← Chapters

အခန်း (၅၁၇-၅၂၀)

Vol. 26 Ch. 517-520

အခန်း (၅၁၇-၅၂၀)

Vol. 26 Ch. 517-520

Space and Rebirth - 517

Trans: Esth

ကျင်းယွင်ကျောင်းသည် ပါးစပ်ကို ဟကာ စကားလုံးစီပြီး ပြောရန် ကြိုးစားအံ့ဆဲဆဲတွင် သူမအရှေ့တွင် ကားမောင်းသမား ရှိနေသည်ကို ရုတ်တရတ် သတိရသွား၏။ သူမသည် ကားဆရာကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

“အရင်ကတွေ့ခဲ့ဖူးတဲ့ ရှောင်ချင်းကို မှတ်မိလား။ သူက ဟူဝမ်ဟုန်ဆိုတဲ့ လူတစ်ယောက်နဲ့ တွေခဲ့ပေမယ့် အဲဒါ သူ့ နာမည်အစစ် မဟုတ်ဘူး။ သူ့ နာမည်အစစ်က ဟူချန်းတဲ့”

“ဒီဟူချန်းက အရမ်း အငြိုးကြီးတယ်။ သူ့မှာ အရင်က ချစ်သူတစ်ယောက် ရှိခဲ့တယ်။ ဟုန်မိသားစုထဲက ဟုန်ဝမ်ဆိုတဲ့ အမျိုးသမီးပေါ့။ ဒါပေမယ့် ဟုန်ဝမ်က ကား အက်ဆီးဒင့်ဖြစ်ပြီး သေသွားခဲ့တယ်”

ကျင်းယွင်ကျောင်းသည် စကာကို ပေါ့ပေါ့ပါးပါးသာ ပြောနေသော်လည်း ဤစကားမျိုးသည် လီရှောက်ယွင်ကိုသာ ပြောနိုင်မည်မှန်း သူမ သိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လီရှောက်ယွင်သည် အချိန်ယူ စဥ်းစားပြီးသည်နှင့် စုံစမ်းစစ်ဆေးရေးစမည့်လူ ဖြစ်သောကြောင့် ဖြစ်သည်။

ထို့အပြင် ကားထဲတွင်လည်း အခြားသူတစ်ယောက်ရှိနေလေသည်။ ကားဆရာမှ စက်ရုံပျက်ကြီးသို့ သူမ သွားနေရသည့် အကြောင်းရင်း အစစ်အမှန်ကို ကြားသိသွားပြီး ကားလှည့်ကာ သူမအား ရဲစခန်းဆီ တိုက်ရိုက် မပို့နိုင်ဟု အာမခံနိုင်စွမ်းလည်း မရှိချေ။ ရဲစခန်းဆီသို့ ရောက်ခဲ့လျှင် အချိန်ဖြုန်းရုံသာဖြစ်ပြီး စူးချူအပေါ် အားနာရလိမ့်ပေမည်။

“ကျွန်မအခု မြို့ပြင်က ရှင်းကျို့စက်ရုံဆီ သွားနေတာ။ မကြာသေးခင်ကမှ အဲ့စက်ရုံကို စွန့်ပစ်ထားကြတာတဲ့။ အရင်တုန်းက ဓာတုစက်ရုံ ဖြစ်ခဲ့တယ် ကြားတယ်။ အထဲမှာ မီးလောင် ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိတာကို ချူချူက အဲ့အထဲရောက်နေတယ်။ ကျွန်မ တစ်ချက် သွားကြည့်မလို့။ ဒါနဲ့ ရှင် ဒီနေ့ ဟွားနင်ကို ပြန်တာ ကောင်းမယ်။ အထဲမှာ တစ်ခုခု ဖြစ်ရင် ကျွန်မကို ထပ်တွေ့ရမှာမဟုတ်ဘူး”

ကျင်းယွင်ကျောင်း ဟက်ခနဲ ရယ်လိုက်သည်။

သူမသည် ယုံကြည်ချက် အနည်းငယ်ရှိနေ၏။ သူမတွင် နေရာလွတ် နယ်မြေလည်းရှိသည် မဟုတ်လော။ သို့သော် တစ်ခုခု မှားမည်ကိုလည်း သူမကြောက်နေမိသည်။ နောက်ကျလွန်းသွားလျှင် သူတို့သည် သေကွဲကွဲရပေမည်။

ဤအချိန်တွင် သူမ စကားပြောချင်သော လူများစွာရှိ၏။ ရှောင်ဟိုင်ချင်း၊ အဘိုးကြီး ရှု၊ အဘိုး ကန်အပြင် ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားတို့ပင် ပါဝင်သည်။ အတန်းပိုင် ဆရာအား ကူညီတောင်းဆိုပေးရန် သူမအား အပူကပ်သော အတန်းခေါင်းဆောင် ချီဒါ့ယုန်ကိုပင် ဤအခိုက်အတန့်၌ ခင်မင်မိသည်။

သို့သော် ဤလူများနှင့်စာလျှင် လီရှောက်ယွင်မှာ တည်ငြိမ်အေးဆေးစွာ ပြုမူတတ်သောကြောင့် ခေါ်ရန် အသင့်တော်ဆုံးလူ ဖြစ်သည်။ ထို့အပြင် သူသည် အဝေး၌ ရှိနေလေသည်။

