← Chapters

အခန်း (၄၈၅-၄၈၈)

Vol. 25 Ch. 485-488

အခန်း (၄၈၅-၄၈၈)

Vol. 25 Ch. 485-488

Space and Rebirth - 485

Trans: Esth

ရှောင်ဟိုင်ချင်းသည် လွန်စွာ အံ့သြ တုန်လှုပ်နေသည်။ သူမ စကားပြန်မပြောနိုင်ခင်မှာပင် အခြားသော အတန်းဖော်များကလည်း သူမကို လာရောက် အကူအညီ တောင်းခံကြတော့သည်။ သူမ၏ မျက်နှာ အသွင်အပြင်သည် ချက်ချင်းပင် ရှုပ်ထွေးဟန်ပေါက်သွား၏။

သူမသည် ပုံမှန် အကြည့်ဖြင့် ဆက်ဆံခံရမည့်တစ်နေ့ ရောက်လာလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်ထားခဲ့ချေ။ သူမကို ကြည့်သော အကြည့်များတွင် ရွံရှာခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းများ မပါဝင်တော့ပေ။ သို့သော် သူမ၏ အတန်းဖော်များသည် ဤမျှလောက် မေ့ပျောက်လွယ်ပေသလော။

ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်း၏ အံ့သြနေသော အမူအရာကို ကြည့်ပြီး မနေနိုင်ဘဲ ရယ်မိသည်။

“ယွင်ကျောင်း”

ရှောင်ဟိုင်ချင်းသည် ငိုရမည်လော ရယ်ရမည်လော ဝေခွဲမရချေ။ သူမသည် လူ အားလုံးကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါ့ကိုဒီလိုမျိုး အဖတ်လုပ်ခံရတယ်ဆိုတာ ရှားတယ်။ ငါ့အတွက်ပဲ ဖြစ်ဖြစ်၊ ပြောပြပေးလိုက်လို့ မရဘူးလား”

ကျင်းယွင်ကျောင်းသည် သက်ပြင်းကိုချကာ မတတ်နိုင်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“တကယ်တော့ တိုက်ဆိုင်သွားတာပါ။ ငါကလည်း ဖြစ်ချင်တော့ ကလေး ပျောက်သွားတဲ့ မိဘတွေနဲ့အတူ ရှိနေခဲ့တာ၊ သူတို့ရဲ့ပျောက်သွားတဲ့ ကလေးကို ရှာနေကြတာမြင်တော့ ငါလည်း ကူညီချင်သွားတယ်လေ။ တရားခံကိုပါ ရှာတွေ့သွားမယ်လို့ မထင်ခဲ့ဘူး။ အဲဒါနဲ့ မကူညီဘဲ မနေနိုင်ခဲ့ဘူးလေ...”

“အင်း အင်း”

လူအုပ်ကြီးမှ ခေါင်းညိတ်လိုက်သည်။ သူတို့မျက်နှာတွင် “ပြီးတော့ရော ဘာဆက်ဖြစ်လဲ” ဟူသော စကားလုံးများက အတိုင်းသားပေါ်နေသည်။

“တရားခံတွေက သူတို့ရော ကလေးကိုပါ အဝတ်လဲပြီး ကားထဲဝင်သွားတာ ငါ တွေ့လိုက်တယ်။ အဲ့အချိန်တုန်းက လူတွေ အများကြီးပဲလေ၊ ငါသာတက္ကစီနဲ့ လိုက်ရင် မမိလိုက်မှာစိုးလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြေးလိုက်သွားလိုက်တာ...”

ကျင်းယွင်ကျောင်းမှ စကားဆက်ပြောနေစဥ်တွင် သူမ၏ ပတ်ဝန်းကျင် တစ်ခုလုံးသာမက အတန်းထဲရှိ အခြားလူများပါ အလွန်တိတ်ဆိတ်နေ၏။

အားလုံးသည် ဂရုတစိုက် နားထောင်နေကြခြင်းဖြစ်သည်။ ကျင်းယွင်ကျောင်း စကားဆုံးပြီးနောက်တွင် သူ၏ တံတောင်ဆစ်မှ ဒဏ်ရာကိုပါ ကြည့်ချင်ကြသူများ ပေါ်လာပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့၏ စိတ်မကောင်းကြောင်းများကို ဖော်ပြကြလေသည်။

သို့သော် ဤကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ် ပြီးနောက်တွင် အားလုံးမှ ရှောင်ဟိုင်ချင်းကို ပို၍ အာရုံစိုက် အရေးပေးလာပြီး ကားအက်ဆီးဒင့်ဖြစ်သောကိစ္စအား သူမအား ဆက်မေးတော့သည်။ ထိုအချိန်က အားလုံးသည် ရှောင်ဟိုင်ချင်းမှ လူသတ်မှုဖြင့် အဖမ်းခံရသည်ကိုသာ သိထားခဲ့သောကြောင့် အလွန် ကြောက်ရွံ့နေခဲ့ကြ၏။

အဆိုပါ အက်ဆီးဒင့်သည် ရှောင်ဟိုင်ချင်းအား ကြမ်းတမ်း ရက်စက်သောသူဖြစ်အောင် အဘယ်သို့ လုပ်နိုင်မှန်း သူတို့ နားပင် မလည်ခဲ့ချေ။

