အခန်း (၅၂၅-၅၂၈)
Vol. 27 Ch. 525-528
Space and Rebirth - 525
Trans: Esth
ရဲများသည် လုပ်ရိုးလုပ်စဉ်အတိုင်း အခြားသောမေးခွန်းအချို့ကို မေးလိုက်ပြီး၊ ဤအချက်အလက်အား မှတ်တမ်းတင်နေသောသူများသည်လည်း သူ့အား နှောင့်ယှက်ခြင်း မရှိချေ။ ပြီးနောက် ကျင်းယွင်ကျောင်းသည် ဘေးလူနာဆောင်သို့ တစ်ချက် သွားကြည့်လိုက်၏။
လူနာကုတင် ရှေ့တွင် ထိုင်ခုံ ခြောက်ခုံ ရှိနေ၏။ ထိုခုံများတွင် ယောက်ျားကြီး ခြောက်ဦးသည် ဘေးကပ်လျက်ထိုင်နေကြသည်။ သူတို့သည် စကားတစ်ခွန်းမျှ မပြောဘဲ ကုတင်ပေါ်ရှိ လီရှောက်ယွင်အား ကြည့်နေကြ၏။ သူတို့ပုံမှာလည်း အလွန်လေးနက်နေလေသည်။
ထို့ကြောင့် ရှောင်ဟိုင်ချင်းသည် ဤလူများကို ကြောက်စရာ ကောင်းသည်ဟု ပြောခဲ့ခြင်းပင်။
ကျင်းယွင်ကျောင်းသည် တံခါးကို ခေါက်ပြီး ဝင်သွားလိုက်သည်။ သူမအထဲသို့ ဝင်လာသည်နှင့် ခြောက်ဦးသားသည် ချက်ချင်းဆိုသလို မတ်တပ်ရပ်လိုက်ကြ၏။
သူတို့သည် အချင်းချင်း ကြည့်ပြီး ရုတ်တရတ်ဆိုသလို ကျင်းယွင်ကျောင်းအား လက်မထောင်ပြလိုက်ကြသည်။
“မိန်းကလေး၊ မင်းက ငါတို့ အာစရိ သဘောကျတဲ့ အမျိုးသမီး ပီသပါပေတယ်။ သတ္တိ ရှိလိုက်တာ”
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစွန်းများ တွန့်သွားသည်။
“သူ ဘယ်လိုလဲ”
“စိတ်မပူပါနဲ့။ သူ မသေစေရဘူးလို့ ကတိပေးတယ်”
ကျင်းယွင်ကျောင်းသည် သူတို့အား ကြည့်ပြီး ကုတင် ခြေရင်းနား သွားထိုင်လိုက်၏။ သူမသည် ကျောပေါ်တွင် ဆေးအပြည့်ဖြင့် ကုတင်ပေါ်၌ လှဲလျောင်းနေသော လီရှောက်ယွင်ကို တွေ့လိုက်ရသည်။ ကျင်းယွင်ကျောင်းသည် အနောက်တိုင်းဆေးပညာအကြောင်း သိပ်မသိသော်လည်း သူ၏ ဒဏ်ရာ အတိမ်အနက်အရ အမှန်ပင် ပြင်းထန်မည့်ပုံပေါက်သည်။
သူမသည် လီရှောက်ယွင်၏ သွေးကြောကို စမ်းလိုက်သောအခါ ပို၍ပင် အံ့ဩထိတ်လန့်သွားသေး၏။
လီရှောက်ယွင်သည် ဖိအား ကြီးမားစွာ ခံစားနေရပြီး သူ၏ အတွင်းကလီစာများမှာလည်း ထိခိုက်ခံထားရသည်။ သို့ရာတွင် သူသည် သိုင်းပညာအခံရှိသောကြောင့် အသက်အန္တရာယ်တော့ မစိုးရိမ်ရပေ။ သာမန်လူသာ ဖြစ်ခဲ့လျှင် ပွဲချင်းပြီး သေဆုံးမည် ဖြစ်သည်။
“သူ နိုးလာရင် ကျွန်မကို အသိပေးပေးပါ။ ကျေးဇူးတင်ပါတယ်”
ကျင်းယွင်ကျောင်းသည် သူတို့အား လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်၏။
ဤလူများသည် လီရှောက်ယွင်နှင့် သက်တူရွယ်တူဖြစ်သော်လည်း သူတို့၏ အသွင်အပြင်မှာမူ လီရှောက်ယွင်နှင့် အလွန် ကွာခြားပေသည်။
လီရှောက်ယွင်တွင် တော်ဝင်ဆန်သော အရှိန်အဝါရှိပြီး ဤလူများမှာမူ ရွက်ကြမ်းရေကျိုသာ ဖြစ်သည်။ အချို့မှာ ဆန်ကုန်မြေလေးပုံစံ ပေါက်ပြီး အချို့မှာ သာမန် အိမ်နီးချင်း လူတစ်ယောက်ပုံစံသာ ရှိ၏။ သူတို့၏ စစ်ယူနီဖောင်းကို ချွတ်လိုက်လျှင် သူတို့၏ အလုပ်အစစ်ကို ခန့်မှန်းရန်ခက်ခဲပေမည်။
သို့သော် တူရာ တူရာစုဆိုသည့် စကားအတိုင်း ဤလူများသည် လီရှောင်ယွင်နှင့် တူသော နေရာများ ရှိလေသည်။ ၎င်းမှာ သူတို့၏ လေးနက်သောအသွင်အပြင် ဖြစ်၏။