သူသည် ရုတ်တရတ်ဆိုသလို ပြေးလာမည့်လူမဟုတ်ချေ။ ရှောင်ဟိုင်ချင်းသာဆိုလျှင် မိမိ၏ အသက်ထက် သူငယ်ချင်း သစ္စာကို ပိုတန်ဖိုးထားမည့်သူ ဖြစ်၏။

ရဲစခန်းကို ဖုန်းခေါ်၍ ရသည် မှန်သော်လည်း သူတို့သည်လည်း နာရီဝက်အတွင်း အန္တရာယ် အားလုံးကို ရှင်းရန် မလုပ်နိုင်ချေ။ ရဲများကို ပြောလျှင်ပင် သူမ သွားနိုင်တော့မည် မဟုတ်သောကြောင့် ချူချူသည် အသတ်ခံရပေမည်။

ကျင်းယွင်ကျောင်း ပြောနေစဥ်အတွင်း လီရှောက်ယွင်သည် သူမ ပြောသည်များကို ရေးချပြီး ၎င်းကို စစ်ဆေးရန် လူ့အချို့ကို လွှတ်လိုက်၏။

တစ်ပြိုင်နက်တည်းတွင် သူသည် ဟွားနင်ခရိုင်သို့ ပြန်လာရန် ရဟတ်ယာဥ်ကို ခေါ်နှင့်ပြီး ဖြစ်၏။

ကျင်းယွင်ကျောင်းမှာ မူမမှန်လှပေ။ သူမ၏ စကားများမှာ လမ်းခွဲ နှုတ်ဆက်စကား ပြောနေသလိုပင်။

“မင်း ပြောတဲ့ ဟူချန်းဆိုတဲ့ လူက မင်း သူငယ်ချင်းကို ပြန်ပေးဆွဲထားတာလား”

လီရှောက်ယွင် မေးလိုက်သည်။

“အင်း”

ကျင်းယွင်ကျောင်း ပြန်ဖြေလိုက်သည်။

“မင်း အခု သူ့ကို သွားကယ်မလို့လား”

လီရှောက်ယွင် ထပ်မေးပြန်၏။

“ဟုတ်တယ်”

ကျင်းယွင်ကျောင်း ပြန်ပြောလိုက်ပြန်သည်။

လီရှောက်ယွင်သည် ၎င်းကို ကြားလိုက်သောအခါ ဒေါသပုန်ထနေပြီ ဖြစ်သည်။ သို့သော် သူသည် ကျင်းယွင်ကျောင်း၏ စရိုက်ကို ကောင်းကောင်းသိ၏။ သူမအား ယခု မည်သည့် စကားမျိုးပင် ပြောပါစေ အကျိုးမရှိမှန်း သူသိထားလေသည်။ လီရှောက်ယွင်ကပင် စမေးလိုက်၏။

“မင်း မသွားလို့ မရဘူးလား”

“မရဘူး”

လီရှောက်ယွင်လည်း သက်ပြင်းချကာ

“ကောင်းပြီလေ၊ ဒါပေမယ့် ငါ ရောက်ရင်တော့ လက်ပြတ် ခြေပြတ်တာတွေ မမြင်ချင်ဘူး။ အချိန်ဆွဲထားပေး။ ရဲတွေကို မလွှတ်ဘူး။ ငါ ခဏနေ လာခဲ့မယ်”

ကျင်းယွင်ကျောင်း ပြုံးလိုက်သည်။ လီရှောက်ယွင်သည် သူမ စိတ်အား တည်ငြိမ်စေနိုင်မှန်း သိနေခဲ့သည်။ မည်သို့သော အခြေအနေ ဖြစ်စေကာမူ သူကိုယ်တိုင် စိတ်လှုပ်ရှားနေလျှင်ပင် သူမထက် ပိုမိုတည်ငြိမ်စွာ ပြုမူနေဦးမည် ဖြစ်သည်။

ယခင်က သူမသည် လီရှောက်ယွင်၏ ဤအမူအကျင့်ကို ခေါင်းထဲတွင် သိပ်မရှိခဲ့သော်လည်း ယခု ဤအခိုက်အတန့်တွင်မူ ၎င်းသည် အထူးသဖြင့် ချစ်စရာ ကောင်းသည်ဟု သူမမြင်မိသည်။ သေတော့မည် ဖြစ်၍လား မသိ သူမသည် လူများအား “မေတ္တာအကြည့်” ဖြင့် ကြည့်မိနေလေသည်။

“ရှင် ပြန်လာလို့ ကျွန်မ ခြေပြတ် လက်ပြတ် ဖြစ်နေရင် ပြန်ဆက်မနေနဲ့တော့နော်။ ဒီအတိုင်း အားလုံး စုပြီး မီးရှို့လိုက်တော့”

ကျင်းယွင်ကျောင်း ထပ်ပြောလိုက်ပြန်သည်။ သူမ အနည်းငယ် စနောက်လိုက်ခြင်း ဖြစ်၏။

“ပါးစပ်ပိတ်ထား အားကျောင်း။ ငါ မင်းကို အခုတကယ်ကိုက်သတ်ချင်တယ်”

လီရှောက်ယွင်သည် အံကြိတ်ကာ ပြောလိုက်၏။

'အခုက ဘာအချိန်မို့လဲ။ ငါ့ကို နောက်နိုင်သေးတာလား။ ဘာကို ခြေပြတ် လက်ပြတ်လဲ။ ခြေပြတ် လက်ပြတ်မှာကိုတောင် သူ စိတ်ကူးရဲသေးတယ်။ မိန်းကလေးရော ဟုတ်သေးရဲ့လား'

