနာရှာချင်ရင် စန်းရန်ကိုပဲ ရှာသင့်တယ်။ သူ ဒီကိစ္စကို ဘယ်လို တွေးနေလဲဆိုတာ သူ့ကို မေးကြည့်။ ကျွန်မက မသေပေမယ့် ချွေ့ကျွင်းကတော့ သေမလား၊ ရှင်မလားဆိုတာ အခုထိ မသိသေးဘူး”

ထိုအချိန်၌ နာမည်အခေါ်ခံလိုက်ရသည့် စန်းရန်သည် ထောင့်လေးတစ်ထောင့်၌ မှီရပ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။

သူမ၏ မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းများကလည်း တဆတ်ဆတ် တုန်ယင်နေကာ နဖူးမှချွေးအေးများ အဆက်မပြတ် စီးကျနေပြီး အကြောက်လွန်နေပုံရသည်။

“ကျွန်မနဲ့ ဘာမှမဆိုင်ဘူး . .ဒီကိစ္စက ဘာလို့ဖြစ်မှန်းလည်း ကျွန်မ, မသိဘူး။ ကျင်းယွင်ကျောင်း၊ နင် ငါ့ကို စွပ်စွဲလို့ မရဘူးလေ”

စန်းရန်က ချက်ချင်း ငြင်းဆိုလိုက်၏။

သို့သော် မလုံမလဲ ဖြစ်နေသည့် စိတ်ကြောင့် သူမ၏ အသံမှာ တုန်ယင်နေ၍ တိုးလွန်းလှသည်။

“ငါက စွပ်စွဲတယ်တဲ့လား။ စန်းရန်၊ ချွေ့ကျွင်းက ကျီရှန်းရှန်းကို နာရီဝက်ကျော်ကြာအောင် ထိုင်စောင့်နေတာက အတော်ကို အံ့အားသင့်စရာ ကောင်းတဲ့ကိစ္စပဲ။ ငါ ထင်တယ်၊ ကျီရှန်းရှန်းဆီက ယွမ်ငါးသောင်း တောင်းခိုင်းတာ နင် မဟုတ်လား။ တကယ်လို့ ကျီရှန်းရှန်းကသာ အဲ့ပိုက်ဆံကို ပေးရင် နင်က ဒီကိစ္စကို မလုပ်ဘဲနေတော့မလို့လေ။ ဒါပေမယ့် ကျီရှန်းရှန်းက ပိုက်ဆံ မပေးတဲ့အပြင် နင့်ကို အရှက်ခွဲပြီး ပြောဆိုသွားတော့ နင်က ဘာမှ ထည့်မတွက်တော့ဘဲ ငါတို့ အားလုံးကို သတ်ဖို့ကြံခဲ့တာ မဟုတ်လား”

“ငါ မလုပ်ဘူးလို့”

စန်းရန်က ပြန်လည်အော်ဟစ်လိုက်၏။

ဟုန်ဝမ်သည် ယနေ့မနက်က သူမအား ဖုန်းဆက်လာ၍ ကျင်းယွင်ကျောင်း၊ ကျီရှန်းရှန်းတို့နှင့် အတူ စကားပြောခိုင်းခဲ့သည်။ သူမက ယာရှင်ကဖေးကိုလည်း ကျင်းယွင်ကျောင်းတို့နှင့် တွေ့ဆုံရန်အတွက် နေရာကောင်းဖြစ်သည်ဟု ပြောခဲ့ပြီး ကျင်းယွင်ကျောင်းနှင့် ကျီရှန်းရှန်း ဆိုင်ထဲမှ ထွက်သွားပါက သူမဆီသို့ မက်ဆေ့ချ်တစ်စောင် ပို့၍ သတိပေးရန် ညွှန်ကြားခဲ့၏။

ထို့ကြောင့် ဟုန်ဝမ်က သူတို့အား သင်ခန်းစာပေးတော့မည် ဖြစ်ကြောင်း သူမ သိထားပြီးသား ဖြစ်၏။ သို့သော် သူမသည် ကျင်းယွင်ကျောင်းကိုမူ ထိုနေရာသို့ မလာစေချင်ခဲ့ပေ။ အကြောင်းမှာ ကျင်းယွင်ကျောင်းသာ အတူလိုက်လာပါက ကျီရှန်းရှန်းက သူမ တောင်းသည့်ပိုက်ဆံကို ပေးမည် မဟုတ်ကြောင်း သူမ သိထား၏။ ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်းကို ကံဆိုးစေချင်သော်လည်း ထိုကိစ္စကိုမူ သိသာအောင် မလုပ်ချင်ပေ။

သို့သော် ကျင်းယွင်ကျောင်းက ထိုနေရာသို့ လိုက်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့။ ကျီရှန်းရှန်းသည်လည်း သူမအား ပိုက်ဆံ မပေးသည့် အပြင် လူပုံအလယ်၌ အရှက်ခွဲစော်ကားခဲ့၏။

ထို့ကြောင့် သူမသည် ဟုန်ဝမ် ခိုင်းသည့်အတိုင်း လုပ်ခဲ့ခြင်းပင်။

သူမသည် ဟုန်ဝမ်က သူတို့အား ခြောက်လှန့်ရန်အတွက် လူတစ်ယောက် ရှာထားလိမ့်မည်ဟုသာ ထင်ခဲ့၍ လူသတ်သမား ငှားထားလိမ့်မည်ဟု အမှန်တကယ်ပင် သိမထားခဲ့ပေ။

