အခန်း (၅၄၁-၅၄၄)
Vol. 28 Ch. 541-544
Space and Rebirth 541
Trans: Esth
ဤကလပ်ထဲရှိ အမျိုးသမီးများသည် အများအားဖြင့် စိတ်ပါသူများ ဖြစ်ရာ မည်သူမှ သူမတို့ကို တကူးတက စောင့်ကြည့်မနေကြချေ။ ရှောင်ချင်းမှာမူ အနည်းငယ် “ကွဲပြား” သောကြောင့် သူဌေးသည် သူမအား အထူး ဂရုစိုက်ရ၏။
“ရှောင်ချင်း၊ မင်း ဒီည ငွေအများကြီးရလိုက်တာပဲ။ လကုန်ကျရင် မင်း ရထားတာတွေကို ရှင်းပေးမယ်။ သေချာ စဥ်းစားနော်။ မင်း နောက်နေ့ မလာရင် ဘာမှ ရလိုက်မှာ မဟုတ်ဘူး။ မင်း ဒီည လုပ်လိုက်တဲ့ဟာတွေက အလကား ဖြစ်သွားမှာပဲ”
မနက်စောစော ရှောင်ချင်း အိမ်မပြန်မီတွင် သူဌေးမှ သူမအား ကြည့်ကာ ပြုံးလိုက်၏။
ရှောင်ချင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။
ငွေဟူသော အရာကို သူမ မကိုင်တွယ်ရသည်မှာ ကြာပေပြီ။ သူမ နောက်ဆုံးတွင် ငွေရှာနိုင်ခဲ့ပြီလော။
သူမသည် များစွာ ဒုက္ခခံခဲ့ရသော်လည်း ယခင်တုန်းကကဲ့သို့ အမျိုးမျိုးသော အကြောင်းပြချက်ကြောင့် အလုပ် ထုတ်ခံရခြင်း မဟုတ်တော့ပေ....
သူမသည် အစက အလုပ် ထွက်ချင်ခဲ့သော်လည်း သူမသာ ယခုမှ နောင်တရနေလျှင် မနေ့ညမှ သူမပင်ပန်းထားသမျှသည် အကျိုးမရှိ ဖြစ်သွားချေမည်။ သူမတွင် စားစရာ၊ သောက်စရာ ရှိတော့မည် မဟုတ်ချေ။ သို့သော် ယခုတွင်မူ အနည်းဆုံးတော့ သူမ ဝမ်းရေး အဆင်ပြေသွားပြီ ဖြစ်သည်....
သူမ အတွေးများသည် တဖြည်းဖြည်းဖြင့် ပြောင်းလဲနေ၏။
အပြင်ဘက်မှ မှုန်ရီဖျိုးဖျ နေရောင်ခြည်သည် ဖရိုဖရဲဖြစ်နေသော သူမ၏ အခြေအနေနှင့် ယှဥ်လျှင် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
နောက်တစ်ညတွင်လည်း သူမ ထပ်သွားရပြန်သည်။
သူမ၏ လှုပ်ရှားမှုများကို ကျင်းယွင်ကျောင်းသည် ကြည်လင် ပြတ်သားစွာ မြင်နေရ၏။
ဟွားနင်ခရိုင်တွင် ငွေရှာနိုင်သောနေရာ သိပ်မများလှချေ။ အဖိုးအခ တစ်ခု ပေးကို ပေးရပေမည်။ ဤနေရာ၏ နာမည်သည် ကြားရလျှင် ကောင်းသလိုလိုရှိသောငြား အတွင်းထဲမှ အရောင်းအဝယ်ကိစ္စများသည် သန့်ရှင်းမှု လုံးဝ မရှိချေ။ ထို့အပြင် ဖောက်သည် အများစုမှာ သာမန်ယောက်ျားများဖြစ်၏။ ရှောင်ချင်းမှ ထိုလူများ၏ ပေါင်ကို ဖက်ပြီး တွယ်ကပ်နေရန်မှာ မဖြစ်နိုင်ချေ။
ရှောင်ချင်း၏ အားသာချက်မှာ သူမ၏ ရုပ်ရည်ဖြစ်သော်လည်း ၎င်းကို အသုံးချရန် နေရာအပေါ်လည်း မူတည်သေးသည်။
လူငယ်လူရွယ်များမှာမူ မိန်းမလှများအား စွဲလမ်းချင်သော စိတ်ဆန္ဒ ပြင်းပြနေဆဲ ဖြစ်သော်လည်း ထိုအမျိုးသားများသည် ဤအသက်အရွယ်တွင် အမျိုးမျိုးသော ဘဝအတွေ့အကြုံကို ကြုံတွေ့ပြီးဖြစ်၏။ အိပ်ရာပေါ်တွင် ချစ်တင်းနှောရုံသာတတ်သော အမျိုးသမီးတစ်ယောက်အား သူတို့ တစ်ဘဝလုံးစာ ပုံပေးလောက်သည်ထိ တုံးအသောသူများ မရှိပါချေ။
