အခန်း (၄၆၅-၄၆၈)
Vol. 24 Ch. 465-468
Chapter 465: အတူသွားကြစို့
ရုတ်တရက် အနွေးဓာတ် တစ်ခုကို ခံစားလိုက်ရသောကြောင့် ကျင်းယွင်ကျောင်း တစ်ယောက်
နောက်တွန့်သွားသည်။ လီရှောက်ယွင်၏ စကားက သူ (မ) ကို စနှိုးစနှောင့် ဖြစ်စေသော်လည် သိုးမွှေးလည်စည်းပဝါက အမွှေးပွပွလေးနှင့် အလွန် သက်တောင့်သက်သာ ရှိလှသည်။
တုလင်း တစ်ယောက် ဆွံ့အသွား၏။ သူလည်း လီရှောက်နှင့် နှစ်ပေါင်းများစွာ ခင်မင် ရင်းနှီးလာခဲ့သော်လည်း တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှလက်ဆောင် မရဖူးချေ။
ကျင်းယွင်ကျောင်းက လိမ္မာပါးနပ်သူ ဖြစ်သည့်အလျောက် လီရှောက်ယွင်တွင် ရည်ရွယ်ချက် တစ်ခု ရှိနေသောကြောင့် ဤသို့ စကားပလ္လင် ခံနေခြင်းဖြစ်ကြောင်း ချက်ချင်းတန်းသိ၏။
"ဒီ လည်စည်းပဝါကြီးကို အပြင်မှာ တကယ်ဝတ်မှာတော့ မဟုတ်ပါဘူးနော်" ကျင်းယွင်ကျောင်းလည်း ရှက်ကိုးရှက်ကန်းနှင့် မေးလိုက်သည်။
လီရှောက်ယွင်က မျက်ခုံးတစ်ဖက် ပင့်သွားသည်။
"ဘာလဲ၊ အပြင် ဝတ်သွားလို့ မရဘူးလား"
လီရှောက်ယွင်၏ အကြည့်စူးစူးကြောင့် ကျင်း
ယွင်ကျောင်း မျက်လွှာချသွားသည်။ ထိုလည်စည်းကို လီရှောက်ယွင် တကယ် ဝတ်မည်မှန်းသာ သိခဲ့လျှင် အားစိုက်ထုတ်ပြီး သည့်ထက်ပိုကောင်းကောင်း ချုပ်ပေးခဲ့သင့်၏။ ယခုမူ လီရှောက်ယွင်၏ ချောမောသော မျက်နှာနှင့် မလိုက်မဖက်၊ ပုံဆိုးပန်းဆိုး လည်စည်းကြီးကို ဝတ်ထားသလို ဖြစ်နေသည်။
"သခင်လေး လီ၊ ဘယ်တော့ မြို့တော်ကို ပြန်မလဲ" ကျင်းယွင်ကျောင်း တစ်ယောက် စကားလမ်းကြောင်း လွှဲလိုက်၏။
သူ (မ) ၏ စကားကြောင့် လီရှောက်ယွင်က မျက်နှာအနားသို့ ကပ်လာပြီး တိုးညှင်းစွာ ပြန်ဖြေသည်။ "ခန့်မှန်းကြည့်လေ"
ကျင်းယွင်ကျောင်း ဘာမှ ပြန်မပြောနိုင်မီတွင် လီရှောက်ယွင်က ကားထဲသို့ ဆွဲခေါ်သွား၏။
မျက်စိတစ်မှိတ်အတွင်း ကျင်းယွင်ကျောင်း တစ်ယောက် ကားနောက်ခန်းထဲသို့ ဆွဲထည့်ခံလိုက်ရသည်။ ထို့နောက် သူကိုယ်တိုင် ဒါရိုင်ဘာခုံတွင် ထိုင်ကာ ကားစထွက်ရန် ပြင်လိုက်၏။
သခင်လေး လီက ဘယ်အချိန်ကများ ကျင်းယွင်ကျောင်းကို သဘောကျသွားတာပါလိမ့်။ တစ်ခုခုဆို ချေးများလွန်းသော လီရှောက်ယွင်နှင့် စိတ်မြန်လက်မြန်ရှိသည့် ကျင်းယွင်ကျောင်းတို့ကို ချစ်သူရည်းစားပုံစံ အဖြစ် စဥ်းစားလိုက်သောအခါ တုလင်း တစ်ယောက် အူလှိုက် သည်းလှိုက် အော်ရယ်မိ၏။
သို့သော် တစ်ယောက်ယောက်က သူ့ကို အနောက်မှစူးစူးရဲရဲ စိုက်ကြည့်နေသည်ဟု ခံစားရသောကြောင့် လှည့်ကြည့်မိလိုက်ရာ သခင်လေး လီ၏ အေးစက်စက် မျက်လုံးနှင့် အကြည့်ချင်း ဆုံသွားသည်။ "သခင်လေး လီ၊ ဘယ်သွားမလို့လဲ"
