← Chapters

အခန်း (၄၉၇-၅၀၀)

Vol. 25 Ch. 497-500

အခန်း (၄၉၇-၅၀၀)

Vol. 25 Ch. 497-500

Space and Rebirth - 497

Trans: Esth

ရှောင်ချင်းသည် ထိုအမျိုးသားအား ဆွဲထုတ်ပြီးပြီးချင်းပင် နောင်တရလေတော့သည်။ ဤအချိန်တွင် ထိုသူသည် သူမအား ရဲစခန်း နယ်နိမိတ် အတွင်းသို့ ခေါ်လာနှင့်ပြီး ဖြစ်၏။

“မင်း ရဲတွေကို ရှင်းပြပေးဖို့ အထဲဝင်လိုက်။ ပိုက်ဆံ ပြန်ပေးလိုက်ရင် အဆင်ပြေသွားလိုက်မယ်”

“ဒါပေမယ့်....ကျ-ကျွန်မမှာ ပိုက်ဆံ တပြားမှ မရှိဘူး...”

ရှောင်ချင်းသည် အနိုင်ကျင့်ခံရသည့် ရုပ် ဖြစ်နေ၏။

“မင်းမှာ ငါရှိတယ် မဟုတ်ဘူးလား”

အမျိုးသားသည် ပြုံးလိုက်သောအခါ သူ၏ အနည်းငယ်သုန်မှုန်နေသော မျက်နှာတွင် နူးညံ့မှုအရိပ်အယောင်များ သန်းသွားသည်။ ရှောင်ချင်းသည် ခဏမျှ ကြောင်အသွားပြီးနောက် သူမ၏ မျက်နှာသည် အနည်းငယ် နီမြန်းသွား၏။

“ကျေးဇူးပါ။ ရှင့်ကြောင့်သာ မဟုတ်ရင် ဘာလုပ်ရမယ်ဆိုတာ ကျွန်မ တကယ် သိမှာ မဟုတ်ဘူး။ အခုလောက်ဆို လမ်းဘေး ရောက်နေလောက်ပြီ...”

ဝမ်ဟုန်သည် ပြုံးသာပြုံးကာ စကား သိပ်မပြောချေ။ သူသည် သူမအား လူကြီး လူကောင်း ပီသသောဟန်ဖြင့် ကားထဲမှ ခေါ်ထုတ်ပြီး ရဲစခန်းထဲသို့ ဝင်သွားတော့သည်။

သူတို့ နှစ်ဦးသားသည် စူးချူ၏ မိသားစုအိမ်မှ ထွက်လာသောအခါ ဝေးဝေး မသွားခဲ့ကြချေ။ သူတို့သည် ရဲအရာရှိများမှ အိမ်သို့ ဝင်နေသည်ကို တွေ့စဥ်က သူတို့၏ ရဲကားနောက်မှ နေ၍ ရဲစခန်းဆီသို့ လိုက်သွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့သည် အချိန်ကွက်တိ ရောက်သွားခဲ့ကြသည်။

နှစ်ဦးသားသည် အခြေအနေကို လျင်မြန်စွာ ရှင်းပြပြီး ရဲအရာရှိများအား ပြစ်ဒဏ် လျှော့ပေါ့ပေးရန် အကြိမ်ကြိမ် တောင်းဆိုလေတော့သည်။

ရှောင်ချင်းသည် စူးမိသားစုမှ ယွမ်ထောင်ချီ ယူသွားခဲ့သော်လည်း သူမသည် ဆွေမျိုး တစ်ယောက် ဖြစ်နေဆဲ ဖြစ်၏။ ထို့အပြင် သူမသည် ထိုအိမ်၌ အချိန် တစ်ခုစာမျှ နေခဲ့ဖူးသည် ဖြစ်ရာ ပြစ်ဒဏ်သည် အလွန် ကြီးလေးမည် မဟုတ်ချေ။

ရှောင်ချင်းသာ အဖမ်းခံရပြီး ရဲစခန်းဆီသို့ ပြန်ခေါ်ခံရလျှင်ပင် အများဆုံးဖြစ်လှ နှစ်ရက်စာမျှ အဖမ်းချုပ်ခံရပြီး အသိပညာ ပေးခံရရုံသာရှိ၏။ ယခုမူ သူမသည် ကောင်းကောင်းမွန်မွန်ဖြင့် ငွေအား ပြန်ပေးပြီး ကြိမ်ဖန်တလဲလဲ တောင်းပန်နေခဲ့သောကြောင့် သူမ စိတ်ရင်း ကောင်းသည်ဟု ရဲအရာရှိများက သတ်မှတ်ပြီး ဤကိစ္စကို ဆက်မလိုက်တော့ချေ။

သို့သော် စူးချူမှာမူ ဒေါသထွက်လွန်း၍ သေမလိုပင် ဖြစ်နေ၏။

ဤရှောင်ချင်းမှာ အလွန်စိတ်အနှောင့်အယှက်ပေးလွန်းလှသော်လည်း သူမသည် ကြီးကြီးမားမားအပြစ် ဘာတစ်ခုမှ မလုပ်ထားခဲ့ချေ။ သူမ အရှေ့တွင် မပေါ်လာရန် လုပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

ကံကောင်းစွာဖြင့် စူးချူသည် သူမအား မောင်းချလိုက်ပြီးဖြစ်၏။ မဟုတ်လျှင် ဤကဲ့သို့ ကြောင်သူတော် ကြွက်သူခိုးဖြင့် နေ့တိုင်း ထမင်းလက်ဆုံစားနိုင်မည် မထင်ချေ။

ထိုအချိန်တွင် ရှောင်ချင်းမှာ ဝမ်ဟုန်နေသော နေရာသို့ လိုက်သွားနေခဲ့သည်။ တစ်ချက်မျှ ကြည့်ရှုပြီးနောက် သူမသည် အနည်းငယ် စိတ်ပျက်သွားခဲ့၏။

