အခန်း (၅၀၁-၅၀၄)
Vol. 26 Ch. 501-504
Space and Rebirth - 501
Trans: Esth
ဘေးနားတွင် ရှိနေသာ ရှောင်ဟိုင်ချင်းသည် အတန်းဖော် တစ်ဦးဆီမှ ဤကဲ့သို့ အရူးအမူးဆန်သည့် စကားများကို ကြားလိုက်ရသောအခါ ပြောစရာ စကားပင် ပျောက်ရှသွားသည်။ သူမသည် စူးချူကို ကြည့်ကာ တမင် စလိုက်သည်။
“နင့် ဝမ်းကွဲလေးတွေ အဆော်ခံနေရတယ်နော်။ သွား မကူညီချင်ဘူးလား”
“လုံးဝပဲ”
စူးချူ ချက်ချင်း ငြင်းဆန်လိုက်သည်။
“ခံရတာတောင် နည်းသေးတယ်။ ငါ့ အစ်မက ဘယ်တော့မှ လူတွေကို အကြောင်း မရှိဘဲ ရိုက်မှာမဟုတ်ဘူး”
များမကြာမီတွင် ကျင်းယွင်ကျောင်းသည် လက်သီးဆုပ်ကို ဖြေလျှော့လိုက်၏။ သို့သော် ညီအစ်ကို နှစ်ဦးမှာမူ ဖူးယောင်ကိုင်းနေသောမျက်နှာ၊ ကျိုးနေသော နှာခေါင်းများနှင့်အတူ မြေပြင်ပေါ်တွင် လဲနေပြီ ဖြစ်သည်။ သူတို့သည် အလွန်အမင်း နှာခေါင်းသွေးလျှံလျက် ရှိပြီး ပါးစပ်များကိုဟကာ တစ်ပြိုင်နက်တည်းပင် ကျွတ်နေသော သွားတစ်ချောင်းစီအား ထွေးထုတ်လိုက်ကြ၏။
“ငါ-ငါ ဆရာမကို တိုင်ပြောမယ်...ကျင်းယွင်ကျောင်း၊ နင်က တကယ် တရား မကြောက်၊ ဓား မကြောက်ပဲ...”
ရှောင်လျန်းသည် ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးရင်း ငိုတော့သည်။ မျက်ရည်ရော နှပ်ပါ ရောထွေးရင်း ငိုနေသော ယောက်ျားလေးတစ်ဦး၏ စကားကို အတည်ယူရန် ခက်ခဲလှလေသည်။
“ဟုတ်ပြီလေ၊ ဆရာမကို သွားရှာလိုက်။ ကျောင်းအုပ်ဆရာကြီးကိုပါ ခေါ်ပြီး နင်တို့ နှစ်ယောက် ဘာလုပ်ခဲ့လဲဆိုတာ မေးခိုင်းရင် အကောင်းဆုံးပဲ”
ထိုစကားကို ပြောပြီးနောက် ကျင်းယွင်ကျောင်းသည် ညီအစ်ကို နှစ်ဦးနှင့် တစ်ဝိုင်းတည်းထိုင်နေသော ကျောင်းသားများကို လှည့်ကြည့်ကာ ခနဲ့ပြုံးဖြင့် ပြောလိုက်၏။
“ခုနက အဲ့ဓာတ်ပုံတွေကို ဝယ်တယ်ဆိုတာ ဘယ်လိုအောက်တန်းစား လုပ်ရပ်မျိုးလဲ နင်တို့ သိလား”
'ဓာတ်ပုံတွေ၊ ဟုတ်လား'
စူးချူနှင့် ရှောင်ဟိုင်ချင်းသည် အလွန် အံ့အားသင့်သွားသည်။ သူတို့သည် တစ်ချိန်လုံး ကျင်းယွင်ကျောင်းနှင့် အတူ ထိုင်ခဲ့ခြင်း ဖြစ်၏။ သူတို့သည် အဘယ်ကြောင့် ဓာတ်ပုံ ကိစ္စကို မသိလိုက်ရသနည်း။
ထိုကျောင်းသားများသည် ရှောင်ညီအစ်ကို၏ လမ်းလွှဲခြင်းကို ခံရခြင်းသာ ဖြစ်၍ ကျင်းယွင်ကျောင်းသည် သူတို့အား ဘာမျှမလုပ်ချေ။ သူတို့သာ နောက်ဆုံးချိန်ထိ ဝန်မခံလျှင် သူမကြောက်နေမည် မဟုတ်ချေ။ တစ်ယောက်ပြီး တစ်ယောက် သူတို့ ပြောခဲ့သော စကားများအား မှတ်မိသည်ထိ သင်ခန်းစာ ပေးမည် ဖြစ်၏။
ကျင်းယွင်ကျောင်းမှ ထိုသို့ပြောလိုက်သောအခါ ကျောင်းသားများ၏ မျက်နှာ အသွင်အပြင်သည် အလွန်အမင်း ပြောင်းလဲသွားလေ၏။
“ကြား...ကြားလိုက်တာလား”
ကျင်းယွင်ကျောင်း၏ အကြားစွမ်းရည်သည် အလွန် ကောင်းလွန်းနေသည် မဟုတ်လော။ အစောပိုင်းက သူတို့၏ အသံသည် တိုးတိတ်ညင်သာခြင်း မရှိသော်လည်း တမင်တကာ အသံအား ထိန်းပြောခဲ့လေသည်။ ထို့အပြင် သူတို့ အနားတွင် သူတို့ထက်ပင် ပိုကျယ်လောင်စွာ စကားပြောနေကြသော လူများစွာ ရှိ၏။ မုန့်စျေးတန်း အလယ်တွင် ရှိသော စားပွဲ မပြောနှင့်၊ သူတို့နှင့် ကပ်လျက် စားပွဲဝိုင်းတွင် ထိုင်နေလျှင်ပင် ရှင်းရှင်းလင်းလင်း ကြားနိုင်လောက်မည် မဟုတ်ပေ။
“အဲဒါ...ဒီအတိုင်း နောက်နေကြတာပါ...”