နေ့ရက်တိုင်း ယောက်ျားအမျိုးမျိုး ပြောင်းလဲသွား၏။ အရပ်ရှည်သောသူ၊ ဝသောသူ၊ ပုသောသူ၊ ပိန်သောသူ စသဖြင့် အစားစားရှိရာ သူတို့ကြားထဲတွင် အလွန် နှာဘူးကျသော လူတချို့လည်း ပါပေသည်။
အစက သူမသည် လူ အရမ်းရွေးတတ်၏။ တဖြည်းဖြည်းဖြင့် နှစ်လခန့်ကြာသော် သူမသည် အလွန် လျင်မြန်ပါးနပ်သောသူ ဖြစ်နေချေပြီ။
အခြားသူများ၏ ဖောက်သည်များကို ခိုးတတ်လာပြီး ယောက်ျားများအား စောစော ကျရှုံးအောင် ဆွဲဆောင်မှု ရှိရှိဖြင့် ပြုံးတတ်နေပြီလည်း ဖြစ်သည်။ သူမတွင် ကျောက်ချင်းဟူသော ချစ်သူကြီး တစ်ယောက်ရှိသည်ကိုပင် သူမ မေ့နေပြီ ဖြစ်၏။
နှစ်လကြာသော်၊ ကျောက်ချင်း ပြန်ရောက်လာသည်။
ထိုအမျိုးသားအား အိမ်တွင် ပြန်တွေ့လိုက်သော ရှောင်ချင်းသည် ခေတ္တမျှ ကြောင်အသွားပြီး အလျင်အမြန်ပင် သူ့ဆီသို့ ပြေးလွှားသွားလိုက်သည်။
“အစ်ကို ကျောက်၊ အစ်ကိုကျောက်၊ ပြန်ရောက်လာပြီလား။ ကျွန်မမှာ အခုတလော ခက်ခဲလိုက်တာဆိုတာရှင်”
ကျောက်ချင်းသည်လည်း အံ့အားသင့်သွား၏။ နေထိုင်သော ပတ်ဝန်းကျင်သည် လူတစ်ယောက်အတွက် မည်မျှ အရေးပါကြောင်း ရှောင်ချင်းအားကြည့်ပြီး သူ သိလိုက်သည်။
ဤအခိုက်အတန့်တွင် ရှောင်ချင်းတွင် မကောင်းသော အမျိုးသမီး တစ်ယောက်၏ အငွေ့အသက်များသာ ရှိပြီး သူမ၏ လေသံပင် ပြောင်းလဲသွားပြီ ဖြစ်သည်။
“မင်းကိုယ်မင်း ရောင်းစားလိုက်တယ်ဆို”
အမျိုးသားမှ မေးလိုက်သည်။
“ကျ-ကျွန်မ တမင်လုပ်လိုက်တာ မဟုတ်ပါဘူး။ ကျွန်မ အလုပ်လည်း မရှာနိုင်ဘူး၊ စားစရာလည်း မရှိတော့တဲ့အချိန်မှာ အဲ့သူဌေးကလည်း ကျွန်မကို အတင်း လုပ်ခိုင်းတာနဲ့ လုပ်လိုက်ရတာပါ။ အစ်ကို ကျောက်၊ အခုတလော ဘယ်တွေ ရောက်နေတာလဲ။ ကျွန်မမှာတော့ ရှင့်ကို မရှာနိုင်လို့ ရူးတော့မယ်...”
သူမကြည့်ရသည်မှာ စွန့်ပစ်ခံ အမျိုးသမီးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
ကျောက်ချင်းသည် စိတ်ထဲတွင် အေးတိအေးစက်ဖြင့် ကြိတ်လှောင်လိုက်သော်လည်း ပါးစပ်ကမူ
“ရှောင်ချင်း၊ မင်း ဒီလောက် စိတ်ဆင်းရဲခံနေရမယ်လို့ ငါ မထင်ခဲ့ဘူး၊ အားလုံးက ငါ့ အပြစ်တွေပါ”
ဟု ပြောလိုက်သည်။
“လာ၊ မင်းနဲ့ ငါနဲ့ လက်ထပ်စာချုပ် ချုပ်ကြမယ်။ ငါမင်းကို လက်ထပ်မယ်၊ အခုချိန်ကစပြီး မင်း နည်းနည်းလေးမှ ဒုက္ခ မခံစေရဘူး”
ရှောင်ချင်း ဆွံ့အသွား၏။
“ရှင်...”
ကျောက်ချင်းသည် သူမအပေါ် ဤမျှ လေးနက်သော ခံစားချက်များ ရှိနေခဲ့သလော။ ဤတစ်ချိန်လုံး ကျောက်ချင်းသည် သူမအား စွန့်ပစ်လိုက်ပြီဟု ထင်ခဲ့သည်။ သို့သော် တွေးကြည့်လိုက်လျှင် သူမသည် ကျောက်ချင်း၏ အိမ်အဟောင်းတွင် နေနေရဆဲ ဖြစ်၏...