သို့သော် ယခုမူ ကျင်းယွင်ကျောင်းသည် သူစိမ်းတစ်ယောက်အတွက် သူမ၏ အသက်ကိုပင် စတေးဝံ့သည့် “လူကောင်း” တစ်ယောက်မှန်း သူတို့သိခဲ့ကြပြီ။ သူမနှင့် မိတ်ဆွေဖြစ်နေသော ရှောင်ဟိုင်ချင်းမှာလည်း လူဆိုးတစ်ယောက် မဖြစ်နိုင်ချေ။ ထို့ကြောင့် ပထမဆုံးအနေဖြင့် သူမအား အကြောင်းရင်းကို မေးလိုက်ကြသည်။

သို့သော် ရှောင်ဟိုင်ချင်း၏ အဖြေကြောင့် လူတိုင်းထိတ်လန့်သွား၏။

ဤသည်မှာ သာမန် မတော်တဆမှုဟု အားလုံးကထင်ခဲ့ကြသော်လည်း ကားမောင်းသမား နှစ်ဦးလုံးမှာ လာဘ်ထိုးခံထားရသော လူသတ်သမား နှစ်ယောက်ဖြစ်မှန်း မည်သူမှ မထင်ထားခဲ့ကြချေ။

ရုတ်ချည်းပင် လူတိုင်းသည် ရှောင်ဟိုင်ချင်းအပေါ် အမြင် ပြောင်းလဲသွားကြသည်။ သူတို့၏ အကြည့်များတွင် သနားညှာတာမှု၊ စိုးရိမ်မှုအပြင် လေးစားသည့် အရိပ်အယောင်များပါ တွေ့ရလေသည်။

ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းသည် တစ်မနက်လုံး ကျန်သောသူများ၏ စိတ်အားထက်သန်မှုထဲတွင် နစ်မြုပ်ခဲ့ပေသည်။ သို့သော် သူတို့အတွက်မူ လူများ အာရုံစိုက်ခြင်းခံရသည်မှာ အပ်များ စိုက်ထားသော ခုံပေါ် ထိုင်ရသကဲ့သို့ပင်။

ကျောင်းသားများသည် မရပ်မနား ဇွဲရှိရှိဖြင့် အာရုံစိုက်နေကြခြင်းကြောင့် ဖြစ်သည်။ အတန်းထဲတွင် ဆရာမကို ကြည့်သည့်လူထက် သူတို့ကိုကြည့်သည်လူက ပိုများနေတတ်ပြီး သူတို့၏ သူရဲကောင်း လုပ်ရပ်များကို ပြောပြရန် အခြားအတန်းများဆီ ပြေးသွားကြသည့်လူများပင် ရှိသည်။

“ငါမခံနိုင်တော့ဘူး အိမ်သာထဲ ပြေးတော့မယ်။ အားလုံးက ငါ့ကို စိုက်ကြည့်နေကြတော့ မလုံမလဲဖြစ်လာပြီ...”

ရှောင်ဟိုင်ချင်သည် ငိုချင်သော်လည်း မျက်ရည်မထွက်ပေ။ သူမသည် ကျင်းယွင်ကျောင်းအားသာ လက်ဖြင့် တို့လိုက်ပြီး ခြေမှိုင်လက်မှိုင်ဖြင့် ပြောလိုက်၏။ ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစ တွန့်သွားသည်။

“အခုချိန်ထိ ကျောင်းသား အယောက် ၃၀ ကျော်လောက်ကို မေးခွန်းပေါင်း ၈၀ လောက် ရှင်းပြပြီးပြီ။ အဲဒါအပြင် မှတ်စုတို အခု ၁၀၀ ကျော်လောက်လည်း ရထားတယ်...”

ရှောင်ဟိုင်ချင်း သက်ပြင်းချလိုက်သည်။

“ပြီးသွားပြီ။ နင်တော့ အဲ့ထဲ နစ်မြုပ်သွားပြီ...ငါတို့ ဒီနေ့လယ် အတန်း လစ်ကြမလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့က တစ်နေ့လုံး ကိုယ်ပိုင် စာလုပ်ချိန်ပေးထားတာပဲလေ”

ယနေ့မှာ ကျောင်းတက်သည့် ပထမဆုံးနေ့ဖြစ်သောကြောင့် ဆရာ၊ ဆရာမများသည် အလွန်ပင်အလုပ်ရှုပ်နေကြသည်။ ကျောင်းသားများသာ အားအလပ်ဆုံး ဖြစ်နေခြင်း ဖြစ်သည်။

“သဘောတူတယ်”

ကျင်းယွင်ကျောင်းသည် စဥ်းစားမနေဘဲ ချက်ချင်းခေါင်းညိတ်လိုက်သည်။ သူမလည်း ဤအခြေအနေကို ရယ်ရသည်ဟု တွေးမိ၏။

ဤအချိန်သာ အမှန်တကယ် စာသင်နေရသည့်အချိန်များဖြစ်ခဲ့လျှင် ကျောင်းသားများ၏ စိတ်အားထက်သန်မှုမှာ ယခုလောက်ကြီးမားမည်မဟုတ်ကြောင်း သူမ စိတ်ထဲ၌ သိနေခဲ့သည်။

ယခုကဲ့သို့ ဖြစ်နေရသည့် အကြောင်းရင်းမှာ သူတို့တွင် လုပ်စရာ မရှိခြင်းကြောင့်သာ ဖြစ်သည်။ ထို့အပြင် ဤကျောင်းသား အများစုသည် သူမနှင့် ရင်းနှီးလိုပြီး မိတ်ဆွေ ဖြစ်လိုကြခြင်းမှာ အခြားသော အကြံယုတ် မရှိပေ။ စိတ်ထားသန့်ကြပေသည်။