ဤအိမ်တည်ရှိသော နေရာမှာ ပိုကောင်းသော်လည်း အနည်းငယ် အိုဟောင်းနေလေပြီ။ အထပ် နှစ်ထပ် ရှိပြီး လူခြေတိတ်သောအိမ်ဟု ပြောနိုင်သော်ငြား မြို့ထဲတွင်ရှိသည် ဖြစ်သောကြောင့် ဤအိမ်၏ ပေါက်စျေးသည် နိမ့်မည်မဟုတ်ချေ။ ဤအိမ်ကိုသာ အစိုးရမှ ဖြိုချမည်ဆိုလျှင် အိမ်ပိုင်ရှင်သည် လျော်ကြေးအနေဖြင့် ယွမ်တစ်သန်း၊ နှစ်သန်းခန့် ရလောက်မည်။ သို့သော် ယခုမှာ ငွေစကား ပြောရန် အချိန် မဟုတ်ပေ။ သူမသည် အနာဂတ်တွင် ဤအိမ်၌ အချိန်ကြာမြင့်စွာ နေရမည် မဟုတ်လော။

စူးမိသားစုမှာ သူဌေး သူကြွယ်များ မဟုတ်သော်လည်း ဝတ်နိုင် စားနိုင်သော မိသားစုဟု သတ်မှတ်ရပေမည်။ စူးမိသားစု၏ အိမ်မှာ ပို၍ ကျယ်ပြောပြီး အလင်းရောင်အား ပိုကောင်းသည်။ အပန်းဖြေအိမ် အသေးစားဟုပင် မှတ်ယူနိုင်သည်။ ရှောင်ချင်း ယခင်ကနေခဲ့ဖူးသော အဒေါ်၏ အိမ်ပင်လျှင် ယခု သူမ အ‌ရှေ့တွင် ရှိနေသော အုံ့မှိုင်းမှိုင်းအိမ်ကြီးထက် ပို၍ ကြော့မော့ပေသည်။

ဤအိမ်ကြီး၏ ခြံဝင်းကို တံတိုင်း အမြင့်များဖြင့် ကာရံထားသောကြောင့် တစ်အိမ်လုံးမှာ အကြီးစားလေးထောင့်ပုံး တစ်ခုနှင့် တူနေသည်။ တံခါးပိတ်လိုက်သည်နှင့် အသက်ရှူကြပ်ပြီး နေရောင်သည်လည်း အိမ်ခေါင်မိုးတွင်သာ ကျရောက်နေသည်။ သူမ ဝင်လိုက်သည်နှင့် ခြံဝင်း တစ်ခုလုံး မည်းမှောင်နေပြီး အနည်းငယ်အေးတိအေးစက်နိုင်ပေသည်။

အခန်းများမှာမူ အခြား အရာများနှင့် ယှဥ်လျှင် သန့်ရှင်းပြီး အိမ်ထဲရှိ ပစ္စည်းတိုင်းမှာ သူ့ နေရာနှင့်သူရှိလှသည်။ သို့သော် သူမသည် သက်ကြီးရွယ်အိုများအတွက် ဖြစ်ပုံရသည့် ပစ္စည်းဟောင်းများကို တွေ့ခဲ့သော်လည်း လျှောက်ပတ် ကြည့်ပြီးသောအခါ မည်သူကိုမျှ မတွေ့ရချေ။

“ဝမ်ဟုန်၊ ရှင့် မိသားစုထဲမှာ တခြားလူတွေရှိသေးလား”

ရှောင်ချင်းလည်း မနေနိုင်ဘဲ မေးလိုက်တော့သည်။

ဝမ်ဟုန်သည် သူမကို ဝေ့ကြည့်ကာ ပြောလိုက်၏။

“အစက ဒီအိမ်မှာ အဘိုးရဲ့ ဝမ်းကွဲ အမျိုးတစ်ယောက်နေခဲ့တာလေ။ အခု သူက သူ့ကလေးတွေနဲ့သွားနေပြီဆိုတော့ ဒီအိမ်ကြီးတစ်ခုလုံး လူ မရှိဘဲထားလို့မဖြစ်ဘူး။ အဲဒါကြောင့် အိမ်ကြီးအသက်ဝင်လာအောင် ငါ့ကို ခဏ လာနေခိုင်းထားတာ”

ရှောင်ချင်းသည် နားလည်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါဆို အခု ဘာလုပ်ကြမလဲ” သူမ ထပ်မေးခွန်းထုတ်လိုက်သည်။

“ငါက ပုံမှန်ဆိုရင် ငါ့ ကုမ္ပဏီအတွက် သုတေသနလုပ်ပြီး အစီအစဥ်တွေ ဆွဲရတတ်တယ်။ မြေအောက်ခန်းမှာ အလုပ်လုပ်တတ်တာမို့ မင်း ဝင်မလာရင် ကောင်းမယ်။ တခြားနေရာတွေကိုတော့ မင်း ကြိုက်သလို သုံးလို့ရတယ်”

ဝမ်ဟုန်မှ သူမအား သတိပေးလိုက်သည်။

ရှောင်ချင်း၏ မျက်လုံးထဲတွင် ဝမ်းနည်းရိပ်များ သန်းသွားသည်။ ဝမ်ဟုန်ကို စတွေ့စဥ်က သူမသည် သူ့ကို ထူးခြားသူဟု ထင်ခဲ့သော်လည်း ယခု အခြေအနေကို ကြည့်ရသည်မှာ ဤလူသည်လည်း သူမ၏ ယခင် ရည်းစား ကောင်လေးကဲ့သို့ပင် အလွန် ထူးခြားမှု မရှိသောလူ ဖြစ်နေသည်ပင်။

Space and Rebirth - 498

Trans: Esth

သို့သော် ရှောင်ချင်းတွင် ယခု သွားစရာနေရာ မရှိသဖြင့် သူမသည် ဝမ်ဟုန်၏ စကားကိုသာ လက်ခံရတော့သည်။ ညဘက် ရောက်သောအခါ သူမသည် မျက်နှာလို မျက်နှာရ လုပ်သည့်အနေဖြင့် စားပွဲအပြည့် စားမြိန်ဖွယ် ဟင်းပွဲများကို ပြင်ဆင်ထားလေသည်။

