← Chapters

အခန်း (၅၂၉-၅၃၂)

Vol. 27 Ch. 529-532

အခန်း (၅၂၉-၅၃၂)

Vol. 27 Ch. 529-532

Space and Rebirth - 529

Trans: Esth

ကျင်းယွင်ကျောင်း သွေးရဲမှန်း မြင်လိုက်ရသော မှုခင်း ဆရာဝန်သည် သူမအား‌ ခြောက်လှန့်ရန် တမင် ပြောလိုက်ခြင်း ဖြစ်သည်။ သူမ၏ မျက်နှာအသွင်အပြင်မှာမူ ယခင်က အတိုင်းပင်။ သူမသည် အနည်းငယ် လန့်သွားသော်လည်း တည်ငြိမ်နေသေး၏။ မှုခင်း ဆရာဝန်သည် စိတ်ထဲတွင် အနည်းငယ် အထင်ကြီးသွားသည်။

ဤမိန်းကလေးသည် သူတို့လုပ်ငန်းခွင်နှင့် သင့်တော်လှပေသည်...

ကျင်းယွင်ကျောင်းမှာမူ မှုခင်းဆရာဝန်၏ အတွေးများကို မသိခဲ့ချေ။ သူမသည် ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးနောက် ရှောင်ချင်း ရှိသော နေရာသို့ ဦးတည်သွားရန် ခြေလှမ်းပြင်လိုက်သည်။

ရှောင်ချင်း၏ ဘေးတွင် စောင့်ကြည့်နေသော ရဲအရာရှိ တစ်ဦး ရှိလေသည်။ သူမသည် ကြံရာပါတစ်ဦး ဖြစ်လောက်မည်ဟု သံသယ ရှိသောကြောင့် သူသည် ရှောင်ချင်းအား အလောင်းများ၏ တည်နေရာကို ညွှန်ပြခိုင်းရန် လာခဲ့သော်လည်း ကြည့်လိုက်သည်နှင့် သူမသည် ကူညီခဲ့ပုံ မပေါ်ချေ။

ရှောင်ချင်းသည် ဤကိစ္စ တစ်ခုလုံးတွင် ပါဝင် ပတ်သတ်ခဲ့ခြင်း မရှိသဖြင့် သူမ၏ အပြစ်သည် မကြီးလေးပေ။ စူးချူအား ပြန်ပေးဆွဲရန် သူမ၏ မောင်နှစ်ဦးကို ခိုင်းခဲ့လျှင်ပင် သူမသည် ဖုန်းမှတဆင့် သူတို့အား ပြောခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမသည် ကျင်းယွင်ကျောင်း နောက်သို့ မလိုက်ခဲ့သောကြောင့် အခင်းဖြစ်ရာ နေရာကိုလည်း မသိချေ။ ထို့ကြောင့် အများဆုံးအနေဖြင့် သူမတွင် မတိုင်ကြားခဲ့သည့် အပြစ်သာ ရှိသည်။ ထိုတင်မက သူမ သိထားခဲ့သော အခြေအနေမှာလည်း ပေါက်ကွဲမှု၊ လူသတ်မှုတို့ မပါဝင်ချေ။

ယခင်က ကျင်းယွင်ကျောင်း၏ သက်သေ ထွက်ဆိုချက်သည်လည်း ကြီးမားသော အခန်းကဏ္ဍမှ ကူညီပေးခဲ့လေသည်။ ရှောင်ချင်းကိုသာ လှုံ့ဆော်သူအနေဖြင့် ကျင်းယွင်ကျောင်း ထွက်ဆိုခဲ့လျှင် ရှောင်မိသားစု၏ ကျန်သော ညီအစ်ကို နှစ်ဦးကိုပါ သူမ စွပ်စွဲနိုင်လိမ့်မည်။ မျက်မြင်သက်သေ ရှိနေသရွေ့ ရှောင်ချင်းသည် ငြင်းဆိုချင်လျှင်ပင် ငြင်းနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ရှောင်ချင်းသည် ထောင်မကျဘဲ ထောင်ဒဏ် လွတ်ရန် ကျင်းယွင်ကျောင်း မျှော်လင့်နေခဲ့သည်။

ကျင်းယွင်ကျောင်းသည် အရှေ့သို့ လမ်းလျှောက်သွားကာ ရဲအရာရှိကို စကားပြောလိုက်၏။ ထို့နောက် ရဲအရာရှိသည် ခပ်လှမ်းလှမ်းသို့‌ လျှောက်သွားလိုက်သည်။

“လူအသားက အရသာရှိလား”

ထိုမှသာ ကျင်းယွင်ကျောင်း မေးလိုက်သည်။

သူမသည် ရှောင်ချင်းအား အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်၏။ ချက်ချင်းဆိုသလိုပင် ပိုးသားဖြူကဲ့သို့ ချစ်စရာကောင်းသော ထိုမျက်နှာနှင့် ဘာအတွေးမှ ရှိပုံ မပေါ်သော မျက်လုံးတို့သည် သူမအား မော့ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။

“ကျင်းယွင်ကျောင်း...နင်ပဲ၊ နင်ပဲလား...”

