အခန်း (၄၄၅-၄၄၈)
Vol. 23 Ch. 445-448
Chapter 445 : ဘယ်သူ့မှာ ပိုက်ဆံအရှိဆုံးလဲ
ဝူစစ်စစ်၏ မျက်နှာထားသည် စက်ဆုပ်ရွံရှာဟန်ဖြစ်နေ၍ သူမ၏ စကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ခေါင်းမူးလာသလို ခံစားလိုက်ရ၏။
"နင် ပြောလို့ပြီးပြီလား"
ကျင်းယွင်ကျောင်းသည် ထိုနေရာ၌ပင် နှိမ့်ချခြင်း မရှိ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲခြင်း မရှိသော အမူအယာဖြင့် သက်တောင့်သက်သာ ရပ်နေပြီး ထပ်မံ၍ ပြောလိုက်သည်။
"ငါ နင်နဲ့ မတွေ့တာ နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီ။ နင်က အရင်ကထက် ပိုပြီးတော့ အရှက်မဲ့လာတာပဲ။ နင် ငါ့ကို အိမ်စာတွေ ကူးခိုင်းပြီး အနိုင်ကျင့်၊ ခြိမ်းခြောက်ရတာနဲ့ပဲ အသားကျနေတာ ထင်တယ်။ အခုတော့ နင် အမှား၊ အမှန်ကို ခွဲခြားရမယ့် အလှည့်ရောက်ပြီ။ ခုနတုန်းက ချောင်ဝေ့မင်ရဲ့အကြောင်းကို နင် စောဒကတက်လိုက်တယ် မဟုတ်ဘူးလား။ ဒါဆိုရင် သူ ဘာလို့ ဒီလောက် စုတ်ပြတ်ပြီး ဒုက္ခရောက်နေတာလဲဆိုတာ နင် မေးမကြည့်ခဲ့ဘူးလား။ မွေးစားသမီးကို အနိုင်ကျင့်တဲ့ အဲ့သူတောင်းစားက နင် အကာအကွယ်ပေးဖို့ တန်တယ်ပေါ့လေ။ နင့်ရဲ့အတွေးအမြင်တွေက အရမ်း အံ့သြစရာကောင်းနေပြီပဲ"
ထိုမိသားစုသည် ဝူစစ်စစ်၏ စကားများကို လုံးဝ မယုံကြည်ပေ။ တကယ်တမ်း၌ သူတို့သည် အစောပိုင်းက ကျင်းယွင်ကျောင်း ပြဿနာ တက်နေသည်ကိုလည်း မြင်ခဲ့ပုံမရ။
ယခု ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ အဖွားအိုနှင့် တခြားသူများသည် ပို၍ အံ့အားသင့်သွားကြပြီး စိတ်မကောင်း ဖြစ်သွားကြ၏။
လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကတဲ့လား။ အခု သည်မိန်းကလေး နှစ်ယောက်ကို ကြည့်ရတာ သိပ်အသက်ကြီးမယ့်ပုံ မပေါ်ဘူး။ ကြည့်ရတာ ဝူစစ်စစ်က ကလေးဘဝကတည်းက အတော်ဆိုးတဲ့ပုံပဲ။
"ကျင်းယွင်ကျောင်း၊ နင့်ကိုယ်နင် ရယ်စရာကောင်းနေတယ်လို့ မထင်ဘူးလား။ နင်က ချောင်အိမ်ကနေ ထွက်လာတယ်၊ ပြီးတော့ ဟွားနင်ခရိုင်ကို လာပြီး ခွေးတစ်ကောင်လို ပြုမူနေလို့ ရမယ်လို့များ တွေးနေတာလား။ နင် ဝယ်လာတဲ့ ပစ္စည်းတွေကိုလည်း ကြည့်ပါဦး။ အားလုံးက အသီးအရွက်တွေချည်းပဲ။ သူတို့ကို စားဖို့တောင် မပြင်ဆင်ရသေးဘူး။ နင့်ရဲ့ဗိုက်ကို အဲ့ပေါင်းပင်၊ မြက်ပင်တွေနဲ့ ဖြည့်လိုက်တော့ နင့်ရဲ့နှစ်သစ်ကူးပွဲတော်က တကယ့်ကို ခြောက်သယောင်းနေမှာပဲနော်"
ဝူစစ်စစ်က လှောင်ပြောင် ရယ်မောလိုက်၏။
ထို့နောက် စကားဆုံးသည်နှင့် သူမသည် ခဏမျှ စဥ်းစားလိုက်ပြီး လက်မြှောက်၍ ဘေးရှိကောင်လေးထံမှ စားလက်စ မုန့်ထုပ်အကျန်များကို လှမ်းယူလိုက်သည်။
"ငါ နင့်ကို မုန့်နည်းနည်းလောက် ပေးရင်ရော"
သို့သော် ကျင်းယွင်ကျောင်းက သူမအား တည်တည်ငြိမ်ငြိမ်ပင် စိုက်ကြည့်နေပြီး သူမ၏ စကားကို လုံးဝ အဖတ် မလုပ်ဘဲ ပြောလိုက်၏။
"ကောင်းပြီလေ၊ ငါ အဖွားကို လျော်ကြေးပေးရလည်း ကိစ္စမရှိဘူး။ ဒါကြောင့် နင်က ဘယ်လောက်ပေးမှာလဲ။ ခုနတုန်းက တစ်ယောက် တစ်ဝက် ပေးမယ်လို့ ပြောလိုက်တယ် မဟုတ်လား"
ငွေအကြောင်း ပြောသောအခါ ဝူစစ်စစ်သည် ချက်ချင်း မျက်နှာပျက်သွားပြီး ...
