အခန်း (၄၂၉-၄၃၂)
Vol. 22 Ch. 429-432
Chapter 429 : တမင်တကာ မြူဆွယ်ခြင်း
ထိုအမျိုးသားက ကျင်းယွင်ကျောင်းအား စူးစူးရဲရဲ စိုက်ကြည့်နေပြီး သူ၏ မျက်လုံးအကြည့်များမှာ စက်ဆုပ်ဖွယ် ကောင်းလှသည်။
သည်ကောင်မလေးကို ကြည့်ရတာ သိပ်အသက်မကြီးသေးဘူး၊ သူက ပိုက်ဆံပြတ်နေတဲ့ပုံပဲ၊ ဒါကြောင့် သူက သည်ကလပ်ကို ပိုက်ဆံလာရှာတာပဲ ဖြစ်ရမယ်။
လက်တွေ့၌ ဤကလပ်ရှိ ယောက်ျားများ အားလုံးသည် လူချမ်းသာများသာ ဖြစ်ကြသည်။ ထိုလူများနှင့် တစ်ညလောက် အိပ်ရုံဖြင့်ပင် ဒေါ်လာ သောင်းနှင့်ချီ၍ ရနိုင်၏။ သို့သော် စျေးပေါလွန်းသည်။
သည်မိန်းကလေးတွေက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ကမ်းလှမ်းမှုကို ငြင်းနိုင်ရတာလဲ။
သူ၏ အရှေ့တွင် ရပ်နေသော မိန်းကလေးနှစ်ယောက်အား ကြည့်ရသည်မှာ ကလပ်ထဲ၌ သင့်လျော်သည့် စျေးကမ်းလှမ်းသူနှင့် မတွေ့ခဲ့ပုံပေါ်သည်။ ထိုသို့ မဟုတ်ပါက ဤကဲ့သို့ အလောတကြီး ပြန်ထွက်လာလိမ့်မည် မဟုတ်ပေ။
သူတို့က အလုပ်ပြီးသွားမှ ပိုက်ဆံ မရဘဲနေမှာ ကြောက်လို့များလား။
ကျင်းယွင်ကျောင်းက ထိုအမျိုးသားသည် သူ၏ စိတ်ထဲ၌ သူမတို့ နှစ်ယောက်အား ရမ်းသမ်း တွေးတော၍ အဆင့်သတ်မှတ်ပြီး ယုတ္တိရှိဟန် ပြုမူနေသည်ကို မသိသေးပေ။
သို့သော် သူမသည် အနည်းငယ် အော်ဂလီဆန်လာသလို ခံစားလိုက်ရ၏။ ရှောင်ဟိုင်ချင်းသည်လည်း သူမနှင့် ထပ်တူပင်ဖြစ်၍ ဝင်ပြောလာသည်။
"ခွေးကောင်းတွေက လမ်းမပိတ်ဘူး"
"အို...မင်းက မနာလို ဖြစ်နေတာလား။ မပူပါနဲ့။ မင်းတို့ နှစ်ယောက်လုံးက စည်းကမ်းရှိမယ့် ပုံလေးတွေပါ။ ဘာလို့ နှစ်ယောက်လုံး အတူတူ မသွားကြတာလဲ။ ဒီသခင်ကြီးမှာ ပိုက်ဆံ အလုံအလောက် ရှိပါတယ်"
ထိုအမျိုးသားက ပြုံး၍ ထပ်ပြောလာ၏။
"ဒါပေမယ့် ကိုယ်က ဒီအလှလေးကိုတော့ ပိုသဘောကျမိတယ်"
သူရဲ့မျက်လုံးတွေက အရမ်းလှပြီးတော့ ကြည့်ကောင်းတယ်။ ပုံစံလေးက အေးတိအေးစက်နဲ့၊ အသက်ငယ်ပေမယ့် ခန္ဓာကိုယ်အချိုးအစားက မဆိုးဘူး။ သူ့ရဲ့အနက်ရောင်ဆံပင်အရှည်ကြီးတွေကလည်း ကြည့်ကောင်းတယ်၊ ထိကြည့်လိုက်ရင် ပိုပြီးတော့ နူးညံ့နေမှာပဲ။ သည်ဆံပင်အတိုနဲ့ မိန်းကလေးကတော့....သူ့ရဲ့ရုပ်ရည်ကလည်း မဆိုးပါဘူး၊ နည်းနည်းတောင် ပိုပြီး ဟော့သေးတယ်။ ဒါပေမယ့် သူက ငါ့အကြိုက် ပုံစံမျိုး မဟုတ်ဘူး။
ရှောင်ဟိုင်ချင်းသည် ယောက်ျားတစ်ယောက်၏ ချဥ်းကပ်ပိုးပန်းခြင်းကို တစ်ခါမှ မကြုံဖူးသူ မဟုတ်ပေ၊ သူမသည် ဟွားနင်ခရိုင်ရှိ လူများစွာနှင့် ကြုံဖူးသော်လည်း မည်သူကမျှ သူမအား ဤကဲ့သို့ လာမရှုပ်ရဲပေ။
သို့သော် ယခုမူ အနည်းငယ် ကွာခြား၏။ ဤအမျိုးသားသည် ယခုအချိန်၌ မည်သို့သော အဝတ်အစားမျိုးကို ဝတ်ထား၍ မည်သို့သော ဝိုင်ကို သောက်နေစေကာမူ သာမန်လူတစ်ယောက် မဟုတ်ကြောင်း သိသာသည်။ ထိုသူ့ထံ၌ ကိုယ်ရည်သွေးလွန်းသည့် အရှိန်အဝါတစ်ခု ရှိနေပြီး သူ့ကိုယ်သူ မင်းသားတစ်ပါးကဲ့သို့ သတ်မှတ်ထားသည်မှာ အသိအသာပင် ဖြစ်၏။ ထို့ကြောင့် ထိုသူ၏နောက်ခံက သာမန် မဟုတ်မည်ကို သူမ စိုးရိမ်မိသည်။
အကယ်၍ သူသည် သူမတို့အား စကားလုံးများနှင့် ထိုးနှက် တိုက်ခိုက်နေပါက အဆင်ပြေသေးသော်လည်း ယခု သူပြောနေသည့် အလွန်ရွံစရာကောင်းသော စကားလုံးများကိုတော့ သူမ သည်းမခံနိုင်ပေ။
"ရှင် အရိုက်မခံချင်ရင် ထွက်သွားလိုက်တာ ပိုကောင်းမယ်၊ အဲ့လိုမှ မဟုတ်ရင် နောက်ပိုင်း ဖြစ်လာတာတွေကို ကျွန်မတို့ တာဝန်မယူနိုင်ဘူး"
