← Chapters

အခန်း (၄၈၁-၄၈၄)

Vol. 25 Ch. 481-484

အခန်း (၄၈၁-၄၈၄)

Vol. 25 Ch. 481-484

Space and Rebirth - 481

Trans: Esth

ကောင်လေး၏ မျက်နှာသည် ထိတ်လန့်မှု၊ တွန့်ဆုတ်မှုဖြင့် ပြည့်နှက်နေသည်။ သူသည် ရှောင်ချင်း ကမ်းပေးသော လက်အား မြင်လိုက်ရသောအခါ သူ၏ နှလုံးသားအစုံ တုန်ယင်သွား၏။ သို့တိုင်အောင် သူသည် ခဏတာမျှ တွေးတောပြီး သူမထံလျှောက်သွားလိုက်ကာ ပွေ့ဖက်လိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

“မသိဘူး၊ ငါမသိဘူး...ဒီအတိုင်း စပ်စုချင်လို့ဆိုပြီး ဝင်သွားကြည့်လိုက်တာကို ဘယ်သူထင်မှာလဲ၊ အကျင့်ယုတ်တဲ့ ကောင်မလေးရယ်၊ လူဆိုးကြီးရယ်နဲ့ တွေ့ရမယ်လို့။ သူတို့ကြောင့် သခင်လေးမုံ့စိတ်ဆိုးအောင် လုပ်မိပြီး၊ သူ...”

“ယင်ဒိ၊ နင် ငါ့ကို မုန်းမှာ မဟုတ်ဘူး မှတ်လား...ငါ နင့်ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ...”

ရှောင်ချင်းသည် တရှုံ့ရှုံ့ငိုကာ ပြောလိုက်သည်။

“ငါ-ငါတို့ လမ်းခွဲတာ ကောင်းမယ် ထင်တယ်။ ငါက နင့်အတွက် မတန်ဘူးလေ ငါ နင့်ကို အပြစ်မတင်ပါဘူး...”

ဝမ်ယင်ဒိ၏ နှလုံးသား ဆစ်ခနဲ နာကျင်သွားသည်။ သူသည် အံကို ကြိတ်ကာ ပြောလိုက်၏။

“အဲ့လူဆိုးကြီးနဲ့ သခင်လေး မုံ့ ဒီမှာ ရှိလား”

“သခင်လေး မုံ့ကို တစ်ယောက်တည်း ဖမ်းထားတယ်...ငါ့ကို ဒုက္ခပေးတဲ့ နောက် နှစ်ယောက်ကျတော့ အဖမ်းမခံရဘူး...”

ရှောင်ချင်း ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

ဝမ်ယင်ဒိ၏ မျက်နှာတွင် နားလည်၍ မရနိုင်သော အရိပ်အယောင်များ သန်းသွားသည်။ သူသည် ရှောင်ချင်း၏ လက်ကို ဆုပ်ကိုင်ကာ ...

“သွားရအောင်။ ငါတို့ ရဲကို ရှင်းပြလို့ရတယ်။ မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်”

ရှောင်ချင်းမှ နာခံမှုအပြည့်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

ရဲအရာရှိသည် ဖိုင်တွဲအား စစ်ဆေးကာ ရှောင်ချင်းအား အဓိပ္ပာယ်ပါပါဖြင့် ကြည့်လိုက်၏။

“ကောင်းပြီလေ။ ဒါ မင်းရဲ့ပထမဆုံးအကြိမ် ဖြစ်တဲ့အပြင် တခြား ပြစ်မှုမှတ်တမ်းလည်း မရှိတဲ့အတွက် ဒဏ်ကြေး ယွမ် ငါးထောင်ပေးပြီးရင် ပြန်လို့ရပြီ”

ရှောင်ချင်းလည်း ထိုမှသာ သက်ပြင်းချနိုင်တော့သည်။ ဝမ်ယင်ဒိသည် စကားများများစားစားမပြောဘဲ ပိုက်ဆံကို ထုတ်ပေးလိုက်၏။ သို့သော် သူ ပိုက်ဆံ ထုတ်နေသောအချိန်တွင် ကွန်ပြူတာပေါ်မှ အချက်အလက် တချို့ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ သူ့ခေါင်းပေါ် နွေခေါင်ခေါင် မိုးကြိုးပစ်ချသလိုပင်။

“မဟုတ်ဘူး...ရှောင်ချင်းက ဒီအတိုင်း အထဲဝင်သွားတဲ့ လူတွေအကြောင်း သိချင်လို့သာ ဝင်သွားတာ။ သူက အဲ့အထဲက ကောင်မလေး မဟုတ်ဘူး...”

ရဲအရာရှိ မျက်မှောင်ကြုတ်သွားသည်။

“ဒီအချက်အလက်ကို တော်ဝင်နန်းတော်ရဲ့ အွန်လိုင်း အချက်အလက် မှတ်တမ်းတွေထဲက ကော်ပီယူလာတာ၊ မှားနိုင်စရာ အကြောင်းမရှိဘူး။ ရှောင်ချင်း၊ အသက် ၂၃ နှစ်၊ မနေ့ကမှ ကလပ်နဲ့ စာချုပ်ချုပ်ထားတယ်။ ကလပ်ကနေ မင်းကို အဝတ်အစားတွေ၊ အလှကုန် ပစ္စည်းတွေအပြင် ယွမ် ၁ သိန်းပါ ပေးထားတယ်။ ဒီနေ့က မင်း အလုပ် စဝင်တာ ပထမနေ့ပဲ”