သူတို့ နှစ်ဦးတည်း ရှိနေသောကြောင့် ပတ်ဝန်းကျင်သည် တစ်မျိုးလေး ဖြစ်သွား၏။ ရှောင်ချင်း၏ မျက်နှာသည် ရှက်သွေးဖြန်းနေပြီး တစ်ချိန်တည်းမှာပင် သူမ၏ စကားများလည်း တဖြည်းဖြည်းဖြင့် နူးညံ့သထက် နူးညံ့လာသည်။

ရှောင်ချင်းသည် ယခင်ကကဲ့သို့ အပြစ်ကင်းစင်သည့် မိန်းမငယ်လေး မဟုတ်တော့ပေ။ အထူးသဖြင့် သူမသည် သူမ၏ ပထမဆုံးအကြိမ်ကို သခင်လေးမုံ့ကဲ့သို့ အောက်တန်းစား လူပေါ်ကြော့ကောင်ဆီ ပေးလိုက်ရခြင်းကို ပြန်တွေးမိလျှင် သူမ ခံပြင်းဒေါသ မထွက်ဘဲ မနေနိုင်ချေ။

ယခုတွင် နေ့စဥ်ရက်ဆက် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးသည် တစ်ခန်းတည်း ရှိနေရသည်ဖြစ်၍ မီးလျှံတစ်ခု တောက်လောင်လာသည်မှာ မဆန်းပေ။ ရက်ပိုင်းခန့်ကြာသော် သူတို့၏ ဆက်ဆံရေးသည် ပို၌ပင် နီးကပ်လာလေသည်။

ထိုအချိန်တွင် ရှောင်ချင်း၏ မောင်လေး နှစ်ဦးမှာလည်း ကျောင်းသို့ တရားဝင် ဝင်ခွင့်ရသွားပြီဖြစ်သည်။

စူးချူသည် သူမ၏ မိဘများအား ရှောင်ချင်း၏ လုပ်ရပ်များကို ပြောပြပြီးသကာလ သူတို့ နှစ်ဦးလုံးသည် အလွန် အံ့သြတုန်လှုပ်သွားပြီး ပြောစရာ စကား ရှာမရတော့ချေ။ သို့သော် သူတို့သည် ရှောင်ချင်းအား ပြန်ခေါ်ရန် စိတ်ကူးတော့ မရှိ။ သူတို့၏ အမြင်တွင် မိန်းကလေးငယ် တစ်ဦးမှ မည်သို့သော ရည်ရွယ်ချက်မျိုး ရှိပါစေ၊ ကြာဆောင် တစ်ခုတွင် “မိမိ ခန္ဓာကိုယ်ကို ရောင်းစားရန်” စာချုပ်အား လိုလိုလားလားဖြင့် လက်မှတ်ထိုးသည်ကို သူတို့ နားမလည်နိုင်သောကြောင့် ဖြစ်၏။

ထို့အပြင် စူးချူ၏ ဖခင်နှင့် ရှောင်ချင်းတို့ မိခင်ကြားထဲတွင် ဆွေမျိုး အချင်းချင်း နီးစပ်မှု မရှိကာ ရှောင်ချင်းသည်လည်း လူကြီး ဖြစ်နေလေပြီ။ ဤမိသားစုမှ ကန်ထုတ်လျှင်ပင် သူမသည် ငတ်သေမည် မဟုတ်ပေ။ ထို့ကြောင့် စူးချူ၏ မိဘနှစ်ပါးလုံးသည် သူမ၏ ဖြေရှင်းပုံကို လက်ခံလိုက်သည်။

သို့သော် ရှောင်ချင်း၏ မောင်ငယ် နှစ်ဦးမှာမူ ယခုထိ အသက်ပြည့်ခြင်း မရှိသေးသည့်အပြင် ရှောင်ချင်းနှင့်စာလျှင် အပြစ်ကင်းသောသူများဖြစ်သည်။ သူတို့အား ရှင်းပြချက်မပေးဘဲ မောင်းထုတ်လိုက်လျှင် သူတို့၏ ဘဝကို ဖျက်ဆီးသည်နှင့် မခြားပေ။ ထို့ကြောင့် ဖခင်ကြီး စူးသည် ကုသိုလ်ကောင်းမှု လုပ်သည်ဟု သတ်မှတ်ပြီး ယခင် အစီအစဥ်အတိုင်း သူတို့အား အမှတ် ၁ အလယ်တန်းကျောင်းထံ အပ်ရန် ငွေကြေး မြောက်များစွာ သုံးစွဲလိုက်လေသည်။

အမှတ် ၁ အလယ်တန်းကျောင်းမှာ တစ်နိုင်ငံလုံးတွင် အကောင်းဆုံးကျောင်း ဖြစ်ပြီး ကျောင်းအပ်စရိတ်မှာလည်း နည်းသော ပမာဏ မဟုတ်ပေ။

စူးချူသည် စိတ်ထဲတွင်တော့ အနည်းငယ် မသဒ္ဒါ။ သူမသာဆိုလျှင် ထိုညီအစ်ကို နှစ်ဦးအား ကျောင်းကောင်းကောင်းသို့ ပို့ပေးမည် မဟုတ်။ သူတို့ နှစ်ဦးပါ ရှောင်ချင်းနှင့် တစ်ပုံစံတည်း ဖြစ်နေလျှင် အဘယ်သို့ လုပ်မည်နည်း။ ထိုအချိန်ရောက်လာလျှင် စူးချူတို့သည် ငွေအလကား ကုန်ရုံမက ကျေးဇူးကြွေးကိုပင် မထောက် ရင်ဝသို့ ဆောင့်ကန်ခံရပေမည်။ ထိုသို့ဆိုလျှင် သူတို့ တစ်မိသားစုလုံး မတရားခံရပြီး သေလိမ့်မည် မဟုတ်လော။

