အခန်း (၄၄၁-၄၄၄)
Vol. 23 Ch. 441-444
Chapter 441 : အတန်းဖော်
ဘောလုံးက မကြီးဘဲ သားရေ အရုပ်လေး တစ်ခုသာဖြစ်သော်လည်း ရုတ်တရက် အဖြစ်အပျက်ကြောင့် အဖွားအိုသည် အံ့သြထိတ်လန့်သွားပြီး လမ်းပေါ်သို့ လဲကျသွားသည်။ ထိုအခါ ဘေးရှိ သားသမီးများနှင့် မြေးများသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။
ဤကိစ္စသည် ကျင်းယွင်ကျောင်းနှင့် မဆိုင်သော်လည်း သူမသည် သမားတော်တစ်ယောက်ဖြစ်၍ တစ်ချက် ကြည့်ပေးရန်အတွက် ထိုနေရာသို့ လျှောက်သွားလိုက်သည်။
အဖွားအို၏ ထိခိုက်မှုက အကြီးအကျယ် မဟုတ်သော်လည်း ရုတ်တရက် လဲကျသွားမှုကြောင့် ခါးအနည်းငယ်နာသွားသည်။
"ကလေးမ၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ။ သက်ကြီးရွယ်အိုတွေကို မမြင်ဘူးလား။ လမ်းပေါ်မှာ ဒီလို အရုပ်တွေနဲ့ ဆော့စရာလား"
အဖွားအို၏ ဘေးတွင် ရပ်နေသော လူကြီးက သူမအား အမှတ်တမဲ့ ဆူပူ ကြိမ်းမောင်းလိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းသည် လန့်သွား၍ သူမကိုယ်သူမ လက်ညှိုးထိုးကာ ရယ်ရခက်၊ ငိုရခက်ဖြစ်သွားသည်။
"ရှင်က ကျွန်မကို ပြောနေတာလား"
"မင်း မဟုတ်ရင် အခြား ဘယ်သူ့ကို ပြောရမှာလဲ"
"ဦးလေး၊ ကျွန်မက ဒါနဲ့ ပစ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်မလည်း အဖွားလိုပဲ ခံရတဲ့သူပါ။ ကျွန်မက ကံကောင်းလို့ ရှောင်လိုက်နိုင်တာပါ"
ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေး ပြန်ပြောလိုက်သည်။
သူမ၏ စကားကို ကြားသောအခါ တစ်ဖက်လူသည် ခေတ္တမျှ ကြောင်သွား၏။ အဖွားဆီသို့ အရင်ဆုံးပြေးလာသော ဤမိန်းကလေးသည် လက်သည်တရားခံ မဟုတ်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူတို့ မိသားစုသည် စျေးဝယ် ထွက်လာခြင်းဖြစ်သည်။ တရုတ် နှစ်သစ်ကူး ပွဲတော်ကာလ ဖြစ်၍ လူများရှုပ်ထွေးနေရာ သူတို့သည် အပြင်ထွက်ချိန်၌ ကလေးများ ပျောက်သွားမည်ကို စိုး၍ ဟိုဟိုဒီဒီ လျှောက်သွားနေသည့် ကလေးများအပေါ်တွင်သာ အာရုံစိုက်ထားမိပြီး အဖွားကိုမူ များများစားစား အာရုံ မစိုက်မိကြပေ။ ထို့ကြောင့် သူတို့သည် အဖွားအို မည်သို့ လဲကျသွားကြောင်း မသိခြင်း ဖြစ်သည်။
ထို့ကြောင့် လမ်းပေါ်၌ ဘောလုံးတစ်လုံး ကျနေပြီး ခပ်မြန်မြန် ပြေးလာသည့် မိန်းကလေးကို မြင်လိုက်ရာ သူသည် မသိစိတ် အလျောက် သူမအား ပြစ်တင်ရှုတ်ချလိုက်မိ၏။
ကျင်းယွင်ကျောင်း၏ စကားဆုံးသောအခါ ဘောလုံးနှင့် ပစ်သူသည်လည်း အပြေးအလွှားရောက်လာ၏။ သူမသည် အနည်းငယ် ကပျာကသီဖြစ်နေကာ ငွေညစ်ခံရမည်ကို ကြောက်နေသည့်ပုံပင်။
"အဆင်ပြေရဲ့လား။ ဘောလုံးက ပျော့ပါတယ်။ လူကို မှန်သွားရင်တောင် မနာလောက်ပါဘူး"
ထိုမိန်းကလေးက ရောက်လာသည်နှင့် အနည်းငယ် မလုံမလဲ ဖြစ်နေဟန်ဖြင့် ခပ်တိုးတိုး ပြောလာ၏။
ထိုအခါ သူမ၏ ဘေးတွင် ရပ်နေသည့် အရပ်ရှည်ရှည်ကောင်လေးကလည်း ချက်ချင်း ဝင်ပြောလိုက်သည်။
"ခင်ဗျားတို့တွေ တရုတ် နှစ်သစ်ကူးပွဲ ဆင်နွှဲနေတဲ့အချိန်မှာတောင် ငွေညစ်ချင်နေတာလား"
သည်နေ့ခေတ်မှာ လူတွေကို ငွေညစ်စရာ နည်းလမ်းတွေ မရေမတွက်နိုင်အောင် ရှိတယ်။ သည်လို သန်သန်မာမာ အဖွားကြီးက ရုတ်တရက် လဲကျသွားတယ်ပေါ့။ နောက်နေတာလား။
ထိုအခါ ကျင်းယွင်ကျောင်းသည် အနည်းငယ် မျက်မှောင် ကြုံ့လိုက်၏။ ဤ မိန်းကလေးအား ရင်းနှီးနေသလိုပင်။
တစ်ဖက်လူသည် ထိုနှစ်ယောက်၏ ရန်စနေသည့်စကားများကို ကြားသောအခါ ချက်ချင်း မျက်နှာပျက်သွားပြီး ...