“မင်းလို မိန်းကလေးမျိုးတွေကို ဘာပြောရမလဲ ငါတကယ် မသိဘူး။ ငယ်တုန်းရွယ်တုန်း မလုပ်နိုင်တာ ဘာရှိလို့များ ပိုက်ဆံရှာဖို့ ဒီလို လုပ်ငန်းမျိုးကို မှီခိုချင်ရတာလဲ။ အကြာကြီး တောင့်ခံနိုင်မယ်တဲ့လား။ အဲဒါအပြင် အဲ့နေရာမျိုးက လူယုတ်မာတွေ လူကောင်းတွေ ရောနေတဲ့နေရာလေ။ မိန်းကလေးအများစုက အဲ့ကနေ ပိုက်ဆံတော့ ရှာနိုင်ကြပေမယ့် နောက်ဆုံးမှာ ရွံစရာ ရောဂါတွေ ရပြီး ဘဝကို အဆုံးသတ်ကြရတယ်။ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခပေးပြီး သူများကိုလည်း ဒုက္ခပေးတဲ့ဟာလေးတွေပဲ”

ရဲအရာရှိကို ကြည့်ရသည်မှာ စိတ်ပျက်နေသည့်ပုံပေါက်နေ၏။

“မဖြစ်နိုင်တာ”

ဝမ်ယင်ဒိမှ အလျင်စလို ပြောလိုက်သည်။

“သူက အဲ့လိုလူမျိုး မဟုတ်ဘူး။ အမှား တစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်”

ရဲအရာရှိကြီးသည် လူငယ်လေးအား သနားဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဒီမှာ လာကြည့်လိုက်။ အစိမ်းရောင် ဝတ်ထားတဲ့ မိန်းကလေးတွေက သာမန် စားပွဲထိုးမလေးတွေ၊ အနီရောင်နဲ့ မိန်းကလေးတွေက သာမန် အဆို‌တော် ဒါမှမဟုတ် ဧည့်ကြို မိန်းကလေးတွေ၊ အဝါရောင်နဲ့ကတော့....ဒီအောက်က စာကို ကြည့်လိုက်ရင် မင်းသိလိမ့်မယ်”

ဝမ်ယင်ဒိသည် ချက်ချင်းဆိုသလို ကျောက်ရုပ်ပမာဖြစ်သွားသည်။

'ပြည့်တန်ဆာ'

“ပြီးတော့ ငါတို့ စာချုပ်တွေ အကုန်လုံးကို ယူလာတယ်။ ဒီထိပ်ပေါ်မှာရှိနေတဲ့ မင်း ရည်းစားက မြင်တဲ့အတိုင်းပဲ...”

ဤအရာကိုကြားလိုက်ရသောအခါ ဝမ်ယင်ဒိသည် ပြောစရာ စကား ရှာမရတော့ချေ။ ရှောင်ချင်းသည် မိမိမျက်နှာကို အုပ်ကာ ငိုကြွေးတော့သည်။

“မောင်လေးက ကျောင်းသွားဖို့ ပိုက်ဆံလိုနေတာကို ငါ အလုပ်လည်း မရှာနိုင်ခဲ့ဘူး။ ငါ့မှာ တကယ် တခြား ရွေးချယ်စရာ မရှိလို့ပါ။ အဒေါ်အိမ်မှာ နေရင်းနဲ့ နေစရိတ်တွေ ပေးရတာကို နင်လည်း သိတာပဲ။ စမ်းလုပ်ကြည့်ချင်လို့ဆိုပြီး သူတို့နဲ့စာချုပ်ချုပ်ခဲ့ပေမယ့် ငါ နောက်ကျ နောင်တရခဲ့တယ်။ နောင်တရရချင်း ထွက်သွားချင်ခဲ့ပေမယ့် သူတို့အတင်းအကြပ် လုပ်ခိုင်းခဲ့တာ စာချုပ်ဖောက်ဖျက်ခက ယွမ် ၅ သိန်းတဲ့လေ...”

ရှောင်ချင်း ငိုနေစဥ်တွင် အမျိုးသမီး တစ်ဦးမှ ရုတ်တရတ်ထကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

“ရှောင်ချင်း နင် ဒီ‌လောက်ထိ မရက်စက်နဲ့လေ”

ထိုစကားကိုပြောသူမှာ အခြားမဟုတ်၊ အစ်မ ယွင်ဖြစ်လေသည်။ သူမသည် ရှောင်ချင်းထံသို့ တဟုန်ထိုးလာကာ ဒေါသသံဖြင့် ပြောလိုက်၏။

“နင် ဒီကို ပထမဆုံးလာတုန်းက ဒီလောကထဲကို မဝင်လာဖို့ ငါ အကြံပေးခဲ့တယ်။ မဟုတ်ရင် ခြေတစ်လှမ်း မှားတာနဲ့ တစ်သက်လုံး နောင်တရမှာမို့လို့လေ။ အဲ့တုန်းက ကိုယ့်ခန္ဓာကိုယ်ကို ရောင်းစားချင်ခဲ့တဲ့ လူက နင်ကိုယ်တိုင်ပဲ။ ငါ့မှာတော့ နင့်ကို ဧည့်ကြို ကောင်မလေးအဖြစ်နဲ့တောင် အရင် စလုပ်ခိုင်းခဲ့တာ၊ ဒါပေမယ့် အဲ့အစား နင်က နင့်ကိုယ်နင်ရောင်းစားပြီး အဲ့စာချုပ်ကို ချုပ်ခဲ့တာ မဟုတ်ဘူးလား။ စာချုပ်ခကို ရတယ်ဆိုပေမယ့် နင်နဲ့ ဘာမှဆိုင်တဲ့ အရာမဟုတ်ဘူး”