ကြည်နူးသွားသော ရှောင်ချင်းသည် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။
ကျောက်ချင်းမှ စိတ်ပြောင်းသွားမည်ပင် စိုးသဖြင့် သူမသည် ထို့နေ့တွင်ပင် သန်းခေါင်စာရင်းကို ယူပြီး တရားရုံးသို့ အပြေးအလွှားသွားလိုက်၏။ အချိန်တို အတွင်းတွင် ရှောင်ချင်းသည် အိမ်ထောင်သည် မိန်းမ တစ်ဦး ဖြစ်သွားချေပြီ။
“ယောက်ျား၊ ကျွန်မက ရှင့်အပိုင် ဖြစ်သွားပါပြီ။ ဒါပေမယ့် အဲ့နေရာမှာ ကျွန်မ ရှင့်အပေါ် မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ်။ အနီးအနားက လူတွေ အားလုံးလည်း ကျွန်မအကြောင်းကို သိနေပြီဆိုတော့....ဆိုတော့ ကျွန်မတို့ အိမ်ပြောင်းသင့်တယ်လို့ ထင်တယ်။ ကျွန်မ ရှင်နဲ့ အတူနေချင်ပြီ…”
Space and Rebirth 542
Trans: Esth
ရှောင်ချင်းသည် သူမ အရှေ့ရှိ ယောက်ျားအား ချစ်ရိပ် လွှမ်းသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ သူမသည် ပျော်ရွှင်မှု အဟုန်ထဲ ရောက်ရှိနေသော မိန်းကလေးငယ် တစ်ဦးကဲ့သို့ ဖြစ်နေ၏။ သူမမျက်လုံးများမှာ မျက်ရည်များဖြင့် ဝိုးတိုးဝါးတားဖြစ်နေပြီး သူ၏ လက်မောင်းအား ဆွဲဖက်ထားသည်။ သူမကြည့်ရသည်မှာ တစ်ပြိုင်နက်တည်းတွင် ကလူ၏ သို့၊ မြှူ၏ သို့ လုပ်နေပြီး အသနားခံနေဟန် ရှိသောကြောင့် မည်သို့သောယောက်ျားမှ ဤအပြုအမူကို ကြာကြာခံနိုင်မည်မဟုတ်ချေ။
ရှောင်ချင်းသည် အပျော်လွန်နေ၏။ ဤအချိန်တွင် သူမအား တဏှာ မျက်လုံးများဖြင့် ကြည့်နေသော ယောက်ျားများစွာ ရှိနေသည်ကို သူမ မုန်းနေခဲ့သည်။
ဤသို့သော ဆင်းရဲသား ရပ်ကွက်မှ သူမ ချက်ချင်းပြောင်းရွှေ့နိုင်သည်ကို တွေးလိုက်သောအခါ သူမခန္ဓာကိုယ်တွင်းမှ သွေးကြောများ ပြန်လည်စီးဆင်းအသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့အပြင် သူမ၏ ခင်ပွန်းဖြစ်သူမှာ အောင်မြင်သောလုပ်ငန်းရှင် ဖြစ်၏။ သူသည် ရုပ်ရည်ချောမောပြီး နူးညံ့သိမ်မွေ့ကာ သစ္စာရှိသည်။ ဤကဲ့သို့သော ယောက်ျားမျိုးအား ကမ္ဘာပေါ်တွင် ရှာရန်ခက်ခဲပေသည်။
ထိုအရှက် မရှိသော ခွေးမလေး ကျင်းယွင်ကျောင်းသည် သူမအား ဒုက္ခပေးချင်ခဲ့သော်လည်း သူမသည် ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေနိုင်ခဲ့၏။ ထိုလူဆိုးမလေးသည် ယခုချိန်တွင် မနာလိုဖြစ်၍ သေနေလောက်ပြီ။
သို့ရာတွင် လူယုတ်မာများသည်လည်း ပြန်ခံရမည့်အတုံ့အလှည့် ရှိသည်။ အနာဂတ်တွင် သူမ နေထိုင်မည့် ဘဝအား ကျင်းယွင်ကျောင်းအား ပြချင်လှပေပြီ....
ကျောက်ချင်းသည် သူမအား ဝေ့ကြည့်ကာ ကားထဲသို့ ခေါ်သွားလိုက်၏။ သူသည် ရှောင်ချင်း၏ မေးခွန်းအား တိုက်ရိုက် မဖြေဘဲ ဤသို့သာ ပြောလိုက်သည်။
“အိမ်ပြန်ကြရအောင်”
ကားဦးတည်မောင်းနေသော နေရာမှာ ရှောင်ချင်း ယခင်က နေခဲ့သောနေရာ ဖြစ်၏။
“ယောက်ျား၊ ကျွန်မမှာ ပြန်ယူစရာ ဘာမှမရှိဘူး၊ အရင်တုန်းက သုံးပြီးသား ပစ္စည်းတွေလည်း ပြန်မသုံးချင်တော့ဘူး”
ရှောင်ချင်း ထပ်ပြောပြန်သည်။
ကျောက်ချင်းမှာမူ စကား တစ်ခွန်းမျှ မဟချေ။ အိမ်တစ်အိမ်၏ အောက်ထပ်သို့ ရောက်ပြီးနောက် သူသည် ကားကို ရပ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းတွင် လူအချို့သည် အဆောက်အအုံထဲမှ လမ်းလျှောက်ထွက်လာ၏။ ကျောက်ချင်းသည် သူတို့ကို ကားသော့ပေးလိုက်သည်။ သူသည် အိမ်မပြန်ခင်တွင် ဝတ်ထားသော အနောက်တိုင်း ဝတ်စုံကို ချွတ်လိုက်ပြန်၏။
ရှောင်ချင်းသည် မှင်သေသေဖြင့် ကြည့်နေရသည်။
မိနစ်ပိုင်းအတွင်းတွင် ကျောက်ချင်း၏ အသွင်အပြင်သည် လုံးဝ ပြောင်းလဲသွား၏။
သူသည် အပေါ်ပိုင်း အဝတ်ဗလာဖြင့် အောက်ဘက်တွင် အတွင်းခံသာ ဝတ်ထားသည်။ သူသည် စကားတစ်ခွန်းမျှ မပြောဘဲ ရှောင်ချင်းအား အပေါ်ထပ်သို့ ဆွဲခေါ်သွားလိုက်၏။
“မိန်းမ၊ မင်းက အခုချိန်ကစပြီး ငါ့အပိုင်ပဲ။ အရင်ဆုံး ငါ့ကို ကောင်းကောင်း ပြုစုပေးတော့...”