Chapter 418 : ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း

ချွေ့ကျွင်း၏ အကြောင်းကို စဥ်းစားလိုက်သောအခါ စန်းရန်၏ နှလုံးသားမှ သွေးစိမ်းရှင်ရှင် ယိုစီးကျလာ၍ ခေတ္တမျှ ငေးမှိုင်သွား၏။

သူမသည် ဤနှစ်များအတွင်း ချွေ့မိသားစု၌ နေခဲ့ရသည်။ သူမ၏ ဦးလေးနှင့် အဒေါ်ဖြစ်သူက သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံသော်လည်း တကယ်တမ်း၌ သူတို့သည် အလွန် သူစိမ်းဆန်သူများဖြစ်၏။ သူတို့သည် သူမက ချွေ့မိသားစုထံမှ အမြတ်ထုတ်မည်ကို စိုးရိမ်နေကြ၍ အမြဲတမ်း သတိနှင့်သာ ဆက်ဆံပြီး ချွေ့ကျွင်းတစ်ယောက်တည်းကသာ သူမအပေါ်၌ အလွန်ကောင်း၍ ဦးစားပေးတတ်သူ ဖြစ်သည်။

သူမ၏နှလုံးသားသည် ကျောက်တုံးကျောက်ခဲဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ထို့ကြောင့် သူမသည် ချွေကျွင်းအား အမြဲတမ်း အသုံးချလေ့ရှိသော်လည်း စိတ်ထဲတွင်မူ သူမ၏ မောင်ငယ်လေးတစ်ယောက်ဟုသာ သတ်မှတ်ထားသည် ဖြစ်ရာ သူ့အား သတ်ရန် မည်သို့ တွေးနိုင်မည်နည်း။

ဒါက တိုက်ဆိုင်မှုတစ်ခုပဲ။

မဟုတ်ဘူး။ ဒါတွေ အားလုံးက ကျင်းယွင်ကျောင်းရဲ့အမှားတွေပဲ။ သူသာ ကော်ဖီဆိုင်ထဲမှာ ချွေ့ကျွင်းကို မတိုက်ခိုက်ခဲ့ရင်၊ သူ့ကို ဒူးထောက်ခိုင်းပြီး အရှက်ရအောင် မလုပ်ခဲ့ရင် ချွေ့ကျွင်းကလည်း သူတို့နောက်ကို အလောတကြီး ပြေးလိုက်သွားမှာ မဟုတ်ဘူး။

“ဦးလေး၊ ဒါက ကျွန်မ အမှားမဟုတ်ပါဘူး။ ကျွန်မ တကယ်ပဲ ဒီကိစ္စကို မလုပ်ခဲ့တာပါ။ ဒါက ကျင်းယွင်ကျောင်းကြောင့်ပါ။ သူ့ကြောင့်ပဲ...”

ဖြန်း ...

သူမ၏ စကားမဆုံးမီမှာပင် ကျင်းယွင်ကျောင်းက သူမဆီသို့ လျှောက်လာ၍ ပါးကို ခပ်ပြင်းပြင်းရိုက်လိုက်သည်။

“နင် မလုပ်ခဲ့ဘူး ဟုတ်လား။ အဲဒါဆို ကားက ငါတို့ဆီကို သူ့ဟာသူ ပြေးဝင်လာတာပေါ့။ ငါတို့ ကော်ဖီဆိုင်ထဲက ထွက်သွားတာနဲ့ နင်က တစ်ဖက်က လူကို ဖုန်းဆက် အကြောင်းကြားလိုက်တာ၊ ဒါမှမဟုတ်ရင် မက်ဆေ့ချ်ပို့ပြီး အကြောင်းကြားလိုက်တာ မဟုတ်ဘူးလား။ စန်းရန်၊ နင် မက်ဆေ့ချ်ကို ဖျက်ပြီးပြီလား။ ဖျက်ပြီး သွားရင်လည်း အသုံးမဝင်ဘူးနော်၊ အဲဒါကို ပြန်ရှာလို့ရတယ်”

ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ စန်းရန်က ထိတ်လန့်သွားပြီး ...

“အဲဒါ ငါ မဟုတ်ဘူး။ ငါ မလုပ်... ...”

သို့သော် စကား မဆုံးမီမှာပင် စန်းရန်သည် တစ်စုံတစ်ခုအား သဘောပေါက်သွား၏။

ဟုန်ဝမ်...သူက ငါ့ကို ဘာလို့ ကျင်းယွင်ကျောင်းနဲ့ တွေ့ခိုင်းတာလဲ။ ကျင်းယွင်ကျောင်း အပြင်ထွက်သွားတဲ့အချိန်မှာ ငါ့ကို ဘာလို့ သူ့ဆီလှမ်းပြီး သတိပေးခိုင်းတာလဲ။

တကယ်လို့ သူသာ ကျင်းယွင်ကျောင်းကို တအားဒုက္ခပေးချင်နေတယ်ဆိုရင် သူ ကော်ဖီဆိုင်ထဲမှာ လူတစ်ယောက်ကို စောင့်ခိုင်းထားပြီး ကျင်းယွင်ကျောင်းရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့ တပြေးညီ လိုက်ကြည့်ခိုင်းထားလို့ရတယ် မဟုတ်လား။

ဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ။

သူမနှင့် ဟုန်ဝမ် ရင်းနှီးသည်မှာ မကြာသေးသော်လည်း ဟုန်ဝမ်သည် အလွန်အငြိုးကြီး၍ စိတ်သဘောထားမှာလည်း အပ်ပေါက်ထက်ပင် ပို၍ သေးသိမ်သူ ဖြစ်ကြောင်း သူမ သိထား၏။ သူမသည် မြင်းစီးကလပ်၌ ဟုန်ဝမ်အား အသုံးချခဲ့မိသည်။ ဟုန်ဝမ်သည် ထိုကိစ္စကို စိတ်ထဲတွင်သာ ကြိတ်၍ တေးမှတ်ထားပြီး အပြင်၌ ထုတ်မပြပေ။ အကယ်၍ ဟုန်ဝမ်သာ သူမအပေါ် အငြိုးမထားပါက ထိုလူချမ်းသာ သားသမီးများအား သူမကို ကျောင်းမှ နှင်ထုတ်ခွင့်ပေးမည် မဟုတ်ချေ။

ဟုန်ဝမ်သည် သူမဘက်က အရင်ဆုံး မက်ဆေ့ချ်ပို့၍ လက်ဦးမှု ယူစေချင်ခဲ့ပြီး ကျင်းယွင်ကျောင်းအား သတ်မည်၊ မသတ်မည်ဟူသော ဆုံးဖြတ်ချက်ကို သူမအပေါ်တွင်သာ မူတည်စေကာ ဤကိစ္စကြီးတစ်ခုလုံးကို သူမအပေါ် ပုံချခဲ့သည်။

အချိန်ကိုက် ဖြစ်နေသော လှုပ်ရှားမှုများ၊ တိကျသော သက်သေများကြောင့် ဤကိစ္စအား သူမ ငြင်းချင်လျှင်တောင်မှ ငြင်းမရတော့ပေ။

စန်းရန်သည် ရုတ်တရက် သူမကိုယ်သူမ အရူးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ဤအဖြေကို အဘယ်ကြောင့် ယခုအချိန်မှ ရှာတွေ့ရသနည်း။

ထို့နောက် စန်းရန်သည် ချက်ချင်း တိတ်ဆိတ်သွားရာ အသိဉာဏ်ရှိသူ တစ်ယောက်အနေဖြင့် သူမအား တစ်ချက်ကြည့်ရုံနှင့်ပင် အကြောင်းရင်းကို သဘောပေါက်နိုင်သည်။ ချွေ့ကျန်းရှန်းသည် ပထမက မယုံကြည်နိုင် ဖြစ်နေသော်လည်း ယခုအချိန်၌ စန်းရန်၏ တုံ့ပြန်မှုကို မြင်သောအခါ အလွန်ဒေါသထွက်သွား၏။ သို့သော် ထိုအချိန်မှာပင် ခွဲစိတ်ခန်းတံခါးပွင့်လာ၍ ဆရာဝန် ထွက်လာသည်ကို တွေ့လိုက်ရသည်။

“ကျွန်တော့် သား ဘယ်လိုနေလဲ။ ဆရာ၊ ကျွန်တော့် သားလေး...”

“သူ့ကို ခေါ်လာတဲ့ အချိန်ကတည်းက လူနာရဲ့အခြေအနေက အသက်ရှင်ဖို့ မျှော်လင့်ချက် သိပ်မရှိတော့ပါဘူး။ ဒဏ်ရာတွေက ပြင်းလွန်းတဲ့အပြင် သွေးထွက်လည်း လွန်သွားတယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတာပါ”

ဆရာဝန်သည် စကားဆုံးသည်နှင့် ခေါင်းခါပြ၍ လှည့်ထွက်သွား၏။ ချွေ့ကျန်းရှန်းသည် ထိုစကားများကို လုံးစေ့ပတ်စေ့ နားမလည်သေးခင်မှာပင် သားဖြစ်သူအား အဝတ်ဖြူစ အုပ်၍ ခွဲစိတ်ခန်းထဲမှ တွန်းထုတ်လာသည်ကို မြင်လိုက်ရသည်။ ထိုအခါ သူသည် ချက်ချင်း ရပ်တည်နိုင်စွမ်းပင် မရှိတော့ဘဲ ...

“မဖြစ်နိုင်ဘူး။ ငါ့သားက ဘာလို့ သေရမှာလဲ”

ချွေ့မိသားစု၏ မျိုးဆက် သုံးဆက်လုံးသည် သားသမီး မရှိကြသဖြင့် သူ၏ သားဖြစ်သူကွယ်လွန်သွားပါက မည်သူက မိသားစုအမွေကို ဆက်ခံမည်နည်း။

“စန်းရန်...ခွေးမ၊ ငါကတော့ နင့်ကို နှစ်ပေါင်းများစွာ ကျွေးမွေး စောင့်ရှောက်ခဲ့ပေမယ့် နင်က ငါ့သားကို သတ်လိုက်တယ်”