“ပြီးတော့ နင်သာ အဲ့ဥစ္စာပေါ ရုပ်ချောပြီး အာဏာရှိတဲ့ကောင်ကို တမ်းတမ်းစွဲ မဖြစ်ခဲ့ရင် တခြားတစ်ယောက်ကို အဖော်လုပ်ပေးရမှာလေ။ အခုမှ ဘာလို့လူ သနားအောင် လာလုပ်နေတာလဲ”

Space and Rebirth - 482

Trans: Esth

အစ်မ ယွင်သည် အလွန် ဒေါသထွက်နေခဲ့သည်။ သူမသည် ငယ်ရွယ်စဥ်က ယောက်ျားကောင်းနှင့် မတွေ့ခဲ့ခြင်းကြောင့် ဤလောကထဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်၏။ ထိုအချိန်က သူမ၏ ရည်းစားသည် သူမအပေါ် ယုတ်မာပြီး အခြားသူ၏ ကုတင်ပေါ် သူမအား တင်ပေးခဲ့၏။ ထိုအကြောင်းကို သူမ မိဘများ သိရှိလိုက်သောအခါ သူတို့သည် လွန်စွာတုန်လှုပ်သွားခဲ့သည်။ ထိုစိတ်တုန်လှုပ်မှုဒဏ်ဖြင့် တစ်ဦးမှာ ကွယ်လွန်ပြီး နောက်တစ်ဦးမှာ အိပ်ရာထဲ ဘုန်းဘုန်းလဲခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က သူမ၏ သူငယ်ချင်းများပင် သူမအား လာရောက် တွေ့ဆုံခြင်း မရှိပေ။ သူမအား အရှက်စရာအဖြစ် သတ်မှတ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ သူမသည် ငယ်ရွယ်သည့်အပြင် အကြွေးများစွာလည်း တင်နေခဲ့၏။ ထိုအကြွေးများအား ဆပ်နိုင်ရန် ပညာ အရည်အချင်းရော ကျွမ်းကျင်ရာ စွမ်းရည်ပါ မရှိခဲ့သော သူမသည် ထိုအချိန်က ပိုက်ဆံ မရှာနိုင်လျှင် သူမ၏ မိသားစုပါ ဆက်လက် မရှင်သန်နိုင်တော့မည့် အခြေအနေသို့ ရောက်ရှိခဲ့၏။

ထို့ကြောင့် သူမသည် ပြန်လမ်း မရှိသော ဤလောကထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှောင်ချင်းမှာ ထိုသို့ မဟုတ်ချေ။

သူမ ရောက်ရှိစဥ်က ဝတ်ဆင်ထားသော အင်္ကျီများမှာ နာမည်ကြီး တံဆိပ်များ မဟုတ်သည့်တိုင် ယွမ်ပေါင်း ရာကျော်တန်သည့် အရာများ ဖြစ်သည်။

သို့သော် သူမ ကြည့်ရသည်မှာ စာချုပ် မချုပ်ရလျှင် သေတော့မည့်အတိုင်း ဖြစ်နေ၏။ ယနေ့ခေတ်အခါတွင် မိန်းကလေးများသည် နာမည်ကြီးအိတ်များ၊ လက်ဝတ်ရတနာများ စသည့် ဇိမ်ခံပစ္စည်းများအတွက် လမ်းမှားပေါ် လျှောက်နေကြလေသည်။ ထို့ကြောင့် သူမသည် ထိုအချိန်က သက်ပြင်းချပြီး ရှောင်ချင်းအား အကြံပေးခဲ့သော်လည်း အတင်းအကြပ် တားမြစ်ခဲ့ခြင်း မရှိချေ။ သူမနှင့် သွေးမတော် သားမစပ်သော လူဖြစ်နေသည် မဟုတ်ပေလော။

သို့သော် ယခုတွင် ရှောင်ချင်းသည် အမှန်တရားကို ငြင်းဆန်နေသည်ပင်။

အစ်မယွင်သည် အမှန်တရားကို ဖွင့်ဟချင်ခဲ့သည်။

ရှောင်ချင်းမှ မကြိုက်ဘဲလုပ်သောအရာမဟုတ်ဟူ၍ ပြောချင်သည်။

သို့သော် ဤလူငယ်လေးမှာလည်း အလွန်သနားစရာ ကောင်းလွန်းလှ၏။ တစ်ချက်ကြည့်ရုံဖြင့် ဤကောင်လေးသည် အချစ်ရူး ရူးနေမှန်း သိသာသည်။ သူသည် သူမ ယခင်က တွေ့ခဲ့သော ယောက်ျားများထက် အဆတစ်ထောင်သာပေ၏။ ဤကဲ့သို့သော လူမျိုးသည် ထိုမိန်းမစား၏ လှည့်စားခြင်းကို ခံနေရသည်။ လုံးဝ လက်မခံနိုင်စရာပင်။

အစ်မယွင်၏ စကားဆုံးပြီးနောက် ဝမ်ယင်ဒိ၏ မျက်နှာသည် ကြမ်းတမ်းစွာ ပြောင်းလဲသွားသည်။

ရှောင်ချင်းလည်း ထိုစကားကို ကြားပြီး ခေါင်းကို အလျင်အမြန် ခါယမ်းကာ ငြင်းလေ၏။ သူမသည် နှုတ်ခမ်းကို ကိုက်ကာ ငိုတော့သည်။ အခြေအနေကိုကြည့်ရသည်မှာ သူမ ငြင်းဆန်နိုင်သောအခြေအနေ မဟုတ်သော်လည်း သူမတွင် အခြားသူများ သနားအောင်လုပ်နိုင်သော အလှမျိုးရှိပေသည်။ မသိသောသူမှ ကြည့်လျှင် သူမ၌ အခြားသူများ နားမလည်နိုင်သော အခက်အခဲ ရှိနေသလိုလိုပင်။