"မင်းတို့နှစ်ယောက် ဘာ စကား ပြောလိုက်တာလဲ။ ငါတို့က မင်းတို့ကို ရန်မစမိဘူး မဟုတ်လား။ ဘောလုံးနဲ့ ရုတ်တရက် အပစ်ခံရရင် မလန့်တဲ့သူ ဘယ်သူရှိမှာလဲ။ အဖွားအို တစ်ယောက်ကိုတောင် လွှတ်ထားပေးလို့ မရဘူးလား"
"အခု ကိစ္စက ဒီလို မဟုတ်ဘူးလေ။ သူက ဘာလို့ ဒီလောက် ထိခိုက်ပြနေတာလဲ"
ထိုကောင်လေးက အလျှော့ပေးမည့်ပုံ မပေါ်ဘဲ တတွတ်တွတ် ပြောလာ၏။
သူတို့သည် ကျောင်းသားများသာ ဖြစ်၍ ပိုက်ဆံ မရှိပေ။
ထိုစကားကို ကြားသောအခါ ကျင်းယွင်ကျောင်းက ဝင်ပြောလိုက်သည်။
"အသက်ကြီးလာရင် လူကြီးတွေရဲ့အရွတ်တွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းက ကောင်းကောင်း အလုပ်မလုပ်တော့ဘူး။ အဆစ်တွေကလည်း ကောင်းကောင်း မလှုပ်ရှားနိုင်တော့ဘူး။ ဒါကြောင့် သူတို့လဲကျသွားရင် အဆစ်တွေ၊ ကြွက်သားတွေ ပျက်ဆီးသွားနိုင်တယ်၊ ကျိုးပဲ့သွားနိုင်တယ်"
ထို့အပြင် သက်ကြီးရွယ်အိုများသည် များသောအားဖြင့် အရိုးပွရောဂါ အနည်းအကျဥ်း ရှိတတ်ရာ သူတို့၏ အရိုးများသည် ကြွပ်ဆတ်၍ ပြန်လည်ကုသနိုင်စွမ်းသည်လည်း လူငယ်များထက် နိမ့်ကျလာသည်ဖြစ်သဖြင့် တစ်ကြိမ် ထိခိုက်ဒဏ်ရာရသည်နှင့် လက်ကျန်ဘဝ တစ်လျှောက်လုံး ဒဏ်ဖြစ်သွားနိုင်၏။
ကျင်းယွင်ကျောင်း၏ စကားများသည် တစ်ဖက်ရှိ အမျိုးသားကြီးနှင့် အမျိုးသမီးကြီး၏ အာရုံအား ဆွဲဆောင်လိုက်နိုင်၍ ကောင်လေးကမူ ပို၍ မကျေမနပ်ဖြစ်လာသည်။
"မင်းက ဘယ်သူလဲ"
"နေပါဦး။ နင်...နင်က ကျင်းယွင်ကျောင်းလား။ ငါ့ကို မမှတ်မိဘူးလား။ ငါတို့က အခန်းဖော်တွေ ဖြစ်ခဲ့ဖူးတယ်လေ"
မိန်းကလေးက သူမအား လက်ညှိုးထိုး၍ ပြောလာရာ ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့၍ ထိုအကြောင်းကို စဥ်းစားကြည့်လိုက်သည်။
လက်တွေ့၌ သူမသည် တစ်ကြိမ် ပြန်လည်မွေးဖွားလာပြီး ယခင်ဘဝ၌လည်း အသက်နှစ်ဆယ်ကျော်အထိ နေထိုင်ခဲ့ပြီး ဖြစ်ရာ သူမ၏ အထက်တန်းကျောင်း အတန်းဖော်များ အားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိသော်လည်း ယခင်ကျောင်းမှ အတန်းဖော်များကိုမူ မမှတ်မိနိုင်ပေ။
ထို့ကြောင့် သူမ ခေတ္တမျှ တွေဝေနေပြီးနောက် ရုတ်တရက် ရင်းနှီးနေသည့်ပုံရိပ်တစ်ခုက သူမ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။
"နင်က ဝူစစ်စစ်လား"
"ဟုတ်တယ်"
တစ်ဖက်လူက ပြုံးရွှင်စွာဖြင့် ပြန်ဖြေလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းကလည်း ပြန်ပြုံးပြလိုက်၍ ရုတ်တရက် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
