အခန်း (၅၀၅-၅၀၈)
Vol. 26 Ch. 505-508
Space and Rebirth - 505
Trans: Esth
လွန်ခဲ့သော ရက်ပိုင်းအတွင်းတွင် ရှောင်ချင်းသည် နေ့တိုင်းလိုလို သူမ၏ ဆေးပညာ ကျွမ်းကျင်မှုအား လေ့ကျင့်ရန် လူနာများကို ရှာနေခဲ့သည်။ သို့သော် သူမသည် အကြိမ်ပေါင်းများစွာ မအောင်မြင်ခဲ့သောကြောင့် ဆေးခန်း ပိုင်ရှင်သည် သူမ လေ့ကျင့်ရန် အမျိုးသမီးနှင့် ကလေးသူငယ် လူနာများကို မရှာပေးရဲတော့ချေ။ အထင်မသေးသင့်သည့် အချို့လူနာများမှာမူ ရှောင်ချင်းတစ်ခါ ကျရှုံးပြီးနောက် မိမိကိုယ်တိုင်သာ လုပ်လိုက်ကြပြီး ရှောင်ချင်းအား ကြည့်ခိုင်းထားတော့သည်။
ယနေ့တွင်မူ ဤကဲ့သို့ ငတုံးမျိုးကို ခက်ခက်ခဲခဲရှာတွေ့ခဲ့လေသည်။
အမှန်အတိုင်းပြောရလျှင် ဆေးခန်းပိုင်ရှင်လည်း သူမအား ငှားခဲ့သည်ကို နောင်တရနေခဲ့၏။ သို့သော် သူမအား အလုပ်ထုတ်ဖို့ ကြိုးစားတိုင်းတွင် သူသည် သူမ၏ သနားစရာ တောင်းပန်တိုးလျှိုးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် အလုပ်ထုတ်မည့် အစီအစဥ်လည်း အစအန မရှိ ပျောက်သွားရလေသည်။ ဆေးခန်းပိုင်ရှင် ဆရာဝန်သည် သက်ပြင်းသာချကာ ဤတစ်ခေါက်တော့ ရှောင်ချင်း တတ်မြောက်ပါစေဟုသာ ဆုတောင်းနေတော့သည်။
ကျင်းယွင်ကျောင်းသည် ဝင်လာပြီးနောက် ရှောင်ချင်းနှင့် မလှမ်းမကမ်းတွင် ထိုင်ကာ ထိုမြင်ကွင်းအား အပြုံးတစ်ပွင့်ဖြင့် ကြည့်နေတော့၏။ ရှောင်ချင်း၏ လက်ချောင်း သွယ်သွယ်လေးများသည် ထိုလူ၏ လက်ကြီးအား ညင်သာစွာ ကိုင်လိုက်ပြီး မျက်မှောင် အနည်းငယ်ကြုတ်ကာ သေချာဂရုတစိုက် ကြည့်ရှုလိုက်သည်။ သူမ ပုံစံမှာ အလွန်လေးနက်နေလေ၏။ ရှောင်ချင်းမှ နောက်တစ်ခေါက် အပ်ထိုးတော့မည့်အချိန်တွင် ကျင်းယွင်ကျောင်းသည် ထရယ်လိုက်လေ၏။
“အစ်မ ရှောင်ချင်းရယ်၊ သတိလေး ပိုထားမှပေါ့။ ထိုးရင်း ထိုးရင်းနဲ့ ဒီလူလည်း ပျားအုံ ဖြစ်တော့မယ်။ ဒါပေမယ့် တကယ်ပဲ ဒိရှန်း ကြာဆောင်က လူပီသတယ်လို့ ပြောရမလား။ ဘာမှ မလုပ်ဘဲနေတာတောင် ဒီအစ်ကိုကြီးက လိမ်လိမ်မာမာနဲ့ ခံနေပြီး ကျေနပ် ပီတိ ဖြာနေတယ်လေ”
ဤလူသည် စကားအရသာ စိတ်ကောင်းရှိသည့်ပုံပေါက်သော်လည်း သူ၏ မိန်းမ ကြည့်မနေသောအချိန်တွင်မူ ချက်ချင်းဆိုသလို သူ၏ မျက်လုံးများသည် ရှောင်ချင်း၏ မျက်နှာအား စိုက်ကြည့်နေတတ်၏။
ဤမိန်းမလှလေးသည် ဖြူလျသော အသားအရေ ရှိပြီး ရုပ်ရည်ချောမောကာ ကိုယ်သင်းနံ့မှာလည်း မွှေးကြိုင်လှသည်။ သူမသည် သူ၏ အရှေ့တွင် တစ်ယောက်တည်း ဗျာများနေလေသည်။ သူမ၏ လက်နုနုအိအိလေးများပင် သူ၏ လက်ထဲတွင် ရှိနေ၏။ သူ့တွင် အခြားအတွေးများ မရှိဘူး ဆိုလျှင် ထူးဆန်းပေတော့မည်။