ရှောင်ချင်း ရေရွတ်လိုက်၏။

'သူ ဘာလို့ နေရာတိုင်းမှာ ရှိနေတာလဲ။ ပြီးတော့ ဟူချန်း သေတုန်းက သူ ဘာလို့ အသက်ရှိနေသေးတာလဲ။ သူတို့ အတူတူ သေသွားတာ မဟုတ်ဘူးလား'

ထို့အပြင် သူမအား သင်ခန်းစာ ပေးမည်ဟု ဟူချန်း အသေအချာ ပြောခဲ့သည်။ သူမအား စက်ရုံပျက်ထဲ၌ တစ်ည ပိတ်ထားကာ ထိုအထဲသို့ မြွေများ၊ အင်းဆက်များ၊ ကြွက်များနှင့် ပုရွက်ဆိတ်များလွှတ်ကာ ခြောက်လှန့်မည်ဟု သူ ပြောထားခဲ့သည်။ သို့သော် တစ်ရက်တည်းဖြင့် အခြေအနေသည် ပြောင်းပြန် လှန်သွားလိမ့်မည်ဟု မည်သူ ထင်ခဲ့မည်နည်း။

စက်ရုံသည် ပေါက်ကွဲသွားခဲ့သည်...

ထိုသတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့၏။ သူမကြားလိုက်သောအချိန်တွင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။ ကျင်းယွင်ကျောင်းနှင့် စူးချူတို့ အထဲမှာ ရှိသည်ကို သူမ သိခဲ့သော်လည်း အထဲတွင် လူရှိနေသည်ကို အခြားသူများ သိသွားခဲ့လျှင် သူတို့သည် စစ်ဆေးရေး ဝင်ကြပေလိမ့်မည်။ သူမအကြောင်းကိုပင် သိရှိသွားနိုင်၏...

ဟူချန်းမှ ပြသာနာ ရှာခဲ့သည်ကို သူမ မကျေမချမ်းဖြစ်နေဆဲတွင်ပင် ရဲများသည် အိမ်တံခါးမှ ဝင်လာပြီး တစ်အိမ်လုံးကို မွှေနှောက်သွားလေသည်။ အရေးကြီးဆုံးအရာမှာ သူတို့သည် မြေအောက်ခန်း၌ အလောင်းများရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က အလောင်းများကို မြေအောက်ခန်းထဲမှ တစ်ဦးပြီး တစ်ဦး ထုတ်ယူခဲ့ကြသည်။ ၎င်းတို့ကိုကြည့်ရသည်မှာ အထူး ချောက်ချားဖွယ်ကောင်းသဖြင့် သူမ ဒူးခွေကျသွားခဲ့၏။

သူမသည် ထွက်သွားချင်ခဲ့သော်လည်း ရဲသားများက တားခဲ့၏။ ဟူချန်းသည် လူများကို သတ်ထားခဲ့လေသည်။

---

လေထုထဲတွင် အလောင်းများ၏ ညှီနံ့များဖြင့် ပြည့်နှက်နေ၏။ ထိုအလောင်းများမှာ သူမနှင့် ငါးမီတာခန့်သာ ဝေးသောကြောင့် ကြောက်စရာကောင်းလှလေသည်။

ရှောင်ချင်းသည် အာရုံများနေဟန်ပေါက်ပြီး သူမဦးနှောက်သည်လည်း အလုပ် မလုပ်တော့ချေ။ သူမသည် အချိန်ကြာမြင့်စွာ ငေးကြောင်နေစဥ်တွင် ကျင်းယွင်ကျောင်းမှ လူအသားများအကြောင်း ပြောခဲ့ခြင်း ဖြစ်၏။ ထို့နောက် သူမသည် အကြောက်တရားဖြင့် တုန်ယင်ကာ ပြောလိုက်သည်။

“ငါ မသိဘူး။ ငါ သူတို့ကို သတ်ခဲ့တာ မဟုတ်ဘူး။ ကျင်းယွင်ကျောင်း၊ ဘာလို့ ငါ့ကို ဒုက္ခပေးချင်နေတာလဲ။ ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး”

'မသတ်ခဲ့ဘူးတဲ့လား။ အင်းပေါ့၊ မသတ်ခဲ့ဘူးလို့ပြောရမှာပေါ့။ ဒါပေမယ့် ငါ့မှာသာ နေရာလွတ်နယ်မြေ မရှိခဲ့ရင် နင် လူသတ်ခဲ့မိမှာပဲ'

ဟူချန်းသည် နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ပြီး သတ်ရမည့် ရည်ရွယ်ချက်ရှိသော်လည်း ကြံရာပါဖြစ်သူမှာ ရှောင်ချင်း ဖြစ်သည်။ သူမနှင့် စူးချူသေမလို ဖြစ်ခဲ့သည်မှာ ရှောင်ချင်းကြောင့် ဖြစ်၏။

ယခုသူမသည် မည်သူ့ကိုမှ မသတ်ခဲ့ဟု ပြောနေသလော။ သူမသည် သေချာပေါက် သတ်ချင်သည့်အတွေးရှိခဲ့ပေသည်။ သူမကိုယ်တိုင် မလုပ်ရဲခြင်းသာဖြစ်သည်။

ကျင်းယွင်ကျောင်းသာ သေဆုံးခဲ့လျှင် ရှောင်ချင်းပါဝင် ပတ်သတ်နေမှန်း မည်သူမျှ သိလိုက်မည်မဟုတ်ချေ။ ရှောင်ချင်းမှာမူ ၎င်းကို ကံကောင်းခြင်းတစ်ပါးဟု တွေးပြီး ကျင်းယွင်ကျောင်းကဲ့သို့ မကောင်းသော လူတစ်ယောက်သည် သေသင့်သည်ဟုသာ တွေးနေလိမ့်မည်။

