← Chapters

အခန်း (၄၂၁-၄၂၄)

Vol. 22 Ch. 421-424

အခန်း (၄၂၁-၄၂၄)

Vol. 22 Ch. 421-424

Chapter 421 : ဟုန်မိသားစုအား ပစ်မှတ်ထားခြင်း

ချွေ့ကျွင်းသည် တစ်ကိုယ်လုံး ဒဏ်ရာအပြည့်နှင့် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားရသည်။ ဆေးရုံက သူ၏ ဒဏ်ရာများကို ပြန်ချုပ်ပေးထားသော်လည်း အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှ၏။ ချွေ့ကျန်းရှန်းသည် သားရတနာလေး၏ အဖြစ်ဆိုးကို ပထမဆုံးအကြိမ် မြင်လိုက်ရစဥ်က သူ၏ နှလုံးသားအား ဓါးထက်ထက်ဖြင့် ထပ်ခါတလဲလဲ လှီးဖြတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ထို့အပြင် ချွေ့ကျွင်း၏ သေဆုံးမှုသည် မတရားခံရသည်ဟုပင် ဆိုနိုင်၏။

အစောပိုင်းက စန်းရန်သည် ထိုကုန်တင်ကားဖြင့် ကျင်းယွင်ကျောင်းနှင့် ကျီရှန်းရှန်းကိုသာ ဝင်တိုက်ရန် ကြံရွယ်ထားပြီး ချွေ့ကျွင်းသည် မတော်တဆ တိုက်မိသွားသူသာ ဖြစ်သည်။ ထို့ကြောင့် အကြောင်းအရင်း အမှန်ကို သိပြီးသွားသောအခါ ချွေ့ကျန်းရှန်းသည် အဘယ် ရင်မနာဘဲ နေမည်နည်း။

အထူးသဖြင့် ကျီရှန်းရှန်း၏ အပေါ်၌ ဖြစ်သည်။

တကယ်တမ်း၌ ချွေ့ကျန်းရှန်း၏ အကျင့်စရိုက်သည် ချွေ့ကျွင်းနှင့် တစ်ပုံစံတည်း တူညီ၍ သူသည်လည်း ကျီရှန်းရှန်း၏ ခံစားချက်ကို နှစ်ပေါင်းများစွာ အသုံးချခဲ့သည်။ သို့ဖြစ်၍ ယခုအချိန်၌ သူသည် ကျီရှန်းရှန်းအား သူ၏ သားဖြစ်သူအပေါ်တွင် သစ္စာဖောက်သွားသည့် လူယုတ်မာ တစ်ယောက်သဖွယ် ယူဆ၍ အလွန်အမင်း စိတ်ထိခိုက်ခံစားနေရ၏။

ထို့ကြောင့် သူသည် သားဖြစ်သူ ကွယ်လွန်ပြီးနောက် ပထမဆုံးအကြိမ် မျှော်လင့်ချက် ကင်းမဲ့သည့် အခြေအနေသို့ ကျရောက်သွား၍ အိမ်ပြန်ရောက်သောအခါ ကျီမိသားစုနှင့် ထိပ်တိုက် ရင်ဆိုင်တော့သည်။

သို့သော် ချွေ့မိသားစုသည် မူလကတည်းက ကျီမိသားစုထက် ပို၍ အင်အားနည်း၏။ ထို့အပြင် ယခုအချိန်၌ ချွေ့ကျန်းရှန်းသည် တစ်ဖက်သား အပေါ်၌ ယုံမှားသံသယ လွန်ကဲနေပြီး ခေါင်းမာလှသည်ဖြစ်ရာ သူ့အတွက် ဆိုးကျိုးများသာ ဖြစ်လာသည်က သဘာဝပင်။ သူသည် သူ၏ မိသားစုအပိုင် ဆေးဖော်စပ်သည့် လုပ်ငန်းကိုလည်း များစွာအာရုံမစိုက်တော့သဖြင့် သူ၏ လက်အောက်ငယ်သားများထံ၌ တဖြည်းဖြည်း ပြဿနာများ စုပုံလာ၏။

ဆေးဖော်စပ်သည့် နည်းလမ်းများ ပြောင်းလဲသွားပါက ဆေးအာနိသင်၏ အကျိုးသက်ရောက်မှုသည်လည်း အလွန် ပြောင်းလဲသွားသည်။ အခြေခံအားဖြင့် ဆေးဖော်စပ်သည့် လောက၌ နာမည်ပျက်သွားပါက ထိုနာမည်ကို ယခင်အတိုင်း ပြန်လည် အဖက်ဆယ်ရန် မဖြစ်နိုင်တော့ပေ။

သို့သော် ကျင်းယွင်ကျောင်းက ချွေ့မိသားစု၏ အရေးကိစ္စများကို လုံးဝ အရေးမစိုက်သည့်အပြင် ကျီမိသားစုကလည်း သည်အတိုင်းသာ စောင့်ကြည့်နေသဖြင့် ချွေ့ကျန်းရှန်းသည် သူတို့အား ပုံမှန်အပြုအမူထက် ကျော်လွန်သည့် ရန်စမှုများ လုံးဝ မလုပ်နိုင်ပေ။

ရှောင်ဟိုင်ချင်း လွတ်မြောက်လာသည်နှင့် သူမတို့နှစ်ယောက်သည် ကျောင်းသို့ ပြန်လာခဲ့ကြသည်။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် ယခုတစ်ခေါက် ဖြစ်ပျက်ခဲ့သည်များကို လုံးဝ မမေ့ပေ။ ထို့ကြောင့် သူမသည် ဟုန်မိသားစု၏ အခြေအနေကို စုံစမ်းပေးရန် ပိုင်ယွီအန်းအား တောင်းဆိုခဲ့သည်။

ထျန်းဟုန် စီးပွားရေးလုပ်ငန်းစုအား ဟုန်ထျန်း၏ ကွယ်လွန်သွားသည့် ဖခင်ကြီးက တည်ထောင်ခဲ့ခြင်းဖြစ်၍ ထိုကုမ္ပဏီ၏ အဓိကထုတ်ကုန်မှာ စက်ပစ္စည်း အစိတ်အပိုင်းများ ဖြစ်၏။ သို့ရာတွင် သူ၏ စီးပွားရေးနယ်ပယ်မှာ အလွန် ကျယ်ပြန့်လှသဖြင့် နှစ်စဥ်နှစ်တိုင်း ဝင်ငွေများစွာ ရရှိကာ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ခိုင်မာလှသည်။ အကြီးအကဲ ထန်သည် နင်းမြို့တော်၌ သြဇာအာဏာ အကြီးဆုံးပုဂ္ဂိုလ် ဖြစ်သော်လည်း မိုးကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် အုပ်နိုင်သည်ဟု ပြောရန်မှာ မလွယ်လှပေ။