ထို့အပြင် ၎င်းတို့ထက် အရေးကြီးဆုံး အချက်မှာ သူမသည် ရှောင်ချင်းဖြစ်သည်ဟူသော အချက်ဖြစ်သည်။ သူမသည် လှုပ်ရှားမှုတိုင်းတွင် ချစ်စရာညှို့ဓာတ်များ ပြည့်နေသော အမျိုးသမီး ဖြစ်၏။ သူမ အရှေ့တွင် လူကြီးလူကောင်း တစ်ဦးမှ ဘာမျှမလုပ်ဘဲ ငြိမ်ငြိမ်လေး ထိုင်နေလျှင်ပင် သူမသည် ထိုသူ၏ စိတ်အာရုံအား ဖမ်းစားနိုင်လောက်မည်။
ကျင်းယွင်ကျောင်း၏ အသံထွက်လာသည်နှင့် ရှောင်ချင်းသည် ထိတ်လန့်အံ့သြသွားလေသည်။ သူမ၏ လက်များသည် တုန်ယင်လာပြီး လူနာအား ချက်ချင်းပင် ကြမ်းတမ်းစွာ ထိုးမိလိုက်လေသည်။ ရုတ်ချည်းဆိုသလို သွေးစက်များ ပေါ်လာတော့သည်။ ထိုလူလည်း အလွန် ထိတ်လန့်သွားပြီး နာကျင်မှုနှင့်အတူ ချက်ချင်း ထထိုင်လိုက်၏။
သူ၏ မိန်းမမှ ထိုအခြင်းအရာကို တွေ့သောအခါ လွန်စွာ ဒေါသပုန်ထတော့သည်။ သူမသည် ရှောင်ချင်းအား လက်ညှိုးငေါက်ငေါက် ထိုးကာ ပြောလိုက်၏။
“လုပ်တတ်တာလား၊ မလုပ်တတ်ဘူးလား။ ဆေးထိုးနေတာ ခဏခဏ ရှိနေပြီ။ အနက်ကြီး ထိုးလို့ထိုး၊ စောင်းတဲ့ဟာက စောင်းနဲ့၊ နင် သူ့ လက်ကို ဘာလုပ်လိုက်တာလဲ။ ငါ့ ယောက်ျားမှာ အဖျားရှိနေလို့ အစကတည်းက နေမကောင်းရတဲ့ ကြားထဲ နင် အခုလိုမျိုး ဆက်နှိပ်စက်နေရင် ခဏနေကျ သူ သေသွားလိမ့်မယ်ဟဲ့”
ယောက်ျားတစ်ဦး၏ သွေးကြောသည် မိန်းမတစ်ဦး၏ သွေးကြောထက် အမြဲတမ်းလိုလို ပိုထင်ရှားပေသည်။ သူမလို သာမန် အရပ်သားတစ်ဦးပင် ဆေးထိုးသည့်အတတ်ကို ကျွမ်းကျင်လုနီးပါး ရှိနေသော်လည်း သူမ အရှေ့တွင် ရှိနေသော သူနာပြုမှာ ဤမျှလောက် ကြာသည်ကိုပင် မလုပ်နိုင်သေးချေ။
ထို့အပြင် သူမ၏ လက်များမှာလည်း အထိန်းအကွပ်မဲ့နေသည့်ပုံ ပေါက်သည်။ သူမသည် အပ်ကိုထိုးခါနီးတွင် သူမ၏ လက်များမှာ တရစပ်တုန်ယင်လာခဲ့သည်။ သူမသည် စိတ်လှုပ်ရှားနေရုံမက ငိုတော့မည်ပုံပါ ပေါက်နေလေသည်။ ဤအရာကို တွေ့လိုက်ရသောကြောင့် သူတို့သည် သူမအား မတားရက်တော့ခြင်း ဖြစ်သည်။
သို့သော် ကမ္ဘာပေါ်တွင် စိတ်အရှည်ဆုံး လူပင်လျှင် ဤကဲ့သို့ စိတ်ဆင်းရဲမှုမျိုးကို ခံနိုင်မည် မထင်ချေ။ တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် အဆင်ပြေလောက်သော်လည်း ယခုမှာ အပ်ပေါင်း ငါးအပ်၊ ခြောက်အပ်လောက် ရှိပြီ ဖြစ်သည်။
အထူးသဖြင့် ယခုအချိန်တွင် သူမသည် အပ်အား အတော်နက်နက် ထိုးခဲ့လေသည်။ ထို့ကြောင့် ပြန်ဆွဲထုတ်လိုက်သောအခါတွင် ရှဲခနဲဟူသော အသံဖြင့် သွေးစိမ်းရှင်ရှင် ထွက်လာလေတော့သည်။
ပြာပြာသလဲ ဖြစ်နေသော ရှောင်ချင်း - “စိတ်မရှိပါနဲ့...ကျ-ကျွန်မ...”