သူမ စဥ်းစားနေချိန်တွင် ကျောင်းမုန့်စျေးတန်းသည် လူများဖြင့် ပြည့်ကြပ်နေသည်။ ကျင်းယွင်ကျောင်းနှင့် အခြားသူများသည် အတူတကွ ထိုင်ကာ ပျော်ရွှင် ရယ်မောစွာဖြင့် စကားပြောနေကြ၏။

သူတို့နှင့် သိပ်မဝေးသော စားပွဲပေါ်တွင် အထက်တန်း ကျောင်းသား တချို့ ထိုင်နေလေသည်။ သူတို့ နှစ်ဦးသားသည် တစ်ထေရာတည်း တူသောကြောင့် ကြည့်လိုက်သည်နှင့် အထင်းသားမြင်နေရ၏။

စူးချူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ယွင်ကျောင်း၊ ဒီနှစ်ရက်အတွင်း ငါ ဘာလို့ ဒီညီအစ်ကို နှစ်ယောက်နဲ့ပဲ တိုးနေတယ်လို့ ခံစားနေရတာလဲ။ သူတို့ ဘာလိုချင်လို့လဲ”

သူတို့သွားနေကျ နေရာများတွင် ဘာမှ ထူးခြားမှု မရှိချေ။ အများအားဖြင့် သူတို့သည် ကျောင်းတွင်ရှိတတ်သော်လည်း အမြဲတမ်းလိုလို အမှတ်မထင် ကြုံတွေ့ရသော အခိုက်အတန့်များ များလာပြီဖြစ်သည်။

ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းဆီမှ သိုင်းပညာ စသင်သည့် အချိန်မှ စ၍ သူမသည် နေ့လယ်တိုင်း လေ့ကျင့်ရေး ဆင်းရန် အားကစားကွင်းသို့ သွားတတ်ပြီး ဤနှစ်ရက်အတွင်းတွင် ကျင်းယွင်ကျောင်းလည်း သူမအနောက်သို့ လိုက်လေ့ရှိ၏။

သူမသည် ဘေးတွင်ထိုင်ကာ စကားမပြောဘဲ စာသာ အေးဆေးဖတ်တတ်သည်။ သို့သော် ထိုအချိန်တိုင်းတွင် ညီအစ်ကို နှစ်ဦး ပေါ်လာကာ အတန်းဖော် အချို့နှင့် ရွှင်မြူးစွာ ဘတ်စကတ်ဘော ကစားတော့သည်။

ယောက်ျားလေးများမှ အားကစားကွင်းသို့ လာသည်မှာ ထူးဆန်းသော အရာ မဟုတ်သော်လည်း ဤနှစ်ဦးသည် ကျောင်းပြောင်းလာသည်မှာ မကြာသေးသူများ ဖြစ်သည်။ သူတို့သည် ပတ်ဝန်းကျင်နှင့် အလွန်လျင်မြန်စွာ နေသားကျနေလေသည်။

သူတို့သည် ဝင်ကစားရန် ဖိတ်ခေါ်ခံရသည်ထက် သူများ ကစားနေသည်ကို အရှက်မရှိ ဝင်ဝင်ပါသည်ဆိုလျှင် ပိုမှန်မည်။ ယခု သူတို့သည် မုန့်စျေးတန်း၌ ထမင်းစားလေ့ မရှိသော်လည်း ရှောင်ညီအစ်ကိုသည် သူတို့နှင့် ဆယ်မီတာအတွင်း ရှိနေသည် မဟုတ်လော။ တိုက်ဆိုင်သည်ဟု ပြောဖို့ရာ လွန်လွန်းလှသည်။

“ငါတို့ ပေါက်ကရ မလုပ်အောင် စောင့်ကြည့်ဖို့ ရှောင်ချင်းက ခိုင်းထားတာ ဟုတ်ရင် ဟုတ်၊ မဟုတ်ရင် ကျောင်းရဲ့အလှလေးတွေ ဖြစ်တဲ့ ငါတို့နဲ့ ရင်းနှီးချင်တာပဲ ဖြစ်ရမယ်”

ကျင်းယွင်ကျောင်းမှ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

သူတို့၏ ယခင်က စာအလွန်တော်ခဲ့သောသူများ မဟုတ်။ စာတော်သည့် ကလေးများ ဖြစ်ပါက စူးမိသားစုမှ ကျောင်းစရိတ်ပင် ပေးစရာ မလိုချေ။ စူးမိသားစုသည် ပညာတတ် မိသားစုဟု ပြောနိုင်ပြီး ပညာရေးအား အလွန်တန်ဖိုးထားလေသည်။ ညီအစ်ကို နှစ်ဦးသည် ယခင်က ဘဝ မတည်ငြိမ်ခဲ့သောကြောင့်သာ ပညာရေးကို လိုက်မစားနိုင်ခြင်းဟု သူတို့ မှတ်ယူခဲ့သည်။ ယခု သူတို့သည် တည်ငြိမ်သော ဘဝကို ဖြတ်သန်းနိုင်ပြီ ဖြစ်ကာ ကျောင်းကောင်းကောင်းတွင်လည်း တက်ရောက်နေပြီ ဖြစ်သောကြောင့် သူတို့တွင် တိုးတက်နိုင်ချေရှိပေသည်။ ထို့ကြောင့် စူးမိသားစုသည် သူတို့အတွက် အားစိုက်ထုတ်ပေးခဲ့ခြင်း ဖြစ်၏။ အလွန်တာဝန်သိစိတ် ရှိသော လူများပင် ဖြစ်သည်။