"မြို့တော်ကို သွားမလို့" လီရှောက်ယွင်က တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်း ပြန်ဖြေ၏။
ယခင်က သခင်လေး လီ၏ ပုံစံမှာ ဤသို့ မဟုတ်ပေ။ ဟွားနင် ခရိုင်မှ ပြန်လာလျှင် ထျန်းရှန်းလော်တွင်သာ နေနေတတ်သည်။ သုသာန်သို့ သွားပြီး ပြန်ရောက်လာသည်နှင့် မြို့တော်သို့ ချက်ချင်း ပြန်လေ့ရှိ၏။ သို့သော် ကျင်းယွင်ကျောင်းနှင့် တွေ့ပြီးမှ ထိုအမူအကျင့်များ အားလုံး ပြောင်းလဲသွားခဲ့သည်။
"မြို့တော်ကို ဘာကိစ္စသွားမှာလဲ" ကျင်းယွင်ကျောင်းလည်း ဇဝေဇဝါဖြစ်သွား၏။
"မြို့တော်မှာ သီးသန့် ကလပ် ဖွင့်ထားတဲ့သူငယ်ချင်း တစ်ယောက် ရှိတယ်။ မင်းကို ပြစရာရှိလို့ အဲ့ကို ခေါ်သွားမယ်" အေးစက်မှု အရိပ်အယောင်များ ပေါ်လွင်နေသော လီရှောက်ယွင်၏ လေသံက ကျင်းယွင်ကျောင်းကို ကြက်သီးမွှေးညင်း ထသွားစေသည်။
ကျင်းယွင်ကျောင်းမှာ မေးစရာ မေးခွန်း များစွာ ရှိနေသော်လည်း အနည်းငယ် တည်နေသော လီရှောက်ယွင်၏ မျက်နှာ အမူအရာကြောင့် နှုတ်ဆိတ်နေလိုက်၏။ မြို့တော်သို့ သူ (မ) ကိုယ်တိုင် မကြာခဏရောက်ဖူးသဖြင့် အထူးအဆန်းတော့ မဟုတ်ချေ။
လီရှောက်ယွင် ကိုယ်တိုင် ကားမောင်းရန် ပြင်လိုက်သော်လည်း တုလင်းက စိတ်မချသောကြောင့် ခရီးသည် ခုံတွင်သာ ပြောင်းထိုင်လိုက်ရ၏။ တုလင်းကယာဥ်မောင်း ကျွမ်းကျင်လှသဖြင့် အရှိန်အလွန်မြန်သည်။ နှစ်နာရီအတွင်း မြို့တော်သို့ရောက်သွားကြ၏။
ယွီထျန်းရှန်းတွင် စကားများခဲ့သလောက် လမ်းခရီးတစ်လျှောက်လုံး လီရှောက်ယွင် တစ်ယောက်တိတ်ဆိတ်နေကာ စာအုပ်ကိုသာ သည်းကြီးမည်းကြီးဖတ်နေသည်။
နေ့လည်လောက်တွင် မြို့တော်သို့ ဆိုက်ရောက်ပြီး သူတို့ သုံးယောက်လုံးအတွက် ဟိုတယ်အခန်း တစ်ခန်းစီ ယူလိုက်၏။ မှောင်ရီပျိုးစ အချိန်တွင် လီရှောက်ယွင် ဦးဆောင်၍ ကလပ်ရှိရာသို့ သွားကြသည်။
"ကလပ်ဆိုတာ ဒီနေရာလား၊ မသိရင် ဇိမ်ခံဟိုတယ်ကြီး ကျနေတာပဲ။ တုလင်းက မျက်စိ အရှေ့တွင် မြင်နေရသော အဆောက်အဦးကို အံ့သြတစ်ကြီး ကြည့်ကာ တီးတိုး ပြောလ်ုက်၏။
Chapter 466: စားကျက်နေရာသို့ခြေချခြင်း
သူတို့ အရှေ့တွင် ရေပန်း တစ်ခုနှင့် ပန်းခင်း တစ်ခင်း ရှိသော အဆောက်အဦး မြင့်မြင့် တစ်ခုကို တွေ့လိုက်ရသည်။ ၎င်း အဆောက်အဦး၏ ဘေးပတ်ပတ်လည်တွင် ကုမ္ပဏီရုံး အမြောက်အမြား ရှိနေ၏။ နေ့ဘက်ဆိုလျှင် ကလပ်က သာမာန် ရုံးတစ်ခုနှင့် တူနေသော်လည်း ညဘက်တွင်မူ ကွဲပြားနိုင်သည်။
အဆောက်အဦး တစ်ခုလုံးကို ဝါကြန့်ကြန့် မီးရောင်များက ဖုံးလွှမ်းထား၏။ အမှောင်ထုထဲတွင် နီယွန် မီးများ တလက်လက်နှင့် လူတိုင်း၏ မျက်စိအာရုံကို ဖမ်းစားနိုင်သည်။
