အခန်း (၄၅၇-၄၆၀)
Vol. 23 Ch. 457-460
Chapter 457 : ဒုတိယမျိုးဆက် ဆက်ခံသူ
လီရှောက်ယွင်က မျက်မှောင်ကြုံ့၍ အနာကိုသာ စိုက်ကြည့်နေ၏။ ကျင်းယွင်ကျောင်းကမူ သူ၏ စကားကြောင့် မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
"သခင်လေး လီ၊ ကျွန်မက လူတစ်ယောက်ကို ကယ်ခဲ့တာပါ။ အပျော်လုပ်တာမှ မဟုတ်တာ"
ကျင်းယွင်ကျောင်း၏ မျက်နှာက နူးညံ့နေ၍ ဆက်ပြောလာ၏။
"ပြီးတော့ ဒဏ်ရာ သေးသေးလေးပါပဲ။ ဒီမှာလည်း အဖိုးရဲ့ဆေးတွေ ရှိနေတာဆိုတော့ မကြာခင် ပျောက်သွားမှာပါ"
သူမသည် လီရှောက်ယွင် ဤကဲ့သို့သော စကားမျိုးပြော၍ အခဲမကြေ ဖြစ်နေပုံကို ပထမဆုံးမြင်ဖူးသည်ဖြစ်၍ အနည်းငယ် ခေါင်းကိုက်သွားသော်လည်း သူမ၏ ဒဏ်ရာမှာ နာကျင်နေသဖြင့် သူ့အား ထပ်မံ၍ ပြဿနာ မရှာခဲ့ပေ။
ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ လီရှောက်ယွင်က မျက်မှောင်ကြုံ့လိုက်ပြန်၏။
သူ စိတ်ကြည်နေတဲ့ပုံပဲ။
ယခင်က ကျင်းယွင်ကျောင်းသည် စိတ်ကြည်နေလျှင်တောင်မှ သူ၏ရှေ့တွင်မူ အနည်းငယ် တည်ကြည်၍ ယဥ်ကျေးသော အမူအယာကိုသာ အမြဲထိန်းသိမ်းထားပြီး ဘယ်သောအခါမှ နူးညံ့ မပြခဲ့ပေ။ ထို့ကြောင့် သူသည် သူမ၏ မယုံကြည်နိုင်လောက်အောင် တည်ငြိမ်၍ ရင့်ကျက်သော အမူအယာကိုသာ ရင်းနှီးနေသော်လည်း ယခုအချိန်တွင်မူ မတူပေ။ သူမ၏ တစ်ကိုယ်လုံးသည် အလွန် သက်တောင့်သက်သာ ဖြစ်နေ၏။ အကြီးအကဲ ရှုက ပတ်တီးစည်းရာ၌ ကျွမ်းကျင်သော်လည်း သူမသည် သေချာပေါက် မနာကျင်ဘဲနေမည် မဟုတ်ပေ။ သို့သော် ကျင်းယွင်ကျောင်းသည် အဆင်ပြေနေသည့်အလား မည်သည့် တုံ့ပြန်မှုကိုမှ ထုတ်မပြဘဲ အနည်းငယ်ပင် ပြုံးနေသေး၏။
သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ မရှိသလိုပုံစံနဲ့။ ဒါကလည်း ကောင်လေးပေါက်စ တစ်ယောက်ကြောင့်တဲ့လား။
လီရှောက်ယွင်၏ မျက်နှာမှာ ဆက်လက် တင်းမာနေ၍ သူမ၏ ဗလာဖြစ်နေသည့် လည်တိုင်အား တစ်ချက် ကြည့်လိုက်ပြန်သည်။
"မာဖလာကရော ဘယ်ရောက်သွားလဲ"
ထိုအခါ ကျင်းယွင်ကျောင်းသည် ခေတ္တ ငြိမ်သွား၍ ခြံထဲရှိ အမှိုက်ပုံးအား လက်ညှိုး ထိုးပြလိုက်၏။
"တောင်းပန်ပါတယ်။ အဲဒါ နည်းနည်းပေသွားလို့..."
သူမ၏ မျက်နှာထားက အားတုံ့အားနာ ဖြစ်နေသည်။
"ရှင့်ရဲ့မာဖလာက အတော်လေး အသုံးဝင်တယ်။ အဲဒါလေး ရှိလို့ ကံကောင်းသွားတာ။ မဟုတ်ရင် ကျွန်မ စစ်မြေပြင်ကို လက်ဗလာနဲ့ သွားသလို ဖြစ်နေမှာ။ ဒါမှမဟုတ် ကျွန်မ အဲ့ဒါကို ပြန်ကောက်၊ လျှော်ဖွပ်ပြီး ရှင့်ကိုပြန်ပေးရမလား"
ကျင်းယွင်ကျောင်းက ခေါင်းငုံ့၍ ခပ်တိုးတိုးပြောလိုက်၏။
ထိုအခါ လီရှောက်ယွင်က ခပ်မြန်မြန် မျက်တောင်ခတ်လိုက်ပြီး မျက်လုံးကို မှေးကျဥ်းလိုက်ကာ မကျေမနပ် ရယ်လိုက်သည်။
"မင်းက လွှင့်ပစ်လိုက်ပြီ မဟုတ်ဘူးလား"
ဒါလေးရှိလို့ ကံကောင်းသွားတာတဲ့လား။
သူကတော့ ထိုသို့မထင်ပေ။ မာဖလာကို ကြည့်လိုက်ပါက ထိုအရာသည် အပိုင်းပိုင်း စုတ်ပြဲနေ၍ မှန်ကွဲစ အချို့ပင် စိုက်နေကာ သွေးများ စွန်းပေနေ၏။ ထို့အပြင် အမှိုက်ပုံးထဲ၌ ဆေးပစ္စည်းအမှိုက်သရိုက်များသာ ရှိသော်လည်း ဖုန်များစွာလည်း ရှိနေသည်။ ထို့ကြောင့် ထိုပစ္စည်းအား အကြိမ်တစ်ရာခန့် လျှော်ဖွပ်ပြီးလျှင်တောင်မှ သူ အသုံးပြု၍ ရတော့မည် မဟုတ်ပေ။
ထိုအခါ ကျင်းယွင်ကျောင်းက နှုတ်ခမ်း ကိုက်လိုက်ရင်း ...