ချွေ့ကျန်းရှန်းသည် အရူးတစ်ပိုင်း ဖြစ်နေ၍ စန်းရန်ထံသို့ ကမူးရှူးထိုးပြေးလာပြီး ရိုက်နှက်တော့သည်။ ထိုအခါ စန်းရန်က ထိုရိုက်ချက်များကို ပြန်လည် ခုခံလိုက်သော်လည်း စွပ်စွဲချက်များကိုမူ ယခုအချိန်၌ လုံးဝ ရှောင်လွှဲ မရတော့ကြောင်း သူမ သဘောပေါက်၏။ ချွေ့ကျွင်းလည်း သေ၊ ကားသမားနှစ်ယောက်လုံးလည်း သေပြီဖြစ်ကာ ဟုန်ဝမ်ကမူ အစမှအဆုံးအထိ ဘာမှဝင်မလုပ်ခဲ့ပေ။

ဟုန်ဝမ်သည် သူမအား ဤကိစ္စ၌ အတူ ပူးပေါင်းပါဝင်ရန် ဖုန်းဆက်ပြောခဲ့သော်လည်း ထိုဖုန်းနံပါတ်သည် ဟုန်ဝမ် သုံးနေကျ ဖုန်းနံပါတ် မဟုတ်ပေ။ သူမသည် မနက်ခင်းက ထိုကိစ္စနှင့် ပတ်သတ်ပြီး ထူးဆန်းသည်ဟု ခံစားခဲ့ရသော်လည်း ဟုန်ဝမ် ယခင်ကတည်းက အကွက်ချ၍ ကြံစည်ထားကြောင်းကိုမူ ယခုအချိန်မှ သဘောပေါက်သွားခြင်းဖြစ်သည်။

Chapter 419 : မျက်လုံးဖြူမြေခွေးမ

ထိုအချိန်၌ စန်းရန်သည် ငိုချင်စိတ်သာ ရှိနေ၏။ သူမသည် သူမကိုယ်သူမ ထက်မြက်သူတစ်ယောက်ဟု တွေးထားခဲ့သော်လည်း လက်တွေ့၌ ဤဖြစ်ရပ်သည် ဘီလုံးငှက်၏ အမဲလိုက်ခြင်းကို ခံရသည့် ဓားခုတ်ကောင်နှင့် ပုစဥ်းရင်ကွဲ ပုံပြင်ကဲ့သို့ဖြစ်နေကာ သူမသည် လူအများ၏ မျက်လုံးထဲ၌ စစ်တုရင်ခုံပေါ်မှ နယ်ရုပ်တစ်ကောင်သာ ဖြစ်ပြီး သူမ၏ စကားများသည် အရာမဝင်ပေ။

မည်သူ့ကို အပြစ်တင်ရမည်နည်း။

(T/N : ဓားခုတ်ကောင်၊ ဘီလုံးငှက်နဲ့ ပုစဥ်းရင်ကွဲဆိုတာ တရုတ်ရိုးရာပုံပြင်ပါ၊ ဓားခုတ်ကောင်က ပုစဥ်းရင်ကွဲကို စားဖို့ချောင်းနေတော့ အနောက်က သူ့ကို ပြန်စားဖို့ ချောင်းနေတဲ့ ဘီလုံးငှက်ကို သတိမမူမိဘဲ အစား ခံလိုက်ရတဲ့ ပုံပြင်လေးပါ။ နယ်ရုပ် (ပွန်း) ဆိုတာကတော့ စစ်တုရင် အရုပ်တွေထဲမှာ ပါဝါ မရှိဆုံး၊ တစ်ဖက်ရန်သူရဲ့အစားခံဖို့ သက်သက် ရှေ့ဆုံးကနေ ထိုးကျွေးခံရတဲ့ အရုပ်လေးတွေပါ။)

ထိုအချိန်၌ ချွေ့ကျန်းရှန်း၏ မျက်နှာပေါ်၌ နာကျည်းမှုများဖြင့် ပြည့်နေပြီး စန်းရန်ကမူ အနည်းငယ် ကယောင်ခြောက်ခြား ဖြစ်နေသည်။

“ရှင် ရိုက်လို့ ဝပြီလား”

“ဟုတ်တယ်၊ ကျင်းယွင်ကျောင်း ဆိုင်ထဲက ထွက်သွားပြီလို့ ကျွန်မ အဲ့ကားသမားနှစ်ယောက်ကို ပြောပြလိုက်တာ။ ရှင်က ကျွန်မကို အပြစ်တင်မလို့လား။ ချွေ့ကျွင်းက သူ့ဘာသာ သူတို့နောက်ကို ပြေးလိုက်သွားတာလေ”

စန်းရန်က မျက်ရည်များဖြင့် စိတ်ပျက်လက်ပျက် ပြောလိုက်၏။

အကယ်၍ ချွေ့ကျွင်းသာ ကျောင်း၌ ရှိနေသည့် သူမကို ဆေးပညာညီလာခံသို့ သွားရန် လာမခေါ်ခဲ့ပါက သူမသည် ကျင်းယွင်ကျောင်းနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ ထိုအခါ ကျင်းယွင်ကျောင်းနှင့် ယှဥ်ပြိုင် ဖြစ်မည်လည်း မဟုတ်ဘဲ ထိုပြိုင်ပွဲတွင် အရှက်တကွဲ အရေးနိမ့်ပြီး ဆေးဝါးလောကထဲမှ ထုတ်ပယ်ခံရမည်လည်း မဟုတ်ပေ။

