အခန်း (၄၂၅-၄၂၈)
Vol. 22 Ch. 425-428
Chapter 425 : အန္တရာယ်ကို ဖိတ်ခေါ်ခြင်း
ကျင်းယွင်ကျောင်းက အံ့သြနေသော်လည်း အနည်းငယ်သာ စိတ်လှုပ်ရှားမိသည်။ အမှန်တကယ်ပင် လီရှောက်ယွင်သည် သူမအတွက် သူငယ်ချင်းကောင်း ဖြစ်၏။ သူသည် ဤကဲ့သို့ နောက်ကွယ်မှ အကူအညီများစွာ ပေးခဲ့သော်လည်း သူမ၏ အရှေ့၌မူ လုံးဝ ထုတ်ပြောမည် မဟုတ်ပေ။ သူသည် သူ့နည်းသူ့ဟန်ဖြင့် လှုပ်ရှားပြီး ဤကိစ္စကို သူမ, မသိအောင်ပင် ကာကွယ်ထားလိမ့်ဦးမည်။ သူ၏ အမူအကျင့်မှာ ဤသို့သာ ဖြစ်၍ လွန်လွန်ကြူးကြူး မဟုတ်ပေ။
သူမသည် သူ့အပေါ်၌ တစ်ကြိမ်ထက်မက အကြွေးတင်နေပြီ ဖြစ်သည်။ လီရှောက်ယွင်သည် ကျင်းယွင်ကျောင်းအား နောက်ကွယ်မှ ကူညီပေးပြီး သူ၏ အဆက်အသွယ်များကို သုံးကာ ဖိအားပေးခဲ့သောကြောင့် ဟုန်မိသားစု အချိန်တိုအတွင်း ဒုက္ခရောက်ခဲ့ရခြင်းဖြစ်၏။
သို့သော် ဟုန်မိသားစုမှ မမလေး ဟုန်ဝမ်ကမူ မိသားစုအတွင်း၌ ကပ်ဆိုက်နေသည်ဟု လုံးဝ ခံစားမိပုံ မပေါ်ပေ။ သူမ၏ အမြင်အရ ဟုန်မိသားစု၌ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုလုံး ရှိသဖြင့် စီးပွားရေး အကြပ်အတည်းများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ရာ လုံးဝ စိုးရိမ်စရာ မလိုပေ။ ထို့ကြောင့် သူမသည် အပြင်၌ အပေါင်းအသင်းများနှင့်သာ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးနေသည်။
ဟုန်ဝမ်သည် အပျော်အပါး မက်၍ ထူးထူးဆန်းဆန်း ကိစ္စမျိုးစုံကို လေ့လာ လိုက်စားတတ်သူ ဖြစ်ကာ ဘားမျိုးစုံ၊ ကလပ်မျိုးစုံသို့ သွားလေ့ရှိပြီး စိတ်လှုပ်ရှားစရာအပြည့် ညဘက် ပွဲလမ်းသဘင်များကို ဖြတ်သန်းတတ်သူ ဖြစ်၏။
သို့သော် လူသတ်ပြီးနောက် သူမ၏ အရှေ့သို့ အရူးတစ်ပိုင်းပြေးလာသည့် ရှောင်ဟိုင်ချင်း၏ ပုံစံကို ကျင်းယွင်ကျောင်း လုံးဝ မမေ့ပေ။ အကယ်၍ သူမသာ ဟုန်ဝမ်ကို လက်စား မချေရပါက အနာဂတ်၌ ဘယ်သောအခါမှ စိတ်သက်သာရာရမည် မဟုတ်။
သို့ရာတွင် ဤဟုန်ဝမ်သည် စိတ်ဝင်စားစရာ ကောင်း၏။ သူမက ဟုန်ဝမ်အား သွားမရှာရသေးသော်လည်း တစ်ဖက်လူ ကိုယ်တိုင်က သူမနှင့်ရှောင်ဟိုင်ချင်းအား စတင် ဖိတ်ကြားလာခဲ့သည်။
ယခင် မြင်းစီးကလပ်၌ တွေ့ခဲ့စဥ်က ကျင်းယွင်ကျောင်းနှင့် ပိုင်ယွီအန်းသည် မောင်နှမရင်းချာသဖွယ် ဆက်ဆံရေးရှိကြောင်း ဟုန်ဝမ် သိခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် သူမသည် ပိုင်ယွီအန်းထံသို့ လူတစ်ယောက်လွှတ်၍ အထူးတလည် စကားပါးလိုက်သည်။ အဓိပ္ပါယ်မှာ ရိုးရှင်း၏။ သူမ၏ စကားအရ ယခင်က သူမတို့၏ ကြား၌ အထင်လွဲမှုများ ရှိခဲ့သဖြင့် မျက်နှာချင်းဆိုင်တွေ့၍ ဖြေရှင်းရန် မျှော်လင့်သည်၊ အနာဂတ်တွင်လည်း အသိမိတ်ဆွေများသဖွယ် မှတ်ယူသွားချင်သည်ဟု ဆိုသည်။
ထိုစကားကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် မရယ်ဘဲ မနေနိုင်တော့ပေ။
ဟုန်ဝမ်သည် သူမနှင့် ရှောင်ဟိုင်ချင်းတို့ နစ်နာမှုတစ်ခုမှ မရှိကြောင်းကို သေချာပေါက် သိထားပြီးသားဖြစ်၍ စိတ်မသက်မသာ ခံစားနေရလိမ့်မည်ဖြစ်သည်။ သို့သော် ယခင်က ကားမတော်တဆမှုဖြစ်ထားသည်မှာ မကြာသေးသောကြောင့် ကျင်းယွင်ကျောင်းအား ဆက်သွယ်ရန် ခက်ခဲနေ၏။ သို့သော် ယခုအချိန်တွင်မူ တစ်လကျော်၊ နှစ်လခန့်ကြာပြီ ဖြစ်၍ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ကိစ္စများ အနည်ထိုင်သွားချိန်တွင် ဟုန်ဝမ်သည် သူမတို့၏ အကြောင်းကို စဥ်းစားမိသွားခြင်းပင်။
ပိုင်ယွီအန်းသည် ဟုန်ဝမ့်အပေါ် လုံးဝ အကောင်းမမြင်ပေ။ ထို့ကြောင့် သတင်းစကား လာပါးသူ ထွက်သွားသောအခါ သူက အေးစက်စက် လှောင်ရယ်လိုက်ပြီး ...