ဤမိန်းကလေးသည် အမှန်တကယ်ပင် အလယ်တန်းကျောင်းမှ အတန်းဖော်တစ်ယောက်ဖြစ်၏။ သို့သော် သူမက တစ်နှစ်သာနေပြီး နောက်ပိုင်း၌ နင်းမြို့တော်သို့ ပြောင်းသွားခဲ့သည်။ သူမ နင်းရှန်မြို့တွင် ရှိနေစဥ်က ကျင်းယွင်ကျောင်းအား နေ့စဥ်နေ့တိုင်း သူမ၏ အိမ်စာများကို အတင်းအကြပ် ရေးခိုင်း၍ အနိုင်ကျင့်တတ်သည့် အကျင့်စာရိတ္တ ဆိုးရွားသူတစ်ယောက် ဖြစ်သည်။ ထို့အပြင် ထိုအကြောင်းအား ဆရာမနှင့် ပြန်မတိုင်ရန်လည်း ခြိမ်းခြောက်တတ်၍ သူမသည် ယခင်ဘဝ အလယ်တန်းကျောင်း၌ ကျင်းယွင်ကျောင်း၏ နံပါတ်တစ် အမုန်းဆုံးရန်သူဟုပင် ယူဆနိုင်၏။
Chapter 442 : သီးသန့်ဖြေရှင်းခြင်း
ကျင်းယွင်ကျောင်းသည် အလယ်တန်းကျောင်းသူဘဝ၌ အလွန် အသုံးမကျသူ တစ်ယောက် ဖြစ်ခဲ့ပြီး ချောင်ဟုန်ယဲ့က သူမအား နေ့စဥ် အနိုင်ကျင့်သည့်အပြင် အတန်းထဲရှိ အခြားကျောင်းသားကျောင်းသူများကလည်း သူမအား အေးတိအေးစက်သာ ပြောဆို ဆက်ဆံကြသည်။
ထိုကဲ့သို့ ရဲတင်းသော ကျောင်းသားများအနက် ယခု သူမ၏ အရှေ့၌ ရပ်နေသည့် ဝူစစ်စစ်လည်း တစ်ယောက် အပါအဝင် ဖြစ်၏။
သို့သော် ထိုအချိန်က သူမသည် ဆံပင်တို၍ မျက်နှာပေါ်တွင်လည်း ဝက်ခြံများ ရှိကာ ယောကျ်ားလေးများအကြိုက် ပုံစံမျိုး မဟုတ်ပေ။
သို့သော် ယခုအချိန်၌ သူမ၏ မျက်နှာ၌ ဝက်ခြံများပါးသွား၍ ကြည်ကြည်လင်လင် ဖြစ်လာရုံမက ဆံပင်များသည်လည်း မဲနက်၍ ရှည်လျားဖြောင့်စင်းနေကာ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် ဂျက်ကတ် ခါးတို တစ်ထည်ကို ဝတ်ဆင်ထား၍ ပိန်ပါး သွယ်လျပုံ ပေါ်နေသည်။
သုံးနှစ်မျှသာ ကြာသေးသော်လည်း ပြောင်းလဲမှုက ကြီးမားလွန်းလှ၏။
ကျင်းယွင်ကျောင်း၏ တအံ့တသြ အကြည့်ကို မြင်သောအခါ ဝူစစ်စစ်သည် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။
"ကျင်းယွင်ကျောင်း၊ နင် ခုနတုန်းက ဘာလို့ ရှောင်လိုက်တာလဲ။ နင်သာ မရှောင်လိုက်ရင် ဒီအဖွားကို မတော်တဆ ထိသွားမှာ မဟုတ်ဘူး"
ဝူစစ်စစ်က သာမန်လျှံကာ ပြောလိုက်၏။
သူမ ယခင် အတန်းဖော်ဟောင်းများနှင့် တွေ့ဆုံရသည်ကို လုံးဝမပျော်ပေ။ အကြောင်းမှာ ထိုအတန်းဖော်များသည် သူမ၏ ယခင်က ရုပ်ဆိုးသည့် ပုံပန်းသွင်ပြင်အား မှတ်မိနေသောကြောင့်ပင်။
သူမ ငယ်စဥ်က နင်းရှန်မြို့၌ နေရသည့်အကြောင်းအရင်းမှာ သူမ၏ မိဘများသည် သူမအား မွေးပြီးပြီးချင်း တောနယ်၌နေသည့် အဖွား၏ ပြုစုစောင့်ရှောက်မှုကို ခံယူရန် နင်းရှန်မြို့သို့ ပို့လိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုအချိန်က အဖွားဖြစ်သူ ဝယ်ပေးသည့် အဝတ်အစားများသည် မလှသဖြင့် သူမသည် လုံးဝ ချစ်ခင် နှစ်သက်ဖွယ် မကောင်းခဲ့ပေ။
သို့သော် နောက်ပိုင်း၌ သူမသည် မိဘများဆီသို့ ပြန်သွားခဲ့ပြီး အစ်မရင်းဖြစ်သူက နေ့စဥ် နေ့တိုင်း အလှဆုံး အဝတ်အစားများကို ဝတ်ဆင်၍ အခြားသူများ၏ ချီးမွှမ်းခံရခြင်းကို မြင်ခဲ့ရ၏။ သို့သော် သူမ ရောက်လာသောအခါ လူတိုင်း ဆွံ့အသွားကြသည်။
ဘာများ မှားနေလို့လဲ။
ထို့ကြောင့် သူမသည် အတန်းဖော်သစ်များကို အလှဆုံး ရုပ်ရည်သွင်ပြင်နှင့် တွေ့နိုင်ရန် ကျောင်းတစ်နှစ် နား၍ ရုပ်လှလာစေဖို့အတွက် အင်တိုက်အားတိုက် ကြိုးစားခဲ့သည်။
