အခန်း (၅၃၃-၅၃၆)
Vol. 27 Ch. 533-536
Space and Rebirth - 533
Trans: Esth
လီရှောက်ယွင် စကားပြောပြီးသည်နှင့် ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားတို့၏ ပါးစပ် လှုပ်ရှားမှုများ ရပ်တန့်သွားကြသည်။
စက္ကန့်ပိုင်း အတွင်းတွင် နှစ်ဦးသားသည် အပြင်သို့ ပြေးထွက်သွားပြီး ကလီစာများ ထွက်လုမတတ် အန်ချလိုက်ပြန်သည်။
ကျင်းယွင်ကျောင်း ဆွံ့အသွား၏။ သူမသည် လီရှောက်ယွင်အားး မျက်စောင်းထိုးပြီး ပြောလိုက်သည်။
“သူတို့ကို ဒီလိုမျိုး အနိုင်ကျင့်ရတာ ပျော်နေလား”
“အီး-“
လီရှောက်ယွင် ရုတ်တရတ် ရပ်တန့်သွားပြီး သူ၏ ခန္ဓာကိုယ်အား ပြန်ကိုင်လိုက်သည်။
လီရှောက်ယွင်မှာ နာကျင်မှုဖြင့် မျက်မှောင်ကြုတ်နေသည်ကို ကျင်းယွင်ကျောင်း မြင်လိုက်ရသောအခါ အလျင်အမြန်ပင် မေးလိုက်သည်။
“ဒဏ်ရာကို ထိမိသွားတာလား”
“ရပါတယ်”
လီရှောက်ယွင်သည် ပြုံးဟန်ပြုကာ ပြောလိုက်၏။
“အာ၊ ဟုတ်သားပဲ။ အားကျောက်၊ ခုနက အနိုင်ကျင့်တဲ့ ကိစ္စအကြောင်း မင်း တစ်ခုခု ပြောလိုက်သေးလား။ ဘာဖြစ်လို့လဲ”
ကျင်းယွင်ကျောင်း နှုတ်ခမ်းစွန်းများ တွ့န်သွားသည်။ လီရှောက်ယွင်သည် တမင် လုပ်နေခြင်းပင်။
“ထားလိုက်တော့”
ကျင်းယွင်ကျောင်း မှိုင်ကျသွား၏။ သူမသည် ငိုရမည်လော၊ ရယ်ရမည်လော မဝေခွဲတတ်ချေ။ တစ်ခါတစ်ရံတွင် လီရှောက်ယွင်သည် အလွန်ရင့်ကျက်လှသည်ဟု သူမ ခံစားရသော်လည်း တစ်ခါတစ်ခါတွင်မူ အလွန်တရာ ကလေးဆန်တတ်သေးသည်။ သူသည် လူကြီးတစ်ယောက် ဖြစ်လျက်နှင့်ပင် ကန်ကျင်းချန်အား သတ္တိ စမ်းနေလေသည်။ သူ့တွင် လူကြီးသိက္ခာ မကျန်တော့ချေ။
ရှောင်ဟိုင်ချင်းသည် ၎င်းကို အလွန် စိတ်ဝင်စားစရာကောင်းသည်ဟု ထင်နေမိသည်။ အထူးသဖြင့် လီရှောက်ယွင်လိုလူမှ ကျင်းယွင်ကျောင်း ရှေ့တွင် အားနည်းချင် ဟန်ဆောင်နေသည်ကို ဖြစ်၏။ သူမသည် စိတ်ထဲ၌သာ ကြိတ်ရယ်လိုက်ကာ ပြောလိုက်သည်။
“ဟုတ်သားပဲ ယွင်ကျောင်းကလည်း၊ လီရှောက်ယွင်က နင့် ကယ်တင်ရှင်လေ။ ဘယ်သူက အပြင်က နှစ်ကောင်ကို သူတို့ ကိုယ်သူတို့ လီရှောက်ယွင်နဲ့ ယှဥ်ခိုင်းလို့လဲ။ လာပြီး ပြသာနာ ရှာနေတာ မဟုတ်ဘူးလား”
“ကယ်တင်ရှင်” ဟူသော စကားကို ကြားသည်နှင့် ကျင်းယွင်ကျောင်း မျက်နှာပြောင်းသွားသည်။ လီရှောက်ယွင်သည် သူမ အရှေ့တွင် မားမားမတ်မတ်ရပ်ခဲ့ပေးသော အခိုက်အတန့်အား ပြန်တွေးမိသွား၏။
သူမသည် သံပူပြားပေါ်မှ အသားတုံး တစ်တုံးကို ကောက်ယူလိုက်ပြီး လီရှောက်ယွင် ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
လီရှောက်ယွင်သည် စကားတစ်ခွန်းမျှ မဟချေ။ ထိုအသားတုံးကို သူ့ ပါးစပ်ထဲ ထည့်ပြီးနောက် သူသည် တူကို ချကာ နောက်တစ်ခါ မလှုပ်ရှားတော့ချေ။ သူသည် ကျင်းယွင်ကျောင်းကိုသာ စိုက်ကြည့်နေ၏။
ကျင်းယွင်ကျောင်းလည်း မအောင့်နိုင်ဘဲ ရယ်မိသွားသည်။ သူမသည် အသားတုံး အချို့ ထပ်ကင်ကာ သူ့အား ပေးလိုက်လေသည်။