သူသည် အိမ်ထဲသို့ ဝင်သည်နှင့် တံခါးပင် မပိတ်ဘဲ ရှောင်ချင်းအား တန်းခုန်အုပ်တော့သည်။
“ခဏလေး၊ ယောက်ျား၊ အခု ဘာဖြစ်သွားတာလဲ”
ရှောင်ချင်း သုတ်သီးသုတ်ပြာဖြင့် မေးလိုက်၏။
သူသည် အဘယ်ကြောင့် အောက်ထပ်တွင် အင်္ကျီချွတ်ရသနည်း။ ထို့အပြင် ကားကိုလည်း အခြားသူတစ်ယောက်မှ မောင်းထွက်သွား၏...
“ညီမလေး၊ ငါ ပိုက်ဆံ မရှိရင်ရော မင်း ငါ့ကို ချစ်ဦးမှာလား”
ကျောက်ချင်း မေးလိုက်သည်။
ရှောင်ချင်းသည် ခေတ္တမျှ ပြာပြာသလဲဖြစ်သွားသော်လည်း သူမသည် ကျောက်ချင်းအား ကြည့်ကာ သေချာဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
သူ့တွင် ပိုက်ဆံ မရှိဟု အဘယ်သို့ပြောရသနည်း။ ထို့အပြင် အစာငတ်နေသော ကုလားအုပ်သည် မြင်းထက် ကြီးသေးသည်ဟူသော စကားပုံအတိုင်း ကျောက်ချင်း ကုမ္ပဏီမှ ဒေဝါလီခံနေရလျှင်ပင် ဤနေရာ၌ မယားငယ်လို နေထိုင်ရသည်ထက် သာပေဦးမည်။
ကျောက်ချင်းသည် စိတ်ထဲမှ ကြိတ်လှောင်ကာ ပြုံးလိုက်၏။
“ငါက ဆင်းရဲသားပဲ။ အရင်က သူဌေးအိမ်မှာ ဒရိုင်ဘာ လုပ်ခဲ့ပေမယ့် အခု အဲ့မိသားစုကလည်း ငါ့ကို အလုပ်ထုတ်လိုက်ပြီ။ ရှောင်ချင်း၊ အနာဂတ်မှာ ငါတို့ မိသားစုက မင်းကိုပဲ မှီခိုရတော့မယ်”
ရှောင်ချင်း နှုတ်ခမ်းစွန်းများ လှုပ်ခါသွားသည်။
“ရှင် လိမ်နေတာ...”
“လိမ်နေတာတဲ့လား။ ငါ လိမ်နေတဲ့ပုံပေါက်လို့လား။ ရှောင်ချင်း၊ ဒါကို ကြားပြီး ငါ့ကို ထားခဲ့မှာတော့ မဟုတ်ဘူးမလား။ ငါ မင်းကို ပြောလိုက်မယ်၊ မင်း ဒီကမ္ဘာကြီးရဲ့ ဟိုးအဝေးဆုံးကို ပြေးရင်တောင် ငါ မင်းကို လိုက်ဖမ်းနိုင်တယ်”
သူသည် ချက်ချင်းပင် ကြုမ်းကြုတ်သွားပြီး သူမလည်ပင်းအား ညှစ်ကာ ဆက်ပြောလိုက်သည်။
“ဒီနေ့ကစပြီး ငါ အိမ်ကို လူတွေခေါ်လာမယ်။ ဒီအိမ်မှာ မင်း ငါ့အတွက် ဧည့်သည်တွေကို ဧည့်ခံပေးရမယ်။ မင်း ဘယ်မှ သွားခွင့် မရှိဘူး။ ဟက်...သွားတာနဲ့ မင်း ခြေထောက်ကို ချိုးပစ်မှာ၊ မင်း ဒီဘဝမှာ တစ်သက်လုံး မတ်တပ် မရပ်နိုင်အောင် လုပ်ပေးလိုက်မယ်”
ရုတ်ချည်းဆန်သော ပြောင်းလဲမှုကြောင့် ရှောင်ချင်း တုန်ယင်သွားသည်။ သူမ အရှေ့တွင် ရှိနေသော အမျိုးသားအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။
သူသည် ယခင်က ဟိတ်ဟန် တစ်ခွဲသားဖြင့် ရှိနေခဲ့သော်လည်း အဝတ်အစား မရှိတော့သောအခါ သူ၏ ကြမ်းကြုတ်သော အသွင်အပြင်ကြောင့် အနည်းငယ် ရွံရှာဖွယ်ပုံပေါက်လေသည်။
ရှောင်ချင်းသည် ခေါင်းကို ထပ်ခါထပ်ခါ ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ယောက်ျား၊ ကျွန်မကို လန့်အောင် မလုပ်နဲ့လေ။ ဘာတွေဖြစ်နေတာလဲ။ ကျွန်မတို့က လက်ထပ်ပြီးနေပြီးကို ဘာလို့ဒီအိမ်မှာ ဆက်နေခိုင်းတာလဲ...ဟင့်အင်း၊ မဟုတ်ဘူး။ ကျွန်မတို့က ရှင့်အိမ်ကို ပြောင်းမှာလေ…”
Space and Rebirth 543
Trans: Esth
အမျိုးသားမှ ပြုံးလိုက်၏။ သူ၏ အပြုံးမှာ အနည်းငယ် ပေါ့ပြက်ပြက်နိုင်ပြီး ယုတ်မာ ပက်စက်သော အပြုံး ဖြစ်သည်။
သူသည် ရှောင်ချင်းအား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်သည်။
“ငါ့အိမ်တဲ့လား။ ဒီနေရာက ငါ့အိမ်ပဲလေ”
“ဟင့်အင်း၊ အဲ့လိုမဟုတ်ဘူး။ ရှင် သေချာပြောခဲ့တာက...”