မူလက သူမသည် ယနေ့ အဖွားဖြစ်သူအား အဖော်ပြုပေးရန်အတွက် ပြန်လာခဲ့ခြင်း ဖြစ်သော်လည်း သူမ၏ အတန်းဖော်ကပါ အတူ အလည်လိုက်လာရာ နင်းရှန်မြို့၌ စိတ်ဝင်စားစရာ နေရာ မရှိသဖြင့် ထိုအတန်းဖော်အား ခရိုင်မြို့သို့ အလည်ခေါ်လာခြင်း ဖြစ်သည်။
သို့သော် သူမသည် ကျင်းယွင်ကျောင်းကို တွေ့လိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။
သူက ငါ့ရဲ့ပုံပန်းသွင်ပြင်ကို အကဲဖြတ်နေရအောင် သူက ဘယ်လောက် ကောင်းလို့လဲ။
ထို့ကြောင့် ဝူစစ်စစ်သည် ကျင်းယွင်ကျောင်းအား စကားပြောရင်း ခြေဆုံး ခေါင်းဆုံး အကဲခတ်လိုက်၏။
သို့သော် ကျင်းယွင်ကျောင်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
"ငါက မရှောင်လို့ ဒီနားမှာ ရပ်ပြီး ဘောလုံးမှန်အောင် စောင့်နေရမှာလား"
"သြော်..ဒါဆိုရင် နင်လည်း တစ်ဝက် တာဝန်ယူရမှာပေါ့။ မဟုတ်ဘူးလား"
ဝူစစ်စစ်က ပေါ့တိပေါ့ပျက် ပြောလာသည်။
ကျင်းယွင်ကျောင်း၏ လက်ထဲ၌ အသီးအရွက် ခြင်းတောင်းတစ်တောင်း ကိုင်ထား၍ အရွက်ဟင်းလျာများ ချက်ပြုတ်ရန်အတွက် ဝယ်လာခြင်းဖြစ်၏။ အခြား လက်တစ်ဖက်တွင်မူ မီးရှူးမီးပန်းများနှင့် ဗျောက်အိုးများကို ကိုင်ထားကာ ဆော့ကစားရန်အတွက် ငွေစက္ကူ အတုများလည်း ပါပြီး အရည်အသွေး ညံ့သည့် ပစ္စည်များ ဖြစ်ကြောင်းသိသာသည်။
ကျင်းယွင်ကျောင်းသည် ယခုအချိန်၌ ချောင်မိသားစုနှင့် တော်စပ်မှုများကို ဖြတ်တောက်ထားကြောင်း ဝူစစ်စစ် သိထားပြီးသား ဖြစ်၏။ ကျင်းယွင်ကျောင်း၏ ညီမ ချောင်ဟုန်ယဲ့သည်လည်း မိသားစုပိုင် ငွေများကို ခိုးယူ၍ ခြေရာဖျောက်ကာ ထွက်ပြေးသွားခဲ့သည်။ သူမသည် အမှန်တကယ်ပင် ပရမ်းပတာ မိန်းကလေးတစ်ယောက် ဖြစ်၏။
ငါ ဘာလို့ အရင်တုန်းက ဒါကို မသိခဲ့ရတာလဲ။
ဝူစစ်စစ်၏ ဆင်ခြင်တုံတရား ကင်းမဲ့မှုအား ကျင်းယွင်ကျောင်း လုံးဝ မအံ့သြပေ။
"ဆောရီးပဲ။ ငါ ဒီကိစ္စကို တာဝန်မယူနိုင်ဘူး။ နင်တို့နှစ်ယောက် အဖွားကို စစ်ဆေးမှုတွေလုပ်ပေးဖို့ ဆေးရုံကို ခေါ်သွားသင့်တယ်လို့ ငါ ထင်တယ်"
ကျင်းယွင်ကျောင်းက တည့်တိုးပင် ပြောလိုက်သည်။
ဝူစစ်စစ်နှင့် စတွေ့သည့်အချိန်၌ သူမသည် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ခန့်သာ ရှိသေး၍ သတ္တိ သိပ်မရှိသေးပေ။ ထို့ကြောင့် ဝူစစ်စစ်က သူမအား အနိုင်ကျင့်သည့် အချိန်တိုင်း ဒေါသများကို မြိုသိပ်၍ ငုံ့ခံနေရုံသာ တတ်နိုင်၏။
ချောင်ဟုန်ယဲ့သည် အသိတရားရှိ၍ စိတ်ထားကောင်းသောပုံရိပ်ကို အမြဲ ထိန်းသိမ်းတတ်သူဖြစ်၍ ကျင်းယွင်ကျောင်းအား ကျောင်း၌ တိုက်ရိုက် အနိုင်မကျင့်သော်လည်း ဝူစစ်စစ်ကမူ မတူပေ။ သူမအား အရှက်ကင်းမဲ့သူဟု ပြောပါက ပုံကြီးချဲ့ခြင်း မဟုတ်။
ဝူစစ်စစ်သည် ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ မကျေမနပ် မဲ့လိုက်ပြီး ...