(T/N : မိုးကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် အုပ်နိုင်တယ်ဆိုတာ မြို့တော်ရဲ့စီးပွားရေးကို တစ်ယောက်တည်း လက်ဝါးကြီး အုပ်တာပါ)

အကြီးအကဲ ထန်သည် ဤကိစ္စ၌ သူမအား အကူအညီ များစွာပေးခဲ့၏။ ထိုသို့သာ မဟုတ်ပါက ရှောင်ဟိုင်ချင်းသည် ဤအမှုမှ ကွင်းလုံးကျွတ်လွတ်လာလိမ့်မည် မဟုတ်ဘဲ ကျင်းယွင်ကျောင်းကိုယ်တိုင် ဟုန်မိသားစုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ယခု သူမ၏ အရှေ့၌ ဟုန်မိသားစုနှင့် ပတ်သတ်သည့်သတင်းအချက်အလက်များ ရှိနေ၏။

ဟုန်ထျန်း ကိုယ်တိုင် စီမံနေသည့် စီမံကိန်းများအပါအဝင် ကုမ္ပဏီ၏ စီမံကိန်းများ အားလုံးသည် လက်ရှိအချိန်၌ အကြပ်အတည်း ကျရောက်နေကြသည်။

ဟုန်ထျန်းသည် ရှောင်တောက်အန်းကဲ့သို့ ဆောက်လုပ်ရေးပစ္စည်း အရောင်းကိုယ်စားလှယ်များနှင့် ပူးပေါင်းနေသည့် အဓိက အကြောင်းအရင်းမှာ သူသည် အိမ်ခြံမြေလောက၌ နေရာတစ်ခု ရလို၍ ဖြစ်သည်။ ထိုနယ်ပယ်သည် အလွန်အကျိုးအမြတ် များပြား၏။ ထို့အပြင် ယခုအချိန်၌ သူသည် နာမည်ကျော်ကြား၍ ဩဇာလွှမ်းမိုးမှု အထိုက်အလျောက် ရှိနေပြီဖြစ်ရာ ဘဏ်ချေးငွေလည်း အလွယ်တကူ ရရှိနိုင်သည်။ ဟုန်ထျန်းသည် အလွန် ရည်မှန်းချက်ကြီးသူ ဖြစ်၏။ စီးပွားရေးအချက်အချာကျသည့် လမ်းတစ်လျောက်လုံးကို စျေးရောင်းချနိုင်သည့် စီမံကိန်းကြီးတစ်ခုသည် စတုရန်းပေ နှစ်သောင်းကျော်ခန့် ကျယ်ဝန်း၏။ ထိုစီမံကိန်းကြီးသာ ပြီးစီးသွားပါက ဟုန်ထျန်း၏ ပိုင်ဆိုင်မှု စည်းစိမ်သည်လည်း နှစ်ဆ တိုးသွားလိမ့်မည်။

"အစ်ကိုကြီး ပိုင်၊ ထျန်းဟုန် စီးပွားရေးလမ်းထဲကို စောင့်ကြည့်ဖို့ လူတွေလွှတ်ထားပြီး ကျွန်မကို ဖြစ်သမျှ အားလုံး ပြန်တင်ပြပေးပါ၊ အသေးအဖွဲ့ရုတ်ရုတ်သဲသဲ ဖြစ်တာလေးတွေက အစပေါ့"

ကျင်းယွင်ကျောင်းက ဖုန်းထဲမှတစ်ဆင့် ညွှန်ကြားလိုက်၏။

သည်လို စီးပွားရေး လမ်းသွယ်တစ်ခုလုံးကို တည်ဆောက်နေတဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီးမှာ ဘယ်လိုလုပ်ပြီးတော့ ဘာပဋိပက္ခမှ မရှိဘဲ နေမှာလဲ။

ပိုင်ယွီအန်းသည် ယခုတစ်ကြိမ် ဟုန်မိသားစု၏ လုပ်ရပ်များနှင့် ပတ်သတ်၍ ဒေါသထွက်နေသည်ဖြစ်ရာ ကျင်းယွင်ကျောင်း၏ စကားကို ကြားသည်နှင့် ချက်ချင်း သဘောတူလိုက်၏။

ဟုန်ဝမ်၏ အကြောင်းကို တွေးမိသောအခါ ကျင်းယွင်ကျောင်းသည် အလွန်အမင်း ရွံရှာ စက်ဆုပ်မိသည်။ သို့သော် ဟုန်ဝမ်၏ လုပ်ရပ်များက ဟုန်ထျန်း၏ စီးပွားရေးလမ်းသွယ် စီမံကိန်းတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ကိစ္စများ အမှန်တကယ် ရှိနေလိမ့်မည်ဟု သူမအား သတိပေးလိုက်သလိုပင်။ ထို့ကြောင့် ဤကဲ့သို့ ပြန်လည် ကလိမ်ကကျစ်ကျခြင်းနှင့် ပတ်သတ်၍ သူမအား အပြစ်မတင်သင့်ပေ။

ပုံမှန် မဟုတ်သည့် လူများနှင့် ပတ်သက်ဆက်ဆံပါက ပုံမှန်မဟုတ်သည့် နည်းလမ်းများကို သုံးရသည်မှာ သဘာဝပင်။ စိတ်ရင်းစေတနာ ကောင်းမွန်ခြင်း၊ တရားဥပဒေ လေးစားလိုက်နာခြင်းနှင့် ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်းတို့သည် ဟုန်မိသားစုအတွက်မူ ရယ်စရာ စကားလုံးများသာ ဖြစ်၏။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဤကိုယ်ရေးကိုယ်တာ ကိစ္စကို ပိုင်ယွီအန်းမှ လွဲ၍ အခြားမည်သူကိုမှ ပြောမပြဘဲ ဟုန်မိသားစုအား ပစ်မှတ်ထားနေသည့် အရိပ်အယောင်လည်း ထုတ်မပြပေ။ ထိုအစား သူမသည် ကျောင်းပြန်တက်၍ ကျောင်းသူကောင်းတစ်ယောက် အဖြစ်သာ ဆက်လက်၍ ပြုမူနေသည်။