Space and Rebirth - 486

Trans: Esth

နေ့လယ်ကျောင်းချိန်တွင် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းသည် ရုတ်တရတ်ဆိုသလို လူများရှေ့မှ ပျောက်သွားလေသည်။ စူးချူသည် သူမကို မေ့ကျန်ပြီး ထားခဲ့သော ထိုသူနှစ်ယောက်၏ လုပ်ရပ်ကို တွေ့လိုက်သောအခါ သူတို့အား ငိုယိုပြီးဖုန်းဆက်တော့သည်။ နောက်ဆုံးတွင် သူမသည် သူတို့ကို ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်၌ အောင်အောင်မြင်မြင် တွေ့ခဲ့လေ၏။

“ပြောတော့ နင်တို့က သူငယ်ချင်းကောင်းတွေဆို၊ ငါ့ကို ဂရုတောင် မစိုက်ဘဲ ထွက်ပြေးသွားလိုက်တာ လွန်ကို လွန်လွန်းတယ်၊ ဟွန့်”

စူးချူသည် ရောက်သည်နှင့် မကျေမချမ်း ပြောတော့၏။

ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်သာ သောက်ကာ ဘာမျှ မပြောချေ။ ရှောင်ဟိုင်ချင်းမှာမူ တစ်ချက်ပြုံးပြီး ပြောလိုက်သည်။

“နင်က လိမ္မာတဲ့ ကျောင်းသူလေး မဟုတ်ဘူးလား။ အတန်းမတက်ဖို့ ငါတို့က နင့်ကို ဘယ်လိုမြှူဆွယ်နိုင်မှာတုန်း”

“ဆင်ခြေတွေ”

စူးချူသည် မျက်စောင်းထိုးကာ ပြောလိုက်သည်။

“နေ့လယ် တစ်ချိန်လုံး လက်ဖက်ရည်ဆိုင်မှာပဲ နေကြတော့မလို့လား”

“အင်းပေါ့။ ဒီမှာ တိတ်ဆိတ်တယ်လေ” ကျင်းယွင်ကျောင်း ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်၊ ငါတို့ အတန်းလစ်လက်စနဲ့...နင်တို့ကို လူ တစ်ယောက်နဲ့ မိတ်ဆက်ပေးရမလား။ မကြာသေးခင်က ငါတို့ အိမ်မှာ ခဏနေဖို့ ဝမ်းကွဲတစ်ယောက် ရောက်လာတယ်။ ငါတို့ မိသားစုရဲ့ ဆေးခန်းမှာ အလုပ်လုပ်ဖို့ သူ့ကို ငါ့အဖေ ပြောထားတယ်။ အဖေက ပုံမှန်ဆို အရမ်း အလုပ်ရှုပ်တတ်တာမို့ သူ့ကို သေချာ မကြည့်ပေးနိုင်ဘူး။ အဲ့တော့ ငါ အချိန်ရရင် သူ့ကို သွားလည်ပေးပြီး ပတ်ဝန်းကျင်နဲ့ နေသားကျအောင် ကူညီပေးဖို့ အဖေမှာထားတယ်” ဟု စူးချူမှ ပြောလိုက်သည်။

ဤဝမ်းကွဲမိန်းကလေးအား စူးချူသည် အလွန်သဘောကျပေသည်။ သို့သော် ထိုမိန်းကလေးသည် စိတ်ကြည်လင်နေသည့်ပုံ မပေါက်သောကြောင့် သူမသည် မကြာခင်တွင် အစားအသောက် တချို့ပို့ပေးရန် လုပ်ထားခဲ့လေ၏။

“ဝမ်းကွဲ၊ ဟုတ်လား။ နင့်မှာ ဝမ်းကွဲတွေ တော်တော်များတာပဲ” ရှောင်ဟိုင်ချင်းသည် အံ့သြလွန်း၍ အတန်ငယ် ဆွံ့အသွားသည်။

ကျင်းယွင်ကျောင်းမှ အဘိုး ကန်အား သူမ၏ အဘိုးအဖြစ် အသိအမှတ် ပြုပြီးနောက် စူးချူသည် သူမအား ဝမ်းကွဲဟုခေါ်ခဲ့သည်။ သူမသည် သူမ၏ ဝမ်းကွဲ အမျိုးရင်းဖြစ်သော ကန်ကျင်းချန်နှင့် ရင်းနှီးသည်ပင် မဟုတ်ချေ။

“မတူဘူးလေ။ ငါ ဒီဝမ်းကွဲကို အရင်က မြင်ဖူးတာမဟုတ်ဘူး။ သူ့မှာ မိဘတွေ မရှိတော့ဘူးလို့ အဖေ့ဆီက ကြားဖူးတယ်။ အရင်က သူ့ အဒေါ်အိမ်မှာ နေပေမယ့် သူ့ အဒေါ်ကလည်း သူ့ကို ကောင်းကောင်းမဆက်ဆံဘူးတဲ့။ နေစရိတ်လည်း မပေးဘူး၊ အလုပ်လည်း ကူမလုပ်ဘူးဆိုပြီး အိမ်က နှင်ချလိုက်တာ။ တစ်ခွန်းတည်းပြောရရင် သနားဖို့ကောင်းတဲ့ မိန်းကလေးပေါ့။ အဲဒါအပြင် သူ့ရဲ့သေသွားတဲ့ အမေနဲ့ ငါ့အဖေနဲ့က မောင်နှမ အရင်းတွေမဟုတ်လို့ အရင်တုန်းက အဆက်အသွယ် မရှိဘူး။ အခု သူ ဒီကိုရောက်တော့ မတရားသလို ခံစားနေရမှာပေါ့”