"ပိုက်ဆံ လျော်လိုက်ရအောင်လေ။ ငါတို့က ယွမ်တစ်ရာပေးမယ်။ ကျင်းယွင်ကျောင်း၊ နင်လည်း ယွမ်တစ်ရာ ပေးလိုက်။ ဘယ်လိုလဲ"
စကားဆုံးသည်နှင့် သူမသည် ကျင်းယွင်ကျောင်းကို ကျော်၍ နစ်နာသူ မိသားစုအား ကြည့်လိုက်သည်။
သူမ၏ အမြင်တွင်မူ ဤကိစ္စ၌ ကျင်းယွင်ကျောင်း၏ သဘောတူညီချက် လုံးဝမလိုပေ။
တကယ်လို့ ကျင်းယွင်ကျောင်းမှာ ပိုက်ဆံ မရှိရင်လည်း ဖြေရှင်းဖို့ လွယ်ပါတယ်။ ဝယ်ထားပြီးသား ပစ္စည်းတွေကို ပေးလိုက်ရင် လောက်တယ် မဟုတ်လား။
Chapter 443 : ဘာလို့ သူနဲ့ ယှဥ်နေတာလဲ
ဝူစစ်စစ်က ဖြောင့်မတ်ဟန် အပြည့်ဖြင့် ပြောလိုက်သော်လည်း ထိုမိသားစုကမူ မျက်နှာ သိပ်မကောင်းပေ။ အဖွားအိုသည် သူမ၏ ခါးကို ပွတ်၍ မတ်တပ် ရပ်လိုက်ပြီးနောက် ဝူစစ်စစ်အား ဒေါသတကြီး ကြည့်လိုက်သည်။
သူမ၏ သားဖြစ်သူကမူ ပို၍ပင် ဒေါသထွက်နေ၏။
"ငါတို့ ပိုက်ဆံ မလိုချင်ဘူး"
"ပိုက်ဆံ မလိုချင်ဘူးလား။ ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခု ခင်ဗျားတို့လည်း အဆင်ပြေနေတယ်ဆိုတော့ အရင်ဆုံး သွားခွင့်ပြုပါဦး"
ဝူစစ်စစ်၏ ဘေး၌ ရပ်နေသည့် ကောင်လေးက ချက်ချင်း ဝင်ပြောလိုက်ပြီး စကားဆုံးသည်နှင့် နောက်လှည့်၍ ဤနေရာမှ ထွက်သွားဟန်ပြင်လိုက်၏။ သူ၏ ရိုင်းပျမှုကို မြင်သောအခါ တစ်ဖက်မှ ဦးလေးကြီးက ချက်ချင်း တားလိုက်သည်။
"မင်းတို့ သွားလို့ မရသေးဘူး"
ပထမ၌ သူသည် ကလေးများနှင့် ယှဥ်၍ ရန်မဖြစ်ချင်ခဲ့ပေ။ ဤသည်မှာ ပုံမှန်သာဖြစ်၍ မင်္ဂလာရှိသည့် နှစ်သစ်ကူးအခါတွင် အခြားသူများအား စိတ်ညစ်အောင် မလုပ်လိုခြင်း ဖြစ်ကာ ကျောင်းသားလေးများအား ဗွေမယူရန် တွေးခဲ့သည်။ သို့သော် တစ်ဖက်လူသည် အလွန်ဆင်ခြင်တုံတရား ကင်းမဲ့လှ၏။
သည်လိုမျိုး ဖြစ်သွားရင် သူတို့ဘက်က တောင်းပန်သင့်တာလေ။ ဒါပေမယ့် သူတို့က ရောက်လာတာနဲ့ သူတို့ကို ငွေမညစ်ဖို့ ပြောတယ်။ တကယ်လို့ အဲ့စကားကို ပြောမယ်ဆိုရင်တောင် သီးသန့် ပြောရမှာ။ ငါတို့က မွဲနေလို့လား။
အကယ်လို့ ငါတို့ကသာ ငွေညစ်မယ်ဆိုရင် အဖွားက ဘာမှ မဖြစ်ရင်တောင်မှ လဲကျနေရာကနေ ထလာမှာ မဟုတ်ဘူး။ ပိုပြီး အသက်တိုသွားသလို ဟန်ဆောင်နေမှာပေါ့။
ဦးလေးကြီးက တားလိုက်သောအခါ ဝူစစ်စစ်နှင့်သူ၏ အတန်းဖော်တို့သည် သူတို့ ခန့်မှန်းထားသည့်အတိုင်း ထိုမိသားစု ဤနေရာသို့ ရောက်လာခြင်းမှာ ငွေညစ်ရန်အတွက်သာ ဖြစ်သည်ဟူသော မျက်နှာအမူအယာများကို ချက်ချင်း ထုတ်ပြလာကြသည်။
"ဒါဆိုရင် ဘယ်လောက်ကျလဲ ဦးလေး။ ကျေးဇူးပြုပြီး ပြောပြပါ။ ဒါပေမယ့် ကျွန်တော်တို့က ကျောင်းသားတွေဆိုတော့ မုန့်ဖိုး နည်းနည်းပဲပါတာ။ ပြီးတော့ ဒီဇာတိတွေလည်း မဟုတ်ဘူး။ ဒီနေ့ တစ်နေကုန် လျှောက်လည်နေတာနဲ့ ဘာမှတောင် မစားရသေးဘူး"
ကောင်လေးက ပြောလာ၏။