"ဒီဟုန်ဝမ်က လည်တာလား၊ တုံးတာလားဆိုတာ ငါ တကယ် မသိတော့ဘူး။ ဟုန်မိသားစုရဲ့အခြေအနေက ပျက်စီးဖို့ တည်းတည်းလေးပဲ လိုတော့တာ။ ဒါတောင် သူက အေးအေးဆေးဆေးနဲ့ မင်းကို လက်စားချေဖို့ အကွက်ချနေသေးတယ်"
"ယွင်ကျောင်း၊ ငါထင်တာတော့ ဒီကိစ္စကို ငြင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်။ ဒီမိန်းကလေးက ရက်စက်တဲ့ အကြံအစည်တွေ ရှိတယ်။ နောက်ကွယ်ကနေ လှည့်ကွက်တွေ သုံးရတာကိုလည်း ကြိုက်တယ်"
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းရမ်းလိုက်ပြီး ...
"ကျွန်မက သူ့ အနားကိုကပ်ဖို့ အခွင့်အရေး မရမှာကိုပဲ စိုးရိမ်နေတာ။ ကျွန်မ သူ့ကို ပြဿနာ ရှာခွင့်ပေးလိုက်မယ်။ ဒီအခွင့်အရေးက အချိန်ကိုက်ပဲ။ ကျွန်မမှာလည်း အခြားလုပ်စရာ မရှိဘူးဆိုတော့ သူ ဘာလုပ်ချင်နေတာလဲ ဆိုတာကို သွားကြည့်တာ ပိုကောင်းမယ်"
ဟုန်ဝမ်၏ ထက်မြက်မှုသည် အခြားသူများအား အန္တရာယ် ဖြစ်စေလေ့ရှိသည်။ အကယ်၍ ထိုစရိုက်ကိုသာ စီးပွားရေးနယ်ပယ်တွင် အသုံးချပါက သူမ၏ ဖခင် ဟုန်ထျန်းသည် ယနေ့ကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရလိမ့်မည် မဟုတ်ပေ။
နှမြောစရာ ကောင်းသည်မှာ နောက်ခံကောင်းရှိသူတစ်ယောက်သည် ငွေရှာနည်းကို သင်ယူရမည့်အစား ပြဿနာ ရှာရမည့်နည်းကို သင်ယူနေခြင်းဖြစ်သည်။
ထို့နောက် ကျင်းယွင်ကျောင်းက ချက်ချင်းပင် ရှောင်ဟိုင်ချင်းနှင့် ဆွေးနွေးလိုက်၏။
ဟုန်ဝမ်၏ အမည်ကို ကြားသည်နှင့်ပင် ရှောင်ဟိုင်ချင်းသည် အလွန် မုန်းတီးစက်ဆုပ်မိသည်။ ထို့အပြင် သူမသည် သူရဲဘောကြောင်သူတစ်ယောက် မဟုတ်ရာ အပိုစကား တစ်ခွန်းမှ မဆိုဘဲ သဘောတူလိုက်၏။
ဟုန်ဝမ်က သူမတို့နှစ်ယောက်အား အတူ လာစေချင်သည်ဟု ပြောထားသည်။ နေရာမှာ နင်းမြို့တော်ရှိ သီးသန့် ကလပ်တစ်ခု ဖြစ်၏။ ထိုနေရာသည် စိတ်ရော၊ ကိုယ်ရော အပန်းဖြေနိုင်သည့်နေရာတစ်ခုနှင့် တူသော်လည်း အတွင်းဘက်တွင်မူ အလွန် သက်ဝင်လှုပ်ရှားလှသည်။ ဘားတစ်ခုနှင့်တူသော်လည်း ဤနေရာသို့ အလာအများဆုံးမှာ လူချမ်းသာ သားသမီးများသာ ဖြစ်၏။
ကျင်းယွင်ကျောင်းက ကလပ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီးနောက် ဟုန်ဝမ်၏ သီးသန့် အခန်းဆီသို့ ဦးတည်လိုက်သည်။
ထို့နောက် အခန်းထဲရှိ လူများကို တစ်ချက်ကြည့်လိုက်ရာ တစ်ဒါဇင်မကရှိနေ၍ အနည်းငယ် ရှုပ်ထွေးနေ၏။
ကျင်းယွင်ကျောင်း ဝင်သွားသည်နှင့် အထဲရှိလူများသည် တိတ်ဆိတ်သွားကြပြီး ယောက်ျားတစ်ယောက်က စပြောလာသည်။
"ရှောင်ဝမ်၊ မင်း မိတ်ဆက်ပေးမယ့် မိန်းကလေးက ဒါလေးလား။ သူက တအားနူးညံ့တာပဲကွာ"
"ကောင်မလေးက ချစ်စရာကောင်းသားပဲ"
အခြား ယောက်ျားတစ်ယောက်က ထပ်မံ၍ ပြောလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းက မဲ့ပြုံး ပြုံးလိုက်သည်။ ဟုန်ဝမ်က သူမအား အရှက်ခွဲရန်အတွက် လှမ်းခေါ်ခြင်း ဖြစ်ကြောင်း သူမ သဘောပေါက်ထားပြီးသား ဖြစ်၏။ သို့သော် နှမြောစရာ ကောင်းသည်မှာ သူမသည် ထိုကဲ့သို့ စော်ကားချင်တိုင်း စော်ကား၍ရမည့် လူစားမျိုး မဟုတ်ပေ။
Chapter 426 : လက်တုံ့ပြန်ခြင်း
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် ခြေလှမ်း တွန့်မသွားဘဲ ဆက်လျှောက်လာ၏။ ထိုအခါ ဟုန်ဝမ်က မျက်လုံးမှေး၍ ကြည့်လိုက်ပြီး ပြုံးပြလာသည်။
"နင်တို့တွေ ရောက်လာကြပြီလား။ ဒါပေမယ့် နည်းနည်း နောက်ကျတယ်နော်။ နင်တို့ကိုယ် နင်တို့ အပြစ်ပေးတဲ့အနေနဲ့ သုံးခွက်စီ သောက်သင့်တယ်"
