← Chapters

အခန်း (၄၈၉-၄၉၂)

Vol. 25 Ch. 489-492

အခန်း (၄၈၉-၄၉၂)

Vol. 25 Ch. 489-492

Space and Rebirth - 489

Trans: Esth

ရှောင်ချင်း၏ အတွေးတွင် သူမ၏ သုံးသပ်ချက်ထက် မည်သည့် ဆေးပညာ ကျွမ်းကျင်မှုကမှ အရေးမကြီးချေ။

ဤအမျိုးသမီးသည် တက္ကသိုလ် ကောင်းကောင်းတစ်ခုမှ ကျောင်းဆင်းထားသူဖြစ်လျက်ပင် အဘယ်ကြောင့် အလုပ်မရှိသနည်းဟူသော မေးခွန်းကို ကျင်းယွင်ကျောင်းနားလည်ခဲ့လေပြီ။ ကျောင်း၏ အပြစ်မဟုတ်ဘဲ သူမ၏ စရိုက်ကြောင့်ဖြစ်၏။ သူမသည် ဤစကားများကို ဆေးခန်းတွင် ပြောနိုင်လျှင် ကုမ္ပဏီများတွင် အလုပ်သင်အဖြစ်ဝင်စဥ်ကလည်း ဤကဲ့သို့အတိုင်း ပြုမူလောက်မည်။

ကျင်းယွင်ကျောင်း မသိခဲ့သည်မှာ သူမ၏ ခန့်မှန်းချက်သည် ကွက်တိမှန်နေခြင်း ဖြစ်သည်။

ရှောင်ချင်း အလုပ်သင် ဘဝတွင် ရှိစဥ်က သူမသည် နင်းမြို့တော်၏ ဆေးရုံကြီး တစ်ခုတွင် လုပ်ခဲ့ဖူး၏။ ထိုအချိန်က သူမသည် ကြိုးစားချင်စိတ်အပြည့်ရှိပြီး စိတ်ကူးယဥ်တတ်သောသူ ဖြစ်ခဲ့သည်။ သူမကိုယ်ကို လူများ၏ အသက်ကို ကယ်တင်သော နတ်သမီးလေးအဖြစ် ထင်မှတ်နေခဲ့သည်ပင်။ ထို့ကြောင့် မည်သို့သော အခြေအနေမျိုးကိုမဆို သူမသည် နဖူးတွေ့ ဒူးတွေ့တွေ့ ရင်ဆိုင်လေ့ရှိခဲ့သည်။

သူမ၏ စိတ်ကူးထဲတွင် သူမသည် သွေးကြောက်တတ်သောသူ ဖြစ်လျက်ပင် ထိုအကြောက်တရားအား လျစ်လျူရှုပြီး လူများကို ကယ်တင်နေသောကြောင့် အလွန်ရဲရင့်သော လုပ်ရပ်ကို လုပ်နေသည်ဟု ထင်မှတ်နေခဲ့သည်။ သို့သော် လက်တွေ့တွင် သူမ လုပ်နေသော အလုပ်မှာ အဆင်အခြင်မဲ့သည့်အပြင် အသုံးမကျသော လုပ်ရပ်ဖြစ်သည်။

ဆရာဝန်မှ ဆေးပမာဏများများ သုံးနေသည်ကို တွေ့သောအခါ သူမသည် လူနာ၏ အခြေအနေကို တစ်ချက် မစဥ်းစားဘဲ အန္တရာယ်ရှိသည်ဟုသာတွေးကာ တဇွတ်ထိုးဖြင့် လူနာအား သွားရောက်ကာကွယ်ရန် လုပ်ခဲ့ဖူး၏။ ငွေကြေးချို့တဲ့သော လူအချို့မှ ခွဲစိတ်ခ မတတ်နိုင်သဖြင့် ခွဲစိတ်ခန်းမဝင်နိုင်သည်ကို သူမတွေ့သောအခါ သူမသည် ဆေးရုံ ဒါရိုက်တာ၏ ရုံးခန်းထဲ ပြေးဝင်ကာ ဒါရိုက်တာသည် ပိုက်ဆံသာ မက်ပြီး လူ့အသက်ကယ်တင်လိုစိတ် မရှိဟု သွားရောက် အော်ငေါက်ခဲ့ဖူးသည်။

လူတိုင်းသည် အဘယ်သို့ တစ်ခုခု ပြန်မရဘဲ အလုပ်လုပ်နိုင်မည်နည်း။

ခွဲစိတ်မှုဆိုသည်မှာ သက်ဆိုင်ရာ ကိရိယာများ၊ သွေးပမာဏ၊ ဆေးဝါးများနှင့် မမောမပန်း အလုပ်လုပ်နိုင်မည့် ဆရာဝန်၊ သူနာပြုများ လိုအပ်ပေသည်။ သူမက ပိုက်ဆံ မယူနှင့်ဟု ပြောလျှင် မယူဘဲ လုပ်ပေး၍ ရသည့် အရာ ဟုတ်ပေသလော။

လူတိုင်းသာ သူမ ပြောသလိုလုပ်ခဲ့လျှင် ဆေးရုံ တစ်ခုလုံးသည် အုန်းသောင်းအုန်းနင်း ဖြစ်လျှင်ဖြစ် ၊ မဖြစ်လျှင် ပိတ်ချရပေလိမ့်မည်။ ထို အခြေအနေသို့ရောက်လျှင် လူများအား ကယ်တင်နိုင်ဖို့ မပြောနှင့် မည်သူမျှပင် ရှင်သန်နိုင်တော့မည် မဟုတ်ချေ။