“ရှောင်ချင်း၊ သူပြောတာ အမှန်တွေလား”

ဝမ်ယင်ဒိ၏ မျက်နှာတစ်ခွင်လုံး အစိမ်းပုပ်ရောင်သန်းနေသည်။ အထူးသဖြင့် ကြမ်းကြမ်းတမ်းတမ်းအချစ်ခံထားရပုံပေါ်သည့် သူ၏ အရှေ့မှ အမျိုးသမီးကို တွေ့လိုက်ရသောအခါ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသလို သူခံစားလိုက်ရသည်။

“ငါလေ...ယင်ဒိရယ်၊ နင်မမေးပါနဲ့၊ ငါက နင့်အတွက် မတန်မှန်း သိပါတယ်။ လမ်းခွဲကြတာပေါ့...”

ထိုစကားကို ပြောပြီးပြီးချင်း သူမသည် မျက်ရည်စက်လက်ဖြင့် ပြေးထွက်သွားတော့သည်။ ဒဏ်ကြေးလည်း ဆောင်ပြီးပြီ ဖြစ်၍ သူမလည်းထွက်သွားနိုင်ပြီ ဖြစ်သည်။ ရှောင်ချင်းသာ ထွက်သွားချင်လျှင် တားမည့်သူ မရှိတော့ချေ။ သို့သော် ထိုနေရာတွင် မရေတွက်နိုင်အောင် များပြားသည့် သတင်းထောက်များရှိနေ၏။ တစ္ဆေတစ်ကောင်ကဲ့သို့ တိုးတိုးတိတ်တိတ် ငိုလျှင်ပင် သတင်းဗီဒီယိုများမှတဆင့် သူမ၏ ပုံစံကို သူမမိသားစုများနှင့် မိတ်ဆွေများ မြင်ရနိုင်သည်။

ဝမ်ယင်ဒိသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ ဤသည်မှာ သူ အမြဲတစေ ကာကွယ်ပေးခဲ့သော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမအား လက်ဖျားဖြင့်ပင် မထိရက်ခဲ့ချေ။ သူမသာ မဟုတ်ဘူးဟု ငြင်းလျှင် သူ လက်ခံခဲ့သည်။ သူမတွင် ပိုက်ဆံ မရှိလျှင် ကူညီရန်နည်းလမ်းများကို ရှာဖွေကာ လက်ဆောင်များ ပို့ပေးခဲ့သည်။

ရှောင်ချင်းသည် မာနကြီးသော လူတစ်ဦး ဖြစ်မှန်း သူသိခဲ့သောကြောင့် သူမသည် အခြားလူတစ်ဦး၏ အိမ်တွင် ကပ်နေရသည်ကို ဘယ်သောအခါမှ ညည်းညူမည် မဟုတ်မှန်းလည်း သူသိနေခဲ့သည်။

သူ၏ အမြင်တွင် ဤသည်မှာ ဆိုးလှသည် မဟုတ်ပေ။ သူမ၏ ဦးလေးနှင့် အဒေါ်သည် သူမအား ကောင်းကောင်း ဆက်ဆံလေသည်။ အနည်းဆုံးတော့ သူမတွင် အစားအသောက်၊ အဝတ်အစားဖူလှုံပေ၏။

သို့သော် ယခုတွင် သူမ၏ မာန အားလုံးကို သူမဘာသာ ဖြုန်းတီးလိုက်မှန်း ဝမ်ယင်ဒိ သိလိုက်ရလေသည်။ သူမသည် အပြင်ထွက်ပြီး မိမိသိက္ခာကိုပင် မထောက်ဘဲ လုပ်ချင်ရာလုပ်နေခဲ့၏။

သူသည် အံကြိတ်ကာ လှည့်ထွက်သွားတော့သည်။ ယခင်ကကဲ့သို့ သူမအနောက် ပြေးမလိုက်သွားတော့ချေ။

ရှောင်ချင်းမှာမူ ရဲစခန်းမှ ပြေးထွက်ပြီး မြေပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ အတန်ကြာငိုနေလေ၏။ သို့သော် သူမအနောက်တွင် ပြေးလိုက်လာလေ့ရှိသော ရင်းနှီးနေသည့် ပုံရိပ်အား မတွေ့ရတော့ချေ။ သူမသည် နှလုံးသားထဲတွင် ပို၍ပင် မျှော်လင့်ချက်မဲ့သွားသည်။ အတော်ကြာ စောင့်ပြီးနောက်တွင် သူမသည် သူမ ဦးလေးနှင့် အဒေါ်တို့၏ နေအိမ်သို့ ဒယီးဒယိုင်ဖြင့် ပြန်သွားလေသည်။

သို့သော် သူမသည် အိမ်ထဲသို့ဝင်သည်နှင့် အိမ်ထဲတွင်ရှိ လူအားလုံး လန့်ဖျပ်သွားတော့သည်။ သူမ အိမ်ပြန်ရောက်သည့်အချိန်တွင် နာရီပိုင်းခန့်ကြာပြီဖြစ်ရာ သတင်းများ ပျံ့နှံ့နေပြီး ဖြစ်၏။ တီဗီတွင်ပင် လိင်မှုဆိုင်ရာ ပြစ်မှုများ ဆန့်ကျင့်ရေး ကမ်ပိန်းအား တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်ကို ပြန်လည်ပြသနေပြီး ၎င်းထဲတွင် ရှောင်ချင်း၏ မျက်နှာကို မြင်နေရသည်။