Space and Rebirth - 499

Trans: Esth

ကျင်းယွင်ကျောင်း၏ စကား နောက်ကွယ်တွင် ယုတ္တိ မရှိသည်တော့ မဟုတ်ပေ။

ရှောင်ချင်းသည် တစ်လောကလုံးမှ လူများကို ယုတ်မာသည်ဟု အမြဲတမ်း တွေးထင်နေသူ ဖြစ်၏။ ကျင်းယွင်ကျောင်းအား စောင့်ကြည့်ရန် သူမ၏ မောင်နှစ်ဦးအား ခိုင်းထားသည်မှာ ဖြစ်နိုင်သည်။ ကျင်းယွင်ကျောင်းမှာ လူကောင်း မဟုတ်မှန်း လက်ဆုပ်လက်ကိုင် ပြနိုင်သည့် သက်သေကို ရှာနိုင်လျှင် အကောင်းဆုံး ဖြစ်သည်ဟု ထင်နေပုံရသည်။ အချိန်တစ်ခုကျလျှင် သူတို့သည် စူးချူအား ကောင်းကောင်း သင်ပြပေးပြီး သူမအား ပျက်စီးစေသည့် အဓိက အရင်းအမြစ်ဆီမှ သူမကို ဆွဲခေါ်ထုတ်ပေးနိုင်သည်။

ထို့အပြင် ညီအစ်ကို နှစ်ဦး စကား ပြောနေလျှင် သူတို့ကို ဝိုင်းနားထောင်နေသော ကျောင်းသားများစွာသည် ဂရုတစိုက်ဖြင့် နားထောင်တတ်ကြပြီး တခါတလေတွင် သူတို့၏ မျက်လုံးများသည် စူးချူနှင့် ကျင်းယွင်ကျောင်းအားပင် ဖျတ်ခနဲ ကြည့်တတ်ကြ၏။ သူတို့သည် စူးချူတို့ နှစ်ဦးအား သုံးပြီး လူ အာရုံစိုက်မှုကို ခံလိုခြင်း ဖြစ်မည်။

စူးချူ မဲ့ပြုံးပြုံး လိုက်သည်။

“သူတို့နဲ့ ရှောင်ချင်းက တကယ် မောင်နှမ အရင်းတွေလို့ မပြောရဘူး။ သူတို့ ဒီကျောင်းတက်ဖို့ ငါ့အဖေ ဘယ်လို စီစဥ်ခဲ့ရသလဲဆိုတာ တွေးလိုက်ရင် ဒေါသထွက်လွန်းလို့ ငါ့ ရင်ဘတ်ကြီး တစ်ခုလုံး ပေါက်ကွဲတော့မယ့် အတိုင်းပဲ”

“ငါ့ဝမ်းကွဲက လူခင်တတ်တယ်။ ငါ့ ဝမ်းကွဲက နေတတ် ထိုင်တတ်တယ်ဆိုပြီး နင်ပဲ ငါတို့ကို ကြွားခဲ့တာ မဟုတ်ဘူးလား”

ကျင်းယွင်ကျောင်း တမင် ပြောလိုက်သည်။

“အစ်မ အဲ့တုန်းက သူတို့က အဝေးကလာတဲ့ ဧည့်သည်တွေလေ အဲ့တော့ သူတို့ကို အကောင်းပဲမြင်မှာပေါ့”

စူးချူသည် စိတ်မွန်းကြပ်လွန်းသဖြင့် သေမလိုဖြစ်နေ၏။

ကျင်းယွင်ကျောင်း ပြုံးလိုက်သည်။ သူမသည် စူးချူ၏ ခံစားချက်များကို ကောင်းကောင်း နားလည်လေသည်။

ထိုအချိန်တွင် သူမသည် စားနေရင်း သူမအနီးအနားမှ လှုပ်ရှားမှုများကို နားစွင့်နေခဲ့သည်။ လှုပ်ရှားမှုများ ငြိမ်သက်သွားသောအခါ ထိုစားပွဲဝိုင်းမှ ကျောင်းသားများ၏ စကားသံကို ကြားရတော့သည်။

“မင်းတို့ နှစ်ယောက်က စူးချူရဲ့ ဝမ်းကွဲတွေလို့ နေ့တိုင်း ပြောပေမယ့် သူ့ကို ဘာလို့ တစ်ခါမှ သွားမနှုတ်ဆက်တာလဲ။ စူးချူက မင်းတို့ကို မကြိုက်ဘူးလို့တောင် ပြောတယ်။ ငါတော့ သိပ်မယုံဘူးကွ။ စူးချူဆိုတာ ကျောင်းက မိန်းမလှတွေထဲ လူ အခင်တတ်ဆုံး မိန်းကလေးဆိုတာ တစ်ကျောင်းလုံး သိတယ်လေ”

ယောက်ျားလေး တစ်ဦးမှ ပြောလိုက်သည်။

“ဟုတ်တယ်။ ငါ့ အစ်မက သူ့ကြောင့် အိမ်ပေါ်ကနှင်ချခံရတာ။ ရဲတွေ ရှေ့မှာ သူ ဘယ်လောက် အော်ဟစ် ငိုယိုပြမှန်း မင်းတို့ လုံးဝ သိမှာ မဟုတ်ဘူး...”

ရှောင်လျန်းမှ ပြောလိုက်သည်။

“မင်းတို့ ပြောနေတာ ဘယ်က အပေါက်ဆိုးတဲ့ မိန်းမလဲ။ ဘယ်လိုလုပ် စူးချူဖြစ်နိုင်မှာလဲ။ စူးချူဆိုတာ ယောက်ျားလေးတိုင်းရဲ့ နှလုံးသားထဲက နတ်ဘုရားမလေးပဲ။ သတိထားနော်၊ မင်းတို့ ဒီလို မဟုတ်တာတွေ ဆက်ပြောနေရင် တစ်ယောက်ယောက်က မင်းတို့ကို ပြသာနာ လာရှာလိမ့်မယ်”

သူ့ဘေးမှ စိတ်ကောင်း နှလုံးကောင်း ရှိသော အတန်းဖော် တစ်ဦးသည် ချက်ချင်းပင် သူ့အား သတိပေးလိုက်၏။

ရှောင်လျန်းသည် ထိုသူ၏ စကားကို လုံးဝဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

“မဟုတ်တာ ပြောနေတာ မဟုတ်ဘူး။ ငါ မင်းတို့ကို ပြမယ်။ ဒီမှာ ကြည့်...”