ရှောင်ဟိုင်ချင်းက ဒေါသတကြီး ပြောလိုက်၏။
သို့သော် ထိုအမျိုးသားသည် သူမ၏ စကားကို ကြားသောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"မင်းက ကိုယ့်ဆီက အာရုံခံချင်လို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေတာလား။ ကောင်းပြီလေ၊ ဒါဆိုရင်လည်း မင်း အောင်မြင်တယ်လို့ ယူဆလိုက်ကြစို့"
ထို့နောက် သူသည် စကားဆုံးသည်နှင့် သူမတို့နှစ်ယောက်အား ပုခုံး လှမ်းဖက်လိုက်တော့၏။
ထိုအခါ ကျင်းယွင်ကျောင်း၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် ဂျွတ်ခနဲ အသံကြားလိုက်ရကာ ထိုအမျိုးသားသည် သူ၏ လက်မောင်းကို ချက်ချင်းကာလိုက်ပြီး ဒေါသတကြီး ပြောလာသည်။
"မင်း သေချင်နေတာလား"
ထိုအသံကို ကြားသည်နှင့် တစ်ဒါဇင်ခန့် ရှိသော လူသန်ကြီးများသည် ထိုသူ၏ ဘေး၌ ချက်ချင်း ဝန်းရံလိုက်ကြ၏။ ထို့နောက် ထိုလူများစွာက လက်ဖျောက်တီးလိုက်သဖြင့် တစ်ညီတစ်ညာတည်း အသံထွက်ပေါ်လာသည်။ အမျိုးသား၏ နဖူးပေါ်တွင်မူ ချွေးများရွှဲနစ်နေကာ အစောပိုင်းက သူဆန့်ထုတ်လိုက်သည့် လက်မောင်းကို လက်ဖြင့်အုပ်ထားသည်ကိုလည်း ဖယ်လိုက်ပြီ ဖြစ်၏။ သို့သော် သူသည် ဆေးရုံသို့ အလောတကြီး မသွားပေ။
"အလှလေး၊ မင်းက ဒီနေရာကို အပျော် လာရှာတာ မဟုတ်ဘူးလား။ ငါ မင်းကို အခွင့်အရေး ပေးတာ၊ မကျေမနပ် မဖြစ်နဲ့လေ။ မင်းတို့နှစ်ယောက်က တကယ်လှပါတယ်၊ ဒါပေမယ့် ဒီနေရာက ဘယ်လိုနေရာလဲ ဆိုတာကိုတော့ မကြည့်ဘဲ မနေနဲ့။ မင်း လောဘကြီးလွန်းရင် ဘယ်တော့မှ ကျေနပ်ရမှာမဟုတ်ဘူး။ ငါက မင်းကို ယွမ်တစ်ပြားတောင် မပေးတဲ့ အချိန်ကျမှ ငါ့ကို လာအပြစ်မတင်နဲ့"
ထိုအမျိုးသားက အံကြိတ်၍ ထပ်ပြောလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းသည် အနည်းငယ် ဆွံ့အသွားသည်။
ကမ္ဘာပေါ်မှာ သည်လိုမျိုး ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေတဲ့သူတွေ ဘယ်တော့မှ မကုန်နိုင်ဘူးပဲ။
သည်လူက တည့်တိုးဆန်ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလွန်းနေတာ၊ ငါတို့နှစ်ယောက်ကပဲ သူ့ကို မူပြီး ဆွဲဆောင်နေသလိုလို၊ သူက တီဗီ စီးရီးတွေ အကြည့်များသွားပြီး နေရာတိုင်းမှာ မိန်းကလေးငယ်လေးတွေကို ခြေတော်တင်လို့ ရတယ်လို့များ ထင်နေတာလား။
ကျင်းယွင်ကျောင်းသည် ဘေး၌ ဝိုင်းနေသည့်လူများကို တစ်ချက်ကြည့်ရင်း ရှောင်ဟိုင်ချင်းအား သူမ၏ နောက်သို့ ပို့၍ ကာကွယ်လိုက်သည်။ ထို့နောက် ရှောင်ဟိုင်ချင်းအား ဆွဲ၍ တံခါးဆီသို့ တွန်းလွှတ်လိုက်၏။
ယခု ဤနေရာ၌ ရှိနေသူများသည် အစောပိုင်းက အခန်းထဲရှိ လူများနှင့် မတူပေ။ ဤလူများ အားလုံးသည် လူသန်ကြီးများ ဖြစ်၍ သူတို့၏ တစ်ကိုယ်လုံးတွင် ကြွက်သားများဖြင့် ပြည့်နေ၏။ သူတို့၏ လက်မောင်းတစ်ဖက်သည် သူမ၏ ပေါင်ထက်ပင် ပို၍ တုတ်ခိုင်ပြီး တိုက်ခိုက်နည်းများကလည်း သေသပ်၍ စနစ်ကျသည်။ ကျွမ်းကျင်အဆင့် သက်တော်စောင့်များပင်။
ရှောင်ဟိုင်ချင်း သင်ယူထားသည့် ကွန်ဖူးသည် ကိုယ်ခံပညာရပ်ဟုပင် ယူဆ၍ မရပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်း အချိန်ကြာကြာ မဆွဲရဲခြင်းဖြစ်သည်။