Space and Rebirth - 530

Trans: Esth

ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် လှောင်ရယ်လိုက်ပြီး သူမ အ‌ရှေ့တွင် ရပ်လိုက်သည်။ သူမမျက်နှာထားမှာ မောက်မာနေကာ ခနဲ့သော ဟန်ပန်ဖြစ်နေလေသည်။ ရွံစရာကောင်းသော အရာကို ကြည့်နေသည့်အတိုင်း သူမ၏ မျက်လုံးများတွင် ရွံရှာသည့် အရိပ်အယောင်များ ရှိနေ၏။

“ရှောင်ချင်း၊ လူမသတ်တာက ဟုတ်ပါပြီ၊ ဒါပေမယ့် လူအသားရော စားခဲ့လား”

ကျင်းယွင်ကျောင်းသည် စကား ပြောပြီးသည်နှင့် ရှေ့တိုးကာ သူမ၏ မေးကို ကိုင်လိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်း ခြောက်ဦးအား လှည့်ကြည့်ခိုင်းလိုက်သည်။ ထို့နောက် သူမ ဆက်ပြောလိုက်၏။

“သူတို့ကို တွေ့လား။ နင် သူတို့ကို မသတ်ခဲ့ပေမယ့် နင်က ဟူချန်းနဲ့အတူ သူတို့ အသားတွေကို တစ်လုပ်ချင်း၊ တစ်လုပ်ချင်း ပါးစပ်ထဲ သွင်းနေခဲ့တယ်”

“အဲ့တော့ ငါ ပြန်မေးလိုက်မယ်၊ လူအသားက အရသာရှိလား။ ဒီသနားစရာ ကလေးတွေနဲ့ အဘိုးကြီးကို မြင်လိုက်ရတော့ နင် သူတို့ကို အမှား လုပ်မိတယ်လို့ မခံစားမိဘူးလား။ ရှောင်ချင်း၊ နင်ကတော့ နင့်ကိုယ်နင် တော်လှပြီ အထင်နဲ့ တရားမျှတမှုနတ်သမီးလေးလို့ မှတ်နေတာမလား။ နင် နေတဲ့နေရာမှာ ဘာတွေ ဝှက်ထားလဲဆိုတာတောင် မသိဘူးလား။ နင်နဲ့ ဟူချန်းက အိပ်ရာပေါ်မှာ နေ့တိုင်းပလူးပြီး ဒီမိသားစုရဲ့ ပစ္စည်းတွေ အားလုံးကို သုံးနေတဲ့အချိန်မှာ မြေအောက်ခန်းထဲမှာ ရှိနေကြတဲ့ သူတို့တွေက နင့်ကို ကျောက်နံရံကနေတဆင့် ကြည့်နေကြလိမ့်မယ်လို့ မတွေးမိဘူးလား”

“မပြောနဲ့တော့”

ရှောင်ချင်းသည် ရုန်းကန်နေရသည့်ပုံပေါက်ပြီး လွန်စွာ နာကျင်နေဟန် ဖြစ်၏။

သူမသည် လူသား မစားခဲ့ချေ။ သူမသည် အဘယ်သို့ လူသားစားနိုင်မည်နည်း။

သူမကိုယ်သူမ နှစ်သိမ့်နေဆဲတွင် ထိုနေ့ရက်များမှ မြင်ကွင်းများသည် သူမ ခေါင်းထဲတွင် ပေါ်လာကြ၏။

ဟူချန်းသည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။ သူမသည် ဟူချန်း၏ ကျောပြင်ကို ကြည့်ကာ မိသားစုကို ဂရုစိုက်တတ်သည့် ဤအမျိုးသားသည် အလွန် ဆွဲဆောင်မှုရှိလှသည်ဟု သူမ ခံစားလိုက်ရ၏။ မစားခင်တိုင်းတွင် သူမသည် ဟင်းရနံ့များကို ရှူရှိုက်ကာ ကျေနပ်သော မျက်နှာဖြင့် စားတတ်၏။ ထို့နောက် သူမသည် ဟူချန်းအား ဖားသည့်အနေဖြင့် ဤသည်မှာ သူမ စားဖူးသမျှတွင် အကောင်းဆုံး အိမ်ချက် ဟင်းလျာဖြစ်သည်ဟု ပြောတတ်သည်။

တစ်လုပ်တိုင်း၊ တစ်လုပ်တိုင်းသည်...

ရှောင်ချင်းသည် အနက်ရောင် အဝတ်စ တစ်စမှ သူမ မျက်လုံးများအား ဖုံးအုပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ အဝတ်စသည် တဖြည်းဖြည်းဖြင့် ထူထဲလာကာ သူမ၏ အမြင်အာရုံအား လုံးဝ ပျောက်ကွယ်စေခဲ့သည်။ သူမ ခန္ဓာကိုယ်တွင် အင်အား မကျန်တော့ဘဲ မူးမေ့လဲခါနီး ဖြစ်နေ၏။

ထိုအခိုက်အတန့်တွင် ကျင်းယွင်ကျောင်းသည် ဘယ်ကမှန်းမသိ ငွေအပ် တစ်ချောင်းကို ထုတ်လိုက်ကာ သူမ၏ အကြောမှတ် တစ်ခုအား တိုက်ရိုက် ထိုးစိုက်လိုက်၏။ သူမ၏ စိတ်သည် ယခင်ကထက် ကြည်လင်သွားသည်။

“နင် မကြားချင်တိုင်း ငါက မပြောရတော့ဘူးလား"