တံခါးအဝ၌ လူတစ်ယောက်က ရပ်စောင့်နေ၏။ ဟုန်ဝမ်သည် စားပွဲအောက်မှ ဝိုင်ပုလင်း တစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် ဖန်ခွက် နှစ်ခွက်ထဲသို့ ခပ်ဖြည်းဖြည်း လောင်းထည့်လိုက်သည်။
ဟုန်ဝမ်၏ ရင်ထဲ၌ အပြုံးပန်းများ ပွင့်နေ၏။ သူမသည် ကျင်းယွင်ကျောင်းအား သူမနှင့် တွေ့ရန်အတွက် လူတစ်ယောက်ကို သွားဖိတ်ခိုင်းခဲ့သည်။ ထို့ကြောင့် ဤမိန်းကလေးနှစ်ယောက်သည် သူမ၏ ရန်ငြိုးများကို မေ့ကောင်းမေ့နေနိုင်၏။ ဟုန်ဝမ်သည် သူမ၏ ဘဝတစ်လျှောက်လုံးတွင် ကျင်းယွင်ကျောင်း၏ လုပ်ရပ်ကြောင့် ရဲစခန်းသို့ ပထမဆုံးအကြိမ် ရောက်ခဲ့ရသည်။ သူမသည် ထိုနေရာ၌ နာရီ အနည်းငယ်သာ နေခဲ့ရသော်လည်း မြင်းစီးကလပ်၌ လူများစွာ၏ အရှေ့တွင် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည်။
ယခုအချိန်၌ သူမသည် အခြားသူများက ထိုဖြစ်ရပ်ကို ထပ်မံ၍ လှောင်ပြောင် သရော်မည်ကို ကြောက်သဖြင့် မြင်းစီးကလပ်သို့ မသွားရဲတော့ပေ။
သည်ကျင်းယွင်ကျောင်းက တကယ်ကို ကံကောင်းပြီး ကံဇာတာ တက်နေတာပဲ။ သူက မသေတဲ့အပြင် ခန္ဓာကိုယ်မှာလည်း ဘာဒဏ်ရာမှလည်း မရဘူး။ အကောင်းကြီး။ ဒါက မျက်နှာကို ဖြတ်ရိုက်နေသလိုပဲ မဟုတ်ဘူးလား။
အခုအချိန်မှာ ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီက အရှိန်ရနေပြီဆိုပေမယ့် ကျင်းယွင်ကျောင်းက ပိုင်ယွီအန်းရဲ့ အိမ်နီးချင်း ညီမသာသာပဲ မဟုတ်လား။ ကျေးဇူးရှင်ကို ဖော်လံဖားနေရတဲ့ လူဆင်းရဲမကများ သူ့ကိုယ်သူ အဆင့်အတန်းမြင့်တယ်လို့ တကယ်ပဲ တွေးနေတာလား။
ရှောင်ဟိုင်ချင်း၏ ဖခင် ရှိသော်လည်း သူသည် သူမ ဖခင်၏ ဘေးရှိ ခွေးတစ်ကောင်သာ ဖြစ်သည်။
ခွေးပေါက်စလေးတွေဆိုတာ ဆော့လို့ပဲ ကောင်းတာ။ ဒါပေမယ့် သူက သခင်ကိုပါ ကုပ်ခွ စီးချင်နေတာလား။ အိပ်မက် မက်နေလိုက်လေ။
"မမလေး ကျင်း၊ ငါက နင့်ကို တကယ်ပဲ တောင်းပန်ချင်တာပါ၊ နင်က ငါ့ကို မျက်နှာပျက်အောင် လုပ်မလို့လား"
ဟုန်ဝမ်က ပြုံး၍မေးလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းက ဝိုင်ခွက်ကို ယူလိုက်ပြီးနောက် တစ်ချက် နမ်းကြည့်၍ ပြုံးလိုက်သည်။
"ဟုန်မိသားစုက ဒေဝါလီ ခံရတော့မှာလား။ မမလေး ဟုန်ရဲ့ ဝိုင်က ဘာလို့ ဒီလောက်တောင် အရည်အသွေး နိမ့်နေရတာလဲ။ ဒီထဲမှာ တစ်ခုခု ရောထားလို့များလား"
ထိုစကားကို ကြားသောအခါ ဟုန်ဝမ်၏ အပြုံးက အေးခဲသွားပြီး ...
"ကျင်းယွင်ကျောင်း၊ နင့်ရဲ့ နှာခေါင်းက ပြဿနာ ရှိနေတာလား။ ငါတို့တောင် သောက်နိုင်တယ် မဟုတ်ဘူးလား"
သူမသည် မူလက ကျင်းယွင်ကျောင်း မလာလောက်ဟု တွေးထားခဲ့သော်လည်း ကျင်းယွင်ကျောင်းက ဤမျှလောက် သတ္တိကောင်းမည်ဟု မျှော်လင့် မထားခဲ့ပေ။
ဒါပေမယ့် သူက သည်နေရာကို ဘာထင်နေတာလဲ။ ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရတဲ့ နေရာများ မှတ်နေလား။ အခု သည်နေရာကို ရောက်လာပြီဆိုမှတော့ ပြန်ထွက်သွားဖို့ မစဥ်းစားနဲ့တော့။
အကယ်၍ သူမသည် ယနေ့ ကျင်းယွင်ကျောင်းကိုသာ မယုတ်မာရပါက သူမ၏ ရင်ထဲရှိ ဒေါသများကို ဖော်ပြနိုင်စွမ်းပင် ရှိတော့မည် မဟုတ်ပေ။
"နင်တို့က တိရိစ္ဆာန်တွေ မဟုတ်ဘူးလား။ ကောင်းပြီလေ၊ ငါက တိရိစ္ဆာန်တွေ သောက်တဲ့ဟာကို မသောက်နိုင်ဘူး"
ကျင်းယွင်ကျောင်းသည် စကားဆုံးသည်နှင့် သူမ၏ ဘေးရှိ လူအပေါ်သို့ ဝိုင်များ လောင်းချလိုက်သည်။
ငါ့ ခါးကို လှမ်းဆွဲချင်နေတယ်ပေါ့လေ။ ငါ မမြင်ဘူးထင်နေလား။
ထိုအခါ ထိုလူက မျက်နှာပေါ်သို့ ဝိုင်တစ်ခွက်လုံး လောင်းချ ခံလိုက်ရသဖြင့် ရုတ်တရက် ဒေါသထွက်သွားပြီး ...