စူးချူမှ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

စူးချူ၏ စကားများကို ကြားပြီး ရှောင်ဟိုင်ချင်းသည် ကန့်ကွက်ခြင်း မပြုချေ။ လူတစ်ယောက်အား ထပ်သိရသည်မှာ ဆိုးလှသည့် အရာတော့ မဟုတ်။ ထို့အပြင် တစ်နေ့လယ်လုံး လုပ်စရာလည်း မရှိသည့်အတွက် အပြင်သို့ထွက်လမ်းလျှောက်ကြည့်သည်က ပိုကောင်းမည်။

ကျင်းယွင်ကျောင်းသည်လည်း ထိုဆေးခန်းလေးမှာ စူးချူ မိသားစုတို့ အပိုင်ဖြစ်ကြောင်း သိထားခဲ့သည်။ သူမ၏ အဖေ ပိုင်သည်ဟု ပြောခြင်းထက် အဘိုး ကန်မှ စူးချူ မိခင်အား မင်္ဂလာလက်ဖွဲ့အဖြစ်ပေးထားသည်ဟု ပြောသည်က ပိုမှန်မည်။ ထိုဆေးခန်းလေးသည် သူမ ဝယ်နေကျ ဖြစ်သော ဆေးဆိုင်အနီးတွင် တည်ရှိလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူမလည်း ဆေးစေ့အချို့ ကုန်နေသဖြင့် ပြန်လည် ဖြည့်တင်းရန် ထပ်ဝယ်ဖို့လုပ်နေသောကြောင့် လမ်းကြုံပေသည်။ သုံးဦးသားသည် သဘောတူလိုက်ပြီး ချက်ချင်းထွက်ခွာလိုက်တော့သည်။ သို့သော် ဤသည်မှာ သူတို့၏ ပထမဆုံး တွေ့ဆုံမှုဖြစ်သောကြောင့် သူတို့သည် ဝမ်းကွဲ မိန်းကလေးအတွက် မုန့်များပင် ဝယ်ယူလိုက်ကြ၏။

“နင်တို့ ကန် မိသားစုနဲ့ စူး မိသားစုက လူတွေက တကယ် ထူးဆန်းတာပဲ။ နင်တို့ တစ်ယောက်ချင်းစီတိုင်းက “ဆေး” ဆိုတဲ့ စကားနဲ့ ဆက်စပ်နေတယ်။ ဘယ်ကမှန်းမသိ ရုတ်တရတ် ပေါ်လာတဲ့ ဝမ်းကွဲတောင် ဆေးပညာအတွက် အရည်အချင်းအပြည့်အစုံရှိတယ်...”

ရှောင်ဟိုင်ချင်းသည် သွားနေရင်း စလိုက်လေသည်။

ကန်ကျင်းချန်၏ မိဘနှစ်ဦးလုံးသည် ဆေးပညာအား လေ့လာဆည်းပူးထားပြီး စူးချူ၏ မိခင်မှာ ထိုအဘိုးကြီး၏ သမီးရင်း ဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း မိဘ၏ အာဝါသများ လွှမ်းမိုးခံထားရလေသည်။ သို့သော် ဆေးပညာနှင့်သက်ဆိုင်သော မည်သည့် အလုပ်မဆို လက်မှတ်တစ်စုံတစ်ရာ လိုအပ်သည်ချည်း ဖြစ်သည်။ အမျိုးများဖြစ်လျှင်ပင် ဆေးပညာ လက်မှတ် တစ်ခုခု မရှိပါက သူမအား လွယ်လွယ်ဖြင့် အလုပ်မပေးနိုင်ပါပေ။

“ငါ့ဝမ်းကွဲက နာမည်ကြီး တက္ကသိုလ်ကနေတောင် ကျောင်းဆင်းထားတာ။ ဒါပေမယ့်...ဟီးဟီး အနောက်တိုင်း ဆေးပညာပါ။ ငါ့အဖေက ပညာသင်ဖို့ဆိုပြီး သူ့ကို လွှတ်ထားတာ”

စူးချူ ရယ်မောရင်း ပြောလိုက်သည်။

“နာမည်ကြီး တက္ကသိုလ်” ဟူသော စကားလုံးကို ကြားလိုက်သောအခါ ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစွန်းသည် မသိလိုက် မသိဘာသာဖြင့် တွန့်သွားတော့သည်။

ယခင်က ရှောင်ချင်းသည်လည်း နာမည်ကြီးတက္ကသိုလ်မှ ကျောင်းဆင်းထားသည်ဟု ပြောသည်ကို သူမ ကြားဖူး၏။ ယခု ဤစကားများကို ကြားလိုက်သောအခါ သူမ၏ အပြစ်ဆိုဖွယ် မရှိသော မျက်နှာသည် ခေါင်းထဲတွင် ပေါ်လာတော့သည်။ ကျင်းယွင်ကျောင်းသည် သူမ၏ မျက်ခုံး နှစ်ခု ကြားရှိနေရာကို နှိပ်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သုံးဦးသားသည် နီးစပ်ရာဘတ်စ်ကားမှတ်တိုင်တွင် ဆင်းပြီး ဆေးခန်းဆီသို့ လမ်းလျှောက်သွားတော့၏။