ရှောင်ဟိုင်ချင်း မျက်လုံးများ တောက်ပသွား၏။
သူတို့ နှစ်ဦးသားသည် တစ်ယောက် တစ်လှည့်စီ ကင်ပေးနေကြသည်။ တစ်ယောက်မှ အရွက်များကို ကင်ပြီး ကျန်တစ်ယောက်မှာ အသားကင်နေ၏။ သူတို့သည် အချင်းချင်းအတွက် ကင်ပေးနေခြင်းလည်း မဟုတ်သော်လည်း မိတ်ဆွေများနှင့် မတူဘဲ ချစ်သူရည်းစားပုံစံ ပေါက်နေလေသည်။
“ငါ အပြင်ထွက်ပြီး သူတို့ကို သွားကြည့်လိုက်ဦးမယ်”
ရှောင်ဟိုင်ချင်းသည် အပြုံးတစ်ခု ကွေးညွှတ်သွားပြီး ထထွက်သွားတော့သည်။
သို့ရာတွင် သူမသည် တံခါးမှ ထွက်သွားသည်နှင့် အန်၍ မပြီးသေးသော်လည်း အိမ်မပြန်ချင်သေးသော ကောင်လေး နှစ်ဦးအား ဆွဲထုတ်သွားလိုက်၏။ အိမ်အပြန်လမ်းတွင် သူမသည် ကျင်းယွင်ကျောင်းအား မက်ဆေ့ချ် တစ်စောင် ပို့လိုက်သည်။ သူတို့သည် ဆက်မစားနိုင်တော့သဖြင့် စူးချူအား အရင် သွားကြည့်နှင့်မည် ဟူ၍ ဖြစ်သည်။ လီရှောက်ယွင်မှ အသားကင်ဝယ်ကျွေးသောကြောင့်လည်း ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
ကျင်းယွင်ကျောင်းသည် မက်ဆေ့ချ်ကို ဖတ်ရင်း သူမ နှုတ်ခမ်းကို စူလိုက်သည်။
ဤအခိုက်အတန့်တွင် လီရှောက်ယွင်သည် လက်ကိုလှမ်းပြီး သူမ နှုတ်ခမ်းပါးများအား ဖွဖွထိလိုက်သည်။ ထို့နောက် သူသည် ညင်သာသော အသံဖြင့်
“မင်း နှုတ်ခမ်းမှာ ပေနေလို့”
ဟု ပြောလိုက်၏။
“ကျေးဇူးပါ”
ကျင်းယွင်ကျောင်းသည် အများကြီး တွေးမနေဘဲ တစ်ရှူးဖြင့် သူမ မျက်နှာကို သုတ်လိုက်၏။
လီရှောက်ယွင်သည် ပြုံးမိမည်စိုးသဖြင့် အောင့်အည်းထားလိုက်ရ၏။
“ငါတို့ ဘာလုပ်ကြမလဲ။ ဒီလောက် အများကြီး ကျန်သေးတာကို၊ ဒါတွေ အလကားဖြစ်အောင် လုပ်တာ မကောင်းဘူးနော်”
“အသားကို ရှင် စားလေ၊ ကျွန်မ အရွက်တွေ စားပေးမယ်”
ကျင်းယွင်ကျောင်းသည်လည်း အစားအသောက်တစ်ဝက်မျှ ကျန်သေးသည်ကို တွေ့လိုက်စဥ်က ခေါင်းကိုက်သွားခဲ့သည်။
“ငါ အန်ထွက်မှာကို မင်း စိတ်မပူဘူးလား”
လီရှောက်ယွင် ညင်သာစွာ ပြုံးလိုက်သည်။
“ယောက်ျားတွေက အသား ပိုစားသင့်တယ်လို့ ရှင်ပဲပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလဲ။ ရှင်ကျတော့ သူများကို ပြောလို့ရပြီး ရှင့်ကိုတော့ သူများပြောလို့မရဘူးလား”
ကျင်းယွင်ကျောင်းသည် မခံချင်ဟန်ဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် ငါက ဒဏ်ရာရထားတယ်လေ”
လီရှောက်ယွင်သည် စားပွဲအား ခေါက်ပြီး ပြောလိုက်၏။
“ဆက်ကင်နေမယ်ဆိုရင် ငါ့ ခါးလည်း နာလာလိမ့်မယ်။ ဒါပေမယ့် မင်းသာ ခုနကလိုမျိုး ငါ့အတွက်ကင်ပေးပြီး ခွံ့ကျွေးရင် ငါ အဆင်ပြေလောက်မယ်ထင်တာပဲ”
ကျင်းယွင်ကျောင်းသည် သူ့အား နောက်တဖန် မျက်စောင်းထိုးလိုက်၏။
သူမသည် အစောပိုင်းက အသား ကင်နေစဥ်တွင် ပြန်မြည်းကြည့်လိုက်သေးသည်။ သူမ ကင်ထားသော အသားများမှာ လီရှောက်ယွင် ကင်ထားသည်လောက် မကောင်းချေ။ လီရှောက်ယွင်သည် ပျော်ပွဲစား အစားအသောက် လုပ်ရာ၌ ပါရမီပါပုံရသည်။ သူ ချက်ပြုတ်ထားသော အစားအသောက်များသည် အခြားသူများနှင့် ကွာတတ်သည်။