"ဒီကောင်မက အရှက်မရှိဘူးပဲ၊ ညီအစ်ကိုတို့ အားသုံးကြစမ်း"
သူတို့ ပိုင်နက်သို့ လာရောက်၍ အာခံနေခြင်းသည် သေခြင်းတရားကို ရှာဖွေခြင်းသာ ဖြစ်၏။
သည်လို မိန်းမလှလေးတွေက ကိုယ်တိုင်ကိုယ်ကျ ရောက်လာမှတော့ ဘာမှ လုပ်စရာတောင် မလိုတော့ဘူး။ အသက် မပြည့်သေးတာလား။ နားလိုက်စမ်းပါ။ နောက်ပိုင်းကျ ဓါတ်ပုံ နည်းနည်းလောက် ရိုက်ထားပြီး ခြိမ်းခြောက်လိုက်ရင် သည်နှစ်ယောက်က ဘာများပြောရဲမှာလဲ။
ထိုအခါ လူများစွာက သူမတို့ဆီသို့ ချက်ချင်း ပြေးဝင်လာသည်။
ကျင်းယွင်ကျောင်းက ခေါင်းမော့၍ ထိုလူများအား တစ်ချက်ကြည့်လိုက်ပြီး ...
"မမလေး ဟုန်ရဲ့တောင်းပန်နည်းက တကယ်ကို ထူးခြားတာပဲ။ လူတိုင်းက နင့် အခန်းတံခါးဝကို လာနေကြမှတော့ ငါက ဒါကို အခွင့်အရေးယူရတော့မှာပေါ့"
စကားဆုံးသည်နှင့် သူမသည် ခြေထောက်မြှောက်၍ သူမ၏ အရှေ့ရှိ စားပွဲကို ခပ်ပြင်းပြင်း ဆောင့်ကန်လိုက်သည်။ ထိုအခါ စားပွဲက တံခါးဆီသို့ ချက်ချင်း လွင့်သွားပြီး တံခါးဝ၌ ရပ်စောင့်နေသည့် လူသန်ကြီး နှစ်ယောက် ကပျာကယာ ရှောင်လိုက်ရ၏။ ထို့နောက် စားပွဲပေါ်မှ ပုလင်းများသည် ကြမ်းပြင်ပေါ်သို့ တခွမ်းခွမ်း ပြုတ်ကျသွား၍ စားပွဲသည် တံခါးအား ကန့်လန့်ဖြတ်၍ ပိတ်သွားတော့သည်။
ထိုအခါ ဟုန်ဝမ်က အနည်းငယ် ရယ်သွမ်းသွေးလိုက်၏။
ကျင်းယွင်ကျောင်းက စိတ်ရောမှန်ရဲ့လား။ တံခါးဝကို ပိတ်ပစ်လိုက်တာလား။ ဒါက သူရဲ့ပြေးပေါက်ကို ပိတ်ပစ်လိုက်တာ မဟုတ်ဘူးလား။ သူက အပြင်ပန်းမှာတော့ အိန္ဒြေရှင်မကြီးလိုလိုနဲ့ အတွင်းစိတ်ကတော့ သည်လောက် ပျံ့တန့်နန့်တန့်တန့် ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။
ဟုန်ဝမ်၏ စိတ်ထဲ၌ ထိုကဲ့သို့ တွေးနေစဥ်မှာပင် ရုတ်တရက် သူမ၏ ခေါင်းသည် ပေါ့သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျင်းယွင်ကျောင်းက သူမ၏ ဆံပင်များကို တိုက်ရိုက်ပင် ဆောင့်ဆွဲလိုက်၏။
ကျင််းယွင်ကျောင်းက ဟုန်ဝမ်၏ ဆံပင်ကို ဆောင့်ဆွဲထားပြီးနောက် ကြမ်းပြင်ပေါ်ရှိ ဝိုင်ပုလင်းကိုကောက်ယူ၍ ဟုန်ဝမ်၏ လက်ထဲသို့ ထိုးထည့်ကာ ထိုလက်ကို အတင်းဆွဲ၍ ဝိုင်ပုလင်းအား ဟုန်ဝမ်၏ ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းချပစ်လိုက်သည်။
သည်ဝိုင်က ငါ့အတွက် အထူးပြင်ပေးထားတဲ့ သောက်စရာပေါ့၊ ဟုတ်လား။ ကောင်းပြီလေ၊ နင် သေချာ အရသာခံကြည့်။
အခန်းထဲရှိ လူများသည် ထိုမြင်ကွင်းကို မြင်သောအခါ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းအား ချက်ချင်းပင် ဝိုင်ပုလင်းများနှင့် ပစ်ပေါက်ကြတော့၏။
Chapter 427 : ပါးရိုက်၍ နားကိုက်ခြင်း
ကျင်းယွင်ကျောင်းသည် ဤရက်ပိုင်းအတွင်း ရှောင်ဟိုင်ချင်းအား ကိုယ်ခံပညာရပ်အချို့ သင်ပေးခဲ့သည်။ ထိုအကွက်များသည် ရှုပ်ထွေးမှု မရှိဘဲ သင်ရလွယ်သည့်အပြင် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း ခုခံကာကွယ်နိုင်ပြီး တံတောင်ဆစ်ကိုပင် ချိုးပစ်နိုင်သည်။
သို့ရာတွင် သူမ တစ်ယောက်တည်းသာ ဖြစ်လျှင် ထိုနည်းလမ်း အနည်းငယ်ဖြင့် သူမကိုယ်သူမ ကာကွယ်ရန် အလွန်ခက်ခဲမည် ဖြစ်၏။ သို့သော် ကျင်းယွင်ကျောင်းက သူမ၏ ဘေးတွင် ရှိနေသည် ဖြစ်ရာ ရှောင်ဟိုင်ချင်းသည် ခြေထောက်မြှောက်၍ ထပ်မံ ကန်ကျောက်ပစ်လိုက်သည်။ ထိုအခါ သူမဆီသို့ ပြေးဝင်လာသူသည် ချက်ချင်းပင် ဒယိမ်းဒယိုင် ဖြစ်သွား၍ ပစ်လဲကျသွား၏။ ထိုသူပစ်လဲသွားသည်နှင့် သူ၏ အနောက်ဘက်ကပ်ရ ပ်တွင် ရှိနေသည့် လူသုံးလေးယောက်သည်လည်း အချင်းချင်း ဝင်တိုက်မိ၍ လဲကျသွားတော့သည်။
အဟွတ်...