"နင် ရူးနေတာလား"
ဘာကိစ္စ ပိုက်ဆံ အကုန်ခံမှာလဲ။ ဒါက ငတုံးတွေရဲ့လုပ်ရပ် မဟုတ်လား။
"ကြည့်ရတာတော့ နင့်မှာ ပိုက်ဆံ မရှိဘူးလို့ နင် ပြောတာ မှန်တဲ့ပုံပဲ။ နင် ဆင်းရဲနေတယ်ဆိုရင်လည်း ဒီမုန့်တွေကို နင့်ကိုယ်နင် ပြန်ပေးလိုက်သင့်တယ်။ ပြီးတော့ ငါက နင် ဒီအတိုင်း လျော်ကြေးမပေးချင်တာလို့ပဲ ထင်နေတာ၊ ဒါပေမယ့် အခုတော့ နင်က လျော်ကြေး ပေးစရာ ပိုက်ဆံ မရှိတာ မဟုတ်လား။ ဒါဆိုရင် နင့်မှာ ဘာအစွမ်းအစများ ရှိလို့ ငါ ဒီလို အသီးအရွက်တွေ စားတာကို နင်က လှောင်ရယ်နေတာလဲ"
ကျင်းယွင်ကျောင်းက ပြောလိုက်၏။
ထိုအခါ ဝူစစ်စစ်က သူမအား ကြည့်လာပြီး ...
"ဒါက တိုက်ဆိုင်သွားလို့လေ၊ ငါက ငါ ကြိုရထားတဲ့ နှစ်သစ်ကူး မုန့်ဖိုးတွေနဲ့ ပုံမှန်ရနေကျ မုန့်ဖိုးတွေကို ကြိုသုံးပစ်လိုက်လို့။ နင့်လိုမျိုး ပိုက်ဆံ မတတ်နိုင်တာ မဟုတ်ဘူး။ တစ်ယောက် တစ်ဝက်စီ လျော်ကြေးပေးမယ်၊ ဟုတ်လား။ ရတယ်လေ၊ ဒါပေမယ့် ကျင်းယွင်ကျောင်း၊ ငါ ထုတ်ပေးသလောက် ငွေပမာဏကို နင်လည်း လိုက်ပြီးပေးရမယ်။ တကယ်လို့ နင်က လိုက်မပေးနိုင်တော့ဘဲ ငါ နိုင်သွားရင် နင် ဒီလမ်းပေါ်မှာ ငါ့ကို ကန်တော့ပြီး တောင်းပန်ရမယ်၊ ပြီးတော့ သူတို့ဆီကနေ ငါ့ပိုက်ဆံတွေ ပြန်တောင်းပေးရမယ်၊ ဘယ်လိုလဲ"
ကျင်းယွင်ကျောင်းဆီမှာ ပိုက်ဆံ ဘယ်လောက်များ ရှိမှာမို့လို့လဲ။ အခုကို သူ မီးပန်း ခုနစ်ခု၊ ရှစ်ခုလောက် ဝယ်ထားပြီးသား မဟုတ်လား။
ယခုအခါ ကျင်းယွင်ကျောင်းသည် လူတစ်ယောက်အား မွေးစား အဖိုးအဖြစ် သတ်မှတ်ထားကြောင်း မြို့ထဲရှိသူများထံမှ ကြားသိခဲ့ရ၏။ ထို့ကြောင့် သူမသည် ယနေ့ ထိုသူ့အတွက် ပစ္စည်း ပစ္စယများ ထွက်ဝယ်ပေးနေပုံ ရသည်။ သို့သော် တစ်ဖက်လူက မီးရှူးမီးပန်းများ ဝယ်ရန် ငွေမှ လွဲလျှင် သူမအား ငွေ လုံလုံလောက်လောက် ပေးလိုက်ပုံ မပေါ်ဘဲ အများဆုံး ယွမ် နှစ်ရာထက် ကျော်မည် မဟုတ်ပေ။
ထိုအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက််ပြီး ...
"ဟုတ်ပြီ"
"ဒါပေမယ့် နင်က ငါ့လိုမျိုး ငွေပမာဏ အတူတူ မပေးနိုင်ရင်ရော။ ဒီမိသားစုကို ဒူးထောက်ပြီး တောင်းပန်မလား"
ကျင်းယွင်ကျောင်းက ရယ်ရင်း မေးလိုက်ရာ ဝူစစ်စစ်ကလည်း ပြန်၍ လှောင်ရယ်လာ၏။
"ကိစ္စမရှိဘူး။ ဒါပေမယ့် နင် ဒီမိသားစုကို ဝင်ပြီးကူညီခွင့် မပေးရဘူး။ ပြီးတော့ ငါ့ရဲ့ပိုက်ဆံထဲမှာ ငါ့ အတန်းဖော်ရဲ့ပိုက်ဆံတွေလည်း ပါတယ်။ ဒါကြောင့် ငါ သူ့ဆီက ပိုက်ဆံ ယူတာက ပုံမှန်ပဲ"
ဝူစစ်စစ်က ထပ်ပြောလာရာ ကျင်းယွင်ကျောင်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။
"ဟုတ်ပြီလေ"
ထို့နောက် စကားဆုံးသောအခါ ဝူစစ်စစ်က သူမ၏ဘေးရှိ ကောင်လေးထံမှ ပိုက်ဆံအိတ်ကို စကားတစ်ခွန်းမှ မပြောဘဲ ထုတ်ယူလိုက်ပြီးနောက် ကျင်းယွင်ကျောင်းဘက်မှ စတင် လှုပ်ရှားလာမည်ကို စောင့်နေ၏။
ထိုအခါ ကျင်းယွင်ကျောင်းက သူမ၏ လက်ထဲရှိပစ္စည်းများကို ချထားလိုက်ပြီး ဝူစစ်စစ်အား တစ်ချက်ကြည့်ကာ အိတ်ထဲမှ ယွမ်တစ်ရာတန် နှစ်ရွက်ထုတ်ယူလိုက်သည်။ တစ်ဖက်လူက ထိုမြင်ကွင်းအား သေသေချာချာ ကြည့်နေပြီးနောက် ချက်ချင်းပင် ယွမ် တစ်ရာတန် နှစ်ရွက်အား သူမ၏ လက်ထဲသို့ ထည့်လာ၍ အသာအယာပုတ်ပြီး ပြုံးပြလိုက်၏။
