← Chapters

အခန်း (၅၄၅-၅၄၈)

Vol. 28 Ch. 545-548

အခန်း (၅၄၅-၅၄၈)

Vol. 28 Ch. 545-548

Space and Rebirth - 545

Trans: Esth

ရှောင်ချင်း၏ ကံအကြောင်း မလှမှုသည် အစမှအဆုံး ကျင်းယွင်ကျောင်း စီစဥ်ထားခြင်း ဖြစ်၏။ ရှောင်ချင်းမှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် ထောင်ထဲရောက်သွားကြောင်း သူမ ကြားလိုက်ရသောအခါ စိတ်သက်သာရာရသွားသည်။

သူမသည် အရက်စက်ဆုံး နည်းလမ်းဖြင့် အမျိုးသမီး တစ်ယောက်အား ထိခိုက် နာကျင်ရန် လုပ်ဖို့ မပြောနှင့် မည်သူကိုမျှ ထိခိုက်လိုစိတ် မရှိခဲ့ပေ။ သို့ရာတွင် ရှောင်ချင်းအတွက်မူ သူမသည် ရက်စက်မှ ဖြစ်ပေမည်။

ထိုအမျိုးသမီးသည် အတိတ်က ဟုန်ဝမ်ထက်ပင် ဆိုးသေးသည်။ ဟုန်ဝမ်မှာ လူဆိုးတစ်ယောက် ဖြစ်သော်လည်း သူမသည် မိမိကိုယ်ကို အခြားသူများထက် မြင့်မြတ်သည်ဟု ထင်ပြီးရင်း ထင်နေခဲ့သည်။ ထို့အပြင် ရှောင်ချင်းမှာ အရူးမ တစ်ယောက်နှင့် တူလောက်သည်ထိ ဆိုးပေသည်။ သူမသည် စူးချူအား ပြန်ပေးဆွဲရန် ဟူချန်းအား ကူညီခဲ့သော်လည်း ကူကယ်ရာမဲ့နေသော လူပုံစံဖြင့် အခြားသူများအား ရင်ဆိုင်ရဲသေးသည်။

ဤလူမျိုးသည် ကျိုးကြောင်းပြ ပြော၍ မရပေ။ တစ်လောကလုံးမှ လူများက သူမအား အကြွေးတင်နေသလို ပြုမူနေလေသည်။

ထိုသို့ဆိုလျှင် သူမအား ကံတရားကို အပြစ်ပုံချခွင့်ပေးလိုက်မည်။

ရှောင်ချင်း၏ စိတ်ဓာတ်ကျစရာ နေ့ရက်များတွင် အပြင်ဘက်တွင်လည်း ကြီးမားသော ဖြစ်ရပ်များ ဖြစ်နေလေသည်။

နင်းမြို့တော်၏ ခေါင်းဆောင် ပြိုလဲမှုကြောင့် မြို့တော်ထဲရှိ တပ်ဖွဲ့များ အားလုံး ရှင်းလင်းခံရလိုက်၏။ ဒုတိယမြို့တော်ဝန် လုမှ ခေါင်းဆောင်နေရာကို အောင်အောင်မြင်မြင် ယူလိုက်လေသည်။ မုံ့မိသားစုမှာမူ အတိတ်မှ အရာတစ်ခုသာသာ ဖြစ်နေချေပြီ။

နင်းမြို့တော်ထဲရှိ မိသားစုကြီးများသည် မုံ့မိသားစုမှ လူတစ်ဦးအား စော်ကားခဲ့မှန်း သိသော်လည်း အကြောင်းရင်းကို အသေးစိတ် မသိချေ။ မုံ့မိသားစုအား ဒုက္ခပေးရန် ကောင်းကင်မှ တန်ခိုးရှင်တစ်ဦး ဆင်းသက်လာသကဲ့သို့ပင် အချိန်တိုအတွင်းတွင် မုံ့မိသားစု၏ အာဏာနှင့် ရာထူးများသည် ပျောက်ကွယ်သွားပေသည်။

မုံ့လင်း ဖခင်၏ ရဲဘော် ရဲဘက်များမှာလည်း နားလည်မှု တစ်ခုဖြင့် ပေါ်မလာကြတော့ချေ။ အချို့လူများသည် စစ်ကြောရေးကပင် အခေါ်ခံရကြသည်။ လက်တလောတွင် မုံ့မိသားစုနှင့် ပတ်သတ်သမျှလူတိုင်း အန္တရာယ်ထဲ ကျရောက်နေပေသည်။

သို့သော် ကံကောင်းစွာဖြင့် အခြေအနေများအားလုံး ငြိမ်သက်သွားသော တစ်ချိန် ရောက်ရှိလာခဲ့သည်။

မုံ့မိသားစု၏ အခြေအနေသည် ကျင်းယွင်ကျောင်းအား အနည်းငယ်မျှပင် မထိခိုက်ချေ။ သူမသည် ၎င်းကိစ္စအား ပါဝင်ထားခြင်းပင် မရှိ။

သူမသည် ကျောင်း၏ သြဇာ အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေသေး၏။

သို့သော် ယနေ့တွင် အတန်းထဲ၌ အလွန်တရာ စိတ်လှုပ်ရှားဖွယ် အရာတစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းဖြစ်ရပ်မှာ အစားထိုး ဆရာ ပြောင်းလဲသွားခြင်း ဖြစ်၏။

ကျီသာ့ယုန်းသည် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းထံ ပြေးသွားကာ ဟန်ပန်မူရာဖြင့် ပြောလိုက်သည်။