ထိုသို့သာ မဖြစ်ခဲ့ပါက သူမသည် ချွေ့မိသားစု၏ အိမ်၌ ကောင်းကောင်းမွန်မွန် ဆက်နေနိုင်၍ ဟုန်ဝမ့်ထံမှ မျက်နှာသာ ပေးခံရစေရန် အရှက်မရှိ ခယပေါင်းသင်းစရာလည်း မလိုတော့။

တကယ်လို့ ဘုရားသခင်ကသာ မျက်နှာ မလိုက်ရင် ကျင်းယွင်ကျောင်းက ငါ့ကို ဘာလို့ တိုက်ခိုက်နိုင်မှာလဲ။ သူက ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရတော့ နာကျင်မှုတွေကို သည်းခံနိုင်တယ်။ သူက ငါ့ကို ဘာလို့ ထပ်ခါတလဲလဲ အနိုင်ရနေတာလဲ။ လောကကြီးက မတရားလိုက်တာ။

“နှလုံးသား မရှိတဲ့ မျက်လုံးဖြူ ဝံပုလွေမ၊ မင်းက ငါ့သားကိုတောင် အပြစ်တင်နေသေးတယ်။ မင်းကို သေအောင် ရိုက်ပစ်မယ်”

ထို့နောက် ချွေ့ကျန်းရှန်းသည် မျက်ရည်များ အဆက်မပြတ် စီးကျလာပြီး အတိတ်က ဖြစ်ရပ်များနှင့် ပတ်သတ်၍ နောင်တရနေသည်။

အကယ်၍ စန်းရန်က သူ၏ သားကို သတ်မည့်အကြောင်းကိုသာ ကြိုသိခဲ့ပါက မည်သို့ပင် ဖြစ်လာစေကာမူ သူသည် သူမအား ချွေ့အိမ်တွင် ခေါ်ထားမည် မဟုတ်သလို ဆေးဖော်စပ်သည့် ပညာကိုလည်း သင်ပေးမည် မဟုတ်ချေ။

စန်းရန်သည် မိန်းကလေးတစ်ယောက်သာ ဖြစ်ရာ ချွေ့ကျန်းရှန်း၏ ခွန်အားကို မယှဥ်နိုင်ပေ။ ချွေ့ကျန်းရှန်းသည် သားဖြစ်သူအား ဆုံးရှုံးရသည့်နာကျင်မှုကြောင့် အရူးတစ်ပိုင်း ဖြစ်နေ၏။ ဤနေရာ၌ ရဲအရာရှိ နှစ်ယောက်လည်း ရှိနေသေးရာ သူမအား မေးခွန်းများ အဆက်မပြတ် မေးမြန်းနေကြသည်။

ယခုအချိန်၌ စန်းရန်သည် သူမကိုယ်တိုင် အပြစ်ဝန်ခံလာသဖြင့် ရဲအရာရှိများသည် စိတ်သက်သာရာရသွားကြ၏။

ငယ်ရွယ်သည့် မိန်းမပျိုလေးတစ်ယောက်က ဤကဲ့သို့သော လူသတ်မှုမျိုးကို ကျူးလွန်သည်အား ယုံကြည်ရန် ခက်ခဲလှသည်။ ဤမိန်းကလေးသည် နူးညံသိမ်မွေ့၍ ကြင်နာတတ်ပုံ ပေါ်သော်လည်း သူမ၏ နှလုံးသားကမူ အလွန် ရက်စက်ကြမ်းကြုတ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။

ချွေ့မိသားစုသည် အချိန်အတော်ကြာအောင် စိတ်လွတ်သွား၍ စန်းရန်အား ဝိုင်းဝန်း ရိုက်နှက်ကြရာ သူမ၏ တစ်ကိုယ်လုံး ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နေ၏။

ကျီရှန်းရှန်း၏ ဖခင်သည်လည်း စန်းရန်အား ရိုက်နှက် ပစ်ချင်လှသည်၊ သို့သော် ချွေ့ကျန်းရှန်း အရူးတစ်ပိုင်း ဖြစ်နေသည်ကို မြင်သောအခါ သူ၏ ဒေါသများကို ဖိနှိပ်ထားလိုက်၏။

ထိုနေ့ည၌ စန်းရန်သည် ရဲစခန်းသို့ ခေါ်သွားခံရသည်။

ကျီရှန်းရှန်းသည် ထိုညသန်းခေါင်ယံ၌ ပြန်သတိလည်လာသည်။ ကျီရှန်းရှန်း၏ မိဘနှစ်ပါးနှင့်အစ်ကိုဖြစ်သူတို့လည်း ဆေးရုံ၌ ရှိနေကြသည် ဖြစ်ရာ ကျင်းယွင်ကျောင်းသည် ဤနေရာ၌ ဆက်မနေတော့ဘဲ ပြန်ရန် ဆုံးဖြတ်လိုက်၍ ထန်အိမ်တော်၌ တစ်ည ပြန်အိပ်လိုက်သည်။