ကျင်းယွင်ကျောင်းသည် ထိုစကားကြောင့် အံ့အားသင့်သွားပြီး နောက်ခဏချင်းတွင် ရယ်မောလိုက်တော့သည်။

Space and Rebirth - 518

Trans: Esth

လီရှောက်ယွင်သည် အလွန် စိတ်ဓာတ်ကျနေ၏။ ကျင်းယွင်ကျောင်းမှ အေးဆေးဖြစ်လေလေ သူသည် ဤကိစ္စအား အလေးအနက်ထားလေလေဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင် သူမအား ခြောက်ပြော၍ မရချေ။ ခြောက်ပြောလျှင်ပင် အသုံးမဝင်သောကြောင့် ဖြစ်သည်။ ကျင်းယွင်ကျောင်းသည် သူ၏ လှည့်ကွက်ထဲ ကျရောက်မည်မဟုတ်။

သူမ တစ်ခုခု ဖြစ်နိုင်သည်ဟု လီရှောက်ယွင် သတိပေးလျှင်ပင် သူမသည် ဆက်လုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်၏။

“သခင်လေး လီ၊ ရှင်က ခွေးလား”

“ဒါပေမယ့် ရှင်ပြန်လာလို့ ကျွန်မကို မတွေ့ရင် ကျွန်မ မိဘတွေကို ကူရှာပေးပါလား။ ကျွန်မကိုတွေ့ရရင်တော့ ထားလိုက်ပါ။ ပြီးတော့ ကျွန်မအခန်းထဲမှာ ကဒ်တစ်ကဒ် ရှိတယ်။ ကျွန်မကို ခဏခဏ ကူညီခဲ့လို့ ဝန်ဆောင်ခအနေနဲ့ အဲ့ကဒ်ကို ရှင်ပဲ သိမ်းထားလိုက်ပါ။ လျှို့ဝှက်နံပါတ်ကိုတော့ ကျွန်မ စားပွဲပေါ်က စာအုပ်ထဲ ညှပ်ထားတယ်။ ရှာတွေ့၊ မတွေ့ကတော့ ရှင့် အစွမ်းအစအပေါ်ပဲ မူတည်တယ်”

ကျင်းယွင်ကျောင်း ထပ်ပြောလိုက်ပြန်သည်။

သူမ ၎င်းကို ပြောပြီးနောက် လီရှောက်ယွင်သည် ဖုန်းကို ဂွပ်ခနဲ ချလိုက်လေ၏။

'ငါ တကယ် ရူးတော့မှာပဲ။ ဝန်ဆောင်ခတဲ့လား။ နှလုံးသား မရှိတဲ့ လူပဲ အဲ့စကားပြောမှာ။ ဝန်ဆောင်ခပေးမယ့်အစား ငါ့ကို လှည့်ကြည့်ပြီး မိန်းကလေး တစ်ယောက်အနေနဲ့ စကား လာပြောပါလား'

သို့သော် ဖုန်းချ ပြီးပြီးချင်းတွင် လီရှောက်ယွင် နောင်တရသွား၏။ သူ၏ စိတ်ထဲတွင် ကျင်းယွင်ကျောင်းမှ သူ၏ အသံကို မကြားရပါက ကြောက်နေမလားဟု တွေးမိသွားသည်။ ထိုအတွေးကြောင့် မျက်နှာ တစ်ခွင်လုံး အရောင်ပြောင်းသွား၏။

“အာစရိ၊ ဘာလို့ ဒီလောက် ဖြူဖတ်ဖြူရော် ဖြစ်နေတာလဲ။ တစ်ခုခုကို ကြောက်နေတာလား”

သူ၏ ဘေးမှ အမျိုးသား တစ်ဦးက လွှတ်ခနဲ မေးလိုက်၏။

'သည်လက်ကို ကြည့်ပါဦး။ ခုနက တုန်နေတာလား။ အဲ့လောက်ထိ သိသာလား'

လီရှောက်ယွင် နှုတ်ခမ်းစွန်းများ တွန့်သွားသည်။

“သောက်ရေး မပါတာတွေ၊ ဘာကြောက်စရာရှိလဲ”

သူတို့ စကားပြောနေစဥ်တွင် အရာ အားလုံးသည် အဆင်သင့် ဖြစ်နေလေပြီ။ လီရှောက်ယွင်၏ လှုပ်ရှားမှုများသည် မြန်ဆန်လွန်းသဖြင့် သူသည် အနွေးထည် ဂျာကင်ပင် မဝတ်ဘဲ လေယာဥ်ပေါ် တန်းတက်လိုက်၏။ သူ၏ တည်တည်တံ့တံ့မျက်နှာထားကို မြင်လိုက်ရသောကြောင့် အနီးအနားရှိ ရဲဘော် ရဲဘက်များသည် တစ်ယောက်ကို တစ်ယောက် မကြာခဏ ကြည့်လိုက်ကြသည်။ သူတို့သည် ၎င်းကို မြင်ရသည်ကို စိတ်လှုပ်ရှားမိသော်လည်း အနည်းငယ် စာနာမိကြ၏။