အဆောက်အဦး၏ အဝင်ဝတွင် တန်ဖိုးကြီးအဆင်တန်ဆာများနှင့် အလှဆင်ထားသည်ကို တွေ့မြင်နိုင်၏။ အပြင်ဘက် နံရံများက မှန်မြှုပ်စီခြယ်ထားကာ ရှေးဟောင်း ရဲတိုက်များ၏ ပုံစံ ဒီဇိုင်းကို မှီငြမ်း ပုံဖော်ထားသည်။ မီးရောင်စုံများ အောက်တွင် တလက်လက် တောက်ပနေ၏။
ကလပ်၏ အမည်မှာ "အင်ပါယာ၏ တော်ဝင်ရတနာ နန်းတော်" ဖြစ်ပြီး အလွန်တင်စီးနိုင်လွန်းသည်။
တုလင်းလည်း ကားကို အမြန် ရပ်လိုက်ကာ ကျင်းယွင်ကျောင်းတို့နှင့် အတူ အထဲသို့ ဝင်သွားလိုက်၏။
ကလပ်အတွင်းသို့ ရောက်သည်နှင့် ကျင်းယွင်ကျောင်း တစ်ယောက် အတော်လေး အံ့အားသင့်သွားသည်။
ယခင်က ဟုန်းဝမ်၏ ဖိတ်ကြားချက်ကြောင့် သီးသန့် ကလပ်များသို့ သူ (မ) သွားဖူးသော်လည်း ယခုကလပ်က သူ (မ) မြင်တွေ့ဖူးသမျှ အားလုံးနှင့် ကွာခြား၏။ ရွှေရောင် လွှမ်းနေသော ခန်းမကြီး၊
လမင်းကဲ့သို့ ကြည်လင်နေသည့် သလင်းကျောက်များက ပနံသင့်လှသည်။ တံခါးဝ အနီးတွင် အမျိုးသားငယ်၊ အမျိုးသမီးငယ်လေးများက ဧည့်သည်များကို ကြိုဆိုရန် အသင့် ရပ်စောင့်နေကြသည်။
သူတို့ သုံးယောက် ဝင်လာသည်နှင့် လူတစ်ယောက်က အပြေး လာနှုတ်ဆက်၏။ "အစ်ကိုတို့၊ အစ်မတို့၊ မင်္ဂလာပါ...ကြိုတင် ချိန်းဆိုထားတာများ ရှိပါသလား"
"အင်း၊ ကိုးလွှာမှာ ချိန်းထားတဲ့သူ ရှိတယ်" လီရှောက်ယွင်က တုံ့ဆိုင်းခြင်း မရှိပဲ ပြန်ဖြေသည်။
"ဟုတ်၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ" တစ်ဖက်လူက နားလည် သဘောပေါက်သည့်နှယ် လမ်းညွှန်ပေး၏။
ကျင်းယွင်ကျောင်းမှာ ပိုပိုပြီး စိတ်ရှုပ်ထွေးလာသော်လည်း လီရှောက်ယွင် ရှိနေသောကြောင့် သူ (မ) စိတ်မပူပေ။ ထို့နောက် ဓာတ်လှေကားဖြင့် ကိုးလွှာသို့ ရောက်သွားကြသည်။
ကလပ်၏ ထိပ်ဆုံး အထပ်မှာ မကျဥ်းမကျယ်အနေအထားမျိုး ဖြစ်၏။ ဘားတစ်ခုနှင့် တူနေသော်လည်း အသေအချာ ကြည့်လျှင် အတော်လေးခြားနားနေပြန်သည်။ အကခွင်လည်း ရှိသလို ပိတ်ကျဲခန်းဆီများ၊ အထပ်မြင့် ဖန်နံရံများဖြင့် ဝန်းရံထားသော ဝိုင်ကောင်တာလည်း ရှိ၏။ မှန်ပြတင်းတံခါးများက မြို့တော်၏ ညအလှ ရှုခင်းကို လှစ်ဟပြနေသည်။
လီရှောက်ယွင်က တုလင်းနှင့် ကျင်းယွင်ကျောင်းကို စားပွဲဝိုင်း တစ်ခုတွင် ထိုင်စေပြီး ရှင်းပြလာသည်။
"အင်ပါယာရဲ့တော်ဝင်ရတနာ နန်းတော် ကလပ်က သိပ် သန့်တဲ့ နေရာတော့ မဟုတ်ဘူး။ ဒီ ကလပ်မှာ နေ့တိုင်းလိုလို လူ သုံးလေးထောင်လောက် ရှိတယ်။ လူတန်းစား မျိုးစုံ၊ စရိုက် မျိုးစုံဆိုပါတော့။ အောက်အလွှာတွေဆိုရင် သီးသန့် ဗီအိုင်ပီ အခန်းတွေချည်းပဲ။ ဝင်ကြေးက ယွမ်ငါးထောင်တိတိ ပေးရတယ်။ ခန့်မှန်းခြေအရဆိုရင် ..."