“အသစ်လာတဲ့ ကာယဆရာက ယောက်ျားလို့ ငါကြားတယ်။ သူက အရမ်းချောတယ်တဲ့။ ကျောင်းက ဆရာမတွေ အားလုံး သူ့ကိုမျက်စိကျနေကြတာလေ”

ကျင်းယွင်ကျောင်း ပြုံးလိုက်သည်။ အတန်းတိုင်းသည် တစ်ပတ်လျှင် ကာယချိန် နှစ်ချိန်သာ ရှိပြီး အတန်း ၁ ဆိုလျှင် သူတို့ စာသင်နှစ် တစ်တန်းလုံး၏ ထိပ်သီး ကျောင်းသားများသာ စုထားသောအခန်း ဖြစ်၏။ ကျောင်းသည် ထိုကျောင်းသားများ၏ ပညာရေးကို အလွန် ဦးထိပ်ထားသောကြောင့် ကာယချိန်ကို အခြားဆရာများက ဝင်သင်သွားလေ့ရှိသည်။ ထို့ကြောင့် ဆရာ အသစ်သည် မည်မျှပင် ချောမောနေစေကာမူ သူတို့သည် ထိုဆရာအား ကြာကြာတွေ့ရမည် မဟုတ်သောကြောင့် စိတ်လှုပ်ရှားစရာလည်း မရှိချေ။

ရှောင်ဟိုင်ချင်းမှာမူ စိတ်ဝင်စားပုံပင် မပေါ်ချေ။

“ငါတို့ အတန်းပိုင်ဆရာသာ နည်းနည်းချောရင် ကောင်းမယ်ဆိုပေမယ့် ကာယဆရာတဲ့လား။ အဲဒါ ငါတို့နဲ့ ဘာဆိုင်လဲ”

အခြားအတန်းများသာ ကာယချိန်တက်ရသည် မဟုတ်လော။ သူမသည် အထက်တန်းကျောင်း၏ တတိယနှစ်သို့ ရောက်နေပြီ ဖြစ်သောကြောင့် သူမ၏ ကျန်ရစ်သော အချိန်များကို ကျောင်းမှ ညှစ်သုံးနေလေပြီ။

ကျီသာ့ယုန်း မျက်စောင်းထိုးလိုက်သည်။

“ငါ့ ဦးလေးက အသက်ကြီးနေပြီဆိုပေမယ့် ငယ်တုန်းကတော့ တော်တော်ချောပါတယ်နော်...”

“ဒါနဲ့ ကာယဆရာအသစ်က အရမ်းစည်းကမ်းကြီးတယ်လို့ ဦးလေးဆီက ကြားလိုက်တယ်။ သူက ကျောင်းသားတွေရဲ့ ကျန်းမာရေးကို တအားဂရုစိုက်တယ်တဲ့။ နောက်ကျရင် ငါတို့ကိုပါ ကာယသင်ခန်းစာတွေ ပြန်သင်မယ် ထင်တယ်...”

သူသည် ဆရာကျီ၏ တူဖြစ်သောကြောင့် သူ၏ စကားတွင် အမှန်တရားတချို့ပါဝင်ပေသည်။

ကျင်းယွင်ကျောင်းနှင့် အခြားသူများသည် အံ့အားသင့်သွားသော်လည်း အနည်းငယ်လည်း စူးစမ်းချင်မိသွားကြ၏။

စည်းကမ်းကြီးသော ကာယဆရာဆိုသည်မှာ ရှားပါးလှသည် မဟုတ်လော။ သူသည် ကျီသာ့ယုန်း ပြောခဲ့သလိုပင် အမျိုးသမီးများ ထအော်လောက်သည်ထိ ခန့်ညားပေသလောကိုမူ သူတို့သည် မသိကြချေ။

ထင်ထားသည့်အတိုင်းပင် စတုတ္ထအချိန်၌ သူတို့အား ကိုယ်ပိုင် စာလုပ်ချိန်ပေးသည်ဟု မည်သည့်ဆရာမှ လာမပြောကြပေ။ ကျောင်းသားများသည် လှောင်အိမ်ထဲမှ လွတ်ပြေးသွားသော ငှက်ပေါက်များအတိုင်း အရှေ့သို့ တစ်ဦးပြီး တစ်ဦး အပြေးအလွှား သွားကြလေသည်။

သူတို့သည် ညီညီညာညာ တန်းစီပြီး မော့ကြည့်လိုက်ကြ၏။

မကြာမီတွင် ပိန်ပိန်သွယ်သွယ် လူတစ်ဦးမှ သူတို့ဆီလျှောက်လာသည်ကို တွေ့လိုက်ကြရသည်။ သူ၏ မျက်လုံးများမှာ စေ့စေ့စပ်စပ် အကဲခတ်နေဟန်ရှိပြီး အပြုံး‌ဖျော့ဖျော့ ရှိနေ၏။ သူသည် ဖော်ရွေပုံပေါက်သော်လည်း မည်သည့် အကြောင်းရင်းကြောင့်မသိ ကြောက်မက်ဖွယ် အငွေ့အသက်လည်း ရှိနေလေသည်။

Space and Rebirth - 546

Trans: Esth

ကျင်းယွင်ကျောင်းသည်လည်း အခြားသူများနှင့်အတူ ထိုသူလာရာ နေရာသို့ ကြည့်လိုက်သည်။ သူမ၏ အကြည့်များမှာ ရင်းနှီးနေသော မျက်နှာပေါ်သို့ သက်ရောက်သွားသောကြောင့် သူမနှုတ်ခမ်းစွန်းများ လှုပ်ခါသွားသည်။