“သူ ရုတ်တရတ် စကားပြောလိုက်လို့ ကျွန်မ လန့်သွားတာ”
ရှောင်ချင်းသည် ဒေါသတကြီးဖြင့် အနောက်သို့ လှည့်လိုက်ကာ ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးလိုက်၏။
ကျင်းယွင်ကျောင်းမှာ ပြုံးသာ ပြုံးနေသည်ကို သူမမြင်လိုက်ရ၏။ အစောပိုင်းက သူမ၏ အေးစက်ပြီး ဂရုမစိုက်ဟန်ပေါက်သော မျက်နှာတွင် ယခု အလွန်တောက်ပသော အပြုံးက အစားထိုးနေ၏။
ချစ်စရာကောင်းပြီး ညီညာ ဖြူဖွေးသော သွားတန်းလေးပေါ်သည်ထိ ပြုံးနေသောကြောင့် သူမ၏ ပုံမှာ ပို၍ပင် အသည်းယားစရာ ကောင်းပြီး လိမ္မာသည့်ပုံပေါက်နေသည်။
“ပြောပါတယ် အစ်မ ရှောင်ချင်းရဲ့။ ရှင်က အခုထိ ဒီနယ်ပယ်နဲ့ မကိုက်ပါဘူးလို့။ ဒီဟာနဲ့ ယှဥ်လိုက်ရင် အရင် အလုပ်ကမှ သင်ယူဖို့ ပိုလွယ်ဦးမယ်”
ကျင်းယွင်ကျောင်းသည် မျက်လုံးကို မှေးကာ ဆက်ပြုံးလိုက်၏။
ရှောင်ချင်းသည် အံကိုကြိတ်ကာ ဒေါသတကြီးဖြင့် ခြေကို ဆောင့်လိုက်သည်။
“နင် ဘာပေါက်ကရတွေ ပြောနေတာလဲ"
သူမ၏ အော်ဟစ်သံနှင့်အတူ အခြားလူများသည် ကျင်းယွင်ကျောင်းအစက ပြောသည့်စ ကားများကို ပြန်မှတ်မိသွားကြသည်။ သူမ ပြောလိုက်သည်မှာ...ဒိရှန်း ကြာဆောင်ပေလော။
Space and Rebirth - 506
Trans: Esth
ဆေးထိုးအပ်ကြောင့် သွေးဒလဟော ထွက်နေသော အမျိုးသားသည် မသိလိုက်ဘာသာဖြင့် တံတွေးမြိုချလိုက်၏။ သူသည် ရှောင်ချင်းအား စိုက်ကြည့်ကာ မေးလိုက်လေသည်။
“ဘာလို့ ဒီညီမလေးက မင်းကို ဒိရှန်း ကြာဆောင်ကလို့ ပြောတာလဲ”
အမျိုးသား တစ်ယောက် ဖြစ်ပြီး ထိုနေရာအား မကြားဖူးသောသူ ရှိသလော။
ဤအမှုသည် နောက်နှစ်ရက်အတွင်း စီရင်ချက်ချမည် ဖြစ်သောကြောင့် အားလုံးမှ အာရုံစိုက်နေသောကိစ္စဖြစ်သည်။
အမျိုးသား၏ ဇနီးသည် ရှောင်ချင်းအား စိန်းဝါးသော အကြည့်ဖြင့် ခေါင်းအစခြေအဆုံး ကြည့်လိုက်၏။ သူမသည် ချက်ချင်းပင် ဟမ့်ခနဲ အသံပြုကာ ပြောလိုက်လေသည်။
“အင်းလေ။ ဘာလို့ အပ်ကို သေချာ မထိုးနိုင်လဲဆိုပြီး စဥ်းစားနေတာ။ လက်စသတ်တော့ ငါ့ယောက်ျားကို တမင်မြှူဆွယ်ဖို့ စဥ်းစားနေတာကိုး၊ ဟုတ်လား။ ဒီနေရာက ဆေးကုတဲ့နေရာလား၊ ပြည့်တန်ဆာခန်းလား။ ဘယ်လိုလုပ်ပြီး မကောင်းတဲ့ မိန်းမကို ငှားရဲရတာလဲ”
ဆေးခန်း ပိုင်ရှင်မှ ထိုစကားအား ကြားသောအခါ သူ ကိုယ်တိုင် အလျင်အမြန် ပြေးလာပြီး အမျိုးသား၏ ဒဏ်ရာအား အရက်ပြန်နှင့် ဂွမ်းစကို သုံးကာ ပိုးသတ်ပေးတော့သည်။
“နားလည်မှု လွဲနေပါပြီ။ သူ့ကို ငှားတာ ကျွန်တော်ပါ။ သူက နင်း မြို့တော်ရဲ့ ဆေးတက္ကသိုလ် ကျောင်းဆင်း တစ်ယောက်ပါ။ သူ့မှာ ကျောင်းဆင်းလက်မှတ်လည်း ရှိပါတယ်...”
ဆရာဝန်မှ သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် အနောက်တိုင်းဆေးပညာကို ဆန့်ကျင်ခြင်း မရှိချေ။ ဆေးကုသရာတွင် ကျွမ်းကျင်မှုနှင့် လူနာများကို ကုသနိုင်စွမ်းသာ အရေးကြီးသောကြောင့် ဖြစ်သည်။ ထို့အပြင် အနောက်တိုင်း ဆေးပညာသည် တရုတ် ဆေးပညာမှ မမှီနိုင်သော ကောင်းကျိုး များစွာ ရှိ၏။ ပြောရလျှင် ဆေးပညာရပ် တစ်ခုစီတိုင်းသည် ၎င်း၏ ကိုယ်ပိုင် ကောင်းကျိုးနှင့် အားသာချက်များ ကိုယ်စီရှိကြပြီး တစ်ဦး၏ လမ်းအား တစ်ဦးမှ ပိတ်မနေချေ။
သို့သော် ဤဆရာဝန်မှာမူ စိတ်ဝင်စားဖွယ် ကောင်းလှသည်။