ဟုန်ဝမ်သည် သူမ၏ ပါးစပ်ထဲ၌ အရက်များ ချက်ချင်း ပြည့်လျှံသွားသည်ကိုသာ ခံစားလိုက်ရ၍ အသက်ရှုချိန်ပင် မရလိုက်ချေ။
ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် သူမအား ဆံပင် ဆောင့်ဆွဲထားပြီး အတင်းအကြပ် ခေါင်းမော့ခိုင်းထားသည်။ ထို့အပြင် ဝိုင်ပုလင်းကိုလည်း သူမ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့် လောင်းချနေသည်ဖြစ်ရာ သူမ၏ သွားများပင် နာကျင်လာပြီး ပါးစပ်ထဲ၌ အရက်များဖြင့် ပြည့်နေ၏။ ယခုအကြိမ်သည် ဝိုင် တစ်ပုလင်း ကုန်ရန်မှာ ကြာလွန်းလှသည်ဟု သူမ၏ ဘဝ၌ ပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်၍ အချိန်များ ရပ်တန့်နေသည်ဟုပင် ထင်လာမိသည်။
ဟုန်ဝမ်၏ လက်များက လေထဲ၌ ရုန်းကန် ကုတ်ခြစ်နေပြီး ပတ်ဝန်းကျင်သည်လည်း ဝရုန်းသုန်းကား ဖြစ်နေကာ သူမသည် ကျင်းယွင်ကျောင်းအား လည်ပင်းညှစ် သတ်ချင်နေသည်။
သူက ငါ့ ဆံပင်ကို ဆွဲရဲတယ်လား။ ငါ့ ဆံပင်ပုံစံက သည်နေ့မှ အသစ်လုပ်လာတာ။ အစောပိုင်းတုန်းက ငါ့ ဘေးမှာ စားသောက်နေကြတဲ့ လူတွေကရော ဘာလုပ်နေကြတာလဲ။ အခု ငါ ဒုက္ခရောက်နေတာ မမြင်ဘူးလား။ ဘာလို့ ကျင်းယွင်ကျောင်းကို ဆွဲမထုတ်ကြသေးတာလဲ။ ယောက်ျားကြီး ခုနစ်ယောက်၊ ရှစ်ယောက်လောက်က သည်မိန်းကလေးငယ်လေး နှစ်ယောက်ကို မကိုင်တွယ်နိုင်ဘူးလား။
သူမ စိတ်ထဲ၌ ဒေါသတကြီး ကျိန်ဆဲနေသော်လည်း မျက်နှာကမူ အလွန်အမင်း နီရဲနေပြီး ရုတ်တရက် လူတစ်ကိုယ်လုံး အားမရှိတော့ဘဲ အိပ်မွေ့ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ထိုအခါ ဟုန်ဝမ်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတော့သည်။ ဝိုင်ထဲ၌ ပါသည့် ပစ္စည်းများအကြောင်းကို မည်သူကများ သူမထက် ပို၍ သိနိုင်မည်နည်း။ ထို့အပြင် သတ်မှတ်ထားသည့် ပမာဏထက်လည်း ပိုထည့်ထားသေး၏။ ယခုအချိန်၌ သူမသည် ထိုဝိုင်ကို အများကြီး သောက်လိုက်မိရာ မည်သို့ လုပ်သင့်သနည်း။ သူမ သတိပြန်ဝင်လာသောအချိန်၌ မည်သို့လုပ်ရမည်နည်း။
ကျင်းယွင်ကျောင်း၊ ခွေးမ...သူ့ကို အရင်ကတည်းက သတ်ပစ်သင့်တာ။
အချိန်တိုလေး အတွင်းမှာပင် အနားရှိ လူအားလုံးသည် ကြမ်းပြင်ပေါ်သို့ အတုံးအရုန်း လဲကျကုန်၏။ မိန်းကလေး အနည်းငယ်သည် အခန်းထောင့်၌ ပုန်းကွယ်နေပြီး ကျင်းယွင်ကျောင်းအား ထိတ်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"နင်...နင့်ကို ဒီလို လုပ်ခွင့်မပြုဘူး။ ငါ့အဖေက..."