"အဲ့ဝင်ငွေတွေက မသန့်ဘူးမလား။ ငွေဖြူတွေတော့ မဟုတ်လောက်ဘူး" တုလင်းက စူးစမ်းစွာဖြင့်မေးလာသည်။
လီရှောက်ယွင်က ဘာလို့ သူ (မ) ကို သည်ခေါ်လာမှန်း ကျင်းယွင်ကျောင်း နားမလည်နိုင်ပေ။ သူဌေးများ၏ သုံးဖြုန်းပုံကို ကြည့်ဖို့ သက်သက်တော့မဟုတ်လောက်။ မိန်းကလေး အများစုက ဤနေရာမျိုးတွင် သူတို့၏ ခန္ဓာကိုယ်ကို ရောင်းစားပြီး ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထိုသို့သော အလုပ်မျိုးကို ကျင်းယွင်ကျောင်း စိတ်မဝင်စားပေ။ ရွံ့ရှာဖွယ် ကောင်းလှ၏။
"အားကျောက်၊ ကိုယ် ဒီကို အကြောင်းမရှိပဲ ခေါ်လာတာ မဟုတ်ပါဘူး။ ဟိုလူကို တစ်ချက် ကြည့်လိုက်" ကျင်းယွင်ကျောင်း၏ စိတ်ရှုပ်နေသော အမူအရာကြောင့် လီရှောက်ယွင်က ချက်ချင် ပြေရာပြေကြောင်း ရှင်းပြပြီး မိန်းကလေး တစ်ဦးနှင့် ပူးကပ်နေသည့် မလှမ်းမကမ်းရှိ လူတစ်ယောက်ကို ညွှန်ပြလိုက်၏။
ကျင်းယွင်ကျောင်းလည်း လီရှောက်ယွင် ညွှန်ပြသည့်နေရာသို့ အကြည့်ပို့လိုက်ရာ သခင်လေး မုန့်ကိုတွေ့လိုက်ရသည်။
"မုန့်လင်းကို ပြောနေတာလား။ သူက ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ။ ကလပ်မှာ ရှယ်ယာဝင်ထားလို့လား" ကျင်းယွင်ကျောင်းက မေးခွန်းများစွာကို တစ်ပြိုင်တည်း မေးလိုက်၏။
"အွန်ဟွန်း၊ မင်း ထင်သလိုပဲ။ ဒီ ကလပ်ကို မုန့်လင်းနဲ့ သူ့ သူငယ်ချင်းတွေ ပေါင်းပြီး ဖွင့်ထားတာ"
လီရှောက်ယွင်၏ စကားကြောင့် ကျင်းယွင်ကျောင်း အံ့အားသင့်သွားမိသည်။
ဤကလပ်က မြို့တော်၏ လူနေထူထပ်ကာအချက်အချာ ကျသော နေရာတွင် တည်ရှိ၏။ အပြင်ပန်းတွင် အခြား ရိုးရိုးသာမာန် ကလပ်များကဲ့သို့ပင် ဖြစ်သော်လည်း ကိုးလွှာသို့ ရောက်သည်နှင့် အခြား ကလပ်များကဲ့သို့ မဟုတ်ဘဲ အတော်လေးကွာခြားသည်ကို တွေ့နိုင်သည်။ မုန့်လင်းကဲ့သို့ အကောင်ကြီးကြီးများ လာရောက် စုဝေးနေသောကြောင့် နာမည်ကြီး ကလပ်တစ်ခုဖြ စ်နေသည်မှာ မထူးဆန်းလှပေ။
Chapter 467: အထူးဝန်ဆောင်မှု
ကျင်းယွင်ကျောင်း တစ်ယောက် မုန့်လင်းကို အလွန် ရွံ့ရှာမိသည်။ ပထမအချက်မှာ မုန့်လင်းက တစ်ကိုယ်ကောင်းဆန်လွန်းပြီး သူတစ်ပါးကိုအထင်အမြင်သေးလေ့ ရှိ၏။ ဒုတိယအချက်မှာ ထိုလူက သူ (မ) ကို အကြိမ်ကြိမ် ခြိမ်းခြောက်ဖူးသည်။
"သခင်လေး လီက မုန့်လင်းကို ပြဿနာ တက်စေချင်တာလား။ အဲ့လို လုပ်လို့ရပါ့မလား။ မုန့်လင်းရဲ့ဆုံးသွားတဲ့ အဖေက နယ်ပယ် တော်တော်များများမှာ အချိတ်အဆက် ကောင်းတွေ ရှိတယ်လို့ ကြားမိတယ်။ သူ့ ဦးလေးကလည်း နင်းမြို့တော်ရဲ့သူဌေးတစ်ယောက်ပဲ" ကျင်းယွင်ကျောင်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