“ထွက်သွားစမ်း၊ နင့် မောင်ကို ခေါ်ပြီး ထွက်သွား၊ ငါတို့ မိသားစုက နင့်လို အရှက်မရှိတဲ့ ကောင်မမျိုးကို မခေါ်ထားနိုင်ဘူး”

သူမ၏ အဒေါ်သည် ချက်ချင်းဆိုသလို ဒေါသမီးတောက်လောင်သွားသည်။ သူမသည် မောင်နှမသုံးယောက်၏ အထုပ်များကို ယူကာ အပြင်သို့ ပစ်ထုတ်လိုက်၏။

ရှောင်ချင်းသည် အလွန် ဝမ်းနည်းပူဆွေးနေတော့သည်။ သူမသည် လုပ်ရပ် အမှားများကို တမင် လုပ်လိုက်ခြင်း မဟုတ်ပေ။ သူမ အခြေအနေအား ပြောင်းလဲချင်ခဲ့ရုံသာ ဖြစ်သည်။ ထိုလူယုတ်မာမလေးနှင့် လူဆိုးကြီးကြောင့် မဟုတ်လျှင် သူမသည် ဤကဲ့သို့စိတ်ပျက်စရာ အခြေအနေသို့ ရောက်မည် မဟုတ်ချေ။

ငိုယိုပြီး ညည်းတွားနေသည်မှာ လုံးဝ အသုံးမဝင်ပါတကား။

Space and Rebirth - 483

Trans: Esth

ရှောင်ချင်း၏ မောင်လေးနှစ်ယောက်မှာ အခုထိငယ်သေးဆဲ ဖြစ်သည်။ သူတို့တွင် နေစရာ တစ်နေရာ လိုအပ်ပေသည်။ ထို့ကြောင့် သူမသည် နာကျည်းစွာဖြင့် သူမ၏ အခြားဆွေမျိုးများ၊ မိတ်ဆွေများကို ဖုန်းဆက် အကူအညီတောင်းရုံအပြင် ရွေးချယ်စရာ မရှိချေ။ သို့သော် ဤကိစ္စသည် အချိန်တိုအတွင်း လူတိုင်း၏ နားသို့ ပေါက်ကြားသွားပြီ ဖြစ်သည်။ သူမ၏ အဒေါ်သည် ဆွေမျိုး မိတ်သဟာယများကိုပင် ကိုယ်တိုင်အကြောင်းကြားပေးခဲ့သော်လည်း မည်သူမျှ သူမကို ဂရုမစိုက်ချေ။

ညလယ်ထိ ဟိုလူးဒီလွန့် လုပ်ပြီးနောက် သူမ၏ ကွယ်လွန်ပြီးသော မိခင်တွင် အဖေတူ အမေကွဲအစ်ကို တစ်ယောက် ရှိမှန်း သူမ သတိရသွား၏။ ထိုသူသည် ရှောင်ချင်း၏ ဦးလေးဟု မှတ်ယူနိုင်သည်။ သူမသည် ချက်ချင်းဆိုသလို ထိုသူအားဆက်သွယ်ရန် ကြိုးစားတော့သည်။

ဤအချိန်တွင် ကျင်းယွင်ကျောင်းသည် နေရာလွတ်နယ်မြေထဲ၌ အိပ်ပျော်လျက်ရှိ၏။

နောက်နေ့မနက်တွင် ဤဖြစ်ရပ်သည် နင်းမြို့တော်တစ်ခွင်လုံး ပျံ့နှံ့သွားလေသည်။ နိုင်ငံရေး ကိစ္စများကို နားမလည်သော ကျင်းယွင်ကျောင်းပင်လျှင် မုံ့ မိသားစုမှ ပြင်းထန်သော အကျိုးဆက်ကိုခံစားရမည်မှန်း သိနေခဲ့သည်။ ယခင်က သူမသည် မုံ့ မိသားစုအား စုံစမ်း ထောက်လှမ်းရန် ပိုင်ယွီအန်းအား အကူအညီ တောင်းခဲ့ဖူးသည်။ လူထုအမြင်မှ ရရှိသော အင်အားကို သူမ အသုံးပြုချင်၍ ဖြစ်သည်။ သို့သော် သူမတွင် မုံ့မိသားစုကဲ့သို့ ကျောထောက်နောက်ခံ ကောင်းကောင်း မရှိပါက လူထု၏ သဘောထားလည်း သူမကို မကူညီနိုင်မှန်း သိနေခဲ့သည်။ နင်း မြို့တော်မှ အကြီးမားဆုံးသတင်းဌာနများသည် ဖိအားပေးခံရနိုင်ပြီး မည်သူမျှ မုံ့ မိသားစုအကြောင်း မဖွင့်ဟရဲသောကြောင့်ဖြစ်၏။

ယခုမူ ထိုသို့ မဟုတ်တော့ချေ။ မုံ့လင်းကို လက်ပူးလက်ကြပ် မိပြီ ဖြစ်ပြီး အတွင်းမှ ထွက်လာသော နာမည် စာရင်းမှာလည်း ရှင်းလင်းနေပေသည်။ မြို့တော်ဝန် မုံ့ ကိုယ်တိုင် ဝင်မပါလျှင်ပင် မုံ့လင်းမှာ သူ၏ တူဖြစ်နေသည်ဟူသောအချက်သည် ငြင်းမရပေ။ ဤကိစ္စအား သူအဘယ်သို့ခေါင်းရှောင်နိုင်တော့မည်နည်း။