ကျောင်းသားများသည် တုံးအသော သူများ မဟုတ်သောကြောင့် အသံကို နိမ့်ကာ သုတ်သီးသုတ်ပြာဖြင့် ရှင်းပြလိုက်သည်။
သူတို့သည် စူးစမ်းချင်ရုံသာရှိပြီး အကြံဆိုး၊ အကြံယုတ်များ မထားတတ်ကြချေ။ ထို့အပြင် ရှောင်လျန်းနှင့် ရှောင်ယီသည် ညအိပ် ဝတ်စုံပုံများကိုသာ ရိုက်ထားမည်ဟု ပြောခြင်းဖြစ်ပြီး ကိုယ်လုံးတီးပုံဟု မပြောခဲ့ချေ။ သူတို့တွင်လည်း အကန့်အသတ် ရှိပေသည်။
“နောက်နေကြတာ။ ငါလည်း နင်တို့ကို နောက်ပေးရမလား”
ကျင်းယွင်ကျောင်း၏ အေးစက်သော အသံကြောင့် သူတို့၏ ဦးရေပြားပင် တွန့်သွားသည်။ သူမသည် ထိုသူများအား စိုက်ကြည့်ကာ ပြောလိုက်၏။
“နင်တို့ကို သတိမပေးဘူး ဆိုပြီး ငါ့ အဆိုးမဆိုနဲ့။ ခဏနေ ဆရာမကို အကျိုး အကြောင်း ရှင်းပြရင် နင်တို့ တကယ် စနောက်နေတာလို့ ထင်ရင် ထင်သွားဦးမယ်။ ဒါပေမယ့် ဟိုကောင်တွေက သူတို့ ဖုန်းထဲမှာ ရှိတဲ့ ပုံကို နင်တို့ကို ပို့ပေးလိုက်ပြီမှတ်လား။ တစ်ယောက်ချင်းစီ စစ်ကြည့်ရင် တစ်ချက်တည်းနဲ့ အဖြေပေါ်မှာပဲ”
ကျောင်းသားများသည် ကြောက်လွန်းသဖြင့် မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်ကုန်ကြသည်။ သူတို့သည် အိတ်ကပ်ထဲရှိ မိမိတို့ ဖုန်းများကို ဆုပ်ကိုင်ပြီး မလုံမလဲ ဖြစ်နေကြသည်။
သူတို့သည် သာမန်ကျောင်းသားများသာ ဖြစ်သည်။ အမှတ် ၁ အလယ်တန်းကျောင်းသို့ ဝင်ခွင့်ရသော ကျောင်းသား အရေအတွက်မှာ အလွန်နည်းသောကြောင့် သူတို့သည် ဤနေရာတွင် ပညာသင်ကြားရန် အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြသည်။ သူတို့၏ မိသားစုများမှာလည်း သူတို့အပေါ် မျှော်မှန်းချက်များ ကြီးမား၏။ သူတို့သာ ဖုန်းထဲရှိ ဓာတ်ပုံများဖြင့် မိသွားလျှင် ဆရာမသည် သူတို့မိဘများအား သေချာပေါက် အကြောင်းကြားပေတော့မည်။
ကျောင်းသားများသည် တုန်ယင်နေသောအကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့သည် ငတုံးများ မဟုတ်ကြပေ။ အစောပိုင်းက ရှောင်လျန်းနှင့် ရှောင်ယီတို့ ဓာတ်ပုံများကို ထုတ်ပြစဥ်တွင် သူတို့သည် တစ်ခုခု မှားနေသည်ဟု ခံစားနှင့်ပြီး ဖြစ်သည်။ သူတို့သည် အနည်းငယ်မျှော်လင့်ချက်ထားမိရုံသာ အပြစ် ရှိ၏။ ထို့အပြင် သူတို့၏ အတန်းဖော်များစွာလည်း ရှိနေကြသောကြောင့် သူတို့ထဲမှ တစ်ယောက်သာ ဓာတ်ပုံ မဝယ်ရဲကြောင်း စကားစမိလျှင် ထိုသူသည် ယောက်ျား မပီသသည့်ပုံ ပေါက်ကာ ဖယ်ကျဥ်ခံရမည် မဟုတ်ပေလော။ သို့သော် ယခုမူ ထိုသို့မဟုတ်တော့ချေ။ သူတို့သည် ဤကိစ္စ၏ အတိမ်အနက်ကို ပြောနိုင်ပေပြီ။
သူတို့ပုံစံကို ကြည့်သည်နှင့် ကျင်းယွင်ကျောင်းသည် သူတို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်မှန်း သိလိုက်သည်။ ထိုအချိန်တွင် ညီအစ်ကို နှစ်ဦးဖြစ်သော ရှောင်လျန်းနှင့် ရှောင်ယီသည် ငိုချင်သော်လည်း မျက်ရည်များ မထွက်တော့ချေ။ သူတို့သည် ဒေါသလည်း ထွက်ကာ ကြောက်လည်းကြောက်နေကြ၏။
Space and Rebirth - 502
Trans: Esth
