အခန်း (၄၃၇-၄၄၀)
Vol. 22 Ch. 437-440
Chapter 437 : လက်တွေ့အကောင်အထည်ပေါ်သွားသည့် ကျိန်ဆဲခြင်း
ဟုန်ထျန်း ထိုစကားများကို ပြောပြီးနောက် အနည်းငယ် စိတ်သောကရောက်သွား၏။ သူသည် သမီးဖြစ်သူ ပြန်သက်သာလာသဖြင့် အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့ပြီး သူမ၏ အိပ်ယာဘေး၌ တစ်ချိန်လုံး စောင့်နေပေးခဲ့သည်။ သို့သော် သူမ မျက်စိ ဖွင့်ကြည့်လိုက်သည့်အချိန်တိုင်း သူ့ကို မမြင်ပါက ပြဿနာ ရှာလေ့သဖြင့် သူမ၏ လုပ်ရပ်က သူ့အား စိတ်ရောကိုယ်ပါ ပင်ပန်းလာစေ၏။
သူသည် ယခင်က သမီးဖြစ်သူအား သိတတ်သည်ဟု တွေးထားခဲ့သည်။ ထို့ကြောင့် သူသည် သူမ အလိုရှိသမျှ အရာတိုင်းကို တွေဝေမှု မရှိဘဲ ချက်ချင်း ဖြည့်ဆည်းပေးခဲ့၏။ သူမ၏ လက်ကိုင်အိတ်တစ်လုံးသည် ယွမ် သန်းပေါင်းများစွာ တန်ကြေးရှိ၍ သူမ စီးသည့် ဖိနပ်တစ်ရံသည် သာမန်လူတစ်ယောက် ဘဝတစ်လျှောက်လုံး ရှာဖွေနိုင်သည့် ငွေပမာဏထက် ပို၍ စျေးကြီးသည်။ သူသည် ဖခင်တစ်ယောက် အနေဖြင့် မည်သည့်အရာကို ဖြည့်ဆည်း မပေးနိုင်သနည်း။
သူသည် သမီးဖြစ်သူအား မိသားစု၏ ပိုင်ဆိုင်မှုများနှင့် ပတ်သတ်၍ သားဖြစ်သူနှင့် မပြိုင်ဆိုင်စေချင်ပေ။ ထို့ကြောင့် သူက သားဖြစ်သူအား နေရာပေးသော်လည်း စည်းကမ်း တင်းကြပ်၍ ဤသမီးဖြစ်သူကိုမူ တုန်နေအောင် ချစ်သည်ဟုပင် ဆိုနိုင်သည်။ သူသည် သူမက ကိုယ့်နေရာ၌ကိုယ် နေတတ်သရွေ့ ကမ္ဘာပေါ်ရှိ အကောင်းဆုံး အရာများအားလုံးကို အလျော်အစားအနေနှင့် ပေးမည်ဟုပင် မျှော်လင့်ထားသည်။
သို့သော် အဆုံး၌ သမီးဖြစ်သူက နားလည်မှု မရှိပေ။
အိပ်ယာပေါ်၌ လှဲနေသည့် ဟုန်ဝမ်သည် ဖခင်ဖြစ်သူ၏ အေးစက်စက် အသံကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်သွား၏။
"ဖေဖေ..."
သူမ အနည်းငယ်ပင် သံသယဝင်လာသည်။
ခုနတုန်းက ငါ့အဖေက ဘာပြောလိုက်တာလဲ။ ငါ့ကို သေခိုင်းနေတာလား။
"အဖေ၊ အဖေက ကျွန်မကို ကိုယ့်ကိုကိုယ် တန်ဖိုးမထားဘူးလို့ ပြောလိုက်တာလား။ ကျွန်မကို သေခိုင်းလိုက်တာလား"
ခဏကြာပြီးနောက် ဟုန်ဝမ်က ထပ်မေးလာ၏။
သူမ ခေတ္တမျှကြာအောင် မျက်တောင် တဖျတ်ဖျတ်ခတ်၍ ကယောင်ခြောက်ခြား ဖြစ်နေသော်လည်း ချက်ချင်းပင် ခါးသီးသော ခံစားချက်အချို့ ဝင်ရောက်လာသည်။
အဖေက အစောပိုင်းတုန်းက ငါ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံပေးတာကို အပြစ်ရှိတယ်လို့ မခံစားရဘူးလား။ ကောင်းပြီလေ။ ငါလည်း အခုချိန်ကစပြီး အပြစ်ရှိတယ်လို့ မခံစားတော့ဘူး။
ဟုန်ထျန်းသည် သမီးဖြစ်သူ၏ စကားကို ကြားသောအခါ သက်ပြင်းချ၍ သူမအား နှစ်သိမ့်ဟန်ပြင်လိုက်သော်လည်း သူ စကားတစ်ခွန်းမှ မပြောရသေးမီမှာပင် ဟုန်ဝမ်က တည့်တိုး ပြောလာ၏။
"ထွက်သွား။ အဖေက ကျွန်မအဖေ မဟုတ်တော့ဘူး။ ကျွန်မကို သေစေချင်နေတယ် မဟုတ်လား။ ဒါဆိုရင် ကျွန်မ အခုပဲ သွားသေပေးမယ်။ အဖေ့ဆီကလည်း ထပ်ပြီးတော့ ဂရုစိုက် မခံချင်တော့ဘူး။ အဖေက အဖေ့ရဲ့ပျက်ဆီးနေတဲ့ ကုမ္ပဏီကိုပဲ လိုချင်နေတာလေ။ ဒေဝါလီ ခံရတော့မှာလား။ ဒါဆိုရင်လည်း သွားပြီး ဒေဝါလီ ခံလိုက်တော့လေ"
သူမသည် ဖခင်ဖြစ်သူ၏ စကားများကို မယုံကြည်ပေ။
သည်လောက်ကြီးတဲ့ ကုမ္ပဏီကြီးက ဒေဝါလီခံရတော့မှာလို့ ပြောတာလား။ လူလိမ်...