မုန့်လင်း၏ နောက်ကွယ်တွင် ထိုသို့သော အင်အားကြီး ပုဂ္ဂိုလ်များသာ မရှိလျှင် ကျင်းယွင်ကျောင်းကိုယ်တိုင် တစ်စစီ ဖျက်ဆီးမိမည်မှာ အသေအချာပင်။
ဤလောကကြီးတွင် ကောင်းကောင်း ရှင်သန်လိုလျှင် နှိမ့်ချတတ်ဖို့ လိုသည်။ အခြေအနေနှင့်အချိန်အခါကို ကြည့်ကာ နောက်တစ်လှမ်း ဆုတ်သင့်လျှင် ဆုတ်ရမည်။ စိတ်လိုက်မာန်ပါ မဆင်မခြင်ဇွတ်လုပ်လျှင် ကိုယ်ပဲ ထိခိုက်သွားနိုင်၏။
ထို့ကြောင့် မုန့်လင်းကို သူ (မ) မျက်မုန်းကျိုးနေသော်လည်း မဆင်မခြင် သွားမထိရဲပေ။ အခွင့်အရေး မရမီ ထိပ်တိုက် မတွေ့အောင် အတတ်နိုင်ဆုံး ရှောင်နေရသည်။
သို့သော် လူ ငှားပြီး မုန့်မိသားစုရှိ လူကြီး လူငယ် မကျန် အကုန် စုံစမ်း စစ်ဆေးရန် ယွီအန်းကို သူ (မ) တောင်းဆိုထားပြီးသား ဖြစ်၏။
"ဒီက အစ်ကိုချောချောလေး နှစ်ယောက်၊ ကျွန်မကို အစ်မ ယွမ်လို့ ခေါ်လို့ရပါတယ်။ ဘာဝန်ဆောင်မှုပေးရမလဲ" ကျင်းယွင်ကျောင်း၏ စကားအဆုံးတွင် အသက် သုံးဆယ် ဝန်းကျင် ရှိပုံရသော အမျိုးသမီးတစ်ယောက်က မိန်းမလှလေး နှစ်ယောက် ခြံရံလျက် သူ (မ) တို့ ရှိရာသို့ ရောက်လာသည်။ ထိုအမျိုးသမီး၏ ဝတ်ပုံစားပုံနှင့် အပြင်အဆင်က ရှေးခေတ် ဆောင်ကြာမြိုင် ပိုင်ရှင်တစ်ဦးနှင့် တူနေ၏။
သူ (မ) ဘေးတွင် လိုက်ပါသော မိန်းမပျို နှစ်ဦးအနက် တစ်ဦးက ညှို့အားပြင်းကာဆွဲဆောင်မှုရှိသည်။ ရဲရင့်သည့် အသွင်ဆောင်သည်။ အခြားတစ်ဦးကမူ ဖြူစင် သိမ်မွေ့သော ကြာပန်း တစ်ပွင့်ကဲ့သို့ အသွင်အပြင် ရှိ၏။
ကြည့်နေလေသည်။ တစ်ဦးက စူးစူးရဲရဲ စိုက်ကြည့်ပြီး ညှို့ဓာတ်များ ပစ်လွှတ်နေသလို အခြားတစ်ဦးက လီရှောက်ယွင်နှင့် မျက်လုံးချင်း ဆုံလိုက်တိုင်းရှက်သွေးဖြာကာ မျက်လွှာချသွားသည်။
လီရှောက်ယွင်ကလည်း ညှို့အားပြင်းသည့် ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်သောကြောင့် မိန်းမ၊ ယောကျာ်း မရွေး အာရုံစိုက်ကြသည်မှာ အထူးအဆန်း မဟုတ်ပေ။
"ဘာတွေလဲကွာ၊ လစ်တော့" လီရှောက်ယွင် တစ်ယောက် စုတ်တစ်ချက် သပ်ရင်း သူ့ အရှေ့တွင် ရိသဲ့သဲ့ လာလုပ်နေသော အမျိုးသမီ းသုံးယောက်ကို အော်ထုတ်လိုက်သည်။
"အချောလေး၊ စိတ်မဆိုးပါနဲ့။ ဘာလဲ၊ ဒီနှစ်ယောက်ကို မကြိုက်လို့လား။ အစ်မတို့ မြို့တော်မှာ မိန်းမလှလေးတွေ အရမ်းပေါတာနော်။ မောင်လေးက ဘယ်လို ပုံစံမျိုးကို ကြိုက်တာလဲ။ ချစ်စရာ ကောင်းတဲ့ မိန်းကလေးမျိုးလား။ ဆွဲဆောင်မှု ရှိတဲ့သူမျိုးလား။ ဒါမှမဟုတ် ဥာဏ်ကောင်းတဲ့မိန်းကလေးမျိုးလား"
ချောမောပြီး ကြန်အင် လက္ခဏာနှင့် ပြည့်စုံသည့်သခင်ငယ်လေးကို စကားပြောနေရင်း ထိုသခင်လေး ဘေးတွင် ရပ်နေသည့် မိန်းကလေးကို သူ (မ) အကဲခတ်လိုက်မိသည်။ အများကြားတွင် ထင်းထွက်နေသော ထိုမိန်းကလေး၏ အရှိန်အဝါကြောင့် အထက်တန်းလွှာ မိသားစုတစ်ခုမှ သခင်မလေး တစ်ဦး ဖြစ်ကြောင်း သူ (မ) ခန့်မှန်းမိလိုက်၏။ အတူ ယှဥ်တွဲ ရပ်နေသော လူငယ် နှစ်ဦးက သူ (မ) ၏ အမြင်တွင် လိုက်ဖက်ညီလွန်းလှသည်။
