အခန်း (၄၅၃-၄၅၆)
Vol. 23 Ch. 453-456
Chapter 453 : အပြောင်းအလဲမြန်ခြင်း
ထိုမြင်ကွင်းသည် သိပ္ပံရုပ်ရှင်ကားထဲမှ အလွန် မြင်ရခဲသည့် ဇာတ်ကွက်တစ်ခုနှင့်ပင် တူနေသည်။ ဗင်ကား မောင်းသူသည်လည်း မှင်သက်ဆွံ့အ နေ၍ ဘေးရှိ ခရီးသည်ခုံပေါ်သို့ ရောက်လာသည့် လူအပို မိန်းကလေးက သူ့အား ချက်ချင်းပင် လည်ဖြတ်ပစ်တော့မည်အလား အေးတိအေးစက် ကြည့်နေ၏။
ထို့နောက် ဗင်ကားသည် ရုတ်တရက် လမ်းဘေးသို့ ထိုးရပ်သွားတော့သည်။
ကားမောင်းသူသည် အသက်သုံးဆယ်ခန့် ရှိ၍ နောက်ခုံတွင်မူ ကလေးချီထားသည့် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ တစ်ဖက်လူသည် အလွန်တုန်လှုပ် ခြောက်ခြားနေပုံရသော်လည်း ရွေးခြယ်စရာ မရှိ၍ ကားထဲမှ ထွက်ကာ ညှိနှိုင်းချင်နေသည်။
ထိုအခါ ကျင်းယွင်ကျောင်းသည် ကားထဲမှ ခုန်ထွက်၍ ကားမှန်ကို ထပ်မံ ရိုက်ခွဲလိုက်ပြီး လူအများ၏ အာရုံကို ဆွဲဆောင်လိုက်၏။ ထိုအချိန်ကျမှ အမျိုးသား ဖြစ်သူသည် ကားထဲမှ ထွက်လာပြီး အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့် ပြောလာ၏။
"မိန်းကလေး...မင်း ငါတို့နဲ့ ဘာကိစ္စရှိလို့လဲ။ ဘာကြောင့် ဒီလို အန္တရာယ်ရှိတဲ့ ကိစ္စမျိုးတွေ လုပ်နေရတာလဲ။ ဘာကြောင့်လဲ"
တစ်ဖက်လူ၏ သဘောထားသည် အဆိုးကြီး မဟုတ်သော်လည်း အနည်းငယ် ထိတ်လန့်နေပုံရသည်။
ထိုအခါ ကျင်းယွင်ကျောင်းက အမျိုးသမီး၏ လက်ထဲရှိ ကလေးအား စိုက်ကြည့်လိုက်ပြီး အေးတိအေးစက် ပြောလိုက်၏။
"ကျွန်မကို ကလေးပြန်ပေး"
စကားကို ကြားသောအခါ တစ်ဖက်လူသည် ရင်တစ်ချက် ဆောင့်ခုန်သွား၍ မလုံမလဲဖြစ်ကာ ထိတ်လန့်သွားသည်။
သူတို့သည် ဤကဲ့သို့သော ကိစ္စမျိုးကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်ပေ။ ယခုကဲ့သို့ အားလပ်ရက်များသည် သူတို့အတွက် လှုပ်ရှား၍ အကောင်းဆုံးအချိန် ဖြစ်၏။ ခိုးလာသည့် ကလေးအား အနည်းငယ် အဝတ်အစား ပြောင်းပေးရုံနှင့်ပင် ဖွက်လာနိုင်ပြီး ဘယ်သောအခါမှ အမှားအယွင်း မရှိဖူးပေ။ သို့ရာတွင် ဤတစ်ကြိမ်၌ မိန်းကလေးငယ်လေး တစ်ယောက်ထံမှ လိုက်အဖမ်းခံနေရသည်လား။
"မင်းက ဘာကို ဆိုလိုတာလဲ။ ငါ့ သားကို ဘာလုပ်ချင်နေတာလဲ"
တစ်ဖက်လူက တုန်လှုပ်စွာဖြင့် ပြန်မေးလာ၏။
"ရှင့် သား ဟုတ်လား။ ရှင် ခုနကမှ ဒီကလေးကို စျေးလမ်းပေါ်ကနေ ခိုးလာတာ မဟုတ်ဘူးလား"
ကျင်းယွင်ကျောင်းက အေးစက်စက် ပြန်မေးလိုက်သည်။
သူမ၏ စကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိလူများသည် ထိတ်လန့်သွားကြပြီး ကလေးအား ဝိုင်းကြည့်မိလိုက်ကြ၏။ ထိုကလေးသည် နီရဲနေသော နှုတ်ခမ်းများနှင့် သွားဖြူဖြူလေးများ ရှိကာ ခပ်ပြည့်ပြည့် မျက်နှာလေးနှင့် အလွန် ချစ်စရာကောင်းသော်လည်း မျက်နှာပေါ်တွင်မူ မျက်ရည်စအချို့ တွဲခိုနေကာ သနားစရာ ကောင်းလှ၏။ နှုတ်ခမ်းလေးများမှာလည်း အနည်းငယ် တွန့်ကွေးနေ၍ ကြောက်ရွံ့နေပုံပင်။
တကယ်ပဲ အခိုးခံလာရတယ်ဆိုတာ မဖြစ်နိုင်ဘူးလားလို့။
"မိန်းကလေး၊ အဓိပ္ပါယ် မရှိတာတွေ လျှောက်မပြောပါနဲ့။ ဘာလို့ ငါ့ သားကို ဒီလို ခိုးလာရမှာလဲ။ မင်း သူရဲကောင်း လုပ်ချင်တယ်ဆိုရင်လည်း တခြားသူတွေကို ဒီလို မစွပ်စွဲပါနဲ့လား။ မင်းကို ငါ့ သားက ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ မမြင်ဘူးလား"
အမျိုးသား ဖြစ်သူက ချက်ချင်းပင် အသံမြှင့်၍ အော်လိုက်၏။