သူသည် ရက်ပိုင်းများစွာ အလုပ်ဆင်းပြီးလျက် အလွယ်ဆုံးအရာ ဖြစ်သော ဆေးထိုးခြင်းကိုပင် အောင်မြင်အောင် မလုပ်နိုင်သည့်သူအား ငှားပြီး ထိုအသုံးမကျသော သူအားလည်း အလုပ်မထုတ်သေးပေ။ ၎င်းမှာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။ သူသည် လူနာ၏ ခန္ဓာကိုယ်အား အရုပ်ကဲ့သို့ မှတ်ယူနေသလော။
အပ်စိုက် ကုသခြင်းဆိုသည်မှာ မှန်မှန်ကန်ကန်လုပ်နိုင်ရန် လေ့ကျင့်မှုလိုအပ်သည် မှန်သော်လည်း အခြားသူသာဆိုလျှင် ထိုလေ့ကျင့်ရသည့် အချိန်အား လိုပင် လိုလောက်မည် မဟုတ်ချေ။ ထိုကဲ့သို့ တက္ကသိုလ်မျိုးမှ ဘွဲ့ရထားသောသူသည် အမှန်ပင် တော်သည်ဆိုလျှင် သူသည် အခြေခံအကျဆုံး လိုအပ်ချက်ကိုပင် ဖြည့်ဆည်းနိုင်လောက်မည်ဟု သူ မတွေးခဲ့သလော။
ကျင်းယွင်ကျောင်း ဟက်ခနဲ ရယ်လိုက်၏။
“ကျောင်းဆင်း လက်မှတ်ဆိုတာ အချိန်မရွေး အတုလုပ်လို့ရသလို လက်မှတ်ရှိတိုင်းလည်း အရည်အချင်းရှိတာ မဟုတ်ဘူး။ မဟုတ်ရင် ဘာလို့ နာမည်ကြီး တက္ကသိုလ်ကလာတဲ့ ကျောင်းသားက ဒီကို လာပြီး ဆရာဝန်မကျ၊ သူနာပြုမကျတဲ့ အလုပ်ကို လုပ်နေမှာလဲ”
“မင်း တော်လောက်ပြီ ကလေးမလေး။ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ မင်း ဒီကို ဆရာဝန်နဲ့ တွေ့ဖို့လာတာ မဟုတ်ဘူး မှတ်လား။ အဲ့လိုဆိုရင် ငါတို့ကလည်း မင်းကို ဒီမှာ လက်မခံနိုင်ဘူး”
ဆရာဝန်မှ ချက်ချင်းပင် ပြောလိုက်သည်။
ကျင်းယွင်ကျောင်း ပြုံးလိုက်၏။
“တခြားသူတွေ အလိမ်မခံရအောင် လာကူညီတာပါ”
ကျင်းယွင်ကျောင်း တမင်ပြောလိုက်သည်။
“နင့်ကို ဘယ်သူက သူများ ကိစ္စ ဝင်ရှုပ်ခိုင်းလဲ”
ရှောင်ချင်းမှ ဒေါသတကြီးဖြင့် ပြောပြန်သည်။
“အစ်မ ရှောင်ချင်း၊ မေ့သွားပြီလား။ သူများကိစ္စ ဝင်ရှုပ်တဲ့ အကျင့်ကို အစ်မဆီက သင်ထားတာလေ။ သူများကိစ္စထဲ ဝင်ပါရတာ ပျော်ဖို့ကောင်းသားပဲ။ ဒါကြောင့်မို့လည်း အစ်မက ဒါမျိုး လုပ်ရတာ ကြိုက်တာကိုး”
ကျင်းယွင်ကျောင်း တည့်တိုးပင် ပြောလိုက်သည်။
သူမသည် ဒိရှန်း ကြာဆောင်တွင် ရှိစဥ်က လီရှောက်ယွင်ထံမှ နှိပ်စက်ခံနေရသည်ဟု မပြောခဲ့သလော။ ယဥ်ယဥ်ကျေးကျေး ပြောရလျှင် သူမသည် သူ့အား ကူညီနေခဲ့ခြင်း ဖြစ်ပြီး မကွေ့ဝိုက်ဘဲပြောရလျှင်မူ သူမသည် သူ့အား ကျိန်ဆဲနေခြင်း မဟုတ်ပေလော။
ရှောင်ချင်းသည် ဒေါသထွက်လွန်း၍ မျက်နှာနီမြန်းလာ၏။ သူမ၏ လက်ထဲတွင် ဆေးထိုးအပ် ရှိနေသဖြင့် သူမ ပုံစံမှာ အတော်အတန် ကြောက်ဖို့ကောင်းနေသည်။ သို့သော် ကျင်းယွင်ကျောင်းမှာမူ သူမအား အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။ သူမသည် လူနာ၏ ဇနီးသည်အား ဝေ့ကြည့်ပြီး ဖုန်းကိုကမ်းပေးလိုက်သည်။
“အစ်မကြီး၊ ကျွန်မ လိမ်နေတာ မဟုတ်ပါဘူး။ မယုံဘူးဆိုရင် ကိုယ်တိုင် ကြည့်လိုက်ပါ။ ဒါက ဒိရှန်း ကြာဆောင်က မိန်းကလေးတွေ အဖမ်းခံရတုန်းက သတင်းထောက်တွေ ရိုက်ထားတဲ့ ဗီဒီယိုပါ။ သူဟုတ်၊ မဟုတ် ကိုယ်တိုင် ကြည့်လိုက်လို့ရပါတယ်”
ထိုအမျိုးသမီးသည် ဖုန်းအား တစ်ချက် ကြည့်လိုက်ပြီး ဖုန်း မျက်နှာပြင်တွင် ပေါ်နေသော ဗီဒီယိုအား မြင်လိုက်၏။ လူများစွာသည် သတင်း ဗီဒီယိုကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးသည်ဖြစ်၍ တစ်ချက်ကြည့်သည်နှင့် အတု ဟုတ်၊ မဟုတ်ကို ပိုင်းခြားနိုင်လေပြီ။