ယခင်က အန္တရာယ်များသော စစ်ဆင်ရေးများစွာကို ပါဝင်ခဲ့ရသော်လည်း သူတို့သည် လီရှောက်ယွင်၏ ဤမျက်နှာထားမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူသည် အမြဲတမ်းလိုလို လုံးဝ ယုံကြည်ချက်အပြည့် ရှိတတ်သည်။ သူတို့ လေးလေးနက်နက် ပုံစံဖြစ်သွားတိုင်း သူသည် အထင်သေးဟန်ဖြင့် ကြည့်တတ်၏။ ယခုမူ သာမန် ပြန်ပေးဆွဲမှုလေးပင် ဖြစ်သည်ကို သူ အဘယ်မျှလောက် ကြောက်နေမှန်း ကြည့်ပါလေ။ လက်ကို မည်သည့်နေရာတွင် ထားရမည်ကိုပင် သူ မသိတော့။

ဤအချိန်တွင် လီရှောက်ယွင် ချလိုက်သော ဖုန်းအား ကျင်းယွင်ကျောင်း ကြည့်ကာ အံ့အားသင့်နေ၏။ ဤသည်မှာ ပထမဆုံး အကြိမ် ဖြစ်၏။ လီရှောက်ယွင်သည် အမြဲတမ်းလိုလို လူကြီးလူကောင်း ပီသစွာ နေရသည်ကို ကြိုက်နှစ်သက်ခဲ့သည်။ သူနဲ့ ကားထဲအတူ ရှိနေလျှင် မိမိအတွက် ကားတံခါး ဆင်းဖွင့်ပေးမည့်သူမျိုး ဖြစ်၏။ ထို့ကြောင့် အမျိုးသမီး တစ်ယောက်၏ ဖုန်းကို စတင်ချလိုက်သော သူ၏ ဤလုပ်ရပ်သည် ကျင်းယွင်ကျောင်းအတွက် သေချာပေါက် လှောင်ပြောင်စရာပင်။

သို့သော် ကျင်းယွင်ကျောင်း မသိခဲ့သည်မှာ ယခင်က လီရှောက်ယွင်အား ဖုန်းချရဲသည့် တစ်ဦးတည်းသောလူမှာ သူမပင် ဖြစ်၏။

အချိန် တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ကားသည်လည်း အရှိန်မြှင့်လာ၏။ နာရီဝက်ပြည့်ရန် ဆယ်မိနစ်ခန့် လိုသည်ကို တွေ့လိုက်ရသောကြောင့် ကျင်းယွင်ကျောင်းသည် စက်ရုံအပြင်တွင် ရပ်ခိုင်းပြီး တစ်လှမ်းချင်း ဝင်သွားလိုက်လေသည်။

ဤစက်ရုံဟောင်းမှာ မကျယ်ဝန်းသောကြောင့် ဟူချန်း ပြောထားသောနေရာသို့ လမ်းလျှောက်ရန် မိနစ်ပိုင်းသာ အချိန်ယူရ၏။ သို့သော် ဤနေရာတွင် စူးရှသော အနံ့တစ်ခု ရှိလေသည်။ ၎င်းမှာ အလွန်စိတ်ဓာတ်ကျဖွယ် ကောင်းကာ မကောင်းသောဒြပ်စင်များဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။

စက်ရုံထဲသို့ ဝင်လိုက်သည်နှင့် ရေပိုက်မျိုးစုံနှင့် ထူးဆန်းသော စက်ပစ္စည်းဟောင်းများကို တွေ့လိုက်ရ၏။ သို့သော် ၎င်းတို့မှာ အရေအတွက်များစွာ မရှိဘဲ အများစုမှာ သံချေးတက်နေကြပြီ ဖြစ်သည်။

“ကျင်းယွင်ကျောင်း၊ မင်းက တကယ် သစ္စာရှိတာပဲ”

ဟူချန်းမှ ရယ်မောလိုက်သည်။ ထို့နောက် သူသည် စကားကို ဆက်သည်အနေဖြင့်

‘စက်ရုံဂိတ်တံခါးကို ပိတ်လိုက်။ ဘေးမှာ သော့ခလောက်ရှိတယ်။ ငါ ပြောတဲ့အတိုင်း မလုပ်ရင် အခု ချက်ချင်း ဗုံးဖောက်ပစ်မှာ”

ကျင်းယွင်းကျောင်သည် အသံလာရာကို ကြည့်လိုက်သောအခါ ဟူချန်းမှာ စင်္ကြံအမြင့် တစ်နေရာတွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူ၏ ခြေရင်းတွင် သံမဏိစင် တစ်ခု ရှိပြီး ဘေးတွင်လည်း ထူးဆန်းသော စက်ကိရိယာတချို့ ရှိနေသည်။ ဤနေရာသည် ထိုစက်ပစ္စည်းများ၏ လည်ပတ်မှုကို ထိန်းချုပ်ရန် အသုံးပြုသောနေရာ ဖြစ်သော်လည်း ယခုတွင် ၎င်းတို့ကို အသုံး မပြုနိုင်တော့ချေ။ သူသည် အလွန် လုံခြုံသော နေရာတွင် ရှိနေခြင်းသာဖြစ်၏။ သူသည် ကျင်းယွင်ကျောင်း မထိနိုင်သောနေရာတွင် ရှိနေပြီး သူ၏ ဘေးနားနှင့် အပြင်ဘက်ခြမ်းကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