သို့သော် ဝူစစ်စစ် နှစ်စက္ကန့်ပင် ပြည့်အောင် မပြုံးရသေးမီမှာပင် ကျင်းယွင်ကျောင်းက ချက်ချင်း ပိုက်ဆံ ငါးရွက် ထပ်ထုတ်လိုက်သည်။
ထိုအခါ ဝူစစ်စစ်၏ အပြုံးများသည် ချက်ချင်း အေးခဲသွား၏။ သို့သော် သူမသည် ကယောင်ခြောက်ခြား ဖြစ်မသွားဘဲ ပိုက်ဆံအိတ်ကို ဖွင့်၍ နောက်ထပ် ယွမ် ငါးရာ ထုတ်ယူလိုက်၏။
သို့သော် အခြေအနေက အများကြီး ပြောင်းလဲသွားပြီဖြစ်သည်။ သူမ၏ ပိုက်ဆံအိတ်ထဲတွင် ကျန်နေသည်များကို ပေါင်းလိုက်ပါက ယွမ် တစ်ရာပင် မပြည့်တော့ချေ။
သူမတို့သည် ကျောင်းသူ ကျောင်းသားများ ဖြစ်သောကြောင့် နှစ်သစ်ကူး မုန့်ဖိုးများနှင့် ပုံမှန် မုန့်ဖိုးများပေါင်းလျှင်တောင်မှ ငွေ အမြောက်အများ မရှိပေ။ သူတို့သည် အစောပိုင်းက စျေးပေါသော အစားအသောက်များ ဗိုက်ပြည့်အောင် စားထားသည်ကို ထည့်မတွက်လျှင်တောင်မှ တစ်နေကုန် လည်ပတ် ပျော်ရွှင်ထားသဖြင့် ငွေ အများအပြား သုံးထားပြီးသား ဖြစ်၏။ ထို့ကြောင့် ယခုအချိန်တွင် သူတို့လက်ထဲ၌ ယွမ် ခုနစ်ရာသာ အများဆုံး ကျန်တော့သည်။
Chapter 446 : ငါ့မိသားစု
ထိုအခါ ကျင်းယွင်ကျောင်းက အနည်းငယ် ပြုံးလိုက်၍ သူမ၏ အိတ်ကပ်ထဲမှ ပိုက်ဆံ ဆယ်ရွက်ကျော်ကျော်ကို ချက်ချင်း ထုတ်ယူလိုက်သည်။
"နင် ဒီပိုက်ဆံတွေကို ရေကြည့်ဖို့ လိုသေးလား"
သူမနှင့် ငွေကြေး ချမ်းသာမှုခြင်း ယှဥ်ချင်သည်လား။
နာမည်ကြီး ကျောက်စိမ်းဝိညာဥ်ဝိုင် ပိုင်ရှင်သူဌေးက ပိုက်ဆံ ပြတ်နေမှာတဲ့လား။
ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီကဲ့သို့သော ကုမ္ပဏီကြီးတစ်ခု၏ အံ့လောက်စရာ နေ့စဥ် ဝင်ငွေကို မဆိုထားနှင့်၊ တုလင်း၏ ယွီထျန်းရှန်း စားသောက်ဆိုင်နှင့် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်မှ ရသော ဝင်ငွေကိုပင် အထင် မသေးသင့်ပေ။
ထိုအခါ ဝူစစ်စစ်သည် မျက်နှာ ပျက်သွား၍ ကျင်းယွင်ကျောင်း၏ လက်ထဲ၌ ပိုက်ဆံ အထပ်လိုက် ကိုင်ထားသည်ကို မြင်သောအခါ မယုံကြည်နိုင်ဖြစ်သွား၏။
"နင် ဒီလောက် ပိုက်ဆံအများကြီး ဘယ်ကရတာလဲ။ အို...ငါ သိပြီ၊ ခုနတုန်းက ယောက်ျား နှစ်ယောက်က ပေးသွားတာ မဟုတ်လား"
"နင်က ရှုံးတာနဲ့ ခွေးရူးတစ်ကောင်လို လိုက်ကိုက်နေတာလား"
ကျင်းယွင်ကျောင်းက လှောင်ရယ်လိုက်သည်။
"ကျောင်းသူ ဝူစစ်စစ်၊ နင်က အလောင်းအစား စည်းမျဥ်းတွေကို နားမလည်ဘူးလား၊ အရှုံးကို ဝန်မခံချင်ဘူးလား။ ကျေးဇူးပြုပြီးတော့ ဒီမိသားစုကို ယွမ် ခုနစ်ရာ လျော်ကြေးပေးပြီး ဒူးထောက် တောင်းပန်လိုက်"
အကယ်၍ ဝူစစ်စစ်သာ နိုင်ပါက သူမ၏ ပိုက်ဆံများကို ပြန်ယူရမည် ဖြစ်သော်လည်း ယခုအခါ သူမ ရှုံးသွားသဖြင့် ထိုငွေများကို အဖွားထံသို့ လျော်ကြေးပေးရမည် ဖြစ်သည်။
"မလုပ်နိုင်ဘူး။ နင်က တရားတဲ့ နည်းလမ်းနဲ့ နိုင်တာမှ မဟုတ်တာ။ နင်က တခြားသူတွေ ထောက်ပံ့ထားတဲ့ ပိုက်ဆံတွေကို သုံးပြီး ငါနဲ့ အလောင်းအစားလုပ်တာပဲ။ ငါက ဘာလို့ အရှုံးကို ဝန်ခံရမှာလဲ"
စကားဆုံးသည်နှင့် သူမသည် ထို ပိုက်ဆံများကို ပိုက်ဆံ အိတ်ထဲသို့ ခပ်မြန်မြန် ထိုးထည့်လိုက်၏။
"ငါ နင့်ကို ပြောလိုက်မယ်။ တကယ်လို့ နင် ငါ့ကို အတင်းအကြပ် ခြိမ်းခြောက်ရဲတယ်ဆိုရင် ငါ ရဲခေါ်လိုက်မှာ"
ထိုအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး ...