ထို့အပြင် သူမတွင်သာ လူများကို ကယ်တင်လိုစိတ် အမှန်ရှိလျှင် အခြား နည်းလမ်းပေါင်းများစွာ ရှိလေသည်။ သူမသည်သာ ဦးနှောက် မရှိဆုံး နည်းလမ်းကို သုံးခြင်း ဖြစ်၏။

ယဥ်ယဥ်ကျေးကျေး ပြောရလျှင် သူမသည် ကြင်နာတတ်သောသူ ဖြစ်သည်။ တည့်တိုး ပြောရလျှင်မူ သူမသည် မိမိကိုယ်ကို သူတော်စင်မ တစ်ဦးဟု ထင်နေသော အရူးတစ်ယောက် ဖြစ်၏။ နေ့ရက်စဥ်တိုင်း သူမသည် တစ်လောကလုံး၏ ချစ်ခြင်းမေတ္တာ၏ ခံယူလိုသော်လည်း လက်တွေ့အကျိုးရှိသော လုပ်ရပ်များကိုမူ မလုပ်တတ်ချေ။

ဤတစ်ခေါက်တွင် ကျင်းယွင်ကျောင်း ငေါက်သည်ကို ခံရပြီးနောက် သူမ မျက်နှာလေး မဲ့ရွဲ့သွားသည်။

“ကောင်မလေး၊ နင် ဖြစ်ပြန်ပြီလား။ ဘာလို့ ငါ့ကိုလာဒုက္ခရောက်အောင် လုပ်နေတာလဲ။ ငါ နင့်ကိုဘာမဟုတ်တာမှ မလုပ်ခဲ့ဘူးလေ။ အဲဒါအပြင် နင့်ကို ဟိုလူဆိုးကြီး အတင်းလုပ်တုန်းက ငါ နင့်ကို ကူညီဖို့ လုပ်ခဲ့တာ အသိသာကြီးကို...ငါ့ကို ဘာလို့ လာစွပ်စွဲနေတာလဲ”

ရှောင်ချင်းသည် အလွန် မခံမရပ်နိုင် ဖြစ်နေလေ၏။

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစ တွန့်သွားသည်။ ဤသည်မှာ ကျွဲပါးစောင်းတီးနေသလိုပင်။

“အစ်မ၊ နင် သူ့ကို သိတာလား”

စူးချူသည် ကျင်းယွင်ကျောင်းအား လှည့်မေးလိုက်သည်။ သို့သော် စူးချူမှ အစ်မဟု ခေါ်သည်ကို ကြားသည်နှင့် ရှောင်ချင်းသည် ချက်ချင်းဆိုသလို ငိုချကာ ပြောလိုက်သည်။

“ဟုတ်တယ် ဒီကောင်မလေးကြောင့် ငါ့မှာ နားလည်မှု အလွဲခံရပြီး အဒေါ်အိမ်ကနေ နှင်ထုတ်ခံရတာလေ။ ငါတင်မကဘူး ငါ့မောင်လေးနှစ်ယောက်ပါ မတရားခံခဲ့ရတာ...”

စူးချူ မျက်မှောင်ကြုတ်လိုက်သည်။

သူမသည် ဤဝမ်းကွဲအစ်မ ရှောင်ချင်းအား သဘောကျခဲ့သော်လည်း သူမကို ရက်ပိုင်းမျှသာ မြင်ဖူးသေးသည်။ သူမ၏ စရိုက်ကို သေချာ မသိချေ။ ထို့အပြင် ယနေ့ သူမသည် ဤသို့သော စကားများကို ပြောခဲ့သည်ဖြစ်၍ စူးချူသည် ပို၍ပင် စိတ်ရှုပ်ထွေးသွားပြီး သူမအပေါ် လက်ကျန်ရှိနေသော မေတ္တာများလည်း လုံးဝပျေ ာက်ရှသွားသည်။

“အစ်မ ချင်း၊ အစ်မ အရမ်း အတွေးလွန်နေပြီ မထင်ဘူးလား။ ကျွန်မ ဝမ်းကွဲက အရမ်းတော်ပြီး အရမ်း အင်အားကြီးတာ၊ ဘယ်သူက သူ့ကို အတင်းလုပ်ရဲမှာလဲ။ အစ်မ တကယ် အတွေးလွန်နေပြီ။ ပြီးတော့ အစ်မနဲ့ ကျွန်မ ဝမ်းကွဲ အကြောင်းကို လောလောဆယ် မပြောဘဲနေရအောင်။ အရင်ဆုံး အဘိုး ချန်ကို တောင်းပန်ရမယ် မဟုတ်ဘူးလား။ မဟုတ်ရင် ခဏနေ အဖေ့ကို ပြန်ပြောလိုက်မှာ”

စူးချူ ကွေ့ဝိုက်မနေဘဲ ပြောလိုက်သည်။

ရှောင်ချင်းသည် ဤ “ဝမ်းကွဲ” ကြောင့် မူးဝေသွားသည်။ ခဏလောက်ကြာမှ သူမသည် ပြန်တုံ့ပြန်လာသည်။

ကျင်းယွင်ကျောင်းသည်လည်း စူးချူ၏ ဝမ်းကွဲ ဖြစ်နေသလော။ ဤကဲ့သို့တိုက်ဆိုင်မှုမျိုး အဘယ်သို့ဖြစ်နိုင်သနည်း။

“အား၊ ဘာလို့ ငါ့ကို အနိုင်ကျင့်နေကြတာလဲ...”