Space and Rebirth - 519

Trans: Esth

ဤအခိုက်အတန့်တွင် ကျင်းယွင်ကျောင်းသည် သူ့အား လွန်ဆန်နိုင်စွမ်း မရှိချေ။ သူမသည် တံခါးကို ပိတ်လိုက်ကာ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်မှ နေရောင်သည် ပျောက်ကွယ်သွားတော့သည်။ ရုတ်ချည်းပင် အခန်းတစ်ခုလုံးသည် အလွန်မှောင်မိုက်သွားသောကြောင့် ထိုအမျိုးသားသည်လည်း ယခင်ကထက် ပို၍ ယုံကြည်ချက်ရှိသွား၏။

သော့ခလောက်မှာ အလွန် လေးလံပေသည်။ သူမ ထွက်မပြေးနိုင်ရန် တမင် ထိုသို့လုပ်ထားခြင်း ဖြစ်မည်။

သို့သော် အမျိုးသား၏ အသွင်အပြင်ကို ကြည့်လိုက်ရသောအခါ သူမနှင့်အတူ သေဖို့ ပြင်ထားလေသလောဟုပင် မေးခွန်း ထုတ်မိသွားသည်။

ဤအရာများအားလုံး လုပ်ဆောင်ပြီးနောက် ကျင်းယွင်ကျောင်းသည် ဘေးဘီဝဲယာ ကြည့်ရှုလိုက်၏။ ထို့နောက် သူမသည် ဘယ်ဘက်မှ ဘွိုင်လာကြီးတစ်ခု၏ ဘေးရှိ ခုံတစ်ခုတွင် တစ်ကိုယ်လုံး ကြိုးချည်ခံထားရသော စူးချူအား တွေ့လိုက်ရလေသည်။

ကျင်းယွင်ကျောင်းသည် နိမ့်ချည် မြင့်ချည် လှုပ်ရှားနေသော စူးချူ၏ ရင်ဘတ်ကို ဝိုးတဝါးတွေ့လိုက်ရသောကြောင့် လက်တလောတွင် သူမအသက်အန္တရာယ် မရှိဟု မှတ်ယူလိုက်သည်။

ထို့နောက် သူမသည် အရှေ့သို့ လျှောက်လိုက်ပြီး

“ငါ လာတာနဲ့ သူ့ကို လွှတ်ပေးမယ်လို့ နင် ပြောခဲ့တယ်မှတ်လား”

ဤစိတ္တဇကောင်၏ စကားများကို မယုံသင့်ကြောင်း ကျင်းယွင်ကျောင်း အလိုလို သိပေသည်။ သို့သော် သူမသည် စူးချူထံသို့ မရောက်သေးသောကြောင့် အချိန်ဆွဲရုံသာ တတ်နိုင်တော့သည်။

မဟုတ်လျှင် ဟူချန်းသာ ချက်ချင်းဗုံးဖောက်လိုက်ပါက သူမ ဤနေရာသို့ လာရသည့်အကြောင်းရင်း ပျောက်ဆုံးပေတော့မည်။

“ကျင်းယွင်ကျောင်း၊ မင်း ဒီလောက် အ,သလား။ ငါက သူ့ကို လွှတ်ပေးရမယ်ပေါ့။ မင်းကျတော့ ငါ့ရဲ့ ဝမ်ဝမ်ကို ဘာလို့ မလွှတ်ပေးခဲ့လဲ"

သူသည် ချက်ချင်းဆိုသလို ဒေါသ ပေါက်ကွဲကာ အလွန်တရာ မုန်းတီးနေဟန်ဖြင့် ကျင်းယွင်ကျောင်းအား အေးစက်စွာ ကြည့်လိုက်၏။

ဤအမျိုးသားမှာ ချောမောခြင်း မရှိပေ။ သူသည် အလွန် ပိန်ပါးပြီး ရက်စက်ယုတ်မာသည့်ပုံပေါက်နေ၏။

ထို့အပြင် သူ၏ စရိုက်မှာ မနေ့ တစ်နေ့ကမှ ပြောင်းလဲခဲ့သည့်ပုံ မပေါက်ပေ။ ဟိုးယခင်ကတည်းပင် စရိုက်ဆိုးသည့်လူ ဖြစ်လောက်မည်။ ထို့ကြောင့် သူလိုလူမှ ဟုန်ဝမ်ကဲ့သို့ သူဌေးသမီးတစ်ဦး၏ အချစ်အား ရယူရန် မဖြစ်နိုင်ချေ။

ဟုန်ဝမ်ဆိုသည်မှာ ဟိတ်ဟန်များပြီး ဇွတ်တရွတ်နိုင်သော အမျိုးသမီး ဖြစ်ကာ အလွန်ပင် မာန်မာနကြီးလှ၏။

အခြားသူများဆီမှ သေးငယ်သော လွန်ဆန်မှုပင်လျှင် သူမကို စော်ကားနေသည်ဟု အောက်မေ့တတ်သောကြောင့် ဤကဲ့သို့ လူစားမျိုးနောက်လိုက်ရန် ပို၍ပင် မဖြစ်နိုင်ချေ။ သူမအတွက် အလွန် အောက်ကျသော လုပ်ရပ် ဖြစ်ပေမည်။ ထို့ကြောင့် ဤဟူချန်းဆိုသည်မှာ သူ့ကိုယ်သူအထင်ကြီးနေသော စိတ္တဇ လူတစ်ယောက်သာ ဖြစ်၏။