"ဦးလေး၊ ကျွန်မတို့က ရည်ရွယ်ချက် ရှိရှိ လုပ်တာလည်း မဟုတ်ဘူး။ တကယ်လို့ ကျင်းယွင်ကျောင်းသာ မရှောင်လိုက်ရင် ဘောလုံးကလည်း ရှင်တို့ကိုမှန်မှာ မဟုတ်ဘူး။ တကယ်လို့ ကျင်းယွင်ကျောင်းသာ တစ်ဝက် တာဝန် မယူဘူးဆိုရင် ကျွန်မတို့လည်း တာဝန် မယူနိုင်ဘူး"
ဝူစစ်စစ်က ဆက်ပြောလိုက်သည်။
ထိုစကားလုံးများအား ကြားသည်နှင့် တစ်ဖက်ရှိ တစ်မိသားစုလုံး၏ မျက်နှာများသည် ဒေါသထွက်လွန်း၍ အလွန်အမင်း ဖြူဖတ်ဖြူရော် ဖြစ်သွား၏။
သူတို့က ထိုကလေး နှစ်ယောက်အား တောင်းပန်စေချင်သည်မှာ အသိအသာပင် ဖြစ်သော်လည်း ထိုနှစ်ယောက်ကမူ သူတို့အား အခွင့်အရေးသမားများသဖွယ် ဆက်တိုက် ပြောဆိုနေသည်။
"မင်းတို့ ကလေးနှစ်ယောက်က တကယ်ကို ဆင်ခြင်တုံတရား မရှိတာပဲ။ မင်းတို့က လူကိုထိအောင် ပစ်တာ အသိသာကြီး။ ဒါတောင် သူ့ကို မတောင်းပန်တဲ့အပြင် ဘာလို့ ဒီလိုမျိုး သူ့အပြစ်ဖြစ်အောင်ပါ ဆွဲချနေကြတာလဲ"
ဦးလေးကြီးက ဒေါသတကြီး ပြောလိုက်၏။
ထိုအခါ ဝူစစ်စစ်သည် ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် ကောင်လေးအား ကြည့်၍ ချက်ချင်း မေးလိုက်သည်။
"ငါ တောင်းပန်ပါတယ်။ နင် အဆင်ပြေရဲ့လား။ နင် လျော်ကြေးပေးချင်လား"
ထိုစကားကို ကြားသောအခါ ဦးလေးကြီးသည် ပို၍ဒေါသထွက်သွား၏။
"ထားလိုက်တော့၊ ထားလိုက်တော့။ ဒီလို အသိဉာဏ် မရှိတဲ့ဟာတွေက နားလည်မှာ မဟုတ်ဘူး"
အဖွားအိုက ခေါင်းခါ၍ ဝင်ပြောလိုက်သည်။
အဖွားသည် ခါးကို လက်ဖြင့် အုပ်ထား၍ မသက်မသာ ဖြစ်နေပုံရ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက သူမအား တစ်ချက်ကြည့်၍ ထိုနေရာသို့လျှောက်သွားလိုက်ပြီးနောက် ခါးပေါ်ရှိ အပ်စိုက်မှတ် နေရာများအား ဖိပေးလိုက်သည်။
"ဒီလိုဆို ပိုပြီးတော့ သက်သာလာပြီ မဟုတ်လား၊ အဖွား"
"အာ...တကယ်ပဲ၊ မိန်းကလေး၊ မင်းက တော်လိုက်တာ။ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်ပြီး နွေးလာသလို ခံစားရတယ်"
အဖွားအိုသည် ထူးဆန်းသည်ဟုပါ ခံစားနေရ၏။
ထိုအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်သည်။ အဖွားအို၏ ဒဏ်ရာက မပြင်းပေ၊ အကြောင်းမှာ သူမ လဲကျစဥ်က ခါးရှိ ကြွက်သားများနှင့် အရိုးများကို ဆန့်ထားသောကြောင့် ဖြစ်ကာ ထိိခိုက်ဒဏ် ကြီးကြီးမားမား မခံစားရ။ ထို့ကြောင့် အပ်စိုက်မှတ်နေရာအချို့အား ဖိနှိပ်ပြီးနောက် သက်သာလုနီးပါးဖြစ်သွားခြင်းပင်။
"ခုနက ကျွန်မ နှိပ်ပေးတဲ့နေရာကို အိမ်ပြန်ရောက်ရင် ဦးလေးကို ထပ်နှိပ်ခိုင်းလိုက်ပါ။ ဒါဆို နာရီနည်းနည်း ကြာရင် သက်သာသွားပါလိမ့်မယ်"
အဖွားအိုက ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ပြီး ...
"ဟုတ်ပြီ၊ ဟုတ်ပြီ။ ငါ မင်း ပြောတဲ့အတိုင်း နားထောင်ပါ့မယ်"
"ဒါနဲ့ မင်းကလည်း ကျောင်းသူ တစ်ယောက်ပဲကို ဘာကြောင့်များ ဒီလောက် အကွာကြီး ကွာနေရတာလဲ"
အဖွားအိုက ခပ်တိုးတိုး မရေရွတ်မိဘဲ မနေနိုင်ချေ။
ထိုစကားကို ကြားသောအခါ ဝူစစ်စစ်သည် မပျော်မရွှင် ဖြစ်သွားပြီး ...