ရှောင်ချင်း၏ အတွေးသည် သေချာပေါက် အခြားသူများနှင့် မတူပေ။ သူမသည် မေ့လဲကျတော့မည့်ဟန်ဖြင့် ပြောလိုက်၏။

Space and Rebirth - 490

Trans: Esth

ရှောင်ချင်းသည် ကမ္ဘာ တစ်ခုလုံး ပြိုကျလုမတတ် ခံစားနေရသည်။ သူမ၏ ဘဝသည် အဘယ်ကြောင့် ဤမျှ ခက်ခဲရမှန်း သူမ နားမလည်ချေ။

သူမ အလယ်တန်းတွင် မိဘ နှစ်ပါးလုံး ဆုံးပါးသွားသောကြောင့် အဒေါ်အိမ်တွင်သာ မောင်ငယ် နှစ်ယောက်ဖြင့် နေထိုင်ခဲ့ရသည်။ သူများ အမိုးအောက်တွင် နေနေရသဖြင့် သူမ၏ ဝမ်းကွဲများသည် သူမအား အမြဲတမ်း ရန်လို မုန်းတီးကာ အနိုင်ကျင့်ခဲ့၏။ အမြဲတစေ စိတ်ကောင်းစေတနာထားခဲ့သော သူမကို သူတို့ နားမလည်ပေးခဲ့ကြချေ။ သူမ လုပ်သမျှ မှားသည်ချည်း ဖြစ်ခဲ့၏။

ဤကဲ့သို့ ဆိုးရွားသောအတွေ့အကြုံများကို ကြုံတွေ့ပြီး နောက်ဆုံးမှသာ သူမသည် သူမအားခေါ်မွေးစားလိုသည့် ဦးလေးကောင်း တစ်ဦးအား တွေ့ခဲ့ခြင်း ဖြစ်သည်။ ယခုမှ သက်ပြင်းချနိုင်ပြီဟု တွေးနေစဥ်မှာပင် သူမ၏ ဝမ်းကွဲ ညီမ ချူချူသည် သူမအား မုန်းတီးနေလေပြီ။

သို့သော် ချူချူသည် ယခင်က ဤကဲ့သို့ မဟုတ်ပေ။ ထိုအကျင့်ပုပ်သော ကောင်မလေးမှ သူ့အားတစ်ခုခု ပြောခဲ့ခြင်းကြောင့်သာ နားလည်မှုလွဲပြီး သူမအား အမြင်စောင်းသွားခြင်း ဖြစ်မည်။ ချူချူသည် သူမ ဦးလေး၏ တစ်ဦးတည်းသော သမီးဖြစ်၏။ သူမ ဦးလေးသည် ချူချူ၏ စကားကို နားထောင်တတ်ပေသည်။ ထိုအချိန်ရောက်လျှင် သူမဦးလေးမှ သူမကို မောင်းချမည် မဟုတ်ပေလော။

“ချူချူ....ဒီညီမလေးရဲ့စကားကို နားမထောင်နဲ့၊ ဟုတ်လား။ ငါ တကယ် အမှားမလုပ်ထားဘူး” ရှောင်ချင်း ဆက်ပြောလိုက်သည်။

စူးချူ၏မျက်နှာ ချက်ချင်းဆိုသလို နီတက်သွားသည်။ ဤဝမ်းကွဲနှင့် သူမသည် အမှန်တကယ်ပင် ကီးမကိုက်မှန်း သိသွားသောကြောင့် ဖြစ်သည်။ လာရာလမ်းတွင် သူမသည် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းအား သူမ ဝမ်းကွဲအစ်မသည် လှကြောင်း၊ ချစ်စရာကောင်းကြောင်း၊ နူးညံ့သိမ်မွေ့ကြောင်း ချီးကျူးထားခဲ့သော်လည်း ဤကဲ့သို့ဖြစ်မည်ဟု သူမ, မထင်မှတ်ထားခဲ့ချေ။

“အစ်မ ချင်း၊ အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့။ မြန်မြန် အဘိုး ချန်ကို တောင်းပန်။ ဆေးတွေလည်း ကိုင်လို့ မရတော့ဘူး။ နောက်တစ်ခါ တရုတ် ရိုးရာကုထုံးအကြောင်းပါ သူများကို မပြောနဲ့တော့။ မဟုတ်ရင် အလုပ်ပြောင်းပေးဖို့ အဖေနဲ့ အမေကိုပြောရလိမ့်မယ်”

စူးချူ အလျင်အမြန် ပြောလိုက်သည်။ သူမသည် ရှောင်ချင်း နားမလည်မည် စိုးသဖြင့် တမင်တကာ အသံကိုမြှင့်၍ သေချာပြန်ပြောလိုက်၏။

ရှောင်ချင်း၏ မျက်နှာမဲ့သွားသည်။

“ဘယ်လိုလုပ်ပြီး ဒီလောက်အထိ လုပ်ရက်တာလဲ ညီမ...”

“ဒါဆို-ဒါဆိုလည်း တောင်းပန်ပါ့မယ်...ဆရာ ချန် ကျွန်မကို ခွင့်လွှတ်ပါ၊ စိတ်မဆိုးပါနဲ့။ အဲ့မိသားစုကြည့်ရတာ အလျင်လိုနေလို့ ဆေးတွေ ယူပေးလိုက်တာပါ။ ကျွန်မမှာ တခြား အကြံဆိုး မရှိပါဘူး...”