ကျင်းယွင်ကျောင်း၏ မျက်နှာသည် ရက်စက်မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် အနည်းငယ်ကလေးဆန်သော ရှောင်ချင်း မျက်နှာကို ကြည့်ကာ ကြမ်းကြုတ်စွာ ပြောလိုက်၏။

“အစ်မကြီး ရှောင်ချင်း၊ တကယ် ရှောင်ချင်း ပီသပါပေတယ်။ နင့် ခန္ဓာကိုယ်မှာ သန့်ရှင်းတဲ့နေရာ တစ်နေရာမှ မရှိဘူး။ နင့်ကိုယ်နင် အဲ့အမျိုးသမီးတွေနဲ့ မတူဘူးလို့ အမျိုးမျိုး အကြောင်းပြချက်ပေးနေပေမယ့် အခု သူတို့နဲ့ တကယ် မတူဘူးဆိုတာ သိလိုက်တော့ ဂုဏ်မယူဘူးလား။ နင်နဲ့ယှဥ်လိုက်ရင် သူတို့က အရမ်း သန့်ရှင်းနေသေးတယ်။ သူများကို လက်ဖြတ်၊ ခြေဖြတ်တတ်တဲ့ နတ်ဆိုးတစ်ပိုင်း လူနဲ့ တစ်ခန်းတည်း အတူနေ၊ ညတိုင်းအတူ ပျော်တတ်တဲ့ နင့်လို လူစားမျိုးနဲ့ သူတို့က အကွာကြီးပဲ”

ကျင်းယွင်ကျောင်းသည် စကားပြောပြီးသည်နှင့် ရှောင်ချင်းအား အညှာအတာ ကင်းမဲ့စွာ ဘေးသို့ တွန်းချလိုက်သည်။

ရှောင်ချင်းသည် ချက်ချင်းပင် ဟန်ချက်လွတ်သွားပြီး သူမ၏ ခန္ဓာကိုယ်သည် အလောင်းများထံ ဦးတည် ပြုတ်ကျသွားသည်။

သူမသည် ရပ်တန့်ချင်သော်လည်း သူမ ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့နေခဲ့၏။ မျက်စိတစ်မှိတ်အတွင်းတွင် သူမသည် လက်နှင့် မျက်နှာပေါ်၌ ပျို့အန်လုမတတ် ခံစားချက်ကို ခံစားလိုက်ရသည်။

သူမသည် အလောင်း ရှေ့၌ ဒူးထောက်ကျလျက်ရှိပြီး တစ်ကိုယ်လုံးမှာ အလောင်းနှင့် အပ်လျက်သားရှိ၏။ ထိုအနံ့မှာ ရင်းနှီးနေသော်လည်း ချောက်ခြားဖွယ်ကောင်းလှသည်။

“အား”

ရုတ်ချည်းပင် ရှောင်ချင်း အာခေါင်ခြစ် အော်လိုက်၏။

သူမ၏ စူးရှသော အသံကြောင့် လူတိုင်းလှည့်ကြည့်လိုက်ကြသည်။ အခြားသူများ၏ အကြည့်အောက်တွင် သူမသည် တစ်ယောက်ယောက်မှ သူမအား ဖမ်းဆွဲထားသည့်အတိုင်း မြေပြင်ပေါ်၌ တွားသွားလိုက်၏။ သူမ၏ လှုပ်ရှားမှုများမှာ ပုံမှန်လို မဟုတ်ဘဲ နှေးကွေးနေသော်လည်း အသေအလဲရုန်းကန်နေရဆဲ ဖြစ်သည်။ သူမသည် ပါးစပ်မှ တရစပ် အော်နေ၏။

“မလာခဲ့နဲ့။ ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ ငါ မသတ်ခဲ့ဘူး၊ မလာကြနဲ့”

ကျင်းယွင်ကျောင်း နှုတ်ခမ်းစွန်းများ တွန့်သွား၏။ သူမ၏ မျက်နှာထားမှာ အေးစက်နေလေသည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် လေထုသည်လည်း အေးခဲသွားသကဲ့သို့ပင် သူမ အသက်ရှူသံကို ရှင်းလင်း ပြတ်သားစွာ ကြားနေရ၏။

ရှောင်ချင်းသည် မြေပြင်ပေါ်တွင် ဒလိမ့်ခေါက်ကွေးဖြင့် တွားသွားနေဆဲ ဖြစ်သည်။ ရဲအရာရှိများမှ အလျင်အမြန် ထွက်လာကြသော်လည်း သူမအား မည်သူမျှထိ မရချေ။ သူမသည် ဆက်လက်အာခေါင်ခြစ် အော်နေဆဲ ဖြစ်သည်။ သူမ ကြည့်ရသည်မှာ စိတ်ဖောက်ပြန်သွားသလိုပင်။

ကံဆိုးစွာဖြင့် ရှောင်ချင်းသည် မရူးနိုင်ခဲ့ချေ။

ကျင်းယွင်ကျောင်း၏ အပ်သည် သူမအား နိုးထစေခဲ့သည်။ ယခု သူမ ဤသို့ဖြစ်နေသည်မှာ ရူးသွားခြင်းကြောင့် မဟုတ်ဘဲ အကြောက်တရားကြောင့် ဖြစ်၏။

Space and Rebirth - 531

Trans: Esth

“ယွင်ကျောင်းကို ဒီလို ပုံစံနဲ့ ငါ တွေ့ ရတိုင်း တုန်လှုပ်သွားပြီး သူ့ကို မရင်းနှီးသလို ခံစားရတယ်”