သူ၏ ဟိန်းဟောက်သံကို ကြားသောအခါ ကလေးငယ်လေးသည် ပို၍ ကြောက်ရွံ့သွားပုံရပြီး စကားပင် မပြောနိုင်တော့ချေ။
"ဒါဆိုရင် ရှင်တို့ ခဏစောင့်နေပါ။ ကျွန်မ ရဲကို ဖုန်းဆက်လိုက်မယ်။ သူ့ မိဘတွေကိုလည်း လှမ်းခေါ်လိုက်မယ်။ အဲ့အချိန်ကျရင် အားလုံး ရှင်းသွားမှာပဲ"
ကျင်းယွင်ကျောင်းက သူမ၏ ဖုန်းကို ချက်ချင်း ထုတ်လိုက်သည်။
ထိုလုပ်ရပ်ကို မြင်သောအခါ တစ်ဖက်လူ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ချက်ချင်းပင် ကလေး၏ ဘေး၌ ဆောင့်ကြောင့်ထိုင်၍ ပွေ့ဖက်ကာ ပြောလိုက်၏။
"သားလေး၊ မကြောက်နဲ့နော်။ ဖေဖေက လူဆိုးကို ရိုက်ပြီး မောင်းထုတ်ပေးမှာပါ"
"ပြီးတော့ ဒီမိန်းကလေးကိုလည်း ကြည့်ပါဦး။ သူက အခုမှ မိန်းကလေးငယ်လေး တစ်ယောက်ဆိုပေမယ့် ကားခေါင်မိုးပေါ်ကိုတောင် ခုန်တက်နိုင်တယ်။ သူက စိတ်ရောဂါများဖြစ်နေတာလား။ ဒါမှ မဟုတ်ရင် လူကုန်ကူးတဲ့သူလား"
"မိန်းကလေးရယ်...ကျေးဇူးပြုပြီး ငါတို့ကို မျက်နှာသာပေးပါဦး။ အခု ငါ့ရဲ့သားလေးက အရမ်းကြောက်နေရှာပြီ"
"ဒါနဲ့ သူက တစ်ဖက်လှည့်နဲ့ သူ့ရဲ့အပေါင်းအသင်းတွေကို လှမ်းခေါ်လိုက်ရင်ရော ဘယ်လိုလုပ်ရမှာလဲ"
ကျင်းယွင်ကျောင်း၏ ဘေးတွင်ရပ်နေသော အမျိုးသမီးက သူမအား တောင်းပန်လာပြီးနောက် ထပ်မံ၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ပြန်သည်။
"အခု ဒီကလေး ဖမ်းသမားက ကလေးကို ဖြားယောင်းသွေးဆောင်ဖို့ ကြိုးစားနေပါတယ်။ မိန်းကလေး...မင်းက အသက် ငယ်ဦးမယ့်ပုံပါပဲ။ မင်းကိုယ်မင်း စောစောစီးစီး ပြုပြင် ထိန်းသိမ်းနိုင်ရင် ပိုကောင်းလာမှာပါ။"
ထိုအမျိုးသမီး၏ အပြောင်းအလဲ မြန်သည့် စွမ်းရည်ကို မည်သူမှ ယှဥ်နိုင်မည် မဟုတ်ပေ။
"ဒါဆိုရင်လည်း ရှင်ပြောသလို ကျွန်မက ကလေးဖမ်းတဲ့သူပဲ ထားပါတော့၊ ကောင်းပြီလေ၊ ကျွန်မတို့ ရဲတွေ ရောက်လာတဲ့အထိ စောင့်ကြတာပေါ့"
တစ်ဖက်လူသည် ထိုစကားကို ကြားသောအခါ ဤမိန်းကလေးသည် အဆုံးထိ ရောက်အောင်သွားမည့်သူ ဖြစ်ကြောင်း သဘောပေါက်သွား၏။
ထို့ကြောင့် သူတို့သည် ကျင်းယွင်ကျောင်း ဖုန်းခေါ်နေသည်အား ကြည့်ရင်း အလွန် သောကရောက်နေသည်။ ဤမိန်းကလေးသည် သူတို့၏ ကားနောက်သို့ တစ်လမ်းလုံး ပြေးလိုက်လာသည် ဖြစ်ရာ ကားမောင်း ပြေးလျှင်လည်း အလကားသာ ဖြစ်သွားမည်ပင်။
ထို့ကြောင့် အမျိုးသမီး ဖြစ်သူသည် ထိုမြင်ကွင်းအား တစ်ချက်ကြည့်၍ ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် ရုတ်တရက် ဘုန်းခနဲ ဒူးထောက်လိုက်ကာ အနီးရှိ လူများအား တိုင်တည် ပြောတော့သည်။
"ကျေးဇူးပြုပြီး ကျွန်မတို့ လင်မယားကို ကူညီကြပါဦး။ ကျွန်မက တကယ်ပဲ ဒီကလေးရဲ့အမေပါ။ ဒီကောင်မလေးက ကျွန်မ ခင်ပွန်းဟောင်းရဲ့ တရားမဝင် သမီးပါ။ ကျွန်မရဲ့ လူမဆန်တဲ့ ခင်ပွန်းဟောင်းက အပြင်မှာ ခြေရှုပ်ပြီးတော့ သားသမီးတွေ အများကြီး မွေးထားပါတယ်။ ဒါကြောင့် ကျွန်မ နောက်ဆုံးမှာ သူနဲ့ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် သူက ကလေးကို ခေါ်သွားမယ်လို့ ဘယ်သူသိမှာလဲရှင်။ ကျွန်မက ကလေးရဲ့အမေအရင်းပါ၊ အာ...ဟိုသားရိုင်းကောင်ကတော့ လုံးဝကို လူ မဟုတ်ပါဘူး။ သူက ကလေးကို အမြဲတမ်း ရိုက်နှက် ငေါက်ငမ်းနေတဲ့အပြင် မကြာခဏ အငတ်ထားပါတယ်။ ဒါကြောင့် ကျွန်မ တကယ်ပဲ ထပ်ပြီး သည်းမခံနိုင်တော့လို့ သားလေးကို ပြန်ခေါ်ချင်တာပါ။ ကျွန်မ တောင်းပန်ပါတယ်။ ဟောသည့် သနားစရာ ကလေးအမေတစ်ယောက်ကို ကူညီကြပါဦးရှင်"