ကျောင်းခေါင်းဆောင်များသည် အမြဲတမ်း ခြေတစ်လှမ်း နောက်ကျပေသည်။ သူတို့ ရောက်ရှိသောအချိန်တွင် ရှောင်ယီနှင့် ရှောင်လျန်းတို့နှစ်ဦးလုံးသည် မတ်တပ်ပင် မရပ်နိုင်လောက်သည်ထိ အထိုးခံရပြီး ဖြစ်သည်။ ကျင်းယွင်ကျောင်းမှာမူ ပုန်းလည်း မပုန်း၊ ပြေးလည်း မပြေးဘဲ ဘေးတွင် မိန့်မိန့်ကြီး ထိုင်စောင့်နေလေ၏။
သူမကို ကြည့်လိုက်လျှင် ထိုသူတို့အား ထိုးကြိတ်ထားသူမှာ သူမ မဟုတ်သကဲ့သို့ပင်။ ကျောင်း ဌာနမှူးသည် ကျင်းယွင်ကျောင်းကို တွေ့လိုက်သည်နှင့် ခေါင်းစကိုက်လာတော့သည်။
သူမသည် ထူးချွန်သော ကျောင်းသူ တစ်ဦး ဖြစ်သည်မှာ မှန်သော်လည်း ပြသာနာ အလွန်ရှာပေသည်။ ထို့အပြင် သူမသည် မိန်းကလေး တစ်ဦးဖြစ်သည်။ ဤကဲ့သို့ အင်အားမျိုးကို သူမ မည်သည့်နေရာမှ ရခဲ့မှန်း မသိသော်လည်း သူမသည် ထောင်ထောင်မောင်းမောင်း ယောက်ျားလေး နှစ်ဦးအား မျက်ရည်လည်ရွှဲဖြစ်သည်ထိ ထိုးကြိတ်ခဲ့ပေသည်။
ရုပ်တစ်ထေရာတည်း တူသောကြောင့် ဤအမွှာနှစ်ဦးကို ဌာနမှူး သိနေခဲ့သည်။ သူတို့ ကျောင်းပြောင်းလာခဲ့စဥ်တွင် သူတို့၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ခဲ့ဖူး၏။
“ကျင်းယွင်ကျောင်း၊ ဘာတွေဖြစ်နေတာလဲ”
ဌာနမှူးသည် သက်ပြင်းချကာ စကားမပြောနိုင်သည့်ဟန်ဖြင့် မေးလိုက်သည်။
မြီးကောင်ပေါက် ကလေးများသည် လူကြီးကို အာခံတတ်သော အရွယ် ရောက်နေသည်ကြောင့်လားမသိ ဤကျောင်းသားများကို စာသင်ရသည်မှာ တစ်နေ့ထက် တစ်နေ့ ပိုပို၍ ခက်ခဲလာပေသည်။ လွန်ခဲ့သော ရက်ပိုင်းကပင် တစ်ကျောင်းလုံးမှ သူမအား ချီူးကျူးကြောင်း ကြေညာထားသော်လည်း မျက်စိတစ်မှိတ် အတွင်းတွင် သူမသည် လူများစွာ ရှေ့၌ ပြသာနာ ရှာခဲ့ပြန်၏။
ကျင်းယွင်ကျောင်း ဘာမျှ မပြောနိုင်ခင်မှာပင် ရှောင်ညီ အစ်ကိုနှင့်အတူ တစ်ဝိုင်းတည်း ထိုင်ခဲ့သော အတန်းဖော်တစ်ဦးမှ ထပြောလိုက်သည်။
“ဌာနမှူး...ကျွန်တော်တို့ အမှားလုပ်မိလို့ စီနီယာက စိတ်ဆိုးသွားတာပါ”
“ရှောင်-ရှောင်လျန်းနဲ့ ရှောင်ယီက ကျွန်တော်တို့နဲ့ စကားပြောနေတာပါ။ သူတို့ကိုယ်သူတို့ စူးချူရဲ့ ဝမ်းကွဲတွေလို့ ပြောပါတယ်။ ကျွန်တော်တို့က သူတို့ကို မယုံတာနဲ့ သူတို့က ဓာတ်ပုံ တချို့ ထုတ်ပြီး သက်သေပြပါတယ်...”
ဌာနမှူးသည် ဤစကားကို ကြားသောအခါ မအံ့သြချေ။ ညီအစ်ကို နှစ်ဦးမှ ကျောင်းသို့ စဝင်စဥ်တွင် သူတို့ဦးလေးလည်း အတူလိုက်ပါလာလေသည်။ ထိုအချိန်တွင် ထိုလူမှ သူ၏ သမီးလည်း ဤကျောင်းတွင် ရှိကြောင်း၊ သူတို့ အချင်းချင်း ဖေးမကူညီ၍ ရကြောင်း ပြောခဲ့သေးသည်။
“ဘယ်လိုလုပ် ဒီလို အသေးအမွှားကိစ္စလေးနဲ့ ရန်ဖြစ်ကြတာလဲ။ ကျင်းယွင်ကျောင်းက ဘာဆိုင်လို့လဲ”
ဌာနမှုးသည် ပဟေဠိ ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
ကျောင်းသား ကောင်လေး တချို့မှ အနည်းငယ်စိတ်လှုပ်ရှားနေသောကြောင့် အသံကိုနိမ့်ကာ ပြောလိုက်ကြ၏။
“ရှောင်လျန်းနဲ့ ရှောင်ယီက ဓာတ်ပုံတွေ ရိုက်ထားတယ်ဆိုပေမယ့်...သူတို့က အဲ့ပုံတွေကို...အဲ့ပုံတွေကို ရောင်းနေတာပါ...စူးချူရဲ့ ပုံတွေကို....ထပ်ရိုက်ပေးလို့ရတယ်တဲ့...စျေးက နှစ်ဆယ်နဲ့ တစ်ရာကြားတောင်းပါတယ်...”