သူသည် ပြောပြောဆိုဆိုဖြင့် သူ၏ အိတ်ကပ် အတွင်းမှ ဖုန်းအား ထုတ်လိုက်၏။

ဤကျောင်းသည် ကျောင်းသားများအား ဖုန်းယူလာခွင့် မပေးချေ။ သို့သော် အမှတ် ၁ အလယ်တန်းကျောင်းမှ ကျောင်းသား အများစုသည် မိသားစုနောက်ခံတောင့်ပြီး အဆောင်တွင်နေသော ကျောင်းသား များစွာ ရှိ၏။ ထို့ကြောင့် သူတို့ဖုန်းသုံးနိုင်သော နေရာများစွာ ရှိလေသည်။ အများအားဖြင့် ဆရာ၊ ဆရာမများကပါ မမြင်ချင်ယောင်ဆောင်ပေးတတ်သည်။ အတန်းထဲတွင် မသုံးသရွေ့ အပြစ်ပေးခြင်းခံရမည် မဟုတ်ပေ။

ရှောင်လျန်း၏ ဖုန်းသည် အိုဟောင်းနေပြီ ဖြစ်သော်လည်း ရှိသည့် ရှိထိုက်သည့် လုပ်ငန်းဆောင်တာများ အားလုံး ရှိသေးသည်။

သူသည် ကျောင်းသားများရှေ့တွင် ဖုန်းကို ဖွင့်ပြလိုက်သောအခါ သူတို့အားလုံးသည် ချက်ချင်းဆိုသလို ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။

“တကယ် စူးချူပဲ...”

“ဒါပေမယ့် သူ ငိုလည်း မငိုဘူး။ အော်လည်း အော်မနေဘူးလေ။ ဒါက သာမန် မိသားစု ဓာတ်ပုံပဲဟာ။ အများဆုံးပြောရရင် ဝတ်ထားတာက အိမ်နေရင်းအဝတ် ဖြစ်ရုံပဲလေ။ ကျောင်းမှာလောက် သပ်သပ်ရပ်ရပ်နဲ့ လှလှလေး မဖြစ်ရုံပဲ”

တစ်စုံတစ်ယောက်မှ ငြင်းလိုက်သည်။

ရှောင်ညီ အစ်ကို နှစ်ဦးသည် ဟက်ခနဲ ရယ်လိုက်ကာ အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် ရှောင်ယီသည် ယုတ်မာသော အပြုံးဖြင့် ပြောလိုက်၏။

“စူးချူရဲ့ တခြား အိမ်နေရင်း ပုံတွေကို လိုချင်လား။ သူ့မှာ ညအိပ် ဝတ်စုံ လှလှလေးတွေ အများကြီး ရှိတာ ငါ သိတယ်။ အဲ့ညအိပ် ဝတ်စုံတွေကို အိမ်မှာ ဝတ်ပြီး လျှောက်သွားတတ်တယ်လေ...”

သူသည် ထိုစကားကို ပြောလိုက်သည်နှင့် ယောက်ျားများ၏ မျက်လုံးအရောင် တောက်ပသွားကြသည်။

“ဒီလိုလုပ်တာ မကောင်းဘူး မှတ်လား”

သူတို့သည် အနည်းငယ် မျှော်လင့်နေကြသော်လည်း ချီတုံချတုံ ဖြစ်နေလေ၏။

“ဟဲဟဲ၊ မကောင်းတယ် ရှိမလား။ ဖာချနေတာမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် ငါတို့ကို ကံကြမ္မာက မျက်နှာသာ ပေးနေတယ်။ မင်းတို့ တောင်းဆိုသမျှ ဓာတ်ပုံတိုင်းကို ငါတို့ ယူပေးနိုင်တယ်”

ညီအစ်ကို နှစ်ဦးသည် စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။

“ဒါပေမယ့် ငါတို့ ဝမ်းကွဲသာ သိသွားရင် ငါတို့ကို သေချာပေါက် ကြည်တော့မှာ မဟုတ်ဘူး၊ ငါတို့ကို အိမ်ကနေပါ နှင်ချနိုင်တယ်။ အဲ့အန္တရာယ်တော့ ရှိတာပေါ့လေ။ အဲ့တော့ ဓာတ်ပုံ တစ်ပုံကို အနည်းဆုံး ယွမ် နှစ်ဆယ်ပဲ၊ တခြားပုံတွေထက် ကြည်တာ၊ လှတာ၊ ဒါမှမဟုတ် ရှားတဲ့ ပုံတွေကိုတော့ ယွမ် တစ်ရာ၊ မလျှော့ပေးနိုင်ဘူး။ မင်းတို့ကောင်တွေ စိတ်ဝင်စားလား”

Space and Rebirth - 500

Trans: Esth

ညီအစ်ကို နှစ်ဦး၏ စကားဆုံးသည်နှင့် ထိုစားပွဲဝိုင်းရှိ ကျောင်းသားများလည်း အနည်းငယ် စိတ်ဝင်စားသွားသည်။ မကြာမီတွင် သူတို့သည် စတင်၍ စျေးဆစ်ကြတော့သည်။

အရာအားလုံးကို ကြားလိုက်သော ကျင်းယွင်ကျောင်း၏ မျက်နှာသည် သုန်မှုန်ကာ ကြောက်မက်ဖွယ်ဖြစ်နေ၏။ ယမန်နှစ်ကူးမှ ကိစ္စများကြောင့် စူးချူသည် စူးမိသားစုအိမ်တွင် နေလျက်ရှိပြီး သူတို့သုံးဦးသား မူလကနေခဲ့သည့် နွေးထွေးသောနှလုံးသား ဥယျာဥ်သို့ အိမ်မပြောင်းခဲ့ချေ။ ထို့အပြင် စူးချူ မိဘနှစ်ပါးသည် အလွန် အလုပ်ရှုပ်နေလေသည်။ သူတို့ မအားသည့်အချိန်တွင် ညီအစ်ကို နှစ်ဦးသည် အိမ်ကိုဖျက်ဆီးမည်ကို သူမစိုးရိမ်ပူပန်နေခဲ့သောကြောင့် မိသားစုအိမ်တွင် လောလောဆယ် နေမည်ဟု သူမ ဆုံးဖြတ်ထား၏။