"တောင်းပန်ပါတယ်"
"မင်း တောင်းပန်ဖို့ မလိုပါဘူး။ ကိုယ့်ကို နောက်ကျမှ တစ်ခုပြန်ပြီး အစားပေး"
လီရှောက်ယွင်က ပုံမှန်လေသံဖြင့် ဆက်ပြောလာ၏။
"ပြီးတော့ အဲဒါက မင်းရဲ့လက်နဲ့ ထိုးပေးတာဆိုရင် အကောင်းဆုံးပဲ။ အနည်းဆုံးတော့ ကိုယ်လည်း မင်းရဲ့စိတ်ရင်းကို ခံစားမိတာပေါ့၊ မဟုတ်ဘူးလား"
ထိုအခါ ကျင်းယွင်ကျောင်းက အသာ ပြုံး၍ ပြန်ဖြေလိုက်သည်။
"ကျွန်မ, မသိဘူးလေ"
"အားကျောင်း၊ မင်း မသိသေးတဲ့ တခြားအရာတွေလည်း ရှိသေးတယ်၊ ဒါပေမယ့် ကိစ္စ မရှိပါဘူး၊ ကိုယ် မင်းကို ယုံပါတယ်"
စကားဆုံးသည်နှင့် လီရှောက်ယွင်သည် သူမအား ပြုံးပြလာ၏။
သို့သော် သူသည် သူမ၏ ဒဏ်ရာကို ကြည့်ရန်လည်း မမေ့ဘဲ အဖိုးရှု၏ အနည်းငယ် အကိုင်အတွယ် ကြမ်းတမ်းပုံကို မြင်သောအခါ ဝင်ပြောလိုက်ပြန်သည်။
"မင်း ဒီလို အသေးအမွှား ပတ်တီး စီးတာလေးလောက်နဲ့တော့ အကြီးအကဲ ရှုကို ဒုက္ခပေးစရာ မလိုပါဘူး"
ထို့နောက် သူသည် သူမ၏ အရှေ့ရှိ မြေကြီးပေါ်၌ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ကျင်းယွင်ကျောင်း၏ လက်မောင်းကို အသာဆွဲယူလိုက်၍ သူ၏ နွေးထွေးသော လက်ဖဝါးသည် ကျင်းယွင်ကျောင်း၏ အေးစက်နေသည့် လက်မောင်းကို ထိသွား၏။ ထို့နောက် သူသည် အချိန်မဆွဲတော့ဘဲ ခပ်မြန်မြန် ပတ်တီး စည်းပေးလိုက်သည်၊ လီရှောက်ယွင် မျက်မှောင်ကြုံ့၍ ပတ်တီးစည်းခြင်း အမှု၌ အာရုံစိုက်နေပုံမှာ အတော်လေး နှစ်သက်ဖွယ်ကောင်းလှ၏။
ပတ်တီး စည်းရာတွင်လည်း အလွန် သေသပ်၍ အကြီးအကဲ ရှုထက်ပင် ပို၍ ကျွမ်းကျင်နေရာ ကျင်းယွင်ကျောင်း အံ့သြသွားမိသည်။
"ရှင်က ပတ်တီး ဘယ်လို စည်းရမလဲ ဆိုတာလည်း သိတယ်လား"
သူမသည် လီရှောက်ယွင် မည်သည့် ပညာရပ်များ လေ့လာခဲ့ကြောင်းကို တစ်ခါမှ မမေးခဲ့ဖူးပေ။ ထျန်းရှန်းလော်ကို ဦးစီးနေသော်လည်း ထိုဆိုင်မှာ မိသားစု စီးပွားရေး လုပ်ငန်းသာ ဖြစ်၍ မြို့တော်၌ လီရှောက်ယွင်၏ ရာထူး အဆင့်အတန်းမှာ မည်သို့ရှိကြောင်းနှင့် မည်သည့် အလုပ်လုပ်ကြောင်းကိုလည်း သူမ, မသိပေ။
သို့သော် ဆန့်ကျင်ဘက်အနေဖြင့် လီရှောက်ယွင်ကမူ သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပို၍ စိတ်ပူပေးသည်။
လီရှောက်ယွင်က သက်တောင့်သက်သာပင် ပြန်ဖြေလာ၏။
"အတိုက်အခိုက်၊ အသတ်အပုတ်တွေ၊ များလွန်းတော့ ပတ်တီးစည်းတဲ့ အရည်အချင်း တိုးတက်လာတာလည်း သဘာဝပါပဲကွာ"
ထိုအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး ...