သူက သည်နေရာက ထွက်သွားချင်လို့ ဆင်ခြေပေးနေတာ။
ထိုအခါ ဟုန်ထျန်း၏ မျက်နှာက အေးစက်သွား၍ အင်္ကျီလက်များကို ခါကာ ချက်ချင်း လှည့်ထွက်သွားသည်။ အခန်းထဲတွင် ရှိနေသည့် မိသားစုဆရာဝန်သည် ခေါင်းမယမ်းဘဲ မနေနိုင်တော့ချေ။ သူသည် ဤသားအဖ နှစ်ယောက်၏ ဆက်ဆံရေးက အလွန် ကောင်းမွန်သည်ဟုသာ ထင်ထားခဲ့၏။ သို့သော် ယခု ကြည့်ရသည်မှာ...
ဟုန်ထျန်း ထွက်သွားသည်နှင့် ဟုန်ဝမ်၏ အခြေအနေမှာ ပို၍ ပြင်းထန်လာ၏။ သူမသည် နံဘေးရှိအရုပ်ကို ဆွဲယူပြီး မိသားစု ဆရာဝန်၏ ခေါင်းတည့်တည့်အား ပစ်ပေါက်၍ အခန်းထဲမှ နှင်ထုတ်လိုက်သည်။ သို့သော် ဆရာဝန် သူမ၏ မျက်စိရှေ့မှ ထွက်သွားသည်နှင့် ဟုန်ဝမ်သည် အနည်းငယ် နောင်တ ရလာပြန်၏။ အကြောင်းမှာ သူမ၏ ခန္ဓာကိုယ် နာကျင်မှုမှာ ပြင်းထန်လွန်းလှ၍ ခါးကျိုးတော့မည့်အလား ခံစားနေရသောကြောင့်ပင်။
သို့သော် သူမ၏ ခါး အလွန်အမင်း နာကျင်နေရသည့် အကြောင်းအရင်းသည် တစ်နေကုန် စည်းစိမ်ရစ်နေခြင်းကြောင်း မဟုတ်ဘဲ ကျင်းယွင်ကျောင်း၏ အပ်စိုက်ပညာရပ်ကြောင့်သာ ဖြစ်ကြောင်း ဟုန်ဝမ် မည်သို့သိနိုင်မည်နည်း။
ကျင်းယွင်ကျောင်းသည် ထိုသို့ အပ်စိုက်ရာ၌ ကျောက်စိမ်းပေလိပ်ထဲမှ လျှို့ဝှက် နည်းစနစ်များကို အသုံးပြုခဲ့သည်ဖြစ်ရာ ဆေးပညာ အလွန်အမင်း တော်သည့် သမားတော်အိုကြီးများ၏ ကုသပေးခြင်းကိုသာ မခံရပါက ဟုန်ဝမ်သည် ထိုခါးနာခြင်း၏ ရက်ရက်စက်စက် ညှင်းပန်မှုဒဏ်ကို လက်ကျန်ဘဝ တစ်လျှောက်လုံး ခံစားသွားရလိမ့်မည် ဖြစ်သည်။
ထို့အပြင် ယခုအချိန်၌ ဟုန်မိသားစု ကုမ္ပဏီသည် ဟုန်ဝမ် ကျိန်ဆဲသကဲ့သို့ အမှန်တကယ် ဒေဝါလီခံရန် အချိန် သိပ်မကြာလိုက်ပေ။
မည်သူကမျှ ဟုန် မျိူးနွယ်များ၏ ကုမ္ပဏီကို ကူညီချင်စိတ် မရှိသဖြင့် သူတို့အနေဖြင့် ရုန်းကန်ရန်ပင် အခွင့်အရေး မရှိတော့ဘဲ ရုတ်တရက် ပြိုလဲပျက်ဆီးသွားသည်။
ဟုန်ထျန်းက ဘဏ်ချေးငွေယူစဥ်က သူ၏ နာမည်အောက်ရှိ အိမ်ခြံမြေ အားလုံးကို ဘဏ်၌ အပေါင်ထားခဲ့၏။ ထို့ကြောင့် သူ ယခု ဒေဝါလီ ခံကြောင်း ကြေညာလိုက်သောအခါ ဟုန်မိသားစုသည် ဟုန်စံအိမ်မှ မောင်းထုတ်ခံရတော့သည်။
ဟုန်ဝမ်၏ ခန္ဓာကိုယ်သည် ခါးမှ လွဲလျှင် အတော်လေး ပြန်လည် သက်သာလာပြီ ဖြစ်၍ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် ပေါ့ပါးစ ပြုလာ၏။
သို့သော် အိမ် မရှိ၊ ကား မရှိ ဘဝသို့ ရောက်၍ မိသားစုလိုက် ပြောင်းရွေ့ရသောအခါ သူမသည် ခြေတစ်လှမ်းပင် မလှမ်းနိုင်တော့ချေ။ အနည်းငယ် ရွေ့လိုက်သည်နှင့် နာကျင်မှုသည် ရိုးတွင်းခြင်ဆီသို့ တိုင်အောင် စိမ့်တက်သွား၍ သူမ၏ ခြေဖဝါးတစ်ခုလုံးက ခဲများ ပြည့်နေသည့်အလား လေးလံလှသည်။ သို့သော် ယခု သူမ မည်သို့ပင် ပြောနေစေကာမူ ဟုန်ထျန်းက သူမအား လုံးဝ မယုံကြည်တော့ဘဲ ဤသမီးဖြစ်သူသည် သူ၏ သည်းခံနိုင်စွမ်းအား ရန်စနေသည်ဟုသာ အမြဲ ခံစားနေရ၏။
ထို့အပြင် ယခုအချိန်၌ ဟုန်ထျန်းသည် အမြဲ မှိုင်တွေ ငေးငိုင်နေပြီး မျက်နှာပေါ်တွင်လည်း အမွှေးအမျှင်များ ပြည့်နေသည်။ သူသည် သမီးဖြစ်သူ ပြဿနာ ရှာနေသည်ကို မြင်တိုင်း သူမအား အိမ်ထဲမှ တရွတ်ဆွဲထုတ်လု မတတ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်၏။ သူ၏ ကောင်းမွန်သော စိတ်နေစိတ်ထားမှာ လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်၍ ဟုန်ဝမ်အား အချိန်တော်ကြာအောင် ဒေါသထွက်စေခဲ့သည်။