သို့သော် ဤညီအစ်ကို နှစ်ဦးမှာ ဤကဲ့သို့ အတွေးအခေါ်မျိုး ရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

ထိုအချိန်တွင် စူးချူသည် ပဟေဠိ ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။

“အစ်မ၊ နေမကောင်းဘူးလား။ ဘာလို့ မျက်နှာက ဒီလောက်တောင် ဖြူဖတ်ဖြူရော် ဖြစ်နေတာလဲ”

“ဖျတ်” ဟူသော အသံနှင့်အတူ ကျင်းယွင်ကျောင်းသည် သူမ၏ တူများကို စားပွဲပေါ်ချလိုက်၏။

“ဒီအတိုင်း ရွံစရာကောင်တွေကို မြင်လိုက်ရလို့”

ကျင်းယွင်ကျောင်းသည် မတ်တပ်ရပ်လိုက်ပြီး ရှောင်ညီ အစ်ကိုတို့ ရှိရာသို့ လှမ်းသွားလိုက်သည်။

“အစ်မ”

စူးချူသည် အနောက်မှ ခေါ်နေ၏။ သူမသည် မည်သည့်ကိစ္စ ဖြစ်ပွားသွားမှန်း မသိခဲ့ချေ။

ထိုအချိန်တွင် ညီအစ်ကို နှစ်ဦးဖြစ်သော ရှောင်လျန်းနှင့် ရှောင်ယီသည် တစ်ပြိုင်နက်တည်းတွင် သူတို့၏ ခေါင်းများကို လှည့်ကြည့်လိုက်၏။ ကျင်းယွင်ကျောင်းကို တွေ့လိုက်သောအခါ သူတို့၏ မျက်လုံးထဲတွင် ရွံရှာ စက်ဆုပ်ဟန်များ ပြည့်သွားသည်။ တစ်ထေရာတည်းတူသော မျက်နှာ နှစ်ခုသည် သူမအား မသိသကဲ့သို့ပင် အမြင်ကတ် ပုဒ်မဖြင့် ခေါင်းများကို ပြန်လှည့်သွားကြ၏။

စားပွဲဝိုင်းရှိ အခြား ကျောင်းသားများသည် ပြောစရာ စကားများ ပျောက်ရှသွားကာ အပြစ်ရှိသလို အနည်းငယ် ခံစားလိုက်ရသည်။

ကျင်းယွင်ကျောင်းနှင့် စူးချူဆိုသည်မှာ အလွန်ကောင်းသော ဆက်ဆံရေးရှိမှန်း သူတို့လည်း သိနေကြသောကြောင့် ဖြစ်သည်။ သို့သော် သေချာ စဥ်းစား ကြည့်လိုက်သောအခါ စားပွဲဝိုင်း နှစ်ခုသည် အချင်းချင်း နီးကပ်နေသော်လည်း ပတ်ဝန်းကျင်အသံများမှာ အတန်ငယ် ဆူညံနေပေသည်။ သူတို့ ယခု ပြောလိုက်သော စကားများအား ကျင်းယွင်ကျောင်းတို့ မကြားလောက်ပေ။

ထိုမှသာ သူတို့အနည်းငယ် စိတ်အေးသွားရသည်။ ကျင်းယွင်ကျောင်းကို တွေ့လိုက်ပြီးနောက် ကျောင်းသား နှစ်ဦးသည် သူမအား ရင်းနှီးသကဲ့သို့ အော်ခေါ်လိုက်၏။

“မင်္ဂလာပါ စီနီယာ”

ကျင်းယွင်ကျောင်းသည် တစ်တန်းလုံးတွင် နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ သူတို့သည် ကျင်းယွင်ကျောင်းထက် တစ်နှစ်ငယ်ကြသော်လည်း သူမအကြောင်း များစွာ ကြားဖူးပြီးသားဖြစ်၏။ ထို့အပြင် မကြာသေးမီကပင် ကျင်းယွင်ကျောင်းသည် လူမှောင်ခိုကူးမှု ကိစ္စနှင့် ပတ်သတ်၍ ရဲများကို ကူညီပေးခဲ့ပြီး ကျောင်းမှ ချီးကျူးခံနေရသောသူ ဖြစ်သည်။ သူမအား မသိပဲနေရန် ခက်ခဲပေသည်။

ထို့အပြင် ကျင်းယွင်ကျောင်း၏ နာမည်မှာလည်း ကျောင်း မိန်းမလှများ စာရင်းတွင် ပါဝင်လေသည်။ သို့သော် သူမ စရိုက်မှာ အေးတိအေးစက်နိုင်ပြီး သွားရှုပ်၍ မရသောပုံစံ ဖြစ်နေသောကြောင့် စူးချူကဲ့သို့ လူချစ်လူခင် မပေါပေ။

ကျင်းယွင်ကျောင်းသည် ဤကျောင်းသားများကို တစ်ချက်မျှသာ ကြည့်ပြီး နှုတ်ခမ်းကို ကွေးလိုက်ကာ ဟက်ခနဲ ရယ်လိုက်သည်။ ထို့နောက်တွင် သူမသည် သူမ အရှေ့၌ ရှိနေသော ပန်းကန်အား ကောက်ယူပြီး စားလက်စ ထမင်းဟင်းများကို ရှောင်လျန်းနှင့် ရှောင်ယီတို့ ခေါင်းပေါ်တွင် ဆောင့်ချလိုက်သည်။

တစ်ခဏချင်းတွင် ထမင်းစေ့များနှင့် ဟင်းရွက်အရည်များသည် သူတို့၏ တစ်ခေါင်းလုံးတွင် ပွစာကျဲသွားသောကြောင့် ဆီတရွှဲရွှဲဖြင့် ရွံစရာ ပုံစံ ဖြစ်သွားကြ၏။

“နင်...”