ရှောင်ချင်းသည် ဆက်ရှင်းပြဖို့တော့ မမေ့ပေ။

စူးချူ၏ မျက်နှာ မည်းမှောင်သွားသည်။ အလွန်တရာ ရှက်ဖို့ကောင်းလှသည်။ ရှောင်ချင်းသည် အဘယ်သို့ ဤပုံစံဖြစ်နေရသနည်း။

သို့သော် သူမ သေချာ စဥ်းစား ကြည့်လိုက်သောအခါ သူတို့သည် နှစ်ရက်တာအတွင်း အတူတူရှိနေခဲ့ကြသော်လည်း စားသောက်ချိန်မှ လွဲ၍ မျက်နှာချင်းဆိုင်တွေ့ရသည်မှာ ရှားပေသည်။ သူမအား နားမလည်သည်မှာ မဆန်းပါပေ။

သမားတော်ကြီး ချန်သည် သူမ၏ တောင်းပန်စကားကို နားထောင်လိုက်သော်လည်း သူမသည် သူမ အမှားကို သိသေးပုံမပေါ်ပေ။ အဘိုးအို ချန်မှာ ဒေါသထွက်လွန်းသဖြင့် ပြောစရာစကားပင် မရှိချေ။

“တော်တော့၊ တောင်းပန်စရာ မလိုဘူး။ ချူချူလည်း ဒီရောက်နေပြီဆိုတော့ သူနဲ့ အိမ်ပြန်လိုက်သွားတော့။ နောက်ကျရင် လျှောက်မလုပ်နဲ့တော့၊ ကြားလား။ မင်းက ဒီနယ်ပယ်နဲ့ မကိုက်ဘူး မဟုတ်ရင် မင်းလုပ်လို့ တစ်နေ့နေ့ လူသေမှာပဲ”

လူသေမယ် ...

ရှောင်ချင်း ပြင်းပြင်းထန်ထန် တုန်ယင်သွားသည်။

မဖြစ်နိုင်တာ။ ဘာလို့ လူတိုင်းက သည်စကားပဲ ပြောနေတာလဲ။

သူမသည် အလုပ်သင် ဖြစ်ခဲ့စဥ်က သူမကို သင်ကြားပေးခဲ့သော ဆရာဝန်သည်လည်း ထိုစကားပြောခဲ့ပေသည်။ သို့သော် သူမတွင် ဆရာဝန်တစ်ဦး၏ စိတ်နေ စိတ်ထားရှိသည် မဟုတ်လော။

“ကျ-ကျွန်မ မသွားဘူး...”

သူမတွင် အလုပ်လည်း ရှိနေပြီ ဖြစ်ကာ ဦးလေးဖြစ်သူမှာလည်း သူမအား ဘာမှသိပ်မတောင်းဆိုချေ။ သူမအား စာကြိုးစားရန်သာ ပြောပြီး သူမတွင် တစ်လလျှင် ယွမ် ၄-၅ ထောင်ခန့် ဝင်နေပြီ ဖြစ်သည်။

“ထွက်သွားစမ်း။ မင်းကို ဒီမှာ ဆက်မခေါ်ထားနိုင်ဘူး။ မင်း ဘာပြောပြော အလုပ်ဖြစ်မှာ မဟုတ်ဘူး”

အဘိုးအို ချန်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောနေ၏။

“မင်း မိဘတွေကို သေချာပြောလိုက်နော် စူးချူ။ ငါ ဒီကောင်မလေးကို မသင်နိုင်ဘူးလို့။ ငါက အသုံးမကျတဲ့ ဆရာမို့လို့ သူ့ကို သင်ပေးနိုင်တဲ့ အစွမ်း မရှိဘူးလို့”

“အဘိုး ချန်ရယ်၊ ဒီလိုမလုပ်ပါနဲ့။ အဘိုးရဲ့အပြစ်မဟုတ်ပါဘူး”

စူးချူ အလျင်စလို ပြောလိုက်သည်။

အဘိုး ချန်သည် မငယ်တော့သော်လည်း သူသည် တစ်ခါမျှ ဤကဲ့သို့ စိတ်ပျက်စရာမျိုးဖြင့် မကြုံခဲ့ဖူးချေ။ ရှောင်ချင်း၏ မျက်လုံးများ ခေတ္တမျှ မှိန်ကျသွားသည်။ မည်သူဖြစ်ပါစေ သူမကို ကူညီနိုင်မည် မဟုတ်ပေ။

စူးချူသည် သူမ၏ ဝမ်းကွဲ ဖြစ်နေသော်လည်း သူမမှာမူ အမြဲတစေ စောဒကတက်ချင်နေပြီး အမြဲလိုလို ပြသာနာ ရှာလေ့ရှိ၏။

အဘိုးအို ချန်သည် စိတ်ပိုင်းဖြတ်လိုက်ပြီ ဖြစ်သည်။ စူးချူ ဘာမှ ထပ်မပြောနိုင်တော့ချေ။ သူမသာ ဆက်ပြီး တောင်းပန်နေလျှင် အဘိုး ချန် ပို၍ ခေါင်းကိုက်လာမည်စိုးသဖြင့် စူးချူသည် ရှောင်ချင်းအား ချက်ချင်း ဆွဲခေါ်ထုတ်လာလိုက်သည်။

Space and Rebirth - 491

Trans: Esth

ကျင်းယွင်ကျောင်နှင့် ရှောင်ဟိုင်ချင်းလည်း အနောက်မှ လိုက်လာသည်။ စူးချူသည် သူတို့အားလုံးအား အနီးအနားမှ ကော်ဖီဆိုင်တစ်ဆိုင်အား ခေါ်လာကာ ထိုင်လိုက်၏။

"အစ်မ ချင်း၊ ဒီကိစ္စနဲ့ပတ်သတ်လို့ ညီမ မကူညီပေးနိုင်ဘူးနော်။ ခဏနေ အဖေ့ကို ဘယ်လိုပြန်ပြောမလဲဆိုတာပဲ စဉ်းစားလိုက်တော့”