'လီရှောက်ယွင်၊

ကာယဆရာအသစ်က လီရှောက်ယွင်ဖြစ်နေတာလား'

ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် ကြက်သေသေသွားသည်။ သူမ သိထားသလောက်ဆိုလျှင် ဤကာယဆရာ နေရာအတွက် တွေ့ကရာလူမှ လျှောက်ထားနိုင်သည် မဟုတ်ပေ။ အထူးသဖြင့် အမှတ် ၁ အထက်တန်းကျောင်းတွင်ဆိုလျှင် ကာယဆရာ မပြောနှင့်၊ ဝင်ပေါက်အားစောင့်သော ကျောင်းလုံခြုံရေးပင်လျှင် အခြားကျောင်းများထက် သတ်မှတ်ချက် ပိုမြင့်ပေသည်။

ကျင်းယွင်ကျောင်း၏ မှုန်တေတေ အကြည့်ကို မြင်လိုက်ရသဖြင့် လီရှောက်ယွင် ဟက်ခနဲ ရယ်လိုက်သည်။ ထို့နောက် သူသည် စကား စပြောလိုက်၏။

“ကျင်းယွင်ကျောင်း၊ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ ကျောင်းသားတွေကို ဦးဆောင်လိုက်”

ကျောင်းသားများသည် အံ့အားသင့်သွား၏။

ယခင်က ကာယဆရာသည်လည်း ကျင်းယွင်ကျောင်းအား သဘောကျခဲ့သည်။ ကျင်းယွင်ကျောင်း၏ အသံသည် ကျယ်လောင် ပြတ်သားပြီး ဆူဆူညံညံ မဖြစ်သောကြောင့် သူမသည် အသင်းကို ဦးဆောင်လေ့ရှိ၏။ ဆရာ ပြောင်းပြီးလျှင်ပင် ကျင်းယွင်ကျောင်းသည် ခေါင်းဆောင် နေရာ၌ ရှိနေဦးမည်ဟု မည်သူက ထင်ခဲ့မည်နည်း။

ထို့အပြင် ဤကာယဆရာသည် အနည်းငယ်ခန့်ညားသော်လည်း...သူ၏ ရုပ်အား ရင်းနှီးနေသည်မဟုတ်လော။

ဤကဲ့သို့ ခန့်ညားသော ယောက်ျားမျိုးကို တွေ့ရန် ခက်ခဲလှသည်။ ထို့မျှမက သူသည် ပါးစပ်ကို ဟသည်နှင့် ကျင်းယွင်ကျောင်းကို ခေါ်လိုက်သည် ဖြစ်ရာ သိပ်မကြာခင်တွင် ကျောင်းသားများသည် လန့်ဖျပ်ပြီး အချင်းချင်း တီးတိုးပြောကြတော့သည်။

“ဒါ...ဒါက ကျင်းယွင်‌ကျောင်းကို ရှာဖို့ ငါတို့ကျောင်းကိုလာခဲ့တဲ့ ရုပ်ချောချော အစ်ကိုကြီး မဟုတ်ဘူးလား”

“ငါ သူ့ကို တွေ့ဖူးတယ်။ သူက ထျန်းရှန်းစားသောက်ဆိုင်ရဲ့ ပိုင်ရှင်လေ။ ငါတို့ အတန်းတွေ မခွဲခင် အတန်းဖော် တစ်ယောက်က ငါ့ကို သူတို့ ဆိုင်မှာ ထမင်းလိုက်ကျွေးဖူးတော့ ငါ အဲ့နေရာမှာ စားဖူးတယ်...”

ချောင်ဝေ့မင်မှ ကျောင်းကို လာပြီး ပြသာနာ ရှာခဲ့စဥ်တွင် လီရှောက်ယွင် ပေါ်လာခဲ့ဖူး၏။ ထိုအချိန်က ကျင်းယွင်ကျောင်းသည် ချောင်ဝေ့မင်အား အသေအလဲ ရိုက်နှက်ခဲ့သည်။ လီရှောက်ယွင်သည် ၎င်းကို မအံ့သြရုံမက အခြားလူတစ်ယောက်၏ ခုံကို လုယူရန် လုပ်သည့် နေရာ၌ပင် ကျင်းယွင်ကျောင်းအား ကူညီပေးခဲ့၏...

အတိတ်မှ အကြောင်းအရာများသည် ခေါင်းထဲတွင် ပေါ်လာပြီ ဖြစ်သောကြောင့် ကျောင်းသားများသည် ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။

ကျင်းယွင်ကျောင်းသည် အတန်းထဲမှ ထွက်ပြီး လီရှောက်ယွင်ရှေ့တွင် ရပ်လိုက်၏။ ဇဝေဇဝါဖြစ်ဟန်ဖြင့် သူ့အား ကြည့်ပြီးနောက် သူမသည် တည်ငြိမ်စွာဖြင့် သွေးပူ လေ့ကျင့်ခန်း လုပ်ရန် ကျောင်းသားအုပ်စုကို ဦးဆောင်လိုက်သည်။