သို့သော် လူသတ်မှုသည် ရှောင်ဟိုင်ချင်းအပေါ်၌ အလွန် သက်ရောက်မှု ကြီး၏။ ဤလူသတ်မှုသည် သူမကိုယ်သူမ ကာကွယ်ခြင်း ဖြစ်၍ ဥပဒေနှင့်ညီညွတ်ကာ အပြစ် မရှိကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သော်လည်း လက်တွေ့၌ သူမသည် လူသတ်ဖူးသူ တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် သူမအား ကြောက်ရွံထိတ်လန့်နေသည့် မျက်လုံးများဖြင့် ကြည့်၍ တတ်နိုင်သမျှ ရှောင်လေ့ရှိ၏။

Chapter 422 : ချုံခိုတိုက်ခိုက်နေသည့် လှည့်ကွက်များ

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ကုန်သွားပြီး ဆောင်းရာသီ ပိတ်ရက်သို့ ရောက်လာသည်။ ဤကဲ့သို့ ရှားရှားပါးပါး အားလပ်ရက်အတွင်း၍ ကျင်းယွင်ကျောင်းသည်လည်း ဟုန်မိသားစု၏ စီးပွားရေးလမ်းသွယ်နှင့် ပတ်သတ်၍ ဟာကွက်များ ရှာတွေ့လာ၏။

ကြည့်ရသည်မှာ စီးပွားရေးလမ်းသွယ် တည်ဆောက်နေသည့် စီမံကိန်း အတောအတွင်း ဖြစ်ပျက်ခဲ့သည့်ကိစ္စများမှာ များပြားလွန်းလှပုံရသည်။ ဆောက်လုပ်ရေး ပစ္စည်းများက မကြာခဏ ပြဿနာ ဖြစ်တတ်ပြီး အလုပ်သမားများသည် သုံးရက်အတွင်း နှစ်ကြိမ် ဒဏ်ရာ အနာတရ ဖြစ်ခဲ့၏။ ထို့အပြင် အလားတူ ကိစ္စရပ်များစွာလည်း ဖြစ်ပျက်ခဲ့ကာ ကုမ္ပဏီကြီးတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဖြစ်နေကျ ကိစ္စများနှင့် မတူပေ။

ထို့ကြောင့် ဆောက်လုပ်ရေး ကန်ထရိုက်များကပင် ဟုန်မိသားစု၏ စီမံကိန်းကို တစ်စုံတစ်ယောက်က အဆုံးမသတ်နိုင်အောင် ကျိန်စာတိုက်ထား၍ အနည်းငယ် အကုသိုလ် ဖိစီးနေသည်ဟုပင် ခံစားမိလာကြ၏။

သို့သော် ယနေ့ မြေတူးစက်ဖြင့် မြေကော်နေသည်ကို အားလုံး စောင့်ကြည့်နေကြစဥ် အဖြူရောင်အရာဝတ္ထု အပုံလိုက် မြေပေါ်သို့ ပေါ်ထွက်လာသည်ကို မြင်လိုက်ကြရ၏။ ထို့ကြောင့် အားလုံးက စိတ်ဝင်တစား ကုန်းကြည့်လိုက်ရာ မြေတွင်းထဲ၌ မြှုပ်ထားသည့် လူအရိုး ဒါဇင်ပေါင်း များစွာကို တွေ့လိုက်ရသဖြင့် ချက်ချင်း ကြောက်ရွံ့ထိတ်လန့်သွားကြပြီး ချွေးအေးများ ပြန်လာကြ၏။

လူအရိုးများ ရှာတွေ့ခြင်းသည် ဖြစ်နေကျ ကိစ္စရပ် မဟုတ်ပေ။ တကယ်တမ်း ဤကဲ့သို့ ကြီးမား ကျယ်ပြန့်လှသည့် မြေဧရိယာအောက်၌ ပြဿနာအချို့ရှိနေတတ်သည်မှာ ပုံမှန်ပင် ဖြစ်သော်လည်း ယခင်က ဤနေရာ၌ လူနေအိမ်များစွာ တည်ဆောက်ခဲ့ပြီးသားဖြစ်၍ ယခုအချိန်၌ ထိုအိမ်များကို ဖြိုချပစ်ပြီးသားဖြစ်ကာ မြေတူးနေခြင်းကလည်း သိပ်မ,နက်သေးပေ။ ထို့ကြောင့် အရိုးများ ဤနေရာ၌ ရှိနေလျှင်လည်း ထိုအိမ်များကို တည်ဆောက်စဥ်ကတည်းက ဖယ်ရှားထားပြီးသား ဖြစ်သင့်သည်။ အဘယ်ကြောင့် ယခုအချိန်ထိ ရှိနေသနည်း။

ထို့အပြင် နေ့စဥ် နေ့တိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆ ထိခိုက်မှုများ အကြိမ်ရေ စိပ်လာသည့် အကြောင်းကိုပါ ထည့်စဥ်းစားပါက ဤကိစ္စသည် အနည်းငယ် ပို၍ လေးနက်လာပြီး တာဝန်ရှိသူများကို ခေါင်းကျိန်းလာစေသည်။

"ယွင်ကျောင်း၊ ဟုန်ထျန်းက ဥပဒေနဲ့ မညီတာ တစ်ခုခု လုပ်ထားတယ်လို့ မင်း ထင်လား။ ငါတို့ဘက်က ဘာမှတောင် မစရသေးဘူး၊ ပြဿနာက ဆက်ဖြစ်နေပြီ။ အခု သူတို့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းထဲက အလုပ်သမားတချို့က ဆန္ဒစပြနေကြပြီတဲ့။ တကယ်လို့ ဟုန်ထျန်းသာ လခကောင်းကောင်းပေးရင် အလုပ်သမားတွေက သေချာပေါက် ဒီလိုလုပ်မှာ မဟုတ်ဘူး"