Chapter 438 : ငပျင်းတွေကို လက်မခံဘူး
ဟုန်မိသားစု ပျက်စီးသွားသည့်နေ့၌ နင်းမြို့တော်တစ်ခုလုံးတွင် ပျော်ပွဲရွှင်ပွဲများ ပြည့်နေ၏။
ကျင်းယွင်ကျောင်းသည်လည်း ဟွားနင်ခရိုင်မြို့ရှိ အကြီးအကဲ ရှု၏ အိမ်၌ ရောက်နေပြီ ဖြစ်သည်။
အကြီးအကဲ ရှုသည် အနီရောင် ထန်ရိုးရာ ဝတ်စုံကိုဝတ်ဆင်ထား၍ ဝတ်စုံပေါ်၌ ရှေးကျပြီး လက်ရာမြောက်သည့် အဆင်အကွက်များကို ပန်းထိုး၍ ပုံဖော်ထား၏။ သူ၏ စိတ်အခြေအနေမှာ ပုံမှန်ထက် အများကြီး ပို၍ ကောင်းနေပုံပေါ်သော်လည်း ကျင်းယွင်ကျောင်းအား မြင်သောအခါ အေးတိအေးစက်ဖြင့် မေးခွန်းထုတ်ရန်လည်း မမေ့ပေ။
"ငတုံးမလေး၊ မင်းရဲ့ မွေးစားအဖိုးကရော။ သူက မင်းကို နှစ်သစ်ကူးပွဲတော် မဖိတ်ဘူးလား"
"ဖိတ်ပါတယ်၊ ကျွန်မက မသွားတာပါ"
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်ပြီးနောက် ရှုရှင်းယွမ်အား အနီရောင်စာရွက်များ ကမ်းပေးလိုက်သည်။
(T/N : နှစ်ကူးမှာ မင်္ဂလာရှိတဲ့စကားတွေ၊ ကဗျာတွေကိုရေးပြီး အိမ်တံခါးဝတွေ၊ နံရံတွေမှာကပ်တဲ့ စာရွက်တွေပါ။)
ထိုစာရွက်များ၏ အပေါ်ရှိစာလုံးများသည် ကျင်းယွင်ကျောင်းကိုယ်တိုင် ရေးသားထားခြင်း ဖြစ်၏။
'လုထျောက်ယင်းယန် ပြန်လည်ပေါင်းစည်း၊ နွေဦးလေပြေ မိုးသက်ဆင်ရင် အသစ်ပြန်လည်မွေးဖွားတယ်'
ထိုကဗျာသည် သူမအတွက် အဓိပ္ပါယ်နှစ်မျိုး ရှိ၍ သူမ၏ လက်ရေးလက်သားကလည်း မဆိုးလှရာ အိမ်တံခါးဝ၌ အလှဆင်သည့်အနေဖြင့် ကပ်ထားပါက မျက်နှာပန်းလှပေသည်။
"မင်းက မသွားတာလား။ ငါ့လို အဖိုးကြီးနဲ့ ရန်ဖြစ်ချင်လို့ ခေါင်းမာနေတယ်"
အကြီးအကဲ ရှုက မုတ်ဆိတ်မွေးကို သပ်၍ သူမ ကြားရအောင် တမင်ပြောလာသည်။
ကျင်းယွင်ကျောင်းသည် ယခုအချိန်၌ ပျော်ရွှင်နေ၏။ ဤအဖိုးအိုသည် စကားပြောကြမ်းသော်လည်း စိတ်နှလုံးနူးညံ့သူ ဖြစ်သည်။ ယမန်နေ့က သူမ ပြန်လာသောအခါ အဖိုးအို၏ မျက်နှာပေါ်ရှိ အပြုံးများသည် ထိန်းမရနိုင်အောင် ဖြစ်နေရှာ၏။ အထူးသဖြင့် သူမက နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်အတွက် ဤနေရာ၌ နေမည့်အကြောင်းပြောသောအခါ အဖိုးအိုသည် တက်ကြွဖျတ်လတ်နေသည်။ သူ၏ ပုံစံမှာ ပျော်နေသော်လည်း ပျော်နေကြောင်းကို ဝန်မခံသည့်ကလေးတစ်ယောက်အလားပင်။
အကြီးအကဲ ရှု၏ ခြံသည် ကျယ်ဝန်း၍ အခန်းများအားလုံးကို စတိုခန်းများအဖြစ် အသုံးပြုထားသော်လည်း ထိုအထဲမှ တစ်ခန်းအား သိမ်းဆည်းရှင်းလင်းရန်မှာ အလွန်လွယ်ကူသည်။ ယမန်နေ့ည သူမ အနားမယူခင်တွင် ဦးလေး ရှင်းယွမ်က သူမအတွက် အိပ်ယာခင်း အသစ်တစ်စုံ ဝယ်ပေးခဲ့၍ အခန်းအပြင်အဆင်မှာလည်း လှပပြီး လင်းလတ်နေသည်။ ထိုကိစ္စနှင့် ပတ်သတ်၍ ဦးလေး ရှင်းယွမ်က သူမအား ဘာမှ မပြောပြသော်လည်း ကျင်းယွင်ကျောင်းကမူ ဤကဲ့သို့ လုပ်ပေးရန် အကြီးအကဲ ရှုက ဦးလေး ရှင်းယွမ်အား ခိုင်းထားခြင်း ဖြစ်ကြောင်း ခန့်မှန်းမိ၏။
ကျင်းယွင်ကျောင်းသည် အကြီးအကဲ ရှုနှင့် အတူရှိသည့်အချိိန်တိုင်း သူမ၏ စိတ်ထဲ၌ ရိုသေ လေးစားခြင်းနှင့် သက်တောင့်သက်သာ ရှိခြင်းများကို တပြိုင်နက်တည်း ခံစားရသည်။
သို့ရာတွင် အကြီးအကဲ ရှုအား မေးလို့ မရသည့်မေးခွန်းတစ်ခုရှိ၏။ ဤသည်မှာ သူ၏ မိသားစုအကြောင်း ဖြစ်သည်။