"လီရှောက်၊ ရှင်က သောက်စား ပျော်ပါးဖို့ပဲ သိတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူ မဟုတ်ဘူးလား"
Chapter 458 : ငတုံးမလေး
ထိုစကားကို ကျင်းယွင်ကျောင်းက စနောက်၍သာ ပြောလိုက်ခြင်း ဖြစ်၏။ အကြောင်းမှာ မည်သည့် ရှုထောင့်မှ ကြည့်စေကာမူ လီရှောက်ယွင်သည် သေချာပေါက်ပင် သာမန် လူရှုပ်လူပွေ တစ်ယောက် မဟုတ်ချေ။
သူ၏ လက်ဖဝါးများ ပေါ်ရှိ အသားမာများသည် ကိုယ်ခံပညာရပ်များ သင်ကြားခဲ့ရသောကြောင့် သို့မဟုတ် လက်နက်များ ကိုင်ဆောင်ခဲ့ရသောကြောင့် ဖြစ်နိုင်ပြီး လက်မနှင့် လက်ညိုး ကြား၌ အမာရွတ် တစ်ခုပင် ရှိသည်။ သူမသည် သမားတော်တစ်ယောက် ဖြစ်သောကြောင့် ထိုအမာရွတ်သည် ဓါး ဒဏ်ရာ အမာရွတ်ဖြစ်ကြောင်း ပြောနိုင်၏။ ထို့အပြင် လီရှောက်ယွင် လူများကို ကြည့်သည့်အခါတိုင်း သူ၏ မျက်ဝန်းများတွင် သတိထားစစ်ဆေးတတ်မှု အနည်းငယ် ပါဝင်နေတတ်သည်။ ထိုအကြည့်များသည် အနည်းငယ် လူကြီးလူကောင်း ဆန်ပုံပေါ်သော်လည်း တကယ်တမ်း၌ လူများ၏ စိတ်နှလုံးကို အကဲခတ်နေခြင်းသာ ဖြစ်၏။ ထို့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိခြင်းကို အချိန်တိုင်း ထုတ်ဖော် ပြသတတ်ခြင်းက မောက်မာမှုများ ပြည့်နေသည့်အလား ထင်မှတ်ရစေသည်။
ယခင်က လီရှောက်ယွင် သူမ၏အရှေ့၌ ရိုက်နှက်တိုက်ခိုက်ဖူးသည့် အကြိမ်ရေ သိပ်မများဘဲ အချိန်အားဖြင့် တိုတောင်းသော်လည်း သူမသည် သူ့ထံမှ လူသတ်ချင်သည့် အရိပ်အငွေ့များကို ခံစားနိုင်သည်။
ထို့အပြင် သူ အသုံးပြုသည့် တိုက်ကွက်များအားလုံးသည် တစ်ဖက်လူအား အသေသတ်ရန်အတွက် ရည်ရွယ်ထားခြင်းသာ ဖြစ်၏။ လီရှောက်ယွင်သည် သူမနှင့် အတူရှိနေချိန်၌ သူ့ကိုယ်သူ အလွန် ထိန်းသိမ်း၍ သူ၏ အရည်အချင်းများကို တမင်တကာ လျှော့ချထားသော်လည်း သူမသည် ကိုယ်ခံပညာ လေ့လာထားသူဖြစ်ရာ သေချာပေါက်ပင် ခံစားကြည့်နိုင်၏။
ယခင်က ဟွားနင် ခရိုင်မြို့တွင် လီရှောက်ယွင် ကားတိုက်မှု ဖြစ်သည်မှာလည်း သံယသ ဖြစ်ဖွယ်ကောင်း၍ သူ၏ အနောက်သို့ ရန်သူ အလိုက်ခံရခြင်း ဖြစ်နိုင်သည်။
ထိုအချက်များကို အခြေခံ၍ လီရှောက်ယွင်သည် ကွန်မြူနစ်ပါတီမှ အရေးပါသူတစ်ယောက် ဖြစ်ကာ တရားမဝင် စီးပွားရေးလုပ်ငန်းအချို့ ရှိသူ၊ သို့မဟုတ် အထူး တာဝန်များကို မကြာခဏ ထမ်းဆောင်နေရသည့် စစ်သားတစ်ယောက်ဟု သူမ ခန့်မှန်းကြည့်မိ၏။
(T/N : တရုတ်မှာက ကွန်မြူနစ်ပါတီ တစ်ခုတည်းရှိလို့ အဲ့ပါတီရဲ့လူကြီးပိုင်းတွေ အားလုံးက အစိုးရပိုင်းနဲ့ ပတ်သတ်နေတာပါ။)
အကျဥ်းချုပ် ပြောရလျှင် သူသည် သေချာပေါက် သာမန် လူချမ်းသာတစ်ယောက် မဟုတ်ပေ။ ထို့အပြင် သူသည် ဘိုးဘေးများကို ကန်တော့ရန်ဟုဆို၍ ဟွားနင် ခရိုင်သို့ မကြာခဏရောက်လာတတ်သည် ဖြစ်ရာ စစ်သား တစ်ယောက် ဖြစ်နိုင်ချေမှာ အလွန်နိမ့်၏။ အကြောင်းမှာ သူမသည် ထိုကဲ့သို့ အချိန်ပြည့် အားလပ်နေသည့် စစ်သား တစ်ယောက်ကို တစ်ခါမှ မမြင်ဖူးပေ။
ကျင်းယွင်ကျောင်း၏ မျက်ဝန်း အကြည့်များထဲ၌ နားလည် သဘောပေါက်မှုများ ရောယှက်နေ၏။ လီရှောက်ယွင်သည် ဒဏ်ရာကို ဂရုတစိုက် ဆေးစည်းပေးပြီးနောက် သူမ၏ အင်္ကျီလက်များကို ဆွဲချပေးလိုက်သည်။
ထို့သို့ လုပ်ပေးနေရင်း သူမ၏ လက်မောင်းမှ ဆေးလိပ် မီးတို့ရာ အမာရွတ်ကို ထိမိသောအခါ သူသည် စက္ကန့်ပိုင်းမျှ တိတ်ဆိတ်နေပြီးနောက် ပြောလာပြန်၏။
"မင်းက သမားတော် မဟုတ်ဘူးလား။ ဒီအမာရွတ်ကို ဖယ်ပစ်လို့ မရဘူးလား"
ကျင်းယွင်ကျောင်းက ခေတ္တမျှ ကြောင်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
"အဲဒါက နာတာတို့၊ ယားတာတို့မှ မရှိတာ"
ထိုအခါ သူမ၏ ဘေးတွင် ထိုင်နေသော အကြီးအကဲ ရှုက လှောင်ရယ်လိုက်ပြီး ...