"ငါက အတင်းအကြပ် ခြိမ်းခြောက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဝူစစ်စစ်၊ နင့်ရဲ့မိဘတွေထဲက တစ်ယောက်လောက်များ အလုပ် ပြုတ်သွားနိုင်တယ်လို့ မတွေးမိဘူးလား"
"နင် ဘာပြောလိုက်တာလဲ"
ဝူစစ်စစ်က ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်လာသည်။
ကျင်းယွင်ကျောင်းက ပိုက်ဆံကြောင့်များ ရူးသွားတာလား။ ငါ့ မိဘတွေက ဘာလို့ အလုပ်ပြုတ်မှာလဲ။ ဟာသပဲ။ သူတို့က နင်းမြို့တော်မှာ အလုပ်လုပ်နေတာလေ။ အခုဆိုရင် သူတို့က အများကြီး အာမခံချက်ရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားလို့တောင် အလုပ် ပြောင်းသွားကြပြီ။ ကျင်းယွင်ကျောင်း...သူက ဘယ်လိုလူမျိုးမို့လို့ ငါ့ မိဘတွေကို ခြိမ်းခြောက်နိုင်မယ်လို့ တွေးနေတာလဲ။ သူ့မှာ စဥ်းစား ဆင်ခြင်နိုင်စွမ်း မရှိတော့ဘူးလား။
ထိုအချိန်တွင် သူမ၏ အရှေ့၌ ရပ်နေသည့် ကျင်းယွင်ကျောင်းသည် သူမ လွယ်ထားသည့် ကျောပိုးအိတ်ကို ကြည့်ရင်း မပြုံးဘဲ မနေနိုင်တော့ချေ။
ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးပါ။ ပြန် မပေါင်းစည်းရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆိုတာ မရှိဘူး။
ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီ၏ နှစ်ကုန် ဆုချီးမြှင့်ခြင်းသည် မဆိုးလှပေ။ လူကြီးပိုင်းများ၏ အသားတင် ဆုကြေးကို မဆိုထားနှင့် အောက်ခြေဝန်ထမ်းတိုင်းပင် ဆန်၊ ဆီနှင့် အခြား ဆုကြေးများ ရရှိကြသည်။ ထို့အပြင် နှစ်ကုန် ကံစမ်းမဲများလည်း ရှိသေးရာ အချို့က ကွန်ပျုတာများ၊ မိုဘိုင်းဖုန်းများ မဲပေါက်၍ အချို့က ဆိုင်ကယ်များ၊ စက်ဘီးများ ပေါက်ကြ၏။ နှစ်သိမ့်ဆုမှာမူ ယခု ဝူစစ်စစ်၏ ကျောပေါ်၌ လွယ်ထားသည့် ကျောပိုးအိတ်ပင် ဖြစ်သည်။
ထိုအိတ်သည် တန်ဖိုး မကြီးသော်လည်း အလွန်ဒီဇိုင်း သေသပ်၏။
ထို ဆုကြေး ပစ္စည်းများကို သူမကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်၍ ဒီဇိုင်းများ အားလုံးကိုလည်း သူမကပင် ရွေးခြယ်ပေးခဲ့ခြင်း ဖြစ်ကာ အထူးသဖြင့် ထိုအိတ်ပေါ်၌ ကုမ္ပဏီတံဆိပ် ရိုက်နှိပ်ထားသည်။
ထိုတံဆိပ်အား ဆယ်မီတာခန့်အကွာ အလွန် နီးကပ်ခြင်း မရှိသည့် နေရာမှ ကြည့်လျှင်ပင် ပထမဆုံး သတိထားမိနိုင်၏။
ထို့ကြောင့် ဝူစစ်စစ်၏ မိဘနှစ်ယောက်ထဲမှ တစ်ယောက်သည် ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီ၌ အလုပ်လုပ်နေခြင်း ဖြစ်သည်ဟု သူမ အသေအချာပြောနိုင်သည်။
ထို့အပြင် တကယ်တမ်း၌ ထိုကျောပိုးအိတ်သည် ဒီဇိုင်း လှရုံသာမက လက်တွေ့လည်း အသုံးဝင်၏။ ထို့ကြောင့် များသောအားဖြင့် အသုံးမပြုဖြစ်ပါက အိမ်တွင်သာ သိမ်းထားကြမည် ဖြစ်၍ တစ်ခြားသူအား လက်ဆောင်ပေးပစ်ခဲလှသည်။
"ဝူစစ်စစ်၊ နင်တို့ မိသားစုဝင်တွေထဲက တစ်ယောက်က ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီမှာ အလုပ်လုပ်တာလား"
ကျင်းယွင်ကျောင်းက တည့်တိုးပင် မေးလိုက်၏။
သူမသည် အာဏာ မပြချင်သော်လည်း ဝူစစ်စစ်သည် သူမအပေါ်၌ အမှန်တကယ်ပင် ရိုင်းစိုင်းလှ၍ အငြိုးထားလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် သူမသည် ယခင်ဘဝက သူမအား အနိုင်ကျင့်ခဲ့သည့် မိန်းကလေး၏ မိဘများကို သည်းခံမပေးနိုင်သလို ဝူစစ်စစ်က သူမထံမှ ရသည့် လစာများနှင့် သူမအား ကျောရန် ကြိုးစားနေသည်ကိုလည်း သည်းခံ မပေးနိုင်ပေ။
"နင်က ဘယ်လိုလုပ်ပြီး သိတာလဲ"
ဝူစစ်စစ်သည် မသိစိတ်အလျောက် ပြန်မေးမိလိုက်၏။
သို့သော် စကားဆုံးသောအခါ သူမသည် သူမကိုယ်သူမ လှောင်ရယ်လိုက်ပြီး ...