တစ်ခါက သူမသည် အကြီးအကဲ ရှုအား အချိန်ပြည့် တစ်ကိုယ်တည်း မြင်ရသည်ကို စိတ်မကောင်းဖြစ်လာ၍ အိမ်၌ အခြား မည်သူ (မိသားစုဝင်) ရှိသေးကြောင်း မေးမြန်းခဲ့ဖူး၏။ သို့သော် ထိုခဏ၌ အကြီးအကဲ ရှု၏ မျက်နှာသည် အမွေးအမျှင်များထောင်ထသည့် ကြက်တူရွေးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားမည်ဟု မည်သူသိမည်နည်း။ ထို့နောက် သူသည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ဦးလေး ရှင်းယွမ်အား သူမကို မောင်းထုတ်ခိုင်းခဲ့သည်။
သို့ရာတွင် အဖိုးအိုသည် ထိုကဲ့သို့ ဒေါသတကြီးဖြင့် အမြန်ဆုံး ရှောင်ထွက်သွားခဲ့သော်လည်း သူသည် ထိုည၌ ဦးလေး ရှင်းယွမ်အား သူမဆီသို့ ဖုန်းဆက်ခိုင်းပြီး သူမ အားသည့်အချိန်၌ ဝိုင်များ လာပို့ရန် ပြောခိုင်းခဲ့သည်။
ဤအဖိုးအိုက မာနကြီး၍ သူ့ဘက်က အလျှော့ပေးချင်လျှင်တောင်မှ တည့်တိုးပြောမည် မဟုတ်ပေ။
"အဖိုး ရှု၊ အဖိုးကို ကျွန်မရဲ့ကျေးဇူးရှင်လို့ ယူဆလို့ရတယ်လေ။ ဒါကြောင့် အဖိုးကို ဧည့်ဝတ်ပြုချင်တာပါ။ ကျွန်မ ခဏနေရင် စျေးဝယ်သွားလိုက်မယ်။ ဒီရက် အတောအတွင်း ကျွန်မ အချက်အပြုတ် တာဝန်ယူမယ်လေ"
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။ ထိုအခါ အဖိုးအိုက မျက်နှာမဲ့လိုက်ပြီး ...
"ဒါဆိုရင်လည်း မြန်မြန်သွား။ ဒီနေရာက ငပျင်းတွေ လက်မခံဘူး"
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွတ်သွား၏။ သူမသည် ထိုစကားကို အကြိမ်ပေါင်းများစွာ ကြားဖူးပြီးသားပင်။
သူသည် သူမအား ငပျင်းများကို လက်မခံဟု ပြောသည့်အချိန်တိုင်း ဆေးဖော်ရာတွင် ကူညီခိုင်းလေ့ရှိသည်။ သို့သော် ဆေးဖော်စပ်သည့် ပစ္စည်းများက တစ်ကြိမ်နှင့် တစ်ကြိမ် မတူပေ။ သူမသည် မြွေများ၊ အင်းဆက်များ၊ ကြွက်များနှင့် ပုရွက်ဆိတ်များကို ထိတွေ့ ကိုင်တွယ်ရလေ့ရှိသည်။
ကျင်းယွင်ကျောင်းက အကြီးအကဲ ရှုနှင့် သိကျွမ်းသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ရှုရှင်းယွမ်ကသာ ချက်ပြုတ်လေ့ရှိ၏။ အကြီးအကဲ ရှုသည် သူမအား ဆေးဖော််ရန်သာ စေခိုင်းလေ့ရှိပြီး အိမ်အလုပ်များ လုံးဝ မလုပ်ရပေ။ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုအခါ ရှုရှင်းယွမ်က သူမအား အကြီးအကဲ ရှု ကြိုက်နှစ်သက်သည့် အစားအသောက်များကို ချက်ချင်း ပြောပြလာ၍ ကျင်းယွင်ကျောင်းသည် မျက်နှာမပူဘဲ မနေနိုင်ချေ။
အကြီးအကဲရှုသည် ပုံမှန် အရက်သောက်လေ့ရှိ၍ အမြည်းများ မရှိ မဖြစ်လိုအပ်သော်လည်း သူက သားကြီးငါးကြီး မစားပေ။ ပေါ့ပေါ့ပါးပါး အစားအသောက်များကိုသာ ကြိုက်နှစ်သက်၍ အစားအသောက်များက အရသာ ဆိုးလျှင် သူသည် တူကိုပင် ကိုင်ကြည့်မည် မဟုတ်ပေ။ သူ၏ နေထိုင်မှုပုံစံမှာ အမှန်တကယ်ပင် အလွန်ငြီးငွေ့ဖွယ်ကောင်းလှသည်။
သို့သော် ထိုကဲ့သို့သော အကြိုက်မျိုးသည် သူမနှင့် အလွန်ရင်းနှီး၏။
ကျင်းယွင်ကျောင်းသည် အချက်အပြုတ် စွမ်းရည်နှင့် ပတ်သတ်လျှင် ကိုယ့်ကိုကိုယ် အလွန် ယုံကြည်မှုရှိသည် ဖြစ်ရာ အသီးအရွက်များ ဝယ်ရန်အတွက် အပြင်သို့ ထွက်လာခဲ့၍ တစ်ချိန်တည်းမှာပင် မီးရှူးမီးပန်းများနှင့် ဗျောက်အိုးများပါ ဝယ်ရန် စဥ်းစားလိုက်သည်။
လမ်းပေါ်၌ လူများ ဥဒဟို သွားလာနေ၍ နေရာအနှံ့ စည်ကားနေ၏။ ပတ်ဝန်းကျင်တွင်လည်း လမ်းဘေးစျေးဆိုင်များ မရေမတွက်နိုင်အောင်ရှိ၍ စားစရာ၊ သောက်စရာ၊ ကစားစရာဆိုင်များ စုံလင်လှသည်။ ဆိုင်ခန်းများမှာ မရေမတွက်နိုင်အောင်များလွန်း၍ အနီရောင် အဆင်တန်ဆာများက လူများကို ပျော်ရွှင်စေ၏။