လီရှောက်ယွင်၏ အစီအစဥ်သည် အချိန်ကောင်းတွင် အကောင်အထည် ဖော်လိုက်သည်ဟု ကျင်းယွင်ကျောင်း မြင်မိသည်။ မဟုတ်လျှင် သူမ မုံ့လင်းအား တစ်သက်စာ ရှင်းထုတ်ချင်ပါက အကျိုးအရှိဆုံးနည်းလမ်းမှာ လုပ်ကြံသတ်ဖြတ်ခြင်းသာ ကျန်တော့မည်။ ထိုအရာကို လူမသိအောင် လုပ်၍ ရနိုင်သော်လည်း လွန်စွာ အန္တရာယ်ကြီးပေသည်။ သူမသာ ထိုသို့လုပ်ရန် ဖိအား မရှိလျှင် ထိုချောက်ကမ်းပါးအစွန်းသို့ မိမိကိုယ်ကို ခေါ်သွားမည်မဟုတ်ချေ။

လီရှောက်ယွင်သည် သူမအတွက် ဘုရားပေးသော ရဲဘော်ရဲဘက် ဖြစ်သည်။ သူသည် အရေးအကြီးဆုံး အချိန်တိုင်းတွင် သူမအား ကူညီပေးခဲ့သည်။ သို့သော် ကျင်းယွင်ကျောင်းသည် စိတ်ထဲ၌ တိတ်တခိုး သက်ပြင်းချမိ၏။ သူမသည် ကျေးဇူးတင်စိတ် ရှိသော်လည်း သူများအပေါ် မှီခိုရသည့် ခံစားချက်ကို သဘောမကျချေ။ အထူးသဖြင့် လီရှောက်ယွင် အပေါ်တွင် ဖြစ်သည်။

သို့တိုင်အောင် လီရှောက်ယွင်အား သူမကျေးဇူးတင်မည် ကြံလိုက်စဥ်တွင် သူသည် လူလုံးမမြင်ရလောက်သည်ထိ အလုပ်ရှုပ်နေကြောင်း သိလိုက်ရလေသည်။ ထိုထူးဆန်းသော ရဲအရာရှိများကိုမူ သူမ ထပ်မမြင်ရတော့ချေ။ ထိုသို့ စောင့်မျှော်ရင်းဖြင့် ကျောင်းအပ်သည့် နေ့သို့ ရောက်ရှိလာ၏။

ကျင်းယွင်ကျောင်းမှ ကျောင်းသို့ ရောက်ရှိလာသောအခါ အားလုံးသည် သူမအား မတူညီသောအကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ကျင်းယွင်ကျောင်း၊ နှစ်ကူးတုန်းက လူမှောင်ခိုကူးနေတဲ့ လူကို နင် ဖမ်းလိုက်တယ်ဆို အဲဒါ တကယ်ပဲလား”

သူမသည် အတန်းထဲ ဝင်လိုက်သည်နှင့် အတန်းဖော်တစ်ဦးမှ အပြေးအလွှားမေးလိုက်သည်။

ကျင်းယွင်ကျောင်းသည် ခဏမျှ ကြောင်အသွားပြီး ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်လုံးများသည် ရှောင်ဟိုင်ချင်းနှင့် ထိုနေရာတွင် အတူတကွ စုနေကြသော အခြားလူများထံ ရောက်ရှိသွားသည်။

“ဟာ၊ နင် တကယ် သတ္တိရှိတာပဲ။ မှောင်ခိုသမားတွေက ဘယ်လိုပုံလဲဆိုတာ နင် ပြန်ပြောပြလို့ရလား။ အရမ်း ကြောက်ဖို့ကောင်းလား”

အခြားအတန်းဖော် တစ်ဦးမှ သူမအား မျက်ထောင့်နီဖြင့် မေးလိုက်သည်။ သူတို့၏ အမြင်တွင် လူမှောင်ခိုသမားများသည် မူးယစ်ဆေးရောင်းဝယ်သူများကဲ့သို့ ဆိုးသွမ်းသောသူများဖြစ်သည်။ သူတို့သာ ဆိုးသွမ်းသူများ မဟုတ်လျှင် အဘယ်သို့ ကလေးများကို ထိပါးနိုင်မည်နည်း။

ကျင်းယွင်ကျောင်းသည် အနည်းငယ် စကားစ ရှာမရ ဖြစ်သွားသည်။ တစ်စုံတစ်ယောက်မှ သူမအား နွေးနွေးထွေးထွေး ဆက်ဆံသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်၏။

.......

“...အာ၊ ငါသိပြီ။ ဒါကြောင့် သူတို့တွေက ကလေးတွေကို လှည့်စားနိုင်တာကိုး...”