“ခယ်မလေး၊ စိတ်မပူပါနဲ့။ ငါတို့ အာစရိက မင်းအတွက် အသက်တောင် စတေးရဲတယ်ဆိုတော့ မင်းကို ငါတို့ထဲက တစ်ယောက်လို့ပဲ မှတ်ယူပါတယ်။ သူ နိုးလာရင် သေချာပေါက် အသိပေးမယ်။ ဒါနဲ့ မင်း ငါ့ကို အစ်ကို ခုနစ်လို့ ခေါ်လို့ ရတယ်။ ငါ့ဘေးနားက လူတွေက အစ်ကို နှစ်နဲ့ အစ်ကို ခြောက်ပဲ။ အနာဂတ်မှာ ငါတို့နဲ့ ရင်းနှီးဖို့ အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပါ။ ကဲ၊ ငါတို့ တရင်းတနှီးပဲ ပြောတော့မယ်နော်”
“ညီအစ်ကို ခုနစ်က အတင့်ရဲသားပဲ။ ခယ်မလေးက မင်းကို အစ်ကို ခုနစ်လို့ ခေါ်ရမယ်တဲ့လား။ စိတ်ကူးနေလိုက်”
သူ၏ ဘေးတွေ ရှိသော နံပါတ် ခြောက်ယောက်မြောက်မှ ချက်ချင်း ပြောလိုက်သည်။
ညီအစ်ကို ခုနစ်မှာ ဂရုမစိုက်ဟန်ဖြင့်
“မင်း မခေါ်ချင်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် အာစရိလည်း မနိုးသေးဘူး။ မင်း သူ့ကို ခေါ်တဲ့ပုံလည်း ပြောင်းစရာ မလိုဘူး မှတ်လား”
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။
“သခင်လေး လီနဲ့ ကျွန်မက မိတ်ဆွေတွေပါ။ ရှင်တို့နားလည်မှုလွဲနေပြီ ထင်တယ်။ ပြီးတော့… သူအခုထိလည်း သတိ မလည်လာသေးဘူးဆိုတော့ ညီအစ်ကိုအချင်းချင်း စကားပြောနေတာကို မနှောင့်ယှက်တော့ပါဘူး။ အရင် သွားလိုက်ပါဦးမယ်…အာ၊ ဟုတ်သားပဲ။ ဒါက မီးလောင်ဒဏ်ရာတွေအတွက် ဆေးပါ။ သူ့ကို လိမ်းပေးလို့ရပါတယ်။ ဆေးရုံက ဆေးတွေထက် အများကြီး အာနိသင် ပိုရှိပါတယ်”
ကျင်းယွင်ကျောင်းသည် နေရာလွတ် နယ်မြေထဲမှ ဆေး တစ်ပုလင်းကို ထုတ်ပြီး ညီအစ်ကိုခုနစ်၏ လက်ထဲ ထည့်လိုက်သည်။
ဤဆေးများသည် လိုအပ်လာလျှင် အသုံးပြုနိုင်ရန် နေရာလွတ် နယ်မြေတွင် ရှိစဉ်က သူမ ဖော်စပ်ထားသောဆေးများ ဖြစ်သည်။
ယခုတွင် သူမသည် ဝိညာဉ်ကျောက်စိမ်းအား တစ်ဝက်နီးနီး စုပ်ယူပြီးသည် ဖြစ်ရာ သူမ၏ ဆေးပညာ စွမ်းရည်များသည် ယခင် အတိတ်ကလို မဟုတ်တော့ချေ။ သူမ ဖော်စပ်ထားသော ဤဆေးမှာ ဒဏ်ရာ ပျောက်နိုင်စွမ်း မြင့်မား၏။ လီရှောက်ယွင် လက်ရှိ ရထားသော ဒဏ်ရာမှာ မကြာသေးမီက ဖြစ်သောကြောင့် အချိန်မှီ အသုံးပြုနိုင်လျှင် အမာရွတ်ကျန်နိုင်ချေ နည်းသွားလိမ့်မည်။
သူတို့သည် အချင်းချင်း မျက်စပစ်လိုက်ကြပြီး ချက်ချင်း ပြောလိုက်သည်။
“နားလည်ပါပြီ၊ ခယ်မလေး။ ကောင်းကောင်းသွားပါ”
'သူငယ်ချင်းတွေတဲ့လား'
ခယ်မလေးသည် အာစရိအား သူငယ်ချင်းကဲ့သို့ ဆက်ဆံသော်လည်း အာစရိ၏ ရည်ရွယ်ချက်မှာမူ ထိုမျှလောက် ရိုးရှင်းမည် မဟုတ်ချေ။
လီရှောက်ယွင်မှာ သူစိမ်းများ သူ့အား ချဥ်းကပ်သည်ကို မနှစ်သက်သော လူစားမျိုး ဖြစ်သည်။ သူသည် ရဲဘော်ရဲဘက်များအပေါ် သစ္စာရှိသော်လည်း အချိန်အခါကို ကြည့်တတ်သေးသည်။ သူ၏ အနှိုင်းမဲ့ သစ္စာရှိမှု ဟူသော ကောင်းချီး တစ်ပါးအား ပိုင်ဆိုင်နိုင်သောသူ သိပ်မရှိချေ။ သို့သော် ကျင်းယွင်ကျောင်းကဲ့သို့ မိန်းကလေးငယ် တစ်ဦးသည် လီရှောက်ယွင်အား အရာအားလုံးကို စွန့်လွှတ်စေခဲ့သည်။ ဤအရာ၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ရှင်းနေသည် မဟုတ်လော။
Space and Rebirth - 526
Trans: Esth
ကျင်းယွင်ကျောင်းသည် နားရွက်ထိပ်လေး အနည်းငယ် နီမြန်းပြီး လူနာခန်းထဲမှ ထွက်လာလိုက်၏။ သူမသည် မှန်ပြတင်းပေါက်မှတဆင့် နောက်တစ်ချက်ကြည့်ကာ လှည့်ပြန်လိုက်သည်။