သို့ရာတွင် သူသည် သူမ ကင်ထားသော အသားကိုသာ စားချင်သည်ဟု ပြောနေလေသည်။ သူ၏ အရသာခံ အာရုံသည် တစ်ခုခု မှားနေသလောဟုပင် သူမ သံသယဝင်မိသည်။
“ကျွန်မက ပညာပဲ ရောင်းစားတာ၊ ခန္ဓာကိုယ် မရောင်းစားဘူး။ အသား ကင်ရတာက အဆင်ပြေပါတယ်။ စားချင်ရင်တော့ ကိုယ့်ဘာသာ ယူစား”
Space and Rebirth - 534
Trans: Esth
ကျင်းယွင်ကျောင်းသည် ၎င်းကို ပြောပြီးသောအခါ မထိန်းနိုင်ဘဲ ရယ်မိတော့၏။
“ဒီလိုလုပ်ကြမလား၊ မင်းက ပညာ ရောင်းစားပြီးတော့ ငါကတော့ ငါ့ ခန္ဓာကိုယ်ကို ရောင်းမယ်။ စျေးက အဲ့လောက်ကြီးတာ မဟုတ်တော့ မင်း ဝယ်နိုင်စေရမယ်ဆိုတာ ငါ အာမခံတယ်”
လီရှောက်ယွင်သည် အနီးသို့ တိုးလာ၏။ သူ့ကြည့်ရသည်မှာ ကျီစယ်နေသည့်ပုံပေါက်သော်လည်း သူ၏ မျက်လုံးများမှာ အလွန် လေးနက်နေသည်။
ကျင်းယွင်ကျောင်း လက်များ ရပ်တန့်သွားပြီး သူမ၏ အတွေးများသည်လည်း ခေတ္တမျှ ဗလာနတ္ထိဖြစ်သွား၏။ သူမသည် ရုတ်တရတ်ဆိုသလိုပင် လီရှောက်ယွင်၏ ထူးဆန်းသော ညီအစ်ကိုများက သူမအား ခေါ်ခဲ့သည့်ပုံကို ပြန်ကြားယောင်သွားပြီး သူမ စိတ်ထဲတွင် အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
လီရှောက်ယွင်သည် အမှန်တကယ်ပင် သူမအတွက် ကောင်းလွန်းလှလေသည်။
သူမသည် ယုထျန်းရှန်းအတွက် ပစ္စည်းများ ပို့ခဲ့ဖူးသည်ဖြစ်ရာ တုလင်းနှင့် မကြာခဏ စကားပြောဖူးလေသည်။ တုလင်းမှတဆင့် လီရှောက်ယွင်မှာ ယခင်က လူ အများနှင့် ဆက်ဆံရသည်ကို မကြိုက်ကြောင်း၊ သူ၏ အနားတွင် ရှိသော လူများကိုလည်း ကောင်းမွန်မှာ မဆက်ဆံတတ်ကြောင်း သူမ ကြားဖူး၏။ ယခုတွင် သူသည် သာမန် လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။ အထူးသဖြင့် သူမနှင့်ရှိသောအချိန်တွင် လီရှောက်ယွင်သည် မာန်မာနပလွှားမှု၊ ဒေါသ အရိပ်အယောင်များ တစ်စက်မျှပင် မရှိဘဲ တည်တည်ကြည်ကြည်ဖြင့် အေးချမ်းစွာနေတတ်၏။
လီရှောက်ယွင်သည် ဘယ်သောအခါကမှ သူမအား မကြောက်လန့်စေခဲ့သလို အမြဲတစေ နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ ထို့အပြင် သူမ မည်သည့်အခြေအနေသို့ ရောက်ပါစေ အရင်ဆုံး သိသူမှာ လီရှောက်ယွင် ဖြစ်၏။ သူသည် သူမ အနောက်သို့ တကောက်ကောက် လိုက်နေခဲ့သော ရေဒီယို လှိုင်းဖမ်းစက်ကဲ့သို့ပင်။
ကျင်းယွင်ကျောင်း၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားသော်လည်း သူမ၏ မျက်နှာထားမှာ ခါတိုင်းကဲ့သို့ပင် နေရခက်ပုံပေါက်ပြီး အေးတိအေးစက်နိုင်နေ၏။ သူမသည် လီရှောက်ယွင်အား ဝေ့ကြည့်ပြီး ရုတ်တရတ် ထပြောလိုက်သည်။
“ကျွန်မက ကလေးပဲ ရှိသေးတယ်။ ယောက်ျားလေး တစ်ယောက်ကို ရှာမကျွေးနိုင်သေးဘူး။ အာ...ကြီးလာရင်တောင် မလုပ်နိုင်ဘူး”
လီရှောက်ယွင်၏ နှုတ်ခမ်းစွန်းများ တွန့်သွားသည်။