"ငတုံး...ဒီလောက် ရုပ်ဆိုးတာကို"
"အမှန်ပဲ၊ အကြီးအကဲ ရှု ပြောတာ မှန်တယ်"
လီရှောက်ယွင်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
ထိုအခါ ကျင်းယွင်ကျောင်းသည် ဆွံ့အသွား၍ အင်္ကျီလက်ကို ခပ်မြန်မြန် ဆွဲချလိုက်ရင်း ...
"ကျွန်မ အမာရွတ် ဖယ်နိုင်တဲ့ ဆေးတစ်မျိုးဖော်လိုက်မယ်၊ ဒါပေမယ့် အမာရွတ်က အရမ်းကြာလွန်းပြီး ထင်းနေတော့ ဆေးမလိမ်းခင်မှာ အဲ့နေရာက အသားတွေကို လှီးထုတ်ပြီး အသားနု ပြန်တက်အောင် မလုပ်ရင်တော့ အမာရွတ်ကို အရှင်းဖယ်ထုတ်ဖို့ မဖြစ်နိုင်ဘူး"
အသားနု၏ ပြန်လည်ကုသနိုင်စွမ်းသည် အသားအဟောင်းထက် ပို၍ သာလွန်၏။ ထို့အပြင် မည်မျှအစွမ်းထက်သည့် လိမ်းဆေးကို သုံးနေပါစေ၊ ဆဲလ်များ သေနေသည့် အသားကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ရန် မဖြစ်နိုင်ပေ။
ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ သူမ၏ အရှေ့တွင်ရှိနေသည့် လူကြီးရော၊ လူငယ်ပါ ပါးစပ်ပိတ်သွားကြ၏။ ထို့နောက် အဖိုးအိုက ချောင်းဟမ့်လိုက်ပြီး မတ်တပ် ထရပ်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
"မင်းရဲ့လက်က ဒဏ်ရာရထားတာ။ ဒီတော့ မင်းချက်တဲ့ ဟင်းတွေက စားလို့ ဖြစ်မှာ မဟုတ်ဘူး။ ညစာကို..."
အဖိုး ရှုသည် စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်ပြီးနောက် လီရှောက်ယွင်အား ထူးဆန်းသည့် အမူအယာဖြင့် လှည့်ကြည့်လာ၏။
"လီအိမ်က ကောင်လေး၊ မင်း ချက်လိုက်မလား"
ထိုအခါ ကျင်းယွင်ကျောင်းသည် အနည်းငယ် မျက်လုံးပြူးသွား၍ ...
"ကျွန်မရဲ့ ဒဏ်ရာက.."
ကိစ္စ မရှိပါဘူး။
ဒဏ်ရာကို ဆေးထည့်ရာ၌ အကောင်းဆုံး ဆေးအမျိုးအစားကို အသုံးပြုထားသည် ဖြစ်ရာ ထိုဆေး၏ သွေးတိတ်စေသည့် အာနိသင်က ပြိုင်စံရှားပင်။ ထို့ကြောင့် သူမ၏ လက်မောင်းကို ပြင်းပြင်းထန်ထန် လွှဲလျှင်တောင်မှ သွေးအနည်းငယ်ပင် စို့မည် မဟုတ်ချေ။ အကြီးအကဲ ရှုသည် ထိုအကြောင်းကို မသိဘဲနေလိမ့်မည်လား။
သို့ရာတွင် သူသည် ထိုအကြောင်းကို သိသော်လည်း သူမအား လုပ်ခွင့် မပြုဘဲ လီရှောက်ယွင်အား တမင်တကာ နှိပ်စက်လိုခြင်း ဖြစ်နိုင်၏။
"ငတုံးမလေး"
အဖိုးအိုသည် စကားဆုံးသည်နှင့် လှည့်ထွက်သွားပြီး မုတ်ဆိတ်မွေးကို သပ်ကာ ဧည့်ခန်းဆီသို့ တစ်လှမ်းချင်း လှမ်းသွား၍ ပါးစပ်မှလည်း အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
"မင်းက အဲ့နေရာမှာ ကြောင်တောင်တောင်နဲ့ ဘာရပ်လုပ်နေတာလဲ။ လာ...ငါနဲ့ စစ်တုရင် လာကစား"
ထိုအခါ ကျင််းယွင်ကျောင်းသည် ဘာလုပ်ရမှန်း မသိဖြစ်သွား၍ လီရှောက်ယွင်အား စိတ်ရှုပ်စွာ ကြည့်လိုက်သည်။
"ရှင် ရလို့လား"
လီရှောက်ယွင် ဖွင့်ထားတဲ့ ထျန်းရှန်းလော်က အစားအသောက်တွေက တကယ် ကောင်းပေမယ့် သူက တုလင်းမှ မဟုတ်တာ။ သူ့မှာ ဘယ်လိုလုပ်ပြီး အဲ့လို ထိပ်တန်း အချက်အပြုတ်စွမ်းရည် ရှိမှာလဲ။
လီရှောက်ယွင်သည် ကျင်းယွင်ကျောင်း၏ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများကို ကြည့်၍ ကျေနပ်စွာ ပြုံးလိုက်၏။ ထို့နောက် သူမ၏ နားရွက်လေးများကို သူ၏ လက်နှစ်ဖက်ဖြင့် ဖိကာ သူမ၏ ခေါင်းကို အသာ ဆွဲလှည့်လိုက်သည်။
"ကိုယ့်တာဝန်သာ ထားလိုက်ပါ"
Chapter 459 : သေခြင်း၊ ရှင်ခြင်းက ကံတရားအပေါ်မှာပဲ မူတည်တယ်