Chapter 454 : အကြင်နာတရား
အမျိုးသမီးသည် စကားဆုံးသည်နှင့် လူတိုင်းအား ဆက်လက်၍ ရှိခိုး တောင်းပန်နေ၏။ ထိုဖြစ်ရပ်ကိုမြင်သောအခါ ပတ်ဝန်းကျင်ရှိလူများသည် ကရုဏာ မသက်ဘဲ မနေနိုင်တော့ချေ။
"ပြီတော့ သူ့ရဲ့ စွမ်းရည်တွေကိုလည်း ကြည့်ပါဦး။ သူက ကျွန်မရဲ့ခင်ပွန်းဟောင်းဆီကနေ သင်ထားတာပါ။ ကျွန်မရဲ့ ခင်ပွန်းဟောင်းက လူတွေကို ရိုက်နှက်ရတာကို အရမ်း သဘောကျပါတယ်။ ဒီကောင်မလေးကလည်း သူ့လိုပဲ ဆိုးသွမ်းတဲ့သူပါ။ သူက တစ်ခါတစ်လေ ကျွန်မရဲ့သားကို သူတောင်းစားဟန်ဆောင်ခိုင်းပြီး အပြင်ထွက် တောင်းခိုင်းပါတယ်"
ထိုအမျိုးသမီး၏ သရုပ်ဆောင်စွမ်းရည်မှာ ကောင်းလွန်းလှပြီး မျက်ဝန်းများက နီရဲနေကာ မျက်ရည်များ အဆက်မပြတ် စီးကျနေ၏။
ယခုအချိန်၌ သူမသည် ချောင်ပိတ်မိနေသည် ဖြစ်ရာ ပို၍ပင် ပြင်းပြင်းထန်ထန် ရှိခိုး တောင်းပန်နေပြီး အကြိမ်ရေ အနည်းငယ်ခန့် ကန်တော့ပြီးသည့်နောက်တွင် သူမ၏ နဖူးသည် သွေးများ စီးကျတော့မတတ် နီရဲလာရာ လူအများ၏ စိတ်နှလုံးအား ထိခိုက်သွားစေသည်။
ထိုကဲ့သို့သော ပုံပန်းသွင်ပြင်ကို ကြည့်၍ သူမအား လူလိမ်ဟုပြောပါက မည်သူက ယုံမည်နည်း။
ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ချက်ချင်းပင် ထိုလင်မယား အတွဲအား ကာပေးလိုက်၍ ကျင်းယွင်ကျောင်းအား လက်ညှိုးထိုး၍ ပြောလာ၏။
"ဒီကလေးကလည်း မင်းရဲ့မောင်လေးပဲလေ။ ဒါကို မင်းက သူ့ကို သူ့အမေနဲ့အတူ သွားခွင့်မပေးဘဲ ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ။ ပြီးတော့ မင်းကို ကြည့်ရတာလည်း သူ့အပေါ် ကောင်းတဲ့ပုံ မပေါ်ဘူး။ ကလေးက တအား ကြောက်ပြီး အခုလို ငိုနေတာတောင် မင်းက သူ့ကို လွှတ်မပေးသေးဘူးလား"
"အမှန်ပဲ၊ မင်း လုပ်ရပ်တွေကို ရပ်လိုက်ပါတော့၊ တကယ်လို့ ဒီအစ်မကြီးရဲ့ ခင်ပွန်းဟောင်းရောက်လာရင် ပိုဆိုးသွားလိမ့်မယ်"
လူအုပ်ကြီးသည် ကျင်းယွင်ကျောင်းအား စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်း၍ ပိတ်ဆို့ထားကြသည်။
ထိုအခါ ကျင်းယွင်ကျောင်းသည် ထိုလူအုပ်ကြီးကိုကြည့်၍ အံ့သြဆွံ့အသွား၏။
သည်လောက် ဆိုးဝါးတဲ့ အလိမ်အညာကိုလည်း ယုံကြတာပဲလား။ တစ်ဖက်လူက အားနွဲ့တဲ့သူ ဖြစ်ပြလိုက်ရုံနဲ့လေ။
ထိုအချိန်တွင် လူကုန်ကူးသမား လင်မယားနှစ်ယောက်သည် လူအုပ်ကြီး၏ အကူအညီဖြင့် ကားထဲသို့ ပြန်ဝင်သွားဟန် ပြင်နေသည်ကို မြင်လိုက်ရာ ကျင်းယွင်ကျောင်းက အော်ဟစ်လိုက်၏။
"လမ်းဖယ်ပေးကြစမ်း"
"မဖယ်ဘူး။ ကလေးမ၊ မင်းက အကောင်းအဆိုးကို မခွဲခြားတတ်သေးဘူး၊ ကလေးငယ်တွေက သူတို့ရဲ့အမေကို ရှာကြတာ သဘာဝပဲ"
ဘေးလူများက ကရုဏာအပြည့်ဖြင့် ဝင်ပြောလာသည်။
ထိုလူများ၌ အကြင်နာတရား ရှိမှန်း ကျင်းယွင်ကျောင်းလည်း သိ၏။ သို့သော် ထိုသို့ အကြင်နာတရားကို ဖော်ပြရန်အတွက် နည်းလမ်းပေါင်းများစွာ ရှိ၍ ယခုကဲ့သို့ တစ်ဖက်လူ ပြောသမျှအား မျက်စိစုံမှိတ်၍ ယုံကြည်ပေးခြင်းသည် အကြင်နာတရား မဟုတ်ဘဲ လူအများအား သတ်နေခြင်းသာ ဖြစ်သည်။
ထိုကဲ့သို့ လူများက လမ်းဖယ်ပေးရန် ငြင်းဆန်နေသည်ကို မြင်သောအခါ ကျင်းယွင်ကျောင်းသည် ထပ်မံ၍ ယဥ်ကျေး မနေတော့ပေ။ ထို့နောက် လီရှောက်ယွင်က သူမအား အအေးဒဏ် ကာကွယ်ရန်အတွက် ပေးခဲ့သော မာဖလာကို လက်များပေါ်တွင် ခပ်တင်းတင်းပတ်၍ လူအုပ်ကြီးအား အတင်းဝင်တိုးကာ အချို့လူများ၏ ညှို့သကျည်းများကို ဆောင့်ကန် ပစ်လိုက်သဖြင့် အကန်ခံရသူများသည် ထုံကျဥ်သွားကြပြီး ခြေထောက်ပင် လုံးဝ မမြှောက်နိုင်တော့ချေ။