“နင့် ဝမ်ဝမ်တဲ့လား။ ဟုန်ဝမ်က ဘယ်တုန်းကမှ နင့်အပိုင် မဟုတ်ခဲ့ဘူးလေ။သူနဲ့ သူငယ်ချင်း ဖြစ်ခဲ့လို့လား၊ မဖြစ်ခဲ့ဘူး။ သူ့ စိတ်ထဲမှာတော့ နင်က သူငယ်ချင်း ဖြစ်ဖို့ မပြောနဲ့ အရင်က တွေ့ခဲ့ဖူးတဲ့ အတန်းဖော် အသိတစ်ယောက်သာသာပဲ”

ကျင်းယွင်ကျောင်းသည် စကား ပြောရင်းဖြင့် စူးချူ အနား တဖြည်းဖြည်း ကပ်လာကာ နောက်ဆုံးတွင် သူမ အနားသို့ ရောက်ရှိလေပြီ။ စူးချူအား ကြိုးဖြေရန် လုပ်နေဆဲတွင်ပင် သူမ ခန္ဓာကိုယ်၌ ဗုံးတစ်လုံး တပ်ဆင်ထားကြောင်း တွေ့ရှိလိုက်ရ၏။

ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်း၏ မျက်နှာ အကျည်းတန်သွားလေသည်။

ဟူချန်းသည် သူမအား စိုက်ကြည့်လိုက်၏။

“ခွေးမ၊ မင်း ပေါက်ကရတွေ မပြောနဲ့! ငါက ဝမ်ဝမ်ရဲ့ ငယ်ချစ်ဦးပဲ။ ငါက သူ့အပေါ် သစ္စာ အရှိဆုံးလူဆိုတာကို သူလည်း သိတယ်။ အဲဒါကြောင့်မို့ သူ့အတွက် လက်စားချေခိုင်းထားတာ”

“ကျင်းယွင်ကျောင်း၊ ဝမ်ဝမ်ကို ကားနဲ့ တိုက်သတ်ဖို့ ချွေ့ကို မင်းခိုင်းထားတိုင်း မင်း လက်ချက်မှန်း ငါ မသိတော့ဘူး ထင်နေလား။ ဝမ်ဝမ်က ငါ့ကို အားလုံးပြောပြထားတယ်။ သူ့ အသက်မျှင်မျှင်လေးပဲ ကျန်တော့တာတောင် အကောင်းဆုံး ကြိုးစားပြီး ငါ့ကို ပြောပြသွားတယ်။ အဲဒါ ဘယ်လောက်တောင် နာကျင်ရလဲ မင်း သိလား”

အံကြိတ်ထားသော အမျိုးသား၏ မျက်နှာသည် ကြမ်းကြုတ်ရက်စက်နေ၏။

“ကမ္ဘာပေါ်မှာ အောက်တန်း အကျဆုံး မင်းက သူ့ကိုသတ်ခဲ့တာပဲ။ သူ့မှာ ရှိသမျှ အရာအားလုံးကို မင်း မနာလို ဖြစ်နေခဲ့တာ မဟုတ်ဘူးလား။ ဒါကြောင့်မို့ ဟုန်မိသားစုကို မင်း ဖျက်ဆီးပြီး ဝမ်ဝမ်ကို သတ်ခဲ့တာ"

သူသည် လက်ထဲရှိ ဗုံးခွဲသည့် ခလုတ်ကို ဝှေ့ယမ်းနေ၏။

ကျင်းယွင်ကျောင်း စောင့်ကြည့်နေလေသည်။ သူမသည် စလှုပ်ရှားရန် အချိန်ကောင်းကို ရှာပြီး စူးချူအား နေရာလွတ် နယ်မြေထဲသို့ ခေါ်သွားရန် အသင့်ဖြစ်နေ၏။

သူမမှ လွဲ၍ မည်သူမှ နေရာလွယ် နယ်မြေထဲသို့ ဝင်ခွင့် မရှိဟု ဘိုးဘေးမှ ပြောထားခဲ့သော်လည်း ယခုမူ စူးချူသည် သတိလစ်နေလေသည်။ သူမ၏ သွေးကြောကို စမ်းကြည့်လိုက်သောအခါ သူမခန္ဓာကိုယ်ထဲတွင် ဆေးစွမ်းအား ပြင်းထန်ကြောင်း သိရှိလိုက်ရ၏။ ပြန်နိုးလာရန် ရက်ပိုင်းလောက် ကြာဦးမည်။

ဤဆေးသည် ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်ရှိသော်လည်း ကံကောင်းစွာဖြင့် တစ်ကြိမ်သာသောက်လျှင် ဘာမှ မဖြစ်ချေ။ တစ်ကြိမ်ထက်ပိုသောက်လျှင် စူးချူသည် အလွန်တုံးအသောသူ ဖြစ်ချေမည်။

ဤဗုံးသည် ထိုလူ၏ လက်ရာမှန်း သေချာ၏။ လုပ်ထားသည်မှာ သေသပ်ခြင်း မရှိသည့်အပြင် ဆင်တူဗုံးများစွာကိုလည်း ၎င်းနှင့်အတူ စည်းနှောင်ထားသည်။ ထို့အပြင် အခန်းထဲတွင် ဓာတုငွေ့များ ကျန်ရစ်နေသေးသောကြောင့် ဗုံးပေါက်ကွဲလျှင် ဖြစ်လာမည့် ဆိုးကျိုးမှာ သေးငယ်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် သူမတွင် နေရာလွတ်နယ်မြေ ရှိနေ၏။

