အခန်း (၅၁၃-၅၁၆)
Vol. 26 Ch. 513-516
Space and Rebirth - 513
Trans: Esth
မနက်အစောပိုင်းတွင် ရှောင်ချင်းသည် အိပ်ချင်မူးတူးဖြင့် ထလာ၏။ မနေ့ညက ဝမ်ဟုန်မှ သတိပေးထားသည်ကို သူမ ဝိုးတဝါးဖြင့် မှတ်မိသွားသောကြောင့် ဖုန်းကို ကောက်ကိုင်ကာ သူမ၏ မောင်ငယ် နှစ်ဦးကို ဆက်သွယ်လိုက်လေသည်။
အပြင်ဘက်တွင် ရှုခင်းသည် အလွန် လှပနေ၏။ နွေဦးလေပြေမှာ နူးညံ့ ညင်သာလှပြီး လေထုမှာလည်း လတ်ဆတ်စိုစွတ်နေသည်။
နေရာလွတ် နယ်မြေထဲတွင် ကျင်းယွင်ကျောင်းသည် ဝိညာဥ်ကျောက်စိမ်းကို စုပ်ယူကာ သိုင်းကျင့်ကြံနေလေသည်။ ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်လှသည်။ ဆေးဖက်ဝင် ပိုးကောင်များသည် ဆေးဖက်ဝင် သစ်သီးသစ်ဖုများကို တစ်ခုပြီး တစ်ခု တူးဆွရင်းဖြင့် အလုပ်ရှုပ်နေကြ၏။ လူးလူးလွန့်လွန့်ဖြင့် သွားလာနေသော သူတို့၏ ခန္ဓာကိုယ်လေးများသည် အလွန်ပင် ချစ်စဖွယ်ကောင်းလှသည်။
သူမ အနားယူဖို့ ဟန်ပြင်နေစဥ်တွင် အပြင်ဘက်မှ ဖုန်းမြည်သံကို ကြားလိုက်ရ၏။ ထိုအချိန်မှ သူမသည် ဖုန်းကို ကြည့်ရန် နေရာလွတ် နယ်မြေထဲမှ ထွက်လိုက်တော့သည်။
မက်ဆေ့ချ်ကို ဖတ်လိုက်ရသောအခါ သူမသည် အနည်းငယ်ပဟေဠိဖြစ်သွား၏။
မက်ဆေ့ချ်မှာ စူးချူထံမှ ဖြစ်သည်။ လိပ်စာ တစ်ခုကို ထည့်ရေးထားပြီး ထိုနေရာတွင် သူမအတွက် စပရိုက် လက်ဆောင် တစ်ခု ရှိသည်ဟု ရေးထားသည်။ ကျင်းယွင်ကျောင်းသည် ပေးထားသောလိပ်စာကို ကြည့်လိုက်၏။ ၎င်းမှာ ဆင်ခြေဖုံးရပ်ကွက်တွင် ရှိမှန်း သိသာလေသည်။
သူမသည် ဖုန်းနံပါတ်ကို ချက်ချင်း နှိပ်၍ ခေါ်လိုက်သော်လည်း မည်သူမျှ ဖုန်းမကိုင်ချေ။ ကျင်းယွင်ကျောင်း အနည်းငယ် အဖြေ ရှာမရ ဖြစ်သွား၏။
ခဏမျှ စဥ်းစား တွေးတောပြီးနောက် သူမသည် ကန်ကျင်းချန်အား ခေါ်လိုက်လေသည်။ ကန်ကျင်းချန်သည် အလျင်အမြန်ပင် ဖုန်းကိုင်လိုက်၏။ သူသည်လည်း ကျင်းယွင်ကျောင်းအား မေးစရာရှိပုံပေါ်သည်။
“ချူချူက မင်းကို သွားတွေ့တာလား”
“ဟင့်အင်း”
ကျင်းယွင်ကျောင်း အံ့အားသင့်သွား၏။
“ထူးဆန်းလိုက်တာ ဒီနေ့က အဘိုးရဲ့ စာမေးပွဲနေ့လေ။ ငါ သူ့ကို လာကြိုမယ်လို့ ပြောထားပေမယ့် စူးမိသားစု အိမ်မှာလည်း သူ မရှိဘူး။ အဲ့ကောင်မလေး ဘယ်မှာ ပုန်းနေပါလိမ့်”
ဟု ကန်ကျင်းချန်မှ ပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် ပါးစပ်ကို ဟကာ ပြောလိုက်သည်။
“အခုလေးတင် သူ မက်ဆေ့ချ် ပို့ပြီး လိပ်စာ တစ်ခုကို ပေးထားတယ်။ အဲ့နေရာမှာ စပရိုက်လက်ဆောင် တစ်ခု ရှိတယ်တဲ့...”
“စပရိုက်၊ ဟုတ်လား။ ချူချူတော့ မွှေပြန်ပြီ။ သူက နေ့တိုင်း ငါတို့နဲ့ အတူ ရှိတာလေ။ ဘယ်လိုလုပ် စပရိုက် တိုက်နိုင်မှာလဲ။ ဘယ်အချိန်ကတည်းက ဒီလောက်ထိ ရဲတင်းသွားပါလိမ့်။ စာမေးပွဲနေ့မှာတောင် ထွက်ပြေးရဲတယ်ဆိုတော့ သူပြန်လာရင် အဘိုးက သေချာပေါက် ကောင်းကောင်း ဆုံးမတော့မှာပဲ...”