စူးချူသည်လည်း စိတ်ထဲ၌ အနည်းငယ် ဒေါသထွက်နေမိသည်။

ရှောင်ချင်းသည် အဝေးမှပင် လာပြီး သူမတို့ထံ အကူအညီ တောင်းခံသည် ဖြစ်ရာ သူမတို့ မိသားစုမှ ပို၍ ယဉ်ကျေးမှုရှိသင့်ပြီး ပြောစရာရှိသည်များကို ဘွင်းဘွင်း မပြောသင့်ဟု သူမ ထင်ခဲ့ဖူးသည်။ သို့သော် သူမသည် ဤကဲ့သို့သော စရိုက်မျိုးကို အမှန်တကယ်ပင် သည်းမခံနိုင်ပါချေ။ သူမနှင့်စကားပြောရသည်ကပင် စိတ်ပျက်စရာကောင်းလွန်းလှပြီ။

ကျင်းယွင်ကျောင်းမှာမူ အေးအေးဆေးဆေး ဖြစ်နေသည်။ ဤကဲ့သို့သော လူမျိုးကြောင့် ဒေါသထွက်ရန် လုံးဝ မတန်သောကြောင့် ဖြစ်သည်။ ထို့အပြင် မိမိဘာသာ မည်မျှပင် ဒေါသထွက်လွန်း၍ ဒွါရ ခုနစ်ပေါက်လုံးမှ မီးခိုးများ ထွက်စေကာမူ တစ်ဖက်လူသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် သနားစရာ အကောင်းဆုံးနှင့် ဝမ်းနည်းစရာ အကောင်းဆုံးလူအဖြစ် တွေးနေဦးမည် ဖြစ်သည်။ ဤကဲ့သို့ သူ့ကမ္ဘာဖြင့်သူ ရှိနေသည့်သူအား အဘယ်သို့ အကျိုးအကြောင်း ပြ၍ စကားပြောနိုင်မည်နည်း။

စူးချူ စကားဟလိုက်သည်နှင့် ရှောင်ချင်းသည် မတရားခံရသည့်ရုပ် ဖြစ်သွားပြန်သည်။

“ချူချူ၊ ငါ တောင်းပန်ပါတယ်။ အခု ငါ နင့်မိသားစုကို ကျေးဇူးကြွေးတင်နေပေမယ့် နောက်ကျရင် သေချာပေါက် ပြန်ဆပ််မှာပါ။ ဟိုစကားပုံလိုပဲလေ တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့။ အနာဂတ်မှာ ငါ သေချာပေါက် လူကောင်း တစ်ယောက်ဖြစ်အောင် နေပါ့မယ်။ နင့်မိသားစုထဲက ယူထားသမျှ ငါ ပြန်ပေးမှာပါ”

ထိုသို့ ပြောလိုက်သောအခါ စူးချူ ကြောင်အသွားသည်။

သူ တကယ်ကြီး ဒါတွေ ပြောနေတာလား။

“ပြီးတော့လေ ချူချူ၊ နင်က ငါ့ ဝမ်းကွဲညီမလေးဆိုတော့ ငါ နင်ကောင်းဖို့ ငါ ပြောချင်တာတစ်ခုက အဲ့ကောင်မလေးနဲ့ ဝေးဝေးနေ သိလား။ သူနဲ့ အတူမနေနဲ့၊ လူဆိုတာ အပေါင်းအသင်း မှားရင် ပျက်စီးတတ်တယ်”

ရှောင်ချင်း ထပ်ပြောပြန်သည်။

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစွန်းများ ကွေးညွှတ်သွားသည်။ ဒေါသထွက်ရမည့်အစား ပြုံးသာ ပြုံးနေလိုက်တော့သည်။ ရှောင်ဟိုင်ချင်းမှာမူ အံ့ဩလွန်း၍ စကားစ ရှာမရဖြစ်နေ၏။ သူမသည် စူးချူအား သနား ဂရုဏာသက်ဟန်ဖြင့် ကြည့်လိုက်သည်။ ဤကဲ့သို့သော ဆွေမျိုး ရှိရသည်မှာ အမှန်တကယ် စိတ်ဆင်းရဲစရာကောင်းလှသည်ပင်။

“ရှောင်ချင်း၊ နင်က တကယ် အကျိုးအကြောင်းပြောလို့ မရတာပဲ”

စူးချူ၏ မျက်နှာသည် ခါးသီးနေပြီး ကူကယ်ရာမဲ့နေဟန် ဖြစ်နေ၏။ သူမသည် ကျင်းယွင်ကျောင်းအား လှည့်ကြည့်ပြီး ပြောလိုက်သည်။

“နင် ပြော၊ နင်တို့ နှစ်ယောက် ဘယ်လို သိကြတာလဲ”

သူမသည် ထိုကိစ္စကို လွန်စွာ သိချင်နေလေသည်။ ကျင်းယွင်ကျောင်းသည် အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်သည်။

“ရှောင်ချင်းကို ငါ ဒိရှန်း နန်းတော်ထဲမှာ တွေ့ခဲ့တာ”

"ဒိရှန်း နန်းတော်၊ ဟုတ်လား"

"ဒိရှန်း၊ လား"

ရှောင်ဟိုင်ချင်းနှင့် စူးချူသည် တစ်ပြိုင်နက်တည်း အာမေဋိတ် ပြုမိလိုက်၏။ ထို့နောက် စူးချူမှ လျင်မြန်စွာ မေးလိုက်သည်။