ထိုအခါ ကျင်းယွင်ကျောင်း၏ ခေါင်းထဲ၌ တဝီဝီမြည်သွား၏။ စကားဆုံးသည်နှင့် လီရှောက်ယွင်သည် သူ၏ လက်များကို အချိန်ကိုက် ပြန်ရုတ်လိုက်၍ ကျင်းယွင်ကျောင်း၏ အရှေ့၌ ထပ်မနေတော့ဘဲ ချက်ချင်းပင် မီးဖိုခန်းသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။
ကျင်းယွင်ကျောင်းသည် မူလက လီရှောက်ယွင်အား သူမနှင့် ဝေးဝေးနေစေချင်ခဲ့သည်။ သူမသည် အခြားလူများနှင့် ထိတွေ့ရသည့် ခံစားချက်ကို မနှစ်သက်ပေ။ သို့သော် လီရှောက်ယွင်သည် ထိုကိစ္စကို မှတ်ထားပုံ မပေါ်ဘဲ သူ၏ အထိအတွေ့မှာလည်း မြန်ဆန်၍ အားမပါပေ။ ထို့ကြောင့် သူမသည် သူ့အား အနာဂတ်တွင် ထိုသို့ ထပ်မလုပ်ဘဲ ဂရုစိုက်ရန် သတိပေးလိုက်လျှင်လည်း အနည်းငယ် အထိမခံ ဖြစ်လွန်းပုံ ပေါက်နေမည်သာ။
ထို့ကြောင့် သူမသည် သူ့အား တစ်ချက် ကြည့်၍ သက်ပြင်းချလိုက်ပြီး အကြီးအကဲ ရှု၏ နောက်သို့ လိုက်သွားလိုက်သည်။
သို့ဖြစ်၍ ကျင်းယွင်ကျောင်းသည် အနောက်သို့ လှည့်သွားရာ လီရှောက်ယွင်၏ မရိုးသားသော အပြုံးကို မမြင်လိုက်ချေ။
ကျင်းယွင်ကျောင်းသည် စစ်တုရင် ကစားနည်းကို ထန်ကျစ်ဟွား၏ အဖိုးထံမှ သင်ယူခဲ့ခြင်း ဖြစ်သော်လည်း သူသည် သူမအား အခြေခံမျှသာ ချောက်တီးချောက်တက် သင်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း၌ အကြီးအကဲ ရှုသည် သူမကိုယ်တိုင် စစ်တုရင် ကစားနည်းကို တဖြည်းဖြည်း လိုက်မှတ်နေသည်ကို မြင်သောအခါ မသိချင်ယောင်ဆောင်၍ နည်းနည်းချင်း ပုံမှန်သင်ပေးခဲ့သဖြင့် သူမ၏ စစ်တုရင်စွမ်းရည်မှာ အလျင်အမြန် တိုးတက်လာခဲ့သည်။
သို့သော် ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် အနည်းငယ် စိတ်လွတ်နေ၏။
လက်တွေ့၌ သူမသည် လီရှောက်ယွင်အား အတော်လေး မယုံမကြည် ဖြစ်နေသည်။ သူကဲ့သို့သော လူတစ်ယောက်သည် ဟင်းချက်နည်းများကို မည်သို့သိမည်နည်း။ ထို့အပြင် သူမ ဝယ်လာသည့် ဟင်းအမယ် အများစုမှာလည်း အသီးအရွက်များသာ ဖြစ်သည်။
"ငတုံးမလေး၊ မင်း ထပ်ပြီးတော့ စိတ်လွတ်ရင် ရှုံးတော့မယ်နော်"
အဖိုးအိုက မုတ်ဆိတ်မွေးကို သပ်၍ ပြောလာ၏။
အခန်းထဲ၌ လက်ဖက်ရည်ငွေ့များ လွှင့်ပျံနေ၍ အလွန်ရနံ့ သင်းပျံ့လှသည်။ ထို အလှဆင် ပစ္စည်းများကိုလည်း ကျင်းယွင်ကျောင်း ရောက်လာပြီးသည့်နောက်မှ ပြန်လည် စီစဥ်ထားခြင်း ဖြစ်သည်။ အဖိုးအိုသည် ထိုကဲ့သို့ ရိုးရှင်း၍ ကျက်သရေ ရှိသည့် ပစ္စည်းများကို ကြိုက်နှစ်သက်တတ်ရာ ကျင်းယွင်ကျောင်းသည် သူမ၏ နေရာလွတ် နယ်မြေထဲ၌ ပစ္စည်းကောင်း တစ်ခုတွေ့သည်နှင့် အဖိုးအိုထံသို့ ပို့ပေးရန် ဘယ်တော့မှ မမေ့ပေ။ ထိုအထဲ၌ လက်ဖက်ရွက်နှင့် ဝိုင်များအပြင် သစ်ခွပန်း များစွာလည်း ပါဝင်၍ ယခုအချိန်၌ အလွန် ဖြစ်ထွန်းနေသည်။ အဖိုးအိုသည် ထိုအပင်များကို နေ့စဥ် ရေလောင်း ပေါင်းသင်ပေး၍ အလွန် နှစ်သက်၏။
ကျင်းယွင်ကျောင်းသည် အာရုံ ပြန်စိုက်လိုက်သော်လည်း စစ်တုရင် ကစားရာ၌ အခွင့် မသာနိုင် ဖြစ်နေသည်။
"လီမိသားစုက သာမန် လူချမ်းသာ မိသားစု မဟုတ်ဘူး"
အဖိုးအိုက ရုတ်တရက် ပြောလာသည်။
ထိုအခါ ကျင်းယွင်ကျောင်း ထိတ်လန့်သွား၏။
"လီရှောက်ယွင်ဆီမှာ ကောင်းမွန်တဲ့ အနာဂတ် ရှိပေမယ့် သေခြင်း၊ ရှင်ခြင်းကတော့ ကံတရား အပေါ်မှာ မူတည်နေတယ်။ သူက မြစ်ဘေးမှာ မကြာခဏ လမ်းလျှောက်ရတော့ သူ့ရဲ့ဖိနပ်တွေက ရေမစိုဘဲ ဘယ်နေလိမ့်မတုန်းကွယ်"