Space and Rebirth 520

Trans: Esth

သူမသည် အစက အခြေအနေကို မသိခဲ့ချေ။ ဤလူမှ သူမနှင့် စူးချူအား ခွဲထားလိမ့်မည်ဟု ထင်ခဲ့သည်။ ထိုအချိန်က သူမသည် စူးချူအတွက် စိတ်ပူမိသွား၏။ သူမသည် မိမိ အသက်အတွက်သာ ကြည့်၍ ထွက်ပြေးရန် မဖြစ်နိုင်ချေ။ မတော်တဆ တစ်ခုခု ဖြစ်နိုင်ချေမှာ မြင့်မားလှ၏။ ယခုမူ အခြေအနေမှာ မတူညီတော့ချေ။

ဤလူသည် စင်္ကြံအမြင့်တွင် အကာအကွယ် ယူထားသော်လည်း သူမမှ စူးချူအနီးသို့ ချည်းကပ်နေသည်ကို တားဆီးခြင်း မရှိပေ။ သို့သော် သူမသာ စူးချူဖြင့် နေရာလွတ်နယ်မြေထဲ ဝင်ချင်လျှင် ဤလူ အရင်သေအောင် လုပ်မှ ဖြစ်လေမည်။

သူမသည် နေရာလွတ်နယ်မြေ၏ လျှို့ဝှက်ချက်ကို သက်ရှိ လူတစ်ယောက်ကိုမျှ ပေးသိ၍ မဖြစ်ချေ။ ဤကဲ့သို့ အဆိပ်ပြင်း မြွေဆိုလျှင် ပိုဆိုးသေးသည်။

ကျင်းယွင်ကျောင်းသည် သူမအား ပိတ်လှောင်ထားသော နံရံများကို ကြည့်ပြီး သော့ခလောက်ကြီးအား ကြည့်လိုက်၏။ ထို့နောက် သူမသည် အေးစက်စွာ ပြုံးလိုက်လေသည်။ မတော်တဆ မဖြစ်စေလိုလျှင် သူမသည် စူးချူအား နေရာလွယ်နယ်မြေထဲသို့ အရင်ပို့ရပေမည်။ စူးချူတွင် ဗုံးတပ်ထားသည် မှန်သော်လည်း နေရာလွတ်နယ်မြေတွင် ရှိပါက ဆယ်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ပေလိမ့်မည်။

လျှပ်စစ် နည်းပညာ ပစ္စည်းများ အားလုံး အလုပ်ဖြစ်မည် မဟုတ်ချေ။

ရုတ်ချည်းဆိုသလို သူ၏ အရှေ့ရှိ သတိလစ်နေသောလူ ပျောက်ကွယ်သွားသောကြောင့် ဟူချန်းအံ့အားသင့်သွား၏။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ချက်ချင်းပင် ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးလိုက်သည်။

“သူ...သူ ဘယ်မှာလဲ”

“သူ ဘယ်မှာလဲ”

ဟူချန်းသည် ကြမ်းကြုတ်သော အသံဖြင့် အော်လိုက်လေသည်။

“သူ၊ သူဆိုတာ ဘယ်သူလဲ။ နင်နဲ့ ငါကလွဲလို့ ဒီမှာဘယ်သူမှ မရှိခဲ့ဘူး။ ဟူချန်း နင့် ဦးနှောက်က သိပ်မကောင်းဘူး မှတ်လား၊ ဒါမှမဟုတ် ထင်ယောင်ထင်မှား ဖြစ်နေတာလား။ နင့်ကိုယ်နင် ဟုန်ဝမ်ရဲ့ တစ်ဦးတည်းသော သူရဲကောင်းလို့ ထင်နေပေမယ့် အမှန်တော့ နင်က ဘာမှ မဟုတ်ဘူး။ အကုန်လုံးက နင့် စိတ်ကူးယဥ်သက်သက်ပဲ”

ကျင်းယွင်ကျောင်းသည် အပြုံးတစ်ပွင့်ဖြင့် သူမ၏ အတွင်း ချီစွမ်းအားကို လှည့်ပတ်ကာ သူမ လက်ထဲရှိ ကျောက်တုံး၏ လမ်းကြောင်းကို ချိန်ညှိလိုက်၏။

“ဟုန်ဝမ် ဆုံးတုန်းက ငါ သူ့ကို ဖုန်းခေါ်ခဲ့တာဆိုတော့ သူ ငါ့ကို မုန်းနေမှန်း သိတယ်။ နင့်အတွက်တော့ ဘယ်လို စာမျိုးကို ချန်ခဲ့လဲ မသိပေမယ့် သေချာတာကတော့ နင်က သူ့အတွက် အသုံးချခံ စစ်တုရင်ရုပ်သာသာပဲ။ နင့်ရဲ့ ခေါင်းမာမှုနဲ့ စိတ္တဇဆန်မှုတွေက သူ့အတွက် အသုံးဝင်ပေမယ့် လက်စားချေတာလောက်ပဲ ရတယ်လေ။ သူအသက်ရှိနေတုန်းက သူ နင့်ကို ရွံလွန်းလို့ တွေ့တောင် တွေ့ခဲ့လောက်မှာ မဟုတ်ဘူး”