ကုမ္ပဏီ ရုံးခန်းထဲ၌ ပိုင်ယွီအန်းက ပြုံး၍ ပြောလာသည်။ ကျင်းယွင်ကျောင်းသည်လည်း အံ့အားသင့်နေ၏။ အထူးသဖြင့် ပိုင်ယွီအန်း၏ လက်ထဲရှိ ဓါတ်ပုံများကို မြင်လိုက်ရသောအခါ သူမ အနည်းငယ် ဝေခွဲရ ခက်သွားသည်။

သူမသည် နေ့စဥ် နေ့တိုင်း ဆေးပညာနယ်ပယ်နှင့် ထိတွေ့ ဆက်ဆံနေရသဖြင့် မြေဆီလွှာအသစ်နှင့်အဟောင်းကြားရှိ ကွာခြားချက်ကို သိသည်။ အရိုးများ တူးဖော်ရရှိသည့် မြေဆီလွှာသည် မြေမတူးခင်က ပတ်ဝန်းကျင််ရှိ မြေဆီလွှာများနှင့် တူညီပုံပေါ်သော်လည်း သေသေချာချာ လေ့လာကြည့်ပါက ကွာခြားချက်များကို တွေ့မြင်နိုင်၏။

ထို့ကြောင့် အရိုးများကို အခြားလူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ လာမြှုပ်ထားခြင်းသာ ဖြစ်လိမ့်မည်။

သို့သော် အရိုးများသည် ဒါဇင်နှင့် ချီ၍ များပြားလှ၏။ ထို့ကြောင့် ပုံစံတူ မဟုတ်ဘဲ အစစ်များသာဖြစ်ပါက အုတ်ဂူဟောင်းများမှ တူးဖော်လာခြင်းသာ ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ဤကိစ္စသည် အသံတိတ်နေ၍ မဖြစ်ပေ။

"ကျွန်မတို့အပြင် ဟုန်မိသားစုကို စောင့်ကြည့်နေတဲ့ တခြားလူတွေ ရှိသေးတယ်နဲ့ တူတယ်"

ထိုစကားကို ကြားသောအခါ ပိုင်ယွီအန်းက ခေတ္တမျှ စဥ်းစားလိုက်ပြီး ...

"အကြီးအကဲ ထန်ကများ ငါတို့ကို ကူညီပေးနေတာ ဖြစ်နိုင်မလား"

"မဖြစ်နိုင်ဘူး။ အကြီးအကဲ ထန်က တစ်ခုခုလုပ်ချင်တယ်ဆိုရင် ဒီနည်းလမ်းကို သုံးမှာ မဟုတ်ဘူး။ သူက တိုက်ရိုက်ပဲ ဖိအားပေးမှာ"

ကျင်းယွင်ကျောင်းသည် ထိုအချက်နဲ့ ပတ်သတ်၍မူ အာမခံနိုင်သည်။ သို့သော် စကားဆုံးသည်နှင့် သူမသည် လူတစ်ယောက်အား ချက်ချင်း တွေးမိသွား၏။

မကြာသေးမီက ဟုန်မိသားစု၏ ဆောက်လုပ်ရေးလုပ်ငန်းမှ မတော်တဆ ဖြစ်ရပ်များသည် သူမအား သဲလွန်စအချို့ ပေးရန်အတွက် တစ်စုံတစ်ယောက်က တမင် ဖန်တီးခဲ့ပုံပေါ်သည်။ ထိုသူသည် သူမက ဟုန်မိသားစု၏ ပြဿနာ အသေးအမွှားလေးများက အစ လိုက်လံ စုံစမ်းနေသည်ကို သိ၍ သူမ၏အရှေ့၌ တစ်ခုပြီး တစ်ခု ထုတ်ပြလာခဲ့၏။

ဤနည်းလမ်းသည် လီရှောက်ယွင်၏ လုပ်ထုံးလုပ်နည်းများနှင့် အနည်းငယ် ဆင်တူသည်။

ထိုအကြောင်းကို စဥ်းစားမိသောအခါ အထက်စီးဆန်ဆန် ပြုံးနေသည့် လီရှောက်ယွင်၏ မျက်နှာသည် ကျင်းယွင်ကျောင်း၏ စိတ်ထဲ၌ ပေါ်လာ၍ ခံစားချက်များ ရှုပ်ထွေးသွား၏။

"ဘယ်သူလဲဆိုတာ ကျွန်မ စဥ်းစားမိပြီလို့တော့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က ကျွန်မတို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးထားမှတော့ သေချာ ဖမ်းဆုပ်ထားကြတာပေါ့။ အစ်ကိုကြီး ပိုင်၊ ရှင် လူနည်းနည်းလောက်ကို ပိုက်ဆံပေးပြီး ပြဿနာ ရှာခိုင်းလိုက်ပါ။ ဟုန်မိသားစုရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ အလောင်းသူခိုး ရှိတယ်လို့ သူတို့ကို ပြောခိုင်းလိုက်၊ ပြီးရင် အဲဒါတွေကို မှတ်တမ်းပါ တင်ခဲ့ခိုင်းလိုက်ပါ"

"အင်တာနက်ပေါ်မှာတော့ ဓါတ်ပုံ နည်းနည်း တင်ထားပြီးသားပေမယ့် ကျွန်မတို့ဆီမှာ အခု လတ်တလောအတွင်း ရိုက်ထားတဲ့ ထျန်းဟုန် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ ဓါတ်ပုံတွေ အများကြီး ရှိပြီးသား မဟုတ်လား။ အဲဒါတွေကိုလည်း အင်တာနက်ပေါ် တင်လိုက်ပါ"

ကျင်းယွင်ကျောင်းက ပြောလာ၏။

သူမသည် ယခင်ကတည်းက အင်တာနက်၏ စွမ်းအားကို သိထားပြီးသား ဖြစ်သည်။ ဝေဖန်သူ များများစားစား ရှိနေသရွေ့ ဟုန်မိသားစုအား အခိုင်အမာ ဆန့်ကျင် တိုက်ခိုက်နိုင်ရန် အာမခံနိုင်သည်။

ဤသည်မှာ ဟုန်မိသားစု၏ ကျော်ကြားမှုကို အခမဲ့ အသုံးချခြင်း ဖြစ်၏။ အကယ်၍ ဤအကြောင်းကိုသာ ဟုန်ထျန်း သိသွားပါက ရယ်ရင်း အသက်ထွက်သွားနိုင်သည်။

ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်း၏ မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်ကို မြင်သောအခါ ကြက်သီးမထဘဲ မနေနိုင်တော့ချေ။

Chapter 423 : တာဝန်မကျေသည့် သားမြေးများ

ကျင်းယွင်ကျောင်း၏ ညွှန်ကြားချက်အတိုင်း ပိုင်ယွီအန်းသည် လုပ်ဆောင်လိုက်၏။

ထို့ကြောင့် အရိုးများ တူးဖော်ရရှိပြီးနောက် ဒုတိယမြောက်နေ့တွင် အဖြူရောင် ဝတ်စုံများ၊ ပုဝါများ ခြုံထားသည့် လူ အယောက်တစ်ရာကျော်ခန့်သည် ပါးစပ်မှ အော်ဟစ်ညည်းတွား၍ ဆိုင်းဘုတ်များကိုင်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲသို့ ပြေးဝင်လာကြသည်။ ထို့နောက် အရိုးများ တူးဖော်ရရှိသည့်နေရာသို့ ရောက်သောအခါ ချက်ချင်းပင် အော်ဟစ် ငိုကြွေးကြတော့၏။

"အို...ဦးလေးရေ၊ အသက်ရှင်တုန်းကလည်း ဘဝတစ်လျှောက်လုံး ဒုက္ခတွေ ခံစားခဲ့ရတယ်၊ သေသွားတော့လည်း အလောင်းကို အခိုးခံရတယ်။ အရှက်မရှိတဲ့ အလောင်းသူခိုးတွေက ဦးလေးကို ဒီလိုနေရာမျိုးကြီးမှာ ဘာလို့များ လာထားကြတာလဲ။ ဦးလေးရေ..."

အမျိုးသားတစ်ယောက်က ရုတ်တရက် အော်ငိုလိုက်သည်။

ထိုကဲ့သို့ တစ်ယောက်က ရှေ့မှ ဦးဆောင်လိုက်သည်နှင့် ကျန်သူများကပါ နောက်က လိုက်၍ အော်ငိုကြတော့၏။

"အမေရေ...အဖေကတော့ အမေ့ဘဝလေး ငြိမ်းချမ်းသွားပြီဆိုပြီး ဘယ်လောက်တောင် စိတ်ကို ဖြေတွေးနေခဲ့ရလဲ။ အမေကတော့ သေသွားတာတောင် သူစိမ်းတွေနဲ့အတူတူ အတင်းအကြပ် မြှုပ်ခံထားရတယ်။ ဒီလို ဖြစ်ရတာ အမေ့ သားသမီးတွေနဲ့မြေးတွေ တာဝန်မကျေလို့ပါ အမေရဲ့..."

ထိုစကားများကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ အလုပ်သမားများသည် ကြောင်အသွားကြ၏။

အရိုးတွေကို အတည်ပြုပေးဖို့အတွက် ရဲစခန်းကို လွှဲပေးလိုက်ပြီလေ။ သူတို့က ဘာလို့ သည်ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို အုပ်စုလိုက်ကြီး လာငိုနေတာလဲ။

"ခင်ဗျားတို့က ဘာလို့ ငိုနေကြတာလဲ။ အခု ဒီမှာ ဘာမှမရှိတော့ဘူး။ တွင်းပေါက်ဟောင်းလောင်းကြီးတွေပဲ ရှိတယ်"

ထျန်းဟုန်ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ တာဝန်ရှိသူတစ်ဦးက အပြေးအလွှား လာရောက်၍ ထိုသူများအား နားချလိုက်သည်။

သို့သော် သူ၏ စကားမဆုံးမီမှာပင် ထိုသူများက သူ့အား စိုက်ကြည့်လာပြီး အော်ဟစ်ငေါက်ငမ်းတော့၏။

"ဒါဆို တရားခံက မင်းပဲ။ မင်း ဘာဖြစ်လို့ ငါ့ဦးလေးရဲ့အရိုးတွေကို ခိုးသွားရတာလဲ။ သေဆုံးခြင်းဆိုတာ မွန်မြတ်တယ်၊ အခုတော့ မင်းက အလောင်းကိုတောင် စော်ကားနေသေးတယ်။ မင်းက လူရော ဟုတ်သေးရဲ့လား"

ထိုတာဝန်ရှိသူ၏ အမည်မှာ ဟုန်ချန်းဖြစ်၍ ဟုန်ထျန်း၏ တူ ဖြစ်သည်။ ထို့ကြောင့် အထက်ပါစကားကို ကြားသည်နှင့် သူက ချက်ချင်းပြန်၍ ရန်တွေ့လိုက်၏။

"အဲဒါ ကျုပ် မဟုတ်ဘူး။ လူတွေကို လျှောက်ပြီး စွပ်စွဲ မနေနဲ့။ အဲ့အရိုးတွေက ဘယ်သူ့ အရိုးတွေလဲဆိုတာတောင် မသေချာသေးဘူး။ လာလေ...အော်ငိုနေလေ။ ဘယ်ကမှန်း မသိတဲ့လူတွေကို ဘိုးဘေးတွေနဲ့ မှားပြီး ငိုနေကြတာ ကျုပ်က မကြောက်ဘူး"

"ခွေးကောင်"

စကားဆုံးသည်နှင့် လူတစ်ယောက်က ချက်ချင်းပင် သူ၏ ဖိနပ်နောက်ပိတ်ကို ချွတ်၍ ပစ်လိုက်သည်။

"ဒီခွေးကောင်က ဘယ်လို ခွေးစကားတွေ ပြောနေတာလဲ။ မင်းတို့ ဟုန်မိသားစုက ကောင်းတာ ဘာတစ်ခုမှ မရှိမှတော့ မင်းကလည်း သေသွားတဲ့သူတွေကို လေးစားမှု မရှိတာ မအံ့သြတော့ပါဘူး။ မင်းတို့ လုပ်ငန်းခွင်မှာ အမြဲတမ်း မတော်တဆထိခိုက်မှုတွေ ဖြစ်နေတာ။ မင်းလို တာဝန်ရှိတဲ့သူတွေက ဒါတွေကို မသိဘူးလို့တော့ ငါ မထင်ပါဘူး။ မင်းတို့ရဲ့ စုတ်ပြတ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ နေ့တိုင်း အော်ဟစ်နေတဲ့ ဝိညာဥ်တွေ ရှိတယ်၊ သူတို့က ညကျရင် မင်းနဲ့ စာရင်းရှင်းဖို့ မင်းရဲ့ အိပ်ယာပေါ်ကိုပါ တက်လာဦးမှာ"