အမျိုးသမီး အတန်းဖော် တစ်ဦးမှ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် နောက်တစ်ဦးမှ ပြောပြန်၏။

“နင့်ကို လမ်းမပေါ်မှာ တွေ့လိုက်တယ်လို့ ငါ အစ်မတစ်ယောက် ပြောတယ်။ နင် တစ်ယောက်တည်း ကားကို အမှီလိုက်တာတဲ့။ ကျင်းယွင်ကျောင်း၊ နင် ဘယ်လိုလုပ်လိုက်တာလဲ။ တကယ် အံ့သြစရာပဲ”

“အင်း၊ အံ့သြဖို့ ကောင်းတယ်။ ငါသာဆိုရင် ကြောက်လွန်းလို့ ဒူးတွေက ဂျယ်လီလို ဖြစ်နေမှာပဲ။ လိုက်ရဲမှာ မဟုတ်ဘူး”

သူမ ဘေးတွင်ရှိသော အတန်းဖော်သည် အလွန်ထောက်ခံအား ကောင်းနေလေသည်။

သူမ ဘေးတွင် ဝန်းရံထားသော အတန်းဖော် အများစုမှာ မိန်းကလေးများ ဖြစ်နေကြောင်း ကျင်းယွင်ကျောင်း သတိထားမိလိုက်သည်။ ယောက်ျားလေးအများစုမှာ သူမအား အဝေးမှသာ ကြည့်နေကြသော်လည်း သူတို့၏ မျက်နှာများတွင် တည်ကြည်လေးနက်မှု၊ လေးစားမှုများ ပြည့်နှက်နေ၏။

သူသည် မထင်မှတ်ဘဲ သူမ အတန်းဖော်များ၏ အာရုံစိုက်မှုကို ရခဲ့ပြီလော။

Space and Rebirth - 484

Trans: Esth

သူမ၏ နာမည် ဂုဏ်သတင်းမှာ တစ်စတစ်စဖြင့် ကောင်းမွန်လာသော်လည်း သူမ၏ အတန်းဖော်များမှ သူမအား လူထူးလူဆန်းကဲ့သို့ ဆက်ဆံသောပုံသည် အမြစ်စွဲကျန်နေသေးသည်။ မျက်လုံး အစုံပေါင်းများစွာမှ သူမအား စိုက်ကြည့်နေခြင်းသည် ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

“ကျင်းယွင်ကျောင်း၊ မြို့တော် အစိုးရက နင့်ကို ဆုချမယ်လို့ ငါ့အဖေဆီက ကြားတယ်။ နင့်ကို ဆုငွေ ပေးမယ်တဲ့…”

နောက် အတန်းဖော်တစ်ဦးမှ ဆက်ပြောလိုက်သည်။

ကျင်းယွင်ကျောင်း မအံ့ဩချေ။ သူမသည် ဤနှစ်၏ သူရသတ္တိဆုအတွက် ရွေးချယ်ခံရရန် အလားအလာများသည်ဟု သူမအား ကျောင်းမှလည်း အသိပေးပြီးသား ဖြစ်၏။ သူတို့သည် ဤအရာကို အထိန်းအကွပ် မရှိဘဲ သတင်းလွှင့်ဖို့ရန်ပင် စီစဉ်ထားပြီး ဖြစ်သည်။ ဤသည်မှာ လူများ၏ နှလုံးသားအား ထိခတ်စေနိုင်သော ကိစ္စကောင်းတစ်ခုပင် မဟုတ်ပေလော။ သို့သော် သူမသည် သူမအား နာမည်ကြီးစေမည့် ဤသို့သော ကိစ္စမျိုးကို မြူတစ်မှုန်စာမျှပင် စိတ်ဝင်စားခြင်း မရှိချေ။

“ငါ့ကို စိတ်ဝင်စားပေးတာ ကျေးဇူးတင်ပေမယ့် အတန်းထဲ အရင် ပေးဝင်လို့ ရလား”

ကျင်းယွင်ကျောင်းမှ ဖြည်းညှင်းသော လေသံဖြင့် ပြောလိုက်သည်။

သူမ အနားရှိ မိန်းကလေးများသည် ဆန်စေ့အား နှုတ်သီးဖြင့် ကောက်စားနေသော ကြက်များကဲ့သို့ ခေါင်းညိတ်လိုက်ကြ၏။

“အင်း အင်း…”

သူမ ပြောလိုက်သည်နှင့် ချက်ချင်းဆိုသလို လမ်းရှင်းသွားသည်။

ကျင်းယွင်ကျောင်းသည် သူမ ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သောအခါ သူမ အတန်းထဲရှိ မိန်းကလေးအုပ်ကြီးသည် သူမ နောက်သို့ တချိုးတည်းလိုက်လာကြလေသည်။

“ကျင်းယွင်ကျောင်း၊ အဲ့နေ့က ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့ကို ပြောပြလို့ မရဘူးလား။ ငါတို့ တကယ် သိချင်လို့ပါ…”

“ကောင်လေးကို ကယ်ခဲ့တဲ့ နင်နဲ့ ငါက တစ်တန်းတည်းရှိနေတာကို ငါ့ ဆွေမျိုးတွေ ကြားတုန်းက နင့်ဆီက သင်ယူဖို့ ပြောကြတယ်…”

…..