"ငါက နင့်အဖေကိုလည်း သောက်ဂရုမစိုက်ဘူး"
ရှောင်ဟိုင်ချင်းက သူမ၏ ဘေးရှိ သစ်သီးပန်းကန်ကို ကောက်ယူ၍ ထိုမိန်းကလေးများဆီသို့ ပစ်ပေါက်လိုက်၏။
မျောက်ဝံတွေလိုမျိုး အရေထူလိုက်တာ။ နင်တို့အားလုံးက မျိုးနွယ်တူတွေပဲ။
ရှောင်ဟိုင်ချင်းသည် ဤကာလအတွင်း၌ အလွန်ပျင်းရိနေခဲ့သည်။ သူမသည် လူများနှင့် ပွတ်သီးပွတ်သပ် နေတတ်သူတစ်ယောက် မဟုတ်သော်လည်း အစောပိုင်းက ဖြစ်ခဲ့သည့် လူသတ်မှုသည် သူမ၏ ဘဝအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ရှိ၏။ ရဲအရာရှိများသည် သူမနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် စိတ်ရောဂါပညာရှင်တစ်ယောက်ကိုပါ စီစဥ်ပေးခဲ့၍ သူမ၏ စိတ်ဝေဒနာသည် အလျင်အမြန် ပျောက်ကင်းသွားခဲ့ပြီး ထပ်မံ၍ ဝေဒနာ မခံစားရတော့ပေ။
ဟုန်ဝမ့်ကြောင့်သာ မဟုတ်ရင် ငါ သည်လိုမျိုး ဒုက္ခအကြီးအကျယ် ကြုံတွေ့ရမှာလား။
သည်မိန်းမအုပ်စုကလည်း လူယုတ်မာကို ကူညီရတာကို အတော် သဘောကျနေတယ် မဟုတ်လား။ ဒါဆိုရင် တစ်လမ်းတည်း အတူ လျှောက်လိုက်ကြပေါ့၊ ကျေးဇူးပဲ။
ထို့နောက် ရှောင်ဟိုင်ချင်းသည် အဆက်မပြတ် အော်ဟစ်နေသော မိန်းကလေးများကို တစ်ချက်ကြည့်လိုက်၏။ သူမ၌ မိန်းကလေးများကို မရိုက်နှက်ဟူသည့် စည်းမျဥ်း မရှိပေ။ ထို့ကြောင့် ခဏကြာသောအခါ သူမ၏ရှေ့ရှိ မိန်းကလေးများသည် အရိုက်ခံထားရ၍ ဆံပင်များ ရှုပ်ပွနေပြီး နှာခေါင်းများ ညိုမဲနေကာ မျက်နှာများသည်လည်း ဖူးယောင်နေ၍ တစ်ယောက်နှင့် တစ်ယောက် ကြောက်အားတကြီး ဖက်ထားကြ၏။
ကျင်းယွင်ကျောင်းသည်လည်း ဟုန်ဝမ်၏ ပါးစပ်ထဲသို့ ဝိုင် သုံး၊ လေး ပုလင်းခန့် ဆက်တိုက် လောင်းချလိုက်ပြီး သူမ၏ ရှေ့ရှိ ဝိုင်ပု လင်း ကုန်သွားသည်နှင့် ဟုန်ဝမ်အား ဆိုဖာပေါ်သို့ တွန်းချလိုက်၏။
ထိုအခါ ဟုန်ဝမ်၏ ခန္ဓာကိုယ်သည် တွန့်လိမ်နေ၍ တစ်ကိုယ်လုံး ပူလောင်ပြီး မသက်မသာ ခံစားနေရပုံပေါ်သည်။ အခန်းထဲရှိ အလင်းရောင်များက ခပ်ဝါးဝါး ဖြစ်နေကာ သူမ၏ မျက်လုံးများသည်လည်း ရီဝေနေ၍ သူမအား အမှန်တကယ် ဆွဲဆောင်မှု ရှိနေစေ၏။
ဤနေရာရှိ လူများ အားလုံးသည် အရက်အလွန်အကျွံ သောက်ထားကြသည်။ ကျင်းယွင်ကျောင်းက သူတို့အား မရိုက်ရသေးသော်လည်း အများစုမှာ ထုံထုံထိုင်းထိုင်း ဖြစ်နေကြ၏။ ထို့နောက် ကျင်းယွင်ကျောင်းသည် စားပွဲပေါ်ရှိ အဖြူရောင် ဆေးပြားများကို မြင်လိုက်သောအခါ ဘာကြောင့်မှန်း စဥ်းစားစရာ မလိုဘဲ သဘောပေါက်သွားသည်။
ကျင်းယွင်ကျောင်းက ဟုန်ဝမ် သူမ၏ ဘေးနားရှိ ယောက်ျားများဆီသို့ တွားသွားနေသည်ကို စောင့်ကြည့်နေလိုက်၏။ သူမ၏ အဝတ်အစားများသည် စုတ်ပြဲ၍ ဖရိုဖရဲဖြစ်နေပြီး ဆံပင်ရှည်ကြီးသည်လည်း ဖြူဝင်းသော ပုခုံးများထက်၌ ကပိုကရို ကျဆင်းနေသည်။ သူမ၏ မျက်ဝန်းများသည် ပိုးသားများကဲ့သို့ တိမ်းညွတ်ဖွယ် ဖြစ်နေ၍ ရမ္မက်အရောင်များလက်နေပြီး အကြိမ်ရေ အနည်းငယ်ခန့် ညည်းညူလိုက်၏။ ထိုအခန်းထဲရှိ ယောက်ျားများသည် ကျင်းယွင်ကျောင်းကို ကြောက်သဖြင့် လုံးဝ မလှုပ်ရဲဘဲ သိက္ခာ ထိန်းနေကြသော်လည်း ဟုန်ဝမ်ကမူ ဆေးအစွမ်း ပြမှုကြောင့် ထိုသူများထံသို့ ပွတ်သပ် တွယ်ကပ်နေခြင်းကို မရပ်နိုင်ပေ။
ကျင်းယွင်ကျောင်းသည် ထိုကဲ့သို့ ပွတ်သီးပွတ်သပ်လှုပ်ရှားမှုများကို ကြည့်ရင်း ဖုန်းကို ထုတ်လိုက်၍ ဓါတ်ပုံတစ်ပုံ သေချာ ချိန်၍ ရိုက်လိုက်သည်။ ထိုအခါ ဘေးတွင်ရှိသော မိန်းကလေးများသည် သူမတို့၏ မကျေနပ်ချက်ကို ထုတ်မပြရဲရုံ သာမက သူတို့ကပါ ဟုန်ဝမ်အား မကျေမနပ် ဖြစ်လာကြ၏။
Chapter 428 : ခက်ခက်ခဲခဲ လိုက်စေချင်တာလား
အကယ်၍ ဟုန်ဝမ်သာ ကျင်းယွင်ကျောင်းကို မဖိတ်ခေါ်ခဲ့ပါက သူမတို့သည်လည်း ဤကဲ့သို့သောစော်ကားမှုကို သည်းခံနေရမည် မဟုတ်ပေ။
သည်ဟုန်ဝမ်ကတော့ တကယ့်ကိုပဲ...