ထိုသို့ ပြောပြီးနောက် သူတို့၏ မျက်နှာများ နီမြန်းသွားလေသည်။ ဌာနမှူးသည် ၎င်းကို ကြားပြီးပြီးချင်း နှုတ်ခမ်း စတွန့်သွားတော့သည်။
“ငါနဲ့ လိုက်ခဲ့စမ်း”
သူသည် ပြောပြောဆိုဆိုဖြင့် မည်သူမျှ ရှိမနေသော လှေကားထစ်များဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။ မုန့်စျေးတန်းတွင် ကျောင်းသား များစွာလည်း ရှိနေသောကြောင့် ဤစကားသာ ပျံ့သွားလျှင် အဘယ်သို့ဖြစ်မည်ကို မည်သူ သိမည်နည်း။
“ကျင်းယွင်ကျောင်း၊ မင်း ဒီစကားတွေကို ကြားလိုက်လို့ သူတို့ကို ထိုးခဲ့တာလား”
ဌာနမှူးသည် အနည်းငယ် အံ့အားသင့်နေသောလေသံဖြင့် မေးလိုက်သည်။
အမွှာ နှစ်ဦးသည် အပြင်ပန်းတွင် လိမ္မာသောပုံပေါက်သောကြောင့် ဌာနမှူးသည် သူတို့အား သူတို့ဝမ်းကွဲမိန်းကလေး၏ ဓာတ်ပုံကိုရိုက်ပြီး ရောင်းရဲလောက်သည်ထိ အတင့်ရဲမည်ဟု မထင်ခဲ့ချေ။ ဌာနမှူးသည် အလွန် စိတ်ဆိုးနေလေပြီ။ စူးချူသည်လည်း ၎င်းကို ကြားလိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွား၏။
“အစ်မ”
စူးချူသည် ကျင်းယွင်ကျောင်းအား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ကျင်းယွင်ကျောင်းမှ နှုတ်ဆိတ် ဝန်ခံနေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးများ ချက်ချင်းဆိုသလို နီမြန်းသွားသည်။ သူမသည် ရုတ်ချည်းပင် ရှေ့သို့ တဟုန်ထိုး ပြေးထွက်လာပြီး ညီအစ်ကိုနှစ်ဦးအား ကုတ်ခြစ်လေတော့၏။
“ဌာနမှူး၊ သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ကို ပေးတာပါ”
ကျင်းယွင်ကျောင်းမှ ထပ်ပြောလိုက်သည်။
“ဌာနမှူး မသိလောက်သေးတဲ့ အရာတွေ ရှိပါသေးတယ်။ အမှန်အတိုင်းပြောရရင် ညီအစ်ကို နှစ်ယောက်နဲ့ စူးချူက အမျိုးဝေးတဲ့ ဝမ်းကွဲတွေပါ။ သူတို့ မိသားစုနှစ်စုက တစ်ခါမှ အချင်းချင်းမဆက်သွယ်ဖူးပါဘူး။ ရှောင် မောင်နှမတွေက ရုတ်တရတ်ကြီး အိမ်မှာ နေခွင့် လာတောင်းတဲ့အချိန်မှာ ဦးလေး စူးက တွေဝေမနေဘဲ ချက်ချင်း လက်ခံပေးခဲ့ပါတယ်။ ဒါပေမယ့် ရက်ပိုင်းလောက်ကတင် သူတို့ အစ်မကနေ စူးမိသားစု ပိုက်ဆံတွေကို ခိုးပြီးထွက်ပြေးသွားလိမ့်မယ်လို့ ဦးလေးလည်း ဘယ်ထင်ခဲ့လိမ့်မလဲ။ ဦးလေး စူး ဒေါသထွက်ခဲ့ပေမယ့် သူတို့နဲ့ ဘာမှ မဆိုင်ဘူးဆိုပြီး ဗွေမယူခဲ့ပါဘူး။ သူတို့ ဒီကျောင်းကို တက်ဖို့တောင် ပိုက်ဆံတွေ အများကြီး သုံးပြီး စီစဥ်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့ကတော့ စူးချူရဲ့ ဓာတ်ပုံတွေကို ခိုးရိုက်ပြီး သူများတွေကို လျှောက်ပြနေခဲ့တယ်။ ဒီကိုယ်ရေးကိုယ်တာ ပုံတွေကို ရောင်းမယ်လို့တောင် ပြောခဲ့ကြတာပါ။ အဲ့အချိန်မှာ သူတို့ရဲ့စကားတွေက ဘယ်လောက် ဆိုးရွားမှန်း ဌာနမှူး မသိပါဘူး။ ရိုးရိုး သာမန် ရိုက်ရင်တောင် ဒီလို လူမျိုးတွေအတွက် ပြစ်ဒဏ် ပေါ့လျော့လွန်းပါတယ်”
ဤသည်ကို ကြားလိုက်ရသော ဌာနမှူးသည် မျက်မှောင်ကုပ်သွားတော့သည်။
ဤကိစ္စသည် ကြီးကြီးငယ်ငယ် သူတို့၏ လုပ်ရပ်မှာ လုံးဝ ဆိုးရွားပေသည်။ ဤကဲ့သို့ ငယ်ရွယ်စဥ်ကတည်းပင် အခြားသူများ၏ ဓာတ်ပုံကို သူတို့ကိုယ်ကျိုးအတွက် သုံးနိုင်နေလေပြီ။ အနာဂတ်တွင် အခြားသူများကို ခြိမ်းခြောက်ဖို့ပင် တတ်လာနိုင်၏။