Space and Rebirth - 487

Trans: Esth

သို့သော် သူတို့ သုံးဦး ရောက်သည်နှင့် ဆေးခန်းတွင်းမှ အဘိုးကြီး တစ်ဦး၏ ဒေါသ မာန်မဲသံအား ကြားလိုက်ကြရသည်။

“မင်း၊ မင်း ဒီကို အလုပ် လာလုပ်တာရော ဟုတ်ရဲ့လား၊ ကောင်မလေး။ ငါကတော့ မင်း ဒီကိုလာပြီး ဖျက်လို ဖျက်ဆီး လုပ်တယ်ပဲ ထင်တယ်ကွ။ ငါ မင်းကို ခဏပဲ ထားခဲ့ရသေးတယ်။ လူနာကို ပေါက်ကရ စကားတွေ ပြောတာ ကိစ္စ မရှိပေမယ့် လူနာအတွက် ဆေးကိုပါ ယူပေးရဲသေးတယ်။ မင်းကို ဆေးယူခိုင်းလို့လား။ အခု မင်းမှာ ဆေးညွှန်းပေးဖို့ အရည်အချင်းတောင် ရှိလို့လား။ တရုတ်ဆေးနာမည်တွေ အားလုံးတောင် မသိတဲ့လူက ဒီလိုလုပ်ရဲတယ်”

သူသည် ထိုစကားကို ပြောပြီးသည်နှင့် သုံးဦးသားလည်း မြန်မြန်ဝင်သွားလိုက်တော့သည်။

ကျင်းယွင်ကျောင်းသည် ဤတရုတ် ဆေးဆရာကို သိနေခဲ့သည်။ သူသည် အဘိုး ကန်၏ ဂျူနီယာညီငယ် ဖြစ်၏။ သူ၏ ဆေးပညာ အစွမ်းသည် သိပ်မဆိုးလှချေ။ ပုံမှန်ဆိုလျှင် သူသည် လူနာ ကြည့်ရန် ဆေးခန်း၌ ထိုင်တတ်ပြီး ရပ်ကွက်ထဲတွင်လည်း နာမည်ကောင်း ရှိပေသည်။

“အဘိုး ချန်၊ ဘာဖြစ်တာလဲ”

စူးချူသည် ကမန်းကတန်း ပြေးသွားကာ ယဥ်ကျေးစွာဖြင့် ပြောလိုက်သည်။

“စိတ်မဆိုးပါနဲ့။ ပြောစရာရှိရင် ဖြည်းဖြည်း ပြောလေ နော်”

ထိုဆေးဆရာသည် အသက်ကို ပြင်းပြင်းရှူကာ အနောက်သို့ လှည့်ကြည့်လိုက်သည်။ သူသည် ကျင်းယွင်ကျောင်းကို တွေ့သောအခါ မျက်နှာအနည်းငယ် ကြည်လင်သွား၏။

“မိန်းကလေး ယွင်ကျောင်းရော၊ ဒီရောက်နေတာလား"

ကျင်းယွင်ကျောင်းနှင့် အဘိုးကြီးသည် လတိုင်း လူနာအိမ်များကို လိုက်ကြည့်တတ်သည်။ တစ်ခါတစ်ရံတွင် သူတို့သည် လူနာများကို ကြည့်ရန် ဤနေရာသို့ လာတတ်သောကြောင် သူသည် ကျင်းယွင်ကျောင်းအပေါ် အလွန် အကောင်းမြင်လေသည်။

“အဘိုး ချန်”

ကျင်းယွင်ကျောင်းသည် ထိုသို့ ခေါ်လိုက်ပြီး မကြာမီတွင်ပင် သူမ ခေါင်းကို လှည့်ကာ မျက်ရည်များစီးကျပြီး ခေါင်းတောင် မထောင်နိုင်လောက်သည်ထိ အငေါက်ခံထားရသော ဝမ်းကွဲ မိန်းကလေးအား ကြည့်လိုက်၏။ သို့သော် သူမအကြည့်သည် ထိုသူဆီသို့ ရောက်သောအခါ ချက်ချင်းပင် တစ်ကိုယ်လုံးတောင့်တင်းသွားတော့သည်။

သူမသည် ချောင်းတစ်ချက် ဟန့်လိုက်ကာ ခေါင်းကို ပြန်လှည့်ပြီး သက်ပြင်းအား တိတ်တခိုးချလိုက်သည်။ ရှောင်ချင်း မဟုတ်လျှင် မည်သူ ဖြစ်နိုင်ဦးမည်နည်း။ သို့သော် ဤတစ်ကြိမ်တွင်မူ သူမသည် အဝတ်အစား ကောင်းကောင်းမွန်မွန် လဲထားပြီး ကလပ်ထဲကကဲ့သို့ မမြင်အပ်ဖွယ် ပုံစံဖြင့် မဟုတ်။

သူမသည် တစ်ချိန်လုံး မြေပြင်ကိုသာ ကြည့်နေပြီး လူများကို မော့မကြည့်ပေ။ သူမ ပုံစံမှာ မတရားခံရသဖွယ် ဖြစ်နေပြန်သည်။