သူမသည် မိမိ လူနာခန်းဆီသို့ ပြန်ရန် ခြေလှမ်းပြင်နေချိန်တွင် သူမ အခန်းထဲ၌ အတန်းဖော်အချို့ ထပ်ရောက်နေမှန်း တွေ့လိုက်ရသည်။ သူတို့သည် စူးချူနှင့် သူမအတွက် ပန်းစည်း နှစ်စည်းကိုပင် အထူး ဝယ်လာခဲ့ကြ၏။ ဤလုပ်ရပ်ကြောင့် ကျင်းယွင်ကျောင်းသည် အံ့အားသင့်သွားသည်။
သူမ၏ ဒဏ်ရာများသည် မပြင်းထန်သည့်အပြင် သူမသည် သတိမေ့မျောနေစဥ်က ခန္ဓာကိုယ်စစ်ဆေးမှုမျိုးစုံ လုပ်ခဲ့ပြီး ဖြစ်၏။ သူမသည် အချိန်မရွေး ဆေးရုံဆင်းနိုင်ပြီဟု ဆရာဝန်မှ ပြောခဲ့သော်လည်း ရှောင်ချင်းမှ စိတ်ပူနေခဲ့သေးသည်။ အဘိုး ကန်မှ အားလုံး၏ ရှေ့တွင် သူမ၏ သွေးကြောကို စမ်းပြီး ပြသာနာ ကြီးကြီးမားမား မရှိမှန်း အတည်ပြုပြီးမှသာ ရှောင်ဟိုင်ချင်းသည် စိတ်လျှော့လိုက်ခြင်း ဖြစ်၏။
“ယွင်ကျောင်း၊ နင်က တကယ် ကံကောင်းတာပဲ။ အခင်းဖြစ်တဲ့ နေရာတစ်ခုလုံး အဲ့လောက်ထိ ပေါက်ကွဲ ထွက်သွားတာတောင် နင်က အကောင်းအတိုင်းပဲ ရှိသေးတယ်။ စူးချူဆို နင့်ထက်တောင် အခြေအနေ ပိုကောင်းတယ်။ သူသာ အိပ်ဆေး မသောက်ခဲ့ရင် အခုလောက်ဆို လျှောက်ပြေးလွှားနေလောက်ပြီ။ ငါ့ကို အမှန်အတိုင်းပြော နင် ရွှေခေါင်းလောင်းဒိုင်းကို တတ်သွားပြီလား”
ရှောင်ဟိုင်ချင်းသည် ရယ်ရင်းမောရင်းဖြင့် ပြောလိုက်သည်။ သူမသည် အံ့သြလေးစားမှုဖြင့် အရှုံးပေးလိုက်ရတော့သည်။
သူမသည် ပေါက်ကွဲမှုဖြစ်ရာနေရာမှ သတင်းပေးပို့ချက်များကို မြင်လိုက်သည်။ ထိုနေရာတွင် ကွေးကောက်နေသော သတ္တုအပိုင်းအစ တစ်ပုံသာ ကျန်ရစ်၏။
“ဟူမိသားစုကို ငါ သွားကြည့်ဦးမယ်။ နင်လိုက်မှာလား”
ကျင်းယွင်ကျောင်းသည် စကားလမ်းကြောင်းပြောင်းလိုက်သည်။
ရှောင်ဟိုင်ချင်းသည် ခေတ္တမျှ ကြက်သေသေသွားပြီး
“ဟူ-ဟူမိသားစု”
ထန်ကျစ်ဟွားနှင့် ကန်ကျင်းချန်တို့၏ မျက်နှာသည်လည်း မဲ့ရွဲ့သွားသည်။
“ယွင်ကျောင်း၊ အဲ့မိသားစုဝင် ခြောက်ယောက်လုံး သေသွားပြီ။ သွားပြီး ဘာလုပ်ဦးမလို့လဲ”
လူ ခြောက်ယောက်၏ အလောင်းသည် ဟူမိသားစုအိမ်ထဲတွင် ရှိနေသေး၏။ အလောင်းများမှာ အပိုင်းပိုင်းအစစ ဖြစ်နေသောကြောင့် ကျန်ရစ်သော အပိုင်းများကို ရှာနေကြဆဲ ဖြစ်သည်။ ယုတ္တိရှိရှိ ပြောရလျှင် သူမ, မသွား၍ မရချေ။ သို့ရာတွင် သူမသည် ဤအမှု၏ နစ်နာသူတစ်ဦးဖြစ်ပြီး လီရှောက်ယွင်နှင့် ထိုညီအစ်ကိုတို့၏ ဆက်ဆံရေးကို ထည့်သွင်း စဥ်းစားရလျှင် ဤကိစ္စသည် ပေါ့ပေါ့သေးသေးဟု မှတ်ယူ၍ မရ။
သို့တိုင်အောင် အခြားသုံးယောက်၏ မျက်လုံးထဲတွင် ဤလုပ်ရပ်မှာ အနည်းငယ် ကြောက်စရာကောင်း၏။
“ဟူမိသားစု အိမ်မှာ ရှောင်ချင်းက စစ်ဆေးခံနေတုန်းမှတ်လား”
ကျင်းယွင်ကျောင်း ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးမှာ အေးစက် စူးရှလှ၏။
ရှောင်ဟိုင်ချင်းနှင့် အခြားနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြကာ အနည်းငယ်ကြောက်သွားကြသည်။ အထူးသဖြင့် ကျင်းယွင်ကျောင်း၏ ကြောက်မက်ဖွယ် မျက်နှာထားကို တွေ့လိုက်ရသောအခါ သူတို့သည် ကျောများ စိမ့်သွားကြ၏။
“ငါ ချူချူကို သွားကြည့်ရဦးမှာမို့ မလိုက်တော့ဘူး...”