သူမသည် စကား မဆုံးသေးခင်တွင် ကြက်သေသေသွား၏။
“ရှင်က လူလိမ်လား”
အမှန်အတိုင်း ပြောရလျှင် သူသည် ဘာကိုမျှ မပြောခဲ့ဖူးချေ။ သူသည် ဝတ်ကောင်းစားလှဖြင့် ကားကောင်းကောင်း စီးခဲ့ရုံသာ ရှိ၏။ ကျန်သောအရာများမှာ သူမအား သဲလွန်စ အရိပ်အမြွက်သာ ပေးခြင်း ဖြစ်သည်။ ဥပမာပြရလျှင် သူသည် ဤနေရာကို သူ၏ မွေးရပ်မြေ ဖြစ်ပြီး သူ အောက်ခြေမှစတင်ခဲ့သောနေရာဟု ပြောခဲ့သော်လည်း သူလက်ရှိ နေထိုင်သောနေရာကိုမူ မပြောခဲ့ဖူးချေ။
သူတို့ တွေ့သည့်အချိန်တိုင်း ရှောင်ချင်းသည် သူ့အား ဖားယားသည့် ကိစ္စဖြင့် အလုပ်ရှုပ်နေဆဲသာဖြစ်သည်။ ကျန်အချိန်များတွင် စကားပြောခဲကြပေသည်။ သူမသည် ဘာကိုမျှ သေချာမသိခဲ့သော်လည်း သံသယ လုံးဝမဝင်ခဲ့ချေ။
'ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ အားလုံးက အလိမ်အညာတွေလား?'
ရှောင်ချင်း၏ နှလုံးသား တုန်ယင်နေ၏။ သူမအရှေ့ရှိ ယောက်ျားအား သံသယများ၊ အကြောက်တရားများ ရောပြွန်းနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အထူးသဖြင့် အစောပိုင်းက ဤလူပြောလိုက်သော စကားအား တွေးလိုက်လျှင် သူမသည် ထိတ်လန့် တုန်လှုပ်သွားလေ၏။
“ကျွန်မကို ဘာလုပ်စေချင်တာလဲ...ကျွန်မ ဘာလုပ်ပေးရမှာလဲ...”
“ငါ မင်းကို ဘာလုပ်စေချင်ရမှာလဲ၊ ဟုတ်လား။ မင်းက အခု ငါ့မိန်းမ ဖြစ်နေပြီလေ။ ဘာလုပ်စရာကျန်သေးလဲ။ ဒီနေ့ကစပြီး မိသားစုကို ထောက်ပံ့ရမယ့် တာဝန်က မင်း၊ တာဝန်ပဲ။ မမေ့လိုက်နဲ့ မင်း ငါ့ကို ယွမ် သုံးသောင်း အကြွေးတင်နေတယ်လေ။ ပြီးတော့ ရဲတွေ ဘာတွေခေါ်ပြီး ထွက်ပြေးဖို့လည်း မစဥ်းစားနဲ့။ အကျိုး မရှိဘူး။ ဒီလမ်းက မသန့်တာကို ရဲတွေလည်း ကောင်းကောင်းသိထားတယ်။ ဘယ်သူမှ သူများ ကိစ္စကို ဝင်ရှုပ်ရတာ မကြိုက်ဘူး။ ပြီးတော့ မင်းက ငါ့မိန်းမ ဖြစ်နေပြီ။ အရင်တုန်းက မင်းကိုယ်မင်း ရောင်းစားတုန်းက ငါမင်းကို မမုန်းခဲ့ဘူး။ မင်း အခု ထွက်ပြေးပြီး ငါက အတင်းအကြပ်လုပ်ခိုင်းတယ်လို့ ပြောရင်တောင် မင်းကို ဘယ်သူယုံမှာလဲ”
ကျောက်ချင်းသည် ပြောပြောဆိုဆိုဖြင့် လက်ကိုလှမ်းကာ ရှောင်ချင်း၏ အင်္ကျီများကို ဆွဲချွတ်လိုက်၏။
“ဒီလို မဖြစ်နိုင်ဘူး။ ထွက်သွား၊ ရှင်က ဘယ်သူလဲ။ ရှင်က ကျောက်ချင်း မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး”
ရှောင်ချင်း အော်ငိုလိုက်၏။
'ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ ကြိုက်ခဲ့တဲ့ ယောက်ျားက အရမ်း ထူးချွန်တာ။ သူလို လူမျိုးက ဒီလို....နှာဘူးမျိုး ဖြစ်နေခဲ့တာလား'
“ငါက ကျောက်ချင်းပဲလေ။ အာ၊ ပြောဖို့ မေ့တော့မလို့။ ဒီအိမ်ကို ငါ့မိဘတွေဆီက အမွေရထားတာ ဟုတ်တယ်။ ငယ်ငယ်တုန်းက ငါ လူတစ်ယောက်ကို မတော်တဆသတ်မိလို့ ထောင်ထဲမှာ အကြာကြီး နေလိုက်ရတယ်။ ငါ့ကိုယ်ငါ ကြိုးစား ပြုပြင်ပြီးတော့ ထောင်ထဲက ထွက်လာခဲ့တာ။ စိတ်မကောင်းစရာက ငါ့မိဘတွေလည်း ငါ့ကြောင့် ဒေါသထွက်ရင်း သေသွားကြပြီ။ ဒီအိမ်မှာ ငါအပြင် တခြားလူတွေ မရှိဘူး။ အဲ့တော့ ရှေ့လျှောက် ငွေရှာတာက လွဲရင် မင်း ငါ့ကို ပြုစုဖို့ပဲလိုတယ်”