"ဒီတစ်ယောက် ဆိုရင်ရော ဘယ်လိုလဲ။ သူ့ နာမည်က ရှောင်ချင်းတဲ့၊ ဂုဏ်သတင်း ကြီးတဲ့ တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားတာနော်။ ဒီနေ့က သူလေးရဲ့ပထမဆုံး နေ့လေ၊ ဟင်းဟင်း" ထိုသို့ ပြောပြီး ဤနေရာနှင့် မလိုက်မဖက် သိမ်မွေ့လွန်းနေသော မိန်းမငယ်လေးကို သခင်လေးဆီသို့ သူ (မ) တွန်းပို့လိုက်သည်။
ကလပ် အဖွဲ့ဝင် အတော်များများက စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ပြီး အလုပ်ကိစ္စ ဆွေးနွေးရန် ကလပ်သို့ ရောက်လာကြသူများလည်း ရှိသည်။ သို့သော် အရက်သေစာနှင့် မိန်းမ ကိစ္စ ကင်းရှင်းကြသူများ မဟုတ်ပေ။
တွန်းပို့ ခံလိုက်ရသော မိန်းကလေး၏ မျက်နှာပေါ်တွင် ထိတ်လန့် စိုးရိမ်မှုကို အထင်းသား မြင်နေရ၏။ သူ (မ) က အသက်ပြင်းပြင်း ရှူရင်း ကျင်းယွင်ကျောင်း အနားသို့ တစ်လှမ်းချင်း လျှောက်လာသည်။
"အစ်မ အနား ထိုင်လို့ရမလား" ယောကျာ်းသားများဖြစ်ကြသည့် လီရှောက်ယွင်နှင့် တုလင်းက တုတ်တုတ်မျှ မလုပ်သောကြောင့် ရှက်ကိုးရှက်ကန်းနှင့် ကျင်းယွင်ကျောင်းဘက်သို့လှည့်လာခြင်း ဖြစ်သည်။
လီရှောက်ယွင်က သူ (မ) အပေါ် အကြည့်တစ်ချက်တောင် မစွန့်ကြဲ။ ဝိုင်တစ်ခွက်ကို အရသာခံသောက်ရင်း တုလင်းနှင့် ထွေရာလေးပါး ပြောနေ၏။
သူ (မ) အနား ထိုင်ရန် ခွင့်တောင်းလာသောမိန်းကလေးက ယဥ်ယဥ်ကျေးကျေး တောင်းဆိုသော်လည်း လီရှောင်ယွင်အား တစ်ချက် တစ်ချက်ခိုးခိုး ကြည့်နေသောကြောင့် ကျင်းယွင်ကျောင်းလည်း လီရှောက်ယွင်နှင့် အကြည့်ချင်း ဆုံသွားခိုက် လှမ်းမေးလိုက်သည်။
"သခင်လေး၊ ကျွန်မ သူ့ကို ပေးထိုင်လိုက်ရမလား။ ဒီမှာ ထိုင်ချင်နေပုံပဲ"
လီရှောက်ယွင်က ရှောင်ချင်းဟု ခေါ်သည့် မိန်းကလေးကို တစ်ချက်မှ လှည့်မကြည့်ပဲ ကျင်းယွင်ကျောင်းကိုသာ စိုက်ကြည့်ရင်း ပြန်ဖြေ၏။
"ကောင်းကောင်း ပြောနေတုန်း ထွက်သွားပါမိန်းကလေး။ စိတ်မဝင်စားတာမလို့ အနှောင့်အယှက် မပေးပါနဲ့"
Chapter 468 : ဆွဲဆောင်မှု
လီရှောက်ယွင်၏ စကားကြောင့် တစ်ဖက်မိန်းကလေးမှာ အတော်လေး ထိတ်လန့်သွားသည်။ အစ်မ ယွမ်ကမူ ချက်ချင်း သဘောပေါက် နားလည်သည့်ဟန်။
ဤကလပ်သို့ ရောက်လာကြသူ အားလုံးကဝန်ဆောင်မှု လိုချင်နေသူ ချည်းတော့ မဟုတ်ပေ။ သူ (မ) တို့က အလိုက်တသိ ဝန်ဆောင်မှု ပေးလျှင်တောင် ငြင်းဆိုတတ်ကြသည်။ ဧည့်သည်များကအလို မရှိလျှင် သူ (မ) လည်း အတင်းတိုက်တွန်းနေမည် မဟုတ်။