အဖိုးအိုက တူများကို ချ၍ ရှားရှားပါးပါး ပြုံးလိုက်သည်။
"အဖိုး ရှုက ဘာကိုဆိုလိုတာလဲ"
ကျင်းယွင်ကျောင်း အနည်းငယ် စိတ်ရှုပ်သွား၏။
သူမသည် လီမိသားစု၏ အရေးကိစ္စများကို အမှန်တကယ်ပင် သိလိုစိတ် မရှိဘဲ လက်တွေ့၌ ထိုကိစ္စများသည် သူမနှင့် ဘာမှမသက်ဆိုင်ပေ။ အဖိုး ရှုသည် လီရှောက်ယွင်၌ အနာဂတ်ကောင်း ရှိသည်ဟု ချီးကျူးခဲ့သော်လည်း အဘယ်ကြောင့် နောက်ထပ်စကား နှစ်ခွန်းကို ထပ်ပြောခဲ့သနည်း။
"မင်းကို ငတုံးလို့ ပြောတာ တကယ်ကို မှန်တာပဲ"
အဖိုး ရှုက သက်ပြင်းချ၍ ကုလားထိုင်အား မှီထိုင်လိုက်သည်။
"မင်းက ထက်မြက်တယ်၊ မာကျောတယ်၊ ကြိုးစားပြီးတော့ လုံ့လ ဝီရိယ ရှိတယ်ဆိုပေမယ့် တစ်ခုတည်းသော အားနည်းချက်က မင်း အမြင်မကျယ်သေးတာပဲ"
သို့သော် ထိုသို့ ဖြစ်နေသည်ကလည်း အံ့သြစရာ မဟုတ်ပေ။ သူမသည် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးသည် ဖြစ်ရာ မည်သို့သော အမြင်များ ရှိနိုင်မည်နည်း။ ထို့အပြင် သူမသည် ဟွားနင် ခရိုင်ကဲ့သို့သော နေရာမျိုး၌ ကြီးပြင်းခဲ့သည် ဖြစ်ရာ အချိန် ခဏလေးအတွင်းမှာပင် အမြင်ကျယ်လာရန် မည်သို့ ဖြစ်နိုင်မည်နည်း။
သို့သော် ယခုအချိန်၌ သူမ လျှောက်ခဲ့သော လမ်းသည် အတော်လေး ခရီးပေါက်လာပြီဟု ယူဆနိုင်၏။ သူ၏ ခြံဝန်းသို့ ပထမဆုံး ရောက်လာခဲ့သည့်အချိန်က သူမသည် စိတ်ဓါတ်မာကြောသည့် ခပ်နုံနုံ မိန်းကလေးတစ်ယောက်သာ ဖြစ်သော်လည်း သူမ၏ စိတ်ထားသည် လုံးဝ အပြောင်းအလဲ မမြန်ပေ။
ကျင်းယွင်ကျောင်းသည်လည်း အဖိုးအို၏ အစပ်အဆက် မရှိသော စကားများကို နားမလည်နိုင်သေးပေ။
သို့သော် သူသည် စကားများများ မပြောဘဲ သူမ နားလည်ရုံလောက်သာ လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်၏။
ထို့နောက် အဖိုးအိုသည် သူမနှင့် စစ်တုရင် ဆက်ကစားရန် အလွန် ပျင်းရိသွားပုံ ပေါ်၍ ဆိုဖာပေါ်၌ မှီကာ မျက်လုံးမှိတ်၍ အနားယူနေသည်။ ကျင်းယွင်ကျောင်းသည် ထိုစကားအား ဆက်လက်၍ စဥ်းစားနေပြီး နောက်ဆုံး၌ ဆိုလိုရင်းကို သဘောပေါက်သွားတော့၏။
လီရှောက်ယွင်က အနာဂတ် အလားအလာကောင်းပြီးတော့ အရည်အချင်း ရှိပေမယ့် သူက မကြာခဏ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတော့ အချိန်မရွေး သေသွားနိုင်တယ်လို့ ဆိုလိုတာ မဟုတ်လား။
သူမသည်လည်း ထိုအကြောင်းကို ယခင်က တွေးခဲ့ဖူး၏။ အကယ်၍ လီရှောက်ယွင်သာ သာမန် လူတစ်ယောက်ဖြစ်ပါက ဤကဲ့သို့ ထိပ်တန်းကိုယ်ခံပညာရပ်များကို တတ်မြောက်လိမ့်မည် မဟုတ်ပေ။ သူမ၏ အမြင်အရ မိုးကောင်းကင်၏ ဆန္ဒနှင့် ကံတရားကို အားကိုးခြင်းထက် မိိမိကိုယ်ကို အားကိုးခြင်းက ပိုကောင်းသည်။ လီရှောက်ယွင်၏ စရိုက်အရဆိုလျှင် သူ့အား မည်သို့ အလွယ်တကူ သတ်နိုင်မည်နည်း။
ထို့နောက် ကျင်းယွင်ကျောင်း ပြုံးလိုက်၍ စစ်တုရင်ခုံကို ရှင်းနေပြီး ဘာမှ ထပ်မပြောတော့ချေ။
ခဏမျှ ကြာသောအခါ လီရှောက်ယွင် ဟင်းခွက်အချို့ကို သယ်လာသည်ကို ကျင်းယွင်ကျောင်း မြင်လိုက်ရ၍ သူမ၏ မျက်ဝန်းများမှာ ချက်ချင်း ပြူးကျယ်သွားတော့၏။
Chapter 460 : နှစ်သစ်
စားပွဲပေါ်၌ ကြက်ဥစွပ်ပြုတ်အပါအဝင် ဟင်းပွဲများစွာရှိ၏။ သို့သော်လည်း ပုံပန်းသွင်ပြင်မှာ...