ထို့နောက် သူမသည် ပြတ်ပြတ်သားသား ဆုံးဖြတ်၍ လက်မြောက်ကာ လမ်းပိတ်နေသည့်လူအား ရိုက်ချပစ်လိုက်သည်။ သူမသည် သူ၏ တစ်ကိုယ်လုံးရှိ အကြောအဆစ်တိုင်းကို ရည်ရွယ်၍ ပြင်းထန်လှသည့် လက်ဝါးချက်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။ ထိုအခါ ချက်ချင်းပင် ကလပ်ထဲမှ အော်သံတစ်သံ ထွက်လာ၍ ပစ္စည်းများ ပြုတ်ကျသည့် အသံများလည်း ဆက်တိုက်ထွက်ပေါ်လာသည်။
Chapter 430 : ဓါးဖြင့်ထိုးခြင်း
ထို့နောက် ကျင်းယွင်ကျောင်း၏ ပင့်လက်သီးချက်သည် သူ၏ ခြေထောက်များဆီသို့ ဦးတည်သွား၍ ထိချက်မှာ ပြင်းထန်လှ၏။ သို့သော် သူမ၏ အတွင်းအားက ပို၍ပင် အံအားသင့်ဖွယ်ကောင်းသည်။ ထိုပြင်းထန်လှသည့် လက်သီးချက်ကြောင့် လူသန်ကြီးသည် အနောက်သို့ မီတာပေါင်းများစွာ လွင့်ထွက်သွား၏။
ထို့နောက် သူမ၏ အင်အားသည် ပို၍ပင် ပြင်းထန်လာပြီး ဘေးမှ လူတစ်ယောက်၏ လက်မောင်းကို တစ်ချက် ငဲ့ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မလိုက်၍ တစ်ပတ်လည်သွားအောင် လှည့်ပြီး ကိုင်ပေါက်ပစ်လိုက်ရာ ကြမ်းပြင်နှင့် ရိုက်မိ၍ ဘုန်းခနဲပင် အသံမြည်သွားသည်။ ကျန်လူများသည် ထိုမြင်ကွင်းကို ကြည့်၍ နောက်ကျောထဲမှ စိမ့်တက်လာသလို ခံစားလိုက်ရပြီး တွန့်သွားကြ၏။
အမိန့်ပေး စေခိုင်းသည့် အမျိုးသားသည်ပင် အံ့သြလွန်း၍ ကြက်သေသေနေသည်။
သူ၏ သက်တော်စောင့်များ အားလုံးသည် စစ်တန်းလျားသို့ ပို့၍ အထူး လေ့ကျင့်ပေးခံထားရသူများ ဖြစ်ကာ သေနတ်အစစ် ကိုင်ထားသူများနှင့်ပင် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ ထိုလူများ၏ ကာကွယ် စောင့်ရှောက်မှုအောက်တွင် သူသည် အေးအေးဆေးဆေးပင် လမ်းသလားနိုင်၍ လမ်းသရဲများသည် သူတို့ တစ်ချက်ကြည့်ရုံဖြင့်ပင် ကြောက်ဒူးတုန်နေကြသည်။
သို့သော် မမျှော်လင့်ဘဲ ဤအလှလေး နှစ်ယောက်က မျက်တောင်တစ်ချက်ပင်မခတ်ဘဲ ထိုလူများအား အေးအေးဆေးဆေး တိုက်ခိုက်သွားခဲ့၏။ အထူးသဖြင့် သူ သဘောကျနေသည့် အလှလေး၏ တိုက်ခိုက်ပုံများမှာ အမှန်တကယ်ပင် ခံ့ညားလွန်း၍ လူအများအား မှင်သက်သွားစေသည်အထိပင် ကိုယ်ခံပညာ တော်လှသည်။ ထို့ကြောင့် ထိုအလှလေးများက သူ၏ လက်ကို လိမ်ချိုးပစ်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
သို့ရာတွင် သူသည် ထိုအလှလေး မည်သည့်နေရာမှရောက်လာကြောင်းကို လုံးဝ ဂရုမစိုက်။ သူမသည် အမှန်တကယ်ပင် ကိုယ်ခံပညာ၌ ဆရာတစ်ဆူဖြစ်နေလျှင်တောင်မှ အသုံး မဝင်တော့။ သူ၊ မုံ့လင်းက သူမအား မျက်စိကျသွားပြီ ဖြစ်ရာ သူမသည် အနာဂတ်၌ သူနှင့်အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားရုံပင်။
ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများသည် အလွန်လျှင်မြန်လှပြီး ယခု သူမ အသုံးပြုနေသည့် ကိုယ်ခံပညာရပ်များသည် အခြေခံအဆင့် မဟုတ်ပေ။ ကျွမ်းကျင် သက်တော်စောင့်တစ်စုကို ရင်ဆိုင်ရသည်မှာ အင်အား ဖြုန်းတီးခြင်းသာ ဖြစ်သည်။
မကြာမီပင် ထိုနေရာအား တစ်ချက် လှမ်းကြည့်ရုံနှင့် သက်တော်စောင့် အုပ်စု မြေပြင်ပေါ်၌ လဲကျနေသည်ကို မြင်နိုင်၍ တစ်ယောက်ချင်းသည် သူတို့သည် ခြေထောက်များ၊ တွဲလောင်းကျနေသည့်လက်များကို အလွန်အမင်း စိတ်ထိခိုက်စွာနေဟန်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားကြ၏။
ထို့နောက် ကျင်းယွင်ကျောင်း ကလပ်ထဲမှ ထွက်သွားဟန် ပြင်လိုက်စဥ်မှာပင် သက်တော်စောင့်တစ်ဦးသည် ကုန်းထလာပြီး ဓါးမြောင်တစ်ချောင်းဆွဲထုတ်၍ ကျင်းယွင်ကျောင်းအား ထိုးလိုက်သည်။