ကျင်းယွင်ကျောင်းသည် လမ်းဘေး စျေးဆိုင်တစ်ဆိုင်ဆီသို့ လျှောက်လာရင်း မီးရှုးမီးပန်းဘူးများကိုကြည့်ကာ တစ်ခုကို လက်ညှိုးထိုး၍ စကားပြောဟန်ပြင်လိုက်စဥ်မှာပင် သူမ၏ ဘေးရှိ လူတစ်ယောက်က အရင်ဦးအောင် ပြောလာသည်။
"ဒီလို ပုံစံမျိုး မီးပန်း ဆယ်ခု ဒီသခင်လေးအတွက် ယူမယ်။ ဒါနဲ့ စကားမစပ် ဒီမှာ စာသား မပါတာလေးများ ရှိလား။ ဥပမာ ငါ မင်းကို ချစ်တယ်တို့ ဘာတို့လိုမျိုးပေါ့"
Chapter 439 : မင်း ဘယ်သူလဲ
ထို ရင်းနှီးနေသော အသံကို ကြားသည်နှင့် ကျင်းယွင်ကျောင်းသည် လှမ်းထားသောလက်ကို ရုတ်၍ နောက်သို့ လှည့်ထွက်သွားသည်။
သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် လူတစ်ယောက်က သူမအား တားလာ၏။ မုံ့လင်းသည် လက်ထဲ၌ အလွန် ကြီးမားသည့် ပန်းစည်းတစ်စည်းကို ကိုင်ထားပြီး သူ၏ ဘေးရှိ သက်တော်စောင့်များစွာ၏ လက်ထဲတွင်မူ မီးရှုးမီးပန်းဘူးများ ကိုင်ထားသည်၊ ထို့နောက် သူက သူမအား ပြောလာ၏။
"မမလေး ကျင်း၊ မတွေ့တာ အတော်ကြာပြီနော်။ မင်းက ပိုလှလာတာပဲ"
ထိုအခါ ကျင်းယွင်ကျောင်း၏ မျက်နှာက ရှုံ့မဲ့သွားရာ မုံ့လင်းက ထပ်ပြောလာပြန်သည်။
"မင်း တစ်ယောက်ယောက်ကို ရိုက်မလို့လား။ လာလေ။ ကိုယ့်ကို ရိုက်လိုက်။ ပြီးရင် ကိုယ်က ကိုယ့်ဒေါသတွေကို ဘေးမှာရှိတဲ့ လူတွေအပေါ် ပုံချလိုက်မယ်။ ဒီ ဟွားနင်ခရိုင်မြို့က အတော်လေး စည်တာပဲ။ နေရာတိုင်းမှာ လူတွေ အပြည့်နဲ့၊ ကိုယ် နည်းနည်းလောက် ပြဿနာ ရှာလိုက်ရင် ဒီနှစ်ကူးပွဲတော်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားမှာပဲ။ မင်းရော အဲ့လို မထင်ဘူးလား"
စကားဆုံးသည် မုံ့လင်းသည် အထက်စီးဆန်ဆန် ရယ်မောလိုက်၏။ ထို့နောက် သူမ၏ အရှေ့တွင် ရပ်၍ မျက်နှာရူးစွာ ပြုံးပြလာပြီး သူမ၏ လက်ထဲသို့ ပန်းစည်းကို ဇွတ်အတင်း ထိုးထည့်ပေးလိုက်သည်။
"မင်း ဒါကို လက်ခံဖို့လိုတယ်နော်။ မုံ့လင်းဆိုတဲ့ ကိုယ်က အမြဲတမ်း သူများတွေ ပန်းပေးတာကိုပဲ လက်ခံဖူးတာ..."
သို့သော် စကား မဆုံးမီမှာပင် ကျင်းယွင်ကျောင်း၏ လက်ထဲ၌ ဗလာ ဖြစ်သွား၍ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက သူမ၏ ဘေး၌ မတ်တပ် လာရပ်လိုက်သည်။ ထိုလူသည် သူမ၏ လက်ထဲရှိ ပန်းစည်းကို ယူ၍ နမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဆွဲဆောင်မှုရှိသော အသံဖြင့် အေးစက်စွာ ပြောလာ၏။
"တုလင်း၊ ငါ မင်းအတွက် နှုတ်ဆက် လက်ဆောင်ပေးမယ်"
စကားဆုံးသည်နှင့် သူ၏ ဘေးတွင် ရပ်နေသော တုလင်း၏ လက်ထဲသို့ ပစ်ပေးလိုက်ရာ ပွင့်ချပ်အနည်းငယ်ပင် လေထဲ၌ လွင့်ပါသွားသည်။
ထိုအခါ ကျင်းယွင်ကျောင်းက လှည့်ကြည့်လိုက်ရာ သူမ၏ ဘေး၌ ဘဝင်မြင့်နေသည့် အပြုံးမျိုးဖြင့် ပြုံးနေသည့် လီရှောက်ယွင်အား တွေ့လိုက်ရ၏။
လီရှောက်ယွင်နှင့် ခြေလှမ်း အနည်းငယ် အကွာတွင် ရပ်နေသည့် တုလင်းကမူ ပန်းစည်းကြီး ကိုင်၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ထို့နောက် သူသည် မိန်းမလှလေး တစ်ယောက် ဖြတ်သွားသည်ကိုမြင်လိုက်ရာ ထိုနေရာသို့ အံကြိတ်၍ လျှောက်သွားပြီး နှင်းဆီပန်း ကိုးဆယ့်ကိုးပွင့်ပါသည့် ပန်းစည်းကြီးကို သွားပေးလိုက်၏။
ထိုအခါ မုံ့လင်း၏ မျက်နှာက အစိမ်းရောင်ပြောင်းသွားပြီး ...