နောက်တစ်ရက်သည် ကျောင်းမှ ခွင့်ရက်စေ့သည့်ရက်ဖြစ်သော်လည်း ယခုကဲ့သို့ ပြဿနာများပေါ်လာသည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည် ဆရာကျီအား အကျိုးအကြောင်း ပြောပြ၍ အိမ်ပြန်မည့်ရက်ကို အနည်းငယ် ရွေ့ဆိုင်းလိုက်၏။

အချိန်တိုအတွင်းမှာပင် ကျင်းယွင်ကျောင်း၏ ပတ်ဝန်းကျင်ရှိ လူများသည်် ရဲစခန်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ထွက်နေရသည်။ အကြီးအကဲ ထန်က ဤကိစ္စကို ကံနိမ့်နေသည်ဟု ခံစားရသော်လည်း ဟုန်ဝမ်ကမူ အဆင်ပြေနေသေးသည်။ မြင်းစီးကလပ်အမှုတွင် နောက်ဆက်တွဲဖြစ်ရပ်များက အရေးမကြီးသဖြင့် ဟုန်ဝမ်သည် ရဲစခန်း၌ ခေတ္တသာ အစစ်ဆေးခံလိုက်ရပြီး နာရီအနည်းငယ်အတွင်း ပြန်လွတ်လာသော်လည်း ရှောင်ဟိုင်ချင်းနှင့် စန်းရန်ကမူ မတူပေ။

လက်တွေ့၌ သူမတို့နှစ်ယောက်လုံးသည် လူသတ်မှု၌ တာဝန်ရှိသူများဖြစ်၍ အမှုကို ဖြေရှင်းရန် မလွယ်ကူခဲ့။

သို့ရာတွင် အကြီးအကဲ ထန် ရှာပေးသည့် ရှေ့နေသည် အလွန် စကားပြောကောင်းသည်ဟု နာမည်ကြီး၏။ ထို့အပြင် စန်းရန်က သူမသည် ကားသမားနှစ်ယောက်ကို အမိန့်ပေးခဲ့ကြောင်း ဝန်ခံခဲ့သဖြင့် ကားတိုက်မှု အပြီးတွင် တစ်ဖက်လူက လူသတ်မှု ဆက်လက် ကျူးလွန်နိုင်ခြေရှိကြောင်း သက်သေပြပြီးသား ဖြစ်သွား၏။ ထို့ကြောင့် ထိုအချိန်က ရှောင်ဟိုင်ချင်း၏ တုံ့ပြန်မှုသည် ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းဟူသည့် ဥပဒေနှင့် ညီညွတ်မှုရှိကြောင်း စာရင်းသွင်းခံရရန် ပို၍ အလားအလာ ရှိသွားသည်။

ထို့အပြင် ထန်မိသားစု၏ နောက်ခံအရှိန်အဝါကြောင့် ဤကိစ္စသည် မျှော်လင့်ထားသလောက် မပြင်းထန်တော့ပေ။

ရှောင်ဟိုင်ချင်း လူသတ်မှုဖြင့် အစွပ်စွဲခံရသော်လည်း ထိုသတင်းကို ကြားသော ရှောင်တောက်အန်းသည် ဒေါသတကြီး ရှေ့ထွက်မလာတော့။

ယခုအချိန်၌ ရှောင်တောက်အန်း၏ စိတ်အခြေအနေသည်လည်း မကောင်းလှပေ။ သူသည် ရှောင်ဟိုင်ချင်း၏ ဖခင်တစ်ယောက်အနေဖြင့် သမီးဖြစ်သူအား တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ် ကာကွယ်ပေးရန် တွေးမိသော်လည်း စီးပွားရေးကိစ္စများကို တွေးလိုက်သောအခါ သူသည် သမီးဖြစ်သူအား မျက်စိတစ်မှိတ်အတွင်း မေ့ပစ်နိုင်၏။ သို့သော် လူတိုင်းက သူသည် စီးပွားရေးနှင့် ပတ်သတ်လာလျှင် သမီးဖြစ်သူကိုပင် နယ်ရုပ်တစ်ကောင်ကဲ့သို့ ထိုးကျွေးနိုင်သည်ဟု တွေးကြသောအခါ အလွန် ဒေါသထွက်နေ၏။ သို့သော် သူသည် ထန်မိသားစုအား ဂရုမစိုက်ဘဲ မနေနိုင်သလို ထိုသမီးဖြစ်သူအားလည်း ထပ်မံ၍ နှစ်သိမ့် မပေးချင်တော့ပေ။

သို့သော် ရှောင်ဟိုင်ချင်းအတွက်မူ ရှောင်တောက်အန်း ရောက်မလာခြင်းက ပြဿနာ မဟုတ်ပေ။

Chapter 420 : ရူးသွပ်ခြင်း

ရှောင်ဟိုင်ချင်းသည် သူမ၏ ဖခင်အကြောင်းကို ကောင်းကောင်း သိသည်။ ယခင်က သူမ ပြဿနာ အသေးအဖွဲ့လေးများ ရှာသည်ကိုပင် သူသည် အလွန် ဒေါသထွက်လေ့ရှိ၏။ ယခုအခါ သူမ လူသတ်ခဲ့ကြောင်း သက်သေ အတိအကျ ရှိနေပြီဖြစ်ရာ သူသည် သူမကဲ့သို့သော သမီးတစ်ယောက် မရှိရန်ပင် ဆုတောင်းနေလိမ့်မည် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ရှောင်တောက်အန်းအား ထိုအချိန်က သူမသည် အလွန် အန္တရာယ်များသည့် အခြေအနေထဲတွင် ကျရောက်နေခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြလျှင်တောင်မှ သူ့အတွက်မူ ထိုကိစ္စသည် “လူသတ်သည်” ဟူသော စကားလုံးထက် ပို၍ အရေးကြီးမည် မဟုတ်ပေ။