“အဲဒါ…အဲဒါက အရင်တစ်ခေါက်က ဖျက်ဆီးခံလိုက်ရတဲ့ ကလပ် မဟုတ်ဘူးလား။ အခုထိ အဲ့အမှုက စစ်ကြောရေး ဝင်နေရတုန်းလေ…”

“ဟုတ်တယ်”

ကျင်းယွင်ကျောင်းသည် မျက်တောင် တစ်ချက်ပင်မခတ်ဘဲ ပြောလိုက်၏။ ထိုသို့ပြောပြီးနောက် ရှောင်ချင်းမှ သူမအား ဝါးစားတော့မည့်အလား ကြည့်နေသည်ကို မြင်လိုက်ရသော်လည်း ကျင်းယွင်ကျောင်းသည် မြူတစ်မှုန်စာမျှပင် ဂရုမစိုက်ချေ။ ထို့နောက် သူမဆက်ပြောလိုက်သည်။

“မိန်းကလေး ရှောင်ချင်းက အဲ့တုန်းက အဲ့ထဲမှာ ဧည့်ကြို မိန်းကလေးလေ။ ငါ့ သူငယ်ချင်းနဲ့ ငါက အဲ့နေရာကို တစ်ချက် သွားကြည့်ရင်းနဲ့ သူနဲ့အတူသောက်ဖို့ တကျည်ကျည် ခေါ်နေတာကို မြင်လိုက်ရတာ။ သူ့ သူဌေးက သူ့ကို ခေါ်သွားဖို့လုပ်နေတုန်းမှာ ငါတို့ သွားကူညီပေးခဲ့တာလေ။ ဟုတ်တယ် မလား၊ ရှောင်ချင်း”

“ငါ ပြောပြီးပြီလေ။ ဆန္ဒအလျောက် လုပ်တာမဟုတ်ဘူးလို့”

ရှောင်ချင်း ပြောလိုက်သည်။ သူမ၏ မျက်နှာတွင် အရှက်ရမှုများ ဖုံးလွှမ်းနေသည်။

“အဲဒါတော့မသိဘူးလေ။ အဲ့တုန်းက နင်က နည်းနည်း စိတ်ရှုပ်ထွေးပြီး ထင်ယောင်ထင်မှားတွေဖြစ်နေခဲ့တာ။ ငါ့ သူငယ်ချင်းကို ကြိုက်သွားလို့လား မသိဘူး။ သူ့ကို အကွက်တွေ ရွှေ့ချင်နေတော့တာ။ တချို့ယောက်ျားတွေက ကိုယ်ခေါ်တိုင်း ပါမလာတတ်တဲ့သူတွေဆိုတော့ စိတ်မကောင်းစရာပဲ”

ကျင်းယွင်ကျောင်းမှ ဘွင်းဘွင်းပင် ပြောလိုက်သည်။ ထို့နောက် သူသည် စကားကို ခေတ္တရပ်ကာ ကော်ဖီကို မွှေလိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါနဲ့ မိန်းကလေး ရှောင်ချင်းက အဖမ်းခံရတယ်မဟုတ်ဘူးလား။ ယောက်ျားလေး တစ်ယောက်နဲ့ ချစ်ရည်လူးနေတုန်း လက်ပူးလက်ကြပ်မိတာလေ၊ ဟုတ်တယ်မလား”

ကျင်းယွင်ကျောင်းသည် ရှောင်ချင်း၏ သိက္ခာကိုထောက်ရန် ဘယ်သောအခါကမှ မစဉ်းစားခဲ့ဖူးချေ။ အချို့လူများသည် မိမိ၏ ကောင်းမှုနှင့် မထိုက်တန်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူမသည် လူအများ သိပြီးသော မှန်ကန်သည့် အချက်ကိုသာ ပြောခြင်း ဖြစ်၏။

ရှောင်ချင်း ကြားလိုက်သောအခါ သူမ၏ ချစ်စရာမျက်နှာငယ်သည် ဒေါသမာန်ဖြင့် ပြည့်နှက်သွားသည်။

“နင် ဘာလို့ အဲ့လောက်တောင် ယုတ်မာရတာလဲ။ ငါ နင့်ကို ဘယ်လိုများ အမှားလုပ်မိလို့လဲ”

“နင် သိချင်လား။ ကောင်းပြီလေ ငါ ပြောပြပေးရတာပေါ့။ ပထမအချက်အနေနဲ့ ငါ့ မိတ်ဆွေ ဖြစ်တဲ့ သခင်လေး လီကို နင် နှောင့်ယှက်ပြီး သူ စိတ်ဆင်းရဲအောင်လုပ်တယ်။ ဒါကြောင့် ငါလည်း နင့်ကိုမကြည်ဘူး။ ဒုတိယအနေနဲ့ နင့်ကိုယ်နင် တော်လှတယ် အထင်နဲ့ ငါ့ကို ငယ်တဲ့လူမို့လို့ အခွင့်ကောင်းယူရလွယ်တယ်ဆိုပြီး နင် ထင်ခဲ့တယ်။ တတိယက နင် ငါ့ကို ယုတ်မာတယ်လို့ ခဏခဏပြောနေလို့ ငါဘယ်လောက်ထိ ယုတ်မာလဲဆိုတာ ပြပေးချင်ခဲ့တာ။ နောက်ဆုံး အနေနဲ့ကတော့ ငါ ဒီအတိုင်း နင့်ကို သည်းမခံနိုင်တော့လို့ပဲ။ ဒီနေ့ နင့်ကို ပြန်တွေ့လိုက်တော့ နောက်တစ်ချက် တိုးလာတယ်။ အဲဒါက နင် ဆရာဝန်ကောင်း တစ်ယောက်ကို ဒုက္ခပေးခဲ့တယ်ဆိုတဲ့ အချက်။ နင်လို လူမျိုးက ငါတို့နား ဆက်ထားနေရင် ဆန်ကုန်မြေလေးပဲ ဖြစ်မှာ”