ကျင်းယွင်ကျောင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် ကောင်းသော လုပ်ရပ်ကို လုပ်ခဲ့သည် မှန်သော်လည်း သူတို့အား ဤကဲ့သို့ဖြစ်လောက်သည်ထိ လုပ်ခဲ့ခြင်း မဖြစ်တန်ရာ။ ယခင်ဘဝက သူမ အတန်းဖော်များနှင့် လိုက်လျောညီထွေ ဖြစ်သည့် ဘဝကို စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ယခုတွင် သူမသည် ကလေးတစ်ယောက် မဟုတ်တော့သည့်အတွက် စိတ်လှုပ်ရှားရသည်ကို ထိုမျှလောက် သိပ်မကြိုက်တော့ပေ။ ထို့အပြင် ဤကဲ့သို့ ရုတ်တရတ်ဆန်သော ပြောင်းလဲမှုမျိုးနှင့် မည်သူက နေသားကျနိုင်မည်နည်း။

တစ်ဖက်တွင်မူ ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏ ရှက်ကိုးရှက်ကန်း ဖြစ်နေပုံကို ကြည့်ပြီး ရယ်မောနေလေသည်။ စူးချူ၏ မျက်နှာမှာ ပို၍ပင် နီနေ၏။ သူသည် ကျင်းယွင်ကျောင်းထံ ပြေးသွားပြီး အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။

“အင်း၊ ငါလည်း ထပ်ကြားချင်တယ်။ အခုတလော သိချင်လို့ သေတော့မယ်”

“ဟမ်၊ နင် မေးတာ သုံးခေါက်ထက် မနည်း ရှိနေပြီလေ၊ မဟုတ်ဘူးလား”

ကျင်းယွင်ကျောင်း ပြောစရာ စကား ပျောက်ရှသွားသည်။ သူမအား အကြောင်းစုံသိရန် ဖုန်း တဂွမ်ဂွမ်ဆက်နေသူမှာ စူးချူပင် မဟုတ်ပေလော။ ယခုမှ အဘယ်သို့ မေ့ချင်ယောင်ဆောင်နေရသနည်း။

စူးချူ ပြုံးလိုက်သည်။

“မတူဘူးလေ။ အခု မျက်နှာချင်းဆိုင် ပြောရတာ၊ ထပ်ပြောပြပါဦး။ အရင် တစ်ခေါက်တွေက လွတ်သွားတဲ့ အချက်တွေ ပြန်ကြားရတာပေါ့”

စူးချူသည် အရူးအမူး ဖြစ်နေသော ဖန်တစ်ဦးနှင့် တူနေ၏။ တစ်ဖက်တွင်မူ ရှောင်ဟိုင်ချင်းသည် ဤလူအုပ်ကြီး၏ စကားကြောကို မဖျက်ဆီးမိစေရန် နားလည်မှုရှိရှိဖြင့် ပါးစပ်ပိတ်နေလေ၏။

သူမသည် ထရပ်ကား ဒရိုင်ဘာအား သတ်မိသည့်အချိန်မှစ၍ သူမ အတန်းဖော်များသည် သူမကိုမြင်သည်နှင့် ဝေးဝေးရှောင်ခဲ့ကြသည်။ ယခု သူမ၏ အနားတွင် လူများအုံနေရသည့်အကြောင်းရင်းမှာ သူမသည် ကျင်းယွင်ကျောင်းနှင့် ခုံကပ်လျက်ထိုင်သောသူဖြစ်သောကြောင့် ဖြစ်၏။ ယခုအချိန်တွင် သူမသာ စကားထပြောလျှင် အခြေအနေသည် သေချာပေါက် နေရခက်စရာ ဖြစ်ပေလိမ့်မည်။

“ရှောင်ဟိုင်ချင်း၊ ကျင်းယွင်ကျောင်းကို ကူပြောပေးလို့ မရဘူးလား၊ အားလုံးက တကယ် တကယ် ကြားချင်လို့ပါ။ ဒါက သူရဲကောင်း လုပ်ရပ်ပဲလေ။ ငါ ဒီလောက် အချိန်အကြာကြီး နေလာပေမယ့် သူရဲကောင်း တစ်ယောက် အနားမှာ ရှိရတာ ဒါပထမဆုံးပဲ။ ဒီလို အခွင့်အရေးကောင်းကို လွတ်သွားရင် ငါ အသေဖြောင့်မှာ မဟုတ်ဘူး”

ရှောင်ဟိုင်ချင်းမှ အတွေးထဲ နစ်မြောနေစဉ်တွင် အမျိုးသမီး အတန်းဖော် တစ်ဦးမှ ရုတ်တရတ် သူမအား လာစကားပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် သူရဲကောင်း ဖြစ်သည်ဆိုသည်မှာ အပိုစကား မဟုတ်ချေ။ သူမ လူများကို ကယ်တင်လိုက်သော နေရာသည် နယ်မြေ အသေးလေးတွင် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

တစ်စုံတစ်ယောက်မှ ဖြစ်ကြောင်း ကုန်စဉ်ကို ဗီဒီယိုရိုက်ထားသော်လည်း လိုင်းပေါ် မတင်ဘဲ တစ်ယောက်တည်း ကြည့်နိုင်ရန်သာ သိမ်းထားခဲ့သည်။ သူသည် အခြေအနေအစုံကို အခြားသူများမှ သိရခြင်း ဖြစ်သည်။ နှစ်ယောက်-တစ်ယောက် ယှဉ်ချရုံတင်မက သူမသည် ထိုမှောင်ခိုသမား နှစ်ဦးကို ဖမ်းမိခဲ့၍သာ ရဲများသည် မှောင်ခိုစခန်းကို ရှင်းထုတ်နိုင်ပြီး ကလေးပေါင်း များစွာကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်၊ နှစ်ယောက်ပင်လျှင် ကလေး ပျောက်ဆုံးနေသော မိဘများကို သိပြီး ကလေး အခိုးခံရသော အော့နှလုံး နာစရာ ခံစားချက်ကို သိကြပေ၏။

သူတို့ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သော အရာဖြစ်သောကြောင့် သူတို့သည် ပိုမို တုန်လှုပ်ကြပြီး ကျင်းယွင်ကျောင်းအား ပိုမို ကြည်ညို လေးစားလာကြလေသည်။

All Chapters