ကန်ကျင်းချန် ထပ်ပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် အစက သူနှင့်အတူ စာမေးပွဲဖြေရန် လုပ်ထားသော်လည်း စိတ်မကောင်းစွာဖြင့် စာမေးပွဲတိုင်း၏ ရလဒ်မှာ ခန့်မှန်းထားသည်ထက် သာလွန်စမြဲ ဖြစ်သည်။
ယခုမူ ကျင်းယွင်ကျောင်း၏ အခြေခံ ဗဟုသုတကို စစ်ဆေးသည်မှာ အဘိုး ကန်အတွက် အချိန်ဖြုန်းရုံသာ ဖြစ်သည်။ ထို့ကြောင့် သူသည် သူမ၌ အချိန်ရှိပါက တစ်လတစ်ခါ သူနဲ့အတူ အိမ်လူနာ ကြည့်ရန်သာ မေးတတ်တော့သည်။ အဘိုး ကန်နှင့် အပြင်ထွက်ရုံမက ကျင်းယွင်ကျောင်းသည် အကြီးအကဲ ရှု လွှတ်လိုက်သော လူနာများကိုလည်း ကြည့်ရသေးသည်။ သို့သော် လူနာ အရေအတွက်မှာ အရင်ကလောက် မများချေ။ ယခင်ကထက်စာလျှင် ပိုမို လွတ်လပ်ပေသည်။ သူမ ဝိညာဥ်ကျောက်စိမ်းအား စုပ်ယူရန်အတွက်လည်း အချိန်ရလေသည်။ ယခု သူမသည် ဝိညာဥ်ကျောက်စိမ်းအား တစ်ဝက်နီးနီး စုပ်ယူပြီး ဖြစ်၏။
ကန်ကျင်းချန် စကားပြောပြီးနောက်တွင် ကျင်းယွင်ကျောင်းသည် စိတ်ထင့်သွားသည်။
စူးချူသည် အလွန်လိမ္မာပေသည်။ သူသည် အကြီးများ၏ စကားကို တော်ဝင်အမိန့်သဖွယ် နာခံတတ်သည်။ အထူးသဖြင့် သူမ ကြောက်ရွံ့ လေးစားရသော အဘိုး ကန်ကိုမူ ပြောစရာပင်မလိုချေ။ စာမေးပွဲနေ့ ရောက်တိုင်း သူမသည် ကြိုတင်ပြင်ဆင်လေ့ရှိပြီး ထိုနေ့ရက်တွင် မည်သူ၏ ဖိတ်ခေါ်ချက်ကိုမှ လက်ခံလေ့ မရှိချေ။ ရှောင်ဟိုင်ချင်း သို့မဟုတ် ထန်ကျစ်ဟွားတို့မှ လာသော ဖိတ်ခေါ်ချက်ပင် ဖြစ်ပါစေ၊ သူမ လုံးဝ လက်ခံမည် မဟုတ်ပေ။
သို့သော် ယခုတွင် သူမသည် ရုတ်တရတ်ဆိုသလို စပရိုက် လက်ဆောင်ကို ပြင်ဆင်နေသည်လော။
“ကျင်းချန်၊ စူးမိသားစုအိမ်မှာ တခြားလူတွေ မရှိဘူးလား”
ကျင်းယွင်ကျောင်း ထပ်ပြောလိုက်သည်။
“တခြားလူလား။ ဪ၊ ချူချူရဲ့ ဝမ်းကွဲ နှစ်ယောက်ကို ပြောတာလား”
ကန်ကျင်းချန် ခဏမျှ ရပ်တန့်ပြီးမှ ပြန်လည်အသက်ဝင်လာကာ ပြောလိုက်၏။
“သူတို့ အိမ်မှာ မရှိဘူး ထင်တယ်။ တံခါးကို အကြာကြီးခေါက်ပေမယ့် ဘယ်သူမှ မထူးဘူး။ ပြီးတော့ ချူချူကို ခေါ်တာ ဆယ်ခါ မကတော့ဘူး။ ဘယ်သူမှလည်း မကိုင်ဘူး။ အာ၊ ဟုတ်သားပဲ။ ဘယ်သူ့ကိုမှ ဖုန်းမခေါ်ဖို့ သူ ငါ့ကို စာပို့ထားတယ်။ တစ်ခုခုဖြစ်ရင် နောက်မှ သူ ငါ့ကို ဆက်သွယ်မယ်တဲ့”
ကျင်းယွင်ကျောင်းသည် နားထောင်ပြီးနောက် နှလုံးသား ပြုတ်ကျလုမတတ် ဖြစ်သွားသည်။
စူးချူသည် သူများကို စိတ်ပူအောင် လုပ်တတ်သော စရိုက် မဟုတ်ပေ။ ပိတ်ရက် ဖြစ်သော်လည်း သူမ၏ မိဘများမှာ အလုပ်ရှုပ်နေဆဲဖြစ်သောကြောင့် သူမနှင့်အတူ ရှိရန် မဖြစ်နိုင်ချေ။ သူမသည် ကျောင်းတွင် နာမည်ကြီးသည်မှန်သော်လည်း အခြား အတန်းဖော် အများစုမှာ သူမနှင့် ထိုမျှလောက် မရင်းနှီးသဖြင့် စူးချူသည် သူတို့နှင့် ထွက်လည်ခဲသည်။
ထို့အပြင် ဖုန်းမကိုင်ဘဲ မက်ဆေ့ချ်ဖြင့်သာ စကားပြောသော သူမ၏ ပုံစံမှာလည်း ထူးဆန်းလွန်းလှ၏။
Space and Rebirth - 514
Trans: Esth