ကျင်းယွင်ကျောင်း ဆက်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးနောက် သူသည် ရူးမလို ဖြစ်သွား၏။ ရူးနှင့်ပြီးသားဟု ဆိုလျှင် ပိုမှန်လောက်မည်။

“အားလုံး ပေါက်ကရတွေပဲ။ ငါ့ ဝမ်ဝမ်က ဘယ်လောက် စိတ်ထား ကောင်းလဲဆိုတာ မင်း သိလို့လား။ သူက နတ်သမီးလေးပဲ။ သူ ငါ့ကို ကြိုက်တယ်။ အခု မင်း အဓိပ္ပာယ် မရှိတာတွေ ပြောနေတာ...”

“အဲ့ကောင်မလေး ဘယ်မှာလဲ။ ငါ သူ့ကိုသေချာပေါက် မြင်လိုက်တယ်...သူ ဘာလို့ ပျောက်သွားတာလဲ”

သူသည် စကားပြောရင်းဖြင့် အာရုံများနေသော မျက်နှာထား ဖြစ်သွား၏။

သာမန် လူတစ်ယောက်ပင်လျှင် သက်ရှိ လူတစ်ဦး ပျောက်ကွယ်သွားသည်ကို မြင်ရလျှင် ထိတ်လန့်သွားမည်ဖြစ်ရာ ဤကဲ့သို့ စိတ်မနှံ့သူဆိုလျှင် ပြောဖွယ်ရာ မရှိပေ။ သို့သော် မည်မျှပင် စိတ်ဖောက်ပြန်နေသောလူ ဖြစ်ပါစေ ထိုအခြင်းအရာကို တွေ့လိုက်သည် ဖြစ်သောကြောင့် အရှင်ထား၍ မဖြစ်ချေ။

ကျင်းယွင်ကျောင်းသည် လက်ထဲရှိ အရာကို ချက်ချင်း တောက်လိုက်၏။ ဝှီးခနဲ အရိပ်တစ်ခု ပြေးသွားကာ ထိုလူ၏ မျက်နှာ တည့်တည့်အား မှန်သွားတော့သည်။ ရုတ်ချည်းပင် သူ၏ လက်ထဲရှိ ဗုံးထိန်းခလုတ်သည် လွတ်ကျသွားပြီး ကျင်းယွင်ကျောင်း၏ လက်ထဲသို့ အရှိန် မှန်မှန်ဖြင့် ပြုတ်ကျသွားတော့၏။

“ငါ သိုင်းတတ်တယ်ဆိုတာ နင်သိလို့ အမြင့် တစ်နေရာမှာ ပုန်းနေတာ မှတ်လား။ ဒါပေမယ့် ငါ့ ပညာက နင် ထင်သလောက် မနိမ့်ကျဘူး”

ကျင်းယွင်ကျောင်းမှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

“နင့်ကိုယ်နင် သူရဲကောင်း စစ်သားလို့ ထင်တုန်းလား။ အမှန်တော့ နင်က...အသေခံ တပ်သားသာသာပဲ”

ထိုစကားဖြင့် ကျင်းယွင်ကျောင်းသည် ခလုတ်အားနှိပ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူမသည် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

“တီ” ဟူသော အသံကို ကြားလိုက်ရသောအခါ ထိုသူသည် အလွန် စိတ်အေးသွား၏။ သို့သော် ကျင်းယွင်ကျောင်း ရုတ်တရတ် ပျောက်သွားသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း မျက်လုံးများ ပြူးကျယ်လာ၏။ သူသည် မီးခိုးမီးလျှံများ တလူလူ လွင့်လာသည်ကို ကြည့်ရုံသာ ကြည့်နိုင်တော့သည်။

“ဝုန်း ဝုန်း ဝုန်း”

မီးတောက် မီးလျှံများ၏ အသံသည် ဆက်တိုက်မြည်ဟည်းလာပြီး သူ့ တစ်ကိုယ်လုံးအား မီးလျှံများ ဝါးမြိုသွားတော့သည်။ ကျင်းယွင်ကျောင်း အလွန် လျင်မြန်စွာ လှုပ်ရှားခဲ့သော်လည်း သူမသည်လည်း မီးဟပ်ခံလိုက်ရ၏။

အပြင်ဘက်မှ ဗုံးများ၏ အင်အားကို လျှော့တွက်၍ မရချေ။ သူမသည် လွန်စွာ ကံကောင်းပေသည်။ ဤတစ်ခေါက်တွင် သေချာပေါက် သေမည်ဟု သူမတွက်ထားခဲ့သည်။

သူမ ကိုယ်ခန္ဓာတွင် မီးလောင်ရာ အချို့ ရှိသော်လည်း ပြင်းထန်ခြင်း မရှိပေ။ နေရာလွတ်နယ်မြေသည် ပြင်ပ လောကနှင့် အဆက်အစပ် မရှိသော်လည်း ထိုအချိန်က ပြင်ပရှိ အခြေအနေကို ခံစားနိုင်လေသည်။ ထိုလူ၏ ခန္ဓာကိုယ်သည် တစ်စစီ ပြိုကွဲနေလောက်ပြီ ဖြစ်၏။

All Chapters