ယခင်က ဖမ်းဖိခဲ့သော လူ အရေအတွက် များလွန်း၍သာ ဗီဒီယိုကို ကြည့်ရုံဖြင့် ရှောင်ချင်းအား ထိုအဖွဲ့ဝင်များဖြင့် တွဲမမြင်မိခြင်း ဖြစ်သည်။ သို့သော် ယခု ကျင်းယွင်ကျောင်းသည် ဗီဒီယို၌ ရှောင်ချင်း ပေါ်လာသော အချိန်ကို အထူး ရပ်ပေးထားသဖြင့် သူမအား မမှတ်မိဘဲ မနေနိုင်ချေ။
ရှောင်ချင်း ပြောစရာစကားများ ပျောက်ရှကုန်၏။
'ကျင်းယွင်ကျောင်း နင်ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ'
ထိုအမျိုးသမီးသည် ၎င်းကိုတွေ့လိုက်သောအခါ ဒေါသမာန်ဖြင့် မျက်နှာများ နီရဲသွား၏။ ခုနကပင် သူမ၏ ယောက်ျားအား ထိုမိန်းကလေး၏ လက်နှင့်ထိထားသည်ကို တွေးမိလိုက်သောအခါ ဒေါသများ တလိပ်လိပ်တက်လာလေသည်။ သူမသည် လက်ကိုမြှောက်ကာ ရှောင်ချင်းအား ပါးရိုက်ချလိုက်တော့၏။
Space and Rebirth - 507
Trans: Esth
ဖြန်းခနဲဟူသော အသံကြောင့် လူတိုင်း လန့်ဖျပ်သွား၏။ ရှောင်ချင်း၏ မျက်လုံးများမှာ ပြူးကျယ်နေသည်။ သူမ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် လူနာ၏ ဇနီးသည်ဆီမှ အော်ငေါက်သံကို ကြားလိုက်ရလေ၏။
“အရှက် မရှိတဲ့ ပြည့်တန်ဆာမ။ နင်ကများ ရာရာစစ ဆရာဝန်ဟန်ဆောင်ပြီး ငါ့ယောက်ျားကို မြှူဆွယ်ရဲတယ်။ ငါ နင့်ကို သတ်မယ်”
သူမသည် ပြောပြောဆိုဆိုဖြင့် သူမ၏ ဖုန်းကို ကျင်းယွင်ကျောင်း၏ လက်ထဲသို့ ထိုးထည့်ကာ ရှောင်ချင်းအား ခုန်အုပ်လိုက်လေသည်။
ဤအခိုက်အတန့်တွင် သူမ၏ အမျိုးသား ဖြစ်သူမှာမူ ကြက်သေသေနေ၏။ သူသည် အမျိုးသမီးဖြစ်သူအား တားရန် လက်လှမ်းလိုက်သော်လည်း ထိုအမျိုးသမီးမှ သူ့အား စိန်းဝါးသော အကြည့်ဖြင့် ကြမ်းကြုတ်စွာ လှည့်ကြည့်လိုက်သည်။
“ကျွန်မကို တားဖို့ စိတ်မကူးနဲ့။ ရှင်တို့ နှစ်ယောက် ခုနက အကြည်ဆိုက်နေတာကို ကျွန်မ မမြင်ဘူး ထင်နေလား။ ရှင့်ရောဂါကြောင့်သာ မဟုတ်ရင် ဟိုးအရင်ကတည်းက ရှင်နဲ့ တစ်ပွဲ တစ်လမ်းနွှဲပြီးလောက်ပြီ”
သူမသည်လည်း ကန်းနေသောသူ မဟုတ်ပေ။ ခုနကပင် သူမ အမျိုးသားသည် အာရုံစိုက်ခြင်း မရှိသော ထိုအမျိုးသမီးအား ခဏခဏ စိုက်ကြည့်နေခဲ့၏။ မိန်းမလှ တစ်ယောက်အား ငေးကြည့်တတ်သည်မှာ ယောက်ျားများ၏ သဘာဝပင်ဖြစ်ကြောင်း သူမ သိပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် မကောင်းသော အတွေးများကို တွေးနိုင်သော်ငြား သူမ အရှေ့တွင် အကောင်အထည် ဖော်ရဲသည့် သတ္တိ မရှိပေ။ ထို့အပြင် သူမ၏ ယောက်ျားမှာ လက်ရှိ အချိန်တွင် ဖျားနာနေပြီး ဖြောင့်ဖြောင့်လည်း မတွေးနိုင်ပေ။ ဤကဲ့သို့သော အချိန်တွင် သူနှင့် ရန်မဖြစ်ချင်တော့ချေ။
သို့သော် ယခုမှာ ထိုသို့ မဟုတ်တော့။ ဤကောင်မသည် အမှန်တော့ ပြည့်တန်ဆာ တစ်ဦး ဖြစ်နေလေသည်။ ရိုးရိုး ပြည့်တန်ဆာပင် မဟုတ်၊ ဒိရှန်း ကြာဆောင်မှ ပြည့်တန်ဆာ ဖြစ်သည်။
မကြာသေးခင်က သူမသည် ဒိရှန်း ကြာဆောင်မှ အမျိုးသမီးများမှာ မြေခွေးများနှင့် တူသည်ဟု လူများစွာမှ ပြောသည်ကို ကြားခဲ့ဖူးသည်။ ထိုအထဲသို့ ယောက်ျား တစ်ဦး ဝင်သွားသည်နှင့် သူသည် ပိုက်ဆံထုတ်ရန် အဆင်သင့်ဖြစ်တော့သည်။ ဤယောက်ျားမှာ ယခင်က မည်မျှပင် မိသားစုအပေါ်ဂရုစိုက်သည့်လူ ဖြစ်ပါစေ၊ စီးပွားရေး ကိစ္စများအကြောင်း ဆွေးနွေးရန် အထဲသို့ ဝင်သွားသည်နှင့် သူမတို့ဆီမှ ဆွဲဆောင်မှုကို ခံနိုင်သောသူ ရှားလေသည်။ ထိုကဲ့သို့ နေရာမျိုးသည် ကောင်းကောင်းမွန်မွန်ပြောရလျှင် ကလပ် ဖြစ်သော်လည်း အမှန်အတိုင်းပြောရလျှင် ပြည့်တန်ဆာခန်းမှာ ပြည့်တန်ဆာခန်းသာ ဖြစ်၏။