ထိုအခါ သူမသည် ကားဘေးသို့ အမြန် ပြေးသွား၍ တစ်ဖက် အမျိုးသမီး၏ အပ်စိုက်မှတ် နေရာများကို ဖိလိုက်ကာ လက်ထဲရှိ ကလေးငယ်အား အလွယ်တကူ လုယူလိုက်သည်။
ကလေးငယ်သည်လည်း လည်ချောင်ကွဲလုမတတ် သည်းသည်းထန်ထန် ငိုကြွေးနေ၏။
ထိုအခါ လူကုန်ကူးသမား စုံတွဲသည် သူတို့၏ အကြံအစည်များ အားလုံး ပျက်ပြားသွား၍ ပြန်လည် အဖတ်ဆယ် မရတော့မှန်း သဘောပေါက်သွားရာ တစ်ယောက်ကို တစ်ယောက် ကြည့်၍ ကားပေါ်သို့ အရူးတစ်ပိုင်း ပြေးတက်လိိုက်ကြသည်။ သို့သော် ထိုအချိန်မှာပင် ပြင်းထန်သည့်လက်သီးချက် တစ်ချက်ကြောင့် ကားစတီယာရင်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။
ထိုအချိန်တွင် ဘေးမှ စောင့်ကြည့်နေသူ အားလုံး ရုတ်တရက် သက်ပြင်း ရှိုက်မိသွားကြသည်။
ကားမှန်မှ စီးကျနေသော သွေးများသည် ကျင်းယွင်ကျောင်း၏ တံတောင်ဆစ်မှ သွေးများ ဖြစ်ပုံရ၍ စောင့်ကြည့်နေကြသည့် လူအုပ်ကြီးသည် ထိတ်လန့် တုန်လှုပ်သွားကာ နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်လိုက်မိကြသည်။
ကားသည် လုံးဝ ပျက်ဆီးသွား၍ ထိုစုံတွဲလည်း ထပ်မံ၍ အသုံးမပြုနိုင်တော့ပေ။ ထို့ကြောင့် သူတို့သည် ခြေထောက်ဖြင့်သာ ထွက်ပြေးချင်သော်လည်း ကားကိုပင် ဖျက်ဆီးပစ်နိုင်သည့် ကျင်းယွင်ကျောင်းက သူတို့အား အဘယ်ကြောင့် အခွင့်အရေးပေးမည်နည်း။ ထို့နောက် သူမသည် သူတို့၏ လည်ပင်များအား မာဖလာဖြင့် လှမ်းရစ်လိုက်၍ သူတို့သာ ရုန်းကန်ပါက အသက်ရှုကြပ်၍ သေသွားနိုင်သည်။
ဤနေရာသည် ကလေးပျောက်သွားသော နေရာနှင့် နှစ်လမ်း၊ သုံးလမ်းသာ ခြားပြီး သိပ်မဝေးပေ။ ထို့အပြင် ကလေး ပျောက်သွားသည့်အချိန်၌ ရဲများကိုလည်း ချက်ချင်း ဆက်သွယ်ထားသည်ဖြစ်ရာ ထိုလူစုသည် ဆယ်မိနစ်အတွင်း အပြေးအလွှားရောက်ရှိလာ၏။
"ရှောင်ကျယ့်"
ကလေး၏ မိခင်ဖြစ်သူသည် ကလေးအား မြင်သည်နှင့် မျက်ရည်များ စီးကျလာကာ သူမဆီသို့ အော်ဟစ်ရင်း ပြေးလာသည်။
ထိုအခါ ကျင်းယွင်ကျောင်းက ကလေးကို ပြန်ပေးလိုက်ရင်း ...
"ဒီတစ်ခါတော့ ပြန်ရှာတွေ့ပါတယ်၊ ဒါပေမယ့် နောက်တစ်ခါတော့ သေချာ ဂရုစိုက်ပါ"
ဤလူကုန်ကူးသူ နှစ်ယောက်၏ လှုပ်ရှားမှုများမှာ အလွန် လျင်မြန်၍ ယခုမှ စလုပ်ဖူးသူများ မဟုတ်သည်မှာ အသိအသာပင်။ ထို့ကြောင့် သူတို့ ဖျားယောင်း သွေးဆောင်၍ ခိုးယူသွားသော ကလေးများသည် တစ်ယောက်မက ဖြစ်နိုင်သည် မဟုတ်လား။ ထိုသို့ တွေးမိသောအခါ ကျင်းယွင်ကျောင်းသည် မသိမသာ သက်ပြင်းချလိုက်၍ အနည်းငယ် စိတ်ရှုပ်သွား၏။
အစောပိုင်းက သူမ ကိုယ်ခံပညာ တော်၍သာ ပြိုင်ဖက်ကို အင်အားသုံး၍ တိုက်ရိုက် ဖိနှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကိုယ်ခံပညာသာ မတတ်ပါက ယနေ့ သူမ လည်ချောင်းကွဲမတတ် အော်ဟစ်နေလျှင်တောင်မှ မည်သူကမျှ သူမကို ယုံကြည်ပေးကြမည် မဟုတ်ပေ။ ထိုအခါ သူမသည်လည်း ထိုလူများက ကလေးငယ်အား အဝေးသို့ ခေါ်သွား၍ ရိုက်နှက် နှိပ်စက်နေမည်ကို လွှတ်ထားပေးလိုက်ရုံသာ တတ်နိုင်လိမ့်မည်။
Chapter 455 : အနည်းငယ် အန္တရာယ်များခြင်း
ထိုမိသားစုသည် ကလေးငယ်အား တင်းတင်းကြပ်ကြပ်ဖက်ထား၍ လွှတ်ပေးရန် ငြင်းဆန်နေကြရာ မြင်ရသူအပေါင်း မျက်ရည်ကျမိကြသည်။ စောင့်ကြည့်နေကြသည့် လူအုပ်ကြီးသည်လည်း တစ်ပါးသူထံ၌ အလွယ်တကူ လှည့်စားခံရသည်အထိ တုံးအလွန်းသော သူတို့ကိုယ်သူတို့ သိမြင်သဘောပေါက်သွားကြ၏။