စူးချူ၏ မက်ဆေ့ချ်တွင် သူမအတွက် စပရိုက်လက်ဆောင် ရှိသည်ဟု ရေးထားသည်။ ကျင်းယွင်ကျောင်းမှ ထိုလက်ဆောင်ကို သိသွားမည် စိုးသဖြင့် စကားတိုက်ရိုက် မပြောချင်သည်မှာ မထူးဆန်းလှသော်လည်း သူမသည် ကန်ကျင်းချန်ကိုပါ မဆက်သွယ်သည်က ထူးဆန်းပေသည်။
ကျင်းယွင်ကျောင်းသည် နားမလည်နိုင်သောကြောင့် ကန်ကျင်းချန်ကို ဤအတိုင်းသာ ပြောလိုက်တော့သည်။
“သူ ငါ့ကို ပို့ထားတဲ့ လိပ်စာဆီပဲ တစ်ချက် သွားကြည့်လိုက်မယ်”
“သူ ဘယ်မှာတဲ့လဲ။ ငါ မင်းနဲ့ လိုက်ရှာပေးရမလား”
ကန်ကျန်းချန် မေးလိုက်၏။
“အာ...ရပါတယ်၊ ထားလိုက်။ ငါ တစ်ယောက်ပဲ သွားလိုက်မယ်”
သူမသည် တစ်ခုခု ဖြစ်တော့မည့် အာရုံရနေသောကြောင့် ရုတ်တရတ်ဆိုသလို ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။ ဤခံစားချက်သည် မကောင်းလှပေ။ အမှန်တကယ်သာ တစ်ခုခုဖြစ်ခဲ့လျှင် ကန်ကျင်းချန်သည်လည်း သိပ်ကူညီနိုင်မည်မဟုတ်။
ကျင်းယွင်ကျောင်း စကား ပြောပြီးနောက် ဖုန်းကို ချလိုက်ကာ သူမ၏ အနွေးထည်ကို ဝတ်ပြီး တံခါးမှ အလျင်အမြန် ထွက်သွားလိုက်သည်။ သို့သော် သူမသည် ရပ်ကွက်ထဲသို့ ထွက်သည်နှင့် အနောက်မှ စူးရှသော အကြည့် တစ်ခုကို ခံစားမိလိုက်သောကြောင့် ခြေလှမ်းများ တန့်သွား၏။
ထိုအကြည့်ပိုင်ရှင်၏ နောက်ယောင်ခံလိုက်ခြင်းစွမ်းရည်များမှာ အလွန် နမော်နမဲ့နိုင်သဖြင့် ကျင်းယွင်ကျောင်းသည် သူ့အား အချိန်မှီ ဖော်ထုတ်နိုင်လိုက်သည်။ သူမ အနောက်သို့ လှည့်ကြည့်သည့်နှင့် ထိုလူအား တန်းတန်းပင် မြင်လိုက်လေသည်။ ယခင်က သူမ ပညာပေးခဲ့သော ရှောင်ညီ အစ်ကို နှစ်ဦးထဲမှ တစ်ဦး ဖြစ်၏။
သို့သော် သူတို့ နှစ်ဦးသားသည် တစ်ထေရာတည်း တူသည် မဟုတ်လော။ ဤလူမှာ ရှောင်လျန်းလား ရှောင်ယီလား သူမ မသိချေ။
သို့ရာတွင် ထိုအချက်မှာ အရေးမကြီးပေ။ ကျင်းယွင်ကျောင်းသည် ရှောင်ညီအစ်ကို၏ ကုတ်ချောင်းချောင်း အကြည့်အား မြင်လိုက်သည်နှင့် စိတ်ထဲတွင် ပိုသေချာသွားသည်။
သူမသည် ကားထဲသို့ အပြေးအလွှား မဝင်ဘဲ ထိုအစား လူနေ ရပ်ကွက်ဘေးမှ လမ်းကြားထဲသို့ လမ်းလျှောက် ဝင်သွားလိုက်၏။ ဟိုချိုး ဒီချိုး ပြုပြီးနောက် သူမသည် လမ်းကြားထိပ်ဝတွင် ခေါင်းပြူကာ စိုက်ကြည့်နေသော ရှောင်မိသားစုညီအစ်ကို တစ်ဦးအား တွေ့လိုက်ရလေသည်။ သူသည် ရေပင် ရေရွတ်နေသေး၏။
“တကယ် သရဲလိုပဲ၊ ဘယ်ရောက်သွားပါလိမ့်”
“ငါ့ကို ရှာနေတာလား”
ကျင်းယွင်ကျောင်းသည် သူ့ အနောက်မှ နေ၍ အေးတိအေးစက်ဖြင့် ပြောလိုက်၏။
“အား”
ရှောင်မျိုးရိုး ကောင်လေးသည် အလွန် ထိတ်လန့်သွားပြီး သုံးပေခန့် ခုန်တက်သွားသည်။ သူသည် ချက်ချင်းပင် အနောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ကာ ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးလိုက်၏။
“မင်း ဒီကို ဘာလို့ ရောက်နေတာလဲ”
“ငါက ဘယ်သွားရမှာလဲ”
ကျင်းယွင်ကျောင်း၏ အကြည့်များသည် လေးနက်နေ၏။ သူမသည် ထိုကောင်လေးအား စိုက်ကြည့်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
“ဘာလို့ ငါ့ အနောက် လိုက်နေတာလဲ”