ယခုကြည့်ရသည်မှာ သတင်းများသည် လုံးဝ မမှားပေ။ ဤအမျိုးသမီးကို ကြည့်ပါလေ။ သူမသည် သနားစရာကောင်းယောင်၊ အားနည်းချင်ယောင်သာ ဆောင်တတ်လေသည်။ အပြင်ပန်း ကြည့်ရလျှင် အဆင်အခြင် မမဲ့သော ဗိုင်းကောင်းကျောက်ဖိ မိန်းကလေး တစ်ဦးဟု ထင်ရသော်လည်း သူမတွင် မကောင်းသောအကြံအစည်များ ရှိသည်မှာ သိသာပေသည်။
အမျိုးသားသည် သူ၏ မိန်းမဆီမှ အငေါက်ခံလိုက်ရသောကြောင့် မျက်နှာ နီမြန်းသွား၏။ ထို့အပြင် သူသည် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသောကြောင့် ခေါင်းကို လျင်မြန်စွာ ငုံ့လိုက်၏။ ဘေးဘီဝဲယာမှ အမျိုးသမီးများက သူ့အား အပြစ်တင်သော အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူသည် သူ၏ မိန်းမအား သုတ်သီးသုတ်ပြာဖြင့် ကူပြောကာ ရှောင်ချင်းအား အော်ငေါက်လိုက်လေသည်။
“ခုနက ငါ့မှာတော့ မင်းကို စိတ်ကောင်းရှိတဲ့ နတ်သမီးလေးလို့ ထင်ထားတာ။ မင်းဆီက အပ်တစ်ခေါက်၊ နှစ်ခေါက်လောက် အထိုးခံပြီးရင် တခြားသူတွေ သိပ်မခံရလောက်တော့ဘူးဆိုပြီး တွေးထားပေမယ့် ဖြစ်ချင်တော့ မင်းမှာ တခြားအကြံအစည်တွေ ရှိနေတာကိုး။ ငါ မင်းကို ပြောလိုက်မယ်။ ငါ့ ဘဝမှာ ငါ့ မိသားစုက နံပါတ် တစ်ပဲကွ။ မင်းလို မိန်းမမျိုးက ငါ့ မိန်းမရဲ့ တစ်ရာခိုင်နှုန်းကိုတောင် မမှီဘူး”
ကျင်းယွင်ကျောင်းသည် သူမ မျက်ခုံးများကို ပင့်ကာ ပြုံးလိုက်၏။
ရှောင်ချင်းသည် အမျိုးသမီး၏ ဆံပင်ဆွဲခြင်းကို ခံနေရပြီး မျက်နှာသည်လည်း အရှက်ရမှုဖြင့် ပူလောင်နေ၏။ ထိုအချိန်တွင် ဤအမျိုးသားသည် သူမအား လာရောက် ကူညီလိမ့်မည်ဟု ထင်ခဲ့သော်ငြား မည်သူက သိခဲ့မည်နည်း။ ဤလူသည် သူ့မိန်းမအား မတားရုံမက မီးလောင်ရာလေပင့်ပင် လုပ်လိုက်သေးသည်။
ထို့အပြင် သူသည် အရေးမပါသော စကားများကိုပင် ပြောနေသေး၏။ အစောပိုင်းက သူမသည် ဤလူအား ဂရုတစိုက်ဖြင့် ဆေးထိုးပေးနေခဲ့သည် မဟုတ်လော။ ဤအမျိုးသားမှာ လွန်စွာ စဥ်းစားချင့်ချိန်တတ်ပြီး သူ့ မိန်းမမှာ သူနဲ့ သိပ်မလိုက်ဟုထင်ခဲ့သော်လည်း ရှောင်ချင်းသည် ဘာစကားမျှ မဟခဲ့ချေ။
ထို့အပြင် သူမ၏ ရုပ်ရည်မှာ ကျင်းယွင်ကျောင်းလောက် မလှသော်ငြား သူမသည် အခြားသူများဆီမှ ချီးကျူးသံများ အမြဲတစေခံရသောသူ ဖြစ်၏။ သူမ အရှေ့ရှိ ဤအမျိုးသမီးမှာမူ အလွန်စုတ်ပဲ့လှသည်။ ထိုသူသည် သူမအား ဤစုတ်ပဲ့လှသော အမျိုးသမီး၏ တစ်ရာခိုင်နှုန်းပင်မရှိဟု ပြောလိုက်သလော။ ဤလူ ကန်းနေသည်ပင်။
ဆေးခန်းပိုင်ရှင်မှာ ဝင်ရောက်ကူညီချင်ခဲ့သော်လည်း သူသည် ဗီဒီယိုကို ကြည့်လိုက်သောအခါ ထိတ်လန့်တုန်လှုပ်သွား၏။
သူသည် တစ်ခဏမျှ ဘာလုပ်ရမှန်း မသိတော့ချေ။ ဆယ်မိနစ် ကြာသော် ထိုအမျိုးသမီးမှ စတင်ပြီး လက်လွှတ်လိုက်မှသာ သူသည် သုတ်သီးသုတ်ပြာဖြင့် လာပြီး ပြောလိုက်၏။
“သူ့ကို မရိုက်ပါနဲ့ဗျာ၊ မရိုက်ပါနဲ့။ တခြားသူတွေလည်း IV Drip သွင်းနေတုန်းမို့လို့ပါ။ သူ့ကို ထိရင် ကောင်းနိုင်စရာ မရှိပါဘူး...”