မုံ့လင်းက ထိုဖြစ်ရပ်ကို မြင်သောအခါ ချက်ချင်း မျက်နှာ ပျက်သွား၏။
"မင်းကို ဘယ်သူက ဓါးသုံးခိုင်းလို့လဲ"
ထိုစကားကို ကြားသည်နှင့် ကျင်းယွင်ကျောင်းသည် သက်တော်စောင့်၏ လက်ထဲမှ ဓါးကို လက်ပြန်ဖြင့် လုယူလိုက်ပြီးနောက် မင်းသားတစ်ပါးသဖွယ် ရပ်နေသူ၏ ဘက်သို့ ချက်ချင်းလှည့်ကြည့်၍ ဓါးဖြင့် လှမ်းပေါက်လိုက်သည်။
ထိုအခါ မုံ့လင်း၏ မျက်နှာသည် တောင့်တင်းသွားပြီးနောက် မည်သို့မှပြန်၍ မတုံ့ပြန်နိုင်ခင်မှာပင် ဓါးသည် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖြတ်သွား၍ ဒေါက်ခနဲ အသံကြားလိုက်ရကာ သူလက်ထောက်ထားသည့် အနောက်ဘက်ရှိ မှန်နံရံပေါ်သို့ စိုက်ဝင်သွားသည်။
ထိုအခါ ချက်ချင်းပင် လူတိုင်း အသံတိတ်သွား၏။
မုံ့လင်း၏ ဘေးရှိ သက်တော်စောင့်များသည်ပင် အနည်းငယ် မှင်သက်နေ၍ မသိစိတ်အလျောက် ခန္ဓာကိုယ်ကို ကြုံ့ထားမိလိုက်ကြသည်။ ဓါးမြောင်ကို သူတို့အား ချိန်ရွယ်၍ ပစ်လိုက်ခြင်း မဟုတ်သော်လည်း သူတို့ ကိုယ်တိုင်ပါ အင်အားကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
"မုံ့သခင်လေး၊ ပြတ်..ပြတ်သွားပြီ"
ဘေးရှိ သက်တော်စောင့်သည် မုံ့လင်း၏ ပေါင်ရင်းအား လက်ညှိုးထိုး၍ ပြောလာပြီးနောက် ကြောက်လန့်တအား တံတွေး မြိုချမိသွား၍ ဦးရေပြားများပင် ထုံကျဥ်လာသည်။
မုံ့လင်းသည်လည်း ထိတ်လန့်လွန်း၍ ဆောက်တည်ရာ မရ ဖြစ်လုနီးပါးပင်။ သူ၏ ပေါင်ရင်းဆီမှ တဆစ်ဆစ် နာကျင်မှုကို ခံစားနေရ၍ ငုံကြည့်လိုက်ရာ ပေါင် အတွင်းသား နှစ်ဖက်လုံးမှ သွေးစများကို မြင်လိုက်ရ၏။
အကယ်၍ ဓါးမြောင်သည် အပေါ်သို့သာ စင်တီမီတာ အနည်းငယ် တက်သွားပါက အနာဂတ်တွင် သူသည် ယောက်ျားစစ်စစ်တစ်ယောက် ဖြစ်နိုင်တော့မည်် မဟုတ်ပေ။
သည်မိန်းကလေးက တကယ်ကို ရက်စက်တာပဲ။
မုံ့လင်းသည် ကျင်းယွင်ကျောင်းအား ကြည့်လိုက်ရာ ထိုမိန်းကလေးနှစ်ယောက်သည် ကလပ်ထဲမှ ဘေးကင်းကင်းနှင့် ထွက်သွားသည်ကို တွေ့လိုက်ရ၏။ ထိုအခါ သူသည် ဒေါသ ထွက်လွန်း၍ တုန်ယင်လာသော်လည်း သူ၏ ခြေထောက်များနှင့်ခြေဖဝါးများက အားမရှိပေ။ ထို့နောက် သူက ဓါးထုတ်သုံးသည့် သက်တော်စောင့်ဆီသို့ လျှောက်သွား၍ စကားတစ်ခွန်းမှ မပြောဘဲ ကန်ကျောက်ပစ်လိုက်သည်။
"မင်းကို ငါက ဓါးသုံးခိုင်းလို့လား။ မင်းက ငါ့အမိန့်မပါဘဲ ဓါးသုံးရဲတယ်ပေါ့။ သေချင်နေတာလား"
ဓါးသုံးတာက အဆင်ပြေသေးတယ်၊ ဒါပေမယ့် ဓါးကို အလုခံလိုက်ရတာက ကောင်းကြသေးရဲ့လား။
အဲ့မိန်းမလှလေးက စဥ်းစားဉာဏ် ရှိလို့သာ တော်တော့တယ်။ မဟုတ်ရင် ငါ အခုချိန် သုံးစားမရ ဖြစ်နေပြီ။
ကြမ်းပြင်ပေါ်၌ လဲကျနေသည့် သက်တော်စောင့်များသည်လည်း အရိုက်ခံထားသဖြင့် စကားတစ်ခွန်းမှ မဆိုရဲကြပေ။ ထို့နောက် မုံ့သခင်လေးသည် သက်တော်စောင့် တစ်ယောက်၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ပြောလာ၏။
"မင်းတို့ ဘာလို့ ဒီလောက်တုံးနေတာလဲ။ ဘာလို့ ငါ့ကို ဆေးရုံ မပို့သေးတာလဲ။ ဟုတ်သားပဲ...နေဦး။ ဟိုသီးသန့်ခန်းကို သွားကြည့်စမ်း။ အထဲမှာ ဘာတွေဖြစ်နေလဲ ကြည့်ခဲ့"
မုံ့လင်းက ဘယ်သူမို့လို့လဲ။
သူ၏ အရှိန်အဝါဖြင့် လူတစ်ယောက်အား စစ်ဆေးချင်ပါက အလွန်လွယ်ကူသည်။
မကြာမီပင် လူတစ်ယောက်သည် ဟုန်ဝမ်၏ သီးသန့်ခန်း တံခါးကို ကန်ဖွင့်လိုက်ရာ အတွင်းထဲရှိ ညစ်ညမ်းသော မြင်ကွင်းကို မြင်လိုက်ရ၏။ မိန်းကလေး လေးငါးယောက်ခန့်သည် ထောင့်တစ်ထောင့်၌ ပုန်းနေကြပြီး ဆိုဖာပေါ်၌မူ အခြားမြင်ကွင်းတစ်ခုက ထင်သာမြင်သာ ရှိနေလေသည်။