“အဘိုး ချန်၊ ဘာဖြစ်လို့လဲ” စူးချူ ထပ်မေးလိုက်သည်။

သူမ၏ ဝမ်းကွဲ ညီအစ်မမှာ ရိုကျိုးသည့်ပုံပေါက်ပြီး အဘိုး ချန်မှာလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နူးညံ့ ကြင်နာတတ်သောသူ မဟုတ်လော။ သူ၏ စိတ်သဘောထားမှာ သူမ၏ အဘိုးထက်ပင် ညင်သာသေးသည်။ ဆေးပညာအားစိတ်ဝင်စားသော လူများစွာသည် သူ့ဆီမှ သင်ယူရန် လာကြသောအခါ ထိုသူမှ မည်သူပင် ဖြစ်နေပါစေ၊ သူသည် အမြဲတစေ သည်းခံစိတ်ရှည်မှုအပြည့်ဖြင့် သင်ကြားပေးတတ်သည်...။

အဘိုး ချန်သည် အဘိုး ကန်ထက် အနည်းငယ် အသက်ငယ်ပေသည်။ သူက စကား မပြောနေသည့် အချိန်တွင် အမြဲလိုလို မိန့်မိန့်ကြီး ပြုံးနေတတ်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူသည် ဒေါသ ထွက်လွန်း၍ ခြေများပင် ဆောင့်နေချေပြီ။

“ငါကတော့ ဒီလို ကလေးမျိုး မတွေ့ဖူးတာ သေချာတယ် ဟေ့။ အခုလေးတင် လမ်းတစ်ဖက်ခြမ်းက ရောဂါသက် ကြာနေတဲ့ အဘွားကြီး တစ်ယောက်လာလို့ သူ့ကို ခဏသွားကြည့်ပါတယ်။ ဒီကောင်မလေး တစ်ယောက်တည်း ဆေးခန်းမှာ ရှိနေတုန်း လူနာ တစ်ယောက် လာတာကို သူဘ ာသွားပြောလိုက်လဲ သိလား။ ခဏခဏ ကုပေးနေတာတောင် ရောဂါထပြန်ပြီဆိုတော့ ငါ့မှာ တခြားလူတွေကို ပေးဖို့ အချိန်မရှိဘူးတဲ့။ ဒီနားက အနောက်တိုင်း ဆေးခန်းကို သွားပြီး ဓာတ်ဆားရည်ချိတ်လိုက်တဲ့၊ သေချာပေါက် ပျောက်သွားလိမ့်မယ်တဲ့”

အဘိုးကြီး ချန်သည် ဒေါသတကြီးဖြင့် ပြောနေလေသည်။

“အဲ့လူနာသာ ငါ့ကို မသိဘဲ အချိန်အကြာကြီး အပြင်မှာ ရပ်စောင့်မနေရင် ငါ သိလိုက်မှာ မဟုတ်ဘူး”

ကျင်းယွင်ကျောင်း ၎င်းကို ကြားလိုက်သောအခါ သူမတစ်မျက်နှာလုံး မည်းမှောင်သွားတော့သည်။ ဒေါက်တာ ချန် ဤမျှလောက်ဒေါသထွက်နေသည်မှာ မဆန်းချေ။

“အဲဒါတင်မကဘူး။ ခုနက ဆေးလာဝယ်တဲ့ လူတစ်ယောက် ရှိတယ်။ ဆေးစာကို ငါကိုယ်တိုင် ရေးပေးထားတာ။ အဲဒါကို သူ့ဘာသာ စကားလုံးတွေ မမှတ်မိတာနဲ့ပဲ နောက်ဆုံးတော့ ဆေးကို ခန့်မှန်းပြီးပေးလိုက်တယ်လေ”

.....

အဘိုး ချန် စကားပြောပြီးသည့်အခါတွင် ကျင်းယွင်ကျောင်းသည် လုံးဝ စကားစ ရှာမရ ဖြစ်သွားသည်။ အဘိုးကြီးသည် လက်ရေးဆက်အား သူများနားမလည်နိုင်ရန် ရေးထားခြင်း မဟုတ်ပေ။ အဓိကအားဖြင့် အချို့ဆေးညွှန်းများသည် လူသိ မခံနိုင်သောကြောင့် ဖြစ်သည်။ မဟုတ်လျှင် ဤရောဂါရှိမှန်း လူတိုင်း၏ ပါးစပ်ထဲပျံ့နှံ့သွားလေမည်။

အဘိုးချန်၏ မျက်နှာသည် နီမြန်းနေသည်။ သူသည် ဒေါသထွက်လေ့ မရှိသောကြောင့် စကားပြောလျှင် ဟောဟဲလှိုက်နေ၏။ သူ၏ မျက်လုံးများမှာလည်း ပြူးကျယ်နေသည့်အပြင် သူ၏ နဖူးရှိ သွေးကြောများ ထောင်တက်နေသည်။ သူ မည်မျှ ဒေါသထွက်နေကြောင်းကို လူတိုင်း မြင်နိုင်ပေ၏။

Space and Rebirth - 488

Trans: Esth

အဘိုးကြီး ချန် မပြောနှင့်၊ စူးချူပါ သူမ၏ ဝမ်းကွဲညီအစ်မအား အံ့သြသော မျက်နှာဖြင့် ကြည့်နေ၏။ သူမသည် ဆေးပညာ လုပ်ငန်းလုပ်ရန် အရည်အချင်း မပြည့်မီသော်လည်း ငယ်စဥ်ကတည်းက ဆေးပညာနှင့် ထိတွေ့ခဲ့သူဖြစ်သောကြောင့် စည်းမျဥ်းအချို့ကို သိပေသည်။