သူသည် စကားစ ရှာမရ ဖြစ်သွား၏။ သူ ပြောသည့် ခန္ဓာကိုယ် ရောင်းစားခြင်းကို ဤသို့ အဓိပ္ပာယ် ဖွင့်မည်မှန်း သိခဲ့လျှင် သူသည် ဘာကိုမျှပြောခဲ့မည် မဟုတ်ချေ။
သို့ရာတွင် သူမသည် လူကြီးအတွေး မရှိသေးသည်ကို တွေ့လိုက်ရသောကြောင့် လီရှောက်ယွင်သည် မျက်ကြောများကို နှိပ်လိုက်၏။
“လူကြီး မဖြစ်ခင်အထိ ရည်းစား မထားဘူးလို့ ငါ့ကို ကတိပေးနေတာလား”
ထိုကျောင်းတွင် ငယ်ရွယ်နုပျိုသော ကောင်ချောလေးများစွာ ရှိပေသည်။ သူတို့ အားလုံးသည် အပြစ်ကင်းစင်ပြီး ငယ်ဂုဏ်လေးများ ရှိကြ၏။ မိန်းကလေး အများစုသည် မိမိ အချစ်ဦးကို ကျောင်းတွင်သာ တွေ့တတ်ကြသော်လည်း သူသဘောကျနေသော ဤကောင်မလေးကိုမူ တခြားတစ်ယောက် လက်ထဲ အပါမခံချင်ပေ။
“အဲ့လို ပြောလို့ရတာပေါ့”
မထင်မှတ်ထားသော အဖြေကို ကျင်းယွင်ကျောင်းပေးလိုက်၏။
အနာဂတ်အတွက် သူမ လက်ရှိတွင် ချမှတ်ထားသော ပန်းတိုင်မှာ အလွန် ရိုးရှင်းပေသည်။ ဆေးပညာအား သင်ယူလေ့လာပြီး ဆေးပညာနှင့် ပတ်သတ်သော လုပ်ငန်းတွင် အလုပ်လုပ်ရန် ဖြစ်သည်။ ရည်းစားထားခြင်းကိုမူ အသက်ကြီးမှ အကောင်အထည် ဖော်၍ ရပေသည်။ လက်ရှိတွင် သူမ၏ ကျောက်စိမ်းဝိညာဥ်သည် အလွန်ကောင်းသော်လည်း လီရှောက်ယွင်နှင့် သူမ ကြားတွင် ကွာဟချက် ရှိနေသေးသည်မှာ သေချာ၏။
သို့ရာတွင် ဤကိစ္စကို တွေးလိုက်သောအခါ ကျင်းယွင်ကျောင်း၏ နှလုံးသားသည် ရပ်တန့်လုမတတ်ဖြစ်သွားပြီး သူမ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာတော့သည်။ သို့သော်လည်း သူမသည် ဖြစ်ပေါ်လာသော ခံစားချက်ကို အလျင်အမြန်ပင် ဖိနှိပ်သိမ်းဆည်းထားလိုက်၏။
လီရှောက်ယွင်သည် သူမ ဘေးတွင် ရှိသော ယောက်ျားလေးများတွင် အထူးချွန်ဆုံးလူ ဖြစ်နေသောကြောင့်လော။ သူမသည် စိတ်ထဲ၌ မသိလိုက်ခင်မှာပင် သူ၏ အနာဂတ်ကို သူမ၏ အနာဂတ်နှင့် နှိုင်းယှဥ်နေမိလေသည်။
ဤအချိန်တွင် လီရှောက်ယွင်သည် စိတ်ပျက်သွားပုံမရပေ။ ထိုအစား သူသည် သူမအတွက် ရေတစ်ခွက်သာ ငှဲ့ပေးလိုက်၏။
ကျင်းယွင်ကျောင်းသည် ထမင်းစားရင်း အနည်းငယ် သတိလစ်ဟင်းနေသည်။ နောက်ဆုံးတွင် လီရှောက်ယွင်၏ အသားများသည် ကုန်သွားပြီး သူမ အရှေ့တွင်သာ ဟင်းရွက်များစွာ ကျန်ခဲ့၏။ သူမသည် လီရှောက်ယွင်အား စိတ်ပူပန်ဟန်ဖြင့် ကြည့်လိုက်သောအခါ လီရှောက်ယွင်သည် သူမအား ရှင်းလင်းရေး လုပ်ရန် ကူညီပေးလိုက်၏။
ထို့နောက် သူတို့သည် ဆိုင်ထဲမှ ထွက်လာကာ ဆေးရုံသို့ ပြန်သွားလိုက်ကြသည်။
စူးချူသည် ကျိန်စာသင့်နေသော မင်းသမီးလေးကဲ့သို့ပင် အိပ်စက် မေ့မျောနေဆဲ ဖြစ်သည်။ နှစ်ရက်ကြာသော် သူမသည် သတိမေ့နေရာမှ နိုးလာတော့၏။
သူမသည် ဆေးရုံသို့ ရောက်နေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် အံ့အားသင့်သွားသည်။
“ငါ ဘာဖြစ်တာလဲ။ ဘာလို့ အားလုံး ဒီကို ရောက်နေကြတာလဲ။ အာ၊ ဟုတ်သားပဲ...ခုနက ရှောင်လျန်းနဲ့ ရှောင်ယီက ငါ့ ခွက်ထဲ ဆေး တစ်ခုခု ခတ်လိုက်တယ် ထင်တယ်။ သောက်ပြီးတာနဲ့ အရမ်းအိပ်ချင်လာတာ...”