ထို့အပြင် အစောပိုင်းက သည်းသည်းမဲမဲ ငိုကြွေးနေသည့် ကလေးငယ်သည်လည်း မိခင်ဖြစ်သူထံမှ အချော့မြူ ခံရပြီးသည့်နောက်တွင် အများကြီး ပို၍အဆင်ပြေလာသည်။ ထို့ကြောင့် ထိုအမျိုးသမီးသည် ထိုကလေး၏ မိခင်အရင်း မဟုတ်ဟု ဆိုပါက မည်သူက ယုံမည်နည်း။
ထိုအချိန်၌ လူတိုင်းသည် အလှည့်စား ခံရလိုက်၍ စိတ်ရှုပ်နေကြ၏။
အစောပိုင်းက ကလေးခိုးတဲ့ စုံတွဲက မိဘအရင်းနဲ့ တစ်ပုံစံတည်း တူအောင် ဟန်ဆောင်နိုင်လိုက်တာ၊ သူတို့ရဲ့နဖူးတွေတောင် ကွဲတော့မတတ်ပဲ၊ မျက်ရည်ကျလိုက်တာလည်း သည်မိသားစုထက်တော့ မလျော့ဘူး။ တကယ်လို့ သူတို့ကိုသာ မင်းသား၊ မင်းသမီး ရွေးပွဲ သွားပြိုင်ခိုင်းရင် သေချာပေါက် အရွေးခံရမှာပဲလို့တောင် အာမခံနိုင်တယ်။ ဒါပေမယ့် ငါ အခု ဒေါသထွက်နေပေမယ့် ခုနတုန်းက လူလိမ်တွေကို ကူညီပေးမိတဲ့ ဖြစ်ရပ်ကို ပြန်တွေးမိရင် နည်းနည်း ရှက်မိတယ်။
"ကျောင်းသူလေး၊ ငါ တောင်းပန်ပါတယ်၊ ခုနတုန်းက ငါတို့ ထင်လိုက်တာက... ..."
လူတစ်ယောက်က သက်ပြင်းချ၍ ရှက်ရွံ့စွာ ပြောလာသည်။
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းခါပြလိုက်ရင်း ...
"ရှင်တို့တွေလည်း စေတနာနဲ့ အမှား လုပ်မိကြတာပါပဲ။ ဒါပေမယ့် အနာဂတ်မှာ ဒီလို ဖြစ်ရပ်မျိုး ထပ်ဖြစ်လာခဲ့ရင်တော့ ဘယ်သူ့ကိုမှ လွယ်လွယ် သွားခွင့်မပေးဘဲ ရဲကို တိုက်ရိုက်ခေါ်လိုက်တာ အသင့်တော်ဆုံးလို့ ကျွန်မ ထင်တယ်"
ထိုကဲ့သို့သော အချိန်မျိုးတွင် မည်သူ့ကိုမှ မယုံကြည်သင့်ဘဲ ရဲခေါ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်သည် မဟုတ်လား။
အကယ်၍ အစောပိုင်းကကဲ့သို့ ကိစ္စများသာ အကြိမ်ဖန်များစွာ ဖြစ်ပွားပါက မတရားသော အမှုအခင်း များစွာ ရှိလာနိုင်သည်။
ထိုအခါ လူအုပ်ကြီးသည် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ထိုလူစုသည် ဦးလေးအရွယ်၊ အဒေါ်အရွယ်များ ဖြစ်ကြ၍ မိန်းကလေးငယ်တစ်ယောက်ထံမှ သတိပေးခံရသည်မှာ အမှန်တကယ်ပင် ရှက်စရာကောင်းလှသည်။ သို့သော် ကံကောင်းသည်မှာ အခိုးခံရသည့် ကလေးငယ် ဘာမှမဖြစ်ခြင်းပင်။ အကယ်၍ ထိုကလေးအား ကလေးသူခိုးများက အမှန်တကယ်ပင် အဝေးသို့ ခေါ်သွားပါက အဖြစ်မှန်ကို သိပြီးနောက်တွင် သူတို့၏ လက်ကျန် ဘဝတစ်လျောက်လုံး သေချာပေါက် စိတ်သက်သာရာရတော့မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် စကားဆုံးသည်နှင့် လက်မောင်းကို ထိကြည့်လိုက်ရာ တံတောင်ဆစ်မှ နာကျင်မှု အနည်းငယ်ကိုသာ ခံစားလိုက်ရ၏။
အစောပိုင်းက ကလေးငယ်လေး ငိုကြွေးနေသဖြင့် သူမသည် အနည်းငယ် စိတ်သောက ရောက်ခဲ့ရပြီး ပို၍ စိတ်ဓါတ် မာကျောသယောင် ပြုမူခဲ့ရသည်။
ယခုအချိန်၌ ရဲများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြ၍ စိတ်ဓါတ်ကျနေသော ကလေးသူခိုးနှစ်ယောက်နှင့် ဗင်ကားကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြ၏။ သို့သော် ကျင်းယွင်ကျောင်းကို မြင်သောအခါ ပို၍ပင် ထိတ်လန့် အံ့သြသွားကြတော့သည်။
ကလေးငယ်အား ကယ်တင်လိုက်သူသည် မိန်းကလေးတစ်ယောက်ဟု သူတို့ မျှော်လင့်မထားကြပေ။ အကယ်၍ ကလေးခိုးသူ တစ်ယောက်တည်းသာဖြစ်ပါက အဆင်ပြေသော်လည်း ယခုအခါ နှစ်ယောက်ဖြစ်နေရာ သူတို့သည် သူမအား ချီးကျူးရမည်လား၊ သတိပေးရမည်လား မဝေခွဲနိုင်တော့ပေ။