ဟု ကျောက်ချင်း ပြောလိုက်၏။ ကျောက်ချင်းပြောလိုက်သည်မှာ အမှန်တရားများ ဖြစ်သည်။
သူသည် ဆယ်ကျော်သက် အချိန်တွင် ရန်ပွဲ တစ်ခုထဲ ပါဝင်မိပြီး လူ တစ်ဦးအား သေစေခဲ့၏။ ထိုအချိန်မှစ၍ သူသည် ထောင်ထဲတွင် ပြစ်ဒဏ်ကျနေခဲ့သည်။ ထောင်ထဲမှ ထွက်လာသည်မှာ လပိုင်းသာ ရှိသေးသောကြောင့် သူသည် အလုပ်လည်း မရှာနိုင်ကာ ဝင်ငွေ မရှိခဲ့ချေ။ ထို့အပြင် သူသည် ရင်ထဲတွင် အမုန်းတရား တစ်ခု ကိန်းဝပ်နေခဲ့သည်။
ထိုအချိန်မှစ၍ သူသည် ဟိုသွား ဒီသွားဖြင့် အလေလိုက်နေခဲ့သည်။ သူ၏ ရုပ်ရည်မှာ မဆိုးလှသောကြောင့် သူသည် လူများအား လိမ်စားရင်း အသက်ရှင်ခဲ့၏။ အကြင်နာတရား ကင်းမဲ့သောသူလည်း ဖြစ်သဖြင့် သူသည် ခိုးဆိုး လုယက်ကာ နောက်ဆုံးတွင် ဟွားကျဲကို ရန်စမိပြီး သေမလိုဖြစ်သည်အထိ အရိုက်ခံလိုက်ရလေသည်။ မကြာမီတွင် ရုပ်ရည် မဆိုးလှဘဲ သရုပ်ဆောင်တတ်သောသူကို ကျင်းယွင်ကျောင်းမှ လိုချင်ခဲ့သောကြောင့် ဟွားကျဲသည် သူ့အား ရှာပေးလိုက်ခြင်း ဖြစ်သည်။
သူသည် ငွေရသော အလုပ်နှင့် အမျိုးသမီး တစ်ဦးအား ရှာနိုင်ခဲ့သည် ဖြစ်၍ သေချာပေါက် ပျော်နေခဲ့ပေသည်။ အထူးသဖြင့် ရှောင်ချင်းကဲ့သို့ မိန်းမလှမျိုးနှင့်ဆိုလျှင် သူသည် ဤအလုပ်အား လက်မခံခဲ့ပါက နှမြောစရာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် သူ၏ ရုပ်ရည်မှာ မဆိုးလှသော်လည်း သူသည် ဇနီးလောင်းရှာရန် ခက်ခဲပေသည်။ မိသားစုအား ထောက်ပံ့ပေးမည့် ဇနီးသည် ဖြစ်ရန်လည်း လိုပေးသေးသည်။ စဥ်းစား ကြည့်လိုက်သောအခါ ရှောင်ချင်းသည် အသင့်တော်ဆုံးဖြစ်၏။
သူမ မည်ကဲ့သို့ နည်းလမ်းဖြင့် ပိုက်ဆံရှာပါစေ သူ့အား ပြန်ထောက်ပံ့နိုင်သရွေ့ ၎င်းမှာ အရေးမကြီးပေ။
ကျင်းယွင်ကျောင်း မျက်လုံးထဲတွင် ဤသည်မှာ အောက်တန်းစား နှစ်ဦး၏ ပေါင်းဖက်မှုမျိုးသာဖြစ်သည်။ ဤပေါင်းဖက်မှုမှ ကောင်းသောအရာထွက်မလာနိုင်ချေ။
ယခု ကျောက်ချင်းထံမှ ထိုစကားများ ထွက်လာသည်ဖြစ်၍ ရှောင်ချင်းသည် ကြက်သေသေသွား၏။
'လူသတ်သမား'
သူမသည် ကြောက်လွန်းသဖြင့် တုပ်တုပ်မျှ မလှုပ်ရဲချေ။ သူမသည် ကျောက်ချင်းအား သူမ ခန္ဓာကိုယ်ကို စော်ကားခွင့် ပြုလိုက်သည်။ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူ၏ မျက်နှာဖုံး ကွာကျမှုကြောင့် ရှောင်ချင်းသည် ရွံရှာသော ခံစားချက်သာ ရှိပြီး ပျို့အန်နေချင်မိ၏။
သူမ အဘယ်သို့ ဤကဲ့သို့ ဘဝမျိုးဖြင့် အသက်ရှင်နေရသနည်း။
ရှောင်ချင်း စိတ်ထဲတွင် မုန်းတီးမှုများ၊ ဇဝေဇဝါဖြစ်မှုများ ရောထွေးနေသည်။ ကျောက်ချင်းသည် သူမအား အတွင်းခန်းထဲတွင် သော့ခတ်ထားလိုက်၏။ ထို့နောက် သူသည် တစ်နေရာမှ ရှည်လျားသော သံချိန်းကြိုး တစ်ခုကို ယူဆောင်လာကာ သူ အပြင်ထွက်သည့် အချိန်တိုင်း ရှောင်ချင်းအား ၎င်းဖြင့် ချည်နှောင်ထားလေတော့သည်။
Space and Rebirth 544
Trans: Esth