ကျင်းယွင်ကျောင်း ဟက်ခနဲသာ ရယ်လိုက်၏။ ရှောင်ဟိုင်ချင်းမှာမူ နှုတ်ခမ်းစွန်းများ တွန့်နေ၏။ အခြားလူများမှာ စူးချူ၏ ကံကောင်းမှုကိုသာ အားကျနေတော့သည်။
ဤကဲ့သို့ ဖြစ်ရပ်ကြီးကို ကျော်ဖြတ်ပြီးသည်ကိုပင် သူမသည် ဘာကိုမျှ မသိလိုက်သလို ဘာကိုမှလည်း ကြောက်မနေချေ။ သူမသည် လိမ္မာသော ယုန်ဖြူလေး တစ်ကောင်ကဲ့သို့ပင်။
“အင်း၊ နင်အိပ်နေတာ သုံးရက်ရှိပြီ။ ငါ့မှာတော့ နင့်ကို ကျိန်စာပြယ်အောင် နမ်းပေးဖို့ မင်းသားလေးတစ်ယောက် သွားရှာတော့မို့”
ရှောင်ဟိုင်ချင်းသည် ငိုရမည်လော၊ ရယ်ရမည်လော မသိတော့ပါချေ။
Space and Rebirth - 535
Trans: Esth
“သုံးရက်”
စူးချူ အာမေဋိတ်ပြုလိုက်၏။ သို့သော် သူမအသံကို မြှင့်လိုက်သည်နှင့် သူမ လည်ချောင်းသည် အလွန် နေရခက်နေသည်ကို ခံစားလိုက်ရသည်။
“နင် လိမ်နေတာ...အဘိုး၊ သမီး စာမေးပွဲတောင် မဖြေရသေးဘူး...”
စက္ကန့်ပိုင်း အတွင်းတွင် သူမသည် ဝမ်းနည်းနေဟန်ဖြင့် အဘိုး ကန်အား ကြည့်လိုက်၏။
အဘိုးကြီးသည် ကူကယ်ရာမဲ့နေသော ပုံစံဖြင့် ခေါင်းကို တွင်တွင်ခါလိုက်ပြီး သူ၏ မျက်လုံးများ နီမြန်းသွားသည်။
“အရူးမလေး၊ စာမေးပွဲက ဘယ်လိုလုပ်ပြီး အဲ့လောက် အရေးကြီးနေလဲ။ ဒီတစ်ခေါက် မင်း အပြစ် မဟုတ်တော့ အဘိုးက မင်းကို အပြစ်မပေးပါဘူး”
စူးချူသည် ခဏတာမျှ ကြောင်အသွား၏။ သူမသည် နားမလည်ဟန်ဖြင့် ခေါင်းကို စောင်းကာ ကျင်းယွင်ကျောင်းကို ကြည့်လိုက်သည်။
“အစ်မ၊ ဘာတွေ ဖြစ်နေတာလဲ။ ငါ မနိုးသေးဘူးလား။ စာမေးပွဲက အရေးမကြီးဘူးလို့ အဘိုးကတကယ်ကြီး ပြောချလိုက်တယ်...”
သူမ အိမ်မက် မက်နေသည်လော။
ငယ်စဥ်တောင်ကျေး ကလေးဘဝမှ အရွယ်ရောက်သည်ထိ သူမသည် လတိုင်း စာမေးပွဲကို မလွတ်ဖူးချေ။ ထိုရက်မျိုးတွင် သူမ အလွန် ပင်ပန်းနေလျှင်ပင် အဘိုးကန်သည် သူမအား အကြောင်းပြချက်ပေးခွင့် မပြုပေ။ ဆေးပညာ လေ့လာရန် ကြိုးစားပြင်ဆင်ရမည်ဟုပင် ပြောတတ်သေးသည်။ သို့သော် ယခုတွင် ဤအရာကို အရေးမကြီးဟု ပြောလိုက်လေသလော။
နေသည် အနောက်မှ ထွက်နေပုံရ၏။
အဘိုး ကန်သည်လည်း စကားစ ရှာမရ ဖြစ်သွားသည်။ သူ၏ မြေးမလေးသည် အမှန်တကယ်ပင် အရူးမလေး ဖြစ်ပေသည်။
“ရှောင်ညီအစ်ကိုတွေက နင့်ကို ဆေးခတ်ပြီး မြို့ပြင်က စက်ရုံထဲကို ပို့လိုက်တာလေ...ဒါက သတင်းအပြည့်အစုံပဲ။ ကြည့်ကြည့်လိုက်”
ကျင်းယွင်ကျောင်းသည် ကွန်ပြူတာကို ကမ်းပေးလိုက်၏။
စူးချူသည် ဇဝေဇဝါ ဖြစ်နေသေးသော်လည်း သူမသည် စက်ရုံကို မြင်လိုက်ရသောအခါ သူမ မျက်လုံးများသည် ၎င်းကို အာရုံစိုက်မိသွား၏။ သူမသည် အပေါ်ဘက်မှ ပေါက်ကွဲမှု ဓာတ်ပုံကို မြင်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
“မဖြစ်နိုင်တာ၊ ဘာလို့ ငါ့ကို စက်ရုံပျက်ကြီးထဲ ပို့ကြတာလဲ”
“အား၊ ငါ-ငါ့ကို အနိုင်ကျင့်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်ကြသေးလား”
သူမသည် စကားပြောရင်းဖြင့် မျက်ရည်များ ချက်ချင်း စီးကျလာသည်။
ကျင်းယွင်ကျောင်း နဖူးပြင်သည် ရုတ်ချည်းပင် အနက်ရောင်အကြောင်းများ ထွက်ကုန်သည်။
စူးချူ ပြောနေသော အနိုင်ကျင့်ခြင်းဆိုသည်မှာ မုဒိန်းကျင့်ခြင်းကို ပြောနေသည် မဟုတ်လော။ ပေါက်ပေါက်ရှာရှာ စိတ်ကူးတတ်ပေသည်။
ရှောင်ဟိုင်ချင်းသည် သူမကို ကြည့်ပြီး ထရယ်လိုက်၏။