"နင် ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီကို သိလိမ့်မယ်လို့ ငါမျှော်လင့်မထားဘူး။ ခုနတုန်းက နင်နဲ့ သိနေတဲ့ လူနှစ်ယောက်က ဘယ်ကလာတာလဲဆိုတော့ ငါ မသိဘူး၊ ဒါပေမယ့် ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီကတော့ ကုမ္ပဏီကြီးတစ်ခုလို့ ယူဆလို့ရတယ်ဆိုတာ ငါပြောနိုင်တယ်။ လူကြီးမင်း ပိုင်က လူတွေ အများကြီးနဲ့ အဆက်အသွယ်ရှိတာလေ၊ ဒါကြောင့် သူတို့ကို အလွယ်တကူ ခြိမ်းခြောက်လို့ မရဘူး။ ပြီးတော့ ငါ့အဖေက သာမန် အလုပ်သမားလည်း မဟုတ်ဘူး။ နင်ကများ ငါ့ မိဘတွေကို ခြိမ်းခြောက်ချင်တာလား။ အိပ်မက် မက်နေလိုက်လေ"
"ကြည့်ရတာ နင့်ရဲ့မိဘနှစ်ပါးလုံးက အဲ့မှာ အလုပ်လုပ်နေတဲ့ပုံပဲနော်"
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်၏။
ကုမ္ပဏီက ကြီးသထက် ကြီးလာသည်နှင့်အမျှ ဝန်ထမ်းများသည် အစပိုင်းကကဲ့သို့ ကုမ္ပဏီနှင့်ပတ်သတ်သည့် အရာအားလုံးကို မသိကြတော့သလို သူမသည်လည်း ဝူစစ်စစ််၏ မိဘများအကြောင်းကို သိလိုစိတ် မရှိပေ။
သည်လို အကျင့်စရိုက်မျိုးနဲ့ သမီးတစ်ယောက်ရှိနေမှတော့ ပိုက်ဆံရှာဖို့ပဲ စဥ်းစားနေတာကို ရပ်ပြီး အိမ်မှာပဲနေပြီး သူ့ကို ပညာပေးသင့်တယ်လေ။
အကယ်၍ သူတို့သာ အခြားကုမ္ပဏီ၌ အလုပ်လုပ်နေခြင်းဖြစ်ပါက သူမသည် သူတို့အား သိပ်ဂရုစိုက်နေမည် မဟုတ်ပေ။ သို့သော် သူမ၏ ကုမ္ပဏီတွင်တော့ သူမနှင့် သဟဇာတ မဖြစ်သူများကို လက်သင့် မခံနိုင်ချေ။
Chapter 447 : သည်းမခံနိုင်ခြင်း
ကျင်းယွင်ကျောင်း၏ အပြုံးမှာ အတော်လေး သိသာနေသည်ဖြစ်ရာ ဝူစစ်စစ်၏ စိတ်ထဲ၌ အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။ သို့သော် မျက်စိတစ်မှိတ်စာ အတွင်းမှာပင် ထိုစိတ်မသက်မသာ ဖြစ်မှုများကို လျှော့ချပြီး စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။
သူမသည် ကျင်းယွင်ကျောင်း၏ စကားလုံးများကို မယုံကြည်ပေ။
အခု သူက ငါ့ကို ကြောက်အောင်လုပ်ဖို့ လှည့်ကွက်တွေသုံးနေတာပဲ ဖြစ်ရမယ်။
ငါက ကျင်းယွင်ကျောင်းရဲ့အကြောင်းကို မသိဘဲ နေမလား။ ကျောင်းတုန်းကဆိုရင် သူက စားစရာတောင် လုံလုံလောက်လောက် ရှိတာ မဟုတ်ဘူး။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား နေရာတကာ ဂရုတစိုက်ဟန် ပြုမူတတ်သော်လည်း ကျင်းယွင်ကျောင်း ကောင်းကောင်းမွန်မွန် စားသောက်နေသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ချောင်ဟုန်ယဲ့သည် မုန့်ဖိုးများကို သိမ်းထား၍ နေ့တိုင်း သရေစာများ ဝယ်စားနေသော်လည်း ကျင်းယွင်ကျောင်းကမူ အမြဲတမ်း ဆာလောင်နေပြီး ဗိုက်ထဲမှ အသံမျိုးစုံ မြည်နေတတ်သည်။ ထိုအခါ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းက ဝိတ်ချရန် ကြိုးစားနေသည်၊ သို့မဟုတ် မိသားစုနှင့် ရန်ဖြစ်လာသည်ဟု အမြဲပြောတတ်သော်လည်း ဝူစစ်စစ်ကမူ သူမ၏ စကားကို လုံးဝ မယုံကြည်ပေ။
သူမသည် ချောင်ဟုန်ယဲ့အား မကြိုက်ရုံသာမက လိမ္မာသော ကျောင်းသူတစ်ယောက် ဖြစ်သည့် ကျင်းယွင်ကျောင်းကိုလည်း မုန်းတီး၏။ ထိုမိန်းကလေးသည် သိသိသာသာပင် ဆင်းရဲချို့တဲ့သော်လည်း ဆရာ၊ ဆရာမများစွာ၏ အချစ်ခံရသဖြင့် စက်ဆုပ်စရာ ကောင်းလှသည်။