ထိုစကားကို ပြောပြီးပြီးချင်း သူမသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏ ဖုန်းကို ဆွဲလုလိုက်၏။ မက်ဆေ့ချ်ကို ဖွင့်လိုက်သည်နှင့် နောက်ဆုံး ပို့ထားသော စာမှာ
“ခွေးမလေး ထွက်သွားပြီ”
ဟူ၍ ဖြစ်နေကြောင်း သိလိုက်ရသည်။
သို့သော် စာလက်ခံသူ နေရာတွင် ဖုန်းနံပါတ်တန်းသာရှိပြီး နာမည် မရေးထားချေ။
“ငါ-ငါ မင်း အနောက် မလိုက်ပါဘူး။ ဘာလို့ ငါ့ ဖုန်းကို လုတာလဲ"
ရှောင်လျန်း ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သူ့စကားသည် တရားနည်းလမ်း ကျသည်ဟု ထင်ရသော်လည်း ပုံစံမှာမူ အလွန် မလုံမလဲ ဖြစ်နေလေသည်။
ကျင်းယွင်ကျောင်းနှင့် စူးချူအား သင်ခန်းစာပေးမည်ဟု သူ၏ အစ်မ ပြောထားခဲ့သည်။ သူတို့ နှစ်ဦးအား စက်ရုံပျက်ကြီး တစ်ခုသို့ ခေါ်သွားပြီး တစ်ညတာ သော့ပိတ်ထားမည်ဟု ပြောခဲ့သောကြောင့် သူသည်လည်း ထိုအကြံအစည်အား အလွန် သဘောကျနေခဲ့၏။ ကျင်းယွင်ကျောင်းနှင့် စူးချူသည် သူနှင့် သူ့ အစ်ကိုအား ဆိုးရွားစွာ ထိုးကြိတ်ထားသည် မဟုတ်လော။ ယခုချိန်ထိ သူတို့သည် တစ်ကျောင်းလုံး၏ ဟာသ ဖြစ်နေသေး၏။
“နင် အမှန်အတိုင်း ပြောနေတာ မဟုတ်ဘူး မှတ်လား။ အသားတွေ ယားလာပြန်ပြီလား။ နင့်ကို အခုချက်ချင်း ဆော်ပလော် တီးပြီး ဘဝ တစ်လျှောက်လုံး ဒုက္ခိတ ဖြစ်သွားအောင် လုပ်နိုင်တယ်လို့ ပြောရင် နင် ယုံလား”
ကျင်းယွင်ကျောင်း၏ မျက်နှာသည် သုန်မှုန်နေ၏။
ရှောင်လျန်း တုန်ယင်သွားသည်။
“ဘ-ဘာမှ မဟုတ်ဘူးလို့ ပြောနေတယ်လေ...”
“နင့်ကို ကြည့်လိုက်တာနဲ့ တစ်ခုခု လုပ်ထားမှန်းသိသာတယ်”
ကျင်းယွင်ကျောင်း၏ အကြည့်တွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များ ပါဝင်နေ၏။ ထို့နောက် သူမ ဆက်ပြောလိုက်သည်။
“ချူချူကို...နင်တို့ နှစ်ယောက် ခေါ်သွားတာ မှတ်လား။ နင်တို့ ဘာလုပ်ချင်တာလဲ”
“မဟုတ်ဘူး...”
ရှောင်လျန်းမှ တစ်ခုခု ပြောရန် ဟန်ပြင်ဆဲတွင် ကျင်းယွင်ကျောင်း၏ မျက်နှာကို တွေ့လိုက်ရသောကြောင့် အလွန်တုန်လှုပ်သွား၏။
သူ၏ အကြောင်းပြချက်များသည် ချက်ချင်းဆိုသလို အင်အားမဲ့သွားလေသည်။ ထိုမှသာ သူသည် အာရုံနောက်ဟန်ဖြင့်
“ကျင်းယွင်ကျောင်း၊ နင် ဘာတွေ အဲ့လောက်တောင် မာန်တက်နေတာလဲ။ ဟုတ်တယ်၊ ချူချူကို ခေါ်သွားတာ ငါတို့ပဲ။ အဲ့တော့ ဘာဖြစ်လဲ။ မင်းတို့တွေက သူငယ်ချင်းတွေ မှတ်လား။ သူ့ကို သွားရှာဖို့ သတ္တိ မရှိဘူးလား။ သတ္တိ မရှိဘူးဆိုရင်လည်း မရှိဘူးပြောလေ။ အဲ့နေရာမှာ သူတစ်ယောက်တည်း အအေးမိပါစေပေါ့”
ကျင်းယွင်ကျောင်း မျက်မှောင်ကြုတ်လိုက်သည်။
“သူ့ကို နင်တို့ ဘယ်လို ခေါ်သွားတာလဲ။ အားသုံးပြီးတော့လား။ နင်တို့ နှစ်ယောက်က ငကြောက်တွေဖြစ်တဲ့အပြင် ကားနဲ့ ခေါ်သွားဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဆိုလိုတာက နင်တို့ကို ကူညီတဲ့သူ ရှိတယ်ဆိုတဲ့သဘောပဲ။ ဘယ်သူလဲ။ နင့် အစ်မလား။ မဟုတ်ဘူး...နင့် အစ်မနဲ့ နေတဲ့ ကောင်လား”
Space and Rebirth - 515
Trans: Esth