“နင် ရူးနေလား။ သတင်းကို သေချာဖတ်ဦး၊ ဒီစက်ရုံက နင် ဝင်ပြီးမှ ပေါက်ကွဲသွားတာ။ အဲ့အချိန်က နင်က ပြန်ပေးဆွဲခံထားရပြီးတော့ ဘယ်သူကမှ နင့်ကို အနိုင်မကျင့်လိုက်ဘူး။ ပြီးတော့ ယွင်ကျောင်း တစ်ယောက်တည်း နင့်ကို ဝင်ကယ်ခဲ့တာမို့ နင် ဒဏ်ရာလည်း လုံးဝ မရလိုက်ဘူး။ အခု အကောင်းကြီးပဲ”
စူးချူသည် လက်ရှိတွင် အလွန် ချစ်ဖို့ကောင်းနေ၏။
သူမ စိတ်ထဲတွင် စိတ်ဆိုးခြင်း၊ ကြောက်ရွံ့ခြင်း၊ မခံမရပ် ဖြစ်ခြင်းများ ရောပြွန်းနေသည်။ သူမမျက်ရည်များသည် လူနာဆောင်ကိုပင် နစ်မြုပ်စေတော့မည့်တိုင် ဆက်လက် ငိုနေဆဲဖြစ်၏။
ရှောင်ဟိုင်ချင်း ထိုသို့ ပြောလိုက်သည်နှင့် စူးချူရပ်တန့်သွားသည်။
“နင် လိမ်နေတာ၊ ဒီလောက်ကြီးတဲ့ ပေါက်ကွဲမှုကြီးကို ငါ ဘယ်လိုလုပ် မသေသွားရတာလဲ”
အခန်းထဲရှိ လူများသည်လည်း စကားစရှာမရဘဲ သူမကို ကြည့်လိုက်သည်။
သူမ အဘယ်ကြောင့် မသေခဲ့သနည်း။ အမှန်အတိုင်းပြောရလျှင် သူတို့လည်း သိချင်မိသည်။ စူးချူအား သေစေချင်၍ မဟုတ်ဘဲ အလွန် မဖြစ်နိုင်သော အခြေအနေ ဖြစ်နေသောကြောင့် ဖြစ်သည်။
ရဲအရာရှိများနှင့် အရေးပေါ်ကားကသာ လူများအား ဆေးရုံသို့ လွှတ်ပြီး အခြေအနေကို တိတိကျကျ မရှင်းပြခဲ့လျှင် ကျင်းယွင်ကျောင်းနှင့် စူးချူသည် ပေါက်ကွဲရာ နယ်မြေထဲတွင် ရှိမည်ဟုပင် သူတို့ ယုံမည် မဟုတ်ချေ။
သူတို့နှစ်ဦးသည် မီးခိုးငွေ့များနှင့် အဆိပ်ရှိဓာတ်ငွေ့များကို ရှူရှိုက်မိသော်လည်း ပြင်းပြင်းထန်ထန် မထိခိုက်မိသောကြောင့် ဖြစ်သည်။ အထူးသဖြင့် စူးချူဆိုလျှင် ပေါက်ကွဲမှု ထိထားသည့် လူနှင့်ပင် မတူချေ။
လွန်ခဲ့သည် နှစ်ရက်အတွင်းတွင် ရဲများသည် ကျင်းယွင်ကျောင်းအား ပေါက်ကွဲမှု အခြေအနေအကြောင်း အသေးစိတ် ပြောပြရန် အကြိမ်ကြိမ်အခါခါ မေးခဲ့ဖူးသည်။ ဤအံ့သြဖွယ် ဖြစ်ရပ်မျိုးသည် မယုံနိုင်စရာ ကောင်းလွန်းလှသည် မဟုတ်လော။
ကံမကောင်းစွာဖြင့် ကျင်းယွင်ကျောင်းသည် သူမထိုအချိန်က အလွန် ကြောက်နေခဲ့ကြောင်း၊ စူးချူကို တတ်နိုင်သမျှ ကာကွယ်ခဲ့ကြောင်း စသည်တို့ကိုသာ ထပ်ခါတလဲလဲ ပြောလေ၏။ အဘယ်ကြောင့် အခြားနေရာများမှာ ပြင်းပြင်းထန်ထန် ထိမိပြီး သူမနှင့် စူးချူမှာ ပုံမှန် ဖြစ်နေသေးသလောဟူသော မေးခွန်းကိုမူ သူမ မသိချေ။
အကြိမ်ပေါင်းများစွာ မေးပြီးနောက် လူတိုင်းသည် ဤရှင်းပြချက်ကို လက်ခံလိုက်သည်။
လေအလျဥ်ကြောင့် ဖြစ်နိုင်သည်ဟုသာ သူတို့ကောက်ချက်ချလိုက်ကြ၏။ ဤကမ္ဘာပေါ်တွင် ထူးခြား ဆန်းကြယ်သော အရာများစွာ ရှိသည် မဟုတ်လော။
သို့သော် ယခုမူ စူးချူသည် ၎င်းကို မယုံကြည်ချေ။ သူမသည် ထိုစကားကို ပြောပြီးနောက် မျက်ရည်များ သုတ်ကာ ရယ်လိုက်သည်။
“ဟုတ်ပြီ၊ ငါ သိပြီ။ နင်တို့ ငါ့ကို စနေကြတာမလား”
Space and Rebirth 536
Trans: Esth
“ဖေဖေ၊ မေမေ၊ ရှောင်လျန်းနဲ့ ရှောင်ယီကို အိမ်ပေါ်က နှင်ချလို့ရလား။ ဒီနှစ်ယောက်က အရမ်းဆိုးလွန်းတယ်။ ဘယ်လောက်ပဲ စနောက်တာဖြစ်ဖြစ် သူများတွေရဲ့ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ထိလို့မရဘူးလေ။ ဘယ်လိုလုပ်ပြီး တွေ့ကရာလူကို အိပ်ဆေးတိုက်နေကြတာလဲ”
စူးချူမှ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