သူမ ကိုယ်လုံးကိုယ်ပေါက်မှာ ပိန်သည့်ဘက် ရောက်သော်လည်း ခန္ဓာကိုယ် အချိုးအစားမှာ အလွန်လှ၏။ သူမ၏ ရိုးရှင်းသော လှုပ်ရှားမှုပင်လျှင် ထူးခြားသော အလှတစ်မျိုးကို ပိုင်ဆိုင်သည်။ လီရှောက်ယွင်သည် ဘေးတွင် ရပ်ကာ သူမအား မျက်ခုံးပင့်ပြီး ကြည့်နေ၏။ သို့ရာတွင် သူသည် ကျောင်းသားများကို ဝေ့ကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းအား စိုက်ကြည့်နေကြသော ကောင်လေးအချို့ကို သူ သတိထားမိလိုက်သည်။

သွေးပူ လေ့ကျင့်ခန်း လုပ်ပြီးနောက် လီရှောက်ယွင်တစ်ခါတည်း ပြောလိုက်သည်။

“မိန်းကလေးတွေအတွက် သုံးပတ်၊ ယောက်ျားလေးတွေအတွက် ဆယ်ပတ်၊ အတန်း မော်နီတာနဲ့ ကျင်းယွင်ကျောင်းက ဦးဆောင်မယ်”

သူသည် ထိုစကားကို ပြောလိုက်သည်နှင့် ကောင်လေးများသည် ချက်ချင်းပင် ညီးတွားသံများ ပြုတော့သည်။

သို့ရာတွင် ဤသည်မှာ အဆုံးသတ် မဟုတ်ပေ။

ဆယ်ပတ်ဆိုသည်မှာ နည်းလှသည် မဟုတ်။ သူတို့သည် ဆယ်ပတ် ပြေးပြီးသည်နှင့် အမောဖောက်နေပြီ ဖြစ်သည်။ အချို့မှာ ပြေးရင်းဖြင့် ခဏခဏလဲကျကြသည်။ လီရှောက်ယွင်မှာမူ အလျင်လိုခြင်း မရှိပေ။ အချို့ကောင်လေးများအတွက် ပြေးနှုန်းကိုပင် မြှင့်ပေးလိုက်သည်။

မိန်းကလေးများ အနားယူနေချိန်တွင် ကျင်းယွင်ကျောင်းသည် မအောင့်နိုင်တော့သဖြင့် သွားမေးလိုက်သည်။

“ရှင် ဘယ်လိုလုပ် ရုတ်တရတ်ကြီး ဆရာဖြစ်သွားတာလဲ”

“မင်း ငယ်တုန်း ရည်းစားမထားဘူးလို့ ကတိပေးခဲ့တာမလား။ အဲ့ကတိကို လာစောင့်ကြည့်ရုံပဲ”

လီရှောက်ယွင်သည် အကြောင်း မရှိဘဲ ပြုံးလိုက်၏။

စစ်ဆေးချက်ရလဒ်များသည် မဆိုးလှပေ။ ယောက်ျားလေး အုပ်စုထဲတွင် အသားဖြူဖြူဖျော့ဖျော့ဖြင့် ကြည့်ကောင်းသူများသည် အလွန်အားနည်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြ၏။ ခန္ဓာကိုယ် တောင့်တင်း ခိုင်မာသောသူများမှာမူ ကြည့်မကောင်းကြချေ။ ကျင်းယွင်ကျောင်းအကြိုက်သည် ဤမျှလောက် ဆိုးနိုင်မည် မဟုတ်။ ထို့အပြင် ယှဥ်စရာအနေဖြင့် သူ ရှိနေသောကြောင့် သူ သဘောကျနေသော အမျိုးသမီးသည် အခြားတစ်ယောက်၏ လက်ထဲသို့ ပါသွားလိမ့်မည်ဟု မထင်ပေ။

“ရှင် ဘယ်လို ဝင်လာတာလဲ။ ကျောင်းက တာဝန်ရှိသူတွေကို အကြပ်ကိုင်ပြီး ဝင်လာတာတော့ မဟုတ်ပါဘူးနော်”

ကျင်းယွင်ကျောင်းသည် အနည်းငယ် အံ့အားသင့်ပြီး သံသယ ဝင်နေ၏။

လီရှောက်ယွင် ဟမ့်ခနဲ အသံပြုလိုက်သည်။ ကျင်းယွင်ကျောင်းမှ သူ၏ သိက္ခာကို စော်ကားလိုက်သလိုပင်။

“မင်း ကျောင်းအုပ်ကို ငါ့ရဲ့ အလုပ်လျှောက်စာတင်လိုက်တော့ ကာယဆရာ လုပ်ပေးဖို့ သူကိုယ်တိုင်ငါ့ကို ချက်ချင်း ခေါ်တော့တာပဲ။ အဲဒါကို ငါ ဘာလုပ်နိုင်မှာလဲ”

ထိုအလုပ်လျှောက်စာသည် သာမန် လူတစ်ယောက်၏ အလုပ်လျှောက်စာနှင့်တော့ လုံးဝကွဲပြား ခြားနားပေသည်။

ဥပမာပေးရလျှင် သူ၏ စစ်တပ်ထဲမှ ရာထူး၊ သူတာဝန်ယူခဲ့သော စစ်ဆင်ရေးများမှအစ သူလာကိုလာရမည့် အကြောင်းရင်းကိုလည်း စီကာပတ်ကုံးရေးထားလေသည်။

Space and Rebirth - 547

Trans: Esth

သို့ရာတွင် လီရှောက်ယွင်သည် ကျင်းယွင်ကျောင်းအား ထိုအရာများကို မပြောတော့ချေ။ သူ့အား အကောင်း မမြင်တော့မည် စိုး၍ ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် သူ့အား သံသယ အကြည့်ဖြင့် ကြည့်ပြီး နှုတ်ခမ်းကို စူလိုက်၏။