ကျင်းယွင်ကျောင်း စကားပြောပြီးချိန်တွင် ရှောင်လျန်း၏ မျက်လုံးအတွင်း အကြောက်တရားများ ပြည့်လျက်ရှိနေပြီ ဖြစ်သည်။ သူ၏ မလုံမလဲ ဖြစ်နေသော စိတ်ကြောင့် သူ့ ပုံစံ ကြည့်ရသည်မှာ ကျီးလန့်စာ စားနေရသည့်ပုံ ဖြစ်နေသော်လည်း ခေါင်းမာမာဖြင့် ပြောနေသေး၏။
“ကျင်းယွင်ကျောင်း၊ ငါတို့ကို အရင် စော်ကားတဲ့သူက နင်နဲ့ ချူချူပါ။ ငါတို့က နင်တို့နှစ်ယောက်ကို သင်ခန်းစာ ပြန်ပေးချင်ရုံပဲ ရှိတယ်။ ဘာမှ ဖြစ်မှာလည်း မဟုတ်ဘူး။ ဒီလိုပုံစံနဲ့ ဘယ်သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလဲ”
'စက်ရုံပျက်ထဲမှာ တစ်ညပဲ နေရမှာ မဟုတ်ဘူးလား။ အဲ့မှာ သရဲလည်း ရှိတာ မဟုတ်၊ တောရိုင်းကောင်တွေ ရှိတာလည်း မဟုတ်။ အများဆုံး ဖြစ်လှ အဲ့ ငကြောက်မ စူးချူ ကြောက်သွားရင် တော်ပြီ'
သို့သော် အစက သူသည် ကျင်းယွင်ကျောင်းအား လှည့်စားချင်ခဲ့သော်လည်း သူမ ဖော်ထုတ်နိုင်လိုက်မည်ဟု ဘယ်သူထင်ခဲ့မည်နည်း။ သူမသည် ဉာဏ်ကောင်းလွန်းလှသည်။
ကျင်းယွင်ကျောင်း၏ မျက်လုံးများမှာ သုန်မှုန်နေ၏။ သူမသည် ရှောင်လျန်း၏ ဖုန်းကို သုံးပြီး ထိုနံပါတ်အား တိုက်ရိုက် ဆက်လိုက်၏။
တစ်ဖက်လူသည် လျင်မြန်စွာပင် ဖုန်းကိုင်လိုက်လေသည်။ သူ၏ အသံမှာ သြရှရှဖြင့် ကွဲအက်နေ၏။ ကြားရ နားထောင်ကောင်းသည့် အသံမျိုးမဟုတ်ပေ။ အထူးသဖြင့် ဖုန်းထဲတွင် ကြားရသည်မှာ ပို၍ပင် ဆိုးလှသည်။ မိမိ ဆံပင်မွေးများ ထောင်လာစေနိုင်သော အသံမျိုးဖြစ်၏။
ဤလူသည် မူမမှန်ဟုသာ ကျင်းယွင်ကျောင်း ခံစားမိလိုက်သည်။ သူမနှင့် စူးချူအား လှည့်စား၍ သူ့တွင် ဘာအကျိုးရှိမည်နည်း။ အမှန်ပင် တစ်ညတာ အပြစ်ပေးခြင်း ဟုတ်ပေသလော။ ထို့အပြင် ဤရူးကြောင်ကြောင် လုပ်ရပ်မျိုးသည် လူကြီး တစ်ဦးမှ လုပ်လောက်သော လုပ်ရပ်မျိုး မဟုတ်ပေ။
ရှောင်လျန်းနှင့် ရှောင်ယီတို့ ညီအစ်ကိုနှစ်ဦးသည် ငယ်ရွယ်ပြီး စိတ်မြန် လက်မြန် ရှိကြလေသည်။ သူတို့သည် ယခင်က သူမ လက်ချက်ဖြင့် အလဲထိုးခံထားရသောကြောင့် သူတို့မှ လက်တုံ့ပြန်ချင်နေသည်မှာ သဘာဝပင်။ ရှောင်ချင်းပင်လျှင် လက်တုံ့ပြန်ဖို့ အကြောင်းပြချက်ရှိသည်။ ထို့အပြင် သူမကို အပြစ် ရှာ၍ မရချေ။ သူမသည် ဤကိစ္စနှင့် ပတ်သတ်၍ မှားယွင်းခြင်း မရှိဟု ထင်ချင်ပင် ထင်နိုင်လောက်သည်ထိ တုံးပေသည်။
သို့သော် ဤဝမ်ဟုန်မှာ သူတို့နှင့် မတူချေ။ သူသာ အမှန်တကယ် ဤသို့ လုပ်လျှင် စူးချူနှင့် သူမသည် ပိတ်မိနေမည် ဖြစ်ကြောင်း သူ သေချာပေါက် သိထားသည်။ သူမတို့မှ ရဲကို ခေါ်မည်မှာ ဖြစ်နိုင်ချေများပြီး နောက်ဆုံးတွင် ခံရမည့်သူမှာ ထိုသူတို့သာလျှင် မဟုတ်လော။
သို့တိုင်အောင် အဘယ်ကြောင့် ဤသို့ လုပ်ရသနည်း။
ဖုန်းလိုင်း တစ်ဖက်မှ အသံကို ကြားလိုက်သောအခါ ကျင်းယွင်ကျောင်း ကွေ့ဝိုက်မနေဘဲ ပြောလိုက်၏။
“ဟူဝမ်ဟုန်၊ ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
တစ်ဖက်လူမှ စကား ရပ်တန့်သွားသည်။ ကျင်းယွင်ကျောင်းမှ ဖုန်းကိုင်ရန် သူ မမျှော်လင့်ထားသည့်ပုံပင်။
သို့သော် ချက်ချင်းပင် သူသည် ပြာပြာသလဲ မဖြစ်သွားဘဲ ရုတ်တရတ် ပြုံးလိုက်ကာ
“ကျင်းယွင်ကျောင်း၊ မင်းက အတော်လေး ဉာဏ်ပြေးသားပဲ...”