အမျိုးသမီးမှ ဟမ့်ခနဲ လှောင်ရယ်သံ ပြုလိုက်သည်။
“နောက်ကျရင် ရှင့်ရဲ့ ဒီအောက်တန်းစား ဆေးခန်းကို လာပါလို့ တောင်းပန်ရင်တောင် မလာဘူး။ ခဏနေကျမှ အိမ်နီးချင်းတွေကို ဒီအကြောင်း ကောင်းကောင်း ပြောပြရမယ်။ အဲ့အချိန်ကျရင် ဒီပြည့်တန်ဆာ ဆေးခန်းကို ဘယ်သူ လာရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ထိုစကားကို ပြောပြီးနောက် သူမသည် သူမယောက်ျား၏ အခြေအနေကိုပင် စိတ်မဝင်စားတော့ဘဲ သူ့အား ဆွဲခေါ်သွားကာ တံခါးကို ဂျိမ်းခနဲပိတ်လိုက်၏။
Space and Rebirth - 508
Trans: Esth
အမျိုးသမီး၏ စကားများကြောင့် ဆေးခန်းပိုင်ရှင်သည် ငိုချင်သွား၏။ သူ၏ ဆေးခန်းသည် အဘယ်သို့ ပြည့်တန်ဆာ ဆေးခန်း ဖြစ်သွားရသနည်း...
သူသည် ကျင်းယွင်ကျောင်းအား လှည့်ကြည့်ပြီး ပြောလိုက်သည်။
“မိန်းကလေး၊ မင်းက သူများကို ဒုက္ခပေးတဲ့နေရာမှာ အရမ်း တော်လွန်းတယ် မထင်ဘူးလား”
“ကျွန်မကို အပြစ်မတင်နဲ့လေ။ လူတိုင်း ဒီအကြောင်းကို သိခွင့်ရှိတယ် မဟုတ်ဘူးလား။ ပြီးတော့ ဒီနေရာက လူတွေရဲ့အသက်ကို ကယ်တင်ပေးနေတဲ့ ဆေးခန်းပဲ။ ကုထုံး မှားတာ ဒါမှမဟုတ် ဆေးပညာ မကျွမ်းကျင်တာမျိုး ဖြစ်ခဲ့ရင် လူတွေ အသက်ဆုံးနိုင်တယ်။ ရှောင်ချင်းက ပြည့်တန်ဆာလုပ်ဖို့ ဒိရှန်း ကြာဆောင်ကို သွားတဲ့အချက်ကို ထားဦး၊ သူ မသွားရင်တောင် သူ့မှာ ဒီအလုပ် လုပ်ဖို့ အရည်အချင်း မရှိဘူး။ သိပ်မကြာခင်ကတင် သူက ကျွန်မတို့ အဘိုး တစ်ယောက် ဦးစီးတဲ့ တရုတ်ရိုးရာဆေးခန်းမှာ အလုပ် လုပ်ခဲ့ပြီး ဆေးဖက်ဝင် အပင် အများစုကို ရောပြီး သိမ်းခဲ့တယ်။ ကံကောင်းလို့ ကျွန်မတို့ စောစောသိသွားတာ။ မဟုတ်ရင် ဘေးထွက်ဆိုးကျိုးတွေကို စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းမှ ကွေ့ဝိုက်ခြင်း မရှိဘဲ ပြောလိုက်၏။
သူမ၏ အသံမှာ သြဇာအာဏာ အပြည့်ရှိပြီး သူမ၏ အကြည့်များမှာ စူးရှလွန်းလှသည်။ ဤအကြောင်းများကို လိမ်ပြောနေသည့်ပုံ မပေါက်ပေ။
“ရှောင်ဝမ်၊ ငါတို့ မိသားစုတစ်ခုလုံး ခေါင်းကိုက် ဖျားနာရင် မင်းဆီပဲ လာကုကြတာ။ ဒီလိုမျိုး ပြဿနာအိုးကို မင်း ငှားထားရင် နောက်ကျ ငါတို့ မလာတော့ဘူး...”
“ဟုတ်တယ်။ ခုနက သူ ဆေးထိုးတဲ့ပုံက တော်တော်ရက်စက်တယ်။ ဘေးနားက ကြည့်တဲ့ ငါတောင် နာလာသလိုလိုပဲ။ သူကတော့ သူ့ကိုယ်သူ နာမည်ကြီးတက္ကသိုလ် ကျောင်းဆင်းလို့ ပြောပေမယ့် ဘယ်သူက အဲ့စကားကို ယုံမှာလဲ။ အဲ့တက္ကသိုလ်က သူတို့ကို စာမသင်ပေးလိုက်ဘူးလား။ သူ့လို လူမျိုးက ဘွဲ့ရော ရနိုင်လို့လား”
“အမလေး၊ မနေ့က ငါ ဒီကိုလာတုန်းက သူ့လက်ချက်နဲ့ အလကား အပ်စူးသွားတယ်။ ငါ့မှာတော့ နာလွန်းလို့ သူ့ကို ဆူလိုက်ပါတယ်။ နောက်ဆုံးတော့ ငါပဲ လူဆိုးမကြီး ဖြစ်သွားတယ်။ နေလို့ မကောင်းပါဘူးဆိုမှ ဒီပြည့်တန်ဆာမ ဒုက္ခပေးတာကို ခံရဦးမှာလား။ သူ့မှာ ဘာလုပ်ပိုင်ခွင့်များ ရှိလို့လဲ”
.....