ထို့ကြောင့် ရှောင်ချင်းကို အမြန်ပြန်ခေါ်လိုက်သည်။ "ဒီလိုဆိုရင်လည်း လူကြီးမင်းတို့ သုံးယောက်ကို ကျွန်မတို့ မနှောင့်ယှက်တော့ပါဘူး။ အကယ်၍ တစ်ခုခုများ လိုအပ်လာရင် စားပွဲထိုးတွေကိုချက်ချင်း ပြောလိုက်ပါ"
ထိုသို့ ပြောပြီးနောက် အစ်မ ယွမ်က လီရှောက်
ယွင်တို့ သုံးယောက်အား ယဥ်ကျေး ရည်မွန်စွာ ပြုံးပြရင်း မိန်းမပျို နှစ်ဦးအား ဆွဲခေါ်သွားလေသည်။
"အစ်မ ယွမ်၊ အဲ့အမျိုးသားက အရမ်းချောတယ်"
ညှို့ယူ ဆွဲဆောင်မှု ပြင်းသော မိန်းမပျိုလေးက သူ (မ) ၏ ဆံနွယ်များကို ရယ်သွမ်းကာ ဆွဲဖွရင်း ရီဝေမိန်းမောသော အသံဖြင့် ပြောလာသည်။
"အင်း...ချောတာပေါ့။ ဒါပေမယ့် လူတစ်ယောက်ရဲ့ရုပ်ရည် အပြင်ပန်းကိုပဲ ကြည့်ပြီးတော့ ဆုံးဖြတ်လို့မရဘူး။ ရုပ်ရည်ချောပြီး အပေါစားဆန်တဲ့ယောကျာ်းမျိုးထဲမှာ အဲ့လူ မပါဘူး။ သူ့ အရှေ့ဘယ်တော့မှ ထပ်မသွားမိစေနဲ့။ မဟုတ်လို့ကတော့ ငါ နင်တို့ကို လစာဖြတ်မှာနော်။ ရှောင်ချင်းနဲ့ အားမိန်...ဟိုဖက် ဝိုင်းကို သွားချေ"။
သူ (မ) ဘဝတွင် ယောကျာ်းသား အတော်များများကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ အချို့ ယောကျာ်းများက လူကြီးလူကောင်း တစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ထားကြသော်လည်း မိန်းမတို့၏ မာယာအောက်တွင် ဝံပုလွေ တစ်ကောင်သဖွယ် အသွင်ပြောင်းသွားတတ်ကြသည်။ သို့သော် အချို့ကမူ ယောကျာ်းထုကြီးက သဲသဲလှုပ်နေကြသော မိန်းမများကိုပင် တစ်ချက်လေးတောင်မှ အကြည့်မရောက်ချေ။
တစ်ဖက် ဝိုင်းမှ အမျိုးသား နှစ်ဦးမှာ ရုပ်ရည်အသွင်အပြင် ချောမောရုံသာမက အများနှင့် မတူ တစ်မူ ထူးခြားသော ကိုယ်ရှိန်ကိုယ်ဝါများ ထင်းထွက်နေသည်။ သာမာန် လူတန်းစားထဲက မဖြစ်နိုင်ချေ။ ဝတ်ပုံ စားပုံနှင့် ပြောဆိုပုံက အစ သူ (မ) တို့လို လူလတ်တန်းစားများနှင့် ကွာခြားလှသည်။
ရှောင်ချင်းနှင့် အားမိန်က ဤကလပ်ရှိ မိန်းကလေးများအနက် အလှဆုံးနှင့် အသန့်ဆုံးဟု ပြောလို့ရ၏။ သို့သော် ထိုအမျိုးသား နှစ်ဦးက စိတ်ဝင်စားပုံ မပေါ်။ သူ (မ) တို့ကို အေးစက်စွာပင် ဆက်ဆံသည်။
"အစ််မ ယွမ်၊ အဲ့ဝိုင်းမှာ ထိုင်နေတဲ့ လူကြီးဆီ ကျွန်မ မသွားချင်ဘူး" ရှောင်ချင်းက ခါးခါးသီးသီးငြင်းဆန်လာသည်။
ရှေ့တည့်တည့်ရှိ စားပွဲဝိုင်းတွင် အမျိုးသား ငါးဦးထိုင်ကာ သောက်စားနေကြသည်။ ထိုလူများက အသက် သုံးဆယ် ကျော်ကျော်ခန့် ရှိပြီး ရုပ်ရည်ကလည်း သာမာန် ရွက်ကြမ်းရေကျိုသာ ဖြစ်၏။ အပြုအမူ အပြောအဆို ကြမ်းတမ်းလှသဖြင့် ရှောင်ချင်းမှာ တစ်ချက်တစ်ချက် ကိုယ်လေးတုန်တက်သွားသည်။
ကြောက်လန့်နေသော ရှောင်ချင်းကို ကြည့်ရင်း အားမိန် တစ်ယောက် ဟားတိုက် ရယ်လိုက်၏။