"ကျင်ယွင်ကျောင်း၊ ငါ့ မိဘတွေ အလုပ်လုပ်တဲ့နေရာကို နင်က စိတ်ဝင်စားနေတာလား။ ပြီးတော့ နင် အရမ်း ချမ်းသာနေတယ်ဆိုရင်လည်း လျော်ကြေးကို နင်တစ်ယောက်တည်း ပေးလိုက်လေ။ ငါနဲ့ငါ့ မိဘတွေကို လာခြိမ်းခြောက်မနေနဲ့။ ငါ နင့်ရဲ့အကြံအစည်တွေကို လက်မခံနိုင်ဘူး"
ကျင်းယွင်ကျောင်းက သူမအား စိုက်ကြည်နေသည်ကို မြင်သောအခါ ဝူစစ်စစ်က စကားလုံးများဖြင့် ပြန်လည် ထိုးစစ်ဆင်လိုက်သည်။
ထို့နောက် စကားဆုံးသည်နှင့် လှည့်ထွက်သွားဟန်ပြင်လိုက်၏။
ကျင်းယွင်ကျောင်းအား ရှုံးနိမ့်ခြင်းမှာ ရှက်စရာကောင်းလှသည်။
ထိုအခါ ကျင်းယွင်ကျောင်းက ဖုန်းထုတ်လိုက်ပြီး ပိုင်ယွီအန်းအား တိုက်ရိုက် ခေါ်ဆိုလိုက်၏။
ပိုင်ယွီအန်း၌ ဖုန်းနှစ်လုံး ရှိ၍ တစ်လုံးမှာ သူ၏ သူဌေးဖြစ်သည့် ကျင်းယွင်ကျောင်းအတွက် အထူးသီးသန့်ဖြစ်ကာ ပိုင်ယွီအန်းတစ်ဦးတည်းကသာ ပြန်လည်ဖြေကြားလေ့ ရှိသည်။
ရှန်းကျင်သည်ပင် ထိုနံပါတ်ပိုင်ရှင်က ပိုင်ယွီအန်းဖြစ်ကြောင်း မသိပေ။
ထို့ကြောင့် ယခု ကျင်းယွင်ကျောင်းက ထိုနံပါတ်အား ဆက်လိုက်သောအခါ တစ်ဖက်မှ ချက်ချင်း ဖုန်းကိုင်လိုက်၍ ပိုင်ယွီအန်းက သံသယဖြစ်စွာ မေးလာ၏။
"ယွင်ကျောင်းလား"
"အစ်ကိုကြီး ပိုင်၊ ကျေးဇူးပြုပြီး ကျွန်မကို ကုမ္ပဏီထဲက လူတစ်ယောက်လောက် ရှာပေးပါဦး"
"ကုမ္ပဏီမှာ ဝူမျိုးရိုး နာမည်နဲ့ လင်မယား နှစ်ယောက်လုံး အလုပ်လုပ်တာများ ရှိလား"
ကျင်းယွင်ကျောင်းက တည့်တိုးပင် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လှည့်ထွက်သွားဟန်ပြင်နေသည့် ဝူစစ်စစ် ရပ်သွား၍ ကျင်းယွင်ကျောင်း၏ ဖုန်းအား မယုံကြည်နိုင်စွာ လှည့်ကြည့်လာ၏။
သည်ဖုန်းက သည်နှစ် ထွက်တဲ့ နောက်ဆုံး မော်ဒယ် မဟုတ်လား။
ဝူစစ်စစ် အနည်းငယ် မနာလိုဖြစ်သွားသည်။ ထိုဖုန်းသည် အလွန် စျေးကြီး၍ သူမ၏ အစ်မဖြစ်သူတွင်လည်း တစ်လုံးရှိသည်။ သူမသည် မိဘများအား အချိန်အတော် ကြာအောင် နားပူနားဆာ လုပ်ခဲ့သော်လည်း သူတို့က သူမအား ဝယ်မပေးခဲ့ကြပေ။ ထို့ကြောင့် ထိုကိစ္စသည် သူမအား အချိန်အတော် ကြာအောင် စိတ်အနှောက်အယှက် ပေးနေခဲ့၏။
ကျင်းယွင်ကျောင်း၏ စကားဆုံးသည်နှင့် ပိုင်ယွီအန်းက ချက်ချင်း သဘောတူလိုက်၏။ ယခုအချိန်သည် အားလပ်ရက် အချိန်အခါ ဖြစ်သော်လည်း အချိန်ပိုကြေးများစွာ ပေးသဖြင့် ကုမ္ပဏီ၌ လူများစွာ ရှိနေပြီး ပိုင်ယွီအန်းသည်လည်း ကုမ္ပဏီတွင် ရှိနေသည်။ ထို့ကြောင့် သူ၏ ကွန်ပျုတာဖြင့် ဝန်ထမ်းများ၏ အချက်အလက်များကို အလွယ်တကူ ရှာလိုက်ပြီးနောက် ဝူစစ်စစ်၏ မိဘများအား ရှာတွေ့သွား၏။
"ဟုတ်တယ်၊ ယောက်ျားရဲ့နာမည်က ဝူတာ့လီ၊ အသက်က လေးဆယ်၊ မိန်းမရဲ့နာမည်ကကျ စန်းကျဲ။ ဝူတာ့လီက ဝန်ထမ်းရေးရာ ဌာနရဲ့ကြီးကြပ်သူ၊ သူ့ ဇနီးကတော့ အလုပ်သင်လေးတွေကို လေ့ကျင့်ပေးရတဲ့ လက်ထောက်"
ပိုင်ယွီအန်းက မျက်ခုံးနှစ်ခု ကြားအား လက်ဖြင့်အသာခြစ်ရင်း ပြန်ဖြေလိုက်သည်။
ကုမ္ပဏီ၌ မိသားစု တစ်ခုတည်းမှ ဝန်ထမ်းများကို တူညီသော ဌာနများတွင် အလုပ် ဝင်ခွင့်မပြုဟူသော စည်းမျဥ်းရှိ၏။
ထို့အပြင် အဓိက အကြောင်းအရင်းမှာ ဝူတာ့လီသည် ကုမ္ပဏီမှ လိုအပ်သည့် ပညာ အဆင့်အတန်း၊ အရည်အချင်း ပြည့်မှီသော်လည်း သူ၏ ဇနီး ဖြစ်သူကမူ ထိုသို့ မဟုတ်ပေ။ ပညာ အရည်အချင်းကိုက်ညီမှု မရှိသည့်အပြင် သူမ၏ ကိုယ်ရေးအကျဥ်း၌ သာမန် စက်ရုံတစ်ရုံတွင်သာ လုပ်ကိုင်လေ့ရှိသူ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ပွင့်ပွင့်လင်းလင်း ပြောရပါက သူမသည် ဤရာထူး၌ တစ်ခါမှ မလုပ်ကိုင်ဖူးပေ။