သာဓက ပြရလျှင် သူမသည် ဆေးဝါးများကို ယူပေး၍ ရသော်လည်း သူမ အဘိုးသာ သဘော မတူလျှင် ယူပေးရဲမည် မဟုတ်ချေ။ သူမတွင် သတ္တိမရှိ၍ မဟုတ်ဘဲ လူနာ၏ လုံခြုံမှုနှင့် ယှဥ်လာလျှင် သူမ၏ သတ္တိအားလုံးမှာ အ‌ရေးမပါသောကြောင့် ဖြစ်သည်။

ထို့အပြင် အဘိုး ချန်၏ ဆေးပညာ ကျွမ်းကျင်မှုသည် သူမ အဘိုးလောက် မကောင်းဘဲ နာမည်ကြီး သမားတော်လည်း မဟုတ်သော်ငြား သူသည် ဤနယ်ပယ်တွင် အထူးပြုနေသော ပညာရှင်တစ်ဦး ဖြစ်သည်။ သူ့တွင် အတွေ့အကြုံ များစွာ ရှိသည့်အပြင် အရိုးကုထုံးမှအစ ကလေးရောဂါများထိ လူနာပေါင်း မရေမတွက်နိုင်အောင်ကို ကုသပေးခဲ့သောလူ ဖြစ်သည်။ ဤဆေးခန်းကို ဖွင့်ထားသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သောကြောင့် သူ့ဆီသို့ ကြိမ်ဖန်များစွာ လာရောက်သော လူနာများလည်း ရှိပေသည်။ သို့သော် အဘိုး ချန်မှ သူတို့အား မကုသပေးနိုင်သောကြောင့် ခဏခဏ လာခြင်းမဟုတ်ဘဲ အမြန် ကုသ၍ မရနိုင်သော ရောဂါများ ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်။ အချို့ရောဂါများသည် နှစ်လရှည်ကြာ ကုသရပေသည်။

သို့တိုင်အောင် ညီအစ်မ ရှောင်ချင်းသည် အမှန်တကယ်ပင် လူနာအား IV Drip ချိတ်ရန် အနီးအနားမှ အနောက်တိုင်းဆေးခန်းဆီ ညွှန်ပေးခဲ့သ‌လော။ လူနာသည် ချက်ချင်း ရောဂါ ပျောက်လိမ့်မည်ဟုပင် သူမ ပြောခဲ့သလော။ ရယ်သွေးသွမ်းစရာပင်။

တရုတ်ရိုးရာ ကုထုံးသည် အဓိကအားဖြင့် နှေးသည်ဟု အချို့လူများ ပြောကြသော်လည်း အမှန်တွင် ထိုသို့ မဟုတ်ချေ။ လူများစွာမှ ဆေးခန်းသို့လာကာ ပြုတ်သောက်ရန် အချို့ဆေးများကို ပြန်ယူသွားတတ်ကြသည်။ အဓိကအချက်မှာ ရောဂါ တစ်ခုစီအတွက် ဆေးကုထုံးနှင့် ဆေးကုချိန်သည် မတူညီခြင်း ဖြစ်သည်။ ထို့အပြင် တရုတ်ရိုးရာ ကုထုံးများသည် ဘေးထွက်ဆိုးကျိုး နည်းလေ့ရှိ၏။

IV Drip ချိတ်ခြင်းမှာ အမှန်တကယ်ဆိုလျှင် အလွန်အန္တရာယ် များပေသည်။ Drip တစ်ခါ ချိတ်ခြင်းသည် အသေးစား ခွဲစိတ်မှု တစ်ခုနှင့် ညီမျှသည်။ Drip ချိတ်သည်မှာ ခန္ဓာကိုယ်အား ထိုးဖောက်ပြီး ကုသခြင်းဖြစ်သည်ဟု သူမ အဘိုးဆီမှ ကြားဖူးသည်။ ထိုးမည့် ဆေးထဲတွင် ရေသို့ မပျော်ဝင်နိုင်မည့် ဒြပ်မှုန်များ ပါဝင်ပြီး ၎င်းတို့သည် သွေးလမ်းကြောင်းမှတစ်ဆင့် ခန္ဓာထဲဝင်ရောက်လာသောအခါ အဆုတ်သွေးခဲခြင်း၊ အဆုတ်ယောင်ခြင်း၊ သွေးပြွန်ကြော ရောင်ရမ်းခြင်းနှင့် ဓာတ်မတည့်သော တုံ့ပြန်မှုများ ဖြစ်ရန် ပိုမို လွယ်ကူပေသည်။

သူမသည် ဤဆေးပညာ အခေါ်အဝေါ်များကို နားမလည်ခဲ့သော်လည်း ၎င်းတို့၏ သက်ရောက်မှုအကျိုးဆက်သည် ပေါ့သေးသေး မဟုတ်မှန်း သိနေခဲ့သည်။

သို့သော် သူမမှာမူ တရုတ်ရိုးရာ ဆေးခန်း၏ ဝန်ထမ်းတစ်ယောက် အနေဖြင့် လူနာအား Drip ချိတ်ရန် အခြားဆေးခန်းသို့သွားခိုင်းခဲ့လေသည်။ ဤသည်မှာ လုံးဝ မယုံနိုင်စရာ ကောင်းလွန်းလှ၏။