ရှောင်ဟိုင်ချင်းသည် တံခါးဝ၌ ရှိနေပြီး ကျင်းယွင်ကျောင်းအား အဝေးမှ ကြည့်နေ၏။ သူမသည် နှုတ်ခမ်းများကို လှုပ်ကာ တိုးတိတ် ညင်သာစွာ ပြောလိုက်သည်။

ကျင်းယွင်ကျောင်း၏ မျက်လုံးများရှိ အမုန်းတရားသည် အလွှာပေါင်း ထောင်ချီ ရှိနေသကဲ့သို့ပင်။ တစ်စုံတစ်ယောက်၏ အသက်ကို နှုတ်ယူချင်သော အငြိုးကြီး တစ္ဆေနှင့် တူလှသည်။

သူမသည် ကမ္ဘာကြီးနှင့် မဆက်စပ်တော့သဖြင့် မည်သူမျှ ထိပါး၍ မရနိုင်သည့်အတိုင်း တစ်ကိုယ်လုံးမှ အေးစက်သော အရှိန်အဝါများ ထွက်နေ၏။

ရှောင်ဟိုင်ချင်းသည် လှမ်းလျှောက်လာလိုက်ပြီး ကျင်းယွင်ကျောင်းအား ဆွဲလိုက်သည်။

“နင် သူ့ကို ခြောက်သတ်နေတာလား”

ကျင်းယွင်ကျောင်း စိတ်လျှော့လိုက်၏။

“သူ မရူးပါဘူး။ ငါက ဒီတိုင်း သူ့ကို သင်ခန်းစာ ပေးနေတာ။ အဲဒါ ဘာဖြစ်လဲ။ အခုမှ အစပဲရှိသေးတယ်”

ဤမိန်းမသည် သူမနှင့် ချူချူကို သေမလို ဖြစ်အောင် လုပ်ကာ သူမအား လာရောက် ကယ်တင်ဖို့ ကြိုးစားခဲ့သော လီရှောက်ယွင်ကိုပင် ဒဏ်ရာရစေခဲ့သည်။ သူမအား ခြောက်လှန့်သည်မှာ ၎င်းနှင့် ယှဥ်လျှင် ပမွှားသာသာပင်။ သူမ လိုချင်သည်မှာ ရှောင်ချင်းဘဝ တစ်သက်စာလုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် လွတ်လပ်မှု မရှိဘဲ နေစေရန် ဖြစ်၏။

သူမသည် တစ်ခါ သေဖူးသည်ဖြစ်ရာ သေခါနီးခံစားချက်ကို သိလေသည်။ မျှော်လင့်ချက်မဲ့ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အေးစက်ခြင်းများ ရောပြွန်းထားသကဲ့သို့ပင်။ သူမသည် ၎င်းကို ကိုယ်တိုင်နားလည် ကြုံတွေ့ခဲ့သောကြောင့် သူမ အသက်ကို အခြားသူများထက် ပိုတန်ဖိုးထားလေသည်။

သို့ရာတွင် သူမ ဘဝတွင် အသက်ထက် အရေးကြီးသောအရာများစွာ ရှိသည်။

ရှောင်ချင်းသည် မည်သည့် စိတ်ကူးမျိုးပင် ရှိစေခဲ့ကာမူ သူမအား ခြိမ်းခြောက်ရန် စူးချူအား အသုံးချခဲ့သည်မှာ အောက်တန်း အကျဆုံး လုပ်ရပ်ဖြစ်သည်။ ခွင့်မလွှတ်နိုင်စရာပင် ဖြစ်၏။

ကျင်းယွင်ကျောင်းသည် ရူးမတတ် ဖြစ်နေသော ရှောင်ချင်းအား ဝေ့ကြည့်ကာ ဖြည်းဖြည်းချင်း အပြုံးတစ်ခု ကွေးညွှတ်သွားသည်။

“ဟုတ်ပြီ။ ထမင်းသွားစားရအောင်”

“အင်း”

ရှောင်ဟိုင်ချင်းသည် ထိုမှသာ သက်ပြင်းချနိုင်တော့သည်။ သို့သော် ဟူမိသားစုအိမ်မှ ဆယ်မီတာလောက် ဝေးသွားသောအချိန်တွင် ရှောင်ဟိုင်ချင်းသည် ရုတ်တရတ်ဆိုသလို ခြေလှမ်းများ ရပ်တန့်သွား၏။

“ဟိုဟာလေ...ယွင်ကျောင်း၊ ဒီည သက်သက်လွတ်ပဲစားရအောင်..."

“သဘောတူတယ်”

ထန်ကျစ်ဟွားသည်လည်း အားအင် ကုန်ခမ်းနေဟန်ဖြင့် ပြောလိုက်သည်။

သူ၏ ရောဂါသည် ကျင်းယွင်ကျောင်းကြောင့် ပျောက်သွားပြီ ဖြစ်သော်လည်း ဤကဲ့သို့ သေမလိုခံစားချက်အား မခံစားရသည်မှာ ကြာပေပြီ။ တွေ့ကြုံခဲ့ရသည်များမှာ ကြောက်စရာ ကောင်းလွန်းလှသလို ရွံစရာလည်း ကောင်းလွန်းလှသည်။