"ငါ ခုနတုန်းက မင်းကို မြင်လိုက်တယ်။ မင်းက ကျင်းယွင်ကျောင်း၊ ဟုတ်ပါတယ်နော်။ ဒီကိစ္စမှာ မင်းလုပ်သွားတာ ကောင်းတယ်၊ ဒါပေမယ့် အနာဂတ်မှာတော့ မင်းရဲ့လုံခြုံရေးကိုလည်း ဂရုစိုက်ဖို့လည်း လိုတယ်။ မင်း လမ်းပေါ်ကို ဖြတ်ပြေးပြီး ကားထဲကနေ ခုန်ထွက်တယ်လို့လည်း ငါကြားခဲ့သေးတယ်၊ အဲဒါကတော့ နည်းနည်း အန္တရာယ်များတယ်ကွယ့်"
ရဲအရာရှိတစ်ယောက်က ပြောလာ၏။
ဤကျင်းယွင်ကျောင်းသည် သူတို့ ရဲစခန်း၏ အပေါင်းအသင်း ဘော်ဒါတစ်ယောက်ဟုပင် သတ်မှတ်နိုင်သည်။ သူမက ထူးချွန် ထက်မြက်၍ လွန်ခဲ့သည့် လအနည်းငယ်က အလွန်နာမည်ကြီးသွားခဲ့သည် ဖြစ်ရာ သူမအား လူအများက သိနေကြ၏။
ထိုအခါ ကျင်းယွင်ကျောင်းက အလွန် ရို့ကျိုးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် တစ်ဖက်လူက သူမအား တစ်ချက်ကြည့်လိုက်ပြီးနောက် လက်မောင်းကို မြင်သွား၏။
"ဒီမှာ ဘာလို့ သွေးတွေ အများကြီး ထွက်နေတာလဲ။ လာပါ...ကားပေါ်တက်။ မင်းကို ပတ်တီးစည်းပေးဖို့ ဆေးရုံ ခေါ်သွားပေးမယ်"
"ရပါတယ်၊ ကျွန်မ နေတဲ့နေရာက ဒီနေရာနဲ့ သိပ်မဝေးဘူး။ အိမ်မှာက ဆေးတွေရော၊ သမားတော်တစ်ယောက်ရော ရှိပါတယ်။ ဒါကြောင့် ဆေးရုံ သွားစရာ မလိုပါဘူးရှင့်"
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
အခုအချိန်လောက်ဆို အကြီးအကဲ ရှုက ဆံပင်မွေးတွေ ထောင်တဲ့အထိ စိတ်ဆိုးနေလောက်ပြီ မဟုတ်လား။
သူမသည် စားသောက်ကုန်များ ဝယ်ရန်အတွက် အပြင်ထွက်လာခြင်း ဖြစ်သော်လည်း အပြင်၌ အချိန်အတော် ကြာနေပြီ ဖြစ်ရာ အိမ်ပြန်ရောက်သည်နှင့် ငပျင်းဟု အပြောခံရတော့မည်မှာ ကျိန်းသေပင်။ ထို့ကြောင့် ယခု ဆေးရုံသို့ပါ လိုက်သွားလျှင် ပို၍ အခြေအနေ ဆိုးသွားနိုင်၏။
ရဲဦးလေးကြီးသည် သူမအား အလွန်စိုးရိမ်နေ၍ ဆေးရုံသို့ အမြန်သွားရန် အကြိမ်ရေ အနည်းငယ်ခန့် ထပ်မံတိုက်တွန်းနေသေးသည်၊ သို့သော် အဆုံး၌ ကျင်းယွင်ကျောင်းက ခေါင်းမာမာနှင့် ငြင်းဆန်နေသည်ကို မြင်သောအခါ ဘာမှ မတတ်နိုင်တော့ပေ။ ထို့ကြောင့် သူသည် ဤအကြောင်းကို စဥ်းစားကြည့်ပြီးနောက် သူမအား အိမ်ပြန်လိုက်ပို့ရန် ဆုံးဖြတ်လိုက်၏။
ကျင်းယွင်ကျောင်းသည် မူလက သူမ၏ စားသောက်ကုန်ပစ္စည်းများကို အသစ်ထပ်ဝယ်ရမည်ဟု ထင်ခဲ့သော်လည်း ခဏကြာပြီးနောက် သူမ၏ ပစ္စည်းများကို လူတစ်ယောက်က လာပို့ပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဖြစ်ပုံမှာ ထိုမိသားစု ကလေးပျောက်နေစဥ် အဖွားအိုအား ထိုနေရာရှိ လူတစ်ယောက်က နှစ်သိမ့်ပေးခဲ့၍ သူမ၏ ပစ္စည်းများကိုလည်း လမ်းတစ်လျှောက်လုံး ဂရုစိုက် ယူလာပေးခဲ့ခြင်း ဖြစ်သည်။
ကျင်းယွင်ကျောင်းလည်း အလွန် ကျေးဇူးတင်သွား၏။
ထို့နောက် သူမသည် ဝယ်ထားသော ပစ္စည်းများကိုသယ်၍ ရဲကားပေါ်သို့ တက်လိုက်ပြီး အကြီးအကဲ ရှု၏ အိမ်သို့ တိုက်ရိုက် လိုက်ပို့ခိုင်းလိုက်သည်။
ထင်ထားသည့်အတိုင်းပင် သူမ တံခါး တွန်းဖွင့်လိုက်သည်နှင့် အဖိုးအိုက သူမအား တစ်ချက်ကြည့်လာ၍ မြည်တွန် တောက်တီးတော့၏။
"မင်း ထပ်ပြီးတော့ ဘယ်နေရာတွေ သွားဆော့နေပြန်တာလဲ။ ငတုံးမလေး၊ မင်းက ငါ့လို အဖိုးကြီးကို အဆာလွန်ပြီး သေစေချင်နေတာလား"
Chapter 456 : ခေါင်းကို မြင်းအကန်ခံရခြင်း
အဖိုး ရှု၏ စကားကို ကြားသောအခါ ကျင်းယွင်ကျောင်း၏ အနောက်ရှိ ရဲအရာရှိသည် သူမအတွက် ဝင်ပြောပေးချင်သော်လည်း ကျင်းယွင်ကျောင်းက ခပ်မြန်မြန်ပင် နောက်သို့ ပြန်တွန်းလိုက်ပြီး ...
"ရဲဦးလေးကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။ ကျွန်မအတွက် ကူရှင်းပြပေးဖို့ မလိုတော့ပါဘူး။ ကျွန်မကိုယ်တိုင်ပဲ ရှင်းပြနိုင်ပါတယ်"
အကယ်၍ အခြားသူတစ်ယောက်ကသာ ဝင်ရှင်းပြပါက အဖိုးအို၏ ဒေါသသည် ပို၍ ဆိုးသွားရုံသာရှိ၏။
သူမသည်လည်း အပြင်မှ စစ်ကူ ခေါ်လာသည်ဟုပင် အပြောခံရနိုင်သည်။
ထို့အပြင် သူမသည် ကောင်းမွန်သော ကိစ္စတစ်ခုကိုပြုလုပ်ခဲ့ခြင်းဖြစ်ရာ အဖိုးအိုအား သေသေချာချာ ရှင်းပြနိုင်သရွေ့ ပြဿနာ မရှိဘဲ အခြားသူများ ဝင်ကူပေးရန် မလိုပေ။
ထိုအခါ ရဲအရာရှိသည် ပဟေဋိ ဖြစ်သွား၏။ ကျင်းယွင်ကျောင်းက ထူးဆန်းသော်လည်း ဤအဖိုးအိုကမူ ပို၍ပင် ထူးဆန်းပုံရသည်၊ ထို့ကြောင့် ရဲအရာရှိလည်း ခေါင်းညိတ်ပြလိုက်၍ ကလေးသူခိုးနှစ်ယောက်အား ရဲစခန်းသို့ ဖမ်းခေါ်သွားတော့သည်။ ထို့နောက် ကျင်းယွင်ကျောင်းက တံခါးပိတ်လိုက်၍ သူမ ဝယ်လာသည့် ပစ္စည်းများကိုသယ်ကာ ခြံထဲသို့ ဝင်လာ၏။
"အဖိုး ရှု၊ ခုနက လမ်းမှာ ကိစ္စလေးတစ်ခု ဖြစ်ခဲ့လို့ ကျွန်မ ခဏ နောက်ကျသွားတာပါ။ ဒါကြောင့် ကျွန်မက အဖိုးကို အသစ်ဖောက်ထားတဲ့ ဆေးဝိုင်တစ်လုံး အစားပြန်ပေးမှာပေါ့"
ကျင်းယွင်ကျောင််း၏ မျက်လုံးများက တောက်ပနေသည်။ ထိုအခါ အဖိုးအိုက နှာခေါင်းရှုံ့လိုက်ရင်း နှာခေါင်းထိပ်ကို လက်ဖြင့် ပွတ်ကာ သူမ၏ လက်မောင်းအား တစ်ချက်ကြည့်လိုက်သည်။
"တကယ်ကို အသုံးမကျတာပဲ။ ဒဏ်ရာရလာသေးတာလား"
ကျင်းယွင်ကျောင်းက ခေါင်းယမ်းလိုက်ပြီး ...
"အသေးအမွှား ဒဏ်ရာလေးပါ။ မနာပါဘူး"
စကားဆုံးသည်နှင့် သူမ, မပြုံးဘဲ မနေနိုင်တော့ချေ။
ဤအဖိုးအိုနှင့် စကားပြောပါက အများနှင့် မတူသည့် အခြားနည်းလမ်းတစ်ခုကို သုံးရန် လိုအပ်သည်။
အကယ်၍ သူမက မနာကြောင်း ပြောပါက အဖိုးအို၏ သဘောထားသည် ကောင်းမွန်နေလိမ့်မည်ဖြစ်ပြီး သူမကသာ ခြံထဲသို့ ဝင်လိုက်သည်နှင့် ပြုံးစိစိလုပ်၍ ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေပါက အဖိုးအိုက သူမအား နှင်ထုတ်၍ နှစ်ပြား မတန်အောင် ပြောဆိုငေါက်ငမ်းပေလိမ့်မည်။
ထို့ကြောင့် ယခု သူမက မျက်မှောင်တစ်ချက်ပင် မကြုံ့သည်ကို မြင်သောအခါ အဖိုးအိုသည် သိသိသာသာပင် မပျော်မရွှင် ဖြစ်သွား၏။
"မင်းက ငါ ထင်ထားတာထက်တောင် ပိုတုံးသေးတယ်။ မင်းရဲ့ဒဏ်ရာကို သွားပြီး သန့်ရှင်းလိုက်။ ငါ မင်းကို ပတ်တီး စည်းပေးမယ်။ မဟုတ်လို့ မင်း ဒီဒဏ်ရာနဲ့ ငါ့အိမ်ထဲမှာ လျှောက်သွားနေရင် မင်းရဲ့သွေးနံ့ကြောင့် ငါ့ရဲ့ဆေးပစ္စည်းတွေ ထိခိုက်သွားလိမ့်မယ်။ အဲ့လိုသာဆိုရင် မင်းလည်း နောက် ဒီကို မလာနဲ့တော့"
ကျင်းယွင်ကျောင်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ"
အဖိုးအိုသည် တမင်တကာ ပုံကြီးချဲ့၍ ပြောနေခြင်းဖြစ်၏။ ဤခြံဝန်းသည် အလွန် ကြီးမား၍ သူမ၏ သွေးများကလည်း မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေခြင်း မဟုတ်ရာ ဆေးပစ္စည်းများကို အဘယ်ကြောင့် ထိခိုက်မည်နည်း။
သူသည် သူမအား စိတ်ပူနေသည်မှာ အသိအသာပင် ဖြစ်သော်လည်း ပွင့်ပွင့်လင်းလင်း ပြောမည်မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် ဒဏ်ရာအား ခပ်မြန်မြန် ရေဆေး၍ ပိုးသတ်ပြီးသောအခါ အဖိုးအိုသည်လည်း ဆေးများကို ယူ၍ အိမ်ထဲမှ ထွက်လာ၏။ ထို့နောက် နှစ်ယောက်သား ဆေးထည့်ရန်အတွက် ထိုင်လိုက်စဥ်မှာပင် ခြံတံခါး ပွင့်လာ၍ လီရှောက်ယွင် ဝင်လာသည်။ သို့သော် သူသည် ခေါင်းမော့ကြည့်လိုက်၍ ကျင်းယွင်ကျောင်းနှင့် အဖိုး ရှုကို မြင်သောအခါ သူ၏ မျက်နှာပေါ်ရှိ ခပ်ရေးရေး အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက်စက်မျက်ဝန်းများက အနည်းငယ် ကြောက်စရာ ကောင်းသွားသည်။
ထို့နောက် သူသည် မျက်မှောင်ကြုံ့၍ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာပြီးနောက် ဒဏ်ရာကိုစိုက်ကြည့်၍ အံကြိတ်လိုက်ရင်း ...