ချက်ချင်းပင် လူအုပ်ထဲမှ တစ်ယောက်က ဟုန်ချန်းအား လက်ညှိုး ငေါက်ငေါက်ထိုး၍ စတင် ကျိန်ဆဲတော့သည်။

ထိုသူ၏ နောက်မှ လူတစ်ယောက်သည် ဤအဖြစ်အပျက်ကို ဓါတ်ပုံများ ရိုက်၍ မှတ်တမ်းတင်နေပြီး ထို ဓါတ်ပုံ ရိုက်နေသူသည် ပိုင်ယွီအန်း လွှတ်လိုက်သောသူပင် ဖြစ်၏။ ထို့ကြောင့် ဓါတ်ပုံများကို ရိုက်ယူထားသည့် ရှုထောင့်များသည် အတော်လေး ထူးခြားနေသည်။ စျာပနပွဲသို့ လာရောက်ကြသည့်သဖွယ် ဝတ်စားထားပြီး ငိုနေကြသည့် လူများစွာ၏ ပုံများသည် မသဲမကွဲ ဖြစ်နေ၏။ သို့သော် ထိုလူများအား ဟုန်မိသားစုဝင် တစ်ဦးက အော်ဟစ် ငေါက်ငမ်းနေခြင်းသည် သူတို့ လိုချင်သည့် အချက်ပင်ဖြစ်ရာ ထိုမြင်ကွင်းကိုမူ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။

သို့သော် ဟုန်ချန်းသည် ထိုမှတ်တမ်းတင်နေသည့်သူကို မြင်သွားသဖြင့် ထပ်မံ၍ လက်လွတ်စပယ် မပြုမူရဲတော့ဘဲ ဟုန်ထျန်းဆီသို့ အောင့်သက်သက်မျက်နှာဖြင့် ဖုန်းခေါ်လိုက်၏။

ဟုန်ထျန်းသည် ဤကိစ္စအား လုံးဝ အရေးမစိုက်ပေ။ ထိုအရာများသည် အရိုးများသာ ဖြစ်၍ သူတို့ဟုန်မိသားစုက သတ်ခဲ့သူများလည်း မဟုတ်၊ ထို့ကြောင့် ရဲစခန်းသို့ ပို့လိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။

ပြီးတော့ မတော်တဆ ထိခိုက်မှု မရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုတာ ရှိလို့လား။ အရိုးတွေဆိုတာကို ထည့်မပြောနဲ့၊ နှစ်ရာချီ သက်တမ်းရှိတဲ့ ဇွန်ဘီတွေကို တူးမိရင်တောင်မှ သူ့လုပ်ရိုးလုပ်စဥ်အတိုင်းပဲ လုပ်ရမှာပဲလေ။ ဘာများ ကြီးကျယ်နေလို့လဲ။

ထို့ကြောင့် ဟုန်ချန်း၏ ငိုသံပါနေသည့်အသံကို ကြားသောအခါ ဟုန်ထျန်းက စိတ်မရှည်စွာ တုံ့ပြန်လိုက်၏။

"မင်းက ဘာတွေများ လုပ်ချင်နေတာလဲ။ သူတို့ကို မောင်းထုတ်လိုက်လေ၊ ဒါမှမဟုတ်ရင် ငါ အင်ဂျင်နီယားအဖွဲ့ကိုပြောင်းပစ်မှ ငါ့ကို လာအပြစ်မတင်နဲ့"

ထိုအခါ ဟုန်ထျန်း၏ စကားအတိုင်း ဟုန်ချန်းက ချက်ချင်း လိုက်နာလိုက်သည်။

ဟုန်ထျန်းက အလုပ်သမားများကို စု၍ လူအုပ်ကြီးကို မောင်းထုတ်သောအခါ ကျင်းယွင်ကျောင်း ငွေပေး၍ လွှတ်ထားသည့် လူများသည်လည်း ထွက်ပြေးလာရ၏။ မည်သို့ပင် ဆိုစေကာမူ ဓါတ်ပုံများ ရလာပြီ ဖြစ်သဖြင့် ထိုသို့ မောင်းထုတ်ခံရခြင်းက အရေးမကြီးတော့ပေ။

မကြာမီ အင်တာနက်ပေါ်၌ ဂယက်တစ်ခု ထလာ၏။

ထျန်းဟုန် ကုမ္ပဏီသည် အလုပ်သမားများကို အသုံးချ၍ နစ်နာသူများ၏ မိသားစုဝင်များကို အော်ဟစ် ကြိမ်းမောင်းသည့်အပြင် ကွယ်လွန်သူများကိုလည်း စော်ကားသည်။ ထို့အပြင် သူတို့သည် အလုပ်သမားများ စု၍ ရောက်လာကြသူများကိုပင် ဝိုင်းဝန်း ပြဿနာ ရှာ၍ မောင်းထုတ်လိုက်ကြသေး၏။

ထိုမျှသာမက ပိုင်ယွီအန်းက လူအများ၏ ထင်မြင်ချက်များကို ဖြန့်ရန်အတွက် Water Army များကို ငှားလိုက်သည်။ ဥပမာအားဖြင့် ဤ စီးပွားရေးလမ်း စီမံကိန်း၌ သုံးသည့် ဆောက်လုပ်ရေးပစ္စည်း အများစုသည် အညံ့စားများ ဖြစ်၍ အလုပ်သမားများကို မတော်တဆမှုများ ဆက်တိုက်ဖြစ်စေသည်... စသည့် အချက်များပင်။ ထို့ကြောင့် ဤကိစ္စသည် လူပြောများသည့် ကိစ္စတစ်ခု ဖြစ်လာ၍ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။

(T/N : Water Army: အခကြေးငွေယူ၍ အင်တာနက်ပေါ်၌ ပွဲဆူအောင် လုပ်ပေးသူ)