“ရှင့်ကို စစ်ဆေးပြီးသွားပြီလား။ ရှင် ဘယ်တော့ အလုပ်ထွက်မှာလဲ။ ရှင့် ညီအစ်ကိုတွေက မြို့တော်ကို ပြန်ပြီးပြီမလား။ သူတို့နဲ့ လိုက်မသွားလို့ရလို့လား”

သူမသည် လီရှောက်ယွင်၏ ဖြစ်တည်မှုကို နားမလည်နိုင်ချေ။ မည်သည့် စစ်ဘက်ဆိုင်ရာ စနစ်မျိုးက သူ့အား အလုပ် မရှိသည့်သူအတိုင်း လျှောက်သွားခွင့်ပြုရသနည်း။

“မင်း ၁၈ နှစ်ပြည့်တဲ့ထိ ငါ စောင့်ရမှာမလား”

လီရှောက်ယွင်သည် လုပ်သင့်သည့် အလုပ် တစ်ခုကို ရှင်းပြနေသည့်အတိုင်း သူမအား ပြောလိုက်၏။

သူသည် စကား ပြောရင်းဖြင့် သူမ ဆံပင်ကို ပွတ်သပ်လိုက်ကာ ပြုံးလိုက်သည်။

“ငါ မင်းကို ပြောဖို့ မေ့နေတာ။ ငါက အခု မင်းရဲ့အုပ်ထိန်းသူပဲ။ လုံးဝ ဖြစ်သင့်တဲ့ကိစ္စပေါ့”

ကျင်းယွင်ကျောင်း သူ့အား စိုက်ကြည့်လိုက်၏။

“ရှင် ဘာပြောတာလဲ”

“တကယ် ပြောနေတာ။ အရင်တုန်းက မင်းအုပ်ထိန်းသူက ချောင်မိသားစု ဖြစ်ပြီး နောက်ပိုင်းကျ ကျောင်းနဲ့ မြို့တော် ကော်မတီရဲ့လက်ထဲရောက်သွားပေမယ့် သူတို့ အားလုံးက မင်းကို နည်းနည်းမှ ဂရုစိုက်ကြတာ မဟုတ်ဘူး။ အဲ့တော့ မင်းရှေ့လျှောက် အနိုင်ကျင့်မခံရအောင် ကောင်းကောင်း ဂရုစိုက်ပေးဖို့ ငါကပဲ တာဝန်ယူလိုက်တာ။ မကောင်းဘူးလား”

လီရှောက်ယွင် ဆက်ပြောလိုက်သည်။

ဤသည်မှာ အုပ်ထိန်းသူ ပြောင်းလဲခြင်းသာဖြစ်သည်။ ကျင်းယွင်ကျောင်းတွင် မိဘဆွေမျိုး မရှိချေ။ သူ၏ အဆင့်အတန်းဖြင့် အဘယ်သို့မလုပ်ပေးဘဲ နေနိုင်မည်နည်း။

ကျင်းယွင်ကျောင်းသည် လုံးဝ ဆွံ့အသွား၏။

စက္ကန့် အနည်းငယ်ခန့် ကြာပြီးနောက် သူမမျက်မှောင်ကြုတ်လိုက်သည်။

“ရှင် ဘာလုပ်‌နေတာလဲ။ ကျွန်မမှာ အုပ်ထိန်းသူ မလိုဘူး”

ထို့အပြင် ဤအုပ်ထိန်းသူမှာ လီရှောက်ယွင်ဖြစ်နေ၏။

သူတို့ နှစ်ဦး ကြားတွင် မည်သည့်ဆက်ဆံရေးမျိုးမှ မရှိသင့်ပေသည် မဟုတ်လော။

“အားကျောက်၊ မင်းက အခုထိ အသက် မပြည့်သေးဘူး။ မင်းကို ကာကွယ်ပေးဖို့ လူတစ်ယောက်လိုတယ် မဟုတ်ဘူးလား”

လီရှောက်ယွင် ပုံစံမှာ အလွန် ပြတ်သားနေ၏။

“မလိုဘူး၊ လီရှောက်ယွင်”

ကျင်းယွင်ကျောင်းသည်လည်း အနည်းငယ် ဒေါသထွက်နေသည်။ ဤလူသည် အဘယ်ကြောင့် ဤသို့လုပ်နေရသနည်း။ သူမ၏ ဆန္ဒကို ဂရုမစိုက်ဘဲ တိုက်ရိုက် ဆန့်ကျင်နေသည် မဟုတ်ပါလော။

“အားကျောက်၊ မင်း ဒေါသ ထွက်နေတာလား”

လီရှောက်ယွင်သည် ချက်ချင်းပင် မှိုင်ကျသွားပြီး မျက်နှာမကောင်း ဖြစ်သွားသည်။

“မင်းရဲ့ အုပ်ထိန်းသူအနေနဲ့ နောက်ပိုင်းကျရင် တရားဥပ‌ဒေနဲ့အညီ မင်းကို ကူညီပေးလို့ရတယ်။

မိဘဆရာ တွေ့ဆုံပွဲတွေမှာလည်း မင်းအတွက် စကားပြောပေးဖို့ လူတစ်ယောက် ရှိလာလိမ့်မယ်။ ငါက လူဆိုး မဟုတ်လို့ မင်း အရှက်ရမယ့်ကိစ္စ လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ ငါက နည်းနည်း အားသန်တာမို့ မင်း ဒေါသ ပေါက်ကွဲချင်ရင် ကူညီပေးလို့ရတယ်။ အခု ငါ ဒီအလုပ်ရသွားပြီဆိုတော့ မင်းကျောင်းမှာ လုံခြုံအောင်လည်း စောင့်ကြည့်ပေးနိုင်တယ်။ အဲဒါတင်မက ငါ့ဘာသာ ငါလည်း ပိုက်ဆံ ရှာနိုင်တာမို့ မင်း ငါ့ကို ရှာကျွေးစရာ မလိုဘူး။ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလား”