ဟုန်ဝမ်က ကျင်းယွင်ကျောင်းအား ပညာပေးချင်သည်ကို သူမတို့ လုံးဝ မကန့်ကွက်ပေ၊ သို့သော် သူမသည် ကျင်းယွင်ကျောင်း၏ အရည်အချင်းကိုလည်း စုံစမ်းထားသင့်၏။
ကြည့်ပါဦး၊ တကယ့်ကို နတ်ဘုရားတစ်ပါး သတ်ဖြတ်နေသလိုပဲ။ လူတွေ အများကြီးကတောင် သူ့ကို မရိုက်နိုင်တဲ့အပြင် ဟုန်ဝမ့်ကိုပါ တစ်ပြန် သင်ခန်းစာ ပေးသွားသေးတယ်။
အရင်က ဟုန်ဝမ့်ကို အတော်လေး ထက်မြက်တဲ့သူလို့ ထင်ထားခဲ့တာ၊ အခုတော့ သူက လုံးဝကို ငတုံးသာသာပဲ။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ဟုန်ဝမ့်အား ဓါတ်ပုံ ရိုက်ပြီးနောက် ဟုန်ဝမ် ကိုယ့်အင်္ကျီကိုယ် ဆွဲချွတ်နေသည်ကို အေးစက်စက် စောင့်ကြည့်နေလိုက်၏။ ထို့နောက် ရှောင်ဟိုင်ချင်းအား ခေါ်၍ တံခါးဖွင့်ကာ ထွက်သွားတော့သည်။
ကျင်းယွင်ကျောင်းသည် ထိုသူများက ရဲခေါ်လိုက်မည်ကို လုံးဝ မစိုးရိမ်ပေ။ လက်တွေ့၌ သူတို့ကိုယ်တိုင်သည်လည်း လူကောင်းများ မဟုတ်ကြ။
စားပွဲပေါ်ရှိ စိတ်ကြွဆေးများကိုသာ ရဲများ တွေ့သွားပါက သူတို့ မြစ်ဝါမြစ်ထဲ ခုန်ဆင်းလျှင်တောင် အပြစ်မှ လွတ်မည် မဟုတ်တော့ရာ ကျင်းယွင်ကျောင်း၏ ရိုက်နှက်မှုကို ငြိမ်ခံနေရုံသာ တတ်နိုင်၏။
"ဒီအရူးမက တကယ် သူ့ကိုယ်သူ အရောက်ပို့နေတာပဲ၊ ငါ ဒီလို အရူးမျိုး တစ်ခါမှ မမြင်ဖူးဘူး"
ရှောင်ဟိုင်ချင်းက အပြင်သို့ရောက်သည်နှင့် ရွှင်မြူးစွာ ပြောလိုက်သည်။
နောက်ဆုံး၌ အငြိုးတရားများကို အနည်းငယ် ဖြေလျှော့ခွင့် ရလိုက်ပြီ ဖြစ်သည်။ သို့သော် ဟုန်မိသားစု အဆုံးသတ်တော့မည်ကိုလည်း မြင်နေရသည် ဖြစ်ရာ ယခုအချိန်သည် စိတ်ဝင်စားစရာအနည်းအကျဥ်းကို စုစည်းမိခြင်းသာ ဖြစ်၏။
ထိုအခါ ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြုံးလိုက်သည်။ အစောပိုင်းက သူမသည် ဟုန်ဝမ်၏ အပ်စိုက်မှတ်များကို အပ်စိုက်ခဲ့၏။ အကျိုးသက်ရောက်မှုက မပြင်းထန်သော်လည်း ယခုအချိန်မှ စ၍ ဟုန်ဝမ်သည် ခါးကိုက် ဝေဒနာကို အပြင်းအထန် ခံစားရလိမ့်မည်ဖြစ်သည်။ အနည်းငယ် လှုပ်ရှားရုံနှင့်ပင် အရိုးထဲထိအောင် ပြင်းထန်သည့် နာကျင်မှုကို ခံစားရလိမ့်မည်။
သူမက လူအများကို အန္တရာယ်ပြုရန်အတွက် ဆေးပညာကို ဘယ်သောအခါမှ အသုံး မပြုချင်ခဲ့ပေ။ ထိုသို့ မဟုတ်ပါက သူမသည် ဟုန်ဝမ်အား မသန်မစွမ်းဖြစ်အောင် လုပ်ပစ်လိမ့်မည် ဖြစ်သည်၊ သို့သော် ထိုကဲ့သို့ သူမ၏ လက်ချက်မှန်း သိသာအောင်လုပ်ခြင်းက အဆင်မပြေပေ၊ နောက်ပိုင်းတွင်လည်း ဟုန်ဝမ်အား ပညာပေးရန် နည်းလမ်းများ ရှိလာဦးမည် ဖြစ်သည်။
ကျင်းယွင်ကျောင်း အပြင်ထွက်လာပြီးနောက် တံခါးကို ထပ်မံ၍ ပိတ်ပစ်ခဲ့ရာ အထဲရှိ မိန်းကလေးများသည် အပြင် မထွက်ရဲကြတော့ပေ။
တကယ်လို့ ကျင်းယွင်ကျောင်းက ငါတို့ထွက်လာတာကို အပြင်ကနေ ရပ်စောင့်နေလားဆိုတာ ဘယ်သူ သိမှာလဲ။ ဒါကြောင့် ငါတို့လည်း ကိုယ့်လုံခြုံရေးကိုယ်ပဲ ထိန်းသိမ်းရမှာ။
သို့ရာတွင် ဟုန်ဝမ်သည် ယခုအချိန်၌ အသိစိတ်ပျောက်နေသည် ဖြစ်ရာ ပြည့်တန်ဆာ တစ်ယောက်နှင့် မခြားတော့ပေ။ သူမ၏ မြူဆွယ်မှုများက သူတို့အား ရှက်ရွံ့လာစေသည်။