Chapter 431 : ရမ်းသမ်းတွေးတောခြင်း
တစ်စုံတစ်ယောက်က တံခါးဖွင့်လိုက်သည်ကို မြင်လိုက်ရာ အခန်းထဲရှိ မိန်းကလေးများသည် ထိတ်လန့်သွားကြ၏။ ထို့နောက် သက်တော်စောင့် လူသန်ကြီးများထဲမှ တစ်ယောက်က မေးလိုက်သည်။
"ခုနတုန်းက မင်းတို့ အခန်းထဲက ထွက်သွားတဲ့ မိန်းကလေး နှစ်ယောက်က ဘယ်သူလဲ"
ထိုအခါ မိန်းကလေးတစ်ယောက်က အထိတ်တလန့် ပြန်ဖြေလာ၏။
"ကျင်း...ကျင်းယွင်ကျောင်းပါ။ နောက်တစ်ယောက်ရဲ့နာမည်က ရှောင်ဟိုင်ချင်း။ ကျင်း မျိုးရိုး မိန်းကလေးက ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီက မစ္စတာ ပိုင်ရဲ့မွေးစားညီမပါ။ ပြီးတော့ ရှောင်ဟိုင်ချင်းရဲ့အဖေက ဆောက်လုပ်ရေးပစ္စည်းတွေ ရောင်းတဲ့ စီးပွားရေး လုပ်ငန်းရှင်။ သူတို့ကြားမှာ ပတ်သတ်မှုနည်းနည်းရှိပါတယ်"
သူမတို့သည်လည်း ထိုအကြောင်းအား များများစားစား မသိကြပေ။ ဟုန်ဝမ်က ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်း မလာခင်ကမှ သူမတို့အား ထိုအကြောင်းကို ပြောပြခဲ့ခြင်း ဖြစ်သည်။
ဟုန်ဝမ်၏ စကားအရ ကျင်းယွင်ကျောင်းသည် မိဘမဲ့တစ်ဦးသာ ဖြစ်၍ မစ္စတာ ပိုင်အား ကပ်ဖား နေရ၏။ ထိုမစ္စတာ ပိုင်၏ ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီသည် ယခုအချိန်၌ အလွန် အောင်မြင်နေ၍ စီးပွားရေး နယ်ပယ်ထဲရှိ လူများစွာက သူ့အား အကာအကွယ် ပေးနေကြပြီး ထန်မိသားစုကပင် သူ့အား မျက်နှာသာ ပေးနေသည်။ သူ၏ စီးပွားရေးလုပ်ငန်းသည် အလွန် အခွင့်အလမ်း တည့်နေသဖြင့် အကြီးအကဲ ထန်သည် ကျင်းယွင်ကျောင်းကိုပါ ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေသည်ဟု ယူဆရ၏။
ထိုကဲ့သို့ လူအနည်းစုက သူတို့သိထားသမျှအကြောင်းအရာများကို မုံ့လင်း၏ လူများအား ရှင်းရှင်းလင်းလင်း ပြန်ပြောပြပေးကြသည်။ ထိုလူများ ပြန်ထွက်သွားသောအခါ မည်သူမှ ထိုအခန်းထဲတွင် မနေရဲကြတော့ပေ။ ဆေးအရှိန် မပြေသေးသည့် ဟုန်ဝမ် တစ်ယောက်တည်းသာ ကျန်နေခဲ့၏။
မုံ့လင်းသည် သူ၏ လက်အောက်ငယ်သားများ ပြန်၍ အစီရင်ခံသည့်ကိစ္စများကို နားထောင်ရင်း အလွန် အံအားသင့်နေသည်။
သူ့ လူများ၏ တင်ပြချက်အရ မမလေး ဟုန်သည် ကျင်းယွင်ကျောင်းထံမှ အတင်းအကြပ် အရက်တိုက်ခံခဲ့ရသည်ဟု ဆို၏။ သို့ရာတွင် ထိုမိန်းကလေး နှစ်ယောက်အနက် မည်သူက ကျင်းယွင်ကျောင်း ဖြစ်သည်ဟု ခွဲခြားရန်မှာ ရိုးရှင်း လွယ်ကူလှသည်။ အရက်စက်ဆုံး နည်းလမ်းများကို အသုံးပြု၍ အမြင့်ဆုံး အတွင်းအားရှိသည့် မိန်းကလေးပင် ဖြစ်ရမည်။
သည်လိုကိုး...ငါက ကျင်းယွင်ကျောင်းကို တကယ်ပဲ သီးသန့်ဆန်ပြီးတော့ အပြစ်ကင်းစင်တဲ့ မိန်းကလေးလို့ ထင်နေခဲ့တာ၊ ဒါပေမယ့် သူက ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီပိုင်ရှင်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိမယ်လို့ မျှော်လင့် မထားခဲ့ဘူး။ ဘော့စ် ပိုင်လား။
သူသည်လည်း ထိုကုမ္ပဏီ၏ အကြောင်းကို ကြားဖူး၏။
ယခင်က လူတစ်ယောက်က သူ၏ ဖခင်အား ကျောက်စိမ်းဝိညာဥ် ဝိုင်ပုလင်းအနည်းငယ် လက်ဆောင်ပေးခဲ့သည်။ ပထမ၌ ဖခင်ဖြစ်သူသည် အနည်းငယ် မနှစ်မသက် ဖြစ်နေသော်လည်း အရသာ မြည်းကြည့်ပြီးနောက်တွင် သူသည် အခြားအရက်များကို ထပ်မသောက်ချင်တော့ပေ။ ထို့နောက် သူက သူတို့မိသားစုအား ထိုဝိုင်ပုလင်း အမြောက်အမြား ဝယ်၍ သိုလှောင်ထားရန်ပင် ညွှန်ကြားခဲ့၏။