သူသည် ထိုစကားကို ပြောလိုက်သောအခါ မသိလျှင် အိမ်စောင့် ခြံစောင့်အနေနှင့် ခွေးတစ်‌ကောင်မွေးရန် သူမအား ပြောနေသလိုပင်။ ကျင်းယွင်ကျောင်းသည် တစ်ချိန်တည်းတွင် ဒေါသထွက်ပြီး အံ့သြမိ၏။

“ကျွန်မတစ်ယောက်တည်း အဆင်ပြေတယ်။ ကျွန်မလည်း အင်အားရှိတာပဲ။ ဘယ်သူမှ ကျွန်မအတွက် တရားမျှတမှု ရှာပေးစရာ မလိုဘူး...”

ကျင်းယွင်ကျောင်း ပြောလိုက်၏။

“မင်း ငါ့ကို မုန်းလို့လား”

လီရှောက်ယွင် စကားဖြတ်ပြောလိုက်သည်။

“ဟင့်အင်း”

'မုန်းတာနဲ့ ဘာဆိုင်လို့လဲ'

ကျင်းယွင်ကျောင်းသည် စကားစ ရှာမရဖြစ်သွားသည်။

လီရှောက်ယွင်သည် ဟမ့်ခနဲ အသံပြုကာ

“အားကျောက်၊ လိမ်တာ မကောင်းဘူးနော်”

ဟု ပြောလိုက်၏။

“လီရှောက်ယွင်၊ ရှင်က စကား အကောင်းကို ပြောလို့ မရဘူး...”

ကျင်းယွင်ကျောင်းသည် ခေါင်းကိုက်လာဟန်ဖြင့် သူမ နဖူးကို တိတ်တခိုး ကိုင်လိုက်၏။

“ဒါပေမယ့် ငါ ဒီကိစ္စတွေကို အပြီးသတ်ပြီးပြီ။ အားကျောက်၊ ငါ ကျန်းမာရေး မကောင်းတာ မင်းလည်းသိပါတယ်။ အနာဂတ်မှာ တစ်မိုးအောက်တည်းနေရမှာမို့ ငါ ပြန်သက်သာလာအောင် မင်း ကူညီပေးလို့ရတယ်လေ...”

လီရှောက်ယွင် ဆက်ပြောလိုက်သည်။

“တော်တော့”

ကျင်းယွင်ကျောင်းသည် သူမ လက်ကို ပင့်လိုက်၏။

“ရှင်နဲ့ တစ်အိမ်တည်း နေမယ်လို့ ဘယ်သူပြောလဲ။ လီရှောက်ယွင်၊ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ မဟုတ်ရင် ရှင့်ဘာသာ ကျွန်မ ကယ်တင်ရှင်ဖြစ်ဖြစ်၊ ဘာကြီးပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး”

“ဒါပေမယ့် ငါက မင်းရဲ့အုပ်ထိန်းသူလေ။ မင်း ငါ့ကိုဒီတိုင်း စွန့်ပစ်လိုက်လို့ မရဘူး...”

လီရှောက်ယွင်သည် အတွေးထဲနစ်မြောသွား၏။

“ဒါမှမဟုတ်...မင်း ငါ့ကို မယုံတာလား”

ကျင်းယွင်ကျောင်း နှုတ်ခမ်းစွန်းများ လှုပ်ခါသွားသည်။

“တော်ပြီ၊ မပြောတော့ဘူး။ ရှင်နဲ့ စကား အကောင်းပြောလို့ကို မရဘူး”

“မင်း ငါ့ကို မုန်းလို့လားလို့”

လီရှောက်ယွင် ဆက်ပြောပြန်သည်။

“မဟုတ်ဘူး”

ကျင်းယွင်ကျောင်း ရူးလေတော့မည်။

“ကျွန်မနဲ့ ဝေးဝေးနေ”

သူမ စိတ်တို၍ မရချေ။ အထူးသဖြင့် လီရှောက်ယွင်သည် ဤမျှလောက် မျက်နှာပြောင်နေချိန်တွင်ဖြစ်၏။ သူသည် စာအုပ် တစ်အုပ်၏ စာမျက်နှာလှန်သည်ထက်ပင် မျက်နှာ အပြောင်းအလဲ မြန်လေသည်။

လီရှောက်ယွင်သည် သူမ၏ စိတ်ဆိုးနေသောမျက်နှာအား ကြည့်ကာ ပြောလိုက်၏။

“အားကျောက်၊ မင်း အခု ငါးပူတင်း လုံးလုံးလေးနဲ့ တူလိုက်တာ”

Space and Rebirth - 548

Trans: Esth

ကျင်းယွင်ကျောင်းသည် သူ့အား ဝေ့ကြည့်လိုက်သည်။ သူမ၏ အေးတိအေးစက်နိုင်သော မျက်နှာသည် ချစ်စဖွယ် အနည်းငယ် ဖြစ်သွားသော်လည်း တစ်ဖက်လူအား သတိထားနေသည့် အရိပ်အယောင်များ ရှိသေးသောကြောင့် လီရှောက်ယွင်၏ အပြုံးသည် ပိုလေးနက်သွား၏။