"မင်းက ဘယ်သူလဲ"
လီရှောက်ယွင်သည် လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်ထား၍ ကျန်တစ်ဖက်ကမူ လည်ပင်းရိုးအား ပွတ်သပ်နေပြီး သူ၏ ခပ်သွယ်သွယ်မျက်ဝန်းများ၌ အန္တရာယ်ရှိသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"မင်းရဲ့ဘိုးဘေးကိုတောင် မသိဘူးလား"
"ကောင်လေး၊ မင်းက သေချင်နေတာလား"
မုံ့လင်းက ချက်ချင်းပင် ဒေါသတကြီး ပြန်ပြောလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းက မျက်ခုံးပင့်လိုက်သည်။ မုံ့လင်းသည် လီရှောက်ယွင်နှင့် သက်တူရွယ်တူခန့် ဖြစ်ပုံပေါ်သော်လည်း သူ၏ ပုံပန်းသွင်ပြင်နှင့် အရှိန်အဝါကမူ လီရှောက်ယွင်ထက် အနည်းငယ် ပို၍ အားနည်းသည်။ သို့သော် ယခုအချိန်၌ သူက လီရှောက်ယွင်အား ကောင်လေးဟု ခေါ်လိုက်ရာ အလွန် မခန့်လေးစား ပြုနေသလို ခံစားလိုက်ရ၏။
လီရှောက်ယွင်သည် အနက်ရောင် သိုးမွေး ကုတ်တစ်ထည်ကို အပြင်ဘက်၌ ထပ်ဝတ်ထား၍ အတွင်းထဲတွင်မူ အဖြူရောင် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားကာ လည်ပင်း၌ အညိုရောင်မာဖလာတစ်ထည် ပတ်ထားသည်။ ဝတ်စုံက ရိုးရှင်းသော်လည်း သူ၏ တည်ငြိမ်၍ ကြံ့ခိုင်အင်အားကြီးသော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အချိုးအစားကို ကောင်းမွန်စွာ ဖော်ပြနိုင်၏။
မုံ့လင်း၏ စကားကို ကြားသောအခါ သူက မထီတရီ ပြန်ပြောလိုက်သည်။
"မင်းက မိန်းကလေး တစ်ယောက်ကို မီးရှူးမီးပန်းအစုတ်အပြတ်တွေနဲ့ လိုက် ပိုးပန်းချင်နေတာလား"
ထိုသို့ မဟုတ်ပါက သူ သဘောကျသည့် မိန်းကလေးအား မျက်ခြေမပြတ် စောင့်ကြည့်နေသည်လား။
ငါ မြို့တော်မှာ မနေတာ ခဏပဲရှိသေးတယ် မဟုတ်လား။ ယခု ဘာလို့ ပျားပိတုန်းတွေ၊ လိပ်ပြာတွေအားလုံးက လာဝဲနေကြတာလဲ။
ထိုအခါ မုံ့လင်း၏ မျက်နှာထားက တင်းမာသွားပြီး ...
"မင်း ဘယ်က လာတယ်ဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် ငါ မင်းကို ဝေးဝေးထွက်သွားဖို့ အကြံပေးလိုက်မယ်၊ မဟုတ်ရင် မင်းရဲ့မိသားစုတစ်ခုလုံး မိနစ်ပိုင်းအတွင်း ဒုက္ခရောက်သွားမယ်"
"အားကျောင်း၊ ဒီလူက ကိုယ့်ကို ခြိမ်းခြောက်နေတယ်"
(T/N : အားကျောင်းဆိုတာ ယွင်ကျောင်းကို ချစ်စနိုးနဲ့ အဖျားဆွတ်ခေါ်တာပါ။)
လီရှောက်ယွင်က ပြောလာ၏။ ထို့နောက် ကျင်းယွင်ကျောင်း၏ အဝတ်အစားများက အနည်းငယ် ပါးနေသည်ကို မြင်သောအခါ စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ လည်ပင်းတွင် ပတ်ထားသော မာဖလာကိုချွတ်၍ သူမ၏ လည်ပင်း၌ ပတ်ပေးလိုက်သည်။ အခြားသူများ ကြက်သေသေနေစဥ်မှာပင် သူက မျက်မှောင် ကြုံ့လိုက်ပြီး ထပ်ပြောလာ၏။
"တကယ့်ကို ကြောက်စရာကောင်းတာပဲကွာ"
ထိုအခါ ကျင်းယွင်ကျောင်း၏ မျက်ခွံလေးများက လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လီရှောက်ယွင်အား မျက်နှာချင်းဆိုင်ကြည့်ရန်ပင် အတော်လေး ရှက်ရွံ့နေသည်။
သူသည် အမြဲတမ်း သူမ၏ နောက်ကွယ်မှနေ၍ သူမ၏ ပြဿနာများကို ဖြေရှင်းပေးတတ်၍ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည်မှာ ရှားရှားပါးပါးပင်။ သူ ပြန်လာပြီးနောက် သူမသည် သူ့အား ထမင်းတစ်နပ်ဖြင့် ဧည့်ခံရန်ပင် အချိန် မရှိသေးချေ။
"ဒီလူက ရူးနေတာ။ သူ့ကို တစ်ယောက်တည်း လွှတ်ထားလိုက်ပါ"
ကျင်းယွင်ကျောင်းက မသိစိတ်အလျှောက် လွှတ်ခနဲ့ ပြောမိသွား၍ စကားဆုံးသည်နှင့် ခဏရပ်လိုက်ပြီးနောက် ထပ်မံ၍ မေးလိုက်သည်။
"ရှင် အခုချိန်က နှစ်သစ်ကူးပွဲကို အိမ်မှာ ဆင်နွှဲနေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်နေတာလဲ"
"ဘိုးဘေးတွေကို လာကန်တော့တာလေ"
လီရှောက်ယွင်က ချောင်းဟန့်၍ ပြောလိုက်ပြီးနောက် ပြုံးပြလာ၏။
"ဘိုးဘေး ကန်တော့ပွဲ ပြီးတာမှ လနည်းနည်းပဲ ကြာသေးတာ မဟုတ်ဘူးလား"
ကျင်းယွင်ကျောင်သည် ဘာပြောရမှန်းမသိ ဖြစ်နေသည်။
သူ ပြန်သွားတာတောင် မကြာသေးဘူး မဟုတ်လား။
"ကိုယ်တို့ လီမိသားစုက ဘိုးဘေးတွေက အစားအသောက် ခုံမင်တယ်လေ"
Chapter 440 : မင်း လုပ်ချင်သလိုလုပ်
ထိုအခါ ကျင်းယွင်ကျောင်းသည် ဆွံ့အသွားပြီး ရယ်ရခက်၊ ငိုရခက်ဖြစ်သွားကာ လီရှောက်ယွင်၏ဘေးတွင် ရပ်နေသည့် တုလင်းကမူ ပို၍ပင် ရှက်ရွံ့သွား၏။
မင်းတို့ လီမိသားစု ဘိုးဘေးတွေက အစားအသောက်မက်တာ သေချာလို့လားကွာ။ မင်းဟာမင်း ဟွားနင်ခရိုင်ကို ပြန်ပြေးလာချင်လို့ ဆင်ခြေရှာဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။
ပြီးတော့ သူက သေလောက်အောင် ကြောက်စရာကောင်းတယ်၊ ဘာညာနဲ့ ပြောလိုက်သေးတယ်။ ဒါပေမယ့် အခု သူ့ပုံစံက ဘယ်လိုပဲကြည့်ကြည့် ကြောက်နေတဲ့ပုံ မပေါက်ဘူး မဟုတ်လား။
မုံ့လင်းသည် ထိုနောက်မှ ရောက်လာသူနှင့် ကျင်းယွင်ကျောင်းတို့ စကားတွတ်ထိုးနေသည်ကို မြင်သောအခါ သူ၏ မျက်နှာအမူအယာက မည်းမှောင်သွားပြီး ...