Space and Rebirth - 503
Trans: Esth
ဌာနမှူးသည် ရှောင်လျန်းနှင့် ရှောင်ယီတို့အား ကြည့်လိုက်သောအခါ သူ၏ နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ သူတို့သည် အထိုးခံသင့်သည် မှန်သော်လည်း သူမသည် သူတို့အား အလွန်အကျွံပညာပေးထားလေသည်။ သူတို့၏ မျက်နှာကိုကြည့်လျှင် မူလ အသွင်အပြင်ကိုပင် ပုံမဖော်နိုင်တော့ချေ။ မျက်နှာသည် ဖြူ နီ ပြာ ဟူ၍ ခွဲခြားရန် ခက်ခဲရုံမက ပါးစပ်မှလည်း သွေးများစီးဆင်းနေကာ သူတို့၏ ရှေ့သွား တစ်ချောင်းစီ ကျိုးနေချေပြီ။၊
ဤကိစ္စသည် ကြီးမားသော ကိစ္စ ဖြစ်သည် မှန်သော်လည်း ကျင်းယွင်ကျောင်းအား အမှတ်လျှော့ရလောက်သည်ထိတော့ ကြီးမားသည့်အရာ မဟုတ်ဟု ဌာနမှူး မြင်ပေသည်။ ပြောရလျှင်...ရှောင်ညီအစ်ကိုတွင်လည်း အပြစ်ရှိသည်။
ဌာနမှူးသည် မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဥ်းစားပြီးနောက် ပြောလိုက်၏။
“ကျင်းယွင်ကျောင်း၊ နောက်တစ်ခါ ပြသာနာ ပေါ်လာရင် ဆရာ၊ ဆရာမတွေကို အရင်ပြော။ လူတွေကို အကြမ်းဖက်ရင် အဲဒါ မင်း အပြစ် ဖြစ်သွားပြီ။ ခဏနေကျရင် လက်ရေးနဲ့ စကားလုံး တစ်ထောင်စာ တောင်းပန်စာ ရေးပြီး ဆရာမကို တင်လိုက်။ ပြီးတော့...အားကစားကွင်းကို တစ်ပတ်စာ သန့်ရှင်းရေး လုပ်။ နောက်တစ်ခါ ကျောင်းမှာ ပြသာနာရှာရင် မင်းကို မှင်နီ တားရလိမ့်မယ်"
ကျင်းယွင်ကျောင်းတွင် မိဘ မရှိသောကြောင့် သူမအား အုပ်ထိန်းရမည့် တာဝန်မှာ ကျောင်းနှင့် မြို့တော် ကော်မတီ၏ လက်ထဲတွင် ရှိပေသည်။ သို့သော် သူမသည် ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးသာ ဖြစ်သောကြောင့် သူမအား ဂရုစိုက်မည့်သူ မရှိချေ။ နောက်ဆုံးတွင် ဆရာ ချီ မှသာ သူမကို သင်ကြားပေးခဲ့ရသည်။
ထို့အပြင် သူမသည် အနည်းငယ် ကမူးရှူးထိုးဆန်ရုံသာ ရှိပြီး ပုံမှန်အားဖြင့် မကောင်းသော လုပ်ရပ်ကို လုပ်မည့်လူ မဟုတ်ချေ။
သူမ ကျောင်းစတက်သည့် အချိန်မှ စ၍ သူမသည် ဤကျောင်း၏ ဂုဏ်ကို တက်စေခဲ့သည်။ သူမ၏ လက်သည် ဆုမျိုးစုံကို တက်ယူရလွန်းသဖြင့် ညောင်းနေပြီ ဖြစ်ကာ သူမ၏ စာမေးပွဲအမှတ်များသည်လည်း ကျဆင်းခြင်း မရှိပေ။ အနာဂတ်တွင် သူမသည် နာမည်ကြီး တက္ကသိုလ် တစ်ခုသို့ ရောက်ရှိမည်မှာ ဧကန်မုချပင်။ ဤကိစ္စအတွက်နှင့် သူမအား အမှတ်လျှော့ခြင်း၊ ကျောင်းထုတ်ခြင်းများ လုပ်ပါက ထိခိုက် နစ်နာမည့်သူမှာ ကျောင်းကိုယ်တိုင်ပင် ဖြစ်သည်။
ထို့အပြင် အမွှာ နှစ်ဦးသည် ကျောင်းသို့ ရောက်သည်မှာ ရက်ပိုင်းသာ ရှိသေးသော်လည်း ဤကဲ့သို့ကိစ္စမျိုးကို ကျူးလွန်နေပြီ ဖြစ်၍ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှပေသည်။
ဌာနမှူး ပြောပြီးပြီးချင်းပင် ကျင်းယွင်ကျောင်းသည် အလျင်အမြန် ယဥ်ကျေးစွာ ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့၊ ကတိပေးပါတယ်။ နောက်တစ်ခါ ကျောင်းမှာ လူတွေကို မရိုက်တော့ပါဘူး”
သူမသည် လူကြီးလူကောင်း ပီသသောလူ ဖြစ်၏။ အခြားသူများက သူမအား ရန်မစသရွေ့ သူမသည် အဆင်အခြင် ရှိပြီး စကား နာခံတတ်သော ကလေးတစ်ယောက် ဖြစ်ရန် ကတိပေးနိုင်သည်။
“ကျောင်းအပြင်မှာလည်း မရဘူးနော်”