လက်တွေ့၌ ယခုအချိန်တွင် ဝူတာ့လီသာ အလုပ်ကောင်းကောင်းမွန်မွန် လုပ်ပါက ယခင် သူလုပ်ခဲ့သည့် လုပ်ရပ်များက အရေးမကြီးသော်လည်း သူ၏ ဇနီးဖြစ်သူ ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီ၌ အလုပ်ဝင်နိုင်သည့် အကြောင်းရင်းမှာ သူ ကြီးကြပ်သူတစ်ယောက် ဖြစ်လာပြီးနောက် အာဏာ ပါဝါများကို အသုံးပြုခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း မျက်စိမှုန်သူ တစ်ယောက်ပင် တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည်။
ကြည်လင်နေသော ရေထဲ၌ ငါး မနေပေ။ ရံဖန်ရံခါ၌ ကုမ္ပဏီတွင် မလုပ်သင့်သော အမှားအချို့ရှိနေခြင်းက ပြဿနာကြီးတစ်ခု မဟုတ်သော်လည်း ပိုင်ယွီအန်းကမူ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ထိုကိစ္စကို သည်းမခံနိုင်ပေ။
ယေဘုယျအားဖြင့် သူ၏ ကုမ္ပဏီမှ ပေးသော လစာသည် အခြားကုမ္ပဏီများထက် ပိုများ၍ ဝန်ထမ်းများအား ဆက်ဆံပုံနှင့် အခြားကဏ္ဍများတွင်လည်း အကောင်းဆုံး ကုမ္ပဏီ ဖြစ်သည်။ သို့သော် အချို့လူများသည် လောဘကြီး၍ ထိုအခြေအနေကို အခွင့်ကောင်း ယူကာ ငွေရှာချင်ကြခြင်းက ကိုယ့်သေတွင်းကိုယ် တူးနေခြင်းပင်။
Chapter 448 : ရှင်းပစ်လိုက်ကြရအောင်
ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်း ဖုန်းဆက်သည့် အကြောင်းအရင်းကို မသိသဖြင့် ဝူ မျိုးရိုးလင်မယား၏ ဖိုင်ကို မြင်သောအခါ ထိုအကြောင်းကိုသာ တွေးမိလိုက်သည်။
"ယွင်ကျောင်း၊ ငါ တောင်းပန်ပါတယ်။ ငါ လုံလုံလောက်လောက် စည်းကမ်း မတင်းကြပ်မိလိုက်ဘူး၊ တစ်ယောက်ယောက်က အမှားလုပ်ထားတာပဲ"
ပိုင်ယွီအန်းက ပြောလာ၏။
သူသည် ကျင်းယွင်ကျောင်း သူ့ထံသို့ ယွမ် သန်းသုံးဆယ် လွှဲပေးခဲ့စဥ်က သူ မည်မျှ စိတ်လှုပ်ရှားခဲ့ကြောင်း မှတ်မိနေသေးသည်။ အစားထိုးခံ ဖခင်တစ်ယောက် ဖြစ်ရခြင်း၏ စိတ်ပျက် အားလျှော့မှုများက သူ့အား ဇာတိမြို့ငယ်လေးသို့ ပြန်၍ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရန်ကိုသာ တွေးမိစေခဲ့၏။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာ၍ သူ၏ မူလရည်မှန်းချက်များကို ပြန်လည် ထိန်းသိမ်း ယူဆောင်လာပေးခဲ့သည်။
သူသည် အနာဂတ် နေ့ရက် တစ်ရက်တွင် ကျိုတိုသို့ပြန်သွား၍ ထိုသစ္စာ မရှိသော တိရိစ္ဆာန်လင်မယား၏ အရှေ့တွင် ရပ်ကာ သူ၏ ဖြစ်တည်မှု ဝံ့ဝံ့ကြွားကြွား ထုတ်ဖော် ပြသရန်ပင် တွေးမိခဲ့၏။
သူသည် ယောက်ျားတစ်ယောက်အနေဖြင့် အနည်းငယ် နုံအသည်။ သို့ရာတွင် သူက အခြားအရာများကို သည်းခံနိုင်သော်လည်း သူ၏ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကို တူးဆွခြင်းကမူ သူ၏ မျက်နှာအား ဖြတ်ရိုက်လိုက်ခြင်းနှင့်ညီမျှ၏။ အကယ်၍ သူသာ ထိုအဖြစ်အပျက်များကို မမှတ်မိပါက ယောက်ျားတစ်ယောက်၏ သိက္ခာများပင် ဆုံးရှုံးသွားနိုင်သည်။
ကျင်းယွင်ကျောင်းသည် သူ့အား ဤအခွင့်အရေးကို ပေးလာခဲ့၏။ အနည်းငယ် ခက်ခဲသော်လည်း ဤအလုပ် လုပ်ရသည်မှာ သူ့အတွက် အမှန်တကယ်ပင် သက်တောင့်သက်သာ ရှိလှသည်။
ထို့ကြောင့် အမှား အသေးအဖွဲလေးပင် ဖြစ်နေစေကာမူ သူသည် ကျင်းယွင်ကျောင်း၏ အရှေ့၌ တာဝန်ယူပေးရန် ဆန္ဒရှိ၏။
ကျင်းယွင်ကျောင်းက ခေတ္တမျှ စဥ်းစားနေသည်။
"အဲ့ ဝူတာ့လီရဲ့ဂုဏ်သတင်းက ကုမ္ပဏီမှာ ဘယ်လိုရှိလဲ"
ထိုအခါ ပိုင်ယွီအန်းသည် ငြိမ်သက်သွားပြီး ...