“စူးချူက အခု ငါ့ လက်ထဲမှာ ရှိတယ်။ မင်း မလာရင် သူ သေလိမ့်မယ်။ ငါ မင်းကို ခြောက်ပြောနေတာ မဟုတ်သလို ခြောက်ဖို့ အချိန်လည်း မရှိဘူး။ မင်း ရဲစခန်းကို ဖုန်းဆက်လို့လည်း ရတယ်၊ ငါမကြောက်ဘူး။ ငါ ကိုယ်တိုင် လုပ်ထားတဲ့ ဗုံးတွေ ဒီမှာ နေရာအနှံ့ပဲ။ မင်း မဟုတ်တဲ့ တခြားသူလာတာနဲ့ ငါ သူ့ကို ဖောက်ခွဲပစ်မှာ။ အဲ့အချိန်ကျရင် သူဒီကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားစေရမယ်လို့ ငါ ကတိပေးတယ်....”
ဟူဝမ်ဟုန်၏ လေသံမှာ စိတ္တဇဆန်ဆန်ဖြင့် စိတ်ဖောက်ပြန်နေသူ တစ်ယောက်ကဲ့သို့ အလွန်ထူးဆန်းနေ၏။
ကျင်းယွင်ကျောင်းမှ ထိုစကားများကို ကြားလိုက်ရသောအခါ သူမ ရင်ဘတ်အစုံ တုန်လှုပ်သွားပြီး လက်သီးများ ဆုပ်မိတော့သည်။
“ဘာလို့လဲ။ ရှင့်ကို ဘာများလုပ်မိလို့လဲ”
ကျင်းယွင်ကျောင်း အံကြိတ်ကာ ပြောလိုက်သည်။
'ရှောင်ချင်းအတွက်လား။ မဖြစ်နိုင်ဘူး'
သူမနှင့် ရှောင်ချင်းကြားမှ ရန်ပွဲသည် သေရေးရှင်ရေး အခြေအနေကို မရောက်သေးသည့်အပြင် ရှောင်ချင်း၏ အိပ်ရာပေါ်မှ စကားများကြောင့် သူသည် ဤမျှလောက် ကြောက်မက်ဖွယ်လုပ်ရပ်ကို လုပ်သည်ထိ ဟူဝမ်ဟုန်နှင့် ရှောင်ချင်းကြားမှ ဆက်ဆံရေးသည်လည်း မရင်းနှီးသေးပေ။
ထို့အပြင် ရှောင်ချင်းမှာ စိတ်သာကြီးပြီး ဦးနှောက်မရှိသောသူဖြစ်၏။ သူမသာ တစ်ကိုယ်ကောင်းဆန်ကာ ချစ်စဖွယ်ဟန်ဆောင်ပြီး မိမိကိုယ်ကိုမှန်သည်ဟု ထင်သည့်အတိုင်း ပြုမူတတ်သောသူသာဖြစ်သည်။ ရှောင်ချင်းမှ သူမအား လက်စားချေလိုလျှင် ဤမျှလောက် ပြင်းထန်သောနည်းလမ်းကို သုံးမည်မဟုတ်ချေ။
ရှောင်ချင်း ကြည့်ရသည်မှာ ဟူဝမ်ဟုန်၏ အသုံးချခံဖြစ်နေပုံပေါက်၏။ ဟူဝမ်ဟုန်မှ သူမ၏ ဒေါသပေါက်ကွဲမှုကို ကိုယ်ချင်းစာ၍ ကျင်းယွင်ကျောင်းအား သင်ခန်းစာ ပေးသည့်နေရာတွင် ကူညီပေးနေသည်ဟု သူမ ထင်နေခြင်း ဖြစ်မည်။
ကျင်းယွင်ကျောင်း မေးလိုက်သည်နှင့် တစ်ဖက်လူမှ အရင်ပြုံးပြီး အံကြိတ်လိုက်ကာ
“မင်းက ငါ အချစ်ဆုံး လူကို သတ်ခဲ့တယ်။ ဒီကမ္ဘာပေါ်မှာ တစ်ဦးတည်းသော နတ်သမီးကို မင်း သတ်ခဲ့တာပဲ။ ငါ တစ်ယောက်တည်း ပိုင်ခဲ့တဲ့ နတ်သမီးလေးကိုပေါ့”
“ကျင်းယွင်ကျောင်း၊ စကားထပ်ပြောနေလည်း အပိုပဲ။ မင်းကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင်လုပ်ပြီး သူ့ အရှေ့မှာ တောင်းပန်ခိုင်းမယ်။ မင်း မလာရင် ဒီကောင်မလေး တမလွန် ရောက်သွားမှာ။ မင်းဘဝ တစ်လျှောက်လုံး စိတ်ဆင်းရဲစေရမယ်။ နာရီဝက် အချိန်ပေးမယ်။ နာရီဝက် ကြာလို့မှ မင်းကို မတွေ့ရရင်...ငါ့ အဆိုးမဆိုနဲ့”
ထိုသို့ ပြောပြီး တစ်ဖက်လူမှ ဖုန်းချသွားလေသည်။
Space and Rebirth - 516
Trans: Esth
ဖုန်းကျသွားသည်နှင့် ကျင်းယွင်ကျောင်းသည် ဘေးဘီအသံများကို မကြားတော့ချေ။ သူမဦးနှောက် ရပ်သွားသလိုပင် ခံစားလိုက်ရသည်။