ယခုအချိန်၌ မုံ့မိသားစု ဧည့်သည့်များကို ဧည့်ဝတ်ပြုသည့် ဝိုင်မှာ ကျောက်စိမ်းဝိညာဥ် ကုမ္ပဏီထုတ် ဝိုင်များသာ ဖြစ်ရာ သူသည် ဘော့စ် ပိုင်အား အဘယ်ကြောင့် သတိမထားမိဘဲ နေမည်နည်း။
သူသည်လည်း ထိုဝိုင်ကို သောက်လေ့ရှိ၍ အမှန်တကယ်ပင် ပစ္စည်းကောင်းတစ်ခု ဖြစ်ကာ အထူးသဖြင့် ဆေးဝိုင် ဖြစ်သည်။ သူ၏ ဖခင်သည် ထိုဝိုင်အား နေ့စဥ် သောက်သုံးလေ့ရှိပြီး သူ၏ ခန္ဓာကိုယ်သည် ယခင်ကထက် အများကြီး ပို၍ ကြံ့ခိုင်သန်မာလာခဲ့၏။
ထို့နောက် မုံ့လင်းသည် နှုတ်ခမ်း ကိုက်၍ စဥ်းစားလိုက်သည်။ သူသည် ဘော့စ် ပိုင်အပေါ်၌ အထင်ကောင်း၊ အမြင်ကောင်းရှိ၍ ဖခင်ဖြစ်သူ၏ မျက်နှာကိုလည်း ထောက်ရဦးမည် ဖြစ်ရာ အတင်းအကြပ် ဖိအားပေးရန် မလိုအပ်ပေ။
ဒါပေမယ့် ဒါက မိန်းမတစ်ယောက်ပဲ မဟုတ်လား။ ပိုင်ယွီအန်းက ကုမ္ပဏီ တစ်ခုလုံးရဲ့ အရှုပ်အထွေးတွေကိုတောင် ကိုင်တွယ်နိုင်တဲ့အထိ ထက်မြက်တဲ့သူပဲ။ သူက အလျှော့ပေး လိုက်လျောရမယ့်အချိန်တွေမှာ သေချာပေါက် တုံးအနေမှာ မဟုတ်ဘူး။
နှစ်ရက် ကြာပြီးနောက် မုံ့သခင်လေးသည် ပိုင်ယွီအန်းအား တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
အစောပိုင်းက ကျင်းယွင်ကျောင်းသည် သူ၏ လက်မောင်းအား လိမ်ချိုးခဲ့သော်လည်း အဆစ်များမှာကောင်းနေသေး၍ ပြင်းပြင်းထန်ထန် ထိခိုက်မှု မရှိပေ။ ထို့ကြောင့် သူသည် ယခုအချိန်၌ အလွန်စိတ်လှုပ်ရှား တက်ကြွနေ၍ ကလပ်၌ အခန်းကျယ် တစ်ခန်းကို ငှားရမ်းပြင်ဆင်ထားကာ သူတို့အား လိမ်လိမ်မာမာ ပြုစုပေးရန်အတွက် မိန်းကလေး ခုနစ်ယောက်၊ ရှစ်ယောက်ခန့်လည်း ခေါ်ထားသည်။
"ဘော့စ် ပိုင်က ကံအရမ်းကောင်းတာလို့ ကျွန်တော် ကြားထားတယ်၊ ခင်ဗျားက လူငယ်လေးလိုပဲနော်၊ ကြည့်ပါဦး၊ ကျွန်တော် ခင်ဗျားအတွက် အလှလေးတွေ ပြင်ဆင်ပေးထားတယ်။ ခင်ဗျားကြိုက်တဲ့လူကို ရွေးလို့ရတယ်"
မုံ့လင်းက အထိန်းအကွပ် မရှိဘဲ ရဲတင်းစွာ ပြောလာ၏။
ထိုအခါ ပိုင်ယွီအန်း မျက်နှာ ပျက်သွား၍ သူသည် မုံ့လင်း ပြောလိုက်သည့် "လူငယ်လေးလိုပါပဲ" ဟူသော စကားကို ကောင်းကောင်း သဘောပေါက်သည်။
ယမန်နေ့က ကျင်းယွင်ကျောင်း ပြန်လာပြီးနောက် ဤရက်ပိုင်းအတွင်း တစ်စုံတစ်ယောက်က သူမကိုလိုက်၍ အနှောက်အယှက် ပေးမည်ကို စိုးရိမ်မိကြောင်း သူ့အား ပြန်ပြောပြလာခဲ့၏။
သို့သော် ကျင်းယွင်ကျောင်းက တစ်ဖက်လူအား မည်သူမှန်း မသိသဖြင့် ပိုင်ယွီအန်းသည် မည်သည့်ကြိုတင်ပြင်ဆင်မှုကိုမှ လုပ်မထားနိုင်ခဲ့ပေ။ ထို့ကြောင့် ယနေ့ သူသည် မုံ့သခင်လေးထံမှ ဖိတ်ကြားချက်ကိုရသောအခါ အလွန်ထိတ်လန့် တုပ်လှုပ်သွားခဲ့သည်။
မုံ့လင်းသည် ဟုန်ဝမ်နှင့် မိသားစုနောက်ခံ အခြေအနေချင်း မတူသူဟု ပြောနိုင်၏။
မုံ့သခင်လေး၏ အဖိုးသည် စစ်တပ်အရာရှိတစ်ယောက်ဖြစ်၍ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိသည်။ သားတစ်ယောက်သည် စစ်ဘက်မှ ဖြစ်၍ ကျန်သားမှာ နိုင်ငံရေး နယ်ပယ်မှ ဖြစ်သည်။ ပို၍ ဆိုးသည်မှာ နိုင်ငံရေးသမား သားဖြစ်သူသည် ယခုလက်ရှိ နင်းမြို့တော်ဝန် ဖြစ်၍ မုံ့လင်း၏ ဦးလေးဖြစ်သည်။
ထို့အပြင် မုံ့လင်း၏ ဖခင်သည်လည်း ဗိုလ်မှူးတစ်ဦး ဖြစ်နေသေး၏။ သေဆုံးခြင်းက မီးစာကုန်၊ ဆီခမ်းသွားသည့် မီးအိမ် တစ်လုံးနှင့် တူသော်လည်း မုံ့မိသားစု၏ မီးအိမ်ကမူ မီးစာကုန်၊ ဆီခမ်းသွားလျှင်တောင်မှ မီးခိုး တလူလူဖြင့် ဆက်လက်၍ တည်ရှိနေဦးမည် ဖြစ်သည်။