သူမသည် အိပ်ဆေးသောက်ပြီးနောက် မူးဝေဝေဖြစ်သွားသော ခံစားချက်ကို ပြန်တွေးလိုက်သောအခါ အနည်းငယ်ကြောက်သွား၏။
စူးချူ မိဘများမှ ၎င်းကို ကြားသောအခါ သူတို့၏ မျက်နှာတွင် စိတ်မကောင်းသော အရိပ်အယောင်များ သန်းသွားသည်။
“ချူချူ၊ စိတ်မပူနဲ့။ အခု အဲ့နှစ်ယောက်က အဖေတို့အိမ်မှာ မနေတော့ဘူး။ ပြီးတော့ သူတို့ ကျောင်းထုတ်ခံလိုက်ရပြီ”
ရှောင်ယီနှင့် ရှောင်လျန်းသည် စူးချူအား သင်ခန်းစာသာ ပေးချင်ခဲ့သော်လည်း ရလဒ်မှာ အလွန် ပြင်းထန်သောကြောင့် သူတို့သည် လူငယ်ပြုပြင်ရေးကျောင်းသို့ အပို့ခံလိုက်ရသည်။
ရှောင်ချင်းမှာ ဤပြန်ပေးဆွဲ ဖြစ်စဥ်အတွင်း ပိုကံကောင်းသူဟု ပြောရမည်။ ညီအစ်ကို နှစ်ဦးကို ဆက်သွယ်ခဲ့သူမှာ ဟူချန်း ဖြစ်သည်။ သူမသည် နှစ်ဦးနှစ်ဖက်ကို ပေါင်းကူး ဆက်သွယ်ပေးခဲ့သော်လည်း ပြန်ပေးဆွဲရာတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်မပါခဲ့ပေ။ ညီအစ်ကို နှစ်ဦးသည်လည်း ရှောင်ချင်းအား ကာကွယ် ပြောထားခဲ့သောကြောင့် သူမသည် ဤကိစ္စတွင် အပြစ်ကင်းစင်သူ ဖြစ်နေ၏။ ထို့အပြင် ကျင်းယွင်ကျောင်း၏ သက်သေထွက်ဆိုချက်နှင့်အတူ ရဲအရာရှိများသည် ရှောင်ချင်းအား မိသားစုဝင် ခြောက်ယောက်ကို ဟူချန်းနှင့်အတူ ပူးပေါင်းသတ်ဖြတ်ခဲ့သည် မဟုတ်ကြောင်း အတည်ပြုလိုက်ပြီး သူမကို ပြန်လွှတ်လိုက်သည်။
ကျင်းယွင်ကျောင်းသည် သူမအား ရှာဖွေရန် ဟွားကျဲအား ပြောနှင့်ပြီး ဖြစ်သည်။
“ကျောင်းထုတ်ခံလိုက်ရတယ်၊ ဟုတ်လား”
စူးချူ အံ့အားသင့်သွား၏။
“ကောင်းတယ်”
သူမတို့ စူးမိသားစုသည် ရှောင်မိသားစုအား အကြွေးဆပ်စရာ မရှိချေ။ သူမတို့သည် ရှောင်မိသားစုအား စားစရာ၊ နေရာထိုင်ခင်းနှင့် ပညာရေးထောက်ပံ့ပေးခဲ့သော်လည်း နောက်ဆုံးတွင် သူတို့သည် သူမအား ဆေးခတ်သည်အထိပင် အတင့်ရဲခဲ့ကြသည်။ ဤကဲ့သို့သော လူမျိုးများသည် အစာကျွေးသော လက်ကို ကိုက်သော ခွေးနှင့် အလားတူလှသည်။
ပေါက်ကွဲမှုကြီးဆိုသည်မှာ လူအချို့မှ သူမအား စနောက်ပြောနေခြင်း ဖြစ်သည်ဟုသာ စူးချူ ထင်နေသေးသော်လည်း သူမသည် ဤအကြောင်းကို သိပ်မတွေးတော့ချေ။
စူးချူမိဘများမှာ ရှောင်မိသားစုအား ပေးနေခဲ့သည်ကို အတော်လေး နောင်တရနေကြ၏။ သူတို့သာ အိမ်ထဲသို့ ဝံပုလွေများကို ပေးမဝင်ခဲ့လျှင် သူတို့သမီးသည်လည်း အန္တရာယ်ထဲသို့ ကျရောက်မည် မဟုတ်ချေ။
သို့သော် ကံကောင်းစွာဖြင့် စူးချူသည် ဤဖြစ်ရပ်အတွင်း စိတ်ဒဏ်ရာ မရသွားခဲ့ချေ။ သူမသည်သာ စိတ်ဒဏ်ရာ ရသွားခဲ့လျှင် သူတို့သည် မိဘများအနေဖြင့် အလွန် ဝမ်းနည်းရပေလိမ့်မည်။
ယခု စူးချူ နိုးလာပြီ ဖြစ်၍ မကြာမီတွင် သူမသည် တစ်ခုခု စားလိုက်၏။ သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းနေသော်လည်း သူမသည် အလျင်အမြန်ပင် အားပြန်ပြည့်ပြီး လန်းဆန်းတက်ကြွသည့်ပုံ ပေါက်လေသည်။ သို့သော် များမကြာမီတွင် သူမအား မေးခွန်းများ မေးရန် ရဲအရာရှိများ ရောက်လာသောအခါ စူးချူသည် ကြောင်အသွား၏။
သူမသည် အမှန်တကယ် ပြန်ပေးဆွဲခံရသည်လော။ ထို့အပြင် ဤသည်မှာ အလွန်ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဥ် ဖြစ်နေသည်။
စူးချူသည် မှင်တက်နေသော မျက်နှာဖြင့် ရဲများကို ကြည့်လိုက်၏။
“ဦးလေးကြီး၊ သမီး ဒီတိုင်း အိပ်နေတာ မဟုတ်ဘူးလား...”