သူမသည် မျက်ထောင့်နီဖြင့် ရှောင်လျန်းအား ကြည့်လိုက်၏။ ထို့နောက် လက်သီးကို မြှောက်ကာ မီးကုန်ယမ်းကုန် သူ့အား ထိုးကြိတ်လေတော့သည်။ ချက်ချင်း ဆိုသလို ရှောင်လျန်းလည်း မြေပြင်သို့ လဲကျသွားတော့၏။
သို့သော် ဤအခိုက်အတန့်တွင် ကျင်းယွင်ကျောင်းသည် ဤနှလုံးသား မရှိသော အရိုင်းကောင်အား စာနာစိတ် မရှိချေ။
သူမသည် ရုတ်ချည်းပင် ကား တစ်စီးအား လက်တားငှားလိုက်ပြီး ဝမ်ဟုန် သူမကို ပေးထားသော လိပ်စာဆီသို့ တဟုန်ထိုး သွားတော့သည်။ သူမသည် တစ်ကြိမ်၊ နှစ်ကြိမ်မျှ အသက်ကို ပြင်းပြင်းရှူကာ သူမ၏ စိတ်ကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်၏။ ထို့နောက် သူမ ဆက်တွေးလေသည်။
ဝမ်ဟုန်၏ စကားအရ သူမသည် သူ၏ နတ်သမီးလေးအား သတ်ခဲ့သည်ဟုဆိုသော်လည်း ထိုနတ်သမီးမှာ မည်သူနည်း။
သူမ သိသလောက် သူမကြောင့် သေခဲ့ရသောသူမှာ...ဟုန်ဝမ်ပေလော။
ဟုန်ဝမ်၏ တဇွတ်ထိုးနိုင်ပြီး မာနပလွှားသော မျက်နှာကို စဥ်းစားလိုက်သောအခါ ကျင်းယွင်ကျောင်း ချက်ချင်း တုံ့ပြန်မှု ရှိသွားသည်။ သူမသည် ဟူဝမ်ဟုန်အား စုံစမ်းရန် ဟွားကျဲအား ပြောခဲ့စဥ်က ဟူဝမ်ဟုန်သည် သူ့ကိုယ်သူ ဝမ်ဟုန်ဟု ခေါ်နေသော်လည်း အိမ်နီးချင်းများ အားလုံးက သူ့နာမည်သည် ချန်းကျီ ဖြစ်ကြောင်း ပြောလေသည်...
ဝမ်ဟုန်၊ ဟုန်ဝမ်...အသံထွက်ပင် အတူတူ ဖြစ်ရာ မှားနိုင်သည် မဟုတ်ချေ။ သို့သော် ဟုန်ဝမ်သည် သေပြီ ဖြစ်ရာ ဟုန်မိသားစုသည်လည်း အလဲလဲအပြိုပြို ဖြစ်နေချေပြီ။ ဟုန်ထျန်းသည် မိမိကိုယ်ကို အဆုံးစီရင်ပြီး ဖြစ်သည့်အပြင် ဟုန်ဝမ်၏ အစ်ကိုမှာလည်း မရှိတော့ပေ။ သူ သေသည်၊ ရှင်သည်ကို မသိရသောကြောင့် ကျင်းယွင်ကျောင်းသည် သူ့အကြောင်းကို မတွေးတော့ချေ။
သို့သော် စဥ်းစားကြည့်လေလေ ကျင်းယွင်ကျောင်း၏ နှလုံးသားသည် ပို၍ အေးစက်လာလေလေဖြစ်သည်။
ယခု သူမ သေချာသွားပေပြီ။ ဟူချန်းမှာ စိတ်လိုက်မာန်ပါ လုပ်ခြင်း မဟုတ်ပေ။ သူသည် ဤအရာကို ကြိုတင် စီစဥ်ထားသည်ဟုပင် ပြောနိုင်သည်။ ထိုသို့ဆိုလျှင် ညှိနှိုင်း ဆွေးနွေးရန် မဖြစ်နိုင်တော့ချေ။ သူမ မသေသေးသရွေ့ ဟူချန်းသည် စူးချူအား လွှတ်ပေးမည် မဟုတ်။ သူမတို့ နှစ်ဦးလုံး အထဲ၌ ဗုံးပေါက်၍ သေမည်ကိုပင် စောင့်နေလောက်သည်။
သူမသည် ဘဝ ကူးပြောင်းလာစဥ်ကပင် အန္တရာယ်များစွာ ကြုံတွေ့ခဲ့သော်လည်း ကျောရိုးတစ်လျှောက် စိမ့်သွားလောက်သည်ထိ ကြောက်ရွံ့ရသည်မှာ ပထမဆုံး အကြိမ် ဖြစ်၏။
ဤဟူချန်းသည် မြက်ပင် ကြားထဲတွင် ပုန်းနေသော အဆိပ်ပြင်း မြွေကဲ့သို့ပင်။ ရုတ်တရတ် ပေါ်လာပြီး သူမ သတိမထားမိသော အချိန်တွင် ကိုက်လိုက်လေသည်။
ကားမှန်ပြင်ပမှ ရှုခင်းသည် တရိပ်ရိပ် ပြောင်းလဲသွား၏။ ကားမောင်းသမားမှာ အလွန်လေးနက်နေ၏။ သူသည် တည်တည်တံ့တံ့ပင် မောင်းကာ မေးခွန်းများ မေးလိုစိတ် မရှိပေ။
ကျင်းယွင်ကျောင်းသည် သူမ ဖုန်းကို ထုတ်ကာ ဖုန်းမျက်နှာပြင်ကို ပွတ်လိုက်၏။ နံပါတ် သုံးလုံးကို ရိုက်ထည့်ပြီးနောက် ပြန်စဥ်းစားပြီး ဖျက်လိုက်ပြန်သည်။ ထို့နောက် သူမသည် စိတ်ဒုံးဒုံးချကာ လီရှောက်ယွင်၏ ဖုန်းကို ခေါ်လိုက်၏။