ကျင်းယွင်‌ကျောင်း အဘယ်ကြောင့် ဤသို့ လုပ်နေရသည်ကို အခြား ကျောင်းသားများသည် နားမလည်သော်လည်း သူတို့ ယခုလေးတင် ပြောလိုက်သောအရာများကို ပြန်စဥ်းစားကြည့်လိုက်သောအခါ သူတို့ကိုယ် သူတို့ ယုံကြည်ချက်ပျောက်ဆုံးသွားကြလေသည်။ သူတို့သည် အားလျော့သော အသံဖြင့် မေးလိုက်ကြသည်။

“ဘာလုပ်တာလဲဗျ...”

တစ်ဖက်တွင်မူ ရှောင်ညီ အစ်ကိုသည် ကျင်းယွင်ကျောင်းကြောင့် ခေါင်းတစ်ခုလုံး စုတ်ပြတ်နေပြီဖြစ်၏။ ယခုသူတို့သည် အစားအသောက်များဖြင့် ဖုံးလွှမ်းခံရပြီ ဖြစ်၍ ကောင်ငယ်လေးများ၏ မာနသည် ချက်ချင်းဆိုသလို သူတို့၏ ဦးနှောက်ကို ထိန်းချုပ်လိုက်လေသည်။ သူတို့သည် ရုတ်ချည်းပင် ထလိုက်ပြီး စားပွဲပေါ်ရှိ အခြားပန်းကန်များကို ကောက်ယူကာ ကျင်းယွင်ကျောင်းအား တိုက်ခိုက်မလို ဟန်ပြင်လိုက်ကြ၏။

ကျင်းယွင်ကျောင်းသည် အေးတိအေးစက်ဖြင့် သူတို့အား အသာအယာသာ ဝေ့ကြည့်လိုက်ပြီး သူတို့၏ တိုက်ခိုက်မှုကို ကာဆီးရန် လက်ကို မြှောက်လိုက်သည်။ ထိုလက်သည် သူတို့၏ မျက်နှာများကို တိုက်ရိုက်ဖုံး လွှမ်းသွားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သည်ထိ ထိုးချလိုက်တော့သည်။ ပန်းကန်များကျကွဲသွားသောအခါတွင် ယောက်ျားလေးနှစ်ဦး၏ နှာခေါင်းသည် ထမင်းစေ့များဖြင့် ပိတ်နေကာ အလွန်ရွံစရာ ကောင်းသော ပုံစံ ဖြစ်နေတော့၏။

“ကျင်းယွင်ကျောင်း၊ ငါတို့ အစ်မ ပြောတာ နည်းနည်းမှ မမှားဘူးပဲ။ နင်က လူကောင်း မဟုတ်ဘူး ပြီးတော့ နင်က ငါတို့ ဝမ်းကွဲ အစ်မကိုတောင် လမ်းလွဲအောင် လုပ်တယ်....”

ရှောင်ယီသည် ဒေါသပုန် ထနေကာ ကျင်းယွင်ကျောင်းအား လက်ညှိုး တထိုးထိုးဖြင့် ကျိန်ဆဲနေလေ၏။ ကျင်းယွင်ကျောင်းသည် ထိုသူ၏ လက်ညှိုးအား ဆုပ်ညှစ်ကိုင်ကာ သူမမျက်နှာ‌ရှေ့မှ ဖယ်ရှားလိုက်ပြီး ချက်ချင်းဆိုသလို သူ၏ ဝမ်းဗိုက်အောက်ကို ကန်ချလိုက်သည်။ ထို့နောက်တွင် သူမသည် သူတို့အား ညှာမနေတော့ချေ။ သူမသည် စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ သူတို့အား အသေအကြေ ထိုးနှက်လေတော့သည်။

ပတ်ဝန်းကျင်မှ လူများအားလုံး ရုတ်တရတ်ဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

ကျောင်းတွင် ကျင်းယွင်ကျောင်းနှင့် ပတ်သတ်သော ကောလဟလများစွာ ရှိကြသည်။ သူမသည် အခြားသူတစ်ယောက်ကို ကျောင်းတွင် ထိုးကြိတ်သည်မှာ ပထမဆုံး အကြိမ် မဟုတ်ပေ။ ကြည့်လိုက်သည်နှင့် သူမကဲ့သို့ မိန်းကလေးမျိုး နောက်တစ်ယောက် မရှိနိုင်သည်မှာ သိသာလှသည်။

ယခင်က လူများစွာသည် ကျင်းယွင်ကျောင်း၏ အကြမ်းဖက်မှုကို ကြားရုံသာ ကြားဖူးသော်လည်း ယခုတွင် လက်သီးဖြင့် ထိုးကြိတ်နေပုံကို သူတို့မျက်မြင်ကိုယ်တွေ့ မြင်ခဲ့လေပြီ။ အထိုးခံရသောလူများ မပြောနှင့်၊ အဝေးမှ ကြည့်သော လူများပင်လျှင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထနေကြသည်။

မုန့်စျေးတန်းတွင် လူများစွာ ရှိနေကြသော်ငြား သူတို့ တစ်ယောက်ချင်းစီတိုင်းသည် ဘာပြောရမည်ကို မသိဘဲ ထိတ်လန့်အံ့သြမှုဖြင့်သာ ရပ်ကြည့်နေကြ၏။ သို့သော် ကျင်းယွင်ကျောင်း၏ အတန်းဖော်မိန်းကလေး အချို့မှာမူ ကျင်းယွင်ကျောင်းအား ကြည်ညိုနေသော ပုံစံများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကျင်းယွင်ကျောင်းက ဘာလို့ သူများကို ထိုးနေလဲမသိပေမယ့် သူ့ကြည့်ရတာ...အရမ်းချောတာပဲ…”

All Chapters