Chapter 424 : နောက်ကွယ်မှ ကူညီနေခြင်း

ထိုကဲ့သို့ လူထုဆီမှ အာရုံစိုက်မှုများစုပုံလာသောအခါ ဟုန်ထျန်းသည် ဤကိစ္စအား အလေးအနက် မထား၍ မရတော့ပေ။ ထို့ကြောင့် သူသည် လူတစ်ယောက်ကို လွှတ်၍ အလျင်အမြန် စုံစမ်းစေသော်လည်း ထိုကဲ့သို့ ပြဿနာ ရှာသူများက ဟုန်မိသားစုဘက်မှ အရင် မှားခြင်း ဖြစ်သည်ဟု ပြောလိုက်ကြောင်း သိလိုက်ရ၏။

ထို့အပြင် သူတို့သည် ပြဿနာကို ကြီးကျယ်အောင် လုပ်နေခြင်းသာ ဖြစ်၍ ဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိရာ ဟုန်ထျန်းသည် သူတို့အား ဘာမှလုပ်၍ မရပေ။

ဟုန်ထျန်းသည် စီးပွားရေးလမ်းသွယ်တစ်ခုကို တည်ဆောက်လိုခြင်း ဖြစ်၍ တည်ဆောက်၍ မပြီးခင်မှာပင် ယခုကဲ့သို့ ကံဆိုးမှုများ ဖြစ်လာရာ ထိုဆိုင်ခန်း နေရာများကို မည်သူက ဝယ်ရဲတော့မည်နည်း။

ထို့ကြောင့် ဝယ်ယူရန်အတွက် စာရင်းပေးထားပြီးသား ဆိုင်ရှင်များသည် ပြဿနာရှာစ ပြုလာပြီး လူထု၏ တုံ့ပြန်မှုကလည်း ပြင်းထန်လွန်းသည် ဖြစ်ရာ သေချာပေါက်ပင် အထက်မှ တာဝန်ရှိသူများသည် ပြန်လည် စုံစမ်းစစ်ဆေးရန်အတွက် ဆောက်လုပ်ရေးနေရာသို့ လူများ စေလွှတ်လိုက်သည်။ သို့သော် ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ လုပ်သည့်နေ့၌ပင် ထျန်းဟုန်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမားအချို့သည် ရုတ်တရက် အော်ဟစ်မှုများ ရှိလာ၍ တစ်ယောက်ချင်းသည်လည်း လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ထိတ်လန့်နေပုံရသည်။

သို့သော် ထိုသို့ဖြစ်ရသည်မှာ အခြားကြောင့် မဟုတ်ဘဲ ကျင်းယွင်ကျောင်းသည် အဖြူရောင်ဝတ်ရုံ ဝတ်၍ ကြောက်စရာကောင်းသည့် ပုံပေါက်အောင် မိတ်ကပ်လိမ်းခြယ်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင် ပတ်ဝန်းကျင်၌ လျှောက်ပတ်သွားနေ၍ ဖြစ်၏။

သူမ၏ ကိုယ်ခံပညာ စွမ်းရည်သည် နေ့စဥ်နှင့်အမျှ တိုးတက်နေသဖြင့် သူမကိုယ်သူမ ပျံလွှားငှက် တစ်ကောင်ကဲ့သို့ ပေါ့ပါးသည်ဟု ရည်ညွှန်းပါက ပုံကြီးချဲ့ခြင်း မဟုတ်ပေ။ သူမသည် အိမ်ခေါင်မိုးစွန်းများ၊ နံရံများအား ခုန်ပျံ ကျော်လွှားနိုင်ခြင်း မရှိသေးသော်လည်း သာမန်လူတစ်စု၏ အရှေ့တွင်မူ နတ်ဘုရားများ၊ သရဲများကဲ့သို့ ဟန်ဆောင်ရန် အလွန် လွယ်ကူသည်။

ထို့ကြောင့် ကျင်းယွင်ကျောင်းသည် လှည့်ကွက်များများစားစားပင် လုပ်ပြရန်ပင် မလိုလိုက်ချေ။

နေရာ အနေအထား ကျယ်ပြန့်ခြင်းနှင့် အခြေအနေများ အာရုံစိုက်ခံနေရခြင်းကို အခွင့်ကောင်း ယူ၍ ခြောက်လှန့်နေရာ အလုပ်သမားများသည် အလုပ်၌ မမြဲကြတော့ပေ။ သို့ဖြစ်၍ ဟုန်ထျန်းသည် လာရောက် စစ်ဆေးသူများကို အချိုသပ်နေရပြီး ပြေရာပြေကြောင်း ရှင်းပြနေရသည်။ သူသည် သူတို့အတွက် သီးသန့် ဟိုတယ်အခန်းပင် ငှားပေးခဲ့သော်လည်း ထိုလူတစ်စု နေရာယူပြီးချိန်မှာပင် သူသည် သတင်းထောက်များ၏ အမိဖမ်းခြင်းကို ခံလိုက်ရ၏။

ထို့ကြောင့် ဟုန်ထျန်းသည် လာရောက်စစ်ဆေးသူများကို အလိုလိုက် အကြိုက်ဆောင်ပြီး လာဘ်ထိုးရန် ကြိုးစားနေသည်ဟူသော သတင်းများသည် မျက်စိ ဖမ်းစားဖွယ် ခေါင်းစဥ်များဖြင့် မီဒီယာများ၌ ပါလာတော့သည်။ ထို့ကြောင့် ဤပြဿနာသည် ရိုးရှင်းသည့် ကိစ္စဖြစ်သော်လည်း ဟုန်ထျန်းအတွက်မူ ကြီးမားသည့် အတားအဆီး ဖြစ်နေ၏။

ဟုန်ထျန်းအတွက်မူ ယခုအချိန်၌ လာရောက်စစ်ဆေးသူများက ဤကိစ္စကို ပြသာနာ မရှာလျှင်တောင်မှ မတော်တဆမှုများသည် တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်လာ၍ ယနေ့တွင် ထျန်းဟုန်လုပ်ငန်းစု၏ ရှယ်ယာများ ရုတ်တရက် ထိုးကျသွားသည်။ အရေးကြီးဆုံး အချက်မှာ ထျန်းဟုန်ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် လုံးဝ မသမာမှုများနှင့် ပြည့်နေ၏။ အထူးသဖြင့် ဆောက်လုပ်ရေးပစ္စည်းများ အရည်အသွေး မပြည့်မီခြင်း၊ ကြေညာထားသည့် အရည်အသွေးနှင့် တခြားစီ ဖြစ်နေခြင်းစသည့် အချက်များကြောင့် ဖြစ်ကာ ထိုအချက်အလက်များကို ရှာဖွေ တွေ့ရှိသွားပြီးနောက် လူထု၏ အရှေ့၌ အလုံးစုံ ချပြခံလိုက်ရသည်။