"ခဏလောက် စောင့်နော်။ ငါ လူနည်းနည်းလောက်ကို မေးကြည့်ပေးမယ်"
အစောပိုင်းက ရှာတွေ့သည့် ဖိုင်ထဲ၌ အခြား ထူးခြားသည့် အကြောင်းအရာ မရှိဘဲ သူ၏ လုပ်ရပ်များ၌ အမှားအယွင်း ကြီးကြီးမားမား မရှိပေ။ ထို့ကြောင့် ဖိုင်ပေါ်ရှိ အကြောင်းအရာများသည် ကျင်းယွင်ကျောင်းအား ကျေနပ်မှုမပေးနိုင်။
ထိုအချိန်၌ ကျင်းယွင်ကျောင်း ဖုန်းပြောနေစဥ်အတွင်း ဝူစစ်စစ်သည် မှင်သက် ငေးမောနေမိ၏။
ပထမ၌ သူမသည် ထိုအကြောင်းကို မယုံကြည်ဘဲ စနောက်နေခြင်းဟုသာ တွေးလိုက်သည်။ ကျင်းယွင်ကျောင်းက ဘော့စ်ပိုင်အား အမှန်တကယ် ဖုန်းဆက်နိုင်လိမ့်မည်ဟု သူမ, မယုံကြည်ပေ။ သူမသည် ကျင်းယွင်ကျောင်း၏ လုပ်ဇာတ်ကို ဖျက်ဆီးရန်အတွက်သာ ဤနေရာ၌ စောင့်နေခြင်း ဖြစ်၍ သူမ၏ မိဘများသည်လည်း အကောင်းပကတိအတိုင်းပင် ရှိနေသေး၏။
ဟုတ်ပြီလေ၊ သူ ဘာပြောမလဲ စောင့်ကြည့်ကြတာပေါ့။
ခေတ္တမျှ ကြာသောအခါ ပိုင်ယွီအန်းက ကျင်းယွင်ကျောင်းအား ဆက်ပြောလာသည်။
"ဒီဝူတာ့လီက အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်တာပဲ။ ပိုပြီးတော့လည်း တိကျတယ်။ ဒါပေမယ့် သူက ရိုးသားတဲ့သူ တစ်ယောက်တော့ မဟုတ်ဘူး။ တကယ်တမ်းကျ သူ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တဲ့ နေရာ ရှိတယ်၊ အဲ့မှာလည်း သူ့ မိန်းမက နာမည်သိပ်မကောင်းဘူး။ အောက်ခြေ ဝန်ထမ်းတွေထဲက လူတစ်ယောက်ပြောတာကတော့ လာဘ်ပေး လာဘ်ယူတွေ ရှိတဲ့ပုံ ပေါ်တယ်တဲ့။ အလုပ်သင်လေးတွေက လက်ဆောင်တွေ ပေးနေရတယ်လို့လည်း စောင်းပါးရိပ်ခြည် ပြောနေကြတယ်"
ပိုင်ယွီအန်းသည် ပထမက ထိုကဲ့သို့သော ကိစ္စမျိုးကို မကြားဖူးသော်လည်း သူ၏ လက်အောက်ဝန်ထမ်းအချို့ဆီသို့ ဖုန်းဆက် မေးကြည့်ပြီးနောက်တွင် လူအချို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်လာကြ၏။
ယခုအချိန်၌ ဘော့စ်ပိုင်က ဝူတာ့လီနှင့် ဇနီး ဖြစ်သူအကြောင်း စုံစမ်း မေးမြန်းနေခြင်းသည် သေချာပေါက် နှစ်သစ်ကူး နှုတ်ခွန်းဆက်ရန်အတွက် မဟုတ်ပေ။ ပိုင်ယွီအန်းက သူတို့အား ရိုးရှင်းသည့်မေးခွန်း တစ်ခုတည်းကိုသာ မေးသော်လည်း အကျိုးသက်ရောက်မှုက တစ်ဆင့်နှင့် တစ်ဆင့် မတူ။
အထူးသဖြင့် ဝူတာ့လီ၏ အထက်အရာရှိနှင့် သူ၏ အပေါင်းအသင်းများအား ထိုအကြောင်းကို မေးသောအခါ ဘော့စ်ပိုင်၏ သဘောထားသည် အလွန်အလေးအနက် ဖြစ်လာ၍ လူတိုင်း သိသိသာသာ တုန်လှုပ်လာကြ၏။ ထို့ကြောင့် သူတို့သည် ဝူတာ့လီနှင့် ဇနီး ဖြစ်သူ၏ အကြောင်းကို အထက်လူကြီးများက သိပြီးသား ဖြစ်သည်ဟုသာ တွေးလိုက်ပြီး ထိုအကြောင်းအရာများ အားလုံးကို နာနာခံခံပင် ပြောပြလိုက်ကြသည်။
အလုပ်ခွင်သည် စစ်မြေပြင်နှင့် တူ၏။ သာမန် မိတ်ဆွေများ၏ အကျိုးအတွက် ကိုယ်ကျိုးစွန့် ကာကွယ် မပေးနိုင်ပေ။
ထို့ကြောင့် ယခုအချိန်တွင် ထိုစုံတွဲ ကြားရှိ လုပ်ရပ်များ အားလုံးမှာ ချက်ချင်းပင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာ၏။
ထိုအခါ ကျင်းယွင်ကျောင်းက မျက်ခုံးပင့်လိုက်ပြီး ...
"ဒီလောက်တောင် ထောင်လွှားပြီး သိသာနေမှတော့ ချက်ချင်းပဲ ရှင်းပစ်လိုက်ကြရအောင်၊ ချက်ချင်းနော်"
ထိုစကားကို ကြားသောအခါ ပိုင်ယွီအန်းက ခေတ္တမျှ စဥ်းစားလိုက်ပြီး ...
"အဲ့စုံတွဲက မင်းကို အပြစ်ပြုမိတာများ ရှိလို့လား"
ကျင်းယွင်ကျောင်းသည် သာမန် ကြီးကြပ်သူတစ်ယောက်နှင့် ဝန်ထမ်းငယ် တစ်ယောက်အား အကြောင်းအရင်း မရှိဘဲ အာရုံစိုက်မိခြင်း မဖြစ်နိုင်ပေ။ ဝူတာ့လီသည် ခေါင်းဆောင်ငယ် တစ်ယောက်ဖြစ်သည်ဟု ယူဆနိုင်သော်လည်း သူသည် အဆင့်မြင့် ဝန်ထမ်းများနှင့် ဘာမှ မသက်ဆိုင်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် အဆင်မြင့် ဝန်ထမ်းများအားလုံးကို ကောင်းကောင်း သိနေသော်လည်း ဝူတာ့လီ တစ်ယောက်တည်းကိုမူ သတိထားမိရန် မဖြစ်နိုင်ပေ။
"သူက ကျွန်မကို အပြစ်မပြုမိပါဘူး၊ ဒါပေမယ့် သူ့သမီးက လုပ်ခဲ့တယ်။ ဒါနဲ့ စကားမစပ်၊ ရှင် အလုပ် ထုတ်စာကို အတည်ပြုပြီးရင် အဲဲ့စုံတွဲကို သတိပေးဖို့လည်း မမေ့ပါနဲ့၊ ဥပမာ အတိုင်းပဲပေါ့"
စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းလည်း ဖုန်းချလိုက်၏။
ထိုအခါ ဝူစစ်စစ်က ပြုံးလိုက်ပြီး ...
"ကျင်းယွင်ကျောင်း၊ ငါ တကယ်ပဲ အရင်တုန်းက နင် ဒီလောက် အရည်အချင်း ရှိမယ်လို့ မယုံခဲ့ဘူး။ နင် သရုပ်ဆောင် ဖြစ်မလာတာ နှမြောစရာပဲ"