အရောင်အဆင်းက လုံးဝ မည်းနက်နေသည်ကို ထည့်မတွက်လျှင်တောင်မှ ဆီ အနည်းငယ်မျှပင် မပါချေ။ ဟင်းပွဲပေါ်တွင်လည်း ဆားပွင့်များ ကွက်တိကွက်ကြား တင်နေ၍ အချို့မှာ မီးဖုတ်ထားသည်နှင့် တူကာ အချို့မှာ မတူပေ။ ဟင်းများကို ပွက်သည်နှင့် မီးဖိုပေါ်မှ ချလာပုံ ပေါ်၍ လုံးဝ အမြင်မလှချေ။
ထိုအခါ အကြီးအကဲ ရှုသည် ဟင်းများကို တစ်ချက်ကြည့်၍ မျက်နှာပျက်သွား၏။
အဖိုးရှု၏ ဘေးရှိ တပည့်ဖြစ်သူ ဦးလေး ရှုရှင်းယွမ်သည်လည်း ဗလုံးဗထွေးဖြင့် ချောင်းဟန့်လိုက်၍ အနည်းငယ် ရှက်ရွံ့နေပုံပင်။ ကျင်းယွင်ကျောင်းကမူ တိတ်ဆိတ်နေပြီး အဖိုးအို စကားပြောမည်ကိုသာ စောင့်ဆိုင်းနေ၏။
ထို့နောက် အဖိုး ရှု စကား စပြောဟန် ပြင်လိုက်သည်ကို မြင်လိုက်ရသည်။
"ကောင်းသားပဲ၊ မဆိုးပါဘူး။ အားလုံး စားကြစို့"
လီရှောက်ယွင်က ဧည့်သည်ဆိုတော့ သူ့ကို ပိုပြီးတော့ သည်းခံရမယ်၊ ကြင်ကြင်နာနာ ဆက်ဆံပေးရမယ် မဟုတ်လား။ စားပြီးသွားရင်တော့ သည်ဟင်းတွေက ငါ့ကို မသက်မသာဖြစ်အောင် လုပ်မလားဆိုတာတော့ ငါလည်း မသိဘူး။ ကြည့်ရတာ ဝမ်းပျက်ရောဂါအတွက် ဆေးတွေ ကြိုဆောင်ထားဖို့လိုမယ့်ပုံပဲ။
အကြီးအကဲ ရှု၏ စကားဆုံးသည်နှင့် လူတိုင်းသည် ချက်ချင်းပင် ထမင်းစားပွဲဆီသို့ လျှောက်သွားလိုက်ကြ၏။ ဦးလေး ရှင်းယွမ်က အပြင်ဘက်၌ တွဲလောင်း ချိတ်ထားသည့် ဗျောက်အိုးများကို မီးညှိလိုက်ရာ ထွက်လာသည့် တဖြောင်းဖြောင်းအသံများသည် ခြံဝန်းတစ်ခုလုံး ဆူညံနေသည်။ ကျင်းယွင်ကျောင်းသည် ထိုအသံများကို နားထောင်းရင်း မျက်ဝန်းများ၌ အပြုံးရိပ်များ ယှက်သန်းနေ၍ မျက်နှာတစ်ခုလုံးတွင်လည်း ကျေနပ်ပီတိများ ဖုံးလွှမ်းနေ၏။
ဤသည်မှာ သူမ ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံး ကြုံရသည့် နှစ်သစ်ကူး ဖြစ်သည်။ သူမသည် ယခုနှစ်တွင် ကိစ္စများစွာ ကြုံတွေ့ခဲ့ရသော်လည်း ယခင် ဘဝနှင့် နှိုင်းယှဥ်ပါက ကမ္ဘာမြေတုန်လှုပ်သွားမည့် အပြောင်းအလဲများ ဖြစ်ပျက်ခဲ့ပြီး အလွန်ကောင်းမွန်သည့် အစပင်။
ဗျောက်အိုးသံများ စဲသွားသောအခါ အဖိုးအိုက ဦးဆောင်၍ စတင် စားသောက်လိုက်၏။ ကျင်းယွင်ကျောင်းသည်လည်း လီရှောက်ယွင်အား မျက်နှာသာပေးသည့်အနေဖြင့် မနှစ်သက်သည့် အမူအယာမပြဘဲ တစ်ဇွန်းအပြည့် ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ သို့သော် ထိုဟင်းများ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် သူမသည် လီရှောက်ယွင်အား တအံ့တသြ လှည့်ကြည့်လိုက်မိပြီး သူမ၏ အမူအယာ၌ ချီးကျူးမှု အနည်းငယ်လည်း ပါဝင်နေ၏။
ဟင်းပွဲများသည် အဆင်း မလှသော်လည်း အရသာမှာမူ အပြစ် ပြောစရာ မရှိပေ၊ လတ်ဆတ်၍ အာဟာရ ပြည့်ဝပြီး အသီးအရွက် ဟင်းပွဲများ၏ အရသာသည်လည်း အလွန် အစပ် အဟပ် တည့်၍ သူမ တွေးထားသကဲ့သို့ ကြောက်စရာ ဟင်းပွဲများ မဟုတ်ပေ။
လီရှောက်ယွင်သည် သူတို့၏ တုံ့ပြန်မှုကို ရှင်းရှင်းလင်းလင်းပင် ကြိုတွေးထားပြီးသား ဖြစ်၍ ဂုဏ်မောက်နေသည့် အထက်တန်းလွှာ တစ်ဦးကဲ့သို့ ခပ်ဖြည်းဖြည်း စားသောက်နေကာ သူ၏ ဘဝင်မှာ မိုးအထိ မြင့်နေသည့်ပုံပင်။