"အဖွားကြီး၊ ရှင်က ဘာစကားပြောတာလဲ။ ကျွန်မတို့ကလည်း ရှင့်ကို လျော်ကြေးပေးမယ်လို့ မပြောခဲ့ဘူးလား။ ဒါကို ရှင်တို့က မလိုချင်ဘူးဆိုလို့ ကျွန်မ ခုနကပဲ ရှင်တို့ကို တောင်းပန်ပြီးပြီလေ။ ကျင်းယွင်ကျောင်းက ရှေ့ထွက်ပြီး ခဏလောက် ဟိုထိဒီဖိနဲ့လုပ်လိုက်ရုံပဲကို ရှင်က ဘာကြောင့် ကျွန်မကို သူနဲ့ နှိုင်းနေတာလဲ"
ထိုအခါ အဖွားအိုသည် ထပ်မံ၍ ထိတ်လန့်မှင်သက်သွားပြန်၏။
"ကျောင်းသူလေး၊ ငါက မင်းရဲ့နာမည်လည်း ထည့်မပြောမိပါဘူး"
ငါ ဒီလောက် ရိုင်းစိုင်းတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။ သူ့ရဲ့မိသားစုက သူ့ကို ဘယ်လိုများ ဆုံးမထားလဲ မသိဘူး။ သူက အပေါ်ယံမှာတော့ လိမ္မာတဲ့ ပုံစံပေမယ့် အတွင်းစိတ်က ဒီလောက် မိုက်ရိုင်းနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားဘူး။
Chapter 444 : မြှောက်ပင့်ခြင်းနှင့် သိက္ခာချခြင်း
ကျင်းယွင်ကျောင်းသည်လည်း ဝူစစ်စစ်၏ လူနေမှုပတ်ဝန်းကျင်ကို ပြန်တွေးကြည့်လိုက်၏။ သူမသည် အဖွားဖြစ်သူနှင့် ကြီးပြင်းလာခြင်း ဖြစ်သည်။ သူမ၏ အဖွားသည် ဤအနီးအနားပတ်ဝန်းကျင် ဆယ်မိုင်အတွင်းနှင့် ရွာပေါင်း ရှစ်ရွာခန့်၌ သြဇာလွှမ်းမိုးမှု အရှိဆုံး အဖွားအိုဟု ဆိုနိုင်သည်။
ကျောင်းရှိ ဆရာ၊ ဆရာမများသည်လည်း ဝူစစ်စစ်အား ရန်မစရဲကြပေ။ ထိုသို့မဟုတ်ပါက ထိုအဖွားအိုက သေချာပေါက် ပြဿနာ လာရှာ၍ အခြားလူများ၏ မိသားစုများကို အော်ဟစ် ကျိန်ဆဲပြီး စိတ်မသက်မသာ ဖြစ်အောင် လုပ်လိမ့်မည်သာ။
ကျင်းယွင်ကျောင်းသည် ယခင် ဘဝက ထိုအဖွားအိုအား တွေ့ဖူး၏။ သူမ၌ စူးရှသော မျက်ဝန်းများရှိကာ စကားပြောသည့် အချိန်တွင်လည်း တစ်ဖက်လူအား ခွန်းတုံ့ပြန်ခွင့် လုံးဝမပေးဘဲ အသံကျယ်ကျယ်ဖြင့် ပတ်ဝန်းကျင်အား စိုးမိုးထားတတ်သည်။ ဝူစစ်စစ်သည် ထို အကျင့်စရိုက်များအား အမွေရခဲ့၏။
ထို့ကြောင့် ယခင်က ဝူစစ်စစ် မည်မျှပင် ပြဿနာရှာစေကာမူ မည်သူကမှ သူမအား အပြစ်မပေးရဲပေ။ လက်တွေ့၌ ဤ မြို့ငယ်လေးရှိ လူများသည် အလွန် ရိုးသားကြ၏။
ဝူစစ်စစ်သည် သူမ၏ ပုံပန်းသွင်ပြင်ကို မည်မျှပင် ချစ်စရာကောင်းအောင် ပြောင်းလဲလိုက်စေကာမူ သူမ၏ ရင်ထဲရှိ ယုတ်မာသည့် စိတ်ထားကမူ ယခင်အတိုင်းပင် ကျန်ရှိနေ၏။
ဤမြို့လေး၌ အဘိုးအဘွားများနှင့် အတူနေ၍ ကြီးပြင်းလာသည့် ကလေး အတော်များများရှိသော်လည်း သူမ ကဲ့သို့ ရိုင်းစိုင်း မောက်မာသူမှာမူ မရှိသလောက် နည်းသည်။
ဝူစစ်စစ်သည် အဖွားအိုအား စိုက်ကြည့်၍ အံကြိတ်လိုက်၏။
"ရှင်က ကျွန်မကို ငတုံးလို့ တွေးနေတာလား။ ရှင်ပြောချင်တဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးလို့ ထင်နေတာလား။ ရှင်က ကျွန်မကို သိက္ခာ ချချင်လို့ ကျင်းယွင်ကျောင်းကို မြှောက်ပင့်နေတာ အသိသာကြီး"
"ငါကတော့ မင်းကို သိပ်ဂရုမစိုက်ပါဘူး။ လူကြီးသူမ တစ်ယောက်ကို စကားနဲ့ ဒေါသထွက်အောင် ရန်စနေတဲ့ မင်းကရော မှန်နေလို့လား။ မင်း ငါတို့ အမေကို ဒေါသထွက်အောင် လုပ်မိရင် တာဝန်ယူနိုင်လို့လား"
ဦးလေးကြီးက ချက်ချင်းပင် ပြောလာသည်။
လမ်းပေါ်၌ လူများစွာ ရှိနေသဖြင့် သူတို့သည် လမ်းဘေး၌ ရပ်နေကြရ၏။ ထို့ကြောင့် သူတို့၏ အသံများက ဆူညံနေသော်လည်း အခြားနေရာမှ အသံများက ပို၍ ဆူညံနေရာ မည်သူကမှ သူတို့အား အာရုံ မစိုက်ကြပေ။
"ရှင်တို့က ကျွန်မတို့ကို လူအုပ် အားကိုးနဲ့ အနိုင်ကျင့်နေတာလား"