လီရှောက်ယွင်သည် အလျင်အမြန်ပင် ဖုန်းကိုင်လိုက်သော်လည်း သူ့အသံမှာ အနည်းငယ် ပင်ပန်းနေပုံပေါက်၏။ သို့သော် ထိုအသံတွင် မမြင်နိုင်သော နူးညံ့မှုများလည်း ပါဝင်နေသည်။
“အားကျောင်း”
ကျင်းယွင်ကျောင်း နှာခေါင်းကို ပွတ်လိုက်သည်။
“ဘာဖြစ်တာလဲ။ ငိုနေတာလား”
လီရှောက်ယွင်၏ အသံများ တင်းကြပ်သွား၏။
'ငိုနေတယ်၊ ဟုတ်လား'
ကျင်းယွင်ကျောင်း ခေတ္တမျှ ကြောင်အသွား၏။ သူမသည် အလွန် စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်နေသော်လည်း ငိုတော့ မငိုချေ။ ဤအချိန်မှာ စိတ်ကို လျှော့ပြီး ငိုရန် အချိန် မဟုတ်ဟု အခြားသူများထက် သူ ပိုသိပေသည်။ ကြောက်လားဟု မေးလျှင်မူ အနည်းငယ် ကြောက်သည်ဟု ပြောရမည်။
သူမသည် ဘဝ နှစ်ခုကို ရှင်သန်ခဲ့ရသော်လည်း သက်တမ်းကာလ စုစုပေါင်းမှာ အလွန်တိုတောင်းလှသည်။ သူမ၏ အရင်ဘဝတွင် ချောင်မိသားစုနှင့် နေခဲ့စဥ်က သူမ၏ လူမှုအသိုင်းအဝိုင်းမှာ အလွန် သေးငယ်လှသည်။ သူမ သိသမျှ အရာတိုင်းမှာ စာအုပ် စာပေများမှ လာခဲ့ပေသည်။ ထိုအချိန်က စွမ်းအင်များကို စုပ်ယူနိုင်သည့် တစ်ခုတည်းသောအရာမှာ စာအုပ်များသာ ရှိသည်။ နောက်ပိုင်းတွင် ၎င်းမှာ အကျဥ်းထောင်ကဲ့သို့ပင်။
အဘိုးကြီး ရှု အမြဲတမ်းပြောသည်မှာ သူမသည် အရာများစွာကို သူမ ခေါင်းထဲတွင် မှတ်ထားသော်လည်း လက်တွေ့ မြင်ဖူး ကြုံဖူးသည်မှာ သိပ်မရှိချေ။ သူမသည် ဤအချက်ကိုတော့ သဘောတူသည်။ သူမ၏ အသက်နှင့်စာလျှင်တော့ သူမသည် များစွာ တွေ့ကြုံခဲ့ရပြီးဟု ပြောရမည်။ နေရာပေါင်း မျိုးစုံကို သွားပြီး မတူညီသော အရာများစွာကို ကြုံတွေ့ကာ နှလုံးသားထဲတွင် ကမ္ဘာ တစ်ခုလုံးသိမ်းထားသော အဘိုးကြီး ရှုနှင့် နှိုင်းယှဥ်၍တော့ မရပေ။
“မဟုတ်ဘူး လီရှောက်ယွင်။ ကျွန်မ အစက ရဲစခန်းကို သွားချင်ခဲ့ပေမယ့် ပြည့်တန်ဆာခန်းကို လာရှင်းတဲ့ စစ်သားတွေ အားလုံးကို ရှင် သိနေတဲ့ပုံပေါက်တာ ရုတ်တရတ် မှတ်မိသွားလို့။ အဲဒါကြောင့် စဥ်းစားကြည့်တော့ ရှင့်ကို ပြောတာက သူတို့ကို ပြောတာနဲ့ အတူတူပဲလေ။ ဒီစကားတွေကိုပဲ ထပ်ပြောပြီး အချိန်ဖြုန်းစရာ မလိုတော့ဘူး”
ကျင်းယွင်ကျောင်း ပြောလိုက်သည်။
လီရှောက်ယွင်မှ မျက်မှောင်ကြုတ်ကာ
“ပြောလေ၊ ကိုယ် နားထောင်နေတယ်”
ဟု ပြန်ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် မည်သည့်အချိန်ကမှ စိတ်ခံစားချက်ကြောင့် တုံ့နှေးသော လူစားမျိုး မဟုတ်ပေ။ “ခံစားချက် ပြင်းထန်သည်” ဟူသော စကားလုံးသည်ပင် သူမနှင့် မအပ်စပ်ချေ။
သူမသည် ပုံမှန်ဆိုလျှင် အသက်နှင့် မလိုက်သော ရင့်ကျက်မှုမျိုး ရှိတတ်ကာ သူမ မျက်လုံးထဲတွင် အားလျော့ဟန်များကို သူတစ်ခါမှ မတွေ့ဖူးချေ။ သို့သော် ဤအခိုက်အတန့်တွင် သူမ၏ ပြုမူပုံမှာ တစ်ခုခု လွဲနေပေသည်။