ရှောင်ချင်းသည် ကျောက်ချင်း၏ လိင်ကျွန်လုံးလုံးဖြစ်နေလေပြီ။ ညတိုင်းဆိုသလို ကျောက်ချင်းသည် သူကိုယ်တိုင် ချစ်တင်းနှောရန် ကြိုးစားသည်သာမက အခြားလူများကိုလည်း ခေါ်လာတတ်သည်။
ကျောက်ချင်းသည် သူမ ဓာတ်ပုံအား ရိုက်ထား၏။ ဓာတ်ပုံထဲတွင် သူမသည် လှပ ချောမောနေကာ ချိုသာသော အပြုံးကို ဆင်မြန်းထားသည်။ ဤဓာတ်ပုံကို ကြည့်ပြီး ယောက်ျားများစွာသည် သူမအား ကိုယ်တိုင် လာကြည့်ကြလေသည်။
ရရှိသမျှ ဝင်ငွေ အားလုံးသည် ကျောက်ချင်းအိတ်ကပ်ထဲသို့သာ ဝင်သွား၏။ စားစရာ၊ သောက်စရာမှအပ ရှောင်ချင်းတွင် လူ့အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးနေခဲ့သည်။
ဤအခြေအနေသည် နောက်တစ်လထိ ဆက်သွားနေခဲ့ပြီး ရှောင်ချင်း ရာသီ မလာတော့သည့်အချိန်မှ ရပ်သွားခဲ့၏။
သူမတွင် ကိုယ်ဝန် ရှိနေသည်ကို သိလိုက်ရသောအခါ ကျောက်ချင်းသည် ပိုကြမ်းတမ်းသွားသည်။ သူသည် ကလေးအား ဖျက်ချရန် လိုအပ်သည့် ဆေးများကို တန်းဝယ်လိုက်၏။
ဤကလေးအား မွေးရန် မဖြစ်နိုင်ပေ။ ကျောက်ချင်းသည် စိတ်ကြွဆေးအချို့ကို လူပေါင်းစုံမှ ဝယ်ထားခဲ့၏။ ဤကလေးသာ လူ့လောကထဲ ရောက်ရှိလာလျှင် ပြသာနာသည် သေးလှမည် မဟုတ်ချေ။ အမိဝမ်းတွင်းထဲတွင်ပင် သေဆုံးသွားနိုင်သည်။
ကိုယ်ဝန် ဖျက်ချပြီးနောက် ရှောင်ချင်းသည် အနည်းငယ် သတိလစ်ဟင်းသလို ဖြစ်သွားသည်။
ယခင်က သူမသည် အော်ဟစ်ခုခံရန် အသိရှိသေးသော်လည်း ယခုမူ သူမသည် အနည်းငယ် ထုံသွားချေပြီ။
ကလေးအကြောင်း ပြန်တွေးလိုက်လျှင် သူမသည် မည်သူ၏ ကလေးမှန်းပင် မသိပါချေ။ မုံ့လင်း၏ ကလေး ဖြစ်နိုင်သလို ကျောက်ချင်းနှင့် ဟူချန်းတို့၏ ကလေးလည်း ဖြစ်နိုင်ပေသည်။ သူမကိုယ်ကို ရောင်းစားထားသော ဖောက်သည် တစ်ဦးဦးဆီမှ ကလေးပင် ဖြစ်နိုင်၏။
ကျောက်ချင်း သူမအား ဝယ်လာပေးခဲ့သောဆေးသည် ဘေးထွက် ဆိုးကျိုး ရှိပေသည်။ သူမသည် ၎င်းကို သောက်လိုက်သည်နှင့် ချက်ချင်းပင် သွေးများ ဆင်းတော့သည်။ ထိုအချိန်မှသာ ရှောင်ချင်းအား ဆေးရုံသို့ ပို့လိုက်ရသည်။
ရှောင်ချင်းသည် အခြားလူများအား အကူအညီတောင်းခံချင်ခဲ့သော်လည်း သူမသာ တစ်ခုခုပြောခဲ့လျှင် သတ်ပစ်မည်ဟု ကျောက်ချင်းက ခြိမ်းခြောက်ထားလေသည်။ ခြိမ်းခြောက်ခံရပြီးနောက် သူမသည် အခြားသူများအား ဖြစ်ရပ်မှန်ကို မပြောနိုင်တော့ချေ။ ထို့အပြင် ကျောက်ချင်းသည် ဆေးရုံသို့ လာစဥ်က နူးညံ့ညင်သာသော ပုံစံဖြင့် ဟန်ဆောင်ထားခဲ့၏။ သူ၏ မိန်းမသည် ယခင်က မကောင်းသော နေရာ၌ အလုပ် လုပ်ခဲ့ဖူးသည်ဟု ကျန်လူများအား ပြောပြထားသေးသည်။ သူမသည် ဆေးများကို မဆင်မခြင် သုံးခဲ့ရုံမက အခြားလူတစ်ယောက်၏ ကလေးအားလည်း လွယ်ထားသည်ဟု ကျောက်ချင်းမှ ပြောလိုက်သောအခါ ဆရာဝန်များနှင့် သူနာပြုများသည် သူမအား အထင်သေးဟန်ဖြင့် ကြည့်လိုက်ကြ၏။ မည်သူမျှသူမအား စကား မပြောချင်ကြပါချေ။
သူမ အသက်အား ကယ်ရသည်မှာ လွယ်ကူသည် မဟုတ်သော်လည်း ရှောင်ချင်းသည် သူမ၏ ယခင်ဘဝအတိုင်း ပြန်နေရမည် ဖြစ်သည်။
သို့ရာတွင် ကျောက်ချင်း၏ ယခင် စည်းရုံးသိမ်းသွင်းစဥ်ကနှင့် ယှဥ်လျှင် ရှောင်ချင်းသည် ခိုင်းသမျှ လုပ်လာပြီ ဖြစ်ကာ ကျောက်ချင်းဆီမှ ကောင်းကောင်း ဆက်ဆံခံရရန် ကြိုးစားနေလေ၏။