ကျင်းယွင်ကျောင်းအပေါ်တွင် သူသည် အာဏာသုံး၍ကို မရချေ။

သူမသည် ယခင်ကတည်းကပင် ချော့ပြော၍ ရသော်လည်း ခြောက်ပြော၍ မရပါပေ။ လက်ရှိအချိန်တွင် သူသည် သူမ၏ အုပ်ထိန်းသူအဖြစ် သူမ ဆန္ဒမပါဘဲ လုပ်လိုက်သည် မှန်သော်လည်း အပြင်ပန်းတွင်မူ သူမအား အတင်းအကြပ်သဘောတူခိုင်းလောက်သည်ထိ အာဏာရှိသောသူအဖြစ် နေ၍ မရချေ။ သူမ သဘောတူလာသည်အထိ ချော့ပြောမှ ရလေမည်။ သူ၏ ကိုယ်ပိုင်အားနည်းချက်များကို ထုတ်ပြနိုင်လျှင် အကောင်းဆုံးသာ ဖြစ်သည်။ မဟုတ်လျှင် ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို ငါးပူတင်း လုံးလုံး တစ်‌ကောင် သို့မဟုတ် ဆူးချွန်ထက်ထက်ဖြင့် ဖြူတစ်‌ကောင် ဖြစ်သွားပေမည်။

“လီရှောက်ယွင်”

ကျင်းယွင်ကျောင်း၏ မျက်လုံးများသည် လေးနက်နေသည်။ သူမ ဆက်ပြောလိုက်၏။

“ကျွန်မ ရှင့်ကို စိတ်တိုရ‌အောင် မလုပ်နဲ့နော်”

လီရှောက်ယွင်သည် ယခင်က သူမအား များစွာကူညီပေးခဲ့ဖူး၏။ အထူးသဖြင့် ပေါက်ကွဲမှုဖြစ်စဥ်အပြင် ကျင်းမိသားစု၏ ထူးဆန်းသော မိဘများ ပေါ်ပေါက်လာစဥ်က ဖြစ်သည်။ ဤမျှလောက် အချိန် အတူတူ ကုန်ဆုံးပြီးနောက် လီရှောက်ယွင်အားလည်း သူမ လူများထဲမှ တစ်ဦးအဖြစ် မှတ်ယူနေပြီ ဖြစ်သည်။ အထူးသဖြင့် လီရှောက်ယွင်သည် သူ၏ အသက်ကို စွန့်စားပြီး သူမအား အန္တရာယ်ရန်စွယ်မှ ကာကွယ်ခဲ့စဥ် ထိုအခိုက်အတန့်၌ သူမ၏ ရင်ခုန်သံသည် အနည်းငယ် မြန်သွားကြောင်းကို ဝန်ခံရပေမည်။

သူမသည် ဘဝနှစ်ခုစာ အသက်ရှင်ခဲ့ရသော်လည်း ယခင်ဘဝက သူမအတွက် ရပ်တည်ပေးခဲ့သူ၊ ကာကွယ်ပေးခဲ့သူ မရှိခဲ့ချေ။ ယခု လီရှောက်ယွင်ပေါ်လာပြီ ဖြစ်ရာ သူမ ကျေးဇူးမတင်ဘဲ မနေနိုင်ချေ။

သို့ရာတွင် ကျေးဇူးတင်စိတ်နှင့် အသိအမှတ်ပြုခြင်းဟူသည်မှာ ကွဲပြားသော အရာနှစ်ခု ဖြစ်သည်။

တစ်နေ့တွင် အုပ်ထိန်းသူ တစ်ယောက် ဘွားခနဲပေါ်လာမည်ဟု သူမ မထင်ထားခဲ့ချေ။ ဤသူသည် သူမနှင့် တစ်အိမ်တည်း နေချင်သည်ဟုပင် ပြောနေလေသည်။

သူမ၏ နှလုံးသားထဲတွင် လီရှောက်ယွင်အတွက် နေရာ တစ်နေရာ ရှိသော်လည်း ဤလောကတွင် ရှင်သန်ရန် လီရှောက်ယွင်အား မှီခို အားထားရမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သူမသည် လီရှောက်ယွင်အပေါ် ကျေးဇူးကြွေးတစ်ခု တင်နေပြီး အခွင့်အရေးရှိခဲ့လျှင် သူမ သေချာပေါက် ပြန်ဆပ်ပေမည်။ ထို့ကြောင့် ကျေးဇူးကြွေး ထပ်မတင်လိုတော့ချေ။

ကျင်းယွင်ကျောင်းမှ အတွေးရေယာဥ်ထဲ နစ်မြောနေသည်ကို တွေ့လိုက်သောအခါ လီရှောက်ယွင်သည် သူမ ဒေါသ ပေါက်ကွဲတော့မည် ဖြစ်ကြောင်း သိလိုက်သည်။

သူသည် ခေတ္တမျှ တွေးတောပြီး အလေးအနက်ပြောလိုက်၏။

“အားကျောက်၊ ငါ မင်းကို ကတိပေးတယ်။ မင်းရဲ့ ကိုယ်ရေးကိုယ်တာတွေကို ငါ ဝင်ပါမှာ မဟုတ်ဘူး”

“ငါက အုပ်ထိန်းသူ တစ်ယောက်သာသာပဲ။ မင်းလိုအပ်ရင် ရသင့်တဲ့ အခွင့်အရေးတွေ ရအောင် လုပ်ပေးမယ်။ မင်း ငါနဲ့ တစ်အိမ်တည်း မနေချင်ရင်လည်း...ရတာပဲ”