ဟုန်ထျန်းသည် ငွေရှာချင်သော်လည်း ဤ စီမံကိန်းသည် သူ၏ ကိုယ်ပိုင်စီမံကိန်း ဖြစ်၍ အင်အားများစွာ စိုက်ထုတ်ခဲ့၏။ သို့သော် စီမံကိန်းသည် စွန့်စားမှုများနှင့် တစ်ခုပြီးတစ်ခု ကြုံနေရသည်။ ဤစီမံကိန်းသည် လာဘ်စားထားသည့် စီမံကိန်းတစ်ခု မဟုတ်သော်လည်း အရည်အသွေး မပြည့်မှီသည့် နေရာများစွာ ရှိနေသည်။

ထို လိုအပ်ချက်များကို ပြန်လည်ပြင်နိုင်သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများက တစ်ဝက် ပြီးစီးနေပြီဖြစ်ရာ မည်သို့ ပြန်ပြင်ရန် လွယ်ကူမည်နည်း။ ယခုအချိန်၌ အဓိက ရှယ်ယာရှင်ကြီးများသည် သူ့အား အပြင်းအထန် ဖိအားပေးနေကြ၍ ကုမ္ပဏီ အပေါ်၌ တိုက်ရိုက် အကျိုးသက်ရောက်မှုများရှိနေ၏။

ထို့ကြောင့် ရှေ့ဆက်တိုးရန် ခက်ခဲနေပြီး ဟုန်ထျန်း၏ အခြေအနေက စိုးရိမ်စရာပင်။

သူသည် ဤကိစ္စများ အားလုံးကို တိုက်ဆိုင်မှုဟူ၍သာ ထင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် အဆိုးဆုံး အခြေအနေများ ကြုံနေရပြီးမှသာ တစ်စုံတစ်ခု မှားယွင်းကြောင်း သတိပြုမိသွားခဲ့၏။

ဥပမာအားဖြင့် အမြဲတမ်း မတော်တဆ ထိခိုက်မိနေသည့် အလုပ်သမားများသည် အကြောင်းအရင်း မရှိဘဲ ပျောက်ကွယ်သွားကြ၍ တာဝန်ရှိသူများ၏ စုံစမ်းစစ်ဆေးမှုကလည်း မြန်လွန်းလှသည်။ ကိစ္စများသည် ချက်ချင်းလက်ငင်း ထဖြစ်သည်နှင့် မတူဘဲ ရှုပ်ထွေးပွေလီသည့် ပိုးချည်အိမ်ကို တမင်သက်သက် ထိုးဖောက်နေသည့် အလားပင်။ သူတို့သည် သူနှင့် ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကိုပါ လူထု၏ အရှေ့သို့ ချပြနေကြသည်။

သူ၏ လှုပ်ရှားမှုများသည်လည်း အမြဲတမ်း တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရပြီး သူသည် နောက်ဆုံး၌ အလှည့်အပြောင်း တစ်ခုကို တွေ့သွားလျှင် ထိုလူက ကြားဖြတ် ဝင်နှောက်ယှက်တတ်၏။ ထို့ကြောင့် သူနှင့်အတူ ပူးပေါင်းလုပ်ကိုင်နေသူများသည် ဖော်မပြတတ်လောက်အောင်ပင် နောင်တရ စိတ်ကုန်သွားကြသည်။ ဤကဲ့သို့သော ကိစ္စမျိုးသည် တစ်ကြိမ် ဖြစ်ပြီးလျှင် ဘယ်တော့မှ ရပ်တန့်၍ မရတော့ပေ။

ထိုကိစ္စသည် ဟုန်ထျန်းအား ခေါင်းကိုက်စေပြီး သူသည် မည်သူ့အား အပြစ်ပြုခဲ့မိမှန်းလည်း မသိ။

ထို့ကြောင့် သူသည် ကုမ္ပဏီ အနည်းစုအား စောင့်ကြည့်ခဲ့သော်လည်း သူတို့ထံမှ မည်သည့် သံသယဖြစ်ဖွယ် လုပ်ရပ်ကိုမှ ရှာမတွေ့ခဲ့ပေ။ ထန်မိသားစုသည်လည်း အလားတူပင် ဖြစ်၍ အရာအားလုံးသည် ပုံမှန်သာ ဖြစ်၏။ ထို့အပြင် စီးပွားဖက်များ စိတ်ပျက် နောင်တရသည့် အကြောင်းရင်းသည်လည်း ဖြစ်သင့်သော ကိစ္စသာ ဖြစ်သည်။

ဤသည်မှာ ကျင်းယွင်ကျောင်း အချိန်အကြာကြီး မျှော်လင့်ထားသည့် ကိစ္စဖြစ်၏။ အကယ်၍ ဤကိစ္စသည် သူမ၏ လုပ်ရပ် အသေးအမွှားလေးများအပေါ်တွင်သာ မူတည်နေပါက ဟုန်ထျန်းအား ကံမကောင်း အကြောင်းမလှ ဖြစ်အောင် အချိန်ခဏသာ လုပ်နိုင်ပြီး ဟုန်ထျန်းက အထောက်အပံ့ကောင်း ရှာတွေ့သည်နှင့် ပြန်လည် အဆင်ပြေသွားမည်ဖြစ်သည်။ သို့သော် ယခုအချိန်၌ ဟုန်မိသားစု၏ အခြေအနေမှာ တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာသဖြင့် ကျင်းယွင်ကျောင်းသည် အသာ ငြိမ်နေလိုက်၏။

သို့သော် ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် နောက်ကွယ်မှ လူ၏ အထောက်အထားကို သံသယဝင်နေမိ၏။ အကယ်၍ ကျိုတိုမှ လူချမ်းသာ သခင်လေး (လီရှောက်ယွင်) သာ ဖြစ်ပါက သူ၏ လုပ်နိုင်စွမ်းသည် ဤမျှလောက် မကျယ်ပြန့်သင့်ပေ။

ထို့အပြင် ခြေရာ လက်ရာလည်း မကျန်သည် ဖြစ်ရာ အနည်းငယ် ထူးဆန်းလွန်းနေသည်။

All Chapters