သူမ ယခင်က သောက်ထားသော ဆေးကြောင့် အနာဂတ်တွင် ကလေး ရနိုင်တော့မည် မဟုတ်ဟု ဆေးရုံမှ လူများက ဆုံးဖြတ်လိုက်သည်။ ရှောင်ချင်းသည် ဝမ်းနည်းရမည်လော၊ ဝမ်းသာရမည်လောပင် မသိတော့ပါချေ။
သူမ ရင်ထဲမှာ အမုန်းတရားသည် ဘယ်သောအခါမှ ကွယ်ပျောက်သွားခြင်း မရှိသော်လည်း ယခု သူမသည် မည်သူ့ကို မုန်းတီးရမည်ကိုပင် မသိတော့ချေ။
လ အနည်းငယ် ကြာသော် ရှောင်ချင်း၏ အသွင်အပြင်သည် ယခင်က အတိုင်း ရိုးသား ဖြူစင်ပြီး ချစ်စရာ ကောင်းသောရုပ် မဟုတ်တော့ချေ။ သူမ မျက်နှာပေါ်တွင် အရေးကြောင်းများပါ ထွက်လာသောကြောင့် စိတ်မနှံ့သူ တစ်ဦးနှင့် တူနေသည်။ သူမ ခန္ဓာကိုယ်တွင်လည်း အမာရွတ်ပေါင်းများစွာ ရှိနေ၏။ အချို့မှာ ဖောက်သည်များက သူမအား ကြာပွတ်ဖြင့် ရိုက်ရာမှ ဖြစ်ပြီး၊ အချို့မှာ ဖယောင်းတိုင် သို့မဟုတ် ဆေးလိပ်ဖင်တို့နှင့် မီးစက်တို့ရာများ ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းဆိုလျှင် စုတ်ပြတ်သတ်နေပြီဖြစ်သည်။
ထိုမျှမက ရှောင်ချင်းသည် သူမ ခန္ဓာကိုယ်၌ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ ကျောက်ချင်းအား အချိန်ကြာမြင့်စွာ အသနားခံပြီးနောက် သူမသည် ဆေးရုံတွင် သွားရောက်စစ်ဆေးရန် အခွင့်အရေး ရရှိခဲ့သည်။ သို့ရာတွင် သူမ သိလိုက်ရသည်မှာ သူမသည် လိင်မှ တဆင့် ကူးစက်သောရောဂါတစ်မျိုးကို ရရှိနေပြီ ဖြစ်၏။
ထိတ်လန့် တုန်လှုပ်မှုက သူမ တစ်ကိုယ်လုံး ပြည့်နှက်သွားသည်။ သူမ၏ ရှည်လျားလှသော ဘဝသည် အမြဲတစေ မှောင်မိုက် ဖုံးလွှမ်းနေသလိုပင်။
ဆေးရုံမှ ပြန်လာပြီးနောက် ကျောက်ချင်းမှ သူမအား ဖိနှိပ်နေသေးသည်ကို မြင်လိုက်ရသည်။ နောက်ဆုံးတွင် သူမသည် သစ်သီးလှီး ဓားတစ်ချောင်းကို ယူကာ သူ့အား ထိုးစိုက်လိုက်လေသည်။
လွန်ခဲ့သော လပိုင်းခန့်က သူမသည် မည်သူ့ကိုမှ မသတ်ခဲ့ကြောင်းဟု ရဲအရာရှိများအား ဖန်တရာတေအောင် ပြောနေခဲ့သည်။ သို့သော် ယခု သူမသည် လူတစ်ယောက်အား သတ်ပြီးပြီးချင်းတွင် ထိုဓားဖြင့် ရဲစခန်းအား တန်းသွားလိုက်၏။ သူမသည် ရူးသွပ်နေသည့် ပုံစံဖြင့် အော်ဟစ်လိုက်သည်။
“ငါ လူသတ်လိုက်တယ်။ ငါ့ကို မြန်မြန် လာဖမ်းကြ၊ ငါ တကယ် လူသတ်လိုက်တယ်။ ကျောက်ချင်း သေပြီ”
လပိုင်းခန့် စစ်ကြော မေးမြန်းခံရပြီးနောက် ဘဝအတွက် မျှော်လင့်ချက် ပျောက်ဆုံးသွားသော သူမသည် ထောင်ထဲသို့ အပို့ခံလိုက်ရပေသည်။
သို့ရာတွင် ထောင်ထဲရှိ ဘဝမှာလည်း လွယ်ကူလှသည် မဟုတ်ပေ။ မည်သူက ရှောင်ချင်းအား အမျိုးသမီးများ အမုန်းဆုံးသော အလုပ်ကို လုပ်ခိုင်းခဲ့သနည်း။
ထောင်သား အများစုသည် အပြင်ဘက်တွင် မယားငယ်များကြောင့် အိမ်ထောင်ရေး ပျက်စီးခဲ့ရသည်ဖြစ်ရာ ဤကဲ့သို့ ပြန်လမ်း မရှိသော လမ်းစဥ်ကို ရွေးချယ်ခဲ့ကြသော အကြောင်းရင်းလည်းဖြစ်၏။ ထို့ကြောင့် ရှောင်ချင်းသည် ထောင်ထဲသို့ ဝင်သွားသည်နှင့် အဆုံးမသတ်နိုင်သော နှိပ်စက်မှုများသည် တစ်ဖန် ပြန်လည် စတင်ခဲ့လေသည်။