"အစ်မ ရှောင်ချင်းရယ်၊ ဘယ်လိုတောင် ပြောလိုက်တာလဲ။ ကိုယ့်ကိုကိုယ် တိုင်းပြည်ရဲ့မင်းသမီးလေးများ မှတ်နေသလား။ သေသေချာချာ ပြန်စဥ်းစားပါဦး။ ကျွန်မတို့က ကိုယ် ကြိုက်သလို ရွေးချယ်နိုင်တဲ့ အနေအထားမှာ မရှိဘူး။ သူများ ရွေးတာကို ခံရမှာ"
ရှောင်ချင်းကဲ့သို့ အပြစ်ကင်းချင်ယောင်ဆောင်နေသည့် မိန်းမစားမျိုးကို သူ (မ) အမုန်းဆုံး ဖြစ်သည်။ ဤနေရာကို ခြေချလာတည်းက ဘယ်လို အလုပ်မျိုးလဲဆိုတာ သိထားပြီးသားမဟုတ်လား။ အခုမှ ဖြူစင်သူ တစ်ယောက်လိုဟန်ဆောင်နေသည်။
အားမိန်၏ စကားကြောင့် ရှောင်ချင်း ခေါင်းငိုက်စိုက် ကျသွား၏။
အစ်မ ယွမ်ကလည်း မျက်မှောင်ကြုတ်ကာ ပြောလာသည်။ "နင် မလုပ်ချင်ဘူးဆိုရင်လည်း အခုထွက်သွားလို့ရတယ်။ ဒါပေမယ့် နင် သူဌေးနဲ့ စာချုပ်ချုပ်ထားတာကို မမေ့နဲ့။ နင် ဝတ်ထားတဲ့အဝတ်တွေ၊ နင် လိမ်းထားတဲ့ မျက်နှာချေမှုန့်တွေအကုန်လုံးကို ငါတို့ပဲ စီစဥ်ပေးထားရတာ။ အခု ထွက်သွားမယ်ဆိုရင် အဲ့ဟာတွေ အားလုံးအတွက် ယွမ် ငါးသိန်း အလျော်ပြန်ပေးရမယ်"
ကလပ်တွင် အလုပ် လုပ်နေသော မိန်းကလေးများ၏ ဝင်ငွေမှာ မနိမ့်လှပေ။ တစ်လကို ယွမ် တစ်သိန်းခန့် အနည်းဆုံးရသည်။ သို့သော် ထွက်ငွေကလည်း ဝင်ငွေနှင့် တန်းတူ နီးပါး ဖြစ်နေ၏။
အစပိုင်း တစ်လ၊ နှစ်လတွင် အဝတ်အစားများနှင့်မိတ်ကပ်များကို ကလပ်မှ စီစဥ်ပေးထားသော်လည်း နောက်ပိုင်းတွင် သူတို့ ဝင်ငွေနှင့် သူတို့ဝယ်ရသည်။ ပိုက်ဆံ ချွေတာလိုသောကြောင့် အပေါစား အဝတ်အစားများ၊ အသုံးအဆောင်များ ဝယ်လျှင်လည်း မထူးလှပေ။ ဖောက်သည်များများရအောင် ကောင်းပေ့၊ လှပေ့၊ တန်ဖိုးကြီးပေ့ ဟူသော အဝတ်အစားများ၊ လက်ဝတ် တန်ဆာများ၊ အလှပြင် ပစ္စည်းများ ဝယ်သုံးရသည်။
အစ်မ ယွမ် စကားအဆုံး ရှောင်ချင်းတစ်ယောက်မျက်ရည်များပင် ဝဲတက်လာ၏။
လီရှောက်ယွင်တို့ ထိုင်နေသည့် ဝိုင်းဘက်သို့ မနေနိုင်ပဲ လှမ်းကြည့်လိုက်မိသည်။ ထို့နောက် မိမိကိုယ်ကို အပြစ်တင်သည့် စိတ်ဖြင့် ခေါင်းငိုက်စိုက်ကျကာ တစ်နေရာသို့ ခြေဦးလှည့်လိုက်သည်။
"သခင်လေး လီ၊ မုန့်လင်းရဲ့ စီးပွားရေး အခြေအနေကို ပြဖို့ သပ်သပ်နဲ့ ကျွန်မကို ဒီခေါ်လာတာတော့မဟုတ်ပါဘူးနော်" ကျင်းယွင်ကျောင်းက ဝိုင်တစ်ငုံသောက်ရင်း ပြောလိုက်သည်။
"သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ။ မင်းကို ကိုယ်ဘာလို့ ဒီနေရာခေါ်လာလည်းဆိုတော့ ရှိုးတစ်ခု ကြည့်ဖို့လေ"
လီရှောက်ယွင်က လျှို့ဝှက်ဆန်စွာ ပြုံးလိုက်ရင်း စားပွဲပေါ်ရှိ အန်စာတုံးကို လှည့်ကစား၏။ "နောက်ထပ် တစ်နာရီလောက် စိတ်ရှည်ရှည်စောင့်နေလိုက်"
လီရှောက်ယွင်၏ စကားကြောင့် ကျင်းယွင်ကျောင်း တစ်ယောက် မျက်လုံးလေးများ အရောင်လက်သွားသည်။ သိချင်စိတ်များက ထိန်းမရတော့။