"ကျင်းယွင်ကျောင်း၊ ကိုယ် မင်းကို သတိပေးမထားဘူးလား။ မင်းက ကိုယ့်ရဲ့မိန်းကလေးပဲ။ တခြားယောက်ျားတွေနဲ့ ပရော်ပရည် လုပ်ခွင့် မရှိဘူး"
ကျင်းယွင်ကျောင်းက ဤနည်းလမ်းဖြင့် သူ၏ အာရုံစိုက်မှုကို ဆွဲဆောင်ချင်နေသည်လား။ သို့သော် သူသည် ဤကဲ့သို့သော လှည့်ကွက်များစွာကို မြင်ဖူးပြီးသား ဖြစ်၏။
ဒါပေမယ့် သူက လျစ်လျူရှုလွန်းတယ်။ သည်နေရာမှာ လူတွေ အများကြီးရှိနေတာ မမြင်ဘူးလား။ သည်အချိန်မှာ သည်လို မြင်ကွင်းမျိုး ဖန်တီးဖို့ အခြား ယောက်ျားတစ်ယောက်ကို ရှာထားတာက ငါ့ကို အတော်လေး အရှက်ရစေတယ်လေ။
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းလှည့်ကြည့်၍ မုံ့လင်းအား လှောင်ရယ်လိုက်သည်။
သည်လူက တကယ်ပဲ ကိုယ့်ကိုကိုယ် အလွန်အကြူး အထင်ကြီးပြီး စိတ်ကြီးဝင်နေတာပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိန်းကလေးတွေက သူ့ကိုဝိုင်းကြိုက်နေတယ်လို့ တွေးနေတဲ့၊ တီဗီဇာတ်လမ်းတွေထဲက ဦးနှောက် ပျက်နေတဲ့ အမျိုးသား ဇာတ်လိုက်လိုပဲ၊ သူ့အနားမှာ ပေါ်လာတဲ့ မိန်းကလေးတိုင်းက သူ့ကို နည်းမျိုးစုံနဲ့ ဆွဲဆောင်ဖို့ကြိုးစားနေတယ်လို့ပဲ ထင်နေတယ်။
"ရှင် နေမကောင်းရင်လည်း ဆရာဝန် သွားပြလိုက်။ အပြင်ထွက်ပြီး လျှောက်သွားမနေနဲ့။ သခင်လေး မုံ့၊ ကျွန်မ မီးပန်းဖိုးတွေ ပေးရဦးမှာ။ ကျေးဇူးပြုပြီး ရှင့် လူတွေကို ဝေးဝေး သွားနေခိုင်းပေးပါ"
ကျင်းယွင်ကျောင်းက အေးတိအေးစက် ပြောလိုက်၏။ သို့သော် မုံ့လင်းက ထိုစကားကိုကြားသောအခါ ...