လီရှောက်ယွင် ပြောလိုက်သည်။

သူသည် စနောက်နေခြင်းသာ ဖြစ်၏။ ကျင်းယွင်ကျောင်း ဒေါသကြီးပုံမျိုးနှင့်ဆိုလျှင် သူမသည် ဘယ်သောအခါမှ သဘော မတူမည်ကို စိတ်ထဲ၌ ကောင်းကောင်း သိနေသည်။

“လီရှောက်ယွင်၊ ရှင်က တကယ် အကျင့်မကောင်းဘူး”

ကျင်းယွင်ကျောင်း ညှစ်ပြောလိုက်၏။

ကျင်းယွင်ကျောင်းသည် သူ့အား ဘာမှလုပ်၍ မရမှန်း လီရှောက်ယွင် သိနေခဲ့သည်။

အမှန်တကယ်ပင် သူမ တားထားသော စည်းများကို ကျော်ခဲ့သော လူသာဆိုလျှင် သူမသည် ထိုသူနှင့် တစ်ပွဲတစ်လမ်းနွှဲလောက်ပြီ ဖြစ်၏။ သို့‌သော် လီရှောက်ယွင်မှာ ထိုသို့ မဟုတ်ချေ။

လီရှောက်ယွင်သည် အပြုံးတစ်ခု ကွေးညွှတ်သွား၏။ နေရောင်အောက်တွင် သူသည် ကျင်းယွင်ကျောင်း အနား ကပ်လိုက်သည်နှင့် သူ၏ အရိပ်သည်လည်း အနည်းငယ် ကွေးညွှတ်သွားသည်။

“အားကျောက်၊ မင်းနဲ့ ပတ်သတ်လာရင်တော့ ငါနည်းနည်း မျက်နှာပြောင်တယ်”

အခြားသူများကိုမူ သူသည် ဤမျှလောက် မတွေးပေးတတ်ချေ။

ကျင်းယွင်ကျောင်း သက်ပြင်းချလိုက်၏။

“ဒီတစ်ခါပဲနော်။ နောက်တစ်ခါကျရင် ကျွန်မနဲ့ ပတ်သတ်တာ တစ်ခုခု လုပ်မယ်ဆိုရင် ပြောပြရမယ်”

“ဟုတ်ပြီ”

လီရှောက်ယွင် ချက်ချင်း ပြန်ဖြေလိုက်၏။ သူ၏ နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားသည်။ တိုက်ပွဲ အောင်မြင်ခဲ့လေပြီ။

“ပြီးတော့ ကျွန်မ အုပ်ထိန်းသူ နာမည်နဲ့ ဘာမှလျှောက်မလုပ်နဲ့”

ကျင်းယွင်ကျောင်း ထပ်ပြောလိုက်သည်။

သူမသည် လူကြီး ဖြစ်ရန် တစ်နှစ်ကျော်ကျော်သာလိုတော့သည် ဖြစ်ရာ အချိန် ကြာမြင့်သည် မဟုတ်၍ သူမအား များစွာ အကျိုးသက်ရောက်မည် မဟုတ်ပေ။ ထို့အပြင် လီရှောက်ယွင်မှာ ချောင်ဝေ့မင်နှင့် မတူချေ။ သူသည် ဤဆက်ဆံရေးအား အသုံးချပြီး သူမအား အမိန့်ပေးခိုင်းစေမည့်လူ မဟုတ်။

“အင်းပေါ့”

လီရှောက်ယွင်သည် ဤအခိုက်အတန့်တွင် အလွန်ပြောရ ဆိုရ လွယ်နေ၏။

ကျင်းယွင်ကျောင်း အနောက်သို့ ပြန်လှည့်ထွက်သွားသည်။ လီရှောက်ယွင်သည် သူ၏ နှုတ်ခမ်းပါးပါးကို အနည်းငယ် စူကာ အတန်းထဲရှိ ကောင်လေးများကို ကြည့်၍ သင်ခန်းစာကို ဆက်လိုက်သည်။

ဤကျောင်းတွင် လီရှောက်ယွင် ရှိလာသောကြောင့် ဆရာမများ၏ ဘဝများသည်လည်း ပို၍ အရောင်အသွေး စုံလာကြသည်။ အထူးသဖြင့် မကြာမီလုပ်တော့မည့် မိဘဆရာ တွေ့ဆုံပွဲတွင် ဖြစ်၏။ လီရှောက်ယွင်သည် ကျင်းယွင်ကျောင်း၏ အစ်ကိုအဖြစ် ပေါ်လာသောအခါ အားလုံး ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြသည်။ ထိုအချိန်မှစ၍ ကျင်းယွင်ကျောင်းအပေါ်တွင် ဆရာမများ၏ ဆက်ဆံပုံများသည် တဖြည်းဖြည်းဖြင့် ဖော်ရွေလာပေသည်။

ဆရာမများတင်မက ကျောင်းသူများပင်လျှင် သူမအား ချည်းကပ်ရန် စိတ်အား ထက်သန်လာကြ၏။ ကျင်းယွင်ကျောင်း၏ အံဆွဲထဲတွင် ရည်းစား စာများ တောင်လိုပုံနေသည်။ အချို့မှာ သူမအတွက်ဖြစ်ပြီး အများစုမှာ သူမ၏ အစ်ကိုကြီးလီရှောက်ယွင်အတွက် ဖြစ်၏။

All Chapters