သူမသည် သုံးရက်တိတိ သတိလစ်နေခဲ့သည်ဟုပင် မခံစားရချေ။
ထို့ကြောင့် နိုးလာစဥ်က သူမ မိဘများ၏ မျက်လုံးများသည် နီရဲနေခြင်းပင်။ စည်းကမ်း အတင်းကြပ်ဆုံးဟု ပြောနိုင်သော သူမ၏ အဘိုးပင်လျှင် ယခုနူးညံ့ညင်သာနေပေသည်။ သူမသည် သေရေးရှင်ရေး အခြေအနေကို ဖြတ်ကျော်ခဲ့ဟန်တူ၏....
စူးချူ ခံစားချက်များသည် ရှုပ်ထွေးပွေလီပြီး စဥ်းစားရခက်သွားသည်။
ဤသည်မှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး သူမနှင့် နီးနီးကပ်ကပ်ဆက်စပ်နေသော ကိစ္စဖြစ်သည်။ သူမသည် မျက်လုံးပိတ်လိုက်သည့် အခိုက်အတန့်မှ စ၍ အမှန်တကယ်ပင် အိပ်ပျော်သွားခဲ့သည်။ ယခုမူ အားလုံးက သူမအား ပေါက်ကွဲမှုကြီးအား ခံစားခဲ့ရသလောဟု မေးနေကြ၏။ သူမသည် ကာလနဂါးကဲ့သို့ ခံစားလိုက်ရသောကြောင့် အမှန်ပင် နေရခက်သွားသည်...
ရဲများ ပြန်ထွက်သွားသောအခါ စူးချူသည် တငိုငိုတရယ်ရယ် ဖြစ်နေတော့သည်။
“ရှက်ဖို့ ကောင်းလိုက်တာ။ ရဲတွေက ငါ့ကို ကြည့်နေတဲ့ပုံကို မြင်လိုက်လား။ သူတို့က ငါ့ကိုတောင် မယုံဘူး...”
အချို့လူများအတွက်မူ သတိလစ်နေလျှင်ပင် အပြင်လောကသည် မိမိတို့ စိတ်ထဲသို့ အိပ်မက်သဖွယ် ရောက်လာ၍ ရောင်ပြန်ဟပ်တတ်ကြသည်။ သို့သော် စူးချူမှာ ထိုသို့ မဖြစ်ခဲ့ပေ။ သူမသည် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေခဲ့၏။ သူမသည် အိပ်မက်လှလှပင် မက်နေခဲ့သည့်အကြောင်း အခြားသူများကို ပြောပြရန် ရှက်နေလေသည်။
“နင်ကတော့ ကြိတ်ရယ်နိုင်ပေမယ့် အဲ့အချိန်တုန်းက တကယ့် အခြေအနေကို မြင်လိုက်ရရင် နင်ကြောက်ပြီး ငိုမှာလို့ မထင်ဘူးလား”
ရှောင်ဟိုင်ချင်းသည် လက်လှမ်းကာ လိမ္မော်သီးတစ်ဝက်အား သူမအား ကမ်းပေးလိုက်သည်။ စူးချူသည် လိမ္မော်သီး တစ်ခြမ်းကို ယူစားလိုက်ပြီး ရုတ်ချည်းဆိုသလို ဆန်စေ့ ကောက်စားနေသော ကြက်ပေါက်ကဲ့သို့ ခေါင်းကို ညိတ်ပြီး ပြောလိုက်၏။
“ကံကောင်းလို့ ငါ သတိလစ်နေတာ။ မဟုတ်ရင် ကြောက်လို့ အာခေါင်ခြစ်အော်ငိုနေမှာ။ အဲ့အချိန်ကျရင် ပြန်ပေးဆွဲသမားက စိတ်တွေ ဆိုးပြီး ငါ့ကို သတ်ဖို့ ဗုံးကြိုဖောက်ရင် ဖောက်မှာပေါ့”
ဤသည်ကို ကြားလိုက်ရသော ဘေးနားမှာ လူများသည် ပီတိ ဝေဖြာသွားကြသည်။
'အနည်းဆုံးတော့ သူ့ကိုယ်သူ သိသားပဲ'
စူးချူ နိုးလာသောအခါ ပြသာနာ ကြီးကြီးမားမား မရှိတော့ချေ။ နောက်တစ်ရက်ခန့် ဆေးရုံတွင် အနားယူပြီးသည်နှင့် ဆေးရုံဆင်းခွင့် ရရှိတော့သည်။