ကျင်းယွင်ကျောင်းသည် သာမန် လူတစ်ယောက်ဟုတ်၊ မဟုတ်ကိုပင် သူ မေးခွန်းထုတ်မိ၏။

သူ၏ အကြည့်သည် ကျင်းယွင်ကျောင်း မျက်နှာတွင် ခေတ္တမျှ သက်ရောက်သွားပြီး အနည်းငယ် ပြာပြာသလဲ ဖြစ်သွား၏။

“ယွင်ကျောင်း၊ ငါ့ ခေါင်းထဲမှာ အဲဒီအလောင်းတွေပဲ ပြည့်နေတယ်။ ငါ အခု ဗိုက်ပြည့်မယ့်အစာတွေ စားလို့ မရဘူး”

ကျင်းယွင်ကျောင်းသည် ခေါင်းညိတ်ကာ သူမအရှေ့တွင်ရှိသော လမ်းကြားထဲဝင်ပြီး ကွေ့လိုက်၏။

ရုတ်ချည်းဆိုသလိုပင် တောင့်တင်း ခိုင်မာသော ရင်ခွင် တစ်စုံကို သူမ ဝင်တိုက်မိသွားသည်။

မော့ကြည့်လိုက်သောအခါ ရင်ဘတ် ပိုင်ရှင်အမျိုးသား၏ မျက်လုံးများသည် သူမအား ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ထိုအမျိုးသားသည် သူမ လက်မောင်းကို ဆုပ်ကိုင်ကာ စူးစူးရဲရဲ ကြည့်လိုက်သည်။

“ဘာလို့ ဆေးရုံမှာ မနေဘဲ ဒီကို ပြေးလာတာလဲ”

သူတို့နှစ်ဦးသားကြား အကွာအဝေးမှာ အတော်နီးကပ်လှပြီး သူ၏ စကားမှာလည်း အဓိပ္ပာယ်နောက်တစ်မျိုး ပါဟန်ရှိ၏။

ကျင်းယွင်ကျောင်းသည် ခေတ္တမျှ ကြောင်အသွားပြီး ပြောလိုက်သည်။

“ရှင်လည်း အိပ်ရာထဲ လှဲနေရမှာ မဟုတ်ဘူးလား”

သူမသည် ခေါင်းမှ ခြေအဆုံး ကြည့်လိုက်၏။ ဒဏ်ရာမှာ အတော်အတန်နက်ပေသည်။ သူမအတွက် အလွန် ကြီးမားသော ကျောက်တုံးအား ကာဆီးပေးခဲ့သည် မဟုတ်လော။

“ငါက မင်းထင်သလောက် မပျော့ညံ့ဘူး”

သူသည် စကား ပြောပြီးသည်နှင့် အနောက်မှ သူတို့အား ဝေ့ကြည့်လိုက်၏။ သူ၏ အကြည့်သည် ထန်ကျစ်ဟွားနှင့် ကန်ကျင်းချန်တို့အပေါ်၌ စက္ကန့်အနည်းငယ်ခန့် ကြန့်ကြာသွားသည်။

“မင်းတို့တွေ ထမင်းသွားစားမယ်လို့ ကြားလိုက်တယ်။ အတူ သွားကြမလား”

ကျင်းယွင်ကျောင်းသည် သူမ၏ အဖော်များကို လှည့်ကြည့်လိုက်၏။ သူတို့သည် ခဏတာမျှ တွန့်ဆုတ်သွားကြသော်လည်း ငြင်းဆန်ရန် အားနာနေကြပုံပေါက်သည်မှာ သိသာလှသည်။

အထူးသဖြင့် ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားတို့ဖြစ်သည်။

ကျင်းယွင်ကျောင်း၏ ရှားပါးလှသော သက်တူရွယ်တူ ယောက်ျားလေး သူငယ်ချင်းများအနေဖြင့် သူတို့သည် အရေးကြီးဆုံး အချိန်၌ သူမအား မကူညီခဲ့ချေ။ ထိုအစား သူတို့သည် ဤသခင်လေး လီကိုသာ အားကိုးခဲ့ရသည်။ သူတို့သည် ကျေးဇူးတင်လှသော်လည်း တစ်ချိန်တည်းတွင် အနည်းငယ် မနာလို ဖြစ်နေခဲ့၏။ သူတို့ကိုပါ ခေါ်နေသောကြောင့် သိပ်မကြာလိုက်ခင်တွင် ခေါင်းညိတ် သဘောတူလိုက်ကြသည်။

လီရှောက်ယွင်သည် ရှပ်အင်္ကျီ အဖြူရောင်ကို ဝတ်ထား၏။ သူ၏ အရပ်မှာ ၁.၈၅ မီတာခန့် ရှိပြီး သွယ်လျသော ခန္ဓာကိုယ်ဖြင့် သြဇာ ညောင်းသော အငွေ့အသက်ကို ပိုင်ဆိုင်သည်။ သူ၏ တည်ကြည်မှုနှင့် လူကြီးလူကောင်း ပီသသော အရှိန်အဝါသည် ခေါင်းမှ ခြေအဆုံး ဖုံးလွှမ်းထား၏။

သူ၏ လှုပ်ရှားမှုတိုင်းသည် ဤကောင်လေးနှစ်ဦးထက် အဘက်ဘက်၌ သာနေပေသည်။

သို့သော် ကောင်လေး နှစ်ဦးသည်လည်း လွယ်လွယ်ဖြင့် အရှုံးမပေးပေ။ သူတို့သည် ခေါင်းများကို မော့ကာ မိမိတို့ ရင်ဘတ်များကို ကော့လိုက်ကြ၏။