ဆေးပညာအရ အန္တရာယ်ရှိသော အရာ မဟုတ်လျှင်ပင် သူမ လုပ်သင့်သော အရာ ဟုတ်ပေသလော။ သူမသည် ဤဆေးခန်းတွင် အလုပ် လုပ်နေသောသူ ဖြစ်သည့်အလျောက် အဘယ်သို့ မိမိအလုပ်ခွင်၏ ဂုဏ်သိက္ခာကို ချပြီး အခြားသူ၏ သိက္ခာကို မြှင့်တင်နိုင်ရသနည်း။ အဘိုး ချန်ပင် ရောဂါအမည် မဖော်ရသေးခင် သူမကဲ့သို့ အလုပ်သင်တစ်ဦးမှ အဘယ်သို့ စကားဟနိုင်ရသနည်း။

စူးချူ နားလည်လိုက်သော အရာကို ကျင်းယွင်ကျောင်းလည်း နားလည်လိုက်ပေသည်။ သူမသည် ယခင်က ရှောင်ချင်အား အမြင် မကြည်ခဲ့ဘူးဆိုလျှင် ယခုမှာ သူမအား အဆုံးစွန်အထိ မုန်းတီးနေသည်ဟု ပြောနိုင်သည်။

“နင် အဘိုး ချန်ကို မြန်မြန် တောင်းပန်လိုက်၊ နင် မှားတာပဲ”

စူးချူ တည့်ပင် ပြောလိုက်၏။

ဤသည်မှာ ကိုယ့်ကျင့်တရား ပြသာနာ ဖြစ်၏။ သူမသည် လျှော့ပေါ့ပေးလောက်သည်ထိ မတုံးချေ။

ရှောင်ချင်းသည် မျက်မှောင်ကုပ်ကာ တအံ့တသြဖြင့် မော့ကြည့်လိုက်သည်။

“ဘာလို့လဲ...စေ-စေတနာနဲ့ ပြောလိုက်တာပါ။ ပြီးတော့ Drip ချိတ်ရင် မြန်မြန် ပျောက်တယ်ဆိုတာ...အမှန်ပဲလေ။ ဒီအတိုင်း လူနာကို ရောဂါမြန်မြန် ပျောက်စေချင်လို့ ပြောလိုက်တာ။ အဲဒါအပြင် ခုနက ဆေးစာကို ဖတ်နေတုန်း ဦးလေးချန်ရဲ့ လက်ရေးက အရမ်းရှုပ်လွန်းလို့ ဖတ်လို့ မရတာ...”

သူမ စကား ပြောပြီးနောက် မျက်လုံးထဲတွင် ပြည့်သိပ်နေသော မျက်ရည်များသည် စီးကျလာတော့သည်။ မသိလျှင် မျက်ရည်များက သူမ အလှအား ပိုမို ဖော်ကျုးစေသလိုပင်။ သို့သော် သူမ ရှေ့တွင်ရှိသော မြင်ကွင်းသည် ကျင်းယွင်ကျောင်းကို မြင်သည်နှင့် ချက်ချင်း ရှင်းလင်းသွားတော့သည်။ မျက်နှာ အသွင်အပြင်လည်း ပြောင်းလဲသွား၏။

“နင်...နင်က ဘာလို့ ဒီမှာရှိနေတာလဲ” သူမသည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ သူမ၏အ သံသည် ကြောက်ရွံ့တုန်လှုပ်မှုဖြင့် တိုးတိတ်ညင်သာနေ၏။

ကျင်းယွင်ကျောင်းသည် သူမကို ဝေ့ကြည့်ကာ ကွေ့ဝိုက်မနေဘဲ မေးလိုက်သည်။

“နင့်စေတနာက ဝေဒနာ ဖြစ်သွားနိုင်တယ်ဆိုတာ သိလား။ လူနာသာ နင်ပေးတဲ့ ဆေးကို ယူလိုက်ရင် ပြသာနာ ဖြစ်ဖို့ အလားအလာ များတယ်။ တစ်ခုခုဖြစ်ရင် လူတစ်ယောက် အသက်ဆုံးမှာ။ အဲဒါအပြင် အဘိုး ချန်လည်း နင့်ကြောင့် အကျိုးဆက်တွေကို ခံရမှာ။ တကယ် နားမလည်တာလား၊ နားမလည်ချင်ယောင်ဆောင်နေတာလား”

“ပြီးတော့ နင် ဆေးခန်းထိုင်တာ ဒါပထမဆုံး မဟုတ်ဘူး မှတ်လား။ ရက်ပေါင်းများစွာ သင်ပြီးတာတောင် စည်းကမ်းတွေကို နားမလည်ဘူးလား။ နင်က အရူးမ မို့လို့လား”

ကျင်းယွင်ကျောင်း၏ စကားများသည် တည့်တိုးဆန်ပြီး ကြမ်းတမ်းပေသည်။

ရှောင်ချင်းသည် ဆေးကျောင်းဆင်းထားသူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူမသည် IV Drip ၏ အန္တရာယ်များကို နားမလည်သည်မှာ မဖြစ်နိုင်ပေ။ တရုတ်ရိုးရာ ကုထုံးနှင့် အနောက်တိုင်း ဆေးပညာ၏ ကွာခြားချက်များကို မသိသည်မှာ ပို၍ပင် မဖြစ်နိုင်သေးသည်။ သူမ ဤကဲ့သို့ အမှားမျိုး လုပ်ရခြင်းမှာ သူမ ဂရုမစိုက်သောကြောင့်သာ ဖြစ်၏။

All Chapters