ဌာနမှူး၏ နှုတ်ခမ်းစွန်းများ လှုပ်ရှားသွား၏။ ကျင်းယွင်ကျောင်း၏ အကြည့်သည် ထူးဆန်းနေသည်ဟု သူ ခံစားမိသောကြောင့် ဖြစ်သည်။
သူသည် စကား ပြောပြီးသည်နှင့် ခေါင်းကို ငုံ့ကာ ရှောင်ညီအစ်ကိုအား ကြည့်လိုက်သည်။ သူ၏ မျက်နှာသည် အနည်းငယ် ဒေါသထွက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေဟန် ရှိ၏။ သူသည် သက်ပြင်းကို ချကာ စူးချူအား ပြောလိုက်သည်။
“ဟိုဟာ...စူးချူ မှတ်လား။ သူတို့ကို မကုတ်နဲ့တော့။ မင်းလည်း ခံရတဲ့သူဆိုတော့ လောလောဆယ် လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ သူများကို အကြမ်းဖက်ရင် မင်းကိုပါ အပြစ်ပေးရလိမ့်မယ်”
စူးချူသည် နှုတ်ခမ်းကို စူကာ စိန်းစိန်းဝါးဝါးအကြည့်ဖြင့် သူမ လက်အား ပြန်ရုပ်လိုက်၏။ သူမသည် သူတို့အား ကျောင်းတွင် ပညာမပေးနိုင်သော်လည်း အနည်းဆုံးတော့ အိမ်ရောက်သည်အထိ စောင့်ပေးလိုက်ပေမည်။
သူတို့သည် သူမ၏ အိမ်တွင် တက်နေပြီး သူမ မိဘများမှ ပေးထားသော အသုံးအဆောင်များကို သုံးနေရသော်ငြား သူမကိုပင် အနိုင်ကျင့်ပြီး သူမဓာတ်ပုံများအား ရောင်းစားချင်သေးသလော။ သူမသည် ထိုညီအစ်ကိုအား သင်ခန်းစာ မပေးနိုင်လျှင် သူမ မျိုးရိုး နာမည်ကို ရှောင်ဟုသာ ပြောင်းလဲလိုက်တော့မည်။
ဤမိန်းကလေးများ၏ ပုံစံသည် အလွန် လန့်စရာကောင်းနေသောကြောင့် ကျောင်းသား အချို့မှာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းများ ကုပ်သွားကြ၏။
“မင်းတို့တွေ...”
ဌာနမှူးသည် ကျောင်းသားများကို စိုက်ကြည့်ကာ ခေါ်လိုက်သည်။ ဤကိစ္စသာ အပြင်သို့ ပေါက်ကြားသွားလျှင် ကောင်းနိုင်သည် မရှိရာ ဤသို့သာ ပြောလိုက်၏။
“မှားမှန်းသိရင် လိမ္မာတဲ့က လေးပဲ။ အဲ့မှာပဲ ရပ်မနေကြနဲ့။ ညီအစ်ကို နှစ်ယောက်ကို ပတ်တီးစည်းပေးဖို့ လူနာခန်းကို ခေါ်သွားလိုက်။ ကျန်တဲ့လူတွေက ထွက်သွားလို့ရပြီ”
ပြောပြီးနောက် ဌာနမှူးသည် ပင်ပန်းနေသည့်ဟန်ဖြင့် ခြေကို မြှောက်ကာ အောက်သို့ ဆင်းသွားတော့သည်။ သူ မသွားခင်တွင် ကျင်းယွင်ကျောင်းအား သတိပေးသည့်အနေဖြင့် ကြည့်သွားသေးသည်။
တစ်ကျောင်းလုံးတွင် ကျောင်းသားများရော ကျောင်းအုပ်ကြီးပါ ချစ်လည်းချစ်၊ အမြင်လည်းကတ်သည့် တစ်ဦးတည်းသော ကျောင်းသူမှာ ကျင်းယွင်ကျောင်း ဖြစ်သည်။ သူတို့သည် သူမ၏ ထူးချွန်သော အမှတ်များနှင့် တည်ငြိမ်စွာ ဂရုမစိုက်တတ်မှုကြောင့် သူမအား သဘောကျကြကာ သူမတွင် ကျောထောက် နောက်ခံ မရှိသည်ကို သနားကြသော်လည်း သူမသည် ပြသာနာ ရှာလေ့ရှိပြီး အခြားသူများကို ရိုက်တတ်သော စရိုက်ကိုမူ အမြင်ကတ်ကြလေသည်။ ကျောင်းအုပ်ကြီးပင် မကြာခဏ သူမ၏ အခြေအနေကို မေးလေ့ရှိသည်။ သူ၏ သားသမီး အရင်းထက်ပင် ကျင်းယွင်ကျောင်းအား ဂရုစိုက်လေသည်။
ဌာနမှူး ထွက်သွားသောအခါ ကျင်းယွင်ကျောင်း၊ စူးချူနှင့် ရှောင်ဟိုင်ချင်းတို့သည်လည်း အတန်းထဲသို့ ပြန်သွားကြတော့သည်။ ရှောင်ညီအစ်ကို၏ နှလုံးသားထဲတွင်မူ အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။