Space and Rebirth - 532

Trans: Esth

လီ‌ရှောက်ယွင်သည် ကားမောင်းနေရင်းဖြင့် ကားနောက်ကြည့်မှန်မှတဆင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ကောင်လေး နှစ်ဦးအား ဝေ့ကြည့်လိုက်၏။ သူသည် တစ်ချက်သာ ပြုံးလိုက်ကာ အနီးဆုံး အကင်ဆိုင် တစ်ဆိုင်သို့ တန်းမောင်းသွားလိုက်လေသည်။

သူသည် အလောင်းများကို ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရသော်လည်း တစ်ယောက်ယောက်မှ သူ့အား စား တစ်ခွန်းပင် မချန်၊ အခြေအနေကို အစီရင်ခံထားခဲ့သည်။

လီရှောက်ယွင်တွင် ပန်းတိုင် တစ်ခု ရှင်းရှင်းလင်းလင်း ရှိနေခဲ့၏။ ကားရပ်သွားသောအခါတွင် အနောက်တွင် ထိုင်နေသော လူသုံးဦး၏ မျက်နှာသည် အစိမ်းရောင် သန်းသွားကြသည်။ ကျင်းယွင်ကျောင်းသည် သူတို့အား လှည့်ကြည့်ပြီးနောက် ပြောလိုက်၏။

“နောက်တစ်ဆိုင် သွားကြမလား”

“မင်းတို့က အခုမှ ကြီးထွားနေတဲ့အရွယ်ပဲလေ။ အသားများများ စားရမှာပေါ့”

လီရှောက်ယွင်သည် အပြုံး တစ်ပွင့်ဖြင့် ပြောလိုက်၏။

“ဟုတ်တယ်။ ငါ ဘာမှ မဖြစ်ဘူး”

“ဒီမှာပဲ စားကြမယ်”

ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားသည် တညီတညွတ်တည်း ပြောလိုက်ကြသည်။

ကျင်းယွင်ကျောင်းသည် အနည်းငယ် လန့်ဖျပ်ကာ အံ့အားသင့်သွား၏။ သူတို့သည် ပေါ့ပေါ့ပါးပါး အစာပြေ မုန့်လောက်သာ စားချင်သည်ဟု မပြောခဲ့သလော။ ထို့အပြင် သူတို့သည် မကြာသေးမီကမှ အလွန် သွေးသံတရဲရဲ ဖြစ်သောအရာကို မြင်ထားကြသည် ဖြစ်ပြီး ယခုမူ အသား စားချင်သည်ဟု ပြောနေပြန်သည်။ အမှန်တကယ်ပင် သူတို့ ခံနိုင်ကြသလော။

ကျင်းယွင်ကျောင်းသည် မေးခွန်းထုတ်ရန် ပြင်လိုက်ချိန်တွင် နှစ်ဦးသားသည် ကားထဲမှ ထွက်နှင့်ပြီးဖြစ်၏။ ထန်ကျစ်ဟွားသည် အရှေ့ခန်းခရီးသည်တင် ထိုင်ခုံသို့ သွားကာ လူကြီးလူကောင်းတစ်ဦးကဲ့သို့ ကျင်းယွင်ကျောင်း၏ ကားတံခါးကို ဖွင့်ပေးလိုက်သည်။

လီရှောက်ယွင်သည် ၎င်းကိုကြည့်ပြီး မျက်ခုံးပင့်လိုက်၏။ သူ၏ အပြုံးမှာ တောက်ပနေသော်လည်း ထူးဆန်းနေပေသည်။

သူတို့သည် ဆိုင်ထဲ ဝင်သွားကြပြီးနောက် အလျင်အမြန်ပင် ထိုင်လိုက်သည်။ လီရှောက်ယွင်သည် မီနူး စာရင်းထဲမှ ဟင်းလျာအချို့ကို မှာလိုက်ပြီး သူတို့အား ပေးလိုက်၏။ ထန်ကျစ်ဟွားနှင့် ကန်ကျင်းချန်သည် အချင်းချင်း ကြည့်လိုက်ကြသည်။ လီရှောက်ယွင်သည် အသားဟင်းပွဲများစွာ မှာခဲ့သော်လည်း ဟင်းသီးဟင်းရွက်ပွဲများလည်း များသည်ကို တွေ့ရသောကြောင့် သူတို့သည် သက်ပြင်းချလိုက်ကြ၏။

သို့သော် သူတို့ မပျော်နိုင်ခင်မှာပင် လီရှောက်ယွင်၏ စကားကို ကြားလိုက်ရသည်။

“အခု နောက်ကျနေပြီ။ အခုချိန်မှာ မိန်းကလေးတွေက အသား အများကြီး စားရင် ဝိတ်တက်ကြတယ်။ အဲ့တော့ မင်းတို့ နှစ်ယောက်က အရွက်တွေပဲ စားလို့ရတယ်။ ငါတို့ ယောက်ျား သုံးယောက်ကတော့ အသား မရှိဘဲ မနေနိုင်ဘူးလေ”

“အသား မရှိဘဲ မနေနိုင်ဘူးလေ” ဟူသော စကားကြောင့် ထန်ကျစ်ဟွားနှင့် ကန်ကျင်းချန်တို့၏ နှုတ်ခမ်းစွန်းများ တွန့်သွားကြသည်။

ဤအသားဟင်းပွဲများမှာ သူတို့အတွက် မှာထားခဲ့ခြင်း ဖြစ်နေပေ၏။ သူတို့သည် အသားနှင့် ဟင်းရွက်တို့ မျှမျှတတ ရှိလှသည်ဟု ထင်ခဲ့မိသည်....