ထိုအခြေအနေတွင် သူမ လူသတ်သည်က အလွန်ပင် ရက်စက်၍ ထိုသို့ သတ်မည့်အစား အသက်လု၍ ထွက်ပြေးခြင်းက ပိုကောင်းသည်ဟုပင် သူက တွေးနေလောက်သည်။

ရှောင်တောက်အန်းသည် သူ၏ စိတ်ထဲ၌ သတ်မှတ်ချက်တစ်ခု ထားတတ်သူ ဖြစ်၏။ သူ၏ စိတ်ကူးထဲ၌ သမီးဖြစ်သူသည် မိဘများ အပေါ်၌ နာခံမှုရှိ၍ သိတတ် လိမ္မာသင့်သည်ဟု တွေးထားသည်။ အကယ်၍ ရှောင်ဟိုင်ချင်းသာ သူ၏ စိတ်ကူးထဲတွင် သတ်မှတ်ထားသည့် စံနှုန်းနှင့် တစ်ကြိမ်တစ်ခါ လွဲချော်သွားပါက သူသည် ရှောင်ဟိုင်ချင်းလုပ်သမျှ အရာအားလုံးကို မှားယွင်းသည်ဟု ခံစားနေရမည်ဖြစ်ကာ သူမ အဘယ်ကြောင့် ထိုသို့ လုပ်ခဲ့သည်ဟူသော အကြောင်းအရင်းကိုပင် မေးမြန်းနေမည် မဟုတ်ပေ။

ရှောင်တောက်အန်းသည် ရှောင်ဟိုင်ချင်းအား အမြဲတမ်း မကောင်းဆိုးဝါးလေး တစ်ကောင်ဟုသာ တွေးနေခဲ့၍ ယခု အချိန်၌မူ သူမသည် မကောင်းဆိုးဝါးကြီး ဖြစ်လာရာ သူ့၌ မျှော်လင့်ချက်ကင်းမဲ့သွား၏။

ထို့ကြောင့် သူသည် သမီးဖြစ်သူက လူသတ်သမားတစ်ယောက်ဟု ဝန်ခံမည့်အစား သူမအား မသိဟန်ဆောင်၍ နေလိုက်မည်သာ ဖြစ်သည်။

သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ရှောင်ဟိုင်ချင်းကမူ ဤလုပ်ရပ်သည် ပို၍ သင့်တော်သည်ဟု ခံစားနေရ၏။ အကယ်၍ ဖခင်ဖြစ်သူ လာတွေ့လျှင်လည်း သူမသည် ထိုတွေ့ဆုံမှုကို စိတ်ကူးဖြင့် ပုံဖော်ကြည့်နိုင်၏။ သူသည် သူမအား လက်ညှိုးငေါက်ငေါက်ထိုး၍ သူမ မည်မျှ ရက်စက်ကြောင်း၊ သူမ၏ အနာဂတ်မှာ မျှော်လင့်ချက် မရှိတော့ကြောင်း အစရှိသည့် စကားလုံးများကိုသာ ပြောဆိုငေါက်ငမ်းနေမည် ဖြစ်သည်။

ရက်အနည်းငယ် ကြာသောအခါ ရှောင်ဟိုင်ချင်းသည် တရားသူကြီး၏ အမိန့်ဖြင့် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်လာ၏။

ဆန့်ကျင်ဘက်အနေဖြင့် စန်းရန်ကမူ လူသတ်မှုဖြင့် စွပ်စွဲခံရသည်။ စန်းရန်သည် ဟုန်ဝမ်အား သွေးထိုးလှုံ့ဆော်ပေးသူဟု ကြိမ်ဖန်များစွာ စွပ်စွဲခဲ့သော်လည်း ဟုန်ဝမ်နှင့် ဆက်စပ်နေသည့် သက်သေကို လုံးဝ ရှာမရသဖြင့် သူမ၏ စွပ်စွဲချက်များက အရာမထင်ပေ။

ကျင်းယွင်ကျောင်းကမူ ထိုအကြောင်းကို သေသေချာချာ သိထားပြီး ဖြစ်၏။ ဟုန်ဝမ်သည် အမှန်တကယ်ပင် အလွန်ထက်မြက်၍ ဤကိစ္စနှင့်သူမ၏ ကြားရှိ ပတ်သတ်မှုကို စေ့စေ့စပ်စပ် ဖုံးကွယ်ထားနိုင်ရာ သူမအား မည်သူကမှ ဒုက္ခ မပေးနိုင်ပေ။

စန်းရန်ကမူ မက်ဆေ့ချ် တစ်စောင်ကြောင့် ပြစ်မှုကို လုံးဝ ငြင်းမရတော့ပေ။ ထို့အပြင် လူသုံးယောက် သေ၍ တစ်ယောက် ဒဏ်ရာ ရသွားသဖြင့် ဤရာဇဝတ်မှုသည် အလွန် ကြီးလေးလှသည် ဖြစ်ရာ သူမသည် ကြိုးမိန့်ကို နှစ်နှစ် ရွေ့ဆိုင်း ပြစ်ဒဏ်ချခံရသည်။