ရုတ်ချည်းဆိုသလို ဆေးသွင်းနေကြသော လူနာများသည် မခံမရပ်နိုင်ဟန်ဖြင့် ထပြောလိုက်ကြ၏။
ဆရာဝန်မှ ၎င်းကို တွေ့သောအခါ သူသည် ရှောင်ချင်း၏ ကိုယ်ပိုင် ပစ္စည်းများကို အလျင်အမြန် ဆွဲထုတ်ပြီး သူမ လက်ထဲသို့ ထိုးထည့်လိုက်သည်။ စကားတစ်ခွန်းမျှ ထပ်မပြောဘဲ သူမအား တံခါး ပြင်ပသို့ နှင်ထုတ်လိုက်၏။
“ရှောင်ချင်း၊ ကျေးဇူးပြုပြီး ငါ့ကို ကူညီတဲ့အနေနဲ့ ဒီမှာ အလုပ်မလုပ်ပါနဲ့တော့။ ဒီရက်ပိုင်းအတွင်း နင်က နည်းနည်းမျှ ကူညီဖော် မရတဲ့အပြင် ငါ့ကိုတောင် ပိုဒုက္ခပေးခဲ့သေးတယ်။ နင်နဲ့ မငြင်းချင်တော့ဘူး။ ဒီမှာ ယွမ် တစ်ရာ။ သွားလိုက်တော့၊ နင့်ကို မငှားနိုင်တော့ဘူး...”
ယခင်က ဆေးခန်း ပိုင်ရှင်သည် ရှောင်ချင်း၏ ရုပ်ရည် ချောမောမှုကြောင့် သူမသည် ကလေးများနှင့် တည့်လိမ့်မည်ဟု ထင်ခဲ့သည်။ ဤကဲ့သို့ ကိစ္စမျိုးဖြစ်မည်ဟု မည်သူထင်ခဲ့မည်နည်း။
ရှောင်ချင်းသည် သူမ လက်ထဲမှ ယွမ် တစ်ရာကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွား၏။
“ဘယ်လိုလုပ် ရှင် ဒီလိုလုပ်နိုင်တာလဲ။ ဘာအမှားမှ မလုပ်ခဲ့ဘူးလေ။ ရှင်ပဲ ကျွန်မကို ငှားမယ်ပြောခဲ့တာ။ ဒီလူတွေရဲ့ အဓိပ္ပာယ် မရှိတဲ့ စကားကြောင့်နဲ့ ကျွန်မကို နှင်ထုတ်တယ်ပေါ့"
ထို့နောက် သူမသည် ဆေးခန်း ပိုင်ရှင် လက်ထဲမှ ရုန်းထွက်ကာ ကြမ်းကြုတ်သော မျက်နှာဖြင့် ကျင်းယွင်ကျောင်းအား လက်ညှိုးငေါက်ငေါက်ထိုးလိုက်၏။
”ကျင်းယွင်ကျောင်း၊ ငါ နင့်ကို ဘာအမှားများ လုပ်ခဲ့ဖူးလို့လဲ။ ဘာလို့ ငါ့ကိုပဲ ခဏခဏ ပစ်မှတ်ထားနေတာလဲ။ နင့်ကြောင့် လူတိုင်းက ငါ့ကို သစ္စာဖောက်ပြီး ထားခဲ့ကြတာ။ နင်ကမှ မြေခွေးမပဲ”
သူမသည် အမှန်ပင် သည်းမခံနိုင်တော့ချေ။
ဤရက်ပိုင်းအတွင်း သူမသည် ဝမ်ဟုန်အိမ်မှာ နေသောကြောင့် စားစရာ သောက်စရာ မပူရသော်လည်း သူမသည် အိမ်တွင် မွေးထားသော အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ခံစားခဲ့ရသည်။ ယခု သူမ အလုပ်ရမှသာ ယွမ် တစ်ပြားမှ မရှိသေးလျှင်ပင် ယုံကြည်ချက်များစွာ ပိုရှိလာခြင်းဖြစ်သည်။
သို့သော် အလုပ်ကောင်း တစ်ခုသည် ကျင်းယွင်ကျောင်းလက်ချက်ဖြင့် ပျက်စီးခဲ့ရပြန်ပြီ။ ဤသည်မှာ တတိယ အကြိမ်ဖြစ်၏။
သူများ အနိုင်ကျင့်သောကြောင့် ငိုယိုပြီး ချစ်စရာပုံစံဖြင့် သနားချင်ယောင်သာ ဆောင်တတ်သော ရှောင်ချင်းသည် ဤကဲ့သို့ မျက်နှာပုံစံမျိုးလည်း လုပ်တတ်သည်ကို မြင်လိုက်ရသောအခါ ကျင်းယွင်ကျောင်း၏ အကြည့်များတွင် လှောင်ရိပ်များ သန်းသွား၏။
ကျင်းယွင်ကျောင်းသည် ခြေထောက်ကို မြှောက်ကာ ဆေးခန်းမှ ထွက်လာလိုက်၏။ သူမ၏ အနောက်တွင် ရှောင်ချင်းသည် ဒေါသတကြီးဖြင့် လိုက်လာလေသည်။ ထိုဆေးခန်း၏ မှန်တံခါးများ ပိတ်သွားသည်နှင့် ကျင်းယွင်ကျောင်းသည် အနောက်သို့ လှည့်ကြည့်ကာ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
“မိန်းကလေး၊ နောက်အလုပ်တစ်ခု ရှာတွေ့ရင် ကျွန်မကို ဆက်ဆက်ပြောနော်။ သေချာပေါက် လာလည်ဦးမယ်”
“ငါ့ကို နင်က ယုတ်မာတယ်လို့ ပြောထားတော့ နင်ပြောသလို မလုပ်ဘူးဆိုရင် စိတ်ပျက်သွားမှာစိုးလို့ပါ။ ဒီနေ့ကစပြီး ဟွားနင် ခရိုင်မှာ နင် အလုပ်ရှာလို့ မရစေရဘူးလို့ ငါ ကတိပေးတယ်။ ငါ့အထိန်းအချုပ်အောက်မှာ မရှိတဲ့ ပြည့်တန်ဆာတန်းက လွဲလို့ပေါ့”