ဝူစစ်စစ်က ပြောလိုက်ပြီးနောက် ကျင်းယွင်ကျောင်းအား တစ်ချက်ကြည့်ကာ အေးတိအေးစက် ထပ်ပြောလာသည်။
"ဘာလ်ို့လဲ။ ရှင်က ကျွန်မကို ကျင်းယွင်ကျောင်းနဲ့ ဘာတွေများ ယှဥ်ပြီး ပြောနေတာလဲ။ သူက ဘယ်သူလဲဆိုတာ ရှင်တို့သိလို့လား။ သူက မျက်လုံးဖြူမြေခွေးမ တစ်ကောင်သာသာပဲ။ သူ့အဖေက အခု နေ့တိုင်း ဝှီးချဲပေါ်မှာပဲ ထိုင်နေရပြီး စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေတာတောင် သူက သူ့အဖေကို ပြုစုဖို့ သွားမတွေ့ဘူး။ ဒီလို လူမျိုးကို ကျွန်မနဲ့ နှိုင်းရအောင် တန်လို့လား"
ဝူစစ်စစ် ပြောသည့် အဖေဆိုသည်မှာ ချောင်ဝေ့မင်အား ရည်ညွန်းခြင်း ဖြစ်၏။
ယခင်က ချောင်ဝေ့မင် ခြေထောက် ကျိုးသွားသည့်အကြောင်းကို အားလုံး သိထားပြီး ဖြစ်သည်။
သို့သော် မြို့ထဲရှိ မည်သူကမျှ သူ့အပေါ်တွင် သနားကရုဏာ မသက်ကြပေ။ လက်တွေ့၌ ထိုအချိန်က ပြဿနာသည် အင်တာနက်ပေါ်၌ အလွန်ဂယက် ရိုက်ခဲ့သည်ဖြစ်ရာ ချောင်ဝေ့မင်၏ လုပ်ရပ်များသည် နေရာအနှံ့ ပျံ့နှံ့သွားပြီးသား ဖြစ်၏။
သို့သော် ဝူစစ်စစ်ကမူ နင်းရှန်မြို့သို့ ပြန်မလာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်၍ ထိုအကြောင်းအရာများကို အသေးစိတ် မသိပေ။
ထို့ကြောင့် ကျင်းယွင်ကျောင်း ပြန်မပြောရသေးမီမှာပင် ဝူစစ်စစ်က သူမအား ကြည့်လာပြီး လှောင်ရယ်လိုက်သည်။
"ကျင်းယွင်ကျောင်း၊ နင်က လုပ်နိုင်သားပဲ။ အခု နင့်ရဲ့အရည်အချင်းတွေက ကောင်းသထက် ကောင်းလာပြီနော်။ လူကောင်းတစ်ယောက်လို ဟန်ဆောင်တဲ့ နည်းလမ်းတွေကိုပါ သင်ယူထားပြီပဲ။ ဘာပဲဖြစ်ဖြစ်၊ ဒါက ငါ့ကို မျက်နှာပျက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်လား။ ဒါပေမယ့် ငါတို့က တစ်နှစ်လောက်တောင် အတန်းဖော်တွေဖြစ်ခဲ့တာလေ၊ နင်က ဘယ်လိုလုပ်ပြီး အပြင်လူတွေဘက်က ပါနိုင်ရတာလဲ"
"သြော်...ခုနတုန်းကဟာကိုလည်း ငါတို့ မမြင်လိုက်ဘူးလို့ မထင်နဲ့နော်။ ယောက်ျားတစ်ယောက်က နင်က သူ့ရဲ့မိန်းကလေးလို့ ပြောလိုက်တာ မဟုတ်လား။ ဒါပေမယ့် ငါ အဲ့လူ သတိလစ်ပြီး အခြားလူတွေက သယ်သွားတာကိုလည်း တွေ့လိုက်သေးတယ်။ နင့်ရဲ့ခန္ဓာကိုယ်ရော ဘာဖြစ်သွားသေးလဲ။ ငါ နင့်ကို ဂရုစိုက်ဖို့ အကြံပေးချင်တယ်။ နင် မြစ်ဘေးမှာ ခဏခဏ မတ်တပ်ရပ်လို့ နင့်ခြေထောက်တွေ ရေစိုသွားရင် မကောင်းဘူးလေ"
(T/N : ပြဿနာများတဲ့သူနဲ့ နေရင် ကိုယ်ပါ ပြဿနာအိုး ဖြစ်လာမှာကို ပြောတာပါ။)
ဝူစစ်စစ်က ထပ်မံ၍ ပြောလာပြန်၏။
သူမသည် အစောပိုင်းက ကျင်းယွင်ကျောင်းအား မြင်လိုက်သော်လည်း ချက်ချင်း မမှတ်မိပေ။
ထိုသို့ မမှတ်မိသည့် အဓိကအကြောင်းအရင်းမှာ ကျင်းယွင်ကျောင်းက အများကြီး ပို၍ လှလာသောကြောင့်ပင်။ ထိုအချိန်က သူမသည် မီးပန်းဆယ်ခု၊ အခု နှစ်ဆယ်ခန့် ဝယ်သွားသည့်လူကို မြင်လိုက်၍ အံ့သြသွားပြီး နှစ်ခါ ပြန်ကြည့်လိုက်မိခြင်း ဖြစ်၏။
ထို့နောက် အဖြစ်အပျက်များကိုမူ သူမသည် ဝယ်ချင်နေသည့် ပစ္စည်းများကို မြင်လိုက်သောကြောင့် များများစားစား အာရုံ မစိုက်မိချေ။ ထိုအမျိုးသားနှစ်ယောက် ထွက်သွားသည်ကိုသာ မြင်လိုက်သည်။
ထိုအချိန်ကျမှ သူမသည် ကျင်းယွင်ကျောင်း၏နောက်ကျောကို လှမ်းမြင်လိုက်ပြီး မည်သူဖြစ်ကြောင်း ခန့်မှန်းမိသွား၏။
အစောပိုင်းက ဘောလုံးသည် အမှန်တကယ်ပင် ကျင်းယွင်ကျောင်းအား ချိန်၍ ပစ်ပေါက်လိုက်ခြင်းပင်။ သို့သော် သူမသည် နောက်ကျော၌ မျက်စိပါသည့်အလား တိတိကျကျ ရှောင်လိုက်နိုင်မည်ဟု မည်သူသိမည်နည်း။
ကံဆိုးလိုက်တာ။