"ကိုယ် မရှိတဲ့အချိန် ခဏလေး အတွင်းမှာကို မင်းက တခြားသူတွေနဲ့ တိုက်ခိုက်လိုက်သေးတာလား"
ဒဏ်ရာအား သေချာကြည့်လျှင် ဖန်ကွဲစများပင် စိုက်ဝင်နေသေး၏။
ထိုမျှသာမက ယခုတစ်ကြိမ် ရခဲ့သည့် ဒဏ်ရာအပြင် သူမ လက်မောင်းအပေါ်၌ အမှန်တကယ်ပင် ဆေးလိပ် မီးတို့ရာများ ရှိနေ၍ ထိုဒဏ်ရာများမှာ သက်တမ်းကြာနေပုံပေါ်ကာ ထိတ်လန့်စရာ ကောင်းလှသည်။
လီရှောက်ယွင်က မျက်နှာထားတင်းတင်းဖြင့် ဆက်မေးလာ၏။
"ဒါက ဘယ်လိုဖြစ်တာလဲ"
ထိုစကားကို ပြောလိုက်သည့်အချိန်၌ သူ၏ မျက်နှာထားက အေးစက်နေသော်လည်း ကျင်းယွင်ကျောင်းက မော့ကြည့်၍ ပြုံးပြလိုက်သည်။
"ကျွန်မ ကလေး ပြန်ပေးဆွဲတဲ့သူတွေနဲ့ တွေ့ခဲ့တာ။ ကျွန်မလည်း ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူးလေ၊ ရှင်ဆိုရင်ရော လွှတ်ပေးလိုက်ချင်လို့လား။ ဒါကြောင့် ကျွန်မ သူတို့နောက်ကို ပြေးလိုက်ပြီး ကားပြတင်းပေါက်ကို ရိုက်ခွဲလိုက်တာ၊ ဒါပေမယ့် ကံကောင်းတာက ကျွန်မ ကလေးကို ကယ်လိုက်နိုင်တယ်လေ။ အဲဒါကြောင့် ကျွန်မ ပြန်လာတော့ ကလေးလေးက သူ့လက်ထဲက တုတ်ချိုချဥ်လေးကိုတောင် ပေးလိုက်သေးတယ်"
အမှန်အတိုင်း ဝန်ခံရပါက ထိုအချိန်က သူမ၏ ရင်ထဲ၌ အနည်းငယ် ပျော်ရွင်နေခဲ့သည်။
ကလေး ပျောက်သွားစဥ်က ထိုမိသားစုသည် အလွန် ကယောင်ခြောက်ခြား ဖြစ်နေခဲ့ရှာ၏။ ထို့ကြောင့် ထိုကဲ့သို့သော မိဘကောင်းများသည် သားသမီးများနှင့် မခွဲသင့်ပေ။
ထိုအခါ လီရှောက်ယွင်၏ မျက်နှာက မဲမှောင်သွားပြီးနောက် သူမ၏ ဦးခေါင်းအား လက်ဖြင့် အသာတွန်းလိုက်၏။
"ကျင်းယွင်ကျောင်း၊ မင်းရဲ့ခေါင်းကို မြင်းအကန်ခံလိုက်ရတာလား။ ဒီတုတ်ချိုချဥ်လေး တစ်ချောင်းအတွက် မင်းကိုယ်မင်း ဒီလို ဒဏ်ရာရအောင် လုပ်လာတာလား။ ဒါက ကျိုးနေတဲ့ ချိုချဥ် တစ်ခုပဲ မဟုတ်ဘူးလား။ မင်း ဘာလိုချင်လဲ၊ မင်းအတွက် လုပ်ပေးမယ့် သူတွေ ဘယ်လောက်တောင် အများကြီးရှိလဲ။ မင်း အဲ့လို ချိုချဥ်မျိုး တစ်ဘူးနဲ့ မလောက်ရင် ကားတစ်စီးစာ အပြည့်လိုချင်လား။ အခန်းတစ်ခန်းစာ အပြည့်မှ မလောက်သေးရင် ကိုယ်က မင်းကို ချိုချဥ် မြို့တော်ကြီး ဆောက်ပေးဦးမှာ။ ဒီသခင်လေးက ဒီမှာ ရှိနေသရွေ့ မင်း ဘာလိုချင်လဲ၊ လိုချင်တာ အကုန်ရတာကို မင်းက ငတုံးလား"
သူ ဤမြို့သို့ ရောက်နေသည်မှာ နှစ်ရက်သာရှိသေး၏။ လွန်ခဲ့သော ဆယ်နှစ်ကျော်အတွင်း မရေမတွက်နိုင်သည့် ဒဏ်ရာများ ရခဲ့သော်လည်း ယခင်က ဤကဲ့သို့ တစ်ခါမှ မခံစားဖူးခဲ့ပေ။
သို့သော် ယခု ကျင်းယွင်ကျောင်း၏ ဒဏ်ရာမှ သွေးထွက်လာသည်ကို မြင်သောအခါ သူသည် အကြောင်းအရင်း မရှိဘဲ အနည်းငယ် မူးဝေလာသလို ခံစားလိုက်ရ၏။ ဤခံစားချက်သည် သူ ယခင်က ဒဏ်ရာရခဲ့သည့် အချိန်များထက် ပိုနာ၍ ခန္ဓာကိုယ်တစ်ခုလုံး နေထိုင် မကောင်းတော့ပေ။