သူတို့နှစ်ဦးသားသည် တစ်နေ့လယ်ခင်းလုံး လူနာဆောင်တွင် လှဲနေခဲ့ကြပြီး ကျောင်းဆင်းမှသာ ထွက်သွားကြတော့သည်။ သူတို့ အချင်းချင်း မှီတွဲပြီး ပြန်သည့်ပုံမှာ အလွန် သနားစရာ ကောင်းလှပေသည်။ သို့သော် သူတို့သည် ကျောင်းဂိတ်တံခါးမှ ထွက်ပြီး လူခြေတိတ်သော လမ်းကြားထဲသို့ရောက်သည်နှင့် တစ်စုံတစ်ယောက်မှ သူတို့ ခေါင်းပေါ်တွင် အိတ်တစ်အိတ် စွပ်ကာ သူတို့အား ထပ်ရိုက်ကြလေသည်။
Space and Rebirth - 504
Trans: Esth
ကျင်းယွင်ကျောင်းသည် မည်သည့် အချိန်ကမှ ခံဖက်က မဟုတ်ချေ။
ပထမအကြိမ် ရိုက်ခြင်းမှာ ရှောင်ညီအစ်ကိုမှ စူးချူအား ရွံစရာ အပြုအမူဖြင့် ဆက်ဆံခြင်းကြောင့် ဖြစ်ပြီး ဒုတိယအကြိမ် ရိုက်ခြင်းမှာ ဌာနမှူးမှ သူမအား အားကစားကွင်းကို တံမြက်စည်း လှည်းရန် အပြစ်ပေးထားခြင်းကြောင့် ဖြစ်သည်။
ကြီးလေးသော ပြစ်ဒဏ် မဟုတ်သော်လည်း ဤညီအစ်ကိုကြောင့်ပင် ဖြစ်ရသည် မဟုတ်လော။
ယခင်က သူမသည် ဟွားနင် ခရိုင်တွင် ရှိနေသော နောက်ခံ အင်အားစု များစွာကို ရှင်းလင်းရာ၌ ဟွားကျဲအား ကူညီခဲ့ဖူးလေသည်။ ထို့ကြောင့်ပင် ဟွားကျဲသည် ဟွားနင် ခရိုင်၏ ခေါင်းဆောင် ဖြစ်လာခဲ့သောကြောင့် သူသည် သူမအား ကူညီဖို့ ဝန်မလေးပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ရှောင်ချင်း ရှိနေသော နေရာကို စုံစမ်းပေးရန် ဟွားကျဲအား အကူအညီ တောင်းခဲ့သည်။
ဟွားကျဲသည် အလွန် မြန်ဆန်ပေသည်။ ကျင်းယွင်ကျောင်းမှ ပေးသော ဓာတ်ပုံအချို့ဖြင့် သူသည် အချက်အလက်ကို လျင်မြန်စွာ ရယူနိုင်ခဲ့လေသည်။
ရှောင်ချင်းသည် လက်ရှိတွင် ကိုယ်ပိုင်အိမ် တစ်ခု၌ ရှိနေပြီး အိမ်ပိုင်ရှင်မှာ အဘိုးအို တစ်ယောက်ဖြစ်သည်။ အိမ်နီးချင်းများ၏ စကားအရ အဘိုးအို၏ ကလေးများမှာ အခြားမြို့တွင် ရှိလေသည်။
ယခု သူတို့သည်လည်း ဝတ်ကောင်းစားလှဘဝကို ရရှိနေပြီ ဖြစ်၍ သူ့အား ခေါ်ဆောင်သွားခဲ့သည်။
အိမ်မှာမူ ဝမ်ဟုန်ဆိုသည့် လူတစ်ယောက်၏ လက်ထဲတွင် ရှိနေလေသည်။
ဝမ်ဟုန်ဆိုသည်မှာ ရှောင်ချင်းအား ခေါ်သွားသူပင် ဖြစ်ရမည်။
ဝမ်ဟုန်သည် ဒေသခံ မဟုတ်သောကြောင့် သူသည် အဘိုးအို၏ အိမ်ထဲတွင် ရှိနေမှန်းသာ အိမ်နီးချင်းများ သိလေသည်။ ထိုအချိန်က အဘိုးအိုသည် သူ့အား “ချန်းကျစ်” ဟု ခေါ်ခဲ့၏။ နာမည်ပြောင် ဖြစ်ပုံရသည်။ အဘိုးအို၏ နာမည်မှာ “ဟူ” ဖြစ်သောကြောင့် သူသည်လည်း “ဟူ” မျိုးနွယ် ဖြစ်ချေမည်။
ဤ “ဟူဝမ်ဟုန်” ဆိုသည်မှာ အနည်းငယ် ထူးဆန်း၏။ သူသည် နှစ်သစ်ကူးပွဲ အပြီးတွင် အိမ်ပြောင်းလာခဲ့ခြင်း ဖြစ်ပြီး အပြင်သို့ ထွက်ခဲ၏။ သူသည် အိမ်နီးချင်းများကို တွေ့လျှင်ပင် နှုတ်ဆက်ရသည်ကို မကြိုက်ချေ။ အစက သူ့အား သွားရောက်လည်ပတ်သော အိမ်နီးချင်းများ ရှိခဲ့သော်လည်း သူသည် ၎င်းကို နှစ်သက်ခြင်း မရှိဘဲ သူ၏ အိမ်ထဲသို့ မည်သူကိုမျှ ပေးမဝင်ခဲ့ချေ။ သူ့အား ကြည့်ရသည်မှာ အနည်းငယ် အန္တရာယ် ရှိမည့်ပုံ ပေါက်သောကြောင့် မကြာခင်တွင် သူ့အား ဂရုစိုက်လိုသောသူ မရှိတော့ချေ။ ရပ်ကွက်ထဲတွင် သူ၏ သတင်းများမှာလည်း အလွန် ကောင်းလှသည် မဟုတ်။
သူသည် အဘယ်ကြောင့် ရှောင်ချင်းကိုသာ အထူးတလည် ဆက်ဆံရသနည်းဟူသော မေးခွန်းကိုမူ မည်သူမျှ မဖြေနိုင်ချေ။ ၎င်းမှာ လိပ်တစ်ကောင်မှ လိပ်မုန့်အား ကြိုက်သလိုပင် ဖြစ်လိမ့်မည်ဟု ကောက်ချက်သာချကြသည်။