“အာ...ငါလည်း ချူချူကို ကြည့်ရဦးမယ်...”
ယောက်ျားသား နှစ်ဦးသည် ကြောက်ကြောက်ဖြင့် သုတ်သီးသုတ်ပြာ ပြောလိုက်သည်။
ရှောင်ဟိုင်ချင်းမှ ဤစကားကို ကြားလိုက်သောအခါ သူမ နှုတ်ခမ်းစွန်းများ တွန့်သွား၏။ သူတို့ ကြောက်ဒူးတုန်နေပုံကို ကြည့်ပြီး သူမ၏ သတ္တိများ ရဲဝင့်လာသည်။
“ယွင်ကျောင်း၊ ငါ လိုက်ခဲ့မယ်”
သူတို့သည် ဤကိစ္စ၏ အကြောင်းရင်းအား အသေးစိတ် မသိသော်လည်း ရှောင်မောင်နှမ သုံးဦးကြောင့် မဟုတ်လျှင် စူးချူနှင့် ကျင်းယွင်ကျောင်းသည် ဤမျှလောက် ကြီးမားသောအန္တရာယ်ထဲ ကျရောက်မည် မဟုတ်ကြောင်းကိုမူ အသေအချာသိနေခဲ့သည်။ သူတို့သည် ရှောင်ချင်း၏ လက်ရှိ အခြေအနေကို မစစ်ဆေးမိသောကြောင့် အနည်းငယ် မခံမရပ်နိုင် ဖြစ်သွား၏။
ရှောင်ဟိုင်ချင်းမှ ထိုစကားကို ပြောပြီးသောအခါ ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားသည် ပို၍ပင် ရှက်သွားကြသည်။
ဤမိန်းကလေး နှစ်ဦးမှာ သတ္တိကောင်းလှသည်။ သူတို့၏ တုံ့ပြန်မှုမှာ အနည်းငယ် ယောက်ျားမဆန်သလိုဖြစ်သွားသလော။
“ဟိုင်ချင်းပါ သွားမှာဆိုတော့...ငါတို့လည်း သွားကြည့်ကြတာပေါ့။ သခင်လေး ထန်၊ မင်းရော လုပ်နိုင်လား”
ကန်ကျင်းချန်ကသာ စပြောပြီး ထန်ကျစ်ဟွားကို ဆွဲခေါ်လိုက်သည်။
သူတို့နှစ်ဦးသားသည် စရိုက်တူကြသော်လည်း ယှဥ်ကြည့်လျှင်မူ ထန်ကျစ်ဟွားသည် သူ၏ ဂုဏ်သိက္ခာအတွက် ပိုပူပန်တတ်သောသူ ဖြစ်ပြီး ကန်ကျင်းချန်မှာမူ ပိုသတ္တိရှိပေသည်။ ယခု ကန်ကျင်းချန်မှ ထိုစကားပြောလိုက်ပြီ ဖြစ်၍ ထန်ကျစ်ဟွားသည် မလိုက်လိုလျှင်ပင် သဘောတူရတော့မည်။
“သေပြီးသား လူတွေပဲလေ။ ကိုယ်က အမှား မလုပ်ထားရင် သရဲတွေကို ဘာကြောက်စရာရှိမှာလဲ။ ဒီအတိုင်း သွားကြတာပေါ့”
ရှောင်ဟိုင်ချင်း၏ နှလုံးသားထဲတွင် တိတ်တခိုးပျော်ရွှင်နေ၏။
သူမသည် ငယ်စဥ်ကတည်းပင် အကြောက်အရွံ့နည်းသော်လည်း အသတ်ခံရသူများသည် ပုံမှန်ထက် သွေးသံတရဲရဲဖြင့် သေဆုံးသွားကြရသည်ကို ကြားလိုက်ရသောအခါ သူမသည် အနည်းငယ် ရွံရှာမိ၏။ သို့ရာတွင် ဤအရာမျိုးမှာ သူမ မြင်တွေ့နေကျဖြစ်သည်။ အများဆုံးအနေဖြင့် သူမ ညစာ မစားနိုင်ရုံသာရှိမည်။
သူတို့ သွားဖို့ ဆုံးဖြတ်လိုက်သောအခါ ကျင်းယွင်ကျောင်းနှင့် စူးချူအား လာရောက် သတင်းမေးကြသော ကျီသာ့ယုန်းနှင့် အခြားအတန်းဖော်များသည် အနည်းငယ် ကြောက်ဒူးတုန်သည့်ပုံပေါက်သွားကြသည်။
သို့သော်လည်း သူတို့တွင် ထိုမျှလောက် သတ္တိ မရှိသည်ဖြစ်ရာ သွားမည့် လေးယောက်အား အားပေးသည့် အကြည့်ဖြင့်သာ ကြည့်ကာ ဆေးရုံမှ ပြာပြာသလဲ ထွက်သွားလိုက်ကြ၏။
Space and Rebirth - 527
Trans: Esth
ဟူမိသားစုအိမ် ရှိသော ရပ်ကွက်နေရာသည် နှစ်ထပ်အိမ်များဖြင့် ပြည့်နေ၏။ အိမ် အများစုမှာ တစ်ပုံစံတည်း ဖြစ်ပြီး တံတိုင်းအမြင့်များ၊ သံမဏိတံခါးများဖြင့် အိမ်ကို ကာရံထားကြသည်။ ကြည့်ရသည်နှင့်ပင် စိုထိုင်းမှောင်မည်းနေ၏။
ဟူမိသားစုအိမ်လမ်း၏ ဘယ်ဘက်နှင့် ညာဘက်အခြမ်းကို အစောင့်အကြပ်များဖြင့် ပိတ်ဆို့ထားသည်။ ပထမဆုံး အခင်းစဖြစ်ချိန်တွင် လူများစွာရှိနေခဲ့သော်လည်း ယခုမူ နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်ကာ ညစာ စားချိန်လည်း ရောက်ပြီ ဖြစ်သောကြောင့် စပ်စုသောသူ သိပ်မကျန်တော့ပေ။
ထို့အပြင် ဤမိသားစုသည် သွေးသံတရဲရဲဖြင့် သေဆုံးထားသည်ကို ကြားထားသောကြောင့် အိမ်နီးချင်းများသည်လည်း သူတို့အား ကံဆိုးမှုများ ကူးစက်လာလိမ့်မည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
“ဘယ်လို တိရစ္ဆာန်လဲ။ ကလေးတွေနဲ့ အဘိုးကြီးကိုတောင် မချန်ဘူး။ အဲ့ ချန်းကျီဆိုတဲ့ကောင်က တကယ် ဆန်ကုန်မြေလေးပဲ။ အဘိုးကြီး ဟူမှာတော့ သူ့အပေါ် ကောင်းပြီး သူ့မြေး အရင်းလို စောင့်ရှောက်လိုက်ရတာ....”
ကျင်းယွင်ကျောင်း ရောက်သွားသောအချိန်တွင် အပြင်မှ ကြည့်နေသောသူ အချို့ရှိနေသေး၏။ အဘွားအို တစ်ဦးမှ မျက်ရည်များသာသုတ်ကာ ဤစကားများပြောလိုက်သည်ကို သူမ ကြားလိုက်ရသည်။
“ဒီလိုဆွေမျိုးတွေ ရထားတာ ရှစ်ဘဝစာ ကံဆိုးမယ့်ကိန်းပဲ။ ပြောရမယ်ဆိုရင် ငါ တကယ်ကြောက်မိတယ်။ အရင်တုန်းကလေ ငါ သူတို့အိမ်ကနေ ငှားစရာတစ်ခုရှိလို့ သွားဖူးတယ်။ အဲ့အချိန်တုန်းက အဲဒီချန်းကျီက ငါ့ကို ကြောက်စရာကောင်းတဲ့ အကြည့်စိမ်းကြီးနဲ့ ကြည့်နေတာပါဆို။ တော်သေးလို့ ငါ ကံကောင်းသွားတာ...”
နောက်တစ်ယောက်မှ ပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် သက်ပြင်းသာချလိုက်၏။ ဤမိသားစုမှာ မထင်မှတ်ထားသော ကပ်ဘေးကို ကြုံတွေ့လိုက်ရကြသည်ပင်။
သူတို့ သေဆုံးရသည့် အကြောင်းရင်းမှာ သူမနှင့် မကင်းပေ။
ရဲအရာရှိများသည် တရားဝင် ထုတ်ပြန်ချက်တွင် သူမအား အပြစ်မတင်ထားခဲ့ချေ။ ဟူချန်းသည်သာ စိတ်ရောဂါရှိနေသည်ဟု ပြောထားခဲ့သည်။
ကျင်းယွင်ကျောင်းသည် သူမနှင့်အတူ ဆေးရုံတွင်ရှိနေခဲ့သော ရဲအရာရှိ တစ်ဦးကို အထူး ရှာတွေ့လိုက်သောကြောင့် သူမသည် ရှောရှောရှူရှူပင် ဝင်ရောက်နိုင်သွားသည်။ ဟူမိသားစု အိမ်တံခါးသို့ သူမ ဝင်သည်နှင့် ထိုထူးဆန်းသော အနံ့နှင့်အတူ မွန်းကြပ်စရာ ကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူမ၏ အနံ့ခံအာရုံမှာ အလွန်ကောင်းသောကြောင့် ယခုအချိန်တွင် ထိုအနံ့သည် ခါတိုင်းထက်ပင် ပိုပြင်းထန်ပြီး စူးရှလှသည်။
ထုပ်ပိုးထားသော လူအသားစအချို့နှင့် အလောင်းခြောက်ဦးကို ခြံထဲတွင် ထားထားမှန်း သူမတွေ့လိုက်ရသည်။ ရှောင်ချင်းမှာမူ ချောက်ချားမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ထောင့်တစ်နေရာတွင် ဆောင့်ကြောင့် ထိုင်နေ၏။ သူမသည် ခေါင်းကို မော့မကြည့်ရဲပေ။ မျက်ရည်များသည်လည်း တသွင်သွင် စီးကျနေပြီး စိတ်ထောင်းကိုယ်ကြေဖြစ်နေပုံပေါက်သည်။
ဝမ်ဟုန်ကို လူကောင်း တစ်ယောက်ဟု သူမ ထင်ခဲ့၏။
သို့သော် ဝမ်ဟုန်မှာ နာမည်အရင်းပင် မဟုတ်ဘဲ ဟူချန်း ဖြစ်နေမှန်း သူမမထင်မှတ်ထားခဲ့ပေ။ သူသည် စိတ်ဖောက်ပြန်နေသောသူ၊ စိတ္တဇကောင်သာ ဖြစ်သည်။
ထို့ကြောင့် သူမအား မြေအောက်ခန်းထဲ ပေးမဝင်ခြင်းပင်။ အထဲ၌ အလောင်းများစွာကို သိမ်းထားခဲ့ခြင်း ဖြစ်နေ၏။ အဘိုးကြီးနှင့် ကလေးများအားလုံးသည် ကိုယ်လုံးတီးဖြင့် ဝက်အူချောင်းကဲ့သို့ ထုပ်ပိုးခံထားရသည်။ ကြည့်ရသည်မှာ အလွန်တရာပင် ရွံရှာဖွယ်ကောင်းလှသည်...
ကျင်းယွင်ကျောင်းတို့ အုပ်စုသည် ခြံထဲဝင်လိုက်သည်နှင့် မျက်နှာပျက်သွားကြတော့၏။
“ဒီဟူချန်းဆိုတဲ့ ကောင်က တကယ်အောက်တန်းစားပဲ။ ဒီကလေး ကြည့်ရတာ...အခုမှ ရှစ်နှစ်၊ ကိုးနှစ်လောက်ပဲ ရှိဦးမှာကို...”
ရှောင်ဟိုင်ချင်း၏ မျက်လုံးများ နီမြန်းသွား၏။
သူမ အနောက်တွင် ရှိသော ထန်ကျစ်ဟွားနှင့် ကန်ကျင်းချန်သည်လည်း ထိုအလောင်းကို ဝေ့ကြည့်လိုက်ကြသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းတွင် ထန်ကျစ်ဟွားသည် နောက်လှည့်ထွက်ပြီး ဝေါ့ခနဲ အန်ထုတ်လိုက်သည်ကိုသာ သူတို့ မြင်လိုက်ကြ၏။
အကြီးအကဲ ထန်၏ အဖိုးတန် မြေးလေးသည် အဘယ်သို့ ဤမြင်ကွင်းမျိုးကို ကြည့်နိုင်မည်နည်း။ ကန်ကျင်းချန်မှာမူ ဤသို့အရာမျိုး တစ်ခါမှ မမြင်ဖူးသော်လည်း သူသည် သူ၏ အဘိုးဆီမှ ဆေးပညာ သင်ယူထားသောသူ ဖြစ်သဖြင့် သွေးသံတရဲရဲ မြင်ကွင်းအချို့ကိုမူ မြင်ဖူးလေသည်။ သူ၏ မျက်နှာမှာ အလွန်တရာမှ ဖြူဖတ်ဖြူရော် ဖြစ်နေသော်လည်း သူသည် ခံနိုင်သေးသည်။
ရှောင်ဟိုင်ချင်း၏ ဗိုက်သည်လည်း အက်ဆစ်များဖြင့် ပြည့်နေသလို ဖြစ်ကာ သူ၏ တစ်ကိုယ်လုံးအား အမှောင် တိမ်တိုက်များကို ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေ၏။
ကျင်းယွင်ကျောင်း မျက်နှာထားမှာလည်း သူတို့နှင့် ထူးမခြားနားသော်လည်း သူမသည် မလာခင်ကတည်းပင် စိတ်ပြင်ဆင်ထားခဲ့သည်။ ထို့အပြင် သူမသည် ဆေးဝါးဖော်စပ်စဥ်က မြွေ၊ အင်းဆက်၊ ကြွက်နှင့် ပုရွက်ဆိတ်များ၏ အသေကောင်များကို မြင်ဖူးပြီး ဖြစ်သည်။ သူမသည် ဤအလောင်းအား တွေ့လိုက်ရသောအခါ သူမ၏ စိတ်ခံနိုင်ရည်အားသည် ကျန်သုံးယောက်ထက် အနည်းငယ် မြင့်နေလေ၏။
သူမသည် အသက်ကို ပြင်းပြင်းရှူပြီး ထိုနေရာသို့ လျှောက်သွားလိုက်၏။
လူ ခြောက်ဦး အလောင်းမှ အသားစိုင်များသည် အများအားဖြင့် လှီးထုတ်ခံထားရပြီး အချို့အပိုင်းများမှ သေသေသပ်သပ် ဖြတ်ထုတ်ပြီး အိတ်တစ်အိတ်တွင် ထုပ်ပိုးထားပုံပေါ်၏။ ဤသို့ အစီအစဥ်တကျ သိမ်းထားလေလေ လက်မခံနိုင်စရာကောင်းလေလေဖြစ်သည်။ ရဲအရာရှိများပင်လျှင် မျက်ရည်စက်လက်ဖြင့် ပျို့အန်နေကြ၏။
ကျင်းယွင်ကျောင်းသည် သွေးဆုပ်နေသော မျက်နှာဖြင့် အလောင်းများ ဘေးနား ထိုင်ချကာ သူတို့အား ကြည့်လိုက်သည်။ အလောင်းများပေါ်တွင် အသားများ ကျန်သေးသော်လည်း ပျောက်ဆုံးနေသော အသား အပိုင်းအစက ပိုများပေသည်။
Space and Rebirth - 528
Trans: Esth
ကျင်းယွင်ကျောင်း၏ လုပ်ရပ်ကြောင့် ရှောင်ဟိုင်ချင်းနှင့် အခြားလူများ မျက်နှာပျက်သွားကြသည်။ အထူးသဖြင့် ထန်ကျစ်ဟွား ဖြစ်သည်။ သူသည် အန်လို့ပင် မပြီးသေးခင် ကျင်းယွင်ကျောင်းမှ အလောင်းကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် မခံနိုင်တော့ဘဲ ထပ်အန်ရန် ထွက်သွားလေ၏။
သူတို့ဘေးမှ ရဲသားများပင် ကျင်းယွင်ကျောင်းအား သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြည့်လိုက်ကြသည်။
နှစ်စဥ်နှစ်တိုင်း ထူးဆန်းသည့် အရာများ ဖြစ်လေ့ရှိသော်လည်း ဤနှစ်မှာမူ ခါတိုင်းထက် ပိုများပေသည်။
ယောက်ျားသားများပင် စေ့စေ့ မကြည့်ရဲလောက်အောင် ပုံပျက်နေသော အလောင်းအား ဤမိန်းကလေးငယ်သည် အနီးကပ်ပင် လေ့လာကြည့်ရှုနေသေးသည်။ သူမ ကြည့်ရသည်မှာ အလွန် လေးနက်လှသောကြောင့် နတ်ဘုရား တစ်ယောက်၏ အရှိန်အဝါများ ထွက်နေသည်။ လူသားမဟုတ်သော ဝိညာဥ်အား မြင်နေရသကဲ့သို့ ဖြစ်သည်။
အတန်ကြာသော် ကျင်းယွင်ကျောင်းသည် မြေအောက်ခန်းသို့ လမ်းလျှောက်သွားလိုက်၏။
မြေအောက်ခန်း ဧရိယာသည် ၁၀၀ စတုရန်းမီတာခန့် ကျယ်ဝန်းပေသည်။ ယခင်က အခန်း ၂ ခန်း၊ ၃ ခန်းခန့် ခွဲထားခဲ့သော်လည်း ယခုတွင် အခန်းတိုင်း၏ နံရံများကို ဖြိုချထားပြီး ကြမ်းပြင်မှာလည်း ရှုပ်ပွနေ၏။ ကျောက်တုံးများ၊ အမှိုက်အိတ်များနှင့် စုံစီနဖာ ပစ္စည်းများသည် ကြမ်းပြင်ပေါ်တွင် ပွထနေသည်။ ၎င်းတို့ကို ကြည့်ရသည်မှာလည်း အနည်းငယ် ညစ်ပတ်နေ၏။ မြေပြင်ပေါ်တွင် ကြွက်များ လာထားသော အရိပ်အယောင်များရှိနေပြီး အင်းဆက် အသေကောင်များလည်း ရှိနေကာ သူတို့၏ အနံ့အသက်များသည် လေထုထဲတွင် ရောနေ၏။
မြေအောက်ခန်း တစ်ခုလုံးတွင် တစ်ခုတည်းသော သန့်ရှင်းသည့်အရာ ဖြစ်သည့် စားပွဲခုံအား အခန်းအလယ်တွင် ထားထားသည်။ စားပွဲအောက်တွင် ဓာတ်ခွဲခန်းပြွန်အချို့ ရှိနေသေးပြီး အခြားအရာများကို စားပွဲပေါ်တင်ထားသည်။ ဤသည်မှာ ဟူချန်း ကိုယ်တိုင် သုတေသန လုပ်ထားသော ဆေးဖြစ်ရမည်ဟု သူမ မှတ်ယူလိုက်သည်။ သို့ရာတွင် အရေးကြီး ပစ္စည်းများကို စစ်ဆေးချက်ပြုရန် ရဲဌာနသို့ ပြန်လည် ယူဆောင်သွားပြီး ဖြစ်ရာ ကျင်းယွင်ကျောင်းသည် ဘာကိုမျှ မမြင်လိုက်ရချေ။
ထို့အပြင် ဗုံးလုပ်ပစ္စည်း အကြွင်းအကျန် ရှိနေ၏။
ယမ်းမှုန့်၏ အနံ့မှာ အလွန် စူးရှလှသော်လည်း အမှုန့် အနည်းငယ်သာ ကျန်ရစ်၏။ ပြုလုပ်ပြီးသားပစ္စည်းများ သို့မဟုတ် တစ်ဝက်ပြီးထားသောပစ္စည်းများကို ဟူချန်းသည် စက်ရုံထဲ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။
“အလောင်းရဲ့ ကျန်တဲ့ အပိုင်းတွေကို မတွေ့သေးဘူးလား”
ကျင်းယွင်ကျောင်းသည် ရဲများကို မေးလိုက်၏။
“ရှာနေတုန်းပဲ။ လူအသားတွေကို အစက မြေအောက်ခန်းက အအေးခန်း သေတ္တာထဲထည့်ထားပေမယ့် ဒီပမာဏနဲ့တင် မကလောက်ဘူး။ အပေါ်ထပ်ကိုလည်း ရှာပြီးပြီ။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ထမင်းကျန်၊ ဟင်းကျန်အပြင် ဘာမှမရှိဘူး”
ကျင်းယွင်ကျောင်း ခေါင်းညိတ်လိုက်သည်။
သို့သော် ဟူချန်းသည် စိတ်ဖောက်ပြန်နေသူ တစ်ဦးဖြစ်သည် ဟူသောအချက်ကို ထည့်စဥ်းစားလိုက်ပြီး သူမ ထပ်မေးလိုက်သည်။
“သူ စားလိုက်တာများလား”
သူမသည် သေချာ မစဥ်းစားဘဲ ပြောလိုက်ခြင်းမဟုတ်ဘဲ ယခင်က ဟူချန်းကို တွေ့ဖူးထားသောကြောင့် ဖြစ်သည်။ ထိုလူသည် အလွန်ပင် ရက်စက် ယုတ်မာပြီး သူ၏ စိတ်အခြေအနေမှာ ရူးသွပ်မှုထဲ ကျရောက်နေ၏။ သူမ ပြောခဲ့သည်မှာ လုံးဝ ဖြစ်နိုင်ချေ ရှိပေသည်။
သို့သော် ကျင်းယွင်ကျောင်းမှ ၎င်းကို ပြောလိုက်သောအခါ အခြားသူများ၏ နှုတ်ခမ်းစွန်းများသည် မနေနိုင်ဘဲ တွ့န်သွားကြ၏။
ထန်ကျစ်ဟွားသည် အစက မြေအောက်ခန်းတွင် ရွံရှာဖွယ် အလောင်းများ တွေ့တော့မည် မဟုတ်ဟု တွေးခဲ့သော်လည်း ကျင်းယွင်ကျောင်း ပါးစပ်မှ ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် စကားလုံးများထွက်လာလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ချက်ချင်းဆိုသလိုပင် သူ၏ လောကီအမြင်များ ပြိုလဲသွားပြီး သည်းခြေများပါ ထွက်လောက်သည်အထိ အန်လိုက်တော့သည်။
ထန်ကျစ်ဟွား မပြောနှင့်၊ ကန်ကျင်းချန်ပင်လျှင် မအောင့်ထားနိုင်တော့ချေ။
ရှောင်ဟိုင်ချင်းမှာ မိန်းကလေးဟု မထင်ရလောက်သည်ထိ ပုံမှန်ဆိုလျှင် စိတ်ခိုင်သောသူဖြစ်သော်လည်း သူမသည်လည်း သာမန်လူ တစ်ယောက်သာ ဖြစ်သေးပေသည်။ သူမသည် ချက်ချင်း ပြေးမထွက်သွားပေ။ သုံးဦးသားသည် အတူတကွသာ ထွက်သွားကြကာ တစ်လှမ်းမှ ထပ်မလှမ်းလိုဟန်ဖြင့် တံခါးဝနားတွင်သာ နေကြလေတော့သည်။
သူမသည် ဤညတွင် ထမင်းစားနိုင်လောက်မည်မဟုတ်ဟု တွေးထားခဲ့သည်။ လက်တွေ့တွင် သူမသည် နောက်လပိုင်းအတွင်းထိ မည်သည့်အသားကိုမျှပင် ထိနိုင်လိမ့်မည် မဟုတ်။
ရဲအရာရှိနှင့် ကျင်းယွင်ကျောင်းသည် အပေါ်ထပ်သို့သွားကာ ရေခဲသေတ္တာထဲ ကြည့်လိုက်ကြသည်။ သူတို့သည် ဝက်ပေါင်ခြောက်ကြော် ပန်းကန်ကို တွေ့လိုက်ရသောအခါ ထူးဆန်းသော မျက်နှာအသွင်အပြင် ဖြစ်သွားကြ၏။
“အဲ့အသားပန်းကန် ပေးပါလား၊ ရိုးရိုး အသားမဟုတ်ဘူး”
မှုခင်းဆရာဝန်သည် ရုတ်တရတ် ထပြောလိုက်ကာ ကျင်းယွင်ကျောင်း လက်မှ အသားပန်းကန်ကို ယူလိုက်သည်။ ကြားရုံဖြင့် သူ ပြောသော အဓိပ္ပာယ်မှာ ရှင်းလင်းပေသည်။
ကျင်းယွင်ကျောင်းသည် အစက ဟူချန်း၏ စရိုက်အပေါ် မူတည်ပြီး ခန့်မှန်းချက်ပေးရုံသာ ဖြစ်သည်။ အမှန်တရားမှာ သူ ခန့်မှန်းထားသည့်အတိုင်း ဖြစ်မည်ဟု မထင်ခဲ့ရိုးပေ။ သူမ မျက်နှာထားမှာ အလွန်တရာ အကျည်းတန်နေပြီး သူမ ဝမ်းတွင်းကလီစာများလည်း မွှေနှောက် လှည့်ပတ်နေသကဲ့သို့ပင်။
သို့ရာတွင် ခြံထဲတွင် အငို မရပ်သေးသော ရှောင်ချင်းအား လှည့်ကြည့်လိုက်သောအခါ သူမ ခံစားချက်များသည် ပိုရှုပ်ထွေးသွား၏။
“ကောင်မလေး၊ ဒီအိမ်ထဲက ပစ္စည်းတွေကို လျှောက်မကိုင်နဲ့။ လက်ညစ်ပတ်သွားရင် ပြန်ဆေးရလိမ့်မယ်။ ဟိုနားက ဘုံပိုင်ကလည်း လောလောဆယ် သုံးလို့ ရတာ မဟုတ်ဘူး။ ဒီထဲမှာ ဟင်းတစ်ပွဲ ချက်လို့ရလောက်တဲ့အထိ ကြိတ်သားတွေ ရှိတာပဲ…”