လက်တွေ့၌ ထိုယောက်ျားများ အားလုံးသည် ခန္ဓာကိုယ် အောက်ပိုင်း စည်းမရှိသည့် တိရိစ္ဆာန်များချည်းသာ ဖြစ်၏။ ထို့အပြင် မူးယစ်ဆေးများလည်း သုံးထားကြရာ ကျင်းယွင်ကျောင်း ထွက်သွားသည်နှင့် အချို့လူများသည် ဆက်၍ ထိန်းမထားနိုင်တော့ပေ။
အခန်းထဲ၌ ညည်းညူသံများနှင့် ပြည့်နေ၍ သီချင်းများလည်း ဖွင့်ထားပြီး မီးရောင် ခပ်မှိန်မှိန် လင်းနေရာ မသဲမကွဲ ပတ်ဝန်းကျင် အခြေအနေက ဗလုံးဗထွေး အသံများကို ဖန်တီးပေးနေသည်။
ကျင်းယွင်ကျောင်းက ထိုနေရာမှ ထွက်သွားဟန် ပြင်လိုက်သော်လည်း ကလပ်၏ ဧည့်ခန်းမှ သားကောင်ကို မြင်လိုက်သည့် သားရဲအလား သူမတို့ကို စိုက်ကြည့်နေသည့် အကြည့်စူးစူး တစ်ခုကို သတိထားမိလိုက်၏။ ထိုသူ၏ မျက်နှာပေါ်၌ ထူးဆန်းသည့် အပြုံးတစ်ခု ရှိနေပြီး သူမတို့နှစ်ယောက် အပြင်ထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်း လိုက်လာပြီး လမ်းပိတ်ရပ်လိုက်သည်။
"ညီမလေး၊ အလျင်မလိုပါနဲ့။"
တစ်ဖက်လူက ပြုံး၍ ပြောလာ၏။ ထို့နောက် သူ၏ လက်ထဲရှိ ပစ္စည်းတစ်ခုကို ဘေးရှိ လူထံသို့ ကမ်းပေးလိုက်ကာ လက်ကို ဖုန်ခါ၍ ထပ်မံပြောလာသည်။
"မင်းတို့က ဒီကိုပျော်စရာလေးတွေ လာရှာတာလား။ လုပ်စရာ တစ်ခုခုရှိရင် အတူသွားရအောင်လေ"
ထိုအမျိုးသားသည် အသက် နှစ်ဆယ့်သုံး၊ နှစ်ဆယ့်လေးနှစ်ခန့် ရှိမည် ဖြစ်၍ လှိုင်းတွန့် ဆံပင်ပုံစံ ရှိကာ ချောမော၏။ သူ၏ လှုပ်ရှားမှုများသည် ဟိတ်ဟန်ကြီး၍ အကြည့်များမှာလည်း အေးစက်လှသည်။
သို့သော် သူမတို့သည် သာမန် မိန်းကလေးငယ်များ မဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့သော ယောက်ျားမျိုးအား လုံးဝ သဘောမကျသည့် အပြင် အကြံအဖန်သမားဟုပင် ခံစားနေရသည်။
"မဟုတ်ဘူး၊ ကျေးဇူးပြုပြီး လမ်းဖယ်ပေး"
ကျင်းယွင်ကျောင်းက အလေးအနက် တောင်းဆိုလိုက်၏။ ထိုအခါ တစ်ဖက်လူက မျက်လုံးမှေး၍ ကြည့်လာပြီး ...
"ခက်ခက်ခဲခဲ လိုက်စေချင်တာလား။ စိတ်ဝင်စားစရာပဲ။ တစ်ညကို ယွမ်တစ်သိန်း ပေးမယ်လေ။ တကယ်လို့ မင်းက အပျိုဆိုရင် ယွမ်တစ်သန်း ပေးမယ်၊ ဘယ်လိုလဲ"
ထိုစကားကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် ချက်ချင်း မျက်နှာပျက်သွား၏။
"ထွက်သွားစမ်း"
"အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းသားပဲ၊ ဒါပေမယ့် တော်ရုံ သင့်ရုံဆို ပိုကောင်းတယ်။ ကိုယ်က သိပ်ပြီးတော့ စိတ်မရှည်ဘူး"
တစ်ဖက်လူက သူမ၏ စကားကို ဂရုမစိုက်ဘဲ ပြုံး၍ ပြောလာပြန်သည်။
ဤကလပ်သို့ လာသည့် မိန်းကလေးများအနက် သူ မသိသူများမှာ ကလပ်ရှိ ဧည့်သည်များနှင့် အဖော်လိုက်လာသည့် မိန်းကလေးများ၊ သို့မဟုတ် ဧည့်သည်များက ခေါ်လာသည့် သူငယ်ချင်းများသာ ဖြစ်သည်။ ထိုမိန်းကလေးများသည်လည်း တကယ်တမ်း၌ သူငယ်ချင်း အမည်ခံများသာ ဖြစ်၍ ဧည့်သည်များအား အဖော်ပြုရန် လိုက်လာကြသူများသာ ဖြစ်၏။ သို့သော် အဖြူထည်လေးများလည်း ရှိတတ်သည်။ သူသည် ပုံမှန်လာနေကျဖောက်သည်ဖြစ်၍ ဤမိန်းကလေးနှစ်ယောက်ကို ယခင်က ဤနေရာ၌ တစ်ခါမှ မတွေ့ဖူးပေ၊ ထို့ကြောင့် သူမတို့က ဒုတိယ အမျိုးအစားများသာ ဖြစ်နိုင်၏။