"ကိုယ့်ကို ပရော်ပရည် လာလုပ်မနေနဲ့။ ကိုယ်က မင်းကို အလိုလိုက်ထားလို့ မင်း လုပ်ချင်တာ လုပ်လို့ ရမယ်လို့ တွေးမနေနဲ့"
ထိုအခါ ကျင်းယွင်ကျောင်းက သူ့အား တစ်ချက် ကြည့်လိုက်ပြီး ထိုကဲ့သို့သော လူမျိုးနှင့် စကားပြောရသည်မှာ ကျွဲပါး စောင်းတီးသဖွယ် ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။
"လီ သခင်လေး၊ သွားကြစို့"
ကျင်းယွင်ကျောင်းက လှည့်ထွက်သွားရာ သက်တော်စောင့်များသည် သူမ၏ အရှိန်အဝါကို မြင်၍ အနည်းငယ် ကြောက်ရွံ့သွားကြသည်။ သူတို့သည် ကလပ်၌ သူမ လူ ရိုက်ခဲ့သည့် မြင်ကွင်းကို မမေ့သေးရာ သူမအား တားသင့်၊ မတားသင့် မဝေခွဲတတ်တော့ပေ။
"ကျင်းယွင်ကျောင်း"
မုံ့လင်းက ဒေါသတကြီး အော်လိုက်ပြီး ထပ်ပြောလာ၏။
"မင်း ဒီနေ့ သူနဲ့အတူ ထွက်သွားရဲရင် ထွက်သွားကြည့်လိုက်။ မင်း ယုံယုံ၊ မယုံယုံ ကိုယ်က နောက်နေ့ကျရင် သူ့ကို သတ်ဖို့ လူတစ်ယောက် ရှာလိုက်မှာပဲ"
"ဒီသခင်ကြီးက မင်းကို တကယ် ကြောက်နေတဲ့ပုံပေါ့လေ"
လီရှောက်ယွင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သက်တော်စောင့်၏ လက်ထဲရှိ မီးရှူးမီးပန်းပုံးကို တစ်ချက်ကြည့်၍ ဆောင့်ကန်လိုက်ရာ မုံ့လင်း၏ မျက်နှာတည့်တည့်အား ချက်ချင်း ထိမှန်သွား၏။
ဤလုပ်ရပ်သည် ရိုးရှင်း၍ ကြိုတင်ကြံစည်ထားခြင်း မဟုတ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မုံ့လင်းသည် ရုတ်တရက် မေ့လဲသွားပြီး နှာခေါင်းသွေးများ တရဟော စီးကျလာ၏။ အခြားသူများသည် ထိုဖြစ်ရပ်ကို မြင်သောအခါ သူတို့၏ လက်ထဲရှိ ပစ္စည်းများကို ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့ အလျင်စလို ပြေးသွား၍ သူ့အား ဆေးရုံပို့ရန် ပြင်ဆင်ကြတော့သည်။
ထိုအခါ လီရှောက်ယွင်က ခပ်အေးအေး သက်ပြင်းချလိုက်ပြီးနောက် ခါးကိုင်း၍ သူ၏ လည်သာဖိနပ်ကို သုတ်လိုက်၏။ အစွန်းအထင်းများ ပျောက်သွားသောအခါမှ သူက ခေါင်းမော့လိုက်ပြီး ဘာမှ မလုပ်ခဲ့သူ တစ်ဦးကဲ့သို့ပင် ကျင်းယွင်ကျောင်းအား ပြုံးပြလိုက်သည်။
"အားကျောင်း၊ မင်းက နှစ်သစ်ကူးပွဲကို အကြီးအကဲ ရှုနဲဲ့ ဆင်နွှဲမလို့လား"
ထိုအခါ ကျင်းယွင်ကျောင်းသည်် အနည်းငယ် အံ့သြနေ၏။
သူမ၏ မျက်လုံးထဲ၌ လီရှောက်ယွင်သည် ခံ့ညား၍ ပရော်ပရည် လုပ်တတ်သူတစ်ဦး ဖြစ်ကာ အင်အားကြီးမားသော်လည်း များသောအားဖြင့် အလွန်တည်ငြိမ်၍ သူ ယခုကဲ့သို့ ပြတ်ပြတ်သားသားလုပ်ကိုင်ခြင်းမှာ ကြုံတောင့်ကြုံခဲပင်။
"ဟုတ်တယ်။ ရှင်ရော၊ တစ်ခေါက်လောက် လာဦးမလား"
ကျင်းယွင်ကျောင်းက မုံ့လင်း အပေါ်၌ စာနာသနားသည့် အရိပ်အယောင် လုံးဝ မရှိဘဲ မျက်မှောင်တစ်ချက်ပင် မကြုံ့ပေ။
"အကြီးအကဲ ရှုက ထူးဆန်းတဲ့ ဆေးပစ္စည်းတွေကို ကြိုက်တယ်။ ကိုယ် တခြားဒေသတွေကို သွားတုန်းက ရွှေချည်ပိုးကောင် တစ်စုံ ရလာတာ။ သူ အဲဒါကိုမြင်ရင် ကျေနပ်သွားမှာပဲ"
လီရှောက်ယွင်က ပြောလာသည်။
ယခင်က သူနှင့် အကြီးအကဲရှု၏ ကြား၌ လေးလေးနက်နက် ခင်မင်မှု မရှိသော်လည်း ယခုအချိန်၌မူ မတူတော့ပေ။ ကျင်းယွင်ကျောင်း၏ စိတ်ထဲ၌ အကြီးအကဲရှုအား သူမကို ပညာသင်ကြားပေးသည့် ဆရာတစ်ဆူသဖွယ် သတ်မှတ်သည်ဖြစ်ထားရာ သူသည် ထိုအဖိုးအိုအား ယဥ်ယဥ်ကျေးကျေး မဆက်ဆံ၍ မရတော့ပေ။
ထိုအဖိုးအို၏ ဒေါသသည် သူ၏ အိမ်ရှိ အဖိုးအို၏ဒေါသနှင့် ယှဥ်နိုင်ပြီး သူကမူ မျက်နှာလို မျက်နှာရလုပ်ချင်သူ ဖြစ်သည်။
သို့သော် ကျင်းယွင်ကျောင်းသည် ထိုစကားကို များများစားစား မတွေးဘဲ လီရှောက်ယွင် ပြောသည့် ရွှေချည်ပိုးကောင်ကြောင့်သာ အံ့သြနေ၏။
ထိုရွှေချည်ပိုးကောင်သည် တစ်ကောင်လုံး ရွှေအစစ်ဖြစ်၍ ထိုပိုးကောင်များ၌ မီးစုန်း၊ ပိုတက်ဆီယမ်၊ သံ၊ ဆိုဒီယမ်၊ အလူမီနီယမ်စသည့် သေးငယ်သော သတ္တုမျိုးစုံ ပါဝင်သည်။
ထို့နောက် လီရှောက်ယွင်နှင့် တုလင်းသည် ထျန်းရှန်းလော်သို့ အရင်ပြန်သွား၍ ကျင်းယွင်ကျောင်းက နောက်ထပ် ဆိုင်အသစ် ရှာကာ မီးပန်းများဝယ်၍ အကြီးအကဲ ရှု၏ အိမ်သို့ ပြန်လာခဲ့၏။ သို့သော် ယနေ့သည် ပြဿဒါး ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူမ လမ်းလျှောက်လာစဥ်မှာပင် ရုတ်တရက် သူမ၏နောက်ဘက်မှ တစ်စုံတစ်ခု ပျံလာသလို ခံစားလိုက်ရ၍ မသိစိတ်အလျောက် ရှောင်တိမ်းလိုက်မိ၏။
သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင် ဘောလုံးတစ်လုံးသည် အနီးရှိ အဘွားအိုတစ်ဦးအား ထိမှန်သွားသည်ကို မြင်လိုက်ရသည်။