Space and Rebirth - 492

Trans: Esth

ကျင်းယွင်ကျောင်းမှ ဆက်တိုက် စကားပြောပြီးသောအခါ ရှောင်ချင်း၏ မျက်နှာသည် အနည်းငယ်မဲ့ရွဲ့သွားသည်။

စူးချူနှင့် ရှောင်ဟိုင်ချင်းမှ အံ့သြ၍ ပါးစပ်အဟောင်းသား ဖြစ်လျက်နေပြီ။ အပြစ်ကင်းစင်ပြီး သူများအား အန္တရာယ် မပေးတတ်မည့်ပုံပေါက်သော ရှောင်ချင်းမှာ အမှန်တော့ ဒိရှန်း နန်းတော် ကြာဆောင်တွင် ဧည့်ကြို ပြည့်တန်ဆာ တစ်ဦး ဖြစ်နေလေသည်။

ယခုတွင် ဒိရှန်း နန်းတော် ကြာဆောင်ဆိုသည်မှာ တစ်နိုင်ငံလုံး သိသောနာမည် ဖြစ်၏။ ဟွားနင်ခရိုင်သည် နင်း မြို့တော်နှင့် နီးကပ်လွန်းသောကြောင့် သတင်းပေါက်ရောက်မှု ပိုရှိပေသည်။ သုံးနှစ်သား ကလေးငယ်များပင် လူဆိုးတစ်အုပ် ဖမ်းမိခံရသည့် သတင်းကို သိကြသောကြောင့် သတင်း မည်မျှ ပျံ့နှံ့ကြောင်း မြင်နိုင်သည်။

လက်ရှိတွင် နေရာတကာ၌ ဤကလပ်တွင် ထောင်ချီသော အမျိုးသား၊ အမျိုးသမီး ပြည့်တန်ဆာများရှိကြောင်း၊ ၎င်းတို့ အများစုသည် လိင်အရောင်းအဝယ်၌ ပါဝင် ပတ်သတ်ကြောင်း သတင်းများကို ကြားနေရသည်။ ဤကဲ့သို့ ဆိုးရွားလှသော နေရာကို ဖျက်ဆီးလိုက်ပြီ ဖြစ်သောကြောင့် မရေမတွက်နိုင်သော လူများသည် ၎င်း၏ နောက်ဆုံး တရားစီရင်မှုကို စောင့်ကြည်နေကြဆဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မိန်းမငယ်လေးများသည်လည်း လူထု၏ အာရုံစိုက်မှုကို ခံရလေသည်။ သူတို့နောက်ကို သီးသန့်လိုက်သော သတင်းထောက်များပင် ရှိကြသည်။ မိန်းကလေးအချို့မှာ သွားစရာ မရှိ၊ အားကိုးရာ မရှိသောကြောင့် ဤအလုပ်လုပ်ရသည်ကို နားလည်ပေးနိုင်သော်လည်း အချို့မှာ ပိုက်ဆံကြောင့်သာ လုပ်ကြခြင်း ဖြစ်သည်။ မိသားစု နောက်ခံ မဆိုးလှသော်ငြား မိဘများကို ပြောကြားခြင်း မရှိဘဲ ဤနယ်ပယ်ထဲသို့ ခြေစုံပစ် ဝင်လာသော အမျိုးသား၊ အမျိုးသမီးများပင် ရှိလေသည်။ လိင်လုပ်ငန်း ဆန့်ကျင်ရေး သတင်းဗီဒီယိုကို လွှင့်လိုက်စဥ်က မိသားစုများစွာသည် အိပ်မက်ဆိုးထဲသို့ ကျရောက်သွားသကဲ့သို့ဖြစ်သွားကြသည်။ ထိုမှသာ သူတို့သည် သူတို့ သားသမီးများ၏ လုပ်ရပ်ကို မသိကြသေးမှန်း သဘောပေါက်သွားသောကြောင့် ဖြစ်၏။

ဤကိစ္စကြောင့် ဂယက် ကြီးမားစွာ ထခဲ့ရသော်လည်း စူးချူသည် သူမအနီးမှ လူများပါ ပါဝင် ပတ်သတ်နေလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်မှတ်ခဲ့ချေ။ သူမ၏ မျက်နှာလေးသည် ပြာမှန်း နီမှန်းပင် မသိလောက်သည်ထိ အရောင်စုံ ပြေးနေတော့၏။

“ရှောင်ချင်း၊ နင် ပြောတော့ နင့် အဒေါ်က နင့်ကို အိမ်ပေါ်က မောင်းချထားတာဆို...တကယ်တော့ နင် အပြစ် လုပ်ထားတာကို သူ သိသွားလို့...”