(T/N : လူသေပေမယ့် နာမည်ဂုဏ်သတင်း မသေတဲ့သဘောပါ။)
အထူးသဖြင့် မုံ့လင်း၏ ဖခင်တွင် အပေါင်းအသင်းများနှင့် ညီအစ်ကို သူငယ်ချင်း များစွာရှိရာ သူတို့အား အပြစ်ပြုမိသည်နှင့် ဒုက္ခရောက်သွားနိုင်၏။
Chapter 432 : မင်းသားလေး
အကာအကွယ် ပေးမည့် လူကြီးလူကောင်း များစွာရှိသော ဤမုံ့သခင်လေးသည် သေချာပေါက်ပင် မင်းသားလေးတစ်ပါးကဲ့သို့ သွားရှုပ်၍ မရသူဖြစ်သည်။ နင်းမြို့တော်ရှိ အကြီးအကဲ ထန်သည်ပင် သူ့အား မထီမဲ့မြင် ပြုရန် မလွယ်ကူပေ။
ထို့ကြောင့် ယခုအချိန်၌ ပိုင်ယွီအန်း၏ ခံစားချက်များသည် အနည်းငယ် ရှုပ်ထွေးနေ၍ သူသည် ဤမုံ့သခင်လေးနှင့် ရင်ဆိုင်ရန်သာ တတ်နိုင်၏။
"သခင်လေးက ယဥ်ကျေးလွန်းနေပါပြီ။ ဒါနဲ့ သခင်လေး ကျွန်တော့်ကို ဘာကြောင့် လာရှာမှန်း ကျွန်တော် မသိဘူး။ ကျွန်တော် ကြားတာကတော့ လူကြီးမင်း မုံ့က ကျွန်တော့် ကုမ္ပဏီက ဝိုင်ကို သဘောကျတယ်ဆို။ ဒါဆို ကျွန်တော့်ဆီမှာရှိတဲ့ အကောင်းဆုံး ဝိုင်ပုလင်းတွေ အခုချက်ချင်း ပို့ခိုင်းလိုက်ပါမယ်"
ပိုင်ယွီအန်းက ဝိုင်တစ်ငုံ သောက်လိုက်ရင်း မျက်လုံး လှန်ကြည့်၍ ပြောလိုက်၏။
သူသည် ဤမိန်းကလေးများကိုတော့ လုံးဝ ထိလိမ့်မည် မဟုတ်ပေ။
ယခင် အိမ်ထောင်ပျက်ပြီးသည့်နောက်တွင် သူသည် အမျိုးသမီးများကို အကြောက်တရား ကြီးစွာဖြင့် ရှောင်ရှားခဲ့၏။ ထို့အပြင် ဤအမျိုးသမီးများကို သူ အမှန်တကယ် သဘောကျ နှစ်သက်လျှင်တောင်မှ အနည်းငယ်မှပင် မပတ်သတ်မိစေရန် ဆုံးဖြတ်ထား၏။ ထိုသို့ မဟုတ်ပါက နောက်ပိုင်း၌ မုံ့သခင်လေးသည် ဤကိစ္စအား အသုံးချ၍ သူ့ကို ခြိမ်းခြောက်လာနိုင်သည်။ ထိုသူများသည် ဘယ်သောအခါမှ လူကောင်းများ မဟုတ်ခဲ့ပေ။ ဤအမျိုးသား၊ အမျိုးသမီးနှင့် ချဥ်းကပ်ရန် ရည်ရွယ်ထားသည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သတိထားစောင့်ကြည့်နေရန် လိုအပ်၏။ ထိုသို့မဟုတ်ပါက အနှေးနှင့် အမြန်ပင် သိမ်းငှက်များ အစာကုပ်သကဲ့သို့ အလစ်ဝင် တိုက်ခိုက်ခံရမည်သာ။
အကယ်၍ ယခင်က ကြိုးစားအားထုတ်မှုများအားလုံးသည် စကားတစ်ခွန်းကြောင့် အလဟဿပျက်စီးသွားပါက ပို၍ များပြားသော ဆုံးရှုံးမှုများကိုသာ ရရှိလာလိမ့်မည် ဖြစ်သည်။
ပိုင်ယွီအန်း၏ သတိကြီး၍ လေးနက်သော အကြည့်ကို မြင်သောအခါ မုံ့လင်းက မျက်ခုံးပင့်လိုက်၍ သူ၏ အမူအယာကိုလည်း လေးနက်သည့်အသွင်သို့ ပြောင်းလဲလိုက်၏။
ဒါပေမယ့် လူတစ်ယောက်က ဘယ်လောက်ပဲ အလေးအနက် ထားတတ်တဲ့သူ ဖြစ်နေပါစေ၊ မလေးနက်တဲ့ အချိန်တွေလည်း ရှိသေးတာပဲလေ၊ သူ သည်ဖိအားတွေကို ဘယ်လောက်များ တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။
ထို့နောက် မုံ့လင်းက ဆိုဖာပေါ်၌ လက်ထောက်လိုက်ပြီး မထီတရီ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော်တို့ မုံ့မိသားစုက စီးပွားရေးသမားတွေမဟုတ်ပေမယ့် ဝိုင် မဝယ်နိုင်လောက်အောင်တော့ ပိုက်ဆံ ပြတ်မနေပါဘူး။ ဒါကြောင့် ဝိုင်အကြောင်းကို မေ့ထားလိုက်ကြရအောင်။ တကယ်လို့ လူကြီးမင်း ပိုင်ကသာ လက်ဆောင်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင်...ကျွန်တော့်ကို ဘာလို့ မိန်းမလှလေးတစ်ယောက်လောက် မပေးတာလဲ ...အို...စတာပါဗျာ"
ထိုအခါ ပိုင်ယွီအန်းက မသိမသာ လက်သီးဆုပ်လိုက်ပြီး ...