ရှောင်ချင်းတွင် နေစရာ ရှိလာသောအခါ သူမ၏ ကံဇာတာသည်လည်း မြင့်တက်လာခဲ့ပုံပေါ်၏။ သူမသည် အနောက်တိုင်း ဆေးခန်းငယ် တစ်ခုတွင် အလုပ်သစ် ရရှိခဲ့လေသည်။
ယုတ္တိရှိရှိ ပြောရလျှင် သူမ၏ ပညာရေးအဆင့်အတန်းနှင့်ဆိုလျှင် ဆေးရုံကြီး တစ်ခုတွင် အလုပ်လျှောက်၍ ရပေသည်။ သို့သော် သူမတွင် ပြစ်မှုမှတ်တမ်း ရှိနေသည့်အပြင် သူမ တက္ကသိုလ်မှ ကျောင်းဆင်းစဥ်က တက်ခဲ့ရသော အလုပ်သင်ကာလအား မပြီးမြောက်ခဲ့ချေ။ သူမသည် ထိုအချက်ကို ကောင်းကောင်း သိသောကြောင့် ဝမ်းရေးအတွက်သာ အရင် လုပ်ဆောင်တော့သည်။
ယခုတွင် ကျင်းယွင်ကျောင်းသည် ရှောင်ချင်းရှိသောနေရာအား သိရှိပြီ ဖြစ်သောကြောင့် ဤအတိုင်း လွှတ်မပေးထားနိုင်ချေ။ ယခင်က ရှောင်ချင်းသည် သူမအား ယုတ်မာသည်ဟု ပြောခဲ့ဖူးသည်။ အပြောခံလက်စဖြင့် သူမသည် ၎င်းကို သက်သေပြရမည် မဟုတ်လော။ မဟုတ်လျှင် သူမသည် အလကား အပြောခံလိုက်ရမည်ပင်။
စနေနေ့တွင် ကျင်းယွင်ကျောင်းသည် တစ်ယောက်တည်း အပြင်ထွက်လိုက်သည်။ အပူချိန်သည် တဖြည်းဖြည်းမြင့်တက်နေသောကြောင့် ကျင်းယွင်ကျောင်းသည် ခါတိုင်းထက် အသားအေးသည့် အင်္ကျီများကို ဝတ်ထားလေသည်။ ကျင်းယွင်ကျောင်းသည် ရှောင်ချင်း၏ အလုပ်ခွင်သို့ တန်းသွားလိုက်သည်။
သူမသည် ဆေးခန်းထဲသို့ ဝင်ပြီးသောအခါ ရှောင်ချင်းမှာ အသက် ၃၀ ဝန်းကျင် လူတစ်ယောက်အား နမော်နမဲ့ဖြင့် IV Drip ချိတ်ပေးနေသည်ကို မြင်လိုက်ရသည်။ သူမသည် အကြိမ်ပေါင်းများစွာ ဆေးထိုးအပ်နှင့် ထိုးနေသော်လည်း သွေးလွှတ်ကြောကို ရှာတွေ့ပုံ မရပေ။ သူမ၏ ဘေးတွင်ရှိသော လူနာ၏ ဇနီးသည်မှာ စိတ်လှုပ်ရှားပုံပေါက်နေလေသည်။
“ရတယ် ရတယ်၊ ညီမလေး။ ညီမလေးက အခုမှရောက်တာဆိုတော့ ဘယ်လိုလုပ် ကောင်းကောင်းလုပ်တတ်သေးမလဲ။ အစ်ကို့ အသားက ကြမ်းပြီး အရေလည်း ထူတာမို့ ဒီအတိုင်း ထပ်ကြိုးစားကြည့်လိုက်လေ။ အနာဂတ်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ထိုးဖို့ အချိန်ရောက်ရင် ဒုက္ခ မခံရတော့ဘူးပေါ့”
ထိုလူကြီးသည် ချွေးအေးများ ပြန်နေသော်လည်း ပြုံးနေသေးသည်။
ရှောင်ချင်းသည် ထိုသူအား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်၏။
“စိတ်မပူပါနဲ့။ ဒီတစ်ခေါက်တော့ သေချာ ထိုးနိုင်မှာပါ...”
ရှောင်ချင်းသည် ပညာ အရည်အချင်း ကောင်းသော်လည်း ကျောင်းချိန် အားလုံးကို အချစ်ရေးအချစ်ရာနှင့် “ကောင်းမှုလုပ်ခြင်း” တို့ဖြင့်သာ အချိန်ဖြုန်းခဲ့ပြီး လက်တွေ့ အသုံးဝင်သော စွမ်းရည်များကို နည်းနည်းမှ မသင်ယူခဲ့ချေ။ သူမသည် ကျောင်းတွင် အနည်းငယ် ထုံသော်လည်း ချစ်စရာကောင်းသော မိန်းကလေးမျိုး ဖြစ်ခဲ့ပြီး ယောက်ျားလေးများသည် သူမအား အမြဲတမ်းလိုလို ကူညီကာကွယ်တတ်သောကြောင့် မိန်းကလေး အများစုသည် သူမအား အသေအလဲမုန်းကြလေသည်။
သူမကျောင်းဆင်းပြီးနောက် အလုပ်သင်ကာလကိုလည်း မပြီးမြောက်ခဲ့ချေ။ ထိုအချိန်က သူမသည် IV Drip ကြောင့် အခြား ဆရာဝန်များ၏ အော်ငေါက်ခြင်းကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြင့် ခံယူခဲ့ရသောကြောင့် ဤကိစ္စနှင့် ပတ်သတ်လာလျှင် သူမတွင် အကြောက်တရား ရှိလေသည်။ ထို့အပြင် သူမသည် အလွန် နမော်နမဲ့နိုင်ပြီး သင်ကြားပေး၍ မရနိုင်သော လူမျိုး ဖြစ်၏။