စူးချူမေးလိုက်သည်။ ဤသည်မှာ အကြောင်းရင်းပင်။ ထို့ကြောင့် သူမသည် စူးချူ၏ အဖေကို ရှာခဲ့ခြင်းပင်။

ရှောင်ချင်းတွင် မိဘများ မရှိတော့သော်လည်း သူမတွင် ဆွေမျိုးမိတ်ဆွေ များစွာ ရှိသည်။ သူမ၏ အဖေနှင့် ရှောင်ချင်း အမေမှာမူ ပြောရလျှင် ရင်းနှီးမှုလည်း မရှိသလို အချင်းချင်း ဆက်သွယ်ခဲ့ခြင်းလည်း မရှိသူများ ဖြစ်၏။ ကိစ္စ တစ်ခုခုရှိပါက သူမတို့အား လာရောက် မရှာဖွေသင့်ပေ။ အခြား ကျန်သောသူများက သူမ အခြေအနေကို သိနေခဲ့၍ မခေါ်ထားချင်သောကြောင့်သာ ဖြစ်မည်။

သူမသည် ဒိရှန်း နန်းတော် ကြာဆောင်အကြောင်းအား သိခဲ့သော်လည်း သိပ်များများစားစား သိခြင်း မရှိခဲ့ပေ။ သူမသည် ဤဝမ်းကွဲအစ်မအား စစ်မမေးချင်ခဲ့သည့်အပြင် သူတို့ သုံးဦးသားသည် အလွန် သနားစရာကောင်းလှသည်ဟု ထင်သောကြောင့်ဖြစ်၏။

“အဲ့လိုမဟုတ်ပါဘူးဆို။ အဒေါ်က ငါ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့သလို ဘယ်တုန်းကမှလည်း မယုံခဲ့ဘူး။ ငါ ဒုက္ခရောက်တုန်းက သူ ငါ့ကို မနှစ်သိမ့်ပေးခဲ့တဲ့အပြင် သူပါ ငါ့ကို နင်းချသွားခဲ့တယ်...”

ရှောင်ချင်း ထပ်ပြောပြန်သည်။

စူးချူ၏ လောက အမြင်များ ပြိုလဲကုန်သည်။ သူမသည် အမှားလုပ်ထားသည်မှာ သိသာနေလျက်ပင် အခြားသူများမှ သူမကို နှစ်သိမ့်သည်ကို လိုချင်သေးသလော။ ဤအချိန်မျိုးတွင် တောင်းပန်တိုးလျှိုးပြီး နောင်တရရမည့်လူမှာ သူကိုယ်တိုင်ပင် မဟုတ်လော။ ကိုယ်တိုင်က မပြောင်းလဲနိုင်လျှင် အခြားသူများကိုလည်း အပြစ်မတင့်သင်ပေ။

စူးချူ သက်ပြင်းချလိုက်သည်။ အနာဂတ်တွင် ဤကဲ့သို့သော အမျိုးသမီးက သူမ မိသားစုထဲတွင် ရှိနေမည်ကို လက်မခံနိုင်သောကြောင့် သူမ ပြောလိုက်၏။

“နင် ငါတို့ အိမ်ကနေ ထွက်သွားသင့်ပြီ ထင်တယ်”

“ဘာပြောလိုက်တယ်"

ရှောင်ချင်း ပြာပြာသလဲ ဖြစ်သွားသည်။

“အိမ်ကနေ ထွက်သွားရင်တောင်....အပြင်မှာ အလုပ်တွေ အများကြီးပဲ။ ဘွဲ့လည်း ရထားပြီးသားပဲကို ကိုယ်ပိုင် အစွမ်းအစနဲ့ အလုပ် ကောင်းကောင်းရှာလို့ ရတယ် မှတ်လား။ ဒီခရိုင်မှာ စျေးပေါပေါနဲ့ ငှားလို့ ရတဲ့ အိမ်တွေလည်း အများကြီးပဲမို့ လမ်းဘေးမှာ အိပ်ရမှာ မဟုတ်ဘူး”

စူးချူ ရှင်းလင်း ပြတ်သားစွာ ပြောလိုက်၏။

ရှောင်ချင်း၏ အမွှာမောင်ငယ် နှစ်ဦးမှာ ၁၅ နှစ်အရွယ်ရှိပြီး နင်း မြို့တော်တွင် နေခဲ့သော သူများ ဖြစ်သည်။ သို့သော် ယခုမူ သူတို့သည် သူမ၏ အိမ်တွင် နေနေပြီ ဖြစ်၍ ကျောင်းမှတ်တမ်းများကိုပါ ရွှေ့ပြောင်းရတော့၏။ သူတို့သည် ထိုကိစ္စများကို လွယ်ကူစွာကိုင်တွယ်နိုင်ရန် အမှတ် ၁ အထက်တန်းကျောင်းအား အထူး ရွေးထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့သည် စူးချူထက် တစ်နှစ်ငယ်ကြ၏။

“ချူချူ၊ နင်ပါ ငါ့ကို ဒီလို ဆက်ဆံတော့မှာလား။ နင့်မိသားစုကို လူကောင်းတွေလို့ ငါ ထင်ခဲ့ပေမယ့် နင်က ဒီလောက်အထိ ယုတ်မာတဲ့လူမှန်း ငါ မသိခဲ့ဘူး”

ရှောင်ချင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူမ၏ အော်သံကြောင့် ဘေးပတ်ဝန်းကျင်မှ လူများလည်း လှည့်ကြည့်ကုန်ကြသည်။ စူးချူမှာလည်း မိန်းကလေးငယ် တစ်ဦး ဖြစ်သဖြင့် ရှောင်ချင်း၏ အော်ဟစ်သံကြောင့် အနည်းငယ်အရှက်ရသွားပြီး ပြောလိုက်သည်။

“ပြောပြီးပြီလေ၊ စကားကို နှစ်ခါ မပြောဘူး။ အိမ်ပေါ်က ဆင်းဖို့ ၃ ရက် အချိန်ပေးမယ်။ မဟုတ်ရင် နင့်မောင်နှစ်ယောက်လည်း ဆက်နေလို့ရတော့မှာမဟုတ်ဘူး”

All Chapters