သို့သော် စီရင်ချက်ချသည့် အချိန်၌ စန်းရန်သည် စိတ်မမှန်တော့ပေ။

ယာဥ်တိုက်မှု ဖြစ်သည့်အချိန်က ချွေ့ကျွင်းသည် သူမ၏ မျက်စိရှေ့၌ပင် ကုန်တင်ကား အကြိတ်ခံခဲ့ရသည်။ ထိုသွေးသံရဲရဲ မြင်ကွင်းသည် သူမ၏ မှတ်ဥာဏ်ထဲ၌ စွဲထင်နေပြီး ချွေ့မိသားစုထံမှ အရိုက်နှက်ခံရသည်များကိုလည်း နေ့စဥ် နေ့တိုင်း ထင်ယောင်ထင်မှား ဖြစ်နေကာ “ကျွန်မ, မဟုတ်ပါဘူး” ဟူသည့် စကားကို အကြိမ်ဖန်များစွာ ထပ်ခါတလဲလဲ ရေရွတ်နေ၏။ သို့သော် စီရင်ချက်ကိုမူ ပြောင်းလဲ၍ မရပေ။

ထိုအချိန်တွင် ကျီရှန်းရှန်းသည် ယာဥ်တိုက်မှု ဖြစ်သည့်နေ့ကတည်းက ပြန်သတိရလာသော်လည်း သူမ၏ မိသားစုဝင်များက သူမအား တစ်စုံတစ်ခုကို ပြောပြရန် စိုးရွံ့နေပုံရ၍ မေးမြန်းကြည့်လိုက်ရာ ချွေ့ကျွင်း ဆုံးပါးသွားသည့် သတင်းကိုကြားလိုက်ရ၏။

ထိုအချိန်၌ သူမ၏ စိတ်ခံစားချက်များသည် အတော်လေး ရှုပ်ထွေးနေသည်။

သူမသည် သူမကိုယ်သူမ အလွန်အမင်း ဝမ်းနည်းကြေကွဲသွားမည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်း၌ နောင်တတစ်ခုသာ ရမိ၏။ ချွေ့ကျွင်းသည် အလွန်ငယ်ရွယ်သေး၍ စောစောစီးစီး သေဆုံးသွားသည်ကို အနည်းငယ် စိတ်မကောင်းဖြစ်မိရုံသာ ဖြစ်သည်။

သူမသည် ချွေ့ကျွင်းနှင့် နှစ်ပေါင်းများစွာ အတူရှိလာသည် ဖြစ်ရာ ကျောက်တုံးလူသားကဲ့သို့ လုံးဝ ဝမ်းမနည်းဘဲနေမှသာ အလွန် ထူးဆန်းနေမည်ဖြစ်၏။

ကျီမိသားစု၏ မျက်လုံးထဲ၌မူ သူမ၏ တုံ့ပြန်မှုသည် တစ်ခုခု မှားယွင်းနေ၏။ အကြောင်းမှာ သူတို့သည် ကျီရှန်းရှန်းက ချွေ့ကျွင်းအပေါ်၌ ခံစားချက် မရှိတော့သည်ကို လုံးဝ မသိကြသေးပေ။ ထို့ကြောင့် သူတို့သည် သူမ အလွန်အမင်း ဝမ်းနည်းနေသည်ဟုသာ တွေးလိုက်ကြပြီး သူမအား လိုလေစေ့မရှိ ဂရုစိုက်ပေးကြ၍ သူမကိုယ်သူမ ထိခိုက်အောင် တစ်ခုခု လုပ်လိုက်မည်ကို စိုးရိမ်နေကြသည်။

သို့သော် ကျီရှန်းရှန်းသည် ငတုံးတစ်ယောက် မဟုတ်ပေ။ ယခုအချိန်၌ ဘာမှ ထုတ်မပြောသော်လည်း ယာဥ်တိုက်မှု ဖြစ်သည့်အချိန်က သူမသည် မိဘနှစ်ပါးနှင့် အစ်ကိုဖြစ်သူ၏ အကြောင်းကိုသာ တွေးနေခဲ့၍ သူမ၏ ရင်ထဲ၌ နောင်တ တရားမှ လွဲ၍ ဘာမှမကျန်ခဲ့။ ထို့ကြောင့် သူမသည် သေချာပေါက် မျက်စိဖြောင့်ဖြောင့် မမှိတ်နိုင်ဘဲ သေပြီဟုသာ တွေးထားခဲ့သော်လည်း သူမ အသက်ရှင်နေသေးသည်ကို သိလိုက်ရသောအခါ ပျော်လွန်း၍ ငိုမိသည်ဟု ပြောပါက ပုံကြီးချဲ့ခြင်း မဟုတ်။

ကျီမိသားစုသည် ကျီရှန်းရှန်း ပြန်သတိရလာ၍ စိတ်သက်သာရာ ရသွားကြသော်လည်း ချွေ့မိသားစုကမူ လုံးဝ ကံဆိုးမိုးမှောင် ကျနေ၏။

All Chapters