"မုံ့သခင်လေးက ကျွန်တော့်ကို ခင်ဗျား အရင်က တစ်ခါမှ မမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို လက်ဆောင်ပေးစေချင်နေတာလား။ ပြီးတော့ ဒီအခန်းထဲမှာလည်း မိန်းကလေးတွေ အများကြီးရှိတာပဲလေ။ မလုံလောက်သေးဘူးလား"
"ဒီလောက် လူတွေ အများကြီးကတောင် ဘော့စ် ပိုင်ရဲ့ညီမလေးတစ်ယောက်ကို အနိုင်မယူနိုင်ပါဘူးဗျာ"
မုံ့လင်းက သံရှည်ဆွဲ၍ ပြောလာ၏။
သူသည် ဤနယ်ပယ်၌ ကျင်လည်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်၍ သူ၏ လူကဲခတ်စွမ်းရည်ကလည်း ထိပ်တန်းအဆင့်ပင်။
သည်ပိုင်ယွီအန်းက သည်ကိစ္စမှာ ငါနဲ့ ရင်ဆိုင်ချင်နေတယ်လို့ မပြောနိုင်ဘူး မဟုတ်လား။
သို့သော် သူသည် အလျင်စလို လုပ်တတ်သည့် လူစားမျိုး မဟုတ်ပေ။
သူ၏ မုံ့မိသားစုသည် နင်းမြို့တော်၏ အုပ်ချုပ်သူများ ဖြစ်၍ သူ၏ ဦးလေးဖြစ်သူက နင်းမြို့တော်ဝန်ဖြစ်သည်။ ထို့ကြောင့် ပိုင်ယွီအန်းသည် သူ၏ ပိုင်နက်ထဲ၌ စီးပွားရေးလုပ်နေခြင်း ဖြစ်ရာ ဤကိစ္စအား ကိုင်တွယ်ရ လွယ်ကူသည်ဟု သူ တွေးမိသည်။ အကယ်၍ ပိုင်ယွီအန်းသည် သူ့အား အပြစ် ပြုမိပါက နောက်ဆက်တွဲ ပြသာနာများကို ခံစားရပေလိမ့်မည်။
မုံ့လင်း၏ စကားကို ကြားသောအခါ ပိုင်ယွီအန်းက ပြန်ဖြေလိုက်၏။
"မုံ့သခင်လေး၊ ခင်ဗျား အပြင်ထွက်ပြီးတော့ စုံစမ်းကြည့်လို့ရပါတယ်။ ကျွန်တော်က ပိုင်မိသားစုရဲ့ တစ်ဦးတည်းသော သားပါ။ ကျွန်တော့်မှာ ညီမ, မရှိပါဘူး။"
"ဒီလိုမျိုး ပြီးစလွယ်ပြောလို့ ဘယ်ရမလဲ။ ကျွန်တော်က အဲ့မိန်းကလေးရဲ့အကြောင်းကို အချိန်အကြာကြီး စုံစမ်းပြီးသားပါ။ ခင်ဗျားတို့နှစ်ယောက်က သွေးမတော်၊ သားမစပ်ပေမယ့် ခင်ဗျားက သူ့ကို တုန်နေအောင် ချစ်တာပဲနော်။ အခု သူ ကျောင်းပိတ်ရက် အလည်လာတုန်း ခင်ဗျားက သူ သွားချင်ရာသွားဖို့ ကားအကောင်းစား တစ်စီးပေးထားတယ်။ သူ နင်းမြို့တော်မှာ နေဖို့ အိမ်တစ်လုံးတောင် ဝယ်ပေးထားသေးတာပဲ"
ထို့နောက် မုံ့လင်းက အနည်းငယ် မနာလို ဝန်တိုဟန်ဖြင့် ထပ်မံ၍ ပြောလာသည်။
"ဒါပေမယ့် ဒါတွေက သူ ကျွန်တော်နဲ့ မတွေ့ခင်တုန်းကပါ။ အခု ကျွန်တော် သူ့ကို သဘောကျသွားပြီ။ အရင်က သူ့မှာ ရည်းစားတွေ ဘယ်လောက်ပဲရှိခဲ့ပါစေ၊ ကျွန်တော် ဂရုမစိုက်ဘူး။ ဒါပေမယ့် ကျွန်တော်က လူကြီးမင်း ပိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးဖို့ ဒီနေရာကို ဖိတ်လိုက်တာပါ။ အဲ့မိန်းကလေးကို ကျွန်တော့်ဆီ ပေးပါ"
မုံ့လင်းက အနိုင်ရရန် သေချာနေသည့် မျက်နှာထားဖြင့် ပိုင်ယွီအန်းအား ပမာမခန့် ကြည့်လာ၏။
ပြည်သူတွေက အစိုးရ အရာရှိတွေနဲ့ ပြဿနာ မဖြစ်ရဲဘူး၊ သည်လူ ပိုင်ယွီအန်းကရော ငါ့ကို လာရှုပ်ရဲမှာတဲ့လား။
မုံ့လင်းက သူ၏ နာမည်ကို ခေါ်၍ ပြောလိုက်သည့်စကားကို ကြားသောအခါ ပိုင်ယွီအန်း၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။
"မုံ့သခင်လေး၊ လူတိုင်းက ခင်ဗျားရဲ့အပိုင် မဟုတ်ဘူးလေ"
"တကယ်လား။ ဒါပေမယ့် ကျွန်တော်က ဖြစ်စေချင်တယ် ဆိုရင်ရော။ ဘော့စ် ပိုင်၊ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက အော်ဒါတွေ အများကြီးရထားတယ်လို့ ကျွန်တော်ကြားတယ်။ ဒါပေမယ့် ကျွန်တော်က ဦးလေးကို ဒီကုမ္ပဏီအကြောင်း တစ်ခုခုပြောဖို့ တောင်းဆိုလိုက်ရင်ရော ဘာဖြစ်သွားမယ်လို့ ထင်လဲ။ လူတွေ ဘယ်လောက် အများကြီးကများ အော်ဒါ မှာထားတာတွေကို ဖျက်ပစ်ကြမလဲနော်။ စကားမစပ်၊ လူကြီးမင်းပိုင်ရဲ့စက်ရုံက ပစ္စည်းတွေက သတ်မှတ်ထားတဲ့ အရည်အသွေး စည်းမျဥ်းတွေနဲ့ရော ကိုက်ညီရဲ့လား။ တစ်ရက် မဟုတ် တစ်ရက်တော့ မတော်တဆ ဖြစ်သွားတာလေးတွေ ရှိမှာပဲနော်။ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ကျွန်တော့် ဦးလေးကို လူတစ်ယောက်လွှတ်ပြီး စစ်ဆေးခိုင်းလိုက်သင့်လား။ တကယ်များ ပြစ်ချက် တစ်ခုခုတွေ့သွားရင် ပြန်ပြီး ပြုပြင်ဖို့အတွက် စီးပွားရေး လုပ်ငန်းတစ်ခုလုံးကို ခဏဆိုင်းငံ့ထားရမှာလေ"