ထိုအခါ ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို ခပ်တင်းတင်းစေ့၍ သူမ ရင်ထဲရှိ ထိုမကျေနပ်ချက်ကို ထုတ်ပြောဟန် ပြင်လိုက်၏။ သို့သော် လီရှောက်ယွင်၏ ဓါးသွား ကဲ့သို့သော မျက်ခုံးတန်းများက စုကျုံ့သွား၍ အေးစက် နက်ရှိုင်းသည့် မျက်ဝန်းများဖြင့် သူမအား လှည့်ကြည့်ကာ မထီတရီပြုံးပြလာသည်။
"ကိုယ့်ရဲ့မာဖလာ ပြန်ပေးဖို့ မမေ့နဲ့နော်။ ကိုယ် မင်းကို သုံးရက် အချိန်ပေးမယ်"
ထိုအခါ ကျင်းယွင်ကျောင်းက ပြန် ပြုံးပြ၍ ဖြေလိုက်၏။
"ဟုတ်ပါပြီ"
ကျွန်မက ထိုးပေးနိုင်တယ်၊ ရှင် ဝတ်ရဲဖို့ပဲ လိုတာပါ။
ယခုအချိန်၌ သူတို့သည် မိသားစုဝင်များ မဟုတ်ကြသော်လည်း ညစာကို ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ကြ၏။ ညစာ စားပြီးနောက်တွင်လည်း လေးယောက်သား စားပွဲတစ်လုံး၌ စုထိုင်ကာ ဖဲကစားရင်း အချိန်ဖြုန်းကြသည်။ လီရှောက်ယွင်၏ အနိုင်ကျင့်မှု အပြီးတွင် ရှုရှင်းယွမ်သည် အဖိုးအို၏ ဖဲရှုံးငွေများကို ထုတ်ပေးလိုက်ရ၏။
ကျင်းယွင်ကျောင်းသည် မျက်စိလျင်သော်လည်း လီရှောက်ယွင် ညစ်သည်ကို မိသည့်အခါတိုင်း သူမသည် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် မသိချင်ယောင်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် အကြိမ်ပေါင်းများစွာ အနိုင်ရပြီးသည့်နောက်တွင် လီရှောက်ယွင်သည် ကစားပွဲထဲမှ ထွက်ရန်ဟန် ပြင်လာရာ အဖိုးအိုသည် နှုတ်ခမ်းမွေးများ ထောင်သည်အထိ ဒေါသထွက်လာ၏။
လီရှောက်ယွင်သည် တကယ့် လောင်းကစားသမားတစ်ဦးကဲ့သို့ပင် ငွေတစ်အိတ်ခန့် အနိုင်ရပြီးနောက် ဖုတ်ဖတ်ခါ၍ ပြန်သွားတော့သည်။ ထိုအခါ ကျင်းယွင်ကျောင်းသည်လည်း အဖိုးအိုထံမှ အကြောင်းအရင်း မရှိ အဆူခံလိုက်ရ၏။
သို့သော် ယနေ့၌ အဖိုး ရှုသည် အကြိမ်ပေါင်းများစွာ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့သော်လည်း အချိန်အများစု၌ သူသည် ပြုံးရယ် ပျော်ရွှင်နေပြီး ခပ်ပြုံးပြုံးပင် ဆဲဆို ငေါက်ငမ်းနေသည်။
နှစ်သစ်ကူး၌ တချို့လူများ ပျော်ရွှင်၍ အချို့က ဝမ်းနည်းနေကြပြီး အချို့မှာမူ နှစ်သစ်၌ သက်တောင့်သက်သာ မနေရမည့် ကံဇာတာပါလာ၏။
ကျင်းယွင်ကျောင်းက ဝူတာ့လီအား အလုပ်ထုတ်ခံရသည့် အကြောင်းရင်းကို မပြောသော်လည်း ဝူစစ်စစ်၏ ယောက်ျားလေး အတန်းဖော်သည် ပြန်ရောက်သောအခါ ထိုအကြောင်းကို လွှတ်ခနဲ ပြောမိသွား၏။ သူမ၏ မိဘများသည် ထိုအကြောင်းကို ကြားသောအခါ သူမအား ဒေါသတကြီး ရိုက်နှက်ကြပြီး ...
"အဲ့အတန်းဖော်က ဘယ်မှာ နေတာလဲဆိုတာ နင်သိလား။ နင် သူ့ကို တောင်းပန်ဖို့ ငါတို့ကိုယ်တိုင် နင့်ကို ခေါ်သွားမယ်"
ဝူစစ်စစ်က အံကြိတ်၍ ခေါင်းယမ်း ပြလိုက်၏။ သူမသည် အမှန်တကယ်ပင် ကျင်းယွင်ကျောင်း နေသည့် နေရာကို မသိခြင်း ဖြစ်၍ အကယ်၍ သိနေခဲ့လျှင်တောင်မှ သွားမတောင်းပန်နိုင်ပေ။
သူမသည် တစ်ကြိမ် ရှုံးနိမ့်ပြီးသား ဖြစ်၍ ယခုတစ်ကြိမ် ထပ်မံ၍ ရှုံးနိမ့်ပါက အနာဂတ်၌ သူမသည် အခြားသူများနှင့် မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။