ရှောင်ဟိုင်ချင်းသည် စိတ်ချမ်းသွား၏။ သူမအား အသား မစားခိုင်းသရွေ့ အခြားသူများ စားရမည့်အရာကို သူမ ဂရုမစိုက်ချေ။ ထို့အပြင် မည်သူက ဤနှစ်ဦးကို ခေါင်းမာခိုင်းသနည်း။ လီရှောက်ယွင်သည် ကျင်းယွင်ကျောင်းအား ကယ်တင်ခဲ့သည်မှာ အမှန်တရား ဖြစ်လေသည်။ တစ်ဖက်တွင်မူ၊ သူတို့နှစ်ဦးမှာ မိမိတို့ သားပေါက်များအား ကာကွယ်နေသော လင်းယုန်များကဲ့သို့ပင်။ သူတို့သည် ဘာအတွက် ရန်လိုနေမှန်း သူမတကယ်မသိပါချေ။

ကျင်းယွင်ကျောင်းသည် ထန်ကျစ်ဟွားအတွက် စကားကူပေးတော့မည့်အချိန်တွင် ရှောင်ဟိုင်ချင်းသည် စားပွဲအောက်မှ နေ၍ သူမအား တိတ်တခိုးကန်လိုက်ပြီး အပြုံး တစ်ချက်ဖြင့် မျက်စပစ်ပြလိုက်၏။

မကြာမီတွင် ဟင်းပွဲများ စုံလင်လာပြီ ဖြစ်၍ လီရှောက်ယွင် ကိုယ်တိုင် ကင်လိုက်‌တော့သည်။

အဆီ တစိမ့်စိမ့်ဖြင့် အသားများသည် ဒယ်အိုးပေါ်တွင် ရှဲခနဲ မြည်သွားသည်။ လီရှောက်ယွင်သည် သူ၏ အရှေ့တွင် အရသာ အနှစ်ခွက်ကို စိမ်ပြေနပြေချလိုက်ပြီး လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ပင် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းအား အသားများ၊ အရွက်များကို ကင်သည့်နေရာတွင် ကူညီပေးပြီး စတင် မြည်းစမ်းပေးတော့သည်။

ထန်ကျစ်ဟွားနှင့် ကန်ကျင်းချန်သည် ဆွံ့အသွား၏။

သူတို့သည်လည်း အကင် ကင်ရန် ကြိုးစားခဲ့သော်လည်း နှာခေါင်းတွင် အလောင်းညှီနံ့များဖြင့် ပြည့်နေလေသည်။ ဤအခိုက်အတန့်တွင် အသားကင်မှ မည်မျှပင် မွှေးကြိုင်သော ရနံ့ ထွက်စေကာမူ သူတို့သည် မခံမရပ်နိုင်လောက်သည်ထိ ခေါင်းများ ကျိန်းနေဦးမည် ဖြစ်သည်။

လီရှောက်ယွင်၏ သိမ်မွေ့ ကျက်သရေရှိသော စားသောက်ပုံများကို ကြည့်လိုက်ပြီးနောက် သူတို့ နှစ်ဦးသားသည် ငြိမ်ငြိမ် မနေနိုင်‌တော့ချေ။ သူတို့သည် ဤအသားအား ဗိုက်ထဲ မထည့်ရရန် အချိန်နှေးကွေးစွာ ကုန်ဆုံးရန်ပင် မျှော်လင့်နေမိကြသည်။

“တူးတော့မယ်လေ၊ မစားကြဘူးလား”

လီရှောက်ယွင် ဟက်ခနဲ ရယ်ကာ ပြောလိုက်၏။

ထန်ကျစ်ဟွား၏ နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ သူသည် အံကို ကြိတ်ကာ အသားတုံး အချို့ကို သူ့ အရှေ့မှ ပန်းကန်ထဲထည့်လိုက်၏။

ဤအသားတုံးများသည် သူတို့ တွေ့ခဲ့ရသော အလောင်းများနှင့် လားလားမျှ မတူပါချေ။ သို့သော် “အသား” ဟူသော စကားလုံး ပါနေသရွေ့ မြိုချရန် ခက်ခဲလေသည်။

မကြာမီတွင် သူတို့ နှစ်ဦးသားသည် ကျင့်သားရကာ စိတ်အဆင်ပြေသွားပြီး အသားများကို ပါးစပ်ထဲသွင်းတော့သည်။ သို့သော် ဤအခိုက်အတန့်တွင် လီရှောက်ယွင်မှ မကြားတကြား ပြောလိုက်သည်ကိုသာ သူတို့ကြားလိုက်ကြ၏။

“ဟယ့်ပြည်နယ်မှာ လူသား စားတဲ့လူတွေ ရှိတယ်တဲ့။ သူတို့ မျိုးနွယ်ထဲက လူတွေ သေသွားရန် အမှတ်တရအနေနဲ့ သူတို့ အသားကို စားပြီး အရိုးကိုတော့ သိမ်းထားတတ်ကြတယ်။ အဲ့တော့ လူသားဆိုတာ စားလို့ ရတယ်လို့ ပြောနိုင်တာပေါ့။ သူ့မှာ အဆိပ် မရှိဘူး၊ နည်းနည်းပဲ ရွံဖို့ကောင်